News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • အလုပ်အကိုင်အခြေအနေများကို မကျေနပ်၍ အင်္ဂလိပ်ဆရာဝန်များ သပိတ်မှောက်

    အလုပ်အကိုင်အခြေအနေများကို မကျေနပ်၍ အင်္ဂလိပ်ဆရာဝန်များ သပိတ်မှောက်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၆
    M-Media

    – အလုပ်ချိန်မဟုတ်သော အချိန်များ၌ အလုပ်လုပ်ရာတွင် လစာနှင့်ခံစားခွင့်များကို ပြုပြင်ပြောင်းလဲရန် အစိုးရ၏ အစီအစဉ်ကို မကျေနပ်သဖြင့် အင်္ဂလန်ရှိ ဆရာဝန်များမှာ အနှစ်လေးဆယ်အတွင်း ပထမအဆုံးအကြိမ်အဖြစ် ယမန်နေ့တွင် သပိတ်မှောက်ခဲ့ကြသည်။

    အစိုးရထောက်ပံ့သော အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS) ဌာနရှိ ဆရာဝန်အရေအတွက်၏ ထက်ဝက်ခန့်ရှိသော အလုပ်သင်ဆရာဝန်များ၊ ဆရာဝန်ငယ်များက ၎င်းတို့မှာ ၂၄ နာရီ သပိတ်မှောက်သွားမည်ဖြစ်ပြီး ထိုကာလအတွင်း အရေးပေါ်လူနာများမှလွဲ၍ အခြားမည်သူ့ကိုမှ ကြည့်ရှုကုသပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ၁၉၇၅ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်လာခဲ့သည့် ဆရာဝန်များ၏ အဆိုပါသပိမှောက်မှုအတွင်း အရေးပေါ်မဟုတ်သော ခွဲစိတ်မှု ၄၀၀၀ ခန့်ကို ဖျက်သိမ်းရဖွယ်ရှိသည်ဟု အစိုးရဘက်က ခန့်မှန်းခဲ့သည်။ ကျန်းမာရေးအကြီးအကဲကမူ ထိုလုပ်ရပ်မှာ လူနာများအား အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်စေမည်ဟု သတိပေးခဲ့သည်။

    ဆရာဝန်များမှာ ယခုလကုန်ပိုင်းတွင် ၄၈ နာရီကြာ သပိတ်မှောက်ရန် စီစဉ်နေပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အရေးပေါ်ကုသမှုအပါအ၀င် ကုသမှုအားလုံးကို ၉ နာရီကြာ ရပ်ဆိုင်းရန် အစီအစဉ်ရှိနေသည်။

    “အခုလိုသပိတ်မှောက်တာဟာ အပိုအလုပ်တွေပါ၊ အန္တာရာယ်ဖြစ်စေတာပဲ အဖတ်တင်ပါမယ်” လို့ ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက တနင်္လာနေ့တွင် ဝေဖန်ပြောဆိုခဲ့သည်။

    အင်္ဂလန်ရှိ အလုပ်သင်ဆရာဝန် ၃၇၀၀၀ ကျော်၏ ၉၈ ရာခိုင်နှုန်းကျော်မှာ ကျန်းမာရေးဝန်ကြီး ဂျယ်ရီမီတင်သွင်းခဲ့သည့် အလုပ်အကိုင်ဥပဒေအသစ်ကို ဆန္ဒပြသပိတ်မှောက်ရန် ထောက်ခံခဲ့ကြသည်။ အခြားကျန်ရှိသော ဆရာဝန်များကမူ ပါဝင်ခြင်းမရှိကြချေ။

    Ref: Channelnewsasia

     

  • အမျိုးအစား (၂) ဆီးချိုရောဂါအတွက် ကိုယ်လက်လေ့ကျင့်ခန်း အလွန်အရေးကြီး

    အမျိုးအစား (၂) ဆီးချိုရောဂါအတွက် ကိုယ်လက်လေ့ကျင့်ခန်း အလွန်အရေးကြီး

    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media

    dia

    – အမျိုးအစား ၂ ဆီးချိုဝေဒနာရှင်များမှာ ရောဂါသက်သာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန် အလွန်အရေးကြီးပြီး တစ်ဦးချင်းပေါ်လိုက်၍ လေ့ကျင့်ခန်းအမျိုးအစား၊ ကြာချိန်၊ ပြင်းထန်မှု၊ အကြိမ်အရေအတွက် စသဖြင့် ဆေးညွှန်းမျိုး ရေးပေးသင့်သည်ဟု လေ့လာမှုအသစ်အရ သိရသည်။

    ကိုယ်လက်လေ့ကျင့်ခန်းသည် သွေးတွင်းသကြားပါဝင်မှုကို လျှော့ချရာတွင်လည်းကောင်း၊ သွေးဖိအားနှင့် ကိုလက်စထရောပါဝင်မှု လျှော့ချရာတွင်လည်းကောင်း ထိရောက်ကောင်းမွန်စေသော်လည်း ဆီးချိုဝေဒနာရှင်အများစုက ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း မရှိကြပေ။

    “ဇီဝရုပ်ဖြစ်ပျက်မှုလုပ်ငန်း ချို့တဲ့သွားတာကို စားသောက်နေထိုင်ပုံ ပြောင်းလဲလိုက်ခြင်းအားဖြင့် ပြန်ကောင်းသွားတဲ့ ဖြစ်ရပ်မျိုးတွေ အများကြီး ရှိပါတယ်၊ ဒါပေမဲ့ အာဟာရပြည့်ဝအောင် မစားသောက်ဘဲ ပုံမှန်လေ့ကျင့်ခန်းရပ်သွားပြီးဆိုရင်တော့ ခုနက ခံစားရတဲ့ အကျိုးကျေးဇူးတွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်” ဟု လေ့လာမှုတွင် ပါဝင်ခဲ့သည့် ဆရာဝန် ရိုမီယူ မန်ဒက်ဇ်က ပြောကြားခဲ့သည်။

    “ဆီးချိုရောဂါဆိုတာ နာတာရှည်ရောဂါဖြစ်ပြီး တစ်သက်လုံး သေချာ ဂရုစိုက်သွားရပါမယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာတဲ့ စားသောက်နေထိုင်မှုတွေကသာ ကုသမှုအခြေခံပါပဲ” ဟု မန်ဒက်ဇ်က ဆိုသည်။

    အေရိုးဗစ်လေ့ကျင့်ခန်းများတွင် အမြန်လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းနှင့် အခြားသော လှုပ်ရှားမှုများ ပါဝင်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကဲ့သို့ စက်ကြီးများနှင့်ကစားခြင်း၊ ၀ိတ်ချခြင်းတို့ကိုလည်း ပြုလုပ်သင့်သည်ဟု လေ့လာမှုက ဆိုသည်။

    ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းမှာ အငြင်းပွားစရာမလိုသည့် သက်ရှည်ကျန်းမာရေး အကျိုးကျေးဇူးကို ရရှိစေသော်လည်း ဆီးချိုဝေဒနာရှင်များအတွက် ကိုယ်လက်လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးများအား အကန့်အသတ်ဖြင့် သုတေသနပြုလုပ်ထားသည်ဟု လန်ဒန်စီးပွားရေးတက္ကသိုလ်၏ ကျန်းမာရေးမူဝါဒသုတေသီ ဟူစီယင် နာဆီက ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • တရုတ် ကြက်ငှက်တုပ်ကွေးသတင်းကြောင့် ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

    တရုတ် ကြက်ငှက်တုပ်ကွေးသတင်းကြောင့် ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

    ဇန်န၀ါရီ ၇၊ ၂၀၁၆
    M-Meedia

    hong kong

    – အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အလွန်ကူးစက်မြန်သည့် ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံတွင် သေဆုံးခဲ့ပြီးနောက် ဟောင်ကောင်နယ်စပ် စစ်ဆေးရေးဂိတ်များတွင် အမြင့်ဆုံးသတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။

    တရုတ်နိုင်ငံတောင်ဘက် ကွမ်းတုံပြည်နယ် ရှန်ဇန်းမြို့၌ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် H5N6 တုပ်ကွေး ကူးစက်မှုကို ပထမဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်ပြီ၊ ကူးစက်ခံရသည့်အမျိုးသမီးကို ဆေးရုံတွင် ကုသမှုပေးခဲ့သော်လည်း ထိုနေ့တွင်ပင် သေဆုံးသွားခဲ့သည်။

    ရှန်ဇန်း မြူနီစီပယ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက အဆိုပါအမျိုးသမီးသည် ကြက်၊ ဘဲဈေးသွားရာမှ သို့မဟုတ် ကြက်ငှက်အရှင်များနှင့် ထိတွေ့ရာမှ ကူးစက်ခံခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ယင်းဒေသတွင် နောက်ထပ်ကူးစက်ခံရသူ အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးမှာလည်း စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေကြောင်း သိရသည်။

    H5N6 ဗိုင်းရပ်စ်သည် ကြက်များ၊ ဘဲများတွင် ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ကာ၊ ကြက်၊ ဘဲများ မွေးမြူရေးခြံများမှတစ်ဆင့် အလွန်လျင်မြန်စွာ ပျံ့နှံ့လွယ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အဆိုပါ ဗိုင်းရပ်စ်ပိုးမှ လူအနည်းငယ်ကိုသာ ကူးစက်ခဲ့သော်လည်း လူလူချင်းကူးစက်ခံရမှု များလာပါက တစ်နိုင်ငံလုံးအထိ ကူးစက်ပျံ့နှံ့ လာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သတိပေးပြောကြားခဲ့သည်။

    လူသန်းပေါင်းများစွာ ခရီးသွားကြသည့် တရုတ်နှစ်ကူးမှာ ဖေဖော်ဝါရီလာတွင် ကျရောက်မည့်အချိန်တွင် ယခုကဲ့သို့ ကြက်ငှက်တုပ်ကွေးပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ရှန်ဇန်းမြို့နှင့် ဟောင်ကောင်နယ်စပ်အကြား နယ်စပ်မြို့များတွင် အန္တရာယ်ရှိသဖြင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။ တရုတ်ကုန်းတွင်းပိုင်းတွင် ကူးစက်ပြန့်ပွားခဲ့သော ကြက်ငှက်တုပ်ကွေးသည် ကြက်ထောင်ပေါင်းများစွာ တင်ပို့နေသည့် ဟောင်ကောင်သို့ ဦးတည်လျက် ရှိနေသည်။

    Ref: RT

  • လင်းနို့မှ ကူးစက်သည့် ဗိုင်းရပ်စ်ပိုးမှာ အာဖရိကအနောက်ပိုင်းတွင် ပျံ့နှံ့မှုအမြင့်ဆုံး ဖြစ်နေ

    လင်းနို့မှ ကူးစက်သည့် ဗိုင်းရပ်စ်ပိုးမှာ အာဖရိကအနောက်ပိုင်းတွင် ပျံ့နှံ့မှုအမြင့်ဆုံး ဖြစ်နေ

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    bat

    – အာဖရိကနှင့် အရှေ့တောင်အာရှတို့တွင် လင်းနို့မှလူသို့ကူးစက်တတ်သည့် ဗိုင်းရပ်စ်ပိုးကူးစက်မှု အန္တရာယ်အမြင့်မားဆုံးဖြစ်နေပြီး သေစေနိုင်လောက်သည့် ရောဂါအသစ်များ ပေါ်ထွက်လာနိုင်သည်ဟု သိပ္ပံပညာရှင်များက ယမန်နေ့တွင် သတိပေးပြောကြားလိုက်သည်။

    အဆိုပါဗိုင်းရပ်စ်မှ ဖြစ်ပွားသည့် ရောဂါများ၏ ၆၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းခန့်ကို zoonotic events ဟု ခေါ်ဆိုကာ တိရစ္ဆာန်များမှ တဆင့် လူသို့ကူးစက်တတ်ပြီး အထူးသဖြင့် လင်းနို့များသည် zoonotic ဗိုင်းရပ်စ်အများအပြား သယ်ဆောင်နိုင်သည်ဟု သိရသည်။

    ခွေးရူးပြန်ရောဂါ၊ အီဘိုလာ၊ ဆားစ်၊ မားစ် စသည့်ရောဂါတို့မှာ အလွန်သေးငယ်သော သတ္တ၀ါများမှ မြစ်ဖျားခံလာသည်ဟု သံသယရှိနေကြပြီး အာနာဂတ်တွင် မခန့်မှန်းနိုင်သည့် ကပ်ရောဂါများလည်း ထပ်မံ ဖြစ်ပွားနိုင်သည်။

    လန်ဒန်သိပ္ပံဆိုင်ရာ တက္ကသိုလ် (UCL)၊ လန်ဒန်နှင့် အီဒင်ဘာ့ဂ်တက္ကသိုလ်၏ သတ္တဗေဒအဖွဲ့အစည်းရှိ သိပ္ပံပညာရှင်များက ကူးစက်မှုမြင့်မားသည့် ဒေသများအတွင်း ဖြန့်ကျက်သုတေသနပြုရန် ရည်ရွယ်ထားပြီး ဒေသအတွင်းတွေ့ရှိရသည့် လင်းနို့ဗိုင်းရပ်စ်အမြောက်အများအပါအ၀င် လူဦးရေတိုးပွားလာခြင်းနှင့် အသားစားရန်အတွက် လင်းနို့များဖမ်းယူခြင်း စသည့်အချက်အလက်များအပေါ် လေ့လာသုံးသပ်သွားမည်ဖြစ်သည်။

    UCL ၏ ဂေဟဗေဒနှင့် ဇီဝမျိုးကွဲမှုဆိုင်ရာ ဥက္ကဌဖြစ်သူ ကိတ်ဂျုန်းစ်က သူမ၏ အဖွဲ့မှာ ပထမဦးဆုံးအနေဖြင့် ရောဂါပြန့်ပွားသည့်ဒေသများကို မြေပုံဖြင့် ချပြခဲ့ပြီး ထိုမြေပုံအရ လူနှင့် လင်းနို့ထိတွေ့မှုများသည့် နေရာများကို ဖော်ထုတ်ခဲ့သည်။ အာဖရိကမှာ လင်းနို့ဗိုင်းရပ်စ်မျိုးကွဲများအတွက် ပြန့်နှံ့ရာရင်းမြစ်တစ်ခု ဖြစ်ကာ တောင်အမေရိကသည် ကူးစက်မှုအများဆုံး ခံစားရသည့် နေရာများ ဖြစ်နေသည်။

    “မြေပုံတစ်ခုချင်းစီကို ပေါင်းစပ်ခြင်းအားဖြင့် ဒေသအသီးသီးမှာ လင်းနို့ကနေ ဗိုင်းရပ်စ်ပိုးတွေ လူသို့ကူးစက်မှုတွေကို အလုံးစုံဖော်ပြနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရုပ်ပုံကားချပ်တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

    ဂျုန်းနှင့် လက်တွဲလုပ်ကိုင်သူ PhD ကျောင်းသားတစ်ဦးဖြစ်သည့် လိုင်ယမ်ဘရီယာလီက လင်းနို့မှလူသို့ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှာ လူဦးရေ အဆမတန် များပြားလာခြင်းနှင့် တောရိုင်းတိရစ္ဆာန်များရှိသည့် သစ်တောများတွင် မွေးမြူရေးလုပ်ငန်းများ ကျယ်ပြန့်လာခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

    “အဲ့ဒီဒေသတွေမှာရှိတဲ့ လူတွေဟာ လင်းနို့တွေကို အသားစားဖို့ အမဲလိုက်လေ့ရှိပြီး ကိုယ်တွင်းအရည်တွေနဲ့ထိတွေ့ခြင်း၊ လင်းနို့သားကို မကျက်တကျက် စားသုံးခြင်းကနေ ရောဂါကူးစက်နိုင်တယ်ဆိုတာကိုလည်း သတိမပြုမိကြပါဘူး” ဟု ၎င်းက ပြောသည်။

    Ref: Reuters

  • ဆေးလိပ်သောက်ခြင်းက ဆေးယဉ်မှုကို ပိုမိုဖြစ်စေနိုင်

    ဆေးလိပ်သောက်ခြင်းက ဆေးယဉ်မှုကို ပိုမိုဖြစ်စေနိုင်

    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media

    smoke

    – ဆရာဝန်များမှာ ဆေးလိပ်သောက်သုံးသူများကို အခြားသူများထက်ပို၍ ပဋိဇီဝ ဆေးဝါးများကို ပေးရလေ့ရှိပြီး ဆေးလိပ်သောက်သုံးမှုမှာ ဆေးမတိုးသည့်အခြေအနေကို ပိုမိုဖြစ်စေသည်ဟု အမေရိကန်ရှိ လေ့လာမှုတစ်ရပ်အရ သိရသည်။

    ဆေးလိပ်သောက်တတ်သူများသည် ကူးစက်ရောဂါများရှိသောအခါ ဆေးလိပ်မသောက်တတ်သူများထက် ၂၀ ရာခိုင်နှုန်းခန့်မှ ၃၀ ရာခိုင်နှုန်းပို၍ ဆေးစားရလေ့ရှိကြောင်း လေ့လာမှုများမှ တွေ့ရှိရမှုကို အမေရိကန်ဂျာနယ်တစ်စောင်ဖြစ်သော Preventive Medicine တွင် ရေးသားဖော်ပြခဲ့သည်။

    “ဆေးလိပ်သောက်တတ်တဲ့သူတွေကို တခြားလူတွေထက် ဆေး ၂၀ ရာခိုင်နှုန်း ကနေ ၃၀ ရာခိုင်နှုန်းကျော်လောက်အထိ ပိုပေးရလေ့ရှိပါတယ်၊ အဲ့ဒီလိုမှ မပေးရင် လူ့အဖွဲ့အစည်းထဲမှာ ပဋိဇီဝဆေးယဉ်မှုတွေ ဖြစ်လာပြီး ဘက်တီးရီးယားတွေကလည်း ပိုပိုပြီး ဒဏ်ခံလာနိုင်ကြပါတယ်” ဟု နယူးဂျာစီပြည်နယ် နယူးဘရွန်ဆွစ်ခ်ရှိ Rutgers Robert Wood Johnson ဆေးတက္ကသိုလ်မှ ဒေါက်တာ မိုက်ကယ်စတိန်းဘတ်က ပြောကြားခဲ့သည်။

    ပဋိဇီဝဆေးများအား မလျော်မကန်သုံးစွဲခြင်းမှာ ဘက်တီးရီးယားများကို ဒဏ်ခံနိုင်အောင် လေ့ကျင့်ပေးခြင်းနှင့်တူပြီး အချိန်ကြာလာသည့်အခါ ဆေးမတိုးမှုများ ဖြစ်လာစေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က နိုဝင်ဘာလအတွင်း ထုတ်ပြန်မှုတွင် ပဋိဇီဝဆေး ယဉ်ပါးမှုကို ‘ကမ္ဘာ့ကျန်းမာရေးဆိုင်ရာအကြပ်အတည်း’ ဟု ဖော်ပြခဲ့သည်။

    ယခင် သုတေသနပြုချက်များအရ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများသည် ပဋိဇီဝဆေး အကျိုးမသက်ရောက်နိုင်သော ဗိုင်းရပ်စ်များကြောင့် ဖြစ်ပေါ်ရသည်ဟု သက်သေပြထားပြီး ဖြစ်သည်။ ဘက်တီးရီးယားကြောင့်ဖြစ်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများသည်ပင် ပြန်လည်ကောင်းမွန်ရန်အတွက် ပဋိဇီဝဆေးများနှင့် မလုံလောက်သည်ကို တွေ့ခဲ့ရသည်။

    “ဘက်တီးရီးယား ကူးစက်ခံရတဲ့ ဆေးလိပ်သောက်သူရော မသောက်သူကိုပါ ပဋိဇီဝဆေးတွေကို ညီညီမျှမျှပေးသင့်တယ်လို့ ခင်ဗျားတို့ ထင်ကောင်းထင်ပါလိမ့်မယ်” ဟု စတိန်းဘာ့ဂ်က ပြောသည်။

    ဆေးလိပ်မသောသူများနှင့် နှိုင်းယှဉ်လျှင် ဆေးလိပ်သောက်သူများကို ပဋိဇီဝဆေးဝါးများ ၂၀ ရာခိုင်နှုန်းခန့် ပိုမိုပေးရလေ့ရှိပြီး အသက်ရှုလမ်ကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားနေသော ဆေးလိပ်သောက်သုံးသူများကိုမူ ၃၁ ရာခိုင်နှုန်းအထိ ပိုပေးရလေ့ရှိကြောင်း ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ပြုလုပ်ခဲ့သော လေ့လာမှုများအရ သိရသည်။

    သို့သော်လည်း ဆေးလိပ်သောက်တတ်သူများကို ကူးစက်ရောဂါများအတွက် အဘယ့်ကြောင့် ပဋိဇီဝဆေးများ ပိုပေးရကြောင်း ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပေ။ စတိန်းဘာ့ဂ်ကမူ ဤကိစ္စသည် ဆရာဝန်များအနေဖြင့် ဆေးလိပ်သောက်သူများသည် ကူးစက်ရောဂါများ ပိုမိုဖြန့်ဝေနိုင်သည်ဟု မရေမရာယုံကြည်နေသောကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

    ထို့ပြင် ဆေးလိပ်သောက်သူများကို ဆေးလိပ်ဖြတ်ရန် ကူညီအားပေးခြင်းမှာ ဆေးယဉ်မှုကို လျော့ချနိုင်ရုံသာမက ပတ်ဝန်းကျင်တစ်ခုလုံးအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Reuters