News @ M-Media
Category: ဘာသာပြန်
  • အန္တရာယ်ပိုများလာပြီး လူမျိုးတုန်း သတ်ဖြတ်ရာနေရာ အဖြစ် အလားအလာ ရှိနေသော ရိုဟင်ဂျာ  ဒုက္ခသည်စခန်းများ
    အန္တရာယ်ပိုများလာပြီး လူမျိုးတုန်း သတ်ဖြတ်ရာနေရာ အဖြစ် အလားအလာ ရှိနေသော ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ
    နိုဝင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    .လေးမောင် ဘာသာပြန်သည်။
    rohingyarakhine37_1
    – သံတော်လီ ဒုက္ခသည်စခန်းက မိမိအား စိတ်ထင့်စေသည်။ ပြည်တွင်းစစ်ပွဲကြောင့် ထွက်ပြေးရသည့် ဒုက္ခသည်များနေထိုင်ရာ စခန်းများသို့ မိမိရောက်ဖူးသော်လည် လူမျိုးစု ရှင်းလင်းသုတ်သင်မှုကို ရင်ဆိုင်နေရသည့် လူများ၏အကြားသို့ ရောက်ဖူးသည်မှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်လေ၏။ ထိုဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာသုံးထောင်ကျော် နေထိုင်ရာအရပ်ဖြစ်သည်။
    ရိုဟင်ဂျာများမှာ လူများစု ဗုဒ္ဓဘာသာဝင်များ၏ ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျ ညှဉ်းပန်း နှိပ်စက်မှုဒဏ်ကို ခါးစည်းခံခဲ့ကြရသည်။ နိုင်ငံသားအဖြစ် ငြင်းပယ် ခံရသည်။ ပေါ်တာဆွဲခြင်းခံရသည်။ ရိုဟင်ဂျာ အမျိုးသမီးများမှာ မုဒိမ်းကျင့်ခြင်းခံရသည်။ ထိုမျှမက သတ်ဖြတ်ခြင်းလည်း ခံကြရသည်။
    ကုလသမဂ္ဂအဖွဲ့ကြီးက ၎င်းတို့အား “ကမ္ဘာပေါ်တွင် ညှဉ်းပန်းနှိပ်စက်မှု အခံရဆုံးလူနည်းစု” အဖြစ် သတ်မှတ်ခဲ့သည်။ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများကမူ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) အထိ ဖြစ်လာနိုင်သည်ဟု သတိပေးထားလေသည်။
    ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခဲ့သော စစ်အုပ်ချုပ်ရေးစနစ် အဆုံးသတ်သွားပြီးနောက် ၂၀၁၁ ခုနှစ်တွင် အစွန်းရောက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ပေါ်လာ၏။ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ အစိုးရသစ်ဖွဲ့စည်းပြီး ဒေါ်အောင်ဆန်းစုကြည်မှာလည်း နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသည်။ ထိုအချင်းအရာများက မြန်မာနိုင်ငံမှာ နောက်ဆုံးတွင် ဒီမိုကရက်တစ်ဆန်သည့် အနာဂတ်ဆီသို့ သွားရောက်တော့မည့် ပုံစံ ဖြစ်လာ၏။ အပြောင်းအလဲမျာ စတင်ပြီး နောက်တစ်နှစ်မှာပင် ရခိုင်ပြည်နယ်၌ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာမွတ်စလင်များအကြား
    တိုက်ခိုက်မှုများ ဖြစ်လာခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း အနည်းဆုံး ၂၈၀ သေဆုံးပြီး လူပေါင်း ၁၄၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်မှစ၍ အခြေအနေက ရှေ့ မတိုးသာ၊ နောက်မဆုတ် သာဖြစ်သွားသည်။ ရိုဟင်ဂျာများကတော့ ဒေသတွင်း ဒုက္ခသည်စခန်းများတွင် ပိတ်မိနေသည်။ ၎င်းတို့အား ညှဉ်းပန်းနှိပ်စက် သူများ၏ သနားမှုကြောင့် ရွာများ၏ ဆင်ခြေဖုံးတွင် ကျူးကျော်နေထိုင်ရသည့် ပုံစံမျိုး ဖြစ်လေ၏။
    “ကျွန်တော်တို့ဟာ အကျဉ်းကျတဲ့သူတွေထက်ကို ဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အကျဉ်းသမားတွေဟာ အစာစား ရတယ်လေ။ ကျွန်တော်တို့က မစားရဘူး။ နောက်ထပ် ထမင်းတစ်နပ် ဘယ်တော့ စားရမလဲဆိုတာ ကျွန်တော်တို့ မသိကြပါဘူး။”
    နယူးဝိခ် မဂ္ဂဇင်းမှသွားရောက်ခြင်း….
    ဒုက္ခသည်စခန်များသို့ရောက်ရန် ပြည်နယ်မြို့တော် စစ်တွေမြို့ပြင်ဘက်ရှိ တစ်ခုတည်းသာ စစ်ဆေးရေး ဂိတ်အား ကျွန်တော်တို့ ဖြတ်ရသည်။ မီးရထားလမ်း လမ်းဆုံတွင် ရှေးဟောင်း ရိုက်ဖယ်သေနတ် ကိုင်ထားသော ရဲတစ်ယောက်က ထိုင်ခုံတစ်ခုတွင် ထိုင်နေ၏။ ပိုက်ဆံပေးပြီးသွားသောအခါ ဂိတ်အားဖြတ်ရန် ထိုရဲက လက်ပြခဲ့ပြီး ကျွန်တော်တို့လည်း မွတ်စလင်များရှိရော ဒေသသို့ ၀င်ရောက်သွားခဲ့လေသည်။
    ဒုက္ခသည်စခန်းများရှိရာသို့ ဦးတည်နေသော လမ်းမှာ ပျက်ဆီး၍ ချိုင့်များဖြစ်နေသည်။ ထိုလမ်းတစ်လျှောက် ကျွန်တော်တို့မှာ မွတ်စလင်ရွာများကို ဖြတ်သန်းခဲ့ရသည်။ လမ်းများပေါ်အထိ ရောက်နေသာ ပျံကျဈေးများ၊ ဟိုဟိုဒီဒီလျှောက်နေကြသော လူများကို ကျွန်တော်တို့ တွေ့ရသည်။
    မိုးပေါက်လေးများက တဖွဲဖွဲကျနေ၏။ အကွေ့တစ်ခုသို့ ချိုးလိုက်ပြီးနောက် အပြာရောင်၊ အစိမ်းရောင် တာပေါ်လင်စများဖြင့် ဆောက်လုပ်ထားသော ဒုက္ခသည်များနေထိုင်ရာ တဲများကို စတင် တွေ့မြင်ရလေသည်။ ထိုနေရာမှာ ရေလွှမ်းထားသော လယ်ကွင်းခေါင်ခေါင်သာ ဖြစ်လေ၏။
    ဒုက္ခသည်များအတွက် မုန်တိုင်း အဆီးအတားကတော့ ဘင်္ဂလား ပင်လယ်အော်ဘေး တန်းစီပေါက်နေသော အုန်းပင်များပင် ဖြစ်တော့သည်။
    rohingyarakhine21သံတော်လီ ဒုက္ခသည်စခန်းသို့ လျှပ်တစ်ပျက်ကြည့် လိုက်လျှင် ပြန့်ကျဲပြီး စုတ်ချာကာ မသတီ စရာကောင်းသည့်  ရွာအဖြစ် မြင်ရသည်။ စခန်းအတွင်းသို့ အ၀င်လမ်းမှာ ရွှံ့များဖြင့် ဖုံးလွှမ်းနေပြီး ဘေးတစ်ဘက် တစ်ချက်စီတွင် သွပ်မိုးတဲများရှိနေ၏။ အမျိုးသမီးများက ဟီဂျဘ်ဆောင်းထားကြပြီး  အချို့၏ ပါးပြင်ပေါ်တွင် သနပ်ခါးဖွေးဖွေးများကို မြင်ရသည်။
    ၂ ယောက်သာနေထိုင်နိုင်သော တဲများ၌ မိသားစုအများအပြားနေကြရသည်။မိုးရာသီကလည်း ထိုစခန်းမှ ဘ၀များကို အတိဒုက္ခရောက်စေ သည်။ ခြောက်ခြောက်သွေ့သွေ့ နေထိုင်ရန် မဖြစ်နိုင်ကြ။ မိနစ်အနည်းငယ်အကြာမှာပင် အင်္ကျီမပါသည့် ကလေးများ ကျွန်တော့်အားဝိုင်းလာသည်။
    ဗိုက်ပူပူများ၊ ဖျော့တော့တော့ ဆံပင်များက အဟာရ ချို့တဲ့မှုကို ဖော်ပြနေသယောင်။
    ဒုက္ခသည်များက မိုးရာသီအား “ငှက်ဖျားရာသီ” ဟု ခေါ်ကြသည်။ ကျွန်တော်သွားသည့် နေရာတိုင်းတွင် ချောင်းဆိုးသံကို ကြားရလေသည်။ ကျွန်တော်တွေ့ဆုံခဲ့ပြီး အမည်မဖော်လိုသူ ရိုဟင်ဂျာ ဆရာဝန်တစ်ဦးကတော့ အာဟာရချို့တဲ့ခြင်းက ဒုက္ခသည်များ အတွက် အကြီးမားဆုံး  ခြိမ်းခြောက်မှုကြီးဖြစ်သည်ဟု ပြောခဲ့သည်။
    “ကျွန်တော်တို့ဟာ အကျဉ်းကျတဲ့သူတွေထက်ကို ဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အကျဉ်းသမားတွေဟာ အစာစား ရတယ်လေ။ ကျွန်တော်တို့က မစားရဘူး။ နောက်ထပ် ထမင်းတစ်နပ် ဘယ်တော့ စားရမလဲဆိုတာ ကျွန်တော်တို့ မသိကြပါဘူး။ ၀မ်းလျှောတာတွေလည်း  အများကြီးဖြစ်နေတယ်။ အရေပြားရောဂါတွေနဲ့ အဆုတ်နာရောဂါတွေ လည်း ဖြစ်နေကြတယ်။ ဒီစခန်းတစ်ခုတည်းမှာပဲ အနည်းဆုံး လူ ၂၀ လောက်ဟာ ကုသလို့ရတဲ့ အခြေအနေတွေမှာ သေဆုံးခဲ့ရတယ်။ ဆေးခန်းကတော့ ဖွင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘာမှ မရှိပါဘူး” ဟု အဆိုပါ ဆရာဝန်က ၎င်းတို့၏ ဒုက္ခအား ဖွင့်ဟခဲ့လေသည်။
    သမီးဖြစ်သူ၏ မျက်လုံးကို လက်ဖြင့်ပိတ်ရန် အာမန်အား ရဲများက ပြောခဲ့သည်။ ထို့နောက် ရဲတပ်တပ်ဖွဲ့ဝင် တစ်ယောက်က အာမန်၏ ခေါင်းပေါ်သို့ သေနတ်ပြောင်း တင်ကာ ပစ်သတ် လိုက်လေတော့သည်။
    ပထမတော့ အဆိုပါလူများမှာ အကြမ်းဖက်တိုက်ခိုက်မှုမှ လွတ်မြောက်လာပြီး ထိုခိုက်နာကျင်စရာ နည်းလမ်းမှ လွတ်မြောက်သွားသည်ဟု အလွယ်တကူ ယုံကြည်နိုင်သည်။ ဒုက္ခသည်များနှင့် စကားပြောသည့်အခါတွင်မှ ၎င်းတို့၏ အကြမ်းဖက်ခံရမှုအလုံးစုံကို  ရှင်းရှင်းလင်းလင်း သိလာရလေသည်။
    မကြာသေးမီကပင် မုဆိုးမဖြစ်သွားသော အမျိုးသမီး တစ်ဦးနေထိုင်ရာ တဲအတွင်းသို့ ကျွန်တော် ရောက်သွားသည်။ အသက် ၂၂ အရွယ် ခီရန်နီစာဆိုသူ ထိုအမျိုးသမီးက အမှောင်ထဲတွင် ကြိမ်ဖြင့်ရက်လုပ်ထားသော ဖျာကြမ်းပေါ်၌ ထိုင်နေ၏။ အဖြူရောင်ပိတ်စ လွှမ်းခြုံထားပြီး ပူဆွေးသောကရောက်နေသော သူမအား ဆွေမျိုးများက ဖေးမနေသည်။
    လွန်ခဲ့သည့် ၂ ရက်က ဒုက္ခသည်စခန်းအပြင်ဘက်ရှိ အင်တာနက်ဆိုင်တွင် သူမမှာ ခင်ပွန်းဖြစ်သူ ရှမ်ဆူလ်အာမန်နှင့်အတူ ရှိနေ၏။ မလေးရှားတွင် ရှိနေသည့် ယောက္ခမဖြစ်သူကို ဖုန်းခေါ်နေခြင်းဖြစ်သည်။ ၎င်းတို့ စကားပြောနေသည့်အချိန်တွင် လက်နက်ကိုင် ရဲများက အင်တာနက်ဆိုင်အား ၀ိုင်းလိုက်ပြီး ဆိုင်အတွင်းမှ လူများအားလုံးကို အပြင်ထွက်ခိုင်းခဲ့သည်။ ထို့နောက် လမ်းပေါ်တွင် ပုံစံထိုင် ထိုင်ရန် အမိန့်ပေးခဲ့သည်။ မည်သူ့ကိုမှ နာကျင်အောင် မလုပ်ဟုလည်း ရဲများက ပြောခဲ့သေးသည်။ ရှမ်ဆူလ်အာမန်မှာလည်း လေးနှစ်အရွယ် သမီးငယ်ကိုဖက်ကာ ရဲများခိုင်းသည့်အတိုင်း ပြုလုပ်ခဲ့သည်။ မိမိတို့ ဆောင်ရွက်မည့် ကိစ္စအား မမြင်နိုင်စေရန်အတွက် သမီးဖြစ်သူ၏ မျက်လုံးကို လက်ဖြင့်ပိတ်ရန် အာမန်အား ရဲများက ပြောခဲ့သည်။ ထို့နောက် ရဲတပ်တပ်ဖွဲ့ဝင် တစ်ယောက်က အာမန်၏ ခေါင်းပေါ်သို့ သေနတ်ပြောင်းတင်ကာ ပစ်သတ် လိုက်လေတော့သည်။
    ရက်များစွာကြာသည်အထိ ထိုအဖြစ်အပျက်က ခီရန်နီဆာအား
    တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ “ဘာ့ကြောင့် ကျွန်မယောင်္ကျားကို ပစ်သတ်ခဲ့တာလဲ။ သူ့မှာ ရန်သူမရှိပါဘူး” ဟု ပြောသည့်အချိန်တိုင်းတွင် မိခင်ဖြစ်သူက သူမအား နှစ်သိမ့်ပေးနေရ၏။
    မိုဟာမက်ဆိုသည့် အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦးက ရဲများမှာ နေ့စဉ်နေ့တိုင်းပင် ၎င်းတို့အား အကြမ်းဖက်ကြသည်ဟု ဆိုသည်။
    “သူတို့က အကြောင်းအရာသေးသေးလေးတွေ၊ အမှားသေးသေးလေးတွေကို ရမယ်ရှာပြီး အရှက်ရအောင်လုပ်တယ်၊ ရန်စတယ်၊ ပြီးတော့ ကျွန်တော်တို့ ခေါင်းပေါ် ခြောက်ပြီးပစ်တာ ဒါမှမဟုတ် တစ်ခါတည်း ပစ်သတ်တာမျိုးတွေ လုပ်ပါတယ်” ဟု ၎င်းတို့၏ ခံစားရမှုများကို ပြောကြားခဲ့လေသည်။
    ၎င်းတို့က ညဘက်တွင် ပိုမိုကြောက်ရွံ့ကြသည်။ ရှမ်ဆူလ်အာမန်အား ပစ်သတ်ပြီး တစ်ချိန်တည်းမှာပင် သံတော်လီဒုက္ခသည်စခန်းသို့ ရဲများက ၀င်ရောက်စီးနင်းကြသည်။ မိုဂျူမာ ဘေဂွမ်တစ်ယောက် ၀င်ပေါက်နားရှိ ၎င်း၏ ဆိုင်ကိုပစ်ကာ ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူတို့အား သွားရောက်
    သတိပေးလေသည်။ နောက်ထပ်အသတ်ခံရသူများ ဖြစ်လာမည်ကို ကြောက်ရွံ့သည့်အတွက် ၎င်းတို့နှစ်ဦးမှာ လယ်ကွင်းထဲတွင် သွားရောက်ပုန်းအောင်းနေကြရသည်။ ဘေဂွမ်က သူမ၏ ဆိုင်ရှိရာ ပြန်လာသည့်အခါမှာတော့ ရဲများက သူမ၏ဆိုင်အား မွှေနှောက် ရှာဖွေနေသည်ကို တွေ့ရသည်။
    ထိုမျှမက သူမကိုလည်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ဆိုင်တွင် ရှိသမျှအရာအားလုံးကိုလည်း ယူဆောင်သွားလေသည်။
    ကျွန်တော်နှင့် စကားပြောခဲ့ပြီး အမည်မဖေါ်လိုသူ ရိုဟင်ဂျာတစ်ဦးက သံတတော်လီဒုက္ခသည်စခန်းအား နာဇီတို့၏ အကျဉ်းစခန်းကဲ့သို့ ဖြစ်နေ သည်ဟု ပြောဆိုလေသည်။ ဥရောပကို သိမ်းပိုက်စဉ်က နာဇီတို့၏ အကျဉ်းစခန်းများကဲ့သို့ သံဆူးကြိုးများခတ်ထားခြင်း၊ ကင်းမျှော်စင်များ တည်ဆောက်ထားခြင်း မရှိ။ ဤဒုက္ခသည်စခန်းများ အတွင်းမှာတော့ လွတ်လပ်စွာ သွားလာနိုင်လေသည်။ လက်နက်ကိုင် ရဲများကို မကြာခဏတွေ့ရသည်။ သို့ရာတွင် ၎င်းတို့၏ တည်ရှိမှုမှာ တစ်ခဏတာ ဖြစ်လေသည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို လျှို့ဝှက်စောင့်ကြည့်နေကြပြီး သံဆူးကြိုးများ မလိုအပ်တော့။
    ရိုဟင်ဂျာများမှာ စစ်အစိုးရလက်ထက် မြန်မာပြည်အခြေအနေကဲ့သို့  အနီးကပ်စောင့်ကြည့်ခြင်း ခံထားရသည်။ ဒုက္ခသည်စခန်းခေါင်းဆောင်များမှာ ရဲများက ၎င်းတို့နှင့်အတူ အလုပ်လုပ်ရန် ရွေးချယ်ထားသော ရိုဟင်ဂျာများဖြစ်သည်။ ထိုသူများအား မိုဘိုင်းဖုန်းများပေးထားပြီး စခန်းအတွင်း လူဦးရေနှင့်ပတ်သက်၍ လျှို့ဝှက် စောင့်ကြည့်ရန် အမိန့်ပေးထားသည်။
    “သူတို့ဟာ အစိုးရ သတင်းပေးတွေလိုပါပဲ” ဟု ဒုက္ခသည်တစ်ဦးက ပြောခဲ့လေသည်။
    မြန်မာ့လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် ယန်ဟီးလီက အဆိုပါ ဒုက္ခသည်စခန်းများသို့ ၁၀ ရက်ကြာ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် သူမ၏ တွေ့ရှိချက်များကို ကုလသမဂ္ဂအထွေထွေညီလာခံသို့ မကြာသေးမီကပင် တင်သွင်းခဲ့သည်။ အဆိုပါ စခန်းများမှ မနှစ်မြို့ဖွယ်ရာကောင်းသော နေရာများဖြစ်သည်ဟု ဖော်ပြခဲ့လေသည်။ ယန်ဟီး၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုကို အသိအမှတ်ပြုထားသည်။ တစ်ချိန်တည်းမှာပင် နောက်ကြောင်းပြန်လှည့်ခြင်းအတွက် သတိပေးထားပြီး လက်တန်း သတ်ဖြတ်ခြင်း၊  ဖျောက်ဖျက်ပစ်ခြင်း၊ နှိပ်စက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခြင်းနှင့် မုဒိမ်းကျင့်ခြင်း အပါအ၀င် ရိုဟင်ဂျာများ ဆက်လက်ခံစားနေရသည့် ညှဉ်းပန်းနှိပ်စက်မှုများကိုလည်း စာရင်းပြုစုကာ တင်ပြခဲ့သည်။
    “အစိုးရအနေနဲ့ သူ့ရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်ရပါမယ်” ဟု ယန်ဟီးက ဖော်ပြထားပြီး ရိုဟင်ဂျာများအတွက် အသက်ရှင်ရပ်တည်ရေးအကူအညီ၊ အလုပ်လုပ်ကိုင်ခွင့်၊ အစားအသောက်၊ သောက်သုံးရေ၊ မိလ္လာစနစ်နှင့် ပညာရေးစနစ်များအပါအ၀င် အခြေခံရပိုင်ခွင့်များကို လုံလောက်စွာပေးအပ် ရန်လည်း ဖော်ပြထားသည်။
    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch မှ ဖီလ်းရော်ဘတ်ဆန်က ရိုဟင်ဂျာအရေး ထိထိရောက်ရောက်ဆောင်ရွက်ရန်အတွက် မြန်မာအစိုးအရအား ဖိအားပေးရမည်ဟု ဆိုသည်။ မေးခွန်းတစ်ခုက “ရိုဟင်ဂျာများမှာ နိုင်ငံအတွင်းရှိ အခြားသော ပြည်သူများနှင့်အတူ စားပွဲဝိုင်းတွင်း တန်းတူထိုင်ရန် ထိုက်တန်သည်ကို လက်ခံမည်လား” ဆိုပင်ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    လူမျိုးသတ်မှတ်ခြင်းမှာ မြန်မာနိုင်ငံ၏ လက်ရှိ ရိုဟင်ဂျာပြဿနာအတွက် အဓိကအချက်ဖြစ်နေသည်။ ယခုနှစ်မတ်လက နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး သန်းခေါင်စာရင်းကောက်ယူမှုကို အငြင်းပွားမှုများကြားမှ ဆောင်ရွက်ပြီးစီးခဲ့သည်။ မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ရိုဟင်ဂျာများမှာ ဘင်္ဂါလီဟု သတ်မှတ်ခြင်းကို လက်မခံပါက သန်းခေါင်စာရင်းကောက်ယူရာတွင် ချန်လှပ်ခြင်းခံရသည်။ ရခိုင်ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရတို့က ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာသူများသာဖြစ်ကြသည်ဟု ယခင်ကတည်းက သတ်မှတ်ထားကြသည်။ ရိုဟင်ဂျာများကတော့ မိမိတို့၏ လူမျိုးအမည်ကို ပြောင်းလဲလိုက်ပါက တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရမည်ကို စိုးရိမ် ကြောက်ရွံ့နေကြလေသည်။ ကုလသမဂ္ဂက အထူးကိုယ်စားလှယ် ယန်ဟီးမှာ မြန်မာအစိုးရအရာရှိများနှင့် တွေ့ဆုံစဉ် ရိုဟင်ဂျာဟူသော စကားလုံးကို မသုံးနှုန်းရန် အကြိမ်ကြိမ်မေတ္တာရပ်ခံခြင်း ခံခဲ့ရသည်။
    “ကိုယ့်ရဲ့လူမျိုးအမည်ကို ကိုယ်တိုင်သတ်မှတ်ဖို့ဟာ လူနည်းစုတွေရဲ့အခွင့်အရေးဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေရဲ့ အဓိကစည်းမျဉ်းတစ်ခု ဖြစ်ပါတယ်” ဟု ယန်ဟီးက ပြန်လည်ချေပ ပြောဆိုခဲ့သည်။
    ၂၀၁၂ ခုနှစ်အကြမ်းဖက်တိုက်ခိုက်မှုကတော့ အပြောင်းအလဲကို ရှင်းရှင်းလင်းလင်းမြင်ရသော ကာလဖြစ်ခဲ့သည်။ “ပိုပေါ့ မတိုင်ခင်ကာလ” “ပိုပေါ့ပြီးနောက်ကာလ” ဟု ၎င်းတို့၏ အတွေ့အကြုံများအား သီးခြားစီ ပြောပြကြသော ကမ္ဘောဒီးယား လူမျိုးတုန်းသတ်ဖြတ်မှုမှ လွတ်မြောက်လာသူများကဲ့သို့ ကျွန်တော်တွေ့ခဲ့သမျှ ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးများမှာ “အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ခင် အခြေအနေ” နှင့် “အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီး အခြေအနေ” တို့ကို ပြောဆိုကြသည်။
    တင်းမာမှုများမှာ နှစ်ပေါင်းများစွာ တငွေ့ငွေ့လောင်ကျွမ်းခဲ့သော်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးကို မွတ်စလင်သုံးဦးမှ မုဒိမ်းကျင့် သတ်ဖြတ်သည်ဆိုသည့် သတင်းက ကနဦး မငြိမ်မသက်မှုကို ဖြစ်လာစေခဲ့သည်။ နောက်ပိုင်းတွင် ထိုမငြိမ်မသက်မှုက ပြည်နယ် တစ်ဝှမ်း ပြန့်နှံ့သွားလေသည်။ စစ်တွေတွင်တော့ တုတ်များ၊ ကျောက်ခဲများ ကိုင်ဆောင်ကြသည့် လူအုပ်ကြီးကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲရသည်။ ရဲအချို့မှာ ရိုဟင်ဂျာများအား ဦးတည်သည့် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံကြရသည်။
    “ကျွန်မတို့အပေါ်မှာ ဒီလိုတိုက်ခိုက်တာဟာ ရခိုင်လူ့အဖွဲ့အစည်းပါ” ဟု ရိုဟင်ဂျာအမျိုးသားနှင့် လက်ထပ်ထားပြီး အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ထားသည့် ကြည်ကြည်အောင်က ပြောကြားခဲ့သည်။ သူမမှာ ယခုအချိန်တွင် သက်ကယ်ပြင်ဒုက္ခသည်စခန်း၌ ခင်ပွန်း၊ သားသမီးများနှင့်အတူ နေထိုင်နေရသည်။ အကြမ်းဖက် တိုက်ခိုက်မှုမှ လွတ်မြောက်ရန် ကြိုးစားစဉ်က ကျိုးသွားခဲ့သည့် သူမ၏လက်ကို ကျွန်တော့်အားပြသည်။ လက်ကောက်ဝတ်၌ ဆိုးဆိုးရွားရွားပင် ရွဲ့စောင်းနေလေသည်။ အကြမ်းဖက်သမားများက သူမအိမ်ကို မီးရှို့ခဲ့ပြီးနောက် မီးလောင်နေသောအိမ်မှ ထွက်ပြေးစဉ် ရခဲ့သည့် ခြေထောက်မှ မီးလောင် ဒဏ်ရာကိုလည်း ပြသည်။ သူမနှင့် မိသားစုသာလျှင် ထိုအိမ်ထဲမှ ထွက်လာနိုင်ခဲ့လေသည်။“ကျွန်မတို့ အားလုံး ဆုံးရှုံးခဲ့ပါတယ်” ဟု သူမကဆိုသည်။
    မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများတွင် အစိုးရက ခွဲခြားအုပ်ချုပ်ရေး (divide and rule) ဗျူဟာကိုအသုံးချသည်။ ရခိုင်ပြည်နယ်တွင် မိမိတို့အား ဆန့်ကျင်ရန်  ရခိုင်တိုင်းရင်းသားများက လူအများအပြားစုရုံးနိုင်သည်ကို အစိုးရကသိသည်။ မွတ်စလင်ဆန့်ကျင်ရေး သဘောထားကို ခွင့်ပြုထားခြင်းဖြင့် ပြည်နယ်အတွင်း မတည်မငြိမ်ဖြစ်စေပြီး ရိုဟင်ဂျာပြဿနာဖြင့်ပင် ရခိုင်တိုင်းရင်းသားများမှာ အာရုံပြောင်းခံထားရလေသည်။
    ပြုပြောင်းလဲရေး မပြုလုပ်ခင်က မြန်မာနိုင်ငံ၏ အာဏာရှင်စနစ်မှာ အားလုံးနီးပါးကို ထိန်းချုပ်ခဲ့ပြီး သဘောထားကွဲလွဲဆန့်ကျင်မှုကိုလည်း ချေမှုန်းနိုင်ခဲ့သည်။ ယခုနှစ်မတ်လက ဗုဒ္ဓဘာသာ လူအုပ်စုကြီးမှာ စစ်တွေမြို့တွင် သောင်းကျန်းခဲ့ကြသည်။ ရိုဟင်ဂျာများကိုသာ ဦးစားပေးသည်ဟူသော စွပ်စွဲချက်ဖြင့် နိုင်ငံတကာမှ အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးခန်းများကို တိုက်ခိုက်ခဲ့ကြသည်။
    Malteser Internatioal အကူအညီပေးရေးအဖွဲ့မှ ၀န်ထမ်းတစ်ဦးက ၎င်းတို့၏ ရုံးခန်းပေါ်မှ သာသနာ့အလံကို ဖြုတ်သိမ်းခဲ့ရာမှ ဆူပူအုံကြွမှု စခဲ့လေသည်။ ရိုဟင်ဂျာလူ့အဖွဲ့အစည်းအား ဆန့်ကျင်သော အမှတ်အသားအဖြစ် သာသနာ့အလံများကို ပြည်နယ်တစ်ခုလုံး လွှင့်ထူကြသည်။
    လူအုပ်စုကြီးက အကူအညီပေးရေး ရုံးခန်းများကို တိုက်ခိုက်သည့်အခါ အာဏာပိုင်များက ၀န်ထမ်းများအား ကာကွယ်ပေးခဲ့သည်။ ၎င်းတို့အား ထွက်သွားစေချင်သည်မှာ ထင်ရှားလေသည်။
    အခြားတစ်ဖက်တွင်တော့ ရခိုင်အမျိုးသားရေးဝါဒီများက ၎င်းတို့သာလျှင် စတေးခံရသူများ ဖြစ်သည်ဟု ယူဆနေကြသည်။ တစ်ဖက်တွင် မြန်မာအစိုးရနှင့် အခြားတစ်ဖက်တွင် တိုးပွားလာသည့် မွတ်စလင်လူဦးရေအကြား ၎င်းတို့မှာ အကြပ်ရိုက်နေသည်ဟု ယုံကြည်နေ၏။ ရိုဟင်ဂျာများက အကြီးမားဆုံး ခြိမ်းခြောက်မှုဟု ၎င်းတို့က ရှုမြင်လေသည်။ ထိုသို့ ကြောက်ရွံ့စိုးရိမ်နေကြသော်လည်း မွတ်စလင်များက မြန်မာနိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းမျှသာ ရှိလေသည်။ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာသူများရှိသော်ငြား ထိုပမာဏမှာ ရခိုင်အမျိုးသားရေးဝါဒီများ ထင်ထားသကဲ့သို့မဟုတ်။
    “သူတို့က ကျွန်တော်တို့ရဲ့ ရန်သူပါ” ဟု လက်ယာစွန်းရောက် ရခိုင်အမျိုးသားရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးရွှေမောင်က ဆိုလေသည်။ အသက်ခြောက်ဆယ်ကျော်ပြီဖြစ်သည့် သူက အရှေ့အလယ်ပိုင်းတွင် အစ္စလာမ့်မစ်အုပ်စုများ ပေါ်ထွက်လာမှုကို ထောက်ပြသည်။ ရိုဟင်ဂျာများမှာ အစ္စလာမ်နိုင်ငံ တစ်ခု ထူထောင်ရန် စီစဉ်နေသည်ဟု ၎င်းက ယုံကြည်နေလေသည်။
    “မွတ်စလင်တွေဟာ သိမ်းပိုက်ဖို့ ကြံစည်နေတယ်။ ကျွန်တော်တို့နိုင်ငံပျောက်သွားမှာကို ကြောက်ပါတယ်” ဟု ဦးရွှေမောင်က ပြောကြားခဲ့လေသည်။
    အခြေအနေတင်းမာအောင် ဆောင်ရွက်ထားမှုမှာ အစိုးရ၏ အကျိုးအတွက်ဖြစ်သည်ဟု သူက ထပ်ပြောသည်။ ရခိုင်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံမြောက်ပိုင်းသို့ သွယ်တန်းထားသည်မှာ ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြစ်သည်။ အဆိုပါ ပရောဂျက်တွင် ရေနက်ဆိပ်ကမ်း၊ ကုန်းတွင်း ရေနံတူးဖော်ရေး လုပ်ငန်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့သည့် ဂက်စ်ပိုက်လိုင်းများပါဝင်ပြီး တန်ဖိုးမှာ ကန်ဒေါ်လာ ၂.၅ ဘီလီယံရှိသည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် သဘာဝဓာတ်ငွေ့ရောင်းချမှုမှ ရရှိသည့် အကျိုးအမြတ်မှာ ဒေါ်လာ ၃.၃ ဘီလီယံရှိသည်ဟု ဇွန်လတွင် အစိုးရက ထုတ်ပြန်ခဲ့သည်။
    “ကျွန်တော်တို့ ချမ်းသာတဲ့ နိုင်ငံတစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အနာဂတ်ကို ကိုယ်တိုင် ပုံဖေါ်ခွင့်မရပါဘူး” ဟု ဦးရွှေမောင်က ဆိုလေ၏။
    စက်တင်ဘာလက အလ်-ကိုင်းဒါအဖွဲ့မှာ မြန်မာအပါအ၀င် တောင်အာရှမှ မွတ်စလင်များအနေဖြင့် နိုးကြားပြီး ဂျီဟတ်များနှင့် ဆက်သွယ်ရန် ဆော်သြခဲ့သည်။ ထိုကဲ့သို့ ပြောဆိုခြင်းမှာ နိုင်ငံအတွင်း အမုန်းမီးတောက်အား ပိုမို လောင်မြိုက်စေခြင်းပင် ဖြစ်လေ၏။ ထိုအချိန်မှစ၍ ရိုဟင်ဂျာများ ဖမ်းဆီးခံရမှုများ၊ ပျောက်ဆုံးမှုများနှင့် အာဏာပိုင်များက ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်သည်ဟူသော သတင်းများ ထွက်ပေါ်လာလေသည်။ ထိုကိစ္စအတွင်း ရိုဟင်ဂျာအမျိုးသားတစ်ယောက် အသတ်ခံခဲ့ရပြီး ၎င်း၏ ဇနီးမှာလည်း ဖိအားပေးခံခဲ့ရပြီး ခင်ပွန်းသည်မှာ ဓမ္မတာအတိုင်းသေခြင်းသာဖြစ်သည်ဟု လက်မှတ်ထိုးပေးခဲ့ရသည်။
    ဗုဒ္ဓဘာသာဘုန်းကြီးများက မွတ်စလင်ဆန့်ကျင်ရေးသဘောထားကို ပိုမိုလှုံ့ဆော်ပေးသည်။ ၎င်းတို့အများစုမှာ မြန်မာနိုင်ငံ၏ အခြားသောအစိတ်အပိုင်းများတွင် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်အောင် လှုံ့ဆော်ပေးသည့် ၉၆၉ လှုပ်ရှားမှု၏ နောက်လိုက်များ ဖြစ်လေသည်။
    ထိုနံပါတ်မှာ ပိုမိုအစွန်းရောက်သော နိုင်ငံခြားကြောက်ဗုဒ္ဓ၀ါဒ၏ အမှတ်တံဆိပ်လည်း ဖြစ်လေသည်။
    လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Fortify Rights က ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်မှုမှာ အစိုးရ၏ ပေါ်လစီဖြစ်သည်ဟု ဆိုသည်။ စာမျက်နှာ ၇၂ မျက်နှာပါဝင်သည့် ၎င်းတို့ထုတ်ပြန်သော အစီရင်ခံစာတွင် လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဟု သတ်မှတ်၍ရသည့် ပေါ်လစီများအား အကြီးတန်းဝန်ကြီးများက ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများကို ဖော်ပြထားသည်။ ထိုပေါ်လစီများတွင် ရိုဟင်ဂျာများအား ညှဉ်းပန်းနှိပ်စက်မှုကို ဆက်လက်ပြုလုပ်ရန် လုံခြုံရေးတပ်များအတွက် လမ်းညွှန်ချက်များလည်း ပါဝင်လေသည်။ ထိုအဖွဲ့၏ ဒါရိုက်တာဖြစ်သူ မက်သယူး စမစ်က ပေးပို့သော အီးမေးလ်တွင် “လူမျိုးတုံးသတ်ဖြတ်မှုအတွက် ကြိုတင် သတ်မှတ်ချက်များ တွေ့နေရသည်” ဟု ရေးသားဖော်ပြခဲ့သည်။
    ပြုပြင်ပြောင်းလဲရေးခေတ်တွင် ရခိုင်ပြည်နယ်သို့ လာရောက်ရသည်မှာ စစ်အစိုးရ အုပ်ချုပ်သော မြန်မာပြည်သို့ ပြန်လာရ သကဲ့သို့ဖြစ်၏။ ပြည်သူများမှာ ကြောက်ရွံ့မှု တွင် နေထိုင်ရသည်။ သို့ရာတွင် ကျွန်တော်ကတော့ လူမျိုးတုံးသတ်ဖြတ်မှု ခြိမ်းခြောက်မှုကြီးနှင့် ရင်ဆိုင်ရမည်ဟု မမျှော်လင့်။
    မိမိတို့၏ သဘောထားကို ဖွင့်ပြောရန် ကြောက်ရွံ့နေကြသည့် အလယ်အလတ် ရခိုင်တိုင်းရင်းသားများက ထိုလုပ်ရပ်အား လက်မခံ။ သို့သော်လည်း ၎င်းတို့က အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ပစ်မှတ်ထားခံရမှုကို ကြောက်ရွံ့နေလေ၏။
    ရခိုင်ပြည်နယ်သို့ ကျွန်တော်စရောက်သည့်နေ့မှာ ကမ္ဘောဒီယားတွင် အသက်ရှင်ကျန်ရစ်သော ခမာခေါင်းဆောင်နှစ်ဦးအား လွန်ခဲ့သည့် ၃၅ နှစ်က ကျူးလွန်ခဲ့သော ပြစ်မှု အတွက် ပြစ်ဒဏ်ချမှတ်သည့်နေ့ ဖြစ်သည်။ ကမ္ဘာကြီးက ကြည့်ရုံသာကြည့်နေချိန်တွင် လူပေါင်း ၈ သိန်းကျော် အသတ်ခံရသော ရ၀မ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပွား ခဲ့သည်မှာလည်း နှစ် ၂၀ ပင် ရှိခဲ့သည်။ ဂျာနယ်လစ်တစ်ဦးဖြစ်သူ သီယာရီ ကရူဗဲလ်လီယာက ဒီလိုရေးခဲ့သည်။
    “လက္ခဏာတွေအားလုံး ရှိနေတာတောင်မှ လူတွေက အဆိုးဆုံးဟာ ဘယ်တော့မှ မဖြစ်ပါဘူးလေလို့ မှတ် ထင်ကြပါတယ်” ဟူ၏။
    ယခုအချိန်တွင် အခြေအနေက အစွန်းတစ်ဘက်တွင် ရှိနေသည်။ စစ်တွေတွင် အခြေအနေက ပုံမှန်ဖြစ်နေသည်။ သို့ရာတွင် မြို့တွင်း၌ မွတ်စလင်တစ်ယောက်ကိုမှ မမြင်ရတော့။ ၎င်းတို့မှာ ရဲများထိန်းချုပ်ထားသော ဂတ်တိုများ၊ မြို့ပြင်ရှိ ဒုက္ခသည်စခန်းများတွင်သာ နေထိုင်ရသည်။ တစ်ချိန်က ၎င်းတို့နေထိုင်ခဲ့သော မြို့တွင်းရှိ ရပ်ကွက်မှာ လွင်တီးခေါင်ပြင် ဖြစ်နေပြီး အပင်များက နေရာယူထားလေသည်။ သို့ရာတွင် ကျွန်တော်စကားပြောခဲ့သည့် ရိုဟင်ဂျာ အနည်းငယ်ကမူ ယခုကဲ့သို့ ခွဲခြားထားမှုအတွက် သံသယရှိနေလေ၏။
    “အစွန်းရောက်တွေက လူမျိုးစု သုတ်သင်ရေး လုပ်ချင်ကြတာပါ။ သူတို့ဟာ လူမျိုးတုံး သတ်ဖြတ်ချင်ကြတာပါ” ဟု မိုဂျူမာ ဘေဂွန်က ပြောကြားခဲ့သည်။
    သူ၏ကြောက်ရွံ့မှုမှာ မှန်ကန်ကြောင်း ရခိုင်လူငယ်တစ်ဦး၏ စကားက ထောက်ခံအတည်ပြုနေလေ၏။
    “မွတ်စလင်တွေကို ကျွန်တော်သတ်ချင်တယ်။ လူတော်တော်များများလည်း ကျွန်တော့်လိုပါပဲ။ ကျွန်တော်သူတို့အားလုံးကို ရှင်းပစ်လိုက်ချင်တယ်” ဟု ရခိုင်လူမျိုး အောင်ကိုနိုင်က ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့လေတော့သည်။
    XXXXXXXXXXXXXXXXXXXXXX
    ကမ္ဘာကျော် News Week သတင်းဌာနတွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Nic Dunlop  ၏ “Camps Bring Further Danger to Rohingya Muslims Fleeing Potential Genocide in Burma” ဆောင်းပါးကို လေးမောင် (M-Media) မှ ဆီလျော်အောင် မြန်မာပြန်ဆိုသည်။
  • တရုတ်အစိုးရ အတွက်စိန်ခေါ်သံ (သို့) ဟောင်ကောင် လူငယ်တွေရဲ့ ထီး တော်လှန်ရေး
    တရုတ်အစိုးရ အတွက်စိန်ခေါ်သံ (သို့) ဟောင်ကောင် လူငယ်တွေရဲ့ ထီး တော်လှန်ရေး
    အောက်တိုဘာ ၅ ၊ ၂၀၁၄
    M-Media
    hong-kong-umbrellas
    ဟောင်ကောင်ဒေသခံတွေရဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုဟာ တရုတ်ပြည်အတွက် စိန်ခေါ်ချက်တစ်ရပ် ဖြစ်လာပါပြီ။
    hkcover ဟောင်ကောင် တစ်မြို့လုံးကို ထီးကြီး ထီးငယ်အသွယ်သွယ်နဲ့ လှုပ်ရှားမှုတွေက တရှိန်ထိုးဝင်ရောက်လာတဲ့ တိုင်ဖွန်း မုန်တိုင်းကဲ့သို့ ယောက်ယက် ခတ်သွားစေပါတယ်။ စက်တင်ဘာ ၂၈ ရက်မှာ ဟောင်ကောင်မြို့လမ်းတွေပေါ် ထီးတွေ အစုလိုက် အပြုံလိုက် ဖြန့်ခင်းလိုက်တဲ့ အတိုင်းပါပဲ။ ဒီတစ်ကြိမ် ထီးရွက်တွေဖြန့်ကြခြင်းက မိုးကြီးလေကြီးတွေကို ကာကွယ်ဖို့ မဟုတ်ဘဲ မျက်ရည်ယိုဓာတ်ငွေ့နဲ့ ငရုတ်ကောင်း ဖြန်းဆေးရည်တွေကို ခုခံ ကာကွယ်ဖို့ဖြစ်နေပါတယ်။ ကမ္ဘာ့ဘေးရန် အကင်းရှင်းဆုံးနဲ့ စနစ်အကျဆုံးဖြစ်ပြီး ၇.၂ သန်း လူဦးရေရှိတဲ့ မြို့ပြကြီးဟာ ဒီနှစ်နှောင်းပိုင်းမှာ လူသတ်မှု ၁၄ မှုထိ ကြုံဆုံခဲ့ရလို့ စစ်မြေပြင်သဖွယ် အသွင်ပြောင်း သွားပါတယ်။ ဖြစ်စဉ်ကတော့ ဘေဂျင်းမှာရှိနေတဲ့ ဒီဒေသရဲ့အရှင်သခင်ဟောင်းထံကနေ ဒီမိုကရေစီရေး ကတိပြုချက်တွေကို ထောင်ချီတဲ့ လူများက ပြန်လည်တောင်းဆို ဆန္ဒပြခဲ့ကြတယ်။ ဒီလူအုပ်ကြီးအပေါ် ဓာတ်ငွေ့ကာမျက်နှာဖုံးတပ် အဓိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များက အဆိပ်ရှိ ဓာတုဓာတ်ငွေ့များ ပက်ဖျန်းကြဲချလိုက်လို့ပါပဲ။
    ဟောင်ကောင်ဒေသတွင်းထဲ မိုးမျှော်တိုက်ကြီးတွေ၊ ဖိတ်ဖိတ်တောက် ဈေးဝယ်ဆိုင်ခန်းတွေကြောင့် Admiralty လို့ အထူးကျော်ကြားတဲ့နေရာမှာ ပထမဆုံး မျက်ရည်ယိုဗုံးခွဲတယ်။ ဆန္ဒထုတ်ဖော်သူများထံမှာ ထီးများနဲ့ မိုးကာ၊ စကိတ်ပြား၊ ပလပ်စတစ်ချပ်များ စတဲ့ အလွယ်တကူ သယ်ယူနိုင်စရာများကလွဲလို့ ဘာလက်နက်မှ မရှိကြပါဘူး။ လူတန်းစားအလွာ အသီးသီးက လူပေါင်းသောင်းချီပါဝင်တဲ့ ကန့်ကွက် ဆန္ဒပြမှုတွေအပေါ် ဘေဂျင်းက ဒေါသနဲ့ ဆုံးဖြတ် တုန့်ပြန်လိုက်ပါတယ်။ လာမယ့် ၂၀၁၇ ခုနှစ်မှာ ဟောင်ကောင်ရဲ့အုပ်ချုပ်ရေးမှူးခေါင်းဆောင်ကို ဒေသခံများအနေနဲ့ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခွင့် ရရှိရေးအတွက် ဆန္ဒပြကြခြင်း ဖြစ်ပါတယ်။
    “တစ်ပြည်ထောင်စုဝင် စနစ်နှစ်မျိုး စည်းမျဉ်း”နဲ့ အုပ်ချုပ်ဖို့ ကတိပေးမှုနဲ့အတူ  ဗြိတိသျှ ကိုလိုနီနယ်ဖြစ်ခဲ့ဖူးတဲ့ ဟောင်ကောင် ကျွန်းနိုင်ငံဟာ ၁၉၉၇ ခုနှစ်က တရုတ်ပြည်မနဲ့ ပြန်လည်ပေါင်းစည်းခဲ့တယ်။ ကိုယ်ပိုင် အုပ်ချုပ်ရေးကို နှစ်ငါးဆယ်အထိ လွတ်လပ်စွာ တရားဝင် (ဆက်လက်)ကျင့်သုံးခွင့်ရှိကြောင်း အာမခံခဲ့ကြတယ်။ ဒါပေမယ့် လက်ပြောင်းလက်လွှဲလုပ်ပြီး ၁၇ နှစ်အကြာမှာပဲ ဟောင်ကောင်ရဲ့ နေရာတိုင်း၊ အရေးအရာတိုင်းမှာ တရုတ်ပြည်မကြီးရဲ့လုပ်ထုံး အတိုင်း ပြုမူဆောင်ရွက်လာတယ်။ ဟောင်ကောင်ရဲ့ လွတ်လပ်မှုက ချောင်ကပ်သွားရတယ်။ ငရုတ်ကောင်း ဖြန်းဆေးရည်နဲ့ မျက်ရည်ယိုဓာတ်ငွေ့တွေကို တအုံတကျင်း သုံးစွဲလိုက်တာကြောင့် ဒါဇင်နဲ့ချီပြီး လူတွေ ဒဏ်ရာရသွားတယ်။ ဒီအခါမှာ ဆန္ဒပြလှုပ်ရှားမှုက နောက်မဆုတ်တဲ့အပြင် ပိုပြီး ကြီးထွားအုံကြွလာပါတော့တယ်။
    “တရုတ်အစိုးရကို ကျုပ်တို့ မကြောက်ဘူး။ မျှတကောင်းမွန်တဲ့ ဒီမိုကရေစီစနစ် အတွက် ကျုပ်တို့ တိုက်ပွဲဝင်ပါပြီ” ဟု အသက် ၂၄ နှစ်အရွယ် ဘာသာပြန်စာရေးဆရာ Kusa Yeung က ပြောကြားပါတယ်။ သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ညဥ့်သန်းခေါင်ချိန်အထိ ဆန္ဒပြသူများကို ရေဝေပေးသူသာ ဖြစ်ခဲ့ပါတယ်။ ခုတော့ “ထီးဆောင်းတော်လှန်ရေး” တံခါးကို ၀င်ရောက်ဖွင့်လှစ်လိုက်ပါပြီ။
    ဟောင်ကောင်ပြည်သူလူထုရဲ့ အာခံမှု အစီအစဉ်ကို ငြိမ်းချမ်းစွာနဲ့ မြို့လယ်ဗဟို စုရပ်တစ်ခုကနေ စက်တင်ဘာ ၂၈ ရက်မှာ စတင်ခဲ့တယ်။ အဲ့ဒီနောက်မှာ အဓိကလူစည်ကားရာ ဈေးဝယ်စင်တာနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေ ကျက်စားရာ ရပ်ဝန်း နှစ်ခုအထိ ကျယ်ပြန့်လာခဲ့တယ်။ မဆုတ်မနစ်ဆန္ဒပြသူတွေရဲ့ ထီးတွေနဲ့ ဖဲကြိုးဝါများကို ကမ္ဘာက သတိကရုပြုလာသလို အာဏာရတရုတ်ကွန်မြူနစ်ပါတီရဲ့ တွန်းတိုက်မှုကို ခံယူတော့မှာ မဟုတ်တော့ပါဘူး။ ဘေဂျင်းမှာ အောက်တိုဘာ ၁ ရက်က မီးရှူးမီးပန်းပစ်ဖောက်ခြင်းနဲ့ စစ်ရေးပြ အခမ်းအနားကို ခမ်းနားထည်ဝါလှစွာ ပြုလုပ်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့လက်ထဲ အာဏာတည်နေဆဲ ၆၅ နှစ်မြောက် အခမ်းအနားပေါ့။ ဒါပေမယ့် ဟောင်ကောင်မှာတော့ မပြုလုပ်ပဲ ဖျက်သိမ်းခဲ့တယ်။
    တရုတ်ပြည်မကြီးရဲ့ သေးငယ်လှတဲ့ ဒီဒေသကို ဆန္ဒပြမှုတွေ ဖုံးလွှမ်းသွားမှုက သမ္မတ ရှီဂျင်းပင်ကို အတိုင်းအတာတစ်ရပ် အထိ မမျှော်လင့်သော အကြပ်အတည်း တစ်ခု ဖြစ်သွားစေပါတယ်။ စင်စစ်မှာတော့ တရုတ်ကွန်မြူနစ်ပါတီဟာ ဌာနီတွင်းမှာ မကျေနပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရပြီးသားပါ။ နှစ်ပေါင်းသုံးဆယ် အတွင်း ပရမ်းပတာ စီးပွားရေးဖွံ့ဖြိုးမှု၊ ၀င်ငွေကွာဟချက်ကြီးထွားမှု၊ အရှိန်အဟုန်မြင့်လာတဲ့ အကျင့်ပျက်ခြစားမှု စတဲ့ အဆိပ်သင့်ဝန်းကျင်က ဖြစ်သင့်သလိုမဖြစ်ပဲ ခက်ခဲတဲ့အနေအထားတစ်ရပ် ဖြစ်လာစေပါတယ်။
    “ရှီဂျင်းပင် မြင်ချင်နေတဲ့နောက်ဆုံးအချက်က ဟောင်ကောင်ရဲ့ကန့်ကွက်ဆန္ဒပြမှုတွေပါပဲ။ သူ့မှာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာ အပုံအပင်ရှိနေတယ်လေ” လို့  Hong Kong Baptist University က နိုင်ငံရေးသိပ္ပံပညာရှင် Jean-Pierre Cabestan အနေနဲ့ သုံးသပ်ပြောကြားပါတယ်။
    ထက်မြက်တဲ့ အမျိုးသားရေးဝါဒီတစ်ဦးဖြစ်သူ ရှီနဲ့ သူ့အပေါင်းအပါအုပ်စုတို့က တရုတ်ပြည်ထဲ လူမှုအနေအထားပရမ်းပတာဖြစ်ခြင်းဟာ “ပြည်ပတွန်းအားများ”ကြောင့် ဆိုပြီး ထာဝစဉ်ပြစ်တင်နေလေ့ရှိကြတယ်။ တရုတ်ကွန်မြူနစ်ပါတီအလိုကျ အွန်လိုင်းက People’s Daily ရဲ့ စက်တင်ဘာ ၂၉ အမြင်ဖော်ပြချက် တစ်ရပ်မှာ ဟောင်ကောင်ဆန္ဒပြသူများကို “အနောက်တိုင်း ဒီမိုကရေစီအတွေးဝင်နေပြီး ကိုလိုနီအုပ်ချုပ်ရေးကို လိုလားနေတဲ့ တရုတ်ပြည် ဆန့်ကျင်ရေးအင်အားစုတွေ” လို့ စွပ်စွဲလိုက်ပါတယ်။ ဟောင်ကောင်ပြဿနာနဲ့အတူ လူမှုမတည်ငြိမ်မှုတွေဟာ တရုတ်ပြည်မကြီးက ဗဟိုပဲ့ကိုင်ခေါင်းဆောင်တွေကိုယ်တိုင် သွတ်သွင်းခဲ့မှုကြောင့် ပေါ်ပေါက်လာ ရခြင်းဖြစ်တယ်။ ဒီစံနစ်ဟာ ပြည်မကြီးရဲ့အစွန်အဖျားဒေသခံတွေကို မစိုးမိုးနိုင်ခဲ့ပါဘူး။
    “တရုတ်ခေါင်းဆောင်များဟာ ပြည်သူတွေနဲ့ သီးခြားစီ ဖြစ် မနေစေရဘူး”လို့ ဘေဂျင်းမှာ အမျိုးသားနေ့ မိန့်ခွန်းအတွင်း ရှီက ကြွေးကြော်ပြောဆိုပါတယ်။ သို့ပေမယ့် တချိန်တည်းမှာပဲ ဟောင်ကောင် ဆန္ဒပြသူတို့နဲ့ တစ်သွေးတစ်သားတည်းရှိမှုကို ပြသကြတဲ့ ပြည်မ လှုပ်ရှားသူများကိုလည်း ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတော့တယ်။
    ဟောင်ကောင်က အရိုးစွဲနေတဲ့အစဉ်အလာကို လိုက်လျောညီထွေ တိုးတက်ပြောင်းလဲလာအောင် ဆောင်ရွက်မယ့်အစား တရုတ်အစိုးရက မိမိရဲ့နိုင်ငံရေးပါးနပ်မှု မရှိခြင်းကို ခင်းကျင်းပြသခဲ့တယ်။ ပထမဆုံးက ဗဟိုအစိုးရရဲ့ ဟောင်ကောင်ရဲ့ တရားစီရင်ရေးနဲ့ ဒေသတွင်း တရားဥပဒေစိုးမိုးရေး စတဲ့အရာတွေအပေါ် တစ်ချက်လွှတ်အမိန့်ပြဋ္ဌာန်းမှု ပြုလုပ်ခဲ့တယ်။ သြဂုတ်လ ၃၁ ရက်မှာ ဟောင်ကောင်းသားတွေ အနေနဲ့ မိမိတို့ရဲ့အုပ်ချုပ်ရေးမှူးကို မဲပေးရွေးချယ်နိုင်တယ်၊ သို့သော် ဘေဂျင်းကျောထောက်နောက်ခံပြုကော်မတီက တင်သွင်းတဲ့လူ ၂-၃ ဦးအနက်မှသာ သင့်တော်ရာကို ရွေးချယ်နိုင်တယ်လို့ တရုတ်အစိုးရက ဥပဒေထုတ်လိုက်တယ်။
    “ဟောင်ကောင်က ဒီမိုကရေစီကို ပယ်လှန်ဖယ်ရှားခြင်းက ဆိုးဝါးတဲ့ တန်ပြန်အကျိုးဆက်ကို ဖြစ်ပေါ်စေတာပါပဲ။ ဒီကလူတွေဟာ အခုဆိုရင် ဗဟိုအစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့သွားပြီ။ ဆန္ဒပြသူတွေကို ရှင်းလင်းဖို့ကြိုးစားလိုက်တာက ဆန္ဒပြသူအင်အား ပိုကောင်းအောင် လုပ်လိုက်သလိုပါပဲ” ဆိုပြီး လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ဟောင်ကောင်အခြေစိုက် သုတေသီ Maya Wang မှ ပြောကြားပါတယ်။ ဆန္ဒထုတ်ဖော်သူတွေ တစစနဲ့လူစုကွဲသွားခဲ့ရင်တောင်မှ ဒီယုံကြည်မှု ပျက်ပြားသွားခြင်းဟာ ဟောင်ကောင်နိုင်ငံရေးအခင်းအကျင်းကို အောက်ခြေကစလို့ အပြောင်းအလဲဖြစ်သွားစေနိုင်ပါတယ်။
    Umbrella-Revolution
    ထီးဆောင်းတော်လှန်ရေး
    —————————-
    လက်ရှိနှစ်များရဲ့ ဒီမိုကရေစီအပြောင်းအလဲဖော်ဆောင်မှုတွေကို အကြောင်းခံ သို့မဟုတ် အမျိုးအစားတစ်ခုခုနဲ့ သတ်မှတ်ဖွင့်ဆိုမယ်ဆိုရင် ဟောင်ကောင်ရဲ့ သဘောကွဲလွဲမှုကို ထီးတစ်ချောင်းနဲ့တင် သင်္ကေတပြုလို့ရနေပါတယ်။ ထီးတွေကို အရောင်အမျိုးမျိုးနဲ့ ရောယှက်ပြုလုပ်လေ့ရှိတယ်။ ဒါက အရှေ့တိုင်းသားနဲ့ အနောက်တိုင်းသားတို့ ရောယှက်မွေးဖွားလိုက်တဲ့ အသွေးစုံအမြင်စုံမြို့ပြပုံဟန်ကို ထင်ဟပ်ပြနေပါတယ်။ သူတို့ဟာ မစို့မပို့ဒီမိုကရေစီစံနစ် ပေးအပ် ခံရမယ်လို့ တွေးမိကြမှာ မဟုတ်ဘူး။
    ဒါ့အပြင် ထီးတွေဆိုတာ ဆွဲဆောင်မှုမရှိပေမယ့် မရှိမဖြစ်အရာအဖြစ် အသုံးဝင်ပါတယ်။ ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးရဲ့ ဈေးကွက်ကြီးအတွက် ကာလရှည်ဟင်းလျာအိုးတစ်လုံးလို ငွေရှာဒေသတစ်ခု ဖြစ်ပါတယ်။ အလုပ်ကြိုးစားမှု၊ ခြိုးခြံချွေတာမှု ဆိုတာ ဒီမြို့ကြီးရဲ့ ဆောင်ပုဒ်ပါ။
    အလုပ်နဲ့လက် မပြတ်ရတဲ့ ဒီမြို့တော်မှာ တနင်္လာနဲ့အင်္ဂါနေ့က လူအုပ်တွေကို မျက်ရည်ယိုဓာတ်ငွေ့တွေလည်း လူစုကွဲအောင် မလုပ်နိုင်ခဲ့ပါဘူး။ မျက်ရည်ယိုဓာတ်ငွေ့တွေ ပက်ဖျန်းမှုကြောင့် အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခံရတဲ့အပြင် လူငယ်များစွာဟာ အရောင်တောက်ပတဲ့ အကာအဆောင်းများနဲ့အတူ ထပ်တိုးပြီး ထွက်ရှိလာကြပါတယ်။ ၀ီလျံမား (၄၇ နှစ်)ဟာ သူ့သမီး ဒေါ်ရသီ (၁၁ နှစ်)ကို ဆန္ဒပြနေရာဆီ စက်တင်ဘာ ၃၀ ရက်က ခေါ်ဆောင်လာပြီး  ဒီလိုပြောဆိုပါတယ်။
    “ ကျွန်တော်တို့ ငယ်စဉ်ဘ၀က ဒီမိုကရေစီဆိုတာကို လုံးဝ မခံစားဖူးခဲ့ပါဘူး။ (ခုအချိန်မှာ) ကျွန်တော် သေကောင်းသေသွားနိုင်ပေမယ့် သူမအဖို့ ဒီမိုကရေစီကို ခံစားရပြီး အကောင်းဆုံးဘ၀ကို ရရှိနိုင်မှာဖြစ်ပါတယ်”။
    ကန့်ကွက်ဆန္ဒပြမှုကို လက်ဦးစတင်လိုက်တဲ့ ကျောင်းသားများနဲ့အတူ စတော့ပွဲစားများပါ ပူးပေါင်းပါဝင်လာမှုက ဒီရက်သတ္တပတ်ရဲ့မြင်ကွင်းကို ပိုလို့ လှပတောက်ပြောင်လာစေခဲ့ပါတယ်။ အထက်တန်းကျောင်းသားလေးတွေက လမ်းလေးလူသွားလမ်းအုတ်ခုံပေါ် သူတို့ရဲ့အိမ်စာတွေကို စူးရှတဲ့နေရောင်ထဲ ဂဏန်းတွက်စက်လေးတွေကို မရမကအာရုံစိုက်ကြည့် ပြုလုပ်နေကြတယ်။ ပါဝင်ဆန္ဒပြသူအချို့က မိမိတို့ဟာ နိုင်ငံရေးလူသစ်တန်းများသာဖြစ်ကြောင်း၊ ရဲများရဲ့ ပြင်းထန်တဲ့တုန့်ပြန်ဆက်ဆံမှုကြောင့် မခံမရပ်ဖြစ်ပြီး ထွက်ရှိပါဝင်လာခြင်းဖြစ်ကြောင်း ၀န်ခံပြောဆိုပါတယ်။
    “ပြည်သူလူထုဟာ ဘာလက်နက်မှမကိုင်ပဲ သူတို့ရဲ့လက်တွေကို မြှောက်ပြနေကြတာပါ။ သူတို့က မည်သည့်သတိပေးချက်မှမရှိဘဲ မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးလိုက်ကြတာလေ။ ဒါပေမယ့် သူတို့ ဒီလိုလုပ်လိုက်ခြင်းက ကျွန်တော်တို့ကို ပိုပြီး အားကောင်းသွားစေတယ်၊ ပိုပြီး စုစည်းညီညွတ်သွားစေပါတယ်” လို့ တနင်္လာနေ့မှာ လှုပ်ရှားမှုထဲပါဝင်လာသူ သင်္ချာဆရာ ရေမွန်ချန်းက ဆိုပါတယ်။
    Umbrella-Revolution-Explainer-01
    ဟောင်ကောင်က ဒီလိုလှုပ်ရှားမှုဟာ အမျိုးသားပေါင်းစည်းမှု အတွက် အန္တရာယ်တစ်ရပ်ပါပဲ။ ဒီအတွက် ဘေဂျင်းဖက်က အထူး အာရုံပြုခဲ့ကြတယ်။ ထောက်လှမ်းရေးယန္တရားက ရရှိတဲ့ ဌာနဆိုင်ရာအသုံးပြုငွေက စစ်တပ် ထက်တောင် ပိုရရှိကြပါတယ်။ ဟောင်ကောင်မှာတင် မကပါဘူး။ တိဗက်နဲ့ ရှင်းကျန်းမှာ လက်ဝါးကြီးအုပ်ကျွန်ပြုခဲ့ကြလို့ အခုဆိုရင် ပုန်ကန်နေကြပါပြီ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က အစ္စလာမ့်နယ်ပယ်ဖြစ်တဲ့ ရှင်းကျန်းမှာ ရာနဲ့ချီတဲ့လူတွေရဲ့ဘ၀ကို အကြမ်းဖက်ခံရတယ်လို့ ဆိုပါတယ်။ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်မှာ အရေးမလှလို့ ချန်ကေရှိတ်ရဲ့အုပ်စုတွေ ထွက်ပြေးဆုတ်ခွာခဲ့တဲ့ ထိုင်ဝမ်ကျွန်း ကိုလည်း ဘေဂျင်းက ပြန်လည် ရယူချင်နေခဲ့တယ်။ ဒါပေမယ့် ရှီရဲ့ “တစ်ပြည်ထောင် စံနစ်နှစ်မျိုး” သွေးဆောင်မှုဟာ ထိုင်ဝမ်ကို ပြည်မစည်းဝိုင်းပြန်လည် ၀င်ရောက်လာအောင် လုပ်ဖို့ ဘယ်လိုမှ မလွယ်ကူနိုင်ဘူးဆိုပြီး ဟောင်ကောင်အရေးက မီးမောင်းထိုးပြနေပါတယ်။ ပေါ်တူဂီလက်ကလွတ်ပြီး ၁၉၉၉ ခုနှစ်က ဘေဂျင်းနဲ့ပြန်လည် ပူးပေါင်းဖို့ ဟောင်ကောက်ထက် အားသန်ခဲ့တဲ့ မကာအိုက လူမှု လှုပ်ရှားသူများပင်လျှင် မိမိတို့ဒေသတွင်းခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် အတွက် တောင်းဆိုနေကြပြီဖြစ်ပါတယ်။
    ဟောင်ကောင်ရဲ့ဟစ်သံက သူ့ရဲ့စတုရန်းမိုင်လေးရာနယ်နမိတ်ကို ကျော်လွန်ပြီး ပဲ့တင်ထပ်နေပါပြီ။ ဒါဟာ စုစည်းညီညွတ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ အဆိုကို တိုက်ရိုက်စိန်ခေါ်နေခြင်းဖြစ်ပါတယ်။
    “အမှန်ကတော့ ဟောင်ကောင်ဟာ ဒီမိုကရေစီနဲ့ ပိုပြီးရင်းနှီးပြီးသားဖြစ်နေယ်။ ဟောင်ကောင်ကို ဒီမိုကရေစီနည်းကျအုပ်ချုပ်ဖို့ အဆင်သင့်မဖြစ်တာက တရုတ်ပြည်ပါ။ အကြွင်းမဲ့မထိန်းချုပ်နိုင်မှာကို သူ(တရုတ်ပြည်မ)က စိုးရိမ်နေပြီပေါ့” ဆိုပြီး ယခင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း ဒေသတွင်းဒုတိယခေါင်းဆောင် Anson Chan က Time ရဲ့ မှတ်ချက်နေရာမှာ ရေးသားခဲ့ပါတယ်။
    ခေတ်တစ်ပတ်လည်မည်လော ?
    —————————
    နှစ်သုံးဆယ်အလျင်က ၀န်ကြီးချုပ် မားဂရက်သက်ချာနဲ့ ကျောက်ကျိယန်တို့ဟာ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်ပြည်ဆီ ပြန်လည် လွှဲပြောင်းပေးဖို့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်။ ကိုလိုနီနယ်ဆိုတာ နိုင်ငံရေးအဖွဲ့တစ်စုစုက အသေပိုင်ဆိုင်တာ မဟုတ်ဘူး၊ မြို့ရဲ့အဓိက အသက်သွေးကြောဖြစ်တဲ့ စီးပွားရေးသမားနဲ့ ဘဏ်လုပ်ငန်းရှင်တွေဟာ ငွေကောင်းကောင်းရှာနိုင်နေသမျှ ဘယ်သူ အုပ်ချုပ်သည်ဖြစ်စေ လိုက်နာနာခံသွားမှာပဲ ဆိုပြီး စဉ်းစားခဲ့ကြတယ်။ ကွန်မြူနစ်တရုတ်ပြည်ဟာ နိုင်ငံရေးအမည်ဆိုးတွင်တဲ့ နိုင်ငံတစ်ခုပါ။ နောက်ငါးနှစ်အကြာမှာ တီယန်အန်းမင် မှာ ဒီမိုကရေစီထောက်ခံသူ ဆန္ဒပြကျောင်းသားရာဂဏန်းမျှကို တင့်ကားတွေနဲ့ ဖြိုခွင်းခဲ့တယ်။ ကျောင်းသားတွေနဲ့အတူ ငြိမ်းချမ်းစွာဆန္ဒပြကြသူ အမြောက်အများ စုပြုံသတ်ဖြတ်တာ ခံခဲ့ရတယ်။ လက်တွေ့ဖြစ်တည်မှုဝါဒီကျောင်းသားများကို လူထုကြားထဲ ပြန်လည်ပြုပြင်မှု ဟောပြောခွင်ပေးခဲ့တဲ့ အန္တရာယ်ကို တရုတ်ခေါင်းဆောင်တွေက ရိပ်စားနားလည်သွားတယ်။ ဒါကြောင့် ပြည်တွင်းနိုင်ငံရေးယန္တရားအပေါ် ပြန်လည်ကုစားချက်တွေ ပြုလုပ်ခဲ့ကြတယ်။
    ဗဟိုထိန်းချုပ်မှုစနစ် ပိုမိုအားကောင်းလာစေရေးအတွက် ရှီက အမျိုးသားရေးဝါဒကို အသုံးချထားတယ်။ ၂၀၁၂ နှစ်နှောင်းပိုင်း အာဏာရလာပြီးကတည်းက ဥပဒေသမားနဲ့ဘလော့ဂ်ရေးသူများကနေ စာနယ်ဇင်းသမားနဲ့အနုပညာရှင်တွေအထိ လူထုလွတ်လပ်ခွင့် လှုပ်ရှားသူများကို ဖြိုခွင်းတယ်၊ လူ့အခွင့်အရေးကာကွယ်သူ ရာပေါင်းများစွာကို ထိန်းသိမ်းတယ်၊ ပါတီနဲ့လူထု သွေးခွဲမယ်ဆိုယင် လုံးဝလက်မတွန့်ကြောင်း သူက ပြသခဲ့တယ်။ ၀ီဂါလူနည်းစုဝင်အများဆုံးရှိတဲ့ ရှင်းကျန်းနယ်က အလယ်အလတ်ပညာရှင် အိလ်ဟာမ် တိုတီကို ခွဲထွက်ရေးလှုပ်ရှားမှုကြောင့်ဆိုပြီး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်။ သူက အဲ့ဒီပြစ်မှုကို တကယ်ကျူးလွန်သလားဆိုတော့ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေများအပေါ် တရုတ်ပြည်အနေနဲ့ အလေးထားဖို့ အင်တာနက်ပေါ်က အသံထုတ်ခြင်းသာ ဖြစ်ပါတယ်။
    အဲ့ဒီကာလက ဟောင်ကောင်မှာ နိုင်ငံရေးအသံတွေ ထွက်နေခဲ့တယ်။ တီယန်အန်းမင် နှစ်ပတ်လည်နေ့တိုင်း ထောင်နဲ့ချီတဲ့လူတွေစုရုံးပြီး အမှတ်တရ ဖယောင်တိုင်ထွန်း ဆုတောင်းပွဲပြုလုပ်ကြတယ်။ ဒီလိုအမှတ်တရပွဲမျိုးကို တရုတ်ပြည်ပိုင်နက်အတွင်းမှာ ပြုခွင့်ရတဲ့ တစ်ခုတည်းသောနယ်ပယ်ဒေသဟာ ဟောင်ကောင်ပါပဲ။ ၂၀၁၂ ခုနှစ်က ဒေသခံတွေအနေနဲ့ မိမိတို့ပညာရေးစနစ်ထဲ မျိုးချစ်ဝါဒသွတ်သွင်းမှုအဆိုကို လက်မခံနိုင်ကြလို့ ကန့်ကွက်ဆန္ဒပြမှုတစ်ရပ် ပြုလုပ်ခဲ့တယ်။ ကျောင်းတွေ ဒီလိုပြဋ္ဌာန်းဖို့ ကြိုးစားတာကို အောင်မြင်စွာနဲ့ ဖယ်ထုတ်နိုင်ခဲ့ကြတယ်။
    တချိန်တည်းမှာပဲ ဟောင်ကောင်ကို ပြည်မကြီးက အခြားမြို့များလို ကျွန်ပြုဇာတ်သွင်းတော့မယ်ဆိုတာ ဟောင်ကောင်သားတွေ သိမြင်သွားကြတယ်။ တကယ်လို့ ဘေဂျင်းက ဒီမိုကရေစီတန်ဖိုးတွေအပေါ် ခြိမ်းခြောက်မှုတွေ ပြုလုပ်လာခဲ့မယ်ဆိုရင် ဟောင်ကောင်ရဲ့ အလားအလာ ဘာဖြစ်သွားမလဲ ?
    “ဟောင်ကောင်ဟာ တမူခြားစွာ တည်ရှိနေတုန်းပါပဲ။ ဒါပေမယ့် ဒီအခြေအနေ ယိုယွင်းတော့မယ့်အနေအထားကို ကျွန်တော်တို့ တွေ့နေရပါတယ်” လို့ Chinese University of Hong Kong ရဲ့ တရုတ်ပြည်ရေးရာလေ့လာမှုဌာနက ပရော်ဖက်ဆာ ၀ီလီလမ်မှ ဆိုပါတယ်။
    တစ်ပြည်ထောင် စနစ်နှစ်မျိုး
    ——————————–
    ဟောင်ကောင်နဲ့ တရုတ်ပြည်အကြား အကြီးအကျယ် ခြားနားနေတဲ့စနစ်တွေကို အတူယှဉ်တွဲပြီး တစ်စုတည်းသောနိုင်ငံတည်ထောင်ရေးလမ်းစဉ်ဟာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ယခုဆိုရင် အလွယ်တကူ ရိပ်စားမိပါပြီ။ ကွာဟချက်ကို နီးကပ်အောင် ကြိုးစားမှုမှန်သမျှ သဲထဲရေသွန် ဖြစ်ဖွယ်ရှိပါတယ်။ နှုတ်ထွက်ဖို့တောင်းဆိုခံရတဲ့ကြားက ဆန့်ကျင်ဖက်ကိုတံတားထိုးဖို့ ကြိုးစားနေတဲ့ ဘေဂျင်းကျောထောက်နောက်ခံ လူကြိုက်နည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying က “ဟောင်ကောင်ဟာ တစ်ပြည်ထောင် စနစ်နှစ်မျိုးအောက်က ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီကို မိမိဖာသာ ဖန်တီးခွင့် မရှိပါဘူး။ အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့ နည်းစဉ်က ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ပေမယ့် ပိုမိုကောင်းမွန်စေမှာပါ” လို့ စက်တင်ဘာ ၂၈ ရက်မှာ ပြောကြားတယ်။ ငရုတ်ကောင်းရည် ပက်ဖျန်းအရေးယူမှု မပြုလုပ်ခင် ပြောကြားတာပါ။
    ပိုပြီးကောင်းတယ်ဆိုတာ လုံးလုံးလျားလျားကောင်းမွန်တာမျိုး မဟုတ်လို့ မျိုးဆက်သစ်လူငယ်များဟာ ဟောင်ကောင်လမ်းမများအပေါ် ပြင်းထန်တဲ့ခံစားချက်နဲ့ တအုံတကျင်း ထွက်လာကြတာဖြစ်ပါတယ်။
    လွန်ခဲ့တဲ့ ၂၅ နှစ်က တီယန်အန်းမင်အရေးအခင်းဖြစ်အောင်လှုံ့ဆော်တဲ့အတွက် အကျဉ်းစံခဲ့ပြီး ယခုဟောင်ကောင်မှာ နေထိုင်နေသူ အလုပ်သမားခေါင်းဆောင် Han Dongfang က ဒီလိုဆိုပါတယ်။ မိမိ လူငယ်ခေါင်းဆောင်ဖြစ်ခဲ့စဉ်ကထက် ဒီဒေသက လက်ရှိလူငယ်လှုပ်ရှားသူများဟာ မိမိလိုချင်တာကို မိမိထက် ပိုပြီး ရှင်းရှင်းလင်းလင်း သိနေကြပါတယ်တဲ့။ Mongkok အရပ်က အသက် ၇၆ နှစ်အရွယ်အထည်ချုပ်သူ  Fu-tat က ဟောင်ကောင်ကျောင်းသားတွေရဲ့ လှုပ်ရှားမှုအပေါ် “သူတို့ဟာ တရုတ်ပြည်အတွက် မျှော်လင့်ချက်ပဲ” လို့ ပြီးခဲ့တဲ့တနင်္လာနေ့ညဥ့်က ပြောကြားခဲ့ပါတယ်။၂၀၀၃ ခုနှစ်မှာ လူထုဆန္ဒပြမှုကြောင့် ဟောင်ကောင် လုံခြုံရေးအကြီးအကဲရာထူးက နှုတ်ထွက်လိုက်ရပြီး လူထုပါတီသစ်ရဲ့ လွှတ်တော်အမတ်ဖြစ်နေတဲ့ Regina Ip ကတော့ ဒီလိုဆိုပါတယ်။
    “လက်ရှိဦးဆောင်သူတွေဟာ ဟောင်ကောင်မှာ တီယန်အန်းမင်လို နောက်ထပ်ဖြစ်ရပ် တစ်ခု ပေါ်လာဖို့ စီမံနေတယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မတို့လို ဟောင်ကောင် လူထုအတွက် ဘာကောင်းကျိုးရှိမှာလဲ ? တည်ငြိမ်အေးချမ်းမှုကို ကျွန်မတို့ လိုချင်ပါတယ်။ ပြဿနာတွေဆိုတာ အပြုသဘောဆောင်တဲ့ အပြန်အလှန်ဆွေးနွေးမှုနဲ့ ဖြေရှင်းသင့်တပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြမှုနဲ့ မဖြေရှင်းသင့်ဘူး”။
    ဟောင်ကောင်မှာကောက်ယူတဲ့စစ်တမ်းအရ အကြမ်းအားဖြင့် လူဦးရေ ထက်ဝက်လောက်ဟာ ဘေဂျင်းရဲ့ ရွေးကောက်တင်မြှောက်ရေးဖော်မြူလာကို လက်ခံလိုကြတယ်လို့ ခန့်မှန်းသုံးသပ်ချက်တစ်ရပ်က ဆိုပါတယ်။ ကန့်ကွက်ဆန္ဒပြမှုများဟာ စီးပွားရေးလုပ်ငန်းကို ထိခိုက်စေတယ်၊ တီယန်အန်းမင်တစ္ဆေ ခြောက်ခံရသူတွေအဖို့ တုန်လှုပ်စေတယ်။ ဟောင်ကောင်ဦးဆောင်သူတွေ ဖြိုခွင်းဖို့ ရှီက တရုတ်တပ်ဖွဲ့တွေကို အမိန့်ပေးမပေးဆိုတာ စဉ်းစားရခက်ပါတယ်။ သူဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ခါးသည်းနေပေမယ့်လည်း ဟောင်ကောင်က ဒီမိုကရေစီ အင်အားစုတွေကို ပြောင်ပြောင်တင်းတင်း ဖယ်ရှားဖို့ဆိုတာ တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ ဆန္ဒပြသူများအဖို့ မိမိတို့လိုလားချက် မပြည့်ဝရင်တောင်မှ အထိုက်အလျောက် ရရှိမယ်လို့ တွက်ဆထားပါတယ်။ လက်ရှိလှုပ်ရှားမှုကို ထောက်ခံအားပေးနေတဲ့ လူထုပါတီဥက္ကဌ Audrey Eu က “ဘေဂျင်းအနေနဲ့ သူရဲ့ရပ်တည်မှုကို နောက်ကြောင်းပြန်လှည့်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် ဟောင်ကောင်လူထုအနေနဲ့ ဦးမော့ရင်ကော့ထားရပါမယ်၊ မိမိကိုယ်ကို ကာကွယ်သွားရပါမယ်” လို့ ပြောကြားပါတယ်။
    ထီးဆောင်းတော်လှန်ရေးဟာ မှတ်တိုင်ကြီးတစ်ခု စိုက်ထူလိုက်ပြီးဖြစ်တယ်။
    “တရုတ်ပြည်က လူတွေအနေနဲ့ ဟောင်ကောင်ကို တရုတ်ပိုင်လို့ ယူဆကြတယ်။ သို့သော် ဟောင်ကောင်လူထုကတော့ ဟောင်ကောင်ဟာ တရုတ်ပြည်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် ကမ္ဘာပိုင်(ကမ္ဘာ့နယ်မြေတစ်ခု)သာ ဖြစ်တယ်လို့ ယူဆကြပါတယ်” လို့ အသက် ၂၀ အရွယ်ကျောင်းသား ဂျူလီယန်လမ်က ဆိုပါတယ်။
    ဟောင်ကောင်မြို့ခံတိုင်းက မျက်ရည်ယိုဓာတ်ငွေ့သုံး ထပ်မံတိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ အသင့်ရှိနေကြပါပြီ။ တရုတ်အစိုးရ၀ါဒဖြန့်နေသလို လွတ်မြောက်ရေးကြိုးပမ်းမှုဟာ ဘေဂျင်းကသြဇာကိုဖြိုလှဲဖို့အတွက် အနောက်တိုင်းရဲ့ ကြံစည်ခင်းကျင်းထားမှု မဟုတ်ဘူး၊ လူသားအပေါင်းရဲ့ အာသာဆန္ဒဖြစ်တယ်ဆိုတာ ရှင်းရှင်းကြီး သိရှိသွားခဲ့ပြီလေ။
    ကဲ့ – ကမ္ဘာ့တစ်ဝှန်းက ထီးတွေ စုစည်းညီညွတ်ကြပါစေလား။
    xxxxxxxxxxxxxxxxxxxxxxxxxx
    Hannah Beech  ရေးသားသော Time မဂ္ဂဇင်း၏မျက်နှာဖုံးဆောင်းပါး Why the territory’s fight for democracy is a challenge for China ကို
    မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • အလှကုန် ပစ္စည်းများ ထုတ်လုပ်မှုနောက်ကွယ်မှ အကျည်းတန် ဘ၀လေးများ
    အလှကုန် ပစ္စည်းများ ထုတ်လုပ်မှုနောက်ကွယ်မှ အကျည်းတန် ဘ၀လေးများ
    စက်တင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media
    201491961950832734_20
    – ကမ္ဘာ့အကျော်ကြားဆုံး အလှကုန် ပစ္စည်းများတွင် သုံးစွဲသည့် အဓိကပါဝင် ပစ္စည်းတစ်ခုကို ရရှိရန်အတွက် ကလေးငယ်များမှာ အိန္ဒိယ မိုင်းတွင်းများတွင် တရားမ၀င် အလုပ်များကို ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေကြရလေသည်။
    DanWatch ဆို့သည့် အန်ဂျီအို အဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာအရ အနည်းဆုံး နိုင်ငံတကာ ကုမ္ပဏီ ၁၂ ခုမှ ထုတ်လုပ်သည့် မိတ်ကပ်များ၌ ပါဝင်ပစ္စည်းဖြစ်သော မိုက်ကာ (အဖြိုက်) သတ္ထု တစ်မျိုးကို တူးဖော်ရန် အတွက် အိန္ဒိယနိုင်ငံ ဂျာခ့်ဟန်းနှင့် ဘီဟာပြည်နယ်များရှိ မိုက်ကာ မိုင်းတွင်းများတွင် ကလေး အလုပ်သမားများကို အသုံးပြုနေကာ အနည်းဆုံး ကလေးအလုပ်သမား ၅၀၀၀ ခန့်ရှိသည်ဟု ဖော်ပြထား၏။
    အလှကုန်ပစ္စည်များတွင် အရောင်လက်သော အမှုန်လေးများ ပါဝင်စေရန်အတွက် “မိုက်ကာ”ကို အသုံးပြုခြင်းဖြစ်ပြီး၊ ထိုမိုက်ကာကို ကြားခံ ပွဲစားများက မိုင်းတွင်းများမှ ၀ယ်ယူကာ L’Oreal နှင့် Estee Lauder တို့ကဲ့သို့ ကမ္ဘာကျော် အလှကုန် လုပ်ငန်းများသို့ တစ်ဆင့် ပြန်လည်ရောင်းချကြလေသည်။
    “ကျွန်တော်တို့ရဲ့ သုတေသနပြုမှုမှာ တရားမ၀င် မိုက်ကာ မိုင်းတွင်းတွေနဲ့ ကလေးအ လုပ်သမားတွေကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ အိန္ဒိယရဲ့ အရေးကြီးတဲ့ ပြဿနာတစ်ခုပါပဲ။ ပြီးတော့ ကုမ္ပဏီအများစုဟာ ကုန်ကြမ်ပစ္စည်း ဘယ်လိုရတဲ့ဆိုတာ စားသုံးသူတွေကို ရှင်းရှင်းလင်းလင်းမပြောကြပါဘူး”  ဟု DanWatch အဖွဲ့မှ လူစီ ဗိုလာကဆိုသည်။
    ဆိုးရွားသည့်အလုပ်များ
    ဂျာ့ခ်ဟန်းပြည်နယ် ကိုဒါမာမြို့ရှိ စွန့်ပစ်မိုက်ကာမိုင်းတွင်းတစ်ခုဖြစ်သော ချာကီမိုင်းတွင်းမှာပူးပြင်းလှသည့် နေရောင်အောက်တွင် တစ်ဖိတ်ဖိတ်တောက်လျက် ရှိနေသည်။  အိပ်ချင်မူးတူးဖြစ်နေသော ကလေးတစ်သိုက်က ကိရိယာ တန်ဆာပလာများကို ယူဆောင်ကာ ထိုမိုင်းတွင်းသို့ နွမ်းလျစွာ ချီတက်နေကြ၏။
    အသက် ၅ နှစ်အရွယ် အဂျေး ဒက်စ်က မိုက်ကာတွင်း တစ်တွင်းထဲသို့ ခုန်ချကာ တစ်နေ့တာ အလုပ်ကို စတင်လေတော့သည်။ သေးငယ်သော လက်ကလေးများက တူကို ဟန်ချက်မပြတ်အောင် ထိန်းထားရသည်။ သို့သော် မိုက်ကာ ပွင့်များဖြင့် တောက်ပနေသည့် တွင်းနံရံကိုတော့ တိကျစွာ ထုနှက်နေလေသည်။
    အန္တရာယ်များသည့် ထိုအခြေအနေတွင် အဂျေးမှာ တစ်နေ့လျှင် ၇ နာရီမှ ၈ နာရီအထိ တစ်ပတ် ၆ ရက်အလုပ်လုပ်ရသည်။ သို့ရာတွင် တစ်နေ့လုပ်ခ ရူပီ ၂၀ (ကန်ဒေါ်လာ ၃၃ ပြား) သာ ရရှိလေသည်။ ထိုပမာဏက ဆာလောင် ငတ်မွတ်သည့် သူ၏၀မ်းကို ဖြည့်နိုင်ရုံသာ ရှိလေ၏။
    “ဒီမိုင်းတွင်းတွေကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ပိတ်ပစ်ခဲ့တာပါ။ အဲဒီအချိန်ကတည်းက စပြီး ဒီပတ်ဝန်းကျင်က ဆင်းရဲသားတွေဟာ ဒီထဲက အပိုင်းအစတွေကို လာလာ တူးကြပါတယ်”
    ချာကီမိုင်းတွင်းနားတွင် အလုပ်လုပ်သည့် ကျောင်းဆရာတစ်ဦးဖြစ်သူ ရမ်လာခန် ပတ်စ်ဝမ်ကဆိုသည်။
    “ဒီလိုလာတူးတာကြောင့် မကြာခဏ ပြဿနာတွေဖြစ်ပါတယ်။ မိဘတွေနဲ့အတူ လာတူးကြတဲ့ ကလေးတွေလည်းရှိပြီး မိုင်းတွင်းအမိုးပြိုကျလို့ ပိတ်မိပြီး သေသွားတာတွေလည်း မနည်းပါဘူး” ၎င်းက ဖြည့်စွက်ခဲ့သည်။
    အသက် ၂၅ နှစ်အရွယ် မိုင်း လုပ်သား ကာရူဒက်စ်ကတော့ လွန်ခဲ့သည့် ငါးနှစ်က ချာကီ မိုင်းတွင်း မတော်တဆဖြစ်မှုတွင် ဇနီးသည်အား ဆုံးရှုံးခဲ့ရဖူးသည်။
    “မိုကာအပိုင်းအစတွေကို စုဆောင်းဖို့လုပ်နေရင်း မိုင်းတွင်းထဲမှာ ပိတ်မိခဲ့တာပါ။ ကျွန်တော်တို့ သူ့ကို တူးပြီး ထုတ်လာတဲ့အခါမှာတော့ သေနေပါပြီ” ဟု ကာရူဒက်စ် က သူ၏ ကိုယ်တွေ့ဇာတ်လမ်းကို ဖွင့်ဟခဲ့သည်။
    သို့သော်လည်း အခြားမည်သည့်နေရာကမှ ၀င်ငွေမရနိုင်သည့်အတွက် ကာရူကိုယ်တိုင်နှင့် ၎င်း၏ ကလေးများမှာ ထိုအန္တရာယ်တွင်းထဲသို့ပင် သက်ဆင်ခဲ့ရပြန်သည်။
    “တရားဝင်ဝင် မ၀င်ဝင်၊ ဒါက ကျွန်တော်တို့ရဲ့ ထမင်း ၂ နှစ်နပ်အတွက် အာမခံချက်ပေးတယ်လေ” ဟု ၎င်းက ဆိုခဲ့၏။
    ဓာတုဗေဒ ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အလှကုန်များက ကင်ဆာ အပါအ၀င် ကျန်းမာရေး အတွက် ထိခိုက်မှုကို ဖြစ်စေသည့် အတွက်ကြောင့် သဘာဝပစ္စည်းများကို အသုံးပြု ထုတ်လုပ်သည့် တို့ပတ်၊ မက်စကာရာ၊ မျက်ခုံးဆွဲတံ၊ နှုတ်ခမ်းနီနှင့် လက်သည်းအလှဆင်ပစ္စည်းများ၏ ၀ယ်လိုအားမှာ တဟုန်ထိုး တိုးတက်လာသည်။ ထိုအကြောင်းအရင်းက အလှကုန်များတွင် အဓိက ပါဝင်ပစ္စည်းဖြစ်သည့် မိုက်ကာကို အကြီးအကျယ်ထုတ်လုပ်မှုသို့ ဦးတည်စေခဲ့သည်။
    အိန္ဒိယမိုင်းတွင်းများဗျူရို၏ အဆိုအရ အိန္ဒိယမှာ တစ်နှစ်လျှင် မိုက်ကာ သတ္တုရိုင်းနှင့် အပိုင်းအစ တန်ချိန် ၁၅၀၀၀ ထုတ်လုပ်ပေးသည်ဟု သိရသည်။ ထိုပမာဏမှ တရားဝင် စာရင်းဖြစ်သည်။ သို့သော်လည်း ၂၀၁၁-၁၂ ခုနှစ်တွင် အိန္ဒိယမှာ မိုက်ကာသတ္တု ၁၃၀၀၀၀ ကျော် တင်ပို့ခဲ့၏။ တရားဝင်ပမာဏ၏ ၈ ဆခန့် ပိုများနေလေသည်။
    အိန္ဒိယ၏ မိုက်ကာထုတ်လုပ်မှု ထက်ဝက်ခန့်က တရုတ်ပြည်သို့သွားသည်။ ထိုမှတစ်ဆင့် ဥရောပနှင့် အမေရိကန်တို့မှ အလှကုန် လုပ်ငန်းကြီးများသို့ ရောက် ရှိလေသည်။
    သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများကြောင့် အိန္ဒိယရှိ မိုက်ကာမိုင်းများကို လွန်ခဲ့သည့် နှစ် ၂၀ ကပင် ပိတ်ပစ်ခဲ့သည်။ ထိုပိတ်ပစ်မှုက တရားမ၀င် မိုင်းတွင်း လုပ်ကိုင်မှုနှင့် အန္တရာယ်များသော ထိုလုပ်ငန်းသို့ ကလေးများအား မိုင်းလုပ်သားအဖြစ် တွန်းပို့လိုက်သကဲ့သို့ ဖြစ်ခဲ့လေ၏။
    DanWatch ၏ လေ့လာမှု အရ အိန္ဒိယမှ ပြည်ပသို့ တင်ပို့သည့် အရည်အသွေး အပြည့်ဝဆုံးသော မိုက်ကာပြားအများစုမှာ အဂျေးကဲ့သို့ ကလေးငယ်များ လုပ်ကိုင်နေသည့် တရားမ၀င် မိုင်းတွင်းများမှ ဖြစ်သည်ဟု ဆိုလေသည်။
    တရားမ၀င်မိုင်းတွင်းများကြောင့် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ဂျာခ့်ဟန်းပြည်နယ်က ဘဏ္ဍာငွေ ကန်ဒေါ်လာ ၄ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု မကြာသေးမီက ထုတ်ပြန်ခဲ့သော အိန္ဒိယအစိုးရ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
    ၅၀၀၀ သော ကလေးများ
    ကိုဒါမာမြို့အခြေစိုက် Jain Brothers မိုက်ကာမိုင်းတွင်းပိုင်ရှင် ဆူရက်ရှ် ကူးမားရ် ဂျိန်းက
    201491973433189734_3“မိုက်ကာတူးဖော်ရေးလုပ်ငန်းမှာ ၁၉၉၃ ခုနှစ်လောက် အထိ အလုပ်သမား ၂ သောင်းလောက် အလုပ်လုပ်ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တရားဝင်လုပ်သား ၁၀၀၀ လောက်သာ ရှိပါတော့တယ်။ ကလေးလုပ်သား ၅၀၀၀ လောက်က တရားမ၀င် လုပ်နေကြပါတယ်။ အစိုးရအနေနဲ့ ဆင်းရဲတဲ့ ရွာသားတွေကို ဒီအလုပ် လုပ်ခွင့်ပြုပြီး၊ လိုအပ်တဲ့ ကြိုတင် ကာကွယ်မှုတွေလုပ်ကာ အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးသင့်ပါတယ်” ဟု မိုက်ကာ မိုင်းတွင်း လုပ်ငန်းကြောင်းကို ပြောကြားခဲ့သည်။
    အလှကုန်လုပ်ငန်းတွင် ကလေးအလုပ်သမားများ အသုံးပြုမှုအတွက် ခေါင်းပုံဖျက်ခံရသည့် အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် DanWatch က ထုတ်ပြန်သည့်  အစီရင်ခံစာတွင် အလှကုန်ပစ္စည်း ၂၀ ကျော်ကို ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီ ၁၆ ခုအား ဆန်းစစ်ခဲ့သည်ဟု ဖော်ပြထားသည်။ ထို ၁၆ ခုအနက် ၁၂ ခုမှာ ၎င်းတို့ အသုံးပြုနေသည့် မိုက်ကာမှာ မည်သည့် ရင်းမြစ်ကလာသည်ကို မသိကြ။
    L’Oreal ကဲ့သို့ ကမ္ဘာတစ်ဝှမ်း အလှကုန်ပစ္စည်းများထုတ်လုပ်သော ကုမ္ပဏီများသို့ မိုက်ကာများ ထောက်ပံ့နေသည့် ဂျာမနီကုမ္ပဏီ Merck KGaA ကုမ္ပဏီကမူ ၎င်းတို့ မိုက်ကာကုန်ကြမ်းရယူသည့် ကြားခံပွဲစားများမှာ ကလေးအလုပ်သမားများ လုပ်ကိုင်သော မိုင်းတွင်းများမှ ၀ယ်ယူသည်ဟု ၀န်ခံခဲ့သည်။
    သို့သော်လည်း ပွဲစားများက ၎င်းတို့၏ ဖောက်သည်များကို မပြောပြခဲ့ကြ။
    “ကျွန်တော့် ဖောက်သည်တွေရဲ့ အမည်ကို မပြောနိုင်ပါဘူး။ ဒါဟာ စီးပွာရေး လျှို့ဝှက်ချက်ပါ။ ကုန်ကြမ်းတွေကို ကျွန်တော် တို့ ပြုပြင်ပြီး နိုင်ငံခြားက ဖောက်သည်တွေ ဆီ ပေးပို့တယ် ဆိုတာက ကျွန်တော်တို့ပြောနိုင်တာ အကုန်ပါပဲ” ဟု မိုက်ကာ ပွဲစားတစ်ဦးဖြစ်သူ မိုဟန် မိုဒီကပြောကြားခဲ့သည်။ သို့သော် ၎င်းလုပ်ကိုင်နေသည့် ကုမ္ပဏီအမည်ကိုတော့ ပြောပြခဲ့ခြင်းမရှိ။
    အလ်ဂျာဇီးရားသို့ ပေးပို့သော အီးမေးလ်တွင် Merck ကုမ္ပဏီမှ မီဒီယာ ဆက်ဆံရေး မန်နေဂျာ ဂါးဟာဒ် လက်ခ်ျက
    “Merck ရဲ့ လူမှုရေးဆိုင်ရာ စည်းကမ်းချက်မှာ ကလေးအလုပ်သမားတွေ အသုံးပြုတာကို ပိတ်ပင်ထားပါတယ်။ ကုန်ကြမ်ပေးပို့သူတွေအနေနဲ့ ကျွန်တော်တို့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်မှာ ပါဝင်တဲ့ “ကလေးအလုပ်သမားများကို ခန့်ထားခြင်းမပြုရ” ဆိုတဲ့ စည်းကမ်းချက်အတိုင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ စည်းကမ်းချက်နဲ့ ညီတဲ့ ကုန်ကြမ်ပေးပို့သူတွေဖြစ်လာဖို့နဲ့ အရောင်ထည့်တဲ့လုပ်ငန်းမှာ ကလေးအလုပ်သမားတွေ မပါဝင်ဖို့ လိုအပ်တဲ့ ဆောင်ရွက်ချက်အားလုံးကို Merck အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါပြီ” ဟု ရေးသားထားလေသည်။
    ထို့ပြင် Merck အနေဖြင့် အိန္ဒိယမှ ထုတ်လုပ်သော မိုက်ကာများ အသုံးပြုခြင်းကို လျှော့ချမည်ဟု ဆိုသော်လည်း ဂျာ့ခ်ဟန်းပြည်နယ် မိုင်းတွင်းများမှထွက်သော မိုက်ကာများကို ဆက်လက်အသုံးပြုနေမည်ဖြစ်လေသည်။
    မိုင်းတွင်းများတွင် ကလေးအလုပ်သမားများ အသုံးပြုမှုကို တွန်းလှန်ရေးအတွက် ကုမ္ပဏီများအနေဖြင့် မိုက်ကာများရရှိသည့် လမ်းကြောင်းများကို ဂျာခ့်ဟန်းအစိုးရနှင့် တိုက်ရိုက်ဆက်သွယ်ထားသော ခြေရာခံသည့် စနစ်တစ်ခု ထားရှိရမည်ဟု လက်ခ်ျက အကြံပြုခဲ့သည်။
    အစိုးရက လစ်လျူရှုထားခြင်း
    အသက် ၁၄ နှစ်အောက်ကလေးငယ်များ မိုင်းတွင်းများတွင် အလုပ်လုပ်ခြင်းကို တရားမ၀င်ဟု ကုလသမဂ္ဂ၏ သဘောတူညီချက်များတွင် ဖော်ပြထားသည်။ ထိုကဲ့သို့ အလုပ်ခိုင်းခြင်းက ကလေးငယ်များ အပေါ် အဆိုးဝါးဆုံး ခေါင်းပုံဖြတ်ခြင်းဖြစ်သည်ဟု နိုင်ငံတကာ အလုပ်သမားများအဖွဲ့ကလ်း သတ်မှတ်ထားလေသည်။
    သို့သော်လည်း အိန္ဒိယရှိ မိုက်ကာမိုင်းတွင်းများတွင် ကလေးငယ်များ အလုပ်လုပ်နေရသည့် ကိစ္စမှာ နိုင်ငံတစ်ဝှမ်း အုတ်အော်သော201491973840768580_3င်းနင်း ဖြစ်နေသော်လည်း ထိုပြဿနာကို အိန္ဒိယအစိုးရ လစ်လျူရှုထား၏။
    အလ်ဂျာဇီးရာက အိန္ဒိယသတ္ထုတွင်းဌာန အတွင်းရေးမှူး အနပ် ကေ ပူဂျာရီကို ဂျာခ့်ဟန်းရှိ တရားမ၀င် မိုင်းတွင်းများနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ
    “ကျွန်တော်ဘာပြောရမှာလဲ။ အစိုးရအနေနဲ့ အဲဒီဒေသမှာ တရားမ၀င်လုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ သိရှိခြင်း မရှိပါဘူး” ဟုသာ ပြန်လည်ဖြေကြားခဲ့လေ၏။
    အလှကုန်လုပ်ငန်းများတွင် အသုံးပြုသော မိုက်ကာထုတ်လုပ်မှုနှင့် ကလေးအလုပ်သမားများ ဆက်စပ်မှုမှာ ယခင်ကလည်း ရှိခဲ့သည်။ Merck KGaA ကုမ္ပဏီမှာ အိန္ဒိယရှိ မိုက်ကာ မိုင်းတွင်းများတွင် ကလးအလုပ်သမားများကို အသုံးပြုနေသည်ဟု စွပ်စွဲချက်မျိုး ၂၀၀၉ ခုနှစ်တွင် ပေါ်ထွက်ခဲ့ဖူးသည်။
    သိက္ခာဆယ်သည့်အနေဖြင် Merck က အန်ဂျီအိုအဖွဲ့ Bachpan Bachao Andolan (BBA) နှင့် ပူးပေါင်းကာ ဂျာခ့်ဟန်းတွင် ကလေးများ ရွာတစ်ရွာကို ဖန်တီးဆောက်လုပ်ပေးခဲ့သည်။ ထိုရွာမှ ကလေးများမှ အလုပ်မလုပ်ရပေ။ ထိုရွာတွင် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အခြားသော အဆောက်အဦးများလည်း ပါဝင်သည်။
    သို့သော်လည်း BBA ကို တည်ထောင်သူ ကိုင်လာ့ရှ် ဆတ်ယာသီကမူ Merck ၏ ထိုလုပ်ရပ်မှာ အမြင်ကောင်းအောင် ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ဝေဖန်ခဲ့၏။
    “သူတို့မှာ ရေရှည်လုပ်မယ့် အစီအစဉ်မျိုး မရှိပါဘူး။ စာသင်ကျောင်းကို သူတို့ ပျော်ပွဲရွှင်ပွဲ အများကြီးနဲ့ စတင်ခဲ့ပါတယ်။ ဒါပမေယ့် အခုအချိန်မှာ အဲဒီကျောင်းနဲ့ သူတို့လုပ်ခဲ့တဲ့ ကျန်းမာရေးစင်တာတွေဟာ ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ အစိုးရကလည်း တရားမ၀င်မိုင်းတွင်းတွေကို မရပ်တန့်ချင်ပါဘူး။ ပြီးတော့ ကလေးတွေရဲ့ ကောင်းကျိုးဆိုးကျိုးကိုလည်း ဂရုမစိုက်ပါဘူး”
    အနာဂတ်ပျောက်နေသည့် ဂျာခ့်ဟန်းမှ ကလေးငယ်များအကြောင်းကို ဆတ်ယာသီက ဖွင့်ဟခဲ့ခြင်းပင်။
    Al Jazeera သတင်းဌာနရဲ့  ” Ugly truth behind global beauty industry” ဆောင်းပါးကို လေးမောင် မြန်မာမှုပြု သည်။
  • မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး နောက်ပြန်လှည့်ပြီလား ?
    မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး နောက်ပြန်လှည့်ပြီလား ?
    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    20149188229395734_20
    အစိုးရကို အယုံအကြည်မရှိကြောင်း လက်ကမ်းစာရွက်တွေ ဖြန့်ဝေခဲ့တာကြောင့် ဖမ်းဆီး ထောင်ချခံရသူ ကိုထင်ကျော်
    မြန်မာအစိုးရသည် လူ့အခွင့်အရေးကဏ္ဍများကို ဦးစားပေးရမည့်အစား စီးပွားရေးနာလန်ထရေးကိုသာ အင်တိုက်အားတိုက်ဦးဆောင်နေကြောင်း ဝေဖန်ရေးသမားတို့က ဆိုကြသည်။
    (၂၀၁၂)ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ပထမဆုံး အလည်အပတ်လာရောက်သည့် အမေရိကန်သမ္မတ အဖြစ် ဘားရက်အိုဘားမား ရောက် လာစဉ်က နိုင်ငံခေါင်းဆောင်တို့သည် အိုဘားမားရည်ညွှန်းသည့် “ ဒီမိုကရေစီသို့ ရှေ့ရှုသော ထူးခြားခရီးစဉ်” အပေါ် နိုင်ငံတော်ကိုထူထောင်မည့် အခိုင်အမာမျှော်မှန်းချက်ရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။
    (၂၀၁၂)ခုနှစ်တွင် မြန်မာသမ္မတ ဦးသိန်းစိန်က လမ်းစဉ်(၁၁)ရပ်ကို ချမှတ်ခဲ့သည်။ ၎င်း၌ နှစ်(၆၀)အာဏာရှင်အုပ်ချုပ်ရေးကာလအတွင်း မတရားဖမ်းဆီး အကျဉ်းချခဲ့သည့် နိုင်ငံရေးအကျဉ်းသားပေါင်း (၂၅၀၀)အား (၂၀၁၃)နှစ်ကုန်ပိုင်းတွင် နောက်ဆုံးထား ပြန်လွှတ်ပေးရေး၊ (၂၀၁၃)ခုနှစ် ဇန္န၀ါရီလ မတိုင်မီ နှစ်ပေါင်း(၅၀)ကျော် အစိုးရအား စစ်ဆင်ရင်ဆိုင်လာကြသော တိုင်းရင်းသား အုပ်စုများနှင့် အပစ်အခတ် ရပ်စဲခြင်းကို ဖြစ်မြောက်အောင် ဆောင်ရွက်ရေး၊ ပဋိပက္ခ ဒဏ်သင့်ဒေသများထံ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထား အကူအညီပေးမှု ရောက်ရှိစေရေး၊ နယ်နှင်ဒဏ်ခံနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခံရသော ဂျာနယ်လစ်နှင့် ဝေဖန်ရေးသမား တို့အား အမည်ဆိုးစာရင်းမှ ပယ်ဖျက်ရေး စသည်တို့ ပါဝင်သည်။
    (၂၀၁၁)ခုနှစ် ပြုပြင်ပြောင်းလဲရေးအစိုးရ အာဏာ ရယူခဲ့ချိန်မှစပြီး ဤဆောင်ရွက်ချက် အချို့ကို လက်တွေ့မြင်ကြရလင့် ကစား ဦးသိန်းစိန်အစိုးရ ကတိပြုထားသော ပြုပြင်ပြောင်းလဲရေး ကိစ္စ အများစုမှာတော့ ကျယ်ကျယ်ပြန့်ပြန့်  ထိထိရောက်ရောက် ဖြည့်ဆည်းပေးခြင်း မရှိသေးချေ။
    ရခိုင်ပြည်နယ်တွင်း လူမျိုးရေး အကြမ်းဖက်မှု မြင့်တက်လာခြင်းက ရိုဟင်ဂျာ မွတ်စ်လင်မ်ပေါင်း ခန့်မှန်းချေ တစ်သိန်းလေးသောင်းကို အိုးအိမ်မဲ့ဘ၀သို့ တွန်းပို့ခဲ့သည်။ ထို့အတူ မဖြေရှင်းနိုင်သေးသည့် မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသား ပဋိပက္ခများသည်လည်း လူပေါင်း တစ်သိန်းနှစ်သောင်းကို ဒုက္ခသည် စခန်းများသို့ ရောက်ရှိ သွားစေသည်။ ထိုအရေးများမှာ ဒေသတွင်း၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစိုးရိမ်ရဆုံးပြဿနာအဖြစ် စင်ပေါ်ရောက်လာလေသည်။
    တပြိုင်နက်တည်းဆိုသလို ပဋိပက္ခဒေသများသို့ စာနာကူညီရေးအဖွဲ့များ မရောက်နိုင်အောင် ကန့်သတ်မှု မပြတ်ပြုခဲ့သည့်အပြင်၊ အကြမ်းဖက်ခံ ရိုဟင်ဂျာ မွတ်စ်လင်မ် နှစ် ဒါဇင်ခန့်ကို ဆေးကုသပေးသည်ဆိုသောသတင်း ထွက်လာပြီးနောက် ဖေဖော်ဝါရီလ၌ ပြင်သစ်အခြေစိုက် နိုင်ငံတကာ လူသားချင်းစာနာထောက်ကူရေး အဖွဲ့တစ်ခုဖြစ်သည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို တမင်ရည်ရွယ်ချက်ရှိရှိ နှင်ထုတ်ခဲ့ကြသည်။
    စစ်တပ်က ကြီးစိုးနေတုန်း၊ ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှု မပြုဘဲ ပေတေတင်းခံနေတဲ့ အင်အားစု ဖြစ်နေတုန်းပါပဲ။ မဖြေရှင်းပဲ လွှတ်ထားတဲ့ ပြဿနာဟောင်း အများအပြားရှိနေတယ်။ ပြန်လည်ပြုပြင်ရေးအရိပ်ခိုပြီး အဲ့ဒါတွေက ပိုလို့တောင် ကြီးမား ကျယ်ပြန့်လာနေ တာကို တွေ့ရတယ်”
    David Mathieson
    နောက်ပြန်လျှောကျခြင်း၏ သာဓက
    အဆုံးမသတ်နိုင်သည့် ယင်းအရေးများ မြင်ကွင်းရှေ့ရောက်နေခြင်းနှင့်အတူ ပြန်လည်ပြုပြင်ရေးလမ်းစဉ်ပြိုလဲအောင် တမင်ရည်ရွယ်ကြံဆောင်နေကြောင်း၊ ယင်းကြံစည်ချက်၏နောက်ဆုံး အခြေအနေရောက်နေကြောင်းဟု အတိုက်အခံခေါင်းဆောင်နှင့် လေ့လာသူများက ယုံကြည်ကြသည်။ အာဏာရှင် လမ်းဟောင်းသို့ ခြေချော်သယောင် နောက်ပြန်လျှောကျနေသည့်လက္ခဏာများအဖြစ် အချို့က ရှုမြင်နေပါသည်။
    “အဓိကအရေးပါတဲ့ အခန်း ကဏ္ဍများကိုကြည့်ရင်၊ အခြားကဏ္ဍများမှာ နှေးကွေးစေခြင်း သို့မဟုတ် အပြောင်းအလဲမရှိခြင်းကို ကြည့်ရင် နောက်ပြန်လှည့်မယ့် သာဓကတွေဆိုတာ သံသယ ၀င်စရာ မရှိပါဘူး။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ခေါင်းဆောင်ပိုင်း အနည်းစုလေးသာ စိတ်ဝင်တစားလုပ်ဆောင်နေတာကို ဘယ်လိုဖြစ်ဖြစ် ခန့်မှန်း တွက်ဆနိုင်ပါတယ်။ စစ်တပ်က ကြီးစိုးနေတုန်း၊ ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှု မပြုဘဲ ပေတေတင်းခံနေတဲ့ အင်အားစု ဖြစ်နေတုန်းပါပဲ။ မဖြေရှင်းပဲ လွှတ်ထားတဲ့ ပြဿနာဟောင်း အများအပြားရှိနေတယ်။ ပြန်လည်ပြုပြင်ရေးအရိပ်ခိုပြီး အဲ့ဒါတွေက ပိုလို့တောင် ကြီးမား ကျယ်ပြန့်လာနေတာကို တွေ့ရတယ်” ဟု နယူးယောက်ခ် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ အကြီးတန်းသုတေသီ David Mathieson မှ ပြောကြားသည်။
    မြန်မာနိုင်ငံသည် မကြုံဖူးလောက်အောင် စီးပွားရေးအောင်မြင်မှုများ ရနေသော်လည်း ယိုယွင်းနေသော တရားရေးစနစ်၊ အခွင့်ထူး ခံသြဇာနှင့် နိုင်ငံ့အခြေခံ အဆောက်အဦ လစ်ဟာချက်တို့ကြောင့် အာဏာပိုင် အချို့အား တိုင်းပြည်တစ်ဝှမ်း အတိုင်းထက်အလွန် ခြယ်လှယ် ခွင့်ပေးသလိုဖြစ်နေရာ ပြန်လည်ပြုပြင်ရေး နည်းစဉ်သည် ချည့်နဲ့ပြိုလဲနေပြီ ဖြစ်ကြောင်း သူက ဆိုသည်။
    “ပြန်လည်ပြုပြင်ရေးလို့ အသံကောင်း လွှင့်နေတဲ့ကာလအတွင်း နိုင်ငံ့အကြီးအကဲတွေ အတော်ပြင်းပြင်းထန်ထန် ကျူးလွန်လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတစ်ချို့ကို ကျွန်တော်တို့ မှတ်တမ်းပြုထားပါတယ်။ စစ်ရာဇ၀တ်မှုနဲ့ လူသားချင်းစာနာမှုမဲ့ရာဇ၀တ်မှု ဘောင်ဝင်နေသော နှိပ်စက်စော်ကားချက်များလည်း ပါဝင်ပါတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲခြင်း မဟုတ်ပါဘူး” ဟူ၍ Fortify Rights ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ Matthew Smith က ရခိုင်ပြည်နယ်ရှိ လတ်တစ်လော အကွက်ချ သတ်ဖြတ်မှုနှင့် စစ်တပ်မှ ဒေသခံပြည်သူတို့အား အဓမ္မခိုင်းစေမှုကို ထောက်ပြကာ ပြောဆိုလိုက်သည်။
    သြဂုတ်လလယ်ပိုင်းက တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို ပဲ့ကိုင်ဦးတည်မည့် ပထမဆုံးအကြိမ် စဉ်ဆက်မပြတ်ဆွေးနွေးပွဲသို့ တိုင်းရင်းသူပုန်ခေါင်းဆောင်များက အစိုးရ အရာရှိများကို ထည့်သွင်းခဲ့ကြသည်။ အစိုးရ ကိုယ်စားလှယ်များက မကြာမြင့်မီ ထိုအစည်းအဝေးများမှ သဘောတူညီချက် တစ်ရပ် ဆောင်ကြဉ်းနိုင်မည်ဟု ဆိုသော်လည်း တိုင်းရင်းအုပ်စုများအပေါ် ကိုယ်ပိုင်အုပ်ချုပ်စီရင်နိုင်ခွင့်ကို မဆိုစလောက်မျှသာ ပေးမည့် သဘောထားအား တွေ့ရကြောင်း အတိုက်အခံခေါင်းဆောင်များက ဆိုသည်။
    “ဒါက နိုင်ငံရေး ကစားကွက်တစ်ခုပါပဲ။ စားပွဲဝိုင်းဆွေးနွေးမှုပြုလုပ်နေကြတဲ့သူတွေဟာ အပြန်အလှန် ယုံကြည်မှု ရှိမနေတဲ့အတွက် ဒီလုပ်ငန်းစဉ် အလုပ်မဖြစ်နိုင်ဘူးဆိုတာ အစိုးရဖက်က သိထားပါတယ်” ဟု ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်းက ပြောကြားသည်။ ဒေါ်စုကြည်မှ ယင်းဆွေးနွေးပွဲ တက်ရန် ကမ်းလှမ်းသော်လည်း အစိုးရဖက်မှ သူမအား ထည့်သွင်းပါဝင်ရန် စိတ်မ၀င်စားကြောင်း ဖြည့်စွက်ပြောပြခဲ့သည်။
    မြန်မာနိုင်ငံအတွက် အကြီးအကျယ် အပြောင်းအလဲဖြစ်စေနိုင်မည့် (၂၀၁၅) နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ၌ ဒေါ်စုကြည်အား သမ္မတရာထူး ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေး အတားအဆီးဖြစ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းတစ်ရပ်ကို အပြောင်းအလဲပြုဖို့ အစိုးရဖက်က ငြင်းဆန်ထားသည်။ အစိုးရ၏ ယင်းသို့တင်းခံနေခြင်းက လာလတ္တံ့သော ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတခြင်း မရှိနိုင်ကြောင်း လေ့လာသူများကို ယုံကြည်သွားစေလေသည်။
    “ပြန်လည်ပြုပြင်ရေးလို့ အသံကောင်း လွှင့်နေတဲ့ကာလအတွင်း နိုင်ငံ့အကြီးအကဲတွေ အတော်ပြင်းပြင်းထန်ထန် ကျူးလွန်လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတစ်ချို့ကို ကျွန်တော်တို့ မှတ်တမ်းပြုထားပါတယ်။ စစ်ရာဇ၀တ်မှုနဲ့ လူသားချင်းစာနာမှုမဲ့ ရာဇ၀တ်မှု ဘောင်ဝင်နေသော နှိပ်စက်စော်ကား ချက်များလည်း ပါဝင်ပါတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲခြင်း မဟုတ်ပါဘူး”
    ပြန်လည်ပြုပြင်ရေးအား တားဆီးထားသည့် အကြောင်းတရားများ
    မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ သိသာလှသော နောက်ပြန်လှည့်မှုမှာ အခါခပ်သိမ်း ဖြစ်ပေါ်နေခြင်းတော့ မဟုတ်ချေ။ (၂၀၁၁)ခုနှစ်ကတည်းကစ၍ ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး ထောင်နှင့်ချီသောသူတို့အား အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။ ပါလီမန်လွှတ်တော်ဖက်ကလည်း ဆယ်စုနှစ်များစွာအတွင်း ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးမည့်ဥပဒေပြဋ္ဌာန်းရန် ပထမဆုံးအကြိမ်အဖြစ် ကျယ်ကျယ်လောင်လောင် အသံထွက်ပေါ်ခဲ့သည်။
    သို့ဖြင့် ပြောင်းလဲမှု အရှိန်အဟုန် အားပျော့သွားသည့်တိုင် ဒေသတွင်း စီးပွားရေး သမဂ္ဂဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများ အသင်း(အာဆီယံ)၏ ဥက္ကဌအဖြစ် အပ်နှင်းခံရသည်။
    (၂၀၁၃)နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် ဦးသိန်းစိန်မှ အခိုင်အမာ ကတိပြုထားသော်လည်း ဇူလိုင်လအထိ နိုင်ငံအနှံ့အပြား၌ အမျိုးသမီး(၉)ဦးအပါအ၀င် လူပေါင်း (၆၉)ဦးကို နိုင်ငံရေး ပုဒ်မဖြင့် အကျဉ်းချထားဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအသင်း၏အဆိုအရ သိရသည်။
    နိုင်ငံတကာဦးဆောင်သူများမှ သတိ မပေးမချင်း ကြာညောင်းနေဦးမည်ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် သြဂုတ်လ (၉)ရက် မြန်မာနိုင်ငံသို့ရောက်စဉ်က (၂၀၁၂)ခုနှစ် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ဖြေလျော့ပေးပြီးစဉ်မှစ၍ ဆက်ဆံရေးကောင်းမွန်လာခြင်းအပေါ် အခွင့်ကောင်းယူပြီး နောက်ပြန်မလှည့်ရန် မြန်မာခေါင်းဆောင်တို့အား သတိပေးပြောကြားခဲ့သည်။ အမေရိကန်ကွန်ကရက် လွှတ်တော်အမတ်များမှ ပြင်းထန်စွာ လက်မှတ်ထိုးရေးသားချက်ထွက်ပေါ်ပြီး ရက်ပိုင်းအတွင်း ကယ်ရီမှ ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်၏။
    အလ်ဂျဇီးရားမှ ဆက်သွယ်ရာတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေး ၀န်ကြီးသစ် ဦးရဲထွဋ်က တစ်စုံတစ်ရာမှတ်ချက်ပေးရန် ရှောင်ဖယ်ခဲ့သည်။ သို့သော် စက်တင်ဘာ(၂)ရက်တွင် ဦးသိန်းစိန်သည် နိုင်ငံပိုင်ရေဒီယိုမှ မိမိ၏ အစိုးရအဖွဲ့မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အား ဆုံးခန်းတိုင်သည်အထိ စိစစ်ဆောင်ရွက်သွားရန် ခံယူထားကြောင်း လူထုသို့ ထပ်မံ၍ အခိုင်အမာကတိပြု မိန့်ခွန်းပြောကြားသည်။
    “လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ယထာဘူတကျကျ ဆန်းစစ်ကြည့်မယ်ဆိုရင် လမ်းကြောင်းမှန်မှန်နဲ့ သင့်တော်တဲ့ ပန်းတိုင်ဆီသွားနေကြောင်း ငြင်းဆို မရတာကို တွေ့ရပါမယ်။ ကျွန်တော်တို့အားလုံးဟာ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေး ခံယူချက်အားဖြင့် နိုင်ငံရေးလမ်းကြောင်းသစ်တစ်ရပ် နဲ့ ပြန်လည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ နိုင်ငံ့အကျိုးအတွက် ကောင်းကျိုးမျှော်ပြီး ကိုယ်စီကိုယ်ငှ ပြုလုပ်ဆောင်ရွက်နေကြပါတယ်”
    လူ့အခွင့်အရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု
    သို့သော် ရှေ့နောက်မညီမှု ထပ်မံဖြစ်ပွားပြန်သည်။ ဇူလိုင်လတွင် မြန်မာနိုင်ငံအလယ်ပိုင်းမှ ဓာတု လက်နက်စက်ရုံအကြောင်းဖော်ပြလိုက်သည့် “ယူနတီ” ပြည်တွင်း ဂျာနယ်၏ အယ်ဒီတာချုပ်နှင့် ဂျာနယ်လစ်လေးဦးကို ထောင်ဒဏ်(၁၀)နှစ်ဖြင့် ပြင်းထန်ကြမ်းတမ်းစွာ စီရင်ချက်ချခဲ့သည်။ အခြားသော ဂျာနယ်လစ်များသည်လည်း သတင်းဖော်ပြယုံ သက်သက်ဖြင့် မတန်မရာ စွဲချက်တင်ကာ အမှုရင်ဆိုင်နေရကြောင်း လေ့လာသူများက ဆိုသည်။
    မြန်မာနိုင်ငံသို့ (၁၀)ရက် ခရီးစဉ်အပြီး လတ်တလောခန့်အပ်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန် ယောင်ဟီးလီ က ဇူလိုင် (၂၈)ရက်တွင် “နောက်ပြန်ဆုတ်နိုင်ဖွယ် လက္ခဏာများအပေါ် စိုးရိမ်ရကြောင်း” ပြောကြားခဲ့သည်။ အာဏာ လက်ဝယ်ရှိသူတို့၏ မလိုလားကြသော သတင်းကို ဖော်ပြကြသည့် ဂျာနယ်လစ်များ အပေါ် ခြိမ်းခြောက်မှု၊ နှောက်ယှက်မှု၊ တိုက်ခိုက်မှုများနှင့် ညှင်းပန်းမှုများကို မီးမောင်းထိုးပြသွားသည်။
    “မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များက ဒီမိုကရေစီ အသိုင်းအ၀ိုင်းအဖို့ လက်မခံနိုင်စရာ အနေအထား ဖြစ်လို့နေပါတယ်။ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ လွတ်လပ်စွာဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ စုရုံး/ဖွဲ့စည်းခွင့်ဆိုင်ရာ လုပ်ပိုင်ခွင့်များက ဒီအခြေအနေကို ထင်ဟပ်စေ ပါတယ်။ ဆွေးမြေ့နေတဲ့ ပြဋ္ဌာန်းချက်များက ဒီလိုအခွင့်အရေးတွေကို အသက်ရှူခွင့် ပိတ်ထားသေးတယ်။ ထပ်ဆင့်ဆိုရရင် လွတ်လပ်စွာ စုရုံး/သင်းဖွဲ့ခွင့် ဆိုင်ရာ ပြဋ္ဌာန်းဥပဒေများက နိုင်ငံတကာ စံချိန် စံနှုန်းနဲ့ မကိုက်ညီပါဘူး” ဟု သူမက အလ်ဂျဇီးရားသို့ ပြောပြသည်။
    အစိုးရ စာရင်းဇယားအရ ပြီးခဲ့သော ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုမှာ လွန်ခဲ့သည့်နှစ်နှင့်နှိုင်းစာသော် (၁၉၂.၈၅)ရာခိုင်နှုန်းသို့ ရောက်သွားသည် အထိ စံချိန်တင်သွားခဲ့သလို ယခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် (၈.၅)ရာခိုင်နှုန်းသို့ တည်ငြိမ်စွာ တိုးတက်လာကြောင်း နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့က ဆိုထားသည်။ မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုပြဿနာအား ချက်ခြင်းမဖြေရှင်းပါက ၎င်းဖွံ့ဖြိုးမှုမှာ ရေရှည်မတည်တံ့နိုင်ပါဟု လီက ဆိုပါသည်။
    “စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး ထူထောင်သင့်တယ်လို့ ပြောဆိုခြင်းဟာ အဆိုးရွားဆုံးအမှားပါပဲ။ စီးပွားရေးကို မောင်းနှင်တာဟာ လူသားတွေဖြစ်တယ်။ အခြေခံ လူ့အခွင့်အရေးကို ပြည့်ပြည့်၀၀ မပေးပဲနဲ့ ဘယ်အစိုးရကမှ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုကို စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး”။
    အမြင်မတူသူများလည်း ရှိနေကြပေသည်။
    “မြန်မာနိုင်ငံဟာ စီးပွားရေး အလားအလာကောင်းဖက်ကို သွားနေပါတယ်။ ရင်းနှီးမြုပ်နှံမှု အသစ်တွေကို အဓိကအားဖြင့် အစိုးရဖက် ကဖြစ်နေသော်လည်း နေ့စဉ်နီးပါး ကြေငြာပေးနေပါတယ်။ အဓိကရင်းနှီးမြုပ်နှံမှုအကြောင်းနဲ့ပတ်သက်လို့ လူတိုင်းကို ကျွန်တော် ပြောခဲပါတယ်။ ရင်းနှီးမြုပ်နှံမယ်ဆိုရင် လက်ရှိနိုင်ငံရေးအခြေအနေ၊ သတင်းစာလွတ်လပ်ခွင့်၊ ရိုဟင်ဂျာနဲ့ ဘယ်မီဒီယာအသေးစားကိုမဆို ထည့်သွင်းစဉ်းစားရမယ့်အကြောင်းတစ်ရပ်ပါပဲ။ တကယ်တမ်းကျတော့ မြန်မာတစ်နိုင်ငံတည်း ရင်ဆိုင်နေရတဲ့ပြဿနာတွေ မဟုတ်ပါဘူး” ဟု မြန်မာ့ရင်းနှီးမြုပ်နှံမှု  ဒေသတွင်းဘဏ္ဍာရေးအကြံပေးအဖွဲ့မန်နေဂျာ Gregory Miller က ပြောလေသည်။
    xxxxxxxxxxxxxxxxxxxxxxx
    အလ်ဂျဇီးရားမှ ဖော်ပြသော Are Myanmar’s reforms backsliding?  ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်ပြန်ဆိုသည်။
  • အလ်ကိုင်ဒါ အတွင်းပိုင်းက စီအိုင်အေ နှစ်ဖက်ခွ သူလျှို
    အလ်ကိုင်ဒါ အတွင်းပိုင်းက စီအိုင်အေ နှစ်ဖက်ခွ သူလျှို
    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    1Dfl3lO
    လောကနှစ်ခု၊ အသွင်နှစ်မျိုးနှင့် နှစ်ဖက်ခွတည်ရှိနေခြင်းက သေတွင်းနှင့် လက်တစ်ကမ်းအကွာ ရှင်သန်ခြင်းပင်။
    ဤသည်မှာ မော်တင် စတောမ်း Morten Storm ၏ ဘ၀ ဖြစ်သည်။ အစွန်းရောက်အစ္စလာမစ်သမားအဖြစ်မှ နှစ်ဖက်ခွ သူလျှိုလုပ်ခဲ့သူ ၎င်းက ကမ္ဘာ့ အတွင်းရေး လျှို့ဝှက်ချက်အချို့ကို လှစ်ဟဖွင့်ချလိုက်လေပြီ။
    သူ့ဘ၀ဖြစ်စဉ်သည် သူလျှိုဝတ္ထုများမှ ဇာတ်ကောင်အတိုင်း ဖြစ်ကြောင်း သူ၏  “Agent Storm: My Life Inside al Qaeda and the CIA” ၌ ဖွင့်ပြောထား၏။ ထိုစာအုပ်ကို တွဲဖက်ရေးသားသူမှာ CNN မှ အကြမ်းဖက်ဝါဒ သုတေသီ ပေါလ် ခရွစ်ရှန့် (Paul Cruickshank)နှင့် တင်မ် လစ္စတာ (Tim Lister)တို့ ဖြစ်ကြပြီး သူတို့နှစ်ဦးစလုံးက CNN ၏ သတင်းထောက်များဖြစ်သည်။
    မကြာသေးမီကပင် CNN နိုင်ငံတကာရေးရာ အကြီးတန်းသတင်းထောက်ဖြစ်သူ နစ် ရောဘတ်ဆင် (Nic Robertson)နှင့် ခေတ္တထိုင်ခဲ့သေး၏။
    “ကျွန်တော့်မှာ နာမည် အမျိုးမျိုးရှိပြီး အသွင် အမျိုးမျိုး ဆောင်ခဲ့တယ်။ မော်တင် စတောမ်း၊ မုရဒ် စတောမ်း၊ အဘူ အိုစာမာ၊ အဘူ မုဂျာဟစ်ဒ် ဆိုတာ ကျွန်တော်ပါပဲ”ဟု စတောမ်းက ဆိုသည်။
    သူ့အား အလ်ကိုင်ဒါ ထိပ်တန်းခေါင်းဆောင်များက အလွန်ကိုးစား ယုံကြည်ခဲ့ကြသည်။ အလ်ကိုင်ဒါခေါင်းဆောင်တွေထဲ က တယောက်အတွက် ဥရောပသူ ဇနီးတစ်ဦး သူရှာပေးခဲ့ဘူးသည်။ အလ်ကိုင်ဒါ စည်းဝိုင်းထဲ ရှိနေစဉ် တလျှောက်လုံး အနောက်တိုင်း ထောက်လှမ်းရေး အဖွဲ့များအတွက် လုပ်ကိုင်ပေးနေခဲ့ကြောင်း စတောမ်းက ပြောပြ၏။
    “ဆယ်စုနှစ် တစ်ဝက်လောက် ကျွန်တော်ဟာ လောက နှစ်ခုထဲ အသွင်နှစ်မျိုးနဲ့ ခေါက်တုန့်ခေါက်ပြန် လှုပ်ရှားနေခဲ့ပါတယ်။ တစ်ချက်လောက် လွဲချော်တာနဲ့ အသက်ပါပြီးသားပါပဲ။ ဘုရားမဲ့ ၀ါဒ၊ အပြင်းစား အစ္စလာမ်ဝါဒ၊ အင်္ဂလိပ်စကား၊ အရဗီစကား တွေ အကြားမှာ လျှောက်လှမ်းနေခဲ့တယ်။ ဒါဟာ လူတစ်ကိုယ်ဘ၀ကွဲ ဘ၀ပုံဟန်မျိုး ဖြစ်ပါတယ်” ဟူ၍ သူ့စာအုပ်တွင် ရေးသားသည်။
    ကြီးပြင်းလာပုံ
    ————–
    စတောမ်း၏ ထူးခြားသောခရီးစဉ်သည် ဒိန်းမတ်နိုင်ငံ၊ ကော်ဆာ Korsor အမည်ရှိမြို့မှ မထင်မရှားဘ၀ဖြင့်သာ စတင်လာခဲ့သည်။
    ထိုဒေသသည် ကလေးငယ်တစ်ဦးအဖို့ ကစားခုန်စားနေရာပေါများသည့်အရပ်ဖြစ်ကြောင်း၊ သူသည် တောတန်းနှင့်ကမ်းခြေတွင် ပျော်မွေ့ခဲ့ကြောင်း၊ ဖခင်မဲ့သွားသည့်အချိန်တွင် ရုန်းကန်ခဲ့ရကြောင်း စတောမ်းက မှတ်မိနေဆဲ။
    ဘ၀အစပိုင်းမှာပင် စတောမ်းမှာ ဒုက္ခနွံထဲ နစ်ရသည်။ ဆယ်ကျော်သက်အရွယ်က မသိစိတ်၏ထိုးဆွမှုကို ခံရလေတိုင်း သူသည် လက်နက်ကိုင်ဓားပြတိုက်ခြင်းနှင့် တိုက်ခိုက်ခြင်းကို ကျူးလွန်ခဲ့သည်။
    “လက်ဝှေ့ထိုးခြင်းက ကျွန်တော့်အတွက် နိုင်လိုမင်းထက်ပြုလိုမှုကို ဖယ်ရှားတဲ့နည်းလမ်း တစ်ခုဖြစ်ခဲ့တယ်” ဟု အကန့်အသတ်မဲ့ တိုက်ခိုက်လိုခဲ့သူ စတောမ်းက ဆိုသည်။
    သူ၏ (၁၈)နှစ်မြောက်မွေးနေ့တွင် အကျဉ်းထောင်ထဲ ခြေချခဲ့၏။ ပြန်ထွက်လာပြီးနောက် စတောမ်းသည် Bandidos အမည်ရှိ ဆိုင်ကယ်စီးလူဆိုးဂိုဏ်းသို့ ၀င်ရောက်သည်။ အဓိကအဖွဲ့ဝင်အဖြစ် လုပ်ကိုင်ခဲ့သည်။
    သစ္စာကို ဖွေရှာခြင်း
    ———————-
    ကော်ဆာစာကြည့်တိုက်ရှိ ဘာသာရေးစာအုပ်စင်ငယ်လေးတွင် တမန်တော် မုဟမ္မဒ်၏ ထေရုပ္ပတ္ထိတော် စာအုပ်ကို တွေ့ရှိရာမှ စတောမ်း၏ ဘ၀အချိုးအကွေ့ အပြောင်းအလဲဖြစ်ခဲ့သည်။
    “အဲ့ဒါက ကျွန်တော့်ကို ပြောင်းလဲစေခဲ့တယ်။ သစ္စာတရားတွေ ရှာဖွေတွေ့ရှိသွားတယ်။ အဲ့ဒီစာအုပ်က ကျွန်တော့်ကို ပြောပြခဲ့တာပါ”။
    သို့နှင့် စတောမ်းသည် မုရဒ် စတောမ်း ဖြစ်လာ၍ ယီမင်သို့ သွားသည်။ ၎င်းတွင် အရဗီစာပေနှင့်တစ်ကွ အစ္စလာမ်ကို ပြင်းထန် တင်းကြပ်စွာ အဓိပ္ပာယ်ဖွင့်ချက်များကို သင်ကြားခဲ့သည်။ သူ့သားဖြစ်သူအား အိုစာမာ ဘင်လာဒင် ဟု အမည်ပေးခဲ့သည်။
    ၎င်းနောက် ဂျိဟာ့ဒ်လောကသို့ ဦးစိုက်ဝင်ရောက်သည်။ ယီမင်၌ မုဂျာဟစ်ဒင်များ အကြောင်း ရုပ်ရှင်ဖန်တီးလိုသော ဒိန်းမတ်နိုင်ငံသား ဂျာနယ်လစ် နဂျီးဘ် ခါဂျာ Nagieb Khaja နှင့် ခရီးနှင်ခဲ့သည်။
    ထိုဒေသ၌ရှိစဉ် အာရေဗျကျွန်းဆွယ် အလ်ကိုင်ဒါပင်မအဖွဲ့ဝင်အဖြစ် လျာထားခံရသူ၊ ထို့ပြင် အမေရိကန်၏ အဓိကပစ်မှတ်ဖြစ်သူ ယီမင်-အမေရိကန်ကပြား တရားဟောဆရာ အန်ဝါရုလ် အောင်လာကီနှင့် စတောမ်းတို့သည် အလွန်ရင်းနှီးကျွမ်းဝင်သွားခဲ့သည်။
    “သူတို့ဟာ နောက်နောက်ပြောင်ပြောင် ရှိတယ်၊ ဖြစ်စဉ်တွေ ထိုင်ပြောကြတယ်။ အနောက်နိုင်ငံတွေက သူတို့ စိတ်တိုင်း မကျတဲ့အရာတချို့အကြောင်းတွေကို ဟာသလုပ်ကြတယ်။ ဂျိဟာ့ဒ်အကြောင်းအရာကို ဆွေးနွေးပြောဆိုခဲ့တယ်။ ဒီ့နောက် စတောမ်းဟာ အစွန်းရောက်သူ ဖြစ်လာတော့တယ်။ အန်ဝါရုလ် အောင်လာကီက တောက်လျှောက်နားချခဲ့တယ်။ သွေးအေးအေးနဲ့ အသင့်ရှိနေဖို့ ပြောဆိုလိုက်တယ်” ဟု ခါဂျာမှ ပြောပြသည်။
    စတောမ်းက ဆိုမားလီးယားရှိ ဂျိဟာ့ဒ်သမားတို့နှင့် ပူးပေါင်းရန် မတုန့်မဆိုင်း ဆုံးဖြတ်ခဲ့၏။ သို့သော် နောက်ဆုံးအချိန်ကျမှ သူ့အား မလာရောက်ရန် ဖုန်းအဆက်အသွယ်ရခဲ့သည်။ တောက်မည့်မီးခဲ တရဲရဲမှ အန္တရာယ်ကြီးလှသည့်အနေအထားသို့ တက်လှမ်းသွားလေသည်။
    “ကျွန်တော် အလွန်အမင်းကို ကသိကအောက်ဖြစ်လို့ စိတ်ပျက်သွားရတယ်။ ဘက်ကန်ချင်စိတ် ဖြစ်သွားပါတော့တယ်”ဟု CNN သို့ စတောမ်းမှ ပြောပြ၏။ စိတ်ပျက်ခြင်းမှသည် သံသယစိတ်ကို ကြီးထွားလာစေတော့သည်။
    ဘက်ပြောင်းခြင်း
    ——————-
    သူသည် လက်ပ်တော့တစ်လုံးရှေ့ထိုင်လျက် သူ့သောကများကို ဖြေဖျောက်ရန် ရိုက်နှိပ်နေခဲ့၏။
    ouble Agent
    ကုရ်အာန်ထဲက ကွဲပြားဆန့် ကျင်နေတဲ့ အချက်တွေ အကြောင်း ပြောထားတဲ့ ဝက်ဘ်ဆိုဒ်တွေ အများကြီးကို တွေ့ ခဲ့ပါတယ်။ အဲ့ဒါတွေကို စူးစမ်းလေ့လာဖို့ အချိန်ကာလတစ်ရပ်ကြာခဲ့တယ်။ ဒါပေမယ့် အဲ့ဒါတွေက တကယ်ကို ဆန့်ကျင်နေကြောင်း ကောက်ချက်ချ မိလိုက်တာနဲ့ တပြိုင်နက် ကျွန်တော့်ယုံကြည်ချက်ဟာ တစ်စမကျန် လွင့်စင်သွားတယ်။ ကျွန်တော့်နှလုံးသားနဲ့ ယုံကြည်မှုထဲကနေ မွတ်စ်လင်မ်ဖြစ်ခြင်းက ရပ်တန့်လိုက်ပါတော့တယ်” ဟု သူကဆိုသည်။
    ထို့နောက် သူသည် ဒိန်းမတ်ထောက်လှမ်းရေးသမားတို့နှင့် ဆက်သွယ်ပြီး လုပ်ငန်းသစ် တစ်ရပ်ဆောင်ရွက်လိုကြောင်း ပြောပြသည်။ မွတ်စ်လင်မ် မဟုတ်တော့သဖြင့် အကြမ်းဖက် တိုက်ဖျက်ရေး စစ်ပွဲတွင် ပါဝင်လိုစိတ်ဖြစ်ခဲ့သည်။
    ၎င်းတို့က သူ့အတွက် အလုပ်ရစေရန် အချိန်မဖြုန်းခဲ့၊ အရေးပေါ်သူလျှိုတစ်ဦးအဖြစ် သူ့ကို ဖန်တီးပေးလိုက်၏။ များမကြာမီ သူ့အောင်မြင်မှုများက CIA မှ မျက်စေ့ကျစေခဲ့သည်။
    PET ဟုကျော်ကြားသော ဒိန်းမတ်ထောက်လှမ်းရေး အေဂျင်စီအကြီးအကဲဟောင်း Hans Jorgen Bonnichesen က “သူဟာ အဖိုးတန်မဖြတ်နိုင်တဲ့ အေးဂျင့်တစ်ဦး၊ အလိုရှိနေတဲ့ သတင်းရင်းမြစ်အချို့ကို ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူ သံသယမရှိပါဘူး” ဟု ပြောပြခဲ့သည်။
    ထိုစဉ်အခါက သူလျှို အသိုင်းအ၀ိုင်း၌ အလ်ကိုင်ဒါ ကွန်ရက်သားတို့နှင့် ပခုံးချင်း ယှဉ်နိုင်သော နှစ်ဖက်ခွအေးဂျင့် တစ်ဦး လိုအပ်နေလျက်ရှိသည်။ စတောမ်းသည် ထိုသို့သောလူစားပင် ကွက်တိဖြစ်နေခဲ့၏။
    စတောမ်း၏ဖြစ်စဉ်အပေါ် မှတ်ချက်ပေးရန် CIA မှ ငြင်းဆိုထားသည်။ အလားတူပင် သူ၏စကားများအပေါ် ဒိန်းမတ်အာဏာပိုင်များကလည်း အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို အလျဉ်းမပြုလုပ်ကြ။
    စကင်ဒီနေဗီးယား၏ အကြမ်းဖက်တန်ပြန်ရေး ထိပ်တန်းကျွမ်းကျင်သူ Magnus Ranstorp က စတောမ်းနှင့်ပတ်သက်ပြီး “ထပ်တိုးပြောရရင် သူဟာ နေရာများစွာကို ရောက်ခဲ့တယ်၊ တကယ်တွေ့ရမယ့်လူတွေအားလုံးနဲ့ ဆုံခဲ့တယ်။ ဒါက သူ့ရဲ့ သူမတူတဲ့ ကံကောင်းမှု ဖြစ်တယ်။ သူ့လို ဘက်စုံ အရည်အချင်းပြည့်ဝသူ များများစားစား ရှိမယ်လို့ ကျွန်တော် မထင်ဘူး။ သူဟာ တကယ့် စံပြပုဂ္ဂိုလ်ပါပဲ” ဟုပင် ဆိုခဲ့သည်။
    အံဝင်ခွင်ကျ ဇာတ်ကသူ
    —————————
    စတောမ်း၏ ဘက်တော်သားပီသမှု စစ်မစစ်ကို နှစ်ဖက်စလုံးမှ စမ်းသပ်ခဲ့ကြသည်။ ရွှေရောင်ဆံပင်နှင့် ဥရောပသူတစ်ဦးကို မိမိ၏တတိယဇနီးအဖြစ် ရှာယူပေးရန် အလ်အောင်လာကီမှ သူ့အား ခိုင်းစေခဲ့သည်။
    သူက အစ္စလာမ်သို့ကူးပြောင်းပြီးကာစ၊ မိမိကိုယ်ကို အာမီနဟ်ဟု အမည်ပေးထားသော ခရိုအေးရှားသူ Irena Horak ကို ရအောင် ရှာဖွေပေးခဲ့သည်။ ၎င်းမှာ နတ်သမီးထောင်ချောက် တစ်ခု အခြေတည်လိုက်ခြင်းတည်း။
    ထိုသူမမှာ ငါးစာ ဖြစ်၏။ တဏှာကြီးသည့် အလ်ကိုင်ဒါခေါင်းဆောင် တစ်ဦးကို မြူဆွယ် သတ်ဖြတ်မည့် သံသယမ၀င်အောင် သွေးသားကို စတေးပေးဆပ်သူတစ်ဦးပင်ဖြစ်၏။
    စတောမ်းကိုကြားခံ၍ အလ်အောင်လာကီနှင့် အာမီနဟ်သို့ လျှို့ဝှက်အီးမေးလ်များ၊ ဗီဒီယိုများ အပြန်အလှန် ဖလှယ်ခဲ့ပြီးနောက် ထိမ်းမြားဖို့ သဘောတူညီမှု ရခဲ့သည်။
    အာမီနဟ်သည် ယီမင်သို့ ဖြတ်ကျော် ၀င်ရောက်နိုင်ပါက သူ၏ကြိုးပမ်းမှုများ အတွက် ဒေါ်လာနှစ်သိန်းခွဲလက်ခံရရှိခဲ့သည်။ အာမီနဟ်၏ အ၀တ်သေတ္တာအတွင်း လျှို့ဝှက်ခြေရာခံ ကိရိယာတစ်ခုကို တိတ်တဆိတ်ထည့်သွင်းသယ်ဆောင်စေခဲ့သည်။
    နောင်သောအခါ အလ်အောင်လာကီထံမှ အီးမေးလ်တစ်စောင် ရခဲ့၏။ သူသည် အာမီနဟ်နှင့်ထိမ်းမြားလိုက်ပြီး ထင်ထားသည်ထက်သာကြောင်း ၎င်း၌ ရေးသားထားသည်။
    သို့သော် အာမီနဟ်ထံမှလည်း အီးမေးလ်တစ်စာင် ရပြန်၏။ သူမရေးသားထားသည်မှာ အလ်အောင်လာကီက သူတို့ မဆုံခင် အဝတ်သေတ္တာကို ပစ်ခဲ့ဖို့ ပြောခဲ့ကြောင်း ဒါကြောင့် သူမက ပစ်ခဲ့သည့်အတွက် ထောက်လှမ်းရေးကိရိယာပါ ကျန်ခဲ့တော့သည်။
    မိမိ၏ စီအိုင်အေ ခေါင်းကိုင်ကြီးများမှာ အမျက်ချောင်းချောင်း ထွက်ခဲ့ကြောင်း၊ မိမိအား ခြောက်လ အထိ စကားပြောရန် ငြင်းပယ်ခဲ့ကြောင်း၊ သို့သော် ခြေဦးပြန် လှည့်လာကြောင်း စတောမ်းက ဆိုသည်။
    စတောမ်း၏စကာအရ အလ်ကိုင်ဒါနှင့် ပတ်သက်သည့် မည်သည့်သတင်းမဆို အနံ့ခံနိုင်ရေး အတွက် အလ်အောင်လာကီအား အသေရရ အရှင်ရရ သတင်းပေးနိုင်မည် ဆိုလျှင် ဒေါ်လာငါးသန်းပေးမည်ဟု ကတိပြုကာ စီအိုင်အေသည် သူ့အကူအညီကိုပင် ဆက်လက်ယူနေခဲ့ရသည်။
    လူလုံးထွက်ပြခြင်း
    ——————
    အလ်အောင်လာကီမှာ နောက်ဆုံးတွင် ခြေရာခံမိသွားသည်။ ၂၀၁၁ ခုနှစ်တွင် အမေရိကန် မောင်းသူမဲ့ယာဉ် တိုက်ခိုက်မှုဖြင့် သေဆုံးခဲ့သည်။ ၎င်း၏ဇနီးဖြစ်သူ အာမီနဟ်က စတောမ်းထံ အီးမေးလ်ဖြင့် ဆက်သွယ်သည်။ သူမသည် အသေခံဗုံးခွဲသမား အဖြစ် ခံယူမည်ဟု ဆိုသော်လည်း ပယ်ချခံရကြောင်း ပြောပြခဲ့သည်။ CNN က သူမ၏ မိသားစုမှ တဆင့် အာမီနဟ်နှင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့မှ အတွေ့မခံခဲ့ဟု ဆိုသည်။ အကြမ်းဖက် တန်ပြန်ရေး ဥရောပသား အရာရှိတစ်ဦးက ထိုအချိန်တွင် အာမီနဟ်အဖို့ အန္တရာယ် ကျရောက်နိုင်ကြောင်း သတိပေးသည့် သတင်းတစ်ပုဒ် ထုတ်လွှင့်ခဲ့သည်ဟု CNN သို့ ပြောပြသည်။
    အလ်အောင်လာကီအား အဆုံးသတ် ရှာဖွေပေးနိုင်သည့် အလုပ်ကို မိမိလုပ်ခဲ့ကြောင်း စတောမ်းက တသွင်သွင် ဆိုသော်လည်း၊ ထိုနှစ်အတွင်း ဟိုတယ်တစ်ခု၌ စတောမ်း၏ အသံသွင်းချက်တစ်ရပ်တွင် သီးခြား သူလျှိုလမ်းကြောင်းတစ်ခုမှ ယင်း အကြမ်းဖက်ခေါင်းဆောင်ကို ခြေရာခံနိုင်ခဲ့သည်ဟု ငြင်းဆိုပြောကြားထားသည်။ ဆိုလိုရင်းမှာ စတောမ်းမှ မိမိရပိုင်ခွင့်ဟု ထင်မှတ်ထားသည့် ဒေါ်လာ ငါးသန်းကို ပေးခြင်းခံရမည်မဟုတ် ဟူ၏။
    သူနှင့် သူ့ခေါင်းကိုင်တို့အကြား ဆက်ဆံရေး ယိုယွင်းခဲ့ပြီး၊ နောင်သောအခါ သူသည် CIA နှင့် PET အတွက် အလုပ်လုပ်ပေးခြင်းကို ရပ်တန့်လိုက်သည်။
    ဆိတ်ဆိတ်နေမည့်အစား မိမိ၏ဖြစ်စဉ်နှင့်တစ်ကွ လူလုံးထွက်ပြရန် စတောမ်းမှ ဆုံးဖြတ်လိုက်ပေသည်။
    ငါးနှစ်တာကာလအလွန်က စုစုပေါင်း ဒိန်းမတ်ငွေ ခရိုနီ ၁.၅ သန်း (ဒေါ်လာ နှစ်သိန်းခြောက်သောင်း)ကို ဒိန်းမတ်ထောက်လှမ်းရေးအေဂျင်စီမှ  PET က သူ့အား အခွန်ကင်းလွတ်ငွေအဖြစ် ပေးမည်ဟု ကမ်းလှမ်းသည့်အကြောင်း ဒိန်းမတ်သတင်းစာ Jyllands-Posten ထံ သူက ဖွင့်ပြောခဲ့သည်။
    သို့သော် သူ၏နိုင်ငံခြားသူဇနီးသည်အတွက် ဒိန်းမတ်၌ အတည်တကျနေထိုင်ခွင့် အပါအ၀င် ကတိက၀တ်ပေါင်းများစွာကို PET မှ ချိုးဖောက်ခဲ့သဖြင့် ယင်းကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု သူက ဆိုသည်။
    နှစ်များစွာအတွင်း အသွင်အမျိုးမျိုးဖြင့် အသုံးတော်ခံခဲ့သော်လည်း စတောမ်းမှာ သက်ဆိုးရှည်နေဆဲ။
    တစ်ချိန်က သူ၏သွေးသောက်ရဲဘော်များဖြစ်ခဲ့သော အစ္စလာမ်စစ်သွေးကြွတို့ထံမှ သူ့အား လုပ်ကြံသတ်ဖြတ်မည့် ခြိမ်းခြောက်မှုများ ထွက်လာပြီးနောက် သူသည် ပုန်းလျှိုးကွယ်လျှိုး နေထိုင်နေရသည်။ ဆီးရီးယား ISIS တိုက်ခိုက်ရေးသမားတို့သည် နံရံတွင်ချိတ်ထားသည့် သူ့ဓာတ်ပုံအား ပစ်ခတ်ပြသည့် ဗီဒီယို ထုတ်လွှင့်သောအခါ ယမန်နှစ်က ယင်းခြိမ်းခြောက်မှုမှာ အမှန်ပင် ဖြစ်ကြောင်း ရှင်းလင်းထင်ရှားသွားခဲ့လေသည်။
    “သူတို့က ခင်ဗျားတို့လည်ပင်းကိုပိုင်းပြီး ခေါင်းဖြတ်နိုင်သည်ဖြစ်စေ၊ ခင်ဗျားတို့ကို ပစ်သတ်ပြီး ကားစင်တင်ချိတ်ဆွဲနိုင်သည်ဖြစ်စေ ကျွန်တော်ကတော့ ကွပ်မျက်ခံရမှာပါပဲ” ဟု သူ၏သူလျှိုလုပ်စဉ်ကာလအကြောင်းကို စတောမ်းမှ ပြောပြခဲ့၏။
    xxxxxxxxxxxxxx
    CNN မှ Agent Storm: Inside al Qaeda for the CIA ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။