News @ M-Media

Author: YinYin

  • မိုဘိုင်းဖုန်းခေါ်ဆိုမှု အခက်အခဲဖြစ်နေခြင်းကို MPT မှ ပြင်ဆင်

    မိုဘိုင်းဖုန်းခေါ်ဆိုမှု အခက်အခဲဖြစ်နေခြင်းကို MPT မှ ပြင်ဆင်

    ဇန်န၀ါရီ ၉၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်

    MPT

    နေပြည်တော် ။     ။ ၂၀၁၃-ခု ဒီဇင်ဘာလနှောင်းပိုင်းမှ စတင်ပြီး မိုဘိုင်းဖုန်းများ ခေါ်ဆိုရာတွင် ဖုန်းလိုင်းများ ပြတ်တောက်နေမှုများ ကြုံတွေ့နေရပြီး အခက်အခဲဖြစ်နေခြင်းအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ GSM/WCDMA မိုဘိုင်း Nettwork တွင် Vendor နှစ်ခု ရှိနေသဖြင့် မိုဘိုင်းဖုန်း ခေါ်ဆိုမှု အခက်အခဲ ရှိခြင်း၊ Voice Quality ကောင်းမွန်မှု မရှိခြင်းတို့ကို ပြုပြင်ရန် စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ဒေသတစ်ခုအတွင်း Vendor တစ်ခုတည်းရှိအောင် စက်ပစ္စည်းများ လဲလှယ် တပ်ဆင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

    ယခုအခါ မိုဘိုင်းဖုန်းဆက်သွယ်ပြောဆိုမှု၊ Network Quality Improvement ဖြစ်စေရန်အတွက် စက်ချိန်ညှိခြင်း၊ တိုင်းတာစမ်းသပ်ခြင်းများကို ဇန်န၀ါရီလ ၃၁-ရက်နေ့အထိ ဆက်လက်လုပ်ကိုင်မည်ဟု သိရသည်။

    မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့် ပြောဆိုမှု အခက်အခဲဖြစ်နေပါက call center 1876 နံပါတ်သို့ ဆက်သွယ်၍ မိမိတို့ဖြစ်ပေါ်နေသည့် အခက်အခဲ အား နေ့ရက်၊ အချိန်၊ နေရာ တိကျစွာပြောကြားခြင်းဖြင့် ကူညီမှု ပေးနိုင်ကြောင်းလည်း သိရသည်။

    ကိုးကား – ကြေးမုံသတင်းစာ

  • ဇန်န၀ါရီ ၈၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၈၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    ယခုနှစ်အတွင်း အခြေခံဥပဒေပြင်ရန် အရေးကြီးကြောင်း ဒေါ်စုပြောကြား

    – ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ယခု ၂၀၁၄ ခုနှစ်မှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ပြီးမြောက်မှသာ ၂၀၁၅ တွင် အသီးအပွင့် ခံစားရမှာဖြစ်ကြောင်း NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖလမ်းမြို့ လူထုဟောပြောပွဲမှာ ပြောကြားခဲ့ကြောင်း RFA မှာ ဖော်ပြထားပါသည်။
    ________________________

    အာဆီယံ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဖိုရမ် မိတ်ဖက်အဖွဲ့များ အပြီးသတ်ရွေးချယ်မည်

    – အာဆီယံ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဖိုရမ် မိတ်ဖက်အဖွဲ့အစည်းများ ဖွဲ့စည်းရန်အတွက် NGO, CSO များ ရွေးချယ်ခြင်းကို ဇန်န၀ါရီလ ၁၄-ရက်နေ့တွင် အပြီးသတ်ရွေးချယ်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၇-ရက်နေက MPC ၌ ပြုလုပ်သော အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောခဲ့ကြောင်း သိရသည်။
    ________________________

    တီးတိန်မြို့ ဇိုနွမ်းဇန် မူလွန်ကျောင်းဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်

    – ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဇိုနွမ်းဇန်ကျေးရွာ၌ ဆရာတော် အရှင်ဆန္ဒာဓိက လှူဒါန်းသည့် မူလတန်းလွန်ကျောင်းဆောင်ဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
    ________________________

    ရှစ်လေးလုံး ၂၅-နှစ် နောက်ဆက်တွဲ သတင်းစာရှင်းလင်းပွဲ

    ရှစ်လေးလုံးအား ဖြတ်သန်းခဲ့သည့် လွှတ်တော်ပြင်ပ ဒီမိုကရေစီ အင်အားစုများ စုဝေးမည့် ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မနက်ဖြန် နေ့လည် ၂-နာရီမှာ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
    ________________________

    ကျားဖြူပါတီ ညီလာခံ မူဆယ်တွင် ကျင်းပ

    ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၏ တတိယအကြိမ်မြောက် စုံညီ ညီလာခံကို ရှမ်းပြည်နယ် မူဆယ်မြို့တွင် ဇန်န၀ါရီ ၇-ရက်မှ ၉-ရက်နေ့အထိ ၃-ရက်ကြာ ကျင်းပနေပြီး ၂၀၁၅ ရွေးကောက်ပွဲကို ကျားဖြူပါတီက ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်းနှင့် သဘောထားကြေညာချက်ကိုလည်း ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။
    ________________________

  • ဆီးရီယားရှိ ဓာတုလက်နက်ဖျက်သိမ်းရေး ပထမအဆင့် လုပ်ငန်းများအား ယမန်နေ့က စတင်လုပ်ဆောင်

    ဆီးရီယားရှိ ဓာတုလက်နက်ဖျက်သိမ်းရေး ပထမအဆင့် လုပ်ငန်းများအား ယမန်နေ့က စတင်လုပ်ဆောင်

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    src.adapt.480.low

    ပြည်တွင်းရှိ တိုက်ပွဲများနှင့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့် ကြန့်ကြာနေခဲ့ရသည့် ဆီးရီးယားရှိ ဓာတုလက်နက်များဖျက်သိမ်းရေး လုပ်ငန်းများကို ယမန်နေ့က စတင်ခဲ့သည်ဟုသိရသည်။

    နိုင်ငံအတွင်းရှိ ဓာတုလက်နက်များ ပြည်ပသို့ပို့ကာ ဖျက်ဆီးရေးလုပ်ငန်းများ ၏ ပထမအဆင့်အဖြစ်၊ ဓာတုလက်နက်များအား Latakia ဆိပ်ကမ်းမှ နေ၍ ဒိန်းမတ်နိုင်ငံပိုင် ကုန်တင်သင်္ဘောပေါ်သို့ ယမန်နေ့က တင်ဆောင်ပေးခဲ့ သည်။

    ပြည်တွင်းစစ်ဖြစ်ပေါ်လာပြီးနောက်ပိုင်း နိုင်ငံအတွင်းရှိ ဓာတုလက်နက် ဖျက်သိမ်းရေး သဘောတူညီချက်ကို ရုရှားနိုင်ငံ၏ အဆိုပြုချက်မှတစ်ဆင့် အာဆတ်အစိုးရက လက်ခံခဲ့ပြီး ဓာတုလက်နက်များအား နိုင်ငံအတွင်းမှ ရှင်းလင်းရေးကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁-ရက်နေ့ နောက်ဆုံးထားကာ သတ်မှတ်ခဲ့သော်လည်း အခက်အခဲများကြောင့် ယမန်နေ့တွင်မှ စတင် ပြုလုပ်နိုင်ခဲ့သည်။

    အဆိုပါ ဓာတုလက်နက်ဖျက်သိမ်းရေး လုပ်ငန်းများကို ကုလသမဂ္ဂနှင့် ဓာတုလက်နက် တားဆီးရေးအဖွဲ့ OPCW တို့ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်။

    Ref : Aljazeera

  • အားကစားသတင်း စုစည်းမှု

    အားကစားသတင်း စုစည်းမှု

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ပါဝင်ယှဉ်ပြိုင်မည်

    အမေရိကန် ပြည်ထောက်စု ကယ်လီဖိုးနီးယားပြည်နယ် San Diego venue ရှိ Torrey Pines ဂေါက်ကွင်း၌ လာမည့် ၂၃-ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်မည့် Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးအကျော်အမော် တိုက်းဂါးဝုဒ် ပါဝင်ယှဉ်ပြိုင်မည်ဟု ပြိုင်ပွဲ ကျင်းပသူများက ပြောဆိုခဲ့သည်။

    တိုက်ဂါးဝုဒ်မှာ San Diego venue တွင် PGA Tour ဆုဖလား ၈ ခုကို ဆွတ်ခူးရရှိခဲ့သည့် ပထမဆုံး ဂေါက်သီးသမားဖြစ်ပြီး Farmers Insurance Open ၇-ကြိမ်နှင့် ၂၀၀၈ ခုနှစ် US Open တို့ဖြစ်ကြသည်။ ထို့ပြင် Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၆-ကြိမ်တွင် ၅-ကြိမ်တိုင်တိုင် ဗိုလ်စွဲနိုင်ခဲ့သူလည်းဖြစ်သည်။

    ……………………….

    Hyundai Tournament of Champions ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဇက်ခ်ျ ဂျွန်ဆန် ဗိုလ်စွဲ

    အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီတွင် တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့သည့် Hyundai Tournament of Champions ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးသမား ဇက်ခ်ျ ဂျွန်ဆန်က အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။ ဂျွန်ဆန်မှာ သတ်မှတ်ရိုက်ချက်ထက် ၁၉ ချက်လျော့ရိုက် နိုင်ခဲ့ပြီး ဒုတိယနေရာမှ ဂျော်ဒန် စပီသ်ထက် ၁ ချက်အသာဖြင့်ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုရရှိသည့် ဆုဖလားမှာ ဂျွန်ဆန်၏ ၁၁ ခုမြောက် USPGA ဆုဖလားလည်းဖြစ်သည်။

    ………………………………

    တိုက်စစ်မှူးရှာပုံတော်ဖွင့်နေသည့် အာဆင်နယ် ပေါ်တို လူငယ်တိုက်စစ်မှူးအား ခေါ်ယူရန် ပစ်မှတ်ထား

    ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူး အဲလ်ဗာရို မာရော့တာအား အငှားဖြင့် ခေါ်ယူနိုင်ခြင်းမရှိပါက အာဆင်နယ်အသင်းမှာ ပေါ်တိုအသင်း၏ တိုက်စစ်မှူး ဂျက်ဆန် မာတီနက်ဇ်အား ခေါ်ယူရန် ပြင်ဆင်နေသည်ဟု သိရသည်။ တိုက်စစ်မှူး ဝေါလ်ကော့ ဒဏ်ရာကြောင့် ကာလရှည် အနားယူ ရမည်ဖြစ်သောကြောင့် အာဆင်ဝင်းဂါးအနေဖြင့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး တစ်ဦးခေါ်ယူရန် လိုအပ်နေပြီး အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒီယေဂို ကော်စတာအား ခေါ်ယူရန် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် မာရော့တာနှင့် မာတီနက်ဇ်တို့အနက် တစ်ဦးအား ခေါ်ယူရန် ကြိုးစားနေခြင်းဖြစ်သည်။ အာဆင်နယ်အနေဖြင့် ကိုလံဘီယာ တိုက်စစ်မှူး မာတီနက်ဇ်အား ခေါ်ယူလိုပါက ပေါင် သန်း ၃၀-ကျော် သုံးစွဲရမည်ဖြစ် သည်။

    …………………………………

    ဆန်းဒါးလန်းအသင်းအား ၂-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် လိဂ်ဖလား ဆီးမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အချက်ပြမီးများ ပစ်ဖောက်ခဲ့သည့် ပရိတ်သတ်များ၏ အပြုအမူကြောင့် မန်ချက်စတာယူနိုက်တက်အသင်းမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ အရေးယူမှုကို ခံရဖွယ်ရှိနေသည်ဟု သိရသည်။ မန်ယူအသင်း ပရိတ်သတ်များ၏ အချက်ပြမီးပစ်ဖောက်မှုတစ်ချို့မှာ ဆန်းဒါးလန်းအသင်း ပရိတ်သတ်များရှိရာ ပွဲကြည့်စင်အထိ ရောက်ရှိ ခဲ့ပြီး တာဝန်ရှိသူများက ထိန်းသိမ်းရသည်အထိ ဖြစ်ခဲ့သည်။

    ယခုပွဲအရှုံးမှာ မန်ယူအသင်း၏ နောက်ဆုံးသုံးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် သုံးပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်သည်။ နည်းပြမိုယက်စ်ကမူ ထိုပွဲအရှုံးအတွက် ဒိုင်လူကြီးများအား ပြစ်တင်ပြောဆိုခဲ့သည်။

  • တောင်ကိုရီးယားသို့ အမေရိကန်မှ စစ်လက်နက်ပစ္စည်းများနှင့် စစ်သားများ ပေးပို့မည်

    တောင်ကိုရီးယားသို့ အမေရိကန်မှ စစ်လက်နက်ပစ္စည်းများနှင့် စစ်သားများ ပေးပို့မည်

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    201417235056793734_20

    မြောက်ကိုရီးယား၏ ဒုတိယအာဏာအရှိဆုံးခေါင်းဆောင် ဂျန်ဆွန်ထက်အား ကင်ဂျုံအန်က သုတ်သင်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများမြင့်တက်လာသည့် အချိန်တွင် စစ်ရေးအရ ညီမျှစေရန်ရည်ရွယ်၍ အမေရိကန်မှ တင့်ကားများနှင့် ၎င်းတို့၏ စစ်သားများအား တောင်ကိုရီးယားသို့ ပေးပို့မည်ဟု သိရသည်။

    M1A2 Abrams တိုက်ပွဲဝင်တင့်ကား အစီး ၄၀၊ အမှတ် ၁ US Cavalry Division တပ်မှ စစ်သား ၈၀၀ နှင့် Bradley တိုက်ခိုက်ရေးယာဉ် အစီး ၄၀ တို့အား လာမည့် ဖေဖော်ဝါရီလတွင် ပို့ပေးမည်ဟု ပင်တဂွန်က ယနေ့တွင် ကြေညာခဲ့သည်။ ထိုတင့်ကားများနှင့် စစ်သားများကို North Gyeonggi ပြည်နယ်တွင် တပ်ဖြန့်ချထားမည်ဖြစ်ပြီး၊ ထိုနေရာမှာ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်မဲ့ဇုန် တောင်ဘက်နားတွင် တည်ရှိသည်။ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီးကတည်းက တောင်ကိုရီးယားတွင် အမေရိကန်စစ်သား ၂၈၀၀၀ ခန့် တပ်စွဲထားသည်။

    Ref : Aljazeera