News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ကိုဗစ်သောက်ဆေး Molnupiravir ကို ထိုင်းနှင့် အင်ဒိုနီးရှားတို့က ထုတ်လုပ်မည်

    ကိုဗစ်သောက်ဆေး Molnupiravir ကို ထိုင်းနှင့် အင်ဒိုနီးရှားတို့က ထုတ်လုပ်မည်

    ဇန်နဝါရီ ၁၄၊ ၂၀၂၂
    M-Media

    -ကိုဗစ်သောက်ဆေး Molnupiravir ကို ပြည်တွင်းမှာ ထုတ်လုပ်သုံးစွဲနိုင်ဖို့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့က စီစဉ်နေပါတယ်။

    Molnupiravir သောက်ဆေးကို အမေရိကန် ဆေးဝါးကုမ္ပဏီနှစ်ခုဖြစ်တဲ့ Merck & Co Inc နဲ့ Ridgeback Biotherapeutics တို့ ပူးတွဲထုတ်လုပ်တာဖြစ်ပြီး ကိုဗစ်ကူးစက်သူတွေ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား ခံစားရမှုနဲ့ ဆေးရုံတက်ရမှုတို့ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

    ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပုံပြောင်းကိုဗစ် အိုမီခရွန်ကြောင့် ကူးစက်မှု မြင့်တက်နေတဲ့အချိန် ဒါကို တုန့်ပြန်နိုင်ဖို့အတွက် Molnupiravir သောက်ဆေးကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ထုတ်လုပ်ရာမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယလို အခြားနိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

    “Molnupiravir ဆေးကို အစိုးရ ဆေးဝါးအဖွဲ့အစည်းနဲ့ Chulabhorn သုတေသနဌာနတို့ ပူးပေါင်းပြီး ထုတ်လုပ်သွားမှာပါ။ နောက်ပိုင်းဖြစ်လာမယ့် အခြေအနေတွေမှာ အထောက်အပံ့ဖြစ်စေနိုင်မယ့် ဆေးဝါးတွေကို ကော်မတီက သုတေသနလုပ်ကာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်”

    အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin ကလည်း ပုဂ္ဂလိက ဆေးကုမ္ပဏီအချို့နဲ့ အစိုးရ ပူးပေါင်းကာ လာမယ့် ဧပြီ၊ မေလလောက်ကစပြီး Molnupiravir သောက်ဆေး ထုတ်လုပ်သွားမယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ Molnupiravir သောက်ဆေး လေးသိန်းလောက်ကို အရေးပေါ်အသုံးပြုနိုင်ဖို့ အခုတစ်ပတ်မှာ ခွင့်ပြုခဲ့ပါတယ်။

    Ref: Bangkok Post

  • Delta ထက် ပိုကူးစက်မြန်သည့် Omicron အတွက် WHO သတိပေး

    Delta ထက် ပိုကူးစက်မြန်သည့် Omicron အတွက် WHO သတိပေး

    ဒီဇင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -ပုံပြောင်းကိုဗစ် Omicron (အိုမီခရွန်) ဟာ အရင်က Delta ထက် ပိုမိုကူးစက်မြန်ပြီး ကာကွယ်ဆေး ထိုးထားသူတွေ၊ အရင်ကိုဗစ်ကူးထားသူတွေမှာပါ ပိုမိုကူးစက်ကြောင်း တွေ့ရတဲ့အတွက် စိုးရိမ်စရာကောင်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။

    ကနဦးတွေ့ရှိချက်​တွေကို အခြေခံပြီး Delta ထက် ပိုပျော့တယ်လို့ ကောက်ချက်ချခဲ့တာမျိုးဟာ အသိနည်းရာကျတယ်လို့ WHO ထိပ်တန်းသိပ္ပံပညာရှင် ဆွမ်ယာ ဆွာမီနာသန်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကူးစက်မှုတွေ မြင့်လာတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေလည်း ထိခိုက်လာတယ် သူမက ဆိုပါတယ်။

    အိုမီခရွန်ဟာ ကိုဗစ်ကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို ကျော်လွှားနိုင်တဲ့အတွက် နိုင်ငံတော်တော်များများမှာ လုပ်ဆောင်နေတဲ့ တတိယအကြိမ် ကာကွယ်ဆေးထိုးမှု Booster ဟာ ကိုယ်ခံအားနည်းသူတွေကို အဓိက ပစ်မှတ်ထားသင့်တယ်လို့ ​ဆွာမီနာသန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း အိုမီခရွန်ကူးစက်ပြန့်နှံ့မှု မြင့်တက်လာခဲ့ပြီး ဥရောပနိုင်ငံတစ်ချို့မှာ လော့ဒေါင်းပြန်ချတာတွေ၊ ကိုဗစ်စည်းကမ်း ပိုမိုတင်းကြပ်တာတွေ၊ ခရီးသွားလာမှု ပိတ်ပင်တာတွေ ပြန်လည်လုပ်ဆောင်လာပါတယ်။

    WHO အကြီးအကဲ Tedros Adhanom Ghebreyesus က အိုမီခရွန်ဟာ Delta ထက် ပိုမြန်မြန် ပြန့်နှံ့နေပြီး ကာကွယ်ဆေးထိုးပြီးသားသူတွေ၊ ကိုဗစ်ကူးစက်ပြီးသားသူတွေမှာ ပိုမိုကူးစက်နိုင်ချေ ရှိတယ်လို့ ပြောပါတယ်။

    အိုမီခရွန်နဲ့ပတ်သက်တဲ့ နောက်ဆုံး သုတေသနရလဒ်ကို လန်ဒန်အခြေစိုက် Imperial ကောလိပ်က ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အိုမီခရွန်ဟာ Delta ထက်ပျော့တယ်ဆိုတဲ့ အထောက်အထားမျိုးကို မတွေ့ရဘဲ ပြန်လည်ကူးစက်နိုင်ချေကလည်း ၅ ဆ ပိုမြင့်မားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Reuters

  • ဥရောပတွင် ပုံပြောင်းကိုဗစ် အိုမီခရွန်ကူးစက်မှု သိသိသာသာ မြင့်တက်

    ဥရောပတွင် ပုံပြောင်းကိုဗစ် အိုမီခရွန်ကူးစက်မှု သိသိသာသာ မြင့်တက်

    ဒီဇင်ဘာ ၁၉၊ ၂၀၂၁
    M-Media

    -ဥရောပနိုင်ငံတွေမှာ ပုံပြောင်းကိုဗစ် အိုမီခရွန် (Omicron) ကူးစက်မှု သိသိသာသာ မြင့်တက်လာပြီး နယ်သာလန်နိုင်ငံမှာ နိုင်ငံတစ်ဝှမ်း လော့ဒေါင်းပြန်ချခဲ့သလို၊ ဗြိတိန်ကလည်း အနီးကပ်စောင့်ကြည်ရမယ့် အခြေအနေအဖြစ် ကြေငြာခဲ့ပါတယ်။

    နယ်သာလန်မှာ တနင်္ဂနွေနေ့ကစလို့ လာမယ့်နှစ် ဇန်နဝါရီ အလယ်ပိုင်းအထိ လော့ဒေါင်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော် လုံး၀ လုပ်လို့ရတော့မှာမဟုတ်သလို၊ စျေးဆိုင်တွေ၊ ဘားတွေ၊ ဖျော်ဖြေရေးစင်တာတွေ၊ အများပြည်သူသုံး အဆောက်အဦးတွေအားလုံးကိုလည်း ပိတ်မှာ ဖြစ်ပါတယ်။

    အသုဘကလွဲပြီး အခြားလူစုလူဝေတွေလည်း လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒီကာလအတွင်း ကျောင်းတွေကိုလည်း ပိတ်ထားမှာပါ။

    တစ်အိမ်ကို ဧည့်သည်နှစ်ဦးသာ လာရောက်ခွင့်ရှိမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း ၄ ဦးထက် မပိုရဘူးလို့ လော့ဒေါင်းစည်းမျဉ်းသစ်မှာ ဖော်ပြထားပါတယ်။ နယ်သာလန်ဝန်ကြီးချုပ် မာ့က်ရက်တီက ဒီလော့​ဒေါင်းဟာ လိုအပ်တဲ့အတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူကေမြို့တော် လန်ဒန်မှာ ကိုဗစ်အိုမီခရွန် ကူးစက်ပြန့်နှံ့မှုဟာ စောင့်ကြည့်ရမယ့် စိုးရိမ်စရာပြဿနာဖြစ်တယ်လို့ မနေ့က ကြေငြာခဲ့ပါတယ်။

    လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ကိုဗစ်ကူးစက်မှုကြောင့် ဆေးရုံတွေ၊ မီးသတ်နဲ့ ရဲဌာနလို အများပြည်သူ ဝန်ဆောင်မှုကဏ္ဍတွေမှာ ဝန်ထမ်းနည်းပါးကုန်တာဟာ အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီးသူတွေ တတိယအကြိမ် Booster ထိုးကြဖို့၊ လုံး၀မထိုးရသေးတွေကလည်း မြန်မြန်လာထိုးကြဖို့ ဆာဒစ်ခန်းက တိုက်တွန်းခဲ့ပါတယ်။ ယူကေမှာ အိုမီခရွန်ကူးစက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။

    ပြင်သစ်၊ အိုင်ယာလန်နဲ့ ဂျာမနီတို့မှာ အိုမီခရွန်ကူးစက်မှု ကာကွယ်ရေး ကိုဗစ်စည်းကမ်းတွေကို ပိုမိုတင်းကြပ်ထားပြီး ပြင်သစ်ဝန်ကြီးချုပ်က လာမယ့်နှစ် ပြင်သစ်မှာ အိုမီခရွန်ကူးစက်မှု အကြီးအကျယ် ဖြစ်ပွားနိုင်ချေရှိတယ်လို့ သတိပေးထားပါတယ်။

    ဥရောပမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၈၉ သန်းရှိကာ သေဆုံးသူ ၁.၅ သန်း ရှိပါတယ်။

    Ref: BBC

  • ပုံပြောင်းကိုဗစ်သစ် Omicron က Delta ကဲ့သို့ အန္တရာယ်ရှိနေ

    ပုံပြောင်းကိုဗစ်သစ် Omicron က Delta ကဲ့သို့ အန္တရာယ်ရှိနေ

    ဒီဇင်ဘာ ၁၈၊ ၂၀၂၁
    M-Media

    -အခုလက်ရှိ ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ် Omicron ဟာ သူအရင်က ​ပြန့်ခဲ့တဲ့ Delta လောက် မပြင်းဘူးဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘဲ၊ ပြန်လည်ကူးစက်နိုင်မှုကလည်း ၅ ဆ ပိုမြင့်တယ်လို့ လေ့လာမှုအသစ်တစ်ခုမှာ တွေ့ရပါတယ်။

    ယူ​ကေမှာ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ Omicron ကူးစက်ခဲ့တဲ့ လူနာတွေရဲ့ အချက်အလက်တွေကို အခြေခံပြီး လန်ဒန်​မြို့ Imperial ကောလိပ်က ဒီသုတေသနကို လုပ်ဆောင်တာပါ။

    “အိုမီခရွန်ကြောင့် ဆေးရုံတက်ရနိုင်တဲ့အန္တရာယ်၊ ရောဂါလက္ခဏာတွေဟာ Delta လောက် မမြင့်မားဘူး၊ မဆိုးရွားဘူးဆိုတဲ့ အထောက်အထားမျိုး ကျွန်တော်တို့ မတွေ့ပါဘူး​” လို့ လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကာကွယ်ဆေးတွေရဲ့ထိရောက်မှု၊ အမျိုးသား၊ အမျိုးသမီး၊ လူမျိုး၊ ဒေသ စတာတွေကို အခြေခံပြီး တွက်ချက်ရာမှာ အိုမီခရွန် ပြန်လည်ကူးစက်နိုင်မှုဟာ Delta နဲ့နှိုင်းယှဉ်ရင် ၅.၄ ဆလောက် မြင့်တာကိုလည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    အရင်က ကိုဗစ်ပိုး ကူးစက်ထားသူတွေဟာ အိုမီခရွန်ကူးစက်နိုင်မှုအန္တရာယ် ၈၁ ရာခိုင်နှုန်းလောက် ရှိနေပြီး၊ AstraZeneca နဲ့ Pfizer ကာကွယ်ဆေးထိုးထားသူတွေမှာ ကူးစက်နိုင်မှုဟာလည်း Delta ထက် ပိုမိုမြင့်မားပါတယ်။

    ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားရင် အိုမီခရွန်ကို ကာကွယ်နိုင်စွမ်း ၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းသာ ရှိပြီး၊ တတိယအကြိမ် Booster ထိုးထားမယ်ဆိုရင် ၅၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    “ကာကွယ်ဆေးကရတဲ့ ကိုယ်ခံအားကို အိုမီခရွန်က ကျော်နိုင်တယ်ဆိုတာဟာ ပြည်သူ့ကျန်းမာရေးအတွက် အဓိကခြိမ်းခြောက်မှုကြီး ဖြစ်ပါတယ်” လို့ လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Ref: Reuters

  • နိုင်ငံခြားမှ ကိုဗစ်ဝင်လာမည်ကို စိုးရိမ်သည့်အတွက် တရုတ်က နယ်စပ်ကို တင်းကြပ်

    နိုင်ငံခြားမှ ကိုဗစ်ဝင်လာမည်ကို စိုးရိမ်သည့်အတွက် တရုတ်က နယ်စပ်ကို တင်းကြပ်

    ဒီဇင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -နိုင်ငံခြားတိုင်းပြည်တွေကနေ ကိုဗစ်ပိုး ဝင်လာမှာကို စိုးရိမ်တဲ့အတွက် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ဖို့ တရုတ်အစိုးရက နယ်စပ်မြို့တွေကို ညွှန်ကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံမှာ အောက်တိုဘာလ အလယ်လောက်ကစပြီး ပြည်တွင်း ကိုဗစ်ကူးစက်မှုအရေအတွက် မြင့်တက်လာကာ ၂ ထောင်ကျော်လောက်ရှိခဲ့ပြီး အဆိုးဝါးဆုံး ခံစားရတဲ့ဒေသတွေက ရုရှား၊ မွန်ဂိုလီးယားတို့နဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဒေသတွေ ဖြစ်ပါတယ်။

    ဒီဇင်ဘာ ၁၁ ရက်နေ့ တရုတ်ဗဟိုအစိုးရက ပြည်နယ်အစိုးရတွေကိုပေးပို့တဲ့ ညွှန်ကြားစာမှာ လတ်တလောကူးစက်မှုတွေအားလုံးဟာ အခြားတိုင်းပြည်ကနေ ဝင်ရောက်လာတာကြောင့်ဖြစ်ပြီး၊ ကိုဗစ်စစ်ဆေးမှုတွေ၊ ကန့်သတ်မှုတွေကို နောက်နှစ် မတ်လ ၁၅ ရက်နေ့အထိ တင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့လည်း ​အမိန့်ပေးထားပါတယ်။

    နယ်စပ်ဒေသကနေ နိုင်ငံခြားထွက်လိုသူတွေအနေနဲ့ မသွားခင် ၄၈ နာရီအတွင်း ကိုဗစ်ကင်းစင်​ကြောင်း ဆေးစစ်ချက်ပြဖို့၊ နယ်စပ်ကို ပြန်ဝင်လာသူတွေ ကိုဗစ် ရှိ၊ မရှိ အနည်းဆုံး တစ်ကြိမ်စစ်ဆေးဖို့၊ ကူးစက်နိုင်ခြေရှိတဲ့ ဒေသတွေမှာ ကိုဗစ်စည်းမျဉ်းတွေကို တင်းကြပ်ဖို့လည်း ညွှန်ကြားစာမှာ ပါဝင်ပါတယ်။

    ပြည်မကလူတွေ နယ်စပ်မြို့တွေကို မလိုအပ်ရင်မသွားဖို့ တရုတ်အစိုးရက နိုဝင်ဘာလမှာ အမိန့်ထုတ်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ၀ူဟန်မြို့ကနေ စတင်ပြန့်နှံ့လာတဲ့ ကိုဗစ်ပိုးကြောင့် ကမ္ဘာ့တစ်ဝှမ်း လူ ၅ သန်းကျော် သေဆုံးခဲ့ပါတယ်။

    Ref: Reuters