News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • နေ့စဉ် မိနစ် ၂၀ ကြာ အားစိုက်လေ့ကျင်ခန်းက မှတ်ဉာဏ်တိုးတက်စေနိုင်

    နေ့စဉ် မိနစ် ၂၀ ကြာ အားစိုက်လေ့ကျင်ခန်းက မှတ်ဉာဏ်တိုးတက်စေနိုင်

    နိုဝင်ဘာ ၂၄၊ ၂၀၁၇
    M-Media

    – တစ်နေ့ကို မိနစ် ၂၀ လောက် အားစိုက်ရတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပေးတာဟာ ခွဲခြားသိမြင်နိုင်တဲ့ မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ ကနေဒါက ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    အွန်တာရီယိုမြို့ McMaster တက္ကသိုလ် Kinesiology ဌာန လက်ထောက် ပရော်ဖက်ဆာ ဂျက်နီဖာ ဟေ့ဇ် ဦးဆောင်တဲ့အဖွဲ့ဟာ လူငယ် ၉၅ ယောက်ကို စည်းရုံးပြီး ၆ ပတ်တာ လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

    သူတို့ကို ၃ အုပ်စုခွဲပြီး မှတ်ဉာဏ်လေ့ကျင်ခန်းနဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း တွဲလုပ်တဲ့အဖွဲ့၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း သီးသန့်လုပ်တဲ့အဖွဲ့နဲ့ ဘာမှမလုပ်တဲ့အဖွဲ့ရယ်လို့ ၃ ဖွဲ့ခွဲထားပြီး၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းလုပ်တဲ့အဖွဲ့ကိုတော့ တစ်နေ့ကို မိနစ်၂၀ လောက် နားနားပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်း လုပ်ခိုင်းခဲ့ပါတယ်။

    လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးတဲ့အချိန်တွေမှာ BDNF လို့ခေါ်တဲ့ ဦးနှောက်အတွင်းက ပရိုတိန်းဓာတ် အဆင့်တွေကို တိုင်းတာခဲ့ပြီး၊ ခွဲခြားနိုင်တဲ့ မှတ်ဉာဏ်တွေကိုလည်း စစ်ဆေးခဲ့ပါတယ်။

    လေ့လာမှုမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တဲ့အဖွဲ့ဟာ ဘာမှမလုပ်တဲ့အဖွဲ့ထက် ခွဲခြားမှတ်မိနိုင်စွမ်းမှာ ပိုကောင်းတာ၊ BDNF အဆင့် ပိုမြင့်လာတာတွေကို တွေ့ခဲ့ရပါတယ်။ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ တွဲလုပ်တဲ့အဖွဲ့နဲ့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တဲ့အဖွဲ့တို့ရဲ့ ရလဒ်တွေကလည်း သွားတူနေပါတယ်။

    Journal of Cognitive Neuroscience ဂျာနယ်မှာ ဖော်ပြရာမှာ ဒီတွေ့ရှိမှုဟာ မှတ်ဉာဏ်တိုးတက်စေဖို့အတွက် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းနဲ့ ဦးနှောက်လေ့ကျင်ခန်းတွေကို ပူးတွဲပြီး လုပ်ဆောင်နိုင်မယ့် အလားအလာရဲ့ အစဖြစ်ကြောင်း၊ အသက်အရွယ်ကြီးရင့်ပြီး မှတ်ဉာဏ်ချို့ယွင်းတတ်တဲ့သူတွေအတွက် သတင်းကောင်းဖြစ်ကြောင်း ဟေ့ဇ်က ပြောကြားခဲ့ပါတယ်။

    Ref: Medical News Today

  • သာမန်အဖျားဆေးက ကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးပေးကြောင်း သုတေနတွင် တွေ့ရှိ

    သာမန်အဖျားဆေးက ကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးပေးကြောင်း သုတေနတွင် တွေ့ရှိ

    နိုဝင်ဘာ ၂၂၂၊၂၀၁၇
    M-Media

    – သာမန် ဖျားတာ၊ နာတာတွေအတွက် သောက်သုံးရတဲ့ N-Acetylcysteine (NAC) ဆေးဟာ ကင်ဆာဆဲလ်တွေ ရှင်သန်နိုင်တဲ့ ပရိုတိန်းတွေကို ဖျက်ဆီးပေးပြီး ဆဲလ်တွေ ကြီးထွားမလာအောင် လုပ်ပေးနိုင်တယ်လို့ ယူကေက သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    N-Acetylcysteine (NAC) ဆေးကို များသောအားဖြင့် ချောင်းဆိုးတာ၊ မူးဝေေ၀ဖြစ်တာ၊ ချွဲကြပ်တာတွေလို တုပ်ကွေးနဲ့ အအေးမိရောဂါတွေအတွက် အသုံးပြုတာဖြစ်ပါ။ ဒီဆေးမှာ ဓာတ်တိုးမှုကြောင့် ဖြစ်တဲ့ ဆဲလ်တွေ ပျက်ဆီးမှုကို ကာကွယ်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ပါဝင်ပါတယ်။

    ရင်သားကင်ဆာလိုရောဂါမျိုးက အကြိတ်တွေမှာရှိတဲ့ စထရိုမဲလ်ဆဲလ် (stromal cell) တွေမှာ ဓာတ်တိုးပစ္စည်း မြင့်မားတယ်ဆိုတဲ့ အရင်က တွေ့ရှိချက်ကို အခြေခံကာ Salford တက္ကသိုလ်ရဲ့ သဘာဝတ်ပတ်ဝန်းကျင်နဲ့ သဘာသိပ္ပံဆိုင်ရာကျောင်းက ပရော်ဖက်ဆာ ဖက်ဒရီကာ ဆော့ဂီယာတို့အဖွဲ့ဟာ သုတေသန ပြုလုပ်တာဖြစ်ပါတယ်။

    Stroal cell တွေဟာ ဓာတ်တိုးပစ္စည်းနဲ့ ထိတွေ့ပြီဆိုရင် ကင်ဆာဆဲလ်တွေ ကြီးထွားဖို့ လိုအပ်တဲ့ ပရိုတိန်းတွေကို ထုတ်ပေးကြောင်း ဆော့ဂီယာတို့အဖွဲ့က ရှင်းပြနိုင်ခဲ့ပါတယ်။

    ဒါကိုတားဆီးဖို့အတွက် NAC ဆေးဝါးကိုအသုံးပြုကာ အဆင့် ၀နဲ့ အဆင့် ၁ ရင်သားကင်ဆာရောဂါတွေကို လတ်တလော ခံစားနေရတဲ့ အမျိုးမီး ၁၂ ဦးမှာ စမ်းသပ်ခဲ့တာပါ။

    အဲဒီအမျိုးသမီးတွေရဲ့ ကင်ဆာကျိတ်က ဆဲလ်တွေကို ခွဲမထုတ်ခင်နဲ့ ခွဲထုတ်နေစဉ်အတွင်းမှာ စစ်ဆေးမှုတွေလုပ်ခဲ့ပြီး NAC ကြောင့် ကင်ဆာကို အားကောင်းစေတဲ့ MCT4၊ CAV1 နဲ့ Ki67 ပရိုတိန်းတွေထဲမှာ Ki67 ဟာ ၂၅ ရာခိုင်နှုန်း ကျဆင်းပြီး MCT4 က ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    NAC ဟာ ဈေးမကြီးဘဲ ဘေးထွက်ဆိုးကျိုးလည်း မရှိတာကြောင့် ဒီရလဒ်ဟာ ကင်ဆာရောဂါကို ကုသရေး အားတက်စရာကောင်းတဲ့ တွေ့ရှိမှုဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Ref : Medical News Today

  • ပေါ့ပေါ့ပါးပါးကိုယ်လက်လှုပ်ရှားခြင်းက အသက်ကြီးသူများတွင် နာတာရှည်ရောဂါကို ကာကွယ်ပေးနိုင်

    ပေါ့ပေါ့ပါးပါးကိုယ်လက်လှုပ်ရှားခြင်းက အသက်ကြီးသူများတွင် နာတာရှည်ရောဂါကို ကာကွယ်ပေးနိုင်

    နိုဝင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    – အသက်အရွယ်အိုမင်းလာတဲ့ အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စလို ပေါ့ပေါ့ပါးပါး အလုပ်တွေကို လုပ်ပေးခြင်းအားဖြင့် နာတာရှည်ရောဂါတွေ ဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်ပြီး အသက်ရှည်ရှည်နေထိုင်မယ့် အလားအလာကို ပိုမိုမြင့်တက်စေတယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။

    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ဆန်ဒီယေဂိုဆေးကျောင်းက ပါမောက္ခ အန်ဒရီယာ လာခရိုအစ် ဦးဆောင်တဲ့အဖွဲ့ဟာ ဒီသုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး ရလဒ်ကို အခုတစ်ပတ်အတွင်း American Geriatrics Society ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

    သူတို့အဖွဲ့ဟာ အသက် ၆၃ နှစ်ကနေ ၉၉ နှစ်အတွင်းရှိတဲ့ အမျိုးသမီး ၆၃၀၀ ကို ၄ နှစ်ခွဲကြာ စောင့်ကြည့်လေ့လာခဲ့တာ ဖြစ်ပါတယ်။

    “ပေါ့ပေါ့ပါးပါး ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပထမဆုံး ကိရိယာအသုံးပြု လေ့လာခဲ့တဲ့ ကျွန်မတို့ရဲ့ သုတေသနအရ အသက်ကြီးကြီးအမျိုးသမီးတွေမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာ တွေ့ခဲ့ရတာဖြစ်ပါတယ်” လို့ ပါမောက္ခ လာခရိုအစ်က ပြောကြားခဲ့ပါတယ်။

    အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို မိနစ် ၃၀ လောက် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားပေးခြင်းအားဖြင့် အချိန်မတိုင်ခင် သေဆုံးနိုင်ချိန်ကို ၁၂ ရာခိုင်နှုန်း လျော့ကျစေကာ၊ အလယ်အလတ်လေ့ကျင့်ခန်းတွေကတော့ ၃၉ ရာခိုင်နှုန်းလောက် လျော့ကျစေတာကို တွေ့ခဲ့ရပါတယ်။

    ဒီသက်ရောက်မှုဟာ လူမျိုး၊ အသားအရောင်၊ အသက်အရွယ်နဲ့ ခန္ဓာကိုယ်အလေးအချိန်မရွေး အတူတူပဲဖြစ်တယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။

    အမေရိကန် ရောဂါဘယ ထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးစင်တာ (CDC) က အသက်အရွယ်ကြီးရင့်သူတွေအနေနဲ့ ခပ်သွက်သွက်လမ်းလျှောက်တာလို ကိုယ်လက်လှုပ်ရှားမှုမျိုးကို တစ်ပတ်ကို ၂ နာရီခွဲလာက်၊ ဒီထက်ပိုပြင်းထန်တဲ့ လေ့ကျင်ခန်းမျိုးကို ၇၅ မိနစ်လောက် လုပ်ဖို့လိုတယ်လို့ အကြံပြုထားတာပါ။

    အခုတွေ့ရှိချက်အရ ပြင်းပြင်းထန်ထန်မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုမျိုးဟာ နာတာရှည်ရောဂါအန္တရာယ်ကို လျှော့ချရာမှာ CDC ရဲ့ အကြံပြုချက်လောက်ကို ထိရောက်တယ်လို့ ပြသနေပါတယ်။

    ပရော်ဖက်ဆာ လာခရိုအစ်က အသက်အရွယ်ကြီးသူတွေဟာ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါမှာ ငယ်ရွယ်သူတွေထက်ပိုပြီး အင်အားသုံးရကြောင်း၊ ဆိုဖာရွှေ့တာမျိုး၊ ခုံရွှေ့တာမျိုးလို ကိစ္စလေးတွေက သူတို့ရဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Medical News Today

  • ကမ္ဘာ့ပထမဆုံး ကျောက်ကပ်အတု လာမည့် ၂ နှစ်အတွင်း အစားထိုးကုသနိုင်မည်

    ကမ္ဘာ့ပထမဆုံး ကျောက်ကပ်အတု လာမည့် ၂ နှစ်အတွင်း အစားထိုးကုသနိုင်မည်

    နိုဝင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ကမ္ဘာ့ ပထမဆုံး ကျောက်ကပ်အတုကို ဖန်တီးနိုင်ခဲ့ပြီး ၂ နှစ်ကနေ ၃ နှစ်အတွင်းမှာ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် အစားထိုးတပ်ဆင်ပေးနိုင်တော့မယ်လို့ သိရပါတယ်။

    ကျောက်ကပ်မကောင်းသူတွေဟာ အစားထိုးနိုင်ဖို့အတွက် နှစ်များစွာ စောင့်ရလေ့ရှိပြီး အဲဒီအတောအတွင်းမှာ ကျောက်ကပ်ဆေးပြီး နေထိုင်ရပါတယ်။ ဒါပေမယ့် ကျောက်ကပ်လဲလှယ်ခြင်းမပြုဘူးဆိုရင် ကျောက်ကပ်ဆေးပြီး အသက်ရှင်နေထိုင်နိုင်တဲ့ သက်တမ်းဟာ ၅ နှစ်ထက် မပိုပါဘူး။

    ကွယ်လွန်သူတွေ၊ ဒါမှမဟုတ် အသက်ရှင်သူတွေထဲက အလှူရှင်တွေရဲ့ ကျောက်ကပ်ကို အစားထိုးရမှာလည်း တစ်ရှူးမတူညီမှုတွေ ရှိတတ်တာကြောင့် လူတိုင်းအတွက် အဆင်မပြေပါဘူး။

    ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေ ဖန်တီးလိုက်တဲ့ ကျောက်ကပ်အတုဟာ ဒီပြဿနာတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

    “မိခင်သဘာဝတရားကြီးရဲ့ နှစ်သန်းပေါင်း ၆၀ လောက်ရှိတဲ့ သုတေသနကို ကျွန်တော်တို့ ခုန်ပျံကျော်လွှားနိုင်ခဲ့ပြီး ဓာတ်ခွဲခန်းထဲမှာ ကျောက်ကပ်ဆဲလ်တွေကို ဖန်တီးကာ ရှင်သန်နေတဲ့ဆဲလ်တွေအတွက် ဇီဝသန့်စင်စက်ရုံအဖြစ် ကြီးထွားစေခဲ့ပါတယ်” လို့ တီထွင်မှုမှာ ပါဝင်ခဲ့တဲ့ ပညာရှင် ဖစ်ဆဲလ်က ပြောကြားခဲ့ပါတယ်။

    ခန္ဓာကိုယ်ထဲကနေ စွန့်ပစ်ရမယ့်ပစ္စည်းနဲ့ စုပ်ယူရမယ့် အဟာရဓာတ်တွေကို ကျောက်ကပ်အစစ်လို ခွဲခြားနိုင်တာကြောင့် အဲဒီ ကျောက်ကပ်အတုကို Santa Claus System လို့ အမည်ပေးထားပါတယ်။

    ကျောက်ကပ်အတုမှာ နာနိုနည်းပညာသုံး မိုက်ခရိုချစ်ပေါင်းများစွာ ပါဝင်ပြီး နှလုံးကနေ လှုပ်ရှားပေးမှာဖြစ်ပါတယ်။ အစားထိုးရာမှာလည်း သာမန် ခွဲစိပ်မှုနဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သွေးထဲက အဆိပ်အတောက်ဖြစ်စေမယ့် ပစ္စည်းတွေကိုလည်း ဒီကျောက်ကပ်အတုက စစ်ချပေးနိုင်ပါလိမ့်မယ်။

    ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေက အခု ဖန်တီးတီထွင်နိုင်မှုဟာ ကမ္ဘာတစ်ဝှမ်း ကျောက်ကပ်ရောဂါကို ခံစားနေရပြီး ကျောက်ကပ်ဆေးကာ အသက်ရှင်သန်နေရတဲ့ လူသန်းပေါင်းများစွာအတွက် မျှော်လင့်ချက်ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    လတ်တလော ဓာတ်ခွဲအတွင်းမှာသာ စမ်းသပ်ရသေးပြီး လာမယ့် ၂ နှစ်ကနေ ၃ နှစ်အတွင်း လူတွေမှာ အစားထိုးကုသနိုင်ဖို့ မျှော်လင့်ထားပါတယ်။

    Ref: Sharedthis.com

     

  • ကော်ဖီပုံမှန်သောက်ခြင်းက အသည်းရောဂါအန္တရာယ်ကို ကျဆင်းနိုင်

    ကော်ဖီပုံမှန်သောက်ခြင်းက အသည်းရောဂါအန္တရာယ်ကို ကျဆင်းနိုင်

    နိုဝင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    – ကော်ဖီကို ပုံမှန်သောက်သုံးခြင်းဟာ အသည်းရောဂါ ဖြစ်ပွားမယ့် အန္တရာယ်ကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအသစ်ကို အခြေခံပြီး ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

    လန်ဒန်အခြေစိုက် တော်ဝင်ဆေးဘက်ဆိုင်ရာအဖွဲ့က အခုတစ်ပတ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ဆေးပညာဆွေးနွေးမှုအတွင်းမှာ သုတေသနပညာရှင်တွေက ကော်ဖီနဲ့ အသည်းကျန်းမာရေး ဆက်စပ်နေမှုနဲ့ပတ်သက်ပြီး ထည့်သွင်း ပြောဆိုခဲ့ကြပါတယ်။

    အသည်းရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များတဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး အများစုဟာ သူတို့မှာ အသည်းရောဂါရှိနေတယ်ဆိုတာကို အချိန်လွန်မှ သိကြလေ့ရှိပါတယ်။ ခန္ဓာကိုယ်မှာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် လူတွေဟာ အသည်းကို နှလုံးလောက် အလေးမထားကြပါဘူး။

    လန်ဒန်က ဆွေးနွေးပွဲမှာ ဥရောပ ၇ နိုင်ငံရဲ့ အသည်းရောဂါဆိုင်ရာ အသင်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ကော်ဖီသောက်သုံးခြင်းအားဖြင့် အသည်းရောဂါအန္တရာယ် ကာကွယ်နိုင်မှုကို ဆွေးနွေးခဲ့ကြပါတ
    ယ်။

    လန်ဒန်တက္ကသိုလ်ရဲ့ British Liver Trust အဖွဲ့ အကြီးတန်းအကြံပေး ပါမောက္ခ ဂရေမီ အလက်ဇန်းဒါးက ကော်ဖီဟာ အသည်းရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုမှာ တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    လေ့လာမှုရလဒ်တွေကို ဆွေးနွေးပွဲမှာ ဖော်ပြရာမှာ ပုံမှန် ကော်ဖီသောက်သုံးသူဟာ ကော်ဖီမသောက်သူထက် အသည်းရောဂါဖြစ်ပွးမှုအန္တရာယ် ၄၀ ရာခိုင်နှုန်းလျော့နည်းတာကို လေ့လာမှုတစ်ခုမှာ တွေ့ရပြီး၊ နောက်တစ်ခုမှာတော့ ၂၅-၇၀ ရာခိုင်နှုန်းအထိ လျော့နည်းတာကို တွေ့ရပါတယ်။

    အချို့လေ့လာမှုတွေမှာ ကော်ဖီသောက်သုံးမှုနဲ့ နာတာရှည် အသည်းရောဂါ ဆက်စပ်မှုကို အဓိကထားခဲ့ပြီး ကော်ဖီမသောက်သူတွေဟာ ပုံမှန်သောက်သုံးသူတွေထက် နာတာရှည်အသည်းရောဂါဖြစ်နိုင်ချေ ၂၅-၃၀ ရာခိုင်နှုန်းအထိ များပြားပါတယ်။ ကော်ဖီကို ခုံခုံမင်မင်သောက်သုံးသူတွေကတော့ ဒီရောဂါဖြစ်ပွားမှု ၆၅ ရာခိုင်နှုန်းလောက်အထိ လျော့နည်းတယ်လို့ ဆိုပါတယ်။

    အသည်းရောဂါနဲ့ ကော်ဖီ ဆက်နွယ်မှုနဲ့ပတ်သက်ပြီး အခုလေ့လာမှုဟာ ကနဦးအဆင့်သာ ရှိသေးပြီး နောက်ထပ် အသေးစိတ်ကျတဲ့ လေ့လာမှုတွေ ထပ်လုပ်ဖို့လိုတယ်လို့လည်း ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Ref : Medical News Today