News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ပလက်စတစ်သားအိမ်တုက လမစေ့ဘဲမွေးသည့် ကလေးများကို ကယ်တင်နိုင်ဖွယ်ရှိနေ

    ပလက်စတစ်သားအိမ်တုက လမစေ့ဘဲမွေးသည့် ကလေးများကို ကယ်တင်နိုင်ဖွယ်ရှိနေ

    ဧပြီ ၂၈၊ ၂၀၁၇
    M-Media

    – ပလက်စတစ်အိတ်နဲ့ ပြုလုပ်ထားတဲ့ သားအိမ်တုထဲမှာ မမွေးရသေးတဲ့ သိုး သန္ဓေသားလောင်းတစ်ကောင်ကို ၄ ပတ်တာ ထိန်းသိမ်းထားမှု အောင်မြင်ခဲ့ပြီး၊ ဒါဟာ လမစေ့ဘဲ မွေးလာတဲ့ ကလေးတွေကို အသက်ရှင်သန်စေမယ့် နည်းလမ်းတစ်ခု ဖြစ်လာနိုင်တော့မှာပါ။

    ဒီပလက်စတစ် သားအိမ်တုကို ပိုလီသင်းနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သန္ဓေသားလောင်းအတွက် လိုအပ်တဲ့ အဟာရ၊ ကာကွယ်မှုတွေကို ပေးနိုင်ဖို့အတွက် သားအိမ်အစစ်ထဲမှာ ပါဝင်တဲ့အရည် amniotic fluid ကိုလည်း ထည့်သွင်းပေးထားပါတယ်။

    အောက်ဆီဂျင် ပေးပို့နိုင်မယ့် ချက်ကြိုး၊ ဓာတ်ငွေ့တွေကို အလဲအလှယ်လုပ်ပေးနိုင်မယ့် အချင်းတွေကိုလည်း ဒီ သားအိမ်တုမှာ ဖန်တီးပေးထားပါတယ်။

    ဒီစနစ်ဟာ တကယ့် သားအိမ်အစစ်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ဖန်တီးပေးထားတာဖြစ်ပြီး တစ်ချိန်ကျရင် လမစေ့ဘဲ မွေးလာတဲ့ ကလေးတွေအတွက် အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ လေ့လာမှုကို ပြုလုပ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယား ကလေးဆေးရုံက သန္ဓေသားလောင်းဆိုင်ရာ ဆရာဝန် ဒေါက်တာ အလန် ဖလီက်က ပြောကြားခဲ့ပါတယ်။

    “သားအိမ်ရဲ့ နေအထားအတိုင်းကို တတ်နိုင်သလောက် အနီးစပ်ဆုံး တုပထားတဲ့၊ အချင်းရဲ့ လုပ်ဆောင်ချက်တွေကို အစားထိုးထားတဲ့ စနစ်တစ်ခုကို ကျွန်တော်တို့ ဖန်တီးခဲ့တာပါ။ သီအိုရီအရတော့ ဒါဟာ လမစေ့ဘဲမွေးခဲ့တဲ့ ကလေးတွေအတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်” လို့ ဒေါက်တာက ဆိုပြီး သူတို့အဖွဲ့ဟာ လမစေ့ဘဲမွေးလာတဲ့ ကလေးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကိုယ်ဝန်ဆောင် ၁၀ ဦးမှာ ၁ ဦး လမစေ့ဘဲ ကလေးမွေးတာမျိုး ဖြစ်တတ်ပြီး ၂၃ ပတ်အောက် လမစေ့ဘဲမွေးတဲ့ကလေးကတော့ အသက်ရှင်သန်နိုင်ဖို့ အခွင့်အလမ်း လုံးဝ မရှိပါဘူး။ ၂၃ ပတ်ဆိုရင် ၁၅ ရာခိုင်နှုန်း၊ ၂၄ ပတ်ဆိုရင် ၅၅ ရာခိုင်နှုန်းနဲ့ ၂၅ ပတ်ဆိုရင် ၈၀ ရာခိုင်နှုန်း အသီးသီး အသက်ရှင်သန်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတယ်လို့ ယူကေက ကိုယ်ဝန်ဆာင်မှုနဲ့ သန္ဓေသားလောင်းဆိုင်ရာ သုတေသနအဖွဲ့ Tommy က ဆိုပါတယ်။

    ဖလီက်ကတော့ ဒီစနစ်သစ်ဟာ အနာဂတ်မှာ လမစေ့ဘဲမွေးလာတဲ့ ကလေးတွေရဲ့ အသက်ရှင်သန်မှုနှုန်းကို တိုးတက်စေမှာဖြစ်ကြောင်း သူတို့အဖွဲ့က မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပေမယ့် ဒါဟာ ၁၀ စုနှစ်တစ်ခုလောက်တော့ ကြာမြင့်မယ်လို့ ဆိုပါတယ်။

    Ref: CNN

  • မီးဖွားပြီး မိခင်များ၏အသက်ကို ကယ်တင်နိုင်မည့် ဆေးဝါးတစ်မျိုး စမ်းသပ်မှု အောင်မြင်

    မီးဖွားပြီး မိခင်များ၏အသက်ကို ကယ်တင်နိုင်မည့် ဆေးဝါးတစ်မျိုး စမ်းသပ်မှု အောင်မြင်

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    – မီးဖွားပြီးနောက် သွေးအလွန်အမင်းဆင်း၍ မိခင်များ အသက်ဆုံးရှုံးမှုကို ကာကွယ်နိုင်မည့် ဆေးဝါးတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဟု သိရသည်။

    Tranexamic acid (TXA) ဟုခေါ်သည့် အဆိုပါဆေးဝါးကို အာဖရိကနှင့် အာရှနိုင်ငံပေါင်း ၂၁ နိုင်ငံရှိ ဆေးရုံ ၁၉၃ ခုမှ အမျိုးသမီး ၂၀၀၀၀ ကျော်တွင် စမ်းသပ်ခဲ့ရာ အမျိုးသမီးများ၏ အသက်များကို ၃ ပုံ ၁ ပုံခန့် ကယ်တင်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

    PPH ဟု ခေါ်သည့် မီးဖွားပြီးနောက် သွေးဆင်းမှုပြဿနာကြောင့် ကမ္ဘာတစ်ဝှမ်းတွင် မိခင်ပေါင်း ၁ သိန်းကျော်မှာ နှစ်စဉ် သေဆုံးလျက် ရှိနေသည်။

    ယခု Tranexamic acid (TXA) ဆေးဝါးမှာ ဈေးသက်သာပြီး PPH လက္ခဏာကို တွေ့ရသည့် မိခင်များ၌ ၃ နာရီအတွင်း ထိုးသွင်း ကုသရမည်ဖြစ်သည်။

    စမ်းသပ်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့သည့် London School of Hygiene and Tropical Medicine မှ ဟာလီမာ ရှကူးရ်က tranexamic acid ဆေးဝါးကို စောစောစီးစီး အသုံးပြုပါက အမျိုးသမီးများ၏ အသက်ကို ကယ်တင်နိုင်မည်ဖြစ်ပြီး ကေးလငယ်များမှာ မိခင်နှင့်အတူ အသက်ရှင်သန်နေထိုင်ခွင့် ပိုမိုရရှိစေမည်ဟု ပြောကြားခဲ့သည်။

    TXA ကို ၁၉၆၀ ပြည့်နှစ်များတွင် ဂျပန်ဇနီးမောင်နှံများဖြစ်ကြသော ရှိုဆူကီနှင့် အူတာကို အိုကာမိုတိုတို့၏ သုတေသနအသင်းမှ တီထွင်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • သွေးလွန်တုပ်ကွေး ကာကွယ်ဆေးတစ်ခုကို WHO ကိုက အသိအမှတ်ပြု

    သွေးလွန်တုပ်ကွေး ကာကွယ်ဆေးတစ်ခုကို WHO ကိုက အသိအမှတ်ပြု

    ဧပြီ ၂၀၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ကို ခြိမ်းခြောက်နေသည့် သွေးလွန်တုပ်ကွေးရောဂါအတွက် ပထမဆုံး ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သောကြာနေ့တွင် အသိအမှတ်ပြုလိုက်သည်ဟု သိရသည်။

    ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါကို ကမ္ဘာတစ်ဝှမ်းတွင် လူသန်းပေါင်း ၃၉၀ ခန့် ကူးစက်ခံစားနေရပြီး အထူးသဖြင့် အရှေ့တောင်အာရှ၊ လက်တင်အမေရိကနှင့် အာဖရိကနိုင်ငံများတွင် ဖြစ်သည်။ သွေးလွန်တုပ်ကွေး ရောဂါကြောင့် အော့အန်ခြင်း၊ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အဖုအပိန့်များထွက်ခြင်း၊ သွေးယိုစီးခြင်းတို့အပြင် သေဆုံးသည်အထိ ဖြစ်နိုင်သည်။

    WHO က ခွင့်ပြုပေးခဲ့သည့် အဆိုပါကာကွယ်ဆေးမှာ Dengvaxia ဟု ခေါ်ပြီး ပြင်သစ်အခြေစိုက် Sanofi Pasteur ကုမ္ပဏီက နှစ်ပေါင်း ၂၀ ကြာ သုတေသနပြုလုပ်မှုမှ ပေါ်ထွက်လာသည့် ဆေးဖြစ်သည်။

    ထို့ပြင် ထိုဆေးမှာ မက္ကဆီကို၊ ဘရာဇီးလ်၊ အလ်ဆာဗေဒိုးနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ထုတ်လုပ်ခွင့်လိုင်စင်ကိုလည်း ရရှိထားသည်။ သောကြာနေ့တွင် WHO က ယခုကဲ့သို့ အတည်ပြုလိုက်မှုကြောင့် အဆိုပါ ကာကွယ်ဆေးမှာ ရာသီဥတုပြောင်းလဲမှု၊ မြို့ပြများ ချဲ့ထွင်လာမှုကြောင့် ပြည်သူများ ခြင်မှတစ်ဆင့်ကူးစက်သည့် ရောဂါများ၏အန္တရာယ် ပိုမိုမြင့်တက်လာသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အာရုံစိုက်မှုကို ပိုမိုရရှိမည်ဖြစ်သည်။

    ကာကွယ်ဆေးမှာ တစ်နှစ်တာ အချိန်ကာလအတွင်း ၃ ကြိမ်ထိုးရမည်ဖြစ်ပြီး၊ ယခင်က သွေးလွန်တုပ်ကွေးဖြစ်ပွားဖူးသော အသက် ၉ နှစ်အထက် ကလေးငယ်များအတွက် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ကာ ရောဂါအဖြစ်များရာ ဒေသများအတွက် အသင့်တော်ဆုံး ဖြစ်မည်ဖြစ်သည်။ သို့သော်လည်း ရေတိုခရီးသွားသူများအတွက် မဟုတ်ဟု ထိုင်းနိုင်ငံရှိ Sanofi Pasteur ကုမ္ပဏီခွဲမှ တာဝန်ရှိသူ ဒေါက်တာ Alain Bouckanooge က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်များအတွင်း ကုမ္ပဏီမှာ အရှေ့တောင်အာရှနှင့် လက်တင်အမေရိက နိုင်ငံများမှာ ကလေးငယ်ပေါင်း သောင်းနှင့်ချီကို စမ်းသပ်ခဲ့ပြီး ယခင် သွေးလွန်တုပ်ကွေးဖြစ်ခဲ့ဖူးသူများတွင် ၇၀ ရာခိုင်နှုန်း၊ အလွန်ဆိုးရွာကာ ဆေးရုံတက်ရသည့် လူနာများတွင် ၉၀-၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိသည်ကို တွေ့ရှိခဲ့ရသည်။

    Ref : Time

  • ဆေးလိပ်သောက်သုံးမှုကို ပိုမိုထိန်းချုပ်ရန် မလေးရှား စဉ်းစားနေ

    ဆေးလိပ်သောက်သုံးမှုကို ပိုမိုထိန်းချုပ်ရန် မလေးရှား စဉ်းစားနေ

    မတ် ၂၈၊ ၂၀၁၇
    M-Media

    – မလေးရှားအစိုးရမှာ နိုင်ငံအတွင်း ဆေးလိပ် စတင်သောက်သုံးနိုင်မည့် အသက်အရွယ်ကို ၂၁ နှစ်အထိ မြှင့်တင်ရန်အတွက် စဉ်းစားသွားမည်ဟု ယနေ့ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဟီလ်မီ ယဟ်ယာက ပြောကြားခဲ့သည်။

    ထိုဆောင်ရွက်ချက် အပါအ၀င် ဆေးလိပ်နှင့် ဆေးရွက်ကြီးကို ထိန်းချုပ်မည့် ဥပဒေမူကြမ်းတစ်ခုကို လာမည့်နှစ်တွင် တင်သွင်းရန် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

    “အဆိုပြုချက်တွေကို ဥပဒေရေးရာ တာဝန်ရှိသူတွေ လေ့လာဖို့အတွက် ပေးထားပြီးပါပြီ” ဟု လွှတ်တော်အမတ် နူရူလ် အစ်ဇာဟ် အန်ဝါရ်၏ မေးမြန်းမှုကို ယဟ်ယာက ဖြေကြားခဲ့သည်။

    အန်ဝါရ်က ဆေးလိပ်ငွေ့၏ အကျိုးဆက်ကို ဆေးလိပ်မသောက်သူများ ခံစားနေရမှုအား ကာကွယ်ပေးရေး ဆောင်ရွက်ရန်လည်း အစိုးရကို တိုက်တွန်းခဲ့သည်။

    ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး ဥပဒေသစ်တွင် စားသောက်ဆိုင်များကဲ့သို့ နေရာများ၌ စီးကရက်ကြော်ငြာများ ထားရှိခြင်းနှင့်ပတ်သက်၍ ထိန်းချုပ်ရန် လေ့လာနေကြောင်း၊ ၁၉၈၃ ခုနှစ်ကတည်းက ပြဌာန်းခဲ့သည့် အစားအသောက်ထိန်းချုပ်ရေး ဥပဒေအောက်တွင် ပါဝင်သည့် ဆေးရွက်ကြီး ထိန်းချုပ်ရေး
    ဥပဒေမှာ လျော့ရဲနေကြောင်း၊ အစိုးရက ဆေးလိပ်မသောက်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေသော်လည်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများတွင် ဆေးလိပ်သောက်သုံးမှု အလေ့အထကို မလျှော့ချနိုင်ကြောင်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    ၂၀၁၅ ခုနှစ် စစ်တမ်းများအရ မလေးရှားတွင် ဆေးလိပ်သောက်သုံးသူမှာ ၂၄ ရာခိုင်နှုန်း ရှိနေပြီး ၂၀၁၁ ခုနှစ်နှင့်စာလျှင် ၀.၆ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

    “ကျဆင်းမှုဟာ သိပ်နည်းတာကြောင့် (ဆေးလိပ်မသောက်ရေး လှုပ်ရှားမှု) ဟာ မအောင်မြင်ဘူးလို့ ကျွန်တော် ၀န်ခံပါတယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။

    Ref: Todayonline

  • မွတ်စလင်များ ၀တ်ပြုမှုနည်းလမ်းက ခါးနာရောဂါအန္တရာယ်ကို လျှော့ချပေးနိုင်

    မွတ်စလင်များ ၀တ်ပြုမှုနည်းလမ်းက ခါးနာရောဂါအန္တရာယ်ကို လျှော့ချပေးနိုင်

    မတ် ၁၀၊ ၂၀၁၇
    M-Media

    – အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုမှုမှာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို နည်းစနစ်ကျကျ လုပ်မယ်ဆိုရင် ခါးနာရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေတယ်လို့ အမေရိကန်က လေ့လာမှုသစ်တစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။

    ဆိတ်ငြိမ်စွာ ၀တ်ပြုမှုဟာ စိတ်တည်ငြိမ်မှုကို ရရှိစေရုံသာမကဘဲ အနေအထားမှန်မှန် ဦးချမှု၊ ခါးထောင့်ချိုးမှုတွေကလည်း ထိရောက်တဲ့ ကုသမှုတွေဖြစ်တယ်လို့ အဲဒီလေ့လာမှုက ဆိုပါတယ်။

    အစ္စလာမ်ဘာသာဝင် ၁.၆ ဘီလီယံလောက်ဟာ မက္ကာဟ်မြို့ဘက်ကို မျက်နှာမူပြီး တစ်နေ့ကို ၅ ကြိမ် ၀တ်ပြုဆုတောင်းကြပြီး၊ အဲဒီဝတ်ပြုမှုမှာ ဦးညွှတ်တာ၊ ဒူးထောက်တာ၊ နဖူးကို ကြမ်းပြင်နဲ့ထိပြီး ဦးချတာတွေ ပါဝင်ပါတယ်။

    “ဒီလှုပ်ရှားမှုတွေကို တစ်ဖက်က စဉ်းစားမယ်ဆိုရင် ဒါတွေဟာ ခါးနာမှုအတွက် ကုသရာမှာ အသုံးပြုတဲ့ လေ့ကျင့်ခန်း ဒါမှမဟုတ် ယောဂလေ့ကျင့်မှုနဲ့ ဆင်တူပါတယ်” လို့ လေ့လာမှုကို ပူးတွဲလုပ်ဆောင်ခဲ့သူ မိုဟာမက် ခါဆောနာဟ် ဆိုပါတယ်။

    An ergonomic study of body motions during Muslim prayer using digital human modelling လို့အမည်ပေးထားတဲ့ ဒီလေ့လာမှုစာတမ်းကို နောက်ဆုံးထွက်ရှိထားတဲ့ International Journal of Industrial and Systems Engineering ဂျာနယ်မှာ ဖော်ပြထားပါတယ်။

    ဒီလေ့လာမှုမှာ ခါးနာမှုအပေါ် သက်ရောက်မှုကို ဆန်းစစ်ဖို့အတွက် ကျန်းမာသန်စွမ်းတဲ့ အိန္ဒိယသား၊ အာရှသား၊ အမေရိကန် အမျိုးသား၊ အမျိုးသမီးတွေရဲ့ ပုံတူကို ကွန်ပျူတာနဲ့ ဖန်တီး အသုံးပြုခဲ့ပါတယ်။

    ဆူဂျုဒ်လို့ခေါ်တဲ့ ဒူးထောက်ဦးချမှုဟာ ခန္ဓာကိုယ်က အဆက်နေရာတွရဲ့ ဆန့်နိုင်၊ ကျုံ့နိုင်စွမ်းကို မြင့်တက်စေပါတယ်။

    ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေအပေါ်မှာ ၀တ်ပြုမှုက ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲဆိုတာကတော့ သုတေသနမှာ မပါဝင်ခဲ့ပါဘူး။

    “ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လှုမှုစီးပွား၊ လူနေမှုဘ၀နဲ့ ဘာသာရေးဆိုင်ရာကိစ္စရပ်တွေက လွှမ်းမိုးပါတယ်။ ၀တ်ပြုမှုဟာ စိတ်ဖိစီးမှု၊ မတည်ငြိမ်မှုကို လျော့ကျစေနိုင်သလို ကြွက်သား၊ အကြောနဲ့ အရိုးဆိုင်ရာ မူမမှန်မှုအတွက် ထိရောက်တဲ့ ကုသမှုနည်းလမ်းလည်း ဖြစ်ပါတယ်” လို့ ပင်ဆဲလ်ဗာနီးယား Penn State Behrend
    တက္ကသိုလ်က မစ္စတာ ခါဆောနာဟ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Independent