News @ M-Media
Category: ဘာသာပြန်
  • သံဃာများနဲ့ လူထုကြားက လွန်းထိုး လွန်ဆွဲမှုများ
    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်
    07zin-articleLarge
    မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုထဲက ရုပ်အဆိုးဆုံးလက္ခဏာတစ်ရပ်ကတော့ ဘာသာရေးအကဲဆတ်မှု ရုတ်ခြည်းမြင့်မားလာမှုပဲ ဖြစ်တယ်။ အထူးသဖြင့် မွတ်စ်လင်မ်တွေအပေါ် ဦးတည်နေခြင်းပါပဲ။ လွတ်လပ်မှုဆိုတာက အုံ့ပုန်းအာဃာတများစွာအပေါ်မှာရှိနေတဲ့ ကဲလားတံခါးတစ်ချပ်ကို ဖွင့်လှပ်လိုက်ပြီး၊ အာဏာပိုင်ထဲက ခေတ်ဆွေးကြိုက်သူတွေနဲ့ သံဃာတော်တွေဟာ ဒီလှုပ်ရှားမှုတွေရဲ့ အဓိမောင်းတံများ ဖြစ်နေတယ်။
    ပြီးခဲ့တဲ့ ရက်သတ္တပတ်က အစိုးရအနေနဲ့ ဘာသာကူးပြောင်းချင်သူ မည်သူမဆို ဒေသခံအာဏာပိုင်များရဲ့ ခွင့်ပြုချက်ကို အလျင်ဦးဆုံးရယူရမယ်ဆိုတဲ့ ဥပဒေတစ်ရပ် အဆိုပြုလာတယ်။ အဲ့ဒီဥပဒေအရ မဖွယ်ရာသော လွှမ်းမိုးမှုနဲ့ တိုက်တွန်းခြင်းအားဖြင့် ယုံကြည်မှုကို ပြောင်းလဲစေမယ်ဆိုရင် ပြစ်ဒဏ်ပေးဖို့လည်း ပါဝင်တယ်။ အဲ့ဒါဟာ မဘသအမည်ရှိ အစွန်းရောက် ဗုဒ္ဓဘာသာဝင်သံဃာအုပ်စုကြီးက ထောက်ခံလက်မှတ် ၁.၃ သန်းနဲ့အတူ တင်သွင်းတိုက်တွန်းမှုကြောင့် အစိုးရဖက်က ပြုစုနေတဲ့ ဥပဒေမူကြမ်းလေးခု အနက် တစ်ခုပါပဲ။ ကျန်တဲ့ မူကြမ်းသုံးရပ်ကတော့ ဘာသာခြားနဲ့ထိမ်းမြားမှု၊ မွေးဖွားမှုနှုန်း၊ ဇနီးအများယူခြင်းအပေါ် ကန့်သတ်ရေးအတွက် ဥပဒေပြဌာန်းဖို့ တွန်းအားပေးထားပါတယ်။ လူထုအားလုံးအပေါ်သက်ရောက်စေမယ့်ဥပဒေလို့ ဆိုပေမယ့်လည်း အဲ့ဒါတွေက မြန်မာနိုင်ငံက လူနည်းစုဝင် ဘာသာခြားတွေကို ခြုံခို တိုက်ခိုက်မှုတွေချည်းပါပဲ။ အထူးသဖြင့် လူဦးရေ ၂.၂ သန်းသာရှိတဲ့ မွတ်စ်လင်မ်တွေကို ဖြစ်ပါတယ်။
    အဲ့ဒီခွဲခြားချိုးနှိမ်မှု ဥပဒေများကို သမ္မတက လက်ခံခဲ့တဲ့အတွက် ထင်ရှားတဲ့ အမျိုးသမီးရေး လှုပ်ရှားသူတွေနဲ့ လူနည်းစုခေါင်းဆောင်တွေ ဦးဆောင်ပြီး အရပ်ဖက်လူ့အဖွဲ့အစည်းပေါင်း ၁၀၀ က မဆိုင်းမတွ ကန့်ကွက်ခဲ့ကြတယ်။ သူတို့ကို မဘသအဖွဲ့က အမျိုးသားသစ္စာဖောက်တွေအဖြစ် ရှုတ်ချခဲ့ပေမယ့်လည်း အဲ့ဒီဥပဒေကြမ်းတွေအပေါ် အတိုက်အခံပြုတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ပိုမိုများပြားလာပါတယ်။
    ဒီလိုတုန့်ပြန်မှုမျိုး ယခင်က တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးပါဘူး။ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့အစဉ်အလာအရ ရဟန်းသံဃာများကို အလွန်ကြည်ညိုလေးစားကြတယ်။ ခိုင်းစေမှုတွေအပေါ် စောဒက တက်ခဲလှပါတယ်။ သံဃာတွေကို နိုင်ငံရေး အနေအထား အရ ပြန်လည်ဆန့်ကျင်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဒီလောက်ထိ များပြားတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
    ဗုဒ္ဓဘာသာဂိုဏ်းဂဏများထဲမှာလည်း သံဃာဟာ သင်္ကန်းကို ပခုံးနှစ်ဖက်လုံး သို့မဟုတ် လက်ဝဲဖက်ကိုသာ ရုံထားသင့်သလား စသဖြင့် သံဃာ့ဝိနည်းတွေနဲ့ ပတ်သက်လို့ အချေအတင် ဖြစ်ပွားလျက်ရှိပါတယ်။ အစဉ်အလာနဲ့ အခြေအနေအကြား ၀ိဝါဒကွဲပြားမှုရှိတာ ကြာလှပါပြီ။ သံဃာများစွာဟာ ကိုလိုနီအုပ်ချုပ်ရေး စနစ်ကို ဆန့်ကျင်ခဲ့ကြတယ်။ အချို့ဆိုရင် လက်နက်စွဲကိုင်တော်လှန်တဲ့အထိပါပဲ။ ၁၉၈၀ နှစ်များကနေ ၂၀၀၀ ပြည့်နှစ်တစ်လျှောက်လုံး ဒီမိုကရေစီထောက်ခံ လှုပ်ရှားမှုတပ်ဦးဖြစ်ပေါ်လာဖို့ ကျောင်းသားတွေကို ရဟန်းသံဃာများက ထောက်ခံအားပေးခဲ့ကြတယ်။
    တတ်ကျွမ်းနားလည်သူပညာရှင်များက သံဃာတော်တွေအပေါ် ဝေဖန်လေ့ရှိတတ်ပေမယ့် ၀ိနည်းတော်နဲ့ မညီညွတ်တဲ့ အချက်ကြောင့်သာ ဖြစ်တယ်။ နိုင်ငံရေးရာကြောင့်  မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ဓမ္မနဲ့ သင်္ကန်းရဲ့ဂုဏ်အင်သိက္ခာအပေါ် နှစ်နှစ်ကာကာ ယုံကြည်ရသလို၊ သီလကြောင် သံဃာမှန်သမျှ အယူ တိမ်းချော်လွဲမှားသူဖြစ်ကြောင်း သတ်မှတ်ဖို့လည်း သွန်သင်ထားချက် ရှိနေပါတယ်။
    ဒီလိုတုန့်ပြန်မှုမျိုး ယခင်က တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးပါဘူး။ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့အစဉ်အလာအရ ရဟန်းသံဃာများကို အလွန်ကြည်ညိုလေးစားကြတယ်။ ခိုင်းစေမှုတွေအပေါ် စောဒက တက်ခဲလှပါတယ်။ သံဃာတွေကို နိုင်ငံရေး အနေအထား အရ ပြန်လည်ဆန့်ကျင်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဒီလောက်ထိ များပြားတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
    ဒါပေမယ့် ယခုချိန်မှာတော့ ဘာသာရေးအစွန်းရောက်မှုပြဿနာပေါ်မူတည်လို့ သံဃာတွေနဲ့ အရပ်သားအုပ်စုတွေ အကြား ကွာဟချက်တစ်ရပ် သိသိသာသာ ကြီးထွားလာနေပါပြီ။
    မွတ်စ်လင်မ်အများစုပါဝင်တဲ့ လူပေါင်း ၃၀၀ ကျော်သေဆုံးပြီး တစ်သိန်းလေးသောင်းမျှ အိုးအိမ်မဲ့ဖြစ်သွားစေသော ရခိုင်ပြည်နယ်အနောက်ပိုင်း ရိုဟင်ဂျာမွတ်စ်လင်မ်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အဓိကရုဏ်း ပွင့်ထွက်လာချိန် ၂၀၁၂ နှစ်လယ်ပိုင်းမှာ ဗုဒ္ဓအမျိုးသားရေးဝါဒက အစွန်းရောက် တရားဖက် ဦးလှည့်သွားခဲ့တယ်။( အစိုးရကတော့ ရိုဟင်ဂျာများကို နယ်ခံတိုင်းရင်းသားအဖြစ် ငြင်းဆိုထားပြီး၊ မြန်မာပြည်ရဲ့လူများစွာကလည်း သူတို့ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က ကျူးကျော်ဝင်ရောက်လာသူတွေလို့ သတ်မှတ်ထားကြတယ်)။ အကြမ်းဖက်မှုဟာ နိုင်ငံ့အခြားဒေသနဲ့ ရိုဟင်ဂျာမဟုတ်သော (အများနဲ့ သဟဇာတဖြစ်လှပါတယ်လို့ သတ်မှတ်ခံထားရတဲ့) အခြားမွတ်စ်လင်မ်တွေဆီ ပျံ့နှံ့သွားတဲ့အခါ တစ်ယူသန်မှုသဘောကို အသုံးချလိုက်ခြင်းဖြစ်တယ်လို့ အမြင်ရှိလာကြပါတယ်။
    မဘသနဲ့ ၉၆၉ တစ်ယူသန်ဘာသာရေးလှုပ်ရှားမှုများဟာ ၂၀၁၁ ခုနှစ် နိုင်ငံရေးအသွင် ကူးပြောင်းစဉ် ကတည်းက ပေါ်ထွက်လာခဲ့တာဖြစ်တယ်။ ဗုဒ္ဓဂုဏ်တော် ၉ ပါး၊ ဓမ္မဂုဏ်တော် ၆ ပါး၊ သံဃာ့ဂုဏ်တော် ၉ ပါးတို့ကို အစွဲပြုခေါ်ဝေါ်ထားတဲ့ ၉၆၉ အဖွဲ့ဟာ မဘသလိုဘဲ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာဝင် ဗမာ လူများစုပိုင်နဲ့ ဗုဒ္ဓဘာသာ တိုင်းပြည်တစ်ခု အဖြစ် တည်ရှိစေချင်နေကြတယ်။ ၉၆၉ အဖွဲ့ကို လွန်ကဲတဲ့ အမျိုးသားရေးဝါဒီ အရှင်ဝီရသူက ဦးဆောင်နေပါတယ်။
    မဘသနဲ့ ၉၆၉ အဖွဲ့ဟာ မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို မွတ်စ်လင်မ် စီးပွားရေးလုပ်ငန်းများ သပိတ်မှောက်ရေးကနေ ဘာသာခြားများ အပေါ် ပျက်ရာပျက်ကြောင်းကြံစည်မှု အထိ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လျက်ရှိပါတယ်။ ယမန်နှစ် အိုအိုင်စီအဖွဲ့ကိုယ်စားလှယ်များရောက်လာ ခဲ့စဉ်က သံဃာများဟာ ရန်ကုန်မြို့ တစ်လျှောက် “ သားဖောက်နှုန်းမြန် အစ္စလာမ်၊ တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ ပိုစတာများကိုင်လို့ ချီတက် ဆန္ဒပြခဲ့ကြတယ်။ ရှေ့ အရင်နှစ်ကဖြစ်ပွားတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့သတ်ပွဲကြံစည်မှုမှာ အခြားသံဃာများလည်း ပါဝင်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ရှိနေပါတယ်။ အဲ့ဒီမှာ ဗုဒ္ဓဘာသာဝင် လူရမ်းကား အုပ်စုများက မွတ်စ်လင်မ်အိမ်ခြေတွေကို ဖျက်ဆီးပြီး၊ အစ္စလာမ်စာသင်ကျောင်းက ကျောင်းသား ၂၀ ဦးနဲ့ဆရာများ အပါအ၀င် လူပေါင်း ၄၄ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
    အဲ့ဒီအစွန်းရောက်သံဃာများဟာ အရပ်သားတစ်ပိုင်းအစိုးရရဲ့ စစ်ထွက်ခေါင်းဆောင်များအဖို့ နိုင်ငံရေးအရ အဖိုးတန် လက်တွဲဖော်များဖြစ်ကြောင်း ပေါ်လွင် လာပါတယ်။ အရှင်ဝီရသူအုပ်စုက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားရေးနဲ့ ဗုဒ္ဓဘာသာကာကွယ်ရေးမှာ အလွန်ပျော့ညံ့သူ အဖြစ် ဝေဖန်နေကြတယ်။ (အခြားတစ်ဖက်ကလည်း လူနည်းစု အခွင့်အရေး ကာကွယ်မှုမှာ အားနည်းသူအဖြစ် သူမကို ဝေဖန်ထားပါတယ်)။ တစ်ယူသန်သံဃာများက နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားသော – ရင်သွေးရရှိထားသော မြန်မာနိုင်ငံသားတွေကို သမ္မတနေရာပေးနိုင်ရေး အတွက် စစ်တပ်ရေးဆွဲထားတဲ့ လက်ရှိဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ဖို့ ကန့်ကွက်နေကြပါတယ်။ ပြင်ဆင်လိုက်မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၅ ရွေးကောက်ပွဲ လမ်းပွင့်သွားမှာဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ အချို့သံဃာများက မဲပေးခွင့်ရဖို့ တွန်းအားပေး လာကြတယ်။ လက်ရှိဖွဲ့ခြေဥမှာ (သာသနာ့ဝန်ထမ်းတွေကို မဲပေးခွင့်) တားမြစ်ထားပါတယ်။
    ဒါပေမယ့် ဒီလို ဘာသာရေးဆိုင်ရာအယူသည်းမှုမြင့်တက်လာခြင်းက အရပ်ဖက်လူ့အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်မှ လက်တွဲဖော်ဆောင်တဲ့ တန်ပြန်လှုပ်ရှားမှု တစ်ရပ်ကို ဖန်တီးဖြစ်ပေါ်စေပါတယ်။ အဲ့ဒီထဲမှာ ဒီမိုထောက်ခံသူ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုတွေ၊ မေတ္တာရှင် ဦးဇ၀နလို ကျော်ကြားတဲ့ သံဃာတွေ၊ မွတ်စ်လင်မ်နဲ့ ခရစ်ယာန်အုပ်စုတွေ၊ လူနည်းစုဝင်တိုင်းရင်းသားတွေ၊ PEN Myanmar လို ပညာရှင်အသင်းအဖွဲ့တွေ၊ ပင်မရေစီးကြောင်း မီဒီယာတွေ၊ နေဖုန်းလတ်လို လူငယ် ဘလော့ဂါတွေ စသဖြင့်ပါဝင်ကြတယ်။ သူတို့တစ်တွေဟာ အမုန်းတရား၊ အမုန်းပွားစကားဆန့်ကျင်ရေး ကမ်ပိန်းတစ်ရပ်ကို အတူလက်တွဲ ဖော်ဆောင် လာကြတယ်။ တရားဝင် ကန့်ကွက်စာများ ထုတ်ပြန်လာကြတယ်။ ဥပဒေပြင်ဆင်ရေးအတွက် လက်မှတ်ထိုးတင်ပြမှုတွေ လုပ်လာကြတယ်။ မြန်မာနိုင်ငံ အတွင်း ခွဲခြားချိုးနှိမ်မှုတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ရှုတ်ချရေးအတွက် အားပေးလာခဲ့ကြပါတယ်။
    သူတို့ချဉ်းကပ်ချက်မှာ မတူကွဲပြားတဲ့ မြန်မာ့ခံစားမှု ရှိပါတယ်။ သူတို့ဟာ အနောက်တိုင်းဟန်မူကို လုံးဝဥဿုံ လက်ကိုင်ထားခြင်းမျိုး မဟုတ်ဘဲ အစွန်းရောက်ဝါဒကို ပယ်ချနေတာပါ။ သူတို့ရဲ့တောင်းဆိုမှုတွေထဲမှာ လောကီရေးသက်သက် အချက်တွေသာ အလျဉ်း မဟုတ်ကြောင်း ပေါ်လွင်နေပါတယ်။ ဘာသာရေး လူမျိုးရေးရနံ့ မကင်းလွတ်သေးတာ တွေ့ရပါတယ်။ အစွဲတစ်ချို့ကနေ မကျွတ်လွတ်သေးပါဘူး။ ဥပမာ – ၈၈ မျိုးဆက်က ခေါင်းဆောင်တစ်ချို့က ရိုဟင်ဂျာကို တိုင်းရင်းအုပ်စု တစ်ရပ်အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်ထားသလိုမျိုးပေါ့။
    မဘသနဲ့ ၉၆၉ အဖွဲ့ကို ဝေဖန်သူများဟာ လူ့အခွင့်အရေးအပေါ် အခြေပြုကန့်ကွက်တဲ့လမ်းကြောင်းမျိုး မရွေးချယ်မတိမ်းညွှတ်ကြဘဲ၊ အဲ့ဒီအစား ၂၀၁၂ နှစ်နှောင်းပိုင်း တရုတ်ပိုင်ကြေးနီတူးဖော်ရေးစီမံကိန်းကို ဆန္ဒပြတဲ့ သံဃာများအပေါ် ဖြိုခွင်းမှု (နဲ့) နိုင်ငံအ၀ှမ်း မွဲပြာကျနေမှုအပေါ် နှုတ်ဆိတ်နေခြင်းတွေနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေကြတယ်။ တစ်နည်းအားဖြင့်ဆိုရရင် သူတို့ဟာ အစွန်းရောက်သံဃာတွေကို အစိုးရနောက်မြီးဆွဲအလုပ် လုပ်ကြတဲ့အတွက် အဓိကအားဖြင့် ဝေဖန်နေခြင်း ဖြစ်ပါတယ်။
    သံဃာလောကနဲ့ ပြည်သူလူထုအကြား မကြုံစဖူး အက်ကြောင်းထလာမှုက တင်းမာခြင်းနဲ့ ဖရိုဖရဲဖြစ်ခြင်းအတွက် အကြောင်းရင်းတစ်ရပ် ဖြစ်လို့နေပါပြီ။ သို့သော်လည်း အဲ့ဒီအချက်က တိုင်းပြည်ရဲ့ ရေရှည်နိုင်ငံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိမိတ်ကောင်းကို ဆောင်နေပါတယ်။ ဗုဒ္ဓအစွန်းရောက်ဝါဒအပေါ် တန်ပြန်လှုပ်ရှားမှု ထွက်ပေါ်လာခြင်းဟာ မြန်မာပြည်သူတွေအနေနဲ့ အစဉ်အလာအခွင့်ထူးခံလက်တွေကနေ ရုန်းထွက်နေတဲ့ – ဒါ့အပြင် ခေတ်မီတိုးတက်မှုနဲ့ ဒီမိုကရေစီစနစ်ကိုဦးတည်တဲ့ အဓိကခြေလှမ်း သဘောဆောင်နေပါတယ်လို့ သုံးသပ်လိုက်ရပါတယ်။
    xxxxxxxxxxxxxxxx
    Foreign Policy’s blog Democracy Lab ၏ ဆောင်းပါးရှင် မင်းဇင် ရေးသားပြီး New York Times တွင်ဖော်ပြသော The People vs. The Monks အမည်ရှိ အတွေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။
  • မငြိမ်သက်မှုသို့ ထပ်မံခြေလှမ်းပြင်နေသော ဘာသာခြား ထိမ်းမြားခြင်း ပိတ်ပင်ချက်
    ဇွန် ၂ ၊ ၂၀၁၄
    M-Media
    .မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။
    140529065432-myanmar-monks-interfaith-marriage-story-topဓါတ်ပုံအညွှန်း-၂၀၁၃ ခုနှစ် ဇွန်လ အတွင်း ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မျိုးစောင့် ဥပဒေ ပြဌာန်းပေးရန် အစိုးရကို ဖိအားပေးတောင်းဆိုခဲ့သည့် မ.ဘ.သ အဖွဲ့ ညီလာခံသို့ တက်ရောက်လာကြသော ရှင်ဝီရသူနှင့် ဘုန်းကြိးများ
    မြန်မာအစိုးရမှ လှစ်ဟလိုက်သည့် ဥပဒေကြမ်းမှာ ဘာသာရေး အမုန်းတရားများ ကိန်းအောင်းလျက်ရှိသည့်အပြင်၊ ချိုးနှိမ်ခံ မွတ်စ်လင်မ်လူနည်းစုတို့အပေါ် တစ်ဆင့်တက် ခွဲခြားဆက်ဆံမှုကို ဖြစ်စေနိုင်သည်ဟု ဝေဖန်သုံးသပ်သူများက ဆိုသည်။
    လွန်ခဲ့သည့်နှစ် ဇူလိုင်လတွင် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင် သံဃာတစ်စုမှ သမ္မတဦးသိန်းစိန်ထံ လက်မှတ်ထိုးတောင်းဆိုချက်ပေါ် မူတည်၍ ဥပဒေကြမ်းလေးမျိုး အသံထွက်လာ၏။ ၎င်းတို့ဖြင့် အခြားသော စည်းမျဉ်းများထက် ဘာသာကွဲ ထိမ်းမြားမှုနှင့် ဘာသာ ကူးပြောင်းမှုအပေါ် ထိန်းချုပ်ရန် တွန်းအားပေးထားသည်။
    စစ်အာဏာရှင် အုပ်ချုပ်ရေးအောက်မှ ဆယ်စုနှစ် များစွာနေခဲ့ရပြီး ပြန်လည်ခေါင်းထောင်လာသော မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်လူများစုနှင့် မွတ်စ်လင်မ် လူနည်းစုအကြားရှိ တင်းမာမှုများမှာ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုများဖြစ်ပွားကတည်းက မြင့်မားနေလျက်ရှိသည်။ အင်အား အတန်ငယ်ကြီးမားသော ဗုဒ္ဓအမျိုးသားရေး ၀ါဒီများ၏ ဂိုဏ်းဂဏတစ်စုမှာ ဖျက်ဆီး တိုက်ခိုက်လိုစိတ်ကြီးမားနေကြောင်း ဝေဖန်ခံထားရ၏။
    အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဟု သိကြသော သံဃာအဖွဲ့အစည်း တစ်ရပ်၏ အဆိုပြုချက်မှ ထွက်ပေါ်လာသော ပထမဥပဒေ မူကြမ်းကို နိုင်ငံပိုင် မီဒီယာများတွင် အင်္ဂါနေ့က ပုံနှိပ်ဖော်ပြခဲ့သည်။ လူထုသဘောထားကို ဇွန်လ ၂၀ ရက်တွင် ကောက်ယူမည်ဟုလည်း ဆိုထားသည်။ ယင်းအဆိုပြုဥပဒေအရ မည်သူမဆို ဘာသာကူးပြောင်းလိုပါက ပြည်တွင်းအာဏာပိုင် အမျိုးမျိုးထံမှ ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။
    မွတ်စ်လင်မ်တို့အပေါ် ပစ်မှတ်ထားခြင်းလော ?
    ————————————————–
    ယင်းဥပဒေမှာ ဘာသာတရား အားလုံးအပေါ် အကျိုးသက်ရောက်စေမည်ဟုဆိုသည့်တိုင် ဗုဒ္ဓဘာသာဝင်များ လွှမ်းမိုးကြီးစိုးနေသည့်နိုင်ငံတွင် အစ္စလာမ် သာသနာပြန့်ပွားမှုအား ကာကွယ် တားဆီးရန် အကြွင်းမဲ့ ဦးတည်ထားခြင်းသာဖြစ်ကြောင်း လူ့အခွင့်အရေး အုပ်စုများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများက ယုံကြည်နေကြသည်။
    “ မွတ်စ်လင်မ်တွေကို ဦးတည်ဆန့်ကျင်ဖို့ ရည်ရွယ်တာပါပဲ။ ဒီဥပဒေမူကြမ်း အားလုံးနီးပါးက မွတ်စ်လင်မ်တွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်ချက်ရှိနေတယ်။ ဒီလူနည်းစုဝင်ဘာသာတရားအပေါ် အမုန်းတရားနဲ့ အခြေခံထားခြင်း ဖြစ်ပါတယ် ” ဟု မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါ်သင်းသင်းအောင်မှ ပြောကြားသည်။ အဆိုပါအဖွဲ့သည် ဘာသာခြားထိမ်းမြားမှု ကန့်သတ်ရေးဥပဒေအား ဆန့်ကျင်လှုပ်ရှားနေသည့် အမျိုးသမီးမဟာမိတ် အုပ်စုများအနက် အပါအ၀င်ဖြစ်သည်။
    ဘာသာခြားထိမ်းမြားမှုဥပဒေ မူကြမ်းအား ထုတ်ပြန်ပြဋ္ဌာန်းခြင်း မရှိသေးချေ။
    သို့သော် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့နှင့် အခြားအဖွဲ့များအဆိုအရ ၎င်းတို့သည် အဆိုပြု ဥပဒေမူကြမ်းကို တွေ့မြင်ပြီးဖြစ်ကြောင်း၊ ၎င်း၌ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို ဗုဒ္ဓဘာသာဝင်အမျိုးသားများနှင့်သာ ထိမ်းမြား ခွင့်ပြုကြောင်း၊ ဗုဒ္ဓဘာသာဝင်တစ်ဦးကို ထိမ်းမြားလိုသူ မည်သူပင်ဖြစ်စေ ထိုသူသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်း ရမည်ဖြစ်ကြောင်း၊ သတို့သားသည် သတို့သမီးမိဘများ၏ သဘောတူညီခြင်း ထောက်ခံရေးသားချက်ကို တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထည့်သွင်းထား၏။
    ဗုဒ္ဓဘာသာဝင်မဟုတ်သူ မည်သူမဆို ဗုဒ္ဓဘာသာဝင်အား လက်ထပ်ထိမ်းမြားပါက ဥပဒေချိုးဖောက်ရာရောက်သဖြင့် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် စီစဉ်ထားသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့က ဆိုသည်။
    မြန်မာနိုင်ငံ၏လမ်းစဉ်သည် ပျက်စီးရေးလမ်းကြောင်းလော ?
    —————————————————————–
    Fortify Rights လူ့အခွင့်အရေးအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ မက်သယူး စမစ်က “ ယင်းသို့သော ဥပဒေအမျိုးအစားမှန်သမျှ  မွတ်စ်လင်မ်တွေနေရာရလာမှာကို ဗုဒ္ဓဘာသာဝင်တွေ မလိုလားဘူးဆိုတဲ့ အသံကို တရားဝင်ထုတ်ပြန် လိုက်ရာရောက်ပါတယ်။ ဒါဟာ အလွန်ထင်ရှားတဲ့ ခွဲခြားချိုးနှိမ်မှုပါပဲ။ ယခုအခါ မြန်မာပြည်က ဥပဒေပြုအမတ်တွေဟာ အလားတူဥပဒေမျိုးကိုသာ စဉ်းစားနေကြတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း ဂယက်ရိုက်ခတ်စေမှာ ဖြစ်ပါတယ်။ မွတ်စ်လင်မ် ဆန့်ကျင်ရေးခွဲခြား ချိုးနှိမ်မှုဟာ ခန့်မှန်းရခက်လောက်အောင် မြင့်တက်နေပါပြီ ” ဟု ပြောကြားခဲ့သည်။
    သို့သော်  သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်ကမူ ပြဋ္ဌာန်းချက် အဆင့်မရောက်သေးသော ဥပဒေကြမ်းပါ အချက်အလက် မှန်သမျှနှင့် ပတ်သက်၍ ထင်ကြေးမျှသာ ဖြစ်သည်ဟု ဆိုထားသည်။
    “ ဥပဒေရေးဆွဲတဲ့ကော်မတီအနေနဲ့ သူတို့ လုပ်ငန်းဆောင်တာအပေါ်ရှိတဲ့ ပြည်သူ အားလုံးရဲ့အမြင်နဲ့ သဘောထားကို စဉ်းစားသုံးသပ်နေပါတယ်။ သူတို့ဟာ ကျွန်တော်တို့တိုင်းပြည် အတွင်း ဘာသာရေး လွတ်လပ်ခွင့်ရှိတဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းထဲက ပြဋ္ဌာန်းချက်များအပေါ် သုံးသပ်စဉ်းစားသွားမှာပါ။ ဒါ့အပြင် အခြားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူညီချက်တွေကိုလည်း ထည့်သွင်း စဉ်းစားသွားမှာဖြစ်ပါတယ် ” ဟု သူက ဆို၏။
    အိမ်ထောင်စုဦးရေ သတ်မှတ်ကန့်သတ်ချက်များ
    ————————————————
    အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေးနှင့် ဆက်စပ်နေသော အခြား ဥပဒေကြမ်းများကို မကြာမီ ထုတ်ပြန်ဖော်ပြမည်ဖြစ်၏။ ၎င်းတို့အနက် ဇနီးတစ်ဦးထက် ပိုယူခြင်းနှင့် အိမ်ထောင်စု ဦးရေအပေါ် ကန့်သတ်ချက်များလည်း အပါအ၀င်တစ်ခု ဖြစ်ရာ မွတ်စ်လင်မ်ဦးရေ တိုးပွားမှုကို တစ်ဖက်သတ် ထိန်းချုပ်ရေးအား ရည်ရွယ်ထားကြောင်း လူ့အခွင့်အရေး အုပ်စုများ၏ အဆိုအရ သိရသည်။ လူဦးရေပမာဏ သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံ၌ မွတ်စ်လင်မ်တို့မှာ ၅ % နီးပါးသာရှိသည်ဟု ခန့်မှန်း တွက်ဆထားကြသည်။
    ယင်းဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်းလိုက်သော် နိုင်ငံအတွင်း ခွဲခြားခြင်းနှင့် အကြမ်းဖက်ခြင်း ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ပါကြောင်း ဒေါ်သင်းသင်းအောင်က အောက်ပါအတိုင်းပြောပြ၏။
    “ ကျွန်မတို့ မြန်မာလူ့အဖွဲ့အစည်းဟာ လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားပိုင်းခြားမှုဒဏ်ကို ခံနေရပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီ နည်းကျပြုပြင်ပြောင်းလဲမှုရဲ့ အစပျိုးကာလထဲမှာပဲ ရှိပါသေးတယ်။ ဒီ(ဥပဒေမူကြမ်း)က တစ်ယူသန်မှုနဲ့ ခွဲခြားချိုးနှိမ်မှုကို ပိုမို ဦးတည်စေပါလိမ့်မယ် ”။
    Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner ကလည်း ယင်းအဆိုကို သဘောတူပြီး၊ ငြိမ်းချမ်းရေး အလားအလာကောင်းများကို ပေါ်ပေါ် တင်တင် မြေမြှုပ်သင်္ဂြိုလ်ရာရောက် လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
    “ (ဘာသာရေး၊ လူမျိုးရေး) လူနည်းစုဝင်တွေက ဗုဒ္ဓဘာသာ ဗမာလူမျိုး ကြီးစိုးထားတဲ့ ဗဟိုအစိုးရဟာ သူတို့ကို တစ်သားတည်းဖြစ်စေလိုတာလား၊ သို့မဟုတ် အစ,ဖျောက်ပစ်လိုတာလား ဆိုပြီး သံသယ၀င်နေကြပြီဖြစ်ပါတယ်။ ဘာသာခြားထိ မ်းမြားမှုဆိုင်ရာ ဥပဒေက ဘာသာကွဲ လူနည်းစုဝင်တွေရဲ့သောကကို အရှိန်အမြင့်ဆုံး တွန်းတင်ထားတယ်။ အာဏာပိုင်အစိုးရက ဗုဒ္ဓဘာသာဗမာလူမျိုးတို့ရဲ့နိုင်ငံအဖြစ် တိုင်းပြည်ကို အမြင်ထားရှိရင် လူမျိုးကွဲဘာသာကွဲ လူနည်းစုဝင်တွေအပေါ် တန်းတူရည်တူ စဉ်းစားပေးမှာ မဟုတ်တော့လို့ပါပဲ ”။
    ဘာသာခြားထိမ်းမြားမှု ဥပဒေအား မိမိတို့အုပ်စုမှလည်း ကန့်ကွက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုဥပဒေသည် အမျိုးသမီးများ၏ လွတ်လပ်စွာ အိမ်ထောင်ဖက်ရွေးချယ်ခွင့်ကို ချိုးနှိမ်ထားကြောင်း၊ ဒီမိုကရေစီစနစ်သို့  ဦးတည်ရွေ့လျားနေခြင်းကို နောက်ပြန်လှည့်စေသည့် ခြေလှမ်းဖြစ်ကြောင်း၊ အမျိုးသမီးများအတွက် ထိမ်းမြားမှု အခွင့်အရေးဆိုင်ရာ မည်သည့် အချက်အလက်မှ မပါဝင်ကြောင်း၊ ယင်းဥပဒေရေးဆွဲပြဋ္ဌာန်းရေးမှာ လိုအပ်ချက် မဟုတ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် မွတ်စ်လင်မ် အမျိုးသားတို့၏ ထိမ်းမြားမှုများမှာ ရှောင်ဖယ် မရနိုင်သော အထူးတဆန်းဖြစ်စဉ်လည်း မဟုတ်ကြောင်း ဒေါ်သင်းသင်းအောင်မှ ပြောပါသည်။
    “ မွတ်စ်လင်မ်တွေကို ထိမ်းမြားတဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီး ဦးရေဟာ စိုးရိမ်စရာကောင်းလောက်တဲ့ အထိ ကျွန်မ မတွေ့ရပါဘူး။ ဗုဒ္ဓဘာသာဝင်နဲ့ ခရစ်ယာန်အကြားက ထိမ်းမြားမှုတွေလည်း ရှိနေခဲ့ပါတယ်။ အထူးတဆန်း မဟုတ်သလို ယေဘူယျအားဖြင့် ပြဿနာတစ်ရပ် အနေနဲ့လည်း မမြင်ကြပါဘူးရှင် ”။
    လူမဆန်သည့် ဒုစရိုက်များလော ?
    ————————————–
    ရခိုင်ပြည်နယ်အနောက်ပိုင်းဒေသများရှိ ရိုဟင်ဂျာ မွတ်စ်လင်မ်တို့အပေါ် ချမှတ်ထားသော အငြင်းပွားဖွယ်ရာ ကလေးနှစ်ဦးသာယူရေး မူဝါဒကို မြန်မာ့နိုင်ငံရေးနှင့် လူ့အခွင့်အရေး ပြယုဂ် ဒေါ်အောင်ဆန်းစုကြည်မှ ဝေဖန်ထားပြီးဖြစ်သည်။
    ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးတို့အကြား လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားသည့် အဓိကဒေသဖြစ်ပြီး၊ သောင်းနှင့်ချီသော မွတ်စ်လင်မ်များအား အိုးအိမ်စွန့်ကာ ဒုက္ခသည်စခန်းများ အတွင်းသို့ အဓမ္မမောင်းသွင်းခဲ့ကြသည်။ ထိုနေရာဝယ် ၎င်းတို့သည် လူသားချင်းစာနာထောက်ထားမှုအကူအညီ ရိက္ခာများကိုသာ လုံးလုံးလျားလျား အားထားနေကြရသည်။
    ရခိုင်ပြည်နယ်၌ နှစ်ပေါင်း ၂၀ နီးပါး ကျန်းမာရေးစောင့်ရှောက်မှု အကျယ်ပြန့်ဆုံး ကူညီပေးနေသော နယ်စည်းမထားဆရာဝန်များ အဲန်ဂျီအိုအဖွဲ့၏ ပြည်နယ်တွင်း လှုပ်ရှားလည်ပတ်ဆဲ လုပ်ငန်းစဉ်ကို တားမြစ်ပိတ်ပင်ခဲ့သည်။ ရိုဟင်ဂျာများကို မျက်နှာလိုက်ထောက်ပံ့ကူညီပေးခြင်း ဟူ၍ အာဏာပိုင်များက စွပ်စွဲခဲ့ခြင်းကြောင့်ဖြစ်၏။
    ယင်းသို့ညှင်းပန်းနှိပ်စက်သည့်လုပ်ရပ်သည် လူမဆန်သောဒုစရိုက်မှုများအဖြစ် သတ်မှတ်ရန်လုံလောက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသအထူး သံတမန် သောမတ်စ် အိုယေး ကင်တားနားက ပြီးခဲ့သည့်လ၌ ပြောကြားခဲ့သည်။ ထို့ပြင် လူ့အခွင့်အရေးစောင့်ကြပ်လေ့လာမှုအဖွဲ့က “မျိုးသုဉ်းရှင်းလင်းမှု” အဖြစ် ကင်ပွန်းတပ်ခဲ့သည်။ မြန်မာ အာဏာပိုင်များကမူ ထိုအဆိုအားလုံးကို ပယ်ချထားပေသည်။
    “ ရခိုင်ပြည်နယ်မှာ မျိုးသုဉ်းရှင်းလင်း သုတ်သင်ရေးအပေါ် တားဆီး ကာကွယ်မှုတာဝန်ကို အစိုးရဖက်က လျစ်လျူရှုပျက်ကွက်နေကြောင်း အဆိုတစ်ရပ် တင်သွင်းဖို့ရှိပါတယ်။ ဒီအရာ(မျိုးစောင့်ဥပဒေ)လိုမျိုးကို အတည်ပြုလိုက်ယုံနဲ့ အဲ့ဒီကအခြေအနေ အထောက်အကူပြုစေမှာ မဟုတ်ပါဘူး ” ဟု စမစ်က ဆိုသည်။
    ဥပဒေကြမ်းများ အတည်ပြုလိုက်မည်လော ?
    ——————————————-
    လူမျိုးဘာသာအခြေတည် မျိုးစောင့်ဥပဒေကြမ်းလေးရပ် စလုံးကို ယခုလတွင် အပြီးသတ်ရေးဆွဲပြီး လူထု သဘောထားရယူရန် ထုတ်ပြန်တင်ပြမည်ဟု ခန့်မှန်းရသည်။ နိုင်ငံပိုင်မီဒီယာ၏ အဆိုအရ ဇွန်လ ၃၀ ရက်တွင် အချောသတ်ကာ သမ္မတ ဦးသိန်းစိန်ထံတင်ပြသွားမည်ဟု သိရ၏။
    ယင်းအဆိုပြုဥပဒေ မူကြမ်းများကို လူတစ်သန်းကျော်၏ထောက်ခံလက်မှတ်ရရှိထားကြောင်း အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ကြွေးကြော်ထားသည်။ ထိုသူတို့အား ဆန့်ကျင်ပြောဆိုသူမှာ လက်တစ်ဆုပ်စာမျှသာ ရှိနေသည်။ အတည်ပြုနိုင်ချေ  အားကောင်းနိုင်သည့်အပေါ် အတိုက်အခံများကလည်း စိုးရိမ်လျက်ရှိကြ၏။
    “ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မွတ်စ်လင်မ် ဆန့်ကျင်ရေးရောဂါထမှု အပေါ် ပြည်တွင်းလူ့အခွင့်အရေး လှုပ်ရှားသူ တော်တော်များများပင်လျှင် ရေငုံနှုတ်ပိတ်နေနေကြတယ်။ ပင်တိုင် အတိုက်အခံပြုထုတ်ဖော်ပြောကြားတာဆိုလို့ အမျိုးသမီးအဖွဲ့တွေသာ ရှိနေကြတယ် ” ဟု Farmaner က ဆိုသည်။
    သံဃာများ၏ နာမ်ပိုင်း လွှမ်းမိုးမှုက ယင်းဥပဒေများအား ကန့်ကွက်ရန် အခက်တွေ့စေကြောင်း၊ ဆန့်ကျင်လှုပ်ရှားသူ အမျိုးသမီးစုပေါင်းအဖွဲ့ဝင်များမှာ လက်သီးပုန်းအ စွန်းရောက်သမားတို့၏ ခြိမ်းခြောက်မှုကို အဆက်မပြတ် ခံနေကြရကြောင်း တင်ပြသည့် ဒေါ်သင်းသင်းအောင်က အောက်ပါစကားကို ရင်ဖွင့်ပြောကြားခဲ့ပေသည်။
    “ သံဃာတွေပြောသလို လူများစွာက လိုက်လုပ်ကြတယ်။ ကျွန်မတို့အဖွဲ့ကို သစ္စာဖောက်တွေလို့ သမုတ်ကြပါတယ်။ (ဒီလိုကန့်ကွက်ဖို့ကိစ္စက) သာမန်လူတွေအနေနဲ့ ဖော်ထုတ်ပြောဆိုဖို့ဆိုတာ ခဲယဉ်းလွန်းလှတယ်လေ ”။
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    မူရင်း – CNN မှ Tim Hume ၏ Fears of new unrest as Myanmar ponders monk-backed interfaith marriage ban ဆောင်းပါး
    ပြန်ဆိုသူ – မြင့်မိုရ်မောင်မောင်
  • ဝန်ကြီးချူပ်သစ် မိုဒီ အိန္ဒိယ နိုင်ငံသားအားလုံး အတွက်ဖြစ်မှာလား ?
    မေ ၂၈ ၊ ၂၀၁၄
    M-Media
    မင်းထွဋ်ခေါင် ဘာသာပြန်ဆိုသည်။
    10153927_232978823567724_2373077370935095511_n
    လတ်တလော ကမ္ဘာ့ နိုင်ငံကြီးများတွင် အမျိုးသားရေးဝါဒ ရှောင်တခင် ရေပန်းစားလျက်ရှိ၏။
    ခရိုင်းမီးယားသို့ ရုရှ၏ကြေငြာချက်၌ သမ္မတ ဗလာဒီမာ ပူတင်မှ အမျိုးသားရေးဝါဒအတွေးအမြင်အနံ့အသက် အသုံးပြုထားကြောင်း၊ ယူကရိန်းအရှေ့ဖက်ခြမ်းအား ကျူးကျော်ထိန်းချုပ်မှုက တရားမျှတမှုလုပ်ရပ်ကဲ့သို့ ဆိုထားကြောင်း တွေ့ရသည်။ သူနှင့် ရုရှစစ်တပ်တို့သည် တတ်နိုင်သမျှ ရောက်ရာအရပ်တွင် သူတို့ တိုင်းရင်းနွယ်ဖွားတို့အား ကာကွယ်၍ နေရပ်သို့ပြန်လည်ဆောင်ကြဉ်းရန် ဆောင်ရွက်နေပြီဖြစ်သည်။
    ယခုအခါ အိန္ဒိယက နာရင်ဒြာ မိုဒီအား ၀န်ကြီးချုပ် အဖြစ် အောင်မြင်စွာရွေးချယ်လိုက်လေပြီ။ လာမည့် ရက်သတ္တပတ်တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်သည်။ လမ်းမများ ပြည့်ကျပ်နေပေတော့မည်၊ မီဒီယာများ ပွင့်အံလာတော့မည်၊ ကုန်ဈေးနှုန်းများ ကြီးမြင့်လာတော့မည်၊ သူဆင်းရဲတို့၏အိပ်မက်များ အစိပ်စိပ်အမြွာမြွာ ဖြစ်ပေတော့မည်။ သို့သော် ကာလကြာရှည်ဖြစ်မည့်ဟန် မရှိပါ။
    “ ဘဏ္ဍာရေးအခြေအနေက အများသိထားတာထက် ပိုဆိုးနေတယ်။ အစိုးရအသုံးစားရိတ်ကို ကန့်သတ်ဖို့ လိုပါမယ် ” ဟု အိန္ဒိယအစိုးရ ၀န်ကြီးဟောင်းနှင့် စီးပွားရေးပညာရှင် အာရွန်း ရှောင်ရီမှ ပြောကြားသည်။
    ဆန့်ကျင် ကွဲလွဲတတ်သော မိုဒီ၏ ဗီဇ
    ကြီးမားသောနှုန်းနှင့်အတူ စီးပွားကဏ္ဍ အလှည့်အပြောင်းဖြစ်ရန် တော်တော်ခက်ခဲလိမ့်မည်။ သန်းပေါင်းများစွာ အလုပ်အကိုင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ အတွက် လေးရာခိုင်နှုန်းထက် ပိုကဲ နိမ့်ကျလျက်နေသည်။ အကယ်၍ မိုဒီ အကြပ်ဆိုက်ခဲ့သော် – သူ့ကတိအတိုင်း သူသည် အိန္ဒိယနိုင်ငံသား အပေါင်းအတွက် ၀န်ကြီးချုပ် ဖြစ်မည်လော သို့တည်းမဟုတ် သူသည် သူ၏ဆန့်ကျင် ကွဲလွဲတတ်သော ဗီဇဖက်သို့ လှည့်ပြောင်းမည်လော ဟူသည့် ပြဿနာရှိသည်။
    မိုဒီ့အပေါ် မကြာမဏဆိုသလို ဝေဖန်ကြသည့်အချက်များ အနက်တစ်ခုမှာ – ၂၀၀၂ ခုနှစ် သူ့ဇာတိနယ် ဂူဂျာရသ်တွင် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပြီး မရှေးမနှောင်းမှာပင် လူပေါင်း တစ်ထောင် သေဆုံးစေခဲ့သည့် မွတ်စ်လင်မ် ဆန့်ကျင်ရေးအစီအမံကိစ္စ ဖြစ်၏။ အိန္ဒိယ တရားရုံးချုပ်မှ သူ့အပေါ် စွပ်စွဲချက်များကို ပယ်ချခဲ့သော်လည်း၊ မကြာသေးမီက ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်မှု ရုပ်သိမ်းပေးခဲ့သည့် အမေရိကန်နှင့် ယူကေအစိုးရ အပါအ၀င် အခြားတစ်ဖက်ကမူ သူ့အား သတ်ဖြတ်ရေး အဓိကရုဏ်းများကို လျစ်လျူရှုသူ အဖြစ်လည်းကောင်း၊ ယင်းအရေးအရာများ ပိုဆိုသွားအောင် ပါဝင် ပတ်သက်သူအဖြစ်လည်းကောင်း သံသယထားရှိခဲ့သည်။
    ထိုပြဿနာမှာ လိပ်ခဲတည်းလည်း ဖြစ်နေဆဲ။ အကြောင်းမူ မည်သည့်တောင်းပန်ချက်မျှ ရှိမနေ၍ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ တောင်းပန်စရာမလိုဟု မိုဒီက ဆိုနေသည်။
    မိုဒီသည် သူ့ဘ၀တစ်လျှောက်လုံးနီးပါး ဟိန္ဒူ  အမျိုးသားရေး လှုပ်ရှား တက်ကြွသူအဖြစ် ရပ်တည်လာခဲ့သူဖြစ်သည်။ ဖီဆန်တတ်သော သဘာဝနှင့် စိတ်ဓာတ်ပြင်းထန်သူ ပီပီ အသက်ရှစ်နှစ်အရွယ်တွင် “ အိန္ဒိယသည် ဟိန္ဒူနိုင်ငံ ဖြစ်ရမည်၊ လူဦးရေ သန်း ၁၈၀ ရှိ မွတ်စ်လင်မ်တို့အပါအ၀င် လူနည်းစုဝင်များမှာ ဟိန္ဒူတို့ထက် နိမ့်ကျသောအဆင့်၌ ရှိနေရမည်” ဟူသော ယုံကြည်ချက်အခြေတည် အယူသည်းလှုပ်ရှားသူများကွန်ရက် Rashtriya Swayamsevak Sangh – RSS သို့ ၀င်ရောက်ခဲ့၏။
    စင်စစ်၌ ထို့ထက်ဆိုးဝါးချက်များ ရှိသေး၏။ အိန္ဒိယ၏ Caravan မဂ္ဂဇင်းဖော်ပြချက် တစ်ခု၌ တွေ့ရသည်။ ၁၉၇၀ နှစ်များအစောပိုင်းကာလ အိန္ဒိယ တောင်ပိုင်းရှိ RSS ခေါင်းဆောင် Yadavrao Joshi မှ စေတနာ့ဝန်ထမ်းလေ့ကျင်းရေး စခန်းတစ်ခုတွင် “ RSS ၏ အင်အား ခိုင်မာတောင့်တင်းလာသည်နှင့် တစ်ပြိုင်နက် မွတ်စ်လင်မ်နှင့် ခရစ်ယာန်တို့အား – အိန္ဒိယ၌ အသင်တို့နေထိုင်လိုလျှင်၊ ဤနိုင်ငံကို ချစ်မြတ်နိုးပါလျှင် အသင်တို့၏ ရှေးအထက် မျိုးဆက်များမှာ ဟိန္ဒူများသာဖြစ်ခဲ့ကြောင်း လက်ခံရမည်၊ ဟိန္ဒူ အယူဝါဒစည်းဝိုင်းတွင်းသို့ ပြန်လည် ၀င်ရောက်ရမည်ဟု ပြောကြားမည်ဖြစ်ကြောင်း ဆိုခဲ့ဖူးသည်။
    ထိုစဉ်က အသက် ၃၀ သာသာမျှသာရှိသော မိုဒီသည် RSS ရာထူးများအားဖြင့် မြင့်တက်လာခဲ့သည်။ အစွန်းရောက် ပြင်းထန်သော စိတ်ဓာတ်၊ လွှမ်းမိုးကြီးစိုးရေး အာသီသတို့နှင့် ထပ်တူကျသော စွမ်းဆောင်လုပ်ဆောင်ချက်များကြောင့် တိုတောင်းလှသည့် ကာလအတွင်း လျင်မြန်စွာ ထိပ်တန်းသို့ တက်လှမ်းလာခဲ့ပေသည်။ RSS နှင့် လက်ရှိအာဏာရ Bharatiya Janata Party – BJP ပါတီတို့အကြား ပင်မပေါင်းကူး တံတားဘ၀သို့ ၎င်းနောက်မှ ရောက်ရှိခြင်းဖြစ်သည်။ ကက်ရှ်မီးယားပိုင်နက်အပေါ် အိန္ဒိယနှင့် ပါကစ္စတန်အကြား အငြင်းပွားချိန်တွင် မိုဒီကို တီဗီဖန်သားပြင်ထက်၌ မကြာခဏ တွေ့ကြရသည်။ သူ၏ ၀ါဒဖြန့်မှုမှာ ပြင်းထန်သော ပါကစ္စတန် ဆန့်ကျင်ရေးနှင့် မွတ်စ်လင်မ် ဆန့်ကျင်ရေး ဖြစ်ခဲ့သည်။
    ရင်ကြားစေ့ မရစေသည့် အမျိုးသားရေးဝါဒ
    ၂၀၀၁ ခုနှစ်တွင် မိုဒီအား ဂူဂျာရသ်ပြည်နယ်၏၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် RSS မှ ရွေးချယ်တင်မြှောက်ခဲ့သည်။ မိမိဇာတိပြည်နယ်မှ ခြောက်နှစ်တိုင်တိုင် ကွဲကွာခဲ့သဖြင့် မိမိမှာ ကနဦးပိုင်းတွင် လစ်ဟာ အားနည်းခဲ့ရပါသည်ဟု မိုဒီက ဆိုလေ့ရှိသည်။ သူသည် အလုပ်အကိုင်အတွက် အပြင်းအထန် ဖော်ဆောင်ခဲ့ကြောင်း အခြားသူတို့က ဆိုသည်။ အခြားတစ်ဖက်တွင် သူ့အား ယင်းနေရာသို့ရောက်အောင် တွန်းတင်ခဲ့သည်မှာ RSS ဖြစ်ပြီး ယင်းအဖွဲ့က သူ့အား မိမိ၏ဘက်တော်သားအဖြစ် အမြင်ထားရှိနေဆဲဟု သိရ၏။ လွန်ခဲ့သောသြဂုတ်လအတွင်း RSS ခေါင်းဆောင် Mohan Bhagwat ၏စကား၌ “ မိုဒီဟာ RSS အယူအဆအရင်းအမြစ်ကို အရိုးစွဲနေဆဲ တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်တယ် ” ဟု တွေ့ရပေသည်။
    ရှေ့ဆက်သုံးသပ်ကြည့်ရပါလျှင် မိုဒီသည် ခွဲခြားရေးဝါဒီခေါင်းဆောင်အဖြစ် ရုပ်လုံးပေါ်လာနိုင်ချေရှိ၏။ သူ့မျက်မှောက်ရှိ များစွာသောအရေးကိစ္စများကြောင့် သူ၏ပြည်သူ ၁၄ ရာခိုင်နှုန်းကျော်က သူ့အား ထောက်ခံလိုစိတ် မရှိကြချေ။ သို့သော် သူ့ထိန်းချုပ်မှုတစ်ဖက်မှ ဖြစ်အင်များသည် သူ့အား ထိုလမ်းကြောင်းသို့ တွန်းပို့ကောင်းပေလိမ့်မည်။
    စီးပွားရေးတိုးတက်မှု နှောင့်နှေးသွားလိမ့်မည်၊ ဆင်းရဲသားအများစုအတွက် စီးပွားရေးချောင်လည်ဖို့ ခက်ခဲလွန်းမည် ဆိုသည့်အချက်က အမြတ်ထွက်နိုင်၏။ မိုဒီ၏မဟာမိတ်များအနက်မှ ၀န်ကြီးချုပ်ထောက်ခံမှုထိန်းသိမ်းရန် မွတ်စ်လင်မ်ဆန့်ကျင်ရေးဝါဒဖြန့်ချက်များကို အသုံးချနိုင်ပေလိမ့်မည်။ သူ့ထံမှ ၀ါဒဖြန့်ချက် ထွက်ပေါ်ခြင်း ရှိကောင်းမှရှိမည်၊ သူ့ကိုယ်ပိုင်ဆန္ဒနှင့်ပင် ဆန့်ကျင်နေနိုင်သေးသည်။ သို့တစေ သူ၏မိတ်ဆွေများနှင့် မဟာမိတ်များထံမှ ထွက်ပေါ်လာဖို့တော့ ဖြစ်နိုင်ချေများပါသည်။
    အကယ်၍ အမျိုးသားရေးအမုန်းတရားလမ်းကြောင်းသို့ ဦးတည်သွားလျှင် ကောင်းစွာ အလုပ်ဖြစ်ပါသော်လည်း ကောက်ရိုးမီးသာ ဖြစ်ချိမ့်မည်။ ၎င်းသည် လတ်လတ်ဆတ်ဆတ် ၀န်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခံရသော မိုဒီ၏ ထင်ရှားလှသည့် အဂတိသဘောထားလည်း ဖြစ်သွားနိုင်ပေသည်။ အမျိုးသားရေးဝါဒီလှုပ်ရှားသူအဖြစ် ဘ၀ဖြတ်သန်းလာပြီးသည့်နောက်မှာမှ သူသည် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနှင့် ၎င်းကို ကြံ့ကြံ့ခံတွန်းလှန်ခုခံနိုင်ပါမည်လော ?
    John Lloyd ရေးသားသည့် ရိုက်တာ၏အတွေးအမြင်ဆောင်းပါး Modi : PM for All Indians ? ကို မင်းထွဋ်ခေါင် (M-Media) မှ ဆီလျော်အောင် ပြန်ဆိုသည်။
  • ကြိုတင်ကာကွယ် တားဆီးအပ်သည့် မျိုးသုဉ်းရှင်းလင်းမှု(Genocide)
    မေ ၁၈ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
    8d4c77e32f6ffe11520f6a7067009120
    (ဓာတ်ပုံ) ငါးချောင်းဒုက္ခသည်စခန်းက ရွက်တဲတစ်ခုထဲ လဲလျောင်းနေတဲ့ ဝေဒနာသည် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်။ (AP Photo/Gemunu Amarasinghe)
    —————————————
    တကယ်လို့များ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ပါဝင်စွက်ဖက်မှုမရှိဘူးဆိုရင် မြန်မာနိုင်ငံက လူနည်းစုရိုဟင်ဂျာတွေအဖို့ တင်းပြည့်ကျပ်ပြည့် မျိုးသုဉ်းရှင်းလင်းမှု ဓားစာခံ ဖြစ်ရပါတော့မယ်။
    လူသားချင်းစာနာမှုကင်းမဲ့သော အဆိုးဆုံးနှိပ်စက်မှုဖြစ်ပေါ်စေတဲ့ ပဋိပက္ခတွေမှာ နိုင်ငံတော်နဲ့ အပြည်ပြည်ဆိုင်ရာခေါင်းဆောင်များက စုပြုံ သတ်ဖြတ်မှုရဲ့လက်သည်များကို ဖော်ထုတ်ရပါမယ်။ ဘယ်တော့မှ ထပ်မံ မဖြစ်ပွားစေဖို့ တားမြစ်ရပါမယ်။ လူနည်းစုဝင် ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ တိုက်ခိုက်မှုများဟာ အလွန်ကြမ်းတမ်းပြင်းထန်နေလို့ အဲ့ဒီဖန်တီးမှုထဲ တင်းပြည့်ကျပ်ပြည့် မျိုးသုဉ်းရှင်းလင်းမှု ဖြစ်လာလေတော့မလား ဆိုပြီး နိုင်ငံ့ရာဇ၀တ်မှု ကျွမ်းကျင်သူများက စိုးရိမ်နေကြပါတယ်။ လူဦးရေပမာဏ တစ်သန်းဝန်းကျင်ရှိတဲ့ လူနည်းစု မွတ်စ်လင်မ်များဟာ အဲ့ဒီပြည်နယ်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့နဲ့ အတူနေထိုင်လာကြပေမယ့်လည်း ယခုအခါမှာတော့ တရားမ၀င် ရွှေ့ပြောင်းအခြေချလာသူ ဘင်္ဂါလီများအဖြစ် သတ်မှတ်ခံနေရတယ်။
    အဲ့ဒီအမြင်အတိုင်းရှိနေတဲ့ ဗမာအစိုးရကလည်း သူတို့ကို နိုင်ငံသားအဖြစ်မှ ငြင်းဆိုထားသလို သူတို့ရဲ့ ပညာရေးနဲ့ ကျန်းမာရေးရာတွေအပေါ် ကန့်သတ် ချုပ်ချယ်ထားပါတယ်။ ပြီးခဲ့တဲ့မတ်လနှောင်းပိုင်းက စံနစ်တကျဖွဲ့စည်းထားတဲ့ အကြမ်းဖက်အုပ်စုဟာ အိုးအိမ်မဲ့ ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းကို ကူညီစောင့်ရှောက်နေသော အထောက်အပံ့နဲ့ အခြေခံ အဆောက်အဦတွေကို ပက်ပက်စက်စက် ဖျက်ဆီးပစ်ခဲ့ကြတယ်။ လတ်တစ်လော လများအတွင်း အလျဉ်မပြတ်ဖြစ်စဉ်ထဲက ဒါဟာ နောက်ဆုံး တိုက်ခိုက်မှုဖြစ်ပြီး၊ အများလက်ခံထားတဲ့ မျိုးသုဉ်း ရှင်းလင်းရေးဆိုင်ရာ သတ်မှတ်ချက်ငါးရပ်အနက် အချက်တစ်ချက်နဲ့ တိတိပပပြည့်မှီ ငြိစွန်းသွားပါတယ်။
    ဒီအနေအထားထဲ လက်ဝင်လျှိုဖို့ ဗမာ အစိုးရဖက်က ထင်ထင်ရှားရှား ပျက်ကွက်နေခဲ့တယ်။ ရခိုင်ပြည်နယ်ထဲ သုံးပတ်တာမျှ ဖြစ်ပျက်နေခဲ့ပြီး အကူအညီပေးရေး အုပ်စုအချို့ ပြန်ဝင်နိုင်ရေးကိုလည်း မနေမနား သတိပေးချက်များ ရှိခဲ့တာကြောင့် နိုင်ငံတကာဖိအားပေးဖို့ လိုအပ်လာရတာပါပဲ။ ဒါဟာ သိန်းဂဏန်းရှိတဲ့ လူ့အသက်တွေအပေါ် အရေးမစိုက်မှုကို အချက်ပြနေခြင်းဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းရဲ့အပြင်းအထန်ရှုတ်ချမှုဖြင့်သာ အကျိုးသက်ရောက်စေမှာဖြစ်တယ်။
    မတ်လနှောင်းပိုင်းက အကြမ်းဖက်မှုဟာ စံနစ်တကျကြိုတင် စီမံထားကြောင်း ထွက်ပေါ်လာတဲ့ အကျိုးတရားတွေက ရှင်းလင်းစွာ ထောက်ပြနေပါတယ်။ လူရမ်းကားတွေဟာ အသက်ကယ်ဆေးဝါးရရှိရေး လမ်းကြောင်းကို ဖြတ်တောက်ခဲ့ကြတယ်။ စားနပ်ရိက္ခာသိုလှောင်ထားတဲ့ ဂိုဒေါင်တွေကို ဖျက်ဆီးတယ်။ အဲ့ဒီအလှူပစ္စည်းများကို ရိုဟင်ဂျာစခန်းတွေဆီ အရောက် ပို့ဆောင်ပေးမယ့်လှေနဲ့ သွားလာရေးယာဉ်တွေကို အသုံးချမရအောင် ပြုလုပ်ခဲ့ကြတယ်။ တိုက်ခိုက်သူများက အိုးအိမ်မဲ့ရိုဟင်ဂျာတွေ မှီခိုအားထားနေရတဲ့အထောက်အပံ့များကို ဖြတ်တောက်ပစ်ဖို့ သက်သက် ရည်ရွယ် ထားတယ်ဆိုတာ ရှင်းပြတ်စွာ တွေ့ရတယ်။
    ဒီတိုက်ခိုက်မှုရဲ့အနိဌာရုံနောက်ပိုင်း သုံးပတ်တာလေးအတွင်း အထောက်အပံ့ခံတွေ ဒါဇင်ပေါင်းများစွာ သေဆုံးကြောင်း သတင်းရရှိခဲ့တယ်။ ဒါဟာ ဒုက္ခသည်တွေ အပေါ် ရုပ်ပိုင်းဆိုင်ရာ တိုက်ရိုက်တိုက်ခိုက်မှုထက် ထောက်ပံ့ရေးစံနစ်တွေအပေါ် သွယ်ဝိုက်ရိုက်ချိုးစော်ကားတာက ပိုမိုထိရောက်တယ်၊ ဒုက္ခသည်တွေ ပိုမိုဒုက္ခရောက် ခံစားသွားစေတယ်ဆိုတာကို ပြသနေတာပဲဖြစ်တယ်။
    ရိက္ခာနဲ့အကူအညီ ပြတ်တောက်ပြီး ပိုမိုအထီးကျန်အောင်ပြုမူခံရတဲ့ ရိုဟင်ဂျာများအဖို့ ပြည်တွင်းရဲ့စာနာမှု မဆိုစလောက်တော့ ရရှိခဲ့ကြတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုက အန္တရာယ်ရှိတဲ့ နည်းစဉ်တစ်ခုရဲ့ စတင်ခြင်းကို လှစ်ဟပြနေပါတယ်။ အကြမ်းဖက်မှာပါဝင်ကျူးလွန်တဲ့ ရခိုင်လူမျိုးတို့က ရိုဟင်ဂျာတွေ အဖို့ သေရေးရှင်ရေး ကယ်ဆယ်မှု အထောက်အပံ့တွေ၊ လုပ်ငန်းစဉ်တွေနဲ့ မထိုက်တန်ဘူးလို့ ဖော်ထုတ်ပြသလိုက်ပြီဖြစ်ပါတယ်။ ဒီလို လူသားချင်းစာနာမှု ကင်းမဲ့တဲ့ အဆင့်ဆင့်လုပ်ဆောင်ချက် ၀ိသေသကို နှစ်ဖက်စလုံးမှာ ပါဝင်သူများက ပညာရှင်များ၊ နိုင်ငံရေးခေါင်းဆောင်တွေအကြား အသိမပေးခဲ့ကြဘူး။ ဒါဟာမျိုးသုဉ်းရှင်းလင်းခြင်း လမ်းကြောင်းပေါ်က မှတ်တိုင်တစ်ခုဘဲ ဖြစ်ပါတယ်။
    ဗမာအစိုးရဟာ ကုလသမဂ္ဂထောက်ပံ့မှုနဲ့အတူ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမဆုံးသော ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံတဲ့ အစီအစဉ်ကို ဧပြီလက ဖော်ဆောင်ခဲ့တယ်။ ဒါပေမယ့် စာရင်းကောက်တွေဟာ ရိုဟင်ဂျာတွေကို ဘင်္ဂါလီအဖြစ်စာရင်းသွင်းဖို့ သို့တည်းမဟုတ် အလျဉ်း စာရင်းမသွင်းမကောက်ဖို့ ညွှန်ကြားခံရတယ်ဆိုတဲ့ သတင်းတွေနဲ့  ဒီစီမံချက်က အကျည်းတန်သွားခဲ့တယ်။ ဒီလမ်းကြောင်းနှစ်မျိုးစလုံးက မျိုးနွယ်အုပ်စုတည်ရှိခြင်းကို အခိုင်အမာငြင်းဆို လိုက်တာပါပဲ။
    ဒီလို အမြင်စောင်းသွားအောင် ချိုးနှိမ်တဲ့ကမ်ပိန်းဟာ အသစ်အဆန်းမဟုတ်တော့ပါဘူး။ အလားတူစစ်ဆင်ရေးမျိုးကို ၁၉၇၈ နဲ့ ၁၉၉၂ ခုနှစ်တွေမှာ အကောင်အထည်ဖော်ခဲ့ဖူးပါတယ်။ အကြိမ်တိုင်းမှာ မြန်မာပြည်က မွတ်စ်လင်မ် နှစ်သိန်းထက် မနည်း ဘင်္ဂလားဒေ့ရှ်ဆီ တွန်းပို့ခဲ့ကြတယ်။ အဲ့ဒီ တအုံတကျင်းသော လူစုကြီးကို ဒုက္ခသည်များအဖြစ် စာရင်းသွင်းဖို့ ဒါကာအနေနဲ့ ငြင်းဆိုထားတယ်။ ရခိုင်ပြည်နယ်က အပယ်ခံလူတစ်စုဟာ အခုဆိုရင် အခြေခံ လူ့အခွင့်အရေးကိုပင်လျှင် ငြင်းပယ်ခံရတဲ့ဘ၀ ရောက်နေကြရပြီ။ ဒါကြောင့် ၂၀၁၂ ဇွန်လ ပထမ အကြမ်းဖက်လှိုင်းလုံးမှာကတည်းက မြန်မာပြည်ကနေ ရိုဟင်ဂျာတွေဟာ လှေငယ်လေးတွေနဲ့ ထွက်ပြေးလာကြရာမှ ရာနဲ့ချီ နစ်မြှုပ်သေဆုံးကြရတယ်။ ဒီလူစုတွေအပေါ် လူမဆန်အောင်ပြုမူဖို့ ချိုးနှိမ်စေဖို့ ပြည်တွင်း မီဒီယာတွေ၊ နိုင်ငံရေးသမားတွေနဲ့ ဗုဒ္ဓဘာသာ သံဃာတွေက တက်ကြွစွာ မှိုင်းတိုက် ၀ါဒဖြန့်လျက်ရှိနေကြတယ်။
    ဟောင်ကောင်က မြန်မာကောင်စစ်ဝန်ဟောင်း ဗိုလ်ချုပ် ရဲမြင့်အောင်က ၂၀၀၉ ခုနှစ်မှာ ရိုဟင်ဂျာတွေကို “ဘီလူးတွေလို ရုပ်ဆိုးသူတွေဆိုပြီး” ပြောကြားခဲ့ သလို၊ ပြည်တွင်းက နာမည်ကြီး Weekly Eleven ဂျာနယ်ကလည်း ၂၀၁၂ ဇွန်လ မှာ ရိုဟင်ဂျာတွေကို “ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၏ ပြင်ပမှ အသံမဲ့ ကိုယ်ပျောက်ချဉ်းနင်း ၀င်ရောက်လာသူများ” အဖြစ် ဖော်ပြခဲ့တယ်။ အယုံသွင်းလှည့်စားမှု ဆိုတာ ရှင်းလင်းလှပါတယ်။ ယမန်နှစ်က ရိုဟင်ဂျာတွေနဲ့ အင်တာဗျူး တစ်ရပ်လုပ်ပေးမလားဆိုပြီး အေပီဂျာနယ်လစ် တစ်ဦးမှ မေတ္တာရပ်ခံရာမှာ အစိုးရဖက်တာဝန်ရှိသူက “ခွေးတွေနဲ့ ဘာကြောင့် တွေ့ချင်ရတာလဲ” လို့ သူမကို ပြန်မေးကြောင်း ဆိုပါတယ်။
    “ အဲ့ဒီလိုအချိန်ကာလမျိုးတွေတုန်းက မိမိတို့ဟာ မျိုးဖြုတ်သုတ်သင်တဲ့ ဒုစရိုက်မှုတွေထဲ ပါဝင်ပတ်သက်နေကြောင်း သတိလက်လွတ် မဖြစ်သူဆိုတာ မဆိုစလောက်လေးသာ ရှိနေခဲ့ကြတယ်။ အရာရာအားလုံးပြီးမြောက် သွားတဲ့အခါကျတော့ လူတိုင်းက – ကောင်းကင် အလိုကျ အတွက်ဟုတ်လား၊ ငါလုပ်လို့ ဘယ်ဖြစ်မလဲ ဆိုပြီး လူတိုင်းက တုန်လှုပ်စွာ မေးမြန်းမိကြတယ်လေ ”။
    လူသားမဆန်တဲ့နည်းစဉ်က မျိုးဖြုတ်သုတ်သင်သူတွေရဲ့ အသိစိတ်ကို ပြောင်းပေးလိုက်ခြင်းဖြစ်တယ်။ ရခိုင်လူမျိုးတွေဟာ ရှေးယခင်က မကြာခဏဖြစ်ဖူးတဲ့ စုပြုံ သတ်ဖြတ်ရေး နည်းဗျူဟာထဲ အသုံးချ ခံနေရတယ်ဆိုတာ၊ လူနည်းစုဝင်တွေကို တိရစ္ဆာန်လို သဘောထား အသုံးချတယ်ဆိုတာ သူတို့ကိုယ်တိုင် သိချင်မှ သိကြပါလိမ့်မယ်။ ဒီလို အနေအထားမျိုးကို ရ၀မ်ဒါမှာ တွေ့ဖူးပြီးပါပြီ။ ပိုးဟပ်တွေကို လက်စတုံးပစ် ဆိုပြီး နိုင်ငံပိုင်ရေဒီယိုကနေ အသံလွှင့်တဲ့အထိပါဘဲ။ ဒီလက္ခဏာတွေကို အခုဆိုရင် မြန်မာပြည်မှာ တွေ့နေကြရပြီ။ ချိုးနှိမ်စော်ကားမှုဆိုတာ လူသားတွေအပေါ် သူတို့ရဲ့သာမန် ခံစားချက်များ ကို လူသတ်တဲ့အဆင့်အထိ တွန်းပို့လေ့ရှိပါတယ်။ နုရင်ဘတ်မှာ ကြိုးပေးစီရင်ခြင်းက လွတ်မြောက်ခဲ့တဲ့ ဟစ်တလာရဲ့ ဗိသုကာပညာရှင် အဲလ်ဗတ် စပီးယား Albert Speer က သမိုင်းဝင် စုပြုံသတ်ဖြတ်မှုဖြစ်ရပ်တွေအပေါ် ဒီလို မှတ်ချက်ပြုခဲ့ပါတယ်။
    “ အဲ့ဒီလိုအချိန်ကာလမျိုးတွေတုန်းက မိမိတို့ဟာ မျိုးဖြုတ်သုတ်သင်တဲ့ ဒုစရိုက်မှုတွေထဲ ပါဝင်ပတ်သက်နေကြောင်း သတိလက်လွတ် မဖြစ်သူဆိုတာ မဆိုစလောက်လေးသာ ရှိနေခဲ့ကြတယ်။ အရာရာအားလုံးပြီးမြောက် သွားတဲ့အခါကျတော့ လူတိုင်းက – ကောင်းကင် အလိုကျ အတွက်ဟုတ်လား၊ ငါလုပ်လို့ ဘယ်ဖြစ်မလဲ ဆိုပြီး လူတိုင်းက တုန်လှုပ်စွာ မေးမြန်းမိကြတယ်လေ ”။
    မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် ဆယ်စုနှစ်များစွာ ခွဲခြားခြင်းဆိုတဲ့ အကြမ်းဖက်မှုတွေ ရှိနေခဲ့တယ်။ RNDP ရခိုင်ပါတီထီးရိပ်အောက်က ၂၀၁၂ နိုဝင်ဘာလထုတ် Progress မဂ္ဂဇင်းရဲ့ အယ်ဒီတာ့အာဘော်မှာ “ နိုင်ငံတစ်ခု ပြန်လည်ရှင်သန်ရေးအတွက် ဟစ်တလာ နဲ့ ပိတ်လှောင်စုပြုံသတ်ဖြတ်မှုလို လူသားမဆန်တဲ့ဒုစရိုက်လုပ်ရပ်တွေ ကျူးလွန်သင့်က ကျူးလွန်ရမယ်။ ဒါဟာ မျှတပါတယ်။ တကယ်လို့ တို့တစ်တွေဟာ ဒီ(ရိုဟင်ဂျာ)ပြဿနာတွေကို အပြတ်မရှင်း အမြစ်မဖြတ်နိုင်ဘဲ နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းခဲ့ရင် သူရဲဘောကြောင်သူတွေအဖြစ် သမိုင်းတွင်သွားလိမ့်မယ် ” ဆိုတဲ့ စကားမျိုး ရေးသားဖော်ပြခဲ့တယ်။
    လူမျိုးရေးစကားဆိုတာ လူမျိုးကြီးဝါဒလုပ်ရပ်ရဲ့ အစိပ်အပိုင်းထဲ ပါဝင်နေပါတယ်။ မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်အားပေးပြီး ဗုဒ္ဓဘာသာဝင် လူသွမ်းတွေဖော်ဆောင် လိုက်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်းတောမြို့မှာ ဇန္န၀ါရီလက ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်များ ပါဝင်သော လူပေါင်း ၄၀ စုပြုံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂဖက်က သတင်းထုတ်ပြန်ခဲ့တယ်။ မြန်မာအစိုးရဟာ အဲ့ဒီ စုပြုံသတ်ဖြတ်မှုကို အထပ်ထပ်အခါခါ ငြင်းဆိုခဲ့ယုံသာမက မျက်မြင်သက်သေများကိုလည်း ပြစ်ဒဏ်ပေးအရေးယူနိုင်အောင် ကြိုးစားခဲ့တာ တွေ့ရတယ်။ ပြင်သစ်က နယ်စည်းမထား စေတနာ့ဒါနဆရာဝန်များအဖွဲ့ MSF အနေနဲ့ အဲ့ဒီဖြစ်စဉ်မှ ရှင်သန်ကျန်ရစ်သူ ၂၂ ဦးကို ကုသပေးခဲ့တာကို လူသိရှင်ကြားဖြစ်သွားတဲ့အခါ ဒီ အဲန်ဂျီအိုအဖွဲ့ကို အစိုးရအာဏာပိုင်က ချက်ခြင်း အရေးယူလို့ ပြည်နယ်ပြင်ပကို မောင်းထုတ်ခဲ့တယ်။ ဒီလုပ်ရပ်က ရေရှည် ဆိုးကျိုးများကို ဖြစ်ပေါ်စေတယ်။ ရွှေ့ပြောင်းခံ ရိုဟင်ဂျာတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှု ကျယ်ကျယ်ပြန့်ပြန့်ပေးနေတဲ့ MSF ဟာ ဧပြီလကုန်ပိုင်း ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်ခွင့်ပေးခံရတဲ့ အဲန်ဂျီအိုတွေထဲ မပါဝင်ခဲ့ပါဘူး။ MSF ဆိုတာ ရခိုင်ပြည်နယ်တွင်းရှိ လူနာပေါင်း ခုနှစ်သိန်းဝန်းကျင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဦးဆောင်ကူညီပေးနေတဲ့ အဖွဲ့ဖြစ်တယ်။ ပြည်နယ်ထဲကနေ အဓမ္မထွက်ခွာစေခြင်းခံရပြီး သုံးပတ်အကြာမှာ လူနာပေါင်း နှစ်သောင်းခွဲက ကျန်းမာရေးဆွေးနွေးမှု လက်လွှတ်ခဲ့ရတယ်လို့ ခန့်မှန်းထားကြတယ်။ ဒီဆုံးရှုံးမှုရဲ့ဆိုးရွားအကျိုးဆက်များကို မတ်လနှောင်းပိုင်း ရိက္ခာတိုက်တွေဖျက်ဆီးခံရခြင်းက ထပ်ဆင့်ပြီး ကြီးထွားပြင်းထန်သွားစေတယ်။ ငတ်ပြတ်ခြင်းရဲ့လက္ခဏာရပ်များက ရှင်းရှင်းလင်းလင်း ပေါ်လွင်လာတယ်။
    စစ်တွေမြို့တွင်းနဲ့ ၀န်းကျင်က ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းများမှာ၊ နယ်မြေအကန့်အသတ်နဲ့ ပိတ်လှောင်ခံနေရတယ်။ အရှိန်အ၀ါရှိတဲ့ နိုင်ငံရေးသမားတွေ သံဃာတွေရဲ့ မောင်းနှင်မှုအောက်က လူထုများရဲ့ ၀ိုင်းရံထားမှု ခံနေရတယ်။ သူတို့က ရိုဟင်ဂျာအားလုံးကို နိုင်ငံပြင်ပ မောင်းမထုတ်ရင် ဒီလို ခွဲခြားချိုးနှိမ်ရက်စက်တဲ့ လုပ်ရပ်အတိုင်း ဆက်လက်ထားဖို့ ဆန္ဒရှိကြောင်း အသံထုတ်ထားကြတယ်။ သမ္မတ ဦးသိန်းစိန်သည်ပင်လျှင် ရိုဟင်ဂျာလူမျိုး တစ်စုလုံးကို ပြည်ပမှာ နေရာချထားရေး အတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ကုလအကူအညီတောင်းခံခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။
    အခြေအနေကို ရေရှည်မှာ ပိုဆိုးရွားလာအောင် ခွင့်ပြုထားပြီး တွန်းအားပေးနေသလိုပါပဲ။ ကြိုကြားကြိုကြား အကြမ်းဖက်မှုတွေ ဆက်လက်တည်တံ့နေတာ၊ အဆိုးမြင်မှု ပိုမိုနက်ရှိုင်းစေတာကို တွေ့နေရတယ်။ အစိုးရဖက်က မဆိုစလောက်မျှသာ ကူညီပြီး လုပ်ရပ်အများစုကတော့ ရခိုင်ပြည်နယ်တွင်း အနေအထားကို ပိုလို့ ထိခိုက်သွားစေတယ်။ နိုင်ငံမဲ့ရိုဟင်ဂျာတွေပေါ် ဗဟိုပြုလို့ ကူညီထောက်ပံ့မှုတွေကို ဒုက္ခရောက်နှောင့်နှေးစေခြင်း၊ အမုန်းတရားပွားများစေတဲ့ ဟောပြောချက်နဲ့ အကြမ်းဖက်လက်သည်တွေကို ဥပဒေကြောင်းအရ ပြစ်ဒဏ်ခတ်ဖို့ ပျက်ကွက်ခြင်း စတာတွေဟာ အကြမ်းဖက်မှုနှုန်း ပိုမိုပြန့်ပွားစေမယ့် အသိုင်းအ၀ိုင်းတစ်ရပ်ကို ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။ လူရမ်းကားတွေဟာ သူတို့သဘောဆန္ဒအလျောက် စုရုံးလှုပ်ရှားနေတယ်၊ အကြမ်းဖက်မှုဟာ အပြန်အလှန် တိုက်ခိုက်ခြင်းဖြစ်တယ် ဆိုတဲ့ ထွင်လုံးတွေကို စင်တင်ထားဆဲပါဘဲ။
    နိုင်ငံတော်ကျောထောက်နောက်ခံပြု ဒုစရိုက်များဆိုင်ရာ ပညာရှင်တွေအဖို့ ဒီနည်းဗျူဟာကို ရင်းနှီးပြီးသားဖြစ်တယ်။ ပေါ်လစီမူဝါဒတွေကို ထိပ်ပိုင်းခေါင်းဆောင်များက ဆင်ယင်ခြင်း၊ ကြိုးနီစံနစ်နဲ့ အောက်ခြေအလွာကနေ ဖြန့်ဖြူးခင်းကျင်းခြင်းတွေဟာ ထင်သာမြင်သာရှိလှပါတယ်။ အခုဆိုရင် ရိုဟင်ဂျာတွေ အပေါ် လူမျိုးရေးတိုက်ခိုက်ချက်များနဲ့အတူ အသေးအဖွဲအငြင်းပွားမှုများကိုပင်လျှင် အကြီးစားအကြမ်းဖက်မှုဖြစ်လာအောင် ပွင့်ထွက်စေတဲ့အထိ တင်းမာမှု အဆင့် ရောက်နေပါပြီ။ ဒါဟာ မျိုးဖြုတ်သုတ်သင်ခြင်းကို ဖြစ်ပွားစေတဲ့ စိတ်အနေအထားဆိုတာ မြန်မာပြည်က ခေါင်းဆောင်အားလုံး သိကို သိရပါတော့မယ်။ ဒါ့အပြင် မျိုးဖြုတ်ရေးအတွေးအမြင်ကို လွတ်လပ်ခွင့်ပေးလိုက်တာနဲ့တပြိုင်နက် အင်အားသုံးပြီး ပြန်လည်ထိန်းသိမ်းဖို့ ရပ်တန့်ဖို့ မလွယ်ကူတော့သလောက်ဖြစ်သွားတတ်တယ်ဆိုတာကိုလည်း သူတို့ သိထားကြရမှာ ဖြစ်ပါတယ်။
    သို့တစေ မြန်မာခေါင်းဆောင်များက ဒီအရေးအပေါ် ရေငုံနှုတ်ပိတ်နေနေဆဲဖြစ်ကြောင်း ၀မ်းနည်းစဖွယ် တွေ့နေရတယ်။ ယမန်နှစ်က BBC နဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က “ ကမ္ဘာတစ်ဝှမ်းမှာ မွတ်စ်လင်မ်တွေရဲ့ပါဝါ တော်တော်ကြီးထွားနေတယ်” “မြန်မာပြည်က အလယ်အလတ် မွတ်စ်လင်မ်အများအပြားဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းနဲ့ အလွန်သဟဇာတဖြစ်ပါတယ်” လို့ ကောက်ချက်ချ ပြောဆိုခဲ့တယ်။ သူမလည်းပဲ မွတ်စ်လင်မ်တွေကို တိုင်းတစ်ပါးကလာရောက်သူများသဖွယ် သဘောထားကြောင်း ဒီအချက်က ပြဆိုနေတယ်။
    နိုင်ငံတကာအမြင်ကွဲလွဲမှုရဲ့ မေ့ပျောက်ခံဓားစာခံများဖြစ်ခဲ့ကြတဲ့ “Srebrenica က ၀ိညာဉ် ၈၀၀၀” အတွင်း လူသူမသိ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပေါင်းထည့်လိုက်တော့မှာလား ?
    ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဆိုတဲ့ အဆင့်အတန်းရှိသူ ဖြစ်လင့်ကစား အကြမ်းဖက်မှုအပေါ်ဆန့်ကျင်တဲ့ စကာသံ မဟ,ခဲ့ဘူး။ သူမဟာ ကာလရှည် ကစားပွဲ နွှဲနေသူဖြစ်တယ်။ မွတ်စ်လင်မ်နဲ့ ဗုဒ္ဓဘာသာဝင်တွေကြားက အက်ကြောင်းတွေကို ဖာထေးပေးနေသူအဖြစ် မဲဆန္ဒရှင်တွေ မြင်သွားရင် ထောက်ခံမှု ဆုံးရှုံးသွားမှာ စိုးရိမ်နေတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေက ဒီအကြောင်းကို ဆွေးနွေးနေကြတယ်။ ဇန္န၀ါရီလ မောင်းတောစုပြုံ သတ်ဖြတ်မှုအတွင်း နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ပတ်သက်မှုအပေါ် ကုလသမဂ္ဂက ပထမဆုံး
    ထုတ်ဖော်ပြောကြားသော်လည်း မြန်မာနိုင်ငံကို ပိတ်ဆို့ ဒဏ်ခတ်ခြင်းအစီအစဉ် တစ်ခုတစ်လေမျှ မပြုလုပ်သေးတာ တွေ့ရတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းနယ်စပ်တွေမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေပေါ်မူတည်ပြီး ငြိမ်းချမ်းမှုထိန်းသိမ်းရေးကုလတပ်ဖွဲ့များကို စေလွှတ်ဖို့ ကိစ္စမှာလည်း အငြင်းပွားမှုရှိနေဆဲ။
    လာမည့်နှစ်ဟာ Srebrenica မျိုးဖြုတ်သုတ်သင်မှု နှစ်ပေါင်း ၂၀ မြောက်အထိမ်းအမှတ် ကျင်းပပါလိမ့်မယ်။ အဲ့ဒီ မျိုးဖြုတ်သုတ်သင်မှုကိုလည်း ကုလသမဂ္ဂကနေပဲ တင်ကြိုတွက်ဆ သတိပေးခဲ့တာပါ။ Srebrenica ကို ရောက်ခဲ့တဲ့ ဘက်မလိုက်အုပ်စုခေါင်းဆောင် Diego Arria က ပြောဆိုခဲ့တာဖြစ်တယ်။ အဲ့ဒီက အခြေအနေဆိုးနေမှုအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက တလွဲဖွင့်ဆိုမိပြီး အရေးယူဖို့ စိတ်မ၀င်စားတာ၊ အရေးမယူနိုင်ခဲ့တာကို သူ တွေ့ရှိသွားခဲ့တယ်။ သူက မျိုးဖြုတ်သုတ်သင်ခြင်းထံ တရွေ့ရွေ့နီးကပ်လာနေကြောင်း ၁၉၉၃ ခုနှစ်က ပြောဆိုခဲ့တယ်။ ပြောပြီး ၂ နှစ်အကြာ အဲ့ဒီနိုင်ငံစစ်တပ်က  လူကြီး ကလေးအပါအ၀င် လူပေါင်း ၈၀၀၀ ကျော်ကို ၂ ရက်အတွင်း သတ်ဖြတ်ခဲ့ကြတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ ကြိုတင်သိမြင်နေသော်လည်း ကာကွယ်ဖို့ပျက်ကွက်ခဲ့တယ်။ အဲ့ဒီပျက်ကွက်မှုအတွက် ရှက်ရွံ့ဦးညွှတ်ဖို့ ကြောက်ရွံ့ပါတယ်ဆိုတဲ့ အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့ ခေါင်းရှောင်နေကြတယ်။ လက်ရှိ ကုလသမဂ္ဂ အဖွဲ့ဝင်တွေဟာ ဒီလိုဘဲ ဖြစ်လာတော့မှာလား ?
    နိုင်ငံတကာအမြင်ကွဲလွဲမှုရဲ့ မေ့ပျောက်ခံဓားစာခံများဖြစ်ခဲ့ကြတဲ့ “Srebrenica က ၀ိညာဉ် ၈၀၀၀” အတွင်း လူသူမသိ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပေါင်းထည့် လိုက်တော့မှာလား ?
    မြန်မာပြည်သူပြည်သားအစိပ်အပိုင်းတစ်ရပ်အပေါ် သတ်ဖြတ်နေတဲ့ ရာဇ၀တ်မှုကို မြန်မာ့နိုင်ငံရေးသမားအပေါင်းက အဆုံးသတ်ထောက်ပြသွားဖို့ အရေးကြီးဆုံး အချိန်အခါရောက်နေပါပြီ။ ဘာမှမလုပ်ကြရင် – ဒီပြဿနာထဲ လက်တွဲပူးပေါင်းဖြေရှင်းဖို့ ပျက်ကွက်ရင် – အကြမ်းဖက်ဖို့ စိုင်းပြင်းထားပြီးဖြစ်တဲ့ အဲ့ဒီအသိအမြင်တွေကို မဆေးကြောပေးရင် – လောကရဲ့အဆိုးဆုံးဒုစရိုက်မှုထဲ ပါဝင်ပတ်သက်သွားတဲ့ သမိုင်းတရားခံတွေ ဖြစ်သွားနိုင်စရာရှိပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
    Foreign Policy တွင်ဖော်ပြသော Andre Malerba ၏ “Preventing the Next Genocide” ဝေဖန်ရေးဆောင်းပါးကို “မြင့်မိုရ်မောင်မောင်” မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
    =================
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]
  • နိုင်ဂျီးရီးယားမှ ဘိုကိုဟရာမ် အဖွဲ့နှင့် ၎င်း၏ လုပ်ရပ်များအပေါ် ကမ္ဘာ့အထင်ကရ အစ္စလာမ့်ပညာရှင်နှစ်ဦး ပြစ်တင်ရှုံ့ချ
    မေ ၇၊ ၂၀၁၄
    M-Media
    မင်းထွဋ်ခေါင်
    အနောက်တိုင်းပညာရေးသည် ဂိုဏ်းဂဏကွဲပြားစေသည့် အတွေးအခေါ်ဖြစ်၍ အစ္စလာမ့်အမြင်အရ ဟရာမ် (တားမြစ်ပိတ်ပင်သည့်အရာ) ဖြစ်သည်ဟု ကြွေးကြော်နေေ သာ နိုင်ဂျီးရီးယားမှ ဘိုကိုဟရာမ် Boko Haram အစွန်းရောက်အုပ်စုအား ထင်ရှားကျော်ကြားသည့် အစ္စလာမ့်ပညာရှင် ဘီလားလ် ဖီးလစ္စ Bilal Philips မှ – ယင်းအကြမ်းဖက်အုပ်စုကိုယ်တိုင်က “ဟရာမ်” ဖြစ်သည် ဟူ၍ ပြစ်တင်ရှုတ်ချလိုက်သည်။
    Sheikh Bilal Philips
    အနောက်တိုင်းပညာရေးလမ်းစဉ်မှာ ဟရာမ်ဖြစ်သည်ဆိုသော ယုံကြည်ချက်ပေါ်အခြေတည်ထားသည့် ဘိုကိုဟရာမ်အဖွဲ့သည် ၂၀၀၉ ခုနှစ်ကတည်းက နိုင်ဂျီးရီးယားမြောက်ပိုင်း၌ လူပေါင်း ထောင်ချီ သတ်ဖြတ်ခဲ့ကြသည်။
    ပညာရှင် မစ္စတာဖီးလစ္စသည် တနင်္ဂနွေနေ့က အဘူဂျာတွင် “ ခေတ်တိုင်းအတွက် စံပြပုဂ္ဂိုလ် ” ခေါင်းစဉ်အောက်မှ ပို့ချချက် တစ်ရပ် ပြုလုပ်ရာ အထက်ပါအုပ်စုဝင်တို့သည် အစ္စလာမ်၏ လူ့ဗာလများအဖြစ် ဖော်ညွှန်းသွားသည်။
    ဒေါက်တာ ဘီလားလ် ဖီးလစ္စ၏ ပို့ချချက်အချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
    “ ကျောင်းနေအရွယ် အပြစ်မဲ့ကလေးငယ်များကိုလည်းကောင်း၊ မွတ်စ်လင်မ်များဟု မိမိကိုယ်ကိုဖော်ပြသူကိုလည်းကောင်း သတ်ဖြတ်ခြင်း မပြုရ။ ယင်းသို့ပြုပါက အစ္စလာမ့်ဘောင်ပြင်ပသို့ ရောက်သွားခြင်းဖြစ်သည်။ အကြောင်းသော် သွေဖည်ငြင်းဆန်မှုလုပ်ရပ် ဖြစ်နေ၍ပင်။ ထိုအုပ်စုဝင်များထံ၌ အသိတရား မရှိကြ။ အစ္စလာမ်၏ လူ့ဗာလများသာ ဖြစ်၏။ အစ္စလာမ်မှ ယင်းသို့ ရက်စက်ကြမ်းကြုတ်ခြင်းမျိုးကို ခွင့်ပြုမထားပါ။
    မူဝါဒများကို ဆန့်ကျင်သည်ဆိုရာဝယ် မွတ်စ်လင်မ်တို့သည် ၎င်းတို့၏ယုံကြည်အားထားရသည့် ကိုယ်စားလှယ်များမှတဆင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများသို့ ငြိမ်းချမ်းရေးအခြေတည်နည်းလမ်းများဖြင့်သာ မိမိတို့၏အမြင်ကို ထုတ်ဖော်ရင်ဆိုင်အပ်ပေသည်။
    တမန်တော် မုဟမ္မဒ်သည် ငြိမ်းချမ်းမှုတရားကိုသာ ထာဝစဉ် ဟောပြောသွန်သင်ခဲ့၏။မလွှဲမရှောင်သာမှသာ တိုက်ခိုက်ခဲ့၏။ (သို့တိုက်ခိုက်ရသည့်တိုင်အောင်) လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးကိုသာ ဦးတည်ဖော်ဆောင်လေ့ရှိ၏။ တမန်တော် မုဟမ္မဒ်သည် မွတ်စ်လင်မ်အားလုံးအဖို့ မင်္ဂလာတရားကို ကိုယ်စားပြုခဲ့၏။ အစ္စလာမ်၏ကြီးကျယ်မြင့်မြတ်မှုသည် လူသားထုပေါ်ပို့ချသောဒေသနာပေါ်၌ တည်၏။ သို့သော် တမန်တော် သွန်သင်ခဲ့သော ကိုယ်ကျင့်တရားဆိုင်ရာဒေသနာတော်မှာ တဖြည်းဖြည်း တိမ်မြုပ်စပြုလာနေပြီဖြစ်သည်။
    လူ့ယဉ်ကျေးမှု၏ စာရိတ္တမဏ္ဍိုင်မှာ ယိုင်နဲ့နေပေပြီ။ ကုရ်အာန်ကျမ်း၌ဖော်ပြထားသော စာရိတ္တမဏ္ဍိုင် နှင့် တမန်တော်၏စံနမူနာများအပေါ် မွတ်စ်လင်မ်တို့မှ မြဲမြံစွာရပ်တည်ရန် အစ္စလာမ်က ညွှန်ကြားထားသည်။ မွတ်စ်လင်မ်တို့အနေနှင့် အစ္စလာမ့်စာရိတ္တကို မြဲမြံစွာ ကိုင်စွဲထားရန်
    လိုအပ်သည်။ ယခုအခါ လူများစု၏အမြင်ကို အခြေခံသော ဒီမိုကရေစီစံနစ်အား နိုင်ငံများစွာမှ လက်ခံကျင့်သုံးလျက်ရှိနေသည်။ သို့သော် လူများစုမှ လက်ခံနိုင်သည်ဟု ဆုံးဖြတ်လေသောအခါ လူထုအမြင်ပေါ်အခြေခံသည့် အပြောင်းအလဲထံသို့ စာရိတ္တတရားများက တိမ်းညွှတ်သွားလေ့ရှိ၏။ ကမ္ဘာပေါ်ရှိ ကိုယ်ကျင့်တရားဆိုင်ရာပြဿနာများမှာ စာရိတ္တ(ချို့ယွင်းမှု)ကြောင့်ဖြစ်သည်။ အခြားတစ်ဖက်မှာတော့ အစ္စလာမ်သာသနာက တမန်တော်ချမှတ်ခဲ့သော စာရိတ္တစည်းမျဉ်းများဖြင့် ရပ်တည်လျက်ရှိသည်။
    ဤသို့အမြင်ပြောင်းလဲမှုပုံဟန်နှင့်ပတ်သက်၍ ဥပမာတစ်ရပ်ပေးပါမည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ က အနောက်တိုင်းသားအများစုသည် လိင်တူဆက်ဆံမှုကို ညစ်ညမ်းဆိုးယုတ်သောလုပ်ရပ်အဖြစ် ပြောဆိုကြပေမည်။ ၎င်းသည် ထာဝရဘုရားသခင်မှ ရွံရှာမုန်းတီးတော်မူသော ကိစ္စအဖြစ် သမ္မာကျမ်း၌ သတ်မှတ်ထားသလို စိတ်ရောဂါကု ပညာရှင်များကလည်း ရူးနှမ်းမှု တစ်ခုအဖြစ် သတ်မှတ်ထား၍ဖြစ်၏။ ၁၉၇၀ နှစ်များနှောင်းပိုင်းတွင်မူ ထိုအယူအဆကို သမ္မာ ကျမ်းဂန်မှ ဖယ်ထုတ်လိုက်ကြသည်။ ယခုသော် လိင်တူဆက်ဆံမှုကို နောက်ထပ် သီးခြားဘ၀ လမ်းစဉ်အဖြစ် ယူဆလာကြပြီး ဤအချက်ကို ဆန့်ကျင် ကန့်ကွက်သူမှာ ရူးနှမ်းသူဟု ဖော်ပြခံနေရပေသည်။
    အနောက်တိုင်းနိုင်ငံ အများအပြား၌လည်း တရားမ၀င်ကာမမှုနှင့် လက်မထပ်ဘဲ အတူနေခြင်းတို့မှာ ပြစ်မှု မမြောက်၊ ရာဇ၀တ်မှု မဟုတ်ဟူ၍ပင် သတ်မှတ်နေကြ၏။ ဒီမိုကရေစီစံနစ်သည် လူများစု၏အမြင်ရှုထောင့်များကို ဦးစားပေးသဖြင့် ကောင်းကျိုးများစွာ ရှိသည်ကား မှန်၏။ သို့သော် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးအပေါ် စည်းဖောက်ပြီဆိုပါက ပြဿနာ အသွင်ဆောင်လာ ပါသည်။
    တမန်တော် မုဟမ္မဒ်မှ အဓိကညွှန်းပြခဲ့သော အစ္စလာမ့်ဒေသနာမှာ ကိုယ်ကျင့်တရားပိုင်း ဖြစ်သည်။ အစ္စလာမ့်ဒေသနာ၌ သတ်ဖြတ်သူသည် နောက်ထပ် လူသတ်မှုမကျူးလွန်နိုင်ရေးအတွက် သေစားသေစေ ပြစ်ဒဏ်ခံရမည်ဟုဆိုထားလင့်ကစား တိရစ္ဆာန်များကိုပင်လျှင် အပျော်တမ်း(အမဲလိုက်) သတ်ဖြတ်ခြင်းမျိုးအား တားမြစ်ပိတ်ပင်ထားသည်။ မွတ်စ်လင်မ်တို့သည် လမ်းဖွင့်ပေးသူများဖြစ်သင့်သည်။ အသိပညာများကို မျှဝေပေးသူများ၊ စံပြပုဂ္ဂိုလ်မွန်များ ဖြစ်သင့်သည်။ အကြောင်းမှာ (နောင်တမလွန်တွင်) စစ်ဆေးစီရင်ခံမည့်အတွက်ကြောင့် ဖြစ်သည်။
    ကုရ်အာန်နှင့်ဟဒီးဆ်(တမန်တော့်သြ၀ါဒတော်များ)အရ မည်သည့်မွတ်စ်လင်မ်ပင်ဖြစ်စေ အသိပညာကို ဖုံးကွယ်ကာ ၀ှက်သူတိုင်းအပေါ် အလ္လာဟ်အရှင်မြတ်က ငရဲမီးခဲကြီးတစ်ခု တင်ဆောင်တော် မူလိမ့်မည်ဟု ဆိုထား၏။ သို့ဖြစ်၍ အစ္စလာမ်နှင့် ပတ်သက်ပြီး အခြားသူများအား အသိပေးတင်ပြရန် မွတ်စ်လင်မ်တိုင်းအပေါ် တာဝန်ရှိနေပေသည်။
    မွတ်စ်လင်မ်များအဖို့ အဆိုး မမြင်ကြလေနှင့်။ စိတ်ပျက်အားလျော့ခြင်းလည်း မရှိကြလေနှင့်။ အစ္စလာမ်သာသနာအပေါ် မီဒီယာတိုက်ပွဲဆင်နွှဲနေခြင်းမှာ အစ္စလာမ်သည် အထက်စီးသို့ရောက်နေခြင်း၏ ပြယုဂ်တစ်ခုဖြစ်ကြောင်း ထင်ရှားနေပါသည်။ တမန်တော်မြတ်သည် အတိုက်အခံအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လက်လျှော့အရှုံးပေးခဲ့ခြင်း မရှိပါ။ လွန်ခဲ့သည့် နှစ် ၄၀ အလျင်က အစ္စလာမ်အကြောင်း မီဒီယာပေါ် ဖော်ပြခြင်းပင် မရှိခဲ့။ ထို့ကြောင့် ယခုကဲ့သို့ အလျဉ်မပြတ်ဖော်ပြလာခြင်းကလည်း ကောင်းသော လက္ခဏာတစ်ရပ်ပင် ဖြစ်နေပါသည်။ မွတ်စ်လင်မ်တို့အနေဖြင့် တမန်တော့် လမ်းစဉ်အား စွဲမြဲလိုက်နာနေ သမျှ အောင်မြင်နေဦးမည်။
    အစ္စလာမ်သာသနာသည် ရှင်သန်နေသော အယူဝါဒဖြစ်ပါသည်။ စည်းမျဉ်းပေါင်းချုပ်နှင့် ထုံးတမ်းဓလေ့ သက်သက်မျှသာ မဟုတ်ပါ ”။
    မိမိတို့ဖာသာ Jamatu Ahlis Sunna Lidda’awati wal-jihad – ဂျမအသုအဟ်လိစွန္နဟ် လစ်ဒအ်ဝသီ ၀လ်ဂျိဟာ့ဒ် ဟု ကင်ပွန်း တပ်ထားသော ဘိုကို ဟရာမ်အဖွဲ့မှာ အစ္စလာမ်အမည်ကို အသုံးချလျက် တလွဲတချော် ကျူးလွန်နေကြောင်းကို Onislam.net မှ ရှရီအဟ်ဌာနမှူး  သုတေသီပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာ ၀ါအီလ် ရှိဟပ် Dr. Wael Shihab မှလည်း ဤသို့ သုံးသပ်တင်ပြထားသည်။
    Dr._Wael_Shihabဤတင်ပြချက်မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ရေးသားခဲ့ခြင်းဖြစ်သော်လည်း များမကြာသေးမီ ဘိုကိုဟရာမ် အုပ်စု၏ သွေးချောင်းစီး သတ်ဖြတ်မှုကို အဖွဲ့ခေါင်းဆောင် Abubakar Shekau မှ ကာကွယ်ပြောကြားသော ၁၅ မိနစ်စာ Youtube ဗီဒီယို ထွက်လာသဖြင့် ထပ်မံ တင်ဆက် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
    ယင်းဗီဒီယို၌ Abubakar Shekau သည် ကျည်ကာ အင်္ကျီဝတ်ဆင်လျက် အေကေ ၄၇ ရုရှားလုပ် ရိုင်ဖယ်သေနတ်နှစ်လက်ကို ရှေ့ချထိုင်နေပြီး လက်ရှိ ခရစ်ယာန်များကို သတ်ဖြတ်ခြင်းမှာ တရားမျှတသော လက်စားချေ သတ်ဖြတ်မှု နှင့် သမ္မတ Goodluck Jonathan အား ထိုးဆွ လိုက်ခြင်း ဖြစ်သည်ဟု ကြွေးကြော်ထား၏။
    ဘိုကိုဟရာမ်သည် နိုင်ဂျီးရီးယား တိုင်းရင်းနွယ် စလဖီအုပ်စုတစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ဂျိဟာ့ဒ်အုပ်စုဟု ဆိုကာ အသွင်ပြောင်းလိုက်သည်။
    အနောက်ကမ္ဘာနှင့် ဆက်ဆံမှုမှန်သမျှ “ဟရာမ်”၊ အနောက်တိုင်း ပညာရေး (ဆည်းပူးခြင်း)သည် ပြစ်မှုဒုစရိုက်ကြီး ဖြစ်ရုံသာမက မွတ်စ်လင်မ်တို့၏ ထုံးတမ်းဓလေ့နှင့ိုင်ဂျီးရီးယား အစိုးရအားဆန့်ကျင်ရမည် ဟူသောအချက်ကို အစ္စလာမ့် အမြင်အဖြစ် ၀ါဒဖြန့်လျက်ရှိသည်။
    ထိုအုပ်စုသည် အသေးစား ပစ်ခတ်မှုမှသည် ကောက်ကျစ်စွာ တိုက်ခိုက်မှုများအထိ အရှိန်မြှင့်တက်လာခဲ့သည်။ နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေမှုများကြောင့် အများ၏ပြစ်တင် ရှုတ်ချမှုကိုလည်း ခံနေရသည်။ ယမန်နှစ်က ထိုအဖွဲ့သည် မြို့တော် အဘူဂျာရှိ ကုလရုံးဌာနများအား အသေခံ ကားဗုံးခွဲမှု ပြုလုပ်ခဲ့ရာ လူ ၂၄ ဦး သေဆုံးခဲ့သည်။ ခရစ္စမတ်နေ့ကလည်း အဘူဂျာအနီးရှိ ချာ့ခ်ျကျောင်းကို ဗုံးထောင်ခဲ့သဖြင့် ၃၇ ဦး သေဆုံးခဲ့ပြန်သည်။
    ယင်းအဖွဲ့ခေါင်းဆောင်၏ ပြောဆိုကြေငြာချက်များမှာ ရှရီအဟ် ခေါ် အစ္စလာမ့်ဥပဒေနှင့် အလျဉ်း သက်ဆိုင်ခြင်းမရှိပါ။ ၎င်းကိုကိုင်စွဲလျက် အစ္စလာမ်နှင့် မွတ်စ်လင်မ်အားလုံးအပေါ် သိမ်းကျုံးပြစ်တင်၍ မရပါကြောင်း အစ္စလာမ့်အရင်းအမြစ်အထောက်အထားများကို အသုံးပြုကာ Dr. Wael Shihab က တစ်ချက်ချင်း ထောက်ဆိုဖော်ပြခဲ့သည်။ ၎င်းတို့အနက် အချို့မှာ – ထိုအဖွဲ့ခေါင်းဆောင် Shekau က ဒီမိုကရေစီစံနစ်နှင့် စည်းမျဉ်းများသည် “ယုံကြည်ချက် အဆိပ်သင့်လမ်းလွဲဝါဒ” အဖြစ် ဖော်ပြသည်။ အစ္စလာမ်သာသနာ၌ လူထုရေးရာ ကိုင်တွယ်စီမံမှု အတွက် နိုင်ငံရေးစံနစ် လမ်းကြောင်း တစ်ရပ်တည်းကိုသာ အထူးပြုဖော်ပြထားခြင်း မရှိ။
    အစ္စလာမ့် နည်းကျနိုင်ငံရေး ဟူသည်မှာ တရားမျှတမှု၊ တန်းတူညီမျှခြင်း၊ မျှတသည့်လွတ်လပ်မှု၊ လုံခြုံရေး၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ် အသိတရား ဘာသာရေး မျိုးနွယ်တို့အား ကာကွယ်ရေး တို့ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ လမ်းမှန်ညွှန်ခံရသော
    ခလီဖဟ်(အုပ်ချုပ်သူ) များဟု ဆိုသည့် အဗူဗကရ်၊ အုမရ်၊ အုဆ်မာန်း၊ အလီတို့မှာ ရှူရာ (တိုင်ပင်နှီးနှောခြင်း)နှင့် ရွေးချယ်ခြင်း ပုံဟန်အသီးသီးဖြင့် ရွေးကောက် တင်မြှောက်ခံခဲ့ရသူများဖြစ်သည်။
    ဒီမိုကရေစီစံနစ် ဟူသည် မွတ်စ်လင်မ်တို့၏နိုင်ငံရေး လမ်းကြောင်းရှိ ရှူရာ ပုံဟန်နှင့် နည်းစဉ်များအနက် အပါအ၀င်ဖြစ်နေကြောင်း ခေတ်ပြိုင် ပညာရှင်များစွာက ဆိုထားပေသည်။ တူနီးရှားရှိ Al-Nahda နှင့် အီဂျစ်ရှိ Freedom and Justice ကဲ့သို့ အစ္စလာမ်ပါတီများမှာ လူထုအများစု ဆန္ဒအရ မျှတသည့် ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ကြသည်။ အီဂျစ်ရှိ an-Nur ကဲ့သို့သော အခြား စလဖီပါတီများက သာသနာ့စည်းမျဉ်းဘောင် အတွင်းမှ ဒီမိုကရေစီစံနစ်ဖော်ဆောင်မှုကို လက်ခံကြသည်။ အာရပ်နွေဦးကဲ့သို့သော လှုပ်ရှားမှုများမှာ အာရပ်နှင့်အခြား အစ္စလာမ်နိုင်ငံများတွင် ဖြစ်ပေါ်လာကြသော်လည်း ၎င်းသည် သာသနာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာစည်းမျဉ်းများကို ထိခိုက်ခြင်းမရှိဘဲ အာဏာရှင် စံနစ်နှင့် ဖိနှိပ်သောအုပ်ချုပ်မှုအား ဖယ်ရှားခြင်းသာဖြစ်သည်။ သို့ဖြစ်၍ ဒီမိုကရေစီစံနစ်(အမှန်)သည် အစ္စလာမ်၏သာသနာ၊ အနှစ်သာရများနှင့် သဟဇာတဖြစ်နေသည့်အတွက် “ယုံကြည်ချက်အဆိပ်သင့်လမ်းလွဲဝါဒ” – ရှရစ်က် ဟု ဆိုမရနိုင်ချေ။
    Islamic Center of South Plains in Lubbock, Texas မှ အစ္စလာမ့်စင်တာဒါရိုက်တာဟောင်း Sheikh Mohamed El-Moctar El-Shinqiti မှ အောက်ပါအတိုင်း ဓမ္မသတ်အဆုံးအဖြတ်(ဖသ်ဝါ) ပေးထားသည်။
    ဒီမိုကရေစီစံနစ်၏ လုပ်ထုံးလုပ်နည်းများအနက် အရေးအကြီးဆုံး အနှစ်သားတစ်ရပ်မှာ ပြည်သူများသည် မိမိတို့၏ ခေါင်းဆောင်ကို ရွေးချယ် တင်မြှောက်ခွင့်ရှိသည်၊ နိုင့်ထက်စီးနင်း အဓမ္မအုပ်ချုပ်ခြင်း မခံစေရ ဟူ၍ ဖြစ်၏။ ဤအချက်သည်လည်း အစ္စလာမ့်အနှစ်သာရများအနက် အပါအ၀င်ဖြစ်သည်။ ၎င်းကို အစ္စလာမ့်ဝေါဟာရအရ ရှူရာ ဟုခေါ်သည်။
    နောက်ထပ်အရေးပါသည့် အချက်မှာ အာဏာခွဲဝေ အသုံးချခြင်း ကဏ္ဍ၌ စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် နှင့် အပြန်အလှန် တည့်မတ်ပေးရန်ဖြစ်သည်။ ၎င်းကို ကုရ်အာန်ကျမ်း ကဏ္ဍ ၂၊ ပါဒ ၂၅၁ (Al-Baqarah 2:251) တွင် အတိအကျဖော်ပြထားသည်။
    ယင်းသို့ဆိုရာတွင် ဒီမိုကရက်တိုင်းပြည်တိုင်း အစ္စလာမ့်နည်းကျဖြစ်သည်ဟု အဓိပ္ပာယ် မထွက်ပါ။ သို့သော် အစ္စလာမ့်နည်းကျတိုင်းနိုင်ငံသည် ဒီမိုကရက်ဖြစ်နေပေသည်။ ဒီမိုကရေစီကျင့်သုံးသောနိုင်ငံသည် မွတ်စ်လင်မ် မဟုတ်သေးခြင်း ဟုသာ ဆိုရပါမည်။ အစ္စလာမ့်နိုင်ငံရေးစံနစ် တစ်ရပ်ကို ပုံပြောင်းကျင့်သုံးနေသော်လည်း အစ္စလာမ့်ယုံကြည်ချက်၊ လူမှုဆက်ဆံရေးနှင့် အပြုအမူအင်္ဂါရပ်များ ကင်းမဲ့နေသေးသည်ဟု မှတ်ယူအပ်ပေသည်။
    ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရာတွင်လည်း အလားတူပင်။ ဒီမိုကရေစီစံနစ်၌ ကျောထောက်နောက်ခံ မတူညီသော  သင့်လျော်လျောက် ပတ်သည့် ဥပဒေကို ပြဋ္ဌာန်းအုပ်ချုပ်ရပါသည်။ တမန်တော်မြတ် တည်ထောင်ခဲ့သော မဒီနဟ်ရှိ လက်ဦးပထမ မွတ်စ်လင်မ် နယ်မြေတွင် မွတ်စ်လင်မ်များနှင့် မွတ်စ်လင်မ် မဟုတ်သူများ အတူ ယှဉ်တွဲနေထိုင်ရေးကို တန်းတူညီမျှ အခွင့်အရေးနှင့် တာဝန်များအပေါ် အခြေပြု သတ်မှတ်ခဲ့သည်။
    ထို့ကြောင့် မွတ်စ်လင်မ်တို့သည် မိမိတို့နိုင်ငံတွင်းရှိ အခြားဘာသာဝင်များနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း သာမက ကောင်းကျိုးရှိသည့် လုပ်ငန်းများတွင်လည်း အားပေးလက်တွဲရပေမည်။ သို့မှသာ တမန်တော်မြတ်(ငြိမ်းချမ်းစေသား)နှင့် သူ့သာဝကတော်များ၏လမ်းစဉ်ကို လိုက်နာသူ မည်ပေသည်။ ကုရ်အာန်နှင့် စွန္နဟ်၌ အကျိုးဖြစ်ထွန်းသော အသိပညာများရှာဖွေကြရန်၊ လူသားထုကောင်းကျိုးတွင် ပူးပေါင်းဆောင်ရွက်ရန်၊ အခြားသူတို့၏ ဘာသာတရား၊ ယဉ်ကျေးမှု၊ လူမျိုးနှင့် ကောင်းမှု လုပ်ရပ်များကို လေးစား တန်ဖိုးထားရန်၊ သာသနာ့လမ်းစဉ်၌ အဓမ္မ စံနစ် မကျင့်သုံးရန်၊ မိမိတို့လက်အောက်ရှိ အခြားဘာသာဝင်တို့၏ အသက်အိုးအိမ်စည်းစိမ် ဘုရားကျောင်းဂန်များကိုပင် ကာကွယ်ထိန်းသိမ်းပေးရန်၊ တစ်ဖက်သတ်အနိုင်ကျင့် အကြမ်းဖက်မှုများ မပြုလုပ်ရန် မွတ်စ်လင်မ်တို့အား တိုက်တွန်းနှိုးဆော်ထားပြီးဖြစ်သည်။
    ဘိုကိုဟရာမ်အဖွဲ့သားနှင့် ခေါင်းဆောင်များကို အစွန်းမရောက်သော မွတ်စ်လင်မ်ပညာရှင်တို့၏ ဘာသာရေးကျမ်းဂန်များ၊ ဥပဒေရေးရာ စာအုပ်စာတမ်းများအား ကောင်းစွာ ဖတ်ရှုဆင်ခြင် သုံးသပ်ကြရန်၊ အစ္စလာမ်နှင့် ရှရီအဟ်နှင့်ပတ်သက်ပြီး ထိုအဖွဲ့၏ အမြင်မှားယွင်းနေမှုများအပေါ် နိုင်ဂျီးရီးယားနှင့်ကမ္ဘာတစ်ဝှမ်းမှ သြဇာရှိ မွတ်စ်လင်မ်ပညာရှိတို့မှ ချဉ်းကပ်ဆွေးနွေး တည့်မတ်ပေးကြရန် Dr.Wael Shihab က နိဂုံးချုပ် တင်ပြထားသည်။
    Bilal Phillips says the group is itself “haram” နှင့် Boko Haram: Grave Mistakes in the Name of Islam သတင်းဆောင်းပါးနှစ်ပုဒ်ကို ပေါင်းစပ်၍ မင်းထွဋ်ခေါင်  မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။