News @ M-Media

Author: YinYin

  • မြန်မာပြည် ငြိမ်းချမ်းရေးနှင့် စစ်ဘေးသင့်များအတွက် ဂျပန်ဖောင်ဒေးရှင်းမှ ဒေါ်လာ ၉၆ သန်းပေးမည်

    မြန်မာပြည် ငြိမ်းချမ်းရေးနှင့် စစ်ဘေးသင့်များအတွက် ဂျပန်ဖောင်ဒေးရှင်းမှ ဒေါ်လာ ၉၆ သန်းပေးမည်

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    မြန်မာနိုင်ငံတွင် ငြိမ်းချမ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်နှင့် စစ်ဘေးသင့်တိုင်းရင်းသားများအား ကူညီရန် ဂျပန် ဖောင်ဒေးရှင်းတစ်ခုမှ ဒေါ်လာ ၉၆ သန်းပေးအပ်

    မြန်မာနိုင်ငံအတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရေးနှင့် စစ်ဘေးသင့် တိုင်းရင်းသားများ လူနေမှုစနစ်မြင့်မားလာစေရေး စသည်တို့တွင် အသုံးပြုရန်အတွက် ကန်ဒေါ်လာ ၉၆-သန်း ထောက်ပံ့မည်ဟု ဂျပန်နိုင်ငံက တနင်္လာနေ့တွင် ကတိပေးခဲ့သည်။

    ထိုကဲ့သို့ ထောက်ပံ့ခြင်းမှာ မြန်မာနိုင်ငံတွင် ပြုလုပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား တိုးတက်ရန်အတွက် ဂျပန်နိုင်ငံမှ ပထမဆုံး ကူညီ ထောက်ပံ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းနှင့် အရှေ့တောင် အာရှဒေသအတွင်း တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို အားနည်းသွားစေ ရန်နှင့် နိုင်ငံရေး ပြဿနာများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံရှိ ၎င်းတို့၏ ကုမ္ပဏီများ လုံခြုံမှုရှိရန် ဂျပန်နိုင်ငံအနေဖြင့် ဆန္ဒရှိနေသည်ဟုလည်း လေ့လာသူများက ပြောဆိုကြသည်။

    ဂျပန်နိုင်ငံမှ ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းက မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်နှင့် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းမှု၏ အကျိုးကျေးဇူးများ ရရှိနိုင်ရန်အတွက် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားရာ တိုင်းရင်းသားဒေသများရှိ ပြည်သူများအား လူသားချင်းစာနာသည့် အထောက်အပံ့များ ပေးအပ်ရာတွင် ကူညီနိုင်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မီကီအို နျူမာတာက ပြောကြားခဲ့သည်။ ထိုထောက်ပံ့ငွေများအား အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့် နီပွန်ဖောင်ဒေးရှင်းမှ ပေးအပ်ခြင်းဖြစ်သည်။

    Ref : Online WSJ, Photo : Irrawaddy

  • ဂျာမနီရှိ ပြည်နယ် တစ်ခုတွင် အစ္စလာမ် ဘာသာရေး သင်ခန်းစာအား တစ်ပတ်လျှင် မိနစ် ၄၀ သင်ကြားခွင့်ရ

    ဂျာမနီရှိ ပြည်နယ် တစ်ခုတွင် အစ္စလာမ် ဘာသာရေး သင်ခန်းစာအား တစ်ပတ်လျှင် မိနစ် ၄၀ သင်ကြားခွင့်ရ

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    မူလတန်း မွတ်စလင် ကျောင်းသားများအတွက် အစ္စလာမ် ဘာသာရေးသင်ခန်းစာများ ထည့်သွင်းသင်ကြားခြင်းကို ဂျာမနီနိုင်ငံ အလယ်ပိုင်း Hesse ပြည်နယ် ကျောင်းများတွင် စတင် မိတ်ဆက်ပေးခဲ့သည်ဟု သိရသည်။

    ဂျာမနီလူ့အဖွဲ့အစည်းအတွင်း အစ္စလာမ်ဘာသာဝင်များ ပိုမိုပါဝင်လာရန်ရည်ရွယ်၍ ထိုသင်ကြားမှုအား အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီရှိ ပုဂ္ဂလိကကျောင်းများတွင် ပထမဦးဆုံး အစ္စလာမ့်ပညာရေးကို သင်ကြားခြင်းလည်းဖြစ်သည်။

    “သူတို့(ကျောင်းသား)တွေဟာ မတူညီတဲ့ အသိုင်းအ၀ိုင်းတွေက လာကြတာပါ။ သူတို့ကို (အစ္စလာမ့်) အသိပညာပေးရပါမယ်။ ဒါမှသာ သူတို့ရဲ့ ကိုယ်ရည် ကိုယ်သွေးတွေ တိုးတက်လာမှာပါ” ဟု အစ္စလာမ့် သင်ခန်းစာများကို သင်ကြားပို့ချရန်အတွက် အစိုးရမှ လေ့ကျင့်သင်ကြားပေးထားသည့် ကျောင်းဆရာ တီမူရ် ကမ်လူက နယူယောက်တိုင်းသတင်းစာသို့ ယမန်နေ့က ပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာရေး သင်ခန်းစာများ သင်ကြားရန်အတွက် ဆရာများကို အစိုးရမှ လေ့ကျင့်သင်ကြားပေးထားပြီး သတ်မှတ်ပြဌာန်း စာအုပ်များဖြင့် သင်ကြားခြင်းဖြစ်ကာ ထိုပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များကလည်း သင်တန်းများအား ကြိုဆိုခဲ့ကြသည်။

    “နှစ်ပေါင်းများစွာ လူတွေနဲ့ ကင်းကွာစေခဲ့တဲ့ အမှားတွေဟာ ရှင်းလင်းသွားပြီလို့ ကျွန်တော် ထင်ပါတယ်။ အခုတော့ ကျွန်တော်တို့ အတူတူ ရှိနေပါပြီ။ အလုပ်တွေကို အတူတကွ လုပ်ဆောင်နေပြီး၊ ကျွန်တော်တို့ ကလေးတွေလည်း အတူတကွ ပညာသင်ကြားနေကြပါပြီ” ဟု အစ္စလာမ် ဘာသာရေးသင်ခန်းစားများကို ကျောင်းများ၌ သင်ကြားပို့ချရန် တိုက်တွန်းခဲ့သည့် နိုင်ငံရေး သမားများအနက် တစ်ဦးဖြစ်သည့် နီကိုလာ ဘီယာက ပြောကြားခဲ့သည်။ ၎င်းမှာ Hesse ပြည်နယ်၏ ပညာရေး ၀န်ကြီးလည်းဖြစ်သည်။

    ဂျာမနီနိုင်ငံတွင် ပြည်နယ် ၁၆ ခုရှိပြီး ပြည်နယ်တစ်ခုချင်းစီတွင် ကိုယ်ပိုင် ပညာရေး စနစ်ကို ပြဌာန်းထားကာ Hesse ပြည်နယ်အတွင်းရှိ ကျောင်းများ တွင် အစ္စလာမ်ဘာသာသာရေးသင်ခန်းစာများကို သင်ကြားပေးရန် နှစ်ပေါင်း ၂၀ ကြာ တောင်းဆိုခဲ့ရပြီးနောက် ယခုကဲ့သို တစ်ပါတ်လျှင် မိနစ် ၄၀ သင်ကြားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

    ဂျာမနီနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များမှာ ၃.၈ သန်းမှ ၄.၃ သန်းအထိရှိပြီး နိုင်ငံလူဦးရေ၏ ၅ ရာခိုင်နှုန်းခန့်ရှိနေသည်။

    Ref : OnIslam

    အမှားပြင်ဆင်ထားချက်- သတင်းမူလတင်ချိန်တွင် နာရီ ၄၀ ဟုရေးသားထားခြင်းကို မိနစ် ၄၀ ဟုပြင်ဆင်ထားပါသည်။

  • ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး မထသ(ဗဟို) ဥက္ကဋ္ဌ ပြောကြား

    ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး မထသ(ဗဟို) ဥက္ကဋ္ဌ ပြောကြား

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media
    သီရိ

    13

    ရန်ကုန်  ။           ။     မထသ(မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး) (ဗဟို) မှ မီဒီယာသမားများနှင့်တွေ့ဆုံကာ ယာဉ်လိုင်းများအကြောင်း ရှင်းလင်းပွဲကို တောင်ဥက္ကလာပ မြို့နယ် မထသ(ဗဟို) တွင် ယနေ့နံနက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် မ ထ သ (ဗဟို) ဥက္ကဌ ဦးလှအောင် မှ ဖောင်းပွနေသော ယာဉ်လိုင်းများကို လျော့ချရန်ကြိုးပမ်းနေကြောင်း၊ လိုင်းကားများတစ်စီးနှင့် တစ်စီး လုယက်မောင်းနေသူများကို တားဆီးရန် ကြိုးပမ်းနေကြောင်း၊ ယာဉ်မတော်တဆမှုလျော့နည်း ကျဆင်းရေးကို ၂၀၁၄ တွင် ဦးစားပေးလုပ်ဆောင်နေကြောင်း၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား တိုင်ကြားမှုမားကို ထိရောက်စွာအရေးယူလျက်ရှိနေကြောင်း၊ ယာဉ်မောင်း ယာဉ်လုပ်သားများအား မွမ်းမံသင်တန်းများ ဖွင့်လှစ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုပိုမို တိုးတက်ရေး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ပါဝင်တာဝန်ယူနေကြသူများအား ထားရှိသင့်သော စိတ်နေသဘောထားများထားရှိရေး၊ ယာဉ်တိုက်ခိုက်မှု တိမ်းမှောက်မှု လျော့နည်းစေရေး တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။

    Hilux ကားများနှင့် ပက်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅-မြို့ရှိရာ စည်ပင်ပိုင်မြို့နယ် ၃၃ မြို့နယ်ကို မောင်းနှင်ခွင့် မပြုဘဲ ကျန် ၁၂ မြို့နယ်တွင် လွတ်လပ်စွာ သွားလာခွင့် ပြုထားပါသည်။ ၎င်းကားများဟာ လူတွေလည်းအများကြီးတင်တယ် အရမ်းလည်း မောင်းနှင်ကြတာ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်းနှင်ခွင့်မပြုတာဖြစ်ကြောင်း၊ ပြည်သူတွေနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေးကို ဦးစားပေး ရည်ရွယ်၍လုပ်တာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ထို့နောက် ရှင်းလင်းပွဲတွင် မီဒီယာများမှ မေးမြန်သည်များကို ဖြေကြားပြီး ၁၂ နာရီတွင် အခမ်းနားကို ရုတ်သိမ်းခဲ့ပါသည်။

  • ဗင်နီဇွဲလား အလှမယ်ဟောင်း အသတ်ခံရ

    ဗင်နီဇွဲလား အလှမယ်ဟောင်း အသတ်ခံရ

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media


    ဗင်နီးဇွဲလားနိုင်ငံ၏ အလှဘုရင်မဟောင်းနှင့် သူမ၏ ခင်ပွန်းဟောင်းတို့မှာ တနင်္လာနေ့က လုယက်သူများ၏ ပစ်သတ်ခြင်းကိုခံခဲ့ရသည်ဟုသိရသည်။

    အသက် ၂၉ နှစ်အရွယ် အလှဘုရင်မဟောင်း မိုနီကာ စပီယားနှင့် ၃၉ နှစ်အရွယ်ရှိ ဗြိတိန်နိုင်ငံသား သောမက်စ် ဘာရီတို့မှာ အသက် ၅ နှစ်အရွယ် သမီးငယ်ဖြစ်သူနှင့် အတူ Caracas မြို့သို့ သွားရောက်စဉ် နိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်သည့် Puerto Cabello အနီး၌ ၎င်းတို့စီးလားသောကားအား သေနတ်သမားများက ပိတ်ဆို့လုယက်ခဲ့ပြီး ၎င်းတို့က ပြန်လည် ခုခံခဲ့သောကြောင့် ပစ်သတ်ခြင်း ခံခဲ့ရကာ သမီးငယ်ဖြစ်သူမှာလည်း ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် သံသယ ရှိသူ ၅ ဦးအား ဖမ်းဆီးထားပြီး အချို့မှာ အသက် ၁၈နှစ်အောက် လူငယ်များဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    မိုနီကာသည် ၂၀၀၄ ခုနှစ်က ဗင်နီဇွဲလား ကာယအလှမယ် ပြိုင်ပွဲတွင် သရဖူရရှိခဲ့သူဖြစ်ပြီး လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေ သည့် သူမ ကွယ်လွန်သွားခြင်းမှာ ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုက ပြောကြားခဲ့သည်။

    Ref : Aljazeera

  • မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး နှစ်-၆၀ ပြည့်အထိမ်းအမှတ် စာနယ်ဇင်းရှင်းလင်း

    မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး နှစ်-၆၀ ပြည့်အထိမ်းအမှတ် စာနယ်ဇင်းရှင်းလင်း

    ဇန်န၀ါရီ ၈-၂၀၁၄
    M-Media
    သီရိ

    DSC03222

    ရန်ကုန်  ။         ။    မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး နှစ် (၆၀) ပြည့်အထိမ်းမှတ်အဖြစ်ပြုလုပ်မည့် Myanmar Japan Hip Hop Concert ဖျော်ဖြေပွဲ နှင့် ပက်သက်၍ ဇန်န၀ါရီလ ၇-ရက်နေ့ နေ့လည် ၁ နာရီတွင် Park Royal Hotel ၌ စာနယ်ဇင်းရှင်းလင်းပွဲတစ်ခု ကိုကျင်းပပြုလုပ်ခဲ့ပါသည်။

    ထိုစာနယ်ဇင်ရှင်းလင်းပွဲသို့ ဂျပန်နိုင်ငံသံအမတ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Hip Hop အဆိုတော်များဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ Snare တို့မှ တက်ရောက်ခဲ့ကြပါသည်။ Myanmar Japan Hip Hop Concert သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပပြုလုပ်မည့် Hip Hop ဖျော်ဖြေပွဲတစ်ခုဖြစ်ပါသည်။ ထိုပွဲတွင် ဂျပန်နိုင်ငံမှ အနုပညာရှင်များနှင့် မြန်မာနိုင်ငံမှ အနုပညာရှင်များမှ ပူးပေါင်းပါဝင် တင်ဆက်ဖျော်ဖြေ မှာ ဖြစ်ပါသည်။

    အခမ်းနားသို့တက်ရောက်လာသော အဆိုတော် ဘန်နီဖြိုးမှ “အခုလို ကိုယ့်နိုင်ငံကိုအသိမှတ်ပြုပြီးလာရောက်ပြီးတော့ နိုင်ငံခြားကအနုပညာရှင်တွေနဲ့ တွဲဖက်သီဆိုရမယ်ဆိုတော့ ပျော်ရွှင်မိပါတယ်၊ မြန်မာနိုင်ငံရဲ့ ဂီတ ဟာလည်းအများကြီးတိုးတက်လာမယ်လို့လဲ ထင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

    “ဒီပွဲဟာ Hip Hop ပွဲဖြစ်ပေမဲ့ Pop အဆိုတော်၊ Rock အဆိုတော်တွေလဲပါမယ်၊ ဂျပန်နိုင်ငံက Dancer တွေနဲ့ မြန်မာပြည်က Dancer တွေနဲ့ပူးပေါင်းတင်ဆက်မယ်ဆိုတော့ ထူးခြားတဲ့ပွဲတစ်ခု ဖြစ်လာမှာပါ၊ ဒီပွဲမှာရလာတဲ့ အကျိုးမြတ်ကိုလည်း ပြည်တွင်းကလိုအပ်နေတဲ့နေရာတွေမှာ လှူဒါန်းသွားမှာဖြစ်ပါတယ်၊ ဒီပွဲဟာ ထူးခြားတဲ့ပွဲဖြစ်တဲ့အတွက် ပရိသတ်များ လာရောက်အားပေးကြပါ ” ဟု အဆိုတော် စိုင်းစိုင်းခမ်းလှိုင် မှ ပြောကြားခဲ့ပါသည်။

    အခမ်းနားကို ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် စာနယ်ဇင်းသမားများတက်ရောက်ခဲ့ပြီး ၂ နာရီတွင် အခမ်းနားကို ရုတ်သိမ်းခဲ့ပါသည်။