News @ M-Media
Category: နှလုံးသားအာဟာရ
  • Grand Strategy
    Grand Strategy
    စက်တင်ဘာ၊ ၁၃ ၊ ၂၀၁၂
    M-Media
    လူမင်းဟန်
    မက်စီဒိုးနီးယန်း နန်းတော်ထဲမှာ ကြီးပြင်းခဲ့တဲ့ အဲလက်ဇန်းဒါး(356-322 B.C.) ဟာ သူများနဲ့ မတူတဲ့ လူငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ သာမန် ယောကျာ်းလေးတစ်ယောက် ၀ါသနာပါလေ့ရှိတဲ့ မြင်းစီးတာတို့၊ စစ်ပညာတို့ကိုလည်း ၀ါသနာ ပါပါတယ်။ သူ့ဖခင်နဲ့လည်း စစ်ပွဲတွေမှာ တိုက်ခိုက်ဘူးပါတယ်။ သတ္တိလည်းကောင်းပါတယ်။ ဒါပေမယ့် သူဟာ အတွေးအခေါ်ပညာနဲ့ စာပေကိုလည်း ၀ါသနာပါပါသေးတယ်။ သူ့ဆရာဟာ နာမည်ကြီး တွေးခေါ်ပညာရှင်ကြီး အရစ်တိုတယ် ပါ။အရစ်တိုတယ် ရဲ့ သင်ကြားမှု့အောက်မှာ အဲလက်ဇန်းဒါး ဟာ လောက ကို စိတ်ခံစားချက်ကင်းကင်း ကြည့်တတ်ပြီး နိုင်ငံရေးပညာ၊ သိပ္ပံပညာ စတာတွေကို လည်း ဆွေးနွေးလေ့ရှိပါတယ်။ အဲလက်ဇန်းဒါးမွေးတဲ့ အချိန်မှာ သူ့အမေ အိုလမ်းပီးယက်စ် ဟာ အာရုံတစ်ခုရပါတယ်။ သူ့သားဟာ တနေ့ ကမ္ဘာကြီးကို အုပ်စိုး မယ်ဆိုတာပါ။ အိုလမ်းပီယက်စ် ဟာ အဲလက်ဇန်းဒါးကို ငယ်ငယ်ကတည်းက သူရဲကောင်း အာခီးလီး ရဲ့အကြောင်းတွေကို အမြဲပြောလေ့ရှိသည်။ အိုလမ်းပီးယက်စ် ဟာ အခီးလီး  ရဲ့ အဆက်အနွယ်ပါ။ အဲလက်ဇန်းဒါးဟာ သူ့အမေကိုသိပ်ချစ်ပါတယ်။ သူ့အမေရဲ့ နိမိတ်ဖတ်မှု့ကိုလည်း သူ့ရဲ့ ရည်းမှန်းချက်အဖြစ်လက်ခံထားပါတယ်။ သူ့ကိုယ်သူလည်း ဘုရင့်သားတော် တစ်ဦးထက်ပို တယ်လို့ယူဆထားပါတယ်။
    အဲလက်ဇန်းဒါးဟာ မက်စီဒိုးနီးယားထီးနန်းရဲ့ အိမ်ရှေ့စံပါ။ သူ့ဖခင်ဖီလစ်ရဲ့ လက်ထက်မှာ မက်စီဒိုးနီးယားဟာ ပတ်ဝန်းကျင် ဒေသ တွေကို သြဇာလွှမ်းပါတယ်။ ဖီလစ်လက်ထက်မှာ မက်စီဒိုးနီးယား တပ်မတော်ဟာ ဂရိ တလွှားမှာ စွမ်းရည် အထက်မြတ် ဆုံး တပ်မတော် ပါ။ ဖီးလစ်ဟာ သီးဘ်စ်(Thebes) နဲ့ အေသင်(Athenes) ကို အနိုင်တိုက်ပြီး စပါတာ(Sparta)ကလွဲလို့ ကျန်တဲ့ ဂရိမြို့ပြ နိုင်ငံတွေ အားလုံးကို စုစည်းကာ ဟယ်လန်နစ်အဖွဲ့ အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် 336B.C. မှာ ဖီလစ်လုပ်ကြံခံရပါတယ်။ ဖီးလစ် မရှိတော့တာနဲ့ အေသင် ဟာ ဟယ်လန်နစ်အဖွဲ့ကနေ ထွက်ပြီး မက်စီဒိုးနီးယားကို ပုန်ကန်ပါတယ်။ ကျန်တဲ့မြို့ပြနိုင်ငံတွေကလည်း မက်စီဒိုးနီးယားကို မလေးမစား လုပ်လာ ကြပါတယ်။ နိုင်ငံ မြောက် ဘက်က လူမျိုးစုတွေကလည်း ကျူးကျော်ဖို့ခြိမ်းခြောက်နေပါပြီ။ ဖီးလစ်တည်ဆောက်ခဲ့တဲ့ နိုင်ငံဟာ နေချင်းညချင်း ရန်သူတွေပတ်လည်ဝိုင်းတာ ခံနေရပါတယ်။ အခုမှ နန်းတက်လာတဲ့ အဲလက်ဇန်းဒါး ဟာလည်း အသက် ၂၀ ပဲ ရှိပါသေးတယ်။ လူအများစုက သူ့ကို ထီးနန်းအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆကြပါတယ်။ အလောတကြီး မလုပ်ဖို့၊ တပ်မတော်နဲ့ နိုင်ငံကိုဖြည်းဖြည်းချင်းပြန်လည်တည်ဆောက်ဖို့ အကြံပေးကြပါတယ်။ ဒါပေမယ့် အဲလက်ဇန်းဒါးကနားမထောင်ပါဘူး။  သူ့မှာ တခြားအကြံရှိပါတယ်။ အဲလက်ဇန်းဒါးဟာ ရန်သူတွေကို စည်းလုံးသွားဖို့အချိန်မပေးပဲ ချက်ချင်းပဲ တောင်ဘက်ကိုချီတက်ပြီး သီးဘ်စ် ကို ပြာပုံအတိဖြစ်အောင်ချေမှုန်းပစ်လေသည်။ ပြီးတာနဲ့ အေသင် ကိုချီတက်ပါတယ်။ အေသင်ဟာ ချက်ချင်းပဲ အညံ့ခံတဲ့အပြင် ဟယ်လန်နစ်အဖွဲ့ထဲကိုပါ ပြန်ဝင်ပါတယ်။
    အဲလက်ဇန်းဒါးဟာ ငယ်ပေမယ့် စွမ်းရည်အပြည့် ရှိကြောင်းကို ပြလိုက်တာပါပဲ။ သူ့ကိုလည်း လေးစားတဲ့သူတွေ ပိုများလာပါတယ်။ သူ့ကို သတ္တိရှိပြီး ခန့်မှန်းဖို့ ခက်တဲ့ ဘုရင်တစ်ပါး အဖြစ် အသိအမှတ်ပြုခဲ့ကြရပါသည်။ အဲလက်ဇန်းဒါးရဲ့ နောက်ရွှေ့တဲ့ အကွက်ဟာ ပိုပြီး ခန့်မှန်းရခက်ပါတယ်။ သူ့ရဲ့နိုင်ငံကို အင်အားတောင့်တင်းအောင် ပြင်ဆင်ရမယ့်အစား ဂရိတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပါရှား အင်ပါယာကို ၀င်တိုက်ဖို့ပြန်ဆင်တာပါပဲ။ လွန်ခဲ့တဲ့ နှစ်၁၅၀ အရင်က ပါရှားတွေ ဟာ ဂရိကိုဝင်တိုက်ဘူးပါတယ်။ အခုလဲ ဂရိကိုအနိုင်ရရေးဟာ ပါရှားတွေရဲ့အိပ်မက် ပါ။ ဒီလို ပါရှားတွေရဲ့ ခြိမ်းခြောက်မှု့အောက်မှာ ဂရိတွေဟာ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ရပါဘူး။ နောက်တစ်ခုက ဂရိတွေရဲ့ ရေကြောင်းကုန်သွယ်ရေး ဟာ ပါရှား ရေတပ်ရဲ့အာဏာကြောင့် တိုးတက်သင့်သလောက်မတိုးတက်ပါဘူး။ 334B.C. မှာ အဲလက်ဇန်းဒါးခေါင်းဆောင်တဲ့ ဂရိစစ်သား ၃၅၀၀၀ဟာ နာဒါနယ်လာ ရေလက်ကြားကိုဖြတ်ပြီး ပါရှားအင်ပါယာရဲ့ အနောက်ဘက်ဆုံးအပိုင်းဖြစ်တဲ့ အာရှမိုင်းနား ကိုဝင်ရောက်ခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံးစစ်ပွဲဖြစ်တဲ့ ဂရမ်းနီးကက်စ် တိုက်ပွဲမှာ ဂရိတွေ ပါရှားကို အနိုင်ရခဲ့ပါတယ်။ ဒါဟာ အိုလမ်းပီးယက်စ်ရဲ့ နိမိတ်ဖတ်မှု့ အတိုင်းဖြစ်လာတော့မယ်ဆိုတဲ့ ရှေ့ပြေးသင်္ကတပါပဲ။ အဲလက်ဇန်းဒါးရဲ့ စစ်သားတွေဟာ အရှေ့ဘက် ပါရှားအင်ပါယာ အတွင်းပိုင်းအထိ ထိုးဖောက်တိုက်ခိုက်ဖို့ မျှော်လင့်ကြပါတယ်။ ဒီတစ်ကြိမ်လည်း အဲလက်ဇန်းဒါးဟာ ဘယ်သူမှ မထင်ထားတဲ့အလုပ်ကိုလုပ်ပြန်ပါတယ်။ သူအရင်တုန်းက တစ်ခါမှ မလုပ်ဘူးတဲ့အလုပ်ပါ။ အဲဒါကတော့ အချိန်ယူတာပါပဲ။ ဒီလိုလုပ်တာဟာ သူပထမဆုံးအာဏာရလာတုန်းက လုပ်သင့်တဲ့အလုပ် လို့ထင် စရာပါ။ အခုတော့ ပါရှားတွေကို အင်အားပြန်လည်စုစည်းဖို့ အချိန်ပေးလိုက်သလိုဖြစ်သွားပါပြိ။
    ဒါပေမယ့် အဲလက်ဇန်းဒါးဟာ ဒီတစ်ကြိမ် အရှေ့ဘက်ကို မချီတက်ပဲ တောင်ဘက် အာရှမိုင်းနား ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ဆိပ်ကမ်းမြို့လေးတွေကို တစ်ခုပြီးတစ်ခုသိမ်းပါတယ်။ နောက်ဆုံးအီဂျစ်အထိချီတက်သိမ်းပိုက်ပါတယ်။ အီဂျစ်မှာ ရှိတဲ့ အင်အားနည်းနေတဲ့ ပါရှားတပ်ကို အလွယ်တကူပဲ အောင်မြင်ခဲ့ပါတယ်။ အီဂျစ်တွေဟာ ပါရှားတွေကိုမုန်းနေတဲ့အတွက် အဲလက်ဇန်းဒါးကို ကယ်တင်သူအဖြစ်နဲ့ ကြိုဆိုကြပါတယ်။ အခု အဲလက်ဇန်းဒါးဟာ အီဂျစ်ရဲ့ကြွယ်ဝလှတဲ့ သီးနှံတွေကို ဂရိစစ်သားတွေ အတွက် ရိက္ခာအဖြစ်အသုံးပြုနိုင်တဲ့အပြင် တစ်ချိန်တည်းမှာလဲ ပါရှားတွေအတွက် အဖိုးတန်တဲ့ ရိက္ခာတွေ ဆုံးရှုံးစေလိုက် တာပါပဲ။ ပါရှား ရေတပ်မတော်ဟာ အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနဲ့ တန်ခိုးအထက်မြတ် ဆုံး တပ်မ တော်ပါ။  ပါရှားစစ်ဆင်ရေး မစတင်မှီက အဲလက်ဇန်းဒါးကို ရေတပ်မတော်ထူထောင်ဖို့၊ ပါရှားတွေကို ရေကြောင်း ကြည်းကြောင်းကနေ ချီတက်တိုက်ခိုက်ဖို့ အကြံပေးခဲ့ ကြပါတယ်။ ဒါပေမယ့် အဲလက်ဇန်းဒါးက ဒီအကြံကိုလက်မခံပါဘူး။ အာရှမိုင်းနားကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ဆိပ်ကမ်းမြို့လေးတွေကို  သိမ်းပိုက်လိုက်တဲ့အတွက် ကြီးမားလှတဲ့ပါရှား ရေတပ်မတော် ဟာအသုံးပြုစရာဆိပ်ကမ်းမရှိတော့ပဲ အသုံးမ၀င် ဖြစ်သွားပါတယ်။
    ပါရှားဘုရင် ဒေးရီးယက်စ် ဟာ တိုက်ဂရစ်မြစ်ရဲ့ အရှေ့ဘက်မှာ အင်အားအပြည့်အစုံနဲ့ အဲလက်ဇန်းဒါးအလာကိုစောင့်နေပါတယ်။ ဒါပေမယ့် အဲလက်ဇန်းဒါးက မသွားပါဘူး။ သူ့ အင်ပါယာကြီးကို စနစ်တကျ အုပ်ချုပ်ဖို့ပြင်ဆင်ပါတယ်။ သူဟာ သူ့အင်ပါယာကို ပါရှားတွေအုပ်ချုပ်ခဲ့တဲ့စနစ်အတိုင်း ဆက်လက်အုပ်ချုပ်ပါတယ်။ ရထူးအဆင့်တွေကိုလည်း ပါရှားစနစ်အတိုင်း ဆက်လက်ထားရှိပါတယ်။ သူ့ရဲ့ ကြင်နာမှု့နဲ့ ရက်ရော မှု့သတင်းတွေကို လက်အောက်ခံနယ်မြေတွေမှာ  ပျံနှံအောင်လုပ်ပါတယ်။ ဒီလိုနည်းနဲ့ တမြို့ပြီးတစ်မြို့ မတိုက်ခိုက်ရပဲ အဲလက်ဇန်းဒါးရဲ့လက်အောက်ကိုရောက်လာပါတယ်။ နောက်ဆုံး 331B.C. ရောက်မှ ပါရှားစစ်တပ် တပ်စွဲထားတဲ့ တိုက်ဂရစ်မြစ်ရဲ့ အရှေ့ဘက် အာဘယ်လာ ကို ၀င်ရောက်တိုက်ခိုက်ခဲ့ ပါတယ်။ တကယ်တမ်းတော့ အဖိုးတန်လှတဲ့အီဂျစ်ကိုစွန့်လွှတ်လိုက်ရတာတွေ၊ ရေတပ်မတော်ကြီး အသုံးမ၀င်တော့တာတွေ၊ လက်အောက်ခံတွေရဲ့ ထောက်ခံမှု့မရတော့တာတွေကြောင့် ပါရှား အင်ပါယာကြီးဟာ ချုံးချုံးကြနေပါပြီ။ အာဘယ်လာအောင်ပွဲဟာ အဲလက်ဇန်းဒါးရဲ့ နှစ်ပေါင်းများစွာ ပြင်ဆင်လာတဲ့ ဗျူဟာရဲ့အောင်မြင်မှု့ကို အတည်ပြုလိုက်တာပါပဲ။ ဒီအချိန်မှာ အဲလက်ဇန်းဒါးဟာ တချိန်တုန်းက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး၊ တန်ခိုးအထွားဆုံးဖြစ် ခဲ့တဲ့ ပါရှားအင်ပါယာကြီးကို အောင်နိုင်သူဖြစ်သွားပါတယ်။ သူ့မယ်တော်ဖတ်ခဲ့တဲ့နိမိတ်အတိုင်း အဲလက်ဇန်းဒါးဟာ အဲဒီအချိန်တုန်းက သိခဲ့တဲ့ကမ္ဘာတစ်ခုလုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
    မဟာအဲလက်ဇန်းဒါးရဲ့ မဟာဗျူဟာတွေဟာ သူ့ရဲ့ မင်းမှု့ထမ်းတွေကို အံသြစေခဲ့ပါတယ်။ အစပိုင်းမှာ ဒါတွေဟာ ကျိုးကြောင်းမဆီလျှော်ဘူးလို့ ထင်စရာပါ။ ဂရိတွေဟာ နောက်ပိုင်းရောက်မှ အဲလက်ဇန်းဒါးရဲ့ အစီအမံတွေဟာ ဘယ်လောက် ထိရောက်တယ်ဆိုတာတွေ့လာကြပါတယ်။ သူတို့ နားမလည်နိုင်တဲ့အချက်က အဲလက်ဇန်းဒါးဟာ တွေးခေါ်နည်းအသစ်တစ်ခုကိုတီထွင်လိုက်တာပါပဲ။ ဒါကတော့ Grand Strategy လို့ခေါ်တဲ့ မဟာဗျူဟာပါပဲ။ ကျတော်တို့ဟာ
    အခုလက်ရှိဖြစ်ပျက်နေတာကိုကျော်လွန်ပြီးကြည့်တတ်ဖို့လိုပါတယ်။ ကျတော်တို့ အနာဂတ်မှာဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ဘယ်လိုနေရာကို ရောက်ချင်တာလဲ ဆိုတာကို သေသေချာချာသိဖို့လိုပါတယ်။ ကျတော်တို့ရဲ့ ရည်မှန်းချက်ကို အခြေခံပြီး ဖြစ်ပျက်လာတဲ့ ပြသနာတွေ အခြေအနေတွေကို ရင်ဆိုင်သင့်ပါတယ်။ အဖြစ်အပျက်တစ်ခုချင်းကို မကြည့်ပဲအားလုံးကို ခြုံငုံ ကြည့်တတ်ဖို့လိုပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အရာတခုဟာ ကိုယ့်ရဲ့ ရည်မှန်းချက်ကို နီးကပ်စေမဲ့အလုပ်လား၊ ဝေးသွားစေမဲ့အလုပ်လားဆိုတာ ချိန်ထိုးပြီးကြည့်တတ်ဖို့ပါ။
    အဲလက်ဇန်းဒါးဟာ ဒီလိုတွေးခေါ်တတ်မှု့ကို သူ့မယ်တော်နဲ့ သူ့ဆရာ အရစ်တိုတယ်ဆီက ရခဲ့တာပါ။ သူ့မယ်တော်ဟာ ငယ်ငယ်ကတည်းက သူ့အတွက် ရည်မှန်းချက်ကို ပေးလိုက်ပါတယ်။ ကမ္ဘာကြီးကို စိုးမိုးဖို့။ သူ့အသက် သုံးနှစ်ကတည်းက နောက်လာမယ့်နှစ်သုံးဆယ်မှာ သူသွားရမယ့်နေရာကို မြင်ထားပြီးသားပါ။ စိတ်ခံစားမှု့တွေကိုထိန်းချုပ်တတ်ဖို့၊ အခြေအနေတွေကို အရှိအတိုင်းမြင်တတ်ဖို့၊ လက်ရှိအခြေအနေထက်ကျော်လွန်ပြီး အနာဂတ်ကို ကြိုတင်ကြည့်တတ်ဖို့ဆိုတဲ့ပညာတွေကို သူ့ဆရာ အရစ်တိုတယ်ဆီက ရခဲ့ပါတယ်။ အဲလက်ဇန်းဒါးရဲ့ စစ်ဆင်ရေးတွေကို သေချာလေ့လာကြည့်ရင် ဒါတွေကိုသိနိုင်ပါတယ်။ သီးဘ်စ် နဲ့ ပါရှားကို အချိန်မဆိုင်းပဲတိုက်ခိုက်တာဟာ သူ့စစ်သားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးတာရော၊ သူ့ကို မယုံကြည်သူတွေကိုသူ့အစွမ်းအစ ပြလိုက်တာရော ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုပစ်လိုက်တာပါ။ ပါရှားကို စစ်ပွဲဆင်နွဲတာဟာ ဂရိတွေကို ပေါင်းစည်းညီညွတ်အောင် လုပ်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ ပါရှားထဲကို ရောက်သွားချိန်မှာတော့ အဲသလို အလျှင်အမြန် မပြုသင့်တော့ပါဘူး။ တကယ်လို့ဆက်လက် ချီတက်ခဲ့မယ်ဆိုရင် သူဟာ အချိန်တိုတိုလေးအတွင်းမှာ နယ်မြေအများကြီးကိုသိမ်းပိုက်မိ ပါလိမ့်မယ်။ အဲလောက်နယ်မြေအများကြီးကို နိုင်နင်းအောင်အုပ်ချုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကသောင်းကနင်းတွေဖြစ်လာနိုင်ပါတယ်။ ပုန်ကန်မဲ့သူတွေလည်းပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အဲလက်ဇန်းဒါးဟာ သူသိမ်းပိုက်ထားတဲ့ နယ်မြေကလူတွေရဲ့ ချစ်ခင်မှု့ရအောင်၊ အုပ်ချုပ်ရေးစနစ်ကို တနစ်တကျ ရှိလာအောင် အရင်လုပ်ခဲ့ပါတယ်။ ရေတပ်တည်ဆောက်ဖို့ အတွက် ငွေတွေကုန်မဲ့အစား ပါရှား ဆိပ်ကမ်းမြို့တွေကို သိမ်းပိုက်လိုက်ခြင်းဖြင့် ပါရှားရေတပ်ကို သုံးမရအောင်လုပ်လိုက်တာဟာလဲ အဲလက်ဇန်းဒါးရဲ့ ပါရမီမြောက်တွေးခေါ်မှု့ပါပဲ။ ရှေ့လာမဲ့ စစ်ဆင်ရေးတွေအတွက် ရိက္ခာလုံလောက်စေဖို့ ကောက်ပဲသီးနှံ ပေါတဲ့ အီဂျစ်ကို အရင်သိမ်းလိုက်တာကလဲ သူ့ရဲ့ ကြိုတင်တွေးတောတတ်မှု့ပါ ပဲ။
    ကျတော်တို့ဟာလဲ ဘ၀မှာ အဲလက်ဇန်းဒါးလို တွေးခေါ်တတ်ဖို့လိုပါတယ်။ ပထမဆုံးအနေနဲ့  ကိုယ့်အရည်အချင်း ကိုယ့်အားသာချက်ပေါ်မူတည်ပြီးတော့ ဘ၀မှာ ဘာဖြစ်ချင်တယ်ဆိုတာကို သိအောင်လုပ်ပါ။  အဲဒီရည်မှန်းချက်ကို ရောက်ဖို့ အသေးစိတ် ကြိုတင်အကွက်ရိုက်ပြင်ဆင်ထားပါ။ အရစ်တိုတယ် ပြောသလိုပဲ ကိုယ့်ရဲ့ စိတ်ခံစားမှု့တွေကို တတ်နိုင်သမျှထိန်းချုပ်နိုင်အောင်ကြိုးစားပါ။ အရာရာအတွက်ကြိုတင်ပြင်ဆင်ထားပါ။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် “ဒီအလုပ်ဟာ ငါရောက်ချင်တဲ့ နေရာကို ရောက်စေနိုင်မလား၊ မရောက်နိုင်ဘူးလား”  ဆိုတဲ့ မေးခွန်းကို ကိုယ့်ကို ကိုယ်အမြဲမေး ပြီးကိုယ်သွားမဲ့လမ်းကြောင်းပေါ်အမြဲရှိနေအောင်ကြိုးစားပါ။ လမ်းချော်မသွားပါစေနဲ့။ အစဉ်အဆက်လက်ခံထား တဲ့ ဒါလုပ်သင့်တယ်၊ ဒါမလုပ်သင့်ဘူးဆိုတာတွေကို နားမရောင်ပါနဲ့။ ကိုယ်လုပ်တာကို သူများတွေ နားမလည်နိုင်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ရှည်ရှည်ထားပြီး ကိုယ်ရောက်ချင်တဲ့နေရာအတွက် ပြင်ဆင်ပါ။
  • ဂရုဏာမုသား
    ကတိုး
    ဒီအဖြစ်အပျက်သည် ကျွန်တော့် ၏ ဘ၀ အစပင်။အလွန်အင်မတန် ဆင်းရဲကျပ်တည်းသော မိသားစု တွင် တစ်ဦးတည်းသော သားအဖြစ် အစာရေဆာ မလောက်မငှနှင့် ဘ၀ကို အစပျိုးခဲ့သည်။ အမေနဲ့သား မိသားစု ထမင်းဝိုင်းလေး တွင် အနည်းငယ်သော ထမင်းဖြူသာ ရှိခဲ့သည်။တောက်လောင် နေသော ၀မ်းမီး ကို ငြိမ်းသက်ရန် ပန်ကန်ထဲရှိထမင်းဖြူလေး ကိုအလျှင်အမြန် အဆုံးသတ်လိုက်သည်။ထိုအခါ အမေက သူမ ပန်းကန် ထဲရှိ မစားဘဲ အချိန်ဆွဲထားသော ထမင်းဖြူကို ကျွန်တော့်ပန်းကန် ထဲ လောင်းထည့်ကာ ((သားပဲ အကုန်စားလိုက်တော့ အမေ မဆာသေးဘူး))
    ၁။ (အမေ့ ၏ ပထမဆုံး ဂရုဏာ မုသားပင်)
    ကျွန်တော် အရွယ်နည်းနည်း ကြီးပြင်းလာသောအခါ အမေ့ မှာ အိမ်မှု ကိစ္စ ဗာဟီရ တို့ဖြင့် မအားလပ်နိုင် ပေ။သားဖြစ်သူ မြိန်ရေရှက်ရေ စားသောက်နိုင်ရန် အတွက် အိမ်နံဘေး
    ရှိ မြစ်ချောင်းသို့ ဆင်းကာ တံငါ အမှုကို ပြုရသည်။တနေ့ အမေ ငါးနှစ်ကောင် ရလာတော့ အိမ်သို့ ပြေးလာခါ သားဖြစ်သူ အတွက် အလျှင်အမြန် ချက်ပြုတ်လေသည်။
    ထမင်းဝိုင်း စလေပြီး။အရှေ့တွင် ချထားသော ငါးနှစ်ကောင် အနက် တစ်ကောင်ကို ကျွန်တော်မြိန်ရေ ရှက်ရေ စားသုံးနေလေပြီး။အမေ သည် ဆူးနဲ.အရိုး ကြားတွင် ရှိနေသာ အသားအနည်းငယ် ကို သာ ကုပ်ချစ် ၍ စားနေလေသည်။ ကျွန်တော့် ရင်ထဲမကောင်းနိုင်တော့ပါ။ကျန်ရှိနေသော ငါးတစ်ကောင်ကို ယူပြီး အမေ့အရှေ့ချပေးမိသည်။ ချက်ချင်းပင် အမေက ငါးကို ကျွန်တော့် အရှေ့ပြန်ချပေးပြီး ပြောလေသည်။((ဒီငါးကိုလည်းသားပဲ စားလိုက်ပါ။သားမသိဘူးလား ? အမေ ငါးမကြိုက်ဘူးဆိုတာ))
    ၂။(အမေ့၏ ဒုတိယ ဂရုဏာမုသားပင်)
    ကျွန်တော် ကျောင်းနေအရွယ်ရောက်လာသော အခါ ကျောင်းအပ်ရန်ပင် စရိတ်မတတ်နိုင်ခဲ့ပေ။ အမေ အမေ သည် ဈေးထဲရှိ အထည်ဆိုင် တစ်ဆိုင် သို့သွားကာ အိမ်တကာလှည့်ရောင်းသော အထည်ထမ်းသမား ကူလီ အဖြစ်အလုပ်လုပ်ရလေသည်။အရိုးကွဲမတတ် အေးခဲနေသော ဆောင်းတစ်ညတွင် အမေ အိမ်ပြန် နောက်ကျနေသဖြင့် ကျွန်တော် စိတ်ပူကာ လမ်းခြို လမ်းခြား ထွက်ရှာပါတော့သည်။ တွေ့လေပြီး။ အထုပ် တွေမနိုင်မနင်း ထမ်းပြီး အိမ်တကာ တံခါးခေါက် ဈေးရောင်းနေသော အမေ့ကိုတွေ့လေပြီး။ အမေရေ အမေလို့ ကျွန်တော် ခေါ်ကာ အမေ့ကို ပြောပါတော့သည်။((အမေ လာ ပြန်ကြရအောင်။အရမ်း မိုးချုပ်နေပြီး အမေ ။ဒီလောက် အေးနေတာ အမေရယ်။မနက်မှ ဆက်လုပ်ပါနော်)) ထိုအခါ အမေက ((အမေ မမောသေးပါဘူး သားရယ်))
    ၃။(အမေ့၏ တတိယ ဂရုဏာမုသားပင်)
    စာမေးပွဲကြီးဖြေဆိုရန် အချိန်အခါ ရောက်လို့လာပါပြီး။သားနှင့်အတူ အမေကျောင်းသို့လိုက်လာခဲ့သည်။ ကျွန်တော် စာမေးပွဲအခန်းအတွင်း ၀င်တော့ အမေ သည် ပြင်းပြင်းပူသော နေရောင် အောက် တွင် ချွေးတလိပ်လိပ် ဖြင့် ရပ်စောင့်၍ နေလေသည်။စာမေးပွဲဖြေ ဆို ပြီး၍ ကျွန်တော် ထွက်လာတော့
    ရေခွက်တစ်ခွက် ကိုကိုင်ကာ အောင်ပွဲပြန် ကြိုဆိုသကဲ့သို့ ဖြောင်းဖြောင်းဖျဖျ အမေ ကြိုဆိုနေသည်။ အမေဖြစ်သူ၏ ကမ်းလင့်ကြိုဆိုသော ရေခွက်ကို တစ်ကျိုက် မော့သောက်ပြီး အမေ့၏ မေတ္တာအားမာန် ကြောင့် ရင်ထဲတွင် အေးမြလာ၍ ငြိမ်းချမ်း မှုအပေါင်း ဖြင့်ပြည့်သွားပေသည်။ရုတ်တရက် အမေ့မျက်နှာပေါ်တွင် တွဲခိုနေသော ချွေးသီး ချွေးပေါက် ကိုမြင် ပြီး ချက်ချင်းပင် အမေ့ထံ ခွက်ကမ်းကာ အမေ ရေသောက်လိုက်ပါအုံး ဟု ဆိုတော့ အမေက ((အမေ့သားလေး သားပဲသောက်ပါ။အမေ ရေမဆာဘူး))
    ၄။(အမေ့၏စတုတ္ထဂရုဏာမုသားပင်)
    အဖေဆုံးပါးပြီးနောက် မုဆိုးမအဖြစ် ဘ၀ကို အမေကြမ်းကြမ်းတမ်းတမ်းရုန်းကန်ခဲ့ရသည်။မိသားစုတာဝန်၊ တာဝန် ပေါင်းများစွာတို့သည် အမေ့ခေါင်းပေါ်သို့ကျလာခဲ့သည်။အခက်အခဲ အကျပ်အတည်းများစွာဖြင့် မိသားစု ကိုဦးဆောင်ရသည်။အနီးအနားတွင် နေထိုင်သော ကျွန်တော့်ဦးလေးဖြစ်သူလည်း သူတတ်စွမ်းသလောက် စားစရာ ကူညီထောက်ပံ့ပေးသည်။ တနေ့တခြား ဆင်းရဲကျပ်တည်းပြီးအခြေအနေ ဆိုးသထက် ဆိုးဝါးလာနေသည် ကို အိမ်နီးနားချင်းများ မြင်တော့ အမေ့ကိုနားချကြသည်။
    ((အရွယ်လည်း ငယ်သေးတာပဲ ၊ပိုက်ဆံရှိတဲ့လူတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်ပါလား?))ထိုအခါ အမေက ((ကျွန်မ အတွက် အချစ်တွေ မလိုတော့ပါဘူး))
    ၅။(အမေ့၏ ပဉ္စမ ဂရုဏာမုသားပင်)
    ကျွန်တော်ဘွဲ့ရပြီး အလုပ်ကောင်းတခုရလေရာ မိသားစုတာဝန် တွေ ကိုပုခုံးပြောင်းယူပြီး အမေ့ကိုပြုစုစောင့်ရှောက်ရန် ဆုံးဖြတ်လိုက်သည်။အမေသည် အရင်လို အရပ်တကာလှည့်ပြီးဈေးရောင်းနိုင်လောက်အောင်လည်း ကျန်းမာရေး မကောင်းတော့ရာ မနက်စောစောဈေးတွင်သာ ဟင်းသီးဟင်းရွက်များ ခင်းပြီးရောင်းချနေသည်။ အမေ ဈေးမရောင်းပါနဲ့တော့ဟု ကျွန်တော်တားနေသော်လည်း အမေလက်မခံသော အခါ ကျွန်တော်လစာရလာတော့ အမေ့ကို ပေးလေသည်။ ထိုအခါ အမေက((သားပိုက်ဆံ သားပဲသိမ်းထားပါ သားရယ် ။အမေ့မှာ ပိုက်ဆံ လုံလုံလောက်လောက် ရှိပါတယ်))
    ၆။(အမေ့၏ဆဋ္ဌမ ဂရုဏာမုသားပင်)
    ကျွန်တော်အလုပ်တစ်ဖက်ဖြင့် မာစတာဘွဲ့ရအောင် ကြိုးစားခဲ့သည်။ထိုအခါ ကျွန်တော့် လစာလည်းမြင့်လာ ခဲ့ပြီး ဂျာမန် ကုမ္ပဏီ တစ်ခုမှ ဂျာမန် တွင် အလုပ်လုပ်ရန် ခန့်အပ်ခဲ့သည်။
    အတိုင်းမသိ ၀မ်းသာမိသည်။ကျွန်တော့်အိပ်မက် တွေတဖြည်းဖြည်း ရုပ်လုံးပေါ်လာနေပြီးဖြစ်သည်။ ဂျာမန်တွင် အခြေကျသည်နှင့်တပြိုင်နက် အမေ့ကို အတူလာနေရန် ကျွန်တော်လှမ်းခေါ်ပါတော့သည်။ကျွန်တော် ၀န်ပိမည် စိုးသဖြင့် အမေက ((သားရယ် အမေက စည်းဇိမ်နဲ့နေလို့မတတ်ဘူး))
    ၇။(အမေ့၏ သတ္တမ ဂရုဏာမုသားပင်)
    အမေ အသက်အရွယ်အိုမင်းလာတော့ ကြောက်မက်ဖွယ်ရာ ကင်ဆာ ရောဂါ ဝေဒနာ ခံစားလာရသည်။ ဒီအချိန် တွင် အမေ့ကို အနီးကပ်ပြုစုရန် လိုအပ်နေပြီးဖြစ်သည်။ကျွန်တော်ချစ်သော အမေနှင့် ကျွန်တော်ရေမြေ ခြားလို့နေသည်။ကျွန်တော်အရာ အားလုံးကိုထားခဲ့ပြီး အမေရှိရာ အမေ့အိမ်သို့ပြေးလာပါတော့သည်။
    ခွဲစိတ်ကုသမှု ခံယူပြီး အိပ်ယာတွင် ပက်လက်မျောနေသော အမေ ၊အမေ ကျွန်တော့်ကို မြင်သည်နှင့် အားတင်းပြီး ပြုံးပြလေသည်။ကျွန်တော့် ရင်ထဲမှာဆို့နင့်လို့နေသည်။အမေ ပိန်ချုံးပြီး အားအင်ချိနှဲ့နေသည်ကို မြင်ပြီး ကျွန်တော် အသည်း နှလုံးတွေ မီးမြိုက်ခံရသည်နှယ် လောင်ကျွမ်းနေသည်။မမှတ်မိနိုင်လောက်အောင် အမေ့ရုပ်ရည် ကျဆင်းသွားသည်ကိုမြင်ပြီး မျက်ရည်တွေ ဒလဟော စီးဆင်းလာသည်။ သို့သော်လည်း အမေ အားတင်းပြီး နှစ်သိမ့်ပေးပြန်သည်(( အမေ့သား မငိုနဲ့သား မငိုပါနဲ့။
    အမေ ဘာဝေဒနာမှ မခံစားရဘူးသား))
    ၈။(အမေ့၏ အဋ္ဌမ ဂရုဏာမုသားပင်)
    နောက်ဆုံးအကြိမ် ထို စကားဆိုပြီး အမေမျက်လုံးမှိတ်သွားခဲ့လေပြီး။
    ထာဝရ မှိတ်သွားခဲ့လေပြီး။
    ကျမ်းတော်မြတ်ကုရ်အာန်
    ((မိခင် ဖခင် တို့အပေါ် အို့ ဟူ၍ပင် မပြောဆိုရ)
    မြတ်တမန် ဤသို့မိန့်ခဲ့သည်
    (မိဘတို့၏ နှစ်မြို့ မှု ထဲတွင် ဂရုဏာသခင် ဖန်ဆင်းရှင်၏ နှစ်မြို့မှု ရှိလေသည်။ မိဘတို့၏ အမျက်ထဲတွင် ဖန်ဆင်းရှင်၏ အမျက်ရှိလေသည်။)
    မြတ်တမန် ဤသို့မိန့်ခဲ့သည်
    (မိဘနှစ်ပါးအသက်ကြီးရင့်လာသည်ကို ကြုံကြိုက်ပါလျှက် အလုပ်အကျွေးပြုပြီး ဂျန္နသ် သုခဘုံ အရမယူနိုင်သူသည် အကြိမ်ကြိမ် အခါခါ အသုံးမကျ ကံဆိုးသူပင်)
    မြတ်တမန်ဤသို့မိန့်ခဲ့သည်
    (မိခင်၏ခြေရင်းတွင် သုခဘုံရှိလေသည်)ခြေဆုပ်လက်နှယ် အလုပ်အကျွေးပြု၍ ရယူကြလေကုန်)
    အိုး သားသမီအပေါင်းတို့
    (အသက်ရှင်သန်လျှက်ရှိနေသေးသော မိဘတို့၏ခြေအောက်တွင်ထိုင်ကြလေ။နမ်းရှုပ်ကြလေ။မိဘတို့၏ စိတ်အတွင်းဝယ် ကြည်နူးပီတိဖြစ်လေအောင်စွမ်းဆာင်ပြီး မိဘတို့၏ကျေးဇူ့တရားကို အမြဲမပြတ် သတိရကြပါလေ)
    (((သား အမေ့ကိုအရမ်းချစ်တယ် အမေ)))
    Ka Doe
  • Ramadhan month = Training Camp
    Ramadhan month = Training Camp
     Kalay
    သူငယ်ချင်းတို့ရေ…
    ကျွန်မတို့အားလုံးမျှော်လင့်နေကြတဲ့ ရမဿွာန်လ ဟာလည်း မကြာမီအချိန်အတွင်းမှာပဲ ကျရောက်လာပါတော့မယ်။ ကြိုပြီးပြင်ဆင်နေကြပြီလား။ ကြိုပြီးရော ရင်ခုန်နေကြပြီလား။ မထူးပဲဆန်းတဲ့အဖြစ်လို့ ဆိုရမလားဘဲ။ ရမဿွာန်လဟာ နှစ်တိုင်းကျရောက်နေကျဖြစ်ပေမဲ့လို့ ဘယ်တော့မှ ရိုးမသွားပါဘူး။ အမြဲတမ်းရင်ခုန်လျက်ပါပဲ။ ရင်ခုန်စရာကောင်းလောက်တဲ့ အကြောင်းတွေကလည်း ရှိသေးတာကိုး။ ဘာလို့လဲဆိုတော့ ရမဿွာန်လဟာ အဆုံးမရှိတဲ့ အလ္လာဟ့်ရဲ့ ဂရုဏာတော်တွေနဲ့ အတောမသတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ပေါင်းစပ်နေလို့ပါပဲ။
    ရမဿွာန်လဟာ အစ္စလာမ့်ပြက္ခဒိန်ရဲ့ ကိုးလမြောက်ဖြစ်တဲ့ လတစ်လပါ။ “ရမဿွာန်” ဆိုတဲ့ စကားလုံးက မူရင်းအာရဗီစကားလုံး “Ramida” ကနေဆင်းသက်လာတာပါ။အဓိပ္ပါယ်ကတော့ အလွန်အမင်းပြင်းထန်လောင်ကျွမ်းစေတဲ့ ပူပြင်းခြောက်သွေ့မှုပါ။ အထူးသဖြင့်တော့ မြေပြင်တွေခြောက်သွေ့ပူပြင်းတာပါ။ ဒါကြောင့်မို့လည်း မြေပြင်တွေ ပူပြင်းလောင်ကျွမ်းသလိုမျိုး ရမဿွာန်လဟာလည်း အကုသိုလ်အပေါင်းကို ရိုဇာဟ်နဲ့လောင်မြိုက်ခြင်းဖြင့် ကင်းစင်စေတဲ့လလည်း
    ဖြစ်ပါတယ်။ သဲကန္တာရတွေနဲ့ ကျောက်တုံးတွေက နေရဲ့ပူပြင်းမှုကို တိုက်ရိုက်ခံစားသိရှိသလိုမျိုး၊ ရမဿွာန်လမှာလည်း လူတွေရဲ့ နှလုံးသားတွေဟာ အလ္လာ့ဟ်ကို သိတဲ့စိတ်တွေနဲ့ သင်စရာမလိုလောက်အောင်ကို ပြည့်နှက်လို့နေပါတယ်။
    အစ္စလာမ့်မဏ္ဍိုင်ကြီး ၅ရပ်ဖြစ်တဲ့
    (၁) ရှာဟာဒသ် (အလ္လာဟ်တစ်ပါးတည်း တည်ရှိကြောင်းနဲ့ တမန်တော်မြတ်(ဆွ)ဟာ အလ္လာဟ်ရဲ့ နောက်ဆုံးရစူလ်တမန်တော်တစ်ပါးဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆို သက်သေခံခြင်း။)
    (၂) စွလာသ် (နေ့စဉ်နမားဇ်(၅)ကြိမ်ဖတ်ခြင်း။)
    (၃) ဇကားသ် (တရားဝင်ဒါနကြေးပေးဆောင်ခြင်း။)
    (၄) ဆွီယာမ် ( ရမဿွာန်လအတွင်း ဥပုသ်သီလစောင့်တည်ခြင်း။)
    (၅) ဟဂ်ျ ( မက္ကာသို့ ၀တ်ပြုခရီးသွားခြင်း။) တို့ကို မွတ်စ်လင်မ်တစ်ယောက်ဟာ ခါးဝတ်ပုဆိုးလို မြဲမြံနေရပါမယ်။ လိုက်နာပြီးလက်ခံရပါမယ်။ ရမဿွာန်လအတွင်း ဥပုသ်သီလစောင့်တည်ခြင်းကတော့ လေးခုမြောက်မဏ္ဍိုင်ကြီးပါပဲ။
    ရိုဇာဟ်ထားခြင်းရဲ့ အဓိက ပန်းတိုင်ကတော့ “သက္က၀ါ” တရားရရှိဖို့ပါပဲ။ ရိုဇာဟ်မှမဟုတ်ပါဘူး။ ဘယ်လို အေဗာဒသ်မျိုးမဆို အားလုံးရဲ့ ပန်းတိုင်ကတော့ “သက္က၀ါ” ပါပဲ။ “သက္က၀ါ” ဆိုတာကိုတော့ အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြပါတယ်။ “အလ္လာဟ်ကို သိခြင်း၊ မိမိကိုယ်ကို ပြစ်မှုဒုစရိုက်တို့မှ ထိန်းချုပ်နိုင်ခြင်း၊ အလ္လာဟ်အရှင်မြတ်ကို ကိုယ်ပိုင်အသိနဲ့ ကြောက်ရွံ့ခြင်း” စသည်ဖြင့်ပေါ့။ ကျွန်မအမြင်နဲ့ ပြောရမယ်ဆိုရင်တော့ “သက္က၀ါ” ဆိုတာ မကောင်းမှုဒုစရိုက်တို့ကနေ ရှောင်ကြဉ်ကာကွယ်နိုင်ဖို့အတွက် လူတစ်ယောက်မှာရှိသင့်တဲ့ အရည်အသွေးတစ်ခုပါ။ အဲ့လိုမျိုး “သက္က၀ါ” တရားကို ရရှိဖို့အတွက် မွစ်လင်မ်အားလုံး ကြိုးစားရမှာပါ။ အဲ့လို “သက္က၀ါ” တရားတွေကို ကျွန်မတို့ မွေးမြူနိုင်ခဲ့မယ်ဆိုရင် ရနိုင်တဲ့အကျိုးကျေးဇူးတွေက သိပ်ကိုပဲ ကြီးကျယ်လှပါတယ်။
    အလ္လာ့ဟ်ရဲ့ ချစ်ခြင်းကိုလည်း ခံရမယ်။ “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့အား ချစ်ကြည်မြတ်နိုးတော်မူချေသတည်း။” ကုရ်အာန်( ၉း၎)
    အလ္လာဟ်နဲ့ နီးစပ်မှုကိုလည်း ရနိုင်မယ်။ “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတော်စင်အပေါင်းတို့နှင့်အတူ ရှိတော်မူကြောင်း ကောင်းစွာ မှတ်ယူကြလေကုန်။” ကုရ်အာန်(၉း၃၆)
    အလ္လာ့ဟ်ရဲ့ အဆွေခင်ပွန်းလည်း ဖြစ်နိုင်တယ်။ “အလ္လာဟ်အရှင်မြတ်မူကား မွတ္တကီ သူတော်စင်တို့၏ အဆွေခင်ပွန်းဖြစ်တော်မူ၏။” ကုရ်အာန်(၄၅း၁၉)
    နောက်ဆုံးအနေနဲ့ကတော့ ကျွန်မတို့အားလုံးရဲ့ ပန်းတိုင်ဖြစ်တဲ့ ဂျန္နသ်သုခဘုံကို ရောက်ရှိနိုင်ပါတယ်။
    “ထိုဂျန္နသ်အမတသုခဘုံသည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော မွတ္တကီ သူတော်စင်များအဖို့ အသင့်ပြင်ဆင်ထားပြီး ဖြစ်လေသတည်း။ “ ကုရ်အာန်(၃း၁၃၃)
    ရိုဇာဟ်ထားခြင်းဟာ အရွယ်ရောက်ပြီး အသိဥာဏ်ရှိတဲ့ မွတ်စ်လင်မ် အမျိုးသား၊ အမျိုးသမီး အားလုံးအပေါ်ကို မလုပ်မနေရတာဝန်တစ်ခု အဖြစ် အလ္လာဟ်အရှင်မြတ်က ပြဌာန်းထားတာပါ။ “အသင်တို့အနက်မှ မည်သူမဆို ရမဿွာန်လနှင့် ကြုံကြိုက်ခဲ့ပါလျှင် ထိုသူသည် ယင်းလမြတ်၌ တစ်လပတ်လုံး ဥပုသ်သီတင်းဆောက်တည်ရပေမည်။” ကုရ်အာန်(၂း၁၈၅)
    ဘယ်လိုလူတွေအတွက် ဘယ်လိုခြွင်းချက်တွေရှိလဲဆိုတာတော့ ရှာဖွေဖတ်ရှုကြပါလို့ တိုက်တွန်းချင်ပါတယ်။ တာဝန်တစ်ရပ်အနေနဲ့ ပြဌာန်းထားပေမဲ့လို့ တာဝန်တစ်ခုကို ကျေပွန်ရုံပုံစံမျိုးတော့ လုပ်လို့မရပါဘူး။ သက္က၀ါတရားကို လက်ကိုင်ထားပြိး လုပ်ဆောင်ရပါမယ်။ လူအများရဲ့ အထင်ကြီးလေးစားမှုတစ်ခုတည်းအတွက်လုပ်တဲ့ အမလ်မှန်သမျှကို အလ္လာဟ်အရှင်မြတ်က လက်ခံမှာမဟုတ်ပါဘူး။ အရာရာတိုင်းဟာ အရှင့်အတွက်ပါပဲရယ်လို့ ရည်စူးချက်ရှိရပါမယ်။ ရည်စူးချက်မှန်ကန်မှသာ လိုရာပန်းတိုင်ကို ရောက်နိုင်မှာပါ။ ဘယ်အရာကိုပဲလုပ်လုပ် ပြစားမှုကင်းနိုင်သမျှ ကင်းဖို့အတွက် ကြိုးစားကြရပါမယ်။
    ရမဿွာန်လဟာ တနည်းအားဖြင့်တော့ “Training Camp” တခုပါပဲ။ တစ်လကြာတဲ့ camp တစ်ခုပေါ့။ ဒါပေမဲ့ အဲ့ဒီတစ်လဆိုတဲ့ အချိန်ရဲ့ effect ဟာ တစ်သက်တာလုံးအတွက် အမြဲရှိနေရမဲ့ နမူနာတွေပါ။ အဓိကအားဖြင့်တော့ ရုပ် နာမ်နှစ်ပိုင်းလုံးကို ပြင်ဆင်ပေးရတာပါ။ ဒါပေမဲ့ အဲ့ဒီပြင်ဆင်မှုဟာ ရမဿွာန်တစ်လတည်းအတွက်ပဲ မဟုတ်ပါဘူး။ တစ်သက်တာလုံးအတွက်ပါ။ အဲ့ဒါကြောင့်လည်း Training camp လို့ဆိုထားတာပေါ့။
    ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုကတော့ ပုံမှန်အစားစားချိန်တခုကို စနစ်တကျသတ်မှတ်ပြီး စားသောက်မှုတွေကို လျှော့ချတဲ့ ပုံစံပါ။ “ထိုမှတပါး အသင်တို့သည် ချည်မျှင်အနက် (တည်းဟူသော ညဥ့်၏အမှောင်)မှ ချည်မျှင်အဖြူ(တည်းဟူသော) နံနက်မိုးလင်း အာရုဏ်တက်ချိန်၏ အလင်းရောင် ပေါ်လွင်ထင်ရှားလာသည့်တိုင်အောင်(အစာအဟာရများကို) စားသောက်ကြကုန်လော့။ တဖန် အသင်တို့သည် (ယင်းအလင်းရောင် ပေါ်လာသည်မှ နေ၀င်၍) ညဥ့်အချိန်(ကျရာက်လာသည့်) တိုင်အောင် အချိန်ပြည့် ဥပုသ်သီလ စောင့်တည်ကြကုန်လော့။” လို့ ကုရ်အာန် (၂း၁၈၇) မှာဆိုထားပါတယ်။ ဒါကြောင့် စားသောက်မှုပုံစံကို ပြောင်းလဲလေ့ကျင့်လိုက်တာပါ။
    အဲ့လိုမျိုးတပြိုင်နက်ထဲမှာပဲ နာမ်ပိုင်းဆိုင်ရာတွေကိုလည်း ပြောင်းလဲပစ်ရပါမယ်။ နာမ်ပိုင်းဆိုင်ရာက ပြောင်းလဲမှုတွေဖြစ်လာတာနဲ့ ရုပ်ပိုင်းဆိုင်ရာကလည်း အလိုလိုအဆင်ပြေသွားပါလိမ့်မယ်။ နာမ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ဖို့ကတော့ အနည်းငယ်ခက်ခဲပါလိမ့်မယ်။ ဘယ်အရာမှ လွယ်လွယ်မရပေမဲ့ ကြိုးစားမှုအပေါ်မှာ မူတည်ပြီး ပြောင်းလဲပစ်နိုင်ပါတယ်။ ဒီအပိုင်းကတော့ အရေးအကြီးဆုံးပါပဲ။
    ပထမဆုံးအနေနဲ့ မိမိတို့ရဲ့ အကြားအာရုံတွေကို ထိန်းသိမ်းရပါမယ်။
    “အို… နဗီတမန်တော်၊ အသင်ပြောကြားပါလေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ ထို့ပြင် အသင်တို့အဖို့ ထိုအရှင်မြတ်သည် နားကိုလည်းကောင်း၊ မျက်စိကိုလည်းကောင်း၊ စိတ်နှလုံးများကိုလည်းကောင်း၊ ပြုလုပ်၍ ပေးသနားတော်မူခဲ့၏။ (သို့ရာတွင်) အသင်တို့မှာမူကား အနည်းငယ်မျှသာလျှင် ကျေးဇူးသိတတ်ကြကုန်၏။” ကုရ်အာန်(၆၇း၂၃)
    “ထို့ပြင်တ၀ အသင်သည် မိမိမသိသောအကြောင်းအရာ၏နောက်သို့ မလိုက်လေနှင့်။ ဧကန်မလွဲ နား၊ မျက်စိ ၊ စိတ်နှလုံး၊ ဤအသီးသီးတို့သည် ၎င်းတို့နှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းခြင်းကို ခံရမည်သာတည်း။” ကုရ်အာန်(၁၇း၃၆)
    ပထမဆုံးနားက အရင်ကြားတာပါ။ ပြီးမှ မျက်လုံး၊ စိတ်နှလုံးတို့က နောက်ကလိုက်ရတာပါ။အစ္စလာမ်က အကျိုးမဲ့အချည်းအနှီးစကားတွေနဲ့ အတင်းအဖျင်းတွေကို မပြောမိဖို့ လမ်းညွှန်ရုံသာမက အဲ့ဒီစကားတွေကို နားမထောင်မိဖို့လည်း သတိပေးထားပါတယ်။
    ဒုတိယကတော့ မိမိတို့ရဲ့နှုတ်လျှာကို ထိန်းသိမ်းရပါမယ်။
    “အလ္လာဟ်အရှင်မြတ်နဲ့ အာခေရသ်ကို ယုံကြည်နေသူတစ်ယောက်ဟာ ကောင်းမွန်ပြီး နူးညံ့သိမ်မွေ့တဲ့ စကားတွေကိုသာ ရွေးချယ်ပြီး ပြောတတ်ရပါမယ်” တဲ့။(ဘိုခါရီကျမ်း)
    နှုတ်လျှာကို ထိန်းသိမ်းခြင်းဟာလည်း အရေးပါလှပါတယ်။ မိမိရဲ့စကားတခွန်းကြောင့် သူတစ်ပါးရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နစ်နာသွားစေတယ်ဆိုရင် ဘယ်လိုမှ ပြည့်ဝတဲ့ မွတ်စ်လင်မ်တစ်ယောက် မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့် ခုလာမဲ့ ရမဒွန်ကနေ နောက်ရောက်လာမဲ့ အနာဂတ်တွေထိတိုင်အောင် အဲ့လို ထိန်းကျောင်းမှုမျိုးလေးတွေနဲ့ မိမိကိုယ်မိမိ လေ့ကျင့်ကြိုးစားရမှာပါ။
    တတိယအနေနဲ့ကတော့ မိမိရဲ့ အမြင်အာရုံတွေကို ထိန်းချုပ်ရပါမယ်။
    အရေးအကြီးဆုံးကတော့ ဟရာမ်(ဥပမာ၊ မိမိနဲ့ဆန့်ကျင်ဘက် လိင်တွေကို အကြောင်းမဲ့ ကြည့်နေတာမျိုး၊ မကြည့်သင့်တဲ့ ညစ်ညမ်းမှုတွေကို ကြည့်ရှူ့တာမျိုး၊ သာသနာက ခွင့်မပြုထားတဲ့ အရာတွေကို ကြည့်တာမျိုး) တွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရပါမယ်။ ကြည့်မိခဲ့တာနဲ့ တပြိုင်နက် ချက်ချင်းအကြည့်တွေကို လွှဲဖယ်လိုက်ရပါမယ်။ “မတော်တဆသဘောမျိုးနဲ့ ပထမဆုံးကြည့်မိသွားတဲ့ အကြည့်မျိုးကိုတော့ ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို အကြည့်တွေကို လွှဲဖယ်လိုက်ရပါမယ်။ ဒုတိယအကြိမ်ဆိုတဲ့ အခွင့်အရးမျိုး မရှိစေရဘူး” လို့ ဆိုထားပါတယ်။ (မွတ်စ်လင်မ်၊ အဗူဒါဝဒ်၊ သစ်ရ်မေဇီ)။ အဲ့လိုအဖြစ်မျိုးတွေနဲ့ ကြုံလာရင် အလ္လာ့ဟ်ဆီမှာ ခိုလှုံခွင့် တောင်းခံရပါမယ်။
    “အို… နဗီတမန်တော်၊ အသင်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏ မျက်စိများကိုနှိမ့်ချထားရမည်ယူ၍လည်းကောင်း၊ ထို့ပြင် မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်း ပြောကြားပါလေ။” ကုရ်အာန်(၂၄း၃၀)
    “အို… နဗီတမန်တော်၊ အသင်သည် “မုအ်မင်န်” သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား ပြောကြားပါလေ။ ၎င်းတို့သည် မိမိတို့၏ မျက်လွှာများကို အောက်သို့ချထားရမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အရှက်အင်္ဂါများကို (ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်းကြရမည်။” ကုရ်အာန်(၂၄း၃၁)
    ယုံကြည်သူ အမျိုးသားရော၊ အမျိုးသမီးအတွက်ပါ ကုရ်အာန်(အထက်ကအာယသ်တော်နှစ်ပိုဒ်)ကပြောထားတာပါ။ ရမဒွန်တစ်လတည်းအတွက်တော့ မဟုတ်ပါဘူး။ အသက်ရှင်နေသမျှ ကာလပတ်လုံးမှာပါ။ “နားတွေတော့ ရှိပါရဲ့၊ ဒါပေမဲ့ မကြားကြဘူး။ စိတ်နှလုံးတွေတော့ ရှိပါရဲ့၊ ဒါပေမဲ့ တွေးတောမှုမပြုကြဘူး။ မျက်လုံးတွေတော့ ရှိပါရဲ့၊ ဒါပေမဲ့ မမြင်ကြဘူး။ အဲ့လိုလူတွေဟာ တိရိစ္ဆာန်များနဲ့ တူရုံသာမကဘဲ တိရစ္ဆာန်တွေထက်တောင် မိုက်မဲတဲ့သူတွေ” လို့ ကုရ်အာန်(၇း၁၇၉) မှာ အလ္လာဟ်အရှင်မြတ်က အတိအလင်းမိန့်တော်မူထားပါတယ်။ ဒါကြောင့် မိမိရဲ့ အမြင်အာရုံတွေကို အကျိုးမဲ့ အချည်းနှီးမဖြစ်စေဖို့ သတိထားရပါမယ်။
    အဲ့လိုမျိုး နာမ်ပိုင်းဆိုင်ရာတွေကို ပြုပြင်ပြီးတဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာကလည်း တဖြည်းဖြည်းအဆင်ပြေလာပါတယ်။ တကယ်ပဲ ရမဿွာန်လဟာ စိတ်ပိုင်းဆိုင်ရာရော၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုတွေကိုပါ တိုးပွားစေတဲ့ အချိန်ကာလတခုပါ။
    ရမဿွာန်လရဲ့ ထူးခြားချက်တွေကတော့ ပြောမကုန်နိုင်အောင်ပါပဲ။ အစ္စလာမ့်မဏ္ဍိုင်ကြီး(၅)ခုရဲ့ လေးခုမြောက်ဖြစ်တဲ့ ဆွီယမ်(ဥပုသ်သီလဆောက်တည်ခြင်း)ကို မလုပ်မနေရ တာဝန်တစ်ခုအဖြစ် ပြဌာန်းခြင်းခံရတဲ့ လတစ်လလည်းဖြစ်တယ်။ တစ်နည်းအားဖြင့် ရမဒွန်လရဲ့ အစပိုင်းမှာ အလ္လာဟ်ရဲ့ ကရုဏာတော် ၊ လအလယ်ပိုင်းကတော့ ခွင့်လွှတ်ချမ်းသားပေးမှု ၊ လရဲ့အဆုံးသတ်မှာတော့ ဂျဟန္နမ်မီးဘေးမှ ကင်းလွတ်ခွင့်တွေ အသီးသီးရရှိမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့ ရမဿွာန်လရဲ့ အချိန်တွေဟာ စက္ကန့်နဲ့အမျှ တန်ဖိုးရှိလှပါတယ်။
    ကျမ်းတော်မြတ်ကုရ်အာန်ကို အလ္လာဟ်အရှင်မြတ်ဟာ ရမဿွာန်လအတွင်းမှာပဲ ချပေးသနားတော်မူခဲ့တာလည်း ထူးခြားမှူတစ်ခုပါပဲ။ အမှတ်ရစရာတွေနဲ့ ပြည့်နှက်နေတဲ့လဆိုရင်လည်း မမှားပါဘူး။ နောက်တစ်ခုကတော့ တမန်တော်မြတ်(ဆွ)ရဲ့ စွန္နသ်တော်တစ်ခုဖြစ်တဲ့ သာရာဝီနမားဇ်ကို အကောင်အထည်ဖော်ခွင့်ရတဲ့ တစ်ခုတည်းသော လတစ်လပါပဲ။ ပိုပြီးထူးခြားတာကတော့ ရမဿွာန်လ (ရက်၃၀) အတွင်းမှာ လပေါင်းတစ်ထောင်တို့ထက် ပိုပြီးထူးကဲတဲ့ ညတစ်ညဖြစ်တဲ့ “လိုင်လာသွလ်ကဒရ်ည” တစ်ညပါဝင်တာပါပဲ။
    ဒါ့အပြင် အမှားနဲ့အမှန်၊ တရားမှုနဲ့ မတရားမှု၊ အလင်းနဲ့ အမှောင်ကို ခွဲခြားပေးတဲ့ မွတ်စ်လင်မ်တို့ရဲ့ သမိုင်းဝင်စစ်ပွဲတစ်ခုဖြစ်တဲ့ “ဗဒရ်” စစ်ပွဲဆင်နွှဲခဲ့တဲ့ လတစ်လလည်းဖြစ်နေပါသေးတယ်။ မက္ကာမြို့ဆီကို အောင်နိုင်သူတွေအဖြစ်နဲ့ ပြန်လည်ဝင်ရောက်နိုင်ခဲ့တဲ့ လဟာလည်း ရမဿွာန်လပါပဲ။ အဲ့လိုအောင်နိုင်ပြီးနောက်မှာပဲ အစ္စလာမ်သာသနာအောက် ခိုလှုံသူတွေ အရမ်းများပြားလာပြီး မက္ကာမြို့ကြီးဟာ နတ်ဘုရားကိုးကွယ်မှုကနေကင်းရှင်းတဲ့၊ သန့်စင်ခြင်းနဲ့ အတိပြီးတဲ့ မွန်မြတ်ခြင်းနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါတွေဟာ ရမဿွာန်လရဲ့ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေပါပဲ။
    ရမဿွာန်တစ်လကို ဖြတ်သန်းခဲ့ရတဲ့အတွက် ကျွန်မတို့ဟာ အလ္လာဟ်နဲ့ ပိုပြီးနီးစပ်သလို ခံစားရပါတယ်။ နှလုံးသားကလည်း အမိန့်နာခံမှုတွေနဲ့ နူးညံ့နေအောင် လေ့ကျင့်ခဲ့ရတဲ့အတွက် စိတ်နှလုံးသိမ်မွေ့နေတယ်ဆိုရင်လည်း မမှားပါဘူး။ စိတ်ဓါတ်ကြံ့ခိုင်ဖို့နဲ့ သည်းခံခြင်းတရားတွေ ထားတတ်ကြဖို့လည်း ကြိုးစားခဲ့ရတာကြောင့် တစ်ယောက်ချင်းစီရဲ့ ခံစားချက်တွေကိုလည်း ကိုယ်ချင်းစာတတ်ခဲ့ကြပါပြီ။ ဆင်းရဲသူရော ချမ်းသာသူပါ ရိုဇာဟ်ထားနေစဉ်အတွင်း တန်းတူရည်တူ ဖြစ်ခဲ့တာတွေကြောင့် ချမ်းသာသူများကလည်း ဆင်းရဲသူများရဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာနိုင်ကြပြီး၊ ဆင်းရဲသူများကလည်း မိမိတို့ရဲ့ လက်ရှိအနေအထားကို ပိုပြီးကျေနပ်လာတတ်ကြပါတယ်။ လူသားအချင်းချင်း ညီရင်းအစ်ကိုပမာ ရင်းနှီးနားလည်နိုင်မှု( brotherhood) ကတော့ ရမဒွန်လရဲ့ အကောင်းဆုံးပြယုဒ်တစ်ခုပါပဲ။ အဲ့လိုအဲ့လို ကောင်းကျိုးပေါင်းမြောက်များစွာကို အခုလာမဲ့ရမဒွန်လကနေပြီး နောက်ထပ်အသက်ရှင်သန်နိုင်သမျှ ကာလတစ်ပါတ်လုံး ကျွန်မတို့မွတ်စ်လင်မ်တွေ အတူတကွသယ်ဆောင်သွားနိုင်ကြပါစေလို့ ဒိုအာပြုပါတယ်။
    ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ခါအသက်ရှုလိုက်တိုင်းမှာ “ အလ္လာဟ်” လို့ တစ်ခါခေါ်နိုင်တဲ့ စွမ်းအားမျိုးကို ရရှိနိုင်ကြပါစေလို့ ဒိုအာပြုရင်း…
  • ဆရာထက် လက်စောင်းထက်သည့် တပည့်ကျော်
    ဆရာထက် လက်စောင်းထက်သည့် တပည့်ကျော်
    ဂျူလိုင်ရဲရင့်
    Photo-Google
    ဂျပန်နိုင်ငံသည် ၁၉၅၀ မှ ၁၉၇၀ ခုနှစ်အတွင်း အဆင့်မြင့်စက်မှု ကုန်ထုတ်နည်းပညာများကို အနောက်တိုင်းမှ နှစ်ပေါင်း ၂၀ နီးပါး သွင်းကုန်ပြုလုပ်ခဲ့ရသည်။ လက်ငင်းအပြတ် ၀ယ်ယူခြင်းမျိုးရှိသလို အများအားဖြင့် အငှါးသုံးခြင်း သို့မဟုတ် အကြွေးစံနစ်ဖြင့် ရယူခဲ့သည်။ ယနေ့သော် အဖြေထွက်လာသည်မှာကား ဂျပန်သည် စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည်နိုင်လာလေပြီ။ မိမိ၏ကုန်ပစ္စည်းများသားမကသေး၊ နည်းပညာ လမ်းကြောင်းပေးမှုကိုပင် အခြားနိုင်ငံများထံသို့ ပို့ကုန်ပြုနိုင်သည့်အဆင့်အထိ ရောက်သွားပါ၏။
    ဂျပန်တို့သည် သံနှင့်သံမဏိထုတ်လုပ်ခြင်းကို အမေရိကန်တို့ထံမှ သင်ယူခဲ့ကြသည်။ယခုအချိန်တွင်မူ ၄င်းတို့၏ နည်းနာများကို အမေရိကန်သို့ ပြန်လည်တင်သွင်းနိုင်သည်အထိ ကျယ်ပြန့်စွာတိုးတက်ဖွံ့ဖြိုးလာပေသည်။ တစ်ခါတုန်းက တပည့်လက်သား ဂျပန်သည် အီလက်ထရွန်းနစ် နှင့် ဆက်သွယ်ရေးကဲ့သို့ နယ်ပယ်များစွာ၌ ထိုးဖောက်လာနိုင်သည်သာမက အမေရိကသည် မိမ၏အရေးပါသော စစ်ရေးကဏ္ဍများစွာတွင် ဂျပန်၏နည်းပညာပံ့ပိုးမှုကို ရယူနေရပေ၏။ ဆရာထက် တပည့်ကျောက် လက်စောင်းထက်နေလေပြီ။ ရေစီးကြောင်း ပြောင်းပြန်ဖြစ်သွားပြီ ဟု သတင်းစာတစ်စောင်က ဖော်ပြထား၏ ( The Hindustan Times , June 11 , 1981 )
    ဂျပန်သည် စက်မှုထုတ်ကုန်လမ်းကြောင်း၌ နှစ်ပေါင်း၂၀ စိတ်ရောကိုယ်ပါ မြုပ်နှံခဲ့ကြသည်။ ရလဒ်သည်ကား စက်မှုကုန်ထုတ်လုပ်ငန်းများတွင် ပိုင်ပိုင်နိုင်နိုင်ခြယ်လှယ်စိုးမိုးနိုင်သည့် အဆင့်အတန်းသို့ ရောက်ရှိသွား၏။ အကယ်၍သာ အခြားတိုင်းနိုင်ငံများ၏ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ အဓိကအချက်ကို လက်မခံဘဲ – အကူအညီ မရယူဘဲ မာန်မာနထောင်လွှားခဲ့ပါလျှင် ဂျပန်သည် ဤမျှခမ်းနားသည့် အောင်မြင်မှုအား ဘယ်သောအခါမျှ ရနိုင်မည်မဟုတ်တော့ချေ။
    ကျွန်ုပ်တို့အားလုံးသည်လည်း အောင်မြင်မှုရရန် ရှုံးနိမ့်ရလေ့ရှိပါသည်။ ကျွန်ုပ်တို့သည် စိတ်တိုင်းကျအဆင့်ထက် ကျော်လွန်သည်အထိ မိမိဖာသာ မစွမ်းဆောင်နိုင်သေးသရွေ့ မိမိ၏နိမ့်ကျသော အနေအထားကို လက်ခံနိုင်ရပါမည်။ မိမိ၏နိမ့်ကျသည့်အခြေအနေကိုလက်မခံဘဲ သို့မဟုတ် မိမိ၏အရှုံးကိုတစ်ပါးသူတို့အပေါ် ဇွတ်ပေပြစ်တင်လျက် ထိပ်တန်းသို့တက်လှမ်းနိုင်လိမ့်မည်ဟု အမျှော်ကြီးမျှော်လင့်နေသူများထက် – – – ဤသည် ဘ၀၏လိုအပ်ချက်တစ်ရပ်အဖြစ် သိမှတ်လက်ခံထားသူများမှာ ——- – – – – ဤလောကီ၌ အောင်မြင်ဖွယ်အခွင့်အလမ်းတစ်ရပ် လက်ဝယ်ရှိနေပေသည်။ နှိမ့်ချမှုမှ ပေါက်ဖွားလာသော စိတ်ရှည်သည်းခံခြင်း၊ ဇွဲသတ္တိ၊ အရည်အသွေးကို ခိုအောင်း ရယူခြင်းတို့သည် ကျွန်ုပ်တို့အား အောင်မြင်မှုထံ ဖြတ်သန်းရောက်ရှိစေနိုင်သည့် သီလတရားများပင် ဖြစ်ပါတော့သည်။
    M.W.Khn  ၏  Teachig the Teacher  ကို ပြန်ဆိုသည်။
  • ရဲလျှင် မင်းဖြစ်
    ရဲလျှင် မင်းဖြစ်
    လူမင်းဟန်
    ၁၅၃၃ မှာ နတ်ရွာစံခါနီး မော်စကိုနယ်စားကြီး Vasily III ဟာ အသက်သုံးနှစ်သာရှိသေးတဲ့ သူ့သား အိုင်ဗင် ကို နန်းလျာအဖြစ်နဲ့ ကြေငြာလိုက်ပါသည်။ နောက်ပြီး အသက်ငယ်ငယ်ပဲ ရှိသေးတဲ့ သူ့မိဘုရား ဟဲလင်နာ ကို အိုင်ဗင်အရွယ် ရောက်တဲ့အထိ ရင်ခွင်ပိုက်ဘုရင်မ အဖြစ်အုပ်ချုပ်ဖို့ စီစဉ်ပါတယ်။ ဒီအစီအမံဟာ နန်းတော်ထဲက သူကောင်းမျိုးတွေ အတွက်တော့ ၀မ်းသာစရာကြီးပါ။ ရုရှားမှာ boyer လို့ခေါ်တဲ့ သူကောင်းမျိုးတွေရှိပါတယ်။ ရာထူးကြီးကြီးယူထားကြတဲ့ သူတွေပေါ့။ ကွယ်လွန်သွားတဲ့ မော်စကိုနယ်စားကြီးဟာသူ့ရဲ့အာဏာစက်ကို ပျံ့နှံ့ဖို့အထူးကြိုးစားခဲ့ပါတယ်။ အခုဆို နယ်စားကြီးလဲ ကွယ်လွန်သွားပြီ။ သူ့နန်းလျာကလည်း ဥမမည် စာမမြောက် သုံးနှစ်သားလေး၊ ရင်ခွင်ပိုက်အဖြစ်ထားခဲ့တဲ့ ဘုရင်မဆိုတာကလည်း အသက်ငယ်ငယ်၊ အတွေ့အကြုံလည်းမရှိ။ ဒါဟာ boyer တွေအတွက်တော့ တိုင်းပြည်အာဏာ လုဖို့အကယ့်ကို အခွင့်ကောင်းပါပဲ။ ဒါတွေကို မြင်တဲ့ မိဘုရားဟာ တိုင်းပြည်အုပ်ချုပ်ရေးအတွက် သူ့သူငယ်ချင်း မင်းသား Obolensky ကို အကူအညီတောင်းပါတယ်။ ဒါပေမယ့် ဒီလိုအုပ်ချုပ်ရင်း ငါးနှစ်လောက်နေတော့ ဟဲလင်နာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ရတာကလဲ အဆိပ်ခပ်ခံရတာပါ။ အဆိပ်ခပ်တဲ့သူကတော့ boyer တွေထဲမှာ ကြောက်စ ရာအကောင်းဆုံး Shuisky မိသားစုထဲကတစ်ယောက်ပါ။
    အဲဒီနောက်မှာတော့ Shuisky တွေကပဲ တိုင်းပြည်အာဏာကိုထိန်းချုပ်လိုက်ပြီး Obolensky ကိုလည်း ထောင်ထဲမှာ အစာ ငတ်ထားပြီး သတ်လိုက်ပါတယ်။ ခုဆိုရင် အိုင်ဗင် ဟာ အသက် ရှစ်နှစ်ရှိပါပြီ။ သူ့ကို ဂရုစိုက်တဲ့၊ ခင်မင်တဲ့ လူမှန်သမျှကို Shuisky တွေက အပြတ်ရှင်းပစ်ပါတယ်။ အိုင်ဗင် ဟာ Shukisky တွေနဲ့မတွေ့အောင်ရှောင်ပုန်းရင်း နန်းတော်ထဲမှာ မ၀ရေစာစားပြီး နေခဲ့ရပါတယ်။ တခါတလေမှာ သူ့ကိုတွေ့တာနဲ့ ပလ္လင်ပေါ်တင်၊ သရဖူဆောင်းပေးပြီး နောက်ပြောင်ကြ ပါတယ်။
    ဒီလိုနေလာတဲ့တစ်လျှောက်လုံးမှာ အိုင်ဗင် ဟာ သူတို့လုပ်သမျှကို ဘာမှ ပြန်မပြောဘဲ ငြိမ်ခံနေပါတယ်။ boyer တွေက လည်း အိုင်ဗင်ကို အဖြစ်မရှိတဲ့သူ တစ်ယောက်အနေနဲ့ သိတ်ဂရုမစိုက်ကြတော့ပါဘူး။ စိတ်ကူးထဲတောင် ထည့်တွက်မ ထားဘူး ဆိုတဲ့ အခြေအနေကို ရောက်လာပါတယ်။ ဒါပေမယ့် သူတို့မသိတာက အိုင်ဗင် ဟာ နန်းတော်စောင့်တပ် ဖွဲ့ကို အသေအချာစည်းရုံးထားပြီးပါပြီ။ ရက်စက်ကြမ်းကြုပ်တဲ့ Shukisky တွေကိုမုန်းတီးနေတဲ့ နန်းတော်စောင့်တပ်တွေ ကလည်း အိုင်ဗင် ကို ကူညီဖို့သဘောတူပါတယ်။
    ၁၅၄၃ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းမှာ အိုင်ဗင် က Shuisky ခေါင်းဆောင်မင်းသား ကို သူ့အခန်းကိုလာဖို့ ဖိတ်လိုက်ပါတယ်။ မင်းသားရောက်လာချိန်မှာတော့ အခန်းထဲမှာ နန်းတော်စောင့်တပ်သားတွေ ရှိနေပါတယ်။ အိုင်ဗင် က ဘာတစ်ခွန်းမှ မပြောပဲ မင်းသားကိုလက်ညှိုးထိုးပြီး ဖမ်းပြီး သတ် ဖို့ အမိန့်ပေး လိုက်ပါတယ်။ ပြီးတဲ့နောက် အလောင်းကို နန်းတော်ထဲက ခွေးလှောင်အိမ်ထဲ ပစ်ထည့်ပြီးခွေးစာကျွေးပစ် လိုက်ပါတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ Shuisky တွေအကုန်လုံးကို ဖမ်းပြီး သတ်ပစ်လိုက်ပါတယ်။ Shuisky တွေဟာ ဘာမှပြင် ဆင်ချိန်မရလိုက်ပဲ အငိုက်မိခံလိုက်ရပါတယ်။ အခုတော့သူတို့ နှိပ်စက်သမျှခံလာရတဲ့ အိုင်ဗင်ကို အသေအလဲ ကြောက်ရတဲ့ဘ၀ကို ရောက်သွားပါတော့တယ်။ အိုင်ဗင် ဟာ ပထမဆုံးဇာဘုရင် အနေနဲ့ ရှရှားနိုင်ငံကို အုပ် ချုပ်ခဲ့ပါတယ်။ သူ့ကို Ivan The Terrible လို့နောက်ပိုင်းမှာခေါ်ကြပါတယ်။
    ကျတော်တို့တော်တော်များများဟာ တုံ့ဆိုင်းတတ်ပါတယ်။ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့်လုပ်ရမှာ ကြောက်ကြပါတယ်။ အတိုက်အခံလုပ်ရမှာ၊ အခြေအနေတင်းမာ မှာတွေကို ရှောင်ရှားလိုကြပါတယ်။ သူများတွေက ဘယ်လိုထင်မှာပါလိမ့်၊ ဘယ်နှယ့်ပြောမှာပါလိမ့်နဲ့စိုးရိမ်နေတာနဲ့ကို လုပ်သင့်လုပ်ထိုက်တာကို မလုပ်လိုက်ရတော့ပါဘူး။ ဒီလိုရဲရဲရင့်ရင့်လုပ်တတ် ဖို့ လေ့ကျင့်ယူလို့ရပါတယ်။ အစကတည်းက သတ္တိနဲ့မွေးလာတဲ့သူ ရှားပါတယ်။ နပိုလီယန် ကိုယ်တိုင်တောင် သတ္တိကို စစ်ပွဲအတွေ့ အကြုံတွေကနေ လေ့ကျင့်ယူခဲ့ရတယ်လို့ဆိုပါတယ်။ စစ်ပွဲအနိုင်အရှုံးဆိုတာ ဆုံးဖြတ်ချက်ရဲရင့်ပြတ်သား မှု့ ကအဓိက မဟုတ်လား။ ရဲရင့်မှု့မှာ ဘာနဲ့မှ အစားထိုးလို့မရတဲ့ တန်ခိုးတွေရှိပါတယ်။ အိုင်ဗင် ကိုပဲ ကြည့်ပါ။ တသက်လုံးက သူများ အနိုင်ကျင့်ခံလာရတဲ့ ခပ်တုံးတုံး ဘ၀ကနေ ရဲရင့်မှု့တစ်ခုကြောင့် ဘ၀တစ်ခုလုံးပြောင်းလဲခဲ့ရတာ ပါ။ နောက်တစ်ခုက ရဲရင့်ပြတ်သားသူတွေဟာ သူတို့ရဲ့ ပြောပုံဆိုပုံ၊ ကိုယ်နေဟန်ထားအမူအရာကအစ အများနဲ့ မတူပဲ ထူးခြားနေတတ်ပါတယ်။ အဲလိုလူမျိုးကို လူတိုင်းက လေးစားနေရာပေးခံရတတ်ပါတယ်။
    ကျတော်တို့ အမြင်သာဆုံး ဥပမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ လေ့လာကြည့်ရအောင်။ ဒေါ်စုကို တစ်ကမ္ဘာလုံးက ဘာလို့လေးစားကြတာလဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့လား။ ဒါတစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ဘူးဗျ။ ဗိုလ်ချုပ်ရဲ့ သားကြီး အောင်ဆန်းဦး ကိုဘယ်သူမှ မလေးစားကြပါဘူး။ ရှိတယ်ဆိုတာတောင် မေ့နေတယ်။ နိုင်ငံရေးလုပ်လို့လား။ ဒါကြောင့်လည်း မဟုတ်ဘူးဆိုတာ သိသာပါတယ်။ တစ်ခြားနိုင်ငံရေးလုပ်တဲ့သူတွေလည်းအများကြီးပဲဟာ။ တကယ်ပြော စတမ်းဆို ဒေါ်စုကမှ ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတော့ သူ့ခမျာ နင်လားငါလား နိုင်ငံရေးလုပ်ရတဲ့ အချိန်က ဘယ်လောက်ရှိလို့လဲ။  သူ့ရဲ့ ရဲရင့်ပြတ်သားတဲ့ ပြောဆိုမှု့၊ ကိုယ်ရည်ကိုယ်သွေး ဟာ သူ့ကိုလူတွေလေးစားကြ တဲ့အကြောင်းထဲက အရေးကြီးတဲ့ အချက်တစ်ခုလို့ ကျတော်ကတော့ ထင်တာပဲ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ တစ်ခါမှ မကြားဘူးတဲ့ လူ တစ်ယောက်ကို ခေါ်ပြရင်တောင် ဒေါ်စုကိုမြင်တာနဲ့ ကြောက်ကြောက်လန့်လန့်ဖြစ်နေမယ့် မိန်းမမဟုတ်ဘူး။ ရဲရင့်တဲ့၊ ပြတ်သားတဲ့၊ ပြောတဲ့အတိုင်းလုပ်မယ့် မိန်းမဆိုတာ တန်းပြောနိုင်လိမ့်မယ်လို့ထင်တာပဲ။ ကျတော့်အထင်တော့ ဒေါ်စုလည်း မွေးရပါ သတ္တိကောင်းသူ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ freedom from fear ဆိုတဲ့မိန့်ခွန်းထဲမှာ “အကြောက်တရားမရှိခြင်းသည် ဆုလဒ် တစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် ထို့ထက်ပို၍ တန်ဖိုးရှိသည်မှာ ကြိုးပမ်းမှု့မှ ရရှိလာသော သတ္တိ၊ အကြောက်တရားက လွှမ်းမိုးသော မိမိ၏ လုပ်ရပ်များကို ထိန်းချုပ်နိုင်သော သတ္တိ၊ များပြားလှသော ဖိနှိပ်မှု့များ ကို မကြောက်မရွံ့ အဖန်တလဲလဲ ရင်ဆိုင်ရဲသော သတ္တိ များ ဖြစ်ပါသည်။”  လို့သူကိုယ်တိုင် ပြောခဲ့တယ်ဗျ။
    ကျတော့်သူငယ်ချင်းတစ်ယောက်ရှိသည်။ သူက သူ့ကောင်မလေးကို အသေကြောက်ရတာ။ သူ့ကိုအဲလောက်မကြောက် ဖို့ပြောရင်တော့သူက ချစ်တာပါလို့ပြန်ပြောလေ့ရှိသည်။ ကျတော်က တော့ ချစ်တာနဲ့ ကြောက်တာ ဘာမှမဆိုင်လို့ထင် တာပဲ။ သူ့ဟာက ဘာမှမဟုတ်တဲ့ လက်ဘက်ရည်ဆိုင်ထိုင်တာမျိုး၊ ဖုန်းဆက်ဖို့ ၁၀မိနစ်လောက်နောက်ကျတာမျိုးကအစ ကြောက်နေရတယ်ဆိုတာတော့ မဟုတ်တော့ပါဘူး။ ကျတော်ကတော့ ကိုယ်ရည်ကိုယ်သွေးကိုညံ့ဖျင်းတာလို့ထင်တာပဲ။ အဲလိုလူမျိုးနဲ့ဆိုရင်တော့ ကျတော့်အမတွေ နှမတွေကို သဘောမတူပါဘူး။ အပေါ်ယံအားဖြင့်ကြည့်ရင် ငါ့နှမ၊ ငါ့အမကို ဂရုစိုက်မယ့်သူလို့ထင်စရာပါပဲ။ ဒါပေမယ့် အိမ်ထောင်ပြုတာ ဂရုစိုက်နေတာ တစ်ခုတည်းနဲ့မရပါဘူး။ နောက်ပြီး ဒီလို စိတ်ဓာတ်ပျော့ညံ့တဲ့သူဟာ အိမ်ထောင်ပြုပြီးတာနဲ့ အိမ်ထောင်ရေးပြသာနာတွေ ဖန်တီးဖို့ ရာခိုင်နှုန်းများတယ်လို့ ထင် ပါတယ်။ ကျတော်ကယောက်ျားလေး တစ်ယောက်ဟာအိမ်ထောင်ပြုရင် ကိုယ့်အိမ်ထောင်ကို ဦးဆောင်ဦးရွက်လုပ်ရမည့် သူ လို့ယုံကြည်ပါတယ်။ နောက်ပြီး ဖခင်တစ်ယောက်ဟာ မွေးလာမည့် သားသမီးတွေရဲ့ စံပြဖြစ်နေသင့်တယ်။ သူ့လိုလူမျိုးဟာ ဘယ်လိုလုပ်ပြီး မွေးလာတဲ့သားသမီးတွေအတွက် စံပြဖြစ်နိုင်မှာလဲ။ အိမ်ထောင်တစ်ခုကို ဘယ်လို ဦးဆောင်ဦးရွက် လုပ်မှာလဲ။
    ဒါဖြင့် မိန်းမတွေ၊ ကလေးတွေကို အနိုင်ကျင့်ရိုက်နှက်နေရမယ်လို့ဆိုလိုသလား။ လုံးဝမဟုတ်ပါဘူး။ တကယ် ရဲရင့်ပြတ် သားတဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ဟာ ရိုက်နှက်အနိုင်ကျင့်နေစရာမလိုပါဘူး။ သူဟာခေါင်းဆောင် ပဲဆိုတာ သူ့ရဲ့ အပြောအဆို၊ အမူအရာကို ကအော်ပြောနေသလိုပါပဲ။ “ခေါင်းဆောင်မှု့ဆိုတာ လွှမ်းမိုးချုပ်ကိုင်တာမဟုတ်ဘူး။ တူ ညီတဲ့ပန်းတိုင်ကိုရောက်အောင်အလုပ်လုပ်ဖို့ လူတွေကို ဆွဲဆောင်စည်းရုံးနိုင်တာ” ဆိုတာ စကားကို ကျတော်သဘောကျ သည်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဘယ်တုန်းကမှ ကျမကို ခေါင်းဆောင်တင်ကြပါ လို့လဲ မပြောဘူးပါဘူး။ သေနတ်တွေနဲ့လည်း မခြိမ်းခြောက်ဘူးပါဘူး။ ဒါပေမယ့် တကမ္ဘာလုံးက သူ့ကိုလူထုခေါင်းဆောင်လို့ အသိအမှတ်ပြုထား ပါတယ်။
    ခေါင်းဆောင်တစ်ယောက်ဟာ ရဲရင့်ပြတ်သားရပါမယ်။ သတ္တိရှိရပါမယ်။ အဲလို ရဲရင့်ဖို့ သတ္တိရှိဖို့ဆိုရင် မှန်တာလုပ်သူဖြစ်ရ ပါမယ်။ အမှားတွေလုပ်နေသူဟာ မှန်ကန်တဲ့ သတ္တိရှိသူမဖြစ်နိုင်ပါဘူး။ အမှားတွေလုပ်နေသူဟာ မိုက်ရူးရဲလုပ်တာသာ လျှင်ဖြစ်နိုင်ပါတယ်။ အမှားတွေလုပ်နေသူတစ်ယောက်ရဲ့နောက်ကိုလဲ လူတွေ ရေရှည်မှာမလိုက်ကြပါဘူး။ အာဏာနဲ့ ခြိမ်း ခြောက်ထားလို့ ခဏသာ လိုက်ချင်လိုက်မယ်။ ရေရှည်မှာတော့ အဆုံးသတ် မလှကြပါဘူး။ နောက်တစ်ခုက Risk Analysis လဲလုပ်တတ်ဖို့လိုပါတယ်။ သတ္တိရှိတာပဲဟေ့ ဆိုပြီး မဖြစ်နိုင်တာတွေလျှောက်လုပ်လို့မရပါဘူး။ ဒါသတ္တိရှိတာ မဟုတ်ပဲ မိုက်ရူးရဲ လုပ်တာလို့ပဲပြောရပါမယ်။ ကိုယ်လုပ်တဲ့ အလုပ်ဟာ အကျိုးနဲ့ ဒုက္ခကာမိပါ့မလား ဆိုတာ သေချာ ဝေဖန်ခွဲခြားစိတ်ဖြာတတ်ဖို့လိုပါတယ်။ ဒီလို ချင့်ချိန်တတ်တာလဲ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ အရည်အသွေးထဲမှာပါ ၀င်ပါတယ်။
    ဒီနေရာမှာ ကျတော် လူတွေ အပေါ်မှာ လွှမ်းမိုးနိုင်တဲ့ အရာနှစ်ခုကိုပြောချင်ပါတယ်။ တစ်ခုက Personal Power ပါ။ နောက်တစ်ခုက Positional Power ပါ။ Personal Power ဆိုတာက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် လူတွေကိုယ့်ကို ကြည်ညိုတာပါ။ သူဟာ ဘာရာထူး၊ ဘာနေရာမှ မလိုပါဘူး။ အထင်ရှားဆုံးဥပမာဆိုရင် ကျတော်တို့တမန်တော်မြတ်(ဆွ)၊ သခင်ယေရူ၊ ဗုဒ္ဓ စတဲ့ ဘာသာရေးခေါင်းဆောင်တွေပါ။ သူတို့မရှိတော့တဲ့နောက် နှစ်ပေါင်းထောင်ချီတာတောင် သန်းနဲ့ချီတဲ့လူတွေအပေါ်မှာ သြဇာလွှမ်းမိုးတုန်းပါပဲ။ ဒီခေါင်းဆောင်တွေမှာ ဘာရထူးမှမရှိပါဘူး။ ဘာမှလည်း ခြိမ်းခြောက်တာမျိုးမရှိပါဘူး။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဆွဲဆောင်စည်းရုံးနိုင်မှု့တွေကြောင့်သာ သူတို့သြဇာ သက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်၊ မဟတ္တမဂန္နီ၊ ဗိုလ်ချုပ်အောင်ဆန်း တို့လို နိုင်ငံခေါင်းဆောင် တွေပါ။ သူတို့မှာလည်း ဘာရာထူး ဘာခြိမ်းခြောက်မှု့မှမရှိပါဘူး။ ဒါပေမယ့် လူတွေအများကြီးသူတို့နောက်ကိုလိုက်ကြပါတယ်။
    Personal Power နဲ့လူတွေကို လွှမ်းမိုးနိုင်ဖို့ဆိုရင် ကိုယ်ရည်ကိုယ်သွေးဟာ အဓိကကျပါတယ်။ ကျတော်ပြောတဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ မှန်တာကို ရဲရဲဝံ့ဝံ့ပြောရဲရမယ်၊ လုပ်ရဲရမယ်။ ကတိတွေအများကြီးမပေးသလို ပေးတဲ့ကတိကို လည်း စောင့်ထိမ်းနိုင်ရမယ်။ ကိုယ်ကျင့်တရားကောင်းရမယ်။ ဘာသာရေးခေါင်းဆောင်တွေဟာ မတူညီတဲ့ ၀ါဒတွေရှိပေ မယ့်လို့ တူညီတာတစ်ခုရှိပါတယ်။ အဲဒါက ကိုယ်ကျင့်တရား ဒေါင်ဒေါင်မြည်အောင်ကောင်းတယ်ဆိုတာပါပဲ။
    Positional Powerဆိုတာကရထူးကြောင့်၊ နေရာကြောင့် လူတွေကိုလွှမ်းမိုးတာဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေရဲ့နောက်ကိုလူ တွေရေရှည်မလိုက်ကြပါဘူး။ ဒီလိုလူမျိုးတွေဟာ သူတို့ အာဏာတည်ဖို့အတွက် ရက်စက်ကြမ်းကြုပ်တဲ့နည်းတွေ၊ ခြိမ်း ခြောက်မှု့တွေနဲ့ အပြင်းအထန်နှိပ်ကွပ်ရပါတယ်။ ဒီလိုလူမျိုးတွေဟာ သူတို့ကို တော်လှန်တဲ့သူပေါ်လာလို့ပဲဖြစ်ဖြစ်၊ ဒါမှ မဟုတ်လဲ သေသွားရင်ပဲဖြစ်ဖြစ် လူတွေသူတို့ကို မေ့သွားကြပါတယ်။ စပ်ဆုတ်ရွံ့ရှာမှု့ နဲ့တော့ သတိရချင်ရမှာပေါ့။ သေချာတာကတော့ သူတို့ သြဇာ မတည်နိုင်တော့ပါဘူး။ သူတို့ရဲ့အာဏာဟာ သူတို့အသက်ရှိနေတုန်း ဒါမှမဟုတ်လဲ ရာထူးမှာ တည်မြဲနေတုန်းလောက်သာ သက်ရောက်နိုင်ပါတယ်။
    ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကို Napoleon Hill က သူ့ရဲ့ Think and Grow Rich ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒါတွေက
    (၁) မယိမ်းမယိုင်တဲ့သတ္တိရှိခြင်း
    (၂) ကိုယ့်ကိုကိုယ် ထိမ်းချုပ်နိုင်ခြင်း
    (၃) တရားမျှတမှု့ရှိခြင်း
    (၄) ဆုံးဖြတ်ချက်တိကျသေချာခြင်း
    (၅) အလုပ်တစ်ခုလုပ်တဲ့အခါမှာ တိကျတဲ့ အစီအစဉ်ရှိခြင်း
    (၆) တာဝန်ရှိတာထက်ပိုအလုပ်လုပ်ခြင်း
    (၇) နှစ်လိုဖွယ် စရိုက်ရှိခြင်း
    (၈) ကိုယ်ချင်းစာတတ်မှု့၊ နားလည်တတ်မှု့ရှိခြင်း
    (၉) သက်ဆိုင်ရာအလုပ်ကို အသေးစိတ်ကျွမ်းကျင်ခြင်း
    (၁၀) အပြည့်အ၀ တာဝန်ယူတတ်ခြင်း
    (၁၁) ပူးပေါင်းဆောင်ရွက်တတ်ခြင်း