News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • တရုတ်တွင် အမည်မသိအဆုတ်ရောင်ရောဂါကူးစက်မှု ပိုမိုဆိုးဝါးလာ

    တရုတ်တွင် အမည်မသိအဆုတ်ရောင်ရောဂါကူးစက်မှု ပိုမိုဆိုးဝါးလာ

    ဇန်နဝါရီ ၂၂၊ ၂၀၂၀
    M-Media

    -အမည်မသိ အဆုတ်ရောင်ရောဂါကူးစက်မှု အရေအတွက်ဟာ ၄၄၀ အထိ မြင့်တက်လာခဲ့ပြီး သန္ဓေပြောင်းကာ ပိုမိုကူးစက်နိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စတင်ပြန့်နှံ့တဲ့ အဲဒီရောဂါပိုးဟာ အခုအချိန်မှာ ပြည်နယ် ၁၃ ခုကို ရောက်ရှိသွားခဲ့ပြီး သေဆုံးသူအရေအတွက်ကလည်း ၉ အဦးအထိ ရှိလာပါတယ်။

    တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ တာဝန်ရှိသူ လီဘင်က ဒီရောဂါဟာ အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တာဖြစ်ပြီး သန္ဓေပြောင်းကာ ပိုမိုပြန့်နှံ့နိုင်တယ်လို့ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရောဂါဟာ လူအချင်းချင်း ကူးစက်နိုင်တယ်လို့လည်း တရုတ်က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    မကြာသေးခင်က တရုတ်နိုင်ငံကနေ ပြန်လာတဲ့ နိုင်ငံသားတစ်ဦးမှာ ဒီရောဂါတွေ့ခဲ့ရတယ်လို့ အမေရိကန်က မနေ့မှာ အတည်ပြုခဲ့ပြီး ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့နောက်ပိုင်း ရောဂါရောက်ရှိတဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတယ်။

    တရုတ်ရဲ့ ပိုင်နက်တစ်ခုဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ မကာအိုကလည်း ရောဂါကူးစက်သူတစ်ဦး တွေ့ရှိရတယ်လို့ မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကာစီနိုလောင်းကစား၀ိုင်းတွေကို တရားဝင်ဖွင့်လှစ်ထားတဲ့ မကာအိုဟာ တရုတ်ခရီးသွားတွေ အသွားများတဲ့ နေရာလည်း ဖြစ်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဒီကနေ့နှောင်းပိုင်းမှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ ရှိနေပါတယ်။

    တရုတ်က အမည်မသိအဆုတ်ရောင်ရောဂါကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အရင်က ပြန့်နှံ့ခဲ့တဲ့ SARS ရောဂါအမျိုးအစားအဖြစ် သတ်မှတ်ထားပြီး ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera

  • ကင်ဆာအားလုံး ကုသနိုင်မည့် နည်းလမ်းတစ်ခု လူ့ကိုယ်ခံစွမ်းအားတွင် တွေ့ရှိ

    ကင်ဆာအားလုံး ကုသနိုင်မည့် နည်းလမ်းတစ်ခု လူ့ကိုယ်ခံစွမ်းအားတွင် တွေ့ရှိ

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    -လူသားတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကနေ လတ်တလော ရှာဖွေတွေ့ရှိခဲ့တဲ့ အစိတ်အပိုင်းတစ်ခုဟာ ကင်ဆာရောဂါအားလုံးကို ပျောက်ကင်းစေမယ့် အလားအလာ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    ကိုယ်ခံစွမ်းအားစနစ် (Immune System) ဆိုတာ ခန္ဓာကိုယ်အတွင်း ကူးစက်ရောဂါတွေ ဝင်ရောက်မှုကို တားဆီးကာကွယ်တဲ့ စနစ်လို့ လူသိများပြီး ဒီစနစ်ဟာ ကင်ဆာဆဲလ်တွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

    ယူကေနိုင်ငံ ကာဒစ်ဖ်တက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့တစ်ခုရဲ့ လေ့လာဆန်းစစ်မှုမှာ ကိုယ်ခံစွမ်းအားစနစ်က အစိတ်အပိုင်းသစ်တစ်ခုကို တွေ့ရှိခဲ့ရပြီး ဓာတ်ခွဲခန်းအတွင်း ဆီးကြိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အခြားကင်ဆာတွေကို ဖျက်ဆီးပေးနိုင်တာ တွေ့ခဲ့ရပါတယ်။

    ပညာရှင်တွေဟာ ဒီတွေ့ရှိချက်ကို Nature Immunology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ လက်ရှိ လူသားတွေမှာ စမ်းသပ်ရခြင်း မရှိသေးပေမယ့် အောင်မြင်နိုင်မယ့်အလားအလာကောင်းတွေ ရှိနေတယ်လို့လည်း ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    ဘာကိုတွေ့တာလဲ

    သိပ္ပံပညာရှင်တွေဟာ သွေးထဲက T-cell လို့ခေါ်တဲ့ ဆဲလ်တစ်မျိုးကို တွေ့ရှိခဲ့တာဖြစ်ပြီး ဒီဆဲလ်ဟာ ခန္ဓာကိုယ်ထဲမှာ တိုက်ဖျက်ရမယ့် ရောဂါတွေရှိလားဆိုတာ စောင့်ကြည်စကန်ဖတ်ပေးတဲ့ ဆဲလ်ဖြစ်ပါတယ်။ ဒီဆဲလ်ရဲ့ နောက်ထပ်ထူးခြားချက်က ကင်ဆာဆဲလ်တော်တော်များများကို ဖျက်ဆီးနိုင်တာဖြစ်ပါတယ်။

    သိပ္ပံပညာရှင် ပရော်ဖက်ဆာ အန်ဒရူးဆီဝဲလ်က ‌အခုတွေ့ရှိမှုဟာ ကင်ဆာရောဂါအားလုံးကို ကုသနိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အရင်က T-cell နဲ့ကုသတဲ့ ကင်ဆာကုထုံး ရှိပေမယ့် လူကီးမီးယားလို သွေးကင်ဆာမျိုးမှာပဲ ကုသလို့ရပြီး အကြိတ်ထွက်တဲ့ ကင်ဆာရောဂါမျိုးတွေမှာတော့ အောင်မြင်မှုမရပါဘူး။

    Ref: BBC

  • တရုတ်တွင်ပြန့်နှံ့နေသည့် အမည်မသိ အဆုတ်ရောင်ရောဂါ လူလူချင်းကူးစက်ပြီ

    တရုတ်တွင်ပြန့်နှံ့နေသည့် အမည်မသိ အဆုတ်ရောင်ရောဂါ လူလူချင်းကူးစက်ပြီ

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    -အမည်မသိအဆုတ်ရောင်ရောဂါ လူလူချင်း ပထမဆုံး ကူးစက်မှုကို တွေ့ခဲ့ရတယ်လို့ တရုတ်နိုင်ငံက မနေ့မှာ အတည်ပြုပြောကြားလိုက်ပြီး တရုတ်နှစ်ကူးခရီးသွားရာသီမှာ ကမ္ဘာတစ်ဝှမ်း မြန်မြန်ဆန်ဆန် ပြန့်နှံ့လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုလည်း မြင့်တက်လာပါတယ်။

    နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ ပင်လယ်စာစျေးကွက်ကနေ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ဒီရောဂါဟာ အခုအချိန်မှာတော့ တရုတ်နိုင်ငံက မြို့ကြီးတစ်ချို့နဲ့ အာရှနိုင်ငံ ၃ ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း တရုတ်နိုင်ငံတစ်ဝှမ်း ဒီရောဂါ ပြန့်နှံ့မှုပေါင်း ၁၄၀ ကျော်‌ ဖြစ်ပွားခဲ့ပြီး လူ ၂၁၆ ဦး ကူးစက်ခံနေရပါတယ်။ သေဆုံးသူကတော့ ဇန်နဝါရီ ၂၀ ရက်နေ့အထိ ၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင် အကြီးအကဲ ကျုံးနန်ရှာက နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်းပြည်နယ်မှာ လူ ၂ ဦးဟာ ဝူဟန်ကို သွားရောက်လည်ပတ်တဲ့ မိသားစုဝင်တွေထံကနေတစ်ဆင့် ကူးစက်ခဲ့ပြီး၊ ကျန်းမာရေးဝန်ထမ်း ၁၄ ဦး လူနာတွေထံကနေ ကူးစက်ခဲ့တယ်လို့ မနေ့က နိုင်ငံပိုင် CCTV သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    လူလူချင်းကူးစက်မှုဟာ ရောဂါကို အလျင်အမြန် ပြန့်နှံ့စေနိုင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီရောဂါကို ‘နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေ’ အဖြစ် ကြေငြာရမလားဆိုတာ ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်အစည်းအဝေး ‌ခေါ်ယူဆွေးနွေးမှာဖြစ်ပါတယ်။

    လာမယ့်တစ်ပတ် တရုတ်နှစ်ကူး အားလပ်ရက်မှာ သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေ ခရီးသွားမှာကြောင့် ရောဂါပြန့်နှံမှု မြင့်တက်လာနိုင်ပြီး ဒါကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရှိတယ်လို့လည်း ကျုံးနန်ရှာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဝူဟန်ကပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒီရောဂါလက္ခဏာတွေ့ရတယ်လို့ တောင်ကိုရီးယားနိုင်ငံက မနေ့မှာ ထုတ်ပြန်ခဲ့ပြီး ထိုင်းနဲ့ ဂျပန်တို့ပြီးတဲ့နောက် ရောဂါရောက်ရှိလာတဲ့ တတိယမြောက် အာရှနိုင်ငံ ဖြစ်လာပါတယ်။

    Ref: AFP

  • အမည်မသိ အဆုတ်ရောင်ရောဂါပြန့်နှံ့မှု တစ်ပတ်အတွင်း ၁၄၀ နီးပါးရှိဟု တရုတ်အတည်ပြု

    အမည်မသိ အဆုတ်ရောင်ရောဂါပြန့်နှံ့မှု တစ်ပတ်အတွင်း ၁၄၀ နီးပါးရှိဟု တရုတ်အတည်ပြု

    ဇန်နဝါရီ ၂၀၊ ၂၀၂၀
    M-Media

    -အမည်မသိ နမိုးနီးယားရောဂါကြောင့် လူတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ကူးစက်မှု ၁၄၀ နီးပါးဖြစ်လာကာ နိုင်ငံရဲ့ အခြားဒေသတွေအထိ ရောက်ရှိလာတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

    နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က ပင်လယ်စာစျေးကနေ စတင်ကူးစက်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါဟာ အခုအချိန်မှာတော့ အရှေ့ပိုင်းက မြို့တော်ဘေဂျင်းနဲ့ တောင်ပိုင်းက ဂွမ်ဒုန်းပြည်နယ်တွေအထိ ပြန့်နှံ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    တောင်ပိုင်းက ရှင်ကျန်းမြို့မှာ အသက် ၆၆ နှစ်အရွယ်အမျိုးသားတစ်ဦး မနေ့က သေဆုံးသွားခဲ့ပြီး ဒါဟာ အမည်မသိ အဆုတ်ရောင်ရောဂါကြောင့် တတိယမြောက်သေဆုံးသူ ဖြစ်ပါတယ်။ ဝူဟန်ကို သွားရောက်ခဲ့တဲ့ အဲဒီအမျိုးသားကို ဇန်နဝါရီ ၁၁ ရက်နေ့ကတည်းက သီးသန့်ခွဲထား ကုသခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်အတွင်း နောက်ထပ် ကူးစက်မှု ၁၃၆ ခု တွေ့ခဲ့တယ်လို့ ဝူဟန်အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ ဘေဂျင်းမှာ ကူးစက်မှု ၂ ခုရှိခဲ့ပြီး ဂွမ်ဒုန်းမှာ ကူးစက်မှု တစ်ခု ရှိခဲ့ပါတယ်။ ရောဂါသံသယကြောင့် စောင့်ကြည့်ကုသရသူ အရေအတွက်ဟာ တရုတ်နိုင်ငံတစ်ဝှမ်းမှာ ၂၀၁ ဦး ရှိခဲ့ပြီး ၉ ဦးက စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။

    နိုင်ငံရပ်ခြား ကူးစက်မှုကတော့ ထိုင်းနိုင်ငံမှာ ၂ ဦး၊ ဂျပန်နိုင်ငံမှာ ၁ ဦး ရှိနေပါတယ်။ အခုတစ်ပတ် တရုတ်နှစ်ကူး အားလပ်ရက်မှာ တရုတ်နိုင်ငံသားတွေ ခရီးထွက်မှာကြောင့် ဒီရောဂါ အလွန်အမင်း ပြန့်နှံ့သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • တရုတ်တွင် အမည်မသိရောဂါပြန့်နှံ့ဖြစ်ပွားမှု တရားဝင်ထုတ်ပြန်ထားသည့်ထက် ပိုများနိုင်

    တရုတ်တွင် အမည်မသိရောဂါပြန့်နှံ့ဖြစ်ပွားမှု တရားဝင်ထုတ်ပြန်ထားသည့်ထက် ပိုများနိုင်

    ဇန်နဝါရီ ၁၈၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က အမည်မသိ အဆုတ်ရောင်ရောဂါသစ် ကူးစက်ပြန့်နှံ့မှုဟာ တရုတ်အစိုးရရဲ့ ထုတ်ပြန်ချက် များပြားပြီး လူတစ်‌ထောင်ကျော်လောက် ရှိနိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောကြားလိုက်ပါတယ်။

    ပင်လယ်စာစျေးတစ်ခုကနေ စတင်ခဲ့တဲ့ ဒီရောဂါ ကူးစက်သူဟာ အနည်းဆုံး ၄၁ ဦး ရှိနေပြီလို့ အရင်က တရုတ်အာဏာပိုင်တွေ ထုတ်ပြန်ထားပြီး ဒီကနေ့မှာတော့ နောက်ထပ် ၄ ဦး ထပ်မံကူးစက်ခဲ့တယ်လို့ ဆိုပါတယ်။ ရောဂါကြောင့် သေဆုံးသူဟာ ၂ ဦးအထိ ရှိလာပါတယ်။

    လန်ဒန် Imperial ကောလိပ်က ကမ္ဘာ့ကူးစက်ရောဂါ လေ့လာဆန်းစစ်ရေးဌာနရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီရောဂါကူးစက်သူအရေအတွက်ဟာ ဇန်နဝါရီ ၁၂ ရက်နေ့အထိ တစ်ထောင်ကျော်နိုင်တယ်လို့ ဖော်ပြထားပြီး WHO အပါအဝင် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးအဖွဲ့အစည်းတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    ထိုင်းနိုင်ငံမှာ ဒီရောဂါကူးစက်နေသူ ၂ ဦး၊ ဂျပန်နိုင်ငံမှာတစ်ဦး တွေ့ရှိခဲ့ရပြီး ဒါကိုအခြေခံကာ ဝူဟန်မြို့ လေဆိပ်က ရရှိတဲ့ နိုင်ငံတကာ လေကြောင်းသွားလာမှု အချက်အလက်တွေကို ပေါင်းစပ်ပြီး ပညာရှင်တွေက သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

    လေ့လာဆန်းစစ်မှု ပြုလုပ်သူတွေထဲက ပညာရှင်တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ နီးလ် ဖာဂူဆန်က ဝူဟန်မြို့က ကူးစက်သူ ၃ ဦး အခြားနိုင်ငံတွေကို ရောက်ရှိသွားတာကြည့်ရင် မြို့တွင်းမှာ အမှန်တကယ် ကူးစက်သူအရေအတွက်ဟာ သတင်းထုတ်ပြန်တာထက် ပိုမိုများပြားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၁၀ နှစ်အရင် တရုတ်နိုင်ငံက စတင်ခဲ့တဲ့ SARS ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း လူထောင်သောင်းချီ ကူးစက်ကာ လူရာချီ သေဆုံးခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေက အခုရောဂါဟာ SARS ရောဂါလောက် ပြင်းထန်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

    ‌ဟောင်ကောင်၊ အမေရိကန်နဲ့ ထိုင်းတို့အပါအဝင် ကမ္ဘာတစ်ဝှမ်း နိုင်ငံတော်တော်များများကလည်း တရုတ်နိုင်ငံကနေ ရောက်ရှိလာတဲ့ ခရီးသည်တွေကို စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera