News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ဂီနီနိုင်ငံတွင် တစ်ကျော့ပြန်အီဘိုလာကြောင့် သေဆုံးသူ ၄ ဦးရှိပြီ

    ဂီနီနိုင်ငံတွင် တစ်ကျော့ပြန်အီဘိုလာကြောင့် သေဆုံးသူ ၄ ဦးရှိပြီ

    မတ် ၂၀၊ ၂၀၁၆
    M-Media

    ebola

    – အာဖရိကတိုက်ရှိ ဂီနီနိုင်ငံတွင် အီဘိုလာရောဂါ တစ်ကျော့ပြန်ဖြစ်ပွားနေပြီး သေဆုံးသူမှာ ၄ ဦးအထိ ရှိလာပြီဟု သိရသည်။

    အဆိုပါ တစ်ကျော့ပြန်အီဘိုလာမှာ ဂီနီနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးသေဆုံးခဲ့သူမှာ အမျိုးသမီငယ်တစ်ဦးဖြစ်သည်။ မိသားစုဝင်များအပါအ၀င် ထိုအမျိုးသမီးငယ်နှင့် ထိတွေ့ဆက်ဆံဖူးသူများကို ခြေရာခံရန် ကြိုးစားနေသည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့သည့် အီဘိုလာ ကပ်ရောဂါကြောင့် ဂီနီနိုင်ငံတွင် လူပါင်း ၂၅၀၀ ခန့် သေဆုံးခဲ့ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ထပ်မံကူးစက်မှု မရှိတော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာခဲ့သည်။ သို့သော်လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည်ဟု သတိပေးထားသည်။

    အီဘိုလာကူးစက်ပြန့်နှံ့မှု အများဆုံးဖြစ်ပွားခဲ့သော နိုင်ငံများမှာ ဂီနီ၊ ဆီရာလီယွန်နီနှင့် လိုက်ဘေးရီးယားတို့ ဖြစ်ကြပြီး စုစုပေါင်း ၁၁၃၀၀ ကျော် သေဆုံးခဲ့သည်။

    Ref : Channelnewsasia

  • နာရွက်နှင့် နှာခေါင်းများထုတ်လုပ်နိုင်သည့် ဇီဝပရင်တာကို ဆွီဒင်ပညာရှင်များ တီထွင်

    နာရွက်နှင့် နှာခေါင်းများထုတ်လုပ်နိုင်သည့် ဇီဝပရင်တာကို ဆွီဒင်ပညာရှင်များ တီထွင်

    မတ် ၁၉၊ ၂၀၁၆
    M-Media

    bio

    – လူသား၏ တစ်ရှူးပါဝင်သော မင်ရည်ကို အသုံးပြု၍ အရိုးနုလေးများကို ထုတ်လုပ်ပေးနိုင်သည့် ဇီဝါ 3D ပရင်တာတစ်လုံးကို တီထွင်နိုင်ခဲ့ပြီဟု ဆွီဒင်နိုင်ငံရှိ Wallenberg Wood သိပ္ပံစင်တာမှ သိပ္ပံပညာရှင်များက ယခုတစ်ပတ်အတွင်း ကြေငြာလိုက်သည်။

    နှာခေါင်း၊ နားရွက်နှင့် အဆစ်အမြစ်များတွင် တွေ့ရလေ့ရှိသည့် အဆိုပါ အရိုးနုများမှာ ရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိ၍ ပျက်ဆီးပါက ဒဏ်ရာမပျောက်တော့ဘဲ အစားထိုးလဲလှယ်ရသည့် အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့် ယခုတီထွင်လိုက်သည့် ဇီဝ 3D ပရင်တာမှာ အဆိုပါ အင်္ဂါအစိတ်အပိုင်းများကို မြန်မြန်ဆန်ဆန် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

    ယခင်က ထိုကဲ့သို့ ဇီဝ ပရင်တာများကို ထုတ်လုပ်ရန် ကြိုးစားခဲ့သော်လည်း ထွက်လာသည့် ပစ္စည်းများ၏ တည်ဆောက်ပုံမှာ ကြာကြာမခံခဲ့ပေ။ သို့သော်လည်း ယခု ပရင်တာတွင် အသုံးပြုသည့် ဇီဝမင်ရည်က လူ့အရိုးနုတွင်ပါဝင်သော ဆဲလ်ဖြစ်သည့် chondrocytes နှင့် ပေါင်းစပ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး နှာခေါင်း၊ နားရွက်နှင့် အဆစ်အမြစ်များကို ထုတ်လုပ်ပြီးပါက ပုံပန်းသဏ္ဍာန်မှာ တာရှည်ခံမည်ဖြစ်သည်။

    “သုံးဖက်မြင် ဇီဝ ပရင်တာနည်းပညာဟာ အင်မတန်အကျိုးများတဲ့ နည်းပညာပါပဲ။ ပြီးတော့ တစ်ရှူးထုတ်လုပ်မှု နည်းပညာနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ပြန်လည်ရှင်သန်စေမှု ဆေးပညာကို တော်လှန်ပြောင်းလဲပစ်လိုက်ပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက်က ထိခိုက်မှုတွေ၊ ကင်ဆာတွေကြောင့် ဖျက်ဆီးသွားတဲ့ အစိတ်အပိုင်းတွေကို ပလက်စတစ် ဆာဂျရီနည်းပညာထက် အရိုးနုကိုအသုံးပြုပြီး ဖန်တီးနိုင်ရေးအတွက်ပါပဲ” ဟု ထိုတီထွင်မှုကို ဦးဆောင်ခဲ့သည့် သုတေသနပညာရှင် ပေါလ် ဂါတန်ဟုမ်းက ပြောကြားခဲ့သည်။

    အဆိုပါ ဇီဝပရင်တာမှ ထုတ်လုပ်ပေးသော အစိတ်အပိုင်းအချို့ကို ကြွက်များတွင် အောင်မြင်စွာ အစားထိုးနိုင်ခဲ့ပြီး၊ ထပ်မံစမ်းသပ်မှုများ ပြုလုပ်ပြီးပါက လူသားတွင် အစားထိုးရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

    Ref: IINA

  • အလုပ်ချိန် သာမန်ထက် ပိုများခြင်းက နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေ

    အလုပ်ချိန် သာမန်ထက် ပိုများခြင်းက နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေ

    မတ် ၁၇၊ ၂၀၁၆
    M-Media

    – တစ်ပတ်မှာ အလုပ်ချိန် နာရီ ၃၀ ကနေ ၃၅ နာရီထက်ပိုပြီး လုပ်ကိုင်ခြင်းက ရင်ဘတ်အောင့်ခြင်း၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးသွေးကြောရောဂါ စတဲ့ နှလုံးနဲ့ပက်သက်တဲ့ ရောဂါတွေဖြစ်မှု အလွန်များနိုင်တယ်လို့ အမေရိကန် သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

    အလုပ်လုပ်ချိန် ကြာမြင့်တာဟာ သွေးတိုးရောဂါနဲ့ လေဖြတ်တာမျိုးလည်း ဖြစ်နိုင်ချေများနိုင်ပြီး၊ အလုပ်ချိန်တိုးလာတိုင်းမှာ နှလုံးရောဂါဖြစ်နိုင်ချေကလည်း တစ်ရာခိုင်နှုန်း ပိုများလာနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရေတိုမှာ မဟုတ်ဘဲ အနည်းဆုံး ၁၀ နှစ်နဲ့အထက် ရေရှည်လုပ်ဆောင်မှသာ တွေ့ရတာမျိုးဖြစ်ပါတယ်။

    တက္ကဆက်တက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနရဲ့ လေ့လာရေးအဖွဲ့က အလုပ်အကိုင်ပတ်ဝန်းကျင်နဲ့ အခြေအနေတွေအပေါ်လိုက်ပြီး လူ ၁၉၀၀ ရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို ရေရှည် လေ့လာဆန်းစစ်ခဲ့ပါတယ်။ အစောပိုင်းက လေ့လာမှုတွေမှာလည်း အချိန်ပိုလုပ်ခြင်းနဲ့ စိတ်ဖိစီးတဲ့အခြေအနေအောက်မှာ အလုပ်လုပ်ခြင်းက ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

    ပျှမ်းမျှအနေနဲ့ တစ်ပတ်လျှင် ၅၅ နာရီ အလုပ်လုပ်တဲ့သူတွေမှာ တစ်ပတ် ၄၅ နာရီသာ အလုပ်လုပ်တဲ့သူတွေထက် နှလုံးသွေးကြောရောဂါ ၁၆ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။ တစ်ပတ်မှာ နာရီ ၆၀ လုပ်သူတွေကတော့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေ ၃၅ ရာခိုင်နှုန်းပိုများလာပါတယ်။

    နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေ အနည်းဆုံးသူတွေကတော့ တစ်ပတ်မှာ နာရီ ၃၀ ကြားလောက်ပဲ အလုပ်လုပ်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲပြောပြော တစ်ပတ်မှာ အလုပ်ချိန်တိုတဲ့သူတွေ (တစ်ပတ်လျှင် ၁၀ နာရီကနေ ၁၅ နာရီလောက်) မှာလည်း နှလုံးသွေးကြောအန္တရာယ်ပိုများတာချင်း တူတူပဲလို့ တွေ့ခဲ့ရပါတယ်။

    လေ့လာရေးအဖွဲ့ခေါင်းဆောင် ဆာဒီ ကွန်ဝေးက “ဒီလေ့လာမှုမှာ အလုပ်ချိန်ကြာမြင့်မှုနဲ့ နှလုံးသွေးကြောရောဂါကြား ဆက်စပ်နေတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောရောဂါကာကွယ်ရေးအားထုတ်မှုအနေနဲ့ အလုပ်ချိန်ကို စနစ်တကျ အကွက်ချတတ်မယ်ဆိုရင် အလုပ်လုပ်သူ အမေရိကန်သန်းပေါင်းများစွာအတွက် နှလုံးသွေးကြောအန္တရာယ်ကို လျှော့ချနိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • စပျစ်သီးစားသုံးခြင်းဖြင့် မျက်စိကွယ်ခြင်းကို လျှော့ချပေးနိုင်

    စပျစ်သီးစားသုံးခြင်းဖြင့် မျက်စိကွယ်ခြင်းကို လျှော့ချပေးနိုင်

    မတ် ၁၆၊ ၂၀၁၆
    M-Media

    grape

    – စပျစ်သီးစားခြင်းဟာ မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့အပြင် အသက်ကြီးပိုင်းမှာ အမြင်အာရုံဆုံးရှုံးခြင်း မဖြစ်အောင် လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

    မျက်ကြည်လွှာထဲကို ဖရီးရယ်ဒီကယ်ဆိုတဲ့ အန္တရာယ်ရှိတဲ့ မော်လီကျူးတွေ ထုတ်ပေးနိုင်တဲ့ oxidative stress ခေါ်တဲ့ ဓာတုဖြစ်စဉ်တစ်မျိုး ဖြစ်ခြင်းကနေ စပျစ်သီးက ကာကွယ်ပေးပြီး၊ မျိုးဗီဇဆဲလ် (DNA) မထိခိုက်အောင် ကျန်းမာတဲ့ဆဲလ်တွေကို ကာကွယ်ပေးမယ့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ကြွယ်ဝစွာ ပါရှိပါတယ်။ ဒီဒြပ်ပေါင်းတွေဟာ အမြင်အာရုံကို အကျိုးဖြစ်ထွန်းစေတယ်လို့ ယုံကြည်ရပါတယ်။

    “စပျစ်သီး နေ့စဉ်စားသုံးခြင်းက oxdiative stress ကြောင့် မျက်ကြည်လွှာကျန်းမာရေး ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်” လို့ အမေရိကန်နိုင်ငံ မိုင်ယာမီတက္ကသိုလ်ရဲ့ ပါမောက္ခ အဘီဂေးလ် ဟက်ကမ်က ပြောကြားခဲ့ပါတယ်။

    ဓာတ်တိုးဖိအားမြင့်တက်လာမှုနဲ့ မျက်ကြည်လွှာပျက်စီးခြင်းဟာ လုံးဝ ဆက်စပ်လျက်ရှိနေပါတယ်။ ဒါ့ကြောင့် ကြွက်တွေကို လူတွေ တစ်နေ့သုံးကြိမ်စားတာနဲ့ ညီမျှတဲ့ စပျစ်သီးအမှုန့်တွေ စားသုံးစေပြီး ထွက်ပေါ်လာတဲ့ရလဒ်အရ စပျစ်သီးကြွယ်ဝစွာစားသုံးတဲ့ အုပ်စုမှာ မျက်ကြည်လွှာဆိုင်ရာ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းစဉ် နှစ်ခုလုံးကို ကောင်းကောင်းလုပ်ဆောင်တာကို တွေ့ရပါတယ်။

    စပျစ်သီးစားတဲ့ ကြွက်တွေမှာ ဓာတ်တိုးဖိအား များလာပေမယ့်လည်း ၎င်းတို့ရဲ့မျက်ကြည်လွှာအထူကို ထိန်းသိမ်းထားနိုင်တာ တွေ့ရပါတယ်။ စပျစ်သီးမစားတဲ့ အုပ်စုမှာတော့ မျက်ကြည်လွှာပျက်စီးပြီး အပေါက်တွေ၊ ဒဏ်ရာတွေ တွေ့ရကာ မျက်ကြည်လွှာဟာလည်း သိသိသာသာ ပါးလာပါတယ်။

    အမြင်အာရုံခံပစ္စည်း ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့ပြီး အမြင်အာရုံလုပ်ဆောင်ချက်လည်း သိသိသာသာ ဆုံးရှုံးခဲ့ပါတယ်။ စပျစ်သီးတွေမှာ ဗီတာမင် စီ၊ ပိုတက်ဆီယမ်နဲ့ ဘီတာကယ်ရိုတင်း ကြွယ်ဝစွာပါဝင်ပြီး ဆဲလ်ပျက်စီးမှုကိုဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်များကို တားဆီးပေးနိုင်တဲ့ အထူးစားစရာတစ်မျိုးအဖြစ် လူအတော်များများ သိထားကြပါတယ်။

    အရင်က လေ့လာတွေ့ရှိမှုတွေမှာလည်း စပျစ်သီးဖျော်ရည် သောက်သုံးခြင်းဟာ နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်ဇိုင်းမား ရောဂါဖြစ်မှုကို လျှော့ချပေးနိုင်တယ်လို့ သိခဲ့ရပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာလည်း စပျစ်သီးဟာ ခန္ဓာကိုယ်အလေးချိန်လျော့ကျစေနိုင်တယ်လို့လည်း ဆိုထားပါတယ်။

    Ref: IINA

  • အာရုံခံစားနိုင်သည့် လက်အတုကို သိပ္ပံပညာရှင်များ ဖန်တီးနိုင်

    အာရုံခံစားနိုင်သည့် လက်အတုကို သိပ္ပံပညာရှင်များ ဖန်တီးနိုင်

    မတ် ၁၃၊ ၂၀၁၆
    M-Media

    bio

    – လက်မရှိသူတွေရဲ့ လက်မောင်းအာရုံကြောတွေနဲ့ ချိတ်ဆက်ကာ မျက်နှာပြင်တွေရဲ့ ချောမွတ်မှု၊ ကြမ်းတမ်းမှုကို သိရှိခံစားနိုင်တဲ့ လက်အတုကို ဖန်တီးနိုင်ခဲ့ပြီလို့ ဆွစ်ဇာလန်နဲ့ အီတလီက သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    အဲဒီလက်အတုဟာ ခွဲစိတ်စရာမလိုဘဲ၊ ဒီအတိုင်း ပုံမှန်တပ်ဆင်လိုက်ရုံနဲ့ အချိန်နဲ့ တစ်ပြေးညီ မျက်နှာပြင်တွေကို ထိတွေ့ခံစားနိုင်မှာဖြစ်ပြီး လက်အတုနယ်ပယ်မှာတော့ ထင်ရှားတဲ့ အောင်မြင်တိုးတက်မှုတစ်ခုလည်း ဖြစ်ပါတယ်။

    ယခုတီထွင်မှုကြောင့် အာရုံခံတုံ့ပြန်နိုင်တဲ့ ကိုယ်လက်အင်္ဂါတု ထုတ်လုပ်ရာမှာ အရှိန်မြှင့်တင်ရေး ကူညီပေးနိုင်ဖို့ မျှော်လင့်ရပြီး၊ ဝေဒနာရှင်တွေရဲ့ ယခင်စွမ်းရည်မျိုးကို ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်မယ့် အလားအလာလည်း ရှိနေပါတယ်။

    ၂၀၀၄ ခုနှစ်က မီးရှုးမီးပန်း ပစ်လွှတ်မှုကြောင့် လက်တစ်ချောင်းလုံး ဒဏ်ရာရကာ ဖြတ်တောက်ဖြစ်ခဲ့ရတဲ့ ဝေဒနာရှင် ဒဲနစ် အာဘို ဆိုရန်ဆင်ဟာ သာမန်ကိုင်တွယ်လို့ရတဲ့ လက်အတုကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ရပြီး ၂၀၁၄ ခုနှစ်အရောက်မှာတော့ အီတလီ သုတေသနပညာရှင်တွေက သူ့ကို အာရုံခံနိုင်တဲ့ လက်အတုနဲ့ အစားထိုးပေးခဲ့ပါတယ်။

    အဲဒီ လက်အတုမှာပါဝင်တဲ့ အာရုံခံကိရိယာကို ချိတ်ဆက်ဖို့ ဆိုရန်ဆင်ရဲ့ လက်မောင်းမှာ လျှပ်စစ်ငုတ်များ ထည့်သွင်းခဲ့ရပါတယ်။ ဆိုရန်ဆင်ကတော့ တကယ့်လက်အစစ်လိုပဲ ထိတွေ့ခံစားနိုင်ကာ ပစ္စည်းမျိုးစုံထဲကနေ လိမ္မော်သီးနဲ့ ဘေ့စ်ဘောတို့ကို ခွဲခြားသိမြင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ သိပ္ပံပညာရှင်တွေဟာ ကြမ်းတမ်းတဲ့ မျက်နှာပြင်နဲ့ ချောမွေ့တဲ့မျက်နှာပြင် ခွဲခြားဖို့ ဖန်တီးခဲ့ကြပြီး ဆိုရန်ဆင်ကို တပ်ဆင်ပေးခဲ့ပါတယ်။ အဲဒီနောက် မျက်လုံးအ၀တ်စည်းထားပြီး စမ်းသပ်မေးမြန်းခဲ့ရာ မျက်နှာပြင်ခြားနားမှုကို ၉၆ ရာခိုင်နှုန်းခန့် မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။

    Ref: IINA