News @ M-Media
Category: ဆောင်းပါး
  • မန်းဘခိုင် (၁၉၀၃ – ၁၉၄၇)
    မန်းဘခိုင် (၁၉၀၃ – ၁၉၄၇)
    ဇူလိုင်-၁၇၊ ၂၀၁၃
    M-Media
    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)
    photo
    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။
    မန်းဘခိုင် (၁၉၀၃ – ၁၉၄၇)
    Manbakhainအာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်ကို ဖခင် ယုန်သလင်း ရွာသူကြီး မန်းပေကုန်းနှင့် မိခင် ဒေါ်ပု တို့မှ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် နေ့တွင် ဟင်္သာတမြို့နယ် ယုန်သလင်းရွာတွင် ဖွားမြင်ခဲ့ပြီး ပဉ္စမမြောက်သားသည်။  မန်းဘခိုင်သည် ကရင် အမျိုးသားတစ်ဦးလည်းဖြစ်သည်။ ငယ်စဉ်က ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၀ ပြည့် နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင် ဘာသာသင်ကျောင်း တကျောင်းကို ဦးစီး ဖွင့်လှစ်ခဲ့သူတဦး ဖြစ်သည်။ ၁၉၃၇ ခု တွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် အိမ်ထောင်ပြုခဲ့သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ် ဂျပန်တော်လှန်ရေး တွင်လည်း ပါဝင်ခဲ့ရုံမက ကရင် – ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီး တစ်ဦး ဖြစ်လာသည်။ ကရင် လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှု လက်မှုနှင့် အလုပ်သမား ဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။
    မြန်မာ့လွတ်လပ်ရေး ဗိမ္မာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်းနေဆဲတွင် ထို့နောက် ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လုပ်ကြံသတ်ဖြတ်မှုကြောင့် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသည်။
    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။
    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။
  • ကြိုးကိုင်သူ ဇာတ်ဆရာ နှင့် အသုံးတော်ခံများ (မြန်မာအရေး သုံးသပ်ချက် ဘာသာပြန်)
    ဇူလိုင်-၉၊ ၂၀၁၃
    M-Media
    မူရင်းဆောင်းပါးရှင်-ဘာတေးလင့်တနာ
    ဘာသာပြန်ဆိုသူ-မြင့်မိုရ်မောင်မောင်
    lintner_military_wb
    ၂၀၁၁ ခုနှစ်၊ မတ်လတွင် သမ္မတရာထူးကို အငြိမ်းစားဗိုလ်ချုပ် ဦးသိန်းစိန် ရယူခဲ့စဉ်ကစ၍ မြန်မာနိုင်ငံသည် လွတ်လပ်မျှတသောဒီမိုကရေစီစံနစ်သို့ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ရှေ့ဆက်လိမ့်မည်ဟု နိုင်ငံတကာလေ့လာသူများထံ အကောင်းဖက်အမြင် ရှိလာခဲ့ကြသည်။
    ပြဿနာအနေနှင့် မြန်မာ့မြောက်ဖျား ကချင်ပြည်နယ်မှ လက်နက်ကိုင်လူမျိုးစုဆိုင်ရာ ပဋိပက္ခသာ ရှေ့ဆက်စရာရှိနေသယောင် ဖြစ်ခဲ့၏။ ၄င်းမှာ ဒေသတွင်း စစ်အာဏာပိုင်များက အခွင့်အာဏာအသုံးချမှုပုံဟန် မမှန်ကန်သောကြောင့်ဟု ဆိုထားကြသည်။ နိုင်ငံတော်၏ ဒီမိုကရေစီ နည်းကျပြုပြင်ပြောင်းလဲရေး ကာလအတွင်း သမ္မတ၏စစ်ရေးစစ်ရာ ကိုင်တွယ်မှု အရည်အချင်းအပေါ် ထိုလူမျိုးစုတော်လှန်ရေးသမားများကသော် လည်းကောင်း၊ ပြည်သူလူထုကသော်လည်းကောင်း သိလိုနေခဲ့ကြသည်။ သို့တစေ စစ်တပ်အခြေတည် အမာခံများကို ဆန့်ကျင်ရမည့် ဦးသိန်းစိန်၏ပြန်လည်ပြုပြင်ရေး အစိုးရအား ပြင်ပကမ္ဘာက ထောက်ခံအားပေးရန် လိုအပ်သည်ဟု ပြည်ပ သုတေသီများမှ အဆိုပြုခဲ့ကြကုန်သည်။
    ဤဖြစ်စဉ်အရ ဦးသိန်းစိန်သော်လည်းကောင်း၊ စစ်တပ်သော်လည်းကောင်း ကချင်တို့အပေါ် ကြမ်းကြုတ်စွာ ဖိနှိပ်ထားမှုအတွက် အဆုံးသတ်ဖို့ တာဝန်ရှိလာပေသည်။ သို့ဖြင့် ၂၀၁၃ ခုနှစ်၊ မေလတွင် ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား၌ မရေရာသေးသော ငြိမ်းချမ်းရေး သဘောတူညီချက်ပြုလုပ်သည့်အဆင့်သို့ ရောက်လာ၏။ လက်တွေ့တွင်မူ “ တင်းမာမှုလျှော့ချရေးနှင့် အဆုံးသတ်ရေး ” အတွက် နိုင်ငံရေးဆွေးနွေးမှုပြုရန်သာ နှစ်ဖက်စလုံး သဘောတူညီနိုင်ခဲ့ကြသည်။ မည်သည့်ဌာန၊ မည်သည့်ကာလ၌ ထိုအချက်နှင့်စပ်လျဉ်း၍ ခိုင်မာသော ကတိက၀တ်နှင့်ဆုံးဖြတ်ချက်များ မချမှတ်နိုင်ခဲ့ပေ။
    ဆယ်စုနှစ်ချီကြာမြင့်နေသည့် ဤပြည်တွင်းစစ်မှာ ၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလတွင် အရှိန်အမြင့်ဆုံးအခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ရွှေ့ပြောင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်နှင့်ဂျက်လေယာဉ်သုံး လေကြောင်းတိုက်ပွဲများပါဝင်လာခြင်းတို့ကြောင့်ဖြစ်သည်။
    ဒေသတွင်းစစ်အာဏာပိုင်များမှ ဤရွေ့ဤမျှအတိုင်းအတာအထိ စိတ်ပျက်စရာကောင်းလောက်အောင် စစ်ဆင်ခြင်း (သို့တည်းမဟုတ်) ၀ါရှင်တန် အခြေစိုက် Center for Strategic and International Studies ၏အဆိုဖြစ်သော စစ်တပ်၏ လူနည်းစုအချို့မှ ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းကို ပျက်လိုဖျက်ဆီးပြုနေခြင်း ဟူသည့် အတွေးအမြင်အား ပြောင်ပြန်လှန် လိုက်သလို ဖြစ်သွားတော့သည်။ ဤအနေအထားက မြန်မာစစ်တပ်၏ အာဏာသက်ရောက်မှု၊ ဦးသိန်းစိန်အစိုးရနှင့် ဆက်နွှယ်မှုများအပေါ် နားလည်လက်ခံစရာ ကင်းမဲ့သွားရသည်။
    SPDC big 4
    လက်ရှိ အစိုးရမတိုင်ခင် စစ်အစိုးရ (SPDC) ထိပ်ဆုံး ခေါင်းဆောင် ၄ ဦး (ဝဲမှယာ) ဗိုလ်ချူပ်မှူးကြီး သန်းရွှေ၊ ဒု-ဗိုလ်ချူပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်
    မြန်မာစစ်အုပ်ချုပ်ရေးကာလအတွင်း ဖွဲ့စည်းခဲ့သော နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ – State Peace and Development Council (SPDC) မှတဆင့် ဦးသိန်းစိန် အာဏာရရှိခဲ့ခြင်းကို ကျွန်ုပ်တို့ မကြာခဏဆိုသလို မေ့လျော့ထားကြ၏။ ၄င်း SPDC သည် ၁၉၈၈ ခုနှစ်တွင် အာဏာရယူခဲ့ပြီး၊ ဦးသိန်းစိန် သမ္မတဖြစ်လာသော ၂၀၁၁ ခုနှစ်၊ မတ်လတွင် တရားဝင်ပယ်ဖျက်ခဲ့သည်။ ဦးသိန်းစိန်သည် စစ်အာဏာရှင်စံနစ်နှင့် နက်ရှိုင်းစွာ ပါဝင်ပတ်သက်ခဲ့သူ တစ်ဦး ဖြစ်သည်။ စစ်တပ်၌ ဗိုလ်ချုပ်၊ SPDC တွင် အတွင်းရေးမှူး ၁၊ နောင်သော် သမ္မတရာထူး လက်မခံမှီအထိ ဝန်ကြီးချူပ် စသည့် ရာထူးအဆင့်များဖြင့် ကျင်လည်ခဲ့သည်။
    သူတာဝန်ထမ်းဆောင်ခဲ့သည့် မည်သည့်အဆင့်မှာမှ နိုင်ငံရေး သို့မဟုတ် ဦးဆောင်ချက်တစ်ရပ်ရပ်ကို လွတ်လပ်စွာဆောင်ရွက်ခြင်းဟူ၍ မတွေ့ရချေ။ သူသည် မြေ၀ယ်မကျ အမိန့်နာခံသည့် စစ်သည်တစ်ဦး၊ ၄င်းနောက် ဦးသန်းရွှေမှ လက်တန်းခန့်အပ်ခဲ့သော USDP [1] ကြံခိုင်ရေးပါတီ၏ ဥက္ကဌ နှင့် ဝန်ကြီးချူပ် ဖြစ်လေရာ – ဦးသန်းရွှေ၏ စေလိုရာစေ အပါးတော်တစ်ဦးအဖြစ် အစဉ်အမြဲရှိနေခဲ့ရသူဖြစ်၏။
    သာဓကတစ်ရပ်ပြဆိုပါအံ့။ ဦးသိန်းစိန်သည် ဝန်ကြီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း ၂၀၁၀ ခုနှစ်၊ နွေရာသီတစ်ရက်၌ မြောက်ကိုးရီးယားကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။ ကင်မ်ဂျုံအီလက်ထက်တွင် မြောက်ကိုးရီးယား၏ စစ်ရေးတိုးတက်မှုအပေါ် အမွှမ်း တင်မှတ်ချက်ပေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ခဲ့သည်။ ထိုကာလများတွင် မြန်မာနိုင်ငံသည် မြောက်ကိုးရီးယားနှင့် ရင်းနှီး ပတ်သက်နေမှုအား ၀န်ခံပြောဆိုရန် အနည်းငယ်မျှပင် နောက်မတွန့်ခဲ့။
    ထို့ကြောင့် မည်သည်မည်ဝါကို ပြောကြားပါဟု ဦးသိန်းစိန်အား ပြောဆိုခိုင်းစေနေသူမှာ အဘယ်သူနည်း ? မြန်မာစစ်တပ်၏ ထိပ်ပိုင်းဆိုင်ရာနှင့် နီးစပ်သူများ၏အဆိုအရ ဦးသိန်းစိန်ထံ၌ ကိုယ်ပိုင်ရည်မှန်းချက်ဟူ၍ မရှိ၊ ၄င်းပြင်အနားယူသွားပြီဟုဆိုကာ လူထုမြင်ကွင်းမှ ကိုယ်ယောင်ဖျောက်ခဲ့သော ဦးသန်းရွှေအား စိုးစဉ်းမျှ ပြန်လှန်ဝံ့သူ မဟုတ်၊ သို့ဖြစ်၍ သူ့အား ရွေးချယ်လိုက်ခြင်း ဟူ၏။
    Min-Aung-Hlaing
    လက်၇ှိ ကာကွယ်ရေးဦးစီချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်
    ၂၀၁၀ ခုနှစ်၊ ဇွန်လတွင် ဦးသန်းရွှေသည် မိမိလူယုံတော် မင်းအောင်လှိုင်အား စစ်ဦးစီးချုပ်အဖြစ် ရွေးထုတ်ခန့်အပ်ခဲ့သည်။ သူသည်လည်း မိမိ၏ အရှင်သခင်ဟောင်းအား ဆန့်ကျင်ကျောခိုင်းမည့်သူ မဟုတ်ဟု ယုံကြည်အားထားရသူ သစ္စာခံ ဘက်တော်သားဖြစ်လေရာ လွတ်လပ်သောအတွေးအမြင် မရှိသူအဖြစ် လူသိများသည်။
    သမ္မတ ဦးသိန်းစိန် နှင့် စစ်ဦးစီးချုပ် မင်းအောင်လှိုင်တို့နှစ်ဦးစလုံးအား သက်ဆိုင်ရာရာထူး၌ ခန့်အပ်သူမှာ ဦးသန်းရွှေ ပင်ဖြစ်၏။ ဦးသန်းရွှေသည် ကန့်လန့်ကာနောက်ကွယ်တွင် အာဏာကိုချုပ်ကိုင်ထားဆဲ၊ အဆုံးသတ်ဆုံးဖြတ်ပေးသူ အဖြစ်တည်ရှိနေဆဲဟု စစ်တပ် အတွင်းပိုင်းစကားအရ သိရှိရသည်။
    စစ်တပ်ကို ထိပ်တန်းတင်သော မြန်မာနိုင်ငံ၏အာဏာ အဆောက်အဦးမှာ အပြောင်းအလဲမရှိသေး။ သို့ဖြစ်၍ နိုင်ငံရေးစံနစ်သည် ပြုပြင်ပြောင်းလဲရေးကြားကာလ၌ ရှိသည်ဟုဆိုခြင်းမှာ မမှန်ကန်တော့ချေ။ မြန်မာနိုင်ငံတွင် အမှန်တကယ်ဖြစ်ပျက်နေမှုများကို နားလည်နိုင်ရန်၊ မည်သို့ပြောင်းလဲမည် သို့မဟုတ် အပြောင်းအလဲရှိမရှိ သိမြင်ရန် အရေးကြီးသည့် အချိန်အခါရောက်လာပေပြီ။
    နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းကို စစ်တပ်လက်အောက်ခံတစ်ရပ်မှ စီစဉ်ရေးဆွဲခဲ့ပြီး မသန့်ရှင်းသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ကာ ၂၀၀၈ ခုနှစ်၊ မေလတွင် ပြဋ္ဌာန်းသတ်မှတ်လိုက်ကြသည်။ ကမ်းခြေဒေသအများအပြားကို ပျက်စီးဆုံးရှုံးစေခဲ့သည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံရစဉ်က ယင်းဆန္ဒခံယူပွဲအား ပြုလုပ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်မှာ ထောက်ခံမဲ ၉၂.၄၈ % ရရှိသည်ဟု တရားဝင်ထုတ်ပြန်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏နောက်တွင် အသက်သွင်းကျင့်သုံးခဲ့သည်။
    ထိုရွေးကောက်ပွဲမှာ ထင်ထင်ရှားရှား လီဆည်မှုရှိခဲ့သည်သာမက အနုစိတ်ကြံစည်ချက်တစ်ခု ဖြစ်ခဲ့သည်။ အာဏာပိုင်တို့၏ ကိုယ်ပိုင် ထုတ်ဖော်မှုမှာပင်လျှင် ဤအချက်က မြင်သာလွန်းနေ၏။ ပဲခူးတိုင်းဒေသကြီး အတွင်း ထောက်ခံမဲ ထည့်ဝင်ကြသူမှာ ၁၀၂.၀၉ % အထိရှိသည်ဟု နိုင်ငံပိုင် မီဒီယာများက ကနဦးပိုင်း၌ ကြေငြာခဲ့သော်လည်း နောက်ပိုင်းတွင် ၉၉.၅၇ % ဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ခဲ့သည်။ အလားတူစွာ ရခိုင်ပြည်နယ်ရှိမြို့နယ်တစ်ခု၌ ထောက်ခံမဲထည့်ဝင်သူ ၁၀၄.၂၈ % ဟုဆိုရာမှ နောင်သောအခါ ၇၁.၇၄ % ဟု ပြန်လည်စာရင်းပြခဲ့ကြသည်။
    ထိုင်းနိုင်ငံအခြေစိုက် ပြည်ပရောက် မြန်မာနိုင်ငံသားတိှု့ စီစဉ်ထုတ်ဝေသော ဧရာဝတီမဂ္ဂဇင်း၌ ရန်ကုန် လုပ်ငန်းရှင်တစ်ဦး၏ စကားကို ကောက်နှုတ်ဖော်ပြထား၏။ ၄င်းမှာ စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – Union Solidarity and Development Party (USDP) သည် ရွေးကောက်ပွဲများ ဖျက်သိမ်းထားသော ကချင်ပြည်နယ်၏ မဲဆန္ဒနယ် ၂ ခုတွင် အနိုင်ရရှိခဲ့ကြောင်း၊ USDP သည် တစ်နိုင်ငံလုံးတွင် အနိုင်ရခဲ့သည့် အပြင် ရွေးကောက်ပွဲ မကျင်းပခဲ့သည့် နယ်မြေဒေသများ၌လည်း အနိုင်ရရှိခဲ့ကြောင်း၊ သူနှင့်သူ့မိတ်ဆွေ အများအပြားမှာ ရန်ကုန်မြို့၌ ဒီမိုကရေစီဖက် ရပ်တည်သော ရွေးကောက်ပွဲဝင် ပါတီတစ်ခုအား မဲပေးခဲ့ကြကြောင်း၊ မဲများကိုရေတွက်ပြီးသောအခါ ထိုပါတီမှာ မိမိတို့မြို့နယ်၌ အနိုင်ရရှိခဲ့ကြောင်း၊ ယင်းအချက်ကို အတည်ပြုခဲ့ကြကြောင်း၊ သို့သော် အတည်ပြုပြီး နောက်မှာမှ မဲဆန္ဒနယ်သို့ “ကြိုတင်မဲ”များ ရောက်လာကြောင်း၊ ထိုအခါ ရလဒ်မှာ ပြောင်းပြန်ဖြစ်သွားကြောင်း၊ နိုင်ငံတစ်ဝှန်းတွင်လည်း အလားတူ လီဆည်မှု သတင်းများကို ကြားသိခဲ့ရကြောင်း ဟူ၍ဖြစ်သည်။
    180px-USDP_sealUSDP သည် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလတွင် စစ်အာဏာရှင်တို့မှထူထောင်သည့် USDA မှ ဆင်းသက်လာသော ပါတီ ဖြစ်သည်။ ဦးသန်းရွှေ နှင့် ဦးသိန်းစိန်တို့မှာ USDA အဖွဲ့ဝင်များအနက်မှဖြစ်သည်။ ၄င်း USDA ၌ အသင်းဝင်ပေါင်း ၂၄ သန်းရှိသည်ဟုဆိုလျက် ၂၀၁၀ ခုနှစ်၊ မတ်လတွင် USDP ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသော ရွေးကောက်ပွဲ ၀င်ရောက်ရန် ဦးသိန်းစိန်အား ခေါင်းဆောင် တင်မြှောက်ခဲ့ကြသည်။ ၄င်းပါတီသည် အသစ်ဖြစ်တည်လာသော လွှတ်တော်နှစ်ရပ်လုံး၌ နေရာ အများစုကို ရရှိလိုက်သည်။
    လွှတ်တော်နှစ်ရပ်လုံးရှိ အမတ်နေရာလေးပုံတစ်ပုံမှာ ရွေးကောက်ပွဲမှ အနိုင်ရရှိခဲ့သောနေရာများမဟုတ်။ စစ်တပ်မှ တိုက်ရိုက်ခန့်အပ်သူများ၊ တာဝန်ထမ်းဆောင်စဲ စစ်တပ်အရာရှိများ အနက်မှ ရွေးချယ်ထားသူများ ဖြစ်နေကြပေသည်။
    သို့မှသာ ဥပဒေသစ်တစ်ရပ်ဖြင့် ပါလီမန်လွှတ်တော်အား ကိုင်တွယ်ထိန်းချုပ်ထားနိုင်မည်၊ စစ်တပ်ကို ပြန်လည်ပြုပြင် တည်ဆောက်ရေး လမ်းကြောင်းပေါ် တင်လိုက်လျှင် အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်း၌ သိက္ခာဆယ် အရောင်ပြန်တင်နိုင်လိမ့်မည်ဟု အာဏာဆုပ်ကိုင်ထားစဲ ထိပ်တန်းစစ်အုပ်စုဝင်များက တွက်ဆထားကြ၏။
    ပြည်တွင်း၌ အချေအတင်ဖြစ်လာသည့် တရုတ်ပြည်အပေါ် အလွန်အကျွံမှီခိုအားထားနေမှုအား မသိမသာ ရှောင်ဖယ်ထိန်း ညှိနိုင်ရေးအလို့ငှာ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဖို့ကိုလည်း မျှော်လင့်ထားကြ၏။ ထိုအချက်ကို ကျွန်ုပ်ရရှိခဲ့သော မြန်မာစစ်တပ်မှ အတွင်းစည်း အထောက်အထားတို့ဖြင့် သိရခြင်းဖြစ်သည်။ သို့ဖြစ်လေရာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲပြီး မရှေးမနှောင်းတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခွင့် ပေးခဲ့ကြ၏ ။ ရာနှင့်ချီသော နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြ၏။ ဆယ်စုနှစ်များစွာ တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားခဲ့သော စာနယ်ဇင်းနှင့် မီဒီယာလွတ်လပ်ခွင့်ကိုလည်း အံ့သြစဖွယ် ကောင်းလှအောင် ဖြေလျော့ ဇက်လွှတ်ပေးခဲ့ကြလေသည်။
    ဒေါ်အောင်ဆန်းစုကြည်မှာ ပါလီမန်အမတ်ဖြစ်လာသော်ငြား သူမ၏ပါတီသည် အမတ်နေရာစုစုပေါင်း၏ ၇ % သာ နေရာယူနိုင်ခဲ့သည်။
    သူမ နှင့် NLD ပါတီ၏စွမ်းဆောင်မှုများ အပေါ် ဝေဖန်ချက်တို့မှာ စိတ်ပျက်ဖွယ်ဖြစ်သွားရသည်။ ၄င်းတို့သည် အတိုက်အခံကဲ့သို့ မရပ်တည်၊ တရားဝင်မူဝါဒများအပေါ် မဝေဖန်၊ ထူးခြားမှုတင်ဆက်နိုင်ခြင်းလည်း မရှိကြချေ။ ၄င်းအစား သူတို့သည် အစိုးရနောက်သို့ကောက်ကောက်ပါအောင် လိုက်နေကြ၏၊ မဆိုစလောက်သော စောဒကများသာ ပြုလုပ်ပြီး အဆိုသစ်များကိုလည်း မတင်သွင်းနိုင်ကြပါ။ ထင်ရှားသော ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းဦး မှ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏
    ကျောသပ်ချော့သိပ်မှုကို ခံနေရကြောင်း၊ လူထု၏အသံကို ကိုယ်စားမပြုနိုင်တော့ကြောင်း ဆိုခဲ့သည်။ ကချင်ပြည်နယ်မှ စစ်ပွဲများအပေါ် သူမ၏နှုတ်ဆိတ်နေမှုက ဝေဖန်သံများ လျှံထွက်စေခဲ့သလို – သစ္စာပျက်ယွင်းစေသည်ဟုခံစားရသော ကချင် အသိုင်းအ၀ိုင်းများက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချခဲ့ကြသည်။
    ဒေါ်အောင်ဆန်းစုကြည်သည် တစ်ချိန်က အပြင်းထန်ဆုံးအတိုက်အခံခေါင်းဆောင်အဖြစ်မှသည် မြန်မာအုပ်ချုပ်သူများ၏ အလိုလိုက်အကြိုက်ဆောင်ဘ၀သို့ ရောက်နေရပြီဖြစ်၏။ ၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလတွင် ဟိုနိုလူလူရှိ East-West Center ၌ ပြောဆိုခဲ့သော စကားအရ စစ်တပ်ဖက် အလေးသာနေကြောင်း ခန့်မှန်းရပေသည်။ “ ကျွန်မကို ဗမာစစ်တပ် အပေါ် နှစ်သက်သူ အဖြစ် မကြာခဏဆိုသလို ဝေဖန်ကြတယ်။ မတတ်နိုင်ဘူး၊ ဒါအမှန်တရားပါဘဲ ”။
    ယင်းသို့စကားများမှာ လက်ခံနားလည်ပေးရ ခက်ခဲလေခြင်း။ ၄င်းပြင် လူနည်းစုဝင်မြန်မာတိုင်းရင်းသားတို့အကြား သူမအပေါ်ထောက်ခံမှုကို အလေးမထားရာ ရောက်သွားခဲ့၏။ စစ်အုပ်ချုပ်ရေး၏ အမှောင်မိုက်ဆုံးကာလအတွင်း တိုင်းရင်းသားများစွာက သူမအား မျှော်လင့်အားထားခဲ့ကြသည်။ ဟာဝိုင်ယီ၌ ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောနေချိန်တွင် မြန်မာစစ်တပ်သည် ဆိုင်းမပါ ဗုံမဆင့် လေကြောင်းစစ်ဆင်မှုနှင့်အတူ ထိုးစစ်ကြီးဆင်လေသဖြင့် အမျိုးသမီးနှင့်ကလေးအများစုပါဝင်သော ထောင်ဂဏန်းရှိ ကချင်တို့မှာ ကချင်စစ်ဌာနချုပ်အနီး အသစ်ကျပ်ချွတ် ဗုံးကျင်းများထဲ ခေါင်းမဖော်နိုင်သည့်ဖြစ်အင်နှင့် ကြုံကြိုက်နေခဲ့ကြကုန်သည်။
    စစ်တပ်၏ကြီးစိုးနေသောအခန်းကဏ္ဍနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ပြုလုပ်နိုင်ခဲ့သည်မှာ ဤမျှသာဖြစ်၏။ ၂၀၀၈ ခုနှစ်အခြေခံဥပဒေ အခန်း ၁ တွင် – ကာကွယ်ရေးလုပ်ငန်းများသည် နိုင်ငံတော်၏ နိုင်ငံရေးခေါင်းဆောင်မှုတွင် ပါဝင်စေရမည် ဟုဆိုထားသည်။ သို့အတွက် တိုင်းပြုပြည်ပြုလွှတ်တော် အမတ်များအားလုံး၏ ၂၅ % သောနေရာကို ချုပ်ကိုင်ထားခြင်းဖြစ်သည်။ ယင်းဥပဒေကို အခြေခံစည်းမျဉ်းများ အပြောင်းအလဲမပြုလုပ်နိုင်အောင် ရှုပ်ရှုပ်ထွေးထွေး ရေးဆွဲဖော်ဆောင်ထားလေရာ က်ရှိအာဏာ တည်ဆောက်မှု ဆိုင်ရာ အပြောင်းအလဲအလို့ငှာ တစ်စုံတစ်ရာသော အဆိုတင်သွင်းချက်သည်ပင် စစ်တပ်၏ ဗီတိုအာဏာဖြင့်သာ ပြီးမြောက်စေသည်။ သာမန်အသေးအဖွဲ စည်းမျဉ်းအပြောင်းအလဲများမှာမူ လွှတ်တော်အမတ် ၂၀ % ၏ ထောက်ခံအတည်ပြုမှုဖြင့် ဆောင်ရွက်ခွင့် ရှိနေ၏။ သို့ရာတွင် အရေးပါသည့် တစ်ဖက်သတ်စည်းမျဉ်း ၁၀၄ ပိုဒ်တို့ကိုပြင်ဆင်လိုပါက ရှေးဦးစွာ အမတ်အားလုံး၏ ၇၅ % မှ လက်ခံအတည်ပြုရမည်၊ ၄င်းနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည်၊ ယင်းသို့ကျင်းပရာဝယ် တရားဝင်မဲထည့်ခွင့်ရှိသူ အပေါင်းမှ လျှို့ဝှက်မဲပေးကြရမည်ဟု ဆိုထားလေသည်။
    မြန်မာနိုင်ငံသည် ၁၉၇၄ ဖွဲ့စည်းပုံဥပဒေအတွက် ပထမဆုံး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် နောက် တစ်ကြိမ်ပြုလုပ်ပြီး ကနဦးဥပဒေကို အစားထိုးစေပြန်သည်။ သို့သော် တရားမျှတမှုမရှိသော မှတ်တမ်းစာရင်း ၀င်နေသဖြင့် ဤရှုပ်ထွေးပွေလီလှသည့် နည်းစဉ်က ၄င်းအပိုဒ်များကို အနုလုံပဋိလုံ ပြင်ဆင်ပြောင်းလဲရန် မဖြစ်နိုင်တော့ချေ။ ဤအချက်သည် စစ်တပ်မှ အာဏာကို သွယ်ဝိုင်ချုပ်ကိုင်ထားမှု သက်ဆိုးရှည်စေအောင် တရားဝင်ပြုလုပ်ထားလိုက်ခြင်းဖြစ်၏။ အမတ်လောင်းများ အတွက်လည်း ရွေးချယ်ခံရပြီးနောက်ပိုင်း မည်သည့်ပြဿနာမျှ မရှိစေရဟု ထိန်းချုပ်ထားပြန်သည်။ ၄င်းဖွဲ့စည်းပုံဥပဒေသစ်၏ အပိုဒ် ၃၉၆ တွင် (စစ်တပ်မှ ပုဂ္ဂိုလ်ရေး အဆက်သွယ်အားဖြင့် သွယ်ဝိုက် ထိန်းချုပ်ထားသော) ရွေးကောက်ပွဲကော်မရှင်သည်လည်း လုပ်ဆောင်မှု မှားယွင်းပါက ပယ်ဖျက်ရုပ်သိမ်းခံရမည်ဖြစ်ကြောင်း
    ဆိုထား၏။ တဖန် ဒီမိုကရေစီစံနစ်ဆိုင်ရာ အခြေအနေများမှာ လုံးဝလက်လွှတ်ပျက်ယွင်းသွားပါက လိုအပ်လာပါလျှင် နိုင်ငံတော် သမ္မတသည် စစ်ဦးစီးချုပ်ထံသို့ တရားစီရင်ရေး နှင့် အုပ်ချုပ်ရေး အာဏာနှစ်ရပ်စလုံး လွှဲပြောင်းပေးရမည်ဟု အပိုဒ် ၄၁၃ က ဖော်ပြထားလေသည်။
    မြန်မာနိုင်ငံ၏ တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ခု၏ ဒေသတွင်း အနေအထားတွင်လည်း ၄င်းတို့၏ ကိုယ်ပိုင်အင်အားစုများ စိမ့်ဝင်ရောက်ရှိနေစေရန် အကောက်ကြံထားပြန်သည်။ ရွေးချယ်ခံ အမတ်နေရာအားလုံး၏ သုံးပုံတစ်ပုံကို စစ်တပ်အတွက် အရံသင့်ချန်ထားပေးရမည်၊ ဒေသတွင်း ညှိနှိုင်းဆွေးနွေးမှုများက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဘောင်အတွင်းက ရှိနေရမည်ဖြစ်၏။ ပြည်နယ်လွှတ်တော်၊ တိုင်းလွှတ်တော်တို့၏ ဆုံးဖြတ်ထုတ်ပြန်ချက် နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များမှာ တာဝန်အပ်နှင်းခံရခြင်း မရှိသော တစ်စုံတစ်ဦး၏ လုပ်ရပ်၊ မဲပေးမှု နှင့် ပါဝင်ဆောင်ရွက်ခြင်းကို နောင်တွင် တွေ့ရှိခဲ့သော်လည်း ပယ်ဖျက်ခြင်း မပြုရ ဟူသောသဘောထားကို အပိုဒ် ၁၈၃ ၌ တွေ့ကြရပေမည်။
    သာမန်အတွေးဖြင့်ပင် အဖြေပေါ်နေလေပြီ။ ရွေးချယ်တင်မြှောက်ခြင်းမခံရသည့်တိုင် အမည်ခံအုပ်စုတစ်စုမှ ဒေသဆိုင်ရာ လွှတ်တော်အတွင်း ပါဝင်နိုင်သည်၊ နေရာယူထားနိုင်သည်၊ ဆန္ဒမဲပေးနိုင်သည်၊ သို့သော် ယင်းအရေးအရာနှင့်ပတ်သက်၍ ဘာမှ မဆောင်ရွက်နိုင်။  ၄င်း၏ရည်ရွယ်ချက်ကား ဒေသဆိုင်ရာလွှတ်တော်အစည်းအဝေးများကို ပိုမိုအခွင့်အရေးရရှိစေသော၊ ၄င်းပြင် ဗဟိုချုပ်ကိုင်ဦးစီး စနစ်အားထိပါးစေသော – လွတ်လပ်စွာ ဆုံးဖြတ်ခွင့်နှင့်လုပ်ငန်းဖော်ဆောင်ခွင့်အား တားဆီးထားခြင်း ဖြစ်သည်။ ဤသို့ ရွေးချယ်ခံဒေသတွင်း ကိုယ်စားလှယ်များကို ဆန္ဒမဲပေးခွင့် ပိတ်ဆို့ထားခြင်း၊ ၄င်းတို့၏နေရာတွင် အချို့သောပုဂ္ဂိုလ်များအား ကိုယ်စားစေလွှတ်စေခြင်းဖြင့် ကန့်သတ်ဘောင်ခတ်ထားပေသည်။
    ဤသည်မှာ ဦးသန်းရွှေ၏ တွက်ချက်မှုပေါ် အခြေခံထားသည့် ရုပ်လုံးသစ်တစ်ရပ်ဖြစ်သည်ဟု မြန်မာရှေ့နေတစ်ဦးက ဆိုသည်။ လွန်လေပြီးသော မြန်မာအာဏာရှင်ဟောင်းများသည် အာဏာကိုစွန့်လွှတ်လိုက်ရပြီး ပီပြင်သောသြဇာခံတစ်စုကို မချန်ရစ်ထားနိုင်ခဲ့ကြ။ ၂၀၁၀ ခုနှစ်၌ ဘေးထွက် ထိုင်လိုက်သော ဦးသန်းရွှေသည် မိမိကိုယ်တိုင်နှင့်မိမိ၏ သားစဉ်မြေးဆက်ကို ကာကွယ်ရန် လမ်းကြောင်းသစ် တစ်မျိုးကို ဖော်ဆောင်လိုက်သည်။ ၄င်းမှာ စစ်တပ်၊ ဗဟိုအစိုးရ၊ အရံအင်အားစု အာဏာရပါတီ USDP ၊ လွှတ်တော် တည်းဟူသော အာဏာလေးရပ် ပုံဟန်အား တီထွင်လိုက်ခြင်းဖြစ်၏။ လွှတ်တော်သည် အာဏာ၏ ဗဟိုဌာနဖြစ်ပြီး ၄င်း၌ အတိုက်အခံ အနည်းငယ်မျှ ပါဝင်စေရန် လိုက်လျောထား၏။
    ယင်းအာဏာလေးရပ်အနက် စစ်တပ်သည် အရေးအပါဆုံးနေရာတွင် ရှိနေသည်။ အထူးအခွင့် အာဏာအသုံးပြုခွင့် အပြင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုလည်း ထိန်းချုပ်ထားလေရာ အာဏာပိုင် အစိုးရ၏ အထက်သို့ ရောက်သွားပါတော့သည်။ ဦးသိန်းစိန်သည် ထိုကောင်စီ၏ ဥက္ကဌ ဖြစ်သော်လည်း ရုပ်သေး ရုပ်သာသာဖြစ်နေပေ၏။  ကောင်စီအဖွဲ့ဝင် ၁၁ ဦးအနက် ငါးဦးမှာ တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိများဖြစ်ပြီး နောက်ထပ် ငါးဦးမှာ အရာရှိဟောင်းများဖြစ်ကြသည်။ အရပ်သားစစ်စစ်ဟူ၍ တစ်ဦးတည်းသာပါဝင်နေသည်။ စစ်တပ်မှာ ဦးသိန်းစိန်၏ လက်အောက်တွင် မရှိ။ စစ်ဦးစီးချုပ် မင်းအောင်နိုင်၏ အမိန့်အောက်တွင် ရောက်နေသည်။ စစ်ဦးစီးချုပ်သည်လည်း သူ၏ အရှင်သခင်ဖြစ်သော ဦးသန်းရွှေထံ အစီရင်ခံနေရ၏။
    ယနေ့မြန်မာနိုင်ငံသည် စစ်တပ်တစ်ပိုင်းအရပ်သားတစ်ပိုင်းအာဏာအဆောက်အဦးကို ဗန်းပြထားသည့် စစ်အစိုးရ တိုင်းပြည်တစ်ခုသာ ဖြစ်ပေသည်။ အတိုက်အခံပါတီများ နှင့် လွတ်လပ်စွာဖော်ထုတ်ခွင့်များကို စစ်တပ်၏ ကိုယ်တွယ် စီမံမှုဘောင် အတွင်းမှသာ လိုက်လျောခွင့်ပြုထားသည်။ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်လင့်ကစား NLD ကို အာဏာအပ်နှင်းရန် စစ်တပ်မှ အလိုတူဟန် မရှိကြောင်း ထင်ရှားနေ၏။ ၀န်ကြီးနေရာအချို့ကိုမူ ပေးကောင်းပေးပေလိမ့်မည်။ သို့ပင်သို့ငြား ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဤ ၀န်ကြီးနှင့် ဒုဝန်ကြီးများသည် မိမိတို့သက်ဆိုင်ရာပါတီ၏အမတ်နေရာကိုသာမက ၊ ပါတီကိုလည်း မိမိတို့ဦးထိပ်ထားခဲ့ဖူးသော မိခင်အဖွဲ့အစည်း အဖြစ်မှ စွန့်လွှတ်ကြရမည် ဖြစ်သောကြောင့် NLD မှာ သာမညောင်ည ဘ၀သို့ ရောက်ပေတော့မည်။ ငြမ်းစင် တစ်ခုသာ ဖြစ်သွားပေတော့မည်။
    စစ်တပ်၏ပေါက်ရောက်မှုကို သာမန်အာဏာ လက်ခွဲများအထိတော့ သပ်လျှိုဆန့်သွင်းမထားပါ။ လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်း အဖြစ်မြင်အောင် ကိုင်တွယ်ထားသည်။ စစ်အုပ်ချုပ်ရေးအောက်မှ မီဒီယာများမှာ မကြုံဖူးလောက်အောင် လွတ်လပ်ခွင့် ရှိလာ၏။ သို့သော် ဆင်ဆာ စည်းမျဉ်းဟောင်းတို့ကို ပိုမိုရှုပ်ထွေးနားလည်ရ ခက်ခဲသောနည်းလမ်းဖြင့် အစားထိုးထားခြင်းသာဖြစ်သည်။ အကြီးမားဆုံး ပုဂ္ဂလိကပိုင် ဂျာနယ်တိုက်  Eleven Media group ၏ ၀က်ဘ်ဆိုဒ်မှာ ဇန္န၀ါရီ နှင့် ဖေဖော်ဝါရီလက ဟက်ခံရပြီး အချက်အလက်နှင့် ပုံများပျက်စီးသွားခဲ့သည်။ Eleven Media သည် ပြည်တွင်းသတင်း အုပ်စုများအနက် ကချင်ပြည်နယ် စစ်ပွဲအကြောင်းကို ပထမဆုံး ပြောင်ပြောင်တင်းတင်းဖော်ပြခဲ့သည့် အဖွဲ့ဖြစ်သည်။ ကချင်စစ်မက်ဒေသသို့သွားရောက်ခဲ့သော ၄င်း၏ ဂျာနယ်လစ် တစ်ဦးအား မျက်စေ့ဒေါက်ထောက် လိုက်လံစောင့်ကြည့်ခဲ့ကြသည်။ ဤသည်မှာ ပြည်သူတို့အပေါ် မကြာခဏ အသုံးပြုနေခဲ့သည့် ခြောက်လှန့်နည်း တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံသား အပါအ၀င် နိုင်ငံခြားသား ဂျာနယ်လစ်အများအပြားတို့၏ အီးမေးလ်အကောင့်တို့မှာ စစ်တပ်၏ hacking – တိုက်ခိုက်ဖျက်ဆီးခြင်း ခံနေရသည်။ လူထုအကြား  M.I ဟု ကျော်ကြားသော မြန်မာနိုင်ငံ၏ကြောက်စရာ အကောင်းဆုံး စစ်ထောက်လှမ်းရေး – Military Intelligence သည် ကောင်းစွာရှင်သန်နေဆဲ။ ပထမဆုံးအကြိမ် စစ်အာဏာသိမ်းပြီး နောက်ပြဋ္ဌာန်းခဲ့သည့် အလွန် တင်းကြပ်လွန်းသော ၁၉၆၂ ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေကိုလည်း ပြန်လည် မရုပ်သိမ်းသေးချေ။
    တစ်ချိန်တည်းမှာပင် စစ်တပ်သည် ၄င်း၏ ဧရာမ ကုမ္ပဏီနှစ်ခုဖြစ်သော မြန်မာဦးပိုင်ကုမ္ပဏီ – Union of Myanmar Economic Holdings (UMEH) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း – Myanmar Economic Corporation (MEC) တို့အားဖြင့် စီးပွားရေး နှင့် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် လက်ဝါးကြီး အုပ်ထားဆဲဖြစ်သည်။ UMEH ကို ၁၉၉၀ ခုနှစ်က တည်ထောင်ခဲ့ပြီး မြန်မာစစ်တပ်မှ ကိုင်တွယ် စီမံထားသည်။ မြန်မာနိုင်ငံအတွက် စစ်လက်နက် ပစ္စည်းများကို ပြည်ပမှ ၀ယ်ယူတင်သွင်းပေးသော ကာကွယ်ရေးနှင့်ထောက်ပံ့ရေး ၀န်ကြီးဌာနက ၄င်းကုမ္ပဏီ၏ ရှယ်ယာဝေစု ၄၀ % ပိုင်ဆိုင်ပြီး၊ ကျန်ရှိသည့် ၆၀ % ကို စစ်အရာရှိများက ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ထားကြသည်။ ၄င်းသည် ပစ္စည်းတင်သွင်းခွင့် နှင့် လက်ဝါးကြီးအုပ်ခွင့်ကို အများထက်ပို၍ လွန်ကျွံထူးကဲစွာ ရလျက်ရှိကြောင်း ရိုက်တာအထူးအစီရင်ခံချက်အရ သိရ၏။ သြစတေးလျနိုင်ငံ၊ Macquaire University မှ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ရှောင် တာနဲလ် (Sean Turnell) က “အမြတ်အစွန်းတွေကို နှစ်ပေါင်းများစွာ ကိုင်တွယ် ထိန်းချုပ်ထားသူက အာဏာရှင်ဟောင်း ဦးသန်းရွှေ ဖြစ်တယ် ” ဟု ဆိုသည်။ MEC ကို ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ ၄င်းသည် အကြီးစား စက်မှုလုပ်ငန်း နှင့် IT လုပ်ငန်းများအတွက် ကာကွယ်ရေးဝန်ကြီး လက်အောက်မှ လည်ပတ် လှုပ်ရှားနေသည့် လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ဖြစ်၏။
    Ushweman and daw suဦးသန်းရွှေနှင့်သူ၏ အသုံးတော်ခံများသည် ဤစံနစ်သစ်နှင့်ထိပ်တိုက် တိုးလာသည်နှင့်အမျှ ရေရှည်ခံတော့မည် မဟုတ်ဘဲ အနာဂတ်တွင် ပဋိပက္ခဖြစ်လာဖွယ်ရာ အကြောင်းရှိနေသည်။ အထူးစောင့်ကြည့်ရမည့် ပုဂ္ဂိုလ်ကား SPDC အဖွဲ့ဟောင်းမှ တတိယအဆင့်ဝင် နှင့် လက်ရှိလွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ဖြစ်၏။ သူသည် ဦးသိန်းစိန်နှင့်မတူဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ထူးခြားသော ဆက်ဆံရေးကို ထူထောင်ထားသည်။ သို့သော်လည်း ၄င်းသည် ယာယီသဘောမျှသာ ဖြစ်နိုင်လိမ့်မည်၊ သူ၏ ထင်ပေါ်ကျော်ကြားမှုအတွက် အထောက်အကူမပြုတော့လျှင် သူမအား ခွာထုတ်လိမ့်မည်ဟု နီးစပ်သော အသိုင်းအ၀ိုင်းမှဆိုကြသည်။ အခြား တစ်ဖက်တွင်တော့ ဦးရွှေမန်းသည် ဒေသခံ စစ်အာဏာပိုင်များ၊ တိုင်းမှူးများအကြား ရေပန်း မစားလှကြောင်း စစ်တပ် အတွင်းစည်းမှလူတို့က ယုံကြည်ကြသည်။ သူ့အား မျှော်မှန်းလွန်းသူ အဖြစ်လည်းကောင်း၊  ၄င်းတို့၏ အသားကျပြီးသားပုံစံခွက် အတွက် အန္တရာယ်ပေးနိုင်မည့်သူ အဖြစ်လည်းကောင်း အမြင်ရှိနေကြ၍ ဖြစ်ပေသည်။
    ဦးရွှေမန်းမှ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အာဏာဆုပ်ကိုင်ထားစဲ စစ်အာဏာပိုင်များအတွင်း၌ ပဋိပက္ခများ၊ အာဏာပြိုင်ခြင်းများကတော့ ပိုမိုဖြစ်ပွားလာဖွယ် ရှိနေ၏။ မြန်မာနိုင်ငံ၏အနာဂတ်သည် ထိုအချက်ပေါ်တွင် တည်မှီနေ၏၊ ပါလီမန်လွှတ်တော် သို့မဟုတ် အစိုးရအတွင်း၌ မဟုတ်။
    ဦးသန်းရွှေမှာ အသက် ၈၀ အရွယ်သို့ ရောက်လာပြီး ကျန်းမာရေးမကောင်းဟု သိရသည်။ သူဖန်တီးထားခဲ့သော အာဏာ အဆောက်အဦးသည်သာ သူ့အား ကယ်တင်နိုင်ပေတော့မည်။ ဦးသန်းရွှေ ကွယ်လွန်ပါက ပိုမိုပွင့်လင်းသော ခေတ်သစ် တစ်ရပ် မွေးဖွားလာနိုင်ပြီး စစ်တပ်သည် ကျောထောက်နောက်ခံ အနေနှင့်သာ မှေးမှိန်သွားဖွယ် ရှိသည်ဟု အကောင်းမြင်သမားတို့က ဆိုကြသည်။ သို့စေကာမူ သံသယ အမြင်သမားတို့သည် လက်ဟောင်းအာဏာရှင် ဦးနေ၀င်းနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ လေ့လာသူများက ယင်းသို့ပင် ဆိုခဲ့ဖူးကြောင်း မမေ့လျော့ကြဘဲ စစ်တပ်သည် တစ်နည်းမဟုတ် တစ်နည်းဖြင့် အာဏာ ဆက်လက်တည်နေဖို့ ကြံဆောင်ထားကြောင်း အရှင်းလင်းဆုံး ဆိုနိုင်မည့် အကြောင်း တစ်ချက်သာရှိနေပါ၏။ မီဒီယာမျိုးစုံမှ ပုံဟန်အစုံဖြင့် ဖော်ကျူးနေလင့် ကစား မြန်မာနိုင်ငံ၏ ပြန်လည်ပြုပြင်ရေး အစီအမံသည် အရေပြားတစ်ထောက်စာမျှသာဖြစ်လျက်၊ စစ်တပ်မှ အရှိန်မလျှော့ဘဲ အာဏာဆက်လက်ဆုပ်ကိုင်ထားနိုင်အောင် ပုံဖော်ထားချက်ပင်ဖြစ်ကြောင်း ဟူသတည်း။
    **ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်း တွင်ဖော်ပြခဲ့သည့် နာမည်ကြီး သတင်းစာ ဆရာ BERTIL LINTNER ၏ The Military’s Still in Charge ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် မြန်မာလိုပြန်ဆိုပါသည်။
    *[1] မူရင်းဆောင်းပါးတွင် SPDC ဟုရေးသားထား
  • ဦးဘချို (၁၈၉၃ – ၁၉၄၇)
    ဦးဘချို (၁၈၉၃ – ၁၉၄၇)
    ဇူလိုင်-၁၆၊ ၂၀၁၃
    M-Media
    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)
     photo
    ၁၉၄၇ ခုနှစ်  ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်  ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။
    ဦးဘချို (၁၈၉၃ – ၁၉၄၇)
    U Ba Cho
    ဒီးဒုတ် ဦးဘချိုအား ဖခင် မြန်မာ ဆေးဆရာကြီး ဦးဘိုးစာနှင့် မိခင် ဒေါ်မြစ် တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် မြောင်းမြမြို့၌ ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန့်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁၀ တန်းကို အထူးအောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ၁၀-တန်းစာမေးပွဲ၊ မက်ထရစ်စာမေးပွဲ၊ စကောလ်လာရှစ်စာမေးပွဲ ၃-မျိုးလုံး ၀င်ရောက်ဖြေဆိုရာ တစ်နှစ်လျှင် ၁၀-ဦးသာရသည့် ပညာသင် စကောလ်လာရှစ်ကိုပါ ကူးတွဲရရှိခဲ့သည်။ အသက် ၁၆-နှစ်အတွင် ရန်ကုန်ကောလိပ်သို့ တက်ရောက်ပညာသင်ကြားပြီး အသက် ၂၀-အရွယ် ဘီအေအထက်တန်းအရောက်တွင် မျက်စိဝေဒနာဖြင့် ကျောင်းထွက်ခဲ့ရသည်။
    ထို့နောက် ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့ပြီး ပညာအုပ်လည်း လုပ်ခဲ့သည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရ ဝန်ထမ်းမှ ထွက်ပြီး အမျိုးသား ကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် ‘မြန်မာ့ ရီဗျူးဂျာနယ်’ ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ‘ဒီးဒုတ် ဂျာနယ်’ ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။
    ဒီးဒုတ်ဦးဘချိုသည် အင်္ဂလိပ် – မြန်မာနှင့် ပါဠိ စာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ ကဗျာ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ‘ဂီတဝိသော ဓနိ’ ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေများကိုလည်း ရေးသား ခဲ့သည်။
    ဒီးဒုတ်ဦးဘချို၏ ဆရာများမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် မြောင်းမြမြို့ ဆရာဦးမောင်မောင် အပါအ၀င် ဆရာဦးမောင်မောင်ကျောင်းမှ မူလတန်း၊ အလယ်တန်း ဆရာ ဆရာမများ၊ ရန်ကုန်စိန့်ပေါလ်ကျောင်းမှ ဆရာများ၊ ရန်ကုန် ကောလိပ်မှ ဆရာများဖြစ်သည်။
    အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ မြန်မာ နိုင်ငံ စာရေး ဆရာ အသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ဒီးဒုတ်ဦးဘချိုသည် ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ဦးလည်း အဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။
    စာရေးဆရာအသင်း နာယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့်အတူ အထူး အပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း – ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။
    ထိုကဲ့သို့ တိုင်းပြည်တာဝန် ထမ်းဆောင်နေစဉ်  ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။ နယ်ချဲ့လက်ပါးစေတို့၏ သတ်ဖြတ်မှုကြောင့် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည်။
    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။
    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။
    အာဇာနည်နေ့ နှင့် ဆက်လျဉ်းသည့် အခြားပိုစ်များ ဖတ်လိုလျှင် Click Here
  • (၇ ဇူလိုင်/ ၁၉ ဇူလိုင် ) အာဇာနည်မျိုး သေရိုးမရှိ
    ဇူလိုင်-၁၅၊၂၀၁၃
    M-Media
    စည်သူမောင်
    july19
    ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည်မှာ ၆၆နှစ်ပြည့်ခဲ့လေပြီ။ ကျွန်တော်တို့နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု ၊ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လူ့အခွင့်အရေးအတွက် သမိုင်းတလျှောက်မှာ တိုင်းပြည်အတွက် မိမိအသက်ကိုစတေး၍ ပေးဆပ်ခဲ့ကြသောအာဇာနည်ခေါင်းဆောင် အများအပြား ပေါ်ထွန်းခဲ့ ဘူးလေသည်။ အထူးသဖြင့်ယခုလကဲ့သို့ဇူလိုင်လသည် မိုးစက်များနှင့်အတူ သွေးစွန်းခဲ့ရသည့် သမိုင်း ကို ၀မ်းနည်းစွာဦးညွတ် ရမည့်အချိန်ကာလတစ်ခုဖြစ်ခဲ့လေသည်။
    ၇ ဇူလိုင် / ၁၉ ဇူလိုင် ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပါ။ ဇူလိုင်သမိုင်းသည်ကျောင်းသား အာဇာနည် အမျိုးသားအာဇာနည်တို့ သွေးဖြင့်ရေးခဲ့သောလ ၊
    အဓိပတိလမ်းတွေသွေးစွန်းခဲ့..။
    တက္ကသိုလ်မြေသွေးစွန်းခဲ့…။
    ကျောင်းတံခါးတွေသွေးစွန်းခဲ့…။
    အတွင်းဝန်ရုံးသွေးစွန်းခဲ့…။
    နိုင်ငံရေးအာဏာကို လက်နက်အားကိုးနည်းလမ်းဖြင့်ရယူရန် ကြိုးပမ်းခဲ့သောလူတစ်စု၏ ယုတ်မာရက်စက်မှုဖြင့်ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသော်လည်း ထိုလက်နက်အားကိုးဖြင့်နိုင်ငံရေးအာဏာကို ရယူရန်ကြိုးစားခဲ့သည့် ဂဠုန်ဦးစော အပေါင်းအပါ တစ်စုတို့ နိုင်ငံရေးအာဏာ မရခဲ့သည့်အပြင်ကြိုးစင်ပေါ်တက် သမိုင်း၏ ဒဏ်ခတ်ခြင်းကို ပါခံခဲ့ရ လေသည်။ အာဏာဟူသည်လက်နက်အားကိုးနည်းလမ်းဖြင့် မရနိုင်ပြည်သူလူထု၏ ယုံကြည် ထောက်ခံမှုရှိမှသာလျှင် ရရှိနိုင်ကြောင်း (၁၉) ဇူလိုင်က အာဏာရူးများကို သင်ခန်းစာပေးခဲ့လေသည်။
    7 julyနိုင်ငံလွတ်လပ်ရေးအတွက် တိုင်းတပါးနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးရရှိရန် ပေးဆပ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင် ကြီးများ၏ စိတ်ဓာတ်သည် အဘယ်နည်း? အာဇာနည် စိတ်ဓာတ်ဆိုသည်မှာ မိမိတိုင်းပြည် ဖွံ့ဖြိုးစေလိုသော ဆန္ဒ ၊ ပြည်သူလူထုအား ကောင်စားစေလိုသော စိတ်ဓာတ် ၊ မိမိ အကျိုးထက်နိုင်ငံ အကျိုးကိုသာ ကြည့်တတ်သောနှလုံးသား ကို ဆိုလိုရင်းဖြစ်ပါသည်။ ကျဆုံးလေပြိးသော အာဇာနည် ခေါင်းဆောင်ကြီးများကို ကျွန်တော်တို့ ၀မ်းနည်းစွာ ဦးညွတ် အလေးပြုရုံမျှနှင့် ဇူလိုင် ၀မ်းနည်းမှတ်တမ်းသည် မပြည့်စုံ။ ထိုသမိုင်းကို သွေးဖြင့်ရေးသားခဲ့သော ခေါင်းဆောင်များ၏ စိတ်ဓာတ်ကို ကျွန်တော်တို့မွေးမြူ၍နိုင်ငံ အရေး ၊ ဒီမိုကရေစီရေး ။ တိုင်းပြည်တိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ နီုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ပြည်သူလူထု တစ်ရပ်လုံး မျက်ချေမပြတ် ပါဝင်ပတ်သက်ကြဖို့ လိုအပ်ပါလိပ့်မည် ။ သမိုင်း စာမျက်နှာသစ်များကို ကျွန်တော်တို့ ချွေးစက်များဖြင့်ဆက်လက် ရေး သားဖို့လိုပါသည်။ လျှောက်လှမ်းဖို့လိုပါသည်။ ဤနည်းဖြင့်သာ ကျွန်ုပ်တို့သည် ယခုကျရောက်သော (၆၆)နှစ်မြောက် အာဇာနည်နေ့ မှစ၍ခေါင်းဆောင်ကြီးများ၏ ဆန္ဒကိုဆက်လက် အကောင် အထည်ဖော်ကြပါစို့ ။ အာဇာနည်စိတ်ဓာတ်မွေးမြူကြပါစို့ ။
    နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုများတွင် ရဟန်းအာဇာနည် ၊ကျောင်းသားအာဇာနည် ၊ လယ်သမားအာဇာနည် ၊ အမျိုးသားအာဇာနည် ကြီးများ အများအပြားပေါ်ထွန်းခဲ့လေရာ အာဇာနည်နေ့ ဟု အစိုးရရုံးပိတ်ရက် အဖြစ်ကြေ ငြာ၍ တစ်မျိုးသားလုံး ၀မ်းနည်းဖွယ်နေ့ တစ်နေ့အဖြစ် ဂုဏ်ပြုသတ် မှတ်ခဲ့သောအမျိုးသားခေါင်းဆောင် ၊ လွတ်လပ်ရေးဗိသုကာကြီး ဦးအောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်များကိုသာ ကျွန်တော်တို့ရင်ထဲတွင် အမှတ်ရနေရုံနှင့် မလုံလောက်ဘဲ ထို အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ စွန့်လွတ်အနစ်နာခံရဲသည့် သတ္တိများကိုလဲ မွေးမြုရမည်ဖြစ်လေသည်။
    ထို့ပြင်…
    • ၁၉၂၉စက်တင်ဘာလ ၂၉ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ်အစိုးရ ကိုဆန့်ကျင်မှုဖြင့် ရန်ကုန် အကျည်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရပြီး ရက်ပေါင်း(၁၆၆)ရက်တိုင် အစာငတ်ခံတိုက်ပွဲဝင်ကာ ပျံလွန်တော်မူသွားခဲ့သော အာဇာနည် ဆရာတော်ဦးဝိစာရ ကဲ့သို့ရဟန်းအာဇာနည်များ ။
    • ၁၉၃၁နိုဝင်ဘာလ ၂၁ရက်နေ့တွင်နယ်ချဲ့အစိုးရအား လက်နက်စွဲကိုင်၍ တော်လှန် တိုက်ပွဲဝင်ခဲ့ပြီး သာယာဝတီ အကျဉ်းထောင်တွင် ကြိုးပေး ကွပ်မျက်ခံရသည့် ဂဠုန်ဆရာစံ ကဲ့သို့ လယ်သမား အာဇာနည်ကြီးများ ။
    • ၁၉၃၈ ဒီဇင်ဘာ၂၀ရက်နေ့တွင် (ယခုဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ) အတွင်းဝန်ရုံးရှေ့ စပတ်လမ်းမ (ယခုဗိုလ်အောင်ကျော်လမ်း) ထက်တွင် ကျောင်းသားရာပေါင်းများစွာနှင့် အတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး နယ်ချဲ့လက်ပါးစေ မြင်းစီးပုလိပ်များ၏ တုတ်ချက်ဖြင့်ဒီဇင်ဘာ၂၂ရက်နေ့တွင် ကျဆုံးသွားခဲ့သော ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် (နေမျိုးသီဟသူရဗိုလ်အောင်ကျော်) ကဲ့သို့ကျောင်းသား အာဇာနည်များ။
    • ၁၃၀၀ ပြည့်အရေးတော်ပုံ ကာလအတွင်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးအတွက် ကြိုပမ်းခဲ့ကြပြီး အသက်ပေးလှူသွားခဲ့သော မန္တလေးအာဇာနည် (၁၇)ပါးကဲ့သို့အာဇာနည်များ။
    • ၁၉၆၂ခုနှစ် ဇူလိုင်လ(၇) ရက်နေ့တွင်ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်ရှေ့၌ တော်လှန်ရေးကောင်စီ အစိုးရ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားများအား ဗိုလ်နေ၀င်းအစိုးရ၏ ရက်စက် ရမ်းကားစွာ ပစ်သတ်မှုကြောင့် ကျောင်းသားရာချီ၍ တက္ကသိုလ် မြေ ပေါ်တွင် အသက်ပေးသွားခဲ့ရသည့် ကျောင်းသားအာဇာနည်များ ။
    •  ၁၉၇၄-၇၅ ကျောင်းသားလှုပ်ရှား မှုကို ခေါင်းဆောင်ပါဝင်ခဲ့ပြီး အင်းစိန်ထောင်တွင်းအာဏာရှင် တို့၏ကြိုးပေးကွပ်မျက်ခြင်းကိုခံရသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကဲ့သို့ကျောင်းသားအာဇာနည်များ ။
    • ၁၉၈၈ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုတွင် အသက်ပေးစွန့်လှူသွားသော အာဇာနည် ရဟန်းရှင် လူ ကျောင်းသားပြည်သူများအား ကျွန်ုပ်တို့အမှတ်ရနေရမည်ဖြစ်ပေသည်။
    လူ့သမိုင်းဟူသည် လက်နက်ဝါဒီ လူရမ်းကားများ၏ တရားမဲ့ရမ်းကားရာ နယ်မြေအရိုင်း ဘုံမဟုတ်ကြောင်းကို အာဇာနည်နေ့ကအမှတ်ရနေစေပါလိပ့်မည်။ အာဇာနည်အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်များနှင့် လယ်သမား အာဇာနည်ကြီး ဂဠုန်ဆရာစံ/ရေနံမြေ သပိတ် ခေါင်းဆောင်အာဠာဝက သခင်ဖိုးလှကြီးစသော ခေါင်းဆောင်များ၏ ပုံရိပ်များသည်ငွေစက္ကူများပေါ် တွင်ဖျောက်ဖျက်ခံခဲ့ရသော်လည်း ကျွနုပ်တို့၏ နှလုံးသားထဲတွင် ကွယ်ပျောက်၍မသွားခဲ့ သမိုင်း စာမျက်နှာများထက်တွင် ဖျောက်ဖျက်၍မရခဲ့ ။ ရဲရင့်မြင့်မြတ် သူတို့၏ အတ္ထုပတ္ထိသည် ဘယ်အချိန်ဖတ်ဖတ် ကျွနုပ်တို့၏နှလုံးအိမ်ထဲတွင် မှိုမတက်ခဲ့ပေ..။
    တခေတ်တစ်ခါက အစိုးရဌာန အဆောက်အဦးရုံးခန်း များတွင် တစ်ခမ်းတစ်နား ချိတ်ဆွဲထားသည့် အမျိုးသားခေါင်းဆောင်ကြီး၏ ဓာတ်ပုံများမှာ ဆယ်စုနှစ်နှစ် စုခန့်အများပြည်သူ၏ မြင်ကွင်းများမှ ပျောက်ကွယ်ခဲ့ရာမှ ယခုနိုင်ငံတော် သမ္မတ၏ ရုံးခန်းမှစ၍ အများ ပြည်သူနေ့စဉ်အသုံးပြုရာ ဘတ်(စ်)ကားမကျန်နေရာ အနှံပြန်လည် တွေ့မြင်လာရပြီဖြစ်လေသည်။ သမိုင်းဟူသည် ဘယ်သောအခါကမှ ပျောက်ကွယ်သွားရိုး ထုံးစံမရှိခဲ့ပေ။ သမိုင်းကို မှေးမှိန်အောင်ပြုလုပ်ခဲ့ကြ ကောင်းပြုလုပ်ခဲ့ကြပါလိပ့်မည်။ သို့သော် အမှန်တရားကို ဖျောက်ဖျက်၍မရနိုင်.. အာဇာနည်မျိုးသေရိုးမရှိခဲ့လေပြီ ။
    ထို့ကြောင့်ကျွန်ုပ်တို့သည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရဲသည့် စိတ်ဓာတ်ကို မွေးမြူကြပါစို့…။
    သမိုင်းအဆက်ဆက်လွတ်လပ်ရေး ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး ၊ ဒီမိုကရေစီရေးအတွက် အသက်ပေး စွန့်လှူသွားသော အာဇာနည်ခေါင်းဆောင်များအား အလေးအမြတ်ပြုကြပါစို့။
    ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ၁၉.၇.၂၀၁၃ နံနက် ၁၀နာရီ ၃၇မိနစ်တွင် နေရာအနှံမှ ၀မ်းနည်း ဥသြသံများ ကားဟွန်းသံများ ကြားရသည်နှင့် တစ်ပြိုင်နက် မိမိတို့ရောက်ရှိ နေသည့်နေရာများတွင် ၀မ်းနည်းစွာ ရပ်တန့်လျှက် ကျွန်ုပ်တို့ ခန္ဓာကိုယ်များဖြင့်ငြိမ်သက်စွာ အလေးပြုကြပါစို့ ကျွန်ုပ်တို့၏ နှလုံးသားများဖြင့် ဦးညွတ်ကြပါစို့….။
    စည်သူမောင်
    3rd year B.Eon (stats.) Y.I.E 2007 sep.
    ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တ.က.သ)
  • သခင် မြ (၁၈၉၇ – ၁၉၄၇)
    သခင် မြ (၁၈၉၇ – ၁၉၄၇)
    ဇူလိုင်-၁၄၊၂၀၁၃
    M-Media
    အာဇာနည်များ အထ္ထုပ္ပတ္တိ (အာဇာနည်နေ့ အထိမ်းအမှတ်)
    photo
    ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ပါတယ် ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။
    သခင် မြ (၁၈၉၇ – ၁၉၄၇)
    takhin Mya
    အာဇာနည် ခေါင်းဆောင်ကြီး သခင်မြကို ဖခင် ဦးဘိုးချွန်နှင့် မိခင် ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်မြို့နယ် ထုံးဘိုရွာ၌ ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ ညီမ မမြငွေ တစ်ဦးသာ ရှိ၍ ညီမမှာ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သခင်မြသည် သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်းအောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ကသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေးကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
    ၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးခဲ့သည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာတွင် ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်းအဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင် အမတ် တဦးလည်း ဖြစ်သည်။
    ပြည်သူ့ အရေးတော်ပုံ ပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ် အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယ ဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသော အခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ အဖြစ် တာဝန်များ ပေးအပ်ခြင်းခံရသည်။ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီးစား ဥပဒေ ဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ သခင်မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
    ယင်းကဲ့သို့ တိုင်းပြည်တာဝန် ထမ်းဆောင်နေစဉ်  ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လုပ်ကြံခံရပြီး အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည်။
    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။
    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။