News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ကမ္ဘာ့လူသား သန်း ၃၀၀ ကျော် မသန့်ရှင်းသောရေများ သောက်သုံးနေရ

    ကမ္ဘာ့လူသား သန်း ၃၀၀ ကျော် မသန့်ရှင်းသောရေများ သောက်သုံးနေရ

    စက်တင်ဘာ ၁၊ ၂၀၁၆
    M-Media

    water

    – အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကရှိ လူပေါင်း သန်း ၃၀၀ ကျော်မှာ မြစ်များ၊ ကန်များရှိ ရေညစ်ညမ်းမှု မြင့်တက်လာသောကြောင့် ၀မ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါကဲ့သို့ အသက်အန္တရာယ်ရှိသည့် ရောဂါများ၏ အန္တရာယ်ကို ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်စီမံကိန်း (UNEP) က ပြောကြားလိုက်သည်။

    ၁၉၉၀ နှင့် ၂၀၁၀ ကြားတွင် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် အခြားသော အဏုဇီဝပိုးမွှားများ၊ ဓာတ်မြေသြဇာ သို့မဟုတ် ရေနံကဲ့သို့ အဆိပ်သင့် အညစ်အကြေးများကြောင့် ရေထုညစ်ညမ်းမှုများမှာ တိုက်ကြီးသုံးတိုက်ရှိ မြစ် ထက်ဝက်ကျော်ခန့်တွင် မြင့်တက်လာခဲ့ပြီး ရေငံဖြစ်မှုမှာလည်း ၃ ပုံ ၁ ပုံ မြင့်တက်လာသည်ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် UNEP ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    လူဦးရေးတိုးတက်လာမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာမှုနှင့် စွန့်ပစ်အညစ်အကြေးများကို မြစ်များ၊ ကန်များတွင် စွန့်ပစ်မှုတို့က ရေထုညစ်ညမ်းမှုများလာခြင်း၏ အဓိက အကြောင်းရင်း ဖြစ်နေပြီး လူသန်းပေါင်း ၃၂၃ သန်းအား ကူးစက်ရောဂါများ ဖြစ်ပွားမည့်အန္တရာယ် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

    “ကမ္ဘာလုံးအတိုင်းအတာအရ ရေအရည်အသွေးပြဿနာနဲ့ မသန့်ရှင်းတဲ့ရေကြောင့် ထိခိုက်ခံစားရတဲ့ လူပေါင်းများစွာဟာ ကျွန်တော်တို့ခန့်မှန်းတာထက် တော်တော်လေးများနေပါတယ်” ဟု အစီရင်ခံစာ ဦးဆောင်တင်သွင်းသူ Dietrich Borchardt က ပြောကြားခဲ့သည်။

    သို့သော်လည်း ရေအရည်အသွေးကောင်းမွန်သည့် မြစ်ချောင်းအရေအတွက်မှာ အလွန်များပြားသည့်အနေအထားတွင် ရှိနေပြီး ထိန်သိမ်းကာကွယ်ရန် လိုအပ်သည်ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

    လက်တင်အမေရိကရှိ မြစ်များ၏ လေးပုံတစ်ပုံခန့်၊ အာဖရိကမြစ်များ၏ ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းခန့်၊ အာရှရှိမြစ်များ၏ ၅၀ ရာခိုင်နှုန်းမှာ ရောဂါဖြစ်စေသော ပိုမွှားကြောင့် မသန့်ရှင်းမှု အလိုအမင်းဆိုးရွားကြောင်း၊ ထိုသို့ ညစ်ညမ်းခြင်းမှာ မသန့်သောရေများကို မြစ်ထဲသို့ စွန့်ပစ်ခြင်းကြောင့်ဖြစ်ကြောင်း၊ ရေထဲရှိ ရောဂါဖြစ်စေသောပိုမွှားများနှင့် ဆက်စပ်နေသော ၀မ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျား၊ အကြောသေရောဂါနှင့် ၀မ်းပျက်ဝမ်းလျှော ရောဂါများကြောင့် နှစ်စဉ် လူ ၃.၄ သန်းခန့် သေဆုံးနေရကြောင်း UNEP ၏ အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

    Ref : IINA

  • မလေးရှားတွင် ဇီကာကူးစက်သူ တွေ့ရှိ၊ အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်စရာဖြစ်လာ

    မလေးရှားတွင် ဇီကာကူးစက်သူ တွေ့ရှိ၊ အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်စရာဖြစ်လာ

    စက်တင်ဘာ ၁၊ ၂၀၁၆
    M-Media

    malay

    – မိမိတို့နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူကို ပထမဆုံး တွေ့ရှိခဲ့ရသည်ဟု မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်တွင် အတည်ပြုလိုက်ပြီး၊ အဆိုပါ အမျိုးသမီးမှာ ဇီကာဗိုင်းရပ်စ် ပြန့်နှံ့ရာ စင်ကာပူနိုင်ငံမှ မကြာသေးမီက ပြန်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ကူးစက်သူအမျိုးသမီးမှာ အသက် ၅၈ နှစ်အရွယ် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးဖြစ်ပြီး ဆီလန်ဂေါပြည်နယ် ကီလာနာ ဂျာယာတွင် အလုပ်လုပ်နေသူဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်က စင်ကာပူနိုင်ငံမှ ကလန်းသို့ ပြန်ရောက်လာပြီးနောက် ဇီကာဗိုင်းရပ်စ်ကူးစက်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရပြီး လက်ရှိတွင် ထိုအမျိုးသမီးမှာ ဆွန်ဂိုင်းပူလိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

    မလေးရှား ကျန်းမာရေးဝန်ကြီး ဆူဘရာမာနီယမ် ဆာသာဆီဗမ်က ၎င်း၏ သမီးဖြစ်ပြီး စင်ကာပူရှိ Paya Lebar တွင်နေထိုင်သူမှာလည်း ဇီကာဗိုင်းရပ်စ်ကူးစက်နေသည်ဟု ပြောကြားခဲ့သည်။ ၎င်းမှာ စင်ကာပူတွင် အလုပ်လုပ်နေပြီး ဇီကာဗိုင်းရပ်စ်ကူးစက်နေသူ မလေးရှားနိုင်ငံသား ၅ ဦးမှ တစ်ဦးလည်းဖြစ်သည်။

    ထိုအမျိုးသီးနေထိုင်ရာ ကလန်းဒေသ၌ လက်ရှိတွင် အခြားကူးစက်မှုများ ရှိ၊ ရှိကို ဆန်းစစ်မှုများ ပြုလုပ်နေကြောင်း၊ ထိုအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့မှာ ကားဖြင့် စင်ကာပူသို့ သွားရောက်ခဲ့ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်လာသည့် ကားများအားလုံးကို ခြင်ဆေးဖြန်းရန် ကျန်းမာရေးဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားကြောင်း ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုမှာ ပြီးခဲ့သည့် သီတင်းပတ်က ပေါ်ထွက်လာခဲ့ပြီး လက်ရှိတွင် ကူးစက်သူ စုစုပေါင်း ၁၁၅ ဦးအထိ ရှိလာပြီဖြစ်သည်။

    Ref: straitstimes,channelnewsasia

  • စင်ကာပူတွင် ဇီကာကူးစက်မှု ၄၁ ခုရှိ၊ ကူးစက်နိုင်သည့်ဒေသများစာရင်း ထုတ်ပြန်ထား

    စင်ကာပူတွင် ဇီကာကူးစက်မှု ၄၁ ခုရှိ၊ ကူးစက်နိုင်သည့်ဒေသများစာရင်း ထုတ်ပြန်ထား

    သြဂုတ် ၂၉၊ ၂၀၁၆
    M-Media

    zika

    – နိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ပြန့်နှံမှုမှာ ၄၁ ခုရှိခဲ့သည်ဟု စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန MOH က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့သည်။

    MOH နှင့် အမျိုးသား သဘာဝပတ်ဝန်းကျင်အေဂျင်စီ NEA တို့က ထိုသတင်းစာရှင်းလင်ပွဲကို ပူးတွဲပြုလုပ်ခြင်းဖြစ်ပြီး ကူးစက်မှုအားလုံးမှာ Aljunied Crescent သို့မဟုတ် Sims Drive ရပ်ကွက်များတွင် အလုပ်လုပ်သူများနှင့် နေုထိုင်သူများဖြစ်ကြသည်ဟု ဆိုသည်။ ၎င်းတို့မှာ မကြာသေးမီကာလအတွင်း ဇီကာဗိုင်းရပ်စ်ပိုးပြန့်နှံရာ ဒေသများသို့ သွားရောက်ခဲ့ခြင်း မရှိသောကြောင့် စင်ကာပူတွင်ပင် ကူးစက်ခြင်းဖြစ်မည်ဟု ယူဆခဲ့သည်။

    “ဒီအချက်ကြောင့် Aljunied Crescent နဲ့ Sims Drive ရပ်ကွက်တွေအတွင်း ရောဂါဖြစ်ပွားမှုဟာ ဒေသအတွင်းမှာပဲ ကူးစက်ပြန့်နှံ့ပုံရပါတယ်” ဟု MOH မှ တာဝန်ရှိသူ ပရော်ဖက်ဆာ ဘင်ဂျမန် အွန်က ပြောကြားခဲ့သည်။

    ကူးစက်ခံရသူများမှာ 60 Sims Drive ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်လုပ်နေသည့် နိုင်ငံခြားအလုပ်သမား ၃၆ ဦး၊ အသက် ၂၁ နှစ်မှ ၆၅ နှစ်အရွယ် စင်ကာပူနိုင်ငံသား အမျိုးသား ၆ ဦးနှင့် အသက် ၄၇ နှစ်အရွယ် မလေးရှားနိုင်ငံသား အမျိုးသမီး ၁ ဦးတို့ဖြစ်သည်။

    ၎င်းတို့ထဲမှ ၃၄ ဦးမှာ လက်ရှိတွင် လုံးဝ ပြန်လည်သက်သာလာခဲ့ပြီး ရောဂါလက္ခဏာရှိနေသူနှင့် ကူးစက်နိုင်သည့် အလားအလာရှိသူ အခြား ၇ ဦးကိုမူ Tan Tock Seng ဆေးရုံတွင် ကုသမှုများ ပြုလုပ်ပေးနေသည်ဟု MOH က ထည့်သွင်းပြောကြားခဲ့သည်။

    MHO ကမူ ရောဂါ ကူးစက်ပြန့်နှံ့မည်ကို စိုးရိမ်ရသည့် ဒေသများကို ကြေငြာခဲ့ပြီး ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

    1. Khatib Camp
    2. Sembawang Drive
    3. Kranji Road
    4. Joo Chiat Place
    5. Senoko South Road
    6. Toh Guan Road East
    7. Lorong 101 Changi

  • အာရပ်ရိုးရာ ဆေးကုသနည်း အိုလံပစ်တွင် ရေပန်းစား

    အာရပ်ရိုးရာ ဆေးကုသနည်း အိုလံပစ်တွင် ရေပန်းစား

    သြဂုတ် ၁၃၊ ၂၀၁၆
    M-Media

    hijma

    – အစ္စလာမ့်ဆေးပညာနှင့် အရှေ့အလယ်ပိုင်း တိုင်းရင်းဆေးကုသမှု နည်းလမ်းများမှ မြစ်ဖျားခံဆင်းသက်လာသည့် ကုသနည်းဖြစ်သော Hijma နည်းကို ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် ကျင်းပပြုလုပ်နေသည့် အိုလံပစ် ပြိုင်ပွဲတွင် အသုံးပြုနေပြီး မိုက်ကယ် ဖဲလ်ပ်ကဲ့သို့ အားကစား အကျော်အမော်များကပင် သုံးစွဲကြသည်ဟု သိရသည်။

    အာရဗီဝေါဟာရဖြင့် ဟစ်ဂ်ျမာ (Hijma) ဟုခေါ်ဆိုသည့် ‘ခွက်ဖြင့်အပူပေးနှိပ်နယ်ခြင်း’ နည်းသည် ဖန်ခွက် သို့မဟုတ် ပလက်စတစ်ခွက်များကို ခန္ဓာကိုယ်၏ နာကျင်သည့်နေရာသို့ ဖုံးအုပ်ပြီး လေဟာနယ်ဖြစ်အောင် အပူပေးသောနည်းတစ်ခုဖြစ်သည်။

    ထိုကဲ့သို့ အပူပေးခွက်ဖြင့် စုပ်ယူခြင်းနည်းလမ်းက အရေပြားအား ကြွက်သားမှ ကွာစေကာ အောက်ဆီဂျင်ပါဝင်သော သွေးကို ထိုနေရာသို့ ရောက်ရှိစေပြီး နာကျင်မှုကို သက်သာစေခြင်းဖြစ်သည်။

    ရေကူးသမိုင်းတွင် စံချိန်သစ်များ တင်နိုင်ခဲ့သည့် ဖဲလ်ပ်မှာလည်း ၎င်း၏ ကြွက်သားဒဏ်ရာများအတွက် Hijma နည်းကို အသုံးပြုခဲ့ကြောင်း သိရှိခဲ့ရသည်။ ထိုနည်းလမ်းကို အားကစားသမားများသာ မကဘဲ ဆရာဝန်များကပါ လူနာများကို ကုသပေးသည့်အခါတွင် အသုံးပြုလျက်ရှိကြသည်။

    Ref : IINA

  • လျှပ်စစ်ဆေးလိပ်များက အဆိပ်ငွေ့များ ထုတ်လွှတ်

    လျှပ်စစ်ဆေးလိပ်များက အဆိပ်ငွေ့များ ထုတ်လွှတ်

    ဇူလိုင် ၃၁၊ ၂၀၁၆
    M-Media

    ecigratte

    – ဆေးလိပ်ဖြတ်ရာမှာ အသုံးပြုလေ့ရှိကြတဲ့ လျှပ်စစ်ဆေးလိပ်တွေဟာ ကိရိယာရဲ့ သက်တမ်း၊ အမျိုးအစားနဲ့ အပူချိန်ပေါ်လိုက်ပြီး အဆိပ်သင့်ဒြပ်ပေါင်းအဆင့်လောက်ရှိတဲ့ အန္တရာယ်ရှိ ဓာတုဓာတ်ပစ္စည်းတွေကို ထုတ်လွှတ်တယ်လို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Lawrence Berkeley National Laboratory ဓာတ်ခွဲခန်းကပြုလုပ်တဲ့ လေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။

    ဒီလိုတွေ့ရှိမှုဟာ လျှပ်စစ်ဆေးလိပ်ပြုလုပ်သူတွေ၊ အဆိုပါကိရိယာတွေကြောင့်ဖြစ်လာမယ့် ကျန်းမာရေးခြိမ်းခြောက်မှုတွေကို လျှော့ချချင်တဲ့ အာဏာပိုင်တွေနဲ့ သက်ဆိုင်လိမ့်မယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။

    “လျှပ်စစ်ဆေးလိပ်သောက်ဖို့ တိုက်တွန်းတဲ့သူတွေကတော့ သာမန်ဆေးလိပ်တွေထက် ဓာတုအဆိပ်ငွေ့ထွက်ရှိမှု ပိုနည်းတဲ့အတွက် လျှပ်စစ်ဆေးလိပ်ကို အသုံးပြုတာ ပိုကောင်းတယ်လို့ ပြောကြပါတယ်။ ကျွန်တော်ပြောချင်တာက ဒါဟာ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ မှန်ကောင်းမှန်နိုင်ပါတယ်၊ ဥပမာဆိုရရင် ဆေးလိပ်စွဲပြီး ဖြတ်လို့မရတော့တဲ့ သူတွေ အတွက်ပါ။ ဒါပေမဲ့ ပြဿနာက အဲ့လို ပြောင်းသောက်လိုက်တာဟာ ကျန်းမာသွားပြီလို့ ဆိုလိုရာမရောက်ပါဘူး။ ပုံမှန်ဆေးလိပ်တွေဟာ ကျန်းမာရေးကို အလွန်အကျွံထိခိုက်နိုင်သလို လျှပ်စစ်ဆေးလိပ်တွေဟာလည်းပဲ ကျန်းမာရေးကို အတော်အတန်တော့ ထိခိုက်စေပါတယ်” လို့ ဦးဆောင်လေ့လာသူတစ်ဦးဖြစ်သူ Hugo Destaillats က ပြောကြားခဲ့ပါတယ်။

    လျှပ်စစ်ဆေးလိပ်တွေမှာ တွေ့ရတဲ့ ဓာတ်တုပစ္စည်းတွေဟာ ပရိုပိုင်းလင်းနဲ့ ဂလစ်စရင်းတွေဖြစ်ပြီး၊ အေခရိုလင်း၊ အဆက်တယ်ဒီဟိုက်နဲ့ ဖော်မယ်ဒီဟိုက်တို့လို အဆိပ်ဓာတုဓာတ်ငွေ့တွေကို ထွက်စေပါတယ်။ အဲဒီဓာတ်ငွေ့တွေကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ယားယံတဲ့ဝေဒနာ ဒါမှမဟုတ် ကင်ဆာရောဂါတောင် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

    Ref : IINA