News @ M-Media
Category: ဆောင်းပါး
  • ရိုဟင်ဂျာ ပြဿနာနှင့် ဆက်နွယ်နေသည့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုနှင့် ပြည်တွင်း စီးပွားရေး (ဘာသာပြန်)
    ဇူလိုင်- ၁၀ ၊ ၂၀၁၃
    M-Media
    ဘာသာပြန် – Zin Zin
    ရိုဟင်ဂျာ ပြဿနာနှင့် ဆက်နွယ်နေသည့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုနှင့် ပြည်တွင်း စီးပွားရေး (သုံးသပ်ချက်- ဘာသာပြန်)
    rohingya_idp1
    စစ်တွေမြို့ ဒုက္ခသည် စခန်းတခုမှ ရိုဟင်ဂျာ မိသားစု တစု ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ရိုက်ကူးခဲ့သည့် ဓါတ်ပုံဖြစ်ပါသည်။ (Paula Bronstein/Getty Images)
    ဇွန်လ (၂၇) ရက်နေ့ တွင် မြန်မာနိုင်ငံအစိုးရသည် ကာတာနိုင်ငံအခြေစိုက် အော်ရီဒိုး ဆက်သွယ်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။ အဆိုပါသတင်းသည် မြန်မာနိုင်ငံတွင်း မီဒီယာများ အကြား သတင်းဆိုး တစ်ခုအနေဖြင့် ပျံ့နှံ့သွားခဲ့ရာ ပြည်သူများက ထိုဆက်သွယ်ရေးကုမ္ပဏီ၏၀န်ဆောင်မှုများကို သပိတ်မှောက်မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ (၂၀၁၂) ခုနှစ်၌ မြန်မာနိုင်ငံအတွင်း အိုအိုင်စီ(Organization of Islamic countries) ၏ရုံးခွဲ လာရောက်ဖွင့်လှစ်မည့် ကိစ္စရပ်အပေါ် ဗုဒ္ဓဘာသာဝင်များက တားဆီးသပိတ်မှောက်မှုများဖြင့် အစိုးရအပေါ်ဖိအားပေးနိုင်ခဲ့ပြီးနောက် ၊ ယခုကဲ့သို့ အစ္စလာမ်မစ်နိုင်ငံတစ်ခုဖြစ်သည့် ကာတာနိုင်ငံပိုင် အော်ရီဒိုး ဆက်သွယ်ရေးကုမ္ပဏီ နှင့် မြန်မာအစိုးရတို့၏ သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ခြင်းသည် ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းများကို အံ့သြသွားစေခဲ့သည် ။ ဤဖြစ်ရပ်များက အိုအိုင်စီအား ဆန့်ကျင်လိုသည့် လူမှုရေးဆိုင်ရာ အစွဲများရှိနေသေးကြောင်း ထင်ဟပ်လျက်ရှိသည်။ အစ္စလာမ့် အယူဝါဒအား အဆိုးမြင်ဝါဒဖြန့်ရေး အခိုင်အမာ ဗျူဟာကြီး တစ်ရပ်ရှိနေသည်။ ပြည်တွင်းရှိ မွတ်စ်လင်မ်များ၏ စီးပွားရေးသည်လည်း ပိတ်ဆို့ခြင်း ခံနေရသည်။ သို့သော် ယခုကဲ့သို့ စီးပွားရေးအရ လုံးဝ မ၀င်ဆန့်စေရန် ခွဲခြားဆက်ဆံမှုသည် ရိုဟင်ဂျာ လူမျိုးတို့အပေါ်ထားရှိသော အမြင်ဖြင့် မီးမွှေးထားခြင်းဖြစ်သည်။
    ပြည်ပရင်းနှီးမြှုပ်နှံမှု၊ အထောက်အပံ့များ၊ ရိုဟင်ဂျာပဋိပက္ခတို့၏ ဆက်နွှယ်မှုကဏ္ဍ
    ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ရန်ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသည် အမြတ်အစွန်းရနိုင်သော ဖက်စပ်လုပ်ငန်းများဖြင့် ပန်းတိုင်သစ်ဆီ ဦးတည်လျက်ရှိသည်။  ကိန်းဂဏန်းဆိုင်ရာ အထောက်အထားများ အရ(၂၀၁၀) ခုနှစ်အတွင်း မြန်မာ့စီးပွားရေးသည် အမေရိကန်ဒေါ်လာ (၄၅) ကုဋေ မှ (၂၀၃၀) ခုနှစ်တွင် အမေရိကန်ဒေါ်လာ ကုဋေပေါင်း (၂၀၀) အထိ ရောက်နိုင်ဖွယ်ရာရှိသည်။ အမေရိကန်ဒေါ်လာကုဋေပေါင်း (၁၇၀) ခန့် သည် ငွေပင်ငွေရင်းအနေဖြင့် ရပ်တည်မည်ဖြစ်ပြီး၊ လိုအပ်သော မြေယာ၊ အဆောက်အဦးနှင့် စက်ပစ္စည်းများ ၀ယ်ယူရန် ပြည်ပ အသုံးစရိတ်များမှ သုံးစွဲမည်ဖြစ်၏။ ဒေါ်လာပေါင်း ကုဋေချီသည့် ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံသစ်၏ အခြေခံလိုအပ်ချက်များ၊ စွမ်းအင်၊ လျှပ်စစ်ပစ္စည်း ၊ အဖျော်ယမကာ နှင့် စားသောက်ကုန်ဆိုင်ရာကဏ္ဍ တို့တွင် အထောက်အကူရရှိသွားစေပါမည်။
    ပြည်ပမှဝင်ရောက်ရင်းနှီးမြှုပ်နှံမှု (FDI- Foreign Direct Investment) အများအပြားက လူမျိုးရေးဆိုင်ရာ တင်းမာမှုများကို တိုးပွာလာစေသည်။ မားသားလဲန်း ၊ ဖားသားလဲန်း ၊ နိုင်ဂရုပ် (သို့မဟုတ်) ၀င်း စသော မြန်မာမွတ်စ်လင်မ်ပိုင် ဆောက်လုပ်ရေးကုမ္ပဏီများသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့်အဆင်ပြေအစေးကပ်သောအခါ၌ ဗုဒ္ဓဘာသာအစွန်းရောက် အဖွဲ့အစည်းဖြစ်သော(၉၆၉) က သပိတ်မှောက်လာကြသည်။ ယင်းသူတို့သည် မြန်မာမွတ်စ်လင်မ်တို့၏ စီးပွားရေးအနေအထားများမှာ အငယ်စားနှင့်အလတ်စားအဆင့်မှ ဗုဒ္ဓဘာသာဝင်ပိုင် စီးပွားရေး လုပ်ငန်းများနှင့် ပခုံးချင်းယှဉ်သည့်အဆင့်သို့ ရောက်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။ ထို့ကြောင့် စီးပွားရေးအရဆက်ဆံသူများသည် မွတ်စ်လင်မ်အဆောက်အဦး လုပ်ငန်းရှင်များနှင့် လုပ်ငန်းစာချုပ်များကို ဖျက်သိမ်းကြသည် (သို့မဟုတ်ပါက) အဆောက်အဦးများကို တည်ဆောက်ပြီးစီးသည့် အဆင့်သို့မရောက်အောင် ဒုက္ခပေးနေကြပေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မွတ်စ်လင်မ်တို့၏စီးပွားရေးအား  ဗုဒ္ဓဘာသာဝင်များ၏ သပိတ်မှောက်မှုအပေါ် နှုတ်ဆိတ်လျက် မိမိတို့နှင့်မဆိုင်သကဲ့သို့ရပ်တည်နေကြသည်။ ” ပြည်သူများ၏သဘောထား” နှင့် “ဈေးကွက်စီးပွားရေး” စသဖြင့် ဆင်ခြေပေးလျက်ရှိရာ ပြည်တွင်း ကူးသန်းရောင်းဝယ်မှုနှင့် စီးပွားရေးသည် ယိမ်းယိုင်လျက်ရှိသည်။
    သို့သော်ငြားလည်း နိုင်ငံတကာမျက်နှာစာ၌မူ တမူထူးလျက် အားကောင်းနေသည်။ နိုင်ငံခြားအထောက်အပံ့များသည် ဆက်လက်စီးဝင်နေကြသည်။ မြန်မာနိုင်ငံအား ကူညီထောက်ပံ့သောနိုင်ငံများသည် ဤပဋိပက္ခများအပေါ်တွင် နှုတ်ဆိတ်နေမည်လော (သို့မဟုတ်) ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားမည်လော ဟူသည် မသိနိုင်သေး။ ၄င်းတို့အဖို့မှာကား ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းချောမွေ့ရန် အတွက် ထောက်ပံ့ရေးအစီအစဉ်က အလွန်လိုအပ်၏။ ဥပမာဆိုရသော် မြန်မာနိုင်ငံမှပေးရန် ရှိနေသော ကြွေးမြီများ အားလုံးကို  (၂၀၁၃) ခုနှစ်တွင် နော်ဝေနိုင်ငံမှ ရာနှုန်းပြည့် ကင်းလွတ်ခွင့် ပေးလိုက်၏။  ယင်းသို့ဗျူဟာမြောက် လမ်းခင်းလိုက်သောကြောင့်  နော်ဝေ အခြေစိုက် တယ်လီနော် ဆက်သွယ်ရေးကုမ္ပဏီက အခြားဆက်သွယ်ရေး ကုမ္ပဏီများအပေါ် အသာစီးရကာ စာချုပ်ချုပ်နိုင်ရန် လမ်းပွင့်သွားစေသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဆက်တိုက်ဖြစ်ပွားလျက် ရှိသော ပြဿနာများကိုလည်း ဥပက္ခာပြုထားဆဲဖြစ်၏။ အခြေအနေမှန်ကိုလျစ်လျူရှု၍ တောင်ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယ နှင့် အနောက်နိုင်ငံများက အထောက်အပံ့ နှင့် ကုန်သွယ်မှုများဖြင့် ဆက်ဆံရေးကို ထိန်းသိမ်းထားဆဲပင်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား  မြန်မာပြည်တွင်း၌ တရုတ်နိုင်ငံ၏ခြယ်လှယ်ချုပ်ကိုင်ထားမှုကို တန်ပြန်မည့်  ပြူတင်းတံခါး တစ်ချပ်အဖြစ် ၄င်းတို့မှ ရှုမြင်ထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ ရိုဟင်ဂျာပြဿနာပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ် မည်သည့် ပိတ်ဆို့အရေးယူခြင်း မပြုကြပါလေ။ အိုအိုင်စီသည် ရိုဟင်ဂျာလူမျိုးတို့၏ အရေးကိစ္စအပေါ် အလေးအနက်ထား ပြောဆိုခြင်း ၊ အကူအညီအထောက်အပံ့များပေးအပ်ရန် လမ်းဖော်ခြင်းတို့ ရှိနေသည့်တိုင် ၄င်းတို့သည်လည်း စီးပွားရေးဆိုင်ရာဝေစု တစ်ရပ်အား မျှော်လင့်နေလျက်ရှိသည်။
    ကျွမ်းကျင်လုပ်သားမရှိခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း
    ရိုဟင်ဂျာလူမျိုးတို့ကို စီးပွားရေးအရ မ၀င်ဆန့်သူများအဖြစ် စာရင်းသွင်းထားကြပေသည်။ အဓိကအကြောင်းရင်းမှာ စာမတတ်မြောက်မှုကြောင့်ပင်ဖြစ်သည်။ (၂၀၀၅) ခုနှစ် (SOAS) သုတေသနစစ်တမ်းအရ ၄င်းတို့သည် ပညာရေးတွင် စိတ်ဝင်စားမှု နည်းပါးခဲ့ကြောင်း တွေ့ရှိရသည်။ ယနေ့တွင်မူ ရိုဟင်ဂျာလူမျိုး (၈၀) ရာခိုင်နှုန်းသည် စာမတတ်မြောက်သူများ ဖြစ်ကြပြီး ၊ အသက် (၅)နှစ်မှ (၁၇) နှစ်ကြား ကလေးငယ်များ၏  (၆၀) ရာခိုင်နှုန်းသည် ကျောင်းမနေဖူးကြချေ။ အမျိုးသမီးများအကြား စာမတတ်မြောက်သူ ဦးရေသည် ရာခိုင်နှုန်းအားဖြင့် အမြင့်မားဆုံးဖြစ်နေ၏။ အကြောင်းရင်းမှာ မိသားစုတစ်ခုတွင် ကလေးဆယ်ယောက်နှင့် အထက် ရှိနေခြင်း နှင့် အစာရေစာ လောက်ငဖူလုံမှုအတွက် ရုန်းကန် လှုပ်ရှားရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ရိုဟင်ဂျာလူမျိုး အများစုသည် သာမန်လက်လုပ် လက်စားဘ၀မှအပ ကျွမ်းကျင်လုပ်သား (သို့မဟုတ်) ဥာဏလုပ်သား အဖြစ်သို့ မရောက်ရှိနိုင်ကြပေ။ ဤသို့အားဖြင့်  ၄င်းတို့၏ လူမှု အဆင့်အတန်းသည်လည်း နိမ့်ကျသွားရ၏။ ဤအချက်က လူနည်းစု ရိုဟင်ဂျာလူမျိုးတို့အား နိုင်ငံသားဖြစ်ခွင့်နှင့် အခြား အခွင့်အရေးများ မရရှိခြင်းဟူသော သံသရာဆိုးထဲတွင် ကျရောက်သွားစေခဲ့သည်။
    လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မြင့်မားမှုအား ပိတ်ဆို့ထားသော အခြား အကြောင်းရင်းများစွာက ၄င်းတို့၏အခြေအနေကို ဆိုးရွားသထက်ဆိုးရွားသွားစေပါသည်။ ပထမဦးဆုံးအချက်အနေဖြင့် (၂၀၀၉ ခုနှစ် လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့၏ အဆိုအရ)  အစိုးရသည် အလုပ်သမားတို့၏ အခွင့်အလမ်းကို ကန့်သတ်ထိန်းချုပ်ထားသည်။ ၄င်းပြင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများသည် ခရီးသွားလာရာတွင် လည်းကောင်း၊ စီးပွားရေးနှင့် ကုန်သွယ်မှုအတွက်လည်းကောင်း စစ်တပ်၏ခွင့်ပြုချက် ရယူကြရသည်။ အဆိုပါ HRW၏မှတ်တမ်းများ၌ လက်တစ်ဆုပ်စာမျှသော ပညာတတ် အမျိုးသမီးများမှာလည်း စာသင်ကြားပေးခြင်း၊ သူနာပြု နှင့် ရုံးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ခွင့်ကို ငြင်းပယ်ခံကြရကြောင်း တွေ့ရှိရသည် ။ နောက်ဆုံး အချက်အနေဖြင့် ပြောင်းရွှေ့နေထိုင်ခွင့်ကိုပင် ပြင်းထန်စွာ ကန့်သတ်ချုပ်ခြယ်ခံကြရသည်။ ထို့ကြောင့် အကယ်၍သာ ရိုဟင်ဂျာလူမျိုးတို့အား အခြားနိုင်ငံသားများ နည်းတူ အလုပ်လုပ်ကိုင်ခွင့် ၊ ပညာသင်ကြား ခွင့်ပေးမည် ဆိုလျှင်ပင် ၄င်းတို့မှာ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ခြင်း မရှိသည်သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများတွင်လည်း ၄င်းတို့အနေဖြင့် မည်သည့်အကျိုးကျေးဇူး ခံစားနိုင်တော့မည် မဟုတ်ချေ။
    ဖိနှိပ်ပုံသွင်းခံရခြင်း (သို့မဟုတ်) ခွဲခြားခံရခြင်းကြောင့် အိုးအိမ်မဲ့သူများဖြစ်ရခြင်းလော
    ဌာနီမဲ့ ၊ အိုးအိမ်မဲ့၊ အလုပ်အကိုင်မဲ့နေသော ရိုဟင်ဂျာလူမျိုးများစွာတို့သည် လမ်းကြောင်းသစ်များကို ကြိုးပမ်းရှာဖွေကြသော်လည်း ဒုက္ခသည်အဖြစ်ခံယူရုံမှတစ်ပါး အခြားမျှော်လင့်ချက် မရှိလေပြီ။ ယင်းဒုက္ခသားကောင် အချို့ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်အဖြစ်လက်ခံထားရာ ၊ ဒုက္ခသည်စခန်းများတွင်လည်း UNHRC အနေဖြင့် မူလတန်းပညာရေးကိုသာလျှင် ထောက်ပံ့ကူညီ သင်ကြားပေးနိုင်ကြသည်။ ဤမျှလောက်သော အကူအညီလေးက ၄င်းတို့၏ဘ၀ မြင့်မားလာစေရန် အထောက်အကူ မပြုပေ။
    ယခုကဲ့သို့ ဒုက္ခသည် ဘ၀ရောက်ရှိနေပြီး လုပ်ငန်းကျွမ်းကျင်မှု အားနည်းနေသည့် ရိုဟင်ဂျာလူမျိုးတို့၏ အခန်းကဏ္ဍသည် အခြားနိုင်ငံများအတွက် အရေးပါမည်လောဆိုသည်မှာ စဉ်းစားဖွယ်ရာပင်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မဲခေါင်ဒေသမှ  တရားမ၀င် လာရောက်အလုပ်လုပ်ကိုင်သော ကျွမ်းကျင်မှုမဲ့အခြေချသူ များစွာရှိနေပါသည်။  တဆက်တည်း၌ပင် ထိုင်းနိုင်ငံအနေဖြင့် လူကုန်ကူးခံသော ကချင်အမျိုးသမီးများအား အမိနိုင်ငံသို့ပြန်ပို့ပေးရန် ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ရိုဟင်ဂျာလူမျိုးတို့အား ဒုက္ခသည် အဖြစ်နှင့်ပင် ဆက်လက်ထိန်းသိမ်းထားပေးရန် (သို့တည်းမဟုတ်) ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် လက်ခံပေးရန် မစွမ်းသာအောင် ဆင်းရဲတွင်းနက်နေသည်။ အစ္စလာမစ်နိုင်ငံများကသာလျှင် ရိုဟင်ဂျာတို့အား ဒုက္ခသည်အဖြစ်လက်ခံနိုင်မည်။ ထို့နောက်တွင်မူ ၄င်းနိုင်ငံများအနေဖြင့် အောက်ဈေး လုပ်သားများအဖြစ် ခေါ်ယူထားနိုင်ဖွယ်ရှိ၏။ ယင်းသို့ဆိုလျှင် ရိုဟင်ဂျာလူမျိုးတို့အတွက် ပညာရေးနှင့်တိုးတက်မှု အခွင့်အရေးများ ရနိုင်ကောင်း၏ဟု ထင်စရာရှိနေပါသည်။ သို့သော် အာရပ်နိုင်ငံများအနေဖြင့် ရွှေ့ပြောင်းလုပ်သားဒုက္ခသည်တို့အပေါ် ခွဲခြားဆက်ဆံမည်ဆိုပါက ရိုဟင်ဂျာတို့အတွက် အထက်ပါအခွင့်အရေးများသည်လည်း မသေချာတော့ပေ။
    နိဂုံး
    ဘ၀ရှင်သန်မှုအတွက် မရေရာသောအလားအလာများက ၄င်းတို့ ကလေးငယ်များ၏ ပညာရေးလမ်းကြောင်းကိုတော့ အနိမ့်ဆုံးအားဖြင့် ရနိုင်ကောင်းပေသည်။ လက်ရှိ အခြေအနေတွင်လည်း မျိုးဆက်သစ်များမှာ အတားအဆီးပေါင်းများစွာ ရင်ဆိုင်နေရသည် မဟုတ်ပေလော။ UNHCR ၏မှတ်တမ်းများအရ နေထိုင်စရာမဲ့နေသော ဤကလေးငယ်တို့အား မြှင့်တင်ပေးရန် အခက်အခဲ ရှိနေကြောင်း ဖော်ပြထားသည်။ ကလေးငယ်များသည် အစွန်းရောက်မှုဖက် လှည့်ပြောင်းသွားမည်ကို ၄င်းတို့မှ စိုးရိမ်နေကြသည်။ အကယ်၍ ယင်းသို့ဖြစ်ခဲ့ပါက အကျိုးဆက် ရလဒ်နှစ်ခု ထွက်ပေါ်လာရန် ရှိနေသည်။ ပထမတစ်ချက်မှာ ပဋိပက္ခများ ပိုမိုဆိုးရွားသွားမည်။ ဒုတိယအချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား တားဆီးပိတ်ဆို့မှု ဖြစ်သွားစေပေမည်။ ယခုထက်တိုင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေလင့်ကစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက အပြောင်းအလဲမရှိသေး။ ရင်းနှီးမြှုပ်နှံသူများအဖို့ ကမ္ဘာ့စီးပွားရေးဆုတ်ကပ်ရောက်ချိန်၌ အခွင့်အလမ်းများ ကြွယ်ဝခြင်းကြောင့် ဖြေသာမှုရှိပါသော်လည်း ရိုဟင်ဂျာများအဖို့မူ မည်သည့်ကူညီကယ်ဆယ်မှုမျှ မရှိသေးသည်ကို မြင်နေရဆဲပါတကား။
    Asma Masood
    Research Intern, SEARP, IPCS
    Email:[email protected]
    Eurasiareview  တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် Asma Masood ၏  “Myanmar: FDI, Local Economy And The Rohingya Conflict” သုံးသပ်ချက် ဆောင်းပါးကို “Zin Zin ” မှ မြန်မာလို ဆီလျော်အောင် ပြန်ဆိုပါသည်။
  • မြန်မာနိုင်ငံက လူမျိုးစု သန့်စင်ဖယ်ရှားရေး အတွက် ဗြိတိသျှမှ ထောက်ပံ့ပြီ (Dr မောင်ဇာနည်)
    ဇူလိုင်-၂၁၊၂၀၁၃
    M-Media
    မူရင်းဆောင်းပါးရှင်- ဒေါက်တာ မောင်ဇာနည်
    ဘာသာပြန်- သြရသ ရေချမ်း
    British aid for Myanmar ethnic cleansing
    အကြီးမားဆုံးအလှူရှင်နိုင်ငံလည်းဖြစ်၊ မြန်မာပြည်အား တစ်ချိန်က ကျုးကျော်သိမ်းပိုက် ကိုလိုနီ လက်အောက်ခံပြုခဲ့သောနိုင်ငံလည်းဖြစ်သည့်  ဗြိတိန်နိုင်ငံသည် ၂၀၁၄ခုနှစ် အငြင်းပွါးဖွယ်ရာ မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူပြုစုရေးအတွက် ငွေကြေးထောက်ပံ့ခြင်းဖြင့် ရိုဟင်ဂျာမွတ်စ်လင်မ်တို့အပေါ် လူမျိုးစုသန့်စင်ဖယ်ရှားရေး၌ လူမိုက် အားပေး အဆိပ်ပင်ရေလောင်းနေ၏။
    စစ်တပ်တစ်ပိုင်းအရပ်သားတစ်ပိုင်းအစိုးရခေါင်းဆောင် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်မှ ယခုအပတ်အတွင်း ဗြိတိန်သို့ တရားဝင်အလည်အပတ်သွားရောက်ခဲ့ပြီး၊ ယင်းခရီးစဉ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း နှင့် လက်နက်ရောင်းချမှု ပြန်လည်ဆောင်ရွက်ရန် အလို့ငှါ  ပေါင်စတာလင် သန်း ၃၀ (အမေရိကန်ဒေါ်လာ ၄၅.၆ သန်း) ကူညီမည်ဟု ဗြိတိန်မှ ကြေငြာခဲ့သည်။ ထိုပမာဏ၏သုံးပုံတစ်ပုံမှာ ကိုလိုနီခေတ်ဟောင်း၏သန်းခေါင်စာရင်းကိစ္စအား ပံ့ပိုးထောက်ပံ့ရန် ဖြစ်သည်။ ဗြိတိသျှအာဏာပိုင်တစ်ဦးက “ အမှန်တကယ်လိုအပ်နေသူများအား ထိရောက်စွာ ထောက်ပံ့ကူညီရန် ပိုမိုအရေးကြီးသည် ” ဟု ဆိုခဲ့သည်။
    အကြောင်းမှာ ဦးသိန်းစိန်အစိုးရသည် ရိုဟင်ဂျာလူမျိုးစုကို ဆယ်စုနှစ်တစ်ခုအတွင်း ထိုသူတို့၏နိုင်ငံသားဖြစ်မှု နှင့် လူမျိုးရပ်တည်မှုအား ပယ်ဖျောက်ရေးမူဝါဒအားဖြင့် “ဘင်္ဂါလီ ” များအဖြစ် သတ်မှတ်ရန် အစဉ်တစိုက် အဓမ္မဆောင်ရွက်နေသောကြောင့် ဤလမ်းကြောင်းအပေါ်ဗြိတိန်၏ငွေကြေးပံ့ပိုးမှုသည် မဖွယ်မရာ ဖြစ်သွားစေသည်။ လာလတ္တံ့သော သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်း၌ ဤလူမျိုးကြီးဝါဒကို အားဖြည့်အသုံးပြုဦးမည်မှာ ယုံမှားသံသယဖြစ်ဖွယ်ရာ မရှိချေ။ မိမိကိုယ်ကို ရိုဟင်ဂျာဟု ရည်ညွှန်းသော လူမျိုးစုအပေါ် အဓမ္မပြုမူကြဦးမည်၊ ရိုဟင်ဂျာသည် မြန်မာနိုင်ငံ၏တိုင်းရင်းသားအဖြစ် တည်ရှိခဲ့ဖူးကြောင်းကိုလည်း ပယ်ဖျက်ကြပေဦးမည်ဖြစ်၏။
    နိုင်ငံတကာရေးရာ တော်ဝင်တက္ကသိုလ် Royal Institute of International Affairs ၏ Chatham House ၌ လှပစွာဖွဲ့သီရေးသားထားသည့် မိန့်ခွန်းကို ဦးသိန်းစိန်မှ ပြေပြစ်စွာ ပြောဆိုခဲ့သည်။ ၄င်း၏နောက် အမေးအဖြေအစီအစဉ်တွင်မူ သူက – ရှေးခေတ်ရခိုင်ဒေသ နှင့် အရှေ့ဘင်္ဂလားဒေ့ရှ် နှစ်ဖက်စလုံးတွင် ယဉ်ကျေးမှု၊ စီးပွားရေး၊ သမိုင်းကြောင်း အမြစ်တွယ်ခဲ့သော ၈ သိန်းနီးပါးရှိ ရိုဟင်ဂျာတို့အပေါ်ထားရှိသည့် မိမိအစိုးရ၏မူဝါဒအကြောင်းကို ခိုင်ခိုင်မာမာအတိအလင်း ပြောဆိုသွားခဲ့သည်။
    “ ကျွန်တော်တို့ တိုင်းရင်းသားသမိုင်းထဲမှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းမျိုး မရှိပါဘူး ” ဟု သူက ဆိုခဲ့သည်။ ဤသည်မှာ တရားဝင်ငြင်းပယ်လိုက်ခြင်း နှင့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတို့အား ဆက်လက်ခွဲခြားဆက်ဆံဦးမည့် လူမျိုးကြီးဝါဒကို ပြဆိုနေပေသည်။ ယင်းဝါဒသည် လူမျိုးစုတစ်ခု၏ရှင်းလင်းစွာ တည်ရှိနေမှုအပေါ် အစွမ်းကုန်သော လူမှုဖိအားတို့ဖြင့် ပြောင်ပြောင်တင်းတင်း ပယ်ဖျက်သည့် မျိုးဖြုတ်သုတ်သင်မှုနှင့် သဘောသဘာဝချင်း မခြားနားပေ။
    မျိုးဖြုတ်သုတ်သင်မှုဆိုင်ရာ ကမ္ဘာသိပညာရှင် နှင့် မျိုးဖြုတ်သုတ်သင်မှုစောင့်ကြည့်လေ့လာရေးအဖွဲ့၏ဥက္ကဌဖြစ်သူ ဂျော့ဂ်ျမေဆင်တက္ကသိုလ်(George Mason University)မှ ဂရီဂိုရီ စတင်တန်(Gregory Stanton) က ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံ၏ တစ်ဖက်စောင်းနင်းပြုမူဆက်ဆံပုံ မှာ နာဇီဝါဒ၏ “ သူတို့နှင့်ငါတို့ ” ဟူသော သတ်မှတ်ချက်နှင့် အလား သဏ္ဍာန်တူကြောင်း၊ ၄င်း၌ သြဇာလွှမ်းမိုးနေသောအုပ်စုနှင့် ၄င်း၏နိုင်ငံ အာဏာပိုင်တို့ထံတွင် စာနာမှုမဲ့ ပရမ်းပတာ ချိုးနှိမ်ခွဲခြားခြင်း၊ တင်စီး ဆက်ဆံခြင်း စသည်တို့အား တွေ့ရလေ့ရှိကြောင်း ဟု ဆိုသည်။
    စတင်တန်၏ ကျော်ကြားသော “ မျိုးဖြုတ်သုတ်သင်ခြင်း အဆင့် ၈ ဆင့် ”  ခေါင်းစဉ်တပ် စာတမ်း၌ “ ကျွန်ုပ်တို့သည် လူစားအမျိုးမျိုးကို ပုံဟန် အသွယ်သွယ်ဖြင့် ဆက်ဆံမှုရှိကြသည်။ လူမျိုး နှင့် မျိုးနွယ်တို့အား အဆင့်ခွဲခြားသတ်မှတ်ခြင်းကို နာဇီတို့၏ နူရင်ဘတ်ဥပဒေ၊ အမေရိက၏ (အာဖရိကသွေးတစ်စက်ပါသူကို) နှိမ့်ချဖယ်ထုတ်ရေးဥပဒေ၊ တောင်အာဖရိက၏ လူမျိုးခြားဖယ်ကြဉ်ရေးဥပဒေတို့မှ လူမဆန်သောအချက် အလက်များအားဖြင့် သတ်မှတ်နိုင်သည်ဟု ဆိုထားသည်။
    အဆင့်ခွဲခြားသတ်မှတ်ချက်သည် ယဉ်ကျေးမှုနှင့်နိုင်ငံရေးစံနစ်အားလုံး၌ ရှိကြသည်။ သို့သော် စစ်အစိုးရတိုင်းပြည်ဖြစ်သော မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအလား  (ဗုဒ္ဓဘာသာ)လူ့အဖွဲ့အစည်းအတွင်း အစ္စလာမ့်ရွံ့ကြောက်မှုဖြစ်အောင်ဖော်ဆောင်ခြင်း၊ ၄င်းမှတစ်ဆင့်တက်ကာ ရိုဟင်ဂျာတို့ကို တရားမ၀င်ကျူးကျော်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ သို့မဟုတ် ဘင်္ဂါလီများ ဟု တမင်သက်သက် တလွဲတချော် သတ်မှတ်ခြင်း၊ သေးသိမ်စေသောအားဖြင့် ဗိုင်းရပ်စ်များ သို့မဟုတ် လူရိုင်းလူယုတ်များဟု ခေါ်ဝေါ်သမုတ်ခြင်း ၊ “niggers” ဟူသည့် အဓိပ္ပာယ်နှင့် ဆင်တူသော မြန်မာဘာသာစကား အားအသုံးပြု ရည်ညွှန်းခေါ်ဝေါ နှိမ့်ချခြင်းတို့၏ ရှေ့အဆင့်တွင်  နိုင်ငံတော်မှ အရေးမယူ မျက်နှာလွှဲထားသော တစ်အုံတစ်ကျင်း အကြမ်းဖက်ခြင်း စသည်တို့မှာ အချိန်တိုအတွင်း ဖြစ်ပေါ်
    လာလေ့ရှိပေသည်။
    မြန်မာနိုင်ငံအနောက်ပိုင်းဒေသရှိ ရိုဟင်ဂျာလူမျိုးတို့နှင့် ၁၉၇၈ ခုနှစ် ကတည်းက ထိုအတိုင်းပင် အတိအကျ ဖြစ်ပျက်ခဲ့သည်။ ထိုနှစ် ဖေဖော်ဝါရီလတွင် တစ်ပါတီ စံနစ်ရှင်နှင့်ပြိုင်ဖက်မရှိ အာဏာရှင် ဗိုလ်ချုပ်နေ၀င်း၏  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် မြန်မာနိုင်ငံ၏ပထမဆုံး လူမျိုးသန့်စင်ရှင်းလင်းမှုစစ်ဆင်ရေးကို ရိုဟင်ဂျာလူမျိုးတို့အပေါ် စတင်ပြုလုပ်ခဲ့၏။  ၄င်းကို နဂါးမင်း စစ်ဆင်ရေးဟု ခေါ်ကြသည်။ ၄င်း၌ ရဲ၊ အခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ စစ်တပ်၊ ရေတပ်၊ ထောက်လှမ်းရေး၊ အစိုးရရုံးဌာန၊ သာသနာရေးဝန်ကြီးဌာန စသည့် အစိုးရအာဏာပိုင်အဆင့်ဆင့် ပါဝင်ပတ်သက်ခဲ့ကြသည်။
    (ယခု) ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်သို့ အလွတ်ရုန်းသွားခဲ့သော ရိုဟင်ဂျာဦးရေမှာ တစ်သိန်းခွဲခန့်ရှိသည်ဟု အစိုးရဖက်မှ အခိုင်အမာဆိုနေသော်လည်း အခြားလွတ်လပ်သော သတင်းဌာနများကမူ ထိုအရေအတွက်ထက် အဆမတန် ပိုများခဲ့ကြောင်း ဆိုကြသည်။ ထိုအချိန်မှစ၍ ရိုဟင်ဂျာတို့၏ဘ၀ရေးရာအားလုံးနီးပါးကို အနီးကပ်စောင့်ကြည့်ထိန်းချုပ်သော မူဝါဒတစ်ရပ်အား ကျင့်သုံးခဲ့၏။
    ဆိုးဆိုးဝါးဝါးဖိနှိပ်ထားသည့်မူဝါဒအောက်၌ ရခိုင်ပြည်နယ်မြောက်ဖက်တွင် ရှင်သန်နေရသည့် ရိုဟင်ဂျာတို့အတွင်းမှ ဆရာဝန်နှင့်လူနာအချိုး၊ အရွယ်ရောက်ပြီး သူများ၏ စာမတတ်မြောက်မှုနှုန်း၊ ငါးနှစ်အောက် ကလေးငယ်များ၏ သေဆုံးပျက်စီးမှုနှုန်း အခြေအနေအား တစ်ချက်မျှ စောင်းငဲ့ကြည့်ရှုလိုက်သော် – လူနာ ရှစ်သောင်းသုံးထောင်လျှင် ဆရာဝန်တစ်ဦး၊ အရွယ်ရောက်ပြီးသူများ၏ စာမတတ်မြောက်မှုမှာ ၉၀ % အထက်၊ အသက်ငါးနှစ်အောက် ကလေးငယ်တို့၏သေဆုံး ပျက်စီးမှုမှာ မြန်မာနိုင်ငံ၏ အမြင့်ဆုံးသတ်မှတ်နှုန်းထက် နှစ်ဆ ဖြစ်နေသည်ကို တွေ့ရလေ၏။
    လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ၊ နှုတ်ပိတ်ကွပ်မျက်မှုများ၊ အဓမ္မစေခိုင်းမှုများ၊ ခြိမ်းချောက်ဒုက္ခပေးမှုများ၊ နည်းအမျိုးမျိုးသုံး၍ စော်ကားနှိပ်စက်မှုများကို ဆယ်စုနှစ်များစွာ ခါးစည်းခံခဲ့ရသောကြောင့် အမျိုးသမီးများ၊ ကလေးသူငယ်များ နှင့် သက်ကြီးရွယ်အိုများအပါအ၀င် ရိုဟင်ဂျာမိသားစု အများအပြားမှာ နိုင်ငံစွန့်ထွက်ပြေးရန် ကြိုးပမ်းကြတော့သည်။ ကနေဒါ၊ သြစတေးလျ၊ ထိုင်း၊ မလေးရှား နှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ဌာနီမဲ့သူများအဖြစ် ၀င်ရောက်နိုင်ရန် မသေချာသောအနာဂတ်အား ရင်ဆိုင်၍ ခနော်နီခနော်နဲ့လှေငယ်လေးများဖြင့် အပြောကျယ် ပင်လယ်ပြင်သို့ အသက်စွန့်ထွက်ခွာကြကုန်သည်။
    အသိတရားကင်းမဲ့သည့် မူဝါဒ
    မျိုးဖြုတ်သုတ်သင်မှုဟူသောဝေါဟာရသည် နားလည်ရန်ခက်ခဲသော ပညာရပ်ဆိုင်ရာအသုံးအနှုန်းဖြစ်နိုင်သော်ငြား၊ ၄င်း၏အကျိုးဆက်များမှာ ဆိုးဝါးလှပြီး နိုင်ငံတကာနှင့် ချီ၍အာရုံစိုက်ခံရသော အမှု ဖြစ်သည်။ ငြိမ်းချမ်းစွာရှိနေသောအခြားလူ့အဖွဲ့အစည်းတို့အား လူမျိုးတစ်မျိုး၏ အန္တရာယ် သက်ရောက် လာသကဲ့သို့ အတွေးဝင်စေပြီး ယင်းလူမျိုးစုလေး အပေါ် မပြောရက်လောက်အောင် ၄င်းတို့မှ အသိမဲ့ကြမ်းကြုတ်ရက်စက်မှုများ ပြုလုပ်ပေါ်ထွက်လာစေရန်အတွက် အယူဝါဒ နှင့် လူမှုစိတ္တဆိုင် ရာစင်မြင့်တစ်ခုဖြင့်  မျိုးဖြုတ်သုတ်သင်ရေးမူဝါဒကို ပုံစံချဖော်ဆောင်လေ့ရှိသည်။
    ဗိုလ်ချုပ်ဟောင်းဦးသိန်းစိန် နှင့် နေပြည်တော်ရှိ သူ၏အရပ်သားတစ်ပိုင်းအစိုးရမှ ဦးဆောင်လျက်ရှိသော စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံသည် ရိုဟင်ဂျာမျိုးဖြုတ်သုတ်သင်ရေးအား လမ်းဖွင့်ဖော်ဆောင်ထားပြီဖြစ်သည်။ ယင်းသုတ်သင်ရေးစီမံကိန်း၌ ရိုဟင်ဂျာတို့အား တတ်နိုင်သမျှ လူမဆန်စွာဆက်ဆံရန် ဒေသခံရခိုင်ဗုဒ္ဓဘာသာဝင်များအနက် လူမျိုးကြီးဝါဒီ နှင့် အစွန်းရောက်မျက်ကန်းမျိုးချစ်များ၊ လူမျိုးစုခေါင်းဆောင်များ မှသည် ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းအထိ လုပ်ပိုင်ခွင့်ပေးထားခဲ့ကြသည်။
    ချက်သမ် ဂုဏ်ထူးဆောင်အိမ်တော် (The Prestigious Chatham House)တွင် ရိုဟင်ဂျာတို့အပေါ်ထားရှိသော လူမျိုးရေးဆိုင်ရာ အစိုးရ၏သဘောထားရပ်တည်ချက်ကို ဦးသိန်းစိန်မှ အထစ်အငေါ့မရှိပြောဆိုသွားမှုအား ဗြိတိန်ပြည်သူများမှ နိုးကြားသတိဝင်အပ်သည်။  လူ့အခွင့်အရေးများနှင့် ပတ်သက်၍ စိုးရိမ်သည်ဟု လန်ဒန်မှ ဖော်ပြနေလင့်ကစား ဦးသိန်းစိန်၏ပြောဆိုမှုသည် မြန်မာ့လက်ဦးကိုလိုနီကြီးမှာ ရိုဟင်ဂျာတို့အပေါ် ညှင်းပန်းနှိပ်စက်မှု၌ တရားဝင်ပါဝင်ပတ်သက်လာအောင် ဆွဲထည့်လိုက်သည့်နှယ် ဖြစ်သွားစေသည်။
    ဗြိတိန်၏ တစ်ချိန်တုန်းကကျူးကျော်ခဲ့မှုအား ထိုးနှက်ရန် – ရိုဟင်ဂျာအရေးမှာ အိန္ဒိယတိုက်သည် ဗြိတိသျှကိုလိုနီလက်အောက်ခံရောက်ခဲ့သည့်ကာလမှစ၍ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရချိန်အထိ ဗြိတိသျှတို့မှ ဖန်တီးချန်ရစ်မှုဆိုးမွေအဖြစ် ဦးသိန်းစိန်မှ အကွက်ချပြောဆိုသွားကြောင်း ထင်ရှားနေသည်။ “ ကိုလိုနီအုပ်ချုပ်ရေးကာလ အတွင်း ယခင်က အာရကန် ဟု အမည်တွင်သည့် ရခိုင်ပြည်နယ်တွင်းသို့အခြားနိုင်ငံသားများက ပြောင်းရွှေ့ဝင်ရောက်လာကာ လုပ်ကိုင်စီးပွားရှာခဲ့ကြသည်။  သို့အားဖြင့် သူတို့သည် သူတို့ကိုယ်ပိုင်သီးနှံများ စိုက်ပျိုး ရိတ်သိမ်းပြီးနောက် ပြည်တော်ပြန်သွားကြသည်။ သို့သော် နောင်သောအခါ ၄င်းတို့က ယင်းဒေသ၌ အခြေချနေထိုင်ရန်ဆုံးဖြတ်ခဲ့ကြသည်။ ထိုခေတ်က ယင်းဒေသ၌ မွတ်စ်လင်မ်ဦးရေ ငါးသောင်း မျှသာရှိခဲ့ရာမှ ယခုအခါ ၈ သိန်းကျော်ရှိလာသည့်အတွက်ကြောင့် တင်းမာမှုများစွာ ဖြစ်ပေါ်ရခြင်းဖြစ်သည် ” ဟု ဦးသိန်းစိန်၏စကားများ၌ တွေ့ရပေမည်။
    လူမျိုးစွဲနှင့်ခွဲခြားသတ်မှတ်ခြင်းအပေါ် တည်ဆောက်ထားသော ဤအချက်အလက်များတွင် လူမျိုးကြီးဝါဒနှင့်လုပ်ကြံချက်ဆိုင်ရာ နည်းလမ်းများကို အပြည့်အ၀ အသုံးပြုထားကြောင်းတွေ့ ရလေသဖြင့် ကိုလိုနီခေတ်ကာလ စာရင်းဇယားလောက်မျှပင် ယုံကြည်စိတ်ချစရာ မရှိချေ။ ကိုလိုနီအလောင်း အလျာဗြိတိသျှတို့မှ ၁၈၂၄ ခုနှစ် ရခိုင်ပြည်သို့ ကျူးကျော် ၀င်ရောက်စဉ် ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်နှစ်ဖက်စလုံးကို လူဦးရေလျှော့ချရန် စစ်အုပ်ချုပ်ရေးဖြင့် ဖိနှိပ်ခဲ့သည်။ ၄င်းကိုလိုနီခေတ်ဦးမှတ်တမ်းများ
    မှာပင်လျှင် ရခိုင်ပြည်နယ်၏ လူဦးရေ သုံးပုံတစ်ပုံခန့်မှာ မွတ်စ်လင်မ်များဖြစ်နေကြောင်း ဖော်ပြထား၏။
    ယနေ့တွင်လည်း ရခိုင်ပြည်နယ်ရှိ ခန့်မှန်းလူဦးရေပမာဏ ၃ သန်းအနက် မွတ်စ်လင်မ်ဦးရေမှာ သုံးပုံတစ်ပုံဝန်းကျင်သာ ရှိကြောင်း ဆိုကြသည်။ သို့ဖြစ်၍ ဤသည်မှာ ဒေသခံ ရခိုင်များ အတွက် လူဦးရေဆိုင်ရာအန္တရာယ်တစ်ရပ် မဟုတ်သလို၊ ဗုဒ္ဓဘာသာကြီးစိုးသည့် လူဦးရေသန်း ၅၀ အထက်နိုင်ငံတစ်ခုအတွက်လည်း အမျိုးသားရေးဆိုင်ရာ အန္တရာယ်တစ်ရပ် အလျဉ်း မဖြစ်နိုင်ပါလေ။ ကိန်းဂဏန်းကစားပွဲကိုအသာထား၍ ဦးသိန်းစိန်၏သံသယဖြစ်ဖွယ် ရှင်းလင်းချက်မှာ လိုရာဆွဲ ဖြစ်ပြီး ရခိုင်သမိုင်းအမှန်နှင့် မနီးစပ်သဖြင့် လက်ခံစရာမရှိကြောင်း သုံးသပ်သူများစွာ ရှိနေသည်။
    ယမန်နှစ်၊ စက်တင်ဘာလ၊ ကိုလံဘီယာတက္ကသိုလ်တွင်ကျင်းပသော ရိုဟင်ဂျာအရေး လူထုဆွေးနွေးပွဲ၌ ဘင်္ဂါလီလူမျိုး ကမ္ဘာကျော်ဒဿနပညာရှင်၊ ဘောဂဗေဒပညာရှင် နှင့် ဟားဗတ် တက္ကသိုလ်ပါမောက္ခ တစ်ဦးဖြစ်သူ Amartya Sen က “ ရိုဟင်ဂျာများသည် မြန်မာပြည်သို့ ၀င်လာခြင်းမဟုတ်၊ မြန်မာပြည်က ရိုဟင်ဂျာတို့ထံ သွားရောက်ခဲ့ခြင်းဖြစ်သည် ” ဟု ပြတ်သားစွာ ထောက်ပြဝေဖန်ခဲ့သည်။
    အခြားနိုင်ငံများရှိ နယ်စပ်နေ တိုင်းရင်းသားများအတိုင်း –  ၁၉၈၉ ခုနှစ်မှ မြန်မာဟု အမည်တွင်လာသော ဗမာနိုင်ငံ နှင့် ၁၉၇၁ ခုနှစ်မှ ဘင်္ဂလားဒေ့ရှ်ဟု သိလာကြသော အရှေ့ပါကစ္စတန်နယ်ဟောင်းတို့၏ နှစ်ဖက်နှစ်ဝ နယ်စပ်များတွင်လည်း ရိုဟင်ဂျာလူမျိုးစုကို တွေ့မြင်နိုင်ပေသည်။ ကိုလိုနီခေတ်ကာလများတွင် နယ်နမိတ် သတ်မှတ်ချက်မရှိခဲ့သော နယ်စပ်ဒေသအများအပြားကို ပိုင်နက်ချဲ့ထွင်ခြင်း နှင့် အာဏာပိုင်တို့၏သြဇာအားဖြင့် ကန့်သတ်ပိုင်းခြားလိုက်ကြရာမှ ကိုလိုနီခေတ်လွန်နိုင်ငံဒေသများ ဖြစ်ထွန်းလာကြသည်။
    စင်စစ်မှာမူ ဤသို့အသစ်ဖြစ်ထွန်းလာသည့်နယ်စပ်ဒေသများတစ်လျှောက် ပျံနှံ့နေထိုင်လျက်ရှိသော ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်ဘာသာစကားရှိ လူ့အဖွဲ့အစည်းများ အပေါ် ညှင်းပန်းနှိပ်စက်ရန် သို့မဟုတ် ဒေသခံမဟုတ် ဟု သတ်မှတ်ရန် – ၄င်းတို့နှင့်စပ်လျဉ်း၍ စစ်ပွဲများ၊ ပဋိပက္ခများ၊ အခြားကိုယ်ကျိုးရှာမှုများ ထွက်ပေါ်လာရန် အကြောင်းမရှိပါ။ မြန်မာနိုင်ငံ၏ နယ်နမိတ်အတွင်းရှိ ချင်း၊ ကချင်၊ ကရင်နီ၊ မွန်၊ ရှမ်း စသည်တို့သာမက ဗုဒ္ဓဘာသာရခိုင်လူမျိုးတို့သည်ပင်လျှင် အိမ်နီးချင်းနိုင်ငံအသီးသီးဝယ် တိုင်းရင်းသားအဖြစ် တည်ရှိနေကြ၏။ သို့တစေ အထူးကရုပြုအပ်သည်မှာ ၄င်းလူ့အဖွဲ့အစည်းများသည် ထိုင်း၊ လော(လာအို)၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံများ၏ မျိုးဖြုတ်သုတ်သင်ရှင်းလင်းခြင်း ခံရသည်ဟူ၍ မကြားစဖူးချေ။
    သမိုင်းကို ကုလားဖန်ထိုးခြင်း
    အမှန်ကိုဆိုရလျှင် ရိုဟင်ဂျာတို့၏တည်ရှိခြင်းကို မြန်မာနိုင်ငံမှ ငြင်းဆိုထားမှု ဟူ၍ ယခင်က မရှိခဲ့။ ဦးသိန်းစိန်၏ လူမျိုးရေးအမြင် နှင့် “ ရိုဟင်ဂျာသည် တိုင်းရင်းသားလော၊ နောက်မှ ၀င်ရောက်လာသူတို့၏မျိုးဆက်လော ” ဟူသည့် လတ်တလောအချေအတင်အဆိုများက ထိုအချက်နှင့် ဆန့်ကျင်နေ၏။ ဤအစိုးရမတိုင်မှီ မြန်မာအစိုးရ အစဉ်အဆက် လေးဆက်ဖြစ်သော – ဦးနု၏ပါလီမန်ဒီမိုကရေစီအစိုးရ(၁၉၄၈-၅၈)၊ ဗိုလ်ချုပ်နေ၀င်း၏အိမ်စောင့် အစိုးရ(၁၉၅၈-၆၀)၊ ၀န်ကြီးချုပ် ဦးနု၏ပြည်ထောင်စု အစိုးရ(၁၉၆၀-၆၂)၊ ဗိုလ်ချုပ်နေ၀င်း၏ တော်လှန်ရေးကောင်စီ စစ်အစိုးရ(၁၉၆၂-၁၉၇၄) တို့သည် ရိုဟင်ဂျာကို ဒေသခံတိုင်းရင်းသားလူမျိုးစုအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြပြီးဖြစ်သည်။
    မြန်မာနိုင်ငံ၏တစ်ခုတည်းသော အသံလွှင့်ဌာန(Burma Broadcasting Service, BBS)၌ ရိုဟင်ဂျာတို့၏ကိုယ်ပိုင်ဘာသာသာစကားဖြင့် အသံလွှင့်အစီအစဉ်သည် ရှမ်း၊ လားဟူ၊ ဗမာ စသော အခြားတိုင်းရင်းသားဘာသာ စကားအသံလွှင့်အစီအစဉ်တို့နှင့်အတူ ရှိခဲ့သည်။ လူမှုဗေဒသင်ရိုးများတွင်လည်း ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး တစ်စုအဖြစ် တရားဝင် ထည့်သွင်းဖော်ပြခဲ့၏။
    အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်ကဒ်ပြားတို့တွင်လည်း ၄င်းတို့၏ ကိုယ်ပိုင်လူမျိုးအမည် ရိုဟင်ဂျာ ဟု သုံးနှုန်းထားခဲ့၏။ အစိုးရရုံးဌာနများ အားလုံးရှိ တရားဝင်မှတ်တမ်းနှင့် တွဲစာတို့၌ ဤဝေါဟာရကိုပင် သုံးစွဲခဲ့၏။ ကာကွယ်ရေးဝန်ကြီးဌာန၏ ယခင်စစ်ဗိုလ်ချုပ်ဟောင်းတို့မှ ရိုဟင်ဂျာလူ့အဖွဲ့အစည်းနှင့်၎င်းတို့၏ဘာသာရေးခေါင်းဆောင်များအား အလေးထား အသိအမှတ်ပြုခဲ့ကြောင်း လူထုမှတ်တမ်းနှင့်ဟောပြောချက်များတွင် တွေ့ရသည်။ စစ်တပ်မှအာဏာသိမ်းယူပြီး ၂ နှစ် အကြာ ၁၉၆၄ ခုနှစ်တွင် အစိုးရမှ တရားဝင်ပုံနှိပ်ထုတ်ဝေထားသော မြန်မာ့စွယ်စုံကျမ်း၌ မြောက်ပိုင်းခရိုင်ရှိ ရိုဟင်ဂျာများ အကြောင်းကို အထူးကဏ္ဍတစ်ရပ်အနေနှင့် ထည့်သွင်းဖော်ပြခဲ့သည်။
    ၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ရိုဟင်ဂျာတို့အပေါ် ပထမဆုံး မျိုးဖြုတ် သုတ်သင်သည့်အချိန်မှစပြီး အစဉ်အဆက် စစ်ခေါင်းဆောင်များက ထိုအစီအမံ အတိုင်း ဒေသတွင်းနှင့်နိုင်ငံတွင်းမှ ဖယ်ရှားရန် မရပ်မနားဆောင်ရွက်နေခဲ့ပြီး ယခုအခါ ၄င်းတို့ကို ဘင်္ဂလီများဟု ရည်ရွယ်ချက်ရှိရှိ ဗြောင်ကျကျပင် ခေါ်ဆိုသမုတ်လာကြသည်။ ရိုဟင်ဂျာတို့ကို ပြင်းထန်စွာနှိပ်ကွပ် ဦးတည်သော မျိုးဖြုတ်သုတ်သင်မှုမူဝါဒသည် ဦးနေ၀င်း၏ တစ်ကိုယ်ကောင်းဆန်လှသည့်အာဏာရှင်စံနစ်အောက်မှ စတင်ခဲ့သည်။ ယင်းမူဝါဒ၌ တစ်ဖက်စောင်းနင်းအမျိုးသားရေး နှင့် ကိုလိုနီဆန့်ကျင်ရေးအယူအဆများကို သွတ်သွင်းထားခဲ့သည်။ အကျိုးအားဖြင့် ၁၉၇၈ ခုနှစ်၊ လူမျိုးစုဖယ်ရှားသန့်စင်ရေးလှိုင်းလုံး အမျိုးမျိုးအောက်ဝယ် ဆက်လက်ရှင်သန် ကျန်ရစ်နေသည့် ရိုဟင်ဂျာ များအတွက် မြန်မာနိုင်ငံ၌ လူမျိုးခွဲခြားမှုစံနစ်တစ်ရပ် ဖြစ်တည်လာသည်။
    ဗြိတိသျှအစိုးရသည် ရိုဟင်ဂျာတို့အပေါ် ယခင်နှင့်ယခု မျိုးဖြုတ် သုတ်သင်ခြင်း၊ လူမျိုးစုဖယ်ရှားသန့်စင်ရေးနှင့် စပ်လျဉ်း၍ ဦးသိန်းစိန်အား အတိုက်အခံပြုရမည့်အစား အစိုးရ၏ ၂၀၁၄ သန်းခေါင် စာရင်းကောက်ယူမှုအတွက် ပေါင် စတာလင် ၁၀ သန်းပေးကမ်းလိုက်ခြင်းမှာ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတည်ရှိခြင်းအား ခေါင်းတလားအတွင်း သွင်းပြီး နောက်ခေါင်းတလားအဖုံးပိတ် နောက်ဆုံး ရိုက်သွင်းလိုက်သည့် သံချောင်းအလားပင်။
    ဤသည်မှာ မြန်မာနိင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်ခံဒေသများရှိ လက်နက်ကိုင်တပ်ဖွဲ့များ နှင့် ပြည်သူ့စစ်များအား စစ်ရေးလေ့ကျင့်ပေးရာတွင် ဗြိတိသျှကာကွယ်ရေးဌာနမှ ပါဝင်ပတ်သက်စေမည့် ဗြိတိန်၏တစ်ကျော့ပြန်အစီအမံ သစ်တစ်ရပ်လည်း ဖြစ်၏။ စစ်တပ်စာသင်ခန်းများအတွင်း ဗြိတိသျှအရာရှိများမှ လူ့အခွင့်အရေးနှင့် တာဝန်အကြောင်းပြောဆိုလျှက်ရှိပြီး တစ်ချိန်ထဲမှာပင် လူမျိုးစုဖယ်ရှား သန့်စင်မည့် လူဦးရေစစ်တမ်းကောက်ယူသောအစီအစဉ် တစ်ရပ်ကို ဗြိတိန်သားတို့၏အခွန်ငွေဖြင့် အထောက်အပံ့ပေးလျှက်ရှိပေသည်။
    ဗြိတိန်၏နိုင်ငံတကာအပေါ်စိုးမိုးလိုမှုအကြောင်းနှင့် မစိမ်းသူများအဖို့ အံ့သြစရာကိစ္စ မဟုတ်ကြချေ။ မြန်မာနိုင်ငံ၏ လူမျိုးစုဖယ်ရှားရေးလူဦးရေ စစ်တမ်းကောက်ယူမှုအား ငွေကြေး ပံ့ပိုးကူညီသည့် ဆုံးဖြတ်ချက်ကြောင့် အပြန်အလှန်အားဖြင့် ကမ္ဘာ့ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ထံမှ လုပ်ထုံး လုပ်နည်းအရ ပြန်လည်အကျိုးခံစားရမည် ဖြစ်သောကြောင့်ပင်။ ယင်းသို့မဟုတ်လျှင်လည်း ဗြိတိသျှအစိုးရ၏ဆုံးဖြတ်ချက်မှာ ဒေါ်လာ ၅ သန်းခန့်တန်သည့် အင်္ဂလန်ပြည်တွင်းဖြစ်လက်နက်များကို ပို့ကုန်ပြုခြင်းဖြင့် ဦးသိန်းစိန်အား ဆုချပေးခြင်းသာဖြစ်၏။ ယင်းသို့ အငြင်းဝင်စရာ ပေးကမ်းမှုမှာ နိုင်ငံတစ်ခု၏လူမျိုးစုဆိုင်ရာပဋိပက္ခအား ချုပ်ငြိမ်းအောင် ကူညီခြင်းမှ ဟုတ်ပါ၏လောဟု ပြည်ပရေးရာ ကျွမ်းကျင်နှံ့စပ်သူ တစ်ဦးဦးမှ များမကြာမီ သုံးသပ်လာပါလိမ့်မည်။
    ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် လွတ်လပ်ရေးသူရဲကောင်း ဦးအောင်ဆန်းနှင့်တစ်ကွ တိုင်းပြည်ထူထောင်သူပုဂ္ဂိုလ် တစ်စုအား အင်္ဂလန်ပြည်တွင်းဖြစ်ကျည်တောင့်များက သတ်ဖြတ်ခဲ့သည်။  ထိုလုပ်ကြံမှုမှာ ပြည်တွင်းမှလူများ လုပ်ဆောင်သော်လည်း ဗြိတိသျှတို့၏လက်သိပ်ထိုးကူညီမှု  မကင်းခဲ့။ နေမ၀င်အင်ပါယာဆန့်ကျင်ရေး၌ ရပ်တည်ချက် ခိုင်မာလှသူ မျိုးချစ်ပုဂ္ဂိုလ် ဦးအောင်ဆန်းအား ဒုတိယကမ္ဘာစစ် အပြီး ကိုလိုနီခေတ်လွန် မြန်မာနိုင်ငံအပေါ် ရှိသော ဗြိတိသျှတို့၏ စီးပွားရေးနှင့် အမြတ်ထုတ်ရေးကဏ္ဍအတွက် အကြီးမားဆုံး အတားအဆီးအဖြစ် အမြင်ရှိခဲ့ကြ၏။
    နှစ်ပေါင်း ၆၀ ကြာမြင့်ပြီးမှ ဦးသိန်းစိန်၏ စစ်တပ်နောက်ခံ မျိုးဖြုတ်အုပ်ချုပ်ရေးစနစ်ထံ အင်္ဂလန်ပြည်တွင်းဖြစ် လက်နက်ပို့ကုန်အားအသက်သွင်းပေးအပ်ပြန်ရာ လူနည်းစုဝင် တိုင်းရင်းသားနှင့်ဘာသာရေး အုပ်စုများအဖို့ အန္တရာယ်အချက်ပေးသံတစ်ခု ဖြစ်လာလေသည်။  ၄င်းလူနည်းစုဝင်များသည် ဗမာလူမျိုးစစ်ဗိုလ်ချုပ်များနှင့်၎င်းတို့၏ ခရိုနီများလောက် ဗြိတိသျှ၏အကျိုးစီးပွားကို လမ်းခင်းမပေးနိုင်၍ ဖြစ်ပေလိမ့်မည်။
    ဖုံးတစ်ဝက်ဖော်တစ်ဝက် ကိုယ်ပိုင်ဗျူဟာ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု နည်းစဉ်ဖြင့် ရှေ့ဆက်လာပါက ဗြိတိန်သည် ကိုလိုနီခေတ်ဟောင်းမှ တစ်ဖက်စောင်းနင်း လူမျိုးခွဲခြားရေး မူဝါဒအား ပြန်လည်အသက်သွင်းခြင်း ဟုသာ ဆိုရပေမည်။ ၁၉ ရာစု နှင့် ၂၀ ရာစု စဦးပိုင်း အိန္ဒိယတိုက်သည် ဗြိတိသျှ လက်အောက်၌ရှိစဉ်ကာလများအတွင်း နယ်စပ်ဒေသ တစ်လျှောက်ရှိ ဗုဒ္ဓဘာသာဝင်မဟုတ်သော လူနည်းစု ၀င်များအား အသုံးချကာ ဗြိတိသျှတို့မှ မိမိတို့၏ အင်ပါယာချဲ့ထွင်ရေးနှင့်ကိုယ်ကျိုးစီးပွားကို အရယူခဲ့ကြသည်။ ၄င်းနောက်တွင်တော့ ထိုသူတို့ကို နှစ်နိုင်ငံ အကြား ခွနေသူများကဲ့သို့ ပုံဖော်ခဲ့ကြသည်။
    မြန်မာနိုင်ငံအပေါ်ဆင်ယင်လိုက်သည့် ဗြိတိန်၏ ၂၀၁၃ ပုံဟန်သစ်မှာ သြဇာလွှမ်းနေသော ဗုဒ္ဓဘာသာဝင်ဗိုလ်ချုပ်များ နှင့် ၄င်းတို့သြဇာခံအာဏာပိုင်များအားဖြင့် ဗြိတိသျှတို့၏ အကျိုးစီးပွားများကို အမိအရဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ ၄င်းတို့၏ ကိုလိုနီခေတ်က အသုံးချခံဖြစ်ခဲ့သော – နှစ်ဖက်ခွနေသူများအဖြစ် ပုံဖော်ခံရသော ရိုဟင်ဂျာ၊ ကချင်၊ ကရင် နှင့် အခြားတိုင်းရင်းသားတို့မှာ ဆင့်ကာဆက်ကာ ခွဲခြားခံရပေတော့မည်၊ စစ်ရေးလွှမ်းမိုးမှုကို ခံရပေတော့မည်၊ လူမျိုးစု သန့်စင်ဖယ်ရှားခံကြရတော့မည် ဖြစ်ပါ၏။
    ဆောင်းပါးရှင် (ဒေါက်တာ)မောင်ဇာနည်သည် စစ်အုပ်ချုပ်ရေးဆန့်ကျင်သူ မြန်မာလူမျိုး ပညာရှင် တစ်ဦးဖြစ်သည်။ ၄င်းပြင် London School of Economics ၏  Civil Society and Human Security Research Unit မှ ဧည့်သည်တော်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
    Asia Times တွင် ဖော်ပြသော ဆောင်းပါးရှင် မောင်ဇာနည်၏  British aid for Myanmar ethnic cleansing ဆောင်းပါးကို  “သြရသရေချမ်း” မှ မြန်မာလို ဆီလျော်အောင် ပြန်ဆိုပါသည်။
  • မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်
    ဇူလိုင် ၁၇၊ ၂၀၁၃
    M-Media
    အမ်တူးအေ
    မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ် (၆၆-နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)
    Razak
    ၁၈၉၈-ခု ၊ ဇန်န၀ါရီလ ၂၀-ရက်နေ့မှာ လူသားတစ်ဦး ကမ္ဘာမြေကို ဖွားမြင်ရောက်ရှိလာတယ်။ သူ ရောက်ရှိလာရာ ဇာတိချက်ကြွေမွေးရပ်မြေက မြန်မာနိုင်ငံအလယ်ပိုင်း မြို့တစ်မြို့ဖြစ်တဲ့ မိတ္ထီလာဆိုတဲ့ မြို့လေးမှာဖြစ်တယ်။ တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နှင့် ဒေါ်ငြိမ်းလှ ဆိုတဲ့ အစ္စလာမ်ဘာသာဝင် မိဘ ၂-ပါးရဲ့ သားသမီး ၁၃-ယောက်အနက် စတုတ္ထမြောက် သားအဖြစ်နဲ့ မွေးဖွားခဲ့ခြင်းပါ။ မောင်မောင်ကြီးဟု နာမည်ရှိခဲ့ပေမယ့် ရာဇတ်လို့သာ နာမည်တွင်ခဲ့ပါတယ်။
    ငယ်စဉ်က မန္တလေးမြို့ ၀က်စလီယန် ကျောင်းမှာ စာသင်ခဲ့ရပြီး ပညာရေးထူးချွန်တာကြောင့် အတန်းကျော်ပြီး တက္ကသိုလ်ဝင်တန်းကို တက်ရောက်ခွင့်ရခဲ့ပြီး ၁၉၁၂-ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တယ်။ ကောလိပ်သိပ္ပံကျောင်း အိုင်အေအထက်တန်းတက်နေချိန်မှာပဲ အင်္ဂလိပ်စာ စာစီစာကုံး ပထမဆုရရှိပြီး Bhai Meah ရွှေတံဆိပ်ဆုရရှိခဲ့တယ်။ ရှမ်းပြည်နယ်မှ ၃၆-ကောင် ထီအကြောင်း ဆောင်းပါးရေးပြီး အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းကို ပေးပို့ခဲ့ရာမှာလည်း ပထမတန်း ဆောင်းပါးဆု ရရှိခဲ့ပြန်ပါတယ်။ ပညာရေးမှာသာမက အားကစားဘက်မှာလည်း ထူးချွန်လှသည့်အတွက် ခရစ်ကတ်၊ ဘောလုံး၊ တင်းနစ်၊ လက်ဝှေ့ စတဲ့ အားကစားတွေမှာ တက္ကသိုလ်က သတ်မှတ်ပေးတဲ့ Blue အဆင့်ရရှိခဲ့ပြီး ဘောလုံးမှာတော့ College First Player တစ်ဦးဖြစ်ခဲ့သူပါ။
    နောက် ၁၉၂၀ ကျောင်းသားသပိတ် အရေးတော်ပုံကစပြီး ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့တယ်။ မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းမှာ အင်္ဂလိပ်နဲ့ ပါဠိဘာသာကို သင်ကြားပေးတဲ့ ဆရာတစ်ဦးဖြစ်လာတယ်။ ဆရာ ဦးရာဇတ်ဟာ အစ္စလာမ် သာသနာဝင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ဘာသာရေးမှာ ခွဲခြားမှု မရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်သာသနာဝင်တစ်ယောက်ဖြစ်ပြီး မန္တလေးမြို့က မဟာဝိသုတာရာမကျောင်းတိုက်ရဲ့ ဓမ္မာရုံစာကြည့်တိုက်မှာ အသင်းဥက္ကဌအဖြစ် တာဝန်ယူပေးတာဟာ သိသာနေတယ်။ ဒါတင် မဟုတ်သေးပါဘူး။  မန္တလေးမြို့ နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန်ကျောင်းတိုက်၊ အတုမရှိကျောင်းတိုက်များရှိ တိုက်အုပ်ဆရာများထံသွားကာ မြန်မာစာနှင့် ပါဠိကို လေ့လာဆည်းပူးရင်း ရဟန်းရှင်လူများနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းခဲ့ပြီး ဗုဒ္ဓအယူဝါဒကိုလည်း လေးစားခဲ့သည်။
    ဆရာဦးရာဇတ်သည် ၁၉၂၃-ခုနှစ်တွင် မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းမှာ ကျောင်းဆရာကြီးအဖြစ်မှတဆင့် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုတိုင် မန္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်း (ယခု အ.ထ.က-၂) ရဲ့ ကျောင်းဆောင်ကြီးရှေ့မှာ ထိုင်နေတဲ့ ခြင်္သေ့ပုံရုပ်ထုကြီးနဲ့ ‘အတ္တာဟိ အတ္တာနော နာထော’ဆိုတဲ့ ကြွေးကြော်သံဟာလည်း ဆရာကြီးဦးရာဇတ်လက်ထက်မှာ ရွေးချယ် သတ်မှတ်ပြုခဲ့တာပါ။ ဆရာကြီး ဦးရာဇတ်ဟာ သူ့ရဲ့ ဗဟိုအမျိုးသားကျောင်းကြီးမှာ အမျိုးသားအပျော်တမ်းရဲတပ်၊ အမျိုးသားဘင်ခရာတပ်၊ အမျိုးသားရဲညွန့်တပ်တွေကို ဖွဲ့စည်းပြီး ကျောင်းသားတွေကို ပညာရေးသာမက မျိုးချစ်စိတ်ဓါတ်ကိုပါ သင်ကြားပေးခဲ့ပြီး ကျောင်းသားများအကျိုးအတွက် သမဂ္ဂဖွဲ့စည်းပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
    ဆရာကြီးဦးရာဇတ်ဟာ မြန်မာဘာသာ ပျို့၊ ကဗျာ၊ လင်္ကာ စာပေများကိုသာမကပဲ အင်္ဂလိပ်ဘာသာမှာလည်း အလွန်ကို ကျွမ်းကျင်လှတာကြောင့် မျက်နှာဖြူမင်းကြီး မစ္စတာရှားမင်းက ပုလိပ်အဖွဲ့(ယခုခေတ်အခေါ် ရဲတပ်ဖွဲ့)မှာ ၀င်ရောက်အမှုထမ်းဖို့ ဖိတ်ခေါ်ပြီး အင်စပက်တော် ရာထူးတိုက်ရိုက်ခန့်မယ်ဆိုတာကို ငြင်းပယ်ခဲ့တာကို ကြည့်ခြင်းအားဖြင့်လည်း မျိုးချစ်စိတ်ဓါတ်ပြင်းထန်သော ဆရာကြီးရဲ့ စိတ်ဓါတ်ကို ခန့်မှန်းလို့ ရနိုင်ခဲ့ပါတယ်။
    ဆရာကြီးဟာ ဗဟိုအမျိုးသားအထက်တန်းကျောင်းအုပ်ကြီးဘ၀မှာ သူ့ရဲ့ တပည့်တွေကို မကြာခဏ ရွတ်ပြလေ့ရှိတဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်ရှိခဲ့တယ်။ ကဗျာရဲ့ မြန်မာဘာသာပြန် ကတော့ “ဒါ တို့ပြည် ဒါတို့မြေလို့ မဆိုတဲ့သူဟာ အသက်ရှင်လျက် ၀ိညာဉ်မဲ့နေတဲ့သူလို၊ အသက်ရှင်နေပေမယ့် သေနေတဲ့သူလို ဘာမှ အသုံးမကျဘူး”ဟူ၍ ဖြစ်တယ်။ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးတဲ့ ဆရာကြီးရဲ့ စိတ်ဓါတ်ကလည်း ပေါ်လွင်လှပါတယ်။
    ဆရာကြီးဦးရာဇတ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံခဲ့ရချိန်မှာ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် နိုင်ငံ့ တာဝန် ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။
    ဆရာကြီးဟာ နိုင်ငံရေး၊ အမျိုးသားရေးတွင်သာမက စာပေကို ချစ်မြတ်နိုးပြီး ပိုဒ်စုံရတုများ၊ မြန်မာ-အင်္ဂလိပ် ဆောင်းပါးများ၊ ဘာသာပြန်စာပေများ၊ စာတမ်းများ၊ လုံးချင်းစာအုပ်များ၊ သမိုင်းမှတ်တမ်းစာအုပ်များကိုလည်း ရေးသားခဲ့သေးတယ်။
    ဆရာကြီးဦးရာဇတ်၏ အရည်အချင်းနှင့် မျိုးချစ်စိတ်ကို သိရှိသော ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ်မှ အစပြုကာ ဆရာကြီးဦးရာဇတ်အား နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းခေါ်ဆောင်လာခဲ့သဖြင့် ဆရာကြီးအနေဖြင့် နိုင်ငံရေးနယ်ပယ်အတွင်းသို့ ရောက်လာခဲ့ရခြင်းလည်း ဖြစ်ပါတယ်။
    ဗိုလ်အောင်ကျော်ကျဆုံးသော ၁၉၃၈-ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ကျောင်းသားများ သပိတ်မှောက်ရာတွင် ဆရာကြီး၏ အမျိုးသားကျောင်းမှ ကျောင်းသားများလည်း ပါဝင် သပိတ်မှောက်ခဲ့ကြပါသည်။
    ၁၉၃၈-ခုနှစ် ဖေဖော်ဝါရီလ ၁၃-ရက်နေ့တွင် မန္တလေးမြို့မှာ ဗမာမွတ်စလင်မ်လူငယ်များက နိုးကြားရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နိုးကြားရေးအဖွဲ့သည် တို့ဗမာအစည်းအရုံးဝင် သခင်များနှင့် နီးစပ်သည့်အတွက် သခင်များက အထူးအားပေးခဲ့ပါတယ်။ ၁၉၄၀-ခု မေလ ၄-ရက်နေ့မှာ ဗမာမွတ်စလင်မ်ဗဟိုနိုးကြားရေးအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် မျက်နှာစုံညီ ကွန်ဖရင့်ကို ရမည်းသင်းခရိုင်၊ ယင်းတော်ရွာကြီးတွင် ကျင်းပခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်အဖွဲ့ကြီးတစ်ခုဖွဲ့ပြီး ဆရာကြီး ဦးရာဇတ်က ဥက္ကဋ္ဌ၊ ဦးကိုကိုလေးက အတွင်းရေးမှူးအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ ယင်းတော်ညီလာခံမှာ ဆရာကြီးပြောကြားခဲ့တဲ့မိန့်ခွန်းဟာ မြန်မာနိုင်ငံသားမွတ်စလင်မ်တွေအတွက် သမိုင်းဝင်မိန့်ခွန်းတစ်ရပ်လည်း ဖြစ်ပါတယ်။
    ၁၉၄၅-ခု ဒီဇင်ဘာ (၂၄၊ ၂၅၊ ၂၆)မှာ ပျဉ်းမနားမြို့၌ ပြည်လုံးကျွတ် ဗမာမွတ်စလင်မ်မျက်နှာစုံညီ အစည်းအဝေးကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဖဆပလအဖွဲ့ ဥက္ကဌကြီး ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့သော်လည်း ဖဆပလဌာနချုပ် ကိုယ်စားလှယ်အဖြစ် သခင်ဝတင်တို့ တက်ရောက်ခဲ့ပါတယ်။ မျက်နှာစုံညီအစည်းအဝေးကြီးမှာ ဆရာကြီး ဦးရာဇတ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ရပြီး ဆရာကြီးတင်သွင်းသည့် ‘ဗမာမွတ်စလင်မ်ကွန်ဂရက်’အမည်ကို ရွေးချယ်ခဲ့ကြပါတယ်။ အဲ့ဒီ ညီလာခံမှာပဲ အဆို(၄)ရပ်တင်သွင်းခဲ့ကြပြီး ဗမာကို ဗမာကသိရေး၊ ဗမာမွတ်စလင်မ်တိုင်းရင်းသားများသည် အစ္စလာမ်ဘာသာ ကိုးကွယ်ကြသည့် ဗမာအမျိုးသားများဖြစ်ကြသည်ဟူသော ကြွေးကြော်သံနှစ်ခုလည်း ထွက်ပေါ်လာခဲ့ပါတယ်။
    ၁၉၄၆-ခု စက်တင်ဘာ ၂၃-ရက်နေ့ သာစည်မြို့မှာကျင်းပတဲ့ အိုလမာအဖွဲ့ချုပ်စတင်ဖွဲ့စည်းမည့် ညီလာခံသို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းမွတ်စလင်မ်တို့အား ကျမ်းစာများ၏ အမိကျမ်းမြတ်ကုရ်အာန်ကို အဓိပ္ပါယ်ယတ္ထနှင့်တကွ သိနားလည်ရန် လိုအပ်ကြောင်း ရှင်းလင်းမိန့်ကြားခဲ့ပြန်တာကို ကြည့်ခြင်းအားဖြင့်လည်း မြန်မာနိုင်ငံသား မွတ်စလင်မ်တွေအတွက် သောကကြီးမားခဲ့တာကိုလည်း မြင်တွေ့ရပြန်ပါတယ်။ ဒီဇင်ဘာ ၆-ရက်မှ ၈-ရက်ထိ ရန်ကုန်မြို့ ဇိနသ်အစ္စလာမ်မိန်းကလေးကျောင်းမှာ ကျင်းပတဲ့ ဗမက ပြည်လုံးကျွတ် ညီလာခံကြီးမှာ ဗမာမွတ်စလင်မ်တို့သည် လူနည်းစုလော လူများစုလောဟူ၍ နှစ်ဘက်သဘောကွဲလွဲနေသည်ကို ဆရာကြီးရဲ့ သဘာပတိမဲဖြင့် ဗမာမွတ်စလင်မ်ကို လူများစုအဖြစ် ဆုံးဖြတ်လိုက်ခဲ့ကြပါတယ်။
    ၁၉၄၅-ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဖဆပလအဖွဲ့ရဲ့ ပထမဦးဆုံး ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းလည်း ခံခဲ့ရပြီး ၁၉၄၇-ခုနှစ် ဧပြီလမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာတော့ မန္တလေးမြို့အရှေ့ပိုင်း အမတ်အဖြစ် ရွေးကောက်ခြင်း ခံခဲ့ရပါတယ်။
    မန္တလေး ဥပစာကောလိပ် အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားခဲ့ပြီး မန္တလေးတက္ကသိုလ်ကြီးသည် ဆရာကြီးဦးရာဇတ်နှင့် ဦးကိုလေးတို့ နှစ်ဦး ပူးပေါင်းအားထုတ်မှုရဲ့ ရလဒ်အဖြစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မန္တလေးတက္ကသိုလ်ရဲ့ ပထမဦးဆုံးဆောက်လုပ်တဲ့ အဆောင်ကို နောင်အခါမှာ ဆရာကြီးအား ဂုဏ်ပြုတဲ့အနေနဲ့ ‘ရာဇတ်ခန်းမဆောင် (Razak Hall)’လို့ အမည်ပေးထားခဲ့ပြီး ယခုအခါ မန္တလေးတက္ကသိုလ်ရဲ့ စာကြည့်တိုက်ဖြစ်လာပါတယ်။
    ပညာရေးနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ်တည်ထောင်ပြီးလျှင် ပါဠိတက္ကသိုလ်ကြီးတစ်ခု တည်ထောင်ရန်လည်း ဆရာကြီးအနေနဲ့ ကြိုးစားခဲ့ပြန်ပါတယ်။ ယနေ့မြင်တွေ့နေရတဲ့ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်တွေရဲ့ ရှေ့ပြေးလို့ပင် ပြောစမှတ်ပြုနိုင်ပါတယ်။
    ဆရာကြီး ဦးရာဇတ်ဟာ အမိတိုင်းပြည်ကို တန်ဖိုးထား ချစ်မြတ်နိုးပြီး ဘာသာ သာသနာကို ကြည်ညိုလေးစားသည့် တိုင်းရင်းသား တိုင်းရင်းဖွားများ ညီညွတ်ရေးကို အထူးမျှော်မှန်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပြီး သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းကို ခံယူရရှိခဲ့သည်မှာ ဆရာကြီးဦးရာဇတ်၏ အားကျ အတုယူဖွယ် ထူးချွန်သော အရည်အချင်းများအနက် တစ်ခုပင်ဖြစ်ပါတယ်။
    ဘာသာ လူမျိုးပေါင်းစုံ၊ သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းခံရတဲ့ ဆရာကြီးဦးရာဇတ်ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ၁၉၄၇-ခု၊ ဇူလိုင်လ ၁၉-ရက် မနက် ၁၀း၃၇ နာရီမှာ မသမာသူ လူတစ်စုရဲ့ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်မှုကြောင့် အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ သွေးအိုင်ထဲမှာ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရတဲ့ အာဇာနည်တစ်ဦးဖြစ်လာပါတော့တယ်။
    ဆရာတော် ဦးကုသလကလည်း ဆရာကြီးကို အလေးထားခဲ့ပုံမှာ – “ခရိုင်ဖဆပလကို ဖွဲ့စည်းမှာမို့ မန္တလေးခရိုင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌကို မိမိတို့ ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ် များကို ရွေးချယ်ပေးပါရန် ဗိုလ်ချုပ်အောင်ဆန်းက တင်ပြလိုက်တယ်။ မန္တလေးမှာ သခင်တစ်ယောက်ကနေပြီး ဘာပြောလဲဆိုရင် ‘မန္တလေးဟာ နောက်ဆုံး နေပြည်တော်ရဲ့ မြို့တော်ဖြစ်ကြောင်း၊ နောက်ပြီး ဗုဒ္ဓဘာသာသာသနာ ထွန်းကားတဲ့နေရာလဲဖြစ်ကြောင်း၊ ဆရာကြီး ဦးရာဇတ် လို ကုလားတစ်ယောက်ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက်တဲ့ကိစ္စဟာ မသင့်ပါကြောင်း။ သူ့အစား (အခြားတစ်ယောက်)ကိုသာ ရွေးချယ် တင်မြှောက်သင့်ကြောင်း’အဆိုကို တင်သွင်းဆန္ဒမဲပေးခဲတယ်။ ဂျပန်တွေလက်နက်မချခင် အထက်မြန်မာပြည် ဖဆပလဖွဲ့မယ့် အချိန်တုန်းက သခင်တွေအားလုံး အကြောင်းအမျိုးမျိုးပြပြီး လက်မခံ ကြဘူး။ ဒီလိုငြင်းနေကြတော့ ဖတပလဥက္ကဋ္ဌတင်ဖို့ လူရှာ မတွေ့ တာနဲ့ အထက်မြန်မာပြည် ဖတပလ အဖွဲ့ကို မဖွဲ့နိုင်ဘူး။ တစ်ပတ်လောက်နေမှ ဆရာကြီးဦးရာဇတ်ကို သတိရတော့ ဆရာကြီး ဦးရာဇတ်ဆီ ပြေးရတယ်။ ဆရာကြီးကိုပြောတော့ ဖတပလဥက္ကအဖြစ် ရွေးချယ်တာကို သူလက်ခံလိုက်တယ်။ ‘ဘယ်သူမှ လုပ်ချင်တဲ့လူမရှိတုန်းက မွတ်စလင်ကုလားဆိုတဲ့လူကြီးက ဥက္ကဋ္ဌတာဝန်ကို ယူပေးခဲ့တာပါ။ အခုမှ တိုင်းပြည်ကြီး အန္တရာယ် ကင်းရှင်းတော့မှ ဒီကုလားကြီးနဲ့ ဒီမင်းနေပြည်တော်မြို့ကြီးနဲ့ မသင့်တော်ဘူးလို့ ပြောမှ ပြောတတ်ပလေတယ်။ ဒါတွေကို စဉ်းစား ကြည့်ပေါ့။ အဲဒီတော့ ဘုန်းကြီးတို့ရဲ့ဆန္ဒဟာ ဟိုတုန်းကလဲ အနစ်နာခံဥက္ကဋ္ဌလုပ်ခဲ့တာ ဒီဆရာကြီးဦးရာဇတ်ပဲ။ အခုလဲ ဒီဆရာကြီး ဦးရာဇတ်ကိုပဲ ပြန်တင်သင့်တယ်”ဆိုတာ ဆန္ဒပြုကြောင်း ရှင်းလင်းတင်ပြလိုက်တယ်။ (ဆရာတော် ဦးကုသလ-တိတ်ခွေ)
    ဆရာမကြီး လူထုဒေါ်အမာကလည်း – “ဆရာကြီးက ကျွန်မတို့ဆရာကြီးလေ၊ ကျွန်မတို့အမျိုးသား နေရှင်နယ်ကျောင်းက (၁၀)တန်းအောင်လာခဲ့တာ၊ ဆရာကြီးတို့ မွေးပေးလိုက်တဲ့ အမျိုးကိုချစ်တတ်ဖို့၊ အများအတွက် ကိုယ်ကျိုးအနစ်နာခံဖို့ဆိုတဲ့စိတ်တွေဟာ ကျွန်မတို့တစ်သက်လုံးအဖို့ ခုထက်ထိ ပဲ့ကိုင်ထိန်းကျောင်းပေးနေတာဆိုတော့ ဆရာကြီးရဲ့ ကျေးဇူးက ကြီးပါတယ်။ ကျွန်မစာရေးဆရာဖြစ်လာရတာ ဆရာကြီးရဲ့ တိုက်တွန်းအားပေးမှုကြောင့်၊ မေတ္တာစေတနာ ကြောင့်လို့ ကျွန်မက တစ်သက်လုံး ခံယူပြီး အမြဲ သတိရနေတာပါ။ ဆရာကြီးမစ္စတာရာဇတ်နဲ့ ဆက်ဆံရတာကတော့ ဗမာတွေကလဲသူ့ကို ဗမာတစ်ယောက်လို၊ ညီရင်းအစ်ကိုလို ဆက်ဆံကြ တာပဲ။ မွတ်စလင်မ်တွေကလဲ သူ့ကို မွတ်စလင်မ်တစ်ယောက်အတိုင်း ဆက်ဆံတာပါပဲ။ ဆရာကြီးမှာ ဗမာနဲ့တစ်သားတည်းပေါင်းထားတဲ့ ပြောဆိုလုပ်ကိုင်မှုတွေ အပြည့်အ၀ရှိပါတယ်။ ဗမာမွတ်စလင်မ်တွေဆိုပြီး ခွဲခြမ်းခွဲခြမ်းလုပ်မှု ဘယ်တော့မှ မရှိပါဘူး။ ဆရာကြီးအပြုအမူအနေ ထိုင်ဟာ အတုယူစရာ အလွန်ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပေါင်းစည်း နေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်လေတော့ ဆရာကြီးရာဇတ် ထားရှိတဲ့ စိတ်ဓာတ်မျိုးသာထားရှိကြရင် အချင်းချင်း စည်းလုံး ညီညွတ်ရေးဟာ တကယ်ခိုင်မာနိုင်ပါတယ်။ ဆရာကြီးဟာလဲ သူ့တစ်သက် မြန်မာပြည်သူတွေရဲ့ အကျိုးကို တတ်နိုင်သလောက် ဆောင်ကြဉ်းသွားပြီး တပည့်တပန်းနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို နမူနာကောင်းပြသွားနိုင်တဲ့ ပုဂ္ဂိုလ်ကြီးပေမို့ ထာဝစဉ်လေးစားမြတ်နိုးလျက်သာရှိပါတယ်။ (လူထုဒေါ်အမာ)
    အခု ဇူလိုင်လ (၁၉)ရက် အာဇာနည်နေ့မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဆရာကြီးဦးရာဇတ်အပါအ၀င် နိုင်ငံခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရတာ ၆၆-နှစ်တိုင်ခဲ့လေပြီ။ ဒါပေမယ့် အာဇာနည်နေ့ကိုတော့ မမေ့သင့်ပါပေ ဆိုတဲ့ စာသားအတိုင်း အာဇာနည်နေ့နဲ့အတူ ဆရာကြီးဦးရာဇတ်အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများကို အမြဲ လွမ်းဆွတ်တသ ဂုဏ်ယူနေကြဦးမှာပါ။
    ဘာသာလူမျိုးတိုင်းရဲ့ နှလုံးသားမှာ ဆရာကြီးဦးရာဇတ်ရဲ့ ပုံရိပ်က စွဲထင်ကျန်နေခဲ့တာ ယခုဆိုရင် ၁၁၅-နှစ်ပြည့်မြောက်ခဲ့ပြီးပါပြီ။ ဆရာကြီးဦးရာဇတ်ကို အောက်မေ့တသတဲ့ ဂုဏ်ပြုအခမ်းအနားကို ၂၀၁၂-ခုနှစ်က မန္တလေးမြို့မှာ ရဟန်းသံဃာများနှင့် လူမျိုးဘာသာပေါင်းစုံ ပါဝင်ခဲ့ကြသလို အခု ၂၀၁၃-ခုနှစ်မှာ အာဇာနည်ခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီးဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့မှာလည်း ရဟန်းသံဃာများ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အလွှာအသီးသီးမှ ဆရာကြီးအား မြတ်နိုးလေးစား အလေးထားသူများက ပါဝင်ကျင်းပနိုင်ခဲ့တာဟာလည်း ဆရာကြီးဦးရာဇတ်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
    –  ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်၊ မြဟန်
    –  စာရေးဆရာအမည်မခံလိုသော စာဆိုရှင် ဦးရာဇတ်၊ ကျော်ဝင်းမောင်
    –  မြန်မာ့စွယ်စုံကျမ်း
    –  ကျွန်မတို့အဖေ ကျွန်မတို့အမေ၊ ခင်ခင်စိန်၊ သွေးသောက်မဂ္ဂဇင်း၊ ၁၉၅၄ – ဇူလိုင်
    –  ဆရာကြီးဦးရာဇတ် အထ္ထုပ္ပတ္တိ(ပထမတွဲ)၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
    –  မန္တလေး ၁၃၀၀-ပြည့် အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင်
    –  စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ၊ သုတေသီတစ်ဦး
    –  ၇၅-နှစ်မြောက် အမျိုးသားနေ့ စိန်ရတုသဘင်မဂ္ဂဇင်း။
    –  ဆရာကြီးဦးရာဇတ် ဆောင်းပါးများ၊ M-Media
  • ရဲဘော် ကိုထွေး (၁၉၂၉ – ၁၉၄၇)
    ဇူလိုင်-၁၈၊ ၂၀၁၃
    M-Media
    အာဇာနည်များ အထ္ထုပ္ပတ္တိ (၆၆-နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)
    photo
    ၂၀၁၃-ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့တာ (၆၆)နှစ် ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်  ဦးဘ၀င်း၊ မန်းဘခိုင်၊ မှိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သွေးအိုင်ထဲမှာ အသက်ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီလို အသက်သွေးတွေပေးခဲ့ကြတဲ့ အာဇာနည်(၉)ဦးဟာ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားမှာ အမြဲအမှတ်ထင်ထင်ရှိခဲ့ကြတာ (၆၆)နှစ်တိုင်ခဲ့ပါပြီ။ ဒါကြောင့် အာဇာနည်များရဲ့ အထ္ထုပ္ပတ္တိအကျဉ်းကို M-Media မှ စုစည်းတင်ပြလိုက်ရပါတယ်။
    ရဲဘော် ကိုထွေး (၁၉၂၉ – ၁၉၄၇)
    YeBaw Ko Htweကိုထွေးသည် မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။
    ယင်းကဲ့သို့ တာဝန် ထမ်းဆောင်နေစဉ်  ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံး)တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း နယ်ချဲ့ လက်ပါးစေ ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လုပ်ကြံခံရပြီး အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသော အာဇာနည်တစ်ဦးဖြစ်သည်။
    “ရဲထွေးကို (၇) လနဲ့မွေးတာပါ။ ဒီတော့ လူက အတော့်ကိုညှက်လွန်းပါတယ်။ အထွေးဆုံးသားလည်းဖြစ်ပြန်၊ ကိုယ်ဟန်က ယောက်ျားလေးဖြစ်ပေမယ့် ပျော့ပျော့ပျောင်းပျောင်း ကနွဲ့ကလျလေးဖြစ်နေလေတော့ တစ်အိမ်လုံးက ဖူးဖူးမှုတ်မတတ် ဖြစ်နေကြတာပေါ့။ ဒါပေမယ့် ယောက်ျားပီသစေလိုတဲ့ဆန္ဒကြောင့် ငယ်ငယ်ကတည်းက သူ့ကို ဆက်ဆံရာမှာ သိပ်ပြီး တယုတယမထားဘဲ ကြမ်းကြမ်းတမ်းတမ်းလေး ဆက်ဆံဖို့ တစ်အိမ်လုံးကို ကျုပ်ကိုယ်တိုင် မှာကြားခဲ့ရတယ်။”
    “သားလေးရဲထွေးဟာ ကျဆုံးချိန်မှာတောင် အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ အသက်အားဖြင့်ကြည့်ရင် တကယ့်ကို ငယ်ရွယ်လွန်းပါတယ်။ ကျုပ်တို့ မိဘတွေအဖို့တော့ နို့နံ့တောင် မပျယ်သေးတဲ့ အရွယ်ပေါ့။ ဒါပေမယ့် အရွယ်နဲ့မလိုက်အောင် မျိုးချစ်စိတ်တကယ့်ကိုထက်သန်တဲ့ သူငယ်လေးပဲ။ အင်္ဂလိပ်များကို မမြင်လိုက်နဲ့ “တို့ကို ကျွန်လုပ်တဲ့ ကောင်တွေ” ဆိုပြီးခဲနဲ့ပေါက်မယ်တကဲကဲ လုပ်နေတာမို့ တစ်အိမ်သားလုံးက အတော့်ကို ပြောဆိုထိန်းသိမ်းထားရပါတယ်။”
    ရဲဘော်ထွေး၏ ဖခင်ကြီး ဦးကိုကိုလေးက သားတော်မောင်၏အကြောင်းကို အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ရပ်တွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
    –  အာဇာနည်များ အထ္ထုပ္ပတ္တိ – စာပေဗိမာန်။
    –  ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် – မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။
    ရွှေဘိုသီရိမာလာ စီစဉ်တည်းဖြတ်သော “ဧကရာဇ်စာဆိုနှင့် မိုးစင်ကြယ်” စာစောင် ၁၉၈၇ ခုနှစ်၊ မတ်လ စာမျက်နှာ ၈၆၊ ၈၇
  • သမိုင်းထဲက သွေးစွန်းခဲ့တဲ့ နေ့တစ်နေ့ (၆၆-နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်)
    ဇူလိုင် ၁၇၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင် – ပသီဆောင်းနှင်းဖြူ
    19July
    ကမ္ဘာပေါ်မှာ သွေးစွန်းတဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ သမ္မတလင်ကွန်း၊ မဟတ္တမ ဂန္ဒီ၊ သမ္မတ ကနေဒီ၊ အိန္ဒိယပြည် ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်တွေဟာ ဇကောလောက်မှ ဇောက်မနက် အကြံပက်စက်တဲ့ လူသတ်ကောင်တွေရဲ့ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ အခုဆိုရင် ဒီဖြစ်ရပ်တွေဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
    မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တာ နှစ်ပေါင်း(၆၆)နှစ် ကြာခဲ့ပါပြီ။ ဒါပေမယ့်လို့ ကျွန်မတို့ ရင်ထဲမှာတော့ မနေ့တနေ့က ကျဆုံးသွားတယ်လို့ပဲ ခံစားမိနေတယ်။ ပြည်သူတွေအားလုံးကလည်း ကျွန်မနှင့် အလားတူ မြန်မာပြည်ရဲ့ ‘အာဇာနည်နေ့’ ကိုမမေ့နိုင်အောင် နှမြော တမ်းတ လွမ်းဆွတ် သတိရနေကြမှာ အမှန်ပါပဲ။
    ကျွန်မအနေနဲ့ အဲဒီအချိန်တုန်းက လူ့လောကကြီးထဲကို ရောက်လာဖို့ နှစ်ပေါင်း လေးဆယ် ကျော်ကျော် တောင် လိုပါသေးတယ်။ ဒါပေမယ့် ‘ဆရာကြီး ၀မ်းအိုဝမ်းကျော်ဝင်းမောင်’ ရေးသားပြုစုခဲ့သည့် “မြန်မာ့အာဇာနည် ခေါင်းဆောင် ဆရာကြီးဦးရာဇာတ်” စာအုပ်၊ ‘ဆရာကြီး တတ်တိုး’ ဘာသာပြန်ဆို ရေးသားခဲ့သည့် “အေဗရာဟင် လင်ကွန်း” စာအုပ်နှင့် ‘ဆရာကြီး လင်းယုန်မောင်မောင်’ ရေးသားပြုစုခဲ့သည့် “သွေးစွန်းသော နေ့ရက်များ” စတဲ့ သမိုင်း၊ အတ္ထုပ္ပတိ စာအုပ်တွေကို ဖတ်ရှူရတဲ့ခါ ဒီလိုနိုင်ငံခေါင်းဆောင်တွေ ရက်ရက်စက်စက် လုပ်ကြံခံရတဲ့ သမိုင်းကြောင်းတွေကို သိရှိခဲ့ရပါတယ်။
    အေဗရာဟင် လင်ကွန်းဟာ အမေရိကန်နိုင်ငံ ဖို့ဒ်ဇာတ်ရုံထဲတွင် ၁၈၆၅-ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့ နံနက် (၇)နာရီ (၂၂)မိနစ်တွင် နာမည်ကျော်ကြားလိုသော ဇာတ်မင်းသား ဂျွန်ဝီလ်ကီဘုတ်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့တယ်။
    အိန္ဒိယအမျိုးသားကြီး မဟတ္တမ ဂန္ဒီ (Mahatma Ganghi) ဟာ ၁၉၄၈-ခု၊ ဇန်န၀ါရီလ (၃၀)ရက်နေ့၊ ညနေ ၅နာရီ ၁၀မိနစ်တွင် အိန္ဒိယပြည်ရှိ လက်ဝဲ အယူသီးသမားတွေရဲ့ လုပ်ကြံမှုက ဂန္ဒီကြီးရင်ဝကို အနီးကပ်ချိန်ကာ သုံးချက်တိတိ ဆက်တိုက်ပစ်ချ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။
    အိန္ဒီယ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီဟာလည်း မသမာသူ အမျိုးသမီး လက်ချက်နဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
    ဒါတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ကောင်တွေကြောင့် သွေးစွန်းခဲ့တဲ့ ကမ္ဘာသမိုင်း နေ့ရက်တွေပဲ ဖြစ်ပါတယ်။
    မြန်မာပြည်မှာတော့ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ (၁၉)ရက် စနေနေ့ နံနက် ၁၀-နာရီ ၃၇-မိနစ်တိတိဟာ သွေးစွန်းသော နေ့ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် (၆၆)နှစ် တိုင်ခဲ့ပါပြီ။ ဒါပေမယ့် “(၁၉)ဇူလိုင် မမေ့နိုင် ” ဆိုသလိုပါပဲ။
    မြန်မာ့သမိုင်းကို ပြန်ပြောရမယ်ဆိုရင် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ နံနက်မှာ ၀န်ကြီးများ အစည်းအဝေး ပြုလုပ်ကြမယ့် အချိန်ဖြစ်ပါတယ်။
    ဗိုလ်တထောင် လက်နက်တိုက်က လက်နက် အလက်(၂၀၀)ကျော်နဲ့ ကျည်ဆန်များ ပျောက်သွားတယ် ဆိုခြင်းဟာ ရန်ကုန်တစ်မြို့လုံးတင်မကဘူး။ မြန်မာပြည် တစ်ပြည်လုံးမှာ အုတ်အော်သောင်းတင်း ဖြစ်သွားတယ်။ ဒါကြောင့် ပုလိပ်အဖွဲ့ကလည်း ဒီလက်နက်တွေ ကိစ္စကို အပြင်းအထန် လိုက်လံစုံစမ်းကြပါတယ်။
    ဗိုလ်ချုပ်အောင်ဆန်းကို ဖြုတ်ချပြီး ၀န်ကြီးချုပ် လုပ်ချင်တဲ့ ဂဠုန်ဦးစောဟာ ၁၉၄၇-ခု၊ ဇူလိုင်လ ၁၉-ရက်နေ့၊ နံနက်မှာ ၀န်ကြီးများ အစည်းအဝေး လုပ်မယ့်အကြောင်းကို ကြိုတင်ပြီး သတင်းရယူထားတယ်။
    အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုံးခန်းနဲ့ ဆက်နေတဲ့ အစည်းအဝေးဆောင်မှာ ၀န်ကြီးများ စုဝေးကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာဝတ်စုံဝတ်ပြီး ကန်တော်ကြီး သူရဲ့ နေအိမ်မှ မနက် ၁၀-နာရီခန့်တွင် ထွက်ခွာလာခဲ့တယ်။ သူရုံးကို ရောက်ပြီး အစည်းအဝေး စတင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ထိပ်စားပွဲတွင် ထိုင်တယ်။ လက်ဝဲလက်ယာ စားပွဲများမှာ ၀န်ကြီးများ ထိုင်ကြတယ်။ အတွင်းဝန် ဦးအုန်းမောင်က သူ့ဌာနဆိုင်ရာ ကိစ္စရပ်ကို ရှင်းလင်းတင်ပြဖို့ လာတယ်။
    ၁၉၄၇-ခု၊ ဇူလိုင်လ (၁၉)ရက်နေ့၊ မနက် (၈)နာရီလောက်မှာ ဂဠုန်ဦးစောရဲ့ နေအိမ်ကနေ ခင်မောင်ရင်၊ ဘညွှန့်၊ မှုံကြီး၊ မောင်နီတို့ ထရပ်ကားနဲ့ ထွက်လာကြပါတယ်။ အဲဒီလို အိမ်က မထွက်ခင်လေးမှာ ဦးစောက တစ်ယောက်စီ တစ်ယောက်စီကို တီးတိုးတီးတိုး မှာကြားပါတယ်။ အဲဒီလို မှာကြားတာကို တစ်ယောက်နဲ့ တစ်ယောက် မသိကြပါဘူး။ ဘညွှန့်ကို ဦးစောက ၀န်ကြီးများ အစည်းအဝေးလုပ်ဖို့ သေချာရင် စကားဝှက် ” X ” ‘ ပစ်စတင်းရပြီ’ လို့ဦးစောဆီကို တယ်လီဖုန်းဆက်ဖို့ မှာလိုက်တယ်။  နောက်ပြီး အတွင်းဝန်ရုံးက သခင်နု ရှိတဲ့နေရာမှာ သွားပြီး သခင်နုကို သေနတ်နဲ့ ပစ်သတ်ဖို့ မှာကြားတယ်။
    သူတို့ လေးယောက်ထွက်လာတော့ မနက် (၉)နာရီ ရှိနေပါပြီ။ ဒါလဟိုစီလမ်းနဲ့ ၄၁-လမ်းထောင့် ရောက်တော့ အတွင်းဝန်ရုံးကို မျက်နှာမူပြီး ကားရပ်တယ်။ ခင်မောင်ရင်နဲ့ မှုံကြီးက အရင်ဆင်းပြီး၊ ဒါလဟိုစီလမ်းကိုဖြတ်ပြီး စပတ်လမ်း( ယခု ဗိုလ်အောင်ကျော်လမ်း)ထဲကို ၀င်သွားတယ်။ ဘညွှန့်ကတော့ နောက်ကလိုက်သွားတယ်။ မောင်နီက ကားစောင့်အဖြစ် နေရစ်ခဲ့တယ်။ အတွင်းဝန်ရုံးကို အထွက်လို့ပြထားတဲ့ ဂိတ်ပေါက်က ၀င်ကြတယ်။ သူတို့နှစ်ယောက် အတွင်းဝန်ရုံး ဆင်ဝင်အောက်ကို ရောက်သွားတဲ့ အခါမှာ ပျောက်သွားတယ်။
    ဘညွှန့်ကတော့ တိုင်းပြုပြည်ပြု လွှတ်တော်အဆောက်အအုံကို သွားပါတယ်။ ဦးနုရဲ့ ရုံးခန်းက အနောက်ဘက်ခြမ်း ပထမခန်းမှာပါ။ အဲဒီ့အခန်း အနောက်ဘက် ပြတင်းပေါက်က ပွင့်နေလို့ လှမ်းကြည့်လိုက်တော့ လူတစ်ယောက် ထိုင်နေတာ တွေ့ရတယ်။ သခင်နုပဲလို့ သူထင်တယ် (တကယ်တော့ သခင်နု ထိုင်နေတာ မဟုတ်မှန်း နောက်တော့ သူသိသွားတယ်)။ ၀န်ကြီးများ အစည်းအဝေး စတင်ကျင်းပဖို့ အတိအကျ သတင်းရတဲ့ အခါမှ ဘညွှန့်က ဦးစောဆီကို  ‘ ပစ်စတင်းရပြီ’ လို့ စကားဝှက်နဲ့ ဖုန်းဆက်လိုက်တယ်။
    နောက်တစ်သုတ်မှာ သုခက ဂျစ်ကား အာရ်စီ- ၁၈၁၄ ကိုမောင်းပြီး မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနဲ့ ရန်ကြီးအောင်တို့က ရိုင်ဖယ်မောင်းပြန် သေနတ်များကို ကိုင်ကာ စစ်ဝတ်စုံများ ၀တ်ဆင်ပြီး လိုက်သွားကြပါတယ်။ အတွင်းဝန်ရုံး တစ်နေရာကို ရောက်တဲ့ အခါမှာ သုခက ကားရပ်ပြီး လက်နက်ကိုင် လေးယောက်က အတွင်းဝန်ရုံး အနောက်ဘက် လှေကားမှ တက်သွားတယ်။
    အဲဒီနေ့က အစည်းအဝေးကို ၀န်ကြီး ဦးကျော်ငြိမ်း၊ ဆမားဒူးဝါ၊ ဆင်ဝါးနောင်၊ စောစံဖိုးသင်းနဲ့ ဦးဝမ်ကိုဟောတို့မှာ ခရီးလွန်နေ၍ မတက်ရောက်နိုင်ခဲ့ပါ။ ကျန်ဝန်ကြီးများ အားလုံး တက်ရောက်လာခဲ့ကြတယ်။
    သေနတ်သံများ စဲသွားပြီးနောက် လူသတ်သမားများ ထွက်သွား၍ အသံဗလံများ ဆိတ်ငြိမ်သွားသော အခါတွင်မူ ၀န်ကြီးဦးအောင်ဇံဝေနဲ့ ၀န်ကြီး ဦးဘဂျမ်းတို့ဟာ ၀မ်းလျားမှောက်နေရာမှ ထပြီး စားပွဲဝန်းကျင်ကို ကြည့်မိကြတယ်။ သူတို့မှတ်မိသော မြင်ကွင်းကို ဖော်ပြရလျှင် ပေ-၄၀ ပတ်လည်ခန့်ရှိသော ခန်းမကြီး တစ်ခုလုံး ဆီးနှင်းများ ကျသကဲ့သို့ ယမ်းငွေ့များ တထောင်းထောင်းနှင့် ဖုံးလွှမ်းနေပြီး ကျည်ဆန်များကလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေတယ်။
    စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ဘက်ကို မျက်နှာပြုထားသော ဂငယ်သဏ္ဍာန် စားပွဲထိပ်နဲ့ ခပ်လှမ်းလှမ်း ကြမ်းပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ တုံးလုံးလဲလျက် ငြိမ်သက်နေတယ်။ စားပွဲလက်ယာဘက်တွင် မိုင်းပွန်းစော်ဘွားကြီး စပ်စံထွန်းက သူ့ရဲ့ ကုလားထိုင်ပေါ်မှာပဲ ထိုင်လျက် စားပွဲပေါ်သို့ ကုန်း၍ လက်ထောက်ထားပြီး ပါးစပ်ကို ဟ,ထားရာ ပါးစပ်မှ သွေးများယိုစီးကျနေတယ်။ စားပွဲလက်ဝဲဘက်တွင် ထိုင်နေတဲ့ ၀န်ကြီးသခင်မြက စားပွဲထိပ် လက်ဝဲဘက်ထောင့် စားပွဲအောက်နား၌ မှောက်လျက် သေဆုံးနေပြီလို့ ယူဆရတယ်။
    ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခြင်းခံရတယ်ဆိုတဲ့ သတင်းဟာ တမဟုတ်ခြင်း ရန်ကုန်မြို့ထဲမှာ ပျံနှံ့သွားတယ်။ အဲဒီ့နောက် ညနေပိုင်းမှာ တစ်နိုင်ငံလုံး အထိ ပျံနှံ့သွားတယ်။ တစ်နေမကုန်ခင် ပြည်သူတစ်ရပ်လုံးက ဒီသတင်းဆိုးကြိးကို သိရှိရလေတယ်။
    ပြည်သူတစ်ရပ်လုံးဟာ စိတ်လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ ပြည်သူတွေဟာ လုပ်ကြံသူတွေကို မခံမရပ်နိုင်အောင် ဒေါသမိုးတွေ ရွာသွန်းပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများအတွက် ပူဆွေးသောကဖြစ်ပြီး ငိုကြွေးကြတယ်။
    သေနတ်မှန်သူများကို ဆေးရုံကြီးကို သယ်ဆောင်သွားကြတယ်။ ဆေးရုံကြီးကို ရောက်တော့ အသက်ငွေ့ငွေ့ကျန်နေသေးတဲ့ မိုင်းပွန်စော်ဘွားကြီးနဲ့ ဒီးဒုတ်ဦးဘချိုတို့ကို ဆရာဝန်ကြီးများနှင့် သမားတော်ကြီး ဒေါက်တာ ဘသန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ အောင်သန်းတို့က ကြိုးစား၍ အသက်လုကြသော်လည်း မရကြတော့ပါ။
    ဇူလိုင်လ(၁၉)ရက်နေ့ စနေနေ့၊ မနက် (၁၀)နာရီ (၃၇)မိနစ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခြင်းခံရတယ်လို့ အမှတ်ပြုကြတယ်။ အာဇာနည်ကုန်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူမှာလည်း အဲဒီလိုပဲ ကမ္ဗည်းထိုးထားပါတယ်။ တကယ်ကျတော့ ထပ်မံလေ့လာကြတဲ့အခါ (၁၀)နာရီ (၁၀)မိနစ်မှာ  ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးကြတယ်လို့ သိရပါတယ်။
    ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်(၉)ဦးတို့ ကျဆုံးသွားရတဲ့ သမိုင်းဖြစ်ရပ်ဟာ မြန်မာ့သမိုင်းမှာ အကြီးကျယ်ဆုံး သမိုင်းဖြစ်ခဲ့တယ်။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးလုံးနဲ့ သက်ဆိုင်နေတဲ့ အမှုကြီး ဖြစ်လို့ အဲဒီ့လုပ်ကြံမှုကြီးကို အထူးခုံရုံးရဲ့ အမှုတွဲ စာရင်းမှာ ” အမှုတွဲ အမှတ်(၁) ၁၉၄၇ ” ဆိုပြီး  မှတ်သားကာ အမှုဖွင့်ခဲ့ပြီး အမှုစစ်ဆေးခဲ့ပါတယ်။ အမှု စစ်ဆေးပြီးတဲ့အခါ ဦးစောအတွက် နောက်ဆုံးနေ့ရက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတော့တယ်။
    ၁၉၄၈ခု၊ မေလ ၈ ရက် –
    အဲဒီနေ့ အဲဒီရက် အဲဒီနံနက်မှာ ရန်ကုန်ထောင်ကြီးနဲ့ အင်းစိန်ထောင်ကြီးများမှ ထောင်ပိုင်များ၊ ထောင်မှူးများနဲ့ အမှုထမ်း အရာထမ်းတွေဟာ တခြားသော တာဝန်ရှိ ပုဂ္ဂိုလ်တချို့နဲ့ အတူ နံနက်နေမထွက်မီ အရေးကြီးတဲ့ အလုပ်တာဝန် တစ်ခုကို ခေါင်းအေးအေးနဲ့ သတိထားပြီး အမှားအယွင်း အတိမ်းအစောင်း မရှိအောင် ဆောင်ရွက်ခဲ့ကြပါတယ်။
    အဲဒီ့အလုပ် တာဝန်က တခြားမဟုတ်ပါဘူး။ လုပ်ကြံမှု တရားခံတွေ ဖြစ်ကြတဲ့ တရားခံ ဂဠုန်ဦးစော၊ မောင်စိုး၊ သက်နှင်း နဲ့ မှုံကြီးတို့ကို အင်းစိန်ထောင်၊ စိန်ကြီးနဲ့ ရန်ကြီးအောင် တို့ကို ရန်ကုန်ထောင်များတွင် အသီးသီး ကြိုးပေးပြီး အဆုံးစီရင်လိုက်ပါတယ်။
    မောင်နီ၊ သုခနဲ့ ခင်မောင်ရင်တို့ကို ကြိုးပေး သေဒဏ်ကနေ ပြောင်းပြီး ထောင်ဒဏ် တစ်သက်လို့ အပြစ်ဒဏ် လျော့ချလိုက်တယ်။
    အစိုးရ သက်သေ ဖော်ကောင် ဘညွှန့် (Approver) ကိုတော့ အပြစ်ခပ်သိမ်းမှ ကင်းလွတ်ခွင့်ပေးလိုက်ပါတယ်။
    လက်နက် ကျည်ဆန်များကို လက်နက်ဂိုဒေါင်ကနေ ဦးစော ထုတ်ယူနိုင်အောင် အကူအညီပေးခဲ့တဲ့ အင်္ဂလိပ်စစ်ဗိုလ် မစ္စတာတူလောက်နဲ့ မစ္စတာ ဗွီဗွီယန်း တို့ကို ဖမ်းဆီးကာ အထောက်အထား ခိုင်မာခြင်း၊ ပြစ်မှု ထင်ရှားခြင်းကြောင့် ထောင်ဒဏ် ၅-နှစ် အပြစ်ပေးခြင်း ခံရတယ်။
    မစ္စတာ ဗွီဗွီယန်းဟာ အင်းစိန် ထောင်ကြီးအတွင်း အပြစ်ကျခံနေတုန်း ၁၉၄၉-ခုနှစ်၊ ကေအင်ဒီအို ကရင်သောင်းကျန်းသူများ အင်းစိန်ထောင်ကို ၀င်စီးပြီး ထောင်ကိုဖောက်တယ်။ သူနဲ့ အကျဉ်းသားတွေ လွတ်မြောက်သွားတယ်။ ကေအင်ဒီအိုများနဲ့ သွားရောက်ပူးပေါင်းတယ်။ အစိုးရကို ပုန်ကန်တိုက်ခိုက်နေရာမှ နောက်ဆုံးမှာ ၁၉၅၀-ပြည့်နှစ် သြဂုတ်လအတွင်း ကျိုက္ခမီခရိုင်၊ ကော့ကရတ်မြို့နယ်နဲ့ ၁၆-မိုင် ကွာဝေးတဲ့ တိုးကွာကိုရွာနားမှာ တိုက်ပွဲ တစ်ခု ဖြစ်တယ်။ အဲဒီ့မှာ သူကျဆုံးသွားတယ်။ ကျွန်မတို့ တစ်သက်တာအဖို့ မမေ့မကျောက်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်လှသတဲ့ လုပ်ကြံမှု ဇာတ်ထုပ်ကြီးရဲ့ တရားခံ တစ်ဦးဖြစ်တဲ့ မစ္စတာ ဗွီဗွီယန်းရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းပဲ ဖြစ်ပါတော့တယ်။
    နှစ်ပေါင်း (၆၆)နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ တစ်မျိုးသားလုံးက ကြည်ညှိ၊ မြတ်နိုး၊ အားကိုး၊ ချစ်ခင်နေကြတဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် (၉)ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့ သမိုင်းဖြစ်ရပ်ကို သမိုင်း အတ္ထုပ္ပတ္ထိ ပညာရှင် ဖြစ်သော စာရေးဆရာ ဆရာကြီး ၀မ်းအိုဝမ်းကျော်ဝင်းမောင်ဟာ စာတတန်၊ ပေတဖွဲ့အနေနဲ့ မှတ်တမ်း မတင်ခဲ့ဖူး ဆိုရင် ကျွန်မတို့ တစု တစည်းထဲ ပြည်ပြည့် စုံစုံ သိရှိနိုင်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး။
    အာဇာနည်နေ့ရောက်ပြီ ဆိုရင်ပဲ မြန်မာ့အသံ ရုပ်မြင်သံကြားက ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို အမှတ်တရ အဖြစ် မပြတ်လွှင့်ပေးပါတယ်။ အာဇာနည်နေ့ ကိုလည်း ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် အဖြစ် သတ်မှတ်ပေးထားပါတယ်။ အာဇာနည်နေ့ ရောက်ပြီ ဆိုရင်ဖြင့် မနက် (၁၀)နာရီ (၃၇)မိနစ် အချိန်မှာ ဥသြဆွဲသံကြားကြရတယ်။ အဲဒီအချိန်မှာ လူအားလုံးဟာ လုပ်နေသမျှ အရာအားလုံးကို နားပြီး သတိရ တမ်းတသည့် အနေဖြင့် ခေတ္တငြိမ်သက်နေကြရပါတယ် ဆိုတဲ့ အကြောင်းတွေကို ကျွန်မက အဖိုး၊ အဖွား၊ လူကြီး သူမတွေ ပြောပြလို့ ကြားခဲ့ဖူးပါတယ်။ ကျွန်မမှတ်မိသိတတ်စအရွယ်ကတည်းက အာဇာနည်နေ့ ဥသြဆွဲသံကို တစ်ခါမှ မကြားခဲ့ဖူးပါဘူး။ ကျွန်မတစ်ခါမှ မကြားဖူးခဲ့တဲ့ အာဇာနည်နေ့ ဥသြဆွဲသံကို ဒီနှစ်မှာတော့ ပြန်လည် ကြားရလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။
    အာဇာနည်နေ့မှာ အာဇာနည်ဗိမာန်ကို သွားရောက်ပြီး အစိုးရအဖွဲ့၊ အာဇာနည်ကြီးများ၏ သားသမီး မြေးမြစ်များ၊ နိုင်ငံအသီးသီးမှ သံရုံး အဖွဲ့အစည်းများမှ သွားရောက် အလေးပြုကြတယ်။ အဖွဲ့အစည်း အသီးသီး ကလည်း သွားရောက် အလေးပြုကြတယ်။
    အာဇာ နည်နေ့ အကြောင်းကို ဖတ်ရှုလေ့လာရတဲ့အခါမှာ လူသတ်သမားတွေရဲ့ ရက်စက်ယုတ်မာမှု၊ ကောက်ကျစ်စဉ်းလဲမှုတွေဟာ သာမာန် လူသတ်မှုထက် ပိုမိုး ဆိုးဝါး တုန်လှုပ်ချောက်ခြားဖွယ် ကောင်းလှတဲ့ ဒီလုပ်ကြံမှုကြီးများ အကြောင်းဟာ ကျွန်မတို့လို အနာဂတ်မျိုးဆက်သစ် လူငယ်တွေနဲ့ နောက်လာနောက်သား သားစဉ်မြေးဆက် အဆက်ဆက်အထိ လေ့လာ မှတ်သားစရာ၊ ဆင်ခြင်စရာ၊ သံဝေဂ ယူစရာ၊ အသိတရားများစွာ ရရှိစေပါတယ်လို့ ဆိုပါရစေလား။
    တိုင်းပြည်တိုးတက်ဖို့ ခေါင်းဆောင်ကောင်းတစ်ဦးရှိနေချိန်မှာ ခေါင်းဆောင်ကို တန်ဖိုးထားတတ်တဲ့ နောက်လိုက်ကောင်းလူငယ်များ များများပေါ်ထွန်းလာပါစေလို့လည်း ဆန္ဒပြုမိပါတယ်။
    အားလုံး ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကျရောက်ပါစေ။
    ပသီဆောင်းနှင်းဖြူ
    (၆၆-နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ၊ ၂၀၁၃)