News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • မင်္ဂလာဒုံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုကြောင့် လူ ၂၀၀ ခန့် အပြင် ထွက်ခွင့်ပိတ်ပင်

    မင်္ဂလာဒုံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုကြောင့် လူ ၂၀၀ ခန့် အပြင် ထွက်ခွင့်ပိတ်ပင်

    13775813_307297639603152_7422064753047467807_n
    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တိလောက ရပ်ကွက်တွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ( ဆုံဆို့နာ) ဖြစ်ပွားကြောင့် ယင်းရပ်ကွက်တွင် နေထိုင်သူ လူဦးရေ ၂၀၀ ခန့်ကို ကျန်းမာရေး ဦးစီးဌာနက အပြင်သို့ သွား လာခွင့် ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။
    .
    တိလောက ရပ်ကွက်တွင် ကူးစက်မြန်နှင့် အသေအပျောက်မှုန်းမြင့်မားသည့် ဆုံဆို့နာ ရောဂါ လူနာ တဦး တွေ့ရှိပြီး နောက် ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းမှစတင်ပြီး အဆိုပါ ရပ်ကွက်ပတ်ဝန်းကျင်တွင် နေထိုင်သော လူဦးရေ ၂၀၀ ခန့်ကို အာဏာပိုင်များက သွားလာခွင့် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ သွားလာမှု ကန့်သတ် ခံထားရသော ဒေသခံ ၂၀၀ သည် ငွေကြေးချို့တဲ့သူများဖြစ်၍ အကူအညီ လိုအပ်နေကြောင်း၊ ၎င်းတို့ကို သက်ဆိုင်ရာ အနီးကပ် ကြည့်ရှုစောင့်ရှောက်နေကြောင်း သိရှိရသည်။
    .
    “အဲဒီရပ်ကွက်မှာ ဆုံဆို့နာ ဖြစ်တဲ့ လူနာတဦးတွေ့တယ်။ အဲဒါကြောင့် ကျန်းမာရေး ၀န်ကြီးဌာနက ကန့်သတ် တာပေါ့။ လတ်တလော ကျနော်လည်း အဲဒီဒေသခံတွေ စားဖို့ ထမင်းတနပ်စာ ၅၀၀၀၀ လှူထားတယ်။ ၁၀ ရက် တောင်ဆိုတော့ သူတို့ စားဝတ်နေရေးအတွက် လိုအပ်ချက်ရှိမယ်။ အဲဒီရပ်ကွက်မှာ နေတာက တနေ့ လုပ်မှ တနေ့စားတွေချည်းပဲ။ ဆုံဆို့နာ ဖြစ်တဲ့ လူနာကတော့ သက်သာလာပြီ ပြောတယ်” ဟု မင်္ဂလာဒုံမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ဧရာဝတီသို့ ပြောသည်။
    .
    ဧရာဝတီက မင်္ဂလာဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက် အသွယ် မရရှိခဲ့ပေ။ မင်္ဂလာဒုံမြို့နယ်၊ တိလောက ရပ်ကွက်မှ ဒေသခံများမှာ ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ၁၀ ရက်တာ အပြင်ထွက်ခွင့်မရှိဘဲ နေထိုင်ကြရမည်ဖြစ်ကြောင်း သိရှိရသည်။
    .
    အပြင်ထွက်ခွင့် ကန့်သတ်ခံထားရသော ဒေသခံ ၂၀၀ တွင် အလုပ်သမားများပါဝင်နေရာ ၁၀ ရက်တာ အလုပ်မဆင်းနိုင်မှုအတွက် သက်ဆိုင်ရာ ကုမ္ဗဏီ၊ အလုပ်ရုံများများနှင့် ဆက်သွယ်၍ လုပ်ခလစာ မဖြတ် တောက်ဘဲ လစာပုံမှန်ရရှိရန်လည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ရှင်းပြသည်။
    .
    မေလ ၂၅ ရက်နေ့ကလည်း ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ်(၅/၇) ရပ်ကွက်ရှိ မြိုင်သီလရှင် စာသင်တိုက်တွင် ကျောင်းအိပ်၊ ကျောင်းစား များအဖြစ် လာရောက်ပညာသင်ကြားနေသည့် တိုင်းရင်းသား ကလေး ငယ် ၄ဝဝ ခန့်အနက်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အသက် ၁ဝ နှစ် ခန့်ရှိ တိုင်းရင်းသားကလေးငယ်တဦးသည် ကူးစက်မြန်ဆုံဆို့နာရောဂါဖြစ်ပွားပြီး ဆေးရုံတင်ကုသမှု ခံယူခဲ့သော်လည်း ဇွန်လ ၈ ရက်နေ့တွင် သေဆုံး သွားခဲ့သည်။
    .
    ၂၀၁၆ ခုနှစ် ပထမ ၆ လတာ ကလာအတွင်း ကူးစက်မြန် ဆုံဆို့နာ ရောဂါ ဖြစ်ပွားသူ ၂၀ ရှိပြီး သေဆုံးသူ ၆ ဦးရှိနေကြောင်း၊ ၂ဝ၁၅ ခုနှစ် ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် ဆမ်ဆန်ကျေးရွာမှာ ၃၂ ဦးဖြစ်ပွားမှု အပါအဝင် စုစုပေါင်း ၈၄ ဦး ဖြစ်ပွားခဲ့ပြီး ၁ဝ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအချက် အလက်များအရ သိရှိရသည်။
    .
    ဓါတ်ပုံအညွှန်း- ဆုံဆို့နာရောဂါဖြစ်နေသည့် မင်္ဂလာဒုံ တိလောကရပ်ကွက်။ (ဓာတ်ပုံ- လွှတ်တော်အမတ် ဦးအောင်လှိုင်ဝင်း ဖေ့စ်ဘုတ်)
    .
    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    .
    http://burma.irrawaddy.com/news/2016/07/23/119017.html

  • အ၀လွန်သူများတွင် နှလုံးနှင့် ဆီးချိုရောဂါအန္တရာယ် ပိုများ

    အ၀လွန်သူများတွင် နှလုံးနှင့် ဆီးချိုရောဂါအန္တရာယ် ပိုများ

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    blood

    – အ၀လွန်တဲ့သူတွေမှာ သွေးအတွင်း သကြားဓာတ်ထိန်းချုပ်မှုဟာ ဆိုးဝါးလာလေ့ရှိတာကြောင့် ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို တိုးလာစေတယ်လို့ အမေရိကန်ပြည်ထောင်စုမှာပြုလုပ်တဲ့ သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    တက္ကဆက်တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်မှာ အ၀လွန်သူတွေအကြား သွေးဖိအားနဲ့ ကိုလက်စထရောအဆင့်တွေဟာ အများအားဖြင့် တည်ငြိမ်နေလေ့ရှိပြီး သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှု ဆိုးရွားမှုကြောင့် ၁၉၈၈ နဲ့ ၂၀၁၄ ကြားမှာ နှလုံးရောဂါဖြစ်ပွားမှုနှုန်း ၃၇ ရာခိုင်နှုန်း မြင့်တက်လာကို တွေ့ခဲ့ရပါတယ်။

    “နှလုံးရောဂါလက္ခဏာတွေရှိတဲ့ အ၀လွန်သူတွေဟာ ပိုပြီး တင်းကျပ်တဲ့ နေထိုင်စားသောက်မှုတွေ လိုအပ်ပါတယ်၊ ဥပမာ ခန္ဓာကိုယ်အလေးချိန်ကျဆင်းစေဖို့နဲ့ သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ဖို့ ကျန်းမာတဲ့အစာအာဟာရနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေပါ” လို့ တက္ကဆက်တက္ကသိုလ်က လက်ထောက်ပါမောက္ခ ဒေါက်တာ ဖန်ဂျီယန် ဂူအိုက ပြောကြားခဲ့ပါတယ်။

    အ၀လွန်ခြင်းကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ အချိန်ကြာလာတဲ့အခါ သွေးတွင်းသကြားဓာတ်တွေ စုပုံလာပြီး အမျိုအစား ၂ ဆီးချိုကို ဖြစ်စေနိုင်တယ်လို့ သုတေသီများက ဆိုပါတယ်။

    ဆီးချိုကနေ တစ်ဖန် နှလုံးရောဂါနဲ့ အမြင်အာရုံဆုံးရှုံးခြင်း၊ ခြေလက်ဖြတ်တောက်ရခြင်းအထိ ဖြစ်စေနိုင်ပြီး၊ ကိုယ်အလေးချိန်ထိန်းချုပ်ခြင်းအားဖြင့် ဒီဖြစ်စဉ်တွေကို ပြောင်းပြန်ဖြစ်စေနိုင်တယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။

    Ref : IINA

  • ထောပတ်စားသုံးခြင်းက နှလုံးရောဂါ အန္တရာယ်ကို မြင့်တက်စေနိုင်

    ထောပတ်စားသုံးခြင်းက နှလုံးရောဂါ အန္တရာယ်ကို မြင့်တက်စေနိုင်

    ဇူလိုင် ၁၀၊ ၂၀၁၆
    M-Media
    6824358a-0cee-41a5-bb0d-37f9167dc7e8
    – ထောပတ်စားသုံးခြင်းဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်တဲ့ အန္တရာယ် ပိုများလာနိုင်တယ်လို့ အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုကြီး တစ်ရပ်မှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

    လူ ၁၂၀၀၀ ပါဝင်ခဲ့တဲ့ အဲဒီလေ့လာမှုကို ဟားဗတ် တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပြည့်ဝဆီ (ထောပတ်) ကို စားသုံးသူများဟာ သေဆုံးနိုင်ချေ ၈ ရာခိုင်နှုန်း မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

    ထောပတ် လ္ဘက်ရည်ဇွန်းတစ်ဇွန်း စားသုံးခြင်းဟာ သေဆုံးမှု၊ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာအပေါ် ဘာသက်ရောက်မှုမှ မရှိကြောင်း တွေ့ရှိပြီး ရက်သတ္တပတ်မပြည့်မီမှာ အခုလို တွေ့ရှိချက်အသစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဒီ တွေ့ရှိချက်ဟောင်းမှာ ဦးဆောင်လေ့လာသူ နှလုံးအထူးကုတစ်ဦးက ထောပတ်နဲ့ အခြားပြည့်ဝဆီတွေ စားသုံးခြင်းက အန္တရာယ်မဖြစ်စေတဲ့အပြင် ကိုယ်အလေးချိန်ကျဆင်းဖို့ပါ အကူအညီပေးတယ်လို့ ပြောခဲ့ပါတယ်။

    ဒါပေမယ့် ယခုနောက်ဆုံး ပေါ်ထွက်လာတဲ့ တွေ့ရှိချက်မှာတော့ ပြည့်ဝဆီစားသုံးမှု ငါးရာခိုင်နှုန်းလောက် လျှော့ချလိုက်တာက အသက်သေဆုံးနိုင်မှု အန္တရာယ်ကို လေးပုံတစ်ပုံထက်ပိုပြီး လျှော့ချပေးတယ်လို့ ဖော်ပြနေပြန်ပါတယ်။ ပြည့်ဝဆီတွေဟာ များသောအားဖြင့် ထောပတ်၊ ခရင်မ်၊ ချီးစ်၊ အနီရောင်အသားတွေ၊ ဘီစကစ်၊ ကိတ်မုန့်နဲ့ ပဲမုန့်တွေမှာ ပါဝင်လေ့ရှိပြီး နှလုံးရောဂါနဲ့ လေဖြတ်မှုတွေကို ဖြစ်စေနိုင်တဲ့ အဆီခဲတွေကို သွေးကြောထဲမှာ ဖြစ်လာစေနိုင်ပါတယ်။

    ဒါပေမယ့် အဆီနည်းတဲ့ အသီးအရွက်တွေ၊ ငါးတွေ၊ အခွံမာသီးနဲ့ အစေ့တွေကို စားသုံးခြင်းကတော့ နှလုံးရောဂါ၊ ကင်ဆာ၊ ပါကင်ဆန်၊ အလ်ဇိုင်းမား စတဲ့ ရောဂါတွေနဲ့ သေဆုံးမှုကို လျှော့ချပေးနိုင်တယ်လို့ ဟားဗတ်တက္ကသိုလ်ရဲ့ အဲဒီလေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။

    Ref; SM/IINA

  • စိတ်ဖိစီးမှုကြောင့် ကင်ဆာဆဲလ်များ ပိုမိုပျံ့နှံ့နိုင်

    စိတ်ဖိစီးမှုကြောင့် ကင်ဆာဆဲလ်များ ပိုမိုပျံ့နှံ့နိုင်

    ဇူလိုင် ၄၊ ၂၀၁၆
    M-Media

    cancer

    – စိတ်ဖိစီးမှုခံစားနေရသူတွေမှာ ကင်ဆာဆဲလ်တွေဟာ ၆ ဆလောက် မြန်မြန်ပျံ့နှံ့နိုင်တယ်လို့ သြစတေးလျက ပြုလုပ်တဲ့ ဆေးသုတေသနတစ်ခုမှာ တွေ့ရှိခဲ့ပြီး ဒါဟာ စိတ်ဖိစီးမှုနဲ့ ကင်ဆာရောဂါကြားက ဆက်နွယ်မှုအသစ်တစ်ခုလည်း ဖြစ်ပါတယ်။

    လေ့လာမှုမှာ ပါဝင်သူတွေကတော့ စိတ်ဖိစီးမှုဟာ ကင်ဆာဆဲလ်တွေ ပြန့်နှံ့ဖို့အတွက် အမြန်လမ်းတစ်ခု ဖြစ်တယ်လို့တောင် ပြောကြားခဲ့ကြပါတယ်။

    “အဓိကတွေ့ရှိခဲ့တာကတော့ စိတ်ဖိစီးမှုဟာ ကင်ဆာပျံ့နှံ့မှုကို မောင်းနှင်ပေးတယ် ဆိုတာပါပဲ။ စိတ်ဖိစီးမှုဟာ ကင်ဆာဆဲလ်တွေပျံ့နှံ့ဖို့ လမ်းကြောင်းတစ်ခုအဖြစ် ဖန်တီးပေးပါတယ်” လို့ Monash ဆေးသိပ္ပံတက္ကသိုလ်က ကင်ဆာဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ အဲရစ်ကာ ဆလိုအန်က ပြောကြားခဲ့ပါတယ်။

    စိတ်ဖိစီးမှုဟာ ကင်ဆာဖြစ်ပေါ်မှုအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲဆိုတာနဲ့ ကုထုံးတွေအပေါ် ၎င်းရဲ့ တုံ့ပြန်ပုံတွေကို စူးစမ်းလေ့လာဖို့ ကြွက်တွေမှာ စောင့်ကြည့်ခဲ့တာပါ။

    “စိတ်ဖိစီးမှုဖြစ်တဲ့ ကြွက်တွေမှာ မဖြစ်တဲ့ကြွက်တွေထက် ကင်ဆာပျံ့နှံ့မှု ၆ ဆ မြန်တယ်ဆိုတာ တွေ့မြင်ခဲ့ရပါတယ်” လို့ ဒေါက်တာ ကာရိုလင်းလီက ပြောကြားခဲ့ပါတယ်။

    ဓာတုကုထုံးနဲ့ ခွဲစိတ်ကုသမှုလို ကင်ဆာကုသနည်းတွေဟာ လူကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အခုလေ့လာတွေ့ရှိမှုနဲ့ပတ်သက်ပြီး ကုထုံးကိုတော့ မစမ်းသပ်ရသေးပါဘူး။

    Ref : IINA

  • CT စကန်ဖတ်စက်ကြောင့် ကင်ဆာဖြစ်နိုင်ခြေရှိ

    CT စကန်ဖတ်စက်ကြောင့် ကင်ဆာဖြစ်နိုင်ခြေရှိ

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    ct

    – လူနာတွေရဲ့ ရောဂါအခြေအနေကို ပိုမို တိတိကျကျ သိရဖို့အတွက် အသုံးပြုနေတဲ့ CT စကန်ဖတ်စက်တွေဟာ ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်တဲ့အန္တရာယ်ကို မြင့်တက်လာစေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဆေးဘက်ဆိုင်ရာလောကမှာ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

    CT စကန်ဖတ်စက်တွေဟာ သာမန်ဓာတ်မှန်ရိုက်စက်တွေထက် ခန္ဓာကိုယ်တွင်း ဖြစ်ပျက်နေတဲ့အရာတွေကို ပိုမိုရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေ ဖမ်းယူပေးနိုင်ပေမယ့် ဒီစက်ကိရိယာတွဟာ အိုင်းယွန်းပါဝင်တဲ့ ဓာတ်ရောက်ခြည်တွေကို ထွက်ရှိစေနိုင်ပါတယ်။

    ဒီဓာတ်ရောင်ခြည်တွေကြောင့် တစ်ရှူးတွေ ပျက်ဆီးတာမျိုး ဖြစ်ရုံသာမက ကင်ဆာရောဂါ ဖြစ်ပွားနိုင်တဲ့အန္တရာယ်လည်း မြင့်တက်လာစေနိုင်ပြီး ကင်ဆာအန္တရာယ်ဖြစ်ပေါ်နိုင်ချေဟာ မိမိလက်ခံရရှိတဲ့ ဓာတ်ရောင်ခြည်ပမာဏနဲ့တောင် တိုက်ရိုက်အချိုးကျနေတယ်လို့ ဆိုပါတယ်။

    အားလုံးခြုံကြည့်မယ်ဆိုရင် CT စကန်ဖတ်စက်ကြောင့် ကင်ဆာဖြစ်နိုင်ခြေနဲ့ပက်သက်လို့ မရေရာမှုတွေတော့ ရှိနေပါတယ်။ ယူကေကထုတ်ပြန်တဲ့ အချက်အလက်တွေအရ အမေရိကန်သုတေသီတွေဟာ အမေရိကန်မှာဖြစ်ပွားတဲ့ ကင်ဆာရောဂါတွေရဲ့ ၂ ရာခိုင်နှုန်းဟာ CT စကန်ဖတ်စက်ကလာတဲ့ ဓာတ်ရောင်ခြည်တွေကြောင့် ဖြစ်ပွားတာဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။

    Ref; IINA