News @ M-Media

Category: ဘာသာပြန်

  • ပြန်ပေးငွေ၊ ပွဲစား၊ လူကုန်ကူးမှုနှင့် ရိုဟင်ဂျာတို့၏ ဘဝ

    ပြန်ပေးငွေ၊ ပွဲစား၊ လူကုန်ကူးမှုနှင့် ရိုဟင်ဂျာတို့၏ ဘဝ

    ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၅
    M-Media

    images

    – မြန်မာနိုင်ငံအနောက်ပိုင်းရှိ  အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသော ရိုဟင်ဂျာမွတ်စလင်များနေထိုင်ရာ ဤ ဒုက္ခသည်စခန်းများတွင် အင်တာနက်တဲများကို လွယ်လွယ်ကူကူ သတိပြုမိမည်မဟုတ်။ ၎င်းတို့ထံမှ ထွက်လာသည့် အဖြူထည် စိတ်ခံစားမှုများအား လစ်လျူရှုရန် အလွန်ပင်ခက်၏။

    တဲများမှာ ထရံများဖြင့် ကာရံထားပြီး သက်ကယ်မိုးထားသည်။ သို့ရာတွင် အရေးပါဆုံးက ထိုင်းနှင့် မလေးရှားနိုင်ငံများကို ပြောင်းရွှေ့ သွားကြသော ဆွေမျိုးများနှင့် အဆက်အသွယ် လုပ်ပေးသော ဖုန်တက်နေသည့် ကွန်ပျူတာများဖြစ်သည်။ အင်တာနက်လိုင်းက ပင့်ကူအိမ်များဖြင့် ရှုပ်ထွေးနေသည့် အမိုးတွင် ထိုးထားသော ဆဲလ်ဖုန်းများမှ လာသည်။

    ချက်ပြုတ်ရာနေရာများမှ မီးခိုးများက ယိုင်နဲ့နဲ့ ထရံများကြားမှ ထွက်လာသည်။  အသံများကဆူနေသည်။ ဖုန်းခေါ်ပေးသူက ၎င်း၏ အကြောင်းများအား အနားရှိလူတိုင်းကို ပြောနေသည်။

    ထိုအရာများက မနှစ်မြို့စရာကောင်းသော အခြေအနေမျိုးတွင် နေထိုင်နေရသည့်  မြန်မာနိုင်ငံမှ နိုင်ငံမဲ့ ရိုဟင်ဂျာများ၏ အတွင်းကျကျ ပုံရိပ်များ ဖြစ်လေသည်။ မြန်မာနိုင်ငံရှိ ပြည်သူများကလည်း ၎င်းတို့အား တစ်ဖက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်အခြေချလာသူများဟု မှတ်ယူနေကြသည်။ အဆိုပါ ဒုက္ခသည်စခန်းများက လူကုန်ကူးသူများ မျက်စိကျသည့် နေရာများဖြစ်ပြီး ၎င်းတို့မှ လှေဖြင့် ကူးသွားသူများနှင့် ဒုက္ခသည်စခန်းတွင် ကျန်ရစ်ခဲ့သူများထံမှ အကျိုးအမြတ်ကို ရရှိကြသည်။

    ဒီကနေ့မှာ ပျော်ရွှင်စရာနေ့ပင်ဖြစ်၏ အသက် ၅၆ နှစ်အရွယ် ဖာတီမာတစ်ယောက် သားဖြစ်သူ၏ ဇနီးလောင်းရွေးချယ်မှုကို သဘောကျနေသည်။ သန့်ရှင်းရေးအဖြစ် သူမ အလုပ်လုပ်ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ အင်တာနက်ကဖေးတစ်ခုတွင် ထိုင်နေကာ  Skype ကဲ့သို့သော အက်ပလီကေးရှင်းဖြင့် သားဖြစ်သူနှင့် ဆက်သွယ်ပြောဆိုနေခြင်း ဖြစ်သည်။

    “ဒါပေါ့။ သား သူ့ကို လက်ထပ်ရမယ်နော်။ ဒါနဲ့ အသားဖြူဖြူလေးလားဟင်” ဟု ဖာတီမာက သားဖြစ်သူအား မေး၏။ သူမ၏သားက သူ၏ချစ်သူကို နောက်တစ်ခေါက်ခေါ်ဆိုမှုတွင် ပြမည်ဟု ကတိပေးသည်။

    အခြားသောပြောဆိုမှုများကတော့ သတိရကြောင်းနှင့် ကြုံတွေ့ရသော အန္တရာယ်များအကြောင်း ဖြစ်သည်။

    အဆိုပါအင်တာနက်ဆိုင်သို့ ရောက်လာကြသူအများစုက မလေးရှားကုဒ်နံပါတ်များနှင့် တယ်လီဖုန်းနံပါတ်များကို ရေးထားသော စာရွက်အပိုင်းအစများနှင့်ဖြစ်သည်။ ထိုဖုန်းနံပါတ်များက ရိုဟင်ဂျာထောင်ပေါင်းများစွာကို နှစ်စဉ် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးနေသော လူကုန်ကူးသူများ၏ ဖုန်းနံပါတ်များဖြစ်သည်။ ၎င်းတို့က မလေးရှားနယ်စပ်နှင့်နီးသည့် ဝေလံခေါင်ဖျားသော ဒေသရှိ နေအိမ်များတွင် ရိုဟင်ဂျာများအား ထိန်းသိမ်းထားကာ ပြန်ပေးငွေများ တောင်းကြသည်။

    တစ်ဦးအား လွှတ်ပေးရန် ကန်ဒေါ်လာ ၁၂၀၀ မှ ၁၈၀၀ အထိ တောင်းကြသည်။ တစ်နေ့လျှင် ၁ ဒေါ်လာ သို့မဟုတ် ၂ ဒေါ်လာခန့်ဖြင့်သာ အသက်ရှင်နေထိုင်နေရသော ရိုဟင်ဂျာများအတွက် အလွန်များပြားသည့် ငွေဖြစ်သည်။

    လူကုန်ကူးသူတစ်ယောက်က ရာဟာနာ၏ အသက် ၁၂ အရွယ် သားဖြစ်သူကို လွှတ်ပေးရန် ကန်ဒေါ်လာ ၁၄၀၀ တောင်းနေသည်။ အခြားသောရိုဟင်ဂျာအမျိုးသမီးများနည်းတူ အမည်တစ်လုံးသာပြောပြသည့် ရာဟာနာက ဒေါ်လာ ၁၁၀၀ ကို ပို့ပေးပြီး သွားပြီဖြစ်သော်လည်း လူကုန်ကူးသူက အကျေလိုချင်နေသည်။

    အနည်းဆုံးတော့ သူမအား သားဖြစ်သူနှင့် စကားအနည်းငယ် ပြောခွင့်ပြုသည်။ အသက်ရှင်သေးသည်ဆိုသော သက်သေအတွက် ဖုန်းခေါ်ဆိုမှု၏ အစတွင် ထိုကဲ့သို့ပေးပြောလေ့ရှိပြီး ပြန်ပေးငွေ အကျေမပေးမချင်း ဆွေမျိုးများနှင့် ပြောဆိုမှုကို လူကုန်ကူးသူများက ခွင့်မပြုချေ။

    မလေးရှားဖုန်းနံပါတ်အား ရာဟာခေါ်သည့်အခါ တစ်ဘက်မှ အမျိုးသားတစ်ဦးက ဖြန်ဖြေသည်။ “သားနဲ့ စကားပြောချင်လို့ပါ” ဟု သူမက ထိုအမျိုးသားအား ပြောလိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် အသံးတိုးတိုးတစ်ခု ထွက်လာပြီး “အမေလား” ဟု မေးသည်။

    ရာဟာနာတစ်ယောက် မျက်လုံးအိမ်တွင် မျက်ရည်များပြည့်လာပြီး သူမ၏ မေးရိုးများကလည်း ၀မ်းနည်းမှုကြောင့် တုန်လာသည်။ သူမက အလျင်အမြန်ပင် အားပြန်တင်းလိုက်သည်။

    “အမေ ပိုက်ဆံပို့ပေးမယ်နော်။ ပြီးရင် သူတို့သားကိုလွှတ်ပေးမှာပါ” ဟု သားဖြစ်သူအား ရာဟာနာက နှစ်သိမ့်သည်။ ဖုန်းပြောပြီးနောက် ရာဟာနာတစ်ယောက် တွေဝေနေပြီး သားဖြစ်သူအတွက် ရတက်မအေးဖြစ်နေသည်။

    “ကျွန်မသားက သူနေမကောင်းဘူးလို့ပြောတယ်။ ဘာပဲစားစား ပြန်အန်တယ်တဲ့”

    လူယုံတော်

    ရခိုင်ဗုဒ္ဓဘာသာဝင်များက အနီးရှိ စစ်တွေမြို့မှ ရိုဟင်ဂျာများကို မောင်းမထုတ်ခင် ၂၀၁၂ ခုနှစ်မတိုင်ခင်အထိ သဲချောင်းရွာလေးမှာ တံငါရွာလေးတစ်ခုဖြစ်သည်။ ထိုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၂၀၀ သေဆုံးကာ ၁၄၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

    ယနေ့တွင်တော့ သဲချောင်းရွာမှာ ညစ်ပတ်ပေကျံနေပြီး လူများစုပြုံနေသည့် ဒုက္ခသည်စခန်းဖြစ်နေပေသည်။ ထိုဒုက္ခသည်စခန်းများတွင် နေထိုင်သူအများစုအတွက်တော့ ထိုင်းနိုင်ငံသို့ လှေဖြင့် ထွက်ပြေးခြင်းသာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေသည်။

    ထိုကဲ့သို့ ထွက်ခွာသွားမှုများအတွက် အသက် ၂၉ နှစ်အရွယ် ကျော်းသိန်းဆိုသူက အခွင့်အရေးတစ်ခုနှင့် ဆောင်ရွက်ပေးနေသည်။

    ၂၀၁၂ ခုနှစ်အထိ ၎င်းမှာ ရွာတွင်းရှိ တံငါသည်များကို ရေခဲနှင့် ဓာတ်ဆီများ ရောင်းချသူဖြစ်သည်။ ယခုတွင်တော့ အင်တာနက်တဲတစ်ခုကို ၎င်းက ဖွင့်ထားသည်။ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှုကို တစ်မိနစ် ၁၀၀ ကျပ်ဖြင့် ၀န်ဆောင်မှုပေးပြီး ၎င်း၏ လက်တော့ပ် ၃ လုံးမှာ လူမပြတ်တမ်းရှိနေသည်။

    အခြားသောဝန်ဆောင်မှုများကိုလည်း ၎င်းက ဆောင်ရွက်ပေးသည်။ နိုင်ငံရပ်ခြားတွင်အလုပ်လုပ်နေသည့် ရိုဟင်ဂျာများက ၎င်းတို့၏ငွေများကို ဆွေမျိုးများထံသို့ ပုံမှန်ပို့ပေးသည်။ ထိုသို့ပို့ပေးမှုကို ရခိုင်ပွဲစားတစ်ဦး၏ စစ်တွေရှိ ဘဏ်အကောင့်နှင့် ချိတ်ဆက်ထားသည်။ ထိုပွဲစားက ကျော်သိန်းထံသို့ ငွေသားများလာပို့ပေးပြီး ၎င်းက ၀န်ဆောင်ခ ၁.၅ ရာခိုင်နှုန်း နုတ်ကာ သက်ဆိုင်ရာ ဆွေမျိုးများသို့ ပြန်ပေးလေသည်။

    သူ၏ တဲပုတ်က ပြန်ပေးငွေ ဒေါ်လာထောင်ချီ၍ စီးဆင်းနေသော နေရာလည်းဖြစ်သည်။ ထိုပတ်ဝန်းကျင်ရှိသူများက အနီးအနားရှိ ရွာမှ ရိုဟင်ဂျာပွဲစားတစ်ဦးကို ပေးရန် ကျပ်ငွေအထပ်လိုက်ကို ကျော်သိန်းထံသို့ လာအပ်ကြသည်။ ထိုကဲ့သို့ ပို့ပေးမှု သို့မဟုတ် လူကုန်ကူးသူနှင့် တိုက်ရိုက်ဆက်သွယ်မှုအတွက် မည်သည့်ဝန်ဆောင်ခမှ မယူဟု ၎င်းက ဆိုသည်။

    “သူတို့ (ပြန်ပေးသမားတွေက) ကျွန်တော့်ကိုယုံတယ်။ ကျွန်တော်ကတော့ သူတို့ကိုမယုံဘူး” ဟု ကျော်သိန်းက ဆိုသည်။

    ယခင်က ရိုဟင်ဂျာများအနေဖြင့် မလေးရှားသို့ လှေဖြင့်သွားရန် ဒေါ်လာရာပေါင်းများစွာပေးရသည်ဟု ကျော်သိန်းကဆိုသည်။ အခုတော့ ကမ်းနှင့်ဝေးဖို့ ဒေါ်လာအနည်းငယ်သာပေးရတော့သည်။

    အသွားခရီးက အခမဲ့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုင်းနှင့် မလေးရှားသို့ရောက်သည့်အခါ လှေစီးသူများကို ထိန်းသိမ်းထားခြင်းက ၎င်းတို့အတွက် အကျိုးအမြတ်ပိုရသည်ကို လူကုန်ကူးသမားများက သိရှိခြင်းကြောင့်ဖြစ်သည်။

    ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ပွဲစားများကလည်း လှည့်နေပြီး လူကုန်ကူးသူများထံသို့ ၎င်းတို့ ပို့ပေးသူတိုင်းအတွက် ရှာကြေးရသည်ဟု ကျော်သိန်းကဆိုသည်။

    အဘ်ဒူလ် ကာဒရ်ဆိုသူက ၁၄ နှစ်အရွယ်သမီးဖြစ်သူ ပျောက်သွားခြင်းအတွက် ထိုပွဲစားများကို အပြစ်တင်သည်။ တစ်မနက် အိမ်နီးနားချင်းအိမ်သို့ သွားရောက်ခဲ့ပြီးနောက် သူမကို ထပ်မတွေ့ရတော့။

    သူမမှာ ယခုအချိန်တွင် ထိုင်း သို့မဟုတ် မလေးရှားရှိ ဒုက္ခသည်စခန်းတွင်ရှိနေသည်။ လူကုန်ကူးသူများက သမီးဖြစ်သူအတွက် အဘ်ဒူလ်ကာဒရ်ထံမှ ကန်ဒေါ်လာ ၁၅၀၀ တောင်းသည်။ ပိန်ပိန်သေးသေး ဆိုက်ကားနင်းသူ ကာဒရ်တစ်ယောက် ထိုငွေကိုမပေးနိုင်။

    “သမီးကို တောင်ပေါ်ကနေ ကန်ချလိုက်မယ်လို့ သူတို့က ကျွန်တော့်ကိုပြောတယ်” ဟု ကာဒရ်က ဆိုသည်။

    သမီးဖြစ်သူအား လက်ထပ်ချင်သူတစ်ဦးကိုရှာ၍ ၎င်းထံမှ ပြန်ပေးငွေကို တောင်းပါဟု ကာဒရ်က ပြန်ပေးသမားများအား ပြောထားသည်။ သမီးဖြစ်သူအား ရောင်းစားခွင့် ပေးထားသည်ကို သူသိနေသည်။

    “ကျွန်တော်မှာရှိတာအားလုံးက သောကတွေပဲဗျာ။ ဘာမှ မှ မတတ်နိုင်တာ” ဟု ၎င်းက ဆိုလေသည်။

    ref:reuters
    လေးမောင် ဘာသာပြန်သည်။

  • IS အန္တရာယ်ကို မလျှော့သောဇွဲဖြင့် တွန်းလှန်နေကြသော အီရတ်မှ ယာဇီဒီ လူမျိုးများ

    IS အန္တရာယ်ကို မလျှော့သောဇွဲဖြင့် တွန်းလှန်နေကြသော အီရတ်မှ ယာဇီဒီ လူမျိုးများ

    ဖေဖော်ဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    08973c6f5b61434880b65bb0a6e691fb_18
    – သူမတို့၏ အိမ်ဟုခေါ်သော ရွှံ့တဲလေးမှ ခေါင်းကိုငုံ့ကာ ဘာရီတန် ဆိုဇာတစ်ယောက် အပြင်သို့ သွက်သွက်လေးထွက်လာခဲ့သည်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးသည့် သူမက ပခုံးသိုင်းလွယ်ထားသော ကာလာရှင်ကော့ဗ် ရိုင်ဖယ်ကို လက်မှ လွတ်မကျရန် တင်းတင်း ကျပ်ကျပ်လေး ဆုပ်ကိုင်ထားသည်။ အဆိုပါရိုင်ဖယ်မှာ လွန်ခဲ့သည့် ၃ လက ဆင်ဂျာကာကွယ်ရေးတပ်ဖွဲ့ YBS မှ ပေးထားခြင်းဖြစ်သည်ဟု သူမက ဆိုလေသည်။ ထိုအချိန်မှစ၍ ဆိုဇာတစ်ယောက် အသိနှင့် သတိ မလွတ်ခဲ့တော့။

    ဆင်ဂျာတောင်ကုန်းတွင် အခြေဆိုက်သော ယာဇီဒီပြည်သူ့စစ် ၆၀၀ ရှိသည့် YBS တပ်ဖွဲ့တွင် စေတနာ့ဝန်ထမ်းအဖြစ် ၀င်ရောက် တိုက်ခိုက်ရခြင်းမှာ မိမိ၏ ခံစားချက်ကို ထိန်းချုပ်လာနိုင်သည်ဟု ဆိုဇာက ဆိုလေသည်။ နိုင်နီဗဟ် ပြည်နယ်ရှိ ဆင်ဂျာဒေသကို ISIL အဖွဲ့က သိမ်းပိုက်ခဲ့သည့် ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက သိန်းနှင့်ချီသော ယာဇီဒီလူမျိုးများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    “ကျွန်မဟာ သားကောင် မဟုတ်တော့ပါဘူး။ ယာဇီဒီလူမျိုးတွေအပေါ် ကျရောက်ခဲ့တဲ့ ဒီဘေးအန္တရာယ်က ကျွန်မတို့ကို အားအင်တွေ ပိုရှိစေခဲ့ပါတယ်။ အခုတော့ ကျွန်မတို့ဟာ ဘယ်သူအကူအညီမှ မလိုအပ်တော့ဘူးဆိုတာ သိခဲ့ပါပြီ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မတို့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်နေပြီလေ” ဟု ဆိုဇာက ဆိုလေသည်။

    အီရတ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သည့် ယာဇီဒီလူမျိုးများမှာ ဇိုရိုအက်စတာဝါဒကို အခြေပြုသော မက်ဆိုပိုတေးမီးယားမှ ရှေးဟောင်း အယူဝါဒကို ယုံကြည်ကိုးကွယ်ကြသူများဖြစ်သည်။ ISIL ကတော့ ၎င်းတို့အား “မကောင်းဆိုးဝါးကို ကိုးကွယ်သူများ” ဟု သတ်မှတ်ကာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။

    ISIL ၎င်းတို့ဒေသအား ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ပထမဆုံးနေ့မှာပင် ဆိုဇာနှင့်သူမ၏ မိသားစုမှာ အခြားသော ယာဇီဒီလူမျိုး ထောင်ပေါင်းများစွာနှင့် အတူ ဆင်ဂျာတောင်ပေါ်သို့ ထွက်ပြေးခဲ့သည်။ ဒေသတွင်းမှ ကာ့ဒ်တပ်ဖွဲ့ဝင်များက ကာကွယ်ခဲ့ကြသော်လည်း အင်အား မမျှသောကြောင့် နောက်ပိုင်းတွင် ပြန်ဆုတ်ခဲ့ရပြီး ယာဇီဒီလူမျိုးများကတော့ ကာကွယ်ပေးမည့်သူမရှိ ဖြစ်ခဲ့ရသည်။

    မိမိတို့ ကာကွယ်ရေးအတွက် ပြင်ပအင်အားတစ်ခုတည်းကိုသာ အားမကိုးရန် ဆုံးဖြတ်ခဲ့ပြီးသည့်နောက်တွင်တော့ ဆင်ဂျာတောင်ကုန်းရှိ ယာဇီဒီပြည်သူများက ၎င်းတို့၏ ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ YBS တိုက်ခိုက်ရေးသမာများမှာ ဆီးရီးယားမြောက်ပိုင်း ကာ့ဒ်ပြည်သူ့စစ် တပ်ဖွဲ့ဖြစ်သော ပြည်သူကာကွယ်ရေးတပ် YPG၊ တူရကီဘက်မှ ကာ့ဒ်အလုပ်သမားပါတီ PKK တပ်ဖွဲ့များနှင့်အတူ လေ့ကျင်ခဲ့ကြသည်။

    ဆင်ဂျာတောင်ကုန်းတစ်ဝိုက်ရှိ တဲငယ်လေးများတွင် ယာဇီဒီလူမျိုး ၁၀၀၀၀ ခန့်မှာ နေထိုင်နေရပြီး ISIL က ထိန်းချုပ်ထားသော ဒေသများကို စီး၍ မြင်နေရသည်။ ၎င်းတို့ထဲမှ ရော့ဂ်ဟာ ဟာဘာဘီဆိုသည့် တပ်ဖွဲ့ဝင်တစ်ယောက်က ဆင်ဂျာဒေသရှိ သူ၏မိသာစုတဲမှ မီးခိုများ အလိပ်လိုက်တက် သွားသည်ကို စောင့်ကြည့်နေသည်။ တောင်အောက်ခြေမှ ပေါက်ကွဲသံကြီး ကလည်း ပဲ့တင်ထပ်သွားသည်။ သို့သော်လည်း ထိုပေါက်ကွဲမှုက ၎င်းတို့ကို မတုန်လှုပ်စေတော့။ ထိုအရာမျိုးမှာ ပုံမှန်ဖြစ်သွားပြီဟု ဟာဘာဘီက ဆိုလေသည်။

    ဆင်ဂျာတောင်ကုန်းအောက်ပိုင်းရှိ လမ်းများတွင် တိုက်ခိုက်မှုများ မရှိသည့်အခါ သူနှင့် သူ၏ YBS တပ်ဖွဲ့ဝင်များက တောင်ကုန်း တစ်ဝိုက်တွင် ကင်းလှည့်စောင့်ကြပ်ကြသည်ဟု ဟာဘာဘီက ပြောသည်။

    “သူတို့ (ISIL) တွေဟာ အရိုင်းအစိုင်းတွေပါ။ ကားဗုံးခွဲတာမျိုး၊ အသေခံတိုက်ခိုက်တာမျိုးကို မှီခိုနေကြပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    YBS တပ်ဖွဲ့ဝင်များမှာ နည်းလမ်းတကျဖွဲ့စည်းထားသည့် အဖွဲ့အစည်းမျိုးမဟုတ်။ အဆီအငေါ်မတည့်သည့် စစ်ဘက်ဆိုင်ရာဝတ်စုံနှင့် ပစ္စည်းကိရိယာများ ၀တ်ဆင်ထားသော  လူငယ်အမျိုးသမီးများနှင့် အမျိုးသားများမှာ တဲတစ်ခုမှတစ်ခုသို့ ရွေ့လျား သွားလာနေကြသည်။ လက်နက်ခဲယမ်းထည့်ထားသော ခါးပတ်ကို ခန္ဓာကိုယ်တွင် ပတ်ထားသည့် လူငယ်တစ်ယောက်က ရေပုံးများကို တဲအတွင်းသို့ သယ်လာပြီး စက်သေနက်တစ်လက်ကိုလည်း ကျောတွင်လွယ်ထားသည်။

    YBS မှ လူငယ်တိုက်ခိုက်ရေးသမားများမှာ ယာဇီဒီ ဒီမိုကရက်တစ်လှုပ်ရှားမှု TEVDA ၏ ခေါင်းဆောင် စအီးဒ် ဟာဆန်၏ လမ်းညွှန်မှုအောက်တွင် အဆိုပါ တဲများ၌ စုးစည်းနေထိုင်နေရခြင်း ဖြစ်သည်း YBS ပြည်သူ့စစ်များအား TEVDA မှပင် စပွန်ဆာပေးထား၏။

    စအီးဒ်ကိုယ်တိုင်မှာလည်း ထောင်ကုန်းပေါ်တွင် နေသူဖြစ်ပြီး YBS မှာ အီရတ်ရှိ ယာဇီဒီလူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လျှောက်လှမ်းရန် ပထမဆုံးခြေလှမ်းပင်ဖြစ်သည်ဟု ၎င်းက ယုံကြည်နေသည်။ ယာဇီဒီပြည်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အစိုးရ လိုအပ်သည်ဟု စအီးဒ်ကဆိုပြီး YBS ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ ဆင်ဂျာရှိ ယာဇီဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက် တောင်းဆိုထားသည်။

    “ကျွန်တော်တို့ ယာဇီဒီဒေသ လိုချင်ပါတယ်။ ပြီးတော့ အဲဒီဒေသကို ကာကွယ်ပေးမယ့် YBS တပ်ဖွဲ့ကိုလည်း လိုချင်ပါတယ်။ YBS နဲ့ပတ်သက်လို့ အခု ကျွန်တော်တို့ စဉ်စားနေတာက ဒီအဖွဲ့ ဒီထက်ပိုကြီးလာဖို့ပါ။ ဒီမှာရှိတဲ့လူအကုန်လုံးက အနာဂတ်မှာ ယာဇီဒီလူမျိုးတွေနဲ့ ဆင်ဂျာဒေသကို ကာကွယ်ဖို့ ဒီမှာ ရှိပါလိမ့်မယ်။ ဒီမြေနဲ့ ကျွန်တော်တို့ရဲ့ အယူဝါဒကို ကာကွယ်ဖို့ ကျွန်တော်တို့ စစ်တပ်တစ်တပ် လိုချင်ပါတယ်” ဟု စအီးဒ်က ဆိုလေသည်။

    ဗီယင်နာတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ သောမက်စ် ရှမစ်ဒင်ဂါ၏ အဆိုအရ ယာဇီဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ပေါ်လာရေး လှုပ်ရှားမှုက ISIL အား တန်ပြန်တိုက်ခိုက်ခြင်းနှင့် ပြီးခဲ့သည့်နှစ် သြဂုတ်လက ကာ့ဒ်တပ်ဖွဲ့များ ဆင်ဂျာဒေသအား စွန့်ခွာသွားပြီးနောက်ပိုင်း ပိုအားကောင်းလာသည်ဟု ဆိုသည်။

    “ယာဇီဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိစ္စနဲ့ပတ်သက်လို့ ယာဇီဒီလူ့အဖွဲ့အစည်းအတွင်းမှာ မတူညီရဲ့ သဘောထား အမြောက်အများ ရှိနေပါတယ်။ ဒါပေမယ့် ထင်ရှားတာတစ်ခုကတော့ သြဂုတ်လကတည်းက ယာဇီဒီလူမျိုး တော်တော်များများဟာ ကာ့ဒ်တွေနဲ့ ပိုပြီးကွာဟသွားပြီလို့ ယူဆခဲ့ကြပါတယ်။ ပြီးတော့ ကာ့ဒ်ဒေသ အစိုးရအဖွဲ့နဲ့အတူ ဒါမှတ်ဟုတ် အီရတ်ရဲ့ နယ်နမိတ်ကခွဲထွက်ပြီး သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ထူထောင်ချင်ခဲ့ကြပါတယ်” ဟု ရှမစ်ဒင်ဂါက ပြောကြားခဲ့သည်။

    YBS တပ်ဖွဲ့ တည်ရှိနေခြင်းက ယာဇီဒီလူ့အဖွဲ့အစည်းအား ကာကွယ်နိုင်ရေး ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ရှမစ်ဒင်ဂါက ထည့်သွင်းပြောကြား ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက်လည်း အရေးပါသည့် ခြေလှမ်းဟု ဆိုခဲ့သည်။ ဟာဘာဘီကတော့ ထိုမျှော်လင့်ချက် အမှန်တကယ်ဖြစ်လာရေးအတွက် ရင်ဆိုင်သွားရန် ဆန္ဒရှိသည်ဟု ဆိုလေသည်။

    “အရင်ကတော့ ကျွန်တော်ဟာ ကျောင်းသားပါ။ ဒါပေမယ့် အခုတော့ တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်နေပါပြီ။ ဒါမျိုးဖြစ်လာမယ်လို့ စိတ်တောင် မကူးခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လူမျိုးတွေ လိုအပ်သမျှ ကာလပတ်လုံး တိုက်ခိုက်ရေးသမားတစ်ယောက်အနေနဲ့ ဆက်ရှိသွားမှာပါ”

    Ref: aljazeera
    လေးမောင် ဘာသာပြန်သည်။

  • အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ

    အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ

    ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၅
    M-Media
    righteous-muslims2
    – `မည်သူမဆို အသက်တစ်ချောင်းအား ကယ်တင်ခဲ့ပါက တစ်ကမ္ဘာလုံးရှိ အသက်များကို ကယ်တင်ဘိသကဲ့သို့ ဖြစ်၏´ (ဘေဘီလိုနီယန်း တဲလ်မူးဒ်-ဆန်ဒီဒရင် ၄၊ ၈(၃၇က)) (ကုရ်အာန် ၅၊ ၃၂)

    အထက်ပါ ပါဒတော်မှာ ဂျူးဘာသာဝင်များ၏ Talmud ကျမ်းနှင့် အစ္စလာမ်ဘာသာဝင်တို့၏ ကုရ်အာန်ကျမ်းတွင် ဖော်ပြထားသည့် ပါဒတော်ဖြစ်သည်။

    ဇန်န၀ါရီ ၂၇ ရက် တွင်ကျရောက်သည့် Holocaust (နာဇီတို့က ဂျူးများအား သတ်ဖြတ်သည့် အစီအစဉ်) ၏ နှစ်ပတ်လည်နေ့တွင် `လူဖြောင့်လူမှန်များ´ အကြောင်း ပြန်လည်အောက်မေ့သတိရခြင်းမှာ ထိုက်တန်သည့် ကိစ္စဖြစ်သည်။ ထိုသူများမှာ အခြားသူများမဟုတ်။ နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များပင်ဖြစ်၏။ နာဇီတို့၏ ရက်စက်ကြမ်းကြုတ်လှသည့် Holocaust အစီအစဉ်တွင် ဂျူးများအား သက်စွန့်ဆံဖျား ကယ်တင်ခဲ့သော မွတ်စလင်များ၏ အကြောင်းကို သိရှိသူ အလွန်နည်းလေသည်။

    စိတ်ဝင်စားစရာအကောင်းပြီး လူသိနည်းသည့် အချက်တစ်ချက်က အလ်ဘေးနီးယားတွင် ကျင့်သုံးခဲ့သော ရိုးရာဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများအကြောင်း ဖြစ်သည်။ အလ်ဘေးနီးယားတို့၏ ဖော်ရွေမှုနှင့် ကာကွယ်ပေးမှုမှာ ဒေသအတွင်း ယဉ်ကျေးမှုအစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပြီး၊ ၎င်းကို အစ္စလာမ်၏ တန်ဖိုးများဖြစ်သော ဧည့်ဝတ်ကျေပွန်မှု၊ ဧည့်သည်များ၊ ခရီးသွားများအား စောင့်ရှောက်မှုတို့ဖြင့် ပိုမိုပြည့်စုံစေခဲ့သည်။

    Holocaust အချိန်အတွင်း ဂျူးလူမျိုးအရေအတွက် မြင့်တက်လာသည့် နိုင်ငံ ၂ နိုင်ငံရှိခဲ့သည်။ ဂရိနိုင်ငံကဲ့သို့ နေရာမျိုးရှိ ဂျူးများကိုပင် မရဏအကျဉ်းစခန်းများဖြစ်သည့် အော့ဇ၀စ်၊ ဆိုဘီဘောရ်နှင့် ထရီဘလင်ကာသို့ ပို့သော နာဇီတို့၏ ဆိုးရွားသည့်အစီအစဉ်မှ လွတ်မြောက်ရန် ဂျူးအမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးပါမကျန် ၀င်ရောက်လာခြင်းကြောင့်ဖြစ်သည်။ ဂျူးလူဦးရေမြင့်တက် လာသည့် နိုင်ငံ ၂ နိုင်ငံမှာ အလ်ဘေးနီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့ဖြစ်သည်။ အလ်ဘေးနီးယားတွင်မူ ဂျူးလူမျိုးအရေအတွက်မှာ ယခင်က ၂၀၀ ခန့်ရှိခဲ့ရာမှ စစ်ကြီးအပြီးတွင် ၂၀၀၀ ကျော်ဖြစ်လာသည်။

    မြောက်အာဖရိက၊ တူရကီတို့ပြီးနောက် ဂျူးများကို ကယ်တင်ခဲ့သည့် အလ်ဘေးနီးယားမွတ်စလင်များ၏ အကြောင်းကို အနည်းငယ်သာ မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုအထဲမှာ အများစုကို သေသေချာချာ စုံစမ်းစစ်ဆေးခြင်းမလုပ်ခဲ့ကြ။ အရှေ့အလယ်ပိုင်းနိုင်ငံရေး ကလည်း မွတ်စလင်လူ့အဖွဲ့အစည်း၏ သမိုင်းအမွေအနှစ်ဖြစ်သော ထိုဇာတ်လမ်းများကို စုံစမ်းစစ်ဆေးမှုပြုရန် ဆန္ဒအား တဖြည်းဖြည်းလွှမ်းမိုးပျောက်ကွယ်စေခဲ့သည်။ အစ္စလာမ်နှင့် မွတ်စလင်အကြောင်း အဖျက် သဘောဖြင့်သာ မီဒီယာများက ဖော်ပြနေသည့် ယခုအချိန်တွင် အဆိုပါဇာတ်လမ်းများက မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူစရာ ခံစားမှုတစ်ခုကို ပေးအပ်နိုင်မည်ဖြစ်သည်။

    ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များ ကွယ်လွန်သွားခြင်းနှင့်အတူ ၎င်းတို့၏ ဆောင်ရွက်ချက် အများစုမှာလည်း မှေးမှိန်ပျောက်ကွယ် ခဲ့ပေပြီ။ အလ်ဘေးနီးယားမှ ထိုသူတော်ကောင်းကြီးများ၏ ဇာတ်လမ်းအချို့ကို ဖော်ပြချင်သေးသည်။ ထိုအထဲမှ တစ်ဦးမှာ ယဒ်ဗာရှမ် ဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ခိုကိုးရာမဲ့ ဂျူးလူမျိုး ၇၁ ဦးအား နာဇီတို့လက်မှကယ်တင်ခဲ့သူဖြစ်သည်။ မည့်သည့် မျှော်လင့်ချက်မှမရှိဘဲ ချို့တဲ့သူများကို ကူညီရမည့်စိတ်တစ်ခုတည်းဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အကြောင်းအရာ တော်တော်များများကို Faith Matters (http://faith-matters.org/) ဆိုသည့် ၀ဘ်ဆိုက်တွင် တွေ့နိုင်သည်။ ထိုဝဘ်ဆိုက်လေးတွင် လေးစားအားကျစရာကောင်းသည့် လူဖြောင့်လူမှန်များ၏ အကြောင်းကို ဖော်ပြထားသည်။ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဂျူးများကို ကယ်တင်ထားကြသူများလည်း ပါသည်။

    ဥပမာအနေဖြင့် ထုတ်ပြရလျှင် ဇက်ဂ်ျနီဘာ ဟာဒဂါနှင့် အဟ်မ် ဆာဒစ်ဆိုသူ မွတ်စလင်နှစ်ဦးဖြစ်ပြီး ဘော်လ်ကန်ဒေသ တွင် ငြှင်းပမ်းနှိပ်စက် ခံရသူဂျူးများကို နေရာ ထိုင်ခင်းပေးကာ၊ ကျွေးမွေးစောင့်ရှောက် ခဲ့သူများဖြစ်သည်။ ဂျာမန်စစ်သားများက ဂျူးများအား လိုက်လံရှာဖွေပြီး အကျဉ်းစခန်းသို့ ပို့နေသောအချိန်တွင် ထွက်ပြေးလာသော ဂျူးမိသားစုတစ်ခုနေရန် ဇက်ဂ်ျနီဘာက သူမ၏ အိမ်ကို ပေးခဲ့သည်။ အဟ်မဒ်ဆာဒစ်က ဂျာမန်တို့မှာ ဂျူးများကို အကျဉ်းစခန်းသို့ ပို့နေကြောင်း ရထားပေါ်ရှိ သူ၏ ဂျူးသူငယ်ချင်းများအား သတိပေးခဲ့ပြီး ထိုရထားမှ ကယ်ထုတ်ကာ နေရာထိုင်ခင်းကို စီစဉ်ပေးခဲ့သည်။ ထို့နောက် အထောက်အထားအတုများလုပ်ကာ အဆိုပါဂျူးလူမျိုးများအား နာဇီတို့လက်မှ လွတ်မြောက်စေခဲ့သည်။ အဟ်မဒ်မှာ ထိုလုပ်ရပ်အတွက် နာဇီတို့၏ ဖမ်ဆီးခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရသည်။ ဘ၀၏ နောက်ဆုံးရက်အနည်းငယ်ကို သူကိုယ်တိုင် ဂျူးသူငယ်ချင်းများကို ကယ်ထုတ်ပေးခဲ့သည့် နာဇီရထားပေါ်၌ အဟ်မဒ်တစ်ယောက် ကုန်ဆုံးခဲ့ရလေသည်။

    အခြား အလ်ဘေးနီးယား နှစ်ဦးကတော့ ဒက်စတန် ဘာလာနှင့် လီမာဘာလာတို့ ဇနီးမောင်နှံဖြစ်သည်။ စစ်ကြီးဖြစ်နေချိန် အစာရေစာရှားပါးသည့်ကာလတွင် သူတို့က ဂျူးမိသားစုတစ်စုကို ကယ်တင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဂျာမန်တို့ ကိုဆိုဗိုမှ ပရစ်တီးနားမြို့ကို ကျူးကျော်ချိန် တူရကီမွတ်စလင်များက စာရွက်စာတမ်းများဖြင့် အလ်ဘေးနီးယားသို့ ပို့လိုက်သော `လေဇာ´ မိသားစုဖြစ်သည်။ ခိုကိုးရာမဲ့နေသည့် ထိုမိသားစုမှာ အလ်ဘေးနီးယား ရှန်ဂျာ့ဂ်ျဒေသ ရွာတစ်ရွာရှိ တောင်ကုန်းများပေါ်တွင် ပုန်းနေရသည်။ ထိုစဉ်က မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လဖြစ်ပြီး ဂျူးများအား လက်ခံပါက နာဇီတို့၏ သေဒဏ်ပေးခြင်းခံရမည်ကို သိရှိသော်လည်း ထိုရွာမှ ရွာသားများက `လေဇာ´ မိသားစုအား ကြည်ကြည်ဖြူဖြူပင် လက်ခံထားကြကာ စားဝတ်နေရေးအတွက် ဘာလာတို့ မောင်နှံနှစ်ဦးကပင် တာဝန်ယူ၍ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ `လေဇာ´ မိသားစုထဲက ဆာရာနိုဗန်ဆိုသည့် အမျိုးသမီး ကိုယ်ဝန်ဆောင်ကာ မီးဖွားသည့်အခါတွင်လည်း လီမာက ကူညီပေးခဲ့၏။

    ဒက်စတန်တို့ရွာမှာ ရွာငယ်လေးဖြစ်ပြီး လူစိမ်း ၁၈ ဦးခန့်လာရောက်ခြင်းမှာ ခဏချင်းပင် ရွာအနှံ့ပြန့်သွားကာ ဂျာမန်စစ်သားများ ရှာတွေ့သွားနိုင်သည်။ သို့သော်လည်း ထိုအန္တရာယ်ကို မကြောက်မရွံ့ဘဲ ဂျူးမိသားစုအား တာဝန်ယူစောင့်ရှောက်ခဲ့သည့် ဒက်စတန်တို့ဇနီးမောင်နှံ၏ လုပ်ရပ်မှာ သူရဲကောင်းဆန်သည့် လုပ်ရပ်လည်းဖြစ်သည်။ ထိုဒေသရှိ အလ်ဘေးနီးယား ရဲတပ်ဖွဲ့ကလည်း မွတ်စလင်များမှာ ဂျူးများအား ကာကွယ်ပေးထားသည်ကို သိသည်။ ထို့ကြောင့် ဂျာမန်များလာရောက်ရှာဖွေသည့်အခါတွင် မသိချင်ယောင် ဆောင်နေခဲ့၏။

    ဤအဖြစ်အပျက်ဇာတ်လမ်းများက ကျွန်ုပ်တို့အား လူဖြောင့်လူမှန်များအကြောင်း ပြောပြနေခြင်းပင်မဟုတ်ပါလား။ မှန်သည် အများကြီးပြောပြနေသည်။ ဘာသာတရားက လူ့အသက်များကယ်တင်စေချင်သည့်စိတ်ဓာတ် ဖြစ်ပေါ်ကြောင်း ပြနေသည်။ ဘာသာတရား မရှိသောသူ၊ ဂျူးများ၊ ဂျစ်ပစီများ၊ လိင်တူချစ်သူများနှင့် မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ပေးရမည်ဟု ယုံကြည်သောသူများလည်း ရှိနေသည်။ `လူဖြောင်လူမှန်´ ဘွဲ့ကို ဂျူးများကို ကယ်တင်သောသူများအား ပေးရမည်ဆိုလျှင် အစွန်းရောက် သီအိုရီများကိုခြေခံကာ အစွန်းရောက်အမြင်များဖြင့် ပစ်မှတ်ထားခဲ့သည့် နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခြင်းဟူသော မှန်ကန်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သည့် ဘာသာရှိသူများ၊ ဘာသာမဲ့များလည်း ရှိနေသေးသည်။

    ဂျူးနှင့် မွတ်စလင်တို့၏ သမိုင်းများက ပဋိပက္ခများ၏ အရင်းမူလများထဲမှ တစ်ခုဖြစ်သည်ဟု ကြားဖူးနားဝဖြင့် ဆိုလာလျှင်တော့ ထိုလူမှာ မှားယွင်းနေပေပြီ။ မွတ်စလင်များမှာ တစ်နည်းနည်းဖြင့် ဆိုးရွားပြီး နာဇီများကို ထောက်ခံသူများသာ ဖြစ်ကြသည်ဟုပြောကာ မွတ်စလင်ဆန့်ကျင်ရေးအမုန်းစကားများကို ဖြန့်ဖြူးကြသူများမှာ Holocaust အစီအစဉ်တွင် ဂျူးများအား မွတ်စလင်များက ကယ်တင်ခဲ့သည်ဆိုသည့် အဆိုပါ ဇာတ်လမ်းများကို မမြင်နိုင်၊ လက်မခံနိုင်၍သာဖြစ်မည်။ လူလူချင်း ဆက်ဆံရေးကို ယုံကြည်သူများ၊ လူ့အသက်များကို ကယ်တင်ချင်သူများ၊ သတ်ဖြတ်မှုနှင့် လူမဆန်မှုများကို ကျော်လွှားကာ အောင်ပွဲရယူချင်သူများအတွက် အဆိုပါ ဇာတ်လမ်းများက ကိုးကားလိုက်နာစရာများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မျှော်လင့်ချက်ကိုဖြစ်စေသော ထိုဇာတ်လမ်းများက အချိန်အတော်ကြာ ဆက်လက်ရှိနေမည်ဖြစ်သည်။ တစ်ဦးပေါ်တစ်ဦး မျှော်လင့်ချက်ထားခြင်း၊ ဘ၀အမိုက် အမှောင်ကျချိန် တွင် မျှော်လင့်ချက်ထားခြင်း၊ အသက်ရှင်လိုစိတ်ရှိခြင်းနှင့် အောင်ပွဲများကို ကာကွယ်လိုခြင်း စသည်တို့ကိုလည်း ရရှိပေဦးမည်။

    ref:.huffingtonpost
    မိုးဝေ ဘာသာပြန်ဆိုသည်။

  • မတူကွဲပြားမှုမှသည် ချစ်စရာဓလေ့ထုံးတမ်းအဖြစ် ပေါ်ထွက်လာခဲ့သည့် မလေးရှား လူ့အဖွဲ့အစည်း

    မတူကွဲပြားမှုမှသည် ချစ်စရာဓလေ့ထုံးတမ်းအဖြစ် ပေါ်ထွက်လာခဲ့သည့် မလေးရှား လူ့အဖွဲ့အစည်း

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    – မလေးရှားနိုင်ငံမှာ မလေးလူမျိုး၊ အိန္ဒိယလူမျိုး တရုတ်လူမျိုးနှင့် အခြားသော လူမျိုးပေါင်းစုံတို့ မျိုးဆက်ပေါင်းများစွာ အတူတကွနေထိုင်လာကြသော လူမျိုးစုံဘာသာစုံရှိသည့် နိုင်ငံတစ်ခုအဖြစ် ကျော်ကြားသည်။

    လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ထိုလူမျိုးစုပေါင်းစုံမှ ရောစပ်ယှက်နွယ်ကာ တရုတ်နှစ်ကူးပွဲတော်ကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို စုပေါင်းဆင်နွှဲကြသော ဓလေ့ထုံးတမ်းအသစ်နှင့် မိသားစုများလည်း ပေါ်ထွက်လာခဲ့ကြသည်။

    ဆီလန်ဂေါပြည်နယ်တွင်ရှိသော တရုတ်စားသောက်ဆိုင်တစ်ခုတွင် ဆီလန်ဂေါပြည်နယ်၏ ပထမဆုံး အမျိုးသမီးလွှတ်တော်ဥက္ကဌ ဟန်နာယိုက မိသားစုနှင့်အတူ စားသောက်ပွဲကျင်းပရန် ပြင်ဆင်နေသည်။

    malay 2
    ဆီလန်ဂေါ လွှတ်တော်ဥက္ကဌ ဟန်နာယိုတို့ ဇနီးမောင်နှံနှင့် နှစ်ဖက်ဆွေမျိုးများ

    ဟန်နာယိုနှင့် ၎င်း၏ ခင်ပွန်း ရာမန်ချန်ဒရန် မူနီယန်ဒီတို့၏ နှစ်ဖက်မိသားစုများမှာ နှစ်စဉ် တရုတ်နှစ်ကူး အားလပ်ရက်ရောက်တိုင်း အတူတကွ စုဝေးကြပြီး တရုတ်နှစ်ကူးပွဲတော်ကို ဆင်နွှဲလေ့ရှိသည်မှာ ၎င်းတို့နှစ်ဦး မင်္ဂလာဆောင်ခဲ့သည့် ၂၀၀၈ ခုနှစ်ကပင် ဖြစ်လေသည်။ ၎င်းတို့ မိသားစုများအတွက်တော့ ထိုကဲ့သို့ ဆင်နွှဲခြင်းက ဟန်နာ၏ ရိုးရာအမွေအနှစ်အတွက် ဆင်နွှဲခြင်းမျိုးမဟုတ်ဘဲ လူမျိုးစုံရှိသည့် မလေးရှား၏ ပွဲတော်တစ်ခုအဖြစ် ဆင်နွှဲခြင်းမျိုး ဖြစ်လေသည်။

    “ရာမန်ကို ကျွန်မကြည့်တဲ့အခါ သူ့ကို မလေးရှားက အိန္ဒိယလူမျိုးတစ်ယောက်လို့ မမြင်ပါဘူး။ ရာမန်လို့ပဲ ကျွန်မ မြင်ပါတယ်။ ဒီမှာရှိနေတဲ့ ကျွန်မအမျိုးသားဘက်က ဆွေမျိုးတွေ၊ ကျွန်မယောင်းမနဲ့ သူ့ချစ်သူကိုလည်း ဒီလိုပဲမြင်ပါတယ်။ ဒါကြောင့် ကျွန်မတို့အတူတကွ ဒီပွဲတော်ကို ဆင်နွှဲတဲ့အခါမှာ တကယ့်ကို တစ်သားတည်း ဖြစ်လာပြီး ကျွန်မတို့ကလေးတွေအတွက်လည်း ဒါမျိုးအမွေကို ပေးချင်ပါတယ်” ဟု ဟန်နာက ဆိုသည်။

    “အနာဂတ်မှာ သူတို့လေးတွေဟာ ဟာရီရာယာပွဲတော် (အစ္စလာမ်ဘာသာဝင်တို့၏ အီဒ်းပွဲတော်)၊ ဒေပါဝါလီပွဲတော်တွေကို ဆင်နွှဲတာတောင်မှ သူတို့မှာ ရှက်ရွံ့စိတ်ခံစားရတော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ လူမျိုးရေးမျက်လုံးတွေနဲ့ ကြည့်တာမျိုးတွေ ရပ်သွားမှာဖြစ်ပြီး၊ လူတိုင်းပါဝင်ကာ ပျော်ရွှင်ကြတဲ့၊ မလေးရှားနိုင်ငံသားတွေ ဆင်နွှဲကြတဲ့ ပွဲတော်အဖြစ် ရှုမြင်လာပါလိမ့်မယ်”

    ထိုကဲ့သို့သော အတွေးအခေါ်ယူဆချက်များရှိသည်မှာ ဟန်နာတို့ ဇနီးမောင်နှံသာမဟုတ်။ ယနေ့ခေတ်မလေးရှားတွင် လူမျိုးခြားခြင်း၊ ဘာသာခြားခြင်း ရောယှက်ဆက်နွယ်မှုမှာ သာမန်လိုဖြစ်လာနေပြီး တရုတ်နှစ်ကူးကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာပွဲတော်များ ဆင်နွှဲခြင်းမှာလည်း လူမျိုးစုံဘာသာစုံတို့၏အကြိုက် ဖြစ်လာခဲ့သည်။

    malay 1
    ဂျက်စမင်တို့ မိသားစု

    တရုတ်အမျိုးသမီးဖြစ်သူ ဂျက်စမင် တေး အဘ်ဒူလာနှင့် သူမ၏ အိန္ဒိယအမျိုးသား မိုဟာမက်အိုမာရ် နာသန်တို့ ဇနီးမောင်နှံကလည်း လူမျိုးစုံ ပေါင်းစည်းယှက်နွယ်မှု၏ နောက်ထပ် သာဓကတစ်ခု ဖြစ်သည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသော်လည်း ၎င်းတို့၏ နှစ်ဖက်ဆွေမျိုးများက တရုတ်နှင့် အိန္ဒိလူမျိုးတို့၏ ပွဲတော်များတွင် အစ္စလာမ်က တားမြစ်ထားသော ၀က်သားနှင့် အရက်ကဲ့သို့ အရာမျိုး မပါဝင်စေဘဲ ဂျက်စမင်တို့၏ ဇနီးမှောင်နှံကို ဖိတ်ခေါ်ကာ အတူဆင်နွှဲကြသည်။

    “မိသားစု ညစာထမင်းဝိုင်းမှာဆိုရင် ကျွန်မရဲ့ အမေက အသီးအရွက်နဲ့ ဟာလာအစားအသောက်တွေကို စီစဉ်ချက်ပြုတ်ပေးပါတယ်” ဟု ဂျက်စမင်က ဆိုသည်။

    သို့သော်လည်း ဂျက်စမင်နှင့် အိုမာရ်တို့ကတော့ ၎င်းတို့၏ ယဉ်ကျေးမှုများကို ကလေးများထံသို့ ပိုမို မျှဝေပေးချင်နေသည်။ ၎င်းတို့ ဇနီးမောင်နှံမှာ Chindian Muslim Kiosk (တရုတ်-အိန္ဒိယ မွတ်စလင်စားသောက်ဆိုင်) ဟု အမည်ရသည့် စားသောက်ဆိုင်လေးတစ်ခုကို ဖွင့်လှစ်ထားသည်။ ထိုစားသောက်ဆိုင်လေးတွင် တရုတ်ဒင်ဆမ်းနှင့် တရုတ်ဆန်ပြုတ်များကို မွတ်စလင်များပါ စားသောက်နိုင်ရန်အတွက် ဟာလာလ်ဖြစ်အောင် ပြင်ဆင်ပေးထားသည်။

    malay 3
    ဂျက်စမင်တို့ ဖွင့်ထားသော စားသောက်ဆိုင်

    “အရသာရှိပြီး စားလို့ကောင်းတဲ့ တရုတ်အစားအသောက်တွေ၊ အိန္ဒိယအစားအသောက်တွေကို ကျွန်မတို့ အခြားသူတွေကိုလည်း မျှဝေချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ တစ်ချို့လူတွေက နည်းနည်းတွန့်ဆုတ်နေကြပြီး စားလို့မရမှာကိုလည်း စိုးရိမ်နေကြတယ်လေ” ဟု ဂျက်စမင်က ဆိုလေသည်။

    ယခုနှစ်တရုတ်နှစ်ကူးတွင်တော့ ဂျက်စမင်တို့ ဆိုင်ကလေးတွင် လာရောက်စားသောက်ကြသည့် စားသုံးသူများအတွက် တရုတ်နှစ်ကူးမုန့်အချိုများနှင့် လိမ္မော်သီးများကိုလည်း မေတ္တာလက်ဆောင် မျှဝေပေးကာ မလေးရှား၏ ချစ်စရာကောင်းသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ထင်ဟပ်နေစေတော့သည်။

    Ref: channelnewsasia

  • သုသာန်ကို အိမ်လုပ်၍ နိစ္စဓူဝ ခက်ခဲစွာ လျှောက်လှမ်းနေရသည့် ဂါဇာမှ ဘ၀များ

    သုသာန်ကို အိမ်လုပ်၍ နိစ္စဓူဝ ခက်ခဲစွာ လျှောက်လှမ်းနေရသည့် ဂါဇာမှ ဘ၀များ

    ဇန်နဝါရီ ၂၄ ၊ ၂၀၁၅
    M-Media
    201511195332463621_20
    – ဟေရှမ် အလ်-မိုဂ်ရာဘီတစ်ယောက် အိမ်၏ ဧည့်ခန်းအလယ်တွင် ရပ်နေပြီး အပြင်ရှိ အုတ်ဂူကြီး နှစ်ခုကို စူးစိုက်ကြည့်နေသည်။ သူ၏ ဘေ့စ်ဘောဦးထုပ်ကို ချွတ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ခေါင်းကို ပွတ်ကာ ဦးထုပ်ကို ပြန်ဆောင်းလိုက်သည်။

    `ကျွန်တော့်မှာ ဒီနေရာကလွဲကို အခြားသိတဲ့နေရာ မရှိပါဘူး´

    တာယာများ၊ ထင်းချောင်းများ၊ ပလတ်စတစ်ပုံးများ၊ ဖိနပ်အဟောင်းများနှင့် သံချောင်းအပိုင်းအစများဖြင့် ပြည့်နေသော တဲပုတ်အတွင်းမှ မိုဂ်ရာဘီက ပြောနေသည်။

    ထိုအခြေအနေက ဂါဇာစီးတီးရှိ အလ်-ရှိခ်ရှာဘန် သုသာန်မှ မိုဂ်ရာဘီ၏ ဘ၀ပင်ဖြစ်သည်။

    အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဂ်ရာဘီတစ်ယောက် အုတ်ဂူများအကြား ဆောက်လုပ်ထားသော လက်ဖြစ်အိမ်ကလေးတွင် နေထိုင်ရသည့်ဘ၀မှာ မည်ကဲ့သို့အဆုံးသတ်မည်ကို မပြောတတ်။ သူသိသည်က ပါလက်စတိုင်းများ မိမိတို့၏ အမိမြေမှ အစ္စရေး၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည့် ၁၉၄၈ ခုနှစ်မှစ၍ သူနှင့် သူ့မိသားစုတစ်ခုလုံး သုသာန်အတွင်းရှိ ဤနေအိမ်တွင်သာ ဘ၀ခရီးလမ်းကို ဖြတ်သန်းခဲ့ရသည် ဆိုသည်ပင်။

    `ကလေးတွေအတွက်ကတော့ ထိတ်လန့် တုန်လှုပ်ဖွယ်ရာပါပဲ´ ဟု သူကဆိုပြီး မနှစ်မြို့ဖွယ် ဘ၀အခြေအနေကြောင့် ကလေးများမှာ ကျောင်းတွင်လည်း မျက်နှာငယ်ရသည်ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။ မိသားစုအားထောက်ပံ့ရန်အတွက် ခက်ခဲသည်ဟုလည်း မိုဂ်ရာဘီက ထပ်ပြောသည်။ မြင်းဖြင့်ဆွဲသည့် လှည်းကလေးဖြင့် အိမ်နီးနားချင်းများအား လိုက်လံ ပို့ဆောင်ပေးသည့် အလုပ်မှ တစ်နေ့လျှင် ၀င်ငွေအနည်းငယ်သာရသည်။

    `အချိန်အများစုကတော့ ကလေးတွေ ဗိုက်ဆာဆာနဲ့ အိပ်ခဲ့ရတဲ့ အချိန်တွေပါပဲ။ ပိုးမွှားတွေ၊ ကြွက်တွေကြားထဲမှာပေါ့ဗျာ´

    အလ်-ရှိခ် ရှာဘန် သုသာန်အတွင်း ဂါဇာပြည်သူများစွာမှာ အိမ်များဆောက်၍ နေကြရသည်။ မည်သူမျှ မနေချင်ကြ။ သို့သော်လည်း ၎င်းတို့အနေဖြင့် အခြား သွားစရာနေရာလည်း မရှိကြပေ။

    ၂၀၁၄ ခုနှစ် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဗုံးများထိမှန်ခဲ့သောကြောင့် နေရာအချို့က သုသာန်ဆိုသည်ထက် အမှိုက်ပုံနှင့် ပိုတူနေသည်။ တစ်ချို့နေရာက သုသာန်၊ တစ်ချို့နေရာက သံတိုသံစ၊ သစ်တိုသစ်စများ ပုံထားသည့်နေရာ ဖြစ်နေသည်။ အချို့နေရာကတော့ မြို့ပြင်မှ တဲစုရပ်ကွက်နှင့်တူ၏။ တစ်နေရာတွင် ညစ်ပတ်ပေရေနေသော ကြောင်တစ်ကောင်က ငှက်သေတစ်ကောင်ကို မြိန်ရေယှက်ရေ စားသောက်နေသည်။ တောထနေသော မြေပုံများပေါ်တွင် ပတ်ဝန်းကျင်မှ စွန့်ပစ်ထားသော အမှိုက်များ၊ စားကြွင်းစားကျန်များ၊ ထင်းတိုထင်းစများ၊ ၀ိုင်ယာကြိုးများနှင့် အ၀တ်စုတ်များဖြင့် စုပုံနေသည်။ ကလေးများကတော့ အုတ်ဂူအကြီးစားတစ်ခု၏ ပြောင်ချောနေသာ ကျောက်ပြားပေါ်၌ ဂေါ်လီလုံးများဖြင့် ကစားနေကြ၏။

    `သိပ်ကို စိတ်ပျက်စရာပါပဲ။ ကလေးတွေအတွက် ပိုဆိုးတာပေါ့ဗျာ။ သူတို့မှာ ကစားဖို့ တစ်ခြားနေရာ မရှိဘူး။ ဒါ့ကြောင့် ဒီမြေပုံတွေကြားထဲမှာပဲ သူတို့ ကစားရပါတယ်´

    အခြားသော ဂါဇာပြည်သူများက ထိုသုသာန်သို့ လာရောက်သည့်အခါ အုတ်ဂူများအကြား ခုန်ပေါက်ပြေးလွှား ဆော့ကစားနေသော ကလေးများကိုတွေ့ပြီးစိတ်ဆိုးဒေါသထွက်ကြသည်။ တစ်ခါတစ်ရံ ကလေးများအား အော်ဟစ်ငေါက်ငမ်းမှုများ၊ ရိုက်နှက်မှုများလည်း ရှိသည်ဟု သုသာန်အတွင်း နေထိုင်ကြသူများက ဆိုသည်။

    သို့သော်လည်း သေသေသပ်သပ်မရှိသည့် ဤသုသာန်၏ နေရာတိုင်း၌ ဘ၀၏ လက္ခဏာများ ရှိနေလေ၏။ သစ်သားတိုင် ၂ ချောင်းကြားတွင် နေလှမ်းထားသည့် အ၀တ်အထည်များက လေပြေလေညှင်းနှင့်အတူ ခြောက်သွေ့သွား၏။ သားငယ်လေး တစ်ယောက် နို့ဘူးခွံကို ဘီးတပ်ထားသော လှည်းကလေးအား ဟိုဟိုဒီဒီတွန်း၍ ကစားနေသည်။ သမီးငယ်လေး တစ်ဦးကလည်း ပလတ်စတစ် ကွင်းနှစ်ခုကို တိပ်ဖြင့်ကပ်ကာ လုပ်ထားသော ခါးလှည့်ကွင်းဖြင့် ဆော့နေ၏။ ဤဒေသတွင် နေအိမ်အပါအ၀င် အရာအားလုံးမှာ အဖာအထေးများနှင့်ပင်ဖြစ်လေသည်။

    မိုဂ်ရာဘီ၏ အိမ်အပြင်ဖက်မှာတော့ တိတ်ဆိတ်ငြိမ်သက်မှုအပြင် ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သူ ၂ ဦးကို မြှုပ်ထားသည့် အုတ်ဂူသစ်နှစ်ခုကို တွေ့နေရသည်။ ထိုအထဲမှ တစ်ဦးမှာ အလ်-ရှိခ် ရှာဘန် သုသာန်တွင် နေထိုင်သူဖြစ်သည်။ သုသာန်အတွင်းနေထိုင်သူများမှာ သေဆုံးသူများ၏ ၀ိညာဉ်များနှင့် ထိစပ်ဆက်နွယ်မှုအတွက် အထူးသတိထားကြသည်ဟု ဟာရီမ်းကဆိုသည်။

    `ကျွန်တော်တို့က အုတ်ဂူအပေါ်မှာ အိပ်ကြတာပါ။ လူသေတွေရဲ့ အပေါ်မှာပေါ့ဗျာ။ ညဘက်ကျရင် ဟိုဟိုဒီဒီတွေ ကျွန်တော်တို့မြင်ရတယ်။ ကလေးတွေကလည်း အိပ်နေရာကနေ အလန့်တကြားနိုးလာပြီး `ကယ်ပါ၊ ကယ်ပါ´ လို့ အော်ကြပါတယ်´

    ၈ တန်းတက်နေသော မိုဟာမက် ဆန်ဘူလ်က ထိုကဲ့သို့သောနေရာတွင် မနေချင်တော့ဟု ၀န်ခံခဲ့သော်လည်း  အုတ်ဂူများကို မကြောက်ဟု သတ္တိခဲလေးက ဆို၏။

    `အလ္လာဟ်အရှင်မြတ်ကလွဲလို့ ကျွန်တော် ဘာကိုမှ မကြောက်ပါဘူး။ ညဘက်တွေတောင်မှာ ကျွန်တော်ထွက်လာပြီး အုတ်ဂူတွေပေါ်မှာ ကစားပါတယ်။ အခြားကလေးတွေကတော့ ကြောက်တာပေါ့ဗျာ။ ကျွန်တော်ကတော့ မကြောက်ပါဘူး´

    အဆိုပါ သုသာန်က ပြည်သူပိုင်နေရာဖြစ်သော်လည်း အစိုးရက ၎င်းတို့အား နေခွင့်ပြုထားသည်ဟု သူတို့ကဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အား ပြန်လည်နေရာချထားရေး အတွက် ငွေသုံးစွဲဖို့ မလိုသောကြောင့် ဖြစ်သည်။ သို့သော်လည်း သုသာန်အတွင်း အိမ်ရာသစ်များ တိုးချဲ့ ဆောက်လုပ်မှုကိုတော့ တားမြစ်ထားသည်။

    ပါလက်စတိုင်း သာသနာရေးရာဝန်ကြီးဌာနမှ ဒါရိုက်တာဖြစ်သူ မွန်ဇာ မူဂါရီက အစိုးရနေဖြင့် ထိုသူများအတွက် နေစရာအိမ်ရာများ ရှာဖွေပေးမည်ဟု ၀န်ခံခဲ့သည်။ သို့သော်လည်း မည်သည့်အချိန်တွင်ဖြစ်မည်၊ မည်သည့်နေရာဖြစ်မည်ဆိုသည်ကိုတော့ ၎င်းကိုယ်တိုင်လည်း မပြောတတ်။

    `သုသာန်မှာနေတဲ့လူတွေကို ထောက်ပံ့တာတွေရပ်ဖို့၊ ကန့်သတ်မှုတွေလုပ်ဖို့၊ ဒဏ်ကြေးတွေ ကောက်ခံဖို့ မြူနီစီပယ်ဌာနကို ကျွန်တော်တို့ ၀န်ကြီးဌာနက ပြောထားပါတယ်။ ဒါတွေအားလုံးဟာ သုသာန်နယ်နမိတ်ကို ကာကွယ်ဖို့ လုပ်တာပါ´ ဟု မူဂါရီက ပြောခဲ့သည်။

    ထိုသုသာန်တွင်နေထိုင်သူ ကမီလီယာ ကူဟေးလ်တစ်ယောက် အပျက်အစီးများနှင့် ပြန့်ကျဲနေသည့် ချိုင့်တစ်ခုကို စိုက်ကြည့်နေသည်။ ထိုနေရာက ၂၀၁၄ခုနှစ် ဇူလိုင်လ အစ္စရေးတို့ ကျူးကျော်တိုက်ခိုက်ခြင်းမပြုမီ သူမ၏နေအိမ် ဖြစ်ခဲ့သည်။ ဤသုသာန်တွင် နေထိုင်ကြ သူများမှာ ယခုလက်ရှိအချိန်တွင် ပို၍ ထိခိုက်ခံစားနေရပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကြားဝင်ဖြေရှင်းပေးမှုများ လိုအပ်နေသည်ဟု ကူးဟေးလ်က ဖွင့်ဟခဲ့သည်။

    `ဒီနေရာကို စွန့်ခွာပြီး ကလေးရဲ့ ဘ၀လေးတွေ ကောင်းသွားဖို့သာ ကျွန်မအလိုရှိပါတယ်။
    ဒီမှာက အစားအသောက်လည်း မရှိဘူး။ ချက်စရာလည်း ဘာမှမရှိဘူး။ ကလေးတွေ မှဲ့တစ်ပေါက် မစွန်းဖို့ နေ့ရောညပါ ကျွန်မက စောင့်ရှောက်နေရပါတယ်။ ဒီနေရာဟာ အန္တရာယ်ရှိတဲ့နေရာပါ။ ဒါပေမယ့်လည်း ကျွန်မတို့ ဘယ်သွားရမလဲရှင်´

    ကူဟေးလ်က သူမ၏ ဒုက္ခသုက္ခများကို ဖွင့်ဟခြင်းဖြစ်သည်။

    ဒေသခံအစိုးရကလည်း ၎င်းတို့အား ကူညီခြင်းမရှိဟု ဟာရီမ်းကဆိုသည်။ ထို့ကြောင့် ကူညီထောက်ပံ့မှုများမှာ ပြင်ပအဖွဲ့အစည်းများမှ လာကြသည်။ လုံလောက်သည့် ငွေကြေး မရှိခြင်းကြောင့် သုသာန်အတွင်း နေထိုင်သူများက ၎င်းတို့ကိုယ်တိုင်လည်း ရွှေ့ပြောင်း မနေထိုင်နိုင်ကြ။ ယခင် နိုင်ငံတကာမှ အကူအညီတောင်းထားမှုမှာလည်း သတင်းသဲ့သဲ့ပင် မကြားရ။ ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှု ပြီးကတည်းက ၎င်းတို့၏အခြေအနေများမှာ ပို၍ ဆိုးရွားလာခဲ့သည်ဟု ဟာရီမ်းက ထည့်သွင်း ပြောကြားခဲ့သည်။

    သူငယ်ချင်းရောင်းရင်းတစ်ဦး၏ အုတ်ဂူကို ဟာရီးမ်က ကြည့်နေသည်။ ထိုသူမှာ ဤနေရာတွင်မွေး၊ ဤနေရာတွင်ကြီး၍၊ ဤနေရာတွင်ပင် သေဆုံးခဲ့ရသူဖြစ်သည်။

    `အကူအညီလိုချင်ပါတယ်။ တစ်ခြားနေရာမှာလည်း ကျွန်တော်တို့ နေချင်ပါတယ်။ ဒီသုသာန်ထက် ပိုကောင်းတဲ့ ဘယ်နေရာမဆိုပေါ့ဗျာ´

    ဟာရီးမ်၏အသံမှာ တိမ်ဝင်၍ သွားလေ၏။

    ref:Aljazeera
    လေးမောင်(M-Media) မြန်မာပြန်ဆိုသည်။