News @ M-Media
Category: နှလုံးသားအာဟာရ
  • အိမ်ရာမဲ့တေလေ၏ လူမျိုးရေးစော်ကားမှုကို ခံရသည့် မွတ်စ်လင်မ် တစ်ဦး၏ လှပသောတုန့်ပြန်ချက်
    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    ပြန်ဆိုသူ – သြရသ ရေချမ်း
    SONY DSC
    အင်္ဂလန်၊ ဘရက်ဖို့ဒ်မှ အမီနူးရ် ချောင်ဇူရီသည် အိမ်ရာမဲ့တေလေ ဘင်န် ဂယ်လင်၏ လူမျိုးရေးစော်ကားပြောဆိုချက်ကို ခံလိုက်ရသည်။ သို့သော် အမီနူးရ်သည် စော်ကားမှုကို ကျောခိုင်း လိုက်သည်ထက် ထိုသူနှင့် စကားပြောဆိုရန် ဆုံးဖြတ်လိုက်ပြီး အအေးသောက်ရန် ဖိတ်ခေါ်ခဲ့သည်။
    “ အစကတော့ ကျွန်တော် မျက်နှာလွှဲလိုက်တယ်။ ဒါပေမယ့် နောက်တော့ ကျွန်တော်ဟာ ကျွန်တော့်ပေါ် ပြောဆိုချက်နဲ့ပတ်သက်ပြီး ဘင်န်ကို စိန်ခေါ်လိုခဲ့တယ်။ ကျွန်တော့်ခြေလှမ်းတွေ ရပ်လိုက်တယ်။ ပြီးတော့ သူနဲ့ ၁၅ မိနစ်လောက် စကားပြောလိုက်ပါတယ် ” ဟု အမီနူးရ်က ပြောပြသည်။
    စကားပြောဆိုပြီးနောက် အမီနူးရ်က ဘင်န်အား အလုပ် တစ်ခုရဖို့ ကူညီနိုင်ကြောင်း ပြောဆိုကာ ဆက်သွယ်ရမည့် အချက်အလက်ချင်း ဖလှယ်ခဲ့သည်။ ကနဦးပိုင်း၌ အလုပ်ပေးမည် ဟူသောအကြောင်းဖြင့် သူ့အား ပျူငှာပြခြင်းဟု ဘင်န်က ထင်မြင်ခဲ့သော်လည်း နောက်တစ်နေ့တွင် အမီနူးရ်ထံမှ ဖုန်းခေါ်ဆက်သွယ်လာသည်။ သူ့မိတ်ဆွေ၏ လုပ်ငန်းတွင် အလုပ်အကိုင်အတွက် အင်တာဗျူး လာရောက်ရန်ဖြစ်ကြောင်း ဘင်န်က ပြောပြသည်။
    “ နောက်တစ်နေ့မှာ သူက ကျွန်တော့်ကို ဖုန်းခေါ်ပါတယ်။ မင်းအတွက် အလုပ် အင်တာဗျူးတစ်ခုရလာပြီ။ မင်းကို ငါလာခေါ်ရမလား ဘင်န် ? ဆိုပြီး ပြောပါတယ်။ အဲ့ဒီနေ့မှာဘဲ သူ ကျွန်တော့်ဆီ တကူးတကလာခေါ်ပြီး ကားနဲ့ Canal လမ်းမကို တင်ဆောင်သွားပါတယ်။ အဲ့ဒီနောက် ဆယ်မိနစ်အတွင်းမှာ ကျွန်တော် အလုပ်ရသွားတယ်လေ ”။
    အမီနူးရ်သည် ထိုမျှနှင့် ရပ်တန့်မနေ၊ ဘရက်ဖို့ဒ်တွင် အခန်းတစ်ခန်း ငှားနေနိုင်ရန်ကိုလည်း ကူညီရှာဖွေပေးခဲ့သည်။
    ယခုသော် ဘင်န်သည် သူ့အပြုအမူအတွက် နောင်တကြီးစွာရလျက် ဤသို့ ဆိုပါသည်။
    “ ကျွန်တော့်အနေနဲ့ အဲ့လို (ရုန့်ရင်းကြမ်းတမ်းစွာ) သုံးနှုန်းပြောဆိုခဲ့မှုက လုံးဝ မသင့်တော်မအပ်စပ်ပါဘူး။ ကျွန်တော့်ကို ခွင့်လွှတ်ဖို့အတွက် သူ့ကို လေးစားစွာ တောင်းပန်ခဲ့ပါတယ်။ အဲ့ဒီလုပ်ရပ်မျိုးကို ကျွန်တော် နောင်တရနေပါတယ်။ ဒီအနေအထားအပေါ် လုံးဝထင်မထားတဲ့ ကောင်းမြတ်မှု ထွက်ပေါ်လာခဲ့ပါပြီ။ ကျွန်တော့်ဘ၀အတွက် သင်ခန်းစာပါ။ ကျွန်တော့် ပြောဆိုချက်တွေက ကျွန်တော့်စရိုက်သက်သက်ပါ၊ ကျွန်တော် လူမျိုးကြီးဝါဒီ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် အရာအားလုံး အကောင်းဖက် စတင်ပြောင်းလဲပါပြီ။ အလုပ်လည်း စ၀င်နေပါပြီ။ တကယ်ကို ပီတိဖြစ်ရပါတယ် ”။
    ယင်းသို့ပြုမူဖြစ်အောင် မည်သည်က လှုံ့ဆော်ခဲ့ကြောင်း အမီနူးရ်မှ ရှင်းပြသည်မှာ –
    “ လူမျိုးရေးစော်ကားမှုအတွက် ကျွန်တော့်ကို ပစ်မှတ်ထားခဲ့တာပါ။ ဒါပေမယ့် လူမျိုးကြီးဝါဒကို အောင်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းက ပြေလည်အောင် ဆက်ဆံခြင်းဘဲ ဖြစ်ပါတယ်။ ကမ္ဘာကြီး တစ်ခုလုံးကို မှန်ကန်အောင် ကျွန်တော် မတည့်မတ်ပေးနိုင်ပါဘူး၊ သို့သော် လူတွေကို ပညာပေးဖို့ ကျွန်တော် ကြိုးပမ်းနိုင်ကြောင်း နားလည်ထားတယ်လေ။ လူမျိုးကြီးဝါဒအပေါ် ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာ ဘရက်ဖို့ဒ်တစ်ခွင်က အာရှသားတွေကို အကောင်းဆုံး သင်ကြားပေးနိုင်တဲ့ နည်းလမ်းပါပဲ။ အသင်က မေတ္တာထားလေ အသင့်အပေါ် ကြည်ဖြူလာလေ ဖြစ်ပါတယ် ” ဟူ၏။
    ၂၀၀၁ ခုနှစ်က ဘရက်ဖို့ဒ်တွင် အင်အားကောင်းလာသော အာရှနွယ်များနှင့် မြို့ခံလူဖြူလူများစုတို့အကြား အဆိုးဆုံး လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ ၎င်း၌ ရဲအရာရှိ ၃၀၀ ထိခိုက်ဒဏ်ရာရခဲ့ပြီး ပါဝင်ပတ်သက်သူ ၂၉၇ ဦး ဖမ်းဆီးထိန်းသိမ်းခံရသည်။ ယခုသော် လူ့အဖွဲ့အစည်းနှစ်ဖက်စလုံးမှာ လူမျိုးစုံ၊ ဘာသာစုံ ဆက်ဆံရေးအား တိုးမြှင့်စေမည့် အပြု သဘောဆောင်ဖြစ်စဉ်များအား မျှော်လင့်လျက်ရှိနေပါသည်။
    ဤဖြစ်ရပ်မှာ ကျွန်ုပ်တို့ အားလုံးအတွက် အကောင်းဆုံး သင်ခန်းစာတစ်ရပ်ဖြစ်သည်။ ထို့ပြင် လူတို့၏စိတ်ကို အောင်မြင်စေနိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ စာရိတ္တကောင်းဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်။ တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား) သည် သူ၏ စာရိတ္တမွန်ဖြင့် လူတို့အပေါ် အနိုင်ရလေ့ရှိပြီး၊ ထူးမြတ်လှသည့် ထိုစာရိတ္တကောင်းအားဖြင့် များစွာသောသူမှ အစ္စလာမ်ကို သက်ဝင်လက်ခံခဲ့ကြခြင်း ဖြစ်ပေသည်။
    မူရင်း – Homeless Man Racially Abuses a Muslim Man, He Responds by Finding Him a Job and a Home : Via Telegraph & Angus & Asian Express
    ပြန်ဆိုသူ – သြရသ ရေချမ်း
  • အမ်-မီဒီယာရုပ်ရှင်အညွှန်း (၁) – ရှင်ဒလာလစ်
    အမ်မီဒီယာ ပရိသတ်အတွက် အပျင်းလည်းပြေ ဗဟုသုတလည်းတိုးစေမယ့် ရုပ်ရှင်ဇတ်ကားလေးတွေကို “အမ်-မီဒီယာရုပ်ရှင်အညွှန်း” ကဏ္ဍကနေ အပတ်စဉ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
    ပထမဦးဆုံးအနေနဲ့ အမ်မီဒီယာပရိသတ်ကြီးအတွက် ဒုတိယကမ္ဘာစစ်နောက်ခံ ရုပ်ရှင်ဇတ်ကားတစ်ခုကို မိတ်ဆက်ပေးပါရစေ။
    schindler
    ဂျာမန်နာဇီကြီး အော်စကာရှင်ဒလာရဲ့အုတ်ဂူကတော့ ဂျေရုစလင်က မောင့်ဇီယွန်ခေါ် ဇီယွန်တောင်ကုန်းပေါ်မှာ ရှိပါတယ်ဆိုရင် ပရိသတ်ကြီး အံ့သြသွားမှာ လား၊ ဘာကြောင့်လဲဆိုတာ “ရှင်ဒလာလစ်” ဇတ်လမ်းမှာ ရှုစားကြရမှာပါ။
    http://www.youtube.com/watch?v=gXHegx-Qljk
    ဒီဇတ်ကားကတော့ သမိုင်းနောက်ခံ ဒရာမာ ဇတ်ကားကောင်း တစ်ခုဖြစ်ပါတယ်။ ဟော်လိဝုဒ်နာမည်ကြီး ဒါရိုက်တာ စတီဗင်စပီးလ်ဘားဂ်ရိုက်ကူးထားပြီး စတီဗင် ဇိုင်လီယန်က ဇတ်ညွှန်းရေးထားတာပါ။
    သြစတြေးလျဝတ္ထုရေးဆရာကြီး သော်မတ်စ် ကန်နီးယာလီရဲ့ Shindler’s Ark ခေါ် ရှင်ဒလာရဲ့ သင်္ဘောကြီးလို့ အမည်ရတဲ့ ၀တ္ထုကို စပီးလ်ဘားဂ်က Schindler’s List လို့ နာမည်ပေးပြီး ရုပ်ရှင်ရိုက်ခဲ့တာပါ။ ဘတ်ဂျက် ဒေါ်လာ ၂၂ မီလီယံသုံးခဲ့တဲ့ ဒီဇတ်ကားကတော့ ၁၉၅ မိနစ်ကြာမြင့်ပါတယ်။ ၁၉၉၃ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ အဲဒီနာမည်ကြီးရုပ်ရှင်ဇတ်လမ်းက တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတာဖြစ်သလို အကယ်ဒမီဆုတံဆိပ်မြောက်မြားစွာ ချီးမြှင့်ခံခဲ့ရတဲ့ ခံစားချက်အသားပေး ရုပ်ရှင်ဖြစ်ပါတယ်။
    ဇတ်လမ်းက ဂျာမန်စီးပွားရေးသမား အော်စကာရှင်ဒလာရဲ့ ဘ၀ထုပ္ပတ်ကို အခြေခံထားတာပါ။ သူက နာဇီပါတီဝင်တစ်ဦးပါ။ ဒါပေမယ့် နာဇီတွေထဲကမှ စိတ်သဘောဖြောင့်မတ်သူဖြစ်တာကြောင့် ဂျူးလူမျိုးပေါင်း ထောင်နဲ့ချီပြီး ကယ်တင်ခဲ့သူပါ။ သူကယ်တင်ခဲ့တဲ့ ဂျူးတွေက ပိုလန်ဂျူးတွေဖြစ်ပြီး သူက ဂျူးတွေကို သူပိုင်ဆိုင်တဲ့ စက်ရုံအလုပ်ရုံတွေမှာ နေရာပေးခိုင်းစေတဲ့ နည်းလမ်းကိုသုံးပြီး ဂျူးတွေကို အစုလိုက်အပြုံလိုက် ငရဲခန်းပို့သတ်ဖြတ်နေတဲ့ နာဇီတပ်သားတွေလက်ကနေ ကယ်ထုတ်ခဲ့တာပါ။
    ၁၉၃၉ မှာ ဒုတိယကမ္ဘာစစ်လည်းစရော နာဇီတွေက ကရာကောင်းဂတ်တို လို့ခေါ်တဲ့ အကျဉ်းစခန်းတွေဆီ ပိုလန်ဂျူးတွေကို ပို့ပစ်ခဲ့ပါတယ်။ ဂျာမန်လူမျိုးစစ် စစ်ကြီးဖြစ်တဲ့ အော်စကာရှင်ဒလာကတော့ အဲဒီမြို့ကို ရောက်ခဲ့ပါတယ်။ သူက နာဇီပါတီဝင်ဖြစ်တာနဲ့အညီ နာဇီထိပ်ပိုင်းခေါင်းဆောင်တွေကို ချဉ်းကပ်နိုင် ခဲ့ပါတယ်။ ဂျာမန်လက်နက်ကိုင်တပ် (မြန်မာ့ထ် – Wehrmacht) နဲ့ နာဇီစစ်ပုလိပ် SS အရာရှိတွေကို လဘ်ထိုးပြီး ပန်းကန်ခွက်ယောက် စက်ရုံကြီး တည်ဆောက်ဖို့ လုံးပန်းခဲ့ပါတယ်။ သူရဲ့စီးပွားရေးလုပ်ငန်းတွေမှာ ကူညီဖို့အတွက် ရှင်ဒလာက ပါးနပ်စွာကြံစည်ပြီး ဂျူးလူမျိုးတစ်ဦးဖြစ်တဲ့ စတားန်ဆိုသူကို ခန့်အပ်ခဲ့ပါတယ်။ အဲဒီ ဂျူးရဲ့ အဆက်အသွယ်နဲ့ပဲ သူက တခြားဂျူးတွေမြောက်မြားစွာကို သူ့ရဲ့စက်ရုံမှာ အလုပ်ပေးခဲ့ပါတယ်။
    ဂျာမန်တွေ စစ်ရှုံးခါနီးကျတော့ နာဇီပုလိပ်တပ်ရဲ့ ဒုတိယဗိုလ်မှူး အာမွတ်ဂို့သ်က ဂျူးတွေကို နေရာပြောင်းဖို့ အမိန့်ထုတ်ပါတယ်။ ရှင်ဒလာက အာမွတ်ဂို့သ် ကို လာဘ်ငွေအမြောက်အမြားပေးပြီး ဂျူးတွေကို တနေရာခေါ်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလိုကြိုးစားရာမှာ ခေါ်ထုတ်သွားမယ့် ဂျူးတွေရဲ့စာရင်းပြုစုခဲ့တဲ့ အခါ အဲဒီစာရင်းကို ရှင်ဒလာနဲ့ ဂျူးလူယုံ စတားန်တို့က တယောက်ချင်းဆီနာမည်တွေကို ဖြည်းဖြည်းချင်းစဉ်းစားပြီး ရေးမှတ်ခဲ့ ပါတယ်။ အဲဒီစာရင်းက ကမ္ဘာကျော် ရှင်ဒလာလစ် ခေါ် “Schindler’s List” ဖြစ်ခဲ့တာပါ။
    ဂျာမန်တွေ စစ်ရှုံးပြီး ရုရှတွေဝင်လာတော့ နာဇီခေါင်းဆောင်က ပုလိပ်တပ်တွေလွှတ်ပြီး ရှင်ဒလာရဲ့ ဂျူးတွေကို သတ်ခိုင်းခဲ့ပေမယ့် ရှင်ဒလာက သူတို့ကို ဖျောင်းဖျပြီး ဂျူးတွေအသတ်ခံရမှအဖြစ်ကနေ ထပ်မံကယ်တင်ခဲ့ပါတယ်။ နာဇီပါတီဝင်ရှင်ဒလာက ရုရှတွေလက်ထဲမှာ အဖမ်းခံမှာဖြစ်တာကြောင့် ထွက်ပြေးဖို့ စီစဉ်ခဲ့ရပါတယ်။ မထွက်ပြေးမီမှာ သူကယ်တင်ခဲ့တဲ့ ဂျူးတွေနဲ့အတူ နုတ်ဆက်ပါတီပွဲကို ဆင်နွှဲပြီး မျက်ရည်ကျကာ ရှင်ဒလာက ဂျူးတွေ ကို တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် ရှင်ဒလာကယ်တင်ခဲ့လို့ အသက်ချမ်းသာရာရခဲ့တဲ့ ဂျူးတွေက ရှင်ဒလာအဖမ်းခံရမယ့်ဘေးကနေ အကာအကွယ်ပေးတဲ့ သဘောနဲ့ စာတစ်စောင်ရေးပြီး ၀ိုင်းဝန်းလက်မှတ်ထိုးကြကာ ရှင်ဒလာ လက်ထဲ ပေးအပ်ခဲ့ပါတယ်။ ဒါ့ပြင် ဂျူးတွေက ရှင်ဒလာကို လက်စွပ်တကွင်း လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီလက်စွပ်ပေါ်မှာတော့ ဂျူးကျမ်းစာပါ စာသားဖြစ်တဲ့ “He who saves one life save the world entire.” “အကယ်၍ တစ်စုံတစ်ယောက်က လူတစ်ဦးကိုကယ်တင်ခဲ့ရင် သူက တစ်ကမ္ဘာလုံးကို ကယ်တင်ရာရောက်ပါတယ်။” ဆိုတာကို ထွင်းထုထားပါတယ်။
    “ရှင်ဒလာလစ်” ကတော့ ၀မ်းနည်းဖွယ်၊ ကြည်နူးဖွယ်၊ ကိုယ်ချင်းစာနာစိတ်တွေကို တဖွားဖွားဖြစ်ပေါ်စေရုံမက နာဇီတွေထဲမှာ လူယုတ်မာတွေ ချည့်မဟုတ်ဘဲ အော်စကာရှင်ဒလာလို စိတ်ဓာတ်နူးညံ့သိမ်မွေ့သူ ကိုယ်ကျိုးစွန့်အနစ်နာခံသူတွေရှိနေသေးပါလားဆိုတာတွေကို ခံစားသိရှိစေရမယ့် ကမ္ဘာကျော်ဇတ်လမ်း တစ်ပုဒ်ပါပဲ။
    အမ်-မီဒီယာ ပရိသတ်ကြီး အားလပ်ရက်မှာ မပျက်မကွက်ကြည့်ရှုခံစားဖို့ ထိုက်တန်တဲ့ ဇတ်ကားကောင်းအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
  • ရိုးသားဖြောင့်မတ်ခြင်းက သူဆင်းရဲတစ်ဦးအား ကြွယ်ဝစေပြီ
    စက်တင်ဘာ၊ ၂၃
    M-Media
    bezdomniy_gleyn_james
    ဘော့စ်တွန်မြို့ရှိ အိုးအိမ်မဲ့သူ ဂလဲန်းဂျိမ်းစ်(Glen James) အတွက် Gofundme.com တည်ထောင်သူ တစ်ဦးမှ ငွေကောက်ခံ လျက်ရှိရာ လွန်ခဲ့သည့် ၂ ရက်တွင် ဒေါ်လာ ကိုးသောင်းခွဲအထိ ရရှိသွားပြီဖြစ်သည်။
    ဒေါ်လာလေးသောင်းတန်ဖိုးရှိ ငွေသားအပါအ၀င် ခရီးသွားချက်လက်မှတ်များကို ထည့်ထားသော ကျောပိုးအိတ် တစ်လုံးကို တွေ့ရှိပြီး ပြန်လည်အပ်နှံခဲ့သည့်အမျိုးသားအတွက် ရံပုံငွေထူထောင်ကောက်ခံခဲ့ရာ လွန်ခဲ့သော ၂ ရက်ခန့်တွင် ဒေါ်လာ ၉၁၀၀၀ အထိ ထည့်ဝင်လှူဒါန်းလာကြ၏။ ရံပုံငွေကိုစတင်မတည် ကောက်ခံနေသော ဗာဂျီးနီးယားအမျိုးသားက ဤသည်မှာ အမေရိကန်ပြည်သူတိုင်းအဖို့ ပြောစမှတ်ဖြစ်ရသည်ဟု ဆို၏။
    ဂျိမ်းစ်သည် စနေနေ့က ငွေသား ဒေါ်လာ ၂၄၀၀ နှင့် ဒေါ်လာလေးသောင်းနီးပါးရှိ ခရီးသွားချက် လက်မှတ်များ ထည့်ထားသည့် အိတ်ကို တွေ့ရှိပြီးနောက် ရဲအရာရှိတစ်ဦးထံ သွားရောက်အပ်နှံခဲ့သည်။ ပစ္စည်းရှင်သည် အနီးရှိကုန်တိုက် လုပ်သားများကိုပြောပြသဖြင့် ၄င်းတို့မှ ရဲအရာရှိကို အကြောင်းကြားခဲ့သည်။ ယင်းကျောပိုးအိတ်ကို ရဲအရာရှိမှ ၄င်းအား ပြန်လည်ပေးအပ်ခဲ့သည်။
    တနင်္လာနေ့တွင် ဘော့စ်တွန်ရဲဌာနမှ ဂျိမ်းစ်အား ချီးမွှမ်း ဂုဏ်ပြုပွဲတစ်ခု ပြုလုပ်ပေးခဲ့သည်။ မီဒီယာများမှတဆင့် ဂျိမ်းစ်၏ ရိုးသားဖြောင့်မတ်မှုကို ဖတ်ရှုရပြီးနောက် အသက် ၂၇ နှစ်အရွယ် ဈေးကွက်ရှာဖွေရေးမန်နေဂျာ အီသန် ၀စ်တင်တန်က ၄င်းအတွက် ရံပုံငွေတစ်ရပ် ထူထောင်ရန်ဆုံးဖြတ်ခဲ့ကာ gofundme.com ၀က်ဘ်ဆိုဒ်ပေါ်မှ စတင်ကောက်ခံခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့အစောပိုင်း၌ လှူဒါန်းငွေပေါင်း ဒေါ်လာ ၉၁၈၅၅ အထိ ရောက်ရှိသွားကြောင်းသိရသည်။ မိမိနှင့်ရော ဂျိမ်းစ်နှင့်ပါ သူစိမ်းပြင်ပြင်ဖြစ်ကြသူတို့၏ သဒ္ဓါတရားအပေါ် အထူးအံ့သြ အားရ၀မ်းသာဖြစ်နေရသည်ဟု ၀စ်တင်တန်က ဆိုသည်။
    “ သူဟာ အိုးအိမ်မဲ့တစ်ဦးရဲ့အခြေအနေဖြစ်နေပါလျက် အဲ့ဒီကျောပိုးအိတ်ကို ပြန်ပေးခဲ့ပါလား ဆိုတဲ့အချက်က ကျွန်တော့်စိတ်ကို စေ့ဆော်ရိုက်ခတ်သွားခဲ့တာပါဘဲ။ ကျွန်တော့်ရင်ထဲမှာ မကြုံစဖူး တောမီးလောင်သလို ခံစားလိုက်ရပြီး မျှော်လင့်ချက်ကြီးတစ်ခု ဖြစ်လာစေခဲ့တယ်လေ။ ဒီကိစ္စဟာ အမေရိကန်ကလူတိုင်း ပြောစမှတ်ပြုစရာလို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ အတူတစ်ကွစုပေါင်းဆောင်ရွက်ယင် ဒီမျှော်လင့်ချက်ပြည့်ဝလာပါလိမ့်မယ် ” ဟု ၀စ်တင်တန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
    ဂျိမ်းစ်အတွက် ရံပုံငွေထူထောင်ရေးကြိုးပမ်းချက်မှာ အမှန်အလုပ်ဖြစ်ပါမည်လောဟု သံသယမေးခွန်းအချို့ကိုလည်း ကြုံဆုံခဲ့ရကြောင်း ဆက်လက်ပြောပြခဲ့သည်။
    “ လုပ်ငန်းကြီးတစ်ခုကိုဆောင်ရွက်တော့မယ်ဆိုယင် မဖြစ်နိုင်ဘူးလို့ပြောသူတွေတွေ့ရပြီး လက်လျှော့လုနီးပါး ဖြစ်တတ်ကြပါတယ်။ အဲ့ဒီမှာ နည်းလမ်းတစ်ခုခုနဲ့ ၁၀၀ % ဖြစ်မြောက်ရမယ်လို့ဆန္ဒပြုပြီး လူတွေကို ကျွန်တော် အာမခံခဲ့တယ်။ တကယ်လို့ ကျွန်တော်သာ ကလိမ်ကကျစ်လုပ်ခဲ့ယင် ခုချိန်မှာ ကျွန်တော် သိက္ခာကျပြီးသား ဖြစ်နေပါပြီ”။
    Source : AP
  • Self-Reliance (M-Media Blog ကဏ္ဍ)
    မတ်လ- ၇ ၊ ၂၀၁၃
    M-Media
    လူမင်းဟန်
    self_reliance
    လောကမှာ သူတပါးအလုပ်ကို လုပ်နေရသူဟာ အနည်းနဲ့အများတော့ ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ဆုံးရူံးရတာ သဘာဝပါပဲ။ တနည်းအားဖြင့်ဆိုရင် ကိုယ့်ရဲ့ကိုယ်ပိုင် အချိန်တွေ အလုပ်ရှင်ကိုပေးလိုက်ရတာပါပဲ။ သူများစိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်နေတာလို့ပြောရင် လွန်မယ်မထင်ပါဘူး။ ကျတော်တို့ဘာလို့ အဲဒီအခြေအနေကို ရောက်ရတာလဲ။ သူများဆီမှာ လခစားလေး လုပ်နေရင်  ဟုတ်တုတ်တုတ်၊ ကိုယ့်ဟာကိုလုပ်မိကာမှ    ရှုံးနေမှာလား၊ ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးနေရင် ဒုက္ခ၊ ဘယ်ကနေ ဘယ်လိုစလုပ်ရမှာလဲ၊ဖြစ်မှဖြစ်ပါ့မလား….စသည်စသည်ဖြင့် အကြောင်းပေါင်းများစွာရှိမှာပါ။ နောက်ဆုံး အရင်းစစ်လိုက်ရင်တော့ ကိုယ်တိုင်လုပ်မိရင် နစ်နာသွားမလား ဆိုတဲ့ ကြောက်စိတ်ကြောင့် ပဲလို့ပြောရမည်ထင်သည်။
    ဒါပေမယ့် ကျတော်တို့ မျက်တောင် တစ်ဆုံးတင်ကြည့်လို့မဖြစ်ပါဘူး။ မျက်စိတစ်ဆုံးကြည့်ရမှာပါ။ နောင်အနာဂတ်မှာ သူများကို ချည်း မှီခိုနေလို့ဖြစ်မလား။ ကျတော်တို့ဘ၀မှာရော တသက်လုံးသူများ အလုပ်ကိုချည်း လုပ်သွားရရင် တန်ပါ့မလား။ ဒီတော့ ကျတော်တို့ဘ၀မှာ ကိုယ့်အတွက်ကို အလုပ်လုပ်တာမျိုးဖြစ်သင့်ပါတယ်။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု့ကို ကိုယ့်ဟာ ကိုယ်ရှာဖွေရမယ်။ ဒီနေရာမှာကျတော် ပြောချင်တာက တကိုယ်ကောင်းဆန်ဖို့ ကိုယ့်ဖို့တစ်ခုတည်းကြည့်ဖို့ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်၊ ကိုယ့်လွတ်လပ်ခွင့် တွေကို တတ်နိုင်သလောက် ကိုယ်ပိုင်ဆိုင်နိုင်ဖို့ပြောတာပါ။ နောက်တစ်ခုက ငါလုပ်တဲ့အလုပ်ရဲ့ကောင်းကျိုးဆိုးကျိုး ဟာ ငါ့အတွက်ပဲ ဆိုတာ သဘောပေါက် လာရင် လူဟာ ပိုပြီး motivateဖြစ်ပါတယ်။ ပိုပြီးလည်း တီထွင် ဖန်တီးနိုင်စွမ်းရှိလာပါတယ်၊ ကြံရည်ဖန်ရည် ကောင်းလာတယ်ပေါ့ဗျာ။ ကျတော်တို့ဘ၀ရဲ့ ရည်မှန်းချက်ဟာ ကိုယ့်ကိုကိုယ် အားကိုးနိုင်ဖို့၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဖြစ်ဖို့ ရည်ရွယ်ထားသင့်ပါတယ်။
    ဒီလောက ထဲကို စ၀င်လာကတည်းက ကျတော်တို့မှာ ကိုယ်ပိုင်ခန္ဒာ၊ ကိုယ်ပိုင်အချိန်၊ ဘယ်သူနဲ့မှ မတူတဲ့ကိုယ်ပိုင် အတွေးအခေါ် ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေနဲ့ လာကြတာပါ။ ဒါပေမယ့် ကျတော်တို့ အရွယ်ရောက်လာတာနဲ့အမျှ ကျတော် တို့ရဲ့ မွေးရာပါ ပိုင်ဆိုင်မှု့တွေကို သူများကိုပေးလိုက်ကြပါတယ်။ ကျတော်တို့ရဲ့ အချိန်တွေကို သူများအတွက် အလုပ်တွေလုပ်ရင်းနဲ့ ကုန်ဆုံးပစ်ကြပါတယ်။ သူများတွေရဲ့ပြဿနာတွေ အရှုပ်အထွေးတွေကြားထဲမှာ ကျတော်တို့ရဲ့ အချိန်တွေ စွမ်းရည်တွေ ကုန်ဆုံးကုန်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အကြံဥာဏ် အတွေးအခေါ်နဲ့ မရှင်သန်နိုင်တော့ပဲ သူများရဲ့အကြံဥာဏ်တွေနဲ့ချည်းပဲ အလုပ်လုပ်နေရပါတယ်။
    Self_reliance_ubuntu_carre_300ဒီတော့ အချိန်မနှောင်းခင် ကျတော်တို့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု့တွေကိုပြန်ရအောင်လုပ်ဖို့လိုပါတယ်။ ဒီနေရာမှာ ကျတော်ဆိုလိုတဲ့ ပိုင်ဆိုင်မှု့ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု့တွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ရုပ်ဝတ္တုတွေတော့ အများကြီး ပိုင်ဆိုင်ပါရဲ့ ဒါပေမယ့် အရာခပ်သိမ်း သူများကိုပဲ အားကိုးနေရမယ် ဆိုရင်လည်း ဒါမှန်ကန်တဲ့ နည်းလမ်း မဟုတ်သေးပါဘူး။ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှု့ဆိုတာ အချိန်မရွေး ပျောက်ပျက်သွားနိုင်တာမျိုးလေ။ ကျတော်ဆိုလိုတဲ့ ပိုင်ဆိုင်မှု့ ဆိုတာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ဆိုလိုပါတယ်။ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို တန်ဖိုးထားရမယ်။ ကိုယ့်ကိုကိုယ် ယုံယုံကြည်ကြည်နဲ့ ဆုံးဖြတ်နိုင်ရမယ်။ အချိန်ကို ကိုယ့်တိုးတက်မှု့ အတွက် ကိုယ့်ရဲ့ ပညာရည်မြင့်မားဖို့ အတွက် အသုံး ချနိုင်ရမယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု့ကသာလျှင် ကျတော်တို့ဘ၀ကို တိုးတက်မြင့်မားစေမှာပါ။
    တကယ်လို့အခြေအနေအရ သူများကို အားကိုးရမယ်ဆိုရင်လည်း ဒီအခြေအနေကနေ အမြန်ဆုံးလွတ်မြောက်ဖို့ အတွက် စိတ်ရောကိုယ်ပါ ကြိုးစားပါ၊ ပြင်ဆင်ပါ။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့စိတ်ကို ကိုယ်မပိုင်ဆိုင်နိုင်ဘူးဆိုရင် တခြားသူတွေက ကိုယ့်ကို ပိုင်သွားပါလိမ့်မယ်။ ကျတော်တို့ဟာအရှိန်အဟုန်နဲ့ပြောင်းလဲ နေတဲ့ခေတ်ကြီးမှာလူလာဖြစ်ကြတာပါ။ လူတိုင်းလူတိုင်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးမယ်ဆိုတဲ့ စိတ်ဓာတ်တွေရှိဖို့လိုပါတယ်။ အတိတ်ကလက်ခံ ခဲ့တဲ့ သဘောတရားတွေကို အခုလက်ခံချင်မှ လက်ခံတော့မယ်။
    ကျတော်တို့သတိမထားမိတဲ့ အမှန်တရားတစ်ခုရှိပါတယ်။ လောကမှာရှိတဲ့ လူသားတွေကို အလွှမ်းမိုးဆုံးအရာဟာ Self-interest လို့ခေါ်တဲ့ ကိုယ့်အကျိုး ကိုယ်ကြည့်မှု့ပါပဲ။ လူတိုင်းဟာ အရင်ဆုံး ကိုယ့်အတွက်ကို စဉ်းစားကြတာပါပဲ။ ဘယ်အလုပ်ရှင်မှ ကိုယ့်ကို ချစ်လွန်းလို့ ခေါ်ထားတာ မဟုတ်ပါဘူး။ ကိုယ့်ကို တန်အောင်ခိုင်းလို့ရလို့ ခေါ်ထားတာပါ။ ကိုယ်မလုပ်နိုင်တော့တဲ့ တစ်နေ့၊ ဒါမှမဟုတ်လည်း ကိုယ့်ထက်ပို လုပ်နိုင်တဲ့သူကို တွေ့တဲ့တစ်နေ့ ကိုယ့်ကို ဘေးထုတ်ပစ်မှာပါပဲ။ ဒါကျတော် အလုပ်ရှင်တွေကို အပြစ်ပြောတာ မဟုတ်ဘူးနော်။ ဒါသဘာဝပဲ။ ဒီတော့ကျတော်တို့ ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ အကူအညီတွေ အထောက်အပံ့တွေကိုချည်း မျှော်လင့်နေလို့မဖြစ်ပါဘူး။ ဒါကို အထီးကျန်ဆန်မှု့လို့ မမြင်ပဲ ကိုယ့်ရဲ့လွတ်လပ်မှု့လို့မြင်ပါ။ ကိုယ်လိုချင်တဲ့အရာတွေကို ကိုယ်ကိုယ်တိုင်လုပ်နိုင်တယ်လို့ ယုံကြည်မှု့ရှိတဲ့သူဟာ ပိုပြီးလွတ်လပ်မှု့ ရှိပါတယ်။ ဟိုလူ့အကူအညီ ဒီလူ့အထောက်အပံ့ တွေကိုသိပ်မျှော်လင့်နေ စရာမလိုပါဘူး။ ငါ့ရဲ့အခက်အခဲကို ငါကိုယ်တိုင် ဖြေရှင်းနိုင်တယ်ဆိုတဲ့ ယုံကြည်မှု့မျိုးထားဖို့လိုပါတယ်။
    သူများကို အားကိုးချင်တဲ့ စိတ်ဆိုတာ အင်မတန်လွယ်ပါတယ်။ ကျတော်တို့ပတ်ဝန်းကျင်မှာ တိုင်ပင်စရာလူတွေ အများကြီးရှိတယ်၊ စိတ်ပိုင်းဆိုင်ရာဖျော်ဖြေဖို့ အတွက် ဆေးဝါးတွေလည်း ရှိတယ်။ ထမင်းမငတ် ဖို့ပဲရတဲ့ အလုပ်တွေရှိတယ်။ ဒါတွေကို ကျတော်တို့ လွယ်လွယ်ကူကူ လက်ခံလိုက်ရင်၊ ဒါတွေထဲမှာ ကျတော်တို့ ဘ၀ကိုမျှောလိုက်ရင် ကျတော်တို့ဟာ ထောင်ထဲရောက်သွားတဲ့ သူတွေလိုဖြစ်သွားပ်ါလိမ့်မယ်။ ကျတော်တို့ဟာ ကိုယ့်ကိုယ် ကိုက လွဲရင် ပြင်ပက အကူအညီတွေကိုချည်း အားကိုးနေတဲ့ သူတွေဖြစ်လာပါလိမ့်မယ်။ တကယ်တမ်းဘ၀မှာ ကိုယ်တိုင်နင်လားငါလား ဆုံးဖြတ်ရတော့မယ်အချိန်၊ ရင်ဆိုင်ရမယ့် အချိန်ရောက်လာရင် ကျတော်တို့ကိုယ်ကျတော်တို့ အားကိုးစရာ ဘာမှ မကျန်တော့ပဲ ဖြစ်သွား ပါလိမ့်မယ်။
    ဒီတော့ကျတော်တို့ ဘ၀မှာ ကိုယ်တိုင်ပိုင်ဆိုင်မှု့ အတွက် ကြိုးစားရပါလိမ့်မယ်။ ပထမဆုံးကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုင်ဆိုင်ဖို့ကြိုးစားရမယ်။ နောက်တဆင့် ရုပ်ပိုင်းဆိုင်ရာတွေကိုပါ ပိုင်ဆိုင်နိုင်အောင်ကြိုးစားရမယ်။ ကိုယ့်အလုပ်ကို ကိုယ်ပိုင်ဖို့၊ ကိုယ်လုပ်တဲ့အရာဟာ ကိုယ့်အတွက် အကျိုးရှိစေဖို့အတွက် ကြိုးစားရပါမယ်။
    self-reliance
    ပထမအဆင့် –  အချိန်သတ်မှတ်ပါ
    ကော်နီးလီးယက်စ်ဗန်ဒါဗစ် (Cornelius Vanderbilt) ဟာ အသက် ၁၂ မှာ သူ့အဖေရဲ့ သဘောင်္လုပ်ငန်းသေးသေးလေးမှာ ၀င်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ အဲဒီအလုပ်ကို မကြိုက်ပါဘူး။ကော်နီးလီးယက်စ် ဟာရည်ရွယ်ချက်ကြီးမားတဲ့ လူငယ်ဖြစ်ပါတယ်။ နှစ်နှစ်အတွင်းမှာ သူ့ကိုယ်ပိုင် သဘောင်္လုပ်ငန်းကြီးကို ပိုင်ဆိုင်နိုင်ရမယ်ဆိုပြီး ဆုံးဖြတ်ထားပါတယ်။ ဒီလို အချိန်သတ်မှတ်ပြီး ရည်ရွယ်ချက်ထားလိုက်တာဟာ သူ့ဘ၀ကို အကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ သင်ယူလိုမှု့ကို နှိုးဆွပေးပါတယ်၊ ဒီဆုံးဖြတ်ချက်ဟာ သူ့ရဲ့မျက်စိရော နားရောကို ဖွင့်ထားဖို့ အဆက်မပြတ် သတိပေးသလိုပါပဲ။ သူ့အဖေရဲ့အလုပ်ကနေ ရသမျှကိုသင်ယူတယ်၊ ပိုပြီးကောင်းအောင် ဘယ်လိုလုပ်ရ မယ်ဆိုတာလေ့လာတယ်။ အသက် ၁၆ နှစ်မှာ သူ့အမေဆီကနေ ဒေါ်လာ ၁၀၀ ချေးပြီး မင်ဟက်တန် နဲ့ စတေတန်ကျွန်းကို ပြေးတဲ့ ခရီးသယ်တင် သဘောင်္လိုင်းကို ထောင်ပါတယ်။ တစ်နှစ်အတွင်းမှာ သူ့အမေဆီက ချေးထားတဲ့ ဒေါ်လာ ၁၀၀ ကို ပြန်ဆပ်နိုင်ပါတယ်။ နောက်ပိုင်းမှာ ကော်နီးလီးယက်စ် ဟာ အဲဒီခေတ်က အမေရိကန်မှာ အချမ်းသာဆုံး လူတစ်ယောက်ဖြစ်လာပါတယ်။ သူ့ရဲ့ လက်ဆွဲဆောင်ပုဒ်ကတော့ ” ဘယ်တော့မှ သူများ အစေခံမဖြစ်စေနဲ့၊ ပိုင်ရှင်ဖြစ် အောင်လုပ်” ဖြစ်ပါတယ်။
    အချိန်ဆိုတာ ကျတော်တို့ဘ၀မှာ အရေးကြီးဆုံး အရင်းအမြစ်ဖြစ်ပါတယ်။ သူများဆီမှာ အလုပ်လုပ်ရတဲ့ အချိန်ဟာ လုပ်ငန်းအတွေ့အကြုံယူဖို့ အတွက်၊ ပညာရအောင် လုပ်တဲ့ အချိန်ကလွဲရင် ကျတော်တို့အတွက် အချိန်သေ တွေပါပဲ။
    ဘ၀မှာ သူများဆီမှာ အလုပ်လုပ်ရတဲ့ အချိန်ဆိုတာ ရှိတာပါပဲ။ကော်နီးလီးယက်စ်ဗန်ဒါဗစ် လိုပဲ ကျတော်တို့ဟာ ကိုယ်လိုချင်တဲ့ ဘ၀အတွက် အချိန်တစ်ခုသတ်မှတ်ပြီး အလုပ်လုပ်သင့်ပါတယ်။ ဒီလိုသတ်မှတ်ပြီး ကျတော်တို့ပတ်ဝန်းမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေပြောင်းလဲနေတယ်၊ ဘာတွေပြောင်းလဲလာနိုင်တယ် ဆိုတာတွေကို မျက်ချေမပြတ် စောင့်ကြည့်နေဖို့လဲ လိုပါတယ်။ လောကမှာရိုးသားခြင်းဟာ အကောင်းဆုံးပါ။ ဒါပေမယ့် ရိုးသားဖြောင့်မတ်တာနဲ့ နုံတာ အ,တာ မရောထွေးမိပါစေနဲ့။ ကိုယ့်အတွက် အတွေ့အကြုံယူဖို့ လုပ်လည်း လုပ်ရပါမယ်။ တနေ့မှာ ငါဟာ ကိုယ်ပိုင်အလုပ်တစ်ခုကို လုပ်နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိကို ရှိသင့်ပါတယ်။ နောက်ပြီး ရသလောက် အတွေ့အကြုံတွေ၊ သတင်းအချက်အလက်တွေကိုလည်း မှတ်သား စုဆောင်းသင့်ပါတယ်။
    ဒုတိယအဆင့် – တာဝန်ယူလိုစိတ်မွေးပါ
    ကျတော်တို့ဘ၀ တစ်ချိန်ချိန်မှာ သူများဆီမှာ အလုပ်လုပ်ရတဲ့ အခါတွေရှိပါတယ်။ ဒီလိုအချိန်တွေဟာ ကျတော်တို့ အတွက် အတွေ့အကြုံကောင်းတွေ၊ အလေ့အကျင့်တွေ သင်ယူဖို့ အကောင်းဆုံးအချိန်တွေပါ။ ကိုယ်လုပ်ရတဲ့ အလုပ်ကို ကိုယ့်အလုပ်လို့ သဘောထားပါ။ တာဝန်ယူလိုစိတ်မွေးပါ။ ကိုယ်တာဝန်ယူရတဲ့ အပိုင်းကို ဒီထက်ကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အမြဲစဉ်းစားပါ။ သူများမလုပ်လိုတဲ့ ပရော့ဂျက်တွေ၊ မပြီးသေးတဲ့ အလုပ်တွေကို ကိုယ်က ပြီးအောင် လုပ်ပါ။ပြဿနာတွေကို အထက်လူကြီးဆီ ယူသွားတာမျိုး မလုပ်ပါနဲ့။ပြဿနာဖြေရှင်း နည်းတွေကိုသာ အထက်လူကြီးတွေကို တင်ပြပါ။ တကယ်လို့ အထက်လူကြီးဟာ အဲသလောက်မှ လုပ်ပိုင်ခွင့်မပေးဘူး၊ ဆုံးဖြတ်ပိုင်ခွင့်မပေးဘူး ဆိုရင် အဲလိုအလုပ်မျိုး၊ အဲလိုနေရာမျိုးမှာ မနေပါနဲ့။ သတ္တိရှိပါ။ ကျတော်တို့ဟာ သူများအလုပ်ကိုပဲ တစ်သက်လုံးလုပ်သွားမယ့် သူတွေမဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် ကိုယ့်ကိုကိုယ် ကျွန်ဇာတ် မသွင်းပါနဲ့။ ကိုယ်ဟာ ကိုယ့်ဘ၀အတွက် သခင် ပဲဖြစ်ရပါမယ်။ ကိုယ့်ရဲ့ လုပ်နိုင်တဲ့ အရည်အချင်းတွေ၊ ဆုံးဖြတ်ရဲတဲ့သတ္တိတွေကို အတုံး မခံပါနဲ့။
    အလုပ်တစ်ခုဟာ လခ ရတာနည်းချင် နည်းပါစေ။ တာဝန်ယူရတဲ့အပိုင်းများတယ်၊ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်လည်း ပိုရလာဖို့ရှိတယ်၊ သင်ယူစရာတွေလည်း ရှိတယ်ဆိုရင် အဲသလို အလုပ်မျိုးကို ရွေးသင့်ပါတယ်။ ပိုက်ဆံတော့ပိုရပါရဲ့ ဘာမှလည်း လုပ်စရာမရှိဘူး၊ သင်ယူစရာလည်းမရှိဘူး၊ တာဝန်လည်းသိတ်မယူရဘူုးဆိုရင် အဲလို အလုပ်မျိုးကို မရွေးသင့်ပါဘူး။ ကျတော်တို့ဦးတည်ရမှာ ပိုက်ဆံ တစ်ခုတည်းမဟုတ်ပါဘူး။ ကျတော်တို့ရဲ့ ကိုယ်ပိုင်အရည် အချင်းတွေတိုးတက် အောင်လုပ်ဖို့၊ ကိုယ့်အစွမ်းအစကို အားကိုး တတ်တဲ့အလေ့အကျင့်တွေရလာဖို့ဟာ ပိုက်ဆံ ရဖို့ထက် အများကြီးအရေးကြီးပါတယ်။ ဒီအချက်တွေဟာကျတော်တို့ ဘ၀ တစ်လျှောက်လုံးသုံးသွားရမှာပါ။
    တတိယအဆင့် – အစာကွင်းဆက်ရဲ့ထိပ်ဆုံးကို ရောက်အောင်လုပ်ပါ။
    ၁၄၉၉ မှာ ပုပ်ရဟန်းမင်းကြီးဆဌမမြောက်အလက်ဇန်းဒါး (Pope Alexander VI) ဟာ သူ့သား ချက်ဇရီဘောဂျီးယား (Cesare Borgia) အတွက် အီတလီမှာ နိုင်ငံငယ်လေး တစ်ခု တည်ထောင်ပေးဖို့ကြိုးစားပါတယ်။ ဒါပေမယ့် ဒါဟာလွယ်တဲ့ အလုပ်တော့မဟုတ်ပါဘူး။ အီတလီဟာ အဲဒီအချိန်တုန်းက နိုင်ငံတစ်ခုအနေနဲ့ တစ်စုတစည်းတည်း ရှိတာမဟုတ်ပဲ မြို့ပြနိုင်ငံငယ်လေးတွေ အများကြီး ရှိပါတယ်။ ဘောဂျီးယား ရဲ့ ရိုမဂ်နာ(Romagna)  မြို့ပြ နိုင်ငံလေး ဟာ ရေရှည်ရပ်တည်ဖို့ အပြင်းအထန် ရုန်းကန်နေရတဲ့ အခြေအနေပါ။ အီတလီနိုင်ငံရေး ဇာတ်ခုံကို လွှမ်းမိုးဖို့ကြိုးစားနေတဲ့ မိသားစုဝင်တွေရှိတယ်၊ ဥရောပရဲ့ တခြား အင်အားကြီးနိုင်ငံတွေရှိတယ်၊ ဘေးပတ်ဝန်းကျင်က တခြားမြို့ပြနိုင်ငံတွေရဲ့ အန္တရာယ်ကလည်း လျှော့တွက်လို့မဖြစ်ပါဘူး။ ပုပ်ရဟန်းမင်းကြီးဟာ သူ့သားရဲ့ နိုင်ငံလေး ဘေးကင်းစေဖို့ အီတလီရဲ့ သြဇာအကြီးဆုံး နိုင်ငံရေးမိသားစုတွေနဲ့ အဆင်ပြေအောင် ဆက်ဆံရပါတယ်။ ပြင်သစ်ဘုရင် လူဝီ ၁၂ နဲ့လည်း မဟာမိတ်ဖွဲ့ရပါတယ်။ ပြီးတော့ အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ဖို့ ကြေးစားစစ်တပ် ကိုလည်း ဖွဲ့စည်းရပါသေးတယ်။
    ဘောဂျီးယားဟာ အလွန်အကွက်မြင်ပြီး ထက်မြတ်တဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ရည်မှန်းချက်က သူ့နိုင်ငံသေးသေးလေးကို ကျော်လွန်ပြီး အီတလီတစ်နိုင်ငံလုံးကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အခြေအနေဟာ တခြားသူတွေကို မှီခိုနေရပါတယ်။ ဒီအမှီအခိုတွေဟာ အချိန်မရွေး သူ့အတွက် အန္တရယ်တွေဖြစ်သွားနိုင်ပါတယ်။ ဒါတွေကို တစ်ခုပြီးတစ်ခုဖျက်ဆီးပြီး နောက်ဆုံးမှာ ဘယ်သူ့ကိုမှ မှီခိုအားထားနေစရာ မလိုတဲ့ အခြေအနေတစ်ခု ဖန်တီးနိုင်မှသာ သူလိုချင်တဲ့နေရာကို ရောက်မှာပါ။
    ပထမဆုံးငွေကြေးအမြောက် အများသုံးပြီး အီတလီနိုင်ငံရေး မိသားစုတွေကြားမှာ သူ့သြဇာကြီးမားလာအောင် လုပ်ပါတယ်။ ပြီးတော့ အဲဒီအထဲက သူ့ကို ယှဉ်ပြိုင်နိုင်လောက်တဲ့ သူတွေကို အပြတ်ရှင်းပစ်ပါတယ်။ ကြေးစားစစ်တပ်ကို ဖျက်သိမ်းပြီး သူ့ကိုယ်ပိုင် စစ်တပ်တည်ဆောက်ပါတယ်။ ပြင်သစ်ဘုရင်ရဲ့ ခြိမ်းခြောက်မှု့ကို တွန်းလှန်ဖို့ တခြား ဥရောပရဲ့ အင်အားကြီးနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ပါတယ်။ အဲဒီနောက်မှာ အီတလီမြို့ပြတွေကို တခုပြီးတစ်ခု သိမ်ယူပါ တယ်။ လူတိုင်းဟာ ကိုယ်လိုချင်တာရဖို့ အမြဲကြံစည်နေကြတယ် ဆိုတာ သူကောင်းကောင်းနားလည်ပါတယ်။ ဒီလိုလောကကြီးမှာ ကိုယ်က သူများကို အလွန်အမင်းအားကိုးမယ်၊ သူများအကူအညီကို အရမ်း မျှော်လင့်ထားမယ်ဆိုရင် ကိုယ့် ဒုက္ခကိုယ်ရှာတဲ့သူနဲ့တူပါတယ်။
    (*** အီတလီ နိုင်ငံရေးပညာရှင် နီကိုလို မက်ကီယာဗဲလီ (Nicolo Machiavelli ) ဟာ သူ့ရဲ့ နာမည်ကျော်စာအုပ်ဖြစ်တဲ့ The Prince မှာ ချက်ဇရီဘောဂျီးယားကို ထိရောက်တဲ့အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ အများကြီး ချီးမွမ်းထားပါတယ်။***)
    သတ္တလောကမှာ အစာကွင်းဆက်ရဲ့ ထိပ်ပိုင်းမှာရှိတဲ့ သတ္တ၀ါတွေ(ဥပမာ- လူ၊ နို့တိုက်သတ္တ၀ါ )ဟာ အသိဥာဏ်အရှိဆုံးနဲ့ အဆင့်အမြင့်ဆုံး သတ္တ၀ါတွေဖြစ်ပါတယ်။ ကျတော်တို့ဟာလည်း ဘ၀မှာ အစာကွင်းဆက်ရဲ့ထိပ်ဆုံးကို တတ်နိုင်သလောက်ရောက်ဖို့ကြိုးစား သင့်ပါတယ်။ ဒါမှ သူများကို သိပ်အားကိုးစရာမလိုပဲ တခြားသူတွေကို ကိုယ်က လွမ်းမိုးနိုင်မှာပါ။
    စတုတ္ထအဆင့် – ကိုယ်ပိုင်ကိုယ်ရည် ကိုယ်သွေးတွေဟာ ကိုယ်တည်ဆောက်ထားတဲ့ အဖွဲ့အစည်းမှာ ထင်ဟပ်နေပါစေ။
    ကျတော်တို့ဟာ ဘ၀တစ်လျှောက်လုံးမှာ ကိုယ့်အားကိုယ်ကိုး ရပ်တည်ဖို့၊ ကိုယ်တိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရပါမယ်။ ဒီလိုကြိုးစားတဲ့ နေရာမှာ ကျတော်တို့ တစ်ယောက်တည်းနဲ့ မရပါဘူး။ စီးပွားရေးလုပ်သည်ဖြစ်စေ၊ နိုင်ငံရေးလုပ်သည်ဖြစ်စေ၊ လူမှု့ရေးလုပ်သည်ဖြစ်စေ အဖွဲ့အစည်းအသင်းအပင်း တည်ထောင်ရပါတယ်။ ကိုယ် တည်ထောင်လိုက်တဲ့ အဖွဲ့အစည်းတစ်ခုဟာ ကိုယ့်ရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ထင်ဟပ်နေဖို့လိုပါတယ်။ သူများလုပ်သလို လိုက်လုပ်တယ်ဆိုတာ အစပိုင်းမှာတော့ ကောင်းပါတယ်၊ မကျွမ်းကျင်သေးတဲ့အပေါ်မှာ သူများကို နည်းယူလုပ်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် ရေရှည်မှာ သူများလုပ်သလိုချည်း လိုက်လုပ်နေလို့ မဖြစ်ပါဘူး။
    လူ့သမိုင်းတလျှောက်လုံးမှာ ကိုယ်နဲ့ထပ်တူကျတဲ့သူဆိုတာ ဘယ်တုန်းကမှမရှိပါဘူး။ ဘယ်တော့မှလည်း ရှိမှာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ မတူညီတဲ့ အရည်အချင်းတွေ အတွေးအခေါ်တွေရှိပါတယ်။ ဒါတွေကို အသုံးချပါ။
    သမိုင်းမှာ သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ကိုယ်ပိုင် အရည်အချင်းတွေ ကိုယ်ပိုင်စတိုင် တွေနဲ့သာ လုပ်ဆောင်ခဲ့ကြတာပါ။ အမြဲတမ်း သူများကို လိုက်တုနေ တဲ့သူဟာ အစစ် ဖြစ်မလာနိုင်ပါဘူး။ အတု သာဖြစ်ပါလိမ့်မယ်။
    ( Robert Greene ရဲ့ Self – Reliance ကိုမှီငြမ်းပြီး ရေးသားခြင်းဖြစ်ပါသည်။
  • အမှောင်စိတ် ၊ အောင်စိတ် နှင့် ပြိုင်ဆိုင်မှုအပေါ် သဘောထား
    အမှောင်စိတ် ၊ အောင်စိတ် နှင့် ပြိုင်ဆိုင်မှုအပေါ် သဘောထား
    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၂
    M-Media
    စာရေးသူမျှဝေချင်တဲ့ “အမှောင်စိတ်” ဆိုတာကတော့ မနာလိုဝန်တိုမှု၊ သိမ်ငယ်မှု၊ လိုတာထက် ပိုနေတဲ့ လောဘ၊ ဒေါသ၊ မောဟ။ အဲဒါတွေကြောင့်ဖြစ်တဲ့ “အမှောင်စိတ်”နဲ့ အပြုသဘောဆောင်ပြီး ကိုယ်ချင်းစာနားလည်ပေးတတ်တဲ့၊ သူ့ဘက်ကိုယ့်ဘက် မျှမျှတတကြည့်ပေးတတ်တဲ့ “အောင်စိတ်”တွေ အကြောင်းပါ။ အဲဒါတွေကို အဓိကဆိုလိုပါတယ်။
    ယနေ့ခေတ်မှာ လူတော်တော်များများကို လေ့လာကြည့်တဲ့အခါ အနည်းဆုံးတော့ လူ(၁၀)ယောက်မှာ (၈)ယောက်ခန့်ဟာ ရောဂါတစ်ခုမဟုတ်တစ်ခုကို ခံစားနေရပါတယ်။ စိတ်ကျရောဂါ၊ စိတ်ကြွရောဂါ အစရှိတဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ် ခံစားရတဲ့ရောဂါတွေ အပါအ၀င် အဲဒီလို စိတ်ပိုင်းဆိုင်ရာရောဂါတွေကတဆင့် နှလုံး၊ သွေးတိုး အစရှိတဲ့ ရောဂါကြီးတွေအထိပါ ဖြစ်ပေါ်ခံစားနေရတာတွေလည်းရှိပါတယ်။ စာရေးသူကတော့ ဒီခေတ်မှာ အဖြစ်များတဲ့ ရောဂါတွေ အကြောင်းကို ဆေးပညာဆိုင်ရာ ရှုထောင့်ကနေ တင်ပြမှာမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ လူအများစုရဲ့ လူနေထိုင်မှုစရိုက်၊စိတ်ဓာတ်ပိုင်းဆိုင်ရာ တွေကိုဖေါ်ပြပြီး ငြိမ်းချမ်းသာယာစွာနဲ့ အောင်မြင်တဲ့ ဘ၀တစ်ခုကို ဘယ်လိုဖြတ်သန်းမလဲ ဆိုတာကို စာရေးသူရဲ့အတွေ့အကြုံတွေ၊ လေ့လာမှု တွေနဲ့ယှဉ်ပြီး မျှဝေချင်တာပါပဲ။
    Hyper Competition (ပြိုင်ဆိုင်မှုများမြင့်မားလာခြင်း)
    ဟုတ်ပါတယ်။ ဒီနေ့ခေတ်မှာ အားလုံးသိကြတဲ့အတိုင်းပဲ ပြိုင်ဆိုင်မှုတွေမြင့်မားပါတယ်။ လူတစ်ဦး တစ်ယောက်ချင်းက ဂုဏ်ဓနတွေ ပြိုင်တယ်။ ပညာတွေပြိုင်တယ်။ နောက်ဆုံး ကိုယ်ရဲ့ အိမ်ထောင်ဘက် ရွေးတာတောင်မှ “ငါတို့က ဘယ်လိုလူမျိုးကိုမှရွေးတာ” ပြိုင်ပါတယ်။ ကုမ္ပဏီအချင်းချင်း၊ အဖွဲ့အစည်းအချင်း ချင်းကလည်း ပြိုင်တယ်။ လူမျိုးအချင်းချင်း၊ တိုင်းပြည်အချင်းချင်းလည်း ပြိုင်တယ်။ ဒီလိုပြိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ တော်တော်များများက “ပြိုင်ဆိုင်မှုရှိမှ တိုးတက်တာ”လို့ပြောကြပါတယ်။ စာရေးသူက ဒီအချက်အပေါ် အငြင်းမပွားပါဘူး။ ပြောချင်တာလေးတစ်ခုက စာရေးသူတို့ “ပြိုင်ဖို့အတွက် အသင့်ဖြစ်ပြီလား” ဆိုတာပါပဲ။
    ပြိုင်ဖို့အတွက်အသင့်ဖြစ်ပြီလားဆိုတာကတော့ ဥပမာ-ပြိုင်ပွဲတစ်ခုကိုပြိုင်မယ်ဆိုရင် အရှုံး၊ အနိုင်ဆိုတာရှိပါတယ်။ ပြိုင်ဆိုင်မှုမြင့်မားတဲ့ ပွဲတွေမှာ (ဥပမာ… ဘောလုံးပွဲတွေမှာတောင် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်)အစရှိတဲ့ အဆင့်မြင့်လာတဲ့ပြိုင်ဆိုင်မှု အခြေအနေတစ်ရပ်မှာ “သရေ”ကျလို့မရပါဘူး။ ဒါ အားလုံးသိပါတယ်။ အဲဒီတော့ ဒီနေရာမှာ (သရေ) ကျတယ်ဆိုတာကို ခဏလေး ခြွင်းချက်ထားလိုက်ရအောင်။ ကဲ…ကောင်းပြီ။ အဲဒါဆို ပြိုင်ပွဲတစ်ခုကို ၀င်ပြိုင်လို့ နိုင်ရင်ဘာဖြစ်မလဲ၊ ရှုံးရင် ဘာဖြစ်မလဲ။ ကိုယ့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေ အသင့်ဖြစ်ပြီလား။ ဘောလုံးပွဲ ၀င်ချင်ရင် ဘောလုံးကန်တာလေ့ကျင့်၊ နည်းစနစ်တွေ၊ တစ်ဖက်ပြိုင်ဘက်အသင်းရဲ့ပရိယာယ်တွေ၊ ပြိုင်ဘက် အသင်းကစားသမားတွေရဲ့အရည်အချင်းတွေ သိအောင်လုပ်။ ပြီးရင် နည်းဗျူဟာအမျိုးမျိုး၊ မဟာဗျူဟာအမျိုးမျိုးကိုဖန်တီးပြီး ပြိုင်ဘက်အသင်းကို နိုင်အောင်လုပ်ရမယ်။ ဒါတွေကအပိုင်းတစ်ပိုင်း။ အခု စာရေးသူပြောနေတဲ့အပိုင်းက ပြိုင်ဆိုင်လို့ ရရှိလာ တဲ့ရလဒ်အပေါ် ဘယ်လို စိတ်ထားမလဲ။ ခပ်လွယ်လွယ်ပေါ့ပေါ့လေးပြောကြည့်ရအောင်။ “နိုင်သွားရင်တော့ အကောင်းဆုံးပဲ၊ ရှုံးသွားရင်လည်း အရှုံးထဲကနေသင်ခန်းစာယူကြတာပေါ့”။ အဲဒီလိုအရှုံးထဲကနေ သင်ခန်းစာယူနိုင်ရင်တော့ အကောင်းဆုံးပါ။
    ကိုယ့်ကိုယ်နိုင်သွားတဲ့လူကိုလည်း “ခင်ဗျားအတွက်ကျွန်တော် ဂုဏ်ယူပါတယ်” ဆိုပြီး လက်ဆွဲ နုတ်ဆက်ပေးနိုင်မလား။ အဲဒီလိုစိတ်ထားမျိုးရပြီလား။ အကျယ်ချဲ့ပြောရင်တော့ အရှည်ကြီးပါ။ စာရေးသူမျှဝေချင်တာလေးကို အဓိကထားပြီး ပြောပါ့မယ်။ စာရေးသူတို့ နေ့စဉ်နှင့်အမျှ လှုပ်ရှားနေတဲ့ပတ်ဝန်းကျင်မှာ ပညာအရည်အချင်း၊ ရုပ်ရည်၊ ငွေကြေးပိုင်ဆိုင်မှု စတာတွေမှာ ကိုယ့်ထက်သာတဲ့လူလည်းရှိမယ်၊ ကိုယ့်နဲ့တန်းတူလူတွေရှိသလို လိုအပ်ချက်ရှိနေတဲ့လူတွေ လည်း ရှိပါတယ်။ ဒီလူတွေအပေါ် ဘယ်လိုသဘောထားမလဲ။ လူတော်တော်များများရဲ့ အတွင်းစိတ် သဘောက ဘယ်လိုလဲ။ ဒီနေရာမှာ စာရေးသူက စာရေးဆရာ လယ်တွင်းသားစောချစ်ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို မျှဝေချင်ပါတယ်။။
    မြို့တစ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာပေါ့။ ငွေရေးကြေးရေး နည်းနည်းချောင် လည်တဲ့မိသားစုတစ်စုရှိတယ်။ အဲဒီအချိန်က လူတိုင်း၊ အိမ်တိုင်းမှာ TV ၀ယ်မကြည့်နိုင်တဲ့ အချိန်။ အဲဒီအချိန်မှာ အဲဒီငွေကြေးချောင်လည်တဲ့မိသားစုက TV လေးတစ်လုံးဝယ်လိုက်တယ်။ အဲဒီတော့ သူတို့ရပ်ကွက်ထဲက လူကြီး၊ ကလေး အကုန်လုံးက အဲဒီအိမ်မှာ TV လာကြည့်ကြတယ်။ အိမ်ရှင်လင်မယားက အရမ်းဖေါ်ရွေတယ်။ သူတို့အိမ်မှာ TV လာကြည့်တဲ့လူတွေကို မငြူစူတဲ့အပြင် စားစရာတွေပါချကျွေးတယ်။ ကလေးချီပြီး TV လာကြည့်တဲ့ကလေးအမေအချို့ကြောင့် သူတို့အိမ်မှာ ကလေးက ရှူရှူးပေါက်ရင်တောင် အပြုံးမပျက်ဘူး။ အဲဒီလို ဖေါ်ရွေတဲ့လင်မယား။ တစ်ရပ်ကွက်လုံးက သူတို့လင်မယားကို ချစ်ကြတယ်။ အဲ…တစ်နေ့မှာ သူတို့ အိမ်မှာ TV လာကြည့်နေတဲ့လူတွေထဲက လူတစ်ယောက်က စီးပွားရေးအဆင်ပြေလာလို့ သူ့အိမ်မှာလည်း TV တစ်လုံးဝယ်လိုက်တယ်။ အဲဒီ TV က လက်ရှိသူတို့ ရပ်ကွက်ထဲမှာ တစ်လုံးတည်းသော TV ကိုပိုင်ဆိုင်တဲ့ လင်မယားအိမ်က TV ထက် မော်ဒယ်ပိုမြင့်တယ်။
    အဲဒီတော့အဲဒီလူက ၀မ်းသာအားရနဲ့ ယခင်က TV ပိုင်ရှင် လင်မယားကိုသွားပြောတယ်။ “ကျွန်တော်လည်း ခင်ဗျားတို့လိုပဲ TV ၀ယ်လိုက်ပြီ။ ကျွန်တော့်အိမ်မှာလည်း ခင်ဗျား တို့တစ်လှည့်လာကြည့်ကြဦး၊ ခင်ဗျားတို့အိမ်မှာပဲ ကျွန်တော်တို့ TVလာကြည့်နေရတာ ကြာပြီ၊ ကျွန် တော့်အိမ်ကိုလည်း တစ်လှည့်လာကြည့်ကြပါဦး၊ ကျွန်တော်ကလည်း အကျွေးအမွေးနဲ့ပြန်လည်ဧည့်ခံချင်လို့ပါ၊ ကျွန်တော်အခုဝယ်လိုက်တဲ့ TV ကလေးက မော်ဒယ်လည်းမြင့်ပါတယ် အဝေးထိန်းခလုတ် (Remote) ပါ ပါတယ်။ ”အဲဒီလိုသွားပြောတော့ ယခင်က TV ပိုင်ရှင်လင်မယားက တော်တော်ဒေါသထွက် စိတ်ဆိုး သွားပါတယ်။  “တစ်သက်လုံးက ငါတို့အိမ်မှာ TV လာကြည့်နေတဲ့ကောင်ကများ ကြီးကြီးကျယ်ကျယ်” ဆိုပြီးပြန်ပြောလိုက်ပါတယ်။ အဲဒီဝတ္ထုတိုလေးပါပဲ။
    Guilty Conscience (ကိုယ့်ကိုယ်ကို မလုံမလဲဖြစ်ခြင်း)။
    ဒီနေရာမှာ ထပ်မံတင်ပြချင်တာကတော့ စာရေးသူတို့မှာ တစ်ခါတစ်လေ “ကိုယ့်လိပ်ပြာကိုယ်မလုံ” ဆိုတာလိုဖြစ်တတ်ပါတယ်။ ဒီဝတ္ထုတိုလေးမှာဆိုရင် ယခင်က TV ပိုင်ရှင်လင်မယားက သူတို့ကို ဟိုလူက ဘာကြောင့်သူ့အိမ်မှာ TV ကြည့်ဖို့လာဖိတ်တာလည်း ဆိုတဲ့အချက်ကိုစဉ်းစားရာမှာ “ဒီကောင့်အိမ်က TV က ငါတို့အိမ်က TV ထက် မော်ဒယ်ပိုမြင့်တာကို ကြွားချင်လို့ တမင်လုပ်ဇာတ်ထွင်ပြီး ငါတို့ကိုလာခေါ်တာ”ဆိုတဲ့ စိတ်ကိုအခြေခံပြီးစဉ်းစားပါတယ်။ သူတို့အိမ်က TV မော်ဒယ်ပိုနိမ့်သွားတာကို လက်သိပ်မခံချင်ပါဘူး။
    ”မလုံမလဲ”ဖြစ်နေတဲ့ပုံပါပဲ။
    ဒီအဖြစ်အပျက်လေးကတော့ ရပ်ကွက်ထဲမှာ မိသားစုချင်း တစ်စုနဲ့တစ်စု ကြားမှာ ဖြစ်ပွားခဲ့တဲ့အဖြစ် အပျက်လေးပါ။ ဒီပုံပြင်လေးကို ဆက်စပ်ပြီး စဉ်းစားကြည့်ရအောင်။ အကယ်၍များ ရပ်ကွက်ထဲမှာလိုပဲ တိုင်းပြည်အတွင်းမှာဖြစ်ရင်၊ ဒီတိုင်းပြည်ထဲကို ငါတို့နောက်မှ ရောက်လာသူတွေပါကွာလို့ သတ်မှတ်ခြင်း ခံထားရသောသူများ (ကိုယ်နဲ့ ယုံကြည်ချက်၊ ၀ါဒ၊ အသားအရောင်၊ သွင်ပြင်လက္ခဏာ) မတူသောသူများက ကိုယ့်ထက်ပိုပြီး မော်ဒယ်မြင့်သွားရင်၊ သာသွားရင် (ရပ်ကွက်ထဲမှာ ပထမဆုံး TV ပိုင်တဲ့ TV ပိုင်ရှင် လင်မယား ထားတဲ့စိတ်ဓာတ်မျိုးပဲ ထားကြမှာလား။ စဉ်းစားဖို့တော့သင့်ပါပြီ။ ။)
    အခြားတစ်ဖက်မှာလည်း စာရေးသူတို့ ပတ်ဝန်းကျင်မှာ တချို့ ငွေရှိတဲ့သူက သူဘယ်လို ချမ်းသာကြောင်း၊ ပညာတတ်တဲ့လူတွေကြပြန်တော့လည်း သူတို့ ဘယ်လိုကြိုးစားရကြောင်း အားရပါးရ ပြောနေတာတွေကိုကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်မလုံမလဲဖြစ်မိပါတယ်။ “သြော်…ငါတို့တော့ သဘင်မပြဲ့ ခံတွင်းမဲ့”သလိုဖြစ်နေပြီလားလို့ သိမ်ငယ် စိတ်တွေဝင်လာပါတယ်။ အဲဒီလို ကိုယ့်လိပ်ပြာကိုယ်မလုံရာကနေ သိမ်ငယ်စိတ်တွေဝင်၊ အဲဒါကို ဘယ်လိုထွက်ပေါက်ပေးသလဲ။ အချို့တော်တော်များများကတော့ “ဟာ..မင်းတို့က မိဘကချမ်းသာတာကိုးကွ၊ မင်းတို့လုပ်ချင်တာလုပ် မင်းတို့မိဘက ပိုက်ဆံထောက်ပံ့နိုင်တာကိုး၊ ငါတို့မိဘသာ မင်းတို့လို ချမ်းသာကြည့်ပါလား၊ မင်းတို့လောက်တော့အပျော့ပေါ့”။ အဲဒီအကြောင်းပြချက်က မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် အမှန်တကယ်ကတော့ ကိုယ်က ကိုယ့်ဘာသာ သိမ်ငယ်စိတ်တွေဝင်လာလို့ ကိုယ့်စိတ်ကိုထွက်ပေါက်ပေးလိုက်တာ။ နံပါတ်(၁) ကိုယ့်မိဘကို ပြန်စော်ကားသလို ဖြစ်သွားတယ်၊ နံပါတ်(၂) တစ်ဖက်လူရဲ့အမြင်မှာ ကြပြန်တော့ “ဟာ..ဒီကောင် ငါတို့ကို ဘလိုင်းကြီးဖဲ့တာပါ၊ အလကား ဒီကောင် ငါတို့ကို J ၀င် (Jealous) ဖြစ်နေတာပါကွာ” ဆိုပြီး မြင်သွားတယ်။ ဘယ်သူ့အတွက်မှ အပြုသဘောမဆောင်တော့ပါဘူး။ ဒီနေရာမှာဖြည့်စွက်ပြီးတော့ မျှဝေချင်တာကတော့ နှစ်ဖက်စလုံးက Awareness ဖြစ်ဖို့၊ အသိရှိဖို့ လိုပါတယ်။ စီးပွားရေးပိုင်း၊ ပညာရေးပိုင်းဆိုင်ရာမှာ လိုအပ်ချက် တွေရှိနေတဲ့သူတွေ အရှေ့မှာကိုယ်က ကြွားဝါလိုတဲ့စိတ်နဲ့ ကိုယ်ကိုင်ထားတဲ့ နောက်ဆုံးပေါ် Handset ကြီးကို မလိုအပ်ဘဲထုတ်ပြလိုပြ၊ ကိုယ်စီးလာတဲ့ နောက်ဆုံးပေါ်ကားကြီး ဘယ်နိုင်ငံကလာတယ်၊ ဘယ်လောက် တန်ဖိုးကြီးတယ်ဆိုတာပြောလိုပြော၊ ကိုယ်တက်နေတဲ့ အဆင့်မြင့်တက္ကသိုလ်ကြီးကသင်တဲ့သင်ခန်းစာတွေက ဘယ်လိုအဆင့်မြင့်တယ်၊ ဘယ်လိုခက်တယ်ဆိုတာ အရသာခံပြီးပြောလိုပြော”အဲဒီလိုလုပ်နေမယ်ဆိုရင် စဉ်းစားကြည့်ပါ။ ကိုယ့်မှာရှိတဲ့ စွမ်းအားစုတွေ (ငွေကြေး ၊ ပညာ) အစရှိတာတွေက လိုအပ်ချက်ရှိတဲ့လူတွေကို သိမ်ငယ်စိတ်ဖြစ်ပေါ်လာအောင် ဖန်တီးဖို့လား၊ လိုအပ်ချက်ရှိတဲ့လိုတွေကို ဆွဲခေါ်ဖို့ “ကမ်းတဲ့လက်”တွေဖြစ်ဖို့ လား။ ဒါတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက ကျွန်တော်တို့ရဲ့ နှစ်ဘ၀ သခင်ကျေးဇူးတော်ရှင် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)က “ကိုယ့်အိမ်မှာ အိမ်စေတွေရှိရင် သူတို့ကို ပညာ သင်ပေးကြပါ၊ လူ့အဆင့်အတန်းကွာဟချက်ကို နည်းအောင်လုပ်ကြပါ”ဆိုပြီးတော့ မိန့်မှာခဲ့တဲ့ သြ၀ါဒတော်ကို စာရေးသူတို့ မှတ်သားလိုက်နာဖူးပါတယ်။ တမန်တော်မြတ်(ဆွ)ဟာ ကျွန်လူတန်းစားစနစ်ကိုလည်း သိမ်မွေ့တဲ့ ဥာဏ်အမြော်အမြင်ကိုသုံးပြီး နည်းမျိုးစုံနဲ့ တိုက်ဖျက်ခဲ့ပါတယ်။
    လိုအပ်ချက်ရှိတဲ့လူတွေကလည်း သိမ်ငယ်စရာမလိုပါဘူး။ ယနေ့အချိန်မှာရော၊ သမိုင်းကြောင်းမှာပါ နာမည်ကြီးခဲ့တဲ့ ပုဂ္ဂိုလ်တွေ (မှတ်မိသလောက်ပြောရရင် … အရင်တုန်းက အက်ဒီဆင်(လျှပ်စစ် မီးတီထွင်သူ)တို့၊ အေဗရာဟင်လင်ကွန်း(အမေရိကန်သမ္မတဟောင်း) တို့ ဟာ ကြေးရတတ် လူအတန်းလွှာက ပေါက်ဖွားလာတာမဟုတ်ပါဘူး။
    အခုလည်းကြည့်ပါ။ အခုခေတ်မှာလည်း နာမည်ကြီး apple ကွန်ပျူတာကုမ္ပဏီက CEO စတိဂျော့ဗ်(သိပ်မကြာခင်ကကွယ်လွန်)၊ ကွန်ပျူတာလောက ကပဲ မိုက်ကယ်ဒဲလ် သူတို့ဘယ်ဘ၀ကလာခဲ့သလဲ။ ဘီလ်ဂိတ် ဘယ်တက္ကသိုလ်ကဘွဲ့ရလဲ။ ဒါတွေက အားလုံးအသိပါ။ ဒါတွေက လူအယောက်တစ်ရာ၊ တစ်ထောင်မှာမှ တစ်ယောက်လောက်ဖြစ်တာပါကွာဆိုပြီး စိတ်မလျှော့ပါနဲ့။ အခုခေတ်မှာ ဆွံ့အ၊ နားမကြား၊ မျက်မမြင် အစရှိသူတွေကိုတောင်မှ “မသန်မစွမ်း” လို့မခေါ်တော့ပါဘူး။ “မသန်စွမ်း” (မသန်သော်လည်းစွမ်းသည်)ဆိုပြီး သတ်မှတ်ပြီးတော့ သူတို့အတွက် ပညာသင်ပေးတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးတာတွေရှိနေပါပြီ။ အနီးစပ်ဆုံးဥပမာပေးရရင် “စတီဗင်ဟော့ကင်း” လိုပညာရှင်မျိုးပဲကြည့်လေ။
    ဒါတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက ကျွန်တော်တို့ရဲ့ နှစ်ဘ၀သခင်ကျေးဇူးတော်ရှင် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)က “ဒီလိုမျိုး မသန်စွမ်းသူတွေဟာလည်း လူ့စွမ်းအား အရင်းအမြစ်တွေပဲ၊ သူတို့ဆီမှာလည်း စွမ်းအားတွေရှိတယ်”ဆိုပြီးသူတို့အတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ လုပ်ပေးဖို့ မိန့်ကြားခဲ့တဲ့ ဟဒီးဆ်တော်ကို စာရေးသူတို့ လေ့လာမှတ်သားဖူးပါတယ်။ စာရေးသူတို့တွေဟာ လူ့စွမ်းအားအရင်းအမြစ်တွေပါ။ အားနည်းချက်၊ အားသာချက် ကိုယ်စီ ရှိကြပါတယ်။
    လူတွေတစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် မေတ္တာပွားကြပါ။ လဲသူကိုထူပေးကြပါ။ အားငယ်သူကို အားပေးကြပါ။ အားကောင်းတဲ့သူတွေကိုလည်း မုဒိတာ ပွားကြပါ။ အင်အားကြီးတဲ့လူတွေ ကလည်း လိုအပ်ချက်ရှိတဲ့သူတွေကို လက်တွဲခေါ်ကြပါ။ အခုလို ပြိုင်ဆိုင်မှုတွေ မြင့်မားနေတဲ့ခေတ်မှာ ပြိုင်ဆိုင်နေတဲ့ နှစ်ဖက်စလုံးအတွက် အဆင်ပြေစေမယ့် win-win theory လို သီအိုရီ မျိုးတွေလည်း ပေါ်နေပါပြီ။ ယုန်နဲ့လိပ်ပုံပြင်လည်း ပြောင်းသွားပါပြီ။ မျှဝေပါရစေဦး။
    ယုန်နဲ့လိပ် အပြေးပြိုင်တော့ ပထမပြိုင်ပွဲမှာ ယုန်က ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး အိပ်နေတော့ လိပ်က ၀ိရိယထားတော့ ယုန်ကရှုံးပါတယ်။ မကျေနပ်လို့ ယုန်က ထပ်ပြီးစိန်ခေါ်ပါတယ်။ လိပ်ကလည်းထပ်ပြိုင် ပါတယ်။ ဒီတစ်ပွဲမှာ ယုန်က ၀ိရိယထားလိုက်တော့ ယုန်နိုင်ပါတယ်။ အဲဒါကိုလိပ်က မကျေနပ်ပါဘူး။ အဲဒီတော့ တတိယပြိုင်ပွဲအတွက် လိပ်က စိန်ခေါ်ပါတယ်။ ဒါပေမယ့် အပြေးပြိုင်ပွဲရဲ့လမ်းကြောင်းကိုပြောင်းလိုက်ပါတယ်။ တတိယပြိုင်ပွဲမှာ ယုန်ကပြေးနေရင်းနဲ့ ခရီးလမ်းကြောင်းမှာ ရေကန်ကြီးကခံနေတော့ ယုန်က ဆက်ပြေးလို့မရ တော့ပါဘူး။ လိပ်ကို စောင့်ရပါတယ်။ လိပ်ရောက်လာတော့ ယုန်ကို လိပ်က သူ့ကျောပေါ်တင်ပြီး ရေကန်ထဲက ဖြတ်သွားလို့ နှစ်ကောင်လုံး တစ်ဖက်ကမ်းကိုရောက်သွားပါတယ်။ ဒီလိုနဲ့ ဆက်ပြေးသွားရာမှာ ချောက်အနက် ကြီး ရှိတဲ့နေရာကိုရောက်လာတော့ ယုန်က ခုန်ကူးလိုက်လို့ရပေမယ့်မကူးဘဲ လိပ်ကိုစောင့်ပါတယ်။ လိပ်က ဒီချောက်နက်ကြီးကိုမခုန်နိုင်ဘူးကိုး။ ဒါနဲ့ လိပ်ရောက်လာတော့ ယုန်က လိပ်ကို ချီပိုးပြီး ချောက်တစ်ဖက်ကမ်း ကို ခုန်ကူးဖြတ်သွားပြီး နှစ်ကောင်လုံး ပန်းအတူတူဝင်သွားပါတယ်။ အရမ်းပျော်စရာကောင်းတဲ့ happy ending ဖြစ်တဲ့ပုံပြင်လေးပါပဲ။
    အဲဒါ win win solution ရဲ့ ဥပမာလေးတစ်ခုပါပဲ။ အပြန်အလှန် စာနာစိတ်ထား ကူညီဖို့အရေးကြီးတယ်လို့မျှဝေပါရစေ။
    နိဂုံးချုပ်အားဖြင့် အဖြစ်အပျက်လေးတစ်ခုကို မျှဝေပါရစေ။ မိုဟာမက်အလီ ဆိုတဲ့ လက်ဝှေ့သမားကြီး သရဖူ ကာကွယ်ပွဲထိုးဖို့ လုပ်နေပါတယ်။ ဒီပွဲရှုံးသွားရင် ကမ္ဘာ့သရဖူရွှေခါးပတ်ကြီးကို စွန့်လွှတ်ရမယ်။နိုင်ရင် သိက္ခာပိုတက်မယ်။ သူ့ကို စိန်ခေါ်တဲ့သူကလည်း တကယ့် နာမည်ကြီးအကျော်အမော်၊ တကယ်တော်တဲ့လူ။ မိုဟာမက်အလီ လက်ဝှေ့စင်ပေါ်တက်ကာနီး စိတ်လှုပ်ရှားနေပါတယ်။
    သူ့အကြောင်း သိတဲ့ သူ့ သူငယ်ချင်းတစ်ယောက်က သူ့အနားကပ်သွားပြီး သူ့ကို အားပေးပါတယ်။ “ဟေ့အလီ၊ မင်းဘာတွေ များ စိတ်လှုပ်ရှားနေလဲ၊ မင်းဒီလက်ဝှေ့သရဖူကာကွယ်ပွဲအတွက် စိတ်လှုပ်ရှားနေတာလား၊ ဒီမှာ..မင်းကိုငါ ပြောမယ်။ မင်းဒီပွဲကို အနိုင်ထိုး၊ တကယ်လို့များ မင်းမနိုင်ခဲ့ရင်လည်း ပြဿနာမရှိပါဘူးကွာ။ မင်းမှာ မိသားစု ရှိတယ်၊ ဒီမိသားစုဟာ မင်းဒီပွဲမှာနိုင်လည်း မင်းမိသားစုပဲ၊ ဒီပွဲရှုံးလည်းမင်းမိသားစုပဲ၊ မင်းမှာ သူငယ်ချင်း၊ ဆွေမျိုး အသိုက်အ၀န်းကောင်းတွေရှိတယ်။ ဒီလူတွေဟာ မင်းဒီပွဲနိုင်လည်း မင်းသူငယ်ချင်းမင်းဆွေမျိုးပဲ၊ မင်း ဒီပွဲမှာရှုံးသွားလို့လည်း မင်းကိုဘယ်သူမှ သူငယ်ချင်း၊ ဆွေမျိုးအဖြစ်ကအဆက်အသွယ်ဖြတ်မှာ မဟုတ်ဘူး၊ နောက်ဆုံး မင်းသူငယ်ချင်းငါဟာလည်းပဲဒီအတိုင်းပဲ၊ အခု ငါမင်းကိုဒီနေရာကနေအားပေးနေမယ်။ မင်းဒီပွဲ နိုင်သွားလည်း ငါဟာမင်းရဲ့အရင်းနှီးဆုံးသူငယ်ချင်းပဲ၊ မင်းဒီပွဲရှုံးသွားလည်း ငါဟာ မင်းအရင်းနှီးဆုံးသူငယ်ချင်း ပဲ၊ ဒီလိုပဲမင်းနားမှာနေပြီး မင်းအတွက် အကြံဥာဏ်တွေ၊ အကူအညီတွေပေးနေဦးမှာပဲ၊ မင်းဒီပွဲမှာ မင်းအစွမ်း အစရှိသလောက်ထိုး၊ ဒီပွဲမှာ မင်းနိုင်လည်း မင်းနိုင်တာပဲ၊ မင်းရှုံးလည်း မင်းမှာ ဒီပွဲရှုံးလို့ ကြီးကြီးမားမား ဆုံးရှုံးသွားတာ ဘာရှိမလဲကွာ”လို့ အားပေးလိုက်ပါတယ်။
    အဲဒီပွဲမှာ မိုဟာမက်အလီနိုင်ပါတယ်။ သူ့ သူငယ်ချင်း ကိုသူအရမ်းလည်းကျေးဇူးတင်သွားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်ကောင်းကိုရှာပြီး ပေါင်းပါ။ ကျွန်တော်တို့အားလုံး လူကောင်းသူကောင်းတွေနဲ့တွေ့ပါစေ၊ ကိုယ့်ကိုယ် စာနာပေးတဲ့ ပတ်ဝန်းကျင်ကောင်းနဲ့ တွေ့ပါစေလို့ ဒိုအာပြုရင်း နိဂုံးချုပ်ပါတယ်။
    သန့်ဇင်အေး
    မှီငြမ်း
    ၁။ ဆရာ ဦးသန်းမြင့်(စီးပွားရေး) (သန်းမြင့်-စီးပွားရေး)၏ “လူမှုဆက်ဆံရေး၊ အောင်မြင်ရေးနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်မှု သင်တန်း”တွင် သင်ကြားသော သင်ကြားချက်များ
    ၂။ အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)၏ “အလ်အဇ်ဟရ် အစ္စလာမ့်သိပ္ပံ”တွင် သင်ကြားသော သင်ကြားချက်များ
    ၃။ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ၀တ္ထုတို