News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • အီဘိုလာကာကွယ်ဆေး စမ်းသပ်မှုအောင်မြင်

    အီဘိုလာကာကွယ်ဆေး စမ်းသပ်မှုအောင်မြင်

    ဒီဇင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    ebola

    – အီဘိုလာကာကွယ်ဆေးတစ်မျိုးဖြစ်သော rVSV-EBOV ကို စမ်းသပ်မှုများ ပြုလုပ်နေသည့် ဂီနီနိုင်ငံရှိ နောက်ဆုံးရလဒ်များအရ အဆိုပါဆေးဝါးမှာ ရောဂါကာကွယ်ရာတွင် အလွန်ထိရောက်မှုရှိသည်ကို တွေ့ရသည်။

    ၂၀၁၅ ခုနှစ်အတွင်း ဂီနီနိုင်ငံ၌ အဆိုပါကာကွယ်ဆေးထိုးသူ ၅၈၃၇ ဦးရှိရာ ကာကွယ်ဆေးထိုးပြီး ၁၀ ရက်ကျော်အကြာတွင် အီဘိုလာရောဂါ လုံးဝ ကူးစက်ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရပြီး ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခြင်းလည်း ဖြစ်သည်။

    ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အနောက်အာဖရိကတွင် ပြန့်နှံ့ဖြစ်ပွားခဲ့သော အီဘိုလာကြောင့် လူပေါင်း ၁၁၃၀၀ ကျော် သေဆုံးခဲ့သည်။

    “နောက်တစ်ခါ အီဘိုလာရောဂါဖြစ်ရင် ကျွန်တော်တို့ အကာအကွယ်မဲ့ ဖြစ်မှာမဟုတ်တော့ပါဘူး” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ လက်ထောက် ဒါရိုက်တာ မာရီ ပေါ်လီ ကီနီက ပြောကြားခဲ့သည်။ ၎င်းမှာ ကာကွယ်ဆေးစမ်းသပ်မှုကို ဦးဆောင်ခဲ့သည့် သုတေသနပညာရှင်များထဲမှ တစ်ဦးလည်းဖြစ်သည်။

    အမေရိကန်အခြေစိုက် ဆေးဝါးကုမ္ပဏီ Merck မှ ထုတ်လုပ်သော အဆိုပါကာကွယ်ဆေးကို ဆီရာလီယိုနီ နိုင်ငံတွင်လည်း အသုံးပြုပြီး ဖြစ်သည်။

    Ref: CNA

  • ဘယ်အားကစားနည်းတွေက အသက်ပိုရှည်စေလဲ

    ဘယ်အားကစားနည်းတွေက အသက်ပိုရှည်စေလဲ

    ဒီဇင်ဘာ ၅၊ ၂၀၁၆
    M-Media

    srina
    အမေရိကန် အမျိုးသမီးတင်းနစ်အကျော်အမော် ဗီးနပ်စ်ဝီလီယံ

    – အားကစားလုပ်ခြင်းဟာ ကျန်းမာရေးနဲ့ အခြားသော အကျိုးကျေးဇူးတွေ ရရှိတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမယ့် ဘယ်အားကစားတွေက ကျန်းမာရေးကို ဘယ်လောက် အထောက်အကူပြုသလဲဆိုတာကို အမေရိကန် သုတေသနပညာရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။

    ပျမ်းမျှအသက် ၅၂ နှစ်ရှိသူ ၈၀၃၀၆ ဦးရဲ့ ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ပညာရှင်တွေက လေ့လာဆန်းစစ်ခဲ့တာဖြစ်ပြီး၊ အားကစားနည်းတွေမှာ သူတို့ရဲ့ ပါဝင်မှုအခြေအနေကိုလည်း စောင့်ကြည်ခဲ့ကြပါတယ်။ လေ့လာမှု ၉ နှစ်အတွင်း ၈၇၉၀ ဦးက သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ၁၉၀၉ ဦးက နှလုံးသွေကြောရာဂါကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

    ရေးကူးသူတွေ၊ တင်းနင်းနဲ့ ကြက်တောင်တို့လို ရိုက်တံအသုံးပြု ကစားနည်းတွေကို ကစားသူတွေ၊ (ကခုန်ခြင်း အပါအ၀င်) အေရိုးဗစ် ကစားသူတွေဟာ၊ အဲဒီ အားကစားနည်းတွေကို မကစားသူတွေထက် ဘယ်လိုအကြောင်းအရင်းနဲ့မဆို အထူးသဖြင့် နှလုံးသွေကြောရောဂါတွေကြောင့် သေဆုံးမှုနည်းတာကို အဲဒီလေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    အေရိုးဗစ်ဟာ နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှုကို ၃၆ ရာခိုင်နှုန်း ကျဆင်းစေပြီး ရေးကူးတာကတော့ ၄၁ ရာခိုင်နှုန်း ကျဆင်းစေကာ ရိုက်တံအသုံးပြု ကစားနည်းတွေက ၅၆ ရာခိုင်နှုန်း ကျဆင်းစေပါတယ်။ ဒါပေမယ့် စက်ဘီးစီးတာနဲ့ ပြေးတာတွေကတော့ နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှုကို မကျဆင်းစေပါဘူး။

    ရုပ်ပိုင်းဆိုင်ရာ လှုပ်လှုပ်ရှားရှားနေခြင်းဟာ နာတာရှည်ရောဂါတွေကနေ ကာကွယ်ပေးပြီး အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် အေရိုးဗစ်ကစားခြင်းက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူဖြစ်စေတယ်လို့ သုတေသန ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Ref: Washingtonpost

  • AIDS ကို အမြစ်ဖြတ်မည့် ကာကွယ်ဆေး တောင်အာဖရိကတွင် စတင်စမ်းသပ်

    AIDS ကို အမြစ်ဖြတ်မည့် ကာကွယ်ဆေး တောင်အာဖရိကတွင် စတင်စမ်းသပ်

    ဒီဇင်ဘာ ၁၊ ၂၀၁၆
    M-Media

    vaccine-1

    – အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ဆေးအဖြစ် စမ်းသပ်ဆဲဆေးဝါးတစ်ခုကို တောင်အာဖရိ၌ လူသားတွင် စတင်စမ်းသပ်အသုံးပြုတော့မည်ဖြစ်ပြီး သိပ္ပံပညာရှင်များကမူ အဆိုပါ ဆေးမှာ အေအိုင်ဒီအက်စ်ရောဂါအား လုံးဝ ပျောက်ကွယ်သွားစေမည့်ဆေး ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

    ၁၉၈၃ ခုနှစ်တွင် အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားစေသော အိခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုးကို တွေ့ရှိခဲ့ပြီးနောက် ထိရောက်သည့်ဆေးဝါးများ ပေါ်ပေါက်လာရေးအတွက် နှစ်ပေါင်း ၃၀ ကျော်ကြာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော်လည်း ယခုစမ်းသပ်ဆဲ ကာကွယ်ဆေးမှာ အလွန်အားရစရာကောင်းနေသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

    ထိုကာကွယ်ဆေးဖြင့် လူသားများအား စမ်းသပ်မှုကို HVTN702 ဟု အမည်ပေးထားပြီး တောင်အာဖရိက နိုင်ငံတစ်ဝှမ်းရှိ နေရာပေါင်း ၁၅ နေရာတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား လိင်ပိုင်းဆိုင်ရာ အထိအတွေ့ရှိသူ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၅၄၀၀ ပါဝင်မည်ဖြစ်သည်။

    အဆိုပါ စမ်းသပ်မှုမှာ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေး ဆေးဝါးနှင့်ပတ်သက်၍ လူသားတွင် အကြီးဆုံး စမ်းသပ်မှုကြီးလည်း ဖြစ်သည်။ လက်ရှိတွင် အိခ်ျအိုင်ဗီပိုး ပြန့်နှံ့မှုကို ကာကွယ်ရန်အတွက် ကွန်ဒုံးများက အဓိကအခန်ကဏ္ဍမှပါဝင်နေပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံအချို့မှ လူအနည်းငယ်သာ ကြိုတင်ကာကွယ်ရန်အတွက် ဆေးဝါးများကို အသုံးပြုကြသည်။

    တောင်အာဖရိကမှာ ကမ္ဘာပေါ်တွင် အိခ်ျအိုင်ဗီပိုးကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး နိုင်ငံအတွင်း ရောဂါကူးစက်နေသူ ၇ သန်း ရှိနေသည်။

    လက်ရှိစမ်းသပ်မည့် အဆိုပါ ကာကွယ်ဆေးမှာ ၂၀၀၉ ခုနှစ်က ထိုင်းနိုင်ငံတွင် လူပေါင်း ၁၆၀၀၀ ကို စမ်းသပ်ခဲ့သည့် ဆေးကို ပြင်ဆင်ထားခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံမှ ၃ နှစ်ကြာ စမ်းသပ်မှုအတွင်း ကူးစက်မှုအန္တရာယ်ကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်။ ထိုဆေး၏ အန္တရာယ်ကင်းရှင်းမှုကိုလည်း စေတနာ့ဝန်ထမ်း ၂၅၂ ဦးဖြင့် ၁၈ လကြာ စမ်းသပ်ခဲ့ကာ အောင်မြင်ခဲ့သည်။

    Ref: Aljazeera

  • ဇီကာက အရေးပေါ်အခြေအနေတစ်ခု မဟုတ်တော့ဟု WHO ကြေညာ

    ဇီကာက အရေးပေါ်အခြေအနေတစ်ခု မဟုတ်တော့ဟု WHO ကြေညာ

    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    zika

    – ဇီကာဗိုင်းရပ်စ် ပြန့်နှံ့မှုမှာ ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေမျိုး မဟုတ်တော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေငြာလိုက်ပြီး၊ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများကမူ ထိုရောဂါအား တုန့်ပြန်မှု အားနည်းသွားမည်ကို စိုးရိမ်နေကြသည်။

    WHO ၏ အကြံပေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားတို့ကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာဗိုင်းရပ်စ်ပိုး၏ ခြိမ်းခြောက်မှုမှာ အဆိုပါရောဂါများ၏အဆင့်သာ ရှိသောကြာင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေမှာလည်း အဆုံးသတ်သွားပြီဟု ပြောကြားခဲ့သည်။

    သို့ရာတွင် ကော်မတီအဖွဲ့ဝင်များက ဇီကာပြဿနာအပေါ် လျှော့တွက်ထားမှုမျိုး မဟုတ်ဟုလည်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။ ဇီကာဗိုင်းရပ်စ် ပြန့်နှံ့မှုဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံချင်းစီကမူ အရေးပေါ်အခြေအနေ ကြေငြာနိုင်သည်ဟု အကြံပေးကော်မတီ၏ ဥက္ကဌ ဒေါက်တာ ဒေးဗစ် အလ် ဟေးမန်းက ဆိုသည်။

    အချို့ပညာရှင်များကမူ WHO ၏ ယခုကြေညာချက်သည် ကူးစက်ပျံ့နှံ့နေဆဲဖြစ်သည့် ရောဂါတစ်ခုအပေါ် နိုင်ငံတကာ၏တုံ့ပြန်မှု နှေးကွေးသွားနိုင်ပြီး ကူးစက်ခံရသူများကလည်း ၎င်းတို့တွင် မည်သည့်ပြဿနာမှမရှိဟု ပေါ့ဆသွားစေနိုကြောင်း သတိပေးခဲ့သည်။

    WHO မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဇီကာဗိုင်းရပ်စ်ပြန့်နှံမှုအတွက် အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး ထိုစဉ်က ကမ္ဘာ့အနောက်ခြမ်းရှိ နိုင်ငံအားလုံးနီးပါးနှင့် ကနေဒါတို့တွင် ပြန့်နှံ့ခဲ့သည်။

    Ref : IINA

  • HIV ပိုးကို ၉၈ ရာခိုင်နှုန်း အားနည်းသွားစေမည့် ဆေးသစ်တစ်မျိုး တွေ့ရှိ

    HIV ပိုးကို ၉၈ ရာခိုင်နှုန်း အားနည်းသွားစေမည့် ဆေးသစ်တစ်မျိုး တွေ့ရှိ

    နိုဝင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    hiv

    – ခုခံအားကျဆင်းမှုရောဂါ အေအိုင်ဒီအက်စ်ကို ဖြစ်စေသည့် HIV ရောဂါပိုး၏ ပြင်းအားကို ၉၈ ရာခိုင်နှုန်း ချေဖျက်နိုင်မည့် ပဋိဇီဝဆေးတစ်မျိုးကို အမေရိကန် အမျိုးသားကျန်းမာရေးဌာနက ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

    N6 ဟု အမည်ပေးထားသည့် အဆိုပါဆေးဝါး၏ ပြင်းအားနှင့် အစွမ်းတို့က HIV ရောဂါပိုး ကူးစက်နေသည့် လူနာကို ကုသရေးနှင့် ရောဂါပိုး တားဆီးကာကွယ်ရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

    သုတေသန အဖွဲ့ကမူ အဆိုပါ N6 ဆေးဝါးသည် အခြားဆေးဝါးအမျိုးမျိုးကို ယဉ်ပါးနေပြီဖြစ်သည့် ပိုးအမျိုးအစား ၂၀ အနက် ၁၆ ခုကို ချေဖျက်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ယခုတွေ့ရှိမှုမှာ ဆယ်စုနှစ်ပေါင်းများစွာ မအောင်မြင်ခဲ့သည့် HIV ပိုးတိုက်ဖျက်ရေး ကြိုးပမ်းမှုအတွက် အထူးခြားဆုံး တွေ့ရှိမှုလည်းဖြစ်သည်။

    HIV သုတေသီများ အထိရောက်ဆုံးတီထွင်နိုင်ခဲ့သည့် နောက်ဆုံးအကြိမ်မှာ ၂၀၁၀ ခုနှစ်တွင်ဖြစ်ပြီး VRC01 ပဋိဇီဝဆေးဟု အမည်ပေးခဲ့ကာ HIV ပိုးများ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို ထိခိုက်ခြင်းမှ ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးသော ပစ္စည်းဖြစ်သည်။

    VRCO1 မှာ ယခုတွေ့ရှိသည့် N6 နှင့် သဘောတရားခြင်း တူညီသော်လည်း N6 က ပိုမိုထိရောင်ပြီး HIV တားဆီးရေးနှင့် ကုသရေး နည်းလမ်းများအတွက် အကျိုဖြစ်ထွန်းမည်ဖြစ်သည်။

    Ref : IINA