News @ M-Media

Category: ဆောင်းပါး

  • မြန်မာ မွတ်စလင်မ်များ ကိုယ်ညံ့ကိုယ်ခံလို့ ပဲ ပြောရလေမယ်

    မြန်မာ မွတ်စလင်မ်များ ကိုယ်ညံ့ကိုယ်ခံလို့ ပဲ ပြောရလေမယ်

    ဇူလိုင် ၁၃၊ ၂၀၁၃
    ဆောင်းပါးရှင်- ဇက္ကရီယာ

    opinion

    မြန်မာပြည် ပွင့်လင်းလာပြီဆိုတဲ့ အချိန်ရောက်တော့မှ မွတ်စလင်မ်တွေ ပက်ပက်စက်စက်ခံ လိုက်ရတယ်။ အရင်က ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေရှိပေမယ့်၂၀၁၂ မတိုင်ခင်ကစခဲ့တဲ့ မွတ်စလင်မ် ဆန့်ကျင်ရေးဟာ ကျနော်တို့ ဖြတ်သန်းလာတဲ့ သက်တမ်းတလျှောက် အဆိုးဆုံးဖြစ် တယ်။ ဗမာတွေ ဗုဒ္ဓဘာသာတွေကိုချည်း အပြစ်တင်နေရင်တော့ မှားပြီးရင်း ထပ်မှားရင်းဖြစ် အုံးမယ်။ ခုချိန်မှာ ဘယ်သူမပြု မိမိမှုတို့ မပြောချင်ပေမယ့် ကိုယ်ညံ့ကိုယ်ခံလို့ တော့ ပြောရလိမ့် မယ်။

    ဟုတ်ပါတယ်။ ခုခံနေရတာ မြန်မာမွတ်စလင်မ်တွေ ကိုယ်တိုင်က ညံ့လို့ ပါ။ ပြဿနာရှိနေမှန်း သိရဲ့၊ ခံရတော့မယ့် အရိပ်တွေ ရှိနေပါလျက် ကိုယ့်ဖက်က ဘာမှ ပြင်ဆင်မထားလို့ ပါ။ အဓိက အကြောင်းအရာကို မပြောခင် ဘာမှ ပြင်ဆင်မထားလို့ ဆိုပြီး ထောက်ပြတာကို မကျေနပ်တဲ့ မြန်မာမွတ်စလင်မ်တွေ ရှိတယ်ဆိုရင် မေးချင်ပါတယ်။ ဘာတွေပြင်ဆင်ထားသလဲလို့ ။ မွတ်စလင်မ် တွေအတွက် ရှေ့ တန်းက ရပ်တည်ပေးမယ့် ပြတ်ပြတ်သားသား သတ္ထိရှိရှိ ရပ်တည်ပေးမယ့် ခေါင်း ဆောင်ကောင်းတွေ၊ နိုင်ငံရေး တိုက်စစ်မှုးတွေ၊ နိုင်ငံရေးဗျူဟာမှူးတွေရှိရင် ပြကြည့်ပါ။ မြန်မာ မွတ်စလင်မ် အခွင့်အရေးကို သမိုင်းနဲ့ ချီကိုင်ပြီး တိုက်မယ့် ပညာရှင်တွေရှိရင် ပြကြည့်ပါ။ ပါလေရာ ပညာရှင် ၂ ယောက် ၃ ယောက်အပြင် ရှိသေးရင် ပြကြည့်ပါ။ သုတေသီတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ အစိုးရဌာနတွေကို လာဘ်ထိုးပြီး ပါးယက် နားယက် မဟုတ်ဘဲ နိုင်ငံရေးအရ ဥပဒေရေးရာအရ ပြောနိုင်ဆိုနိုင် ထိုးဖောက်နိုင် စိန်ခေါ်နိုင်တဲ့ လူတွေရှိရင် ပြကြည့်ပါ။ မဟုတ်က ဟုတ်ကလည်းရေး၊ မွတ်စလင်မ်တွေ နာမည်ဆိုး မရရအောင် ရတဲ့နည်းတဲ့ လုပ်ကြံတဲ့ သတင်းဌာနတွေကို ချေပရုံတင်မက တွန်းလှန်နိုင်တဲ့၊ ပြည်သူတွေဆီကို သတင်းမှားကို မှား နေတဲ့အကြောင်း ဖြတ်ခနဲ  ဖြတ်ခနဲ ဆော်ပလော်တီးနိုင်တဲ့ မြန်မာမွတ်စလင်မ် မီဒီယာရှိရင်၊ သတင်းစာရှိရင်၊ ဂျာနယ်ရှိရင်၊ FM ရေဒီယိုရှိရင်၊ အင်တာနက် တီဗွီ ဗီဒီယို များရှိရင် ပြကြည့်ပါ။ မဟုတ်တာကို မဟုတ်တဲ့အကြောင်း၊ မတရားတာကို မတရားတဲ့အကြောင်း ရဲရဲဝံ့ပြောတဲ့ နိုင်ငံရေးသမား ရှိရင်ပြကြည့်ပါ။ ရဲရဲဝံ့ဝံ့ နိုင်ငံရေးသမား မပြောနဲ့  နိုင်ငံရေးသမားဆိုတာရှိရင် ပြကြည့်ပါ။ မြန်မာ မွတ်စလင်မ်ကိုတော့ တကျွန်း အပါအ၀င် ထောင်ဒဏ်နှစ်ရှည်ချ၊ တခြားလူတွေ တော့ ၂ နှစ်ချတဲ့ မတရားမှုကို မတရားပါဘူးဆိုပြီး ရဲရဲထပြောတဲ့ ရှေ့ နေတွေ မွတ်စလင်မ် ရှေ့နေအဖွဲ့  တွေရှိရင် ပြကြည့်ပါ။ အနုပညာရှင်တွေက ရုပ်ရှင်မှာ တမျိုး၊ သီချင်းမှာတမျိုး၊ ကာတွန်းမှာတမျိုး၊ ၀တ္ထုမှာတမျိုး မွတ်စလင်မ်ကို ပြောင်ချင်တိုင်းပြောင် လှောင်ချင်တိုင်း လှောင်တာကို ပြန်တုန့် ပြန်တဲ့ မြန်မာ မွတ်စလင်မ် အနုပညာနဲ့  အနုပညာရှင်ဆိုတာရှိရင်ပြပါ။

    ဘာရှိလဲ။ ဘာမရှိဘူး။ ခေါင်းဆောင်မရှိဘူး၊ အဖွဲ့ မရှိဘူး။ ဗျူဟာမရှိဘူး။

    အဖွဲ့ ကြီးဆိုတာတွေတော့ရှိတယ်။ လူတိုင်းအသိမလို့ ထည့်မပြောတော့ဘူး။

    ကိုယ့်ဖက်က ဘာမှ ပြင်ဆင်မထားဘူးဆိုတာ ဒါကိုပြောတာ။ ခေါင်းဆောင်လုပ်ချင်တဲ့လူရယ်၊ နည်းနည်းဆို ဖသွဝါထုတ်ချင်တဲ့ခေါင်းဆောင်ရယ်၊ အလုပ်လုပ်ဖို့ ထက် နေရာလုပြီး ကွဲပြဲကြတဲ့ဇာတ် လမ်းရယ်။ ဒါတွေက မြန်မာမွတ် စလင်မ်တွေရဲ့  မော်ဒန်သမိုင်းပဲ မဟုတ်ဘူးလား။

    အဓိက အကြောင်းအရာကို ဆက်ရရင် ၇၈၆ ဆိုတာ ၂၁ ရာစုမှာ မြန်မာကို အပြီးသတ် လွှမ်း မိုးဖို့ ကြံထားတဲ့ အကြံအစည်ဖြစ်တယ်ဆိုပြီး စွပ်စွဲချက်တွေက မနေ့ တနေ့ ကမှ ထွက်လာ တာမဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက ကြားဖူးနေတယ်။ အမျိုးပျောက်မှာစိုးကြောက်စရာဆို တာလာလည်း ပြန့်နေတာကြာပြီ။ ကုလားတွေ မိန်းမ ၄ ယောက်ယူတယ်ဆိုပြီး လိုရာဆွဲပြော တာတွေ၊ ဒါတွေက ဆယ်စုနှစ်တွေနဲ့ ချီကြာပြီးရှိနေတာ။ ဒါပေမယ့် မြန်မာ မွတ်စလင်မ်တွေ ဖက်က ဘာမှ မတုန့် ပြန်ခဲ့သလို  ဘာမှလဲပြင်ဆင်ထားတာမရှိဘူး။ မွတ်စလင်မ် ဆန့် ကျင်ရေး ဟိုးလေးတကျော် ဖြစ်လာတော့မှ အလူးအလဲ ကောက်ရေးကြတာ။ ဒါတောင် ရေးတဲ့လူ (ရေးနိုင်တဲ့လူ)၊ လူရှေ့ ထွက်ပြောနိုင် (ပြောရဲ) တဲ့လူက ၅ ယောက်ထက်မပိုဘူး။ မွတ်စလင်မ် ၁၀ ရာခိုင်နှုန်းလို့ တော့ပြောတယ်၊ မွတ်စလင်မ်တွေအတွက် နိုင်ငံရေးအရ ရှေ့ တန်းက ရေးနိုင် ရေးရဲ ပြောနိုင် ပြောရဲတဲ့လူ ၅ ယောက်မပိုတာ ဘာကြောင့်လဲ။ (အာချောင်တဲ့ လူတွေကို ထည့်မတွက်ပါ)။

    နှစ်ပေါင်းများစွာရှိလာတဲ့ သံသယနဲ့  စွပ်စွဲမှုကို ဘာမှ တုန့် မပြန်ခဲ့ဘူး။ အတွန့် တက်ချင် တက်ပါလိမ့်မယ်၊ စစ်အစိုးရခေတ်မှာ ဘာများလုပ်လို့ ရလဲဆိုပြီး။ ဒါဆို တခြား အဖွဲ့ အစည်း တွေက ဘယ်က ဘယ်လို ပေါ်လာတာလဲ။ တိုင်းရင်းသားတွေက တောထဲမှာ စစ်တပ်ထောင် ထားသလို မြို့ ထဲမှာလဲ ခရစ်ယာန်ကျောင်းတွေမှာ ရုံးခန်းတွေဖွင့်ထားတယ်။ လူမှုရေး၊ ဖွံ့ ဖြိုး ရေးနဲ့ တွဲပြီး တိုင်းရင်းသားအရေး၊ နိုင်ငံရေးလုပ်တယ်။ လူငယ်အဖွဲ့ တွေဖွဲ့ တယ်။ ကျောင်း တွေထောင်တယ်။ ခုဆိုရင် ရန်ကုန်မှာ ကောလိပ်တောင်ရှိနေပြီ မဟုတ်ဘူးလား။ လူကြီးအဖွဲ့ တွေက သူတို့ ကို ကျောထောက်နောက်ခံပေးဖို့  လူငယ်အဖွဲ့ တွေ နယ်လှည့်ဖွဲ့ ၊ ငွေထုတ် ပေး၊ ဒါမှမဟုတ် နိုင်ငံခြားငွေရှာပေးတယ်။ ဘာသာရေး ခေါင်းစဉ်အောက်ကနေ ရရင် ရသလို နိုင်ငံသား အခွင့်အရေး တိုင်းရင်းသား အခွင့်အရေးတောင်းဖို့ ကြိုးစားတယ်၊ လူထုအခြေပြု အဖွဲ့ အစည်း၊ အမျိုးသမီး အဖွဲ့ အစည်းတွေဖွဲ့ တယ်၊ ခေါင်းဆောင်ငယ်တွေပေါ်လာအောင် ကြိုးစားတယ်။ မြန်မာမွတ်စလင်မ်တွေက အဲ့ဒီအဖွဲ့ တွေလို ကြိုးစားရမှန်း၊ အားကျရမှန်း၊ အတုယူ သင့်မှန်း သိပုံမရ။

    မြန်မာမွတ်စလင်မ်တွေ အတွက် နိုင်ငံရေးလှုပ်ရှားတဲ့ အဖွဲ့ ဆိုတာ ရှိရင်ပြပါ။ လွတ်လပ်စွာ ကိုးကွယ်ခွင့် အခွင့်အရေးကို နိုင်ငံရေးအရ တောင်းဆိုတဲ့ လှုပ်ရှားမှုကို ပါတီနိုင်ငံရေးနဲ့ မကွဲပြားတာကို မသိတဲ့ မြန်မာ မွတ်စလင်မ် လူကြီးတွေ အများကြီး ရှိနေသေးတာ တွေ့နေရတယ်။

    ကရင်လူငယ်၊ ချင်းလူငယ်၊ ကချင်လူငယ် ဆိုပြီး တစုပြီး တစု တွေ့ တွေ့ နေရတယ်။ ပွင့်လင်း သွားပြီဆိုတော့ အရင်က တီဗွီသတင်းမှာတွေ့ ဖူးတဲ့ တိုင်းရင်းသား လူငယ်တွေကို ရန်ကုန်မှာ ဟိုနားတပွဲ ဒီနားတပွဲမှာတွေ့ ရတယ်။ လူတွေများသလို အဖွဲ့ တွေလဲ မှတ်လို့ မနိုင်အောင်။ မွတ်စလင်မ်လူငယ်တွေကို ဘယ်နေရာမှာမှ မတွေ့ ဘူး။ မွတ်စလင်မ် ကောင်လေး ကောင်မလေးတွေ တခါတလေ တွေ့ တယ်။ လာတယ်၊ နားထောင်တယ်၊ ပြီးရင်ပြန်တယ်။ စကားပြော ကြည့်ရင် အဖွဲ့ နာမည်တွေတော့ပြောတယ်၊ နာမည်ကြီးကြီးအဖွဲ့  (တခြားအ ဖွဲ့ တွေနဲ့ ရင် ဘောင်တန်းနိုင် တဲ့) အဖွဲ့ ဆိုတာ သတိမထားမိသေးဘူး။

    မီဒီယာလိုတယ်ဆိုပြီး ပြောသံတွေကြားတယ်။ ရှေ့ နောက်မဆိုင်းဆိုသလို ၃ ခုလောက် ထွက် လာတယ်။ အသံတွေက ကြားရတယ်၊ ရေဒီယိုလိုတယ် တီဗွီလိုတယ်ဆိုပြီး။ အဲ့ဒီလိုပြောတဲ့ လုပ်ငန်းရှင်တွေကို မေးကြည့်ပါတယ်။ လိုအပ်တယ်ဆိုရင် ခင်ဗျားတို့ လုပ်ပါလားလို့ ။ စီးပွား ရေးတဖက်ကြောင့် ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုတာက ဇာတ်တိုက်ထားတဲ့ အဖြေတခု။ ဒါဆို ရှိ ပြီးသား မီဒီယာတွေကို ထောက်ပံ့ပြီး လုပ်ခိုင်းပါလားဆိုတော့ အင်ရှာအလ္လာဟ်ဆိုပြီး ရပ်သွား တယ်။ မကြာမကြာတွေ့ လို့ ခင်ဗျားတို့  မြန်မာ မွတ်စလင်မ် မီဒီယာတွေကို ဆက်သွယ်ဖြစ်လားဆို တော့ အင်ရှာအလ္လာဟ်က အဖြေတမျိုး၊ လိပ်စာသိရင် ပေးခဲ့ပါဆိုတာက နောက်တမျိုး။ အပြစ် မပြောလိုပါ။ ကိုယ့်ငွေနဲ့ ကိုယ် ကိုယ့်သဘော မဟုတ်ပေဘူးလား။

    နိုင်ငံရေးသင်တန်း၊ မီဒီယာသင်တန်း၊ ခေါင်းဆောင်မှုသင်တန်း စသဖြင့် သင်တန်းတကာ လျှောက်သွားဖြစ်တယ်။ မြန်မာ မွတ်စလင်မ် ကလေးတွေ မတွေ့ ဘူး။ မြန်မာမွတ်စလင်မ် ကလေးတွေ မတွေ့ တော့ သင်တန်းလုပ်တဲ့ အဖွဲ့ တွေကို အကြံပေးပါတယ်။ မြန်မာမွတ်စလင်မ် ကလေးတွေကို လည်း ထည့်စဉ်းစားပေးဖို့ ။ အမြဲလိုလိုကြားရတဲ့ အဖြေက မွတ်စလင်မ် ကလေး တော်တော် များများက အင်္ဂလိပ်စာအားနည်းတယ်၊ နိုင်ငံခြားသားကပေးတဲ့ သင်တန်းဆိုရင် အဆင်မ ပြေဘူးဆိုတာက တမျိုး၊ စကားပြန်ပေးတဲ့ သင်တန်းဆိုရင်တောင် အခြေခံမရှိထားတဲ့ အတွက် အဆင်မပြေဘူးဆိုတာကတမျိုး၊ နိုင်ငံရေးပါတီတွေနဲ့  လူထုအဖွဲ့ အစည်းမှာလုပ်နေတဲ့ လူငယ် တွေ ကို ဦးစားပေးတဲ့ သင်တန်းဖြစ်တော့ မွတ်စလင်မ်ထဲက လာလျှောက်ရင် အဖွဲ့ တွေက မဟုတ် တော့ ရွေးတဲ့အခါ အဆင်မပြေဖြစ်ရတယ်ဆိုတာက တမျိုး၊ သင်တန်းသားတွေ စုနေ စုစားရတဲ့အခါမှာ မွတ်စလင်မ်ကလေးတွေနဲ့ က အစားအသောက် အဆင်မပြေဘူးဆိုတာက တမျိုး။

    လူငယ်တွေနဲ့  စကားပြောတဲ့အခါ သတိထားပြီးမေးဖြစ်တယ်။ အထူးသဖြင့် နယ်ကလူငယ် တွေဆိုရင်ပိုဆိုးတယ်။ အင်္ဂလိပ်စာကမရ၊ ကွန်ပျူတာကမတတ်၊ ကျောင်းကမပြီး၊ လူကြီးတွေ နဲ့  အလိုက်အထိုက်က မဆက်ဆံတတ်၊ အ၀တ်အစားက မသေမသပ်၊ အဖွဲ့ အစည်းတွေမှာ လည်း လုပ်နေတာမရှိ။ ဒီလိုအခြေအနေမှာ ဘယ်သင်တန်းတွေက လက်ခံမလဲ။

    ကိုယ်တိုင်ကလည်းဘာမှ လုပ်မထားဘူး၊ သူများနဲ့ ကပ်ဖို့ ကျတော့လည်း အခြေအနေတွေက အဆင်မပြေဘူး။

    ရှင်းရှင်းပြောရရင်တော့ မြန်မာ မွတ်စလင်မ်တွေအနေနဲ့  ပြဿနာဖြစ်ရင် ထိထိရောက်ရောက်ရင်ဆိုင် ဖို့  ဘာမှလုပ်ထားတာမရှိဘူး။ နိုင်ငံခြားလွှတ် စကောလားရှစ်ပေးရုံနဲ့  မွတ်စလင်မ် အရေးလုပ် တယ် ဆိုပြီး ကျေနပ်နေရင် ထပ်မှားအုံးမယ်။

    အဓိက လိုအပ်တာ နိုင်ငံရေး၊ လူမှုရေး၊ ဥပဒေ ရေးရာတွေမှာ ဦးဆောင်မှုပေးနိုင်တဲ့ စင်ပေါ် တက်မဲ့ခေါင်းဆောင်သစ်တွေ မွေးထုတ်ဖို့ ၊ စင်အောက်ကနေ စင်နောက်ကနေ ဦးဆောင်မယ့် ခေါင်းဆောင်တွေ မွေးထုတ်ဖို့ ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ဗျူဟာပိုင်းဆိုင်ရာ သုတေသနဆိုင် ရာတွေမှာ ဦးဆောင်မှုပေးဖို့  ခေါင်းဆောင်သစ်တွေ မွေးထုတ်ဖို့ ။ ဒါတွေဖြစ်လာဖို့ ကျောင်း၊ သင်တန်း၊ ဆရာ ဆရာမ၊ သင်ရိုး စတာတွေပြင်ဆင်ဖို့ ၊ သင်ကြားထားဖို့ ၊ တနည်းပြောရရင် Institution building  ရှိဖို့ လိုတယ်။

    ဘာမှမရှိလေတော့ ခုလိုဖြစ်လာတဲ့အခါ ဘာမှ မတတ်ကြဘူး။ အချိန်ရှိတဲ့အခိုက်မှာ ဖသွဝါ တွေပေးရင်း၊ လိုင်းတွေကွဲရင်း၊ နေရာတွေလုရင်း၊ ဘတပြန် ကျားတပြန် ချရင်း အချိန်တွေ ဖြုန်းခဲ့ကြတယ်။ မွတ်စလင်မ်ကိစ္စ လုပ်ပြန်ရင်လည်း သာရေး နာရေးထက် မပိုတာများတယ်။ မြန်မာ မွတ်စလင်မ်တွေ အနာဂတ် လှူပါ၊ ငွေထည့်ဝင်ပါဆိုရင် သူတောင်းစားကို ကြည့်တဲ့ အကြည့်မ ဟုတ်ရုံတမယ်။ ရပ်ကွက်အလှူခံတို့  ဌာနဆိုင်ရာ အလှူခံတို့ ဆိုရင်တော့ မျက်နှာလိုမျက်နှာရ အားရပါးရ။ အပြစ်မပြောလိုပါ။ ကိုယ့်ငွေနဲ့  ကိုယ်မလို့  ကိုယ့်သဘောပါ။

    ဘာမှ ပြင်ဆင်မထားတဲ့အတွက် ကိုယ်ညံ့ကိုယ်ခံလို့ ပဲပြောချင်ပါတယ်။ ပြင်ဆင်မထား ဘာမှလုပ်မထားဆိုတာ ပြီးခဲ့တဲ့ နှစ် သုံးလေးဆယ်အတွင်းမှာ ဒုတ်ဆွဲ ဓားဆွဲ အစိုးရကို ပြန်မချလို့ ၊ မွတ်စလင်မ် မုန်းတီးရေး စာရေး စာဖြန့် နေသမားတွေကို ဒဲ့မရှင်းလို့ ဆိုပြီး ပြောနေတာမဟုတ်ပါ။ ခေါင်းဆောင်တွေ၊ အဖွဲ့ အစည်းတွေ၊ ကွန်ရက်တွေရှိမထားတာ၊ အဲ့ဒါတွေရှိပြီး လည်ပတ်ပေးမယ့် လူငယ်တွေမွေးထုတ်ပေးဖို့  ကျောင်းတွေ သင်တန်းတွေ မတည်ဆောက်ထားတာကို ပြောတာပါ။

    ဆက်ပြီး ညံ့နေအုံးမယ်ဆိုရင်တော့ သဘောပါ။ ဆက်တော့ ခံလိုက်ကြအုံးပေါ့ဗျာ။

    ** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

     

  • မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း

    မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း

    ဇူလိုင်-၁၃၊၂၀၁၃
    M-Media

    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)

    photo

    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။
    မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉၀၇ – ၁၉၄၇)

    Sou San Tun

    မိုင်းပွန်စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့မှ ၁၉၀၇ မေလ ၃၁ ရက်နေ့တွင် ဖွားမြင် ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်ပြီး မန္တလေး ပုလိပ် အတတ်သင်ကျောင်း တက်ခဲ့သည်။ ထို့နောက် ပုလိပ်အရာရှိ အဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား ဖြစ်လာပြီး မိုင်းပွန် စော်ဘွားကြီးဟူ၍ ဖြစ်လာသည်။ ၁၉၃၂ ခု တွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။

    ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့ပြီး အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံမျိုးစေ့များကို မှာယူခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီး၍ အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်ဝင်လာပြီးနောက် ထုတ်ပြန်ခဲ့သော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့်သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့်တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် ကြိုးပမ်းခဲ့သည်။ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားတစ်ဦး ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြုပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။

    မြန်မာ့လွတ်လပ်ရေး ဗိမ္မာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်းနေဆဲတွင် ထို့နောက် ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လုပ်ကြံခြင်းခံခဲ့ရသည်။ အကြမ်းဖက်သမားတို့၏ လုပ်ကြံမှုကြောင့် ဇူလိုင်လ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။ အခြား လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင်ကြီးများနှင့် အတူ ကျဆုံးခဲ့ရ သော အာဇာနည်တစ်ဦးဖြစ်သည်။

    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။

    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။

  • ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)

    ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)

    ဇူလိုင်-၁၃၊ ၂၀၁၃

    M-Media

    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)

    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။

    ဦးဘဝင်း (၁၉၀၁ – ၁၉၄၇)

    TNTUBaWinမကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ဦးဖာ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်သည်။ ငယ်နံမည်မှာ မောင်စံတင် ဖြစ်သည်။

    ငယ်စဉ်က နတ်မောက်မြို့ ဆရာကြီး ဦးဝကြီးကျောင်း၊ ဆရာသက်ကျောင်း၊ တောင်တွင်းကြီးမြို့ ဆရာတော် ဦးသုန္ဒရကျောင်းတို့၌ ပညာသင်ယူခဲ့သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ခဲ့သည်။ ၁၆ နှစ်တွင် ၉ တန်းနှင့်ဆရာဖြစ်စာမေးပွဲ အောင်မြင်ပါသည်။ အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ဦးဘ၀င်းသည် ၁၇ နှစ် အရွယ်တွင် ရေနံချောင်းမြို့ ဆရာဦးဟံသာကျောင်း၌ လက်ထောက်ဆရာ၊ ဘီအိုစီဂိုဒေါင် စာရေးအလုပ်များ လုပ်ကိုင်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။

    ထို့နောက် စာရေးအလုပ်မှထွက်ကာ မန္တလေး ဥပစာကောလိပ် သွားတက်သည်။ ဥပစာသိပ္ပံအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ် ဆက်တက်ပြန်ရာ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ်ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြဆရာအဖြစ်လုပ်ခဲ့သည်။ ယင်းနောက် ဖြူးမြို့ ကေအီးအမ် အမျိုးသားကျောင်းအုပ် အဖြစ် ဆောင်ရွက်ခဲ့၏။ ဆရာကြီး ဦးဘ၀င်းသည် ကိုလိုနီခေတ် နှောင်းပိုင်းကာလတစ်လျှောက် အမျိုးသားကျောင်းအုပ်ကြီး အဖြစ် အမှုထမ်းရင်း မျိုးချစ်စိတ်ပြင်းထန်သူ လူငယ်အများအပြားကို မွေးထုတ်ပေးခဲ့သည်။
    ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင်ခဲ့သည်။

    ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့တွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ် သမားတို့၏လုပ်ကြံသတ်ဖြတ်မှုကြောင့် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများနှင့် အတူ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင် ကျဆုံးခဲ့ရသည်။

     

    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။

    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။

  • ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ – ၁၉၄၇)

    ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ – ၁၉၄၇)

    ဇူလိုင်-၁၂၊ ၂၀၁၃
    M-Media

    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)

    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။

    ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ – ၁၉၄၇)

    Bogyoke Aung San

    မြန်မာနိုင်ငံသမိုင်း၏ ခေါင်းဆောင် မြန်မာသာမက ကမ္ဘာသူကမ္ဘာသားများ၏ ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းဟု တွင်ကျန်ရစ်ခဲ့မည့် ကလေးငယ်လေးတစ်ဦးအား မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ ဖခင် အမိန့်တော်ရ ရှေ့နေ ဦးဖာ နှင့် မိခင် ဒေါ်စု တို့မှ ၁၉၁၅- ခု၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ဖွားမြင်ခဲ့ပါသည်။ ဇာတာအရ အမည်မှာ မောင်ထိန်လင်း ဖြစ်ပြီး ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု အမည်တွင်ခဲ့သည်။ နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ ငယ်စဉ်က ပညာသင်ခဲ့သည်။ ၁၉၂၈-ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ခဲ့ သည်။ ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှပင် ၁၀-တန်းကို မြန်မာ၊ ပါဠိ ၂-ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့သည်။ ပညာရေးထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့သည်။ ထို့နောက်တွင် ရန်ကုန် တက္ကသိုလ်တွင် တက်ရောက်ပြီး ပညာဆက်လက်ဆည်းပူးခဲ့သည်။ ၁၉၃၅-၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာသည်။

    ထို့နောက် ကျောင်းသားသမဂ္ဂ၏ အိုးဝေ မဂ္ဂဇင်းတွင် အယ်ဒီတာ ဖြစ်လာခဲ့သည်။  တာဝန်ခံ အယ်ဒီတာအဖြစ် ကိုအောင်ဆန်းကိုယ်တိုင်တည်းဖြတ်ထုတ်ဝေနေသော အိုးဝေမဂ္ဂဇင်း (အတွဲ – ၅၊ အမှတ် – ၁) တွင် အင်္ဂလိပ်ကဏ္ဍ ပိုင်း၌ ဦးညိုမြသည် ယမမင်းကလောင်အမည်ဖြင့် The Hell Hound At Large (ငရဲခွေးကြီး လွတ်နေသည်) အမည်ရှိ စာတိုလေးကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒီဂျေစလော့စ် (D.J.Sloss) က ထိုပေးစာသည် တက္ကသိုလ် အာဏာပိုင်တစ်ဦးအားထိ ပါးပုတ်ခတ်သည်ဟု ယူဆသည်။ ထိုကြောင့် စာရေးသူအမည်ကို ဖော်ထုတ်ပေးရန် အယ်ဒီတာ ကိုအောင်ဆန်းအား တောင်းဆိုလိုက်သည်။ သို့သော် အယ်ဒီတာကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်ဝတ္တရားအရ ကလောင်အမည်ကို ဖွင့်ဟထုတ်ဖော်ပြောဆိုရန် ငြင်းပယ်လိုက်သည်။ ထိုအခါ အယ်ဒီတာကိုအောင်ဆန်းအား ကျောင်းမှ ထုတ်ပစ်ရန် တက္ကသိုလ်အာဏာပိုင်များ ကြံရွယ်နေကြောင်း သတင်းထွက်ပေါ် လာသည်။  ဤသို့ သမဂ္ဂနှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာကို ကျောင်းမှ ထုတ်ပစ်လိုက်ခြင်းသည် ကျောင်းသားထု တစ်ရပ်လုံးကို စော်ကားခြင်းဟု သမဂ္ဂကယူဆသည။် ထို့ကြောင့် ၁၉၃၆-ခု၊ ဖေဖော်ဝါရီလ၂၅-ရက်နေ့တွင် ဒုတိယအကြိမ် ကျောင်းသား သပိတ်ကို သမဂ္ဂက ဦးဆောင် ၍ ကျောင်းသားများ တညီတညွတ်တည်း ဆင်နွှဲခဲ့ကြသည်။ သပိတ်တိုက်ပွဲပြီး သောအခါ တက္ကသိုလ်အာဏာပိုင်များက ကိုအောင်ဆန်းကို ကျောင်းပြန်နေခွင့်ပေးရသည်။ ကိုအောင်ဆန်းသည် ၁၉၃၆-၃၇ တွင် ဘီအေစီနီယာ တန်းကို ပြန်တက် ခဲ့သည်။

    ၁၉၃၆-ခု၊ သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင်ခံစာ ကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ – ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။

    ထို့နောက် ၁၉၃၈ – ၃၉ ခုနှစ်တွင် ကိုအောင်ဆန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌနှင့် ရန်ကုန် တက္ကသိုလ်သမဂ္ဂ ဥက္ကဌ အဖြစ်အရွေး ခံရသော်လည်း နှစ်ဆုံးအောင်ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ချေ။ နိုင်ငံရေးကို ဇောက်ချ လုပ်ရန် ရည်သန်နေပြီဖြစ်ရကား တို့ဗမာအစည်း အရုံးသို့ ၁၉၃၈ အောက်တိုဘာလ ၁ ရက်တွင် ၀င်ရောက်ခဲ့သည်။ ထိုအချိန်မှစပြီး သခင်အောင်ဆန်းအမည်တွင်လာခဲ့သည်။ အစည်းအရုံးဝင်ပြီး များမကြာမီမှာပင် အောက်တိုဘာလကုန် တွင် တို့ဗမာအစည်းအရုံး အမှုဆောင်အဖွဲ့ဝင်၏ခန့်ထားသော အထွေထွေအ တွင်းရေးမှူးဖြစ်လာသည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင်အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်း ခံရသည်။

    ယင်းနောက် ၁၉၄၀-ခု၊ မတ်လ ၁၂ ရက်တွင် အိန္ဒိယ ရမ်းဂါးမြို့တွင်ကျင်းပမည့် အိန္ဒိယအအမျိုးသားကွန်ဂရက် ညီလာခံသို့ သခင်အောင်ဆန်းသည် သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင်(ပန်းတနော်)၊ ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင်အုန်းဖေ၊ သခင်အုန်းမြင့်(တိုးတက်ရေး) တို့နှင့်အတူတက်ရောက်ပြီး မေလ ၁-ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။ ၁၉၄၀၊ ဇွန် ၅-ရက် တွင် သခင်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့တွင် ပထမဆုံး ရန်ကုန် တက္ကသိုလ်ကျောင်းသားများ ကိုယ်စားလှယ်အဖြစ် ရွေးချယ်တ င်မြှောက်ခံရသည်။ ၁၉၄၀-ခု၊ ဇွန် ၁၇-ရက်နေ့ တွင် ဟသာင်္တခရိုင်၊ ဇလွန်မြို့တွင်ကျင်းပသော တို့ဗမာအစည်းအရုံးတရားပွဲတခုတွင် သခင်အောင်ဆန်းသည် ချင်းတောင်တန်း အကြောင်း ဟောပြောသောကြောင့် သခင်အောင်ဆန်းနှင့် ကျုံမငေး သခင်တင်မောင်တို့အား ကာကွယ်ရေးဥပဒေနှင့် ဖမ်းဆီးရန် ဟသာင်္တရာဇ၀တ်ဝန် မစ္စတာဇေဗီးယား (Mr.Xavier)က ၀ရမ်းထုတ်လိုက်သည်။ ကံအားလျော်စွာ ဗမာပုလိပ် အရာရှိတဦး၏ အကူအညီဖြင့် ဟသာင်္တ ခရိုင်မှ လွတ်မြောက်ကာ ရန်ကုန်မြို့တွင်းတွင် ပုန်းလျှိုးနိုင်ခဲ့သည်။ ထိုအတော အတွင်း နယ်ချဲ့အစိုးရ၏အ လိုတော်ရှိ ဖေဗီးယားကပင် ”သခင်အောင်ဆန်းအား ဖမ်းဆီးပေးနိုင်လျှင် ဆုငွေ ၅ ကျပ်ပေးမည်”ဟု ကြေညာလိုက်သည်။ ယင်းဆုငွေ ၅ ကျပ် ထုတ်ပြန်သည့် သတင်းကို ဇူလိုင်လ ၂-ရက်နေ့ထုတ် သတင်းစာများတွင် အသီးသီးပါရှိလာရာ သခင်အောင်ဆန်းကိုသာမက မြန်မာတမျိုးသားလုံးကိုပင် စော်ကားလိုက်သော ကြောင့် မြန်မာတစ်ပြည်လုံးကရှုံ့ချခဲ့သည်။ ထိုကြောင့် ယင်းဆုငွေကို ၁၉၄၀၊ သြဂုတ် ၂၀-ရက် တွင် ပြန်လည်ရုပ်သိမ်း ပေးခဲ့ရ သည်။

    သခင်အောင်ဆန်းသည် ဗြိတိသျှအစိုးရ၏ အဖမ်းမခံလိုပဲ ပြည်ပတွင်ထွက်ပြီး နိုင်ငံခြားအကူအညီရှာရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန် သခင်အောင်ဆန်းသည် တန်လွန်ရှောင်ဟူသော တရုတ်အမည်ခံယူပြီး လည်းကောင်း၊ သခင်လှမြိုင်သည် တန်ဆူတောင်ဟူသော တရုတ်အမည်ခံယူပြီး လည်းေ ကာင်း ၁၉၄၀၊ သြဂုတ် ၈ ရက်နေ့တွင် နော်ဝေးပိုင် ”ဟိုင်လီ” (Hai Lee) သဘောင်္ဖြင့်ရန်ကုန်မှထွက်ခွာလာခဲ့ရာ ၁၉၄၀၊ သြဂုတ် ၂၄ တွင် အမွိုင်ရှိ ကူလန်စုကျွန်း (Kulangsu Island) သို့ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်း တို့သည် အမွိုင်မြို့တွင် တရုတ်ကွန်မြူနစ် ပါတီနှင့်အဆက်အသွယ်မရပဲသောင်တင်နေစဉ် မြန်မာနိုင်ငံရှိ ရဲဘော် များ၏ကြိုးပမ်းချက်အရ ဂျပန်နှင့် ဆက်သွယ်မိခဲ့ သည်။

    ဗိုလ်မှူးကြီး စူဇူကီး (မြန်မာအမည် ဗိုလ်မိုးကြိုး) သည် သခင်အောင်ဆန်းတို့အား အမွိုင်မှ ဂျပန်သို့ဆက်သွယ်ခေါ်ယူခဲ့ရာ ၁၉၄၀၊ နိုဝင်ဘာ ၁၂ တွင် ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်းသည် ဂျပန်နိုင်ငံတွင် မြန်မာ့လွပ်လပ်ရေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ပြီးနောက် မြန်မာပြည်တွင်းရှိ ရဲဘော်ရဲဘက်များနှင့်တိုင်ပင်ရန် မြန်မာနိုင်ငံသို့ ရွှန်းတင်း မားရူးသင်္ဘောဖြင့်ရောက်ရှိပြီး ပြည်သူ့အရေးတော်ပုံပါတီဝင်များနှင့် မြန်မာ့လွတ် လပ်ရေးလုပ်ငန်းစဉ်များကို တိုင်ပင် ဆွေးနွေးခဲ့သည်။

    သခင်အောင်ဆန်းသည် ၁၉၄၁-ခု၊ မတ် ၁၀ တွင် ရွှန်းတင်းမာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့အပြန်တွင် ရဲဘော် သုံးကျိပ် ပထမအသုတ်ဖြစ်သည့် သခင်လှဖေ (ဗိုလ်လကျာင်္)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)တို့ကို ခေါ်ဆောင်သွားခဲ့ရာ ၁၉၄၁၊ မတ် ၂၇ တွင် တိုကျိုမြို့သို့ရောက်ရှိခဲ့ သည်။ ထိုမှတဆင့် စစ်ပညာ သင်ရန် ၁၉၄၁-ခု၊ ဧပြီတွင် ဟိုင်နန်ကျွန်းသို့သွားရောက်ခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများ သင်ကြားခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၄၁၊ ဒီဇင်ဘာ ၂၆ တွင် လက်မောင်းသွေးဖောက်ပြီး သစ္စာပြုကာ ဗမာ့လွပ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ၁၉၄၁၊ ဒီဇင်ဘာ ၂၇ တွင်ဖွဲ့စည်းခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းတွင် ဒုတိယစစ်သေနာပတိအဖြစ်ဖြင့် မြန်မာနိုင်ငံ အတွင်းချီတက်ကာ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။

    ၁၉၄၂-ခု၊ ဇူလိုင် ၂၇ တွင် ဂျပန်တို့က ဘီအိုင်အေကိုဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသော အခါ ဗိုလ်မှူးကြီး အဆင့်ဖြင့် ဘီဒီအေ၏ စစ်သေနာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၄၃ မတ်တွင် ဗိုလ်ချုပ်ရာထူး တိုးမြှင့်ပေးခြင်းခံရသည်။

    ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ ၁၉၄၃-ခု၊ မတ် ၁၁ တွင် ဒေါက်တာဘမော်၊ ဒေါက်တာသိမ်းမောင်၊ သခင်မြတို့နှင့် အတူဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုနှစ် မတ် ၂၂ တွင် တိုကျိုမြို့တွင် ဂျပန်ဘုရင်ဟီရိုဟီတို၏ တက်နေ၀န်းတံဆိပ် (တတိယအဆင့်)နှင့် စလွယ်လတ်ကို ချီးမြှင့်ခံခဲ့သည်။ ၁၉၄၃၊ သြဂုတ် ၁ ဂျပန်ခေတ်တွင် မြန်မာနိုင်ငံအစိုးရ ဖွဲ့ စည်းသောအခါ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး (စစ်ဝန်ကြီး) အဖြစ် တာဝန်ယူခဲ့သည်။

    ဖက်ဆစ်ဂျပန်တို့သည် မြန်မာပြည်သူတို့အား ဖိနှိပ်အုပ်ချုပ်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ဖက်ဆစ် ဂျပန်တို့ကို တော်လှန် ရန်ပြင်ဆင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄၊ သြဂုတ် ၄ မှ ၇ ရက်နေ့အထိ ပဲခူးမြို့၊ စံပြတပ်ရင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့နှင့် တွေ့ဆုံဆွေးနွေး ကာ ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ဖွဲ့စည်းရေးအတွက် အစည်းအဝေးခေါ် ယူခဲ့သည်။ ထိုစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း အား ၁၉၄၄၊ စက်တင်ဘာ ၄ တွင်ရန်ကုန်မြို့တွင် ဂျပန်ဘုရင် ဟီရိုဟီတို၏ မွန်မြတ်သောရတနာ (ပထမအဆင့်) ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံရသည်။ ၁၉၄၅၊ မတ် ၁ မှ ၃ အထိ ရန်ကုန်မြို့မှ ကန်တော်ကြီးပတ်လမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ ဗိုလ်ချုပ်အောင် ဆန်းနေအိမ်တွင် ဖက်ဆစ်ဂျပန် တို့ကို တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်ခဲ့သည်။

    ၁၉၄၅၊ မတ် ၂၇ တွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်သောအခါ ရှေ့တန်းစစ်ဌာနချုပ်တွင် တာဝန်ယူကာ ဖက်ဆစ် ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။ ၁၉၄၅၊ မေ ၁၆ တွင် မိတ္ထီလာမြို့တွင် ဗြိတိသျှ ဗိုလ်ချုပ် ဆာဝီလျံစလင်း (တချိန်တွင် ဖီးမာရှယ်ဖြစ်လာသူ) နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ၁၉၄၅ မေ ၁၉ တွင် မိတ္ထီလာမှ ရန်ကုန်သို့ လေယာဉ်ဖြင့်ရောက်ရှိခဲ့သည်။ ၁၉၄၅၊ မေ ၁၉ တွင်ကျင်းပသော နေသူရိန် ညီလာခံတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနေ့မှာပင် ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ် ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

    ဗမာ့တပ်မတော်အရေးနှင့် ပတ်သက်ပြီး ၁၉၄၅၊ စက်တင်ဘာ ၇ တွင် ကန္ဒီသဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့သည်။ အရှေ့တောင်အာရှ မဟာမိတ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် ဒုတိယစစ် ဆေးရေးအရာရှိချုပ်အဖြစ် ခန့်အပ်မည်ဟု ကမ်းလှမ်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်သား ဘ၀ကိုလို လားသော်လည်း သမိုင်းပေး တာဝန်ဖြစ်သည့် မပြီးဆုံးသေးသော မြန်မာ့ လွတ်လပ်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် ၁၉၄၅၊ အောက်တိုဘာ ၂၇ တွင် မျိုးချစ်ဗမာ့တပ်မတော်၏ ဗိုလ်ချုပ်ရာထူးမှနုတ်ထွက်ခဲ့ပြီး နိုင်ငံရေးနယ်ပယ် သို့ပြန်လည်ဝင်ရောက်ခဲ့သည်။

    မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်ကဖဆပလအား အမှုဆောင်ကောင်စီ (၀န်ကြီးအဖွဲ့)တွင် ပါဝင်ရန် ဖိတ်ခေါ် ခဲ့သော်လည်း ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်က မိမိတို့တောင်းဆိုချက်များ မ ရသောေ ကြာင့် အမှုဆောင်ကောင်စီသို့မ၀င်ခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့သည် မြန်မာပြည်သူလူထု၏ အင်အားဖြင့် မြန်မာ့လွပ်လပ်ရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့သည်။ ၁၉၄၅၊ ဒီဇင်ဘာ ၁ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သေနာ ပတိအဖြစ် တာဝန်ယူပြီး ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၆၊ ဇန်န၀ါရီတွင်ကျင်းပသော ဖဆပလ ပထမဆုံးပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ ဥက္ကဌအဖြစ် ပြန် လည်ရွေးကောက်တင်မြှောက် ခံရသည်။

    မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်၏အုပ်ချုပ်ရေးကာလတွင် မြန်မာပြည်သူတို့၏မကျေနပ်မှု ပိုမိုကြီးထွားလာကာ နိုင်ငံရေးမငြိမ်မသက်ဖြစ် လာခဲ့သည်။ ထိုအခါ ဗြိတိသျှအစိုးရက ဆာဒေါ်မန်စမစ်ကို အင်္ဂလန်နိုင်ငံ သို့ပြန်ခေါ်ကာ မြန်မာနိုင်ငံဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်ကို စေလွှတ်ခဲ့သည်။

    ဆာဟူးဘတ်ရန့်စ်သည် အမှုဆောင်ကောင်စီတွင်ပါဝင်ရန် ဖဆပလကို ဖိတ်ခေါ်ခဲ့သည်။ ၁၉၄၆၊ စက်တင်ဘာ ၂၆ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အမှုဆောင်ကောင်စီ (အမျိုးသားယာယီအစိုးရ)တွင် ဒုတိယသဘာပတိ (၀န်ကြီးချုပ် အဖြစ်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေးဌာနနှင့် နိုင်ငံခြားရေးဌာနများကိုပါ တာဝန်ယူခဲ့သည်။

    ဖဆပလအဖွဲ့ချုပ်သည် အမှုဆောင်ကောင်စီတွင်ပါဝင်လာပြီးနောက် ၁၉၄၆၊ နိုဝင်ဘာ ၈ တွင် ဗြိတိသျှအစိုးရ ထံ မြန်မာ နိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သည်။

    ဖဆပလ၏တောင်းဆိုချက်ကိုတုံ့ပြန်သည့်အနေဖြင့် အင်္ဂလိပ်နန်းရင်းဝန်မစ္စတာ အက်တလီက ၁၉၄၆၊ ဒီဇင်ဘာ ၂၀ တွင်ဗြိတိသျှပါလီမန်အောက် လွှတ်တော်တွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို အင်္ဂလန်ပြည်၊ လန်ဒန်မြို့သို့ဖိတ်ခေါ်ဆွေး နွေးမည်ဟုကြေငြာခဲ့သည်။ ဗြိတိသျှအစိုးရ၏ဖိတ်ကြားချက်အရ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် အင်္ဂလန်ပြည်သို့သွားရောက်ပြီး ဗြိတိသျှ အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကာ ၁၉၄၇၊ ဇန်န၀ါရီ ၂၇ တွင် ”အောင်ဆန်း-အက် တလီစာ ချုပ်”ကို ချုပ်ဆိုခဲ့သည်။

    ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်မနှင့်တောင်တန်းဒေသများအပါအ၀င် ပေါင်းစည်းပြီး မြန်မာ့လွတ်လပ်ရေး ရယူနိုင်ရန် ၁၉၄၇၊ ဖေဖော်ဝါရီ ၁၂ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့၏ လမ်းဆုံရာ လဲချားစော်ဘွား၏ နယ်မြေအတွင်းရှိ ပင်လုံမြို့ကလေးတွင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့နှင့်အတူ သမိုင်းဝင် ”ပင်လုံစာချုပ်”ကို ချုပ်ဆိုခဲ့ပေသည်။ ၁၉၄၇၊ ဧပြီ ၉ တွင် ကျင်းပသောတိုင်းပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလအမတ်လောင်းအဖြစ် ရန်ကုန်မြို့မ (လမ်းမတော်) မဲဆန္ဒနယ်မြေမှ ၀င်ရောက်အရွေးခံပြီး လွှတ်တော်အမတ် အဖြစ် ပြိုင်ဘက်မရှိရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ထို့နောက် ၁၉၄၇၊ မေ ၁၉ မှ ၂၃ ထိကျင်းပသော ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၄၇၊ ဇွန် ၁၆ တွင် တိုင်းပြည်ပြုလွှတ်တော်ညီလာခံတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့်အခြေခံမူများကို တင်သွင်းခဲ့ သည်။

    ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၂၊ စက်တင်ဘာ ၆ တွင် မြောင်းမြမြို့နေ ဦးဖိုးညှင်း၊ ဒေါ်ဖွာစုတို့၏ သားသမီး ၁၀ ဦးအနက် အဋ္ဌမမြောက် သမီးဖြစ်သူ သူနာပြုဆရာမ မခင်ကြည် (နောင်တွင် မဟာသီရိသုဓမ္မဘွဲ့ရ၊ အိန္ဒိယနိုင်ငံ လုံးဆိုင်ရာနှင့် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)နှင့် ထိမ်းမြားလက်ထပ်ပြီး သား (၂) ဦး၊ သမီး (၂) ဦး၊ [အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်၊ သမီးထွေး (ငယ်စဉ်ကကွယ်လွန်)] ထွန်းကားခဲ့သည်

    မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်းအတွက် အားသွန်ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှုကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်းနေဆဲတွင် ထို့နောက် ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လုပ်ကြံသတ်ဖြတ်မှုကြောင့် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံးခဲ့ရသည်။

    ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ကလာပ်ကို ၁၉၄၈၊ ဧပြီ ၁၁ တွင် အခြားဝန်ကြီးများနှင့်အတူ ဂျူဗလီဟောမှ အာဇာနည်ကုန်းသို့ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ၁၁ နှစ်အကြာ ၁၉၅၉၊ မတ် ၂၇ တွင် မြန်မာ့လွပ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံးကဏ္ဍအထိ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်းအထိမ်းအမှတ်အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) (Star of the Revolution) တံဆိပ်များချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရသည်။

     

    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။

    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။

    ဗိုလ်ချုပ် အောင်ဆန်း ဘဝမှတ်တမ်း ဓါတ်ပုံများ ကြည့်လိုလျှင် Click Here

  • ကျောခိုင်းခံရတဲ့ မြန်မာပြည်က စုပြုံသတ်ဖြတ်မှု (ဘာသာပြန် သတင်းဆောင်းပါး အစအဆုံး)

    ဇူလိုင်-၁၁၊ ၂၀၁၃
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်
    မူရင်းဆောင်းပါး- The Japan Times

    miketelar

    ဖုန်တွေသဲတွေဖုံးလွှမ်းနေတဲ့ ဦးခေါင်းခွံ အပိုင်းအစတွေ၊ သွားတွေတွဲလျက်ရှိနေသေးတဲ့ မေးရိုးတစ်စုံရဲ့ အကျိုးအပဲ့တွေ၊ ၀ါးရင်းတုတ်နဲ့ရိုက်နှက်တိုက်ခိုက်ခံရပြီး မြေပေါ်လဲကျခိုက် အရှင်လတ်လတ်ဓာတ်ဆီလောင်းမီးရှို့ခံလိုက်ရတဲ့ ရုပ်အလောင်းတွေ လဲလျောင်းနေကြပါတယ်။

    မြန်မာပြည်အလယ်ပိုင်း၊ မိတ္ထီလာမြို့ပေါ်၊ မတ်လ နံနက်ခင်းမှာ ဘုန်းတော်ကြီးတစ်ပါးသတ်ခံရတယ်ဆိုပြီး ဗုဒ္ဓဘာသာလူအုပ်စုတွေ ဒေါသပေါက်ကွဲသွားကြတယ်။ ကယ်တင်နိုင်ပါလျက်နဲ့ ဓားစားခံဖြစ်သွားသူများကတော့ အစဉ်အလာရှိတဲ့အစ္စလာမ့်ကျောင်းတစ်ကျောင်းက ဆရာနဲ့ကျောင်းသားတွေ ဖြစ်သွားခဲ့တယ်။ သူတို့ဟာ အဲ့ဒီအမှုနဲ့ ဘာမှမသက်ဆိုင်ကြတဲ့ မွတ်စ်လင်မ်တွေပါ။

    သူတို့ရဲ့ရှင်သန်မှုနောက်ဆုံးအချိန်ပိုင်းလေးမှာ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး ကယ်ဆယ်စေခဲ့တယ်။ သူတို့ဟာ မီးလောင်နေတဲ့ကျောင်းဝင်းအတွင်းမှာ ရှိနေပြီး ဒေါသထွက်နေတဲ့လူအုပ်ကြီးက ၀ိုင်းရံထားတာ ခံနေရတယ်။ ကြောက်ရွံ့တုန်လှုပ်စွာနဲ့ ခေါင်းပေါ်လက်တွေတင်လို့ ထွက်လာကြတဲ့အခါ လမ်းပေါ်မှာအသင့်ရပ်စောင့်နေတဲ့ ထရပ်ကားလေးစင်းပေါ် တက်စေခဲ့တယ်။

    လမ်းတစ်ဝက်မှာတင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားတယ်။ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးခေတ်လွန် ခေါင်းဆောင်များက ဒီမိုကရေစီရောင်နီသစ်ထွန်းလင်းရမယ်လို့ ကတိက၀တ်ပြုလိုက်တဲ့ နှစ်နှစ်ကျော်ကာလအတွင်း အရှေ့တောင်အာရှမှာ အမှောင်မိုက်ဆုံးနေ့ရက်များထဲက တစ်ရက်ပါဘဲ။ ဆယ်ကျော်သက်အများစုပါဝင်နေတဲ့ မွတ်စ်လင်မ် ၃၆ ဦးကို ရဲတွေ၊ ဒေသအာဏာပိုင်တွေရဲ့မျက်စေ့ရှေ့မှာတင် ခုတ်သတ်လှီးဖြတ်ခဲ့ကြတယ်လေ။ တာဝန်ရှိသူများက တားမြစ်ခြင်း အလျဉ်း မရှိခဲ့ကြဘူး။

    ကာကွယ်မှုနဲ့တရားမျှတမှု မခံစားရဘဲ လူနည်းစုဘာသာရေးအုပ်စုဝင်တွေအပေါ် လျစ်လျူရှုခဲ့တဲ့ ဒီအဖြစ်အပျက်က -ပြုပြင်ပြောင်းလဲရေးကတိက၀တ်ဟာ အပေါ်ယံသက်သက်သာဖြစ်ကြောင်း ပြသလိုက်တာပါဘဲ။

    ဗုဒ္ဓဘာသာဝင်တွေ လွှမ်းမိုးကြီးစိုးနေတဲ့ ဒီတိုင်းပြည်က သမ္မတဟာ သေဆုံးသူတွေနဲ့ပတ်သက်ပြီး ၀မ်းနည်းကြောင်းပြောဆိုနှစ်သိမ့်ဖို့ မိတ္ထီလာကို လုံးဝ မလာရောက်ခဲ့ပေဘူး။ ဒီကုန်းစောင်းတွေရဲ့တစ်ဖက်ခြမ်းက ရုပ်အလောင်းပုံတွေနဲ့ပတ်သက်ပြီး အထောက်အထားစုဆောင်းဖို့၊ အခင်းဖြစ်နေရာကို ကြိုးတားထိန်းသိမ်းဖို့ ရဲဌာနက ဆောင်ရွက်ပြုလုပ်ခြင်း မရှိကြပါဘူး။ ကျောင်းသားတွေကို သေတဲ့အထိ ရိုက်နှက်ခုတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ ဒုစရိုက်သား တွေဟာ တစ်ဦးတစ်ယောက်တည်းက ကျူးလွန်တာမဟုတ်ကြောင်း အွန်လိုင်းပေါ်က ဗီဒီယိုကလစ်ပ် တွေက သက်သေ အဖြစ် ရှိနေကြပါတယ်။

    တရားမျှတမှုကင်းမဲ့ခြင်းဟာ ဗုဒ္ဓဘာသာဝင်တွေအကြား လွတ်လပ်စွာ ဒုစရိုက်ကျူးလွန်ဖို့၊ အကြမ်းဖက်မှု ပိုမို တိုးပွားလာဖို့ လမ်းကြောင်းပေးနေခြင်းသာဖြစ်တယ်ဆိုပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ပြန်လည်ပြုပြင်ရေးကို အားသွန်ခွန်စိုက်လုပ်မဲ့အစား အုပ်ချုပ်ရေးကဏ္ဍအားလုံးမှာ ဗုဒ္ဓဘာသာဝင်ဗမာလူမျိုးတွေရဲ့အာဏာသြဇာ တည်မြဲရေး၊ လွှမ်းမိုးချုပ်ကိုင်ရေးသာလျှင် အလေးထားနေတယ်ဆိုတဲ့ အရှိတရားကို လှစ်ဟပြသနေခြင်း ဖြစ်တယ်။

    “ မြန်မာနိုင်ငံမှာရှိနေတဲ့ ဥပဒေစည်းမျဉ်းအားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့အကျိုးအတွက်သာ ဖြစ်နေကြတယ်။ မွတ်စ်လင်မ်တွေအတွက် တရားမျှတမှုဖြစ်အောင် ဆောင်ရွက်ပေးထားတာမျိုး လုံးဝ မရှိတာကို ကျွန်မတို့သိပါတယ် ” လို့ မသီတာက ပြောပြပါတယ်။ မသီတာရဲ့ခင်ပွန်းက မိတ္ထီလာမှာ အသတ်ခံရသူများအနက် တစ်ဦးဖြစ်ပါတယ်။ အခြားသော ရှင်သန်လွတ်မြောက်လာခဲ့သူများအတိုင်း မိမိရဲ့နာမည်ရင်းကို မဖော်ပြဖို့ သူမက မေတ္တာရပ်ခံထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာက သိရှိတာနဲ့ ခေါ်ယူနှိပ်စက်ပြစ်ဒဏ်ချမှာကို စိုးကြောက်နေရလို့ပါဘဲ။

    မတ်(၂၁) စုပြုံသတ်ဖြတ်မှုအကြောင်းကို လုံးစေ့ပတ်စေ့ပြောပြနိုင်ဖို့အတွက် ရှင်သန်လွတ်မြောက်လာသူ ၇ ဦး အပါအ၀င် မျက်မြင်သက်သေ ၁၀ ဦးနဲ့ ဆက်သွယ်တွေ့ဆုံခဲ့ပါတယ်။ လုံခြုံရေးဆိုတဲ့အကြောင်းရင်းကြောင့် သူတို့ နေအိမ်ပြင်ပမှာ ဆုံစည်းခဲ့ကြရတယ်။

    မြို့ခံလူတစ်ချို့ရဲ့ရိုက်ကူးတင်ပြထားတဲ့ နေ့ရက်၊ အချိန်မှတ်တမ်းပါ ဗီဒီယိုကလစ်ပ်တွေ၊ လူထုမီဒီယာမှတ်တမ်းတွေ၊ ဒါဇင်နဲ့ချီတဲ့ဓာတ်ပုံတွေ၊ ပြည်တွင်းအာဏာပိုင်များရဲ့ ကွင်းဆင်းစစ်ဆေးချက်နဲ့သတင်းအချက်အလက်တွေကို ဘေးချလို့ အေပီသတင်းဌာနက သူတို့ရဲ့ထွက်ဆိုချက်တွေကို အပြန်ပြန်အလှန်လှန်စိစစ်သုံးသပ်အတည်ပြုခဲ့ပါတယ်။

    စုပြုံသတ်ဖြတ်ကြတဲ့နေ့မတိုင်မှီ တစ်ရက်အလို မင်္ဂလာဇေယုံအစ္စလာမ့်စာသင်ကျောင်းဘော်ဒါဆောင်ကသူတွေဟာ အရုဏ်မတက်ခင် အမှောင်ထုထဲကပျံ့လွင့်လာတဲ့ ၀တ်ပြုရေးဖိတ်ခေါ်သံကို ကြားခဲ့ကြရပါသေးတယ်။

    မတ်လ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။ အိပ်မှုန်စုံမွှားကျောင်းသား ၁၂၀ ဦးက မိမိရဲ့မျက်လုံးတွေကို ပွတ်သပ်ပြီး၊ နှစ်ထပ်ကျောင်းဆောင်ကြီးရဲ့ကြမ်းပြင်မှာ ကန့်လန့်ဖြတ်ခင်းထားတဲ့ ဖျာချပ်တွေပေါ်ကနေ ထလာကြတယ်။

    မိတ္ထီလာမွတ်စ်လင်မ်ရပ်ဝန်းထဲက ရိုးရိုးစင်းစင်းကျောင်းဝင်းနံရံများရဲ့နောက်ကွယ်မှာ ပုံရိပ်တစ်ခု ရှိနေတယ်။

    အဲ့ဒီကျောင်းတက်ရောက်နေတဲ့ ဒေသတစ်ခွင်က ကျောင်းသားလေးတွေဟာ တစ်နေ့ကျယင် အစ္စလာမ့်ပညာရှင် သို့မဟုတ် ဓမ္မကထိက ဖြစ်လာလိမ့်မယ်ဆိုတဲ့ ကလေးမိဘများရဲ့ မျှော်လင့်ချက်ပါဘဲ။

    HimayatulIslamMadrasahComputerroom2
    ကျောင်းသားနှင့် ဆရာ ၄၀ ကျော် အသတ်ခံခဲ့ပြိး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မင်္ဂလာဇေယုံ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း ကွန်ပျူတာခန်း ၊အဆိုပါကျောင်းသည် ဘာသာရေးစာ နှင့်ခေတ်ပညာ ရပ်များကို တွဲဖက် သင်ကြားနေသည့် ကျောင်းဖြစ်သည်။ (လွန်ခဲ့သည့် ၃ နှစ်ကျော် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ရိုက်ကူးထားသည့် ဓါတ်ပုံဖြစ်ပါသည်)

    ကျောင်းထဲမှာ ဘောလုံးကစားကွင်းတစ်ခု၊ ဗလီဝတ်ပြုဆောင်တစ်ခု နဲ့ ဆရာ ၁၀ ဦး ရှိတယ်။ လုံခြုံထိန်းသိမ်းမှု နဲ့ စည်းကမ်းကောင်းလှတယ်လို့ ကျော်ကြားတဲ့ ကျောင်း တစ်ကျောင်းဖြစ်တယ်။ စည်းကမ်းကြီးပေမယ့် ကြင်နာတတ်တဲ့ မုတ်ဆိတ်အမျှင်တန်းပိုင်ရှင် ကျောင်းအုပ်ဆရာကြီးက ကလေးတွေကို တစ်ပတ်တစ်ကြိမ်သာ ပြင်ပထွက်ခွင့် ပေးတတ်ပါတယ်။ မိတ္ထီလာမြို့နေ လူပေါင်း တစ်သိန်းထဲက သုံးပုံတစ်ပုံဟာ မွတ်စ်လင်မ်တွေပါ။ ဗုဒ္ဓဘာသာဝင်များနဲ့လည်း ငြိမ်းချမ်းချစ်ခင်စွာ အတူနေထိုင်မှု ရှိခဲ့ကြတယ်။ (မြန်မာပြည်တပြည်လုံးမှာတော့ မွတ်စလင်မ် လူဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၅% ရှိမယ်လို့ ခန့်မှန်းကြပါတယ်။)

    သို့သော်လည်း ယမန်နှစ်၊ ဇွန်လမှာ တစ်ကြိမ် နဲ့အောက်တိုဘာလမှာတစ်ကြိမ် အနောက်ပိုင်းရခိုင်ပြည်နယ်အတွင်း လူပေါင်း ရာဂဏန်းလောက် သတ်ဖြတ်ခံရပြီး တစ်သိန်းလေးသောင်းကျော် ဌာနီပျောက်အိုးအိမ်မဲ့ဘ၀ရောက်စေခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် မွတ်စ်လင်မ်တွေမှာ စိုးရိမ်မှုဝင်ရောက်လာလို့ သတိထားတဲ့အနေနဲ့ အဲ့ဒီကျောင်း (မဒရဆာ)ကို နှစ်ကြိမ်တိုင်တိုင် ယာယီပိတ်ပေးခဲ့သေးတယ်။

    ရုန်းရင်းဆန်ခတ်မှုရဲ့သားကောင်အဖြစ် ရိုဟင်ဂျာမွတ်စ်လင်မ်တွေကို ရည်ရွယ်ခဲ့ခြင်းဖြစ်တယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာသူဖြစ်သည့်တိုင်အောင် ဗုဒ္ဓဘာသာဝင်များစွာက သူတို့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူများရယ်လို့ အမြင်ထားရှိနေကြတယ်။ ဘုန်းတော်ကြီးများဦးဆောင်တဲ့ ၀ါဒဖြန့်လှုပ်ရှားမှုတစ်ရပ်ကြောင့် မွတ်စ်လင်မ်အားလုံးဟာ ဗုဒ္ဓယဉ်ကျေးမှုရဲ့ရန်သူများအဖြစ် အမြင်ရောထွေးလို့ မုန်းတီးစိတ်ဝင်ရောက်လာခဲ့ကြတယ်။

    မတ်လ ၂၀ ရက်နေ့ ကျောင်းစတက်ချိန်မှာတော့ ကျောင်းသားတွေအကြား သတင်းအချို့ကြားသိပြောဆိုနေကြတယ်။ မြို့တစ်ဖက်ခြမ်းက မွတ်စ်လင်မ်ရွှေဆိုင်ပိုင်ရှင်တစ်ဦး နဲ့ ဗုဒ္ဓဘာသာဝင်ရွှေရောင်းသူတို့ အချင်းများရာကနေ ရာဂဏန်းရှိ လူအုပ်ဟာ ဆိုင်ကိုဖျက်ဆီးမီးရှို့တဲ့ အကြောင်းကိစ္စပါ။

    အဲ့ဒီနေ့ နေ့လည်ကျတော့ မွတ်စ်လင်မ်အမျိုးသားတစ်စုက ဆိုင်ကယ်တစ်စီးပေါ်ပါလာတဲ့ ဘုန်းတော်ကြီးတစ်ပါးကို ဆွဲချပြီး မီးရှို့သတ်ဖြတ်လိုက်တယ်လို့ဆိုတယ်။ အဲ့ဒီနောက် ဗုဒ္ဓဘာသာဝင်လူရမ်းကားတွေက အတုန့်အလှည့်အားဖြင့် မွတ်စ်လင်မ်တွေရဲ့ဆိုင်တွေ၊ လုပ်ငန်းတွေကို ဦးတည်ဖျက်ဆီးပါတော့တယ်။ မြို့ပေါ်မှာ ဗလီ ၁၃ လုံးရှိတဲ့အနက် ၁၂ လုံး ဖျက်ဆီးခံလိုက်ရတယ်။

    HimayatulIslamMadrasah2
    ကျောင်းသားနှင့် ဆရာ ၄၀ ကျော် အသတ်ခံခဲ့ရသည့် မင်္ဂလာဇေယုံ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း အပြင်ပိုင်း အစိတ်အပိုင်း မြင်ကွင်းတခု (လွန်ခဲ့သည့် ၃ နှစ်ကျော် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ရိုက်ကူးထားသည့် ဓါတ်ပုံဖြစ်ပါသည်)

    မင်္ဂလာဇေယုံမှာ ဆရာတစ်ချို့ စာသင်တာ ရပ်ဆိုင်းပြီး အတန်းအားလုံးကို ဖျက်သိမ်းလိုက်တယ်။
    ကျောင်းသားတွေဟာ ကျောင်းဆောင် ဒုတိယထပ်ဆီကို အပြေးအလွှားသွားရောက်ပြီး ပြူတင်းပေါက်တွေကနေ တုန်လှုပ်စွာ နဲ့ ငေးမောကြည့်ရှုနေကြတယ်။ လေထုထဲမှာ မည်းနက်နေတဲ့ မီးခိုးမှိုင်းလုံးတွေ အလိပ်လိုက် တက်လာနေတဲ့ မြင်ကွင်းကိုပေါ့။

    နှစ်နာရီကြာပြီးတဲ့နောက် ညဥ့်စာစားသောက်ချိန်  စားသောက်ဆောင်ထဲမှာ ဆရာတစ်ဦးရဲ့ငိုရှိုက်သံ ဖုံးလွှမ်းသွားတယ်။
    မီးလောင်ကျွမ်းတဲ့ သူ့မိသားစုအိမ်လေးထဲမှာ သူ့မိဘနှစ်ပါးလုံး ပါသွားခဲ့လို့ပါဘဲ။ ကျောင်းသားတစ်ချို့ဟာ မျိုမကျနိုင်တော့တဲ့ အစားအစာကို တွန်းဖယ်လိုက်ကြကုန်တယ်။

    အပူရှိန်ပြင်းကောင်းကင်ထဲ နေမင်းကြီး မ၀င့်တ၀င် ငုပ်လျှိုးချိန်မှာ ဗုဒ္ဓဘာသာဝင်အစိုးရအရာရှိတစ်ဦးက ကျောင်းဆောင်အ၀င်ဝဆီ ရောက်လာပြီး ကျောင်းအုပ်ကို သူ့အနားခေါ်ယူလိုက်တယ်။

    “ ခင်ဗျားရဲ့ကျောင်းသားတွေကို ဒီကနေ ခေါ်ထုတ်သွားပါ။ သူတို့ကို ဖွက်ထားဖို့လိုပြီ။ လူရမ်းကားတွေ ဒီညဥ့် လာလိမ့်မယ် ” လို့ သတိပေးပြောကြားလိုက်တယ်။

    နေ၀င်ဆည်းဆာဝတ်ပြုချိန်ရောက်တော့ ကျောင်းအုပ်က ကျောင်းသားအားလုံးကို မှာကြားတယ်။ မိမိတို့ရဲ့အဖိုးတန် ပစ္စည်း၊ ငွေကြေး၊ မှတ်ပုံတင်တွေသိမ်းဆည်းပြီး ထွက်ခွာသွားကြဖို့ပါ။ ဒါ့အပြင် မွတ်စ်လင်မ်အဖြစ် သိရှိသတိထားမိစေမယ့် ဗလီဦးထုပ်၊ ၀တ်စုံ နဲ့ အဆောင်အယောင်မှန်သမျှ မဆင်ယင်ကြဖို့ကိုပါ ခိုင်းစေခဲ့တယ်။

    ဘာကြောင့်လဲဆိုတာ ပြောစရာမလိုတော့တဲ့အတွက် ရှင်းပြမနေတော့ဘူး။

    အမှောင်ထုကြီးစိုးလာတဲ့အခါ သူတို့ဟာ တစ်မျှော်သာသာနေရာက ၀က်လန်တောလို့ခေါ်တဲ့ မြက်ပင်ရှည်ဗွက်တောထဲကို အသံမထွက်အောင် တိတ်တဆိတ် သွားရောက်ပုန်းအောင်းခဲ့ကြတယ်။ မြက်ပင်ရှည်များက ဒုက္ခသည်ကျောင်းသားအားလုံးကို ဖုံးလွှမ်းထားခဲ့တယ်။

    သူတို့အများစုက ကျောင်းသားနဲ့ဆရာတွေဖြစ်ကြတယ်။ ဒါပေမယ့် အမျိုးသမီးနဲ့ကလေးငယ်အပါအ၀င် လူ ၁၀ ဦးကျော်လည်း သူတို့နဲ့အတူ လိုက်ခဲ့တယ်။ အဲ့ဒီထဲမှာ ကျောင်းသားဆရာတွေရဲ့အမျိုးတွေလည်း ပါသလို ကိုယ့်အိမ်ကိုယ့်ယာမှာမနေရဲအောင် ထိတ်လန့်တဲ့လူတစ်ချို့လည်း ပါဝင်တယ်။

    သူတို့အားလုံး စကားတစ်ခွန်းတစ်ပါဒမှ မပြောဆိုကြဘဲ ရွှံ့ညွှန်ထဲမှာ ထိုင်နေခဲ့ကြတယ်။

    သိပ်မကြာခင်မှာဘဲ ဒါဇင်နဲ့ချီတဲ့ ရာဂဏန်းရှိ လူအုပ်ကြီးက ကျောင်းရှေ့ကိုရောက်လာကြပြီး မကြားဝံ့မနာသာ ဟစ်အော်သံတွေကြားရတယ်။ သူတို့ရဲ့ဒေါသတွေ အရှိန်တက်ဆူပွက်နေကြတယ်။

    ကျောင်းရှေ့မှာ အသံဗလံတွေ ဆူညံပွက်လောရိုက်ပြီးနောက် လူအုပ်ကြီးဟာ ကျောင်းထဲ ၀င်သွားကြတယ်။ တံခါးတွေကို ဆောင့်ကန်ပြီး ပြူတင်းပေါက်တွေကို ရိုက်ချိုးဖျက်ဆီးသံတွေ ကြားလိုက်ရတယ်။

    မြက်တောထဲကအမှောင်ထုမှာ ရှဖီးအ် လို့ခေါ်တဲ့ဆရာတစ်ယောက် အစာအိမ်နာတဲ့ဒဏ် ခံနေရတယ်။ ဇနီးသည်ယူလာတဲ့ ပရုပ်ဆီလေးပွတ်ပြီး ဗိုက်ကို တင်းတင်းကြပ်ကြပ်ဖိကိုင်ထားတဲ့ကြားက စိတ်လှုပ်ရှားစွာနဲ့ ခပ်တိုးတိုးလေး ပြောလိုက်တယ်။

    “ ငါတို့ကို သူတို့ တွေ့သွားယင် မလွယ်ဘူး။ ငါ ထမပြေးနိုင်တော့တာ မင်းသိပါတယ်နော် ”။

    သုံးနှစ်သား ကလေးကိုလက်ထဲပွေ့ချီထားတဲ့ဇနီးဖြစ်သူ မသီတာက “ မစိုးရိမ်ပါနဲ့။ ကျွန်မတို့အတူရှိနေကြမယ်။ ကျွန်မ ရှင့်ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး ” လို့ အားပေးရှာပါတယ်။

    ရှည်လျားတဲ့ညဥ့်တာအတွင်းမှာ ကျောင်းကြီး မီးလောင်ပြာကျသွားတယ်။

    mingalar zayyone
    အကြမ်းဖက် မီးရှို့ဖျက်ဆီးခံရပြီးနောက် မင်္ဂလာဇေယုံ အစ္စလာမ့်ဘာသာရေးစာသင်ကျောင်း ..
    Photo-AP

    နံနက် ၄ နာရီ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ တုံးခေါက်သံထွက်လာချိန်မှာပေါ့။ လူရမ်းကားအုပ်စုဟာ မြက်တောနားရောက်လာပြီး လက်နှိပ်ဓာတ်မီးနဲ့ထိုးရှာကြတယ်။ ဗုဒ္ဓဘာသာဝင်အချို့က လက်လုပ်မီးကွင်းတွေကို ခြုံအုပ်ထဲ ပစ်သွင်းကြတယ်။ “ ကုလားတွေ၊ ထွက်လာခဲ့ကြစမ်း ” လို့ မွတ်စ်လင်မ်တွေအပေါ် ချိုးနှိမ်ဖိနှိပ်တဲ့စကားလုံးနဲ့သူတို့ ဟစ်အော်နေကြတယ်။

    မွတ်စ်လင်မ်တွေဟာ အနီးနားက မွတ်စ်လင်မ်လူချမ်းသာလုပ်ငန်းရှင်တစ်ဦးပိုင်အိမ်ဝင်းဆီ ပြေးကြတယ်။ တစ်ချို့က ၀ါးကပ်စည်းရိုးကို ချိုးဖြဲပြီး ပြေးဝင်သွားကြတယ်။ လူရမ်းကားအုပ်စုတွေက ထပ်ကြပ်မကွာ လိုက်လာကြတယ်။

    မသီတာဟာ မိမိရဲ့နောက်က ကလေးငယ်တစ်ဦးရဲ့ စူးစူးဝါးဝါး အော်သံကိုကြားလိုက်ရတယ်။ အဲ့ဒီကောင်လေးဟာ သူ့လက်ကိုင်ဖုန်းလေးနဲ့ သူ့မိခင်ကို ခေါ်ယူဖို့ကြိုးစားနေတာပါ။ ဆက်မပြေးနိုင်တော့လို့ စက္ကန့်ပိုင်းလောက် ရပ်နားလိုက်မိတာလေ။

    မင်္ဂလာဇေယုံဆီ အရုဏ်အလင်း စတင်သက်ရောက်လာချိန်။ အသက် ၂၁ နှစ်အရွယ် လူကောင်ထွားထွား အေးအေးဆေးဆေးနေတတ်တဲ့ ကျောင်းသားလေး မောင်ကိုကိုဟာ ကျောင်းဝင်းရဲ့ခြံစည်းရိုးကြားထဲကနေ ချောင်းကြည့်လိုက်တော့ တုန်လှုပ်မိန်းမောသွားရှာတယ်။ ပြင်ပကလူတွေ မီးကွင်းတွေ၊ တုတ်တွေ ဆွဲကိုင်လို့ တိုက်ခိုက်ဖို့ပြင်နေကြတာကိုး။

    မတ်စောက်တဲ့ကုန်းစောင်းဘေးကလမ်းပေါ်မှာ စုရုံးနေကြတာ လူတစ်ရာကျော်လောက်ရှိမယ်။ အဲ့ဒီကုန်းစောင်းဟာ နဂိုကတည်းကရှိနေခဲ့ပေမယ့် ခုအချိန်မှာတော့ သူတို့ဟာ ဧရာမဒယ်အိုးတစ်ခုထဲ ရောက်နေသလိုဖြစ်တဲ့အတွက် ထွက်မပြေးနိုင်အောင် ပိတ်မိသွားရပါပြီ။

    မောင်ကိုကိုအဖို့ ပါးပြင်နှစ်ဖက်ကနေ သွေးတွေစိမ့်ထွက်လာသလားလို့တောင် ခံစားမိပြီး အားအင်တွေ ဆုတ်ယုတ်ကုန်တယ်။ “ ငါတို့ဟာ တိရစ္ဆာန်တွေလို ပိတ်လှောင်ခံရပြီ ” လို့ အတွေးဝင်လာလေရဲ့။

    ကျောင်းသားအချို့က သွေးရူးသွေးတန်းနဲ့ မိဘတွေ၊ ရဲတွေကို အကူအညီတောင်း အော်ဟစ်ခေါ်ယူကုန်ကြတယ်။ တစ်ချို့ကတော့ ကျယ်ကျယ်လောင်လောင် ကြွေးကြော်မှုတွေ ပြုကြတယ်။ ကျန်သူတွေကတော့ ပြင်ပကလူရမ်းကားတွေ ပစ်သွင်းလာတဲ့ ခဲလုံးတွေကနေ မိမိကိုယ်ကိုကာကွယ်နိုင်ဖို့ သစ်သားဗီရို စတဲ့ ရရာပစ္စည်းတွေကို ရွှေ့တွန်းနေရာချကုန်ကြတယ်။

    နံနက် ၇း၃၀ နာရီလောက်မှာ အတိုက်အခံဥပဒေသမားဖြစ်တဲ့ ဦးဝင်းထိန် ရောက်လာတော့ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင် အတော်များများကို ခေါင်းစွပ်တွေနဲ့တစ်ကွ တွေ့ရတယ်။ လုံထိန်းတွေမှာ ရိုင်ဖယ်သေနတ်တွေ၊ မီးခိုးရောင် ဒိုင်းလွှားတွေ ပါတယ်။ ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးကို မွတ်စ်လင်မ်တွေဆီ မရောက်အောင် ကြားထဲမှာ တန်းစီပြီး ထိန်းသိမ်းထားကြတယ်။

    အနီးအနားမှာရပ်ကြည့်နေတဲ့ ရဲဌာနအုပ်နဲ့ခရိုင်မှူးကို ဦးဝင်းထိန် တွေ့ခဲ့ရတယ်။ မြက်တောအုပ်အစွန်မှာ မွတ်စ်လင်မ် ရုပ်အလောင်းနှစ်ခုကိုလည်း မြင်လိုက်ရတယ်။ နောက်ထပ် ၄၅ မိနစ်အကြာကျတော့ လူအုပ်ကြီးထဲက အမျိုးသားတွေဟာ ခြုံပုတ်ထဲကနေ ကျောင်းသားငါးဦးထက်မနည်း ဆွဲထုတ်လာတယ်။ နေ့ခင်းကြောင်တောင်ကြီးမှာ တစ်ဦးချင်းစီကို မသေမချင်း ရိုက်နှက်ခုတ်ပိုင်းနေကြတာကို သွေးပျက်စဖွယ် တွေ့လိုက်ရပါတော့တယ်။

    ရဲအရာရှိတွေဟာ အခင်းဖြစ်နေရာနဲ့ ခြေလှမ်းအနည်းငယ်အကွာအဝေးမှာ ခံစားချက်ကင်းမဲ့တဲ့မျက်နှာနဲ့တစ်ကွ အရုပ်တွေလို ရပ်နေခဲ့ကြတယ်။ လူအုပ်ကြီးကလည်း ရောမခေတ် လူသတ်ကွင်းကပရိသတ်တွေလို ၀ိုင်းဝန်းသြဘာပေးနေခဲ့တယ်။

    အမျိုးသမီးတစ်ယောက်က “ သူတို့ကို အပြတ်သာရှင်းပစ် ” လို့ အော်ဟစ်တယ်။ နောက်တစ်ဦးကလည်း “ သူတို့အားလုံးကို သတ်သာသတ်။ ငါတို့အားလုံး ဗမာ့သတ္တိပြရမယ် ” လို့ ဟစ်ကြွေးပြန်တယ်။

    ဦးဝင်းထိန်မှာ ပျို့အန်တော့မတတ် ခံစားလိုက်ရတယ်။ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဆယ်စုနှစ် နှစ်ခု အကျဉ်းကျနှိပ်စက်ခံခဲ့ရသည့်တိုင်အောင် ဒီလိုအဖြစ်မျိုး လုံးလုံးလျားလျား မတွေ့မြင်ခဲ့ဖူးလို့ဖြစ်တယ်။

    ဒါနဲ့ သူက မွတ်စ်လင်မ်တွေကို အသက်ချမ်းသာခွင့်ပေးကြဖို့ လူတွေကို ဖြောင်းဖျတဲ့အခါ လူရမ်းကားအုပ်စုတွေက သူ့အပေါ် အန္တရာယ်ပြုမတတ်ဖြစ်ကြတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ကဆိုယင် “ သူတို့ကို ကာကွယ်ဖို့ ခင်ဗျား ဘာလို့ကြိုးစားနေရတာလဲ။ ဘာလဲ – ခင်ဗျားက မွတ်စ်လင်မ်တွေကိုချစ်မြတ်နိုးနေသူလား ” ဆိုပြီး တူးတူးခါးခါးကို ပြောဆိုလာတယ်။ ရဲအရာရှိတစ်ယောက်က ဦးဝင်းထိန်ကို ရှောင်စေလိုက်တယ်။

    ခဏတဖြုတ်နေပြီးတဲ့အခါ ဘုန်းတော်ကြီးတစ်ပါးနဲ့အတူ ရဲတပ်ဖွဲ့ဝင် လေးဦး ရောက်လာကြတယ်။ ပိတ်မိနေတဲ့ မွတ်စ်လင်မ်တွေကို လမ်းလျှောက်ထွက်လာပြီး ကုန်းစောင်းပေါ်က ရဲကားတွေဆီ ကာကွယ်ပို့ဆောင်ပေးဖို့ဖြစ်တယ်။

    “ ငါတို့ မင်းတို့ကို ကာကွယ်ပေးမယ်။ ဒါပေမယ့် ကျောင်းသားတွေအနေနဲ့ ကြွေးကြော်တာကို ရပ်လိုက်ပါ။ ခဲလုံး၊ တုတ် စတဲ့ လက်နက်တွေကို လွှတ်ချလိုက်ပါ ” လို့ အရာရှိတစ်ဦးက ပြောဆိုတယ်။

    ဆရာတွေက ဘာဆက်လုပ်မလဲလို့ အငြင်းအခုံ ဖြစ်ကြတယ်။ ဘေးကြပ်နံကြပ်အချိန်ဆိုတာ သူတို့ နားလည်ကြတယ်။
    လူအုပ်ကြီးက ၀ါးလုံးရှည်ကိုမီးစာတွေနဲ့တွဲရှို့လို့ စည်းရိုးကိုကျော်ပြီး ပစ်သွင်းနေကြတယ်။ ဧရာမမီးခြစ်ဆံလိုမျိုးပေါ့။ ကျောင်းဝင်းကြီးမှာ လိမ္မော်မီးတောက်တွေ ထတောက်လာပြီး မည်းနက်တဲ့မီးခိုးလုံးတွေ လေထုထဲ လိပ်တက်လာကြပြီ။

    အဲ့ဒီနောက် မွတ်စ်လင်မ်တွေဟာ စစ်အကျဉ်းသားတွေလို ခေါင်းပေါ်လက်တင်လို့ ကိုယ်စီထွက်လာခဲ့ကြရတယ်။

    စားတော့ဝါးတော့မတတ် ၀ိုင်းရံနေကြတဲ့လူတန်းကြီးကြားက ဖုန်ထူလမ်းကျဉ်းလေးအတိုင်း သူတို့ကို ရဲတွေ ဦးဆောင်ခေါ်ထုတ်သွားတယ်။ ချက်ခြင်းဆိုသလို လမ်းပိတ်ထားဖို့ အသင့်စောင့်ဆိုင်းနေကြတဲ့ ဒေါသအိုး ဗုဒ္ဓဘာသာဝင်လူတစ်စုက သူတို့ကို ခဲတွေနဲ့ဝိုင်းပစ်ခဲ့ကြတယ်။

    နောက်က တသီတတန်းကြီးလိုက်လာကြသူများဟာ ငရဲခန်းအစောင့်တွေလား မှတ်ရတယ်။ မပြေးလိုက်နဲ့- အမိဖမ်းမယ်၊ မလဲကျလိုက်နဲ့ – ပြန်ထလာနိုင်မှာမဟုတ်ဘူး၊ မရပ်လိုက်နဲ့- အသက်ပျောက်သွားမယ် ဆိုတဲ့ သွေးပျက်စရာကောင်းလွန်းတဲ့စည်းမျဉ်းတွေကြားကနေ တန်းစီထွက်လာရသလိုပါဘဲ။

    ရဲတွေကို သေနတ်ကို မိုးပေါ်ထောင်လို့ အချက်ပေါင်းများစွာ ပစ်ဖောက်နေပေမယ့်လည်း လူအုပ်ကတော့ တိုက်ခိုက်နေခဲ့ကြတယ်။ ဆရာတစ်ဦးမြေပေါ်လဲကျသွားတယ်။ တုန်လှုပ်ချောက်ခြားနေတဲ့ ကျောင်းသားများက သူ့ခန္ဓာကိုယ်ပေါ် တက်နင်းလျှောက်လှမ်းသွားရတဲ့အခါ သူ့မျက်နှာတစ်ခုလုံး မြေကြီးထဲ ပြားပြားဝပ်ထားခဲ့ရတယ်။

    သူငယ်ချင်းတစ်ဦးရဲ့နဖူးကို ထွန်ခြစ်တစ်ခုထိမှန်သွားတာ တွေ့ရတော့ မောင်ကိုကိုဟာ သူ့ကို ဆွဲထူဖို့ကြိုးစားတော့ ဒါးကိုင်ထားတဲ့ အမျိုးသားငါးဦးက သူ့ကိုမြေပေါ်ဆွဲချလိုက်တယ်။ အဲ့ဒီနောက် လူအုပ်ကြီးက သူ့ကိုဓားတွေနဲ့ အနောက်ကနေ ၀ိုင်းခုတ်ကြတယ်။ သူ့ကျောပြင်မှာ ဓားဒဏ်ရာနက်နက် ခြောက်ချက်ရသွားပြီး သူ့အင်္ကျီအ၀ါရောင်လေး သွေးတွေရွှဲရွှဲစိုသွားကုန်တယ်။ လဲကျသွားပြီး မှောင်အတိကျသွားခဲ့တယ်(မေ့မြောသွားခဲ့တယ်)။

    ရဲအရာရှိတစ်ဦးရဲ့မျက်နှာကို ခဲတစ်လုံးလာမှန်တော့ မတော်တဆ သေနတ်မောင်းဖြုတ်မိသွားတယ်။ ဗုဒ္ဓဘာသာဝင် လူရမ်းကားတစ်ဦးရဲ့ခြေထောက်ကို ထိမှန်သွားခဲ့တယ်။ အဲ့ဒီသေနတ်သံက မောင်ကိုကို့ကို သတိရလာစေတယ်။ မသေသေးဘူးဆိုတာသိတာနဲ့ ကုန်းရုန်းထပြီး ရှေ့လူအုပ်နောက် အမြန်ပြေးလိုက်ခဲ့ရပါတယ်။

    ထရပ်ကားတွေဆီသွားရာလမ်းတစ်ဝက်မှာ ဗုဒ္ဓဘာသာဝင်လူအုပ်အကြားထဲ မောင်းသွင်းခံရတယ်။ ရဲတွေက မွတ်စ်လင်မ် တွေကို မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်ခိုင်းကြတယ်။

    လူအုပ်ကြီးက သူတို့ကို ၀ိုင်းဝန်းလှောင်ပြောင်ဆဲဆိုပြီး ပါးရိုက်ကြတယ်။ သူတို့ရဲ့ဦးခေါင်းတွေကို အမျိုးသမီးအများအပြားက အဓမ္မ၀ပ်တွားစေပြီး ဗုဒ္ဓဘာသာဝင်တွေ လက်အုပ်ချီရှိခိုးဦးချသလို လုပ်ခိုင်းခဲ့ကြတယ်။ သူတို့တစ်တွေဟာ အစ္စလာမ်က မစားရလို့တားမြစ်ထားတဲ့ဝက်သားတွေကို မွတ်စ်လင်မ်တို့ရဲ့ ပါးစပ်ထဲ ထိုးထည့်ခဲ့ကြသေးတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူများမှ စုစည်းကောက်ယူထားတဲ့ သက်သေထွက်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    ကျောင်းသားတစ်ဦးရဲ့ဦးခေါင်းကို အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်အိပ်ဇောပိုက်နဲ့လွှဲရိုက်တယ်။ နောက်လူတစ်ဦးက ဆိုင်ကယ်ချိန်းကြိုးနဲ့ ထပ်ရိုက်ပြီး၊ တတိယလူက ရင်ဘတ်ကို ဓားနဲ့ထိုးချလိုက်တယ်။

    “ သူတို့ကို ဒီမှာ မသတ်နဲ့။ သူတို့ဝိညာဉ်တွေ ဒီနေရာမှာ စွဲပြီး မကျွတ်ဘဲနေလိမ့်မယ်။ သတ်ချင်ယင် လမ်းပေါ်ရောက်မှ သတ်ကြ ” ဆိုပြီး ဘုန်းကြီးတစ်ဦးက အဲ့ဒီလူတွေကိုအော်ငေါက်ခဲ့တယ်။

    အမျိုးသမီးနဲ့ကလေးတွေကို ၀ိုင်းရံပြီး အယင်ခေါ်ထုတ်သွားဖို့ ဘုန်းကြီးတွေက ရဲတွေကို ခိုင်းစေခဲ့တယ်။ မသီတာက သူ့ခင်ပွန်းကိုဆွဲထုတ်ဖို့ငြင်းဆန်တဲ့အခါ ဗုဒ္ဓဘာသာဝင်အမျိုးသားတစ်ယောက်က သူ့မျက်နှာကို လက်ဝါးနဲ့တွန်းဖယ်ပြီး ခွဲထုတ်လိုက်တယ်။ နောက်လူတစ်ဦးက သုံးနှစ်အရွယ်သူမရဲ့သားကလေးကို ကြမ်းတမ်းစွာ ဖျစ်ညှစ်ခဲ့လို့ သူမက “ သူနို့စို့အရွယ်ပဲ ရှိသေးတယ်။ သူ့ကိုလွှတ်ပေးပါ ” လို့ အော်ဟစ်ပြီး ဆွဲပြေးခဲ့ရတယ်။

    ရုန်းရင်းဆန်ခတ်ရှုပ်ထွေးနေချိန်မှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးက မသီတာရဲ့ဆယ်ကျော်သက်ရွယ်သမီးနှစ်ဦးကို ကမန်းကတန်းဆွဲခေါ်ထုတ်သွားတယ်။ မေတ္တာကရုဏာနဲ့ သူမအိမ်ကို ခေါ်ယူသွားပြီး စောင့်ရှောက်ပေးထားခဲ့တယ်။ ရက်အတန်ကြာတဲ့နောက် သူမနဲ့သမီးနှစ်ဦးတို့ဟာ အန္တရာယ်ကင်းစွာနဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့ကြပါတယ်။

    မသီတာနဲ့အတူ အမျိုးသမီးနဲ့ကလေးတွေ ၁၀ဦးလောက်က တောင်ကုန်းပေါ်တက်နေကြချိန်မှာ တုတ်တရမ်းရမ်းနဲ့ ၀ိုင်းရံနေတဲ့လူအုပ်ကြီးကို လုံထိန်းရဲတွေက လက်ချည်းဗလာနဲ့ တွန်းထုတ်နေကြလေရဲ့။ အေပီသတင်းဌာနရဲ့ မှတ်တမ်းဗီဒီယိုတစ်ခုမှာ လူတစ်ဦးက “ မလုပ်ကြနဲ့။ အဲ့ဒီထဲမှာ ကလေးတွေလည်း ပါနေတယ် ” လို့ လူအုပ်ကြီးကို ဟစ်အော်တားဆီးတာ တွေ့ရတယ်။

    ဒါပေမယ့် အကြမ်းဖက်မှုက ဆက်ဖြစ်နေခဲ့တယ်။

    ဗုဒ္ဓဘာသာဝင်တွေက ၀က်လန်တောကို ဆက်ရှင်းကြတယ်။ အရွတ်ခန်း လို့ခေါ်တဲ့ ပိန်ပိန်ပါးပါး အသက် ၁၇ နှစ်အရွယ် ကျောင်းသားလေးကို မြက်ခင်းပြင်ပေါ် ဆွဲထုတ်လာကြတယ်။ ဗီဒီယိုမြင်ကွင်းတစ်ခုမှာ အမည်မသိလူငယ်နှစ်ဦးထက်မနည်း ပါဝင်ကြောင်း တွေ့ရတယ်။ အဲ့ဒီထဲက ဘောလုံးဝါသနာအိုး မိတ္ထီလာမြို့ခံတစ်ဦးဟာဆိုယင် တုတ်ရှည်တွေ၊ သွေးစွန်းဓားတွေကိုင်ဆောင်ထားတဲ့ လူကိုးဦးက ၂၄ ချက်အထိ ရိုက်နှက်ထိုးခုတ်ခဲ့တယ်။ ဘုန်းကြီးတစ်ဦးက ငါးချက်တိတိ ပါဝင်လက်စွမ်းပြခဲ့တယ်။

    ကျောင်းသားလေးကို သတ်ဖြတ်နေစဉ် ပွဲကြည့်ပရိသတ်ဗုဒ္ဓဘာသာဝင်တစ်ဦးက ကုန်းစောင်းပေါ်ကနေ “ ကြည့်ကြပါဦး၊ ဟိုမှာ ဟိုမှာ ” လို့ အော်ဟစ်ခဲ့တယ်။ “ ရဲတွေက အဲ့ဒီနေရာကို ဆင်းသွားကြပေမယ့် ဘာမှ မဆောင်ရွက်ပေးခဲ့ကြဘူး ”။

    သူမရဲ့ခင်ပွန်းကို မသီတာ နောက်ဆုံးမြင်တွေ့လိုက်ရပုံက ဒီလိုပါ။ ခင်ပွန်းသည် ရှဖီးအ်ဟာ ရဲတွေရဲ့ဘေးမှာ မျှော်လင့်တကြီးရပ်စောင့်နေတဲ့ သူမရှိရာ တောင်ကုန်းလမ်းအတိုင်း ခက်ခက်ခဲခဲ တက်လာနေခဲ့တယ်။ သူ့တစ်ဖက်တစ်ချက်မှာ ဆရာနှစ်ဦးက ထိန်းကိုင်ထားပေးနေကြတယ်။ ရှဖီးအ်ရဲ့မျက်နှာက သွေးဆုတ်ဖြူရော်နေပါပြီ။ ခြေကုန်လက်ပန်းကျနေပြီး လွတ်လမ်းမမြင်နိုင်ရှာတော့ပါဘူး။ အဲ့ဒီအခိုက်မှာ သူမတို့နဲ့ သူတို့အကြား တောင်စောင်းမှာ လူအုပ်ကြီး ဖုံးလွှမ်းသွားခဲ့တယ်။ တောင်ကုန်းတစ်ဖက်ခြမ်းကနေ “ ကုလားတွေကိုသတ်၊ တစ်ယောက်မှ ချန်မထားနဲ့ ”၊  “ သူတို့ကိုအပြတ်ရှင်းပစ်၊ သူတို့ဟာ အယုတ်တမာတွေဘဲ ” ဆိုတဲ့ အမုန်းတရားဖုံးလွှမ်းနေတဲ့ အော်သံတွေကိုသာ မသီတာ ကြားလိုက်ရပါတော့တယ်။

    အဲ့ဒီအောက်ဖက် အချို့နေရာမှာ ကျောင်းသားအများအပြားက အလွတ်ရုန်းထွက်ပြေးခဲ့ကြတယ်။ သူတို့ကို လူအုပ်တွေက လိုက်ဖမ်းခဲ့ကြတယ်။

    လူတစ်ဦးက အသက် ၁၄ နှစ်အရွယ် အဗူဗကရ်ရဲ့ပါးစောင်းကို ၀ါးရင်းတုတ်နဲ့ မနားမနေဆက်တိုက် ရိုက်နှက်ခဲ့တယ်။ နောက်တစ်ဦးက နှစ်ဖက်ချွန်ဓားမြှောင်နဲ့ ခြေထောက်နောက်ပိုင်းကို ထိုးခွဲဖြတ်တောက်နေခဲ့တယ်။ ဒီအဖြစ်တစ်ရက်အကြို ညစာစားချိန်မှာ ငိုကြွေးခဲ့တဲ့ ကျောင်းဆရာ အာရိဖ်ကိုတော့ နောက်တစ်ယောက်က အဖန်တလဲလဲ ရိုက်နှက်နေခဲ့တာ မြေပြင်ပေါ်လဲကျသွားတဲ့အထိပါဘဲ။

    တောင်ကုန်းရဲ့နှစ်ဖက်စလုံးမှာ ရဲတွေက ဘာမှမလှုပ်မရှား ရပ်ကြည့်နေခဲ့ကြတယ်။ တောင်စောင်းအောက်ဖက်မှာ သူတို့နဲ့အတူထိုင်နေတဲ့ ချာတိတ်လေးတစ်ယောက်က အပေါ်ကိုမော့ကြည့်လိုက်တော့ အရာရှိတစ်ယောက်က ကလေးရဲ့ခေါင်းကိုဖိချပြီး “ မင်းမျက်လုံး အပေါ်လှန်မကြည့်နဲ့ ” ကို အော်ငေါက်ခဲ့တယ်။

    အသား မီးလောင်ကျွမ်းတဲ့အနံ့တွေ ရလာတော့ မသီတာဟာ အနီးမှာရပ်နေတဲ့ ရဲအရာရှိခြေကိုဖက်ပြီး “ အစ်ကိုရေ။ လုပ်ပါဦး။ ဘာတွေဖြစ်ကုန်ပြီလဲ။ ကျေးဇူးပြုပြီး …….. ” လို့ဆိုတဲ့အခါ အရာရှိက “ ဒီမိန်းမ၊ ပါးစပ်ပိတ်ထားစမ်း၊ ခေါင်းကိုငုံ့ထား၊ မင်းတို့ပါ ဒီနေရာမှာတင် သေသွားနိုင်တယ်ဆိုတာ မသိဘူးလား ” လို့ ဖြေကြားလိုက်ပါတယ်။

    အခြေအနေအနည်းငယ်ငြိမ်သက်သွားတော့မှ ဒါဇင်နဲ့ချီတဲ့ ရဲတပ်သားတွေက တောင်ထိပ်ပေါ်နောက်ဆုံးကျန်မွတ်စ်လင်မ်တွေကို ကာကွယ်ဖို့ အင်အားဖြည့်ရောက်လာခဲ့တယ်။ ပြီးတော့ သူတို့ကို ထရပ်ကားတွေပေါ် တင်ဆောင်သွားကြတယ်။

    သူတို့ကို ခေါ်ထုတ်သွားချိန်မှာ မိမိဟာ မိတ္ထီလာကို ဘယ်တော့မှ ပြန်မလာအပ်တော့ကြောင်း မောင်ကိုကို သိလိုက်ပါတယ် “ ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ် ကယ်တင်လိုက်လို့သာ အသက်ရှင်ကျန်ရစ်ခဲ့တာပါ ”။

    ရှည်လျားတဲ့အိပ်မက်ဆိုးကနေလွတ်မြောက်လာသူများကို ရဲဌာနတစ်ခုဆီပို့ဆောင်ခဲ့ကြတယ်။ ရေတောင်းသောက်တဲ့အခါ အရာရှိတစ်ဦးမက သူတို့ကို ရေတိုက်ကြတယ်။

    ရှင်သန်ကျန်ရစ်တဲ့ မွတ်စ်လင်မ် ၁၂၀ ဦးထဲမှာ ကျောင်းသား ၉၀ နဲ့ ဆရာလေးဦး ပါဝင်တယ်။ သူတို့ဟာ အခြားမြို့က မိသားစုဆွေမျိုးတွေနဲ့ ပြန်လည်မဆုံစည်းမှီအထိ ရဲစခန်းမှာ ရက်အတန်ကြာနေထိုင်ခဲ့ကြတယ်။

    မိသားစုဝင်တွေ၊ သက်သေတွေနဲ့ မေးမြန်းစိစစ်ပြီးတဲ့နောက် စုစုပေါင်း ကျောင်းသား ၃၂ ဦးနဲ့ဆရာလေးဦး သေဆုံးခဲ့တယ်လို့ ကျောင်းအုပ်ဆရာကြီးက ဆိုပါတယ်။

    ကယ်ထုတ်ရေးအတွက် အမိန့်ထုတ်ခဲ့တဲ့ ပြည်နယ်လုံခြုံရေးမှူး ကာနယ် အောင်ကျော်မိုးက လမ်းခုလတ်မှာ လူ ၁၀ ဦး သို့မဟုတ် ၁၅ ဦး သေဆုံးရတယ်လို့ ဆိုတယ်။ ဒါပေမယ့် အေပီသတင်းဌာနကရရှိထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ အဲ့ဒီအဆိုနဲ့ ဆန့်ကျင်လို့နေပါတယ်။ သတ်ဖြတ်မှုပြီးတဲ့နောက် အမည်မဖော်လိုသူမျက်မြင်သက်သေများက ဒေသတွင်းလှည့်လည်ရိုက်ကူးခဲ့တဲ့ မှတ်တမ်းတွေပါ။ ဗီဒီယိုမှတ်တမ်းနှစ်ခုထဲမှာတင် လူအသေအပျောက် ၂၈ ဦးအထိ ပါဝင်နေပါတယ်။ ရုပ်အလောင်းအများစုရဲ့လက်တွေဟာ မိုးပေါ်ထောင်နေပြီး မီးလောင်ကျွမ်းထားတာတွေ့ရတယ်။ လူတစ်ဦးဆိုယင် ခေါင်းဖြတ်ခံထားရတယ်။

    ရုပ်အလောင်းတစ်ခုအနီးလူတွေဖြတ်သန်းသွားလာရာမှာ “ ဟေ့။ ဒါက ကလေး(ရဲ့အလောင်း)လား ” လို့ တစ်ယောက်က မေးတယ်။ နောက်လူတစ်ယောက်က “ ဘယ်ကလာ။ အဲ့ဒါ ပိုင်းဖြတ်ခံထားရတာလေ ” လို့ ရယ်ပြောပြောခဲ့တဲ့အသံတွေကို ဗီဒီယိုရိုက်ချက်တွေထဲမှာ ကြားရပါတယ်။

    အဲ့ဒီနေ့က ရဲတွေကိုင်တွယ်ထားကြတဲ့ သေနတ်တွေ၊ ရိုင်ဖယ်တွေကို လူရမ်းကားအုပ်စုတွေကိုင်တွယ်ထားကြတဲ့ သာမန်အသုံးအဆောင်လက်နက်တွေက ယှဉ်နိုင်စွမ်း မရှိကြပါဘူး။ ဒါပေမယ့် လူ ၁၀၀ ကျော်ကို ကယ်ထုတ်တဲ့အချိန်မှာ ဒါဇင်နဲ့ချီတဲ့သတ်ဖြတ်မှုကြီးကို မတားမြစ်ခဲ့ကြဘူး။

    “ သူတို့ဆီမှာ စိတ်နှစ်ခွဖြစ်နေတာကို ကျွန်တော်တို့ သိလိုက်ရပါတယ်။ တစ်ချို့ဟာ ကျွန်တော်တို့ကို ကယ်တင်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့အားလုံး ကျွန်တော်တို့သေမှာကိုဘဲ စောင့်ကြည့်ခဲ့တာပါ ” လို့ ကျောင်းအုပ်ဆရာကြီးက ဆိုပါတယ်။

    ဥပဒေသမား ဦးဝင်းထိန်က အကြောင်းရင်းနှစ်ရပ်ရှိနိုင်ခဲ့ကြောင်း သုံးသပ်တယ် “ ရဲတွေဟာ အထက်ကပစ်မိန့် လုံးဝ မရတာ ဖြစ်မယ်။ ဒါမှမဟုတ် ဘာဆိုဘာမှမလုပ်ဖို့ အထက်က အမိန့်ရောက်နေတာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ် ”။

    Aung Kyaw Moe Mdy
    ရဲတွေရဲ့ဆောင်ရွက်ချက်အပေါ် အားရကျေနပ်တယ်လို့ ဆိုခဲ့တယ်။ ဒါပေမယ့် “ အသေးစိတ်လိုက်မမေးပါနဲ့။ ဒါဟာ မသင့်လျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ၀တ္ထုရေးနေတာမဟုတ်ဘူး၊ ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး။ ခင်ဗျားတို့ သိစရာမလိုဘူး ” Photo-AP
    မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး

    ဒေသလုံခြုံရေးမှူး ဦးအောင်ကျော်မိုးကတော့ အထက်ကပစ်မိန့်ပေးထားတယ်လို့ အတိုက်အခံဆိုပါတယ်။ သို့ပေမင့် ရဲတွေ မပစ်ခတ်ရတာက ပစ်လိုက်လို့ရှိယင် လူအုပ်ရဲ့ဒေါသကို ဆွလိုက်သလိုဖြစ်ပြီး အခြေအနေ ပိုမိုဆိုးရွားသွားနိုင်တယ်လို့ သူက ပြောတယ်။

    ဆက်လက်ပြီးတော့လည်း “ အခင်းဖြစ်တဲ့နေရာဆီ ရဲတပ်သား ၂၀၀ ကို စေလွှတ်ခဲ့တယ်။ လူအုပ်ကြီးက သူ့တို့ထက် အဆမတန် အင်အားများပြားနေခဲ့တယ်။ မွတ်စ်လင်မ်တွေ သေကြေရတာက တစ်ချို့လူတွေ ထွက်ပြေးကြလို့ဖြစ်တယ်။ သူတို့က ခြေဦးတည့်ရာ တကွဲတပြားပြေးကြတော့ ကျွန်တော်တို့တပ်သားတွေက လူတစ်ဦးချင်းနောက်ကို မလိုက်နိုင်ခဲ့ကြဘူး။ ကျန်တဲ့သူတွေကို စောင့်ရှောက်နေတဲ့အပေါ် သူတို့ သတိထားမိဖို့ကောင်းတယ်။ လက်တွေ့ရင်ဆိုင်မှုတွေမှာ အချို့ကိစ္စတွေက ရှင်းပြရသိပ်ခက်ပါတယ် ” လို့ ရှင်းလင်းပါတယ်။

    ဦးအောင်ကျော်မိုးနဲ့ မိနစ် ၅၀ အကြာ အင်တာဗျူးခဲ့ရာမှာ သူက ရဲတွေရဲ့ဆောင်ရွက်ချက်အပေါ် အားရကျေနပ်တယ်လို့ ဆိုခဲ့တယ်။ ဒါပေမယ့် “ အသေးစိတ်လိုက်မမေးပါနဲ့။ ဒါဟာ မသင့်လျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ၀တ္ထုရေးနေတာမဟုတ်ဘူး၊ ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး။ ခင်ဗျားတို့ သိစရာမလိုဘူး ” လို့ ငါးကြိမ်တိုင်တိုင် ဒေါသသံနဲ့ ပြောခဲ့တယ်။

    မိတ္ထီလာအကြမ်းဖက်မှုအတွက် ပထမဆုံး အရေးယူစီရင်ခံလိုက်ရတာက ဗုဒ္ဓဘာသာဝင်လူရမ်းကားတွေ မဟုတ်ဘဲ မွတ်စ်လင်မ်တွေ ဖြစ်နေခဲ့တယ်။

    ဧပြီလ ၁၁ ရက်မှာ ရွှေဆိုင်ပိုင်ရှင်နဲ့ဝန်ထမ်းနှစ်ဦးကို တရားရုံးတစ်ခုက ခိုးမှု၊ အနာတရဖြစ်စေမှုနဲ့ ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ပေးခဲ့တယ်။ မေလ ၂၁ ရက်မှာ အဲ့ဒီတရားရုံးကပဲ မွတ်စ်လင်မ် ၇ ဦးကို အခင်းစတင်ဖြစ်ပွားတဲ့နေ့က ဘုန်းကြီးသတ်မှုကိစ္စနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ အသီးသီး စီရင်ချက်ချခဲ့ပြန်တယ်။

    တရားခံရှေ့နေ ဦးဥာဏ်မြင့်အဆိုအရ ဇွန်လ ၂၈ ရက်မှာတော့ ဗုဒ္ဓဘာသာဝင်တစ်ဦးကို မိတ္ထီလာမြို့တွင်း မွတ်စ်လင်မ် တစ်ဦးကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တယ်။ ဗုဒ္ဓဘာသာဝင် ၁၄ ဦးကို မင်္ဂလာဇေယုံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်။ အချို့ဟာ လူသတ်မှုနဲ့အကျုံးဝင်သော်လည်း ဒီနေ့ထက်ထိ စီရင်ချက် မချမှတ်သေးကြောင်း “ တရားမျှတမှုကို အချိန်က သက်သေပြမှာပါ။ တရားရုံးတွေက ဘယ်အုပ်စုကိုမှ မျက်နှာမလိုက် အစွဲမထားဘဲ အမှုကို စစ်ဆေးစီရင်နေပါတယ် ” လို့ သူက ပြောပြပါတယ်။

    လုံခြုံရေးအကြီးအမှူး ဦးအောင်ကျော်မိုး က ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးဟာ မိတ္ထီလာဒေသခံတွေ ဖြစ်တယ် ဆိုတာကလွဲလို့ အသေးစိတ်ပြောကြားမှု မရှိပါဘူး။ အခြား ဘယ်ရဲတပ်ဖွဲ့ဝင်ကမှလည်း လိုလိုလားလား ထုတ်ဖော်ပြောကြားမှု မရှိတာကိုတွေ့ကြရပါတယ်။

    အခြားသောမြို့တွေမှာလည်း အလားတူအတိုင်း စီရင်နေကြပါတယ်။

    ဧပြီလအတွင်း ဥက္ကံမြို့နယ်က ရွာပေါင်းများစွာကို ဗုဒ္ဓဘာသာဝင်လူရမ်းကားတွေ မီးရှို့ဖျက်ဆီးမှုမှာလည်း ပထမဆုံး စီရင်ချက်ချခံလိုက်ရသူကတော့ သာသနာကိုစော်ကားမှုနဲ့စတင်စွပ်စွဲခံရတဲ့ မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးပါ။ သူမက ကိုရင်ငယ်လေးတစ်ဦးရဲ့ သပိတ်ကို သွားတိုက်မိတာပါ။ အဲ့ဒါဟာ မတော်တဆမှုသက်သက်သာဖြစ်တယ်လို့ မွတ်စ်လင်မ်များက ဆိုကြပါတယ်။

    ဒါတင်မကသေးဘူး။ မေလအတွင်း လားရှိုးမြို့ပေါ် ဗုဒ္ဓဘာသာဝင်တို့ရဲ့အကြမ်းဖက်ဖျက်ဆီးတိုက်ခိုက်မှုမှာလည်း ပထမဆုံးစီရင်ချက်ချခံရသူက မွတ်စ်လင်မ်အမျိုးသားတစ်ဦး ဖြစ်တယ်။ သူဟာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို ဓာတ်ဆီလောင်းမီးရှို့ပြီး ဆိုးဆိုးဝါးဝါးလောင်ကျွမ်းစေခဲ့ရာမှ သောင်းကျန်းမှု စတင်ဖြစ်ပွားလာခဲ့တယ်။

    ဥက္ကံမှာရော လားရှိုးမြို့မှာပါ အနည်းဆုံး မွတ်စ်လင်မ်တစ်ဦး သတ်ဖြတ်ခံလိုက်ရသော်လည်း ဒီနေ့ထက်ထိ ဘယ်သတ်ဖြတ်သူကိုမှ အရေးယူစီရင်ခြင်း မရှိသေးပါဘူး။

    မိတ္ထီလာစုပြုံသတ်ဖြတ်မှုအပြီး အနည်းဆုံး နှစ်ရက်နဲ့တစ်ပိုင်းအထိ ရုပ်အလောင်းများကို ပုံပျက်ပန်းပျက် စွန့်ပစ်ထားကြတယ်။ အဲ့ဒီနောက်မှ အစိုးရဖက်က အလုပ်သမားတွေကို လွှတ်ပြီး နေရာရွှေ့စေခဲ့တယ်။ တစ်ချို့ကိုတော့ အမှိုက်ကားနဲ့တင်ဆောင်သွားကြတယ်။ ရုပ်ကလာပ်တွေကို မိတ္ထီလာသုသာန်ကြီးဆီကို ယူဆောင်သွားကြတယ်။ အဲ့ဒီကို ရောက်တဲ့အခါကျပြန်တော့လည်း ညစ်ပတ်နေတဲ့မြေနီကွင်းပြင်ထဲမှာ ကားတာယာတွေ၊ ဓာတ်ဆီတွေကိုသုံးပြီး မီးရှို့ကြပြန်တယ်။ ခွေးတွေဝင်တိုးစရာ ပြာပုံဘ၀ ရောက်သွားခဲ့ရတယ်။

    ရုပ်အလောင်းတွေကို သက်ဆိုင်ရာသားချင်းတွေဆီလက်ပြောင်းပေးမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မခွဲခြား မမှတ်မိနိုင်လောက်အောင် ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းထားလို့ဖြစ်တယ် ဆိုပြီး အာဏာပိုင်တွေက ပြောကြားတယ်။ ဒါပေမယ့် သူတို့ကို မေးမြန်းပြောဆိုမှုအလျဉ်းမရှိခဲ့တဲ့အပြင် အစ္စလာမ့်ထုံးဓလေ့အရ ကောင်းမွန်ကျနစွာ မြှုပ်နှံသင်္ဂြိုလ်ခွင့်လည်း မပေးခဲ့ကြပါဘူးလို့ အသတ်ခံရသူတို့ရဲ့မိသားစုဝင်များက ဆိုပါတယ်။

    ဘယ်မွတ်စ်လင်မ်မိသားစုကမှ သင်္ချိုင်းကို မသွားရဲကြသလို ၀ိုင်းဝန်းသတ်ဖြတ်တဲ့နေရာဆီကိုလည်း ခြေဦးမလှည့်ရဲကြပါဘူး။

    ဗလာခြေကျင်းနဲ့အမျိုးသမီးတစ်ဦး ရေတွင်းတစ်ခုနံဘေးမှာ အ၀တ်လျှော်နေခဲ့တယ်။ အဲ့ဒီနေရာမှာ မီးကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို စုပုံချထားတာကို တွေ့လိုက်တော့ ဘာတွေဖြစ်ကုန်ပါလိမ့်ဆိုပြီး တအံ့တသြဖြစ်သွားတယ်။ သူမ ရှိမနေခဲ့လို့ မသိလိုက်ရဘူးလေ။ သူငယ်ချင်းဖြစ်သူက “ ဘာကစဖြစ်တာလဲ ပြောပြလိုက်။ ရွှေဆိုင်အကြောင်း၊ ဘုန်းကြီး အသတ်ခံရတဲ့အကြောင်းတွေ ပြောပြလိုက် ” လို့ ဆိုပါတယ်။ မမြင့်ဟာ ခေါင်းကိုခါရမ်းလိုက်ပြီး တောင်ကုန်းထိပ်ဖက်ကို မ၀ံ့မရဲကြည့်လို့ “ ဒီအရိုးတွေက ငါနဲ့ဘာမှ မပတ်သက်ဘူးနော် ” လို့ ဆိုလိုက်လေရဲ့။

    ကျောင်းအုပ်ဆရာကြီးက မျဉ်းပြာလိုင်းပါတဲ့စာရွက်တစ်ရွက်ကို သူ့အိတ်ကပ်ထဲက ထုတ်ယူလိုက်တယ်။ အဲ့ဒီစာရွက်ပေါ်မှာ သေဆုံးသွားသူတွေရဲ့ နာမည်၊ အသက်နဲ့ ဇာတိနေရပ်တွေကို ရေးသားထားတယ်။

    သူ့ကျောင်းသားတွေကို ၀က်လန်တောထဲ သွားခိုလှုံဖို့ ဆုံးဖြတ်ခဲ့တာ၊ အိပ်မက်ဆိုးအဖြစ်တွေ ကြုံရတာနဲ့ပတ်သက်လို့ မဟုတ်ဘဲ သတ်ဖြတ်ခံရချိန်မှာ မကယ်တင်နိုင်လိုက်တဲ့အတွက် သူ့မှာ စိတ်ထိခိုက်လျက် ရှိနေပါတယ်။  အရိုက်ခံရပြီး မြေပေါ်လဲကျကုန်တဲ့အချိန်မှာ အများစုက မသေဆုံးကြသေးဘူးလို့ သူက ပြောပြတယ်။

    “ အဲ့ဒီအချိန်လေးမှာ လူအုပ်ကြီးကိုနောက်ပြန်ဆုတ်အောင် တစ်စုံတစ်ယောက်သာ ရောက်လာခဲ့ပြီး သူတို့ကို သွားယူလို့ဆေးရုံပို့ပေးနိုင်ခဲ့ယင် သူတို့ အသက်ရှင်နိုင်ကြမှာပါ ” ဆိုပြီး ပြောပြရှာပါတယ်။

    ရှင်သန်ကျန်ရစ်ခဲ့တဲ့ ကျောင်းသား ၉၀ ကျော်ကို အဆင့်မရှိ လိမ်ညာမှုတွေ မလုပ်ကြဖို့၊ မတရားအပြစ်ပေးမှုကို ကြောက်ရွံ့ပြီး ၀န်ခံထွက်ဆိုတာမျိုး မလုပ်ကြဖို့ သူက မှာကြားထားပါတယ်။ သူ့အတွေးအာရုံထဲမှာ ကျောင်းသားတွေကို ပြန်လည်စုစည်းမယ်၊ တစ်နေရာရာမှာ ကျောင်းကိုပြန်လည်တည်ဆောက်မယ် ဆိုပြီး ………………….။ ဒါပေမယ့်လည်း အချိန်မရွေး နေရာမရွေးမှာ ဒီလိုတစ်ဖက်သတ်အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာမှာကိုတော့ အထူးစိုးရိမ်နေမိတာတော့ အမှန်ပါဘဲ။

    “ ဒီမြန်မာနိုင်ငံရဲ့ဘယ်နေရာမှာများ လုံခြုံဘေးကင်းနိုင်မှာလဲ ?  ငါတို့ကို ဘယ်သူ ကာကွယ်ပေးမှာလဲ ” လို့ ပြောပါတယ်။

    မတ်လ ၂၁ ရက်တုန်းက ကျောင်းသားတွေကို ပြန်လည်ခုခံတိုက်ခိုက်မှုမလုပ်ဖို့ ထိန်းသိမ်းတိုက်တွန်းခဲ့တာ ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်ပါ။ ခုတော့ သူက ဒီလို တိုးတိတ်စွာ ဆိုရပါပြီ။

    “ နောက်တစ်ကြိမ်သာ ထပ်ဖြစ်လာယင် ငါတို့ ကိုယ့်ကိုယ်ကို ကာကွယ်ရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ လာပြီးကာကွယ်ပေးမှာမဟုတ်မှန်း ငါတို့သိသွားရလို့ပါဘဲ ”။

    ရုပ်သံကြည့်လိုလျှင်=>https://www.youtube.com/watch?v=nfpQzf-mC_k&list=PLrN3vEHYCFKJ-4jvIsEhOqJd1eddiBaiJ&index=7

    http://www.japantimes.co.jp/ တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် TODD PITMAN ၏  No Justice For Muslims Massacred By Myanmar Buddhists ဆောင်းပါးကို ” မြင့်မိုရ်မောင်မောင်”  ဆီလျော်အောင် မြန်မာလိုပြန်ဆိုပါသည်။