News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • တရုတ်နိုင်ငံမှ အမည်မသိကူးစက်ရောဂါကို တွေ့ရကြောင်း ဂျပန်အတည်ပြု

    တရုတ်နိုင်ငံမှ အမည်မသိကူးစက်ရောဂါကို တွေ့ရကြောင်း ဂျပန်အတည်ပြု

    ဇန်နဝါရီ ၁၆၊ ၂၀၂၀
    M-Media

    ဟောင်ကောင်လေဆိပ်တွင် တရုတ်ခရီးသွားများကို စောင့်ကြည့်မှု

    -တရုတ်နိုင်အလယ်ပိုင်း ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့ အမည်မသိ အဆုတ်ရောင်ရောဂါ ကူးစက်သူတစ်ဦး တွေ့ရှိခဲ့ရတယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာကန ဒီကနေ့မှာ ထုတ်ပြန်လိက်ပါတယ်။

    နိုင်ငံတောင်ပိုင်း ကာနာဂါဝါပြည်နယ်က အသက် ၃၀ ကျော်အရွယ် အမျိုးသားမှာ ကူးစက်နေတာဖြစ်ပြီး သူဟာ ရောဂါပြန့်နှံ့နေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားရောက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပြန်အလာမှာ အဖျားပါလာတဲ့အတွက် ဆေးရုံတင်ခဲ့ရပြီး မနေ့မှာတော့ ရောဂါလက္ခဏာသက်သာကာ ဆေးရုံကနေ ဆင်းသွားခဲ့ပါတယ်။

    တရုတ်နိုင်ငံမှာ ဒီရောဂါ ကူးစက်ပြန့်နှံ့မှုအရေအတွက် ၄၁ ခုအထိ ရှိလာပြီး အသက် ၆၁ နှစ်အရွယ် အဖွားအိုတစ်ဦး သေဆုံးခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဗိုင်းရပ်စ်အသစ်ဟာ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒီရောဂါကူးစက်နေတဲ့ တရုတ်အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ပြီး သီးသန့်စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    လာမယ့်တစ်ပတ် တရုတ်နှစ်သစ်ကူးကာလမှာ သိန်းသန်းချီတဲ့တရုတ်လူမျိုးတွေဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှုတွေ ပြုလုပ်မှာကြောင့် အာရှနိုင်ငံတွေဟာ တရုတ်ခရီးသွားတွေကို စောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်။

    တရုတ်နိုင်ငံမှာ စတင်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ SARS ဟာ ၂၀၀၂ ခုနှစ်က ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၃၇ နိုင်ငံက လူပေါင်း ၈၀၀၀ လောက်မှာ ကူးစက်ဖြစ်ပွားခဲ့ပြီး လူ ၈၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • မလေးရှားတွင် ရာသီတုပ်ကွေးဖြစ်ပွားမှု မြင့်တက်လာ

    မလေးရှားတွင် ရာသီတုပ်ကွေးဖြစ်ပွားမှု မြင့်တက်လာ

    ဇန်နဝါရီ ၁၀၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံမှာ ‌ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် တစ်ချို့ဒေသတွေမှာ စာသင်ကျောင်းတွေ ပိတ်ထားရတာ၊ ဆေးရုံတွေမှာ လူပြည့်တာတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

    ဇန်နဝါရီဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းအထိ ပီနန်နဲ့ ဆီလန်ဂေါပြည်နယ်တွေမှာ ရာသီတုပ်ကွေးဖြစ်ပွားမှု အရေအတွက်ဟာ အနည်းဆုံး ၅၃ ဦး ရှိလာခဲ့ပြီး တစ်ချို့ဆေးရုံတွေက လူနာတွေကို အိမ်ပြန်အနားယူဖို့ ပြန်လွှတ်တာတွေလည်း ရှိလာပါတယ်။

    မြို့တော် ကွာလာလမ်ပူဆင်ခြေဖုန်းက ဆိုက်ဘာဂျာယာ‌နဲ့ ကလန်းမြို့နယ်တွေမှာလည်း ရာသီတုပ်ကွေး ဖြစ်ပွားမှု ရှိနေပြီး အနည်းဆုံး ၂ ဦး ဆေးရုံတင်ထားရပါတယ်။

    “လူနာတွေက ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။ ပြန်ကောင်းသွားမှာပါ။ လူတိုင်းကို ဆေးရုံတင်ထားလိုက်ရင် အခြားသူတွေလည်း ကူးစက်နိုင်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီဘွန်ချီက ပြောကြားခဲ့ပါတယ်။

    ပြည်သူ့ကျန်းမာရေးစင်တာတွေမှာ တုပ်ကွေးဆေးဝါးတွေ အပြည့်အ၀ရှိနေပြီး၊ ပုဂ္ဂလိကဆေးရုံတွေ အနေနဲ့လည်း ဆေးဝါးတွေ ဖြည့်တင်းထားဖို့ ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တုပ်ကွေးဖြစ်တဲ့ကလေးတွေကို ကျောင်းမပို့ဘဲ၊ ဆေးခန်းကို သွားရောက်ပြသကြဖို့ ပညာရေးဝန်ကြီးဌာနက မိဘတွေကို တိုက်တွန်းထားပြီး၊ ဒုတိယမြို့တော်ဖြစ်တဲ့ ပီနန်ကျန်းမာရေးဌာနက တုပ်ကွေးထိန်းချုပ်နိုင်ရေး အစီအမံတွေကို ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။

    ကွာလာလမ်ပူတစ်၀ိုက်က တစ်ချို့ ပုဂ္ဂလိက ဆေးရုံတွေမှာ တုပ်ကွေးလူနာတွေများလာတာကြောင့် ကုတင် မလုံလောက်မှုပြဿနာတွေလည်း တွေ့ကြုံနေရပါတယ်။

    Ref: The Strait Times

  • တရုတ်နိုင်ငံတွင် ဖြစ်နေသည့် ကူးစက်ရောဂါသစ်၏ ရင်းမြစ်ကို ပညာရှင်များတွေ့ရှိ

    တရုတ်နိုင်ငံတွင် ဖြစ်နေသည့် ကူးစက်ရောဂါသစ်၏ ရင်းမြစ်ကို ပညာရှင်များတွေ့ရှိ

    ဇန်နဝါရီ ၉၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်ဖြစ်ပွားနေတဲ့ နမိုးနီးယားလိုရောဂါဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    ဒီဇင်ဘာလကတည်းက ဖြစ်သွားနေတဲ့ အဲဒီရောဂါဟာ လက်ရှိ ကူးစက်နေသူ ၅၉ ဦးရှိပြီး ၇ ဦးက စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။

    တရုတ်သိပ္ပံပညာရှင်အဖွဲ့တစ်ခုဟာ ကူးစက်နေသူ ၁၅ ဦးထံကနေ သွေး၊ သလိပ်နမူနာတွေ ယူကာ လေ့လာဆန်းစစ်ခဲ့တာဖြစ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်ရပ်စ်ပိုးသစ်တမျိုးကြောင့် ဖြစ်တယ်ဆိုတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တဲ့ဗိုင်ရပ်စ်ပိုးတွေဟာ နှာစေးတာကနေ အသက် ဆုံးရှုံးတဲ့အထိပြင်းထန်တဲ့ ရောဂါမျိုးတွေ ဖြစ်တတ်ပါတယ်။ ၂၀၀၂-၂၀၀၃ ခု ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့ပြီး လူ ၇၀၀ ကျော်လောက် သေဆုံးခဲ့တဲ့ SARS ရောဂါဟာ ဒီလိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတာဖြစ်ပြီး တရုတ်နိုင်ငံကနေ စတင်ခဲ့တာပါ။

    WHO က တာဝန်ရှိသူ ဂူဒန် ဂါလီယာက ဖြစ်ပွားမှုအကြောင်းအရင်း၊ ကူးစက်မှုပမာဏနဲ့ ကုသရေး နည်းလမ်းတွေကို ဖော်ထုတ်နိုင်ဖို့အတွက် စူးစမ်းလေ့လာမှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုနှစ်ကုန်ပိုင်းမှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်နိုင်ငံက လူသန်းချီ ခရီးသွားမှာကြောင့် ဝူဟန်မှာဖြစ်ပွားနေတဲ့ ကူးစက်ရောဂါဟာ အခြားဒေသတွေနဲ့ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့သွားမယ့်အပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    လက်ရှိအချိန်အထိ ကူးစက်မှုနည်းလမ်းကို မသိရသေးဘဲ တရုတ် ကျန်းမာရေးအာဏာပိုင်တွေကတော့ လူလူချင်းကူးစက်တာမျိုး မတွေ့ရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ စင်ကာပူနဲ့ ဟောင်ကောင်တို့ကတော့ ဝူဟန်ဒေသက ရောက်လာမယ့် ခရီးသွားတွေကို စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

    Ref: BBC

  • တရုတ်တွင် ကူးစက်ရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေ

    တရုတ်တွင် ကူးစက်ရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေ

    ဇန်နဝါရီ ၄၊ ၂၀၁၉
    M-Media

    -တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ အဆုပ်ရောင်ရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေပြီး ဘာရောဂါဖြစ်တယ်၊ ဘာ့ကြောင့် ကူးစက်နေတယ်ဆိုတာကို စုံစမ်းနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    ရောဂါဖြစ်ပွားမှုအရေအတွက်ဟာ ရက်ပိုင်းအတွင်း ၄၄ ခုအထိ ရှိလာခဲ့ပြီး SARS ရောဂါဖြစ်တယ်လို့ ကောလဟာလတွေလည်း ထွက်ပေါ်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတရုတ်အစိုးရနဲ့ ဆက်သွယ်ကာ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

    WHO ပြောရေးဆိုခွင့်ရှိသူ တာရစ်ဂျာဆာရီဗစ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ရောဂါဖြစ်ပွားရတဲ့ အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်း၊ SARS ရောဂါလို လက္ခဏာမျိုးတွေကိုလည်း တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    ဝူဟန်မြို့အာဏာပိုင်တွေ ကူးစက်နေတဲ့ရောဂါဟာ တုပ်ကွေးလို သာမန် ကူးစက်ရောဂါလိုမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ ကူးစက်သူ ၄၄ ဦးမှာ ၁၁ ဦးက စိုးရိမ်ရတဲ့ အနေအထား ရှိနေပြီး သူတို့နဲ့ ဆက်နွယ်ပတ်သက်တဲ့ ၁၂၁ ဦးကိုလည်း တရုတ်အာဏာပိုင်တွေက စောင့်ကြည့်နေပါတယ်။

    ကူးစက်သူတစ်ချို့ဟာ ပင်လယ်စာစျေးက စျေးသည်တွေဖြစ်‌ပြီး အဲဒီစျေးကိုလည်း အာဏာပိုင်တွေက ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ လူလူချင်းကူးစက်မှုမျိုး မတွေ့ရသေးဘူးလို့လည်း ကျန်းမာရေး တာဝန်ရှိသူတွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဝူဟန်ကနေ တိုက်ရိုက်လာရောက်တဲ့‌ ခရီးသည်တွေကို လေဆိပ်မှာ စစ်ဆေးသွားမယ်လို့ စင်ကာပူက ထုတ်ပြန်ထားပြီး ဟောင်ကောင်မှာတော့ ဝူဟန်ကနေ မကြာသေးခင်က ပြန်လာတဲ့ လူ ၂ ဦးကို ဆေးရုံတင်ကာ သီးသန့်စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။

    ၂၀၀၃ ခုနှစ် SARS ရောဂါ ကူးစက်စဉ်က တရုတ်ဟာ အစပိုင်းမှာ ဖုံးထားခဲ့ပြီး သေဆုံးမှု၊ ကူးစက်မှု အလွန်အမင်းများလာတဲ့အချိန် နောက်ပိုင်းကျမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • Vape နှင့် e-cigarette က အသက်ရှုလမ်းကြောင်းရောဂါ ဖြစ်နိုင်ချေရှိ

    Vape နှင့် e-cigarette က အသက်ရှုလမ်းကြောင်းရောဂါ ဖြစ်နိုင်ချေရှိ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၉
    M-Media

    -Vape နဲ့ e-cigarette ကို ရေရှည်သောက်သုံးတာဟာ အဆုတ်ရောဂါ (COPD)၊ လည်ချောင်းနာရောဂါ၊ ပန်းနာရင်ကြပ်ရောဂါတွေလို နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ အမေရိကန်က လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    လေ့လာမှုဟာ e-cigarette‌ သောက်သုံးမှုနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဆက်နွယ်မှုကို အဓိကထားခဲ့တာဖြစ်ပြီး ၃ နှစ်တာ ကြာမြင့်ခဲ့ပါတယ်။ ရလဒ်ကိုတော့ အခုတစ်ပတ်အစောပိုင်းက American Journal of Preventive Medicine မှာ ဖော်ပြခဲ့ပါတယ်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းက အဆုတ်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားတဲ့ ဝေဒနာသည် ၃၂၃၂၀ ဦးရဲ့ အချက်အလက်တွေကို စုဆောင်းကာ e-cigarette သောက်သုံးမှု Vape လို အခြား ဆေးရွက်ကြီးပစ္စည်းမှီဝဲမှုတွေနဲ့ ဆက်စပ် လေ့လာခဲ့တာ ဖြစ်ပါတယ်။

    လေ့လာမှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ပညာရှင် စတန်တွန် ဂလန့်ဇ်က e-cigarette‌ နဲ့ အဆုတ်ရောဂါ ဆက်နွယ်မှုကို ဒီလေ့လာမှုမှာ တွေ့ခဲ့ရကြောင်း၊ နောက်ထပ် ၅ နှစ်တာ လေ့လာမှုဆက်လုပ်မယ်ဆိုရင် ပိုမိုကြီးမားတဲ့ သက်ရောက်မှုတွေကို တွေ့လာဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    e-cigarette နဲ့ ရိုးရိုး စီးကရက် ၂ ခုစလုံးကို သောက်သုံးမယ်ဆိုရင် အသက်ရှုလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါဖြစ်ပွားမှုအန္တရာယ်ဟာ ၂ ဆလောက် မြင့်တက်လာနိုင်တယ်လို့လည်း ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Vape သောက်သုံးမှုဟာ ကျန်းမာရေးအန္တရာယ်ကင်းတယ်လို့ ယေဘူယျအားဖြင့် ယူဆထားပေမယ့်မှာ အပူပေးမှု အလွန်များတဲ့အခါ အသုံးပြုတဲ့ပစ္စည်းတွေကနေ အမှုန်အမွှားတွေထွက်ကာ လေပြွန်ထဲကနေတစ်ဆင့် အဆုတ်ထဲကို ဝင်ရောက်ပြီး နာတာရှည်ရောဂါတွေ ဖြစ်နိုင်လာနိုင်တယ်ဆိုတာကိုလည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ဒီလိုလေ့လာမှုတွေဟာ ဓာတ်ခွဲခန်းမှာ ပြုလုပ်တာ၊ တရိစ္ဆာန်‌တွေနဲ့ စမ်းသပ်တာမျိုးလို ကနဦး လေ့လာမှုတွေဖြစ်ပြီး နောက်ဆက်တွဲ လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။

    Ref: CNN