News @ M-Media

Author: YinYin

  • မလေးရှားအိုးပင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် လီချုံဝေဗိုလ်စွဲ

    မလေးရှားအိုးပင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် လီချုံဝေဗိုလ်စွဲ

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media

    – မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် မလေးရှားအိုးပင်း ကြက်တောင်ရိုက် ပြိုင်ပွဲတွင် မလေးရှား နာမည်ကြီး ကြက်တောင်သမား လီချုံဝေက ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကစားခဲ့သည့် ဗိုလ်လုပွဲတွင် လီချုံဝေမှာ နိုင်ခြေအဆင့် ၄ ရှိ အင်ဒိုနီးရှား ကြက်တောင်သမား တွမ်မီ ဆူဂီအာတိုအား ၂၁-၁၉၊ ၂၁-၁၉ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး မလေရှားအိုးပင်း ချန်ပီယံဘွဲ့အား ၁၀ ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    အဆိုပါပြိုင်ပွဲတွင် ၂၀၀၈-ခုနှစ်ကတည်းကစတင်၍ ရှုံးပွဲမရှိခဲ့သည့် လီချုံဝေက ယခုနှစ်အတွင်းကျင်းပမည့် အာရှ အားကစားပြိုင်ပွဲနှင့် ဓနသဟာယ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြင်ဆင်နေကြောင်း၊ သို့သော်လည်း လာမည့် ၂၀၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင်ကစားနိုင်ရန်မှာ မသေချာကြောင်း ပြောကြားခဲ့သည်။

    Ref : Channel News Asia

  • ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အီရန်နိုင်ငံပါဝင်ရန် ဘန်ကီမွန် ဖိတ်ခေါ်

    ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အီရန်နိုင်ငံပါဝင်ရန် ဘန်ကီမွန် ဖိတ်ခေါ်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media

    Untitled

    – ယခုတစ်ပါတ်အတွင်း ပြုလုပ်မည့် ဆီးရီယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် အီရန်နိုင်ငံအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဖိတ်ခေါ်လိုက်သည်ဟု သိရသည်။

    ဆီးရီးယားအစိုးရ အတိုက်အခံများက ထိုဆွေးနွေးပွဲမှ နှုတ်ထွက်မည်ဟု ခြိမ်းခြောက်ထားပြီး၊ အမေရိကန်နိုင်ငံကလည်း ဆွေးနွေးပွဲနှင့် ပက်သက်၍ သတိပေးထားချိန်တွင် ဘန်ကီမွန်က ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်ပြီး၊ ဆီးရီးယားစစ်ပွဲ ပြီးဆုံးရန် ကြိုးပမ်းမှုတွင် အပြုသဘောဆောင်သော နေရာမှ ပါဝင်ဆောင်ရွက်မည်ဟု အီရန်နိုင်ငံက ကတိပေးထားကြောင်းကိုလည်း ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆွစ်ဇလန်နိုင်ငံ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး၊ အာဆတ်အစိုးရအား ထောက်ပံ့ပေးထားသည့် အီရန်နိုင်ငံအနေဖြင့် ထိုဆွေးနွေးပွဲအား ရှင်းရှင်းလင်းလင်း အားပေးမှုမရှိပါက ကုလက ထိုဆွေးနွေးပွဲမှ နှုတ်ထွက်သင့်သည်ဟု အမေရိကန်က ပြောကြားထားသည်။

    Ref : Channel News Asia

  • ဟန်လင်း-ပျူမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်

    ဟန်လင်း-ပျူမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media
    K K

    ဟန်လင်းမြို့ဟောင်းတစ်နေရာ (ဓါတ်ပုံ - အင်တာနက်)
    ဟန်လင်းမြို့ဟောင်းတစ်နေရာ (ဓါတ်ပုံ – အင်တာနက်)

    စစ်ကိုင်း ။      ။       စစ်ကိုင်းတိုင်းဒေသကြီး ၀က်လက်မြို့နယ်ရှိ ဟန်လင်းမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

    ၎င်း ကမ္ဘာ့အမွေအနှစ်ဝင်ရန် အတွက် ဟန်းလင်းမြို့ဟောင်း မြို့ဝင်ပေါက်နေရာများအား ICOMOS အဖွဲ့မှ လာရောက် ကြည့်ရှု့ စစ်ဆေးမည် ဖြစ်သည့် အတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။

    ပျူမြို့ဟောင်းများ ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့ဟောင်းများအနက် ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်း များကို ကမ္ဘာ့ အမွေအနှစ် အဖွဲ့၏  ညွှန်ကြားချက် အရ ICOMOS အဖွဲ့က ၂၀၁၃-ခုနှစ် အောက်တိုဘာလက စစ်ဆေးခဲ့ပြီး ဟန်လင်းမြို့အား ယခု ဇန်န၀ါရီ လကုန်ပိုင်းတွင် စစ်ဆေးမည်ဟု သိရသည်။

    ဟန်လင်းမြို့ဟောင်းသည် သမိုင်းတင်ခေတ်ဦးပိုင်း မြို့ပြယဉ်ကျေးမှုအဆင့် ရောက်ရှိ ထွန်းကားခဲ့သည့် အထောက် အထားများ တွေ့ရှိရပြီး တူးဖော်ရန် ရှိနေသေးသည့် မြေပေါ်မြေအောက် ယဉ်ကျေးမှု အမွေအနှစ်များရှိနေသည့် သမိုင်းဝင် မြို့ဟောင်းတစ်ခုလည်း ဖြစ်သည်။

  • ဇန်န၀ါရီ ၁၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၉၊ ၂၀၁၄
    M-Media

    ရခိုင်က စီမံကိန်းတွေကို စောင့်ကြည့်တင်ပြမယ့် ရခိုင်ပြည်နယ် ကိုယ်စားပြု သယံဇာတ အရင်းအမြစ် တူးဖော်မှု စောင့်ကြည့်ရေး အလုပ်အမှုဆောင်ကော်မတီ

    – ရခိုင်ဒေသမှာ အကောင်အထည် ဖော်သည့် စီမံကိန်းများကို စောင့်ကြည့်ပြီး ဒေသခံများကို ပြန်လည်ရှင်းပြမည့် ရခိုင်ပြည်နယ် ကိုယ်စားပြု သယံဇာတ အရင်းအမြစ်တူးဖော်မှု စောင့်ကြည့်ရေး အလုပ်အမှုဆောင်ကော်မတီ ကို မြို့နယ် ၁၇-မြို့နယ်က အရပ်ဖက်လူမှုအဖွဲ့များစုပေါင်းပြီး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို စစ်တွေမြို့မှာ ယနေ့ကျင်းပခဲ့ပြီး ရခိုင်ဒေသမှာ စီမံကိန်းတွေလုပ်ပြီဆိုရင် ဒေသခံများ၏ ဆိုးကျိုးနဲ့ အကျိုးရလဒ်၊ နစ်နာမှုတွေကို ဘယ်လို ၀ိုင်းဝန်းကာကွယ်ကြမလဲဆိုတာ ဒေသခံများကို ချပြရန် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ စီစဉ်သူ ကိုခိုင်ကောင်းစံက ပြောကြားခဲ့ကြောင်းသိရသည်။
    ________________________

    လယ်ယာမြေအား သဘောမတူပဲ လာရောက်တိုင်းထွာလျှင် ပြန်လည် တရားစွဲမည်ဟု လယ်သမားကြီး ဦးအောင်မြတ်ခိုင်ပြော

    – ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုကျေးရွာရှိ လယ်ယာမြေများအား မနက်ဖြန် ဇန်န၀ါရီ ၂၀-ရက်နေ့တွင် လာရောက်၍ မြေတိုင်းထွာမည်ဖြစ်ပြီး လယ် ၁၀၀-ဧက အားသာလျှင် မြေတိုင်းခွင့်ရရှိပြီး ကျန် ဧက-၅၉၀ ကျော်ကို မြေတိုင်းခွင့်ပြုမည်မဟုတ်ကြောင်းသိရပြီး သဘောမတူပဲ လယ်ယာမြေများအား လာရောက် မြေတိုင်းပါက မြရွှေဝါကုမ္ပဏီနှင့် မြေတိုင်းဌာနတို့အား ပြန်လည်တရားစွဲဆိုသွားရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်သူလယ်သမားကြီး ဦးအောင်မြတ်ခိုင်က ပြောခဲ့ကြောင်း သိရသည်။
    ________________________

    သင်္ဃန်းကျွန်း ၁၆-ရပ်ကွက် အားကစားကွင်း ပြန်ရရေး ဆန္ဒထုတ်ဖော်

    – ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ၁၆-ရပ်ကွက်ရှိ အားကစားကွင်းကို ၂၀၀၂-ခုနှစ်တွင် အငှားချမြေဂရမ်ဖြင့် ပိုင်ဆိုင်ခဲ့ရာမှ အဆင့်ဆင့် ရောင်းချ ခဲ့ပြီး ယခုအခါ ခြံစည်းရိုးကာ၊ အ၀ီစိတွင်းတူး၊ ဆောက်လုပ်ရေးပစ္စည်းများ လာချထားပြီး အလုပ်သမားများ နေရန် တန်းလျားများ လုပ်လာမှုကြောင့် အားကစားကွင်းအား သိမ်းပိုက်လိုက်ပြီဟုသိရှိပြီး ရပ်ကွက်မှ လူအင်အား ၁၀၀-ခန့်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ________________________

  • မပြည့်စုံတဲ့ လူတွေကို ပံ့ပိုးပေးတာဟာ ကောင်းမွန်တဲ့ အလုပ်ဖြစ်ကြောင်း နွယ်အေး ဗလီ သာရေး/နာရေး (၃) နှစ်ပြည့် အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ပြောကြား

    နွယ်အေးစွန္နီဂျာမေဗလီကြီး၏ သာရေးနာရေး (၃) နှစ်ပြည့်အခမ်းနားပြုလုပ်

    ဇန်န၀ါရီ ၁၉၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်

    ရန်ကုန်  ။     ။       ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေး ရပ်ကွက်ရှိ ရွှေနှင်းဆီလမ်း နွယ်အေး စွန္နီ ဂျာမေဗလီကြီးတွင် သာရေးနာရေး ဆပ်ကော်မတီမှ ဦးစီးကျင်းပသော နွယ်အေး သာရေးနာရေး (၃)နှစ်ပြည့် အခမ်းအနားကို ယနေ့ ဇန်န၀ါရီလ ၁၉-ရက်နေ့  နံနက် ၉-နာရီ၌ နွယ်အေး စွန္နီဗလီတွင် ပြုလုပ်ခဲ့သည်။

    အခမ်းအနားကို ကုရ်အာန်ကျမ်းမြတ် မုက္ခပတ်တော် ရွတ်ဖတ်၍ နွယ်အေးရှေ့ဆောင် ဆရာမှ ဖွင့်လှစ်ခဲ့သည်။

    ၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီး ရန်ကုန် မြို့တော်ဝန် ဦးလှမြင့် က နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ကမ္ဘာပေါ်ရှိ လူသား အားလုံးသည် ဘာသာစကား၊ နေထိုင်ရာဒေသ၊ ယဉ်ကျေးမှု ကွဲလွဲမှုရှိကြသော်လည်း လူသားအချင်းချင်း မပြည့်စုံတဲ့ အတွက် အကူအညီပေးရန် အသင်းအဖွဲ့များ လိုကြောင်း၊ လူမှုရေးကိစ္စတွေကို ကူညီဆောင်ရွက်နေသည့် နွယ်အေးဗလီ သာရေးနာရေး အဖွဲ့အားလည်း ကျေးဇူးတင်ကြောင်း၊ ရှေ့ဆက်ပြီး လူသားအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ပါစေကြောင်းတို့ကို ပြောကြားခဲ့သည်။

    “ဘာသာစကား၊ နေထိုင်ရာဒေသ၊ ယဉ်ကျေးမှုတွေ ကွဲလွဲနေပေမဲ့ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေအားလုံးဟာ လူတွေပါပဲ။ လူသားအချင်းချင်း မပြည့်စုံတဲ့ လူတွေအတွက် အကူညီပေးဖို့ လိုအပ်ပါတယ်။ လူမှုရေးအသင်း အဖွဲ့တွေလိုပါတယ်၊ ဒီနွယ်အေးဂျာမေ ဗလီကြီးမှ အခုလို လူမှုရေးကိစ္စတွေကို
    ကူညီဆောင်ရွက်နေတဲ့ အတွက် အထူးကိုပင် ကျေးဇူးတင်ပါတယ်၊ မပြည့်စုံတဲ့လူတွေကို ပံ့ပိုးပေးတာဟာ အထူးကိုပင်ကောင်းမွန်ပါတယ်၊ အခုလို လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်ပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ရှေ့ဆက်လဲဆောင်ရွက်မှုကိုပြုလုပ်နိုင်ပါစေ ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာ ကောင်စီမှ ဌာနချုပ် ဥက္ကဌ အလ်ဟာဂ်ျ ဦးညွန့်မောင်ရှိန် မှလည်း (၃) နှစ်ပြည့် အခမ်းနားသို့ ချီးကျူးဂုဏ်ပြု အမှာစကားပြောကြား ခဲ့သည်။

    နွယ်အေးစွန္နီဂျာမေ ဗလီကြီးတွင် တည်ရှိသော သာရေးနာရေး ဆပ်ကော်မတီသည် ဒေါပုံမြို့နယ်ရှိ လူမျိုး ဘာသာမရွေး သာရေးနာရေးတွင် လိုအပ်သော ကူညီမှုများကို အစဉ်မြဲ ကူညီဆောင်ရွက်လျက်ရှိပါသည်။ သာရေးနာရေး သာမက ဆင်းရဲနွမ်းပါးသည့် သက်ကြီး ရွယ်အိုများကိုလည်း ဆေးဝါး ကူညီ ဆောင်ရှောက်မှုများ၊  အာဟာရဝေငှမှုများကို ပြုလုပ်လျက်ရှိပါသည်။ ပညာသင်ရန် အခက်ခဲဖြစ်နေသည့် ကလေးငယ်များကိုလည်း လိုအပ်သော ထောက်ပံ့မှုများကို လည်း ပြုလုပ်ပေးလျှက်ရှိပါသည်။ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကူညီမှုများကို လူမျိုးဘာသာမရွေး ဆောင်ရွက်လျက် ရှိနေကြောင်း သိရပါသည်။

    ထို့နောက် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ၊ အတန်းကျောင်းများတွင် ပထမဆုရရှိခဲ့သည့် ထူးချွန် ကျောင်းသူ/ကျောင်းသား များအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီး အခမ်းနားကို ဆုမွန်တောင်းပြီး ရုပ်သိမ်းခဲ့သည်။