News @ M-Media
Category: ကျန်းမာရေးနှင့်ဆေးပညာ
  • ထိုင်းနိုင်ငံတွင် မားစ်ရောဂါကူးစက်နေသူအား ဒုတိယအကြိမ်တွေ့ရှိ
    ထိုင်းနိုင်ငံတွင် မားစ်ရောဂါကူးစက်နေသူအား ဒုတိယအကြိမ်တွေ့ရှိ
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    – နိုင်ငံအတွင်း မားစ် (MERS) ရောဂါ ဖြစ်ပွားမှုကို ဒုတိယအကြိမ်မြောက် တွေ့ခဲ့ရတယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
    ဘန်ကောက်ကိုခရီးထွက်လာတဲ့ အိုမန်လူမျိုး အသက် ၇၁ နှစ်အရွယ် အဘိုးအိုတစ်ဦးမှာ အဲဒီရောဂါကို တွေ့ခဲ့ရတာဖြစ်တယ်လို့ ၀န်ကြီး ပီယာဆာခို ဆာခိုဆတ္တရာဒွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    “ဟိုတယ်သွားဖို့ တက္ကစီငှားပြီးတဲ့နောက်မှာ ဆေးရုံခေါ်သွားပြီး သူ့ကို ဗိုင်းရပ်ပိုးရှိ၊ မရှိ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မားစ် ဗိုင်းရပ်ပိုးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရောဂါကို အချိန်မီတွေ့ရှိခဲ့တာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဘာမှကြောက်စရာမရှိပါဘူး” လို့ ၀န်ကြီးက ပြောခဲ့ပါတယ်။
    အဲဒီအဘိုးအိုနဲ့အတူ ပါလာတဲ့ သားဖြစ်သူအပါအ၀င် အခြားသော ၃၇ ယောက်လောက်ကိုလည်း ဗိုင်းရပ်စ်ရှိ၊ မရှိ ထိုင်းနိုင်ငံက စောင့်ကြည့်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ ပထမဆုံး မားစ်ရောဂါကို ပြီးခဲ့တဲ့နှစ်က အိုမန်နိုင်ငံမှ ရောက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှာ တွေ့ရှိခဲ့တာပါ။
    မားစ်ရောဂါဟာ ၂၀၀၃ ခုနှစ်အတွင်း တရုတ်ပြည်မှာ အသေအပျောက်များစေခဲ့တဲ့ ပြင်းထန်သောအသက်ရှုလမ်းကြောင်းရောဂါ (SARS) ကိုဖြစ်စေတဲ့ ကော်ရိုနာဗိုင်းရပ်စ်မျိုးနွယ်ဝင်မှတဆင့် ဖြစ်ပွားစေတာမျိုးပဲ ဖြစ်ပါတယ်။
    မားစ်ရောဂါကို ၂၀၁၂ ခုနှစ်က ဆော်ဒီအာရေးဗီးယားမှာ ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ရောဂါအများစုဟာအရှေ့အလယ်ပိုင်း ဒေသတွေမှာ အဖြစ်များကြပါတယ်။
    Ref: Reuters
  • ကလေးငယ်များတွင် ရေများများသောက်ခြင်းက အ၀လွန်မှုကို လျော့ချနိုင်
    ကလေးငယ်များတွင် ရေများများသောက်ခြင်းက အ၀လွန်မှုကို လျော့ချနိုင်
    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media
    Portrait of boy drinking glass of water isolated in white
    Portrait of boy drinking glass of water isolated in white
    – ကျောင်းမုန့်ဈေးတန်းတွင် သောက်ရေအလွယ်တကူ ရယူသောက်သုံးနိုင်ခြင်းက ကျောင်းသားများ၏ ကိုယ်ခန္ဓာအလေးချိန်အချိုး (BMI) ကို လျှော့ချရာတွင် အရေးပါကြောင်း သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
    နယူးယောက်တက္ကသိုလ် လန်ဂွန်းဆေးပညာဌာနမှ သုတေသီတွေ့ရဲ့ လေ့လာမှုအရ သိရှိခဲ့တာဖြစ်ပြီး ရေသောက်မှုကြောင့် BMI တန်ဖိုးလျော့ကျမှုဟာ နည်းပေမယ့် လက်တွေ့ ထိရောက်မှုမှာတော့ သိသာထင်ရှားတယ်လို့ ဆိုပါတယ်။ ဒါဟာ ရေသောက်ခြင်းဖြင့် အ၀လွန်ခြင်းကို လွယ်လွယ်ကူကူနဲ့ လျော့ချနိုတယ်ဆိုတာ ပြသနေတာ ဖြစ်ပါတယ်။
    နယူးယောက်ကျန်းမာရေးဌာနနဲ့ ပညာရေးဌာနတို့ ပူးပေါင်းပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း နယူးယောက်မြို့ရှိ ကျောင်းတွေရဲ့ နေ့လည်စာ စားသောက်တန်းတွေမှာ လျှပ်စစ်နဲ့ဆက်သွယ်ထားပြီး မောင်းတံနှိပ်ဖွင့်ရတဲ့ ရေအိုးတွေ တပ်ဆင်ပေးခဲ့ပါတယ်။
    သုတေသီတွေရဲ့အဆိုအရ အဆိုပါရေအိုးတွေ တပ်ဆင်ထားတဲ့ ကျောင်းတွေမှာ သုံးလအတွင်း အခြားကျောင်းတွေနဲ့ စာရင်BMI လျော့ကျလာတာကို တွေ့ရပါတယ်။ ရေသောက်စက်တပ်ဆင်ထားတဲ့ ကျောင်းတွေမှာရှိတဲ့ ယောင်္ကျားလေးတွေက ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း (BMI) ၀.၉ ရာခိုင်နှုန်း လျော့ကျလာပြီး မိန်းကလေးတွေက ၀.၆ ရာခိုင်နှုန်းလောက် လျော့ကျခဲ့ပါတယ်။
    “ဒီလေ့လာချက်အရ ကျောင်းသားတွေအနေနဲ့ သောက်သုံးရေကို အလွယ်တကူနဲ့ အခမဲ့ရမယ်ဆိုရင် သူတို့လေးတွေရဲ့ ကျန်းမာရေး အထူးသဖြင့် ကိုယ်အလေးချိန်မှာ အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ တကယ့်ကိုကုန်ကျစရိတ်နည်းပြီး အလုပ်ဖြစ်တဲ့နည်းလမ်းကို ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်” လို့ တွဲဖက်ပါမောက္ခ ဒေါက်တာ ဘရိုင်ယန်အလ်ဘယ်က ပြောကြားခဲ့ပါတယ်။
    Ref: IINA
  • သွေးကင်ဆာရောဂါသည်များ သက်တမ်းရှည်ရှည်နေနိုင်ရန် မျှော်လင့်ချက်ရှိလာ
    သွေးကင်ဆာရောဂါသည်များ သက်တမ်းရှည်ရှည်နေနိုင်ရန် မျှော်လင့်ချက်ရှိလာ
    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media
    – ကင်ဆာကြိတ်များသော လူနာများကို ကုသပေးနိုင်ရန် အခြားသော ကုသနည်းများနှင့်ပေါင်းစပ်အသုံးပြုရမည့် Amgen ကုမ္ပဏီထုတ် ကင်ဆာရောဂါကုဆေးဝါး ကီပရိုလစ် (Kyprolis) ကို အမေရိကန်အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) က အတည်ပြုလိုက်တယ်လို့ သိရပြီး၊ သွေးကင်ဆာရောဂါသည်တွေအတွက် သက်တမ်း ပိုရှည်ရှည်နေရဖို့ မျှော်လင့်ချက်ရောင်ချည် သန်းလာတာလည်းဖြစ်ပါတယ်။
    ဒါ့အပြင် ယခင်က တစ်ကြိမ်ထက်မနည်း ကုသမှုခံယူထားဖူးပြီး ကင်ဆာကြိတ်ပြန်လည်ပွားများလာကာ ရောဂါပြန်ထလာသူတွေအတွက် ကုသနိုင်တဲ့ ဆေးဝါးတစ်လက်အဖြစ်လည်း အတည်ပြုပေးခဲ့ပါတယ်။
    ၂၀၁၂ ခုနှစ်ကတည်းက အကြိုအတည်ပြုချက်ရှိထားသော်လည်း ယခုမှ လုံးဝခွင့်ပြုချက်ရရှိလာခြင်းဖြစ်တယ်လို့ Amgen ကုမ္ပဏီက ပြောပါတယ်။ အမှန်တကယ် အကျိုးဖြစ်ထွန်းမှုကို ခိုင်မာစေဖို့ လေ့လာသုံးသပ်မှုများ ပြုလုပ်ဖို့လိုအပ်နေပါသေးတယ်။ စမ်းသပ်မှုတွေအရ အကျိုးဖြစ်ထွန်းမှသာလျှင် FDA က ဆေးကို ယုံယုံကြည်ကြည်သုံးစွဲနိုင်တယ်ဆိုတဲ့ ထောက်ခံချက် ထုတ်ပေးမှာဖြစ်ပါတယ်။
    အရင်ကအသုံးပြုတဲ့ ဆေးဝါးဖြစ်တဲ့ Velcade ကို dexamethasone နဲ့ပေါင်းစပ်ပြီး ကုသတဲ့ရလဒ်ထက် ယခု ကီပရိုလစ်ကို dexamethasone နဲ့ ပေါင်းစပ်ပြီး စမ်းသပ်တဲ့ရလဒ်က လူနာသက်တမ်းကို နှစ်ဆရှည်စေတယ်လို့ ကနဦး စမ်းသပ်မှုတွေအရ သိရပါတယ်။
    Ref: Reuters
  • ၀က်တုပ်ကွေးကြောင့် ဥရောပတွင် လူ ၂၁ ဦးသေဆုံး
    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media
    h1n1
    – ပြီးခဲ့တဲ့နှစ်လအတွင်း အာမေးနီးယားမှာ H1N1 ၀က်တုပ်ကွေးကြောင့် လူ ၁၈ ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြာသာပတေးနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပြီး လူထုကို ကူးစက်ပြန့်ပွားတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
    ဇန်န၀ါရီ ၁၃ ရက်နေ့အထိ သေဆုံးသူ ၁၀ ဦးသာ ရှိခဲ့ပေမယ့်၊ မနေ့မှာတော့ ၁၈ ဦးအထိရှိလာပြီး၊ ဒီလိုသေဆုံးမှုတွေဟာ ကပ်ရောဂါအဖြစ် သတ်မှတ်လို့ မရသေးဘူးလို့လည်း အာမေးနီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အထဲမှာ ဖော်ပြထားပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂျော်ဂျီယာမှာလည်း ဒီနှစ်ထဲမှာ ၀က်တုပ်ကွေးကြောင့် သေဆုံးသူ ၃ ဦး ရှိသွားပြီလို့ သိရပါတယ်။
    “၂၀၁၆ ဇန်န၀ါရီလထဲမှာ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ H1N1 ဗိုင်းရပ်စ်ပိုးကြောင့် လူ ၃ ဦးသေဆုံးခဲ့ပါတယ်”လို့ ဂျော်ဂျီယာ အမျိုးသား ရောဂါထိန်းချုပ်ရေးနှင့် လူထုကျန်းမာရေး ဗဟိုဌာနချုပ်အကြီးအကဲ အမီရန် ဂမ်ကရီလစ်ဒ်ဇီက ပြောကြားခဲ့ပါတယ်။
    အဲဒီ သေဆုံးသူ သုံးဦးစလုံးဟာ ဂျော်ဂျီယာအနောက်ပိုင်းက အမျိုးသားတွေချည်းပဲဖြစ်တယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံလုံးက ဆရာဝန်တွေက သေဆုံးခဲ့တဲ့လူနာတွေနဲ့ပက်သက်လို့ ရှုပ်ထွေးမှုတစ်ချို့ရှိပြီး ဆေး ၀ါးအကူအညီ အတော်နောက်ကျတာလည်းပါတယ်လို့ ပြောကြားခဲ့ကြပါတယ်။
    Ref : Reuters
  • အိပ်ရေးပျက်မှုကို အပိုအိပ်စက်ခြင်းဖြင့် အစားထိုးနိုင်
    အိပ်ရေးပျက်မှုကို အပိုအိပ်စက်ခြင်းဖြင့် အစားထိုးနိုင်
    ဇန်န၀ါရီ ၂၀၊ ၂၀၁၆
    M-Media
    – အလုပ်လုပ်ရသည့် ၅ ရက်အတွင်း အိပ်စက်မှုနည်းပါးခြင်းက ဆီးချိုဖြစ်နိုင်ချေကို မြင့်တက်စေနိုင်သော်လည်း အပိုအိပ်ချိန်များက ထိုအိပ်ပျက်မှုကို အစားထိုးနိုင်တယ်လို့ အမေရိကန် သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။
    သုတေသီတွေက ကျန်းမာရေးကောင်းမွန်တဲ့ လူငယ် ၁၉ ယောက်ကို စမ်းသပ်စောင့်ကြည့်ခဲ့ရာမှာ လေးဆက်တိုက်အိပ်ရေးပျက်ခြင်းက ၎င်းတို့ရဲ့ သွေးတွင်းပြောင်းလဲမှုနဲ့ ဆက်စပ်နေပြီး သကြားဓာတ်ဟာ အရင်လိုပုံမှန် မဟုတ်တော့တာကို တွေ့ရှိရပါတယ်။
    တစ်ဖန်ထပ်မံ၍ ၎င်းတို့ကို နောက်ထပ်နှစ်ည အပိုအိပ်စက်စေခဲ့ပြီး သွေးစစ်ကြည့်တဲ့အခါမှာ ပုံမှန်ပြန်ရှိနေခဲ့တာကို တွေ့ရပါတယ်။ ခဏတာ အိပ်ရေးပျက်ခြင်းရဲ့ အကျိုးသက်ရောက်မှုအပေါ် တန်ပြန်သက်ရောက်မှု ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
    “အလုပ်လုပ်တဲ့ရက်တွေထဲမှာ အိပ်စက်ဖို့အချိန်လုံလောက်စွာမရတဲ့သူတွေအနေနဲ့ အိပ်ဖို့အခွင့်အရေးရပြီဆိုရင် အိပ်ရေးပျက်ခဲ့တဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ ကြိုးစားနိုင်တဲ့မျှော်လင့်ချက်ရှိပါတယ်” လို့ ကော်လိုရာဒိုဘိုလ်ဒါတက္ကသိုလ်ရဲ့ ဦးဆောင်လေ့လာသူ ဂျိုဆိုင်နီ ဘရူဆာ့ဒ်က ပြောခဲ့ပါတယ်။
    အဆိုပါလေ့လာချက်က ရုံးပိတ်ရက်တွေမှာ နောက်ကျအိပ်ခြင်းဟာ ကျန်တဲ့ရက်တွေမှာ ညတိုင်းအိပ်ချိန်မလုံလောက်ခဲ့တဲ့ဒဏ်ကို ပြန်လည်ချေဖျက်နိုင်စွမ်းရှိတယ်ဆိုတာကိုတော့ သက်သေမပြနိုင်သေးဘူးလို့ ဘရူဆာ့ဒ်က ထည့်သွင်းပြောကြားခဲ့သည်။
    “ရက်သတ္တပတ်တိုင်းမှာ ဒီလိုပဲ အိပ်ပျက်နေမယ်ဆိုရင် အဲဒီအိပ်ချိန်ကို အမြဲတမ်းပြန်အစားထိုးနိုင်မလားတော့ မသိနိုင်သေးပါဘူး။ အိပ်ချိန်မလုံလောက်တဲ့သူတွေအနေနဲ့ ဖြစ်နိုင်ရင် အပိုအိပ်စက်ခြင်းဟာ အကျိုးရှိပါတယ်”
    ဆီးချိုဖြစ်နိုင်ချေနဲ့ အိပ်စက်မှုကြားက ဆက်နွယ်မှုကို လေ့လာရာမှာ ဘူရူဆာ့ဒ်နဲ့ အပေါင်းအပါတွေဟာ အင်ဆူလင်တုံ့ပြန်မှု သို့မဟုတ် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က အသုံးပြုနိ
ုင်စွမ်း ကို အလေးပေး လေ့လာခဲ့ပါတယ်။
    အင်ဆူလင်တုံ့ပြန်မှုချို့ယွင်းခြင်းဟာ အမျိုးအစား ၂ ဆီးချို ဖြစ်စေတဲ့ လက္ခဏာဖြစ်ပါတယ်၊ ၎င်းအမျိုးအစားဟာ ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို စွမ်းအင်အဖြစ် သင့်လျော်စွာ မပြောင်းလဲပေးနိုင်တဲ့ အသက်အရွယ်၊ အ၀လွန်မှုတို့နဲ့ ဆက်စပ်နေပါတယ်။
    Ref : Reuter