News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • အခွံမာသီးများက ကင်ဆာ၊ နှလုံး၊ အသက်ရှုလမ်းကြောင်းရောဂါများကို လျော့ပါးစေနိုင်

    အခွံမာသီးများက ကင်ဆာ၊ နှလုံး၊ အသက်ရှုလမ်းကြောင်းရောဂါများကို လျော့ပါးစေနိုင်

    မတ် ၄၊ ၂၀၁၆
    M-Media

    penaut

    – အခွံမာသီးစားလေ့ရှိသူတွေဟာ အသက်ရှည်ရှည် နေထိုင်ရတတ်ပြီး ကင်ဆာ၊ နှလုံး၊ အသက်ရှုလမ်းကြောင်းရောဂါများကြောင့် အသက်သေဆုံးနိုင်ချေ နည်းပါးကြောင်း သိရပါတယ်။

    အမျိုးသမီးတွေမှာဆိုရင် အခွံမာသီးကို လက်နှစ်ဆုပ်စာ စားခြင်းအားဖြင့် တစ်ပတ်လေးနာရီကြာ အနှေးပြေးသကဲ့သို့ အကျိုးကျေးဇူး ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်က သုတေသီတွေဟာ တစ်ပတ်မှာ ငါးရက်နဲ့အထက် ပဲထောပတ် တစ်ဇွန်းစားလေ့ရှိတဲ့ နှလုံးရောဂါဝေဒနာရှင် အမျိုးသမီးတွေဟာ ဒီထက်ပိုနည်းတဲ့ ပမာဏစားသုံးတဲ့သူတွေထက် နှလုံးရောဂါဝေဒနာ ထက်ဝက်ခန့် သက်သာသွားတာကို တွေ့ရှိရပါတယ်။

    တစ်ပတ်မှာ မြေပဲ တစ်ကြိမ်ထက်ပိုပြီး စားတတ်လေ့ရှိတဲ့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ အမှတ်အသားဖြစ်တဲ့ ရင်သားအကြိတ်ဖြစ်ပေါ်တာ သိသိသာသာ လျော့နည်းသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။

    တစ်နေ့လျှင် မြေပဲလက်တစ်ဆုပ်ခန့် သို့မဟုတ် လက်နှစ်ဆုပ်ခန့်စားတတ်သူတွေဟာ ခန့်မှန်းထားတာထက် ကိုယ်အလေးချိန် လျော့ကျသွားတတ်တာ သို့မဟုတ် လုံးဝကိုယ်အလေးချိန်မတက်တာ သို့မဟုတ် အမှန်တကယ်ကိုယ်အလေးချိန် လျော့ကျသွားတာမျိုးကို တွေ့ရပါတယ်။

    pistachio လို့ ခေါ်တဲ့ မြေပဲဆံ အခု ၁၂၀ လောက်ကို နေ့စဉ် သုံးလကြာ စားသုံးသူတွေကို လေ့လာစောင့်ကြည့်ခဲ့ရာမှာ ကိုယ်အလေးချိန်တစ်အောင်စတောင် မတက်တာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ မြေပဲဆံရဲ့ ခန္ဓာကိုယ် ဇီဝရုပ်ဖြစ်ပျက်မှုကို မြှင့်တင်နိုင်စွမ်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မြေပဲများများ စားသုံးလေလေ ခန္ဓာကိုယ်အဆီတွေ ပိုလောင်ကျွမ်းလေပါပဲ။

    မိမိစားသုံးလိုက်တဲ့ အစားအသောက်ဟာ အချိန် ၈ နာရီကြာအတွင်းမှာ အဆီ ၂၀ ဂရမ်သာ လောင်ကျွမ်းတာကို တွေ့ရပါတယ်။ သို့သော် ကိုယ်စားသုံးတဲ့ အစားအစာထဲမှာ အခွံမာသီး (မြေပဲ) ပါဝင်မယ်ဆိုရင်တော့ အဆီ ၃၁ ဂရမ်လောက် လောင်ကျွမ်းစေနိုင်ဖြစ်ပါတယ်။

    Ref: IINA

  • ဦးနှောက်တွင် မြှုပ်ထားနိုင်သည့် ခန္ဓာကိုယ် စောင့်ကြည့်ကိရိယာတစ်ခုကို သိပ္ပံပညာရှင်များ တီထွင်

    ဦးနှောက်တွင် မြှုပ်ထားနိုင်သည့် ခန္ဓာကိုယ် စောင့်ကြည့်ကိရိယာတစ်ခုကို သိပ္ပံပညာရှင်များ တီထွင်

    ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
    M-Media

    brain chip

    – ထိခိုက်ဒဏ်ရာရတဲ့အခါ အပူချိန်နဲ့ ဖိအားတွေ စောင့်ကြည့်နိုင်ဖို့ ဦးနှောက်ထဲ နှစ်မြှုပ်ထားနိုင်မယ့် ပါးလွှာတဲ့ လျှပ်စစ်အာရုံခံကိရိယာတစ်ခုကို အမေရိကန် သုတေသနပညာရှင်တွေက တီထွင်ခဲ့ပြီး အဲဒီကိရိယာလေးဟာ မလိုအပ်တဲ့အခါမှာလည်း အလွယ်တကူပျော်သွားနိုင်တယ်လို့ သိရပါတယ်။

    အီလီနွိုက်နဲ့ ၀ါရှင်တန်ဆေးတက္ကသိုလ်က သိပ္ပံပညာရှင်တွေ တီထွင်ခဲ့တာဖြစ်ပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေ အတွက်လည်း အလားတူစောင့်ကြည့်ကိရိယာမျိုး ပြုလုပ်သွားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ကိရိယာအမြောက်အများရှိပါတယ်။ ဒါပေမယ့် အဲ့ဒီပစ္စည်းတွေဟာ ကြီးမားတဲ့အပြင် တစ်ချိန်ဖယ်ထုတ်ချင်ရင် ပြန်လည်ခွဲစိတ်ရတတ်ပါတယ်။

    ရောဂါပိုးကူးစက်တာတွေ၊ ခန္ဓာကိုယ်က လက်မခံတာတွေလည်း ဖြစ်လေ့ရှိပါတယ်။ အခုတီထွင်လိုက်တဲ့ ပစ္စည်းမှာတော့ အဆိုပါချို့ယွင်းချက်တွေ မရှိတဲ့အပြင် မလိုတော့ရင် ခန္ဓာကိုယ်အတွင်းမှာပဲ ပျော်ဝင်ပျက်ဆီးသွားနိုင်ပါတယ်။

    “အခုကိရိယာလေးကို ဦးနှောက်ထဲမှာ တစ်ခုလုံးမြှုပ်ထားပြီး ကိုယ်စောင့်ကြည့်ချင်တဲ့ အင်္ဂါအစိတ်အပိုင်းနဲ့ ချိတ်ဆက်ကာ အဲဒီအစိတ်အပိုင်းရဲ့ ကျန်းမာရေးအခြေအနေကို ကြိုးမဲ့စနစ်နဲ့ သတင်းပေးပို့နိုင်ပါတယ်။ ကိုယ့်စောင့်ကြည့်ချင်တဲ့ အချိန်ကာလကျော်သွားရင် အဲ့ဒီပစ္စည်းလေးဟာ ပျော်ဝင်ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်” လို့ အာရုံကြောခွဲစိတ်ဌာနက ဒေါက်တာ ရိုရီမာဖီက ပြောကြားခဲ့ပါတယ်။

    သုတေသီတွေက အဆိုပါအာရုံခံကိရိယာကို ကြွက်တွေမှာ စမ်းသပ်ကြည့်တဲ့အခါ တိကျတဲ့တိုင်းတာမှုတွေ ပြုလုပ်နိုင်ပြီး
    နောက်ပိုင်း လုံးဝပျော်ဝင်သွားတာကို တွေ့ရကာ နောက်တဆင့်အနေနဲ့ လုံခြုံစိတ်ချရမှုနဲ့ တိကျသေချာမှုရှိအောင် လူမှာ စမ်းသပ်ဖို့ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

    အီလီနွိုက်တက္ကသိုလ်ရဲ့ ရုပ်သိပ္ပံနဲ့အင်ဂျင်နီယာ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တော ဂျွန်ရော်ဂျာက “အခု ဇီဝလျှပ်စစ် ဆေးပစ္စည်းလေးဟာ ဆေးဘက်ဆိုင်ရာနယ်ပယ် အတော်များများမှာ အလွန်အစွမ်းထက်မှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ကင်ဆာအား ဆေးနည်းနည်းဖြင့် ပုံမှန်ကုသခြင်းသာ အကောင်းဆုံးဖြစ်

    ကင်ဆာအား ဆေးနည်းနည်းဖြင့် ပုံမှန်ကုသခြင်းသာ အကောင်းဆုံးဖြစ်

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
    M-Media

    cancer

    – ကင်ဆာရောဂါကနေ သက်သာစေဖို့အတွက် နည်းလမ်းသစ်တစ်ခုကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီး အဲဒီနည်းလမ်းက ဆေးပြင်းပြင်းတွေထက် ပုံမှန်ဆေးနဲ့ပဲ ရေရှည်ဆွဲကုတဲ့နည်း ဖြစ်တယ်လို့ အင်္ဂလိပ်သတင်းစာ The Telegraph က ဖော်ပြလိုက်ပါတယ်။

    လက်ရှိသုံးစွဲနေတဲ့ ကင်ဆာကုထုံးတွေမှာ ကင်ဆာကြိတ်တွေကို ဖယ်ရှားချင်တဲ့အတွက် ဓာတုဆေးပြင်းပြင်းတွေ အများကြီးသုံးစွဲရတဲ့ ပြင်းထန်တဲ့ကုသနည်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းနဲ့ ကင်ဆာ လုံးဝပျောက်ကင်းသွားတာက နည်းပါးတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဘေးထွက်ဆိုးကြိုးတွေကလည်း အရမ်းများပြီး ဆံပင်ကျွတ်တာတွေကနေ ခန္ဓာကိုယ်အတွင်း ခုခံအားပျက်ဆီးကာ သွေးအားနည်းရောဂါတွေအထိ ဖြစ်ပွားနိုင်ပါတယ်။

    ပြင်းထန်တဲ့ဓာတုကုထုံးတွေဟာ ကင်ဆာကို ပိုမိုဆိုးရွားလာစေပြီး ဆေးယဉ်ပါးကင်ဆာဆဲလ်တွေ ပိုများလာစေကာ နောက်ထပ်ကင်ဆာရောဂါ ပြန်ဖြစ်လာပြီဆိုရင် သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိတယ်လို့ ကျွမ်းကျင်သူအချို့က ယုံကြည်နေကြပါတယ်။

    ဆေးယဉ်ပါးနေတဲ့ ကင်ဆာဆဲလ် ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သိပ္ပံပညာရှင်တွေက နည်းလမ်းသစ်တစ်ခုကို တွေ့ရှိခဲ့ပြီး အဲဒါကတော့ ကင်ဆာဆဲလ်တွေကို လုံးဝ ဖယ်ရှားဖို့ ကြိုးစားတာထက်စာရင် ဆေးကို တုံ့ပြန်နိုင်စွမ်းရှိတဲ့ ကင်ဆာဆဲလ်အချို့ကို ဒီအတိုင်း လွှတ်ထားပေးလိုက်တဲ့ နည်းမျိုးဖြစ်ပါတယ်။

    ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့က H Lee Moffitt ကင်ဆာနှင့်သုတေသနဌာနမှ ဒေါက်တာ ရောဘတ် ဂါတင်ဘီ ဦးဆောင်တဲ့ အမေရိကန်ဆေးပညာရှင် အုပ်စုတစ်ခုဟာ မတူညီတဲ့ ရင်သားကင်ဆာဖြစ်နေတဲ့ ကြွက်တွေကို paclitaxel လို့ခေါ်တဲ့ ဓာတုကုထုံးနဲ့ စမ်းသပ်ကုသခဲ့ပါတယ်။

    အဲဒီကုထုံးအရ ပထမတော့ ကြွက်တွေမှာဖြစ်တဲ့ ကင်ဆာဆဲလ်တွေဟာ ရှုံ့တွသွားပြီး ကုသမှုရပ်လိုက်တာနဲ့တပြိုင်နက် ဆဲလ်တွေ ပြန်လည်ကြီးထွားလာပါတယ်။ ဒါပေမယ့် အစကတည်းက ဆေးပြင်းပြင်းတွေသုံးပြီး ကုသတာထက် ဆေးနည်းနည်းကို ပုံမှန်သုံးစွဲခြင်းဟာ ကင်ဆာပျံ့ပွားမှုကို ထိန်းချုပ်ပေးနိုင်မှာဖြစ်တယ်လို့ ဒီလေ့လာမှုအရ တွေ့ရှိရပါတယ်။

    ဒီစမ်းသပ်မှုဟာ တော်တော်လေးထိရောက်ခဲ့ပြီး အချို့ကြွက်တွေကို အချိန်အတိုင်းအတာတစ်ခုရောက်တဲ့အခါ ဆေးဖြတ်လိုက်တဲ့အခါမှာတော့ ရောဂါကြောင့် ဆုတ်ယုတ်မှုမရှိဘဲ ကျန်းကျန်းမာမာ နေထိုင်နိုင်တာကို တွေ့ခဲ့ရပါတယ်။

    Ref: IINA

  • ဇီကာဗိုင်းရပ်စ်မှာ အခြားဗိုင်းရပ်စ်များထက် အန္တရာယ်ပိုရှိဟု WHO ပြော

    ဇီကာဗိုင်းရပ်စ်မှာ အခြားဗိုင်းရပ်စ်များထက် အန္တရာယ်ပိုရှိဟု WHO ပြော

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
    M-Media

    zika 9

    – မကြာသေးခင်က ပေါ်ပေါက်လာခဲ့တဲ့ ကူးစက်ဗိုင်းရပ်စ်တွေထက် အခု ခြင်ကပေါက်ဖွားတဲ့ ဇီကာဗိုင်းရပ်စ်က အန္တရာယ်ပိုကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောဆိုလိုက်ပြီး ဇီကာ ကူးစက်မှုဟာလည်း ပိုဆိုးလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    WHO အကြီးအကဲ မာဂရတ် ချန်က ယခုဗိုင်းရပ်စ်ဟာ တကယ့်ကို ရင်ဆိုင်ဖို့ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး နှိမ်နင်းဖို့လည်း ခက်ခဲနိုင်တဲ့အတွက် တစ်ကမ္ဘာလုံးအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ ပြောပါတယ်။

    “တကယ့်ကို လှည့်ကွက်များတဲ့ ဗိုင်းရပ်စ်နဲ့ ကျွန်မတို့ ပက်သက်နေရတာပါ။ မသေချာမှုတွေလည်း အပြည့်ပါပဲ။ ဒါ့ကြောင့် မမျှော်လင့်တာတွေ ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ဇီကာပျံ့နှံ့ရာ ရင်းမြစ်ဖြစ်တဲ့ ဘရာဇီးလ်သို့ အချက်အလက်ရှာဖွေရေးခရီးစဉ်အဖြစ် သွားရောက်ပြီးတဲ့နောက် ရီယိုဒီဂျနေးမြို့မှာ ချန်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

    ဇီကာဗိုင်းရပ်စ်ကို တုံ့ပြန်မှုဟာ ပိုမကောင်းလာခင်မှာ ပိုဆိုးရွားသွားနိုင်တယ်လို့လည်း ချန်က သတိပေးခဲ့ပြီး ဇီကာကူးစက်မှုရှိနေကြောင်း သတင်းပေးပို့တဲ့နိုင်ငံတွေဟာ ၄၆ နိုင်ငံအထိ ရှိလာခဲ့ပြီလို့ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဇီကာဗိုင်းရပ်စ်ကို သယ်ဆောင်နိုင်တဲ့ aegypti ခြင်မျိုးဟာ နိုင်ငံပေါင်း ၁၃၀ လောက်မှာ ရှိတဲ့အတွက် ဗိုင်းရပ်စ်ပြန့်နှံ့မှုဟာ ပိုမို ဆိုးရွားနိုင်တဲ့အနေအထား ရှိနေပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ မွေးလာတဲ့ကလေးတွေမှာ ဦးခေါင်းသေးတဲ့ချို့ယွင်းချက် ပါလာနိုင်ပြီး မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။

    လောလောဆယ်မှာတော့ ခြင်အကိုက်မခံရုံမှတစ်ပါး ဇီကာအတွက် ကုသနိုင်တဲ့ဆေး လုံးဝမရှိသေးပါဘူး။ ၎င်းဗိုင်းရပ်စ်ဟာ လက်တင်အမေရိက နိုင်ငံ ၂၀ ကျော်မှာ ပျံ့နှံ့ခဲ့ပြီး ဘရာဇီးကတော့ အဆိုးဆုံးပဲ ဖြစ်ပါတယ်။ ဘရာဇီးကျန်းမာရေးဌာနက ဦးခေါင်းသေးချို့ယွင်းချက်ပါလာတဲ့ ကလေး ၅၈၃ ယောက် ရှိပြီလို့ အတည်ပြုခဲ့ပါတယ်။ မွေးရာပါချို့ယွင်းမှုကြောင့် ခန့်မှန်းခြေ ကလေး ၁၂၀ ခန့် သေဆုံးခဲ့ပြီးဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

    ချန်က ဇီကာနဲ့ မွေးရာပါ ဦးခေါင်းသေးရောဂါတို့အကြား ဆက်စပ်မှုဟာ အခိုင်အမာရှိနေတယ်လို့ မပြောနိုင်ပေမယ့် ကြီးကြီးမားမား သံသယရှိနေပြီလို့ ဆိုပါတယ်။

    Ref: Press TV

  • ဂျပန်နိုင်ငံတွင် ဇီကာကူးစက်နေသူ ပထမဆုံး တွေ့ရှိ

    ဂျပန်နိုင်ငံတွင် ဇီကာကူးစက်နေသူ ပထမဆုံး တွေ့ရှိ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    zika 11

    – ဘရာဇီးလ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ဆယ်ကျော်သက် ဂျပန်အမျိုးသားတစ်ဦးတွင် ဇီကာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရသည်ဟု ဂျပန်သတင်းဌာန NHK က ကြေငြာလိုက်ပြီး နိုင်ငံအတွင်း ပထမဆုံး ဇီကာဗိုင်းရပ်စ် တွေ့ရှိမှုလည်း ဖြစ်သည်။

    အဆိုပါလူငယ်မှာ မြို့တော်တိုကျို အနောက်တောင်ပိုင်းရှိ ကာနာဂါဝါ ပြည်နယ်မှဖြစ်ပြီး ဘရာဇီးလ်မှ ဂျပန်သို့ ပြန်ရောက်လာပြီးနောက် အဖျားနှင့် အရေပြားယားယံမှု ရောဂါများကို ခံစားခဲ့ရသောကြောင့် ဆေးရုံ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ထိုကဲ့သို့ ဇီကာဗိုင်းရပ်စ် ကူစက်နေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    တိုကျိုကျန်းမာရေးဝန်ကြီးဌာနကမူ NHK ၏ ထိုသတင်းဖော်ပြချက်နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ အဆိုပါ ဇီကာဗိုင်းရပ်စ်မှာ ပြီးခဲ့သည့်နှစ် မေလမှစတင်ကာ လက်တင်အမေရိက နိုင်ငံများတွင် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဘရာဇီးလ်နိုင်ငံတွင် ကူးစက်သူပေါင်း ၄၀၀၀ ကျော် ရှိနေသည်။

    ဂျပန်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုမှာ လွန်ခဲ့သည့် ၃ နှစ်ခန့်က တစ်ကြိမ် တွေ့ရှိခဲ့ရဖူးပြီး ထိုစဉ်ကလည်း နိုင်ငံရပ်ခြားမှ ပြန်ရောက်လာသူထံတွင် တွေ့ခဲ့ရခြင်းဖြစ်သည်။

    Ref: Channelnewsasia