News @ M-Media
Category: ဘာသာပြန်
  • ယူကရိန်းမြေမှ အမေ့ခံများ (သို့)အာဏာတိုက်ပွဲကြားမှ အပြစ်မဲ့များ
    ယူကရိန်းမြေမှ အမေ့ခံများ (သို့)အာဏာတိုက်ပွဲကြားမှ အပြစ်မဲ့များ
    ဒီဇင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    141014151708-01-ukraine-1014-horizontal-gallery
    – ယူရီ ပို့ဇ်နီချန်ကိုတစ်ယောက် ရုရှားနှင့်နီးကပ်သည့် ယူကရိန်းနယ်စပ်ရှိ စတီပါနော့ဗ်ကာ ရွာလေးတွင်နေထိုင်နေသည်မှာ သူ၏ တစ်သက်ရှိပြီဖြစ်သည်။
    ထိုဒေသနှင့် ထိုဒေသအနီးရှိ မဟာဗျူဟာကျသည့် ဆောရ်မူဂီလာ တောင်ကုန်းအား နာဇီတို့လက်မှ ဆိုဗီယက်တပ်နီတော်က ပြန်လည်သိမ်းပိုက်ပြီးနောက်ပိုင်း မွေးဖွားခဲ့သည့် ပို့ဇ်နီချန်ကိုမှာ အသက် ၆၇ နှစ်ပင် ရှိခဲ့လေပြီ။ ပို့ဇ်နီချန်ကိုမှာ ဥပေက္ခာပြုတတ်သူ၊ လောကဓံကို ကြံကြံခံနိုင်သူတစ်ယောက်ဖြစ်၏။ သို့သော်လည်း ပြီးခဲ့သည့် လပိုင်းက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များက ၎င်းအား မျက်ရည်ကျစေခဲ့လေသည်။
    ပရီဒေ၀မီးများ
    သူနေထိုင်ရာဒေသတွင် ယူကရိန်းတပ်များနှင့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအကြား တိုက်ပွဲများဖြစ်ပွားချိန် ဇူလိုင် ၂၈ ရက်နေ့တွင် ယူကရိန်းအမျိုးသားအစောင့်တပ်မှ စနိုက်ပါသမားတစ်ဦးက အိမ်ရှိကားကို ဘေးကင်းရာသို့ရွှေ့ရန် ကြိုးစားသည့် ပို့ဇ်နီချန်ကို၏ အသက် ၃၆ နှစ်အရွယ် သားဖြစ်သူအား ပစ်သတ်ခဲ့သည်။
    `ကျွန်တော့်သားကို ခွဲထွက်ရေးသမားလို့ထင်လို့ ပစ်သတ်လိုက်တယ်လို့ သူတို့ကပြောပါတယ်။ နောက်ပိုင်းတော့ သူတို့တောင်းပန်တယ်။ ပြီးတော့ သားကို မြေမြှုပ်ဖို့အတွက် စစ်သားတစ်ယောက်က ကူညီပေးပါတယ်´ ဟု မျက်ဝန်းမှ မျက်ရည်များကို သုတ်၍ ပို့ဇ်နီချန်ကိုက ပြောပြခဲ့သည်။
    ဇွန်လ မိမိတို့ နောက်ဆုံးရောက်ခဲ့စဉ်က စတီပါနော့ဗ်ကာရွာလေးမှာ ရှုမျှော်မဆုံးသော စိုက်ခင်းများဖြင့် သပ်ရပ်လှပသည့် မြို့ကလေးတစ်မြို့ ဖြစ်ခဲ့သည်။ ထိုမြို့မှပြည်သူများမှာ ဆင်းရဲကြသည်။ သို့သော်လည်း အလုပ်လုပ်ကြပြီး စားသောက်ဖို့အတွက် ပူစရာမလို။ အရှေ့ဘက်အရပ်ဆီမှ ခါးသီးသောလေများ တိုက်ခတ်ပြီးနောက် ယခုအချိန်တွင်တော့ ထိုရွာလေးမှာ အတော်ပင် ပျက်ဆီးနေသည်။ ပျက်ယွင်းနေသော ယူကရိန်းတင့်ကား တစ်စီးက လမ်းကိုခွလျက် ပိတ်ဆို့ထား၏။ လျှပ်စစ်ဓာတ်ကြိုးများက တွဲလောင်းကျလျက်။ပို့ဇ်နီချန်ကို၏ နေအိမ်အပါအ၀င် အိပ်ပေါင် ၂၀ ခန့်မှာလည်း ပျက်ဆီးနေလေသည်။
    141005155951-01-ukraine-1005-horizontal-gallery
    ပို့ဇ်နီချန်ကိုနှင့် ဇနီးဖြစ်သူ ၂ ဦးသာလျှင် ၎င်းတို့မိသားစုထဲမှ စတီပါနော့ဗ်ကာရွာတွင် ကျန်ခဲ့သူများဖြစ်သည်။ သူတို့တွင် သွားစရာမြေမရှိ။ လျှပ်စစ်မီးမရှိ၊ ရိက္ခာမှာလည်း အနည်းငယ်သာရှိလေ၏။ ၎င်းတို့နေထိုင်ရာ အဆိုပါ ရွာလေးအား ယခုလက်ရှိတွင် အပြည့်အ၀ ထိန်းချုပ်ထားသည့် (ခွဲထွက်ရေးသမားများက ၎င်းတို့ကိုယ်တိုင် ကြေညာထားသော) ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံ အာဏာပိုင်များက လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောကြားထားသော်လည်း လိုအပ်သည်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းမရှိဟု ပို့ဇ်နီချန်ကိုက ဆိုလေသည်။ သီတင်းပတ်အနည်ငယ်အတွင်းမှာပင် ထိုဒေသရှိ အပူချိန်မှာ ရေခဲမှတ်သာသာ၌သာ ရှိတော့မည်။
    အာဏာတိုက်ပွဲမှ ရလဒ်များ
    ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများမှ အပျက်အဆီးများက စတီပါနောဗ့်ကာရွာအပါအ၀င် ယူကရိန်းအရှေ့ပိုင်းရှိ ရွာများ၌ ပြန့်ကျဲရှုပ်ပွနေသည်။ သုံးပြီးသားကျည်ခွံများက ဆောင်းနေရောင်အောက်တွင် တစ်လက်လက်တောက်နေသည်။ အဆီးအတားများလုပ်ရာတွင် အသုံးပြုသည့် သဲအိတ်များက ဗုံးဒဏ်ကြောင့်ဖြစ်သာ ချိုင့်ခွက်များအတွင်းသို့ ပေါက်ကျနေ၏။ တင့်ကားများပျက်များနှင့် အခြားသော စစ်ဘက်ဆိုင်ရာ ယာဉ်များမှာ တစ်ဖြည်းဖြည်းခြင်း သံချေးတက်နေလေ၏။
    141001093136-01-ukraine-1001-horizontal-gallery
    မည်သည့်နေရာကိုပင်ကြည့်ကြည့် အိမ်များမှာ မီးလောင်ထားသည့် အုတ်ပုံများဖြစ်နေသည်။ မီးလင်းဖိုများကတော့ အဆီအငေါ်မတည့်စွာပင် လဟာပြင်ထဲ၌ ထီးထီးချည်း ရှိနေလေ၏။ မှန်များကွဲနေသာ ပြတင်းပေါက်များက တကျွီကျွီမြည်လျက် ရှိနေ၏။ ခွေးများက ကိုယ့်အားကိုယ်ကိုးကာ အမှိုက်ပုံသို့ သွားရောက် အစာရှာနေရသည်။
    စက်တင်ဘာလအစောပိုင်းတွင် ရရှိခဲ့သည့် အပစ်ရပ်ရေးသဘောတူညီချက်က ယူကရိကန်းအရှေ့ပိုင်း တိုက်ခိုက်မှုအရှိန်ကို လျော့ကျစေခဲ့သည်။ တစ်ခါတစ်ရံတွင် တိုက်ခိုက်မှုများ လုံးဝရပ်သွားသည်။ ခွဲထွက်ရေးသမားများ၏ ပစ်မှတ်ဖြစ်သော ဒွန်တက်စ်လေဆိပ်၏ မတိုးသာမဆုတ်သာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်အမြားကို သုံးခဲ့ကြသည်။ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခြင်းခံခဲ့ရသော လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကြီးက ရှိပင်မရှိတော့။
    141001093238-02-ukraine-1001-horizontal-gallery
    လေဆိပ်အရှေ့ကိုမျှော်ကြည့်ပါက ဒီဘဲလ်စီဗီရှိ လမ်းဆုံနှင့် ရထားလမ်းရှိရာနေရာတစ်ဝိုက်တွင် မြို့တော်မှ ယူကရိန်း စေတနာ့ဝန်ထမ်းတပ်သား ၃၀ ခန့်က နှင်းမှုန်များအတွင်းသို့ စူးစိုက်ကြည့်နေလေ၏။ သုံးဘက်သုံးတန်က ၀န်းရံခြင်းခံထားရသည့် ယူကရိန်းပိုင် ကုန်းကြောလေးတစ်ခုကို ၎င်းတို့က သိမ်းပိုက်ထားသည်။
    ၎င်းတို့ထဲကအချို့မှာ ထိုနေရာကို လွန်ခဲ့သည့် ၂ လခန့်ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။ နေ့စဉ်နေ့တိုင်း တိုက်ခိုက်ခြင်းခံရသည်ဟု ၎င်းတို့ကဆိုသည်။ သို့သော်လည်း ယခုအချိန်အထိ ထိုနေရာကို ၎င်းတို့ ထိန်းထားနိုင်ပြီး သေလုမတတ်အေးခဲမှုကို အန်တုရန်အတွက် မြေအောက်လှိုင်ခေါင်းများပင် တူးထားနိုင်လေပြီ။ သိုသော်လည်း ပြင်းထန်သည့် ထိုးစစ်များကို ကြံ့ကြံ့ခံရန် ၎င်းတို့တွင် လက်နက်များ၊ အထောက်အပံ့များ မရှိတော့။
    ငြိမ်းချမ်းရေး မျှော်လင့်ချက်မဲ့
    အနီးအနားရှိ မြို့လေးတွင်တော့ `လူငယ်တွေကတော့ အကုန်သွားပြီး။ ကျွန်တော်တို့ချည်းပဲ ရှိတော့တယ်´`နှစ်ဘက်စလုံးက နေတိုင်းလိုလိုဗုံးကြဲနေကြတယ်´ `တစ်ယောက်ရောက်လာတာနဲ့ အိမ်တွေမီးလောင်တော့တာပဲ´ `ဘယ်သူပဲနိုင်နိုင် ဂရုမစိုက်ဘူး။ ငြိမ်းမှုကိုပဲလိုချင်တာ´ စသဖြင့် ငြီးတွားသံများကို ကြားရလေသည်။
    အသက် ၇၃ နှစ်အရွယ် အဖွားအို ဂါလီနာမှာ သူမ၏ရွာတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် သူမသယ်နိုင်သည့်အရာကိုယူ၍ ဒီဘဲလ်စီဗီသို့ ရောက်ရှိလာသည်။ ပါးလွှာနေပြီဖြစ်သည့်သူမ၏ ဘွတ်ဖိနပ်ကို ငုံကြည့်၍ သူမက အမြှောက်ဖြင့် ပစ်ခတ်မှုများကို အလွန်ကြောက်ရွံမိပြီး နှလုံးသားများပင် အပြင်သို့ထွက်လုမတတ် ခံစားရသည်ဟု ဆိုလေ၏။ သူမမှာ အိပ်ရန်၊ စားရန်တွက်ပင် ကြောက်ရွံ့နေရှာသည်။
    140923094937-02-ukraine-0923-horizontal-gallery
    အပစ်အခတ်ရပ်စဲရေးမှာ စိတ်ပျက်စရာဖြစ်လာပြီး၊ နှစ်ဖက်ရန်လိုသော စကားများကြောင့် ငြိမ်းချမ်ရေးအလားလားလည်း မမြင်ရ။ ကြောက်စရာကောင်းသော ပြိုကွဲမှုအတွင်း ယူကရိန်းမှာ ဆန့်ငင်ဆန့်ငင် ဖြစ်နေသည်။ ၀န်ကြီးချုပ် အာဆန်ညီ ယတ်ဆန်ယွတ်က ခွဲထွက်ရေးသမားများနှင့် တိုက်ရိုက် ညှိနှိုင်းဆွေးနွေးမှု မပြုလုပ်ဟုဆိုသည်။ သမ္မတ ပိုရိုရှန်ကိုကလည်း ခွဲထွက်ရေးသမားများ သိမ်းပိုက်ထားသည့် ဒေသအားလုံးရှိ အစိုးရ၀န်ဆောင်မှုများကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့သည်။ ထို့သိုရပ်ဆိုင်းရာတွင် လူမှုဖူလုံးရေးအတွက် ထောက်ပံ့ကြေးပေးခြင်းနှင့် ကျောင်းဆရာများနှင့် ဆရာဝန်များအတွက် လခပေးခြင်းတို့လည်း ပါဝင်၏။ ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံတော်နှင့် ပေါင်းထားသော လူဟန့်စ်ဒေသ၏ ၀န်ကြီးချုပ်အဖြစ် မိမိကိုယ်ကို ကြေညာထားသူ အီဂေါ ပလော့နစ်စကီကလည်း ပိုရိုရှန်ကိုအစိုးရအား စိန်ခေါ်ခဲ့လေသည်။
    ထိုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ရန်ဆောင်ဟန်ရေးပြနေချိန်တွင် ဒွန်တက်စ်မြို့၏ အချို့တဲ့ဆုံးသူများက စေတနာ့ဝန်ထမ်းအဖွဲ့များ၏ အစေားသောက်ဝေငှမှုအား ရယူရန်အတွက် မြို့တွင်းရှိ ယခင်က လမ်းဆုံဟောင်းများတွင် တန်းစီနေရလေသည်။ သို့ရာတွင် ထိုသို့ဝေငှမှုမှာ နှစ်ပတ်လျှင် တစ်ကြိမ်သာဖြစ်၏။
    ထိုဝေငှမှုအား ရယူရန်အတွက် လာရောက်တန်းစီကြသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြပြီး သောကရောက်နေသော မျက်လုံများ၊ ချောင်ကျနေသောမျက်နှာများဖြင့် ခိုကိုးရာမဲ့ မိခင်အချို့လည်း ပါလေသည်။ ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံအပြင်ဘက်မှ လာရောက်ပို့ဆောင်သည့် အဆိုပါ ရိက္ခာများမှာ ဒွန်ဘက်စ်မြို့တွင် တစ်ချိန်က သြဇာအာဏာကြီးခဲ့သည့် စတီးလ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းရှင် ရင်နက် အက်ခ်မီတော့ဗ်က ကူညီထောက်ပံ့ခြင်းဖြစ်၏။ ထိုဒေသ ခွဲထွက်ရေးသမားများ လက်ထဲသို့ ကျရောက်သွားပြီးနောက် ကိဗ်မြို့သို့ ရွှေ့ပြောင်းနေထိုင်နေသည့်သူက ယူကရိန်း ညီညွှတ်ရေးကို အားပေးထောက်ခံသူ ဖြစ်၏။
    ခိုကိုးရာမဲ့
    ဒွန်တက်စ်မြို့မှ ထွက်ခွာရန်အတွက် တန်းစီနေသောလူများက ဘတ်စ်ကားဂိတ်တွင် အပြည့်။ အများစုက အစိုးရက ထိန်းချုပ်ထားသော ဒေသသို့သွားရောက်ကာ စာရင်းပေးနေကြပြီး သို့မှသာ ၎င်းတို့၏ ပင်စင်ငွေများကို ရရှိမည်ဖြစ်သည်။ သို့သော်လည်း သီးတင်းပတ်အနည်းငယ်တိုင်းတွင် အန္တရာယ်ရှိသော ထိုဒေသို့ ပြန်လာရမြဲပင်ဖြစ်၏။ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့ နေထိုင်ရန် ၎င်းတို့မှာ မတတ်နိုင်ကြ။
    မြို့အတွင်း ဘဏ်များလည်း မဖွင့်တော့သလို ငွေထုတ်စက်များကလည်း အလုပ်မလုပ်တော့။ ကယီဗ်စကီကဲ့သို့ ခရိုင်များမှာ အမြှောက်များဖြင့် ထရစပ်ပစ်ခတ်ခြင်း ခံခဲ့ရပြီး ၁၉၉၀ ပြည့်နှစ်များက တိုက်ပွဲများဖြစ်ပွားခဲ့သည့် ခြေချင်းညာမြို့ ဂရို့ဇ်နီ၏ ပျက်ဆီးပုံမျိုးနှင့် သွားတူနေသည်။ လူအများစု ၀င်ရောက်ခိုလှုံကြသည့် ဗုံးရှောင်နေရာများတွင် အရေပြားရောဂါများ ဖြစ်ပွားနေကြပြီး ကလေးများအကြားတွင် အဖြစ်များနေကြောင်း သိရှိရသည်။
    ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံ အုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့ကိုယ်ပိုင် လခပေးမည့်စနစ်ကို ကျင့်သုံးမည်ဟု ကတိပြုထားသော်လည်း အမေရိကန်ပြည်ထောင်စုမှ ကွန်နက်တီကတ်ပြည်နယ် အရွယ်နီးပါးရှိသည့် အဆိုပါဒေသတွင် ထိုသို့ဆောင်ရွက်ရန် လိုအပ်သော အုပ်ချုပ်ရေး ကျွမ်းကျင်မှုကတော့ ဆိုးရွားစွာ ပြတ်လပ်နေလေ၏။ သို့ရာတွင် အဆိုပါဒေသ၌ ကိုယ်ပိုင် အမှတ်အသားဖြင့် လက်ဆောင်ပစ္စည်းရှိသည်။ ကိဗ်မြို့နှင့် မတူသည့် စံတော်ချိန်လည်း ရှိလေသည်။
    ဒွန်ဘက်စ်ဒေသမှ ပြည်သူများအကြားတွင် ကိဗ်အစိုးရအပေါ် မလိုမုန်းထားမှုများ ရှိနေသည်။ အမျိုးသားအစောင့်တပ်ကတော့ မုန်းတီးမှုအခံရဆုံး ဖြစ်သည်။ အဆိုပါတပ်မှာ ရမ်းသမ်း၍ အမြှောက်ဖြင့် ပတ်ခတ်သည်ဟု ပြည်သူများက စွပ်စွဲကြ၏။ လုပ်ခလစာနှင့် လာဘ်လာဘများ ပိတ်ပင်သွားမှုက စစ်သားအများစုကို မျှော်လင့်ချက်မဲ့သွားစေသည်။ တစ်ချိန်တည်းမှာပင် ဒွန်တက်စ် ပြည်သူ့သမ္မတနိုင်ငံမှ ၎င်းတို့အား မကူညီနိုင်ခြင်းကို ပြည်သူများက မကျေနပ်။ ထိုအစိုးရ၏ အခြေခံအဖွဲ့အစည်းများ မရှိခြင်းကိုလည်း ညည်းတွားကြလေသည်။ ဇူလိုင်လက မလေးရှားလေယာဉ် ပစ်ချခံလိုက်ရသည့် နေရာနှင့်နီးသည့် တိုရစ်ဇ်ကဲ့သို့ မြို့များတွင် အသေးစား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
    ယူကရိန်း၏ နှစ်ခြမ်းကွဲမှုက ပိုအရုပ်ဆိုးလာပြီး ဒွန်ဘက်စ်မှ သာမန်ပြည်သူများကတော့ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မည့် အသက်ရှင်ရပ်တည်ရေးအတွက်သာ အာရုံစိုက်နေကြရသည်။ ပြီးခဲ့သည့် ၉ လအတွင်း ၎င်းတို့၏ဘ၀များကို အစိတ်စိတ်အမွှာမွှာဖြစ်စေခဲ့သာ တိုက်ခိုက်မှုများမှ လွတ်မြောက်သည့် နည်းလမ်းလည်း ၎င်းတို့တွင် မရှိကြ။
    ၎င်းတို့ထဲမှ ခါးကုန်းနေသည့် အသက် ၈၃ နှစ်အရွယ် အဖွားအိုတစ်ဦးက ဒွန်တက်စ်မြို့ရှိ နောက်ဆုံး ဖွင့်ခဲ့သော ယူကရိန်း ဘဏ်တစ်ခု၏ အရှေ့တွင် ရပ်နေပြီး အခြားသူများက အဆိုပါဘဏ်၏ တံခါးကို ထုရိုက်နေလေ၏။ နေမ၀င်ခင် ထိုဘဏ်မှာ ကွဲကြေပျက်စီးပေတော့မည်။
    `အဘွားမှာ ပိုက်ဆံမရှိဘူးလေ။ စားစရာမရှိလို့ သေကောင်းသေသွားနိုင်တာပေါ့´
    အဘွားအို၏ မျှော်လင့်ချက်မဲ့သော စကားပင်ဖြစ်လေ၏။
    CNN မှ သတင်း ဆောင်ပါးကို လေးမောင်(M-Media) ဆီလျော်အောင်ဘာသာပြန်ဆိုသည်။
  • ရိုဟင်ဂျာတို့နှင့် သံတူကြောင်းကွဲ ရခိုင်လူမျိုးတို့ အကြောင်းတစ်စ
    ရိုဟင်ဂျာတို့နှင့် သံတူကြောင်းကွဲ ရခိုင်လူမျိုးတို့ အကြောင်းတစ်စ
    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    Hla Tun Oo, a ethnic Rakhine, is pictured in Maw Ya Waddy village near Maungdaw town in northern Rakhine State
    မောရဝတီရွာက ကိုလှထွန်းဦး (ဓာတ်ပုံ – Reuters)
    ဝေးလံခေါင်သီသော မြန်မာနိုင်ငံအနောက်စွန်းဒေသအား ကျောခိုင်း၍ နီးရာနိုင်ငံများသို့ လှေငယ်လေးဖြင့် ထွက်ခွာကြသူ ရိုဟင်ဂျာမွတ်စ်လင်မ်တို့သည် နှစ်များစွာအတွင်း ထောင်ချီရှိနေကြပြီ။ သို့ရာတွင် ယင်းသို့တအုံတကျင်းစွန့်ခွာသည့် အုပ်စုတစ်စုအကြောင်းကိုမူ သတင်းများ၌ အရေးတယူဖော်ပြမှု နည်းပါးလှလေခြင်း။
    ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့သည်လည်း ၄င်းတို့ ရန်သူသဖွယ် သတ်မှတ်ထားသည့် ရိုဟင်ဂျာနည်းတူ မလေးရှားနှင့် ထိုင်းနိုင်ငံများတွင် အလုပ်အကိုင် ရှာဖွေရေးအတွက် ရခိုင်ပြည်နယ်မှ တဖွဲဖွဲ ထွက်ခွာနေလျက်ရှိသည်။ တရားမ၀င် လမ်းကြောင်းများဖြင့် ခရီးနှင်ကြသည့် ရိုဟင်ဂျာများ အတိုင်း ရခိုင်လူမျိုး အုပ်စုအချို့သည်ပင်လျှင် လူကုန်ကူးခြင်း၏ သားကောင်များအဖြစ် သက်ဆင်းနေကြရ၏။
    အစုလိုက်အပြုံလိုက် ထွက်ခွာမှုသည် စီးပွားရေး ယိုယွင်း အားနည်းမှုကို ထင်ဟပ်စေသည်။ မြန်မာနိုင်ငံ၏ အရပ်သားတစ်ပိုင်း အစိုးရသည် ၂၀၁၁ ခုနှစ် အာဏာရယူပြီးကတည်းက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများစွာကို ဆောင်ရွက်လာသော်လည်း အလုပ်အကိုင်များကိုမူ လုံလောက်အောင် မဖန်တီးပေးနိုင်ခဲ့ချေ။
    “ရခိုင်ကျေးရွာတွေကို သွားကြည့်လိုက်ပါ။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကိုသာ တွေ့မြင်ရပါလိမ့်မယ်။ လူငယ်တွေ ထွက်ခွာသွားကုန်ကြပါပြီ” ဟု ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ထင်ရှားသော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးထွန်းမောင်က ပြောပြပါသည်။
    ရခိုင်နှင့်ရိုဟင်ဂျာ လူမျိုးနှစ်စုလုံး တအုံတကျင်းထွက်ခွာနှုန်းမှာ ထိုလူ့အဖွဲ့အစည်းနှစ်ရပ်အကြား အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်တစ်နှစ် ၂၀၁၂-၁၃ ခုနှစ်တွင် ပိုမို အရှိန်မြင့်ခဲ့သည်။ ယင်းအကြမ်းဖက်မှု၌ လူပေါင်း ရာချီသေဆုံးကာ တစ်သိန်းလေးသောင်းဝန်းကျင် အိုးအိမ်မဲ့ဘ၀ ရောက်သွားသည်။ အများစုက ရိုဟင်ဂျာများ ဖြစ်ကြသည်။
    နေရပ်စွန့်ရသူ ရိုဟင်ဂျာများစွာတို့သည် ယခုအခါ ရခိုင် ကမ်းရိုးတန်း တစ်လျှောက် နုံချာညစ်စုတ်သည့်စခန်းများတွင် နေထိုင်နေကြရသည်။ ထိုဒေသများ၌ ခနော်ခနဲ့ လက်လုပ် လူမှောင်ခို လှေငယ်လေးများကို အလွယ်တကူ ဆိုက်ကပ်နိုင်သည့် နေရာဖြစ်သည်။
    ၂၀၁၂ အကြမ်းဖက်မှုကာလမှစ၍ ရိုဟင်ဂျာ တစ်သိန်းခန့်မှာ ထိုလှေများဖြင့် ဇာတိစွန့်ထွက်ခွာသွားကြောင်း ရိုဟင်ဂျာအရေးဆောင်ရွက်နေသည့် Arakan Project မှဆိုသည်။
    ရခိုင်လူမျိုးတို့၏ တအုံတကျင်းထွက်ခွာမှုကို သတိထားမိသူနည်းပါးကြ၏။ အကြောင်းသော် သူတို့သည် နိုင်ငံမဲ့ ရိုဟင်ဂျာအများစု မရရှိနိုင်သော နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်၍ ကုန်းကြောင်း၊ လေကြောင်းဖြင့် သွားလာနေကြသောကြောင့်ဖြစ်သည်။
    ၂၀၁၂ ခုနှစ် နောက်ပိုင်း ရခိုင်လူမျိုး အမြောက်အများ ထွက်ခွာသွားခဲကြသည်ဟု အာဏာပိုင်များ မှ ပြောကြသည်။ စစ်အာဏာရှင်အစိုးရ လက်ထက်အတွင်း ရာစုနှစ်ဝက်နီးပါးမျှ လျစ်လျူရှုခံရသော ဒေသတွင်း စီးပွားရေးမှာ ဆိုးဝါးဆုတ်ယုတ်လာခဲ့သည်။
    ပြည်ပတွင် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများ သန်းချီရှိကြသည်။ အိမ်နီးချင်း ထိုင်နိုင်ငံတစ်ခုတည်းမှာပင် ၂ သန်းဝန်းကျင်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂက ဆိုသည်။ ၎င်းတို့အများစုသည် မြန်မာ့စီးပွားရေး တိုးတက်မှု မရှိမချင်း ပြန်လာမည့်အရိပ်အယောင် မတွေ့ရချေ။
    အယုံအကြည် မရှိ
    ——————–
    ရခိုင်တို့၏ တအုံတကျင်း ပြောင်းရွှေ့ထွက်ခွာခြင်းက ၎င်းတို့၏ စီးပွားရေးပြဿနာများနှင့် လူမျိုးရေးတင်းမာမှုများကို ပိုပြီးဆိုးဝါးသွားစေသည်။
    လူဦးရေ ၃.၂ သန်းရှိ ရခိုင်ပြည်နယ်၏နေရာအများအပြားတွင် လူနည်းစုဝင် ရိုဟင်ဂျာတို့မှာ ရခိုင်တို့၏ တဖက်စောင်းနင်းဆက်ဆံမှုကို ခံနေကြရပြီး လူဦးရေအချိုးအစားအရ ရခိုင် ၂ ဦးလျှင် ရိုဟင်ဂျာတစ်ဦးနှုန်းဖြစ်နေသည်။
    သို့သော် မြန်မာနိုင်ငံမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောဒေသတွင်မူ ကိန်းဂဏန်းများ ပြောင်းပြန်ဖြစ်နေပြန်သည်။ စုစုပေါင်းလူဦးရေ ၅ သိန်း ၁ သောင်းအနက် ရခိုင် သို့မဟုတ် မွတ်စ်လင်မ်မဟုတ်သူများသည် သုံးသောင်းမျှသာရှိနေကြောင်း မောင်တောဒေသသို့ နိုင်ငံခြားသတင်းထောက်တစ်ဦး ရှားရှားပါးပါးရောက်ရှိကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းနှင့်တွေ့ဆုံစဉ် ၎င်းက ပြောပြခဲ့သည်။
    ပြည်ပအလုပ်အကိုင်အတွက် လူငယ်များ ရွာစွန့်ထွက်ခွာကြသည်နှင့်အမျှ ကျန်ရစ်သူ ရခိုင်တို့မှာ ပိတ်ဆို့ထားခြင်းနှင့် လုံခြုံမှုကင်းမဲ့ခြင်းကို ခံစားလာရသည်။
    လှထွန်းဦး (၃၀ နှစ်)သည် မလေးရှားတွင် စက်ရုံလုပ်သားအဖြစ် ၇ နှစ်တာ သွားရောက်လုပ်ကိုင်ပြီးနောက် မောရ၀တီရွာသို့ မကြာသေးမီက ပြန်ရောက်လာသည်။ သူ ရွာ၌ ရှိမနေချိန် ၂၀၁၂ ခုနှစ်၌ ရိုဟင်ဂျာအုပ်စုတစ်စု၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ယင်းမောရ၀တီရွာအား မြန်မာအစိုးရနှင့် နိုင်ငံတကာထောက်ပံ့ရေးအေဂျင်စီများ၏ အကူအညီဖြင့် ပြန်လည်တည်ဆောက်ခဲ့သည်။ ၎င်းသည်လည်း စစ်တပ်ကြီးစိုးရာနယ်မြေ ဖြစ်သည်။
    စစ်သားများသည် တောင်ကုန်းထိပ်တစ်ခုမှ နယ်မြေကို စောင့်ကြပ်ထားသည်။ ကမ်းခြေတစ်လျှောက်ရှိ လူသိများသော ရိုဟင်ဂျာရွာများနှင့် မောရ၀တီရွာအကြားရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ခုတွင် စစ်သားတို့ကို တပ်စွဲထားစေသည်။
    ရခိုင်ကျေးရွာများအနီးတစ်ဝိုက်တွင် အမြဲတမ်းရဲတပ်ဖွဲ့များ ရှိကြပြီး ရွာများကို စစ်တပ်မှ တည်ဆောက်ထားသောလမ်းများဖြင့် ချိတ်ဆက်ပေးထားသည်။ ထိုလမ်းများဖြင့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို ရခိုင်များမှ ရှောင်ဖယ်သွားလာစေသည်။
    မိမိပြန်လာရခြင်းအကြောင်းကို လှထွန်းဦးက “ကျွန်တော် ဒီနေရာမှာမွေးတယ်။ ကျွန်တော့်မြေကို ကျွန်တော်ချစ်တယ်။ ကာကွယ်ပေးချင်တယ်”ဟူ၍ ပြောပြသည်။
    မောရ၀တီမှ ထွက်ခွာသွားသော လှထွန်းဦး၏ညီ ၂ ဦးအပါအ၀င် ရွာပေါင်း ၁၀၀ ခန့်မှ လူငယ်များသည် မလေးရှား သို့မဟုတ် ပြည်ပတစ်နေရာရာသို့ အလုပ်အကိုင်နေပြီး ယောကျာ်း ၂၀ ခန့်သာ အလုပ်လုပ်နိုင်သည့် အရွယ်ရှိသူမျး ဖြစ်သာ ကျန်ရှိကြသည်။
    အနီးဝန်းကျင်ရှိ မွတ်စ်လင်မ်များနှင့် ဆက်ဆံရေးမှာ ဖိအားပေးခံနေရဆဲပင်။ ရခိုင်လယ်သမားတို့သည် ၂၀၁၂ ခုနှစ်မတိုင်ခင်ကကဲ့သို့ မွတ်စ်လင်မ်တို့အား သူရင်းငှားချပေးခြင်း အလျဉ်းမပြုကြတော့။
    “သူတို့ကို လုံးဝ အယုံအကြည် မရှိတော့ပါဘူး” ဟု ရွာလူကြီး ဦးမောင်မောင်သိန်းက ဆိုသည်။
    သို့သော် ရခိုင်များသည် ရိုဟင်ဂျာတို့၏ အခြေအနေများနှင့် များစွာ ဆင်တူကြသည်။
    နိုင်ငံကူးလက်မှတ်မရှိသော ရခိုင်လူမျိုး ဖြူတုတ် (၃၀ နှစ်)သည် ပွဲစားကို ဒေါ်လာ ၆၀၀ ပေးပြီး မလေးရှားနိုင်ငံထဲသို့ တရားမ၀င်ပို့ဆောင်စေခဲ့သည်။ ခရီးသွားလာရေးစာရွက်စာတမ်းများ ရရှိရန် ခဲယဉ်းလှသော ရိုဟင်ဂျာတို့သည်လည်း ပွဲစားများကိုသာ အားကိုးမှီခိုနေကြရသည်။
    ဖြူတုတ်ကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ပို့လွှတ်ခဲ့သည်။ သူသည် ထိုင်းနိုင်ငံသို့ လှေဖြင့် ဖြတ်ကူးသည်။ ထို့နောက် ခြေလျင်ခရီးဖြင့် တောနက်တောင်ကုန်းများကို ဖြတ်သန်းကာ မလေးရှားသို့ ၀င်ရောက်သည်။ ထိုလမ်းကြောင်းသည် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတို့ အသုံးပြုသည့်လမ်းကြောင်းတစ်ခုဖြစ်သည်။
    မိမိနှင့်အတူ ခြေလျင်ခရီးဆန့်ခဲ့သူများ အယောက် ၃၀ ရှိပြီး အားလုံးနီးပါးမှာ ရခိုင်လူမျိုးများ ဖြစ်ကြောင်း မလေးရှားစက်ရုံတစ်ခုတွင် တစ်နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြူတုတ်က ပြောပြသည်။
    ရိုဟင်ဂျာများကဲ့သို့ပင် ရခိုင်တို့သည်လည်း အသုံးချခံသားကောင်ဘ၀ ရောက်နေသည်။ သြဂုတ်လက ယခုနှစ်အစောပိုင်း အင်ဒိုနီးရှားရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းသင်္ဘောများသို့ လူကုန်ကူးခံရသူ ရခိုင်အမျိုးသား ၁၄ ဦးအား ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ International Organization for Migration မှ ပြန်ပို့ပေးရေးကို စီစဉ်ပေးခဲ့သည်။ ထိုသူများမှာ ထိုင်းနိုင်ငံတွင် လစာကောင်းအလုပ်များရရှိမည်ဟု မြူဆွယ်ခံရခြင်း ဖြစ်၏။
    လုပ်သားပျောက်နေသည့်တစ္ဆေ
    ———————————
    ရခိုင်မိသားစုအမြောက်အများတို့သည် ပြည်ပလွှဲငွေများအပေါ် မှီခိုနေရသည်။ လှထွန်းဦးသည် နေအိမ်သို့ လစဉ် ဒေါ်လာ ၂၀၀ ပေးပို့ခဲ့ပြီး မလေးရှား၌ ၇ နှစ်နေပြီးနောက် ဒေါ်လာ ၂၀၀၀၀ စုဆောင်းမိခဲ့သည်။
    သို့သော် ရခိုင်လူငယ်များစွာ ထွက်ခွာနေခြင်းက ၂၀၁၂ သွေးချောင်းစီးမှုမှ ကွင်းဆက်ဖြစ်လာသော ဒေသတွင်းစီးပွားရေးကို အထောက်အကူ မရရှိစေခဲ့။
    ရခိုင်ပြည်နယ်မှာ ကာလရှည်ဆင်းရဲမွဲတေမှုဒဏ် ခံစားထားရသည်။ အာဟာရချို့တဲ့မှုများကို စိတ်ပျက်စွာတွေ့ရသလို ပြည်နယ်၏ကျောထောက်နောက်ခံ အခြေခံအဆောက်အဦမှာလည်း လောက်လောက်လားလား မခိုင်မာ၊ စက်ရုံအလုပ်ရုံများမှာ မဆိုစလောက်မျှသာ ရှိသည်။
    ၂၀၁၂ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာတို့၏ကျားကန်မှုဖြင့် ပေါကြွယ်ခဲ့သော ဟင်းသီးဟင်းရွက်များနှင့် ပင်လယ်စာများမှာ တဟုန်ထိုး ဈေးနှုန်းကြီးမြင့်ခုန်တက်သွားခဲ့သည်။ လုပ်အားခများမှာလည်း ထိုနည်းလည်းကောင်း။ စစ်တွေမြို့စီးပွားရေးလုပ်ငန်းများတွင်လည်း ရိုဟင်ဂျာများကို ငှားရမ်းလုပ်ကိုင်ခွင့် မပေးထား။ ရိုဟင်ဂျာတို့မှာ မြို့ပြင်သို့မောင်းထုတ်ခံရပြီး ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်များဖြင့် ၀န်းရံထားသော ဝေးလံခေါင်သီလှသည့်စခန်းများ၌ ပိတ်လှောင်ခံထားရသည်။
    “အကြမ်းဖက်မှုနဲ့ ခွဲခြားချိုးနှိမ်ဖယ်ကြဉ်ခြင်းက စီးပွားရေးကို ပိုပြီး ကြပ်တည်းသွားစေခဲ့ပါတယ်။ မွတ်စ်လင်မ်များဟာ (ဒုက္ခသည်)စခန်းတွေထဲကနေ ခွာမရဘူး၊ အလုပ်လုပ်ကိုင်ခွင့် မရကြဘူးလေ။ မငြိမ်သက်မတည်ငြိမ်မှုတွေကြောင့် တရားဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ဖို့ ပိုပြီးမလွယ်တော့ပါဘူး” ဟု မြန်မာ့အရေး အလွတ်တန်းသုတေသီ Richard Horsey မှ ဆိုသည်။
    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာလျှင် အလုပ်ရှာဖွေနေသူရခိုင်လူမျိုးတို့ကို ပြင်ပမထွက်အောင် ထိန်းထားနိုင်ပေမည်။ စစ်တွေမြို့တွင် စားသောက်ဆိုင် ၂ ခုနှင့် ဟော်တယ်တစ်လုံး ဖွင့်လှစ်လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမောင်က မိမိသည် ၆ လတိုင်အောင် လုပ်သားများခေါ်ယူကြေငြာခဲ့ပြီး မျှော်လင့်နေသော်လည်း အလုပ်လာလျှောက်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးပါဟု ပြောပြပါလေသည်။
    xxxxxxxxxxxxxxxxxx
    ရိုက်တာ၏ဖော်ပြချက်ဆောင်းပါး  Exclusive: Poor and besieged, Myanmar’s Rakhine join Rohingya exodus ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။
  • အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမြင့်မားဆုံး နိုင်ငံ (သို့) နီကာရာဂွါ
    အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမြင့်မားဆုံး နိုင်ငံ (သို့) နီကာရာဂွါ
    နိုဝင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    NICARAGUA PROTEST
    – အသက် ၁၂ နှစ်အရွယ် သာမန်ကျောင်းသူလေးဖြစ်ခဲ့သည့် မာသာ ဗီလက်စ်ကွက်ဇ် တစ်ယောက် ဖေဖော်ဝါရီလတွင် အစ်မ၀မ်းကွဲ၏ ရည်စားဖြစ်သူက အဓ္ဓမပြုကျင့်ခြင်းကို ခံခဲ့ရသည်။ သူမ မုန့်သွားဝယ်စဉ် အသက် ၃၄ နှစ်အရွယ် ထိုသူက သူအစောင့်လုပ်ရာ ဘုရားကျောင်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ထို့နောက်သူမအား အဓမ္မကျင့်ကာ ဘယ်သူကိုမှ မပြောရန်လည်း သတိပေးခဲ့သေည်။
    အခြားကလေးများနည်းတူ ကာကွယ်ပေးခြင်းကို ခံထိုက်သောကြောင့် ဗီလက်စ်ကွက်ဇ်၏ အမည်ကို ပြောင်းထားသည်။ သူမမှာ သူမနေထိုင်ရာ နီကာရာဂွာမြို့တော် မာနာဂွာ၏ ဆင်ခြေဖုံးဒေသရှိ ရိပ်မြုံလေးမှနေ၍ အလ်-ဂျာဇီးရား သတင်းဌာနသို့ ဇာတ်ကြောင်းကုန်စင် ဖွင့်ဟ ပြောဆိုခဲ့လေသည်။
    “တကယ်လို့ ဒီအကြောင်းတွေကို ကျွန်မ တခြားလူတွေကို ပြန်ပြောပြရင် ကျွန်မကိုနာကျင်အောင် လုပ်သလိုပဲ ကျွန်မညီမလေးကိုလည်း လုပ်မယ်လို့ သူက ပြောခဲ့ပါတယ်။ ကျွန်မ မခံနိုင်ပေမယ့် ကြောက်လည်းကြောက်ပါတယ်။ ဒါ့ကြောင့် နှုတ်ဆိတ်နေခဲ့တာပါ” ဟု သူမက ဆိုသည်။
    နီကာရာဂွါနိုင်ငံမှာ ကမ္ဘာပေါ်တွင် အမျိုးသမီးအများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှုန်း အမြင့်မားဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်လေ၏။ ထိုအမှုကိစ္စမှာ ခရစ်ယာန် ဘုန်းတော်ကြီးများ အသိုင်းအ၀ိုင်းတွင် ရှင်သန်သည်။ ပြစ်မှုကျူးလွန်သူ အများစုမှာလည်း ပြစ်ဒဏ်ပေးခြင်းမခံရ။  အမျိုးသမီးများ၏ လူ့အခွင့်အရေးကို ယုတ်လျော့စေသော ခွဲခြားဆက်ဆံသည့် ဥပဒေများလည်း ရှိနေသည်။
    ပြီးခဲ့သည့်နှစ်က မှုခင်းဆိုင်ရာ ဆရာဝန်များမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ ၆၀၆၉ ဦးကို စစ်ဆေးခဲ့ရသည်။ ထိုပမာဏမှာ ၂၀၁၀ ခုနှစ်နှင့်စာလျှင် ၂၇ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်ဟု ဥပဒေဆိုင်ရာ ဆေးပညာအသင်း IML ၏ မှတ်တမ်းများက ပြဆိုနေသည်။
    လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူ ၆၀၆၉ ဦးတွင် ၈၂ ရာခိုင်နှုန်းမှာ ကလေးများဖြစ်သည်ကို မယုံကြည်နိုင်လောက်စရာ တွေ့ရှိရပြီး ထိုအထဲမှ ၃၀၆၅ ဦးမှာ အသက် ၁ နှစ်မှ ၁၃ နှစ်အရွယ်များဖြစ်သည်။ အသက် ၁၄ နှစ်မှ ၁၇ နှစ်အရွယ် အမျိုးသမီးငယ်များက ၁၈၉၇ ယောက်ရှိသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ ၁၀ ဦးတွင် ၉ ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၈၀ ရာခိုင်နှုန်းကျော်က ဗီလက်စ်ကွက်ဇ်လိုပင် ၎င်းတို့အား အနိုင်ကျင့်သူများကို သိကြသည်။
    အနိုင်ကျင့်ခံရသူများ၏ အရေအတွက်အမှန်မှာ ထိုထက်ပိုများမည် ဆိုသည်ကိုတော့ သံသယဖြစ်စရာမရှိ။ အဘယ်ကြောင့်ဆိုသော် ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းသော လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို တာဝန်ရှိသူများထံသို့ လာရောက်တိုင်းတန်းခြင်းမရှိဟု IML ၏ စစ်တမ်းများက ဆိုနေသည်။
    “မိန်းကလေးတွေကို ဦးတည်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက တော်တော်လူမဆန်တဲ့ လုပ်ရပ်ပါ။ နိုင်ငံအတွင်းမှာလည်း အဲဒါကို သာမန်လိုယူဆနေပြီး၊ မဟာဖိုဝါဒကလည်း ဒီလိုအကြမ်းဖက်မှုတွေရဲ့ အခြေခံဖြစ်နေပါတယ်” ဟု ကမ္ဘာလုံးဆိုင်ရာ မျိုးပွားမှုအခွင့်အရေးကို မြှင့်တင်ပေးနေသည့် အဖွဲ့ဖြစ်သော Ipas မှ မေတီအိုချာက ပြောကြားခဲ့သည်။
    ပြဿနာဟု မမြင်ခြင်း
    စီးပွားရေနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နီကာရာဂွါ ဖောင်ဒေးရှင်း Funides ၏ မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုအရ စစ်တမ်းကောက်ယူခဲ့သူ အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် အမျိုးသမီးငယ်များ၏ ၁၇ ရာခိုင်နှုန်းက ၎င်းတို့၏ လိင်ပိုင်းဆိုင်ရာ ပထမဆုံး အတွေ့အကြုံမှာ ၎င်းတို့ရည်စားများ၏ ဖိအားပေးမှု သို့မဟုတ် အဓ္ဓမကျင့်ခံရမှုတို့မှရရှိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ အမျိုးသမီးငယ် ၅ ဦးတွင် ၁ ဦးမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လွန်ခဲ့သည့် ၁၂ လအတွင်း ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
    ဗီလက်စ်ကွက်ဇ်အတွက်တော့ အိမ်မက်ဆိုးက ပို၍ဆိုးရွားလာခဲ့သည်။ ဇူလိုင်အတွင်း သူမ၏ ဒုက္ခသုက္ခကို မသိသော မိခင်ဖြစ်သူက ရောင်ကိုင်းနေသာ သူမ၏ ခြေထောက်ကို ပြရန် ဆရာဝန်ဆီ ခေါ်သွားသည်။ ဗီလက်စ်ကွက်ဇ်တွင် ကိုယ်ဝန် ၅ လရှိနေသည်ကို သိရှိခဲ့ရပြီး ငယ်ရွယ်သူများ ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည် eclampsia ရောဂါကို စတင်ခံစားနေရသည်ဟု သိခဲ့ရသည်။
    နီကာရာဂွါနိုင်ငံမှာ လက်တင်အမေရိကတွင် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု အမြင့်ဆုံး နိုင်ငံလည်းဖြစ်သည်။ ၂၈ ရာခိုင်နှုန်းသော အမျိုးသမီးများက အသက် ၁၈ နှစ်မတိုင်ခင် ကလေးမွေးဖွားကြသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNPF က ဆိုသည်။
    ၂၀၁၂ ခုနှစ်တွင် အသက် ၁၀ နှစ်မှ ၁၉ နှစ်အရွယ် အမျိုသမီးများ မွေးဖွားသော ကလေးအရေအတွက်မှာ ၃၃၈၁၂ ဦး ရှိနေသည်။ ကလေး ၄ ဦးမွေးတိုင်း ၁ ဦးမှာ ဆယ်ကျော်သက်များမှ ဖြစ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ခဲ့သော မှတ်တမ်းများတွင် ဖော်ပြထားလေ၏။ ထိုစာရင်းထဲတွင် ၁၆၀၉ ဦးသော မိခင်များမှာ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ရှိကြသည်ဟူ၏။
    အသက် ၁၄ နှစ်အောက် ကလေးငယ်များနှင့် လိင်ဆက်ဆံခြင်းမှာ နီကာရာကွာနိုင်ငံ၏ ဥပဒေအောက်တွင် အဓမ္မကျင့်မှု မြောက်သည်။ သို့သော်လည်း တရားဝင် တရားစွဲဆိုသည်ဟူသော မှတ်တမ်းများကိုတော့ မတွေ့ရ။ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ၏ ၁ ရာခိုင်နှုန်းကို သာလျှင် အောင်မြင်စွာ တရားစွဲဆိုနိုင်ခဲ့သည်ဟု လိင်ပိုင်းဆိုင်ရာစော်ကားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့မှ အကြီးအကဲ လော်နာ နိုရိုရီက ဆိုလေသည်။
    ငယ်ငယ်ရွယ်ရွယ် ကိုယ်ဝန်ဆောင်ရသည့် အမျိုးသမီးများတွက် အကျိုးဆက်များကတော့ အမျိုးစုံသည်။
    ကျန်သည့် အမျိုးသမီးငယ်များ အတုယူမှားမည်စိုးသည့်အတွက် ဥပဒေကပေးထားသော ပညာရေးဆိုင်ရာအခွင့်အရေးကို ဖီလာဆန့်ကျင်ကာ ကျောင်းထုတ်ခံရသည်။
    “ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်သူ ၉၉ ရာခိုင်နှုန်းရဲ့ ပညာရေး၊ အလုပ်အကိုင် မျှော်လင့်ချက်၊ မိသားစုက ထောက်ပံ့မှု စတာတွေဟာ လျော့ကျသွားပါတယ်” ဟု အန်ဂျီအို အဖွဲ့တစ်ခုဖြစ်သော Plan International မှ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှုဆိုင်ရာ ကျွမ်းကျင်သူ ရိုစာ ရိုမဲရိုက ပြောကြားခဲ့သည်။
    “အသက်အရွယ်ကြီးတဲ့ အမျိုးသားတွေ ပါဝင်ပတ်သက်နေတဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ရခြင်းဟာ ဓလေ့တစ်ခုလိုဖြစ်လာပြီး ပြဿနာအဖြစ် မမြင်တော့တာက စိုးရိမ်စရာပါပဲ” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
    ကလေးငယ်များလက်ထပ်မှုဓလေ့ ရှင်သန်လာခြင်း
    Rama Key ကျွန်းမှ အသက် ၁၄ နှစ်အရွယ် လယ်လာ အိုရန်တက်စ်မှာ ကိုယ်ဝန် ၇ လရှိနေပြီး ကျောင်းမှလည်း အထုတ်ခံခဲ့ရသည်။ ထိုကိုယ်ဝန်အတွက် တာဝန်ရှိသူမှာ အနီးနားရှိဒေသမှ အသက် ၃၂ နှစ်အရွယ် အိမ်ထောင်ရှိအမျိုးသား ဖြစ်လေသည်။
    “သူ့ကို ကျွန်မရဲ့ ရည်စားလို့ ထင်ခဲ့တာပါ” ဟု အိုရန်တက်စ်က ဆိုသည်။
    မိဘများကတော့ ရဲတိုင်ရမည်ကို မစဉ်းစားခဲ့။ သို့ရာတွင် ကလေးငယ်အား ပြုစုပြိုးထောင်ရန် အိုရန်တက်စ်တစ်ယောက် ၎င်းတို့ထံမှ ထွက်သွားသည်ကိုတော့ အလွန်အမင်း ဒေါသထွက်နေ၏။
    နီကာရာဂွါ လူ့အခွင့်အရေးစင်တာမှ ရှေ့နေတစ်ဦးဖြစ်သူ ၀င်ဒီ ဖလိုရက်စ်က
    “လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ငယ်ရွယ်သူတွေနဲ့ သူတို့ရဲ့ မိဘတွေဟာ မွေးလာတဲ့ကလေးကို ပြုစုပျိုးထောင်ဖို့ မတတ်နိုင်တာကြောင့် စော်ကားခဲ့သူတွေ ထံကနေ ထောက်ပံ့မှုတွေရအောင် တောင်းခံချင်ကြပါတယ်” ဟု ပြောကြားခဲ့သည်။
    နီကာရာကွာမှာ အနောက်ကမ္ဘာတစ်ခြမ်းတွင် ဟေတီပြီးနောက် ဒုတိယအဆင်းရဲဆုံး တိုင်းပြည်ဖြစ်သည်။ နိုင်ငံလူဦးရေ ၆ သန်း၏ ထက်ဝက်ခန့်မှာ တစ်နေ့လျှင် ၁ ဒေါ်လာအောက် ၀င်ငွေဖြင့်သာ ရှင်သန်နေထိုင်ရလေသည်။
    ထို့ပြင် လက်တင်အမေရိက၌ အရွယ်မရောက်သေးသော ကလေးများ လက်ထပ်မှု အမြင့်ဆုံးနိုင်ငံလည်းဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် အဆင့် ၁၆ ရှိနေသည်။ နိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ ၄၃ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်အရွယ်တွင် အိမ်ထောင်ပြုကြသည်။
    ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အရွယ်မရောက်သေးသော ကလေးငယ်များ လက်ထပ်မှု အရေအတွက်မှာ များသောအားဖြင့် နိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အတ္တလန်တိတ် ကမ်းရိုးတန်းကဲ့သို့ အဆင်းရဲဆုံးနှင့် လစ်လျူရှုအခံရဆုံး ဒေသများတွင် မြင့်မားသည်။
    ၁၉၇၉ ခု တော်လှန်ရေးကို အောင်မြင်အောင် ကူညီပေးခဲ့သည့် Sandinista guerrilla အဖွဲ့ခေါင်းဆောင်ဟောင်း ဒန်နီယဲလ် အော်တီဂါမှာ ၂၀၀၆ ခုနှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲနှစ်ခုက ရှုံးနိမ့်ခဲ့သည့် ခရစ်ယာန် ကက်သလစ်အသင်းတော်ကလည်း ၎င်းအား အားပေးထောက်ခံခဲ့သည်။
    သမ္မတဖြစ်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာပင် အော်တီဂါ၏ လက်ဝဲအစိုးရက မည်သည့်အခြေအနေမျိုး၌မဆို ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်သည့် ဥပဒေတစ်ခုကို စတင်မိတ်ဆက်ခဲ့သည်။ ထိုဥပဒေအတွက် ပြည်သူများ၏ အကြံပေးဆွေးနွေးမှုများမပါခဲ့။
    အဓမ္မကျင့်မှု သို့မဟုတ် ကိုယ်ဝန်ဆောင်ခြင်းက မိခင်၏အသက်ကို အန္တရာယ်ရှိနေသည့် အခြေအမျိုးတွင်ပင် ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်မပြုသည့် ကမ္ဘာ့နိုင်ငံများထဲတွင် နီကာရာဂွါက ပဉ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ အခြေခံဥပဒေနှင့်မညီသော အဆိုပါ ဥပဒေအတွက် လူ့အခွင့်အရေးအဖွဲ့များမှ ၂၀၀၇ ခုနှစ်တွင် တရားရုံးချုပ်သို့ တိုင်ကြားခဲ့သော်လည်း မည်သည့်ကြားနာမှုမျှ မပြုလုပ်ခဲ့။
    ထိုဥပဒေကြောင့် ဗီလက်စ်ကွက်ဇ်ကဲ့သို့ မိန်းကလေးများအတွက် ကိုယ်ဝန်ဖျက်ချမှုမှာ  ဥပဒေပ ဆောင်ရွက်ခြင်းဟု သဘောသက်ရောက်သွားလေသည်။
    “အဓမ္မမှုရလဒ်ကြောင့် ကိုယ်ဝန်ဆောင်ထားရတဲ့ မိန်းကလေးတွေကို ကလေးမွေးဖို့အတွက် ဖိအားပေးတာဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ အရက်စက်ဆုံးနဲ့ အန္တရာယ်အရှိဆုံး အချင်းအရာပါပဲ။ ဒါဟာ ကလေးတွေအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုပါ” ဟု နိုရိုရီက ပြောကြားခဲ့သည်။
    ဥပဒေအမှတ် ၇၇၉ ကို ရှုတ်ချခြင်း
    ကျန်းမာရေးဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်မှစ၍ သားဖွားမှုနှင့်ဆိုင်သော အချက်အလက်များကို မထုတ်ပြန်သောကြောင့် ကိုယ်ဝန်ဖျက်ချမှုကို ပိတ်ပင်ထားသည့် ဥပဒေ၏ အကျိုးသက်ရောက်မှုကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးရန်မှာ လုံးဝမဖြစ်နိုင်သော အခြေအနေတွင် ရှိနေသည်။
    အလ်ဂျာဇီးရား၏ မေးမြန်းမှုများ၊ အင်တာဗျူးရန် ကမ်းလှမ်းမှုများကိုလည်း နီကာရာဂွါ ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခြင်းမပြုခဲ့။
    အမျိုးသမီးများ၏ အခွင့်အရေးများ ချိုးဖောက်မှုကို သေချာစွာဖြေရှင်းရန် နိုင်ငံတကာမှ ဖိအားပေးမှုများ ကြီးထွားလာချိန် ၂၀၁၂ ခုနှစ်တွင် အော်တီဂါအစိုးရမှာ ဥပဒေအမှတ် ၇၇၉ ကို ပြဌာန်းခဲ့သည်။ ထိုဥပဒေမှာ အမျိုးသမီးများကို ဦးတည်သည့် အကြမ်းဖက်မှုကို ဆန့်ကျင်နှိမ်နှင်းရာတွင် ဒေသအတွင်း အပြင်းထန်ဆုံး ဥပေဒဖြစ်သည်ဟု ချီးကျူးခဲ့ကြသည်။
    ကျား၊ မ မတူညီမှုကြောင့် သတ်ဖြတ်မှုပါအ၀င် လိင်ကိုအခြေခံသည့် ခွဲခြားဆက်ဆံမှုအားလုံးကို ထိုဥပဒေက တရားမ၀င်ဟု ကြေညာသည်။
    အကြမ်းဖက်သော လုပ်ရပ်များမှ အမျိုးသမီးများနှင့် ကလေးများအား ကာကွယ်ပေးမည်ဟု နိုင်ငံတော်က ကတိပြုခဲ့သည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် အထူးခုံရုံးများဖွဲ့စည်းကာ တရားသူကြီးများကိုလည်း ခန့်အပ်တာဝန်ပေးခဲ့ပြီး အမျိုးသမီးများအတွက် အထူးရဲတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းပေးခဲ့သည်။
    အနိုင်မခံ အရှုံးမပေးသည့် အမျိုးသမီးများ၏ လှုပ်ရှားမှုများကြောင့် နှစ်ပေါင်း ၃၀ အကြာတွင် ထိုဥပဒေ ပေါ်ပေါက်လာခြင်းဖြစ်ပြီး စစ်တမ်းကောက်ယူမှုများ အရ အော်တီဂါအစိုးရ၏ ထိုဥပဒေကို ပြည်သူများက ထောက်ခံကြောင်း တွေ့ရှိခဲ့ရသည်။
    သို့သော်လည်း ထိုဥပဒေမှာ ခရစ်ယာန်အသင်းတော် ခေါင်းဆောင်များ၊ တရားသူကြီးများနှင့် ရှေ့နေအဖွဲ့များ၏ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ခြင်းကို ခံခဲ့ရသည်။ ထို့ပြင် အဆိုပါ ဥပေဒအမှတ် ၇၇၉ မှာ အမျိုးသားထုနှင့် မိသားစုရေးရာကို ဆန့်ကျင်သော ဥပဒေဖြစ်သည်ဟုဆိုကာ အမျိုးသားများကလည်း လမ်းပေါ်ထွက် ဆန္ဒပြကြပြန်သည်။
    ၂၀၁၃ ခုနှစ် မေလတွင် ကက်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး အဘီလာဒို မာတာက ကြောက်စရာနံပါတ်မှာ ၆၆၆ (ခရစ်ယာန်သမ္မာကျမ်းစာလာ မကောင်းဆိုးဝါးနံပါ) မဟုတ်ဘဲ ၇၇၉ သာဖြစ်သည်ဟု အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။
    နီကာရာဂွါ ဒီမိုကရက်တစ် ရှေ့နေများအသင်းကလည်း ထိုဥပဒေမှာ တရားမျှတမှုတွင် အမျိုးသမီးများအား အထူးအခွင့်အရေးပေးသော ခွဲခြားမှုရှိသည့် ဥပဒေတစ်ရပ်အဖြစ် ရှုတ်ချပြောဆိုခဲ့ပြီး ထိုဥပဒေ ၇၇၉ အောက်တွင် အမျိုးသားများမှာ အချောင် တရားစွဲဆိုခံနေရသည် ပြောဆိုမှုကိုလည်း ၎င်းတို့က လက်ခံခဲ့သည်။
    အော်တီဂါအစိုးရက နောက်ဆုံးတွင် ထိုဥပဒေအား ပြင်ဆင်ရန် လက်ခံခဲ့သည်။ ထိုပြင်ဆင်မှုတွင် လိင်ပိုင်းဆိုင်ရာ အစော်ကားခံရသည့်အမျိုးသမီးများအား ဖိအားပေးကာ ၎င်းတို့ကို စော်ကားသူများနှင့် မျက်နှာချင်းဆိုင်ထိုင်၍ ညှိနှိုင်းရေးလည်း ပါဝင်သည်။ ထို့ပြင် မိသားစုအတွင်း ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် ဒေသတွင်းရှိသည့် ‘မိသားစုကော်မတီ’သို့ သွားရောက် အကြောင်းကြားခြင်းလည်း ပါဝင်သည်။ နိုင်ငံရေးပါတီ အဖွဲ့ဝင်များနှင့် ခရစ်ယာန်သင်းအုပ်ဆရာအသိုင်းအ၀ိုင်းမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အဆိုပါ ‘မိသားစုကော်မတီ’ များမှာ လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဟု စွပ်စွဲချက်၏ အကျိုးအပြစ်များကို ဆုံးဖြတ်ရန် အခွင့်အာဏာရှိမည် ဖြစ်သည်။
    ကာကွယ်မှုမရှိ
    အကြမ်းဖက်မှုများအား စောင့်ကြည့်လေ့လာခြင်းနှင့် အချက်အလက်များ စစ်ဆေးမှတ်တမ်းတင်သည့် Catholics for Free Choice အဖွဲ့ကို တည်ထောင်ခဲ့သူ မဂလီ ကင်တားနားက “မူလဥပဒေ ၇၇၉ က အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားထဲက မညီမျှမှုဟာဒီနိုင်ငံက အကြမ်းဖက်မှုတွေရဲ့ အဓိကအကြောင်းအရင်းအဖြစ် အသိအမှတ်ပြုပါတယ်။ ဒီအနှစ်သာရကို နောက်ပိုင်းလုပ်လိုက်တဲ့ ပြုပြင်ပြောင်းလဲမှုက လုံးဝ ဖျက်ဆီးလိုက်ပါတယ်။ အမျိုးသမီးတွေဟာ အကာအကွယ်မဲ့သူတွေ၊ တိုင်းပြည်က ကာကွယ်ပေးခြင်းကို မခံရသူတွေ ဖြစ်သွားစေပါတယ်” ဟု ပြောကြားခဲ့လေသည်။
    Autonomous Women’s Movement အဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေဟောင်း ဂျူအန်နီတာ ဂျီမီနက်ဇ်ကတော့ “အရမ်းရှေးရိုးစွဲလွန်းတဲ့ ‘မိသားစုကော်မတီ’ ပေါ်လစီဟာ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို (ရာဇ၀တ်မှုလို့ မသတ်မှတ်ဘဲ) မိသားစုအတွင်း ဖြေရှင်းလို့ပြီးတဲ့ ကိစ္စမျိုးဖြစ်အောင် လုပ်လိုက်ပါတယ်။ ဒါဟာ မဟာဖိုဝါဒကို ပိုမိုခိုင်မာစေမှာဖြစ်ပြီး ကျူးလွန်သူတွေ အရေးယူခံရခြင်းက ကင်းလွတ်မှု၊ အမျိုးသမီးတွေရဲ့ ဘ၀တွေကို အန္တရာယ်ရှိမှု စတာတွေကို မြင့်တက်လာစေပါတယ်။ ဒါဟာ အဖွဲ့အစည်းဆိုင်ရာ အာဏာအလွဲသုံးစားလုပ်ခြင်းဖြစ်ပြီး တိုင်းပြည်ကို နှစ်ပေါင်း ၅၀ လောက် အနောက်ပြန်သွားစေပါတယ်” ဟု  ‘မိသားစုကော်မတီ’ နှင့်ပတ်သက်၍ ဖွင့်ဟခဲ့လေသည်။
    သို့သော်လည်း နီကာရာဂွါအစိုးရကမူ ဥပဒေ ၇၇၉ အား ပြုပြင်ပြောင်းလဲခြင်းမှာ အမျိုးသမီးများ၏ ဘ၀များကို အန္တရာယ်ရှိသည်ဆိုခြင်းကိုတော့ ငြင်းဆိုခဲ့သည်။
    မိသားစုရေးရာဝန်ကြီး မာစီယာ ရာမီရက်ဇ်က မိသားစုကော်မတီမှ အကြံဥာဏ်ပေးခြင်းမှာ မလုပ်မနေရ မဟုတ်သော်လည်း အဆိုပါကော်မတီက မိသားစုတန်ဖိုးများကို မြင့်တက်စေနိုင်ပြီး မိသားစုအတွင်းနှင့် လူထုအတွင်း အကြမ်းဖက်မှုကို တားဆီးစေနိုင်မည်ဟု ပြောကြားခဲ့သည်။
    နိုဝင်ဘာတွင် ၁၃ နှစ်ပြည့်ပြီး ကိုယ်ဝန် ၇ လ ရှိနေမည့် ဗီလက်စ်ကွက်ဇ်တစ်ယောက် အနာဂတ်ကို စိတ်ကူးယဉ်နေသည်။ အမျိုးသမီးငယ်များကို စော်ကားခြင်းအတွက် အရေးယူခြင်း မခံရမှုမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသော်လည်း ဗီလက်စ်ကွက်ဇ်အား ကျူးလွန်ခဲ့သူကိုတော့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်နိုင်ခဲ့သည်။
    “ဘုရားကျောင်းကို ကျွန်မ မသွားဖြစ်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် အပြစ်တင်ရမယ့်သူဟာ သူပဲဆိုတာ ကျွန်မနားလည်ပါတယ်။ ကလေးမွေးရမှာအတွက် ကျွန်မ စိုးရိမ်ပါတယ်။ ဒါပမေယ့် ကျွန်မအမေရဲ့ အားပေးမှုနဲ့ မိခင်တစ်ယောက်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တစ်နေ့မှာ ကျွန်မဟာ ကွန်ပျူတာအင်ဂျင်နီယာတစ်ယောက် ဖြစ်လာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ သူဘာလုပ်ခဲ့လဲဆိုတာ ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး။ ဒါပေမယ့် တစ်နေ့နေ့မှာတော့ ဒီအကြောင်းအရာကို ပေါ့ပေါ့ပါးပါးပဲ သတိရနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၀မ်းကွဲအမဖြစ်သူ၏ ရည်းစားက အဓမ္မကျင့်မှုကို ခံခဲ့ရသော ဗီလက်စ်ကွက်ဇ်က ပြောကြားခဲ့လေ၏။
    Al Jazeera မှ “Nicaragua’s staggering child-sex abuse rates ” ဆောင်းပါးကို လေးမောင်(M-Media ) မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
  • မြန်မာနိုင်ငံ၏ မဖြေရှင်းနိုင်သေးသော ပုစ္ဆာ (သို့) တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး
    မြန်မာနိုင်ငံ၏ မဖြေရှင်းနိုင်သေးသော ပုစ္ဆာ (သို့) တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး
    နိုဝင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    WireAP_a78b664c72254040975bfd34cbeafdaa_16x9_992
    – လွန်ခဲ့သည် ၂ နှစ် အိုဘားမား မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့စဉ်က မြန်မာနိုင်ငံမှ ခေါင်းဆောင်များက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးရန် ကြိုးစားနေသော ကာလဖြစ်၏။ ထိုအချိန်မှာ စစ်မှန်သော ပြောင်းလဲမှုများ ဖြစ်လာမည်လား ဟူ၍ မျှော်တလင့်လင့်ဖြစ်နေသောအချိန်လည်းဖြစ်သည်။
    ယခုတစ်ပတ်အတွင်း ပြုလုပ်မည့် အရှေ့တောင်အာရှ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲအတွက် အိုဘားမား မြန်မာနိုင်ငံသို့ ပြန်လည် လာရောက်ရန် ပြင်ဆင်နေချိန် တွင်လည်း မြန်မာခေါင်းဆောင်များမှာ ငြိမ်းချမ်းရေး ရရန်အတွက် ကြိုးစားနေဆဲပင်။သို့သော်လည်း တိုင်းပြည်အတွင်း ရာစုနှစ်ဝက်ကြာအောင် ရှိလာခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရန် မျှော်လင့်ချက်မှာတော့ မှေးမှိန်လျက် ရှိနေ၏။ တိုက်ပွဲငယ်များမှာ ဒေသအသစ်များတွင် ထပ်မံဖြစ်ပွားနေပြီး နိုင်ငံမြောက်ပိုင်းရှိ ဒေသခံပြည်သူ ၁၂၀၀၀၀ ကျော်မှာ တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထို့ပြင် ဒုက္ခသည်ရာပေါင်း များစွာမှာလည်း အိမ်နီးချင်းနိုင်ငံ များတွင် ခိုလှုံနေရပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် အလွန်အမင်း ကြောက်ရွံ့နေလေ၏။
    မြန်မာနိုင်ငံသို့ အိုဘားမား ပထမဆုံး လာရောက်လည်ပတ်ပြီး နောက်ပိုင်းတွင်တော့ ထူးခြားမှုများ ဖြစ်လာသည်။ ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အရပ်သားအစိုးရမှာ ကမ္ဘာကြီးက အံ့သြသွားရလောက်ပင် နိုင်ငံအားဖွင့်ပေးခဲ့ပြီး ဒီမိုကရေစီသို့ ပြောင်းလဲမည်ဆိုသည့် ၎င်းတို့၏ ကတိက၀တ်ကို ဦးဆောင် အကောင်အထည် ဖော်ခဲ့ကြသည်။ အနောက်နိုင်ငံများက ထိုဆောင်ရွက်ချက်များကို သြဘာပေးခဲ့ကြပြီး စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပိတ်ဆို့မှုများကို ဖြေလျော့ပေး ခဲ့ကြလေသည်။
    “၂၀၁၂ ခုနှစ်က ကျွန်တော်တို့ထားရှိခဲ့တဲ့ မျှော်လင့်ချက်တွေ အကောင်းမြင်မှုတွေ အားလုံး ပျောက်ဆုံးသွားပြီး၊ အချည်းအနှီးဖြစ်ခဲ့ရပါတယ်” ဟု ဧရာဝတီဂျာနယ်ကို တည်ထောင်ခဲ့သူ နှင့် အယ်ဒီတာချူပ်ဖြစ်သူ ကိုအောင်ဇော်က ပြောကြားခဲ့သည်။
    မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုအကောင်အထည်ဖော်ရန်အတွက် နိုင်ငံရေးပိုင်းတွင် ဆန္ဒနည်းပါသည်ဟု သူကဆိုသည်။
    “သူတို့ကို အနောက်နိုင်ငံတွေက ဖိအားတွေနဲ့ ပိတ်ဆို့မှုတွေလျော့ချပေးလိုက်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတာကို သူတို့ရလိုက်တယ်။ သူတို့လုပ်လိုက်တာ လုံလောက်သွားပြီလို့ သူတို့ ထင်နေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ ရန်သူဟောင်းများကို ပညာပြနိုင်ခဲ့သည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။ အထူးသဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အာဏာ သိပ်မရှိသည့် လွှတ်တော်အမတ်နေရာ ယူနိုင်ရန် ဗိုလ်ချုပ်ကြီးများက ခွင့်ပြုခဲ့သည်။ သို့သော်လည်း စစ်အာဏာရှင်ခေတ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သူမ သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသော စာပိုဒ်တစ်ခု ပါနေသည့်အတွက်ကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် အဟန့်အထားဖြစ်နေလေ၏။
    နိုင်ငံ၏ အလုံးစုံသော အာဏာက စစ်တပ်လက်ထဲမှာပင် ရှိနေသည်။ စီပွားရေးကတော့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိများ သို့မဟုတ် အနားယူသွားသော အရာရှိဟောင်းများနှင့် ၎င်းတို့အား ပံ့ပိုးကူညီနေသည့် ခရိုနီများ၏ ထိန်းချုပ်မှုအောင်တွင် ရှိနေ၏။
    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆယ်စုနှစ်ပေါင်းများစွာ တောင်းလာသည့် တိုင်းရင်းသားလက်နက်ကိုင် စစ်တပ်ငယ်များနှင့် နိုင်ငံရေးအရ ခိုင်မာသော သဘောတူညီချက် ရရှိအောင် အစိုးရက ယခုအချိန်အထိ မစွမ်းဆောင်နိုင်သေး။ ထိုသဘောတူညီချက် ရရှိအောင် ဆောင်ရွက်ရန်မှာ ၂၀၁၂ ခုနှစ် အိုဘားမားလာရောက်စဉ်က သမ္မဦးသိန်းစိန်ပေးခဲ့သော အဓိက ကတိက၀တ် ၁၁ ချက်မှ တစ်ချက်ဖြစ်ပြီး တိုင်းပြည်အတွင်း အရေးပါသော ကိစ္စရပ်လည်းဖြစ်လေသည်။
    မြန်မာနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ တိုင်းရင်းသား လူနည်းစုများဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များမှာ ကျောက်သံပတ္တမြား၊ ရွှေ၊ သစ်တောနှင့် ဘိန်းစိုက်ခင်းများ ပေါများသည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ထိနေသော မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်တစ်လျှောက်  နေရာများကို ကွက်ကြားကွက်ကြား ထိန်းချုပ်ထား၏။
    ဦးသိန်းစိန်အစိုးရမှာ ဆယ်စုနှစ်များအတွင်း ရှိခဲ့သည့် အစိုးရများထက် ငြိမ်းချမ်းရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်နေသော အစိုးရဖြစ်သည်။ အတိုက်အခံများနှင့် ဆွေးနွေးပွဲများ ထပ်တလဲလဲပြုလုပ်သည်။ ကမ္ဘာ့ အရှည်ကြာဆုံး လက်နက်ကိုင် သူပုန်အဖွဲ့ KNU အပါအ၀င် လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးသည်။ ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်း ဆက်ဆံရေးရုံးများကိုလည်း ဖွင့်လှစ်သည်။ သူပုန်ရုံးခန်းများကို ဖွင့်ခွင့်ပေးကာ အရပ်သားများအား ယခင်နှစ်များထက်ပို၍ လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့သည်။
    သို့ရာတွင် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်၌ တိုင်းရင်းသားများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မည်သည့်အတိုင်းအတာအထိ ရရှိမည်၊ ပြည်ထောင်စုစစ်တပ် မည်ကဲ့သို့ဖွဲ့စည်းမည်၊ မည်သည့်အချိန်တွင် မည်သည့်အခြေအနေမျိုးဖြင့် တိုင်းရင်းသားလက်နက်ကိုင်များက လက်နက်ချရမည် စသည့်အချက်များနှင့်ပတ်သက်၍ နက်ရှိုင်းသည့် သဘောထားကွဲလွဲမှုကတော့ ရှိနေလေ၏။
    တိုက်ခိုက်မှုများကြောင့် ထောင်ပေါင်းများစွာသော တိုင်းရင်းသားပြည်သူများမှာ တိုင်းပြည်အား စွန့်ခွာထွက်ပြေးခဲ့ရပြီး ယနေ့အချိန်အထိ ပြန်မလာနိုင်သေး။ အနည်းဆုံး ၁၄၀၀၀၀ ခန့်မှာ အိမ်နီးချင်းနိုင်ငံများရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။
    “မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲတာတွေ အများကြီးရှိပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ကတော့ ဘာမှ မပြောင်းလဲပါဘူး” ဟု ကချင်လွတ်မြောက်ရေးတပ်မှ ဗိုလ်ချုပ် ဂွမ်မော်က AP သတင်းဌာနသို့ ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးက ညှိနှိုင်းဆွေးနွေးမှု ရှိနေသော်လည်း တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး ထိုအချင်းအရာက တစ်ဦးကိုတစ်ဦး ယုံကြည်ရန် ခက်ခဲစေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့လေသည်။
    စက်တင်ဘာလတွင် ကရင်ပြည်နယ်၌ DKBA နှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၂၀၀၀ မှာ ၎င်းတို့၏ နေအိမ်များအား စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ဒေသတွင်း အသိပညာပေးရေးအဖွဲ့ Karen Rivers Watch ကဆိုသည်။ ထို့ပြင် ရှမ်းပြည်နယ်တွင်လည်း တအိုင်းလွတ်မြောက်ရေးတပ်နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားသည်ဟု တက်ကြွလှုပ်ရှားသူများက သတင်းပေးပို့ကြသည်။ ထိုတိုက်ပွဲများတွင် သူပုန် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းတပ်ဖွဲ့များလည်း ပါဝင်လေသည်။
    နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်လည်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးတိုင်းရင်းသားပြည်သူ ၁၂၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Right Watch ကမူ ထိုသို့ ထွက်ပြေးရသူအများစုမှာ နေရပ်သို့ ပြန်မလာနိုင်သေးဘဲ ၎င်းတို့ စွန့်ခွာခဲ့သည့် ရွာများတွင် မြေမြှုပ်မိုင်းများဖြင့် ပြည့်နှက်နေသည်ဟု ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် သီတင်းပတ်ကလည်း အသိပညာပေးရေးအဖွဲ့ Fortify Rights က အစိုးရစစ်တပ်မှာ လူနေအိမ်များအား ဗုံးကြဲမှုများ၊ မီးရှို့မှုများ ပြုလုပ်ခဲ့သည်ဟု သတင်းပေးပို့ခဲ့သည်။ ထိုမျှမက ဒုက္ခသည်စခန်းများကိုလည်း တိုက်ခိုက်ခဲ့သည်။ လက်နက်မဲ့ ရွာသားများကိုလည်း ပစ်သတ်ခဲ့ပြီး ဥပဒေပ သတ်ဖြတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟူ၏။
    တိုက်ခိုက်မှုများ စတင်ခြင်းနှင့် ပတ်သက်၍ အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အပြန်အလှန်စွပ်စွဲမှုများ ရှိခဲ့သော်လည်း Fortify Rights မှ ဒါရိုက်တာဖြစ်သူ မက်သယူးစမစ်ကမူ စော်ကားမှုများကို အစိုးရစစ်တပ်ကပင် အမြောက်အများကျူးလွန်သည်ဟု ပြောခဲ့သည်။ ထို့ပြင် ပြုပြင်ပြောင်းလဲရေး အတွက် လေချိုသွေးမှုမှာ စစ်ရာဇ၀တ်မှုများကို ဆက်လက်ကျူးလွန်ခြင်းနှင့် ပြစ်မှုကျူးလွန်သူများ လွတ်မြောက်နေခြင်းနှင့် မလျော်ကန်ဟုလည်း ဝေဖန်ခဲ့သည်။
    ဦးသိန်းစိန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ထိုကိစ္စအတွက် မှတ်ချက်ပေးရန် AP မှ ပေးပို့သော အီမေးလ်ကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့။
    ကချင်ပြည်နယ်တွင် လွန်ခဲ့သည့် ၁၇ နှစ်က ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်မှာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် သမ္မတရာထူးယူပြီး လအနည်းငယ်အကြာတွင် ပျက်ပြယ်သွားခဲ့၏။ ၂၀၁၂ ခုနှစ် အိုဘားမားလာရောက်လည်ပတ်ပြီး နောက်ပိုင်းတွင် ထိုဒေသ၌ တိုက်ခိုက်မှုများ အရှိန်မြင့်လာပြီး တရုတ်နယ်စပ် လိုင်ဇာရှိ ကချင်လက်နက်ကိုင်တပ်ဌာနချုပ်အား အစိုးရတပ်များက ထိုးစစ်ဆင်ခဲ့သည်။
    တိုက်ပွဲငယ်များမှာလည်း မကြာခဏ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်လတွင် အစိုးရက ထိန်းချုပ်ထားသည့် ကျောက်စိမ်းထွက်ရာ ဖားကန့်မြို့ နယ်နမိတ်မှ အနောက်သို့ မိုင် ၂၀ ဆုတ်ခွာပေးရမည်ဟု အစိုးရဘက်က ရာဇသံပေးခဲ့ပြီးနောက် တင်းမှာမှုများက မြင့်တက်လာလေသည်။
    Human Rights Watch မှ အကြီးတန်း သုတေသီ ဒေးဗစ်မက်သီဆန်မှာ အောက်တိုဘာလက ကချင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ပြီး အခြေအနေမှာ စိတ်ပျက်စရာဖြစ်နေသည်ဟု ဆိုလေသည်။
    နိုင်ငံတကာအကူအညီများမှာလည်း တစ်ဖြည်းဖြည်း လျော့ပါးလာပြီး နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ ဆိုးရွားသောအခြေအနေကလည်း လွှမ်းမိုးနေသည်။ ရိုဟင်ဂျာ ၁၄၀၀၀၀ ကျော်မှာ စခန်းများအတွင်း နေထိုင်နေရပြီး အပြင်ထွက်၍မရ။ တစ်သိန်း ကျော်ကတော့ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများကို ရင်ဆိုင်နေရသောကြောင့် လှေများဖြင့် အခြားနိုင်ငံများသို့ ထွက်ပြေးနေရသည်။
    ၎င်းတို့တွင် လက်နက်ကိုင်တပ်နှင့် လက်နက်ရစရာ လမ်းကြောင်းများ မရှိသောကြောင့် ရိုဟင်ဂျာများမှာ အစိုးရအတွက် ခြိမ်းခြောက်မှု မရှိသလောက် ဖြစ်၏။ ထို့ပြင် ၎င်းတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးအဖြစ် အစိုးရက တရားဝင်မသတ်မှတ်ထား။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာကြသူများအဖြစ်သာ သတ်မှတ်ထားသည်။
    ယခုအချိန်တွင်တော့ တိုင်းရင်းသားလက်နက်ကိုင်များက လက်နက်များ တပ်ဆင်နေပြီး မြန်မာစစ်တပ် (အစိုးရစစ်တပ်)မှာလည်း ဆက်လက် တိုက်ခိုက်သွားမည့် ပုံရှိနေကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်စိတ်ချရမှုမှာ သုညသာ ရှိတော့သည်ဟု မက်သီဆန်က ပြောကြားခဲ့လေသည်။
    “တိုင်းရင်းသားလူမျိုးစုတွေရဲ့ နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက် ဆန္ဒတွေကို ဆယ်စုနှစ်များစွာ လစ်လျူရှုခဲ့တဲ့ အစိုးရဟာ တဖြည်းဖြည်းနဲ့ (ငြိမ်းချမ်းရေးရဖို့) ပိုပြီး ခက်ခဲလာတော့မယ်ဆိုတာ သိလာနေပါပြီ။ လက်တွေ့အခြေအနေမှာ တင်းမာမှုတွေ အများကြီး ရှိနေပါတယ်”
    XXXXXXXXXXXXXXXX
    AP သတင်းဌာနတွင် ဖော်ပြခဲ့သည့်  “Ethnic Rebel Armies an Unsolved Myanmar Puzzle” ဆောင်းပါးကို လေးမောင် (M-Media) မှာ ဆီလျော်အောင်ပြန်ဆိုသည်။
  • မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုများနှင့် ဆက်နွှယ်သဖြင့် ဦးအောင်သောင်း အမည်ပျက် စာရင်းသွင်းခံရမှု (Analysts)
    မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုများနှင့် ဆက်နွှယ်သဖြင့် ဦးအောင်သောင်း အမည်ပျက် စာရင်းသွင်းခံရမှု (Analysts)
    နိုဝင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    U-Aung-Thaung
    မြန်မာအစိုးရရဲ့ အာဏာရ ကြံခိုင်ရေး ပါတီ၏ ထိပ်တန်းရာထူးဖြစ်သည့် အကြံပေးဖြစ်ပြီး သြဇာကြီးသူ ဦးအောင်သောင်းကို နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအား ယိုင်နဲ့စေခြင်းနှင့် အကြမ်းဖက်မှုတွန်းအားပေးခြင်းတို့ကြောင့် ပြီးခဲ့သည့်သောကြာနေ့ (၃၁.၁၀.၂၀၁၄) ရက်တွင် အမေရိကန်ဘဏ္ဍာရေးဌာနမှ အမည်ပျက်စာရင်းသွင်းလိုက်သည်။
    လက်ရှိနှစ်များ အတွင်း မြန်မာနိုင်ငံ၌ ဂယက်ရိုက်ခဲ့သော မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို ကျားကန်ပေးနေသူဟု သံသယ၀င်ခြင်းအပေါ် သူ့အား အမေရိကန်၏ ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းခံရခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေး သုံးသပ်သူများနှင့် မြန်မာ့အရေး ကျွမ်းကျင်သူများက ဆိုသည်။ သို့သော် ထိုခြေလှမ်းသည် မြန်မာအစိုးရအား ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်၌ အရှိန်မလျှော့ချစေရန် သတိပေးအချက်ပြမှုကို လုံးလုံးလျားလျား ရည်ရွယ်ပုံရသည်ဟုလည်း ၎င်းတို့က ထောက်ပြသည်။
    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ ပြည်သူ့လွှတ်တော် အမတ် ဦးအောင်သောင်းမှာ စစ်အုပ်ချုပ်ရေးကာလက ဗိုလ်ချုပ်တစ်ဦး၊ ၎င်းပြင် စက်မှု(၁) ၀န်ကြီးတစ်ဦး ဖြစ်ခဲ့သည်။ သူ့ကို စစ်တပ်၏ အမာခံလူတစ်ဦး၊ သူနှင့် သူ့သားများမှာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်မှုကို အသုံးချ၍ လုပ်ငန်းချဲ့ထွင်ကာ သူကြွယ်ဖြစ်နေသူများ အဖြစ် တွေ့ကြရသည်။
    လင့်တ်နာက “သူက ၉၆၉ နောက်ကွယ်က ကြိုးကိုင်နေသူလို့ အမေရိကန်ဖက်က ယုံကြည်ထားပုံရတယ်။ ၉၆၉ လုပ်ရပ်များဟာ ပြန်လည်ပြုပြင်ရေးလို့ ခေါ်ဆိုထားတဲ့ လုပ်ငန်းစဉ်ကို အတားအဆီးဖြစ်စေတယ်” ဟုဆိုပြီးနောက် “ ဦးအောင်သောင်းက ပြန်လည် ပြုပြင်ရေးတွေကို အဟန့်အတားပြုမှုမှာ အမှန်တကယ် ပါဝင်ပတ်သက်ခြင်း ရှိ/မရှိဆိုတာကတော့ ပြောရခက်ပါတယ်” ဟူ၍ ဖြည့်စွက်ပြောကြားသည်။
    အလွတ်တန်းနိုင်ငံရေး သုံးသပ်သူ တစ်ဦးဖြစ်သည့် ဦးရန်မျိုးသိန်းက အမေရိကန်အစိုးရသည် ဦးအောင်သောင်းအား ပိတ်ဆို့ အရေးယူမှုမပြုမီ ယင်းလှုပ်ရှားမှုအတွင်း ပါဝင်ပ တ်သက်မှုရှိသည်ကို ခိုင်မာသောအချက်အလက်များ ရရှိထားပြီးဖြစ်မည်ဟု ယုံကြည်ရကြောင်း ဆိုသည်။
    “အမေရိကန်အစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက် မကြေငြာခင် သူ့အကြောင်းကို အနုစိပ်စုံစမ်းစစ်ဆေးမှု ပြုလုပ်ထားလိမ့်မယ်လို့ သံသယ၀င်စရာ မရှိဘူးဗျ။ ဒါပေမယ့် မြန်မာပြည်ကို အိုဘားမားရဲ့ခရီးစဉ် မစတင်မီ ကပ်ပြီး ကြေငြာတာကတော့ ထူးခြားနေပါတယ်”။
    အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် သုတေသီများ၏ အဆိုအရ  ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၏ရှေ့ပြေး မြန်မာ့နိုင်ငံရေးအပြောင်းအလဲအပေါ် မတည်မငြိမ်ဖြစ်စေရာ၌ လည်းကောင်း၊ အချိန်ကိုက် လူမျိုးရေးဝါဒကျင့်သုံးရာ၌ လည်းကောင်း ၉၆၉ ကဲ့သို့ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်သော အဖွဲ့များကို အသုံးချနေခြင်းဖြစ်သည်။
    ဦးအောင်သောင်းအား မန္တလေးရှိ ဦးဝီရသူ၏ကျောင်းတိုက်သို့ ၀င်ထွက်သွားလာမှု ရှိနေခဲ့သည်ကို တွေ့ခဲ့ကြရပြီး၊ မန္တလေးတိုင်းအတွင်း တောင်သာ အမည်ရှိ ဗုဒ္ဓဘာသာဝင် စစ်သွေးကြွနယ်မြေကို ထူထောင်ခဲ့သည်ဟု သတင်း တစ်ရပ်က ဆိုထားသည်။
    wiratu-and-aung-toung2
    ၂၀၁၃ ခုနှစ် ဇွန်လအတွင်းပြုလုပ်သော အင်တာဗျူး တစ်ရပ်၌ ဦးအောင်သောင်းက ၉၆၉ လုပ်ငန်းတွင် မည်သည့် ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့ကာ ထိုလုပ်ငန်း၏ခေါင်းကိုင် ဦးဝီရသူ၏ကျောင်းတိုက်သို့ ထင်ထင်ရှားရှား သွားလာခြင်း အပေါ် အရေးမကြီးသယောင် ဆိုခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်ကို မိမိမှအားပေး ထောက်ခံသည်ဟုလည်း သူက ပြောသည်။
    တနင်္လာနေ့အထိ ဦးအောင်သောင်းထံမှ မည်သည့် မှတ်ချက်မျှ ထွက်ရှိမလာသေးချေ။
    ဦးအောင်သောင်းသည် မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှု ပါဝင်ပတ်သက်ခြင်း ရှိမရှိကို မိမိ မသိရှိပါကြောင်း ဦးဝီရသူက ဆိုသည်။
    “မန္တလေးမှာ သူပြောဆိုခဲ့တာကတော့ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ သူပါဝင် ပတ်သက်နေတယ်လို့ လူတွေ စွပ်စွဲနေတဲ့အပေါ် စိုးရိမ်မိတယ်ဆိုတာပါပဲ”။
    ဤသည်မှာ ၂၀၁၁ ခုနှစ်မှစ၍ ဦးသိန်းစိန်၏ပြန်လည်ပြုပြင်ရေး အစိုးရ တက်လာချိန်အတွင်း အမေရိကန်မှ အမည်ပျက် စာရင်းသွင်းမှု ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ပထမတစ်ဦးမှာ တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနမှ (နယ်စပ်ရေးရာဝန်ကြီးဟောင်း) ဒုတိယ ဗိုလ်ချူပ်ကြီး သိန်းဌေးဖြစ်ပြီး၊ မြန်မာနိုင်ငံသို့ မြောက်ကိုးရီးယား လက်နက်များ တရားမ၀င် တင်သွင်းမှုကြောင့် ယမန်နှစ်အစောပိုင်း၌ အမေရိကန်ဘဏ္ဍာရေးဌာနက သူ့အား ပိတ်ဆို့စာရင်းသွင်းခဲ့သည်။
    ယခုနှစ် မြန်မာနိုင်ငံ၌ လက်ခံကျင်းပမည့် အာဆီယံနှင့်အရှေ့အာရှနိုင်ငံများ ထိပ်သီးညီလာခံသို့ သမ္မတအိုဘားမားမှ နိုဝင်ဘာ ၁၂-၁၃ ရက်တွင် လာရောက် မည်ဖြစ်သည်။ ထိုသို့ မလာရောက်မီ ပြီးခဲ့သည့်သောကြာနေ့က ကြေငြာချက်ထွက်လာခဲ့သည်။
    လတ်တလော ကာလများအတွင်း အိုဘားမား အစိုးရအပေါ် ကွန်ကရက်၏ဝေဖန်မှု ကြီးထွားလာနေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပြန်လည်ပြင်ဆင်ရေး အဆိုတင်သွင်းမှုကို အစိုးရမှ ကာဆီးလိုက်ပြီးနောက် မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် နှောင့်နှေးမှု မဖြစ်စေရန် တွန်းအားပေးထား သလို ကချင် ပဋိပက္ခနှင့် နိုင်ငံမဲ့ ရိုဟင်ဂျာများအပေါ် ပြုမူ ဆက်ဆံရေးကို စိုးရိမ်သောကဖြစ်နေကြောင်း ကွန်ကရက်မှ ဆိုနေသည်။
    ဦးအောင်သောင်းကို စစ်တပ် အခြေပြုနိုင်ငံရေး ပါတီဖြစ်သော USDP ၏ ခေါင်းဆောင် တစ်ဦး အနေဖြင့် တွေ့ကြရပြီး၊ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးစဉ်တွင် သူမ၏နောက်လိုက် ဒါဇင်များစွာကို သတ်ဖြတ်ခဲ့သော တိုက်ခိုက်ရေး အုပ်စုနှင့် ချိတ်ဆက်နေသူလည်း ဖြစ်သည်။
    အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်မှာ ဦးအောင်သောင်းအပေါ် တစ်သီးပုဂ္ဂလ အားဖြင့်သာ ဦးတည်ပြီး အစိုးရယန္တရား တစ်ခုလုံးပေါ် ရည်ရွယ်မှု မရှိကြောင်း ဖော်ပြထားသော်လည်း၊ ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်အား အရှိန်မလျှော့ချရန် နေပြည်တော်ကို သတိပေးချက် အဖြစ် ပေါ်လွင်နေသလို မြန်မာနိုင်ငံပေါ် ထားရှိသော အိုဘားမား၏ပေါ်လစီ အပေါ်ကိုလည်း နှစ်သိမ့်လိုက်ခြင်းဖြစ်သည်ဟု လူထုဖိုရမ် လုပ်ငန်းကော်မတီ အမှုဆောင်ဒါရိုက်တာ ဦးကျော်လွင်ဦးက ဆိုသည်။
    “ဦးအောင်သောင်းဟာ စစ်တပ် အမာခံတစ်ဦးအဖြစ် အစိုးရ အသိုင်းအ၀ိုင်းမှာရော လွှတ်တော်ထဲမှာပါ နာမည်ကြီးပါတယ်။ ဒါပေမယ့် သူ့လိုလူတွေ အများကြီးပါ။ ဒါကြောင့် အမေရိကန်နိုင်ငံထဲက နိုင်ငံရေး ကစားပွဲမှာ သူ့ကို ဆွဲသုံးလိုက်ခြင်းလို့ ကျွန်တော် ယူဆရခြင်းဖြစ်ပါတယ်။ သို့သော် ယခင်ကလည်း ဦးသိန်းဋ္ဌေးအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့မှုပြုခဲ့တာ ဒီကအစိုးရအပေါ် သြဇာသက်ရောက်မှု မရှိခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာလည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်လာမယ်လို့ ကျွန်တော် မထင်ဘူးဗျ”။
    အမည်ပျက်စာရင်းသွင်းလိုက်ခြင်းနှင့် ထိုဆုံးဖြတ်ချက်ကို ဦးသိန်းစိန်အစိုးရ အတွက် အချက်ပြ သင်္ကေတပြုခြင်းက အိုဘားမား အစိုးရနှင့် ဦးသိန်းစိန် အစိုးရတို့အကြား ဆက်ဆံရေးကို ထိခိုက်နိုင်ဖွယ် မရှိကြောင်း လင့်တ်နာမှ ပြောကြားသည်။
    အမေရိကန်၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် အတွင်းရေးမှူး တွမ်မာလီနော့စကီးက မြန်မာနိုင်ငံ၏ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းပေါ်ပြန်တင်ရေး အတွက် အထောက်အကူဖြစ်စေရန် အမည်ပျက်စာရင်း ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောပြသည်။
    “ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်ကို တည်ဆောက်နေကြတဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အစိုးရ မဟုတ်သူတွေကို ကူညီဖို့ ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိတဲ့အထဲက ဘယ်အရာမဆို ဆောင်ရွက်သွားမှာပါ။ ဒါပေမယ့် ဆန့်ကျင်ဖက် လမ်းကြောင်းကို တွန်းပို့နေတဲ့ အင်အားစုတွေရှိနေတာကိုလည်း ကျွန်တော်တို့ဖက်က လုံးဝ သတိမလွတ်ပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ အမြဲပြောဆိုနေတဲ့ အတိုင်း အဲ့ဒီသူတွေကို လိုအပ်လာရင် တန်ပြန်တုန့်ပြန်သွားပါမယ်”။
    အာဏာရှင်အစိုးရ အဖွဲ့ဝင်ဟောင်းအများစု ပါဝင်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက မိမိ၏ပါတီ မှေးမှိန်စေရေးအလို့ငှာ ဦးအောင်သောင်း အပေါ် အမည်ပျက်စာရင်းသွင်းရန် အိမ်ဖြူတော်ကို တောင်းဆိုတိုက်တွန်းခဲ့သည်ဟုဆိုပြီး ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား စွပ်စွဲထားသည်။
    “(ဒီလို) အမည်ပျက် စာရင်းထုတ်ပြန်မှုဟာ NLD နဲ့ အနီးကပ် ဆက်ဆံရေးရှိနေတဲ့ အမေရိကန်က USDP ကို တိုက်ခိုက်ချက် တစ်ရပ်လို့ ကျွန်တော် မြင်ပါတယ်။ ဦးအောင်သောင်းပေါ်ပြုလုပ်တဲ့ အမေရိကန်ရဲ့လုပ်ရပ်ကို ကျွန်တော် ရှုတ်ချပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ညစ်ပတ်တဲ့လုပ်ရပ်လို့ ထပ်ဆိုရမှာဖြစ်ပါတယ်”။
    NLD ၏ ပြည်သူ့ လွှတ်တော်အမတ် ဦးဝင်းထိန်အနေနှင့် အမေရိကန် ဘဏ္ဍာရေးဌာန၏ ဆုံးဖြတ်ချက် အပေါ် နားမလည်နိုင်ကြောင်း၊ ဦးအောင်သောင်းသည် ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်အား ထောက်ခံလာသူဟု မိမိမှယုံကြည်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။
    “လွှတ်တော်ထဲမှာ သူနဲ့ပြောဆိုမိသလောက် သူဟာ ကျွန်တော့်အမြင်အရ ရပ်တည်ချက်ပျော့ပြောင်းလာသူလို့ ပြောနိုင်ပါတယ်။ သူဟာ နိုင်ငံရေးသမားဘ၀မှာ ရှိနေသေးသမျှ  ၉၆၉ အဖွဲ့အပါအ၀င် အဖွဲ့အစည်းပေါင်းစုံကို တွေ့ဆုံနိုင်တယ်လေ။ ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသား ရင်ကြားစေ့ရေးကို လုပ်နေပြီဖြစ်တယ်။ ဒီလိုကာလမျိုးမှာမှ သူ့ကို ဘာကြောင့် (အမည်ပျက်)စာရင်းထဲ သွင်းရတာလဲ ?”။ ဦးဝင်းထိန် ပြောကြားခဲ့တာပါ။
    XXXXXXXXXXXXXXXXXXXXXXXX
    ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် ဆောင်းပါးရှင်  KYAW HSU MON ၏ “Aung Thaung Blacklisted for Links to Anti-Muslim Violence: Analysts” ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် မြန်မာပြန်ဆိုသည်။