News @ M-Media

Category: ကြေငြာချက်

  • M-Media ပင်မ Website များ ပုံမှန် ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း စာဖတ် ပရိတ်သတ်အား အသိပေးခြင်း

    M-Media ပင်မ Website များ ပုံမှန် ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း စာဖတ် ပရိတ်သတ်အား အသိပေးခြင်း

    M-Media

     M-Media ရဲ့ မြန်မာပိုင်း နဲ့ အင်္ဂလိပ်ပိုင်း သတင်း Website များကို ပြုပြင် မွမ်းမံမှုများ ပြုခဲ့ခြင်းကြောင့် ရက်အနည်းငယ်မျှ ဝင်ရောက် ဖတ်ရှုနိုင်ခဲ့ခြင်း မရှိပါဘူး။

    အဆိုပါ ကာလအတွင်း M-Media ရဲ့ ကိုယ်ပွားဘလောဂ်မှ နေပြီး သတင်းများ အဆက်မပြတ် တင်ဆက်ပေးခဲ့ပါတယ်။

    ယခုအခါ မူလ ဝဘ်ဆိုဒ်မှာ ပြင်ဆင်မှု အချောသတ်ပြီးစီးပြီဖြစ်သောကြောင့် နဂိုမူလအတိုင်း ဝင်ရောက် ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါတယ်။

    M-Media ရဲ့ မြန်မာပိုင်းနှင့် အင်္ဂလိပ်ပိုင်း ဆိုဒ် ၂ ခုစလုံးရဲ့ ဒီဇိုင်းပိုင်းကို Desktop,Laptop,Tab,Smart Phone အားလုံးနှင့် အလွယ်တကူ ဖတ်ရှုနိုင်အောင် ပြင်ဆင်ထားပါတယ်။

    မိမိတို့ ဖတ်ရှုလိုတဲ့ သတင်းများကို ကဏ္ဍအလိုက် အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်အောင်လဲ ဒီဇိုင်းအသစ်မှာ ကြိုးစားပြီး လုပ်ဆောင်ပေးထားပါတယ်။

    ကော်နက်ရှင် မကောင်းတဲ့ စာဖတ်ပရိတ်သတ်များ အလွယ်တကူ ဖတ်ရှုနိုင်အောင် M-Media ရဲ့ ကိုယ်ပွား ဘလောဂ် ကိုလည်း ဆက်လက်ထားရှိပြီး ပင်မ ဆိုဒ်မှ သတင်းများကို တပြိုင်နက်တင်ပေးနိုင်အောင် ကြိုးစားသွားပါမယ်။

    M-Media စာဖတ်ပရိတ်သတ်များ ဖတ်ရှုရာမှာ အခက်အခဲ တစုံတရာ ရှိခဲ့ရင်သောလည်းကောင်း၊ အကြံဥာဏ်များ ပေးပို့လိုရင်သော်လည်းကောင်း၊ သတင်းနှင့် စာမူများ ပေးပို့လိုရင်သော်လည်းကောင်း [email protected] သို့ အီးမေးလ်ပေးဖို့ ဆက်သွယ်နိုင်ပါတယ်။

    M-Media မြန်မာပိုင်း =>http://www.m-mediagroup.com/

    M-Media အင်္ဂလိပ်ပိုင်း =>http://www.m-mediagroup.com/en/

    M-Media ကိုယ်ပွားဘလော့ဂ် =>http://mmedianews.blogspot.com

    ဆက်သွယ်ရန် [email protected]

    M-Media စာဖတ်ပရိတ်သတ်အတွက် အစဉ်မပြတ်ကြိုးစားလျက်

    M-Media ဝိုင်းတော်သားများ

  • မန္တလေးမှ အကြမ်းဖက်မှု ဖြစ်စဉ်အား Asian Muslim Action Network (AMAN) မှ ကြေညာချက်ထုတ် ရှုတ်ချ

    ဇူလိုင် ၁၂ ၊ ၂၀၁၄
    M-Media

    ဇူလိုင်လ ဆန်းပိုင်းတွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် လုပ်ရပ်များနှင့် ပတ်သက်ပြိး Asian Muslim Action Network (AMAN) မှ ကြေညာချက် တစောင်ကို ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

    Asian Muslim Action Network (AMAN) အဖွဲ့ဟာ မွတ်စလင် နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များ၊ တက်ကြွ လှုပ်ရှားသူများဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ပြီး အာရှတိုက်မှ အဖွဲ့ ဝင် ၁၇ နိုင်ငံရှိကြောင်း သိရှိပါတယ်။

    LOGO_Asian_Muslim_Action_Network

    Asian Muslim Action Network (AMAN) ရဲ့ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    – မြန်မာနိုင်ငံသည် နှစ်ကာလကြာရှည်စွာ မတူညီသော ယဉ်ကျေးမှုများ၊ ဘာသာတရားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော ဓလေ့ရှိသည့် နိုင်ငံအဖြစ် သိကြလေသည်။ သို့သော်လည်း တင်းမာမှုများ သည်မခံမှုများမြင့်တက်လာပြီး ရမ်းကားသည့် အကြမ်းဖက်မှုလုပ်ရမ်များအထိ ဦးတည်လာခဲ့သောကြောင့် မကြာသေးမီနှစ်များအတွင်း  ဤဓလေ့မှာ အန္တရာယ်ရှိလာခဲ့လေသည်။ ဤလုပ်ရပ်များ၏ ရလဒ်က အသက်ခန္ဓာများ မလိုအပ်ဘဲ ဆုံးရှုံးရခြင်း၊ နေထိုင်ရာအဆောက်အဦးများ၊ ပိုင်ဆိုင်မှုများ ပျက်ဆီးရခြင်းနှင့် အသက်ရှင်ရပ်တည်မှု အခြေအနေများ ဆုံးရှုံးရခြင်းပင်ဖြစ်၏။

    ရခိုင်ပြည်နယ်တွင် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ပဋိပက္ခများ ကြာရှည်စွာ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ရိုဟင်ဂျာအများအပြား အသက်ဆုံးရှုံးခဲ့ရပြီး၊ ထောင်ပေါင်းများစွာမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရလေသည်။ ထိုရိုဟင်ဂျာများမှာ အိမ်နီးချင်းများနှင့် ငြိမ်းချမ်းစွာနေထိုင်ခွင့်ကိုသာ တောင်းဆိုကြသူများဖြစ်လေ၏။

    ယခုအချိန်တွင်တော့ အဆိုပါပဋိပက္ခက မြန်မာနိုင်ငံ၏ အခြားသော အစိတ်အပိုင်းများသို့ပါ ပြန့်နှံ့ခဲ့လေသည်။ မကြာသေးမီက မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးရှိ လူနည်းစု အသိုင်းအ၀ိုင်းမှာ ထပ်မံဖြစ်ပွားခဲ့သည် အကြမ်းဖက်မှုများ၏ သားကောင်ဖြစ်ခဲ့လေသည်။ အသက်ဆုံးရှုံးခြင်း၊ နေအိမ်အဆောက်အဦး မီးရှို့ ဖျက်ဆီးခံရမှုများလည်း ရှိခဲ့သည်။ ထိုအထဲမှ အချို့အဖြစ်အပျက်များမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များရှိနေလျက်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ၎င်းတို့ကတော့ အခြေအနေကို တည်ငြိမ်အောင် မထိန်းသိမ်းခဲ့ပေ။

    ထို အကြမ်းဖက်လုပ်ရပ်များကို AMAN က ပြင်းပြင်းထန်ထန်ရှုတ်ချသည်။ ထိုရက်စက်ယုတ်မာမှုများကို သက်ဆိုင်သည့်အာဏာပိုင်များက မဆိုင်းမတွ အရေးယူရန်နှင့် ထိုအဖြစ်ပျက်များအား ထပ်မံမဖြစ်ပွားရေးအတွက် တားဆီးရန် ကျွန်ုပ်တို့မှ တိုက်တွန်းသည်။ လူမျိုးနှင့် ကိုးကွယ်ရာဘာသာတရားကို ဂရုမထားဘဲ နိုင်ငံသားအားလုံး၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရေးကို ဆောင်ရွက်ပေးရန်မှာ အစိုးရ အာဏာပိုင်များ၏ တာဝန်ပင်ဖြစ်သည်။ အစွန်းရောက်ဝါဒနှင့် သည်းမခံမှုများ မြန်မာနိုင်ငံတွင် ကြီးထွားလာခြင်းကို မြန်မာအစိုးရ အာဏာပိုင်များက အရေးယူရန် ပျက်ကွက်ခြင်း၊ လျစ်လျူရှုထားခြင်းတို့အတွက် ကျွန်ုပ်တို့မှ စိုးရိမ်မိသည်။

    မည်သို့ပင်ဖြစ်စေ ထိုကိစ္စရပ်များအား ဖြေရှင်းရန် လူ့အဖွဲ့အစည်းအခြေပြု ကြိုးပမ်းမှုများ တိုးပွားလာခြင်းကို ကျွန်ုပ်တို့မှ တိုက်တွန်းအားပေးသည်။ အထူးသဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ပြုလုပ်နေသည့် ဘာသာပေါင်းစုံပွဲများပင်ဖြစ်သည်။ ထိုပွဲများအား မန္တလေးမြို့တွင် မကြာသေးမီက အများအပြားပြုလုပ်ခဲ့သေးသည်။ ထို့ပြင် ဘာသာရေးနှင့် လူမျိုးရေး သဟဇာတဖြစ်မှုကို ထိန်းသိမ်းကာ အတူယှဉ်တွဲနေထိုင်မှုကို ပြင်းပြင်းထန်ထန်ယုံကြည်သော သူများ ကြိုးပမ်းနေကြသည့် ဘာသာပေါင်းစုံပွဲများကို အားပေးထောက်ခံရန် ကြီးကြီးမားမား လိုအပ်သည်ဟု ကျွန်ုပ်တို့က ရှုမြင်သည်။ မိမိတို့လူ့အဖွဲ့အစည်း တိုးတက်မှုအတွက် ငြိမ်ချမ်းရေးကို ထိန်းသိမ်းထားရန် ပြည်တွင်းရှိ လူ့အသိုင်းအ၀ိုင်းများ၏ အကျိုးပင်ဖြစ်သည်ဟု ကျွန်ုပ်တို့မှ ယုံကြည်သည်။

    ထို့ကြောင့်ပင် မြန်မာနိုင်ငံအတွင်း လူနည်းစုများ၊ အထူးသဖြင့် ဘာသာရေးအရ သည်းမခံမှုများကို ပြင်းပြင်းထန်ထန် ခံစားနေရသော မွတ်စလင် လူနည်းစုများအား ပစ်မှတ်ထားကာ ဖြစ်ပွားနေစဲဖြစ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မြန်မာအစိုးရက မဆိုင်းမတွ ထိထိရောက်ရောက် အရေးယူရန် ကျွန်ုပ်တို့မှ တောင်းဆိုလိုက်သည်။ ထို့ပြင် အစွန်းရောက်ဝါဒအား တားဆီးရန်၊ တွေ့ဆုံဆွေးနွေးမှုများ၊ ရင်ကြားစေ့ရေးနှင့် လူမျိုးနှင့် ဘာသာအယူ သက်ဝင် ယုံကြည်မှုတို့ကို ထည့်မတွက်ဘဲ နိုင်ငံသားများ အားလုံးအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရာတွင် အစိုးရ၊ အခြားသောသက်ဆိုင်သည့် နိုင်ငံရေးပါတီအားလုံး အတူတကွလုပ်ဆောင်ရန် ကျွန်ုပ်တို့မှ တိုက်တွန်းသည်။

    ကြာရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်သည့် ငြိမ်းချမ်းရေးအတွက် ဒေသတွင်း အဖွဲ့အစည်းများက ဆောင်ရွက်နေသည့် အားထုတ်မှုများကို အားပေးထောက်ခံရန်အတွက် မြန်မာနိုင်ငံနှင့် ဒေသအတွင်းရှိ ဘာသာရေးကိုအခြေပြုသောကွန်ယက်များ အတူတကွဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့မှ ဖိတ်ခေါ်လိုက်ပါသည်။

  • သတင်းသမားများ ခြိမ်းခြောက်ခံရမှု အတွက် အရေးယူဆောင်ရွက်ပေးဖို့ MPC နှင့် MJN တို့ ကြေညာချက်ထုတ်

    ဇွန် ၁၀၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။ ။ လတ်တလောအခြေအနေတွင် သတင်းသမားများ ခြိမ်းခြောက်ခံရမှုနှင့် ပတ်သက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) MPC နှင့် မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ယက် MJN တို့က ဇူလိုင်လ ၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    “ဇူလိုင်လ ၁ ရက်နေ့က မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် သတင်းရယူခဲ့သော သတင်းထောက်များ အပေါ် ခြိမ်းခြောက်မှုများရှိခဲ့သောကြောင့် အခုလို ကြေငြာချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

    ပဋိပက္ခဖြစ်ရာနေရာ၊ ဆန္ဒပြရာနေရာနေရာ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ မီဒီယာသမားများအနေနှင့် သတင်းရယူရာတွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ကာကွယ်စောင့်ရှောက်မှုအား တောင်းခံခွင့် ရှိစေကြောင်း သတင်းမီဒီယာ ဥပဒေတွင် ပြဌာန်း ထားကြောင်း သိရပါတယ်။

    ယင်းဥပဒေကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးရန် အတွက် အဖွဲ့နှစ်ဖွဲ့မှ တောင်းဆို လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

    သတင်းသမားများကိုခြိမ်းခြေက်မှုရှိနေသည့်အပြင် သတင်းဌာနများသို့လည်း ခြိမ်းခြောက်မှုများရှိနေကြောင်း သိရသည်။ ဇွန်လ ၆ ရက်နေ့တွင် 7 Day သတင်းစာသို့ Email ဖြင့် ခြိမ်းခြောက်စာများ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

    မြန်မာဂျာနယ်လစ်ကွန်ရက် ၏ ထုတ်ပြန်ကြေညာချက်မှာ အောက်ပါအပိုင်းဖြစ်ပါတယ်။

    journalist conyat

  • မန္တလေး အကြမ်းဖက်မှု ဖြစ်စဉ်တွင် ပျက်ဆီးမှုများ အစိုးရ တာဝန်ခံ လျော်ပေးရန် UNC ပါတီ တောင်းဆို

    ဇူလိုင် ၃ ၊ ၂၀၁၄
    M-Media
    .သီဟ

    ဇူလိုင်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့ ည များတွင် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC ) မှ ကြေညာချက် တစ်စောင် ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

    ကောလဟာလ သတင်းထုတ်လွှတ်ခြင်း ၊ အွန်လိုင်းတွင် လုပ်ကြံသတင်းခြင်းတို့ကို အကြောင်းခံကာ အုပ်စုဖွဲ့ ၍ တိုက်ခိုက် အကြမ်းဖက်ခြင်းသည် အကျင့်ပါခေါက်ရိုးကျိုး လုပ်ရပ်ဖြစ်နေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နိုင်ငံသားများ အသက်၊ အိုးအိမ်၊ ဥစ္စာပစ္စည်း ဂုဏ်သိက္ခာ၊ လွတ်လပ်မှုတို့ကို ကာကွယ်ရန် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတိုင်းတွင် တာဝန်ယူမှု ပျက်ကွက်သည့် အစိုးရအဖွဲ့အစည်း များအား အပြင်းအထန်ရှုတ်ချကြောင်း၊ ယင်းတာဝန်ကို မပျက်မကွက် ထမ်းဆောင်ရန် အလေးအနက်တောင်းဆိုကြောင်း၊ ပြစ်မှုကျူးလွန်သူများကို အရေးယူ၍ တရားဥပေဒစိုးမိုးရေး ဆောင်ကျဉ်းပေးရန် နှင့် ပျက်ဆီး ဆုံးရှုံးမှုတန်ဖိုးကို အစိုးရ တာဝန်ခံ လျော်ပေးရန် တောင်းဆိုချက်တွေ ကြေညာချက်တွင် ပါရှိပါတယ်။

    ကြေညာချက်အပြည်အစုံကို ပူးတွဲပါ ပုံတွင်ဖတ်ရှုနိုင်ပါသည်။

    UNC 3

     

  • အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်မှုအတွက် အရေးယူပေးရန် သမ္မတ ဦးသိန်းစိန်သို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက စာပို့တောင်းဆိုထား

    အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်မှုအတွက် အရေးယူပေးရန် သမ္မတ ဦးသိန်းစိန်သို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက စာပို့တောင်းဆိုထား

    ဇူလိုင် ၂၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ဇူလိုင်လ ၁-ရက်နေ့ညပိုင်းက စတင်ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုအသွင်ဆောင်သည့် အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားရန် လှုံ့ဆော်ခဲ့ပြီး အစ္စလာမ် သာသနာဝင်များ၏ ဗလီဝတ်ကျောင်းတော်များ၊ နေအိမ်ဆိုင်ခန်းများ၊ ဥစ္စာပစ္စည်းများအား တည်ဆဲဥပဒေများ ချိုးဖောက်ကာ
    လူစုလူဝေးဖြင့် အကြမ်းဖက်မှု အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ယနေ့ ဇူလိုင်လ (၂)ရက် နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန်ထံ အကြောင်းကြားစာ  တစ်စောင် ပေးပို့လိုက်ကြောင်း သိရပါတယ်။

    ၎င်းကိစ္စနှင့်စပ်လျဉ်း၍ မည်သို့ ဆက်လက်ဆောင်ရွက်သွားရန် ရှိပါသလဲလို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသို့ ဆက်သွယ်မေးမြန်းရာ “(၁) အချက်ကတော့ အခုဖြစ်ပျက်နေတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အစ္စလာမ်သာသနာဝင်တွေဟာ အခုက ရမသွာန်လလည်းဖြစ်တယ်။ အခုအချိန်အခါမှာ ဒီလိုဖြစ်ရတဲ့အတွက် စိတ်မချမ်းမြေ့မှုဖြစ်ရတယ်။ (၂) အချက်ကတော့ အရင် ၃-၄ ရက်က facebook မှာပါနေတဲ့သတင်းလေးတစ်ပုဒ်ကြောင့် ဒီလိုဖြစ်ပျက်လာတာဟာ ကြိုတင်ကာကွယ်မှု လိုတယ်၊ မနေ့က အချိန်ကာလကို ကြည့်လိုက်မယ်ဆိုရင် ထိထိမိမိတားဆီးမှု
    မတွေ့ရဘူးတဲ့အတွက် အဲ့ဒီကိစ္စတွေအပေါ် စိုးရိမ်မကင်းဖြစ်နေရတယ်။ အဲ့ဒီအတွက် ဥပဒေအတိုင်း ကျောသားရင်သား မခွဲခြားပဲနဲ့ အကာအကွယ်ပြုပေးဖို့ သမ္မတကြီးကို အန်ကယ်လ်တို့က အသိပေးလိုက်တယ်။ သက်ဆိုင်ရာ ၀န်ကြီးချုပ်ကိုလည်း အသိပေးလိုက်တာပါ။ ဒါက ပထမအဆင့်ပါ။ ဒုတိယအဆင့်အနေနဲ့ လိုအပ်ရင် လိုအပ်သလို အန်ကယ်လ်တို့ အဖွဲ့(၅)ဖွဲ့အနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေအထိ ချဉ်းကပ် ဆွေးနွေးဖို့လည်း ရှိပါတယ်။ ဒါလေးတွေ လုပ်သွားမှာပါ”လို့ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မအဖ) အတွင်းရေးမှူး ဟာဂျီ ဦးကျော်ခင်က
    ဖြေကြားခဲ့ပါတယ်။

    အဆိုပါ ပန်ကြားစာတွင် ယခုကာလသည် အစ္စလာမ်သာသနာဝင်များ၏ ရမသွာန် (ဥပုသ်)လ အခါသမယဖြစ်ပြီး သာသနာ့အဆုံးအမနှင့်အညီ ၀တ်ပြုဆုတောင်းခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ် အလှူဒါပြုခြင်းများကို တည်ငြိမ်စွာ ဆောင်ရွက်နေကြသည့် အချိန်ကာလဖြစ်ပြီး ၎င်းကာလအတွင်း facebook တွင် ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်အား အကြောင်းပြု၍ တည်ဆဲဥပဒေအား ချိုးဖောက်ကာ အစ္စလာမ်သာသနာဝင်များ၏ ဗလီဝတ်ကျောင်းတော်များ၊ နေအိမ် ဆိုင်ခန်းများ၊ ဥစ္စာပစ္စည်းများကို လူစုလူဝေးဖြင့် အကြမ်းဖက်မှုဖြစ်ပွားလာသဖြင့် အစ္စလာမ်သာသနာဝင်များ စိတ်ထိခိုက်ကြေကွဲ စိုးရိမ် ရကြောင်းနှင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် နိုင်ငံတော်သည် အသိအမှတ်ပြုထားသော သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟူသည့် ပြဋ္ဌာန်းချက်နှင့်အညီ အစ္စလာမ်သာသနာဝင်များအား အကြမ်းဖက်နေမှုများကို တည်ဆဲဥပဒေများအရ ထိရောက်စွာ ဟန့်တားအရေးယူ ဆောင်ရွက်ပေးရန် အလေးအနက် ပန်ကြားကြောင်း တွေ့ရှိရပါတယ်။