News @ M-Media

Author: YinYin

  • နိုဝင်ဘာ ၂၊ အားကစားသတင်းစုစည်းမှု

    နိုဝင်ဘာ ၂၊ အားကစားသတင်းစုစည်းမှု

    နိုဝင်ဘာ ၂၊ ၂၀၁၃
    M-Media

    ရူနီနှင့် ဗန်ပါစီတို့မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲဖြစ်သည်ဟု မိုယက်စ်ဆို


    မန်ချက်စတာ ယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က တိုက်စစ်မှူးရူနီနှင့် ဗန်ပါစီတို့မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးတိုက်စစ်အတွဲဖြစ်ပြီး ယခုနှစ်တွင် ၎င်းတို့နှစ်ဦး၏ စွမ်းဆောင်ရည်မှာ ထိပ်ဆုံးအဆင့်သို့ မရောက်သေးကြောင်း ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦးမှာ ယခုနှစ်ရာသီတွင် လက်ရှိအချိန်အထိ ၁၄-ဂိုးသွင်းယူပေးထားပြီး၊ ပရီးမီးယားလိဂ်တွင်ပြိုင်ဘက်ကင်း တိုက်စစ်အတွဲအဖြစ် မိုယက်စ်က ယုံကြည်နေ သည်။

    “၀ိန်းနဲ့ ရော်ဘင်ဟာ ဒီတိုင်းပြည်မှ မဟုတ်ပါဘူး ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးသမားတွေထဲက အလိုက်ဖက်ဆုံး တိုက်စစ်အတွဲပါ။ သူတို့နှစ်ဦး အချိတ်အဆက်တွေ မိပြီ ဆိုရင်တော့ သူတို့ဟာ အကောင်းဆုံးဖြစ်သွားမှာပါ။ သူတို့နှစ်ယောက်စလုံးဟာ ဂိုးသွင်းပါရမီရှင်တွေပါ” ဟု မိုယက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    goal
    _________________________


    အီတလီတွင် နည်းပြလုပ်ရခြင်းမှာ လေထီးမပါဘဲ လေဟုန်စီးရသူကဲ့သိုဖြစ်သည်ဟု ရာနီယေးရီဆို


    မိုနာကိုအသင်း၏ နည်းပြဖြစ်သူ ကလော်ဒီယို ရာနီယေးရီက အီတလီဘောလုံးလောကတွင် နည်းပြလုပ်ရခြင်းမှာ လေထီးမပါဘဲ လေဟုန်စီးသကဲ့သို့ဖြစ်ပြီး စီးရီးအေ တွင် နည်းပြခြင်းဖြင့် အခြားသော ဘောလုံးလိဂ်များအတွက် အဆင်သင့်ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

    ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ရိုးမား၊ ဖီအိုရင်တီးနားနှင့် နာပိုလီအသင်းတို့တွင်နည်းပြခဲ့ဖူးသော နည်းပြတစ်ဖြစ်ပြီး အသက် ၆၂ နှစ်အရွယ်ရှိ ရာနီယေးရီက စိတ်သဘော ထား ကောင်းမွန်မှုက အီတလီ ရှင်သန်နိုင်ရန်အတွက် အရေးပါသည်ဟု ပြောကြားခဲ့သည်။

    “အီတလီမှာ တစ်ခါနည်းပြလုပ်ဖူးရင် အခြားဘယ်မှာမဆို နည်းပြလုပ်နိုင်ပါတယ်။ ပြီးတော့ အီလီမှာနည်းပြလုပ်ရတာ လေးထီးပွင့်မပွင့်မသိဘဲနဲ့ လေဟုန်စီးရတဲ့ သူလိုပါပဲ။ လျှို့ဝှက်ချက်ကတော့ တည်ငြိမ်မှုနဲ့ ကောင်းမွန်တဲ့အတွေးရှိဖို့ပါ” ဟု L’Equipe သတင်းစာသို့ ရာနီးယေးရီက ပြောကြားခဲ့သည်။

    goal
    _________________________

    Paris Masters တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဖက်ဒါရာက ဒဲလ်ပေါ်ထရိုအား အနိုင်ယူ


    ပြင်သစ်နိုင်ငံတွင်ကျင်းပပြုလုပ်လျက်ရှိသည့် Paris Masters တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဆွဇ်ဇလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာက အာဂျင်တိုင်း တင်းနစ် အကျော်အမော် ဒဲလ်ပေါ်ထရိုကို အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ဖက်ဒါရာမှာ ပြီးခဲ့သည့်တစ်ပါတ်က ယှဉ်ပြိုင်ခဲ့သည့် Basel Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပေါ်ထရိုအား ရှုံးနိမ့်ခဲ့သော်လည်း ယခုပွဲတွင် အကြိတ်အနယ်ကစားကာ ၆-၃၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    အခြားကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုတွင် နိုင်ခြေအဆင့် ၂ ရ ဂျိုကိုဗစ်မှာ ၀ါဝရင်ကာအား ၆-၁၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ဖက်ဒါရာနှင့်တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ထို့ပြင်စပိန်တင်းနစ်အကျော်အမော်များဖြစ်သည့် ရာဖေးနာဒဲလ်မှာ ပြင်သစ်တင်းနစ်သမား ရစ်ချတ် ဂက်စ်ကတ်အား ၆-၄၊ ၆-၁ ဖြင့်လည်းကောင်း၊ ဒေးဗစ်ဖာရာ မှာလည်း နိုင်ခြေအဆင့်-၆ ရ ဘာဒစ်ချစ်အား အကြိတ်အနယ်ကစားကာ ၄-၆၊ ၇-၅၊ ၆-၃ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ကြသည်။

    Skysports
    _________________________

    သမီးဖြစ်သူနှင့် လမ်းခွဲခဲ့သည့်အတွက် အဂူရိုအား မာရာဒိုနာမကျေနပ်


    အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာက ၎င်း၏သမီးဖြစ်သူနှင့် လမ်းခွဲခဲ့သည့် မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂူရိုအား ယခုအချိန်အထိ မကျေမနပ်ဖြစ်နေ သည်ဟု သိရသည်။

    အဂူရိုမှာ မာရာဒိုနာ၏သမီး ဂီယန်နီနာနှင့် လွန်ခဲ့သည့် ၄ နှစ်က လက်ထပ်ခဲ့ပြီး ဘင်ဂျမင်ဟုခေါ်သည့် သားတစ်ယောက်ရရှိခဲ့သည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးမှာ ယခုနှစ် အစောပိုင်းက လမ်းခွဲခဲ့သောကြောင့် မာရာဒိုနာက အဂူရိုအား မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။

    “သူက သူရဲဘောကြောင်သူတစ်ဦးပါ။ သူ့နာမည်ကိုတောင် ကျွန်တော်မကြားချင်ပါဘူး” ဟု ဗုဒ္ဓဟူးနေ့က အာဂျင်တိုင်းရေဒီယိုနှင့် အင်တာဗျူးတွင် မာရာဒိုနာက ပြောကြားခဲ့သည်။

    ထို့ပြင် နီနာအနေဖြင့် အဂူရိုနှင့် ရင်ဆိုင်ရမည့် တရားရေးကိစ္စများတွင်လည်း သမီးဖြစ်သူဘက်မှသာ ရပ်တည်သွားမည်ဟု မာရာဒိုနာက ထည့်သွင်းပြောကြားခဲ့သည်။

    Straits Times
    _________________________

     

     

     

     

  • လူမှုအဖွဲ့အစည်းမှာ ရှင်သန်နေထိုင်ဖို့ သက်တံ့ရောင်စဉ်လူမှုအဖွဲ့အစည်း ဖော်ဆောင်ဖို့ဆွေးနွေးပေးခဲ့ကြတဲ့ သင့်မြတ်သူများပွဲတော်

    လူမှုအဖွဲ့အစည်းမှာ ရှင်သန်နေထိုင်ဖို့ သက်တံ့ရောင်စဉ်လူမှုအဖွဲ့အစည်း ဖော်ဆောင်ဖို့ဆွေးနွေးပေးခဲ့ကြတဲ့ သင့်မြတ်သူများပွဲတော်

    နိုဝင်ဘာ ၂၊ ၂၀၁၃
    M-Media
    A.N.Lay

    06

    ရန်ကုန်   ။         ။     အမျိုးမျိုးသော ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာနှင့် လူမျိုးများ၏ အတူတကွ ငြိမ်းချမ်းစွာ အေးအတူ ပူအမျှ နေထိုင်သော တည်ငြိမ်တိုးတက်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်စေရန်အတွက် ငြိမ်းချမ်းရေးကို မြတ်နိုးအားလုံးအတူပါဝင်ရန် ဖိတ်ခေါ်ထားသည့် သင့်မြတ်သူများ ပွဲတော်အမည်ရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ဂီတပွဲတော်ကို အောက်တိုဘာ ၃၁-ရက်၊ ညနေ ၆း၀၀-နာရီမှ ၉း၃၀-နာရီအထိ ရန်ကုန်မြို့ Strand Hotel ၌ ပြုလုပ်ခဲ့ပါတယ်။

    သင့်မြတ်သူများပွဲတော် ပြုလုပ်ရခြင်းနဲ့ ရည်ရွယ်ချက်ကို လောကအလင်း၏ ဒါရိုက်တာ ဦးဇော်ဦးမှ ရှင်းလင်းပြောကြားပြီးနောက် အရှင်ဆန္ဒ၀ံသာ ဘိဝံသ (ပါဠိကာရီ ဆရာတော်)၊ ဒေါက်တာလှထွန်း၊ မသီတာ(စမ်းချောင်း)၊ ၀ါးခယ်မ မောင်မင်းနိုင်၊ ဒေါက်တာစောလှိုင်ဘွား တို့မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး ဦးရဲနိုင်မိုးမှတ ကူညီဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

    ဘာသာအသီးသီးမှ ငြိမ်းချမ်းရေးအကြောင်းအရာများကို ဦးဆောင်သူများမှ ပြောကြားပြီးနောက် ဆွေးနွေးပွဲ စကားဝိုင်းတွင် ဦးရဲနိုင်မိုး၏ မီဒီယာများကြောင့် ပဋိပက္ခကို ပုံရိပ်ဖော်သည့်နေရာတွင် အားနည်းမှု အားသာမှု၊ မီဒီယာ၏ ဂရိုက်ယက်ခတ်မှုက လူထုကြားမှ ဘယ်လောက် ရိုက်ခတ်မှုရှိသလဲဆိုသည့်ချက်အား ဆွေးနွေးပေးသည့် မသီတာ(စမ်းချောင်း)က “မီဒီယာက ကျွန်မတို့မှာ အကန့်အသတ် အများကြီးရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ ၂၆-နှစ်လောက်ကတည်းက ၀ါဒဖြန့်ချီရေးနဲ့ ကြီးပြင်းလာတာ ရယ်၊ သတင်းမီဒီယာနဲ့ပတ်သက်တဲ့ သင်တန်းကျောင်း မရှိခဲ့တာတွေ၊ ကင်မရာနဲ့ ရီကောဒါကိုင်ပြီး မီဒီယာသမားလုပ်နေရပြီး လုံလောက်တဲ့ သင်ကြားမှုမရှိခဲ့တာကြောင့် မီဒီယာနဲ့ပတ်သက်ရင် အားနည်းချက် ၃-ခုရှိနေပါတယ်။ ကျင့်ဝတ်ပိုင်းအားနည်းချက်၊ စွမ်းရည်ပိုင်းအားနည်း၊ သမိုင်းကိုသိတဲ့ သက်ဆိုင်ရာဘာသာရပ်ကို သိတဲ့အပိုင်း အသိပညာ အားနည်းပါတယ်။ အဲဒီအတွက်ကြောင့်လည်း ပဋိပက္ခပဲပြောပြော၊ လူနည်းစုရဲ့အသံကို ပြောပြော ဖော်ထုတ်ဖို့ဆိုတဲ့နေရာမှာ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ မီဒီယာကို အပြစ်မပြောချင်ပါဘူး။ ကျွန်မတို့နိုင်ငံသားအများစုက (အင်္ဂလိပ်လိုပြောရင်တော့ ပိုရှင်းပါတယ်) They are not well inform ပါ။ သူတို့ကို အသိပေးမှု မလုံလောက်သေးပါဘူး။ အရေးကြီးဆုံးက နိုင်ငံသားတစ်ဦးချင်းစီ သူတို့ရဲ့ ကံကြမ္မာကို သူတို့က ဖန်တီးနိုင်ခွင့်ဆိုတဲ့နေရာမှာ သူတို့ရဲ့ ဆန္ဒအလျောက် ဖြစ်ရမှာဖြစ်ပါတယ်။ သူတို့ကို အသိပေးပြီး သိမှုပေါ်မှာအခြေခံတဲ့ ရွေးချယ်မှုပါ။ အဲဒီအတွက်ကြောင့် ကျွန်မအမြဲတမ်း စိတ်ပူတာက နိုင်ငံသားတွေ လုံလုံ လောက်လောက် သိထားရဲ့လားဆိုတာပါ။ ၂၆-လောက် ၀ါဒဖြန့်မှုနဲ့ ကြီးရတယ်။ စာပေစိစစ်ရေးရှိတဲ့အတွက်ကြောင့် မသိရဘူး။ နိုင်ငံသားတွေရဲ့အားနည်းချက်က သိချင် နေကြတယ်၊ သိအောင်လည်း ကြိုးစားနေကြတယ်။ ဒါပေမယ့် အခုအချိန်ထိ မသိကြသေးပါဘူး။ မီဒီယာဆိုတဲ့ လောကမှာ လှုပ်ရှားတဲ့သူတွေက နိုင်ငံသားတွေပဲ ဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင်ကလည်း ပုံဖော်ရာမှာ မလုံလောက်သေးဘူးလို့ ပြောချင်ပါတယ်”ဟု ဆွေးနွေးခဲ့ပါတယ်။

    ပညာရေးနဲ့ပတ်သက်ပြီး ဆရာတော်ဘုရားကို မေးမြန်းချင်ပါတယ်။ ယဉ်ကျေးမှုသင်တန်းတွေကို ဆရာတော်ဘုရားက ပြုလုပ်နေပါတယ်။ ထူးခြားတာက ယဉ်ကျေးမှု သင်တန်းတွေမှာ ဘာသာကြီး ၄-ခုနဲ့ပတ်သက်ပြီး ကလေးတွေကို အသိပညာရစေဖို့ ထည့်သွင်းသင်ကြားတယ်လို့ သိရပါတယ်။ ဒီလို သင်ကြားတဲ့အခါ ဘယ်လို ရလဒ်မျိုးတွေ ရလဲ၊ ဘယ်လောက်ထိရောက်လဲ၊ ပညာရေးဟာ လူတစ်ယောက်ချင်းစီရဲ့ သည်းခံနိုင်စွမ်းအားကို ပေးဖို့ အရေးပါပါတယ်။ ဒါကြောင့် ဆရာတော်ဘုရား ဆွေးနွေးပေးစေချင်ပါတယ်ဟု ဦးရဲနိုင်မိုးမှ လျှောက်ထားမေးမြန်းရာ ဆရာတော် အရှင်ဆန္ဒ၀ံသာ ဘိဝံသ (ပါဠိကာရီ ဆရာတော်)က “ဘုန်းကြီးအနေနဲ့ ယဉ်ကျေးမှု သင်တန်းဖွင့်လာတာ ၁၅-လောက်တော့ရှိပါပြီ။ ယဉ်ကျေးမှုသင်တန်းဖွင့်မယ်ဆိုတော့ ဘုန်းကြီးစဉ်းစားပါတယ်။ ကိုယ့်ဘာသာတစ်ခုတည်းမှာပဲ ယဉ်ကျေးနေလို့ မဖြစ်ဘူးလို့ ယူဆပါတယ်။ ဘာသာတရားက အကုန်လုံး ယဉ်ကျေးအောင် သင်ပေးတာပါ။ ဒါပေမယ့် လူ့အဖွဲ့အစည်းတွေ အားလုံးထိတွေ ဆက်ဆံနေရတဲ့အခါ ဗုဒ္ဓဘာသာဝင်တွေကလည်း တခြားဘာသာဝင်တွေနဲ့ ထိတွေဆက်ဆံနေရတာဖြစ်လို့ ကိုယ့်ဘာသာ ယဉ်ကျေးနေတာက အထိအခိုက်မခံပါဘူး။ ထိခိုက်လာပြီဆိုရင် စိတ်ဓါတ်က ကြောက်သွားတာ။ ဒါကြောင့် ကလေးတွေကလည်း အခြား ဘာသာတွေရဲ့အကြောင်းကို သိသင့်တယ်။ အဲ့လိုယူဆတဲ့အတွက် ဘာသာကြီး ၄-မျိုးဆိုပြီး အခြားဘာသာတွေအကြောင်း သင်ပေးပါတယ်။ အထူးသဖြင့် ဘာသာခေါင်းဆောင်တွေရဲ့ အထ္ထုပတ္တိကို သင်ပါတယ်။ အဲ့လို သင်တဲ့အခါ ဟိန္ဒူဘာသာခေါင်းဆောင်တွေ က တော်တော်လေးကို ရှုပ်ထွေးပါတယ်။ အဲဒီတော့ ဘုန်းကြီးက မနိုင်တဲ့အတွက်၊ ရာမတို့ ကစ္စနားတို့အကြောင်းနည်းနည်းလေးပဲ ပြောပါတယ်။ ခရစ်ယာန်ဆို ခရစ်တော် အကြောင်း၊ အစ္စလာမ်ဆို တမန်တော်အကြောင်း ပြောပါတယ်။ နောက် ဘာသာအသီးသီးရဲ့ ဦးတည်ချက် ပန်းတိုင်တွေကို ပြောပါတယ်။ အဲ့ဒီကို ရောက်ဖို့ ကျင့်ကြံ နေထိုင်တဲ့ နည်းစနစ်တွေကို ပြောပါတယ်။ အဲ့လို ပြောတဲ့အတွက် ကလေးတွေစိတ်ထဲမှာ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာအသီးသီးရှိနေပါလားဆိုတဲ့ အသိရမယ်လို့ မျှော်လင့်ပါတယ်။ feedback ပြန်ပေးတဲ့အခါမှာလည်း သူတို့ဆီကနေ ကောင်းမွန်တဲ့ ပုံရိပ်တွေ ထွက်ပါတယ်။ တချို့ဆိုရင်လည်း တခြားဘာသာဝင်တွေအပေါ် နားလည်သဘောပေါက်လာတာသိလာတယ်။ ကိုယ့်ဘာသာရဲ့ မွန်မြတ်ပုံကိုလည်း ပြန်ရသွားတယ်။ ဒီအပိုင်းက ၂-ပိုင်းရှိပါတယ်။ ကိုယ့်ဘာသာ မွန်မြတ်ကြောင်းပဲ ပြောနေရင် ပြန်ပြီးတော့ ရတာမရှိပါဘူး။ အားလုံး ဘာသာတွေကို စုစည်းလိုက်တဲ့အခါကျရင် ငါတို့ ဗုဒ္ဓ ဘာသာဆိုတာ ဘာလဲဆို ကိုယ့်ပုံရိပ်က ပီပြင်လာတယ်လို့ အဲ့လို ခံစားရပါတယ်။ အဲဒါလည်း ကလေးတွေဆီက ပြန်တွေ့ရတာပါ။ ဒါဟာလည်း ယဉ်ကျေးမှုသင်တန်းမှာ ဘာသာအသီးသီးကို သင်ကြားရခြင်းရဲ့ ရလဒ်လို့ ဘုန်းကြီးတို့ ထင်ပါတယ်။”ဟု ပြန်လည် မိန့်ကြားခဲ့ပါတယ်။

    ကျွန်တော်တို့ အခု ကြုံတွေ့နေရတဲ့ ပြဿနာတွေဟာ တကယ်တော့ အပိတ်ခံလိုက်ရတဲ့ လူမှုအဖွဲ့အစည်းတစ်ခုမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်မျိုးပါ။ လွန်ခဲ့တဲ့ ၁၀-စုနှစ်က နှိပ်ကွပ်ခံရတဲ့ အဖွဲ့အစည်းရဲ့ ဒဏ်ရာဒဏ်ချက်တွေလို့ သုံးသပ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒေါက်တာစောလှိုင်ဘွားမှ မှတ်ချက်လေးပေးဖို့ ပြောချင်ပါတယ်ဟု ဦးရဲနိုင်မိုး၏ ဆွေးနွေးမေးမြန်းမှုအား “တစ်တိုင်းပြည်လုံးကို တံတိုင်းကာရံထားခဲ့တာ အခုခေတ်က တံတိုင်းကာတဲ့ခေတ်မဟုတ်တော့ဘူး။ တံတားခင်းတဲ့ခေတ် ဖြစ်သွားပြီ။ ပိတ်နေတာတွေကို ဖွင့်ထုတ်ဖို့ပါပဲ။ ပိတ်နေတဲ့အရာတိုင်းဟာ သေခြင်းကိုပဲ ဦးတည်ထားပါတယ်။ ပွင့်လာတဲ့ တံခါးတွေကို ဘယ်တော့မှ ပြန်မပိတ်ကြဖို့၊ ဘာသာတိုင်း လူ့အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိပါတယ်။”လို့ ဖြေကြားခဲ့ပါတယ်။

    ကျွန်တော်တို့ဆီမှာ ဘာသာဝင်၊ လူမျိုးတစ်မျိုး၊ နိုင်ငံသားဖြစ်မှု အဲ့ဒီ ၃-မျိုးကို ရောစပ်ပြီးတော့ နားလည်မှုလွဲမှားနေတဲ့ အကြောင်းအရာတစ်ခုပြောဖြစ်ကြပါတယ်။ ဥပမာ ဒီနိုင်ငံသားဖြစ်လို့ ဒီဘာသာဝင်ရမယ်ဆိုတာမျိုး၊ ဒါမှမဟုတ် ဒီလိုမျိုးဆို ဒါဖြစ်ရမယ်ဆိုတဲ့အပေါ် မတူညီတဲ့ ရောယှက်မှုလေးတွေကို ဆွေးနွေးပေးရန် ဆရာမင်းနိုင်အား မေးမြန်းသောအခါ “ပြောမယ်ဆိုရင် အစ္စလာမ်ဘာသာကိုးကွယ်တဲ့သူကို မွတ်စလင်မ်လို့ခေါ်ပြီး တရုတ်လူမျိုးတစ်ယောက် အစ္စလာမ်ဘာသာ ကိုးကွယ်ရင် သူ မွတ်စလင်မ်ဖြစ်တယ်။ အင်္ဂလိပ်တစ်ယောက် အစ္စလာမ်ဘာသာကိုးကွယ်ရင် မွတ်စလင်မ်လို့ခေါ်တယ်။ သူ့လူမျိုးအနေနဲ့ကတော့ အင်္ဂလိပ်ပဲ။ အိန္ဒိယ အမျိုးသား တစ်ယောက် အစ္စလာမ်ကိုးကွယ်လို့ မွတ်စလင်မ်လို့ခေါ်တယ်။ လူမျိုးအရတော့ သူအိန္ဒိယပဲ။ မြန်မာနိုင်ငံမှာမွေးတဲ့ တိုင်းရင်းသား ပြည်ထောင်စုဖွား အစ္စလာမ် ကိုးကွယ်ရင် မွတ်စလင်မ်ဖြစ်တယ်။ ကရင်ပြည်နယ်မှာမွေးပြီး မိဘတွေကရင်ဖြစ်ရင် ကရင်ဖြစ်မယ်၊ ရှမ်းဖြစ်ရင် ရှမ်းဖြစ်မယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူမျိုးနဲ့ ဘာသာမကွဲဘူး။ နိုင်ငံပိုင် သတင်းစာတွေမှာတောင်မှ နိုင်ငံအကြီးအကဲတွေ ကိုယ်တိုင်တောင် မွတ်စလင်မ်ဘာသာလို့ ခဏခဏ ပြောနေတာကြားရတယ်။ ဒါတွေဟာ ရှုပ်ထွေးမှုတွေ ဖြစ်သွားမယ်။ အခု ဒီမှာ မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းလေးတွေ ကမ်းတယ်။ ဖတ်တဲ့သူတွေ ဖတ်မိရင် တွေ့မှာပါ။ အောင်စေသတည်းလို့ ရေးထားတာ တွေ့မှာပါ။ တကယ့်တကယ် တိတိကျကျဆို ရှရီလို့ရေးတာ ရှေးခေတ်အသုံးအနှုန်းနဲ့ရေးတာ။ မြန်မာနိုင်ငံမှာ ကျောက်စာရေးထိုးတဲ့အခါကျရင် နမောဗုဒ္ဓံဿဆိုတာ ပါတယ်။ ဗုဒ္ဓကို ရှိခိုးဦးထိပ်ပါ၏ဆိုတဲ့သဘောနဲ့။ ဒါပေမယ့် လွတ်လပ်ရေးကျောက်စာမှာကျတော့ မပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ လူမျိုးဘာသာစွဲမထားပဲ တို့နိုင်ငံကြီး လွတ်လပ်ရေးရရေးသာ အဓိကလို့ ကိုးကားခဲ့တဲ့အတွက် ဒီစကားလုံးကို ဖြုတ်ထားခဲ့တာ။ အခုလက်ရှိမှာလည်း လူမျိုး ဘာသာစွဲမထားပဲ တို့နိုင်ငံ တို့ပြည်ထောင်စု တို့နေတဲ့ နိုင်ငံရဲ့ ကောင်းရာကောင်းကျိုးကို လုပ်ဆောင်သွားမယ်ဆိုရင် တကယ့်ကို ဗြဟ္မစိုရ်တရား ထွန်းကားတဲ့ နိုင်ငံဖြစ်မယ်၊ လူမျိုးရေး၊ ဘာသာရေးနဲ့ပတ်သက်ပြီး ပဋိ့ပက္ခမဖြစ်တဲ့ နိုင်ငံဖြစ်မယ်လို့ တင်ပြချင်ပါတယ်။”ဟု ၀ါးခယ်မ မောင်မင်းနိုင်မှ ဆွေးနွေးခဲ့ပါတယ်။

    ဆက်လက်၍ ကျွန်တော်တို့ Interfaith လုပ်ဖို့ ကြိုးစားကြတယ်။ ဘာသာတွေကြားမှာတင်မဟုတ်ပဲ ဘာသာတစ်ခုချင်းစီမှာပါ နားလည်မှုတွေ အပြန်အလှန် သည်းခံ နိုင်စွမ်းတွေ မြှင့်တင်ပေးဖို့အတွက်လိုအပ်တယ်။ မီဒီယာနဲ့ပတ်သက်ပြီးလည်း ချိတ်ဆက် ဆွေးနွေးစေချင်ပါတယ်။ ဒါကြောင့် ဆရာ ဒေါက်တာလှထွန်းမှ ဆွေးနွေးပေးရန် ဦးရဲနိုင်မိုးမှ ပြောကြားသည့်အတွက် “Interfaith က အရေးပါပါတယ်။ အချင်းချင်းမှာလည်း နားလည်မှု မရှိကြပဲ ထင်သလို မြင်သလို အများကြီးတွေ့ရတယ်။ ဘာသာပေါင်းစုံအနေနဲ့ ပြောဖို့ နည်းနည်းဝေးသေးတယ်။ ပထမက Intrafaith က ပိုအရေးကြီးတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အချင်းချင်းမှာလည်း ဘယ်လိုဖြေရှင်းရမယ်၊ ဘယ်လိုစဉ်းစားရမယ်ဆိုတာ ဘယ်သူမှ သိဖို့လည်း မကြိုးစားဘူးလို့ စောဒက မတက်ရဲပါဘူး။ ကျွန်တော် တစ်ခုသတိရတယ်။ ရွှေတိဂုံပေါ်မှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက်က အစ္စလာမ်အ၀တ်အစားနဲ့ တက်သွားတယ်။ သတင်းထဲမှာ ဘာပါလာလဲဆိုတော့ ဆာရီနဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတက်သွားတယ်လို့ ပါလာတယ်။ ဆာရီက အစ္စလာမ်ဝတ်တာလား၊ တစ်ခြားစီပဲ။ အဲ့ဒီတော့ မီဒီယာတွေမှာ ဂျာနယ်တွေမှာ ပါလာတယ် ကြည့်လိုက်ရင် တခြားစီ။ နောက်မှ ဖုန်းဆက်ပြီးပြောရတယ် ဘာမှားနေတယ်ဆိုတာကို။ မေးဖို့လည်းမရှိဘူး။ မီဒီယာမှာရေးတာ စိတ်ကူးသလိုရေးလို့မရဘူး။ တချို့က ကိုယ့်စိတ်ကူး ပေါ်မှာလိုက်ပြီးရေးနေတယ် ဒါဟာ သတင်းထောက်အလုပ်မဟုတ်ဘူး။ အခုက စာပေသူခိုးတွေများလာတယ်။ သူတို့ကိုယ်တိုင် အားထုတ်တာ အရမ်းနည်းတယ်။ ဟိုကယူလိုက် ဒီကယူလိုက်နဲ့ လုပ်တယ်။ အဲ့လိုလုပ်ပြီးသွားနေရင်တော့ သူခိုး မီဒီယာပဲဖြစ်မယ်။ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကလည်း ကိုယ့်နေရာနဲ့ကိုယ်နေဖို့ မေတ္တာရပ်ခံတယ်။ Interfaith ဖြစ်ဖို့လည်းလိုအပ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

    နောက်ဆုံးဆွေးနွေးပွဲ နိဂုံးချုပ်အား “အချုပ်ကိုပြောရရင် ဆရာတော်ဘုရားက ပဋိပက္ခ အဆင့် ၃-ဆင့်ကို ပြောသွားတယ်။ နောက်ပြီးတော့ အပြန်အလှန် ပူးပေါင်း လုပ်ဆောင်သွားနိုင်မယ့် အခြေအနေတွေကို ပြောသွားတယ်။ ဆရာ ဒေါက်တာစောလှိုင်ဘွားက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ အကြံဥာဏ်ကောင်းတွေ ဆွေးနွေး ခဲ့ပါတယ်။ ဆရာမ မသီတာက သတင်းမီဒီယာ ကိစ္စတွေ၊ မတူညီတဲ့ သူတွေ လူ့မှုအဖွဲ့အစည်းမှာ ရှင်သန်နေထိုင်ဖို့ သက်တံ့ရောင်စဉ်လူမှုအဖွဲ့အစည်း ဖော်ဆောင်ဖို့ ဆွေးနွေးပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း”ဦးရဲနိုင်မိုးမှပြောကြားရင်း ဆွေးနွေးမှုအစီအစဉ်ကို ရပ်နားခဲ့ပါတယ်။

    ဘာသာကြီး ၄-ခုမှ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြီးဆုံးပြီးနောက် One Love, ရွှေသံစဉ်, Life Blood (MRA), MMK, Acid, Vaiolenz တေးဂီတအဖွဲ့များနှင့်အတူ စောဖိုးခွား၊ အက်စတာဒွေး၊ မီးမီးခဲ၊ သံသာဝင်း၊ ဆောင်ဦးလှိုင်၊ အနဂ္ဂ၊ ရန်ရန်ချန်းနှင့် အခြားသော တေးသံရှင်များက ငြိမ်းချမ်းရေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြ ပါတယ်။

  • ကမ္ဘာတစ်ဝှမ်းတွင် ဒေ၀ါလီနေ့ ပျော်ပွဲရွှင်ပွဲများကျင်းပ

    ကမ္ဘာတစ်ဝှမ်းတွင် ဒေ၀ါလီနေ့ ပျော်ပွဲရွှင်ပွဲများကျင်းပ

    နိုဝင်ဘာ ၂၊ ၂၀၁၃
    M-Media
    131016144625-irpt-diwali-guyana-motorcade-horizontal-gallery

    ယနေ့တွင် ကျရောက်သည့် ဒေ၀ါလီနေ့အား ကမ္ဘာ့တစ်ဝှမ်းရှိ လူသန်းပေါင်း များစွာက မီးရှူးမီးပန်းများပစ်ဖေါက်ခြင်း၊ အလှမီးများထွန်းခြင်းနှင့် ပျော်ပွဲ ရွှင်ပွဲများ ပြုလုပ်ကာ ကျင်းပနေကြသည်။

    ဒေ၀ါလီဟူသော ဝေါဟာရမှာ ဒေပါဝါလီဟူသော စကားလုံးမှ ဆင်းသက် လာခြင်းဖြစ်ပြီး “အလင်းရောင်တန်းများ” ဟု အမည်ရသည်။ အမှောင်ထုအား အလင်းရောင် ဖြင့် ဖြိုခွင်းခြင်းကို အမှတ်သညာပြုကာ အဆိုပါပွဲတော်ကို ဟိန္ဒူ၊ ဆစ်ခ်နှင့် ဂျိမ်းဘာသာဝင်များက ဆောင်းဦးရာသီအစ ငါးရက်တာ ကျင်းပခြင်းဖြစ်သည်။

    ယခုနှစ်တွင် ဒေ၀ါလီနေ့မှာ နိုဝင်ဘာ ၃ ရက် ယနေ့တွင်ကျရောက်ခဲ့ပြီး အိန္ဒိယတိုက်ငယ်အတွင်း ရာစုနှစ်ပေါင်းများစွာကျင်းပလာခဲ့သည့် ဒေ၀ါလီ နေ့မှာ ယခုအခါတွင် ကမ္ဘာ့တစ်ဝှမ်းရှိ လူ့အဖွဲ့အစည်းမျိုးစုံတွင် ကျင်းပလာခဲ့ ကြပြီး ပျော်ရွှင်မှုများ၊ အသိပညာများနှင့် ရင်းနှီးမှုများကိုပေးသော ပွဲတော် တစ်ခုဖြစ်လာပြီဖြစ်ကြောင်း ယနေ့ကျရောက်သည့် ဒေပါဝါလီနေ့အား ဂုဏ်ပြုဖော်ပြလိုက်ရပါသည်။
    Photo : CNN

  • ဆက်သွယ်ရေးနှင့် ဓါတ်အားပေးလုပ်ငန်းများအတွက် တောင်ကိုရီးယားနိုင်ငံမှ ချေးငွေများ မြန်မာရရှိ

    ဆက်သွယ်ရေးနှင့် ဓါတ်အားပေးလုပ်ငန်းများအတွက် တောင်ကိုရီးယားနိုင်ငံမှ ချေးငွေများ မြန်မာရရှိ

    နိုဝင်ဘာ ၂၊ ၂၀၁၃
    M-Media

    t

    မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ဓါတ်အားပေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကိုရီးယားနိုင်ငံမှ အတိုးနည်းချေးငွေ ကန်ဒေါ်လာ ၁၅၅.၈၈ သန်း ရရှိခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေး ဒုတိယ၀န်ကြီး ဦးသောင်းတင်က ယမန်နေ့တွင်ပြောကြားခဲ့သည်။

    တောင်ကိုရီးယားနိုင်ငံ၏ ကိုရီးယား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအဖွဲ့မှ ပေးအပ်သည့် အဆိုပါချေးငွေမှ ၅၅.၈၇ သန်းကို နိုင်ငံအတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်များဆောက်လုပ်ခြင်း၊ အချက်အလက်များပေးပို့ရန်အတွက် မြေအောက်ဖိုက်ဘာဆက်ကြောင်းများ တည်ဆောက်ခြင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများအတွက် ကိရိယာများတပ်ဆင်ခြင်းတို့တွင် အသုံးပြုခဲ့သည်ဟု ယမန်နေ့ကပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဒုတိယ၀န်ကြီး ဦးသောင်းတင်ကပြောကြားခဲ့သည်ဟု New Light of Myanmar သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။

    ထို့ပြင် ကျန်ရှိသည့် ဒေါ်လာ သန်း ၁၀၀ ကျော်ကို နိုင်ငံအတွင်း ကြုံတွေ့နေရသော လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများ၊ မလုံလောက်မှုများကို ဖြေရှင်းရန်အတွက် ဓာတ်အား ၅၀၀ ကီလိုဗို့ ထုတ်လုပ်ပေးနိုင်မည့် တောင်ငူ – ကမာနတ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးပရောဂျက်အတွက် အသုံးပြုမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံမှာ နိုင်ငံ၏ လျှပ်စစ်ဓါတ်အား ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ကန်ဒေါ်လာ သန်း ၆၀ ကိုလည်း စောစာပိုင်းကရရှိထားသည်။

    Ref : xinhua

  • အုပ်ချုပ်သူ မရှိတဲ့ တိုင်းပြည်သဖွယ် မြေလုယက် အုပ်စုဖွဲ့ အနိုင်ကျင့် ဗိုလ်ကျနေသည့် လှည်းကူး၊ စာဘူးတောင်းကျေးရွာက အခြေအနေ

    နိုဝင်ဘာ ၁၊ ၂၀၁၃
    M-Media
    ဇာဇာလှိုင်

    ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာတစ်ရွာ၏ လယ်ယာမြေတစ်ခု၏ ပုံကို google image မှ ရယူဖော်ပြထားပါသည်။

    လှည်းကူး   ။          ။        ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ စားဘူးတောင်း ကျေးရွာ အုတ်ဖိုကျေးရွာ (ယခု သမီးလေး ကျေးရွာ) တွင် ရာဘာ စိုက်ပျိုးထားသော မြေများ၊ ပိုင်ရှင်ရှိ မြေလွတ်များ၊ ပဲခူးမြို့နယ် ဆပ်ချောင်း ကျေးရွာ မြေများ (အမြန်လမ်းမကြီးဘေး) နှင့် လှည်းကူးမြို့နယ် အတွင်းရှိ အခြားသော နေရာများမှ မြေများ အား မြေလုယက် အုပ်စုဖွဲ့ လူဆိုးဂိုဏ်းများမှ မင်းမဲ့ စရိုက်ဆန်ဆန် ပြုလုပ်နေကြသည့် အပြင် ကျေးရွာ အတွင်းရှိတစ်ရွာတည်းနေ ခရစ်ယာန် ဘာသာဝင် ကရင် တိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာဝင် ရွာသူရွာသားများအား တစ်ဘာသာနှင့် တစ်ဘာသာ ဘာသာရေး အဓိကရုန်း အသွင် သဏ္ဍန်ဖော်ဆောင်ရန် ကြိုးပမ်း ဆောင်ရွက် နေကြောင်း အဆိုပါ ကျေးရွာသား တစ်ဦး၏ သတင်းပေးပို့ချက်အရ သတင်း ရရှိသည်။

    အဆိုပါ မြေလု လူဆိုး ဂိုဏ်းခေါင်းဆောင်မှာ ဦးကျော်ကျော် (ဘ) ဦးကောင်း (မှတ်ပုံတင် အမှတ် ၇/ ပခန (နိုင်) ၀၅၂၇၁၀) နှင့် ဒုခေါင်းဆောင်သူများမှာ ဦးဟန်တင် (ဘ) ဦးငြိမ်းအောင် (ပဲခူး)၊ ဦးသက်နိုင် (ခ) ဖိုးချို (ဘ) ဦးမြင့်နိုင် မောပြ ကျေးရွာ (လှည်းကူး)၊ ဦးတင်မြင့် (ဘ) ဦးအောင်ငြိမ်း သာယာကုန်းကျေးရွာ (ပဲခူး)၊ ဦးသန်းဦး (မီးသတ် အဖွဲ့ဝင်) သီးကလေး ကျေးရွာ (လှည်းကူး)၊ လှလေးစိန် ဆပ်အင်းကျေးရွာ (ပဲခူး)၊ တာတီး (ခ) မောင်မောင်တာ (ဘ) ဦးစံခင် (တပ်ပြေး) ပဲခူး နှင့် အပေါင်း အပါ (၂၇)ဦး တို့ဖြစ်ကြောင်း သိရသည်။

    “အဲဒီ့ ဂိုဏ်းခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေက နိုင်ငံတော်က ခွင့်ပြုချက် မရှိတဲ့ မြေတွေကို နိုင်ငံတော်ကို ရော်ဘာ စိုက်ပျိုးရန် ဆိုပြီး လိမ်လည်ပြီး လျှောက်ထားတဲ့ မြေကွက်တွေရယ်၊ ပိုင်ရှင်ရှိတဲ့ မြေကွက်တွေကို လုယူ သိမ်းပိုက်ပြီး သူတို့ အကျိုးစီးပွားအတွက် ရောင်းချပြီး ငွေမဲ ပိုင်ရှင်တွေ ဖြစ်လာတာပါ” ဟု အမည်မဖော်လိုသူ ၎င်းရွာသားက M-Media သို့ပြောသည်။

    ဆက်လက်၍ ၎င်းငွေများဖြင့် ယင်းဂိုဏ်းခေါင်းဆောင်နှင့် အဖွဲ့ဝင်များသည် ဟိုတယ်၊ အိမ်၊ ကားများ ၀ယ်ယူ ထားပြီး ၎င်းတို့ကို အာမခံသူများ မရှိအောင် နည်းအမျိုးမျိုး ဖြင့် ခြိမ်းခြောက်ရမ်းကားပြီး မင်းမရှိသည့် တိုင်းပြည်သဖွယ် အုပ်စုဖွဲ့ အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးရေး ၀ါဒ ကျင့်သုံးလျက် ရှိကြောင်း၊ မိမိတို့ ရွာသားများမှာ ၎င်းတို့ကို အရေးယူပေးစေ လိုသော ဆန္ဒရှိနေပါသော် လည်း တိုင်တောဖို့ရန်ပင် ကြောက်ရွံ့နေရကြောင်း၊ မိမိတို့ပိုင် မြေများအား မတရား ယူထားသူများထံမှ ပြန်လည် ရယူလို ကြောင်းကို သမ္မတကြီး ဦးသိန်းစိန်နှင့် တာဝန်ရှိသူများကို သိစေလိုကြောင်း အဆိုပါ ရွာမှ ရွာသားတစ်ဦး က ထပ်လောင်း ပြောကြားသည်။

    အဆိုပါ အကြောင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ လှည်းကူးစခန်းသို့ တိုင်ကြားထားသော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိသည့်အပြင် လျစ်လျူရှုထားကြောင်း သတင်းရရှိသည်။