News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • Pfizer ၃ ကြိမ်ထိုးပါက ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်နိုင်ဖွယ်ရှိ

    Pfizer ၃ ကြိမ်ထိုးပါက ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်နိုင်ဖွယ်ရှိ

    ဒီဇင်ဘာ ၈၊ ၂၀၂၁
    M-Media

    -မိမိတို့ထုတ်ထားတဲ့ ကာကွယ်ဆေး ၃ ကြိမ်ထိုးရင် မျိုးကွဲသစ် အိုမီခရွန် (Omicron) ကို တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံစွမ်းအား ရရှိတာကို တွေ့ရကြောင်း ထိပ်တန်း ကိုဗစ်ကာကွယ်ဆေးကုမ္ပဏီ BioNTech and Pfizer က ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်ပါတယ်။

    ကာကွယ်ဆေးထိုးထားတဲ့သူရဲ့သွေးကို ယူပြီး ဓာတ်ခွဲခန်းစမ်းသပ်မှုမှာ ဒီရလဒ်ထွက်ပေါ်လာတာပါ။ လိုအပ်ရင် အိုမီခရွန်အတွက်ကာကွယ်ဆေးကို ၂၀၂၂ ခုနှစ် မတ်လလောက်မှာ ထုတ်လုပ်ဖြန့်ဖြူးနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

    Pfizer ကုမ္ပဏီအကြီးအကဲ အဲလ်ဘတ်ဘူလာက လူတွေကို ကာကွယ်ဆေး ၂ ကြိမ် ထိုးပေးနိုင်အောင် ဆောင်ရွက်ရမှာဖြစ်ပြီး၊ အဲဒီနောက် တတိယတစ်ကြိမ် Booster ထိုးခြင်းက ကိုဗစ်ကပ်ရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်နေကြောင်း တောင်အာဖရိကနိုင်ငံက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက် ကမ္ဘာ့နိုင်ငံတစ်ချို့မှာ ဒီမျိုးကွဲသစ် ကူးစက်မှုတွေ တွေ့ရလာပေမယ့် အခုအချိန်အထိ အိုမီခရွန်ကြောင့် သေဆုံးမှု မရှိသေးပါဘူး။

    အိုမီခရွန်အတွက် သီးသန့်ကာကွယ်ဆေးထုတ်ဖို့ လိုအပ်လားဆိုတာ အတိအကျ မသိသေးပေမယ့် BioNTech and Pfizer က ထုတ်လုပ်ဖြန့်ဖြူးသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တောင်အာဖရိက သိပ္ပံပညာရှင်တွေက အိုမီခရွန်ဟာ Pfizer နှစ်ကြိမ်ထိုးမှုကနေ ထွက်လာတဲ့ ကိုယ်ခံစွမ်းအားကို ကျော်လွှားနိုင်မယ့်အနေအထား ရှိပေမယ့် ၃ ကြိမ်ထိုးထားရင် ကာကွယ်နိုင်ဖွယ်ရှိတယ်လို့ ကနဦးလေ့လာဆန်းစစ်မှု​တွေကို ကိုးကားပြီး မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    Ref: CNA

  • ကပ်ရောဂါအသစ်အတွက် ပြင်ဆင်ထားရန် AstraZeneca ကာကွယ်ဆေးဖန်တီးသူ သတိပေး

    ကပ်ရောဂါအသစ်အတွက် ပြင်ဆင်ထားရန် AstraZeneca ကာကွယ်ဆေးဖန်တီးသူ သတိပေး

    ဒီဇင်ဘာ ၆၊ ၂၀၂၁၂
    M-Media

    -ကမ္ဘာလူသားတွေဟာ နောက်ထပ်အသေအပျောက်များတဲ့ ကူးစက်ရောဂါတွေနဲ့ ထပ်မံကြုံတွေ့ရနိုင်ပြီး လက်ရှိ ရရှိထားတဲ့ အသိပညာတွေကို အချည်အနှီးမလုပ်ကြဖို့ ကိုဗစ်ကာကွယ်ဆေး AstraZeneca ကို ဖန်တီးသူ ပညာရှင်က သတိပေးလိုက်ပါတယ်။

    တရုတ်နိုင်ငံ ၀ူဟန်မြို့မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း လူ ၅.၂ သန်းကျော်သေဆုံးခဲ့ပြီး၊ လူသန်းထောင်ချီရဲ့ ဘ၀တွေ ပျက်ဆီးခဲ့ကာ၊ ကမ္ဘာ့စီးပွားရေးမှာလည်း ဒေါ်လာ ထရီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ်။

    အောက်စဖို့တက္ကသိုလ်က ကာကွယ်ဆေးဆိုင်ရာ ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး AstraZeneca ကာကွယ်ဆေး ဖန်တီးသူတွေထဲက တစ်ယောက်လည်းဖြစ်တဲ့ ဆာရာဂီလ်ဘာ့တ်က နောက်လာမယ့် ကူးစက်ရောဂါအတွက် သတိပေးခဲ့ပါတယ်။

    “အမှန်ပြောရရင် နောက်လာမယ့်ကပ်ရောဂါဟာ ပိုဆိုးနိုင်ပါတယ်။ ပိုမိုကူးစက်တာ၊ ပိုမိုသေဆုံးတာ ဒါမှမဟုတ် နှစ်မျိုးစလုံး ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ရဲ့ဘ၀တွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ဗိုင်းရပ်စ်ပိုးကခြိမ်းခြောက်တာဟာ ဒါနောက်ဆုံးအကြိမ် မဟုတ်ပါဘူး”

    နောက်ကြုံလာမယ့် ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့လည်း ဂီလ်ဘာ့တ်က သတိပေးခဲ့ပါတယ်။

    “ကျွန်မတို့လက်ရှိ ရထားတဲ့ တိုးတက်မှုတွေ၊ အသိပညာတွေ အလဟသဖြစ်သွားလို့ မရပါဘူး”

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖွဲ့စည်းထားတဲ့ ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့က ပညာရှင်တွေကလည်း ကပ်ရောဂါတိုက်ဖျက်ရေး အမြဲတမ်းရန်ပုံငွေတစ်ရပ်ပေါ်ပေါက်လာဖို့နဲ့ ကပ်ရောဂါတွေကို အမြဲတမ်း စောင့်ကြည့်လေ့လာကာ ကြိုတင်ပြင်ဆင်ကြဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    လတ်တလော ပြန့်နှံ့နေတဲ့ ကိုဗစ်မျိုးကွဲ Omicron နဲ့ပတ်သက်လို့ ဂီလ်ဘတ်က အိုမီခရွန်ရဲ့ ပုံပြောင်းမြန်မှုကြောင့် လက်ရှိကာကွယ်ဆေးတွေ မထိရောက်တာမျိုး ဖြစ်နိုင်ပြီး အသေးစိတ်မသိခင်အချိန်အထိ မျိုးကွဲသစ်ပြန့်နှံ့မှုကို လျော့ချနိုင်အောင် လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ပုံပြောင်းကိုဗစ် အိုမီခရွန်အတွက် အစိုးရိမ်မလွန်ကြရန် Pfizer ကာကွယ်ဆေးဖန်တီးရှင် ပြော

    ပုံပြောင်းကိုဗစ် အိုမီခရွန်အတွက် အစိုးရိမ်မလွန်ကြရန် Pfizer ကာကွယ်ဆေးဖန်တီးရှင် ပြော

    ဒီဇင်ဘာ ၁၊ ၂၀၂၁
    M-Media

    BioNTech ကုမ္ပဏီ စီအီးအို ယူဂါ ဆာဟင်

    -ကမ္ဘာတစ်ဝှမ်းမှာ လက်ရှိ ပြန့်နှံ့နေတဲ့ ကိုဗစ်မျိုးကွဲ Omicron နဲ့ပတ်သက်ပြီး အစိုးရိမ်မလွန်ကြဖို့ Pfizer ကိုဗစ်ကာကွယ်ဆေးကို ဖန်တီးထုတ်လုပ်ခဲ့သူ BioNTech ကုမ္ပဏီ စီအီးအို ယူဂါ ဆာဟင်က ပြောကြားလိုက်ပါတယ်။

    ဆာဟင်ဟာ မနေ့က Wall Street ဂျာနယ်နဲ့ အင်တာဗျူးလုပ်ခဲ့ပြီး ကိုဗစ်မျိုးကွဲနဲ့ပတ်သက်တဲ့ သူ့ရဲ့ ယူဆချက်တွေကို ပြောပြခဲ့ပါတယ်။ ကာကွယ်ဆေးထိုးထားပြီးသူတွေမှာ Omicron ကူးစက်တာကို ပိုတွေ့လာရနိုင်ပေမယ့် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားရဖို့ မရှိဘူးလို့ သူက ဆိုပါတယ်။

    “‘သိပ်ပြီး အစိုးရိမ်မလွန်ကြပါနဲ့’ လို့ သတင်းစကားပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့အစီအစဉ်ကတော့ အရင်အတိုင်းပါပဲ။ တတိယအကြိမ် Booster ထိုးမယ့်ကိစ္စကို မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားဖို့ပါ”

    ဆာဟင်ဦးစီးတဲ့ BioNTech ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလလောက်မှာပဲ ကိုဗစ်ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ပေါင်းကာ အမြောက်အများ ထုတ်လုပ်ဖြန့်ဖြူးခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးကနေ ထုတ်ပေးတဲ့ ကိုယ်ခံစွမ်းအားကို Omicron က Delta ထက် ပိုမိုကျော်လွှားထိုးဖောက်နိုင်ဖွယ် ရှိပေမယ့် ဒုတိယအဆင့် ကိုယ်ခံစွမ်အားဖြစ်တဲ့ T-cell ကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ရကြောင်း ဆာဟင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒီယုံကြည်မှုဟာ သိပ္ပံဆိုင်ရာ အချက်အလက်တွေမှာ အခြေခံတာပါ။ ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်တွင်းက ပဋိပစ္စည်း (antibody) ကို ဖောက်နိုင်ပြီဆိုရင် ကိုယ်ခံစွမ်းအားကို ကျော်လွှားနိုင်ပါပြီ။ ဒါပေမယ့် ပြင်းထန်တဲ့ ရောဂါပိုးကို ကာကွယ်တိုက်ဖျက်ပေးမယ့် T-cell ဆိုတဲ့ ဒုတိယအဆင့် ကိုယ်ခံစွမ်းအား ရှိနေပါသေးတယ်”

    ကိုဗစ်ကာကွယ်ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Moderna ရဲ့ စီအီးအို စတီဖိန်း ဘန်ဆဲလ်က လက်ရှိကာကွယ်ဆေးတွေဟာ Omicron အပေါ်မှာ သက်ရောက်မှု သိပ်ရှိမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက Financial Times သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    Omicron အတွက် ကာကွယ်ဆေးရဖို့ လချီကြာမယ်လို့လည်း သူက ဆိုပါတယ်။

    Pfizer ကာကွယ်ဆေးဖန်တီးရှင် ဆာဟင်က Omicron အတွက် ကာကွယ်ဆေးဟာ ရက်ပေါင်း ၁၀၀ အတွင်း စျေးကွက်ထဲ ဝင်ရောက်နိုင်မှာဖြစ်ပြီး၊ ထုတ်လုပ်ဖို့လည်း လိုအပ်ချင်မှ လိုအပ်လိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “လူတွေကို တတိယအကြိမ်ထိုးပေးဖို့ ကျွန်တော်တို့ စီစဉ်ထားတယ်။ ဒီအစီအစဉ်အတိုင်း အရှိန်မြှင့်လုပ်သွားဖို့ လိုပါတယ်။ ကာကွယ်ဆေးကို အဆင့်မြှင့်ပြီး ကာကွယ်ပေးရမယ့် အခြေအနေမျိုး လိုလား၊ မလိုလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်”

    Ref: Aljazeera

  • လက်ရှိကိုဗစ်ကာကွယ်ဆေးများက Omicron ကို ကာကွယ်နိုင်စွမ်း သိပ်မရှိဟု Moderna အကြီးအကဲ ယူဆ

    လက်ရှိကိုဗစ်ကာကွယ်ဆေးများက Omicron ကို ကာကွယ်နိုင်စွမ်း သိပ်မရှိဟု Moderna အကြီးအကဲ ယူဆ

    နိုဝင်ဘာ ၃၀၊ ၂၀၂၁
    M-Media

    -ကိုဗစ်မျိုးကွဲသစ် Omicron ကို ထိန်းချုပ်ဖို့မှာ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေက ထိရောက်မှု သိပ်ရှိမယ့်ပုံမပေါ်ဘဲ ကာကွယ်ဆေးသစ်ထွက်ဖို့အတွက် လနဲ့ချီ အချိန်ယူရဖွယ်ရှိတယ်လို့ ကိုဗစ်ကာကွယ်ဆေးကုမ္ပဏီ Moderna ရဲ့ စီအီးအို စတီဖိန်း ဘန်ဆဲလ်က ပြောကြားလိုက်ပါတယ်။

    မျိုးကွဲသစ်မှာ ပုံပြောင်းမှုအများအပြားဖြစ်တာ၊ အလျင်အမြန် ပြန့်နှံ့ကူးစက်တာတွေက လက်ရှိကာကွယ်ဆေးတွေကို အဆင့်ထပ်မြှင့်ဖို့ လိုအပ်တယ်ဆိုတာကို ပြသနေကြောင်း ဘန်ဆဲလ်က Financial Times နဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

    “Delta မျိုးကွဲမှာ ရရှိခဲ့တဲ့ ထိရောက်မှုမျိုး မရနိုင်လောက်ဘူးလို့ ကျွန်တော် ထင်ပါတယ်။(ကာကွယ်ဆေး) ထိရောက်မှုက သိသိသာသာ လျော့သွားဖို့ရှိတယ်။ ဘယ်လောက်အတိအကျရှိမလဲဆိုတာကတော့ အချက်အလက်တွေ ထွက်လာမှ သိပါလိမ့်မယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ သိပ္ပံပညာရှင်တိုင်းက အခြေအနေ သိပ်ကောင်းမှာမဟုတ်ဘူးလို့ ပြောကြပါတယ်”

    Omicron ဟာ သတိပြုရမယ့် စိုးရိမ်စရာ ကိုဗစ်မျိုးကွဲတစ်ခုဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    Moderna စီအီးအို စတီဖိန်း ဘန်ဆဲလ်က Omicron မှာတွေ့ရတဲ့ ပုံပြောင်းမှုမျိုးဟာ နောက်ထပ် ၁ နှစ် ဒါမှမဟုတ် ၂ နှစ်လောက်နေမှ တွေ့ရနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းခဲ့ကြတဲ့ ပုံစံမျိုးဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကိုဗစ်ကာကွယ်ဆေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pfizer ရဲ့ အကြီးအကဲ စကော့ ဂိုလစ်ဘ်က အနည်းဆုံး ကာကွယ်ဆေး ၃ ကြိမ်ထိုးထားသူတွေဟာ အခု မျိုးကွဲသစ်ကူးစက်မှုကို ကောင်းကောင်း ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။

    Omicron တွေ့သည့်နိုင်ငံများ ထပ်တိုး

    နမီးဘီးယားနိုင်ငံက ရောက်လာတဲ့ ခရီးသွားတစ်ဦးမှာ Omicron တွေ့ရတယ်လို့ ဂျပန်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    ကိုဗစ်မျိုးကွဲသစ်ကို ထိန်းချုပ်ဖို့အတွက် ဂျပန်ဟာ နိုင်ငံခြားခရီးသွားတွေ ဝင်ရောက်မှုကို ရက်ပေါင်း ၃၀ တိတိ ပိတ်ပင်ထားမယ်လို့လည်း ကြေငြာခဲ့ပါတယ်။

    ကိုဗစ်မျိုးကွဲသစ် Omicron ကို တောင်အာဖရိကမှာ ပြီးခဲ့တဲ့တစ်ပတ်က တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ဘယ်ဂျီယံ၊ ဘော့စ်ဝါနာ၊ နယ်သာလန်၊ အစ္စရေးနဲ့ ဟောင်ကောင်တို့ အပါအဝင် အနည်းဆုံး ကမ္ဘာ့နိုင်ငံပေါင်း တစ်ဒါဇင်လောက်မှာ ကူးစက်သူတွေကို တွေ့ရှိထားပါတယ်။

    ကိုဗစ်မျိုးကွဲသစ် Omicron ကူးစက်နေကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့မှာ တောင်အာဖရိကနိုင်ငံက ကြေငြာခဲ့ပေမယ့် အဲဒီမတိုင်ခင် ၁၁ ရက်လောက်ကတည်းက မိမိတို့ဆီမှာ တွေ့ရှိခဲ့တယ်လို့ နယ်သာလန်အာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    Ref : Financial Times

  • ကိုဗစ်မျိုးကွဲသစ် Omicron ကူးစက်သူများ အပျော့စားရောဂါလက္ခဏာများသာ ခံစားရ

    ကိုဗစ်မျိုးကွဲသစ် Omicron ကူးစက်သူများ အပျော့စားရောဂါလက္ခဏာများသာ ခံစားရ

    နိုဝင်ဘာ ၂၉၊ ၂၀၂၁
    M-Media

    -ကိုဗစ်မျိုးကွဲသစ် Omicron ကူးစက်သူတွေဟာ အိမ်မှာ ပျောက်အောင်ကုသလို့ရတဲ့ အပျော့စား ရောဂါလက္ခဏာမျိုးတွေသာ ခံစားရပြီး၊ ဆေးရုံတက်ကုရလောက်တဲ့ ဆိုးဆိုးရွားရွား ရောဂါလက္ခဏာမျိုး မတွေ့ရဘူးလို့ မျိုးကွဲသစ်ကို ပထမဆုံးသတိပြုမိခဲ့တဲ့ တောင်အာဖရိကဆရာဝန်တစ်ဦးက ပြောကြားလိုက်ပါတယ်။

    ကိုယ်ပိုင်ဆေးခန်းဖွင့်ထားပြီး တောင်အာဖရိက ဆေးဘက်ဆိုင်ရာအသင်းရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာ အိန်ဂျလီ ကော့ဇ်ဇီဟာ နိုဝင်ဘာ ၁၈ နေ့ကတည်းကစပြီး သူ့ဆီမှာလာပြတဲ့ လူနာတွေကနေတစ်ဆင့် ကိုဗစ်မျိုးကွဲသစ်ကို ပထမဆုံး သတိပြုမိခဲ့တာဖြစ်ပါတယ်။

    Omicron ကူးစက်ပြီး သူ့ဆီကို ရောက်လာတဲ့ လူနာတွေမှာ အပျော့စားရောဂါလက္ခဏာမျိုးတွေသာ တွေ့ရပြီး၊ ဆေးရုံတက်ရလောက်အောင် ပြင်းထန်တာမျိုးမရှိဘဲ၊ အိမ်မှာသာ ပျောက်ကင်းအောင် ကုသနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်လို့ သူမက ဆိုပါတယ်။

    “အများစုက ပင်ပန်းပြီး အားမရှိသလိုခံစားရတာ ၁ ရက် ၂ ရက်လောက်ရှိလို့ လာပြတာလို့ ပြောကြတယ်။ ခေါင်းကိုက်တာ၊ ခန္ဓာကိုယ် ကိုက်ခဲတာနာကျင်တာတွေကိုလည်း သူတို့ ခံစားရပါတယ်”

    ကူးစက်သူတွေဟာ အသက် ၄၀ အောက်သာဖြစ်ကြပြီး Delta တုန်းကလို အနံ့ပျောက်တာ၊ အောက်ဆီဂျင် ရုတ်တရက် ထိုးကျသွားတာမျိုးတွေ မတွေ့ရကြောင်း၊ သူ့ဆီရောက်လာတဲ့ လူနာတွေရဲ့ ထက်ဝက်လောက်က ကာကွယ်ဆေးမထိုးရသူတွေဖြစ်ကြောင်းလည်း အိန်ဂျလီ ကော့ဇ်ဇီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နိုဝင်ဘာ ၁၈ ရက်နေကစပြီး ပင်ပန်းနွမ်းနယ်တဲ့ လူနာတွေ ရုတ်တရက် အများအပြား လာပြတာကြောင့် အိန်ဂျလီ ကော့ဇ်ဇီဟာ တောင်အာဖရိက ကူးစက်ရောဂါဌာနကို အကြောင်းကြားခဲ့ပါတယ်။

    အဲဒီနောက် နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၁၆ ရက်အထိ ရယူထားတဲ့ နှာခေါင်းတို့ဖတ်တွေကို စစ်ဆေးရာကနေ ကိုဗစ်မျိုးကွဲသစ်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့မှာ တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီကိုဗစ်မျိုးကွဲသစ်ကို Omicron လို့ အမည်ပေးခဲ့ပါတယ်။

    လက်ရှိမှာ Omicron ကူးစက်မှုကို ကမ္ဘာ့နိုင်ငံပေါင်း အနည်းဆုံး ၁၀ ခုလောက်မှာ တွေ့လာရပါတယ်။ မျိုးကွဲသစ်ဟာ ကူးစက်မှုဘယ်လောက်အထိ မြန်ဆန်လဲ၊ အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိလား၊ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေ တိုးပါ့မလားဆိုတာနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေက လေ့လာဆန်းစစ်နေပြီး လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ ထုတ်ပြန်နိုင်ဖွယ်ရှိနေပါတယ်။

    Ref: Reuters