News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ကိုဗစ်ကူးစက်မှုကို တရုတ်က ဖုံးထားသည်ဟု ယူဆနိုင်သော အထောက်အထားတစ်ခု ထွက်ပေါ်လာ

    ကိုဗစ်ကူးစက်မှုကို တရုတ်က ဖုံးထားသည်ဟု ယူဆနိုင်သော အထောက်အထားတစ်ခု ထွက်ပေါ်လာ

    မေ ၂၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ရောဂါဖြစ်နေကြောင်း တရုတ်အစိုးရက ကမ္ဘာကိုမကြေငြာခင် လပိုင်းအလို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ၀ူဟန်မြို့ ဗိုင်းရပ်စ်လေ့လာရေးဌာန (WIV) က ပညာရှင် ၃ ယောက် ကိုဗစ်လက္ခဏာတွေနဲ့ ဆေးရုံတက်ခဲ့ရတယ်ဆိုတဲ့သတင်း ပေါက်ကြားလာပါတယ်။

    အရင်က ထုတ်ပြန်ခြင်း မရှိသေးတဲ့ အမေရိကန်ထောက်လှမ်းရေး ရင်းမြစ်တွေကို ကိုးကားပြီး Wall Street Journal က မနေ့မှာ လူသိရှင်ကြား ဖော်ပြခဲ့တာပါ။

    ကိုဗစ်ကပ်ရောဂါဟာ တရုတ်နိုင်ငံ ၀ူဟန်မြို့ အသားငါးစျေးထဲကနေ အစပြုတာလို့ ကမ္ဘာက လက်ခံထားပါတယ်။

    အမေရိကန်က ကိုဗစ်ဗိုင်းရပ်စ်ဟာ ၀ူဟန်မြို့မှာရှိတဲ့ WIV ဓာတ်ခွဲခန်းကနေ ပေါက်ထွက်လာတာလို့ စွပ်စွဲထားပြီး တရုတ်ကတော့ ဒါကို ငြင်းဆိုပါတယ်။

    အမေရိကန်ထောက်လှမ်းရေးရင်းမြစ်က ပေါက်ကြားလာတဲ့ အခု သတင်းအသစ်မှာ ကူးစက်ခံရသူ သုတေသနပညာရှင်အရေအတွက်၊ သူတို့ ရောဂါဖြစ်တဲ့အချိန်၊ ဆေးရုံတက်ကုသမှုတွေအကြောင်း အသေးစိတ်ဖော်ပြထားပြီး၊ ကိုဗစ်ကပ်ရောဂါဟာ ၀ူဟန်မြို့ ဓာတ်ခွဲခန်းထဲက ပေါက်လာတာလားဆိုတာ ပိုမိုကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးဖို့ တွန်းအားတစ်ခု ဖြစ်လာလိမ့်မယ်လို့ Wall Street Journal က ရေးပါတယ်။

    သမ္မတဟောင်းထရမ့် ရာထူးကမဆင်းခင် အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ကိုဗစ်ကပ်ရောဂါဖြစ်နေကြောင်း တရုတ်က ကမ္ဘာကိုမကြေငြာခင် လပိုင်းအလို ၂၀၁၉ ခုနှစ် နွေရာသီမှာ ၀ူဟန်ဓာတ်ခွဲခန်းက သုတေသနပညာရှင် တော်တော်များများ နေထိုင်မကောင်းတာကြောင့် ဆေးကုသမှု ခံယူခဲ့ရတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။

    ဒီပညာရှင်တွေခံစားရတဲ့ ရောဂါလက္ခဏာတွေထဲမှာ ကိုဗစ်နဲ့ သာမန်ရာသီတုပ်ကွေး လက္ခဏာတွေ ရောပြွမ်းနေတယ်လို့ ဆိုပါတယ်။

    ကိုဗစ်ကပ်ရောဂါအစကို စုံစမ်းစစ်ဆေးနိုင်ရေး WHO က ကျွမ်းကျင်ပညာရှင်အဖွဲ့ ၀ူဟန်ကိုလာရောက်ဖို့ အစပိုင်းမှာ တရုတ်က ခွင့်မပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝင်ရောက်ခွင့် ပေးခဲ့ပါတယ်။

    WHO ဟာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားမှုကိစ္စ စုံစမ်းစစ်ရေး နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် ဒီကနေ့မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။

    Wall Street Journal က အခုသတင်းအတွက် မှတ်ချက်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီလက ၀ူဟန်ဓာတ်ခွဲခန်း WIV ကို သွားရောက်လေ့လာခဲ့တဲ့ WHO အဖွဲ့က ကိုဗစ်ဗိုင်းရပ်စ်ဟာ WIV ကနေ ပေါက်ထွက်လာတာမျိုး သိပ်မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချခဲ့တာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပြခဲ့ပါတယ်။

    Ref: Reuters

  • ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးလျှင် အိန္ဒိယမှ ပုံပြောင်းကိုဗစ်ကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်

    ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးလျှင် အိန္ဒိယမှ ပုံပြောင်းကိုဗစ်ကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်

    မေ ၂၃၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားခြင်းအားဖြင့် အိန္ဒိယမှာ အကြီးအကျယ် ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်လို့ ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    Pfizer-BioNTech ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး ၂ ပတ်ကြာတဲ့အခါ အိန္ဒိယက ပုံပြောင်းကိုဗစ် B16172 ကူးစက်မှုကို ၈၈ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး ဗြိတိန်က ပုံပြောင်းကိုဗစ် B117 ကို ၉၃ ရာခိုင်နှုန်း ကာကွယ်နိုင်တာကို အင်္ဂလန်ကျန်းမာရေးဌာနရဲ့ လေ့လာမှုမှာ တွေ့ရပါတယ်။

    AstraZeneca နှစ်ကြိမ်ထိုးထားရင်တော့ B16172 ဗိုင်းရပ်စ်ကို ၆၀ ရာခိုင်နှုန်း၊ B117 ကို ၆၆ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

    ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ဒါဟာ အားတက်ဖွယ်တွေ့ရှိချက်ဖြစ်ပြီး နိုင်ငံအတွင်းထုတ်ထားတဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို စီစဉ်ထားတဲ့အတိုင်း လာမယ့်လမှာ လျော့ချဖို့ မျှော်လင့်ချက်ရှိလာပြီလို့ ပြောကြားခဲ့ပါတယ်။

    ဗြိတိန်ဟာ ဥရောပမှာ အမြန်ဆုံး ကိုဗစ်ကာကွယ်ဆေးစီမံကိန်းကို အကောင်အထည်ဖော်နေတာဖြစ်ပြီး၊ အိန္ဒိယက ပုံပြောင်းကိုဗစ် ကူးစက်မှု တွေ့လာရတာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    ကာကွယ်ဆေး ပထမတစ်ကြိမ်ထိုးထားပြီး ၃ ပတ်ကြာရင် B16172 ဗိုင်းရပ်စ်ကို ၃၃ ရာခိုင်နှုန်း B117 ကို ၅၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့လည်း ဗြိတိန်ကျန်းမာရေးဌာနရဲ့ လေ့လာမှုမှာ တွေ့ရှိရပါတယ်။

    Ref: Reuters

  • အိန္ဒိယမှ ကူးစက်မြန်ပုံပြောင်းကိုဗစ်​ ထိုင်းပြည်တွင်းတွင် ပထမဆုံးကူးစက်

    အိန္ဒိယမှ ကူးစက်မြန်ပုံပြောင်းကိုဗစ်​ ထိုင်းပြည်တွင်းတွင် ပထမဆုံးကူးစက်

    မေ ၂၁၊ ၂၀၂၁
    M-Media

    -အိန္ဒိယမှာအကြီးအကျယ် ကူးစက်ပြန့်နှံနေတဲ့ ကိုဗစ်ပုံပြောင်းဗိုင်းရပ်စ် ပြည်တွင်းမှာ ကူးစက်တာကို ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    ဘန်ကောက်မြို့ ဆောက်လုပ်ရေးလုပ်သားတွေနေတဲ့ နေရာတစ်ခုမှာ လူ ၃၆ ဦး ပုံပြောင်းဗိုင်းရပ်စ် ကူးစက်နေတာကို တွေ့ရတာပါ။ ထိုင်း ၂၁ ဦး၊ မြန်မာ ၁၀ ဦးနဲ့ ကမ္ဘောဒီးယားက ၅ ဦးတို့ ဖြစ်ပါတယ်။ လတ်တလော ကိုဗစ်ကူးစက်မှုတွေကို ဆောက်လုပ်ရေးလုပ်သားတွေယာယီနေထိုင်တဲ့ နေရာတွေမှာ အများဆုံးတွေ့နေရတာဖြစ်ပါတယ်။

    အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတွေက ထိုင်းနိုင်ငံသားမဟုတ်သူတွေ ဝင်ရောက်မှုကို ထိုင်းအစိုးရက တားမြစ်ပိတ်ပင်ထားတာပါ။

    ဒီကနေ့ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၃၄၈၁ ဦးရှိပြီး၊ ၃၂ ဦး သေဆုံးခဲ့ပါတယ်။ ကိုဗစ်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေကို ဇူလိုင်လကုန်အထိ ထိုင်းအစိုးရက သက်တမ်းတိုးထားပါတယ်။

    ထိုင်းဟာ ဇွန်လ ၇ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို လုပ်ဆောင်မှာပါ။ အခုနှစ်ကုန်ရင် နိုင်ငံမှာရှိနေတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ သန်း ၇၀ ကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

    Ref: AP

  • ကိုဗစ်ကာကွယ်နိုင်ရေး နောက်ချေးများ သုတ်လိမ်းမှုကို အိန္ဒိယဆရာဝန်များ သတိပေး

    ကိုဗစ်ကာကွယ်နိုင်ရေး နောက်ချေးများ သုတ်လိမ်းမှုကို အိန္ဒိယဆရာဝန်များ သတိပေး

    မေ ၁၃၊ ၂၀၂၁
    M-Media

    -အိန္ဒိယမှာ ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်တယ်လို့ ယုံကြည်ကာ နွားချေးတွေ၊ ကျင်ငယ်ရည်တွေ ခန္ဓာကိုယ်မှာ ​ သုတ်လိမ်းမှုဟာ တစ်ခြားရောဂါတွေ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။

    ပြီးခဲ့တဲ့လကစလို့ အိန္ဒိယဟာ ကိုဗစ်တတိယလှိုင်းကို ကြုံတွေ့နေရပြီး နေ့စဉ် ကူးစက်မှုသိန်းချီ သေဆုံးသူ ထောင်ချီ ရှိနေတာပါ။ နိုင်ငံတစ်ဝှမ်း ဆေးရုံတွေမှာ ကုတင်တွေနဲ့ ဆေးဝါးပစ္စည်း မလုံလောက်တာတွေကိုလည်း ကြုံတွေ့နေရပါတယ်။

    နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်အပါအဝင် ပြည်နယ်တစ်ချို့မှာ လူတွေဟာ နွားချေးတွေ၊ ကျင်ငယ်ရည်တွေကို ခန္ဓာကိုယ်မှာ သုတ်လိမ်းကြပြီး ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ကိုယ်ခံအာကောင်းစေကာ ကိုဗစ်ကို ကာကွယ်ပေးနိုင်ပြီး၊ ကိုဗစ်ဖြစ်နေတဲ့လူတွေမှာလည်း အလျင်အမြန် ပြန်ကျန်းမာလာစေတယ်လို့ ယုံကြည်နေကြပါတယ်။

    ဟိန္ဒူအယူဝါဒအရ နွားကို မြင့်မြတ်တဲ့သတ္တဝါလို့ ယူဆကြပြီး နွားချေးနဲ့ ကျင်ငယ်ရည်တွေကို နေအိမ်တွေသန့်ရှင်းဖို့နဲ့ ဘာသာရေးအခမ်းအနားတွေအတွက် အသုံးပြုကြသလို၊ ရောဂါဘယပျောက်​စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်လို့လည်း ယုံကြည်နေကြပါတယ်။

    အိန္ဒိယနဲ့ ကမ္ဘာတစ်ဝှမ်းက ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေက နွားချေးနဲ့ ကျင်ငယ်​ရည်တွေကို သုတ်လိမ်းတာဟာ ကိုဗစ်ကို မကာကွယ်ပေးနိုင်တဲ့အပြင် တစ်ခြား ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

    “နွားချေးတွေ၊ ကျင်ငယ်ရည်တွေဟာ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ ကိုယ်ခံအား ဖြစ်စေတယ်ဆိုတဲ့ ခိုင်မာတဲ့ သိပ္ပံဆိုင်ရာ အထောက်အထား မရှိပါဘူး။ ဒါဟာ ယုံကြည်မှုသက်သက်သာ ဖြစ်ပါတယ်။ ဒါတွေကို သုတ်လိမ်းတာ၊ သုံးစွဲတာတွေမှာ ကျန်းမာရေးအန္တရာယ် ရှိပါတယ်။ တိရစ္ဆာန်ကနေ လူဆီကို တစ်ခြားရောဂါတွေ ပြန့်နှံ့နိုင်ပါတယ်” လို့ အိန္ဒိယ ဆေးဘက်ဆိုင်ရာအသင်း ဥက္ကဌ ဒေါက်တာ ဂျေအေ ဂျာယာလာက ပြောပါတယ်။

    နွားချေးတွေ၊ ကျင်ငယ်ရည်တွေကို လူအုပ်စုလိုက် သုတ်လိမ်းတာမျိုး လုပ်တာဟာ ကိုဗစ်ရောဂါကို ပိုမို ပြန့်နှံ့စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Reuters

  • ကြောက်စရာ ပုံပြောင်းကိုဗစ်ပိုးအကြောင်း ပညာရှင်များက သတိပေးသော်လည်း အိန္ဒိယအစိုးရ အလေးမထား

    ကြောက်စရာ ပုံပြောင်းကိုဗစ်ပိုးအကြောင်း ပညာရှင်များက သတိပေးသော်လည်း အိန္ဒိယအစိုးရ အလေးမထား

    မေ ၃၊ ၂၀၂၁
    M-Media

    -မိမိတို့ရဲ့သတိပေးမှုကို အစိုးရက မလိုက်နာ အကောင်အထည်မဖော်တဲ့အတွက် ဆိုးဆိုးဝါးဝါး ကိုဗစ်ဒုတိယလှိုင်းကို ကြုံတွေ့ရတာဖြစ်တယ်လို့ အိန္ဒိယ ကျန်းမာရေး သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယအစိုးရက ဖွဲ့စည်းပေးထားတဲ့ သုတေသန ပညာရှင်အဖွဲ့ INSACOG က မူရင်းကိုဗစ်ဗိုင်းရပ်စ်ထက် ပိုပြီးကူးစက်လွယ်တဲ့ ကြောက်စရာ ပုံပြောင်း ဗိုင်းရပ်စ်တစ်မျိုး ပြန့်နှံ့လာနိုင်တယ်လို့ မတ်လ အစောပိုင်းကတည်းက သတိပေးခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဝန်ကြီးချုပ်မိုဒီအစိုးရဟာ လိုအပ်တဲ့ ကန့်သတ်တားဆီးမှုတွေ မလုပ်ခဲ့သလို၊ လူသိန်းချီစုဝေးတဲ့ ဘာသာရေးပွဲတွေကို ကျင်းပခွင့်ပေးတာ၊ အာဏာရ BJP ပါတီနဲ့ အတိုက်အခံပါတီတွေက လူစုလူဝေးနဲ့ ချီတက်ဆန္ဒပြတာတွေ ရှိခဲ့တယ်လို့ ပညာရှင်တွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အစိုးရရဲ့ စိုက်ပျိုးရေးမူဝါဒ ပြောင်းလဲမှုကို မကျေနပ်တဲ့ ထောင်နဲ့ချီတဲ့ လယ်သမားတွေကလည်း ဆန္ဒပြမှုုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

    အိန္ဒိယဟာ လက်ရှိမှာ ကိုဗစ်ဒုတိယလှိုင်းကို ကြုံတွေ့နေရပြီး ကူးစက်သေဆုံးမှုအရေအတွက်ဟာ ပထမလှိုင်းထက် ပိုမိုပြင်းထန်ကာ တစ်နေ့ကို အနည်းဆုံး ကူးစက်သူ ၃ သိန်းကျော် သေဆုံးသူ ၃ ထောင်ကျော် ရှိနေတာပါ။

    INSACOG အဖွဲ့ဟာ ကိုဗစ်ဒုတိယလှိုင်းကို ဖြစ်စေတဲ့ ပုံပြောင်းဗိုင်းရပ်စ် B.1.617 ကို ဖေဖော်ဝါရီလ အစောပိုင်းကတည်းက တွေ့ခဲ့တာဖြစ်ပြီး ဒီအကြောင်း အသေးစိတ် အစီရင်ခံစာကို မတ်လ ၁၀ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနအောက်က ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန NCDC ကို ပေးအပ်ခဲ့ပါတယ်။ အစီရင်ခံစာမှာ ပုံပြောင်းဗိုင်းရပ်စ်ဟာ နိုင်ငံတစ်ဝှမ်းကို အလျင်အမြန် ပြန့်နှံ့နိုင်တယ်လို့ သတိပေးထားပါတယ်။

    ဝန်ကြီးချုပ် နရန်ဒရာမိုဒီကို တိုက်ရိုက်အစီရင်ခံစာ တင်သွင်းရတဲ့ အစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးကိုလည်း ဒီသတိပေးချက် ပေးပို့ခဲ့ပေမယ့် ဝန်ကြီးချုပ် ဒီအစီရင်ခံစာ ရရှိခဲ့လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    INSACOG အဖွဲ့ရဲ့ ဥက္ကဌ ရှာဟစ် ဂျမီးလ်က အာဏာပိုင်တွေဟာ မိမိတို့အဖွဲ့ရဲ့ ရှာဖွေတွေ့ရှိမှုကိုအလေးထားရဲ့လားဆိုတာ မသိဘူးလို့ ပြောကြားခဲ့ပါတယ်။

    “မူဝါဒဆိုတာ အခြားအရာတွေထက် သက်သေအထောက်အထားတွေကို အခြေခံပြီး ဆွဲရတာပါ။ မူဝါဒရေးဆွဲရာမှာ သိပ္ပံဆိုင်ရာတွေ့ရှိချက်တွေ ထည့်မတွက်မှာကို ကျွန်တော် စိုးရိမ်မိပါတယ်။ ကျွန်တော့်ရဲ့ ထင်မြင်ချက်ကို ဒီမှာပဲ ရပ်လိုက်တာ ကောင်းပါတယ်။ ကျွန်တော်တို့ သိပ္ပံပညာရှင်တွေက အထောက်အထားတွေပေးတယ်။ မူဝါဒချတာကတော့ အစိုးရအလုပ်ပါ”

    Ref: Reuters