News @ M-Media
Category: ကျန်းမာရေးနှင့်ဆေးပညာ
  • ၂၀၁၆ ဆေးဘက်ဆိုင်ရာနိုဘယ်ဆု ဂျပန်ပညာရှင် ရရှိ
    ၂၀၁၆ ဆေးဘက်ဆိုင်ရာနိုဘယ်ဆု ဂျပန်ပညာရှင် ရရှိ
    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media
    japan-3
    – ဂျပန်နိုင်ငံမှ ဆဲလ်ဆိုင်ရာ သတ္တဗေဒပညာရှင် တစ်ဦးမှာ ဆဲလ်များ ပျက်ဆီးပြီး၊ ပြန်လည်အသစ်ဖြစ်ပေါ်သည့် လုပ်ငန်းစဉ်အသေးစိတ်ကို လေ့လောဖော်ထုတ်နိုင်မှုအတွက် ၂၀၁၆ ခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့သည်ဟု သိရသည်။
    အသက် ၇၁ နှစ်အရွယ် ယိုရှီနိုရီ အိုဆူမီဖြစ်ပြီး Autophagy ဟုခေါ်သည့် ဆဲလ်အတွင်း အခြေခံ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်က ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြော ရောဂါများကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေလိမ့်မည်ဟု သိပ္ပံပညာ ရှင်များက ယုံကြည်ထားသည်။
    အဆိုပါ Autophagy ပုံမှန် အလုပ်မလုပ်ပါက ပါကင်ဆန်ရောဂါ၊ အဆင့် ၂ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ အသက်ကြီးသူများတွင် ဖြစ်လေ့လဖြစ်ထရှိသည့် မူမမှန်မှုများ စသည့် ရောဂါများကို ဖြစ်ပွားစေနိုင်သည်။ Autophagy လုပ်ငန်းစဉ်အား အိုဆူမီက လေ့လာဖော်ထုတ်နိုင်ခဲ့သောကြောင့် လက်ရှိတွင် ၎င်းနှင့်သက်ဆိုင်သည့် ရောဂါအမျိုးမျိုးအတွက် ဆေးဝါးများ ထုတ်လုပ်ရန် သုတေသနများကို တိုးမြှင့်လုပ်ဆောင်နေပြီဖြစ်သည်။
    အိုဆူမီကမူ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီမှ အတွင်းရေးမှူး သောမတ်စ် ပါလ်မန်းက ဖုန်းခေါ်ဆို၍ ၎င်း ဆု ရကြောင်း ပြောသည့်အခါတွင် တုန်လှုပ်ခဲ့သည်ဟု ဆိုသည်။
    “လူငယ်ဘ၀တုန်းကတော့ နိုဘယ်ဆုရဖို့ဟာ ကျွန်တော့်အိပ်မက်ပါ။ ဒါပေမယ့် သုတေသန စလုပ်ပြီးတဲ့နောက်ပိုင်းမှာ အဲဒါက ကျွန်တော့်အတွေးထဲကနေ ထွက်သွားပါတယ်” ဟု အိုဆူမီက ပြောကြားခဲ့သည်။
    Ref: the gardian
  • ဇီကာကာကွယ်ဆေး စမ်းသပ်မှု အောင်မြင်
    ဇီကာကာကွယ်ဆေး စမ်းသပ်မှု အောင်မြင်
    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media
    vaccine
    – အမေရိကန် အမျိုးသားကျန်းမာရေးဌာနမှ တီထွင်ထုတ်လုပ်ထားသည့် ဇီကာကာကွယ်ဆေး ၂ မျိုးအား မျောက်များတွင် ပြုလုပ်ခဲ့သည့် စမ်းသပ်စစ်ဆေးမှုတွင် ကူးစက်မှုမရှိအောင် ကာကွယ်ပေးနိုင်သည်ကို တွေ့ရှိခဲ့ရသည်ဟု သုတေသနပညာရှင်များက ကြာသာပတေးနေ့တွင် ပြောကြားလိုက်သည်။
    ကာကွယ်ဆေး ၂ မျိုးအနက် တစ်ခုဖြစ်သည့် VRC5288 မှာ လုံခြုံစိတ်ချ၍ ထိရောက်မှုရှိမရှိကို လူသားများတွင် အစောပိုင်းကတည်းက စမ်းသပ်ထားပြီး၊ ဇီကာပျံ့ပွားသော နိုင်ငံများတွင် ဒုတိယအဆင့် စမ်းသပ်မှုကို လာမည့်နှစ်တွင် စတင်နိုင်မည်ဟု Science ဂျာနယ်တွင် ဖော်ပြထားသည်။
    ဒုတိယမြောက် ကာကွယ်ဆေး VRC5283 ကိုမူ လူသားတွင် စမ်းသပ်ရန် အချိန်အတိအကျ သတ်မှတ်ရခြင်း မရှိသေးပေ။
    ယခုသုတေသနပြုမှုတွင် စမ်းသပ်ဆဲ ဇီကာဆေးဝါးများကို မျောက်များတွင် မတူညီသော အချိန်အဆ အမျိုးမျိုးဖြင့် ထိုးသွင်းခဲ့ပြီး ၂ ကြိမ်ထိုးသွင်းမှုမှာ ဇီကာဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မည့် မျောက်များအား ကာကွယ်ရာတွင် ထိရောက်မှုရှိသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။
    Ref : CNA
  • လူငယ်များ အင်တာနက်စွဲလမ်းနေပါက စိတ်ကျန်းမာရေးပြဿနာ ရှိနိုင်
    လူငယ်များ အင်တာနက်စွဲလမ်းနေပါက စိတ်ကျန်းမာရေးပြဿနာ ရှိနိုင်
    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media
    – ကောလိပ်ကျောင်းသားများအနက် အင်တာနက်စွဲလမ်းခြင်းက အခြားသော စိတ်ကျန်းမာရေးပြဿနာများ ရှိနေသည်ဆိုသော အချက်ပြမှုဖြစ်သည်ဟု ကနေဒါနိုင်ငံက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။
    သုတေသီများမှာ အွန်တာရီယိုမြို့ရှိ McMaster တက္ကသိုလ်မှ ကျောင်းသား ၂၅၄ ယောက်ကို လေ့လာခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်က တီထွင်ခဲ့သော အင်တာနက်စွဲလမ်းမှုစစ်ဆေးသည့် ကိရိယာ (IAT) အပြင် ၎င်းတို့၏ ကိုယ်ပိုင် တိုင်းတာမှု နည်းလမ်းများကိုလည်း အသုံးပြုခဲ့ကြသည်။
    စောင့်ကြည့်မှုနည်းလမ်းအသစ်အရ ကျောင်းသား ၃၃ ယောက်မှာ အင်တာနက်စွဲလမ်းမှုရောဂါရနေပြီး ကျောင်းသား ၁၀၇ ယောက်သည် ဆိုးဆိုးရွားရွား အင်တာနက်စွဲလမ်းနေသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ကို တွေ့ရှိခဲ့ရသည်။
    ဒေါက်တာ ဗန် အမေရီဂျင်ခေါင်းဆောင်သော အဆိုပါ လေ့လာမှုအဖွဲ့က ကျောင်းသားများ၏ စိတ်လိုက်မာန်ပါဖြစ်ခြင်း၊ စိတ်ကျခြင်း၊ ကြောင့်ကျခြင်းနှင့် စိတ်ဖိစီးမှု စသည့် စိတ်ရောဂါလက္ခဏာများကို လေ့လာခဲ့ပြီးနောက် အင်တာနက်စွဲလမ်းသူများမှာ ၎င်းတို့၏ နေ့စဉ်ဘ၀ စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့် ကိစ္စများတွင် ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း၊ စီမံကိန်းရေးဆွဲမှုနှင့် စီမံခန့်ခွဲမှုတို့တွင်လည်း ပြဿနာများ ဖြစ်တတ်ကြောင်း တွေ့ရှိခဲ့ရသည်။
    “အင်တာနက်ကို အလွန်အကျွံသုံးစွဲတာဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ပြင်းထန်မှု၊ လျော့နည်းမှုကို အသွင်ပြောင်း ပုံဖျက်ပေးနိုင်တဲ့ အခြေအနေပါ။ ပြီးတော့ စိတ်တိုတတ်တဲ့ အပြုအမူနဲ့ စိတ်စွဲလမ်းခြင်းတွေနဲ့လည်း စက်ဆပ်မှု ရှိနေပါတယ်” ဟု ဒေါက်တာ ဂျန် ဘူအစ်တလာက ပြောကြားခဲ့သည်။
    ယခုလေ့လာမှုမှာ အင်တာနက်အသုံးပြုမှုနှင့် စိတ်ကျန်းမာရေးတို့အကြား ဆက်နွယ်မှုကိုသာ တွေ့ရှိခဲ့ပြီး အသေးစိတ်သိရှိရန်အတွက် ထပ်မံလေ့လာမှုများ လိုအပ်နေသည်။ သို့သော်လည်း စိတ်ကျန်းမာရေး ဆရာဝန်များအတွက် လူနာများအား ချဉ်းကပ်မှုနည်းလမ်းအသစ်ကို ပေးအပ်နိုင်မည်ဖြစ်သည်။
    Ref : IINA
  • ဘန်ကောက်တွင် ဇီကာကူးစက်သူ ၂၁ ဦး ထပ်မံတွေ့ရှိ
    ဘန်ကောက်တွင် ဇီကာကူးစက်သူ ၂၁ ဦး ထပ်မံတွေ့ရှိ
    စက်တင်ဘာ ၁၂၊ ၂၀၁၆
    M-Media
    zik-5
    – ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရှိ စီးပွားရေးအချက်အချာ နေရာတစ်ခုတွင် ဇီကာဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်မှု ၂၁ ခုကို တွေ့ရှိခဲ့ရသည်ဟု အာဏာပိုင်မျာက ကြေငြာခဲ့သည်။
    “Sathorn ဧရိယာတစ်တစ်ဝိုက် လူနာ ၂၁ ဦးအနက် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကတော့ ပြန်လည်ကောင်းမွန်လာပြီး အောင်မြင်စွာ မီးဖွားနိုင်ခဲ့ပါတယ်” ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ကိုယ်ဝန်ဆောင်စဉ် ဇီကာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မွေးကင်းစကလေးများတွင် ဦးနှောက်ပုံပျက်ယွင်းမှု ဖြစ်ပေါ်နိုင်သည်။ ဇီကာဗိုင်းရပ်စ်ကို ထိုင်းနိုင်ငံ၌ ၂၀၁၂ ခုနှစ်တွင် ပထမဆုံးတွေ့ရှိခဲ့ပြီး ယင်းအချိန်မှစ၍ ဘန်ကောက်မြို့ပြ အာဏာပိုင်အဖွဲ့က မြို့နေပြည်သူများကို ပုံမှန် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
    ယခုနှစ် ဇန်န၀ါရီလမှစ၍ ထိုင်းနိုင်ငံ ပြည်နယ် ၇၆ ခုအနက် ၁၆ ပြည်နယ်တွင် ဇီကာဗိုင်းရပ်စ် ကူးစက်သူများကို အတည်ပြုခဲ့နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
    သို့သော်လည်း အဆိုပါဗိုင်းရပ်စ်ပိုးကြောင့် မွေးရာပါ ဦးနှောက်ချို့ယွင်းမှု သို့မဟုတ် သေဆုံးမှုကို တွေ့ရခြင်း မရှိသေးပေ။ ကျန်းမာရေးဝန်ကြီးဌာန၏ ယခုထုတ်ပြန်ချက်အတွက် မစိုးရိမ်ကြရန်လည်း ပြည်သူများအား တိုက်တွန်းထားသည်။
    Ref : Presstv
  • မလေးရှားတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ပထမဆုံး ဇီကာကူးစက်
    မလေးရှားတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ပထမဆုံး ဇီကာကူးစက်
    စက်တင်ဘာ ၇၊ ၂၀၁၆
    M-Media
    zik 4
    – မလေးရှားတွင် ဇီကာကူးစက်သည့် ပထမဆုံး ကိုယ်ဝန်ဆောင်အမျိုသမီး ရှိနေကြောင်းကို မလေးရှား ကျန်းမာရေးဝန်ကြီး အက်စ် ဆူဘရာမာနီယမ်က ယနေ့တွင် အတည်ပြု ပြောကြားလိုက်သည်။
    ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်ပြီး ရောဂါကူးစက်နေသူမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဖြစ်ကာ ကိုဝန် ၃ လရှိနေပြီး ထိုကိုယ်ဝန်မှာ ၎င်း၏ သားဦးဖြစ်သည်ဟု ဆိုသည်။ ထိုအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့မှာ ကိုက်ခဲခြင်း၊ အဖုအပိန့်များ ထွက်ခြင်းနှင့် အဖျားတက်ခြင်းတို့ကဲ့သို့ ဇီကာရောဂါ လက္ခဏာများကို စက်တင်ဘာ ၂ ရက်နေ့ကတည်းက ခံစားခဲ့ရခြင်း ဖြစ်သည်။
    အမျိုးသမီးအား အစိုးရဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးခဲ့ပြီးနောက် ယမန်နေ့တွင် ဇီကာဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
    ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် မလေးရှားမှာ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပထမဆုံး ဇီကာဖြစ်ပွားနေကြောင်း အတည်ပြုနိုင်ခဲ့ပြီး စနေနေ့တွင် အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး ဇီကာဖြစ်ပွားမှုကို တွေ့ရှိခဲ့ကာ နိုင်ငံအတွင်း ပထမဆုံး ကူးစက်မှုလည်း ဖြစ်သည်။ သို့သော်လည်း ထိုအမျိုးသားမှာ နောက်ပိုင်းတွင် နှလုံးရောဂါကြောင့် သေဆုံးသွားခဲ့သည်။
    မလေးရှား ကျန်းမာရေးဝန်ကြီးဌာနကမူ နိုင်ငံအတွင်း ဇီကာဖြစ်ပွားမှု အရေအတွက်မှာ မြင့်တက်လာဖွယ် ရှိနေသည်ဟု ခန့်မှန်းထားသည်။
    Ref: Channelnewsasia