News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၄ သိန်းကျော်ပြီ

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၄ သိန်းကျော်ပြီ

    ဇူလိုင် ၇၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၄ သိန်းကျော်လာခဲ့ပြီး ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၆.၉ သန်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

    လက်ရှိ အဆိုးဝါးဆုံး ကူးစက်ရာဒေသက လက်တင်အမေရိကဖြစ်ပြီး စုစုပေါင်း ကူးစက်သူ ၁.၂ သန်းနီးပါး၊ သေဆုံးသူ ၆ သောင်းကျော် ရှိနေပါတယ်။ စမ်းသပ်စစ်ဆေးမှုပမာဏ နည်းတာ၊ သေဆုံးမှု သတင်းမရောက်တာတွေကြောင့် ကူးစက်မှု၊ သေဆုံးမှုအရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ကြပါတယ်။

    သေဆုံးမှုမှာ အမေရိကန်နိုင်ငံက အများဆုံးဖြစ်နေပြီး၊ ဥရောပမှာတော့ ယူကေက ဗိုင်းရပ်ဒဏ်ကို အဆိုးဝါးဆုံးခံစားနေရတဲ့နိုင်ငံ ဖြစ်ပါတယ်။

    တောင်ကိုရီးယားမှာ ကိုရိုနာဒုတိယလှိုင်းလုံးနဲ့ ကြုံတွေ့နေရပြီး၊ အိန္ဒိယနိုင်ငံမှာလည်း ကူးစက်မှုတွေဟာ တစ်နေ့တစ်ခြား ပိုမိုမြင့်တက်လာပါတယ်။

    အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းကာ ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်နေတဲ့ ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca က စက်တင်ဘာမှာ ကာကွယ်ဆေးအရေအတွက် ၂ ဘီလီယံလောက် ဖြန့်ဖြူးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်မှာလည်း ကာကွယ်ဆေး ၂ သန်းလောက် အဆင်သင့်ရှိနေပြီး ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေ အောင်မြင်ရင် ဖြန့်ဖြူးမယ်လို့ ပြောကြားထားပါတယ်။

    Ref: CNN, India Express

  • ဝူဟန်မြို့တွင် Covid-19 အန္တရာယ် ကင်းသွားပြီဟု တရုတ်ကြေငြာ

    ဝူဟန်မြို့တွင် Covid-19 အန္တရာယ် ကင်းသွားပြီဟု တရုတ်ကြေငြာ

    ဇွန် ၄၊ ၂၀၂၀
    M-Media

    -ဝူဟန်မြို့မှာရှိနေတဲ့ လူ ၁၀ သန်းနီးပါးကို ကိုဗစ် ရှိ၊ မရှိ စစ်ဆေးပြီးပြီဖြစ်ပြီး ကိုဗစ်အန္တရာယ် ကင်းသွားပြီလို တရုတ်အာဏာပိုင်တွေက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    တရုတ်နိုင်ငံအလယ်ပိုင်းက ဝူဟန်မြို့ဟာ Covid-19 စတင်ရာဒေသဖြစ်ပြီး အဲဒီကနေတစ်ဆင့် ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံ့သွားခဲ့တာပါ။ တရုတ်နိုင်ငံက ကိုဗစ်ကူးစက်သူ၊ သေဆုံးသူအရေအတွက်ရဲ့ ၈၀ ရာခိုင်နှုန်းက ဝူဟန်ကဖြစ်ပြီး ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့ကို လနဲ့ချီ တံခါးပိတ်ခဲ့ပါတယ်။

    အာဏာပိုင်တွေဟာ မေလ ၁၄ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ မြို့မှာနေထိုင်တဲ့ လူပေါင်း ၉.၉ သန်းကို ကိုရိုနာဗိုင်းရပ် ရှိ၊ မရှိ စစ်ဆေးခဲ့တာပါ။ လူပေါင်း ၃၀၀ မှာ ကိုရိုနာဗိုင်းရပ်စ်ရှိပေမယ့် ရောဂါလက္ခဏာမပြဘဲ သူတို့နဲ့ ဆက်နွယ်နေသူ ၁၁၇၄ ဦးမှာတော့ ဗိုင်းရပ်စ် လုံး၀မရှိတာကို တွေ့ခဲ့ရပါတယ်။

    ဝူဟန်မြို့မှာ လူဦးရေ ၁၁ သန်းလောက် ရှိနေပြီး အသက် ၅ နှစ်အထက်ရှိသူ အားလုံးကိုစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

    “ဒီလိုစစ်ဆေးမှုကြောင့် ဝူဟန်ပြည်သူတွေ စိတ်အေးသွားစေရုံတင်မကဘဲ နိုင်ငံတစ်ဝှမ်းက ပြည်သူတွေရဲ့ ယုံကြည်မှုကိုလည်း မြင့်တက်လာစေပါတယ်။ ဝူဟန်မြို့ဟာ အန္တရာယ်ကင်းသွားပါပြီ” လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ဒုတိယညွှန်ကြားရေးမှူး ဖန်ဂျီကျန်းက ပြောကြားခဲ့ပါတယ်။

    ရောဂါလက္ခဏာမပြသူတွေကြောင့် နောက်ပိုင်းမှာ အန္တရာယ်ဘယ်လောက် ရှိနိုင်လဲဆိုတာကိုတော့ သူမက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

    Ref: Aljazeera

  • ထိရောက်မှုရှိသည့် ရုရှားထုတ် ကိုဗစ်ဆေးကို ဆော်ဒီတွင် စမ်းသပ်မည်

    ထိရောက်မှုရှိသည့် ရုရှားထုတ် ကိုဗစ်ဆေးကို ဆော်ဒီတွင် စမ်းသပ်မည်

    ဇွန် ၁၊ ၂၀၂၀
    M-Media

    -ရုရှားနိုင်ငံမှာထုတ်လုပ်ပြီး ကိုဗစ်ကုသရမှာ ထိရောက်မှုရှိနေတဲ့ ဆေးတစ်မျိုးကို ဆော်ဒီအာရေဗျမှာ စသင်စမ်းသပ် အသုံးပြုတော့မှာ ဖြစ်ပါတယ်။

    Avifavir လို့ အမည်ပေးထားတဲ့ အဲဒီဆေးဝါးကို ရုရှားရဲ့ နိုင်ငံပိုင်လုပ်ငန်း RDIF ကနေ ဦးဆောင်ပြီးဖန်တီးထုတ်လုပ်ထားတာပါ။ ဒီဆေးကို ဇွန်လ ၁ ရက် ဒီနေ့မှာ ထုတ်ပြဖို့ ရှိနေပါတယ်။

    RDIF အကြီးအကဲ ကီရ်ရီလ် ဒီမီထရီဗ်က ဒီဆေးဟာ ရုရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး၊ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုအတွင်း ရလဒ်ကောင်းရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီမှာ စမ်းသပ်အသုံးပြုဖို့အတွက် ဆော်ဒီနဲ့ ရုရှားအာဏာပိုင်တွေ သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။

    Avifavir ဆေးဝါးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ လုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့ ဆေးဝါးမျိုးဖြစ်ပြီး ရုရှားကထုတ်လုပ်ကာ ကုသရာမှာ ထိရောက်မှုရှိကြောင်း တွေ့ရတဲ့ ပထမဆုံး ဆေးဝါးလည်း ဖြစ်ပါတယ်။

    ဒီမီထရီဗ်ကတော့ ကိုဗစ်ကုသရေး ရုရှားက ထုတ်လုပ်တဲ့ဆေးဝါးတွေထဲမှာ ဒီဆေးက ပထမဆုံးမဟုတ်ပေမယ့် ထိရောက်မှုမှာတော့ အခြားဆေးဝါးတွေထက် သာလွန်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • လက်တင်အမေရိကဒေသ Covid-19 ဗဟိုချက်ဖြစ်လာ

    လက်တင်အမေရိကဒေသ Covid-19 ဗဟိုချက်ဖြစ်လာ

    မေ ၂၇၊ ၂၀၂၀
    M-Media

    -လက်တင်အမေရိကဒေသဟာ Covid-19 ကူးစက်ရာ အချက်အခြာနေရာတစ်ခု ဖြစ်လာပြီလို့ ပန်အမေရိက ကျန်းမာရေးအဖွဲ့ (PAHO) က သတိပေးလိုက်ပါတယ်။

    တစ်နေ့တာ ကူးစက်မှုအရေအတွက်မှာ လက်တင်အမေရိကဟာ ဥရောပနဲ့ အမေရိကန်တို့ကို ကျော်ဖြတ်သွားပြီဖြစ်ပါတယ်။ အမေရိတစ်တိုက်လုံးမှာ ကူးစက်သူ ၂.၄ သန်းရှိပြီး၊ သေဆုံးသူက ၁၄၃၀၀၀ ဦး ရှိနေတာပါ။

    လက်ရှိ ဘရာဇီးလ်၊ ပီရူးနဲ့ ချီလီနိုင်ငံတိုမှာ ကူးစက်မှု သိသိသာသာ မြင့်တက်လာပြီး PAHO အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Carissa Etienne က ကန့်သတ်မှုလျော့ချတာ၊ ကာကွယ်ရေးဗျူဟာတွေ ရုပ်သိမ်းတာမျိုး မလုပ်ဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။

    ပီရူးနှင့် ချီလီတို့မှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း ကူးစက်မှုနှုန်းဟာ ကမ္ဘာ့အမြင့်ဆုံး ပမာဏဖြစ်ခဲ့ပြီး ချီလီမှာဆိုရင် အနည်းဆုံး အစိုးရဝန်ကြီး ၂ ဦးအထိ ကူးစက်ခဲ့ပါတယ်။

    “အခုအချိန်ဟာ အားတင်းထားပြီး သတိရှိရမယ့်အချိန်၊ ထိရောက်တဲ့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရမယ့်အချိန်ပါ။ အခြားဒေသတွေကနေပြီး ကျွန်မတို့ သင်ခန်းစာရထားတယ်။ ဘယ်ဟာက အလုပ်ဖြစ်လဲ၊ ဘယ်ဟာက အလုပ်မဖြစ်ဘူးလဲဆိုတာကိုလည်း ကျွန်မတို့ သိရှိထားတယ်။ ကျွန်မတို့ရဲ့ အခြေအနေမှာ ဒီအသိတွေကို ဆက်လက်ပြီး ထည့်သွင်းအသုံးချရပါလိမ့်မယ်” လို့ Carissa Etienne က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: CNN

  • Covid-19 ဒုတိယအဆိုးဆုံးကာလအတွက် ပြင်ဆင်ထားရန် WHO က ကမ္ဘာကို သတိပေး

    Covid-19 ဒုတိယအဆိုးဆုံးကာလအတွက် ပြင်ဆင်ထားရန် WHO က ကမ္ဘာကို သတိပေး

    မေ ၂၆၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်မှု ကျဆင်းတဲ့ နိုင်ငံတွေမှာ ဒုတိယအကြိမ် အဆိုးဆုံးအနေအထားရောက်မယ့် အန္တရာယ် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပြီး တားဆီးထိန်းချုပ်မှု လုပ်ငန်းတွေ ပိုမို ဖိဖိစီးစီး ဆောင်ရွက်ဖို့အတွက်လည်း တိုက်တွန်းလိုက်ပါတယ်။

    ကိုဗစ်ကူးစက်မှု သေဆုံးမှု အရေအတွက် သိသိသာသာ ကျဆင်းလာတာကြောင့် ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် ဥရောပနဲ့ အမေရိကနိုင်ငံတွေဟာ ရွေ့လျားသွားလာမှု ကန့်သတ်ချက်တွေကို ​လျော့ပေါ့ပေးဖို့ ပြင်ဆင်နေတာပါ။

    WHO အရေးပေါ်ဆိုင်ရာ အကြီးအကဲ ဒေါက်တာ မိုက်ရိုင်ယန်က အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်း၊ တောင်အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ကူးစက်မှုအရေအတွက် မြင့်တက်လာတာကို ထောက်ပြခဲ့ပါတယ်။

    ကူးစက်မှုဟာ လှိုင်းလုံးလို လာတတ်ပြီး လက်ရှိ ကူးစက်မှုအရေအတွက် ကျဆင်းနေတဲ့ တိုင်းပြည်တွေမှာ ကန့်သတ်မှုတွေကို လျော့ချလိုက်ရင် အခုနှစ်နှောင်းပိုင်းမှာ ဒုတိယအဆိုးဆုံးအနေအထားကို ကြုံတွေ့လာရနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    “ရောဂါပြန့်ပွားမှုဟာ ဘယ်အချိန်မှာမဆို မြင့်တက်နိုင်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ သိထားဖို့ လိုအပ်ပါတယ်။ ကူးစက်မှုနည်းလာတာကြောင့် ရောဂါဖြစ်ပွားမှု ကျဆင်းနေပြီဆိုပြီး မှတ်ယူလို့ မရပါဘူး။ ဒုတိယလှိုင်းလုံးအတွက် ပြင်ဆင်ဖို့ လအနည်းငယ် ကျန်နေသေးတယ်။ ဒီလှိုင်လုံးမှာ ဒုတိယအဆိုးဆုံးကာလကို ကျွန်တော်တို့ တွေ့လာရနိုင်ပါတယ်”

    ဥရောပ၊ အမေရိကနိုင်ငံတစ်ချို့ဟာ ရွေ့လျားသွားလာမှု ကန့်သတ်ချက်ကို တစ်ဆင့်ချင်းစီ လျော့ချနေပြီး မိုက်ရိုင်ယန်က ပြည်သူ့ကျန်းမာရေး၊ စောင့်ကြည့်မှု၊ ရောဂါတားဆီးကာကွယ်ရေး ပြည့်၀တဲ့ မဟာဗျူဟာတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera