News @ M-Media

Author: YinYin

  • နိုဝင်ဘာ ၇၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၇၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၇၊ ၂၀၁၃
    M-Media

    ကမ္ဘာ့ဖလားအား ရရှိနိုင်သည်ဟု အင်္ဂလန်အသင်း ကစားသမားများက ယုံကြည်နေကြောင်း ဘက်ခမ်းပြော


    အင်္ဂလန်အသင်းသားများမှာ ၎င်းတို့အနေဖြင့် ကမ္ဘာ့ဖလားအားရယူနိုင်ပြီး မျှော်လင့်ထားသည်ထက် ပိုမိုလုပ်ပြနိုင်သည်ဟု ယုံကြည်နေကြာင်း အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားခဲ့သည်။

    အင်္ဂလန်အသင်းမှာ ၁၉၆၆-ခုနှစ်တစ်ကြိမ်သာ ကမ္ဘာ့ဖလားအား ဗိုလ်စွဲနိုင်ခဲ့ပြီး ၁၉၉၀-ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှစတင်ကာ နောက်ဆုံးလေးသင်းအဆင့်ကို တက်ရောက် နိုင်ခဲ့ခြင်းမရှိခဲ့ချေ။ ယခုအချိန်တွင် အင်္ဂလန်အသင်းမှာ ကမ္ဘာ့အဆင့်-၁၀ နေရာတွင်ရှိနေပြီး ကစားသမားများအား ရည်ရွယ်ချက်ကြီးကြီးမားမားထားရှိကြရန် ဘက်ခမ်းက မျှော်လင့်နေသည်။

    “အင်္ဂလန်အသင်း ပြိုင်ပွဲ ၀င်ပြိုင်တဲ့အခါ ကျွန်တော်အမြဲတမ်းအကောင်းမြင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်လည်း အင်္ဂလန်အသင်းနဲ့အတူ ၀င်ပြိုင်ခဲ့ဖူးလို့ပါ။ ပြိုင်ပွဲကြီးတွေကို ၀င်ပြိုင်တဲ့အခါ ဘယ်လိုလဲဆိုတာကို ကျွန်တော်ခံစားဖူးပါတယ်”ဟု ဘက်ခမ်းက Sky Sports သို့ ပြောကြားခဲ့သည်။

    ထို့ပြင် နည်းပြ ရွိုင်ဟတ်ဆန်ရောက်လာပြီးနောက် အသင်းတွင် အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားများ၊ ပါရမီရှိသည့် ကစားသမားများကို မိတ်ဆက်ပေးခဲ့ကြောင်း၊ အဓိကပြိုင်ပွဲကြီးများတွင် အတက်အကျ ရှိစမြဲဖြစ်ကြောင်း ဘက်ခမ်းက ထပ်လောင်းပြောကြားခဲ့သည်။

    Goal
    ___________________

    ချန်ပီယံလိဂ်ပွဲမတိုင်မီ ဆဲလ်တစ်ပရိတ်သတ်များ အဖမ်းခံခဲ့ရ


    အမ်စတာဒမ်တွင် ယနေ့နံနက်က ကစားခဲ့သည့် အေဂျက်အသင်းနှင့် ဆဲလ်တစ်အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဆဲလ်တစ်အသင်းပရိတ် သတ်များမှာ ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆတ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များအား ဆဲလ်တစ်ပရိတ်သတ်များက ပုလင်းများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ပရိတ်သတ်များ ထိပ်တိုက်တွေ့ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် ၈-ဦး ဒဏ်ရာရရှိခဲ့ကာ၊ ဆဲလ်တစ်ပရိတ်သတ် ၁၅ ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အမ်စတာဒမ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

    လက်မှတ်မပါပါက ကွင်းအတွင်းသို့မ၀င်ရောက်ရန် ပရိတ်သတ်များအား ဆဲလ်တစ်အသင်းက သတိပေးထားသော်လည်း အမ်စတာဒမ်တွင် ပရိတ်သတ် ၁၂၀၀၀ က ကွင်းအတွင်းသို့ဝင်ရောက်ရန် စုရုံးခဲ့ကြသည်။

    ပြီးခဲ့သည့် အင်္ဂါနေ့ညနေကလည်း ဆဲလ်တစ်ပရိတ်သတ်များအား အေဂျက်ပရိတ်သတ်များက တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

    Goal
    ___________________
    မန်ယူလူငယ်ကစားသမား ဂျာနူဇက်ဂ်ျကို တက်နင်းခဲ့သည့် ရီသာအား FA မှ သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်


    စနေနေ့က ကစားခဲ့သော မန်ယူအသင်းနှင့် ဖူလ်ဟမ်အသင်းတို့ပွဲစဉ်တွင် မန်ယူလူငယ်ကစားသမား ဂျာနူဇက်ဂ်ျအား တက်နင်းခဲ့သည့် ဖူလ်ဟမ် ကစားသမားရီသာအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟုသိရသည်။

    ဂျာမန်ကစားသမား ရီသာမှာ ဂျာနူဇက်ဂ်ျ၊ အသင်းဖော်များနှင့် ဖူလ်ဟမ်ပရိတ်သတ်များအား တောင်းပန်ခဲ့သောကြောင့် ဒိုင်လူကြီး လီရော်ဘတ်က ပွဲအစီရင်ခံစာတွင် ထိုအဖြစ်အပျက်အား ထည့်သွင်းရေးသားခဲ့ခြင်းမရှိခဲ့သော်လည်း၊ FA ၏ စည်းမျဉ်းသစ်အရ ဒိုင်လူကြီးဟောင်းသုံးဦးက ပွဲမှတ်တမ်းအား ဗီဒီယိုကို ပြန်လည် ကြည်ရှု့ ခဲ့ပြီးနောက် ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် ရီသာမှာ စည်းမျဉ်းအသစ်အရ ပထမဦးဆုံးအရေးယူခံခဲ့ရသော ကစားသမားဖြစ်လာခဲ့သည်။ ရီသာကလည်း ထိုအရေးယူမှုအားလက်ခံခဲ့ပြီး ယခုအချိန်တွင် လေ့ကျင်ခန်းများကိုကြိုးစားလုပ်နေကြောင်း အသင်းတွင်ပြန်လည်ကစားရသည့်အခါ အကောင်းဆုံးကစားသွားမည်ဟု သူ၏ တွစ်တာ စာမျက်နှာတွင်ရေးသားခဲ့သည်။

    Daily
    ___________________
    အရှ်လေယန်း၏ ဟန်ဆောင်ဒိုက်ထိုးမှုအား မန်ယူအသင်း ဒုတိယအကြိမ် သတိပေး


    ရီးယဲယ်ဆိုစီဒက်နှင့်ပွဲတွင် ဟန်ဆောင်လှဲချခဲ့သည့် မန်ယူအလယ်တန်းကစား သမား အက်ရှ်လေယန်းအား မန်ယူအသင်း နည်ပြဖြစ်သူ ဒေးဗစ်မိုယက်စ်က သတိပေးခဲ့ သည်ဟုသိရသည်။

    အက်ရှ်လေယန်းမှာ ထိုပွဲတွင် ပင်နယ်တီရရှိရန်အတွက် ဟန်ဆောင်လှဲချခဲ့ပြီး၊ မိုယက်စ်က ထိုလုပ်ရပ်အား ပွဲပြီးပြီးချင်း လူသိရှင်ကြား ရှုတ်ချရန်ငြင်းဆိုခဲ့သည်။ သို့သော် လည်း ထိုလုပ်ရပ်များအား နောက်ထပ်မလုပ်ရန် မိုယက်စ်က အက်ရှ်လေယန်းအား သတိပေးခဲ့သည်။

    အသက် ၂၈-နှစ်အရွယ်ရှိပြီဖြစ်သည့် အရှ်လေယန်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအား ၂-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ် ပွဲတွင်လည်း ဟန်ဆောင်လှဲ ချခဲ့ပြီး၊ ဖာဂူဆန်လက်ထက် ၂၀၁၁-၁၂ ဘောလုံးရာသီတွင်လည်း ထိုကဲ့သို့ တစ်ကြိမ်လှဲချခဲ့ဖူးသည်။

    ထိုလုပ်ရပ်နှင့်ပက်သက်၍ ဖာဂူဆန်က သူ၏ အထုပ္ပတ္တိစာအုပ်တွင် ယန်း၏ ထိုလုပ်ရပ်မှာ ၎င်းအနေဖြင့်သည်းမခံနိုင်သောလုပ်ရပ်ဖြစ်သည်ဟု ရေးသားခဲ့သည်။

    Mirror
    ___________________

  • တက္ကသိုလ်ကျောင်းသား မွတ်စလင်မ်တချို့ အဆောင်နေရန် အခက်အခဲဖြစ်

    တက္ကသိုလ်ကျောင်းသား မွတ်စလင်မ်တချို့ အဆောင်နေရန် အခက်အခဲဖြစ်

    နိုဝင်ဘာ ၇၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    Ygn Uni

    ရန်ကုန်  ။       ။         ရန်ကုန်မြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ယူနေသော နယ်မြို့များမှ မွတ်စလင်မ် ကျောင်းသားအချို့ ယခုနှစ် ကျောင်းပြန်ဖွင့်ချိန်တွင် အဆောင် များမှ လက်မခံသောကြောင့် အဆောင်မရရှိပဲ ကျောင်းတက်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

    ယခင်နှစ် တက္ကသိုလ်ဖွင့်ချိန်တွင် နေထိုင်ခဲ့သော အဆောင်တွင် ဆက်လက်နေထိုင်လိုသော်လည်း မွတ်စလင်မ်ကျောင်းသားဖြစ်နေ၍ ပတ်ဝန်းကျင်မှ ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်၍ အဆောင်ပိုင်ရှင်မှ လက်မခံတော့သောကြောင့် အခက်အခဲဖြစ်နေသည်ကို ကျောင်းသားတစ်ဦးမှ ပြောပြလာပါသည်။

    “ကျွန်တော် အမြဲတမ်း ဒီအဆောင်မှာပဲ နေခဲ့တာပါ။ အရင်နှစ်တွေကလည်း ကျောင်းဖွင့်ချိန်နေတယ်။ ကျောင်းပိတ်ရင်ပြန်တယ်။ အခု ဒီအဆောင်မှာ ပြန်လာနေဖို့ ဖုန်းဆက်လိုက်တော့ အဆောင်ရှင်က ကျွန်တော့်ကို လက်မခံတော့ဘူးလို့ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က မွတ်စလင်မ်ဖြစ်နေလို့ မွတ်စလင်မ်ကို ထားရင် တခြားက ပြဿနာရှာတာဖြစ်လာမှာစိုးလို့ လက်မခံရဲတော့လို့ လက်မခံတော့ဘူးလို့ ပြောတယ်။ ကျွန်တော်လည်း တခြားအဆောင်တွေ ပတ်ရှာနေရတုန်းပါ အခုထိတော့ အဆောင်မရသေးပါဘူး။”ဟု ပြောပါသည်။

    ယခုကဲ့သို့သော အခြေအနေသည် ရန်ကုန်မြို့ရှိ အဆောင်များတွင်သာမက အချို့ တက္ကသိုလ်၊ ကောလိပ်နှင့်  ကျောင်းများရှိသည့် မြို့အများစုတွင်လည်း ဖြစ်နေသည် ဟုလည်း သိရပါသည်။

    ဓါတ်ပုံအညွှန်း >>  ရန်ကုန်တက္ကသိုလ် (google မှ ရယူထားပါသည်)

  • ဒဂုံအရှေ့ပိုင်း စက်မှုဇုန် ပွင့်ဦးမွေ့ယာစက်ရုံ မီးလောင်မှုဖြစ်ပွား

    ဒဂုံအရှေ့ပိုင်း စက်မှုဇုန် ပွင့်ဦးမွေ့ယာစက်ရုံ မီးလောင်မှုဖြစ်ပွား

    နိုဝင်ဘာ ၆၊ ၂၀၁၃
    M-Media
    A.N.Lay

    IMG_20131106_160455

    ရန်ကုန် ။       ။ ရန်ကုန် ဒဂုံအရှေ့ပိုင်းစက်မှုဇုန် ပန်းတဉ်းဝန် ဦးရွှေဘင်လမ်းရှိ ပွင့်ဦး မွေ့ယာ စက်ရုံတွင် ယနေ့မနက် ၅-နာရီခန့်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

    ဖြစ်ပွားပုံမှာ နံနက် ၅ နာရီခန့်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့ပိုင်း စက်မှုဇုန်ရှိ ပန်းတဉ်းဝိန်ဦးရွှေဘင်လမ်းဍှ် PwintOo စက်ရုံအတွင်းတွင် လျှပ်စစ် ဝါယာကြိုးမှ ရှော့ဖြစ်ပြီး အနီးရှိ မွေ့ယာများ ပြုလုပ်သည့် ဖော့များကို ကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ပြီး စက်ရုံအပြင်ဘက်ရှိ လုံခြုံရေးများမှာလည်း စက်ရုံတံခါးများ ပိတ်ထားသောကြောင့်အလွယ်တကူဝင်ရောက်၍ မရဖြစ်ကာ မီးမှာ ပိုမိုပြီးလောင်ကျွမ်းခဲ့ကြောင်းသိရှိရသည်။

    စက်ရုံအနီး နေထိုင်သူတစ်ဦးက “ကျွန်မက မနက် ၆-နာရီလောက်မှ သိရတာပါ။ ကျွန်မ သိရတော့ မီးကတော်တော်ကို လောင်နေပြီ ကောင်းကင်တစ်ခုလုံးလည်း မှောင်မည်းနေတာပဲ အထဲမှာက ဖော့တွေရယ်၊ သစ်သားတွေရယ် ကော်ပစ္စည်းတွေရယ် ရှိတော့ ပိုပြီးတော့လောင်တာပေါ့၊ တစ်ခုတော်သေးတာက ဘေးနားရှိ သစ်လုံးတွေထားတဲ့ နေရာကို မကူးလို့တော်သေးတယ်။ ကူးများသွားရင်တော့ မတွေးရဲဘူး”လို့ပြောကြားခဲ့ပါသည်။

    အဆိုပါ မီးလောင်ကျွမ်းရာနေရာသို့ မီးသတ်ကား အစီး ၁၀၀- ကျော်ရောက်ရှိလာပြီး မီးငြိမ်းသတ်သော်လည်း မီးအရှိန်များသောကြောင့် ခေါင်မိုးပေါ်တက်၍ ရေများပက်ဖျန်းပြီး ငြိမ်းသတ်ခဲ့ရကြောင်း၊ မီးအရှိန်များလွန်းသောကြောင့် မီးသတ် ၁၀-ဦးမှာ အရေးပေါ်ဆေးရုံတင်ထားရကြောင်းနှင့် ၎င်းမီးလောင်ကျွမ်းမှုကို နေ့ခင်း ၂း၀၀-နာရီ အချိန်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် အဆိုပါ ကုမ္ပဏီမှာ မီးအာမခံ ပြုလုပ်ထားကြောင်း လည်းသိရှိရပါသည်။

  • နိုဝင်ဘာ ၆၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    နိုဝင်ဘာ ၆၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    နိုဝင်ဘာ ၆၊ ၂၀၁၃
    M-Media

    နေပြည်တော်ကောင်စီ ထပ်မံတောင်းခံလာသော ငွေအလုံးအရင်းကို လွှတ်တော်က စိစစ်ဖြတ်တောက်

    နေပြည်တော်ကောင်စီက နေပြည်တော်တည်ဆောက်ရေး စီမံကိန်းများအတွက် ငွေကျပ် ၂၀၀ ဘီလျံကျော်တောင်းခံထားသည့်အပြင် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ၂၆ ဘီလျံ ထပ်မံတောင်းခံလာသည့်အတွက် နေပြည်တော် ကောင်စီဘတ်ဂျတ်ကို ပြည်ထောင်စုလွှတ်တော်တွင် အပြင်းအထန် ဝေဖန်ဆွေးနွေးမှုများရှိသောကြောင့် ထပ်မံတောင်းခံလာသော ငွေအလုံးအရင်း အသုံးစရိတ်ကို လွှတ်တော်က အပြည့်အ၀ ခွင့်မပြုဘဲ ကျပ်သန်းပေါင်း ၁.၃ ဘီလျံကို လွှတ်တော်က စိစစ်ဖြတ်တောက် လိုက်ကြောင်း လွှတ်တော်အမတ်များက ဧရာဝတီသို့ ပြောဆိုလိုက်ကြောင်း သိရသည်။

    _______________________

    မီတာခ တိုးမြှင့်ကောက်ခံမှုအား ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ

    လျှပ်စစ်မီတာခများ နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံလိုက်မှုကြောင့် ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့ MDCF က ဦးဆောင်၍ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ သိမ်းကြီးဈေးရှေ့မှနေ ဆူးလေဘုရားအထိ ဖယောင်းတိုင်မီးထွန်းပြီး လမ်းလျှောက် ဆန္ဒပြခဲ့ပြီး ပြည်သူလူထု ဆန္ဒမခံယူပဲ မီတာခ တိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်ကြောင်း သံပြိုင်ကြွေးကြော်၍ ကန့်ကွက်စာများလည်း ပေးဝေးခဲ့ကြကြောင်း RFA သတင်းဌာနတွင် ဖော်ပြထားပါသည်။
    ______________________

    ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် သယံဇာတပို့ကုန်ဝင်ငွေ သုံးစွဲရန် Unicef တိုက်တွန်း

    မြန်မာ့လွှတ်တော်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေ ထပ်မံတိုးမြှင့်ရရှိရေးအတွက် ဆွေးနွေးနေချိန်တွင် ကလေးသူငယ်များဆိုင်ရာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ဘဏ္ဍာငွေသုံးစွဲမှုများကို တိုးမြှင့်သုံးစွဲရန် Unicef မှ ပထမဆုံးအကြိမ်အဖြစ် အလေးအနက် တိုက်တွန်းကြောင်း Unicef မြန်မာပြည်ဌာနေ ကိုယ်စားလှယ် မစ္စတာ ဘာထရန်ဗိန်းလ်က ပြောကြောင်း မဇ္ဈိမသတင်းဌာနမှ သိရှိရပါသည်။
    ______________________

    ဒေါ်အောင်ဆန်းစုကြည် သြစတေးလျသို့သွားရောက်လည်ပတ်မည်

    မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ယခုလနှောင်းပိုင်းတွင် သြတေးလျနိုင်ငံသို့ သွားရောက်မည်ဟုသိရသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ နိုဝင်ဘာ ၂၇-ရက် နေ့မှ ဒီဇင်ဘာ ၂-ရက်နေ့အထိ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့နှင့် မဲလ်ဘုန်းမြို့များသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။

    ထိုခရီးစဉ်အတွင်း ဆစ်ဒနီတွင်ကျင်းပမည့် ကုလသမဂ္ဂ အိခ်ျအိုင်ဗီ အကူအညီပေးရေး ကွန့်ဖရန်အားတက်ရောက်မည်ဖြစ်ပြီး သြစတေးလျရောက် မြန်မာမိသားစုများနှင့် လည်း တွေ့ဆုံမည်ဖြစ်သည်။

    သြစတေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ဒေါ်အောင်ဆန်းစုကြည်အား သြစတေးလျနိုင်ငံမှကြိုဆိုပြီး ယခုကဲ့သည့် လာရောက်မည့်အတွက်လည်း ၀မ်းမြောက် မိကြောင်း ပြောကြားခဲ့သည်။

    Ref : ABC

    _______________________

    ဂျပန်နိုင်ငံ၏ စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံခြားရေးကိစ္စများကို အမေရိကန် လျှို့ဝှက်ထောက်လှမ်းခဲ့

    အမေရိကန် အမျိုးသားထောက်လှမ်းရေးအေဂျင်စီ NSA က အမေရိကန် မိတ်ဘက်နိုင်ငံများ၏ အချက်အလက်များအား လျှို့ဝှက်ထောက်လှမ်းခဲ့ရာတွင် ဂျပန်နိုင်ငံ လည်း ပါဝင်ခဲ့သည်ဟုသိရသည်။

    အမေရိကန်မှ ၎င်း၏မိတ်ဘက်နိုင်ငံများနှင့် ရန်ဘက်နိုင်ငံများအား မည်ကဲ့သို့ လျှို့ဝှက်ထောက်လှမ်းမှုများပြုလုပ်သည်ကို NSA အေးဂျင့်ဟောင်း အပ်ဒ၀ပ်စနိုးဒင်၏
    ဖွင့်ချမှုအားကိုးကား၍ နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့ရာတွင် ဂျပန်နိုင်ငံမှာလည်း ၎င်းတို့၏ နည်းပညာဆိုင်ရာကျွမ်းကျင်မှုကြောင့် အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းခြင်းအား ခံခဲ့ရသည်သိရသည်။

    ထို့ပြင် အမေရိကန်တွင် လူကြည့်အများဆုံးဖြစ်သော နယူးယောက်တိုင်းမ်စ်၏ ၀ဘ်ဆိုဒ်တွင် NSA ၏ ၂၀၀၇ ခုနှစ်လျှို့ဝှက်ထောက်လှမ်းမှုစာရင်း၌ ဂျပန်နိုင်ငံလည်း ပါဝင်ကြောင်း အသေးစိတ်ဖော်ပြထားသည့် ဖိုင်တစ်ခုကိုလည်း လွှင့်တင်ထားသည်။

    အမေရိကန်အနေဖြင့် ဂျပန်နိုင်ငံ၏ နည်းပညာနှင့်ပက်သက်သည့်စွမ်းရည်ကို စောင့်ကြည့် ထောက်လှမ်းခဲ့ကြောင်း ထို့ပြန် ဂျပန်နိုင်ငံခြားရေး ပေါ်လစီနှင့် ကမ္ဘာ့တတိယ စီးပွားရေး အကြီးဆုံးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ၏ စီးပွားရေးကိုလည်းထောက်လှမ်းခဲ့ကြောင်းသိရသည်။

    Ref : Xinhua

    _______________________

    ကွန်ဂိုသူပုန်များ လက်နက်စွန့်လွှတ်တော့မည်

    လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင်ဖြစ်ပွားခဲ့သည့် အရပ်သားများအား သတ်ဖြတ်မှုများကိုကျူးလွန်ခဲ့သည်ဟု အပြစ်တင်ခြင်းခံထားရသည့် ကွန်ဂို M23 သူပုန်များက ၎င်းတို့၏ ပုန်ကန်ထကြွမှုများအား အဆုံးသတ်တော့မည်ဟု ကြေညာလိုက်သည်။

    ထိုကြေညာချက်က ဆယ်စုနှစ် ၂-ခုအတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် လူသန်းချီသေဆုံးခဲ့သည့် ကွန်ဂိုနိုင်ငံအတွက် ငြိမ်းချမ်းရေးမျှော်လင့်ချက်
    တစ်ခုလည်း ဖြစ်လာခဲ့သည်။

    ကွန်ဂိုအစိုးရတပ်များက ၎င်းတို့၏ နောက်ဆုံးခံတပ် နှစ်ခုဖြစ်သော Tshanzu နှင့် Runyoni ကို ယနေ့နံနက် မတိုင်ခင် ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထိုအဖွဲ့က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ယူဂန်ဒါနှင့် ရ၀မ်ဒါနယ်စပ်ရှိ သူပုန်များ၏ စခန်းများကိုလည်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသည့် တပ်များ ကလည်း သီတင်းနှစ်ပတ်ကြာ တိုက်ခိုက်ခဲ့သေးသည်။

    အာဖရိကခေါင်းဆောင်များကလည်း M23 အဖွဲ့အား ၎င်းတို့၏ဆူပူအုံကြွမှုကို စွန့်လွှတ်ကာ ကွန်ဂိုအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်း တိုက်တွန်းခဲ့သည်။

    Ref : Aljazeera
    _______________________
    နယူးယောက်မာရသွန်ပြိုင်ပွဲဝင် အသက်အကြီးဆုံး အမျိုးသမီး ကွယ်လွန်

    2013 ING မာရသွန်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အသက်အကြီးဆုံး အဖွားအိုမှာ မာရသွန်ပြိုင်ပွဲအပြီး နာရီပိုင်းအကြာတွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    အသက် ၈၆-နှစ်အရွယ်ရှိ ကယ်လီဖိုးနီးယားတွင်နေထိုင်သူ ဂျွိုင် ဂျွန်ဆင်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် အဆိုပါ မာရသွန်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီးနောက် နယူးယောက်ရှိ ဟိုတယ်တစ်ခုအတွင်း အိပ်ပျော်ခဲ့ပြီး ပြန်လည်နိုးလာခြင်းမရှိဘဲ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်ဟု သမီးဖြစ်သူ ဒွန်နာ ဂရာဖစ်က CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မာရသွန်ခရီးမှာ ၂၆.၂ မိုင်ရှည်လျားပြီး မိုင် ၂၀ အရောက်တွင် ဂျွန်ဆင်မှာ ပြုတ်ကျခဲ့ပြီး ခေါင်းကိုထိခိုက်ခဲ့သည်။ သူနာပြုများက ကြည့်ရှုခဲ့ပြီးနောက် ဆေးရုံးသို့သွားရန်
    အကြံပြုခဲ့သော်လည်း ဂျွန်ဆင်မှာ သွားရောက်ခြင်းမရှိခဲ့ဘဲ ပန်းဝင်သည်အထိ ဆက်လက်ပြေးခဲ့ခြင်းဖြစ်သည်ဟု သမီးဖြစ်သူက ထည့်သွင်း ပြောကြားခဲ့သည်။

    Ref : CNN
    _______________________
    အီတလီနှင့် ရုရှားတို့ ပူးပေါင်း၍ မြေထဲပင်လယ်တွင် စစ်ရေးလေ့ကျင့်

    နှစ်နိုင်ငံ စစ်ရေးဆိုင်ရာစနစ်များ တိုးတက်စေရေန်အတွက် အီတလီနှင့် ရုရှားနိုင်ငံတို့ မြေထဲ ပင်လယ်တွင် ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ရုရှားစစ်တပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

    ရုရှား-အီတလီတို့ ပူးပေါင်းလေ့ကျင့်ခဲ့ပြီး lonies-2013 အမည်ရသည့် အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ဖျက်သင်္ဘောတစ်စင်း၊ တိုက်သင်္ဘောတစ်စင်းအပါအ၀င် ရုရှားစစ်သင်္ဘော သုံးစင်းနှင့် ရေတပ်သုံးလေယာဉ်များပါဝင်ခဲ့သည်ဟု ရုရှားရေတပ်မှ တာဝန်ရှိသူ တစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။ အီတလီဘက်မှလည်း ဖျက်သင်္ဘောတစ်စင်း တိုက်သင်္ဘော တစ်စင်းနှင့် လောယာဉ်များစွာပါဝင်ခဲ့သည်။

    ယမန်နေ့က စတင်ခဲ့ပြီး ၉-ရက်နေ့တွင် ပြီးဆုံးမည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရေးအား တိုးတက်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပြီး ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကို ၂၀၀၄ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    Ref : Press TV
    _______________________
    ပါရာဂွေးကျောင်းဆရာများ ကချေသည်များဖြင့် ကခုန်ခဲ့သည့် ဗီဒီယို ထွက်ပေါ်လာ

    ကျောင်းဆရာများပါဝင်သည့် အစည်းအဝေးတစ်ခုတွင် ရာနှင့်ချီသော ကျောင်းဆရာများမှာ ၀တ်လစ်စလစ်ကချေသည်များနှင့်အတူ ကခုန်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    ကျောင်းဆရာများ ကချေသည်များဖြင့် ကခုန်နေသည့်ပုံအား ဆဲလ်ဖုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုဖိုင်မှာ ပါရာဂွေးမီဒီယာများတွင် ပေါ်ထွက်လာပြီးနောက် နိုင်ငံ၏ ပညာရေးဆိုင်ရာ အကြီးအကဲက သူမအနေဖြင့် အဆိုပါကိစ္စအား စုံးစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

    ပါရာဂွေးနိုင်ငံမြို့တော် အော့စ်စီယွန် အပြင်ဘက်ရှိနေရာတစ်ခုအတွင်း ပညာရေးနှင့် ပက်သတ်သည့် အဖွဲ့လိုက်လှုပ်ရှားမှုတစ်ခုတွင် ကျောင်းဆရာများအား သွားရောက် ပါဝင်ရန် အတွက် ကျောင်းများမှ ခွင့်ပေးခဲ့သော်လည်း ထိုကျောင်းဆရာများမှာ ကျောင်းသင်ခန်းစာများ အကြောင်းဆွေးနွေးခဲ့ခြင်း မရှိခဲ့ချေ။

    ထိုလှုပ်ရှားမှုသို့ ကျောင်းဆရာ၊ ဆရာမပေါင်း ၈၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ဆရာမများမှာ အပေါ်ပိုင်း အ၀တ်မ၀တ်ထားသည့် အမျိုးသားများနှင့် တွဲ၍ ကခဲ့ကြပြီး ကျန်သူများက သီချင်းများဖွင့်ကာ အော်ဟစ်နေကြသည့် ဗီဒီယိုအား ပါရာဂွေးရှိ ဗီဒီယိုချန်နယ်တစ်ခုဖြစ်သည့် Telefuturo မှ ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။

    Ref : CNN
    _______________________

    ခရီးသွားရဟတ်ယာဉ်တစ်စီးပေါ်မှ ခရီးသည်တစ်ဦး ခုန်ချ

    Newport Beach ကမ်းခြေသို့ ပျံသန်းနေသည့် ရဟတ်ယာဉ်တစ်စင်းမှ ခရီးသည်တစ်ဦးမှာ ရဟတ်ယာဉ်တံခါးအားဖွင့်ကာ ခုန်ချခဲ့သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့က
    ဖြစ်ပွားခဲ့သည်ဟုသိရသည်။

    ခုန်ချခဲ့သူမှာ အသက် ၆၀ အရွယ်ရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုအမျိုးသားမှာ ၃၀-မိနစ်ကြာမြင့်သည့် ကမ်းခြေသို့သွားမည့် ရဟတ်ယာဉ် ခရီးစဉ်တွင် နှစ်ဦး လိုက်ပါရန် စာရင်းပေးခဲ့သော်လည်း တစ်ဦးတည်း လိုက်ပါခဲ့ကြောင်း၊ ယမန်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၂-နာရီ ၄၅-မိနစ်ခန့်က Fullerton လေယာဉ်ကွင်းမှ အဆိုပါရဟတ်ယာဉ်ပျံတက်ခဲ့ပြီး ၁၅-မိနစ်ခန့်ကြာပြီးနောက် လောယာဉ်ကြီးကြပ်သူမှ လူတစ်ယောက် ရဟတ်ယာဉ်ပေါ်မှ ခုန်ချသွားသည်ဟု သတင်းပေးခဲ့ကြောင်း ထို ရဟတ်ယာဉ်ကို မောင်းနှင်သည့် လေယာဉ်မှူးကပြေကြားခဲ့သည်။

    အမြင့်ပေ ၅၀၀ ခန့်မှ ပယ်လယ်ထဲသို့ ခုန်ချခဲ့ခြင်းဖြစ်ပြီး၊ ထိုအမျိုးသားအား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သည်။ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု ယူဆရသည့်
    ထိုအဖြစ်အဖြစ်အပျက်အား စုံစမ်းစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ref : Latimes

    _______________________

  • နိုဝင်ဘာ ၅၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၅၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၅၊ ၂၀၁၃
    M-Media

    နေးမာမှာ လာမည့်ငါးနှစ်အတွင်း မက်ဆီကဲ့သို့ဖြစ်လာမည်ဟု ပီလီဆို


    ဘာစီလိုနာအသင်း၏ ဘရာဇီးလ် လူငယ်တိုက်စစ်မှူး နေးမာအား ယခုအချိန်တွင် မက်ဆီနှင့် တစ်တန်းထား၍ မဖြစ်နိုင်သော်လည်း ကမ္ဘာ့အတော်ဆုံး ကစားသမားများ ထဲမှ တစ်ဦးဖြစ်သည်ဟု ဘရာဇီးဂန္တ၀င်ကစားသမား ပီလီက ပြောကြားလိုက်သည်။

    ဘာစီလိုနာ အသင်းသို့ ယခုနှစ်နွေရာသီကမှရောက်ရှိလာခဲ့သည့် နေးမာမှာ ရာသီအစတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေခဲ့ရပြီး ယခုအချိန်အထိ ဘာကာ အသင်း အတွက် ၄-ဂိုး သွင်းယူပေးထားကာ ၈-ဂိုး ဖန်းတီးပေးနိုင်ခဲ့သည်။

    နေးမာမှာ အနာဂတ်မော်ဒန်ဘောလုံးလောကတွင် ကောင်းဆုံးတိုက်စစ်မှူးတစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စာရင်းဝင်ရန်အတွက် ဥရောပဘောလုံးလောကတွင် စွမ်းရည်တိုးတက်အောင် အချိန်ယူကာ ဆောင်ရွက်ရမည်ဟု ပီလီက ယုံကြည်နေသည်။

    “နေးမာဟာ တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် မက်ဆီလို သူ့ထက်ငါးနှစ်လောက်ကြီးတဲ့ ကစားသမားတွေ သူ့အရှေ့မှာ ရှိနေပါသေးတယ်။ သူဟာ ဘာစီလိုနာမှာ အထင်ကရ ကစားသမားဖြစ်လာမလားဆိုတာကိုတော့ ကျွန်တော် မဖြေနိုင်ပါဘူး။ ပြီးတော့ သူဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ မက်ဆီတို့လောက် အတွေ့အကြုံမရှိပေမယ့်၊ ဘရာဇီးလ်မှာတော့ အကောင်းဆုံး ကစားသမားတစ်ယောက်ပါ” ဟု ပီလီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    goal
    _____________________
    အသင်း၏ ခံစစ်ကစားပုံနှင့် ပက်သက်၍ အန်ဆယ်လော့တီ မကျေနပ်


    ရီးယဲမက်ဒရစ်အသင်း၏ ခံစစ်ကစားပုံနှင့် ပက်သတ်၍ စိုးရိမ်မိသည်ဟု ပြောကြားခဲ့ပြီး ခံစစ်ကစားပုံအား ယခုထက်ပို၍ တိုးတက်အောင်လုပ်ဆောင်သင့်သည်ဟု အသင်းနည်းပြ ကားလို့စ် အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    ရီးယဲလ်အသင်းမှာ ယခုနှစ်လာလီဂါတွင် တစ်ပွဲလျှင် ပျမ်းမျှ သုံးဂိုးအထိသွင်းယူခဲ့သော်လည်း ပေးဂိုးမှာ ၁၆ ဂိုးအထိရှိနေပြီး ပြိုင်ဘက် အသင်းများဖြစ်ကြသည့် အက်သလက်တီကိုမက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ထက် နှစ်ဆများပြားနေသည်။

    “ကျွန်တော်တို့ပေးဂိုးတွေ အရမ်းများနေပြီး အဲဒါက ကျွန်တော်တို့အတွက် ပြဿနာပါပဲ။ ခံစစ်ပိုင်းဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ တစ်ကမ္ဘာလုံးက လူတိုင်း သိကြပါတယ်။ ဒါပေမယ့် ၁၅ ပွဲမှာ ကျွန်တော်တို့ ၄၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး တစ်ပွဲပျမ်းမျှ ၃ ဂိုးရှိပါတယ်” ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြား ခဲ့သည်။

    အန်ဆယ်လော့တီမှာ အသင်း၏ ခံစစ်ပိုင်းအား ယနေ့ည အီတလီ၌ကစားမည့် ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ပြင်ဆင်နိုင်လိမ့်မည်ဟု မျှော်လင့်နေပြီး၊ ဂျူဗင်တပ်စ်အသင်းမှာ အုပ်စုအတွင်း အခက်အခဲဆုံး အသင်းဖြစ်ကြောင်း အန်ဆယ်လော့တီက ထပ်လောင်းပြောကြားခဲသည်။
    goal
    _____________________

    ဂျာနူဇက်ဂ်ျမှာ မက်ဆီထံမှ သင်ယူနိုင်သည်ဟု မိုယက်စ်ဆို

    ပြီးခဲ့သည့် စနေနေ့က ဖူလ်ဟမ်အသင်းနှင့်ကစားသည့်ပွဲတွင် ပြိုင်ဘက်ကစားသမားများ၏ ပစ်မှတ်ဖြစ်ခဲ့သော အသက် ၁၈-နှစ်အရွယ်ရှိ မန်ယူလူငယ်ကစားသမား ဂျာနူဇက်ဂ်ျမှာ ဘာစီလိုနာအသင်း၏ ကစားသမား မက်ဆီ၏ အပြုအမူများအား သင်ယူရမည်ဟု ပြောကြားခဲ့ပြီး၊ ဒိုင်လူကြီးများအနေဖြင့် မိမိ၏ကစားသမားအား ပိုမို ကာကွယ်မှုများပေးရန် မန်ယူအသင်းနည်းပြ ဒေးဗစ်မိုယက်စ်က တိုက်တွန်းပြောကြားခဲ့သည်။

    ဖူလ်ဟမ်းအသင်း၏ အိမ်ကွင်း ကာဗင် ကော့တေ့ဂ်ျတွင်ကစားခဲ့သော အဆိုပါပွဲတွင် မန်ယူအသင်းမှာ ၃-ဂိုး ၁-ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဂျာနူဇက်ဂ်ျသည် ဖူလ်ဟမ် အသင်းမှကစားသမား ဆက်ချာ ရီသာ၏ ကြမ်းတမ်းသော ဖျက်ထုတ်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA မှလည်း ရီသာအား အရေးယူရန် စီစဉ်လျက်ရှိသည်။

    “(အဲဒီအပြုအမူကို) ပွဲပြီးတဲ့အထိ ကျွန်တော် မမြင်ခဲ့ပါဘူး။ နည်းပြခုံတန်းဟာ နိမ့်နေတဲ့အတွက် မမြင်နိုင်ပါဘူး။ (ပွဲအပြီး ဗီဒီယိုပြန်ကြည့်တဲ့အခါ) ဒါဟာ တော်တော် ဆိုးရွားတဲ့ဖျက်ထုတ်မှုဖြစ်ပြီး တမင်တကာ ပြုလုပ်ခဲ့တဲ့ပုံပါပဲ။ ဒီကိစ္စက ပြီးတော့ ပြီးသွားပါပြီ။ ဒါပေမယ့် အဒ်နန်(ဂျာနူဇက်ဂ်ျ)ကို ကာကွယ်ပေးဖို့ လိုအပ်ပါတယ်” ဟု မိုယက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဂျာနူဇက်ဂ်ျအနေဖြင့် ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက စိန်ခေါ်မှုများကို မည်ကဲ့သို့ ကျော်ဖြတ်သည်ကို အတုယူသင့်ကြောင်း မိုယက်စ်က ထပ်လောင်းပြောကြားခဲ့သည်။
    goal
    _____________________

    ATP World Tour Finals စပြီး အဖွင့်ပွဲစဉ်တွင် ဒဲလ်ပေါ်ထရိုနှင့် ၀ါဝရင်ကာတို့ အနိုင်ရရှိ


    ကမ္ဘာ့အဆင့်-၁ မှ အဆင့်-၈ အတွင်းတင်းနစ်ကစားသမားများသာ ပါဝင်ယှဉ်ပြိုင်ရသည့် ယခုနှစ်တင်းနစ်ရာသီ ရာသီပိတ်ပြိုင်ပွဲ ATP World Tour Finals ကို လန်ဒန်မြို့တွင် စတင်ကျင်းပနေပြီဖြစ်သည်။

    ကစားသမား ၈-ဦးအား ၄-ဦးတစ်အုပ်စုစီ အုပ်စုနှစ်စုခွဲထားပြီး အုပ်စု A တွင် ရာဖေးနာဒဲလ်၊ ဒေးဗစ်ဖာရာ၊ သောမတ်ဘာဒစ်ခ်ျနှင့် စတာနစ်လတ်စ် ၀ါဝရင်ကာတို့ ပါဝင်ကာ အုပ်စု B တွင် နိုဗက်ဂျိုကိုဗစ်၊ ဂျူအန်မာတင် ဒဲလ်ပေါ်ထရို၊ ရော်ဂျာဖက်ဒါရာနှင့် ရစ်ချတ်ဂတ်စကတ်စ်တို့ ပါဝင်သည်။

    အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယမန်နေ့ကယှဉ်ပြိုင်ကစားခဲ့ရာ အုပ်စု A တွင် ၀ါဝရင်ကာက ဘာဒစ်ခ်ျအား အနိုင်ရရှိခဲ့ပြီး၊ အုပ်စု B တွင် ဒဲလ်ပေါ်ထရိုက ဂတ်စကတ်အား အနိုင်ရရှိခဲ့သည်။

    ကမ္ဘာ့အဆင့် ၇ ဆွစ်တင်းနစ်သမား ၀ါဝရင်ကာနှင့် ကမ္ဘာ့အဆင့် ၆ ချက်တင်းနစ်သမား တင်းနစ်သမား ဘာဒစ်ခ်ျတို့ပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ၀ါဝရင်ကာက ဘာဒစ်ခ်ျ အား ၆-၃၊ ၆-၇၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည်။

    အုပ်စု B မှ ကမ္ဘာ့ အဆင့် ၄ အာဂျင်တိုင်းကစားသမား ဒဲလ်ပေါ်ထရိုနှင့် ကမ္ဘာ့အဆင့် ၈ ပြင်သစ်ကစားသမား ဂတ်စကတ်တို့ပွဲမှာ ၂-နာရီနှင့် ၂၃-မိနစ်ကြာမြင့်ခဲ့ပြီး ပထမပွဲငယ်တွင် ဒဲလ်ပေါ်ထရိုက ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ဒုတိယနှင့် တတိယပွဲငယ်တို့တွင် ပေါ်ထရိုမှာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ၆-၇၊ ၆-၃၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    skysports
    ____________________