News @ M-Media

Author: YinYin

  • ဇန်န၀ါရီ ၂၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media

    ရွေးကောက်ပွဲကော်မရှင် ၀န်ထမ်းများအတွက် လစာ ကျပ် သန်း ၃-ထောင်ကျော်ကုန်ကျမည်

    – တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းအဆင့်များကို အခြေခံပြီး တိုင်းဒေသကြီး ပြည်နယ်အဆင့် တစ်ဦးလျှင် တစ်လ ၂-သိန်း၊ ခရိုင်အဆင့် နှစ်သိန်းငါးသောင်း၊ မြို့နယ်အဆင့် တစ်သိန်းကျပ်နှုန်းဖြင့် အခြေခံလျာထား၍ ဘဏ္ဍာနှစ်တစ်နှစ်အတွက် ငွေကျပ် သုံးထောင့်သုံးရာခြောက်ဆယ် ခြောက်သန်းခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
    ________________________

    နေရာယူရေးထက် တာဝန်ယူရေးကိုသာ ပြောစေချင်ဟု လူငယ်များကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    – တာဝန်ယူတတ်မှ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်သည့် လူငယ်များမှ တစ်ချိန်တွင် နိုင်ငံ၏တာဝန်ကို ထမ်းဆောင်ရန် လမ်းပွင့်လာမှာ ဖြစ်ပြီး နေရာယူရေးထက် တာဝန်ယူရေးကိုသာ ပြောစေချင်သည်ဟု ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လေ့လာရေးရောက်ရှိလာသည့် မြိတ်မြို့နယ် NLD အဖွဲ့ဝင် လူငယ်များကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    မူးယစ်မှောင်ခိုများနှင့် ထိုင်းနယ်ခြားစောင့်တပ် တာချီလိတ်အနီး ပစ်ခတ်မှုဖြစ်

    – မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးများ သယ်ဆောင်သွားသည်ဟု ယူဆသည့် အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်တပ်တို့ ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ဒဏ်ရာရသူ ၁-ဦးနှင့် ၄-ဦး အသေဖမ်းမိကြောင်း၊ မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၅
    -သောင်း၊ ဘိန်းဖြူ ၂ Kg ပါဝင်သော အထုတ် ၁၃-ထုတ်၊ အေကေ ၂၇ အမျိုးအစား မောင်းပြန်ရိုင်ဖယ်တစ်လက်၊ သေနတ်အတို တလက်၊ တရုတ် နိုင်ငံလုပ် လက်ပစ်ဗုံးတစ်လုံးတို့ကို နယ်ခြားစောင့် တပ်က ဖမ်းဆီးရမိသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားကြောင်း သိရသည်။
    ________________________

    မြောက်ဥက္ကလာပ တရားရုံး မီးလောင်မှုဖြစ်ပွား

    – ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှိ စီမံရေးရာဌာန အခန်းမီးလောင်ခဲ့ပြီး အဆိုပါ လောင်ကျွမ်းမှုမှာ ရုံးပိတ်ရက်တွင် ပန်ကာ မပိတ်ပဲ ဖွင့်ထားရာမှ ခလုတ်ခုံအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
    ________________________

  • စစ်မှူမထမ်းမနေရ ဥပဒေ ယူအေအီးပြဌာန်းတော့မည်

    စစ်မှူမထမ်းမနေရ ဥပဒေ ယူအေအီးပြဌာန်းတော့မည်

    ဇန်န၀ါရီ ၂၀ ၂၀၁၄
    M-Media

    – နိုင်ငံရှိ စစ်အင်အားကို သုံးဆခန့်မြင်တက်စေမည့် လူငယ်များ စစ်မှူမထမ်းမနေရ ဥပဒေအား အာရဗ်ဆော်ဘွားများ ပြည်ထောင်စု ယူအအီးနိုင်ငံက ပြဌာန်းရန်ရှိနေသည်ဟု ၀န်ကြီးချုပ် ရှိခ် မိုဟာမက် ဘင် ရရှစ် အလ် မက်တိုအန်က ပြောကြားခဲ့သည်။

    ထိုဥပဒေမူကြမ်းအရ ယူအေအီးရှိ အသက် ၃၀ နှစ်အောက် အမျိုးသားများမှာ စစ်တပ်ထဲသို့ ၀င်ရောက် အမှူးထမ်းရမည် ဖြစ်ပြီး အထက်တန်း ပညာရေး မရှိသူများက ၂ နှစ်နှင့် ဘွဲ့ရများက ၉ လ အသီးသီး ကြာမြင့်မည် ဖြစ်သည်။ ထိုဥပဒေတွင် အမျိုးသမီးများမှာ အကြုံးဝင်မည် မဟုတ်ဘဲ မည်သည့် အချိန်တွင် ထိုဥပဒေအား စတင် အကောင်အထည် ဖော်မည်ကိုလည်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

    ယခုလက်ရှိ ယူအေအီး၏  စစ်သားအရေအတွက်မှာ ၅၁၀၀၀ ရှိနေပြီး၊ ယူအေအီးနိုင်ငံမှာ ကာတာနိုင်ငံပြီးနောက်  စစ်မှူမထမ်းမနေရ ဥပဒေ ပြဌာန်းသည့် ဒုတိယပင်လယ်ကွေ့နိုင်ငံဖြစ်လာမည် ဖြစ်ကာ စစ်သားအရေအတွက်မှာလည်း ၂ ဆ ကျော်လာနိုင်ဖွယ်ရှိသည်။

    Ref : RT

  • ပထမဆုံးပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ပြောင်းလဲစရာများရှိသည်ဟု ဆီးဒေါ့ဖ်ဆို

    ပထမဆုံးပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ပြောင်းလဲစရာများရှိသည်ဟု ဆီးဒေါ့ဖ်ဆို

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media

    – မိမိကိုင်တွယ်သော ပထမဆုံးပွဲတွင် အနိုင်ရရှိခဲ့သော်လည်း အသင်းတွင် ပျော်ရွှင်မှုလိုအပ်နေပြီး အ၀တ်လဲခန်း အတွင်းတွင်လည်း ပြောင်းလဲမှုများ လိုအပ်နေသည်ဟု အေစီမီလန်အသင်း၏ နည်းပြသစ်ဖြစ်သူ ဆီးဒေါ့ဖ်က ပြောကြားခဲ့သည်။

    အေစီမီလန် အသင်းတွင် အောင်မြင်သော ကစားသမားဘ၀ ရရှိခဲ့ပြီးနောက် နည်းပြအနေဖြင့် ပြန်လည်ရောက်ရှိလာသည့် ဆီးဒေါ့ဖ်မှာ ယမန်နေ့က ဆန်စီရိုတွင် ယမန်နေ့က ကစားခဲ့သည့် ဗီရိုနာအသင်းနှင့်ပွဲတွင် အေစီမီလန်အသင်း ၁-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့သည်။

    “အ၀တ်လဲခန်းမှာ ကျွန်တော်တို့ အသိုက်အ၀န်းလေးတစ်ခု ဖန်တီးနိုင်ခဲ့ပြီး နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ တစ်ပွဲပြီးတစ်ပွဲ အဲဒီလို လုပ်ရမယ် ဆိုတာလည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဒါမှသာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်မှာပါ။ ရလဒ်တိုင်း အတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု Sky Spotr Italia သတင်းဌာနသို့ ဆီးဒေါ့ဖ်က ပြောကြားခဲ့သည်။

    ထိုပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးအား ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည့် ဘာလော့တယ်လီကလည်း ဂိုးသွင်း ပြီးနောက် ဆီးဒေါ့ဖ်အား ထောက်ခံသည့် အမူအရာဖြင့်အောင်ပွဲခံခဲ့ပြီး၊ ဆီးဒေါ့ဖ်ကလည်း ဘာလော့တယ်လီနှင့် အနီးကပ် အလုပ်လုပ်သွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref : Goal

  • မိမိမှာ အင်္ဂလိပ်တစ်ချို့ထက် ပို၍ အင်္ဂလိပ်ပီသသည်ဟု မော်ရင်ဟိုပြော

    မိမိမှာ အင်္ဂလိပ်တစ်ချို့ထက် ပို၍ အင်္ဂလိပ်ပီသသည်ဟု မော်ရင်ဟိုပြော

    ဇန်န၀ါရီ ၂၀ ၂၀၁၄
    M-Media

    – ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ၎င်းအနေဖြင့် တစ်ခါတစ်ရံတွင် အင်္ဂလိပ်များထက် ပို၍ အင်္ဂလိပ် ပီသသည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က မန်ယူအအသင်းအား အနိုင်ရရှိခဲ့သည့် ပွဲအပြီး နာရီအနည်းငယ်အကြာတွင် Savoy ဟိုတယ်၌ ပေးအပ်ခဲ့သည့် The guest of honour ဆုအား လက်ခံရယူပြီးနောက် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

    “တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ တစ်ချို့အင်္ဂလိပ်တွေထက် ပိုပြီး အင်္ဂလိပ် ပီသတယ်လို့ ခံစားရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်ဟာ နိုင်ငံ (ဗြိတိန်)နဲ့ အင်္ဂလိပ် ဘောလုံးလောက ကိုလည်း အများကြီး ကာကွယ်နေပါတယ်။ ဒါတွေကို ကျွန်တော်လုပ်တာဟာ လုပ်ရမယ်လို့ ခံစားရလို့ပါ” ဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိအနေဖြင့် ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်မှုတို့ မရှိဘဲ နည်းပြအလုပ်ကို လုပ်နိုင်မည် မဟုတ်ကြောင်း၊ လက်ထောက် နည်းပြများ မှာလည်း ညီအစ်ကိုများကဲ့သို့ဖြစ်ကြောင်း မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။

    အသက် ၅၀ အရွယ်ရှိ မော်ရင်ဟိုမှာ အင်္ဂလန် ဘောလုံးလောကသို့ စတင်ရောက်ရှိခဲ့သည့် ၂၀၀၅ ခုနှစ် ဘောလုံးရာသီကပင် အောင်မြင်မှုများ ရရှိခဲ့သူဖြစ်ပြီး အင်္ဂလိပ် ဘောလုံးလောက၏ လိုအပ်ချက်များကို အမြဲလိုလို ထောက်ပြ ဝေဖန်လေ့ရှိသူဖြစ်သည်။

    Ref : Daily

  • ယူကရိန်းအစိုးရ၏ ဥပဒေပြဌာန်းမှုတစ်ခုအား ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွဲ

    ယူကရိန်းအစိုးရ၏ ဥပဒေပြဌာန်းမှုတစ်ခုအား ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွဲ

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media

    – ဆန္ဒပြသူများအား ကန့်သတ်သည့် ဥပဒေတစ်ခုပြဌာန်းခြင်းအား ယူကရိန်းအစိုးရက ပြဌာန်းလိုက်ခြင်းကို မကျေနပ်သောကြောင့် ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ကာ ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု သိရသည်။

    မြို့တော်ကိဗ်တွင် ယနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရာနှင့်ချီသော လူအုပ်စုကြီးက ရဲတပ်ဖွဲ့ဝင်များအား ကျောက်တုံးများ၊ တုတ်ချောင်းများ၊ မီးတုတ်များဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း ရေပိုက်များ၊ မျက်ရည်ယိုဗုံးများအသုံးပြုကာ လူစုခွဲခဲ့ကြသည်။

    ထိုရုန်းရင်းဆန်ခတ်မှုအတွင်း အနည်းဆုံး လူ ၇၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး လူ ၁၀-ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု ပြည်ထဲရေးက သတင်းထုတ်ပြန်ခဲ့သည်။

    ရုရှားနှင့် ဆက်ဆံရေးထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဥရောပ၏ ကုန်သွယ်ရေး သဘောတူညီချက်အား လက်မှတ်မထိုးရန် ယူကရိန်း အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် လွန်ခဲ့သည့် ၂-လ ကတည်းက ကိဗ်မြို့တွင် ဆန္ဒပြမှုများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိပြီး လွန်ခဲ့သည့် ရက်ပိုင်းများက အနည်းငယ်ငြိမ်းသက်ခဲ့သည်။

    သို့သော်လည်း ဆန္ဒပြသူများအနေဖြင့် မိမိတို့၏မျက်နှာများကို ဖုံးကွယ်ခြင်းမပြုရဟု အစိုးရက ဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြမှုများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

    Ref : Aljazeera