News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ရိုဟင်ဂျာဒုက္ခသည်များရှိ ကော့ဆက်ဘဇားခရိုင်ကို ဘင်္ဂလားဒေ့ရှ်က တံခါးပိတ်

    ရိုဟင်ဂျာဒုက္ခသည်များရှိ ကော့ဆက်ဘဇားခရိုင်ကို ဘင်္ဂလားဒေ့ရှ်က တံခါးပိတ်

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    ရိုဟင်ဂျာ ဒုက္ခသည်စခန်း

    -ရိုဟင်ဂျာဒုက္ခသည် သိန်းချီရှိတဲ့ ရခိုင်ပြည်နယ်နဲ့ ကပ်နေတဲ့ ကော့ဆက်ဘဇားခရိုင်ကို ဘင်္ဂလားဒေ့ရှ်က မနေ့မှာ လုံး၀တံခါးပိတ်လိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို တားဆီးကာကွယ်ရေးအတွက် ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းတွေမှာ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်မှု မရှိသေးပေမယ့် လူဦးရေပြွတ်သိပ်နေတဲ့ အဲဒီနေရာတွေဟာ ရောဂါပြန့်နှံ့ရာနေရာတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားတာပါ။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော်လောက် ဘင်္ဂလာဒေ့ရှး်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီမတိုင်ခင်ကလည်း မြန်မာနိုင်ငံမှာ ဖိနှိပ်ညှင်းပမ်းမှုတွေကြောင့် ရိုဟင်ဂျာ ၂ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အဖြစ် နေထိုင်နေရတာ ဖြစ်ပါတယ်။

    ကော့ဆက်ဘဇားခရိုင်မှာမှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် လူဦးရေ ၃.၄ သန်းလောက် ရှိနေတာပါ။

    အခြေအနေတွေတိုးတက်တဲ့အထိ ခရိုင်အတွင်းကို မည်သူမှမဝင်ရ၊ မည်သူမှ မထွက်ရလို့ အစိုးရရဲ့ ညွှန်ကြားချက်မှာ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စောင့်ကြည့် ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

    ကုလရဲ့ ဒုက္ခသည်များ ကူညီထောက်ပံ့ရေးအဖွဲ့ UNHCR က တာဝန်ရှိသူ မဟ်ဘူးဘ် အလန် တာလွတ်က်ဒါက အကူအညီပေးရေး လုပ်သားတွေအပေါ်မှာပါ လှုပ်ရှားသွားလာမှု ကန့်သတ်ထားပြီး ဝန်ထမ်းအရေအတွက်ကို ၈၀ ရာခိုင်နှုန်းအထိ လျော့ချထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ၂၀၀ ကျော်လာခဲ့ပြီး သေဆုံးသူက ၂၀ ရှိနေပါတယ်။

    Ref: CNA

  • Covid-19 ကူးစက်မှုနှုန်း မကျသေးတဲ့ အရှေ့တောင်အာရှ

    Covid-19 ကူးစက်မှုနှုန်း မကျသေးတဲ့ အရှေ့တောင်အာရှ

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    စင်ကာပူရှိ နိုင်ငံခြားသား အလုပ်သမားတန်းလျားတစ်ခု

    ဖိလစ်ပိုင်တွင် သေဆုံးသူ ၂၂၁ ဦး ရှိလာ

    ဖိလစ်ပိုင်မှာ ဒီကနေ့ ဗိုင်းရပ်စ်ထပ်မံကူးစက်သူ ၁၁၉ ဦး သေဆုံးသူ ၁၈ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ၂၂၁ ဦး၊ ကူးစက်သူ ၄၁၉၅ ဦး ရှိလာတာပါ။ ပြန်လည်ကောင်းမွန်သူ အရေအတွက်က ၁၄၀ ရှိနေပါတယ်။ ဖိလစ်ပိုင်ဟာ လူနေထူထပ်ရာ လူဇွန်ကျွန်းမှာ လှုပ်ရှားသွားလာမှုကန့်သတ်မိန့် ထုတ်ပြန်ထားပါတယ်။

    ဂျကာတာတွင် အပြင်းထန်ဆုံး ကန့်သတ်မှု ပြလုပ်

    အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ဧပြီ ၁၀ ရက်နေ့ (ဒီကနေ့) ကစပြီး အတင်းကြပ်ဆုံး ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ လူ သန်း ၃၀ လောက်နေထိုင်တဲ့ ဂျကာတာဟာ ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု အမြင့်ဆုံးနေရာဖြစ်ပါတယ်။ ပြည်သူတွေကို အိမ်တွေမှာနေထိုင်ဖို့ တိုက်တွန်းထားသလို ဗလီတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကိုလည်း နောက်ထပ် ၂ ပတ်အထိ ပိတ်ခိုင်းထားပါတယ်။ အမိန့်ကို ချိုးဖောက်သူတွေကို ထောင်ဒဏ်တစ်နှစ် ဒါမှမဟုတ် ကြီးလေးတဲ့ဒဏ်ငွေ ချမှတ်မယ်လို့လည်း သတိပေးထားပါတယ်။ မနေ့ကအထိ ဗိုင်းရပ်ကူးစက်သူ ၃၂၃၉ ဦး၊ သေဆုံးသူ ၂၈၀ ဦး ရှိနေပါတယ်။

    အရှေ့တီမောတွင် ဒုတိယမြောက်ကူးစက်သူကို တွေ့ရှိ

    အရှေ့တီမောနိုင်ငံမှာ ဒုတိယမြောက် ကူးစက်နေသူ တွေ့ရတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။ ကူးစက်သူဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်တီမောကို ခရီးသွားခဲ့သူပါ။ လူဦးရေ ၁.၃ သန်းရှိတဲ့ အရှေ့တီမောမှာ မတ်လ ၂၁ ရက်နေ့က ပထမဆုံးကူးစက်သူကို တွေ့ခဲ့ရပြီး အခုအချိန်မှာတော့ ဗိုင်းရပ်စ်ကင်းစင်သွားပြီ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံတွင်လည်း ကူးစက်မှု မြင့်တက်နေ

    ထိုင်းနိုင်ငံမှာ ဒီကနေ့ ထပ်မံကူးစက်သူ ၅၀ ဦး၊ သေဆုံးသူ ၁ ဦး ရှိခဲ့ပါတယ်။ ၂၇ ဦးဟာ အရင်ကူးစက်ထားသူတွေနဲ့ ဆက်စပ်နေပြီး ၃ ဦးက နိုင်ငံခြားကနေ ကူးစက်လာတာဖြစ်ပါတယ်။ အခြား ၈ ဦးရဲ့ ကူးစက်မှုကိုတော့ ဖော်ထုတ်နေဆဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၂၄၇၃ ဦး ရှိပြီး၊ သေဆုံးသူက ၃၃ ဦး ရှိပြီ ဖြစ်ပါတယ်။ ပြန်လည်ကောင်းမွန်သူအရေအတွက်ကတော့ ၁၀၁၃ ဦးရှိပါတယ်။

    စင်ကာပူရှိ နိုင်ငံခြားအလုပ်သမားတန်းလျားတွင် ဗိုင်းရပ်စ်ကူးစက်သူ ရာချီရှိနေ

    စင်ကာပူမှာ မနေ့က ကူးစက်သူဦးရေဟာ ၂၈၇ ဦးရှိခဲ့ပြီး ဒါဟာ တစ်နေ့တာကူးစက်မှု အမြင့်ဆုံးပမာဏလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ကလည်း ကူးစက်သူ ၁၂၄ ဦးရှိခဲ့ပြီး ကူးစက်သူအများစုဟာ နိုင်ငံခြားအလုပ်သမားတွေနေထိုင်ရာ တန်းလျားတွေက ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစပေါင်း ကူးစက်မှုဟာ ၁၉၁၀ ဦး ရှိလာပြီး ၃၁၄ ဦးက ပြန်လည် သက်သာသွားပြီဖြစ်ပါတယ်။ သေဆုံးသူကတော့ ၆ ဦး ရှိပါတယ်။ ကူးစက်မှုဖြစ်နေတဲ့ အလုပ်သမားတန်းလျားအပါအဝင် စုစုပေါင်း အလုပ်သမားတန်းလျား ၅ ခုကို စင်ကာပူက လှုပ်ရှားသွားလာမှု ကန့်သတ်ခဲ့ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

    Ref : CNA, Aljazeera

    (စင်ကာပူရှိ နိုင်ငံခြားသား အလုပ်သမားတန်းလျားတစ်ခု)

  • အီတလီတွင် ကိုရိုနာဗိုင်းရပ် ကူးစက်သေဆုံးသည့် ဆရာဝန်အရေအတွက် ၁၀၀ ရှိလာ

    အီတလီတွင် ကိုရိုနာဗိုင်းရပ် ကူးစက်သေဆုံးသည့် ဆရာဝန်အရေအတွက် ၁၀၀ ရှိလာ

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    -ဖေဖော်ဝါရီလ Covid-19 စတင်ပြန့်နှံ့ကတည်းက လူနာတွေကို ကုသရင်း ကူးစက်သေဆုံးခဲ့တဲ့ ဆရာဝန်အရေအတွက်ဟာ ၁၀၀ လောက်ရှိသွားပြီလို့ အီတလီကျန်းမာရေးအသင်း FNOMCeO က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    သေဆုံးသွားသူတွေထဲမှာ လွန်ခဲ့တဲ့ တစ်လလောက်က အစိုးရရဲ့ အကူအညီတောင်းမှုကြောင့် တာဝန်ပြန်လည်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဆရာဝန်တွေလည်း ပါဝင်ပါတယ်။ အီတလီမီဒီယာတွေကတော့ သူနာပြုနဲ့ သူနာပြုအကူ ၃၀ လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အီတလီမှာ ဗိုင်းရပ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဧပြီ ၁၀ ရက်နေ့အထိ ၁၇၆၆၉ ဦး ရှိပြီဖြစ်ပါတယ်။

    FNOMCeO အဖွဲ့ရဲ့ ဥက္ကဌ ဖိလစ်ပို အနဲလ်လီက အသင်းဝင် ကျန်းမာရေးဝန်ထမ်းတွေ အကာအကွယ်မရှိဘဲ ကုသတာမျိုးကို ခွင့်ပြုမှာမဟုတ်ဘူးလို့ အသင်းရဲ့ ဝဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။

    ရောမမြို့ခြေစိုက် ISS ကျန်းမာရေး အင်စတီကျုက အီတလီမှာ ရောဂါကူးစက်သူ အရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ ကျန်းမာရေးလုပ်သားတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကြောင်နှင့် ခွေးများမှ လူသို့ Covid-19 မကူးနိုင်ဟု ပညာရှင်များပြော

    ကြောင်နှင့် ခွေးများမှ လူသို့ Covid-19 မကူးနိုင်ဟု ပညာရှင်များပြော

    ဧပြီ ၉၊ ၂၀၂၀
    M-Media

    -ကြောင်တွေ၊ ခွေးတွေလို အိမ်မွေးတိရစ္ဆာန်တွေကနေ လူတွေကို ကိုရိုနာဗိုင်းရပ်စ် မကူးစက်နိုင်တဲ့အတွက် မစိုးရိမ်ကြဖို့ သုတေသန ပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    “အိမ်မွေးခွေး ဒါမှမဟုတ် ကြောင်ကနေ လူသားကို Covid-19 ကူးစက်တဲ့ ဖြစ်စဉ် တစ်ခုတောင်မှ မရှိသေးပါဘူး” လို့ ဟောင်ကောင် City University တက္ကသိုလ်က ဒေါက်တာ အိန်ဂျယ် အလ်မန်ဒရို့စ်က ပြောပါတယ်။

    ဒါပေမယ့် ကြောင်းအချင်းချင်းမှာတော့ ဒီရောဂါ ကူးစက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ကပ်ရောဂါ ပြန့်နှံ့နေတဲ့အချိန်မှာ ကြောင်တွေကို အိမ်ထဲမှာပဲ ထားတာမျိုးက ပိုပြီး ဘေးကင်းလုံခြုံတယ်လို့လည်း ဒေါက်တာ အလ်မန်ဒရို့စ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဗြိတိသျှ တိရစ္ဆာန်ဆရာဝန်များအသင်း BVA ရဲ့ ဥက္ကဌ ဒန်နီယဲလ်လာ ဒေါ့စ် ဆန်းတို့စ်က ဒီတိုက်တွန်းမှုကို ထောက်ခံတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်တွေကို အိမ်ထဲမှာပဲ ထားဖို့ အကြံပြုတာဟာ အိမ်က တစ်ယောက်ယောက် ရောဂါလက္ခဏာ ပြတဲ့အခါမျိုးမှာ ကြိုတင်ကာကွယ်မှုတစ်ရပ်အဖြစ် လုပ်ဆောင်ဖို့ဖြစ်ပြီး၊ လက်အမြဲဆေးတဲ့ အကျင့်မွေးဖို့ လိုအပ်ကြောင်း၊ ကြောင်တွေ၊ ခွေးတွေရဲ့ အမွှေးတွေဟာ ဗိုင်းရပ်စ် သယ်ဆောင်နိုင်တယ်ဆိုတာကို ဂရုပြုဖို့လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အိမ်မွေးတိရစ္ဆာန်ကနေ လူကို Covid-19 ကူးစက်မှု မရှိသေးပေမယ့် လူကနေ တိရစ္ဆာန်ကို ကူးစက်မှုဟာ အမေရိကန်ပြည်ထောင်စုက တိရစ္ဆာန်ရုံတစ်ခုမှာ ဖြစ်ပွားခဲ့ပြီး ကျားနဲ့ ခြင်္သေ့ စုစုပေါင်း ၆ ကောင် ကူးစက်ခဲ့ပါတယ်။

    Ref: BBC

  • မလေးရှားတွင် Lockdown ကာလအတွင်း ရဲ ၆၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူး

    မလေးရှားတွင် Lockdown ကာလအတွင်း ရဲ ၆၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူး

    ဧပြီ ၉၊ ၂၀၂၀
    M-Media

    -တစ်နိုင်ငံလုံး ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားတဲ့ ကာလအတွင်း ရဲတပ်ဖွဲ့ ၆၆ ဦး Covid-19 ကူးစက်ခံခဲ့ရတယ်လို့ မလေးရှား ရဲတပ်ဖွဲ့က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ကူးစက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၁၂၂၅ ဦးကို အာဏာပိုင်တွေက လက်ရှိမှာ သီးသန့်ခွဲခြား စောင့်ကြည့်နေပါတယ်။

    “သီးသန့်ခွဲထားပြီး စောင့်ကြည့်ခံနေရသူတွေဟာ အရာရှိ ၁၅၅ ဦး၊ တပ်သား ၆၅၄ ဦးနဲ့ မိသားစုဝင် ၃၈၁ ဦး ဖြစ်ပါတယ်။ သူတို့ရဲ့ အခြေအတွေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်” လို့ ဘူကစ်အေမန်ရဲဌာနက ကွန်မန်ဒါ ဒါတွတ်ဆရီ အခ်ရိုင် ဆာနီ အဘ်ဒူလာ ဆာနီက ပြောကြားခဲ့ပါတယ်။

    မလေးရှားဟာ မတ်လအလယ်ကတည်းက နိုင်ငံကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားတာဖြစ်ပြီး ဒီအမိန့်ကို တာဝန်ယူ အကောင်အထည်ဖော်နေစဉ်အတွင်း လူတွေနဲ့ ထိတွေ့ရာကနေ ရဲတပ်ဖွဲ့ဝင်တွေ ကူးစက်ခံရတာဖြစ်တယ်လို့လည်း အလ်ဒူလာ ဆာနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: The Star