News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • တောင်ကိုရီးယားအမျိုးသမီးများ၏ ပျမ်းမျှသက်တမ်း ၉၀ ကျော်လာတော့မည်

    တောင်ကိုရီးယားအမျိုးသမီးများ၏ ပျမ်းမျှသက်တမ်း ၉၀ ကျော်လာတော့မည်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားအမျိုးသမီးများမှာ ကမ္ဘာပေါ်တွင် ပထမဆုံးအဖြစ် ပျမ်းမျှသက်တမ်း ၉၀ ကျော် ဖြစ်လာမည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ် WHO နှင့် လန်ဒန်မြို့ရှိ Imperial ကောလိပ်တို့ ပြုလုပ်ခဲ့သည့် လေ့လာမှုအရ သိရသည်။

    စက်မှုနိုင်ငံပေါင်း ၃၅ နိုင်ငံကို လေ့လာခဲ့ခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့လူသားများမှာ ပိုမိုအသက်ရှည်စွာ နေထိုင်ရကာ အမျိုးသားနှင့် အမျိုးသမီးကြား ပျမ်းမျှအသက် ကွာဟမှုကလည်း နိုင်ငံအများစုတွင် နီးကပ်လာမည်ဟု ဆိုသည်။

    လေ့လာသူများကမူ ယခုကဲ့သို့ ရှာဖွေတွေ့ရှိမှုက ပင်စင်နှင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်မှုအတွက် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    “တောင်ကိုရီယားနိုင်ငံက ကဏ္ဍတော်တော်များများမှာ အဆင်ပြေနေတာတွေ့ပါတယ်။ သာတူညီမျှပိုဖြစ်တဲ့ နိုင်ငံမျိုး ဖြစ်လာပြီး ပြည်သူတွေကို အကျိုးရှိစေတဲ့ ပညာရေး၊ အဟာရ စတာတွေကလည်း လူအများစုကို အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ အခုအချိန်အထိ သွေးတိုးရောဂါကို ကောင်းမွန်စွာ တုန့်ပြန်ထားနိုင်ပြီး ကမ္ဘာပေါ်မှာ အ၀လွန်မှုအနိမ့်ဆုံး နိုင်ငံ တစ်ချို့ထဲမှာလည်း ပါဝင်နေပါတယ်” ဟု ပရော်ဖက်ဆာ မဂျစ် အီဇာတီက ပြောကြားခဲ့သည်။

    လေ့လာမှု အချက်အလက်များအရ တစ်ချိန်က ကမ္ဘာ့အသက်ရှည်ဆုံးနိုင်ငံဖြစ်ခဲ့သည့် ဂျပန်သည် ကမ္ဘာ့အသက်ရှည်မှုအဆင့်တွင် လျော့ကျခဲ့သည်။ အမျိုးသမီးများ ပျမ်းမျှသက်တမ်းရှည်မှုတွင် လက်ရှိ၌ ဂျပန်နိုင်ငံက ဦးဆောင်နေသော်လည်း တောင်ကိုရီးယားနှင့် ပြင်သစ်တို့က ကျော်ဖြတ်သွားမည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။

    အမျိုးသားများ၏ ပျမ်းမျှသက်တမ်းတွင်မူ ဂျပန်မှာ အဆင့် ၄ နေရာမှ ၁၁ နေရာသို့ ကျဆင်းသွားသည်။ အမေရိကန်နိုင်ငံကမူ ချမ်းသာသည့်နိုင်ငံများတွင် ပျမ်းမျှသက်တမ်း အနိမ့်ဆုံးစာရင်းတွင် ပါဝင်ခဲ့သည်။

    Ref: BBC

  • အစားလျှော့စားခြင်းက အိုမင်းခြင်းကို လျော့ကျစေနိုင်

    အစားလျှော့စားခြင်းက အိုမင်းခြင်းကို လျော့ကျစေနိုင်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    – အစားအသောက်များကို လျှော့၍ စားသောက်ခြင်းနှင့် ကယ်လိုရီများကို လျှော့ချခြင်းတို့မှာ ဆဲလ်ကြီးထွားမှုအဆင့်တွင် အိုမင်းရင့်ရော်မှု လုပ်ငန်းစဉ်ကို လျော့ကျစေနိုင်သည်ဟု အမေရိကန်ရဲ့ Brigham Young တက္ကသိုလ်မှ လေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။

    သိပ္ပံပညာရှင်များမှာ ကြွက်များကို အုပ်စုနှစ်စုခွဲကာ တစ်စုကို အစားအသောက် အများအပြားကျွေး၍ အခြားတစ်စုကိုမူ ကယ်လိုရီကို ပုံမှန်ထက် ၃၅ ရာခိုင်နှုန်း လျှော့ကာ အသက်ရှင်ရန် လိုအပ်သည့် အဟာရကိုသာ ကျွေးမွေးခဲ့သည်။

    ထိုကဲ့သို့ အစားအသောက်ကို ကန့်သတ်ကျွေးမွေးခဲ့သည့် ကြွက်များမှာ ပိုရိုတိန်းထုတ်လုပ်ပေးသည့် ရိုက်ဘိုစုမ်းမှ ဆဲလ်အတွင်း ပရိုတိန်းထုတ်လုပ်မှုမှာ လျှော့နည်းသွားသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် ရိုက်ဘိုစုမ်းအား ကိုယ်တိုင် ပြန်လည် ပြုပြင်နိုင်စွမ်းကို ဖြစ်စေပြီး ဆဲလ်များ အိုမင်းခြင်းကို လျော့ကျစေသည်။

    Brigham Young တက္ကသိုလ်မှ ပရော်ဖက်ဆာနှင့် ယခုဖြစ်စဉ်ကို လေ့လာဖော်ထုတ်သူ ဂျွန်ပရိုက်စ်က ကယ်လိုရီလျှော့ချမှုနှင့် အသက်ရှည်ရှည်နေရမှုတွင် တိုက်ရိုက်ဆက်နွယ်မှု ရှိပုံရကြောင်း၊ ကယ်လိုရီကို ကန့်သတ်ထားသည့် ကြွက်များမှာ စွမ်းအားပြည့်ဝပြီး၊ ရောဂါနည်းသည်ကို တွေ့ရကြောင်း၊ အသက်ရှည်ရှည် နေရရုံမျှ မကဘဲ ခန္ဓာကိုယ် ထိန်းသိမ်းနိုင်မှုတွင်လည်း ပိုမိုကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

    သို့သော်လည်း သန်သန်မာမာနေရန်အတွက် အစားအသောက်လျှော့စားခြင်းကိုမူ ၎င်းက သတိပေးခဲ့ပြီ၊ ယခုစမ်းသပ်မှုကို လူသားများတွင် မပြုလုပ်ရသေးဟုလည်း ၎င်းက ဆိုသည်။

    Ref: IINA

  • ဒူဘိုင်းရှိ ဆေးရုံတစ်ခုကို ယူနီဆက်ဖ်က Baby Friendly Hospital အဖြစ် သတ်မှတ်

    ဒူဘိုင်းရှိ ဆေးရုံတစ်ခုကို ယူနီဆက်ဖ်က Baby Friendly Hospital အဖြစ် သတ်မှတ်

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့ရှိ ဆေးရုံတစ်ခုမှာ ယူနီဆက်ဖ်က သတ်မှတ်သည့်’ ရင်ခွင်ပိုက်ကလေးငယ်များနှင့် သင့်လျော်သောဆေးရုံ’ (Baby Friendly Hospital) အဆင့်ကို ရရှိခဲ့သည်ဟု သိရသည်။

    Dubai Hospital ဖြစ်ပြီး ဇန်န၀ါရီလနှောင်းပိုင်းက ထိုကဲ့သို့ သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ဂုဏ်ပြုအခမ်းအနားကို ထိုဆေးရုံ၌ ကျင်းပခဲ့သည်။

    Baby-Friendly Hospital Initiative (BFHI) လှုပ်ရှားမှုကို ယူနီဆက်ဖ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်းကာ ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရင်ခွင်ပိုက်ကလေးငယ်များအား ကာကွယ်မှု၊ ဦးစားပေးမှုနှင့် ကူညီပံ့ပိုးမှုများကို တိုက်တွန်းအားပေးရန်နှင့် ဖွံ့ဖြိုးစေရန်ဖြစ်သည်။

    ဆေးရုံတစ်ခုမှာ Baby-Friendly Hospital အဆင့် ရရှိရန်အတွက် အဓိကအားဖြင့် မိခင်လောင်းများ၊ ရင်ခွင်ပိုက်ကလေးငယ်များကို ပြုစုခြင်း၊ ထောက်ပံ့ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း စသည့် ကျန်းမာရေးဆောင့်ရှောက်မှုဆိုင်ရာ သတ်မှတ်ချက် ၁၀ ခုကို ပြည့်မီအောင် ဆောင်ရွက်ရသည်။

    Dubai Hospital ၏ စီအီးအိုဖြစ်သူ အဘ်ဒူလ် ရဟ်မန် အလ်-ဂျက်စ်မီက မိမိတို့ဆေးရုံအနေဖြင့် ရင်ခွင်ပိုက်ကလေးငယ်များအား အလုံးစုံ ကြည့်ရှုစောင့်ရှောက်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများကို နှစ်မြှုပ်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့ပြီး ယူနီဆက်ဖ်ကိုလည်း ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက် ချီးကျူးခဲ့သည်။

    Ref : IINA

  • ဒရုန်းလူနာတင်ယာဉ် မကြာမီလာမည်

    ဒရုန်းလူနာတင်ယာဉ် မကြာမီလာမည်

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    drone

    – သိပ်မဝေးတဲ့ အနာဂတ်မှာ တွေ့မြင်ရတော့မယ့် ဒရုန်းလူနာတင်ယာဉ် ဖြစ်ပါတယ်။

    အရေးပေါ်အခြေအနေမျိုးမှာ ဆေးဘက်ဆိုင်ရာ အကူအညီကိုစောင့်ရင်း သေဆုံးသူအရေအတွက်ဟာ ကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်ကို ၁၀၀၀ လောက် ရှိနေပြီး အခု ဒရုန်းလူနာတင်ယာဉ်ကတော့ ဒီလစ်ဟာမှုကို ဖြည့်ဆည်းပေးမှာပါ။

    အချိန်ကုန်သက်သာပြီး နေရာမရွေး ဆင်းသက်နိုင်တဲ့ ဒီလူနာတင်ယာဉ်ကို တက္ကဆက်ပြည်နယ် သြစတင်မြို့အခြေစိုက် နည်းပညာကုမ္ပဏီ Argodesign က ဒီဇိုင်းဆွဲတာ ဖြစ်ပါတယ်။ ဒီယာဉ်မှာ ပန်ကာလေးခု ပါဝင်ပြီး ဂျီပီအက်စ်စနစ်နဲ့ အလိုအလျောက်မောင်းနှင်းတာ ဒါမှမဟုတ် လေယာဉ်မှူးနဲ့ မောင်းနှင်တာမျိုးအပြင် နှစ်မျိုးစလုံးသုံးပြီးလည်း မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

    အိမ်စီးကားအသေးလောက်သာ အရွယ်အစားရှိပြီး ကားကြပ်တဲ့နေရာတွေမှာလည်း ဆင်းသက်နိုင်မှာပါ။

    Argodesign ကုမ္ပဏီက ပညာရှင်တွေဟာ အလိုအလျောက်မောင်းနှင်တဲ့ လူနာတင်ယာဉ် ထုတ်လုပ်နိုင်ရေး စဉ်းစားရာကနေ ဒီလို ဒရုန်းလူနာတင်ယာဉ် ထုတ်လုပ်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိအချိန်မှာတော့ နမူနာပုံစံအဆင့်မှာသာရှိနေပြီး တိကျတဲ့မော်ဒယ်တစ်ခုကို မသတ်မှတ်ရသေးပါဘူး။ တကယ်ထုတ်လုပ်တဲ့အခါကျရင် တစ်စီးကို ကန်ဒေါ်လာ တစ်သန်းလောက်ရှိမှာကြောင့် သာမန် လူနာတင်ကားထက် တော်တော်လေးတော့ ဈေးပိုကြီးနေပါလိမ့်မယ်။

    Ref: Dailymail

  • ကားရှုပ်သည့်လမ်းများအနီး နေထိုင်သူများမှာ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ဖြစ်နိုင်ချေပိုရှိ

    ကားရှုပ်သည့်လမ်းများအနီး နေထိုင်သူများမှာ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ဖြစ်နိုင်ချေပိုရှိ

    ဇန်န၀ါရီ ၅၊ ၂၀၁၇
    M-Media

    road

    – အဓိက ကားလမ်းများအနီး နေထိုင်သူများမှာ အသက်အရွယ်ကြီးရင့်လာသည့်အခါ ဖြစ်ပွားလေ့ရှိသော မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ပိုမို ဖြစ်ပွားနိုင်ချေရှိသည်ဟု ကနေဒါရှိ သုတေသနပညာရှင်များက ပြောကြားလိုက်သည်။

    လေ့လာမှုအရ ကားအသွားအလာရှုပ်ထွေးသည့် လမ်များမှ မီတာ ၅၀ အတွင်း နေထိုင်သူများမှာ၊ မီတာ ၃၀၀ အကွာတွင် နေထိုင်သူများနှင့် နှိုင်းယှဉ်ပါက မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ဖြစ်နိုင်ချေမှာ ၇.၀ ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရှိရခြင်းဖြစ်ပြီး ရလဒ်ကို The Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။

    “ညစ်ညမ်းတဲ့လေတွေက သွေးထဲကိုရောက်ပြီး နှလုံးသွေးကြောရောဂါနဲ့ ဆက်စပ်နေတဲ့ နာကျင်ကိုက်ခဲ ယောင်ယမ်းမှုကို ဖြစ်စေနိုင်ကာ ဆီးချိုလို အခြားရောဂါတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။ နောက်ပြီး အဲဒီ ညစ်ညမ်းတဲ့လေတွေဟာ သွေးလည်ပတ်မှုကနေတစ်ဆင့် ဦးနှောက်ကိုရောက်သွားမယ်ဆိုရင်တော့ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်” ဟု လေ့လာမှုတွင်ပါဝင်ခဲ့သူ ကျန်းမာရေးပညာရှင် ရေး ကိုပက်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် (NO2) နှင့် အမှုန်အမွှားများကဲ့သို့ အရာနှစ်ခုကို ရေရှည် ရှုရှိုက်ရခြင်းမှာ မှတ်ဉာဏ်ချို့ယွင်းမှု ရောဂါနှင့် ဆက်စပ်နေသည်ကို လေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။ သိုသော်လည်း ရာနှုန်းပြည့် ဆက်စပ်မှု မရှိပေ။

    လေ့လာမှုအတွင်း အွန်တာရီယိုရှိ အသက် ၂၀ မှ ၈၅ နှစ်အရါယ် လူပေါင်း ၆.၅ သန်းကျော်ကို လေ့လာခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မှတ်ဉာဏ်ချို့ယွင်းမှု ပြဿနာပေါင်း ၂၄၃၆၁၁ ခုကို တွေ့ခဲ့ရသည်။

    ထိုအထဲတွင် ကားလမ်းများမှ မီတာ ၅၀ နှင့် ၁၀၀ ကြားတွင် နေထိုင်သူများမှာ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ဖြစ်ပွားနိုင်ချေ ၄ ရာခိုင်နှုန်းသာရှိပြီး ၁၀၁ မီတာမှ မီတာ ၂၀၀ အတွင်း နေထိုင်သူများမှာ ၂ ရာခိုင်နှုန်းသာ ရှိနေသည်။ ၂၀၀ မီတာထက် ကျော်လွန်ပါက ဖြစ်နိုင်ချေ လုံးဝ မရှိတော့ချေ။

    Ref: Aljazeera