News @ M-Media

Category: ဆောင်းပါး

  • ” ပျဉ်ဖိုး ”

    ဇွန်- ၂၅၊ ၂၀၁၃
    M-Media
    ရေးသူ- သန့်စင်ဖြိုး

    kp19

    (၁) English နဲ့ ဗမာစာ ဖလှယ်ရာမှာ Terror ကိုဘယ်လိုဖလှယ်ကြလဲဗျ။ တစ်ယောက်တစ်မျိုးရေးနေတာတွေ တွေ့ရပေမယ့် အကြမ်းဖက်သမားလို့ ဘာသာပြန်လို့ မရတာတော့ သေချာတယ်။ လူကလည်း ကဂျီကဂျောင်ရယ်။ တတ်တဲ့လူတွေက ဘာသာပြန်ပြထားတာ ဖတ်ရပေမယ့် သူ့တို့ဘာသာပြန်တဲ့ အထဲမှာ Terror ကို ထိမိတယ်လို့မခံစားရဘူး။ သိုးဆောင် စကားများနဲ့ ဗမာစကားများကို ဖလှယ်ရာမှာ အတော်တော့ ခက်သားလားဗျ။ အကြိုက်ဆုံး ဘာသာပြန်ချက်ကတော့ အကြောက်ကြီးသူလို့ ဘာသာပြန်ထားတယ်။ ဒါပေမယ့် Time ရဲ့ဆောင်းပါးနဲ့တွဲဖတ်ကြည့်တော့ သူပြောချင်တဲ့ Terror ဆိုတာ အကြောက်အလန့်ကြီးတာ တစ်ခုတည်းထက် အစိုးရိမ်ကြီးပြီး ကြောက်လန့်ပြီးနေတဲ့ လူမျိုးကို ပြောချင်တဲ့ပုံစံ ပိုပေါက်နေတယ်။ gone with the wind ကိုလေရူးသုန်သုန်လို့ လှလှလေးဘာသာပြန်သလိုမျိုး ကျစ်ကျစ်လစ်လစ်ပြောကြမယ်ဟေ့ဆိုရင်တော့ Terror ဆိုတာ မိုးပြိုမှာစိုးကြောက်သူပေါ့ဗျာ…

    (၂) တစ်နေ့ကပဲ ဝါဒနဲ့ ဝါဒီကိုကျနော့အမြင်ရေးခဲ့ပါတယ်။ ဝန်ခံစရာရှိတာက ဝါဒနဲ့ဝါဒီအမြင်မှာ ကျနော့အပေါ်ကို ရွှေဥဒေါင်းကြီးလွှမ်းမိုးခဲ့ပါတယ်။ Buddhist ဆိုတာ ဗုဒ္ဓဝါဒီပါ Buddhism ဆိုရင်တော့ ဗုဒ္ဓဘာသာပါ။ Time အကြောင်းလူတွေရေးနေတာဖတ်ကတည်းက အသံကြောင့် ဖားသေကိန်းလို့ ခံစားမိခဲ့ပြီးသားပါ။ ကျနော်တို့ ဗမာ/မြန်မာတွေထဲမှာ English စာကို ဂျောင်းဂျောင်းပြေးတတ်သူတွေ တစ်ပုံကြီးပါ။ Buddhist terror ဆိုတာမြင်လိုက်တာနဲ့ သင်္ဃန်းခြုံသူတစ်ဦးရဲ့ မျက်နှာကို face of Buddhist terror လို့တင်ဆက်ပုံမြင်လိုက်တာနဲ့ အသံတွေ တစီစီညံကိန်းဆိုတာ သိပြီးသားပါ။ ကိုယ်တိုင်လည်း ဆောင်းပါးထဲကစာနဲ့ အပြင်ကခေါင်းစဉ်မျက်နှာဖုံးနဲ့အပေါ်မှာ မချင့်မရဲစိတ်တော့ ဝင်မိပါသေးတယ်။ ဒါပေမဲ့ လူတစ်ချို့ပြောသလို Yellow journalism တစ်ခုမဟုတ်တာတော့ အထဲကစာကို အနုလုံပဋိလုံ ဆန်းစစ်ရင်ပေါ်ပါတယ်။ ဝါဒီတစ်ယောက်ကို terror လို့ခေါင်းစဉ်တပ်တာဟာ ဝါဒတစ်ခုလုံးကို ဂျွမ်းပြန်သွားအောင်စွပ်စွဲတာမဟုတ်ဘူးဆိုတာ သတိချပ်ကြပါဗျာ။ အထဲကစာမှာဆိုရင် ဗုဒ္ဓဝါဒရဲ့အနှစ်သာရ/သင်ကြားမှုနဲ့ သူ့ခေါင်းစဉ်(title)/မျက်နှာဖုံး(cover)မှာဖော်ပြထားသူဗုဒ္ဓဝါဒီကြားမှာ အကြီးကြီးကွဲလွဲနေတာကို ထောက်ပြထားတာတွေအများကြီးတွေ့နေရပါတယ်။

    (၃) တစ်ချိန်က ဝါနာဘရားသားရဲ့ ဗုဒ္ဓဝါဒီရဟန်းနဲ့ ဗုဒ္ဓဆင်းတုအပေါ်မှာ မလျှော်ကန်တဲ့ပုံစံနဲ့ တင်ပြတဲ့အနုပညာပြကွက်အတွက် အသံထွက်ကြတုန်းက ကျနော်ကိုယ်တိုင် နိုင်ငံတကာ အထိပေါက်အောင် ဘယ်လိုပြောသင့်တယ်ဆိုတာ မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်များကို အကြံပေးဖူးပါတယ်။ ဒီတစ်ခါ တိုင်းမ်ရဲ့အနေအထားမှာ အကြီးအကျယ်ကန့်ကွက်နေတာ တစ်ဆိတ်သတိထားပါ။ တကယ်တော့ ဘားမားဘင်လာဒင်လို့ ကိုယ့်ကိုယ်ကို တံဆိပ်ကပ်ပြီး နိုင်ငံခြားကသတင်းထောက်တွေနဲ့ အင်တာဗျူးတွေဖြေနေကတည်းက ကျန်တဲ့ ဗုဒ္ဓဝါဒီများဖြစ်တဲ့ ရဟန်းများနှင့် လူထုက ဗုဒ္ဓဝါဒရဲ့အရေးပါတဲ့ သံဃာဆိုတဲ့ အနေအထားနဲ့ အဲ့ဒီလိုပြောရင် ဗုဒ္ဓဝါဒီတွေကို တစ်ဖက်က အမြင်တစ်မျိုးမြင်သွားနိုင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံကဗုဒ္ဓဝါဒီတွေအပေါ်အမြင်စောင်းနိုင်တာကြောင့် အဲ့ဒီလိုတွေပြောနေဆိုနေ အင်တာဗျူးနေမယ်ဆိုရင် သင်္ဃန်းတော့ချွတ်လိုက်ပါလို့ ဘယ်ဗုဒ္ဓဝါဒီများက ထိထိရောက်ရောက်ဖြစ်အောင် တောင်းဆိုခဲ့သလဲ?? ဆိုတာမိမိကိုယ်မိမိပြန်မေးကြပါ။ ကိုယ်ကောင်းရင် ကိုယ့်ခေါင်းမရွေ့ဘူးဆိုတာဟာ တစ်ယောက်တည်း သီးသန့်အနေအထားမှာပဲမှန်ပါတယ်။ အဖွဲ့အစည်း အများဆိုင်နာမ်များနဲ့ကိစ္စမှာတော့ သူများမကောင်းလို့ ကိုယ့်ခေါင်းပါအရွဲ့အစောင်းအမြင်ခံရနိုင်ပါတယ်။ ဒါကို အခုအထိအနည်းစုက သတိထားမိပေမဲ့ အများစုနဲ့ အများစုအပေါ်ဩဇာရှိတဲ့ သံဃာ့အသိုင်းအဝိုင်းက သတိမပြု/ဂရုမစိုက်/လွှတ်ထားတာဟာ အခုလိုမျိုး ပြောကြားခံရမှုတွေ ရပ်တန့်သွားဖို့လမ်းစပျောက်ဆုံးစေပါတယ်။

    (၄) We’re really request please reevaluate about your magazine cover story title for July issue, “The Face of Buddhist Terror” by Hannah Beech / Meikhtila, Burma, And Pattani, Thailand. I know this process was happened. I am not a supporter of u wirathu. Every media wrote this violent case. But the combination of these two words “Buddhist and Terror” are very sad feeling for every Buddhists. Our religious is more weaker year by year. Please don’t do like that.

    Our Buddhist way is a peace way and not for terrorist. You’re the first user of those word so that I really appreciate. But those word will make more tension between buddhists and Islamists in Myanmar. I believe you’re never create violent case. Let’s create mindfulness society. I think this is not a article. It’s hate speech around the world. I honestly request time magazine for these two words combination. Thanks you very much!

    အပေါ်ကစာကတော့ >>http://www.avaaz.org/en/petition/Buddhist_is_not_Terror_Please_Reevaluate_July_Issue_Time_Cover_Story_Title/?fSXGxeb&pv=52<< ဒီလင့်မှာရေးထားတဲ့ Time အနေနဲ့ သူတို့ရဲ့ တင်ဆက်ဖော်ပြချက်ကို reevaluate လုပ်ဖို့ရေးထားတဲ့စာပါပဲ။ ဒီစာရေးသူဟာ သာမျင်ညောင်ည တစ်ယောက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်အပေါ်မှာထောက်ပြထားတဲ့ Buddhist နဲ့ Terror အပါအဝင် ဝါဒနဲ့ ဝါဒီတို့ကြားက ကွာခြားချက်၊ တစ်ဖက်ကပေးချင်တဲ့ Message နဲ့ ကိုယ့်ဘက်ကပျက်ကွက်ခဲ့တာတွေကို မျက်ကွယ်ပြုထားပါတယ်။ ဒီအထိ ကျနော့အတွက်တော့ OK ပါတယ်။ ဘယ်သူမဆို ဒီအသုံးအနှုံးအပေါ်မှာ Sensitive ဖြစ်ပြီး ဒီလောက်ရေးတာကတော့ No Problem ပါ။ ဒါဟာ လူသာမန်တွေဖြစ်လေ့ဖြစ်ထရှိတာမို့လို့ အတိုင်းအတာတစ်ရပ်အထိလက်ခံနိုင်ပါတယ်။

    ဒါပေမဲ့ ဒုတိယစာပိုဒ်မှာပါတဲ့ ” those word will make more tension between buddhists and Islamists in Myanmar.” ဆိုတာကတော့ ထိုင်ရင်းနေရင်း အစ္စလာမ္မစ်တွေကလည်း တန်းရှင်းတွေ ဖြစ်ချင်နေသယောင်ဖြစ်သွားပါတယ်။ တကယ်တော့ အဲ့ဒီစာတစ်ပိုဒ်ထဲကို ကျနော်ဖတ်ပြီး စဉ်းစားနေတာ ၁-နာရီခွဲကြာပါတယ်။ ဆောင်းပါးအရရော ခေါင်းစဉ်အရရော မျက်နှာဖုံးပုံအရရော ဒါဟာ ပြည်တွင်းကမုစ်လင်မ်တွေနဲ့ အဝေးကြီးမှာပါ။ ဒီအနေအထားကြောင့် တစ်ဖက်က ကျားနာခဲ ခဲပြီး ပြည်တွင်းက မုစ်လင်မ်တွေကို ထပ်မံအကြမ်းဖက်မှာတောင် စိုးရိမ်နေရတဲ့အနေအထားပါ။

    ဒီအနေအထားမှာ ” those word will make more tension between buddhists and Islamists in Myanmar.” အဲ့ဒီလိုရေးရဲတဲ့ စိတ်ဓာတ်နဲ့ သတ္တိကိုတော့ အံ့လည်းအံ့ဩမိပါတယ်။ အဲ့ဒီအရေးအသားအစား ဟုတ်သော်ရှိ မဟုတ်သော်ရှိ စစ်မှန်တဲ့ငါတို့ဗုဒ္ဓဘာသာဝင်များကလည်း အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ငါတို့ရဲ့ပြည်ထောင်စုသားချင်း အစ္စလာမ်ဘာသာဝင်တွေနဲ့ ထပ်တူထပ်မျှခံစားနေပါတယ်လို့ ရေးရင်တောင် ကိုယ်ပါရောပြီး Sign ထိုးပေးချင်စိတ် ပေါက်သွားဦးမယ်။ အခုတော့ မင်းတို့ဒီလိုရေးလို့ မင်းတို့တိုင်းမ်မဂ္ဂဇင်းက ဒီလိုမျက်နှာဖုံးပုံနဲ့ ဒီလိုခေါင်းစဉ်ပေးလို့ ပြည်တွင်းမှာ မုစ်လင်မ်တွေထပ်ပြီး အကြမ်းဖက်ခံရရင် မင်းတို့ပဲတရားခံဖြစ်မှာနော်လို့ ရေးလိုက်သလိုပဲ။

    မေးချင်တယ်ဗျာ ခင်ဗျားတို့မှာ
    အဲ့ဒီ သင်္ဃန်းခြုံပြီး သူတပါး ဘာသာကို အမနာပစွတ်စွဲဟောကြားပြောဆိုနေတဲ့ အမည်ခံ ဗုဒ္ဓဝါဒီတွေကို လူသားဆန်တဲ့စိတ်ဓာတ်နဲ့များ ထိရောက်စွာ ရှုံ့ချဖူးရဲ့လား။
    ဒီလိုပဲ လူစိတ်ကင်းမဲ့စွာနဲ့ သူတပါးရဲ့အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးတိုက်ခိုက်ခဲ့တဲ့ ဗုဒ္ဓဝါဒီပါဆိုတဲ့ အကြမ်းဖက်သများများကိုရော ထိရောက်စွာဖော်ထုတ်အရေးယူဖို့ သက်ဆိုင်ရာအာဏာပိုင်ကို ဒီလိုမျိုးဖိအားပေဖူးသလား။
    ဒီလိုပဲ အကြမ်းဖက်တိုက်ခိုက်ခံလိုက်ရသူတွေအပေါ်မှာ မတော်မတရားလုပ်ဆောင်နေတဲ့အပေါ်မှာ တာဝန်ယူဖြေရှင်းပေးမှုမရှိတဲ့အပေါ်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ထိထိရောက်ရောက်ဖိအားပေးတောင်းဆိုဖူးသလား။

    ကျနော်တော့ ” those word will make more tension between buddhists and Islamists in Myanmar.” ဆိုတဲ့အရေးအသားကို ပေါ့ပေါ့လေးဖတ်သွားရဲတဲ့ sign ထိုးခဲ့ကြတဲ့ ခင်ဗျားတို့ရဲ့ စိတ်ဓာတ်ကို လေးစားလို့မဆုံးဘူးဗျာ။

  • နောက်ကွယ်မှ အသိများ (ဆောင်းပါး)

    နောက်ကွယ်မှ အသိများ (ဆောင်းပါး)

    ဇွန်-၂၆၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်-သန့်စင်အေး

    စာရေးသူတို့ မြန်မာမှုနယ်ပယ်တွင် မေးမြန်းလေ့ရှိသော မေးခွန်းတစ်ခုမှာ “ငါတို့ ဘယ်နေ့ စားရမှာလဲ”ဟူ၍ဖြစ်သည်။ ထိုမေးခွန်းကို စာရေးသူတို့၏ မိတ်ဆွေ ချစ်သူမောင်နှံများ နှင့်တွေ့သော အခါတွင် လည်းကောင်း၊ လူပျိုကြီး/အပျိုကြီးနှင့်တွေ့သောအခါတွင်လည်းကောင်း မေးလေ့ရှိသည်။ အလိုသဘောမှာ“သူငယ်ချင်းတို့-ဘယ်နေ့လက်ထပ်ကြမှာလဲ”ဟုဖြစ်သည်။ အကယ်၍ ထိုမေးခွန်းကို တိုက်ရိုက်ပြန်ဆိုပါက “ငါတို့ဘယ်နေ့စားရမှာလဲ”ဟူသောစကားတွင် လက်ထပ်မည့်အကြောင်း မပါ ပါ။ ထို့ကြောင့် တိုက်ရိုက်ပြန်ဆိုရာတွင်အခက်အခဲရှိမည်ဖြစ်သည်။ ထိုအခါ “အသိ”ဖြင့်သာ ပြန်ဆိုရ မည်ဖြစ်သည်။ ထို့ကြောင့် Language တစ်ခုကိုလေ့လာရာတွင် သက်ဆိုင်ရာ Language သာမက Linguistics (ဘာသာဗေဒ)ကိုပါ မဖြစ်မနေလေ့လာရတော့သည်။ တိုက်ရိုက်အဓိပ္ပာယ် ဖေါ် ရခက်သော စကားလုံးများကို ပြန်ဆိုရာတွင် သက်ဆိုင်ရာလူမျိုး၊ ဘာသာတို့၏ ဓလေ့ထုံးစံကိုသိမှ ဘာဆိုလိုသည်ကို နားလည်မည်ဖြစ်သည်။ ၎င်းပြင် ရန်ကုန်ကဲ့သို့သော အောက်မြန်မာနိုင်ငံတွင် အမိ၊ အဖ၊ ဆရာသမား၊ လူကြီးသူမတို့နှင့် သားသမီးများ စကားပြောရာတွင် သား၊သမီးများက ကိုယ့်ကိုယ်ကို “သားကလေ၊ သမီးကလေ၊ ကျွန်တော်/ကျွန်မကလေ”အစရှိသည်ဖြင့် သုံးနှုံးပြောဆိုကြ သော်လည်း အထက်မြန်မာနိုင်ငံရှိ အချို့ဒေသများတွင်မူ “ကျုပ်ကလေ”ဟူ၍သုံးနှုံးပြောဆို တတ်သည်။ သူ့ဓလေ့နှင့်သူမို့ ရိုင်းသည်ဟု ဝေဖန်၍မရပါ။ မိဘများကလည်း သဘောပေါက်ကြပါ သည်။ ထို့ကြောင့် ဘာသာစကားတစ်ခုပြောဆိုရာတွင် ပြောလိုက်သော စကားထက် ထိုစကား၏ နောက်ကွယ်တွင်ရှိသော “အသိ”ကို ပိုသတိထားရမည်ဖြစ်ကြောင်း ဘာသာဗေဒဆရာများက ဆိုကြခြင်း ဖြစ်တန်ရာ၏။ ဤသည်မှာ စကားများနောက်ကွယ်တွင်ရှိသောအသိများအနက် အချို့ကို မျှဝေတင်ပြခြင်းဖြစ်သည်။

    အလားတူပင် အမူအရာများ၏နောက်ကွယ်တွင်လည်း “အသိ”များရှိသည်။ ဥပမာ-မြန်မာမှု နယ်ပယ်တွင်တော့ လူငယ်များက လူကြီး၊သူမများရှေ့က ဖြတ်သန်းသွားလာရာတွင် ခါးကိုအတန်ငယ် ကိုင်း၍၊ ကိုယ်ကိုအတန်ငယ်ညွတ်၍ သွားလာကြသည်။ လေးစားရိုသေမှုသဘောသာဖြစ်ပါသည်။ သို့သော် ကမ္ဘာပေါ်ရှိအချို့သောနိုင်ငံများတွင်တော့ လူကြီးနှင့်လူငယ်၊ မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့် စကားပြောဆိုရာတွင် လူငယ်များက ထိုင်ချင်သလိုထိုင်မည်။ ခြေပေါ်ခြေချိတ်လည်းထိုင်ချင် ထိုင်မည်။ သို့သော် ထိုအမူအယာကို ထိုနိုင်ငံများရှိလူကြီးများက “ဗွေ”ယူစရာ၊ အပြစ်ပြောစရာဟု မသတ်မှတ်ကြပါသည်။ အဘယ့်ကြောင့်သနည်းဆိုသော် စာရေးသူသိသလောက် မျှဝေရလျှင် လူ အချို့က ခြေထောက်အပါအ၀င် ခန္ဓာကိုယ်အောက်ပိုင်းကို မစင်ကြယ်သော(သို့မဟုတ်)ညစ်နွမ်းသော (သို့မဟုတ်)ဂုဏ်အသရေမဲ့စေသော အစိတ်အပိုင်းအဖြစ် သတ်မှတ်ကြသည်။ နိုင်ငံခြားသားများ ကတော့ ထိုသို့သတ်မှတ်ချင်မှသတ်မှတ်ကြပါလိမ့်မည်။ ခန္ဓာကိုယ်၏အရေးအကြီးသော အင်္ဂါအစိတ် အပိုင်းတစ်ရပ်အနေဖြင့်သာ ယူဆကြသည်ထင်ပါသည်။ ထိုခြေထောက်ကိစ္စကြီးကို ယဉ်ကျေးမှုနှင့် တွဲ၍ မစဉ်းစားကြလို့ပါ ဟုသာ ပြောရပေလိမ့်မည်။ ဤသည်မှာ အမူအယာများ၏နောက်ကွယ်များ၌ ရှိနေသော“အသိ”များပင်ဖြစ်ပါသည်။

    အကျီ င်္ ရင်ဘတ်ဟပြဲဝတ်ခြင်းကို လူကြီးများက သိပ်မနှစ်မြို့ကြသော်လည်း လူငယ်များကြား တွင် ဖက်ရှင်တစ်ရပ်ဖြစ်နေကောင်းဖြစ်နေနိုင်သည်။  စာရေးသူတို့ငယ်စဉ်က ခန္ဓာကိုယ်တွင် ဆေးမင်ကြောင်ထိုးထားသူများကို လူအများစုက သိပ်မနှစ်မြို့ကြပါ။ အဘယ့်ကြောင့်ဆိုသော ၎င်းတို့သည် လူမိုက်များဖြစ်သည်ဟု ယူဆကြသည်။ သို့သော် ယုံကြည်မှုအရသော်လည်းကောင်း (ဥပမာ-အင်း၊အိုင်၊ခလှဲ့၊လက်ဖွဲ့)အစရှိသည်များစီရင်ခြင်းအတွက် ဆေးမင်ကြောင်းထိုးခြင်းမျိုး ကိုတော့ သိပ်အပြစ်မတင်ကြပါ။ ဟိုးယခင် ရှေးမြန်မာမင်းများလက်ထက်ကတော့ ဆေးမင်ကြောင် ထိုးမှ ယောက်ျားပီသသည်ဟု အယူစွဲရှိခဲ့သည်။ သို့သော် လွတ်လပ်ပြီးခေတ် တွင် ထိုအယူအစွဲများ မရှိတော့ဘဲ ဆေးမင်ကြောင်ထိုးကွင်းထိုးသည်ကို အပြုသဘောဖြင့် လက်မခံနိုင်သည်များကို တွေ့လာရသော်လည်း ယခုပွင့်လင်းသောခေတ်တွင်တော့ ဆေးမင်ကြောင်ထိုးခြင်းကို ဖက်ရှင်တစ်ရပ် အဖြစ်ယူဆလာကြပြီး အချို့အမျိုးသမီးငယ်များပင် ထိုးစပြုလာကြသည်ကိုတွေ့ရပါသည်။  ဤသည်မှာ ၀တ်စားဆင်ယင်နေထိုင်မှုများ၏နောက်ကွယ်၌ရှိသော “အသိ”များပင်ဖြစ်ပါသည်။

    သို့သော် အထက်က ဆေးမင်ကြောင်ဥပမာဖြင့် ဖော်ပြခဲ့သလိုပင် “အသိ”များသည် အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြောင်းလဲတတ်သည့်သဘောလည်းရှိသည်။ “အကြော်သည် မကြီးက အကြော်ရောင်း၍ သူ့သမီးအား ငြိုငြင်စွာလုပ်ကျွေးခဲ့ရသည်”ဆိုသည့်စာကြောင်းကို ယခုခေတ်အမြင်နှင့်ပြန်ဆိုရလျှင် အကြော်သည်မကြီးက သူ့သမီးအား သိပ်မကြည်သည့် သဘော ဖြစ်သည်။ သို့သော် အမျိုးသားပညာဝန်ဦးဖိုးကျားရေးသော မင်းကတော် စကားပြေ၏ ခက်ဆစ်အဖွင့် တွင်တော့ ငြိုငြင်စွာ ကို ဆင်းရဲပင်ပန်းစွာ ဟု ဖွင့်ဆိုထားသည်ကိုကြည့်ခြင်းအားဖြင့် ထို ငြိုငြင်စွာ ဟူသောစကား၏ နောက်ကွယ်တွင်ရှိသောအသိသည် ဦးဖိုးကျားတို့၏ ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ယနေ့ခေတ် မတူတော့သည်ကို တွေ့ရပြန်သည်။ ဤသည်မှာ “အသိ”များပြောင်းလဲတတ်သော သဘောကို ပြောလိုခြင်းဖြစ်သည်။

    ဤသို့အားဖြင့် စာရေးသူတို့သည် မိမိတို့နေထိုင်ရာ ခေတ်ကာလ၊ ပတ်ဝန်းကျင် အနေအထားနှင့် လူကြီးသူမတို့၏ဆုံးမစကားများ၊ စာအုပ်စာပေများ၊ မီဒီယာများမှ ဖေါ်ပြချက်များကို ဖတ်ရှုသိရှိကြပြီး စာရေးသူတို့၏ စိတ်ထဲတွင် မသိမသာရော၊ သိသိသာသာပါ အသိများ စွဲလာခဲ့ကြသည်။

    ဒိန်းမတ်နိုင်ငံမှ ကာတွန်းဆရာတစ်ဦးက တမန်တော်နှင့်ပတ်သက်ပြီးအပြုသဘောမဆောင် သည့်ပုံတစ်ပုံဆွဲခဲ့ခြင်းကြောင့် မွတ်စလင်မ်ကမ္ဘာတွင် ပေါက်ကွဲကုန်ကြသည်။ ကမ္ဘာပေါ်တွင်လည်း ဟိုးလေးတကြော်ဖြစ်သွားသည်။ အီဂျစ်နိုင်ငံ၊ အလ်အဇ်ဟရ်တက္ကသိုလ်မှ အစ္စလာမ့်ပညာရှင်များက ထို အရေးအခင်းကာလတွင် ဒိန်းမတ်နိုင်ငံသို့သွား၍ မီဒီယာများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ အစ္စလာမ် အကြောင်းရှင်းပြခဲ့ကြရာ ပွဲမစခင် Projector ဖြင့် ပုံအချို့ကို ပြသခဲ့သည်ဟု ကြားသိရသည်။ ပထမ ပြသောပုံမှာ မာသာထရီဇာ၏ပုံဖြစ်သည်။ မာသာထရီဇာပုံကိုကြည့်၍ လူအများက လက်ခံကြသည်။ မာသာထရီဇာက ပုဝါခြုံလေးနှင့်ဖြစ်သည်။ ၎င်းနောက် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး ပုဝါ ခြုံ ထားသည့်ပုံကိုပြပြန်သည်။ လူအများက သိပ်မကြိုက်ကြကြောင်း တုံ့ပြန်ကြသည်။ ပုဝါခြုံထားတာခြင်း တူတာတောင် ဘာကြောင့် လူအများက တစ်ဦးကိုလက်ခံပြီး တစ်ဦးကို လက်မခံကြပါသနည်း။ ထို ပုဝါခြုံခြင်းများ၏နောက်ကွယ်တွင်ရှိသော အသိ များကြောင့်လား။ ဤသည်ကို ပမာထား၍ အစ္စလာမ့် ပညာရှင်များက မီဒီယာကိုရော၊ လူထုကိုပါ အစ္စလာမ်အကြောင်းရှင်းပြပြီး ပွဲအပြီးတွင် ထိုပွဲသို့ တက်ရောက်လာသူများ၏ စစ်တမ်းကောက်ယူကြည့်ရာ လူအများစုသည် ရှင်းလင်းပွဲမစခင်တွင် ရှိနေ သော အစ္စလာမ်အပေါ်ထားသည့် ၎င်းတို့၏သဘောထား အသိ များနှင့် ထိုရှင်းလင်းပွဲအပြီးတွင် ရှိလာ သည့် အစ္စလာမ်အပေါ်ထားသည့် သဘောထား အသိ များ ပြောင်းလဲသွားသည်။ အပြုသဘော ဆောင်လာကြသည်ဟု စာရေးသူတို့ ကြားသိခဲ့ရသည်။ သို့ဆိုလျှင် စာရေးသူတို့သည် စာရေးသူတို့ မှီ တင်းနေထိုင်ရာလောက၊ ပတ်ဝန်းကျင်တွင်ရှိသော လူများ၏ စာရေးသူတို့အပေါ်ထားသည့် သဘော ထား အမြင်များနှင့် အသိ များကို စောကြောကြည့်ရန်လိုအပ်လှပြီး မည်ကဲ့သို့သော အပြုသဘော ဆောင်သည့်ချဉ်းကပ်မှုမျိုးဖြင့် ချဉ်းကပ်သင့်သနည်း၊ “Conflict Solution ဟုခေါ်သည့် ပဋိပက္ခများ၊ အမြင်ကွဲလဲမှုများကို မည်သည့်နည်းလမ်းမျိုးဖြင့် ငြိမ်းချမ်းစွာဖြေရှင်းသင့်သနည်း”ဆိုတာကိုတော့ ၀ိုင်း စဉ်းစားဖို့လိုပြီဟုထင်သည်။ စာရေးသူသိရှိမှတ်သားမိသည့် “အသိများအကြောင်း”ကို ဆက်လက်၍ မျှဝေပါရစေဦး။

    အသိများ၏မြစ်ဖျားခံရာ (သို့) အသိများရိုက်သွင်းခံရခြင်း

    စာရေးသူတို့တွင် mind-set ဟုခေါ်သည့် ပုံစံကျနေသည့်အမြင်များ၊ တရားသေအတွေး အခေါ်များရှိသည်။ ဥပမာ-မြန်မာရုပ်ရှင်ကားတစ်ကားကြည့်ရာတွင် သရုပ်ဆောင်၏လက်မှ ပန်းကန် ကျကွဲခြင်းမျိုးကိုတွေ့ပြီဆိုလျှင် ပရိသတ်ကသိသည်။ သိပ်မကြာခင် ဆုံးရှုံးမှုတစ်ခုခု(သို့)ပြဿနာ တစ်ခုခုဖြစ်တော့မည်ဟု တွေးလို့ရသည်။ ဒါရိုက်တာကလည်း ထိုအတိုင်းပင်ရိုက်ပြသည်။ ဤသည်မှာ mind-set ၏ အခြေခံသဘောပင်ဖြစ်သည်။ ထိုနည်းအတိုင်းပင် အချို့သောမြန်မာရုပ်ရှင်ကားများတွင် ဗီလိန်(လူဆိုး)အခန်းများတွင် (သူတို့အခေါ်-ကုလားပုံပေါက်နေသူများ)ကို ထည့်ရိုက်ပြသည်။ ထိုသို့ မြင်ရဖန်များသောအခါ ကြည့်ရှုသူပရိသတ်၏ mind-set တွင် ထိုပုံများကိုမြင်သည်နှင့် ကောင်းမွန်သောခံစားချက်တစ်စုံတစ်ရာ မပေါ်ပေါက်နိုင်တော့ပါ။ အလားတူစွာ အချို့သောစာရေးဆရာများက ၎င်းတို့၏၀တ္ထုများတွင်လည်း (သူတို့အခေါ် ကုလားများ)နှင့်ပတ်သက်၍ ရေးလျှင် ထိုမကောင်းသော(ဗီလိန်) အခန်းများက များပါသည်။ ဤနည်းအားဖြင့် ထိုပုံပေါက်နေသော၊ ထိုရုပ်ပေါက်နေသောသူများကိုတွေ့ပြီဆိုလျှင် လူအများစု၏ mind-set သည် ကောင်းမွန်နိုင်ပါဦးမည်လော။ အသိမကြွယ်သေးသည့် ကလေးသူငယ်များဆိုလျှင် ပိုဆိုးနိုင်ပါသည်။ ထိုကလေးငယ်များ ကြီးပြင်းလာ၍ လူကြီးဖြစ် လာလျှင်ရော ၎င်းတို့၏ mind-set များကို ပြောင်းလဲနိုင်ပါမည်လော…။

    ဤကဲ့သို့သော mind-set များရိုက်သွင်းခံလိုက်ရပြီဆိုလျှင် mind-set များကို ပြင်ဖို့ လိုလာပြီ။ စာရေးသူ၏ ဘာသာရေးဆရာတစ်ယောက်က ပြောဖူးသည်။ အစ္စလာမ်အကြောင်းကိုမသိလို့၊ အမှန် တကယ်အစ္စလာမ်အပေါ်အထင်လွဲနေလို့ သဘောရိုးဖြင့် အစ္စလာမ်ကို ဝေဖန်သူများရှိသည်။ ထိုသူ များက အသိ မှန်ရသွားလျှင် အစ္စလာမ်ကိုမဝေဖန်တော့ပါ။ သို့သော် လူတစ်ဦးတစ်ယောက်သည် ငယ်စဉ်ကတည်းက အစ္စလာမ်နှင့် ပတ်သက်သည့် မှားယွင်းသောအချက်အလက်များအား ၎င်း၏ mind-set အတွင်းသို့ သိသိသာသာဖြစ်စေ၊ မသိမသာနှင့်ဖြစ်စေ ရိုက်ထည့်ခံထားရပြီဆိုလျှင်တော့ ထိုသူအားမည်မျှပင်ရှင်းပြရှင်းပြ လက်ခံဖို့သိပ်မလွယ်ပါ။ ထိုသူ၏ mind-set ကို လုံးဝ ပြောင်းပစ်နိုင် လျှင်တော့ ရမည်။ မြန်မာတွင် “လူကိုခင်လျှင် မူကိုပြင်သည်၊ လူကိုမုန်းတော့ မူကိုသုံးသည်”ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ မိမိကြည်ညိုသော၊ ပုဂ္ဂိုလ်ရေးအရ လက်ခံသော၊ အမြင်ကြည်သော လူမျိုး ဆိုလျှင် ထိုသူပြောဆိုသည့် အကြောင်းအရာနဲ့ပတ်သက်ပြီး အငြင်းပွားစရာရှိလျှင်တောင်မှ လူမှုရေးအရ ငဲ့ညှာတတ်သည့်သဘောလည်းရှိသလို ထိုသူဘာပြောပြော လွယ်လွယ်ကူကူနှင့် လက်ခံ တတ်သည့်သဘောလည်းရှိသည်။ ထိုကဲ့သို့သော နေရာမျိုးတွင် စာရေးသူတို့သည် စာရေးသူတို့ အပေါ် စွပ်စွဲလာသည့်စွပ်စွဲချက်များကို သက်ဆိုင်ရာပညာရှင်များက အေးချမ်းစွာဖြင့် ပြန်လည် ရှင်းလင်း တင်ပြရုံသာမက စာရေးသူတို့လူများ၌လည်း လူအများစုက စာရေးသူတို့ကို ပုဂ္ဂိုလ်ရေးအရ လက်ခံလာနိုင်အောင် နေထိုင်တတ်ဖို့လိုသည်။ လူအများစု၏ mind-set ထဲတွင် စာရေးသူတို့ကို မည်သို့မည်ပုံထင်မြင်ကြသည်ကို အရှည်ရေးပြစရာလိုမည်မထင်ပါ။ စာရေးသူတို့က လူအများစု၏ mind-set ကို ပြုပြင်ပြောင်းလဲဖို့၊ စာရေးသူတို့အပေါ်အထင်လွဲမှုများကို ဖြေရှင်းကြဖို့ဆိုလျှင် သက်ဆိုင်ရာပညာရှင်များက ရှင်းပြလိုက်ရုံနှင့်မပြီး၊ နှစ်ပေါင်းများစွာအရိုးစွဲနေသော mind-set များကိုပြင်ဖို့ စာရေးသူတို့တစ်ဦးချင်းစီတွင်လည်း တာဝန်ရှိသည်ဟု ခံယူမိပါသည်။ ထိုသို့ အရိုးစွဲနေသော စာရေးသူတို့အပေါ်ထားရှိသည့် တရားသေသဘောထားများကို မည်သို့ပြင်ကြ မည်နည်း၊ အထက်ဖော်ပြသလို တစ်ဖက်မှလည်း ငြိမ်းအေးစွာရှင်းပြဖို့လိုသလို တစ်ဖက်မှလည်း မိမိတို့ကို ပုဂ္ဂိုလ်ရေးအရလက်ခံလာအောင် ကြိုးစားကြရမည်ဖြစ်ပါသည်။

    ကောင်းမွန်သော Atmosphere ကို ဖန်တီး၍ စကားပြောကြည့်ခြင်း

    Atmosphre ဆိုသည်ကို WHIZZO အဘိဓာန်က အောက်ပါအတိုင်းဖွင့်ဆိုထားသည်။

    Atmosphere (n) လေထု။ ပတ်ဝန်းကျင်။
    atmospheric (pl) လေထုနှောင့်ယှက်မှုများ။
    (adj) atmospheric လေထုနှင့် သက်ဆိုင်သော။ ပတ်ဝန်းကျင် အရှိန်အဝါနှင့်ဆိုင်သော။

    ယခုဆောင်းပါးတွင် စာရေးသူမျှဝေလိုသော Atmosphere ဆိုသည်မှာ “ပတ်ဝန်းကျင်(သို့) ပတ်ဝန်းကျင်အခြေအနေနှင့်သက်ဆိုင်သော”ဟုဆိုရပါလိမ့်မည်။ စကားဝိုင်းများတွင် Atmosphere များ ရှိပါသည်။ ဥပမာ.. စကားဝိုင်းသည်အခြေအတင်ဖြစ်နေသည်၊ စကားဝိုင်းတွင်ပါဝင်သောသူများ သည် ဒေါသသံများပါလာပြီဆိုလျှင် ထိုစကားဝိုင်း၏ Atmosphere မှာ ပြင်းထန်လာပြီဟုဆိုရပါလိမ့် မည်။ စာရေးသူတို့သည် မိမိတို့ပြောဆိုလိုသော သတင်းစကားကို အများကလက်ခံလာစေလိုလျှင် မိမိပြော ဆိုလိုသည့်အကြောင်းအရာကို နိုင်နင်းကျွမ်းကျင်မှုရှိရန်လိုအပ်လှသလို မိမိစကားတတ်တိုင်း တစ်ဖက်သက်ပြောဆိုခြင်းမျိုးမဟုတ်ဘဲ အခြေအနေပေါ်မူတည်၍ အလျှော့ အတင်းပြုလုပ်ရန် လိုအပ်လှပေသည် ဟု လူမှုဆက်ဆံရေးသင်တန်းများတွင် မှတ်သားခဲ့ဖူးပါသည်။ မိမိမှ စကား အသာစီးရသော်လည်း တစ်ဖက်သားအား နင်းကန်ဖိပြောခြင်းမျိုး မပြုလုပ်ပဲ “ဟာ..အစ်ကိုအခုန ဆွေးနွေးသွားတာလေး တော်တော်ကောင်းပါတယ်၊ ကျွန်တော် အဲဒါကိုမသိသေးဘူး၊ အစ်ကို ဘယ်စာအုပ်ထဲက ဖတ်ထားတာလည်း၊ ကျွန်တော့်ကိုလည်း share ပါဦး”အစရှိသည်ဖြင့် တစ်ဖက် သားကို ထွက်ပေါက်ပေးရပါလိမ့်မည်ဟု အကြံပေးလိုပါသည်။ Sandwich (အသားညှပ်ပေါင်မုန့်) ကဲ့သို့ပင် အပေါ်တွင် ပေါင်မုန့် အလယ်တွင် မိမိစားလိုသောအစာအားကြားညှပ်ပြီး အောက်တွင် ပါမုန့်တစ်ချပ် ထပ်ထည့်သကဲ့သို့ပင် မိမိပြောလိုသည့်အကြောင်းအရာအားမပြောမီ တစ်ဖက်သားအား အပြုသဘော အမြင်ဖြင့်ချီးကျူးရန်၊ ပြီးလျှင် မိမိပြောဆိုလိုသည့်အချက်အလက်ကို ချိုသာပျူငှာစွာဖြင့် ပြောဆိုရန်၊ နောက်ဆုံးတွင် တစ်ဖက်သားအား ထွက်ပေါက်ပေး၍ မိမိစကားကို အဆုံးသတ် ရန်အစရှိသည့် Sandwich Method ဟုခေါ်သည့် စကားပြောနည်းကိုအသုံးပြုကြရန်လည်း လူမှုဆက်ဆံရေးပညာရှင်များကအကြံပြုထားကြပါသည်။ ဤသည်ကို Journalist များက ဟမ်ဘာဂါ ရေးနည်းဟုလည်း ခေါ်ကြပါသေးသည်။

    မိမိပြောဆိုလိုသည့်အချက်အလက်များကို တစ်ဖက်သားမှ ကြည်ဖြူစွာလက်ခံလာနိုင်စေရန် ပထမဦးစွာ တစ်ဖက်သား ကြိုက်နှစ်သက်သည့်စာရေးဆရာများထဲမှာ မိမိကြိုက်နှစ်သက်သော စာရေး ဆရာများရှိပါက မိမိလည်း ၎င်းနှင့်အကြိုက်ခြင်းတူကြောင်း၊ အစရှိသည်ဖြင့် မိမိနှင့် တူညီသော အချက်များကိုဆွဲထုတ်၍ ရင်းနှီးမှုတစ်ခုကို တည်ဆောက်ကြည့်ကြစေလိုသည်။ ဤနည်းအားဖြင့် မိမိနှင့် တစ်ဖက်သား ရင်းနှီးမှုရအောင်လုပ်ယူပြီးမှ မိမိပြောလိုသည့်အကြောင်းအရာကို တစ်ဖက်သားလက်ခံ လာနိုင်သော ပုံစံမျိုးဖြင့် presentation လုပ်ကြရန် လူမှုဆက်ဆံရေးပညာရှင်များက ထပ်ဆင့် အကြံပြု တိုက်တွန်းထားကြပါသည်။

    လူတစ်ယောက်၏ ဦးနှောက်အာရုံကြောမှ Brain Wave (၄)မျိုးထုတ်ပေးသည်ဟု မှတ်သား ဖူးပါသည်။ Delta, Theta, Alpha နှင့် Beta လှိုင်းတို့ဖြစ်ပါသည်။ ထိုလှိုင်း(၄)မျိုးထဲတွင် Alpha လှိုင်း သည် စိတ်ကြည်လင်တည်ငြိမ်မွေ့လျော်သည့်အချိန်တွင်ထွက်ပါသည်။ ထို Alpha လှိုင်းထွက်သည့် အချိန်တွင် လူအများသည် သတင်း အချက်အလက်များ၊ အကြောင်းအရာများကို လျင်မြန်စွာ မှတ်သားနိုင်ပါသည်။ ထို့ကြောင့် မိမိက လူတစ်ဦးတစ်ယောက်ကို message တစ်ခုပေးလိုလျှင် ထို သူ၏စိတ်ကို တည်ငြိမ်ကြည်လင်အောင် မိမိက စကား ပရိယာယ်ကြွယ်ဝစွာဖြင့်ပျော်ရွှင်ကြည်နူးစရာ ကောင်းသည့်အကြောင်းများ၊ စိတ်ကြည်လင်စေမည့်ကိစ္စရပ်များကို ပြော၍ ကိုယ်ပြောလိုသော message ကို သွယ်ဝိုက်ပြီး presentation လုပ်ရမည်ဖြစ်ကြောင်း မှတ်သားဖူးပါသည်။ ဥပမာ- စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးသည်  TV ရုပ်သံအစီအစဉ်တစ်ခုတွင် မိမိလုပ်ငန်းကို ကြော်ငြာထည့်သွင်း လိုသည်ဆိုပါက ရုပ်/သံကြော်ငြာခများသည် အချိန်အပိုင်းအခြားအလိုက် ဈေးနှုန်းကွဲပြားမှုရှိပါသည်။ လူအများလုပ်ငန်းခွင်ဝင်နေချိန် တွင် ကြော်ငြာခနှုန်းထားများကတစ်မျိုး၊ တစ်နေ့တာလုပ်ငန်းကိစ္စများ ကုန်ဆုံးပြီး မိသားစုအလိုက် အေးချမ်းစွာဖြင့် ရုပ်/သံထိုင်ကြည့်ကြသော ညစာစားပြီးအချိန်ကဲ့သို့သော အချိန်များတွင် ကြော်ငြာခက ပိုမြင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူအများစုသည် တစ်နေ့တာလုပ်ငန်းကိစ္စများ ကုန်ဆုံးချိန်ဖြစ်သဖြင့် စိတ်အေးချမ်းသာစွာဖြင့် ရုပ်/သံထိုင်ကြည့်သော အခါ ၎င်းအချိန်တွင် ခန္ဓာကိုယ်မှ  စိတ်ငြိမ်လှိုင်း(ခ)သမာဓိလှိုင်းဟုခေါ်သော Alpha Wave (ခ) အယ်လ်ဖာလှိုင်းများထွက်သည်။ ထိုအချိန်တွင် TVတွင် မိမိကုန်ပစ္စည်းကြော်ငြာ ထည့်ပါက ကြော်ငြာ ထိုင်ကြည့်သောစားသုံးသူ၏ စိတ်ထဲတွင်စွဲသွားပြီး နောက်တစ်နေ့ဈေးထဲတွင် ထိုကုန်ပစ္စည်းအား လိုက်ရှာပါတော့သည်။ ဤသို့ဖြင့် စာရေးသူတို့သည် မိမိပြောဆိုလိုသည့် သတင်းစကားကို လူတစ်ဦး တစ်ယောက်အား လက်ခံရရှိစေလိုလျှင် တည်ငြိမ်အေးချမ်းသော Atmosphere တစ်ခုကို တည်ဆောက်ပြီးမှ ပြောဆိုလျှင် ပို၍ အဆင်ပြေချောမွေ့သည်ဟု လူမှုရေးစိတ်ပညာရှင်များမှ အကြံပြု တင်ပြထားကြပါသည်။။ ဤသည်မှာ စာရေးသူလေ့လာမိသော လူမှုဆက်ဆံရေးနှင့် စိတ်ဓာတ်ရေး ရာမြှင့်တင်ရေးသင်တန်းမှ သင်ကြားပို့ချချက်များကို ပြန်လည်မျှဝေခြင်း၊ အကြံပြုခြင်းသာဖြစ်ပါသည်။

    လက်စားချေမှုတွေနဲ့ပတ်သက်လို့

    စာရေးသူ၏ ညီလေးက စာရေးသူကို အဖြစ်အပျက်တစ်ခုပြောပြ၍ မေးခွန်းတစ်ခု မေးဖူး ပါသည်။ ပြန်လည်မျှဝေတင်ပြရသော် “လူဆိုး၊ ဓါးပြတစ်ဦးရှိကြောင်း၊ လူသတ်၊ ပစ္စည်းလု၊ မိန်း ကလေး တွေကိုအနိုင်ကျင့်…စသည်ဖြင့် လူဆိုးဖြစ်ကြောင်း၊ လူငယ်လေးတစ်ယောက်မှာ သူ၏မိဘ နှစ်ပါးကိုသတ်သွားသော ထိုဓါးပြကို လက်စားချေဖို့ကြိုးစား ခဲ့ကြောင်း၊ ထိုဓါးပြမှာလည်း တောပုန်း ဓါးပြ ဖြစ်၍ တော်တော်နှင့်ရှာမတွေ့ကြောင်း၊ ရှာတွေ့သောအချိန်တွင် ထိုလူငယ်လေးမှာ သန်မာ ဖျတ်လတ်နေသော်လည်း တောပုန်းဓါးပြမှာ အသက်အရွယ်ကြီးပြီး တပည့်တပန်းများလည်းမရှိ၊ အိုမင်း မစွမ်းသောအရွယ်ဖြစ်နေကြောင်း၊ ထိုအခါ ထိုလူငယ်လေးအနေဖြင့် ထိုဓါးပြအား လက်စား ချေသင့်သလော” ဟုမေးဖူးပါသည်။ စာရေးသူက အခြေအနေ (၂)ရပ်ဖြင့် စာရေးသူ၏ညီလေးအား ပြန်လည်ရှင်းပြခဲ့ပါသည်။ ပထမဦးစွာ အပြစ်ကျူးလွန်သူတရားခံအား တရားဥပဒေအရ စွဲချက်တင်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းနှင့် လက်စားချေခြင်းမတူသည်ကို ရှင်းပြသည်။ တရားဥပဒေ စိုးမိုးခြင်းကို စာရေးသူအားပေးပါသည်။ သို့သော် လက်စားချေရာတွင် ထိုတောပုန်းဓါးပြကြီးသည် လူများစွာကို သတ်ခဲ့သည်။ သို့သော် သူ့ကိုပြန်သတ်လျှင် တစ်ခါသာ သတ်၍ရမည်။ လူအယောက်တစ်ရာ ကိုသတ်ခဲ့သူကို အခါတစ်ရာသတ်၍မရ၊ တစ်သက်သာ ပြန်သတ်၍ ရမည်။ အလျဉ်းသင့်၍ ဖော်ပြ ရသော်.. ဆော်ဒီအာရေဗျနိုင်ငံ၊ ရာဘီတွဟ်မှ ပညာရှင်များနှင့် သိပ္ပံပညာရှင်များဆွေးနွေးခန်းတွင် ထိုင်းနိုင်ငံမှ ခန္ဓာဗေဒပညာရှင် ဒေါက်တာ တာကာဇုန်နှင့်ဆွေးနွေးခန်းကို ပြန်လည်မျှဝေလိုသည်။ ဒေါက်တာ တာကာဇုန်တို့၏ ခန္ဓာကိုယ်အရေပြားပညာအရ မီးလောင်ခံရသော အရေပြားများနေရာတွင် အရေပြားသစ်များက အလိုအလျောက်အစားထိုးသည်ဟူသည့် သိပ္ပံတွေ့ရှိချက်ကို ရာဘီတွဟ်မှ ပညာရှင်များကလည်း ကျမ်းတော်မြတ်ကုရ်အာန်မှ ကျမ်းချက်ကိုဖော်ပြ၍ ငရဲတွင် ငရဲသားများအား အပြစ်ပေးသောအခါ ထိုငရဲသားများ၏အရေပြားများလောင်ကျွမ်းသွားလျှင် ထိုလောင်ကျွမ်းသွားသော အရေပြာများအစား အခြားအသစ်ဖြစ်သော အရေပြားများကို လဲပစ်မည်ဖြစ်ကြောင်း ဖော်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ထိုဆွေးနွေးခန်းထဲတွင်ပင် ဒေါက်တာ တာကာဇုန်မှ အစ္စလာမ်သို့ ကူး ပြောင်းဝင်ရောက်လာခဲ့သည်။ (အကျယ်ကို ဆရာဦးအေးလွင်နောက်ခံစကားပြော၍ ဘာသာပြန်ပေး သည့် အစ္စလာမ့်ဓမ္မဗိမာန်ထုတ် (ဤကားသစ္စာဓမ္မတည်း)ဟူသည့် ဗွီစီဒီ (၅)ချပ်တွဲနှင့် စာအုပ်တွင် ရှု ပါရန်။) မူရင်းအင်္ဂလိပ်ကတော့ This is the Truth ဖြစ်ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံ၊ ရာဘီတွဟ်အဖွဲ့မှ ထုတ်ဝေပါသည်။ ထို့ကြောင့် ထို လူ အယောက် ၁၀၀ သတ်ခဲ့သူသည် ငရဲတွင် ထိုလူအယောက်တစ်ရာကို သတ်ခဲ့သည်နှင့်အမျှ အဖန်တလဲလဲ ပြန်လည် ခံစားရမည်ကို သတိချပ်စေလိုကြောင်းဖြင့် စာရေးသူ၏ ညီအား လက်စားချေလျှင် ဆိုသည့်ဘက်မှ စဉ်းစားပေးခဲ့ဖူးသလို အခြားတစ်ဖက်တွင်လည်း ကျမ်း တော်မြတ်ကုရ်အာန်ထဲတွင် အလ္လာဟ်က ပြစ်မှုကျူးလွန်သူအား ထိုသူကျူးလွန်ထားသည့်ပြစ်မှုနှင့် အညီ ထိုက်သင့်သောအရေးယူမှု ပြုပိုင်ခွင့်ရှိသော်လည်း အလ္လာဟ်နှင့် လှပသောချေးငှားမှု မပြုချင် ဘူးလားဟု မေးမြန်းဆုံးမတော်မူထားသော ကျမ်းတော်မြတ်ကုရ်အာန်၏ ကျမ်းချက်များကိုထောက်ရှု ၍ လက်စားချေလိုလျှင် ဖြစ်နိုင်ချေ(၂)မျိုးအရ စဉ်းစားနိုင်ကြောင်း၊ လက်စားချေလို၍ချေလိုက်လျှင် လည်း အယောက် တစ်ရာသတ်ခဲ့သူအား အခါတစ်ရာ ပြန်သတ်၍မရကြောင်း၊ ခွင့်လွှတ်လိုက်လျှင် တော့ ထိုခွင့်လွှတ်လိုက်သူ၏ နစ်နာမှုအတွက် အစားပေးရန်မှာ အလ္လာဟ့်တာဝန်ဖြစ်သွားကြောင်း အစရှိသည်ဖြင့် ရှင်းပြခဲ့သည်။ ဤနေရာတွင် စာရေးသူက ရွှေပြည်အေးတရားဟောနေခြင်းမဟုတ်ပါ။ သို့သော် အခြေအနေနှင့် အချိန်အခါကိုထောက်ရှု၍ မိမိလုပ်လိုက်သောအလုပ်တစ်ခု၏ နောက်ဆက်တွဲအကျိုးဆက်များကို မိမိသာမက အခြားသူများပါ ခံစားရမည်ကိုအရှည်တွက် သင့်ကြောင်း တင်ပြခြင်းသာဖြစ်ပါသည်။ အမှန်တကယ် ပြစ်မှုကျူးလွန်သူမဟုတ်သူကို အပြစ်ပေးခြင်း သည်လည်း တရားနည်းလမ်းမကျပါ။ ရန်သူများနှင့် ငြိမ်းချမ်းရေးအတွက်ဆိုလျှင် “အလ္လာဟ့် တမန်တော်”ဟူသည့် ဂုဏ်ပုဒ်ကိုပင် ဖျက်ပစ်ရန်ဝန်မလေးခဲ့သော တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)၏ ဟုဒိုင်ဗီယာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရာတွင် ငြိမ်းချမ်းရေးအတွက် အနစ်နာခံ ဆောင်ရွက်ချက်များကို ပြန်လည် အမှတ်ရကြစေလိုပါသည်။

    တာဝန်ကိုယ်စီ ရှိကြသည်

    စာရေးသူတို့အနေဖြင့် မတူညီကွဲပြားမှုများကြားတွင် ငြိမ်းချမ်းရေးရဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ အစရှိသော ကောင်းမြတ်သည့်ရည်ရွယ်ချက်များကို အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များဖြင့် လက်တွေ့အကောင်အထည်ဖော်ရန်လိုပါကြောင်း အကြံပြုချင်ပါသည်။ နှစ်ပေါင်းများစွာ အရိုးစွဲနေသော “အသိ”များကို အမှန်တကယ်ပင် change လုပ်ပေးဖို့သည် စာရေးသူတို့တစ်ဦးတစ်ယောက်ချင်းတွင် ကိုယ်စီတာဝန်ရှိကြပါသည်။ ထိုသို့ပြုပြင်ကြဖို့ဆိုလျှင် စာရေးသူတို့ အစ္စလာမ်ဘာသာဝင် တစ်ဦးချင်းစီအတွက် အသေးငယ်အပေါ့ပါးဆုံး တာဝန်မှာ “လမ်းပေါ်မှာရှိတဲ့ဆူးတစ်ချောင်းကို အခြားလမ်းသွားသူများ နင်းမိမည်စိုးသဖြင့် ဖယ်ရှားပေးခြင်း”ဟု မှတ်သားသင်ကြားဖူးပါသည်။ ထိုအတိုင်းပင် စာရေးသူတို့သည် ငြိမ်းချမ်းရေးအတွက် ကျမ်းတော်မြတ်ကုရ်အာန်၏ လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံး၍ ငြိမ်းချမ်းရေးအတွက် အနစ်နာခံဆောင်ရွက်တော် မူခဲ့သော တမန်တော်ချုပ် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)ကိုယ်တော်၏ စံနမူနာများအတိုင်း လိုက်နာကျင့်သုံးဆောက်တည်ခြင်းဖြင့် ဝေနေယျ ခပ်သိမ်းပေါ် မေတ္တာတရားကြီးမားစွာထားရှိသော၊ သဘောထားကြီးသော၊ ကိုယ်ကျိုးစွန့်အနစ်ခံသော၊ ကိုယ်ကျင့် သီလ သမာဓိနှင့်ပြည့်စုံပြီး လူအများ၏ ကြည်ဖြူမှုကို လက်ခံ ရယူနိုင်ကြသောသူများဖြစ်ကြပါစေ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ အတူယှဉ်တွဲ လျှောက်လှမ်းနိုင်ကြပါစေ ဟု အကြံပြုဆုတောင်းရင်း…။

    မှီငြမ်း

    ၁။    ကျမ်းတော်မြတ်ကုရ်အာန်၊ မြန်မာဘာသာပြန်။
    ၂။    “ဤကားသစ္စာဓမ္မတည်း”။ အစ္စလာမ့်ဓမ္မဗိမာန်။ ဆရာဦးအေးလွင်ဘာသာပြန်။
    ၃။    ဒေါက်တာမြင့်သိန်း၏ “Al-Azhar Business & Education Centre ၊ ရန်ကုန်”မှ သင်ကြား ပို့ချ ချက်များ
    ၄။    “မသိစိတ်စွမ်းအင်အကြောင်းနှင့် NAC စိတ်ရောကိုယ်ပါ ပြုပြင်ပြောင်းလဲခြင်းစိတ်ပညာ”၊  ဂျော်နီကျော်မိုး
    ၅။    ဆရာဦးသန်းမြင့်(စီးပွားရေး)၏ ”ရောင်းဝယ်ရေး၊ အောင်မြင်ရေးနှင့် လူမှုဆက်ဆံရေး”သင်တန်းမှ ပို့ချချက်များ
    ၆။    “နိုင်ငံတော်ကြီး အေးချမ်းဖို့ Diplomacy လုပ်ကြစို့” ။ Dr. Aung Maw

  • ဗုဒ္ဓမြန်မာတို့အတွင်းမှ အစွန်းရောက် လှိုင်းတံပိုး (ဘာသာပြန်)

    ဇွန်-၂၀၊၂၀၁၃
    The New York Time
    မူရင်း ဆောင်းပါးရှင်-
    ဘာသာပြန်ဆိုသူ- သာကီထက်ကောင်း

    Bisku Wirathu - Time

    မြန်မာနိုင်ငံတွင် ရော့ခ်စတား တစ်ဦးလို နောက်လိုက်များစွာရှိသော ဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်ဝီရသူသည် အစဉ်အလာ အတိုင်း ဘုရားရှိခိုးခြင်း အမှုကို ဆောင်ရွက်ပြီးစီးလေသော အခါ ထောင်ချီပရိတ်သတ်ရှေ့၌ မိန့်မိန့်ကြီး ထိုင်ချလိုက်ပါ၏။ ၄င်းနောက် သူကိုယ်တိုင်“ရန်သူ” ဟု သမုတ်ထားသည့် နိုင်ငံတွင်းရှိ မွတ်စ်လင်မ်လူနည်းစုအပေါ်  အမူအယာကဲကဲ ဟန်ပါပါဖြင့် အမုန်းတရား စတင်ဟောပြောပါတော့သည်။

    “ ဒကာ ဒကာမတို့အနေနဲ့ မေတ္တာတရား စာနာမှုတရား အပြည့်အ၀ ရှိနိုင်ပါတယ်။ ဒါပေမယ့် ခွေးရူးတစ်ကောင်ရဲ့ နံဘေးမှာ ကောင်းကောင်းအိပ်စက်နိုင်မှာ မဟုတ်ဘူး ” ဟု မွတ်စ်လင်မ်တို့ကို ရည်ညွှန်းပြောဆိုခဲ့သည်။

    နှစ်နာရီအကြာ ဟောပြောပွဲပြီးသည့်နောက် “ သူတို့ဟာ ပြဿနာကောင်တွေဖြစ်နေလို့ ဦးဇင်းက သူတို့ကို ပြဿနာကောင်တွေလို့ ခေါ်ဆိုတာ။ ဦးဇင်းကို အစွန်းရောက်ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် သတ်မှတ်ခေါ်ဝေါ်တာကို ဦးဇင်း ဂုဏ်ယူတယ် ” ဟု အရှင်ဝီရသူမှ သတင်းထောက်တစ်ဦးအား ပြောကြားလိုက်သည်။

    ဒလိုင်းလားမား၏ အတ္တပယ်ရေးစကားရပ်များကြောင့်လည်းကောင်း၊ ဗုဒ္ဓနည်းကျဘာဝနာစီးဖြန်းမှု လူကြိုက်များလာခြင်း ကြောင့် လည်းကောင်း၊ အရှေ့တောင်အာရှရှိ ပို့စ်ကဒ်ဓာတ်ပုံ လှလှပပများ ဖြစ်လာစေမည့် တင့်တယ်သည့်ရှုခင်းများကြောင့် လည်းကောင်း၊ ရောင်နီတက်ချိန် ဖိနပ်မပါခြေဗလာဖြင့် နီညိုရောင်သင်္ကန်းရုံ သံဃာများအား ရွာသားတို့မှ ဆွမ်းလောင်းလှူပုံမြင် ကွင်း တို့ကြောင့် လည်းကောင်း  ဗုဒ္ဓဘာသာအား အလွန်နှူးညံ့သိမ်မွေ့သည့်ပုံရိပ်အဖြစ် ကမ္ဘာက ရှုမြင်ထားကြသည်။

    သို့ငြားလည်း လွန်ခဲ့သည့်တစ်နှစ်ကျော်မှစ၍ ဗုဒ္ဓဘာသာဝင်မြန်မာများ၏ ဓားတရမ်းရမ်း သောင်းကျန်းဖျက်ဆီးမှု ပုံရိပ်များ၊ အရှင်ဝီရသူကဲ့သို့ဘုန်းတော်ကြီးများ၏ အမုန်းပွားအမျက်သို ဟောပြောချက်များက မြန်မာနိုင်ငံတွင် အစွန်းရောက်ဗုဒ္ဓ၀ါဒ အရှိန်မြင့်တက်လာကြောင်း မီးမောင်းထိုးပြသလျက်ရှိပေသည်။ ထို့အပြင် ဆယ်စုနှစ်များစွာစစ်အုပ်ချုပ်ရေးပြီးနောက် ရရှိလာသည့် လွတ်လပ်မှုမှာ ပို၍ ပရမ်းပတာဖြစ် အကျည်းတန်လာကြောင်းလည်း လှစ်ဟပြသနေပေသည်။ တယူသန် ဗုဒ္ဓဘာသာဝင်လူအုပ်များမှ မွတ်စ်လင်မ်ဦးရေ ၂၀၀ ထက်မနည်းကို သတ်ဖြတ်လိုက်ကြပြီ၊ မွတ်စ်လင်မ်အများစုပါဝင်သော လူပေါင်း တစ်သိန်းခွဲကျော်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပြီ။

    ဖျက်ဆီးသောင်းကျန်းမှု၏ မည်သည့်ကဏ္ဍမှာမှ မိမိ မပါဝင်ကြောင်း အရှင်ဝီရသူက ငြင်းဆိုလျက်ရှိသည်။ သို့သော် သူ၏ မွတ်စ်လင်  ဆန့်ကျင်ရေးဟောပြောမှုများက အကြမ်းဖက်မှုကိုပေါက်ဖွားလာစေကြောင်း သူ၏ဝေဖန်အပုပ်ချမှုများ၌ ပေါ်လွင်နေပေသည်။

    မွတ်စ်လင်မ်တို့၏ရောင်းကုန်များကို သပိတ်မှောက်ခြင်းအပါအ၀င် လွန်ခဲ့သောနှစ်က စတင်ခဲ့သည့် ၀ါဒဖြန့်မှု မှာ မြန်မာလူ့အဖွဲ့အ စည်း၏အောက်ခြေအဆင့်တိုင် နိုင်ငံနှင့်အ၀ှန်း ကျယ်ပြန့်ကြီးထွားလာသည်။ ယင်းဝါဒဖြန့်ချက်သည်  တိုင်းပြည်အနှံ့ မပြတ် တမ်း ဟောပြောခြင်းအားဖြင့် ပျံ့နှံ့လွှမ်းမိုးလျက်ရှိသည်။ ထိုသို့လွှမ်းမိုးစေဖို့  ဒီဗီဒီအခွေများဖြင့် မုန်းတီးရေးတရားများကို အလှမ်းကျယ်စွာဖြန့်ချိသည်။ ဤလှုပ်ရှားမှုနှင့်ဆက်နွှယ်ပတ်သက်နေသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ လည်း နိုင်ငံတစ် ၀ှမ်းရှိ ဗုဒ္ဓဘာသာဝင်ကလေးငယ် ၆ သောင်းအတွက် တနင်္ဂနွေဘာသာရေးသင်တန်း ဖွင့်လှစ်နေကြ၏။

    အမုန်းတရားဖြင့်ပြည့်နှက်နေသည့် အပြောအဟောများမှာ မြန်မာနိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်းအား ခြိမ်းခြောက်လျက် ရှိသည်။ တိုင်းပြည်မြို့ရွာများ၏လုံခြုံဘေးကင်းရေးအပေါ်  အစိုးရ၏စွမ်းဆောင်မှုနှင့်ပတ်သက်၍မူ အဓိကမေးခွန်းမှာ ဗုဒ္ဓဘာသာဝင်အများစုရှိသည့်တိုင်းပြည်တွင် ဗုဒ္ဓဘာသာဝင်များအား ထိန်းသိမ်းလိုခြင်းဆန္ဒရှိမရှိဆိုသည်ပင်။

    သတ်ဖြတ်ခြင်းများမှာ ဒေသတွင်းမှကျော်လွန်လျက် မွတ်စ်လင်မ်နိုင်ငံများတွင် ဂယက်ရိုက်နေပြီ ဖြစ်၏။ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ သို့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းလိမ့်မည်၊ သမိုင်းတွင်လိမ့်မည် ဟူသော နိုင်ငံတကာ၏ မျှော်လင့်ချက် အမြင် မှာေ၀၀ါးမှေးမှိန် ခဲ့လေပြီ။ မွတ်စ်လင်မ်တို့အား စော်ကားနှိပ်စက်မှုကို လက်စားချေသောအားဖြင့် ပြီးခဲ့သည့် မေလက ဂျကာတာရှိမြန်မာသံရုံးကို ဗုံးခွဲ ရန်ကြံစည်ခဲ့ရာ မိမိတို့မှ ကာကွယ်တားဆီးနိုင်ခဲ့သည် ဟု အင်ဒိုနီးရှားအာဏာပိုင်များက ပြောကြားခဲ့ကြသည်။

    ထိလွယ်ရှလွယ်လှသော အကူးအပြောင်းကာလအတွင်း လူထုထုတ်ဖော်မှုများ၌ ကန့်သတ်မှုလျှော့ပေးထားခြင်းကို အမြတ်ထုတ် လျက်၊ အစွန်းရောက်လှုပ်ရှားမှု၏ နောက်ကွယ်ခေါင်းဆောင်ဖြစ်သူ အရှင်ဝီရသူသည် လွတ်လပ်စွာပြောဆိုခွင့် နှင့် ထိပါးစော် ကားပြောဆိုမှုအကြားမှ လမ်းကြောင်းတစ်ခုကို အသုံးချနေခြင်းဖြစ်သည်။ လက်ရှိ စစ်တပ်တစ်ပိုင်းအရပ်သားတစ်ပိုင်းအစိုးရမှ သူ့အား အာဃာတမီးမွှေးမှုကြောင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ဖူးသည်။ ယမန်နှစ်က ရာဂဏန်းရှိနိုင်ငံရေးအကျဉ်းသားများ ကို လွတ်ငြိမ်းခွင့်ပေးရာတွင် သူလည်း ညှပ်ပါလွတ်မြောက်လာခဲ့၏။

    လူ့အခွင့်အရေးအဖွဲ့တစ်ခု၏မှတ်တမ်းများအရ သူ၏လတ်တလောဟောပြောမှုများတွင်လည်း မတ်လ၊ မိတ္ထီလာမြို့မှ ကျောင်းနေ ကလေးငယ်များနှင့်အခြားမြို့ခံမွတ်စ်လင်မ်တို့၏ ဖြစ်ရပ်ဆိုးကြီးကို (၉၆၉) ခွန်အားထုတ်ဖော်မှုဟု မှတ်တမ်းတင်ခဲ့သည်။ သူက “ တ ကယ်လို့ ဦးဇင်းတို့ ပျော့ညံ့နေရင် ဒီတိုင်းပြည်က မွတ်စ်လင်မ်တိုင်းပြည် ဖြစ်သွားမယ် ” ဟု ပြောခဲ့သည်။

    ဗုဒ္ဓဘာသာဝင်တို့သည် မြန်မာနိုင်ငံ၌ ဘေးမသီရန်မခ ရှိနေကြ၏။ လူဆယ်ဦးတွင် ကိုးဦးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ စီး ပွားရေးလောက၏ထိပ်တန်းနေရာများ၊ အုပ်ချုပ်ရေး၊ စစ်တပ် နှင့် ရဲဌာနများ၌ရှိသူ အားလုံးနီးပါးမှာ ဗုဒ္ဓဘာသာဝင်များသာဖြစ်ကြ၏။ လူဦးရေ ၅၅ သန်းရှိမြန်မာနိုင်ငံတွင် မွတ်စ်လင်မ်လူနည်းစုမှာ ၄ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိသာ ရှိပြီး၊ ကျန်လူနည်းစုဝင်များမှာ အများအားဖြင့် ခရစ်ယာန်နှင့်ဟိန္ဒူဘာသာဝင်များ ဖြစ်ကြောင်း ခန့်မှန်းထားကြ၏။

    အလွန်နည်းပါးသည့်လူဦးရေပမာဏဖြစ်သော်ငြား မိမိဖာသာ အမျိုးသားသူရဲကောင်းဟု အမည်ပေးထားသော အရှင်ဝီရသူက မွတ်စ်လင်မ်တို့သည် ဗုဒ္ဓဘာသာဝင်များထက် ကလေးများစွာ ပိုယူ၍ ဗုဒ္ဓဘာသာပိုင်မြေများကို ၀ယ်ယူခြင်းဖြင့် ဗုဒ္ဓဘာသာအား ခြိမ်းခြောက်နေသည်ဟု ဆိုလျက်ရှိသည်။ ဗြိတိသျှကိုလိုနီခေတ်က မွတ်စ်လင်မ်အများစု ပါဝင်သည့် အိန္ဒိယသားများကို အရာရှိများ၊ စစ်သည်များအဖြစ် ခေါ်သွင်းလာခြင်း ဟူသော တစ်ဖက်စောင်းနင်း သမိုင်းအပိုင်းအစများအား အခါအားလျော်စွာ ဆွဲယူအ သုံးပြုနေလေသည်။ သူဖြန့်ချိနေသည့် ပြင်းထန်သော အမျိုးသားရေးအကြောင်းတရားများမှာ အခြားတိုင်းနိုင်ငံများရှိ ဗုဒ္ဓဘာသာဝင်တို့ကို အလန့်တကြား ဖြစ်သွားစေသည်။

    မတ်လအကြမ်းဖက်မှုများနောက်တွင် ဒလိုင်းလားမား က ဘာသာရေးအမည်ကိုသုံး၍ သတ်ဖြတ်ခြင်းမှာ မကြံစည်ကောင်းသည့် အမှုဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ တရားတော်အတွက် ဗုဒ္ဓမြတ်စွာမျက်နှာတော်ကို ထောက်၍ ဗုဒ္ဓဘာသာဝင်မြန်မာများအနေနှင့် ဆင်ခြင်တုံတရားထား ရှိကြရန် တိုက်တွန်းခဲ့သည်။

    အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဗုဒ္ဓဓမ္မပညာရှင်တစ်ဖြစ်လဲ ထင်ရှားသောဘုန်းတော်ကြီးဖြစ်သူ ဖရာ့ ပိုင်ဆာ့လ် ဗီဆာလို (Phra Paisal Visalo) က မြန်မာ အစွန်းရောက်ဘုန်းကြီးများမှ ထုတ်ဖော်ချပြနေသော “ ငါတို့ နှင့် သူတို့ ” အယူအဆမှာ ဗုဒ္ဓ၀ါဒနှင့် သဟဇာတမဖြစ်ကြောင်း မှတ်ချက်ပြု ခဲ့သည်။ သို့သော် သူအပါအ၀င် မြန်မာပြည်ပြင်ပမှ ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်တို့၏ ဝေဖန်တိုက်တွန်းချက်များသည် ဟုတ်တိပတ်တိ အရာမရောက်ခဲ့ကြောင်း ၀မ်းနည်းစကားဆိုခဲ့သည်။ သူက ဆက်လက်၍ “ မြန်မာဘုန်းတော်ကြီးများဟာ တော်တော့်ကို သီးခြားဆန်လာတယ်။ ကမ္ဘာတစ်ဝှန်းမှာရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင်များနဲ့လည်း ပတ်သက်ဆက်နွှယ်မှု မရှိသလောက် ဖြစ်နေတယ် ” ဟု ပြောခဲ့သည်။

    မြန်မာဘုန်းတော်ကြီးများသည် သီရိလင်္ကာနိုင်ငံနှင့်သာ ပတ်သက်မှုများပြားနေသည်။ ထိုနိုင်ငံသည် သမိုင်းကြောင်းအရ လူမျိုးရေးပြဿနာများဖြင့် အလွန်အကျည်းတန်ခဲ့သည်။ မြန်မာဘုန်းတော်ကြီးနှင့်ရဟန်းသံဃာတို့သည် သီရိလင်္ကာရှိ လူများစုဆင်ဟာလီအတွင်းမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီး များ၏ တစ်ယူသန်နိုင်ငံရေးမှိုင်းမိလျက်ရှိနေသည်။

    မြန်မာနိုင်ငံတွင်တော့ သွေးခွဲမှုပိုမိုကြီးထွားလာပြီး မွတ်စ်လင်မ်ဆန့်ကျင်ရေးဟောပြောမှုနှင့်လှုပ်ရှားမှု၌ ဆရာထက် တပည့်က လက်စောင်းပိုထက် လာတော့သည်။

    အကြမ်းဖက်မှုပွင့်ထွက်လာခြင်း ၊ သြဇာညောင်းနေသည့်အမုန်းတရားဝါဒဖြန့်ခြင်းတို့နှင့်အတူ စိတ်ပျက်ဖွယ်အကောင်းဆုံးအချက် မှာ ရွှေ ၀ါရောင်တော်လှန်ရေးဆရာတော်အချို့မှ ထိုသည်တို့တွင်ပါဝင်ခေါင်းဆောင်နေခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို စစ်အုပ် ချုပ်ရေးကိုဆန့်ကျင်ရန် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှ ငြိမ်းချမ်းစွာ ဦးဆောင်ဆင်နွှဲခဲ့ကြ၏။

    ယခုလအစောပိုင်းတွင် ဤအရေးနှင့်စပ်လျဉ်း၍ မွတ်စ်လင်မ်အုပ်စုများမှစီစဉ်သော တွေ့ဆုံမှုတစ်ခု၌ ကျောင်းထိုင်ဆရာတော်တစ်ဦးဖြစ်သူ အရှင်ဥာဏနိက (၅၅ နှစ်)မှ “ ဒီအကြမ်းဖက်မှုမျိုးဖြစ်လာဖို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး။ ၂၀၀၇ ခုနှစ်တုန်းက တို့တစ်တွေဟာ ငြိမ်းချမ်းရေး နှင့် ရင်ကြားစေ့သင့်မြတ်ရေးအတွက်သာ ကြွေးကြော်ခဲ့ကြတာပါ ” ဟု ပြောကြားခဲ့သည်။ (အရှင် ဟူသည် မြန်မာ ဘုန်းတော်ကြီးများ၏ အမည်ရှေ့တွင် လေးစားသမှုဖြင့် တပ်ခေါ်သည့်အသုံးအနှုန်းဖြစ်သည်)။ ရန်ကုန်မြို့၊ ဘုန်းတော်ကြီးစာသင်ကျောင်းဆ ရာတော်တစ်ဦး ဖြစ်သော အရှင်ဆန္ဒ၀ရ ကလည်း နိုင်ငံတွင်းရှိသံဃာများတွင် အစွန်းရောက်သူ နှင့် မျှတသူ ဟူ၍ နှစ်ခြမ်းကွဲနေသည်မှာ အင်အားထက်ဝက်စီခန့်ရှိသည်ဟု သုံးသပ်သွားခဲ့သည်။ သူက မိမိသည် အလယ်အလတ်လမ်းစဉ်သမားဟု သတ်မှတ် ထား၏။ သို့သော်လည်း လူအဖွဲ့အစည်းအတွင်း၌ မွတ်စ်လင်မ်များ အပေါ်ရှိသည့်သံသယများ နက်ရှိုင်းနေသဖြင့် “မွတ်စ်လင်မ်တို့၏လူဦးရေသည် အလွန်လျင်မြန်စွာ တိုးပွားနေသဖြင့် မိမိသည် မွတ်စ်လင်မ် တို့ကို ကြောက်ရွံကြောင်း” ဟု ပြောဆိုခဲ့သည်။

    အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် လူဦးရေပေါက်ကွဲလာသည်ဟူသော လူအချို့၏ဖော်ပြချက်ကို မှီပြီး အရှင်ဝီရသူကလည်း ယင်းစိုးရိမ်စိတ်ကို ပုံကြီးချဲ့လျက်ရှိသည်။ လူဦးရေ တစ်သန်းခန့်ရှိပြီး ဌာနီမဲ့ရိုဟင်ဂျာမွတ်စ်လင်မ် လူမျိုးစုအနက်အချို့သည် ဘင်္ဂလားဒေ့ရှ်ဖက် မှပြောင်းရွှေ့အခြေချ လာသည်ဟုဆိုကာ မြန်မာနိုင်ငံတွင် မုန်းတီးချိုးနှိမ်လိုမှု ကြီးမားကျယ်ပြန့်နေသည်။ ယမန်နှစ်က မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်နှင့်ရိုဟင်ဂျာတို့အကြား ဖြစ်ပွားခဲ့သောပြဿနာသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းသို့ စိမ့်ဝင်လာခဲ့ပြီးနောက်ဝယ် နိုင်ငံတစ်ခွင် အကြမ်းဖက်မှုများ ပွင့်အံလာခဲ့သည်။ ၄င်းတို့သည် မိမိ၏အတွေးအမြင် မှန်ကန်ကြောင်း ထောက်ပြနေသကဲ့သို့ဖြစ်သည်ဟု အရှင်ဝီရသူမှ ပြောသည်။ လူတို့ကိုပြောကြားလေ့ရှိသည့် သူ၏ လက်စွဲစကားမှာ “ ငါတို့မြေမှာနေ၊ ငါတို့ရေကိုသောက်၊ ငါတို့ကိုကျေးဇူးကန်းသူများ ” ဟူ၍ ဖြစ်သည်။

    “ လိုအပ်ပါလျှင် ငါတို့အရိုးစည်းရိုးထိုး၍ ကာကွယ်သင့်ကကာကွယ်ရမည် ” ဟူသောဆောင်ပုဒ်ကိုထုတ်သော်လည်း ၄င်း၌ မွတ်စ်လင်မ်များ ဟု ပြောင်ပြောင်တင်းတင်း ဖော်ပြခြင်း မရှိချေ။ သို့သော် မွတ်စလင်မ်တို့ကိုပင် ရည်ညွှန်းသည်ဟု အရှင်ဝီရသူက ဆိုသည်။ သူ့ဟောပြောချက် လက်ကမ်း စာစောင်၌ “ မြန်မာတို့သည် ယဉ်ကျေးမှုအားလုံးကို အမြစ်လှန်မည့် အန္တရာယ်အကြီးဆုံး နှင့် ကြောက်စရာအကောင်းဆုံး အဆိပ်နှင့် ကြုံတွေ့နေရသည် ” ဟူ၍ မွတ်စ်လင်မ်တို့အား ပုံဖော်ထား၏။

    မြန်မာနိုင်ငံမှလူအများစုသည် ခိုင်လုံသောသက်သေသာဓက မရှိသော်လည်း ထင်မြင်ယုံကြည်နေကြသည်မှာ –  ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင် မှုကို မျှော်မှန်းထားသော နိုင်ငံတွင်းရှိ အမာခံဗုဒ္ဓဘာသာအုပ်စုများက အရှင်ဝီရသူ၏ အမျိုးသားရေးလှုပ်ရှားမှုအား ကကြိုးတန်ဆာအဖြစ်အသုံးချလို၍ သူနှင့် မဟာမိတ်ဖွဲ့ထားခြင်းဖြစ်သည် ဟူ၏။ ယင်းသို့ ချိတ်ဆက်မှုမျိုး အလျဉ်းမရှိကြောင်း အရှင်ဝီရသူက ငြင်းဆိုထားသည်။

    သို့သော် အစိုးရပိုင်းက သူ့အား စိုးစဉ်းမျှပင် မထိန်းကွပ်ဘဲ ဇက်လွှတ်ပေးထားလေသည်။ အရှင်ဝီရသူ တောင်ကြီးသို့ ရောက်စဉ်က ယာဉ်ထိန်းရဲများ သည် သူ၏ယာဉ်တန်းအတွက် လမ်းရှင်းပေးရသည်အထိ ပြုလုပ်ပေးခဲ့ကြသည်။

    စည်းရုံးရေးခရီးစဉ်တစ်ခုအနေနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ရောက်လာရာတွင် သူသွားရာလမ်းတလျှောက် သူ့အားဦးချသူလူအုပ်များ အကြားမှ သူ့နောက်လိုက်များသည် တန်းစီဖြတ်သန်းသွားခဲ့ကြသည်။

    အရှင်ဝီရသူ၏လှုပ်ရှားမှုကို ၉၆၉ ဟုအမည်ပေးထားပြီး ၄င်းမှာ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၏ဂုဏ်တော်များကို ဂဏန်းသင်္ကေတဖြင့် ကိုယ်စားပြုထားသည်ဟု သံဃာများက ဆိုကြသည်။

    ၉၆၉ နံပါတ်ဖြင့်ပုံဖော်ထားသည့်အမှတ်တံဆိပ် စတစ်ကာများမှာ နိုင်ငံတစ်ဝှန်း နေရာအနှံ့ရှိ ကား၊ ဆိုင်ကယ် နှင့် ဆိုင်များတွင် မမြင်ချင်မှ အဆုံး ဖြစ်နေသည်။ တဖန် ထပ်တိုးလှုပ်ရှားမှုအဖြစ် ဘာသာခြားတို့နှင့်လက်ထပ်ခြင်းကို ပိတ်ပင်ရေးအတွက် လူထု၏ထောက်ခံ လက်မှတ်ကောက်ယူမှု ပြုလုပ်နေသည့်အပြင်၊ ရှောင်ကြဉ်ရမည့် မွတ်စ်လင်မ်တံဆိပ်နှင့်ဆိုင်များစာရင်းပါ လက်ကမ်းစာစောင်များကိုလည်း တရားပွဲတွင် ဖြန့်ဝေလျက်ရှိသည်။

    ရန်ကုန်မြို့၏အရှေ့တောင်ဖက်တွင်တည်ရှိပြီး လူမျိုးဘာသာယဉ်ကျေးမှုစုံရှိသည့် မော်လမြိုင်မြို့တွင် ၉၆၉ လှုပ်ရှားမှု နှင့် ချိတ်ဆက်ထားသော ဘုန်းတော်ကြီးကျောင်းတစ်ခုသည် ကလေးငယ်များအတွက် ဗုဒ္ဓဘာသာသင်ရိုးတစ်ခုကို ပြဋ္ဌာန်းလိုက်သည်။ ယင်းသင်တန်းကို တနင်္ဂနွေ ဓမ္မသင်တန်းဟု ခေါ်ကြသည်။ ၄င်းဒေသရှိကျောင်းထိုင်ဘုန်းကြီးများက  ၄င်းတို့၏လှုပ်ရှားမှုကို ဗုဒ္ဓဘာသာပြန်လည်ရှင်သန်ရေး ဟုဆိုကာ ရုပ်လုံးဖော်ရန်ကြိုးစားနေကြသည်။
    “ အမျိုးဘာသာသာသနာ မကွယ်ပျောက်ဖို့က အရေးကြီးဆုံးအချက်ဖြစ်တယ် ” ဟု မြို့ပြင်ရှိ မြစေတီနန်းဦးကျောင်းတိုက်မှဆရာတော် အရှင်ဇာသိလက ပြောဆိုခဲ့သည်။

    ယင်းလှုပ်ရှားဆောင်ရွက်မှုမှာ မည်သည့်အန္တရာယ်အငွေ့အသက် မပါဝင်ဟု ဆိုသော်လည်း မွတ်စ်လင်မ်အများအပြားကမူ စိုးရိမ်မကင်း ဖြစ်လျက်ရှိ သည်။

    အရှင်ဝီရသူမှ တောင်ကြီးမြို့တွင်း ဟွန်းသံတညံညံဆိုင်ကယ်အစီး ၆၀ ပါဝင်သည့် ယာဉ်တန်းကြီးဖြင့် မလှည့်လည်မီ နှစ်နာရီအလိုတွင် မြို့မဈေးကြီးရှိမွတ်စ်လင်မ်ဆိုင်ရှင်တစ်ဦးဖြစ်သူ ထွန်းထွန်းနိုင်သည် အရောင်းအ၀ယ် ခေတ္တရပ်ဆိုင်ပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပေသည်။
    “ ကျွန်တော် တော်တော့်ကို ထိတ်လန့်နေပါပြီ။ မလိုအပ်ဘဲ အပြင်ကိုလုံးဝမထွက်ဖို့ ကလေးတွေကို ကျွန်တော်တို့ မှာကြားပြောဆိုနေရပါတယ် ”။

    ( သာကီထက်ကောင်း )

    The New York Time တွင် ဖော်ပြခဲ့သည့် ၏  Extremism Rises Among Myanmar Buddhists ဆောင်းပါးကို သာကီထက်ကောင်း ဆီလျော်အောင် ဘသာပြန်ဆိုပါသည်။

  • ဆန့်ကျင်ဖက် သံဃာများ (ဘာသာပြန်)

    ဇွန် ၂၀၊၂၀၁၃
    M-Media
    ဘာသာပြန်-သာကီထက်ကောင်း

    မွတ်စ်လင်မ်ဆန့်ကျင်ရေး ၉၆၉ အစွန်းရောက်လှုပ်ရှားမှုများ၏ ကြီးစိုးလာသောပုံရိပ်များကို မြန်မာနိုင်ငံရှိ ဆိုင်များ၊ အငှားယာဉ်ရှေ့ဖက်မှန်ချပ်များ၌ အမျက်ကြီးစွာ စူးစိုက်ကြည့်သယောင် ပေါ်လွင်လျက် ရှိသည်။ လမ်းမများတလျှောက် ပျံကျခွေရောင်းသူများထံမှတဆင့် နာမည်ကြီး ၉၆၉ ဂိုဏ်းဘုန်းတော်ကြီးတို့၏ တရားမ၀င် DVD တရားခွေများမှာလည်း ကိုးရီးယား ဇာတ်လမ်းတွဲခွေများနှင့်အပြိုင် ရောင်းကောင်းလျက် ရှိနေသည်။ ယင်းစစ်ဆင်ရေးမှာ ထင်သာမြင်သာ ကျယ်ပြန့်လာသည့်တိုင်အောင်  ဗုဒ္ဓဘာသာဝင်နှင့်မွတ်စ်လင်မ်တို့အကြားသွေးခွဲရေး ၄င်းတို့၏အစွန်းရောက်တရားများသည် လူတိုင်းက လက်ခံယုံကြည်သောအနေအထားသို့ ရောက်မလာခဲ့ချေ။

    ဤအငြင်းပွားဖွယ်ရာလှုပ်ရှားမှုအမြင်များနှင့်ပတ်သက်၍ ၉၆၉ ခေါင်းဆောင်တစ်ဦးဖြစ်သူ မြနန်းဆရာတော် ဥူးသဓမ္မ ကိုလည်းကောင်း၊ ၉၆၉ ဆန့်ကျင်သူဘုန်းတော်ကြီး ဥူးပဏ္ဍ၀ံသ ကိုလည်းကောင်း ဧရာဝတီသတင်းဌာနမှ တွေ့ဆုံမေးမြန်းခဲ့သည်။

    “ တိုင်းပြည်မငြိမ်သက်မှုနောက်ကွယ်၌ ၉၆၉ ရှိသည်ဆိုခြင်းမှာ အဓိပ္ပာယ်မဲ့စကား ဟူသည့်အမြင် ”

    (မြနန်းဆရာတော် ဥူးသဓမ္မ နှင့် အင်တာဗျူး)

    pro-969-Myanan-Sayadaw-U-Thaddhamma(မေး)  ၉၆၉ လှုပ်ရှားမှု ဆိုတာ ဘာပါလဲ ?
    (ဖြေ)  ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ဆိုတဲ့ ဗုဒ္ဓ၀ါဒရဲ့ယုံကြည်ချက်ဗဟိုစည်းမျဉ်း ရတနာသုံးပါး ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ နှလုံးသားမှာ ဒီအချက်တွေ ရှိမနေယင် အယူဝါဒ ပျက်သုဉ်းတာပါဘဲ။ ၉၆၉ က ဒီသုံးချက်ကို ကိုယ်စားပြုတာ။ ဗုဒ္ဓ၀ါဒကိုယ်စားပြု ဂဏာန်းနံပါတ်ကို တီထွင်ထားရတာကတော့ ဗုဒ္ဓဘာသာဝင်အပေါင်း ရတနာသုံးပါးကို ဆင်ခြင်နှလုံးသွင်းနိုင်ရေးအတွက် နှိုးဆော်ချက်တစ်ရပ်၊ စိတ်မ၀င်စားသူများအကြား သာသနာပြန့်ပွားလာရေးအတွက် နှိုးဆော်မှုတစ်ခုသာဖြစ်တယ်။

    (မေး)  ၉၆၉ လှုပ်ရှားမှုက အချိန်ကာလ ဘယ်လောက်ကြာပါပြီလဲ ?
    (ဖြေ)  သာသနာပြန့်ပွားရေးအတွက် ဘုန်းဘုန်းလုပ်ကိုင်နေတာ တော်တော်ကြာပါပြီ။ ဒါပေမယ့် ၉၆၉ နဲ့ပတ်သက်ပြီး ခြောက်လပဲ ရှိပါသေးတယ်။ ဒါဟာ ရာနဲ့ချီတဲ့သံဃာတော်တွေကို ဗုဒ္ဓဓမ္မသင်ကြားပေးနေကြတဲ့ မော်လမြိုင်က ဓမ္မာစရိယ ဆရာတော်တွေဆီက မြစ်ဖျားခံပေါက်ဖွား လာခြင်းဖြစ်တယ်။ တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ်ပြုလုပ်ပြီးတဲ့နောက် ဒီလုပ်ငန်းစဉ်ကို စတင်ခဲ့ကြတယ်။

    (မေး)  ဒီလုပ်ငန်းစဉ်ကို မွတ်စ်လင်မ်ဆန့်ကျင်ရေးလို့ ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြတယ်။ ဒါနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ မှတ်ချက်ပေးမိန့်ကြားလိုတဲ့အချက်များ ရှိပါသလား ?
    (ဖြေ)  ဒါက ထင်ယောင်ထင်မှားကိစ္စသာဖြစ်ပါတယ်။ အခြားဘာသာတရားတွေကို အလိုမရှိကြောင်း ပြောဆိုချက်ဟာ ဘုန်းဘုန်းတို့နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘုန်းဘုန်းတို့က ဗုဒ္ဓဘာသာအတွက် အလုပ်လုပ်ခြင်းသာဖြစ်တယ်။ ဘုန်းဘုန်းတို့လုပ်ကိုင်ဆောင်ရွက်မှုအပေါ် လူထုက အမြင်အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တခြားဘာသာတရားတွေကို အနိုင်ယူဖို့ ဘုန်းဘုန်းတို့ လုပ်နေတာမဟုတ်ဘူး၊ မိမိဘာသာတရားကို ခိုင်မာအောင်ပြုလုပ်နေခြင်းသာဖြစ်တယ်။

    (မေး)  မွတ်စ်လင်မ်ဆန့်ကျင်ရေး လတ်တစ်လောအကြမ်းဖက်မှုတွေကိုကြည့်ယင် ဖျက်ဆီးခံအဆောက်အဦနံရံတွေမှာ ၉၆၉ သင်္ကေတတွေကို ဆေးမှုတ်ရေးသားထားတွေ့ရတော့ ဒီအကြမ်းဖက်မှုနောက်ကွယ်မှာ ၉၆၉ တည်ရှိနေတာလား ?
    (ဖြေ)  ဒီအမှတ်သင်္ကေတကို လူတွေဘယ်လိုအသုံးချကြသလဲဆိုတာ ဒကာတို့ သတိထားအပ်တယ်။ လူတစ်ချို့ဟာ မိမိတို့အရေးကိစ္စအတွက် ဒါကို ခုတုံးလုပ်အသုံးချတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဘုန်းဘုန်းတို့ ရည်ရွယ်ချက် ပန်းတိုင်က အဲ့ဒါမျိုး မဟုတ်ဘူး။ မော်လမြိုင်က ၉၆၉ စတင်မြစ်ဖျားခံလာပုံကို ထပ်ပြီး အသိပေးပါရစေ။ အကယ်၍ ဘုန်းဘုန်းတို့ဟာ ဒီပဋိပက္ခတွေဖြစ်လာဖို့ ကြံစည်ခဲ့မယ်ဆိုယင် မော်လမြိုင်ဟာ ပထမဆုံးပစ်မှတ်ဖြစ်နေမှာပေါ့။ ဘုန်းဘုန်းတို့ ၉၆၉ တရားပွဲပြုလုပ်ခဲ့တဲ့ မြန်မာပြည်တောင်ပိုင်းနဲ့ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ ဘာသာရေးပဋိပက္ခဖြစ်တဲ့ သတင်းတစ်စုံတစ်ရာမှ မရရှိသေးပါဘူး။ ဒီအချက်တွေကိုကြည့်ယင် လူအချို့က ဒီအမှတ်သင်္ကေတကို တလွဲအသုံးချနေတယ်လို့ သုံးသပ်နိုင်ပါတယ်။

    (မေး)  တကယ်လို့ ဒီသင်္ကေတကို လူထုက တလွဲအသုံးချတယ်ဆိုယင် သူတို့နဲ့ပတ်သက်ပြီး ဘာများ မိန့်ကြားလိုတာ ရှိပါသလဲ ?
    (ဖြေ)  ရတနာသုံးပါးဟာ လူတွေရဲ့အသိစိတ်ထဲကို ငြိမ်းချမ်းမှုစီးဆင်းစေတဲ့ ရေအလား ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ဟာ ရေတိုက်ကျွေးသူများနဲ့တူပါတယ်။ ဒီအရာထဲ လူအချို့ အဆိပ်ခပ်ခြင်းကိစ္စက ဘုန်းဘုန်းတို့နဲ့ ဘာမှမပတ်သက်ပါဘူး။  သူတို့ဟာ တလွဲအသုံးချနေတယ်လို့ဘဲ ဆိုရမှာဖြစ်တယ်။ သူတို့ရဲ့မိုက်မဲမှုကို ပြစ်တင်ရှုတ်ချရမှာဖြစ်တယ်။ ဒီအမှတ်သင်္ကေတကို လွဲမှားစွာအသုံးချခြင်းက ဘာသာရေးအရ မမှန်ကန်ဘူး။ မိမိတို့ရဲ့ ကိုယ်ကျိုးအတွက် ဘာသာရေးကို ခုတုံးမလုပ်ကြဖို့ သတိပေးလိုပါတယ်။ သူတို့ဟာ ရလဒ်ဆိုးနဲ့ အဆုံးသတ်သွားပါလိမ့်မယ်။

    (မေး)  ဒီလှုပ်ရှားမှုကနေ ဘာသာရေးဆိုင်ရာပဋိပက္ခများ ဖြစ်လာနိုင်တယ်လို့ စဉ်းစားခဲ့ဖူးပါသလား ?
    (ဖြေ)  ရိုးရိုးသားသားဆိုရယင်တော့ မတွေးမိခဲ့ဖူးပါဘူး။ ယောင်လို့တောင် မစဉ်းစားမိဖူးပါဘူး။ ကနဦးက ဖော်ပြထားတဲ့ အတိုင်း ဘုန်းဘုန်းတို့က (တရား)ရေအေးတိုက်ကျွေးသူတွေပါ။ မကောင်းတဲ့အကျိုးဆက်ဖြစ်ရပ်ကြောင့် ဟောပြောခွင့် ပိတ်ပင်မယ်ဆိုယင်တော့ ဥာဏ်အမြော်အမြင်မရှိဘူးလို့ ဖော်ပြရာရောက်နေပါတယ်။ မတည်ငြိမ်မှုအတွင်း ဖြစ်ပျက်ခဲ့တဲ့ အရာတွေဟာ မဖြစ်သင့်မဖြစ်အပ်တဲ့အရာတွေလို့ဘဲ ဆိုရပါလိမ့်မယ်။

    (မေး)  ၉၆၉ တရားပွဲတွေမှာ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒ္ဓဘာသာဝင်ရဲ့ဆိုင်တွေမှာသာဝယ်ယူကြဖို့ တိုက်တွန်းနေကြတယ်။ ဒါဟာ ချိုးနှိမ်မှုလုပ်ရပ်လို့ မထင်မြင်မိဘူးလား ?
    (ဖြေ)  ဘာသာခြားတွေနဲ့အရောင်းအ၀ယ်မလုပ်ရဘူးလို့ ဘုန်းဘုန်းကတော့ ဟောပြောခဲ့တာမျိုး မရှိဘူး။ ဗုဒ္ဓဘာသာဝင်တွေအချင်းချင်း ကူညီရိုင်းပင်းကြဖို့ဘဲ အားပေးခဲ့တယ်။ တခြားဘာသာဝင်တွေက သူတို့အချင်းချင်းရဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ အားပေးကြဖို့ မကြာခဏ ရှေ့တန်းတင်နေလေတော့ ဘုန်းဘုန်းတို့လည်း ကိုယ့်ဘာသာဝင်အချင်းချင်းရဲ့စီးပွားရေးကို အားပေးကူညီမှု မပြုအပ်ပေဘူးလား။ တကယ်လို့ သူတို့(မွတ်စ်လင်မ်တွေ) မှာ ဒီစည်းမျဉ်းမျိုး အမှန်တကယ်ရှိနေတယ်ဆိုယင် ဘုန်းဘုန်းတို့လည်း ဗုဒ္ဓဘာသာတည်တံ့ဖို့ ကိုယ်ပိုင်စည်းမျဉ်းကို ပြုလုပ်ကြရမှာပါဘဲ။

    (မေး)  ဗုဒ္ဓ၀ါဒက အန္တရာယ်ရှိတဲ့အနေအထားကို ကျရောက်နေပြီလား ?
    (ဖြေ)  မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာ အထွန်းကားဆုံး တစ်ခုတည်းသောတိုင်းပြည်ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေက ဘာသာအယူဝါဒကို စိတ်ဝင်စားမှုလျော့နည်းလာတာနဲ့အမျှ ဘုန်းဘုန်းတို့သာသနာဟာလည်း အန္တရာယ်အနေအထားကို ရောက်ရှိသွားနိုင်တယ်။ ဒါကြောင့် လူတွေကို ဘာသာရေးမှာ ပိုမိုစိတ်အားထက်သန်လာစေဖို့ ဘုန်းဘုန်းတို့ ကြိုးစားဆောင်ရွက်နေခြင်းဖြစ်တယ်။

    (မေး)  ၉၆၉ ဟာ အမြင်ကျဉ်းအစွန်းရောက်တဲ့ ဘာသာရေးလှုပ်ရှားမှုဖြစ်တယ်လို့ဆိုနေသူများအပေါ် ဘယ်လိုတုန့်ပြန်မိန့်ကြားလိုပါသလဲ ?
    (ဖြေ)  ဘုန်းဘုန်းတို့ရဲ့လုပ်ငန်းစဉ်ကို အနီးကပ်မလေ့လာဘဲ ပြောဆိုနေကြသူတွေသာဖြစ်တယ်။ ဒီလှုပ်ရှားမှုဟာ ပညာရှိဘုန်းတော်ကြီးများကနေ ဦးဆောင်နေတဲ့အတွက် ကျဉ်းမြောင်းတဲ့ဘာသာရေးအယူအဆအတွေးအမြင် မဟုတ်ဘူး၊ အလွန်အမြော်အမြင်ကြီးတဲ့အရာလို့ ရဲရဲဝံ့ဝံ့ မှတ်ယူနိုင်ပါတယ်။ ပေးခဲ့တဲ့ဥပမာအတိုင်း ဘုန်းဘုန်းတို့ဟာ ရတနာသုံးပါးဆိုတဲ့ (တရား)ရေအေးတိုက်ကျွေးသူများသာဖြစ်ကြောင်း ကမ္ဘာသိအောင် ပြောကြားလိုပါတယ်။ အခြားဘာသာတရားတွေကို အလိုမရှိကြောင်း ပြောဆိုချက်ဟာ ဘုန်းဘုန်းတို့နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘုန်းဘုန်းတို့က ဗုဒ္ဓဘာသာအတွက် အလုပ်လုပ်ခြင်းသာဖြစ်တယ်။

    ၉၆၉ နှင့် ပတ်သက်ပြီး တရားပွဲ ရုပ်သံမှတ်တမ်းများ ကြည့်ရှု့ရန်

    http://www.youtube.com/watch?v=viFU8KvvNYI&list=PLrN3vEHYCFKLVqhj_q2JJEDw6nYSNvQa0&index=1

    Pa Aan_ Kayin_State
    ကရင်ပြည်နယ်က ၉၆၉ လှုပ်ရှားမှု ဖြစ်စဉ်တွေထဲက တခု

    “ ရဟန်သံဃာဘုန်းတော်ကြီးများ အသုံးချခံနေရသည် ဟူသော အမြင် ”

    (ဆရာတော် ဥူးပဏ္ဍ၀ံသ နှင့် အင်တာဗျူး)

    anti-969-u-pantavunsa-1(မေး)  ၉၆၉ လှုပ်ရှားမှုအပေါ် ယုံကြည်မှု ရှိပါသလား ?
    (ဖြေ)  လုံးဝ အယုံအကြည် မရှိပါဘူး။ တကယ်လို့ ဒီလှုပ်ရှားမှုက တရားနှလုံးသွင်းဖို့ ဒါမှမဟုတ် ဗုဒ္ဓသာသနာတော် ပြန့်ပွားဖို့သာဆိုယင် သိပ်ကောင်းတာပေါ့။ ဒါပေမယ့် အခု ဘာဖြစ်လာသလဲ။ လူတစ်ချို့က ၉၆၉ ကို အကာအကွယ်တစ်ခုအဖြစ်အသုံးပြုပြီး ဘာသာရေးတိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်လာတယ်၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ပွားလာအောင် ဖန်တီးနေကြတယ်။ ဒါဟာ (သူတို့ပြောတဲ့) မူလလမ်းစဉ်ကနေ သွေဖည်နေတာပါဘဲ။ ကမ္ဘာပေါ်မှာ ဘာသာတရားကြီးလေးခု တည်တံ့နေဆဲပါ။ Globalization ခေတ်မှာ မိမိဘာသာတရားအကျိုးအတွက် တခြားဘာသာတရားကို ဆန့်ကျင်ချိုးနှိမ်ဖို့ လူတွေကို တွန်းအားပေးခြင်းက အဓိပ္ပာယ် မရှိပါဘူး။ ဒီအတွေးအမြင်ဟာ ဒီမိုကရေစီကူးပြောင်းရေးနည်းစဉ်နဲ့လည်း လမ်းချော်သွားစေပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေးကို လက်မခံအောင် တားဆီးရာလည်း ရောက်နေပါတယ်။ ထေရ၀ါဒဓမ္မစည်းမျဉ်းအရ ဘုန်းဘုန်းတို့ဟာ ဗုဒ္ဓဘုရားရှင်ရဲ့ သွန်သင်မှုအဆုံးအမကိုသာ လိုက်နာရမှာဖြစ်တယ်။ လက်ရှိ ၉၆၉ လှုပ်ရှားမှုခေါင်းဆောင်တွေရဲ့စကားတွေလို ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တာမျိုး အလျဉ်း မရှိခဲ့ပါဘူး။

    (မေး)  ဗုဒ္ဓဘုရားရှင်ဟာ ဗုဒ္ဓဘာသာကိုသာလျှင် ဗုဒ္ဓဘာသာဝင်များက ကျားကန် ကူညီပေးရမယ်လို့ ဟောကြားခဲ့ပါသလား ?
    (ဖြေ)  လုံးဝ မရှိခဲ့ပါဘူး။ ဗုဒ္ဓဘုရားရှင်မှာ အယူကွဲပြားတဲ့ ပြိုင်ဖက်များစွာရှိခဲ့ပေမယ့် သူတို့ကို ဆန့်ကျင်တဲ့တရား မဟောကြားခဲ့ပါဘူး။ အလွန်ကျော်ကြားလူသိများတဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ဗုဒ္ဓကိုယ်တော်ရဲ့ပြိုင်ဖက်တစ်ဦးကို ကူညီကျားကန်ပေးတဲ့ သူကြွယ်တစ်ဦးရှိခဲ့တယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်ရဲ့တရားကိုနာကြားပြီးတဲ့နောက်ပိုင်းမှာ အဆင့်မြင့် ရဟန္တာတစ်ပါး ဖြစ်သွားခဲ့ပါတယ်။ ဒီအခြေအနေမှာတောင်မှ ဗုဒ္ဓကိုယ်တော်က သူ့ကို မိမိရဲ့မိတ်ဆွေရောင်းရင်းဟောင်းတွေအပေါ် ဆက်လက်ကူညီသွားဖို့ မိန့်ကြားခဲ့တယ်။ အခြားဘာသာတရားတွေကို ဆန့်ကျင်ဖို့ ဗုဒ္ဓဘုရားရှင်က မိမိသားတော်သာဝကတွေကို သွန်သင်မှု အလျဉ်းမရှိခဲ့ကြောင်း ဒီအချက်က ပြသနေပါတယ်။ ရဟန်းသံဃာတွေက ၉၆၉ လှုပ်ရှားမှုကို ရှေ့တန်းကဦးဆောင်နေပေမယ့် မိမိတို့စကားကြောင့် ပျက်ရာပျက်ကြောင်းဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ချက်ရှိပုံမရပါဘူး။ သူတို့ဟာ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်ပွားစေလိုတဲ့ လူတစ်ချို့ရဲ့ ဓားစားခံများသက်သက် ဖြစ်နေတာပါ။

    (မေး)  အသုံးချခံနေရတယ်လို့ဆိုယင် အသုံးချသူက ဘယ်သူပါလဲ ?
    (ဖြေ)  ဘုန်းဘုန်းအနေနဲ့ သိနိုင်ဖို့ အလှမ်းဝေးပါတယ်။ သို့သော်လည်း လက်ရှိအကြမ်းဖက်နေတဲ့ပုံစံကို လေ့လာကြည့်ယင် အကြမ်းဖက်သမားတွေဟာ စံနစ်တကျကြိုတင်ပြင်ဆင်ထားတယ်၊ ပြီးတော့ သူတို့နောက်မှာ ကြိုးကိုင်သူရှိနေတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။ မွန်ပြည်နယ်ထဲမှာ ဟောပြောထားတဲ့ ၉၆၉ ဒီဗီဒီခွေပေါင်း သုံးသောင်းကျော်ကို ရန်ကုန်မြို့ထဲ ဖြန့်ဝေခဲ့ကြတယ်။ ဒါဟာ အလွန်များပြားတဲ့ပမာဏအထိ ဖြန့်ချိနိုင်အောင် တာဝန်ယူကျားကန်ပေးသူ(sponsor) ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားပါဘဲ။ ဖြစ်နိုင်စရာ အမျိုးမျိုးရှိပါတယ်။ စစ်အာဏာရှင်ဟောင်းတွေနဲ့အလွမ်းသင့်ခဲ့တဲ့ ခရိုနီတွေလား ဒါမှမဟုတ် ပြုပြင်ပြောင်းလဲမှုကို အလိုမရှိကြတဲ့အတွက် တိတ်တဆိတ် ငွေကြေးထောက်ပံ့ပေးနေသူတွေလား – ဘယ်သူသိနိုင်မလဲ ။

    (မေး)  ရဟန်းသံဃာဘုန်းတော်ကြီးများက မွတ်စ်လင်မ်ဆန့်ကျင်ရေးလုပ်ဖို့ ဟောပြောနေတာကို ဘယ်လိုမြင်ပါသလဲ?
    (ဖြေ)  သူတို့လုပ်ရပ်တွေဟာ နိုင်ငံတော်လက်အောက်ခံ သံဃာ့မဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့ ဆန့်ကျင်နေတာတော့ အမှန်ပါဘဲ။ ဘုန်းဘုန်း မနှစ်မြို့တဲ့အချက်တစ်ခုရှိတယ်။ တရုတ်ပြည်ရဲ့ လက်ပံတန်းတောင်ကြေးနီစီမံကိန်းအပေါ် ရဟန်းသံဃာအပါအ၀င် ဆန္ဒပြကြသူတွေကို အစိုးရက အလွန်အကျွံ အင်အားသုံးဖြိုခွဲခဲ့တယ်။ မွတ်စ်လင်မ်တွေကို သူတို့မျက်စေ့ရှေ့မှောက်မှာ ရိုက်နှက်၊ သတ်ဖြတ်၊ မီးလောင်တိုက်သွင်းနေတဲ့ကိစ္စကျတော့ အကြမ်းဖက်သမားတွေကို တားဆီးဖို့ သေနတ်တစ်ချက်မှ မဖောက်ခဲ့ကြဘူး။ ဒါဟာ တကယ့်ကို စိတ်ထဲမတင်မကျခံစားနေရတယ်။ နောက်တစ်ဖက်ကျပြန်တော့လဲ ၉၆၉ ဘုန်းကြီးတွေရဲ့ ဟောပြောမှုတွေက လူ့အဖွဲ့အစည်းကြီးနှစ်ခုအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ပိုပြီး အခက်တွေ့လာစေတယ်။ ဘုန်းတော်ကြီးတစ်ချို့ကို ဒီမိုကရေစီတရား မဟောပြောဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို လူရှေ့ထွက် မိန့်ခွန်းမဆိုဖို့ တစ်ချိန်က သူတို့ပဲ တားမြစ်ပိတ်ပင်ခဲ့ကြတယ်။ ဒီကာလမှာကျတော့ သူတို့က ဘာလို့ အလားတူ အရေးယူမှုမျိုး မလုပ်ကြတာလဲ ?

    (မေး)  ၉၆၉ လှုပ်ရှားမှု အထူးရေပန်းစားလာရတာ ဘာကြောင့်လို့ထင်ပါသလဲ ?
    (ဖြေ)  အာဏာပိုင်တွေက လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု မလုပ်ကြလို့ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအများစုဟာ သဘောထားကြီးနားလည်မှုရှိနေကြပေမယ့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မလှန်နိုင်တာလဲ ပါတယ်။ ဒါဟာ ဘာနဲ့အလားသဏ္ဍာန်တူနေလဲဆိုတော့ တစ်ချိန်တုန်းက စစ်တပ်မကောင်းကြောင်းပြောတဲ့သူ မည်သူ့ကိုမဆို ဒို့တစ်တွေ လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့တဲ့ ပုံဟန်မျိုးပါဘဲ။

    (မေး)  အကြမ်းဖက်မှု မကျယ်ပြန့်လာအောင် အစိုးရက မတားမြစ်မဆောင်ရွက်နိုင်ခဲ့တာ ဘာကြောင့်ပါလဲ ?
    (ဖြေ)  အကြမ်းဖက်မှု ဒီလောက်ကျယ်ပြန့်လာလိမ့်မယ်လို့ သူတို့မတွေးမိတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ၉၆၉ ကို ကြပ်မတ်ကိုင်တွယ်မှု မပြုခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သမ္မတကြီးက နိုင်ငံတော်မတည်ငြိမ်မှုကို နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ကြဖို့ မေတ္တာရပ်ခံလင့်ကစား အချို့အာဏာပိုင်များက အဲ့ဒီကဏ္ဍကို အစီအစဉ်ချမှတ်ဆောင်ရွက်ဖို့ နေနေသာသာ ၊ ပြောင်ပြောင်တင်းတင်း လျစ်လျူရှုနေတာကတော့ အလွန်စိတ်ပျက်စရာကောင်းလှပါတယ်။ အထက်က အမိန့်ကို စောင့်ဆိုင်းနေပါတယ်ဆိုတဲ့ ဆင်ခြေကိုဘဲ တစိုက်မတ်မတ် ပေးနေကြတယ်။ တိုတိုပြောရယင် အစိုးရရဲ့ တလွဲတချော် စီမံခန့်ခွဲကိုင်တွယ်မှုကို အပြစ်တင်ရမှာဖြစ်ပါတယ်။

    ( ၂၀၁၃ ခုနှစ်၊ ဇွန်လထုတ် ဧရာဝတီမဂ္ဂဇင်း မှ Two Sides of the Sangha  ဆောင်းပါးကို  ‘သာကီထက်ကောင်း’  မြန်မာလိုဆီလျော်အောင်ပြန်ဆိုခြင်းဖြစ်သည်)

  • မေတ္တာကမ္ဘာ – ၁

    ဇွန်လ ၁၉ ရက်၊ ၂၀၁၃

    ဆောင်းပါးရှင် –  အောင်သန်းလွင်  B.C.Sc (Hons)

     

    မြန်မာနိုင်ငံမှာ ယခုနှစ်တွေအတွင်းမကြာခဏဖြစ်ပွားခဲ့တဲ့ လူနည်းစုမွတ်စလင်တွေရဲ့အိုးအိမ်တွေဖျက်စီးခံရတာ၊ အစ္စလာမ့် သာသနိက အဆောက် အဦးတွေ ဖျက်စီးခံရတာတွေနဲ့အစ္စလာမ်ဘာသာဝင်တွေအကြမ်းဖက်သတ်ဖြတ်ခံရတာတွေနဲ့ပတ်သတ်လို့ အကြောင်းအရင်း ကို ပြန်လည် သုံးသပ် လာကြတဲ့သူတွေရှိလာပါတယ်။ အများအားဖြင့်တော့ ဒီအရေးအခင်းတွေမှာ မွတ်စလင်တွေကိုသာ ပစ်မှတ်ထားအဓိက တိုက်ခိုက်ကြတာဖြစ်တဲ့ အတွက် ဆုံးရှုံးပျက်စီးမှုအများစုဟာ မွတ်စလင်တွေပိုင်ဆိုင်မှုအများ စုဖြစ်ပြီး သေကြေ၊ထိခိုက်ဒဏ်ရာရကြသူတွေလည်း အများအပြားပါပဲ။ ဒါပေမယ့် နေအိမ်တွေမီးရှို့မှုကနေတဆင့် ကူးစက်လောင်ကျွမ်းမှုတွေကြောင့် နီးစပ်ဆက်စပ်နေတဲ့ဗုဒ္ဓဘာသာဝင်အိမ်များစွာလည်း ပျက်စီးဆုံးရှုံးကြရ ပါတယ်။ နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့တဲ့အတွက်ကြောင့် ချစ်ခင်ရင်းနှီးမှုအကြောင်းခံနဲ့ မွတ်စလင်များကို ကယ်တင်ဖွက်ထားပေးခဲ့တဲ့ ဗုဒ္ဓ ဘာသာရဟန်းတော်အချို့နဲ့ ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်များဟာလည်း အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒီမကြာခဏဖြစ် ပွားခဲ့တဲ့ မြန်မာမွတ်စလင်တွေအပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ အတွင်းပိုင်းအထင်ကရမြို့တွေ (မိထ္ထိလာ၊ လားရှိုးတို့) မှာဖြစ် ပျက်ခဲ့တာပါ။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ မြို့ခံမဟုတ်တဲ့ သင်္ဃန်းဝတ်သံဃာတွေနဲ့ လူစိမ်းအမြောက်အများက အခြားနေရာတွေကနေ လာရောက်အကြမ်းဖက်ကြတာလို့ဆိုပါတယ်။

     

    ဒီနေရာမှာ အကြမ်းဖက်မှုတွေရဲ့ အဓိကအကြောင်းအရင်းအနေနဲ့ ရိုးသားတဲ့ ပြည်သူလူထုကော ဖက်မလိုက်တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့အမြင်ကတော့ ၉၆၉ ဆိုတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်မျက်ကန်းမျိုးချစ်များဟာ အဓိက တရားခံအနေနဲ့ ပါဝင်ပတ်သတ်နေပါတယ်။ အကြမ်းဖက်ဖျက်စီးခံရတဲ့ အဆောက်အဦးတွေမှာ ၉၆၉ လို့ရေးဆွဲ သွားခဲ့တာတွေ၊ ၉၆၉ ဆိုတဲ့ ကြွေးကြော်သံတွေကြွေးကြော်သွားခဲ့ကြောင်း လူထုသက်သေထွက်ဆိုချက်တွေက ဒါကိုငြင်းမရအောင်ထောက်ခံနေပါတယ်။ ဒီနေရာမှာ ၉၆၉ ဆိုတဲ့ အုပ်စုကို အစစ်အမှန် ဗုဒ္ဓသာသနာကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းအနေနဲ့ ဗုဒ္ဓ ဘာသာဝင်အများစုက အသိအမှတ်မပြုကြကြောင်းသတိချပ်စေချင်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီကိုရောက်ရှိနေ တဲ့ လွှတ်တော်ဥက္ကဌဦးရွေမန်းကိုယ်တိုင်ကလည်း ၉၆၉ အုပ်စုများဟာ ဘာသာဝင်အချင်းချင်းကြား ငြိမ်းချမ်းမှုပျက်ပြားစေမယ့် စာတမ်းတွေ ကပ်၊ သွေးထိုး စကားတွေ ဆောင်ရွက်နေတဲ့ အကြောင်းကိစ္စများကြောင့် ဤအဖွဲ့အစည်းကို ဖော်ထုတ်အရေး ယူဆောင်ရွက် မှာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

    ရှင်ဝီရသူဟာ ကျောက်ဆည်ဘာသာရေးအဓိကရုဏ်းနဲ့ဆက်စပ်ပြီး ယခင်အစိုးရရဲ့ ထောင်တွင်းထိန်းသိမ်းထားခံထားရသူတစ်ဦးလည်းဖြစ်ပါ တယ်။ရှင်ဝီရသူနဲ့ ရှင်ပညာဝရတို့ ဦးဆောင်ပြီး မွတ်စလင်မုန်းတီးရေး စာအုပ်တွေ၊ စာရွက်စာတမ်းတွေ၊ ဗီဒီယိုခွေတွေ၊ နိုင်ငံအနှံ့လှုံ့ဆော်ဟောကြား တဲ့ လူမျိုးရေးမုန်းတီးမှုတရားတွေရဲ့ ရလာဒ်က ကမ္ဘာမှာ ဂုဏ်ယူခဲ့ရတဲ့ ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေကို အရုပ်ဆိုးအကျည်း တန်စေခဲ့ပါတယ်။လက်ရှိ မြန်မာနိင်ငံ ၏အခြေအနေအချိန်အခါမှာ သွင်ကူးပြောင်းမှု အပေါ် နှောက်ယှက် ဟန့်တားလိုသော မသမာသူများ ရန်ကို ကာကွယ်နိင်ရန် အတွက် လူမျိုး ဘာသာမရွေး ၊ ကျား-မ မရွေး ၊လူ့အဖွဲ့ အစည်းအားလုံး  ပြည်သူတစ်ရပ်လုံး မတူကွဲပြားသည့်ဖြစ်တည်မှုများကို အပြန်အလှန် လေးစားတတ်သည့်အလေ့အထကို မွေးမြူရင်း၊ ညီညွတ်ကြရမည့် အချိန်ဖြစ်ပါတယ်။သို့သော်ယခု မိထ္ထိလာနှင့် လားရှိုးအကြမ်းဖက်မှု များအပြီးတွင် ထပ်မံ၍ မွတ်စလင်မုန်းတီးရေးပြုလုပ်ရန်အကြောင်းခံဖြင့်  ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် (၁၆) ပါ — အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း၏ လွတ်လပ်စွာ လက်ထပ်ထိမ်းမြှားခွင့် ကို ချိုးဖောက်၍ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များ၏ တစ်ဦး ချုင်းလွတ်လပ်မှု အခွင့်အရေး ကိုချုပ်ချယ် ရန်ကြိုးစားမှုများပြုလုပ်လာခဲ့ပါတယ်။ ထို့နောက် ရှင်ဝီရသူက အထက်မြန်မာပြည်ကို မွတ်စလင် မုန်းတီးရေးတရားများဟော၍လည်းကောင်း ရှင်ပညာဝရက အောက်မြန်မာပြည်တွင် မွတ်စလင်မုန်းတီးရေးတရားများဟော၍ ဥပဒေကို ထောက် ခံအောင်စည်းရုံးလှုံဆော်ကြပေမည်။ ထိုမှ တဆင့် မွတ်စလင်များကိုအမြင်မကြည်လင်မှုများပေါ်ပေါက်၍ အဓိကရုဏ်းများ ထပ်မံပေါ်ပေါက်လာစေနိုင် ပါတယ်။ ဤသည်များမှာ အစစ်အမှန်ဗုဒ္ဓဘာသာကိုနာမည်ဖျက် ခုတုံးလုပ်သည့် ၉၆၉ အုပ်စု၏ ပြည်ဖျက်အစီအစဉ်ထဲမှအချို့ပဲဖြစ်ပါတယ်။

     

    ကျွန်တော် အထက်မှာ ဖော်ပြခဲ့တာတွေဟာ ကျွန်တော်တို့မြန်မာနိုင်ငံတွင်းမှာ မငြိမ်းချမ်းမှုတွေဖြစ်စေတဲ့ အဓိက ကျတဲ့ ဗုဒ္ဓဘာသာအစွန်းရောက်အုပ်စုအကြောင်းပဲဖြစ်ပါတယ်။ ဒီလိုပဲ ကမ္ဘာနဲ့ချီကျယ်ပြန်တဲ့ အစ္စလာမ် ဘာသာ အတွင်းမှာလည်း အစွန်းရောက်တဲ့သူတွေရှိတာကို ကျွန်တော်အနေနဲ့ မဖြစ်မနေဝန်ခံပါတယ်။ ဒါပေမယ့် အစွန်းရောက်မှုတွေကို ကျွန်တော့်အနေနဲ့ စစ်မှန်တဲ့ ဗုဒ္ဓဘာသာ ဒါမှမဟုတ် စစ်မှန်တဲ့ ဗုဒ္ဓဘာသာထဲကလို့ ဘယ်တော့မှ မယူဆပါဘူး။ အဲ့ဒီလိုယူဆဖို့အကြောင်းအရင်းလည်းမရှိပါဘူး။ အကြောင်းက  ကြမ်းကြုတ်မှုတွေနဲ့ မုန်းတီးမှုတွေဟာ ဘာသာတရားတွေရဲ့ အမှတ်လက္ခဏာ မဟုတ်လို့ပါဘဲ။ တကယ်လို့ တစုံတစ်ဦးဟာ အသိ ဉာဏ်နည်းတဲ့လူတွေရဲ့ အပြုအမူကို အပြစ်မတင်ဘဲ လူအများလေးစားကိုးကွယ်တဲ့ ဘာသာတရားတစ်ခုခု ကို ၊သို့မဟုတ် ဘာသာရေးခေါင်းဆောင်တစ်ဦးဥိးကို အပြစ်ဆိုပုတ်ခတ်မယ်ဆိုရင်ဖြင့် အဲ့ဒီလူရဲ့ ဉာဏ်နည်းမှုကို ဖော်ပြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ ဒီအစွန်းရောက်မှုတွေကို တိုက်ဖျက်တဲ့အခါမှာ ဒီအပြုအမူတွေကို အစစ်အမှန် ဘာသာရေးထဲက သဖွယ်ရေး သားဖော်ပြတာမျိုး မလုပ်ကြရဘဲ ဘာသာရေးအဝန်းအဝိုင်းအပြင်ဘက်ကို ဆွဲထုတ်ပစ်ကြရမှာဖြစ်တယ်။ ဒီနေရာမှာ သက္ကမိုးညိုဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ရဲ့ အမုန်းမဲ့ကမ္ဘာ အမည်တပ်ရေးသားချက်တွေဟာ အစွန်းရောက်သူများကို ဝေဖန်ထောက်ပြတာနဲ့မတူပဲ အစ္စလာမ်သာသနာနဲ့ အစ္စလာမ့်တမန်တော်တို့ကို အပုတ် ချရေးသားတာတွေတွေ့ရလို့ ဒါနဲ့ပတ်သတ်ပြီး ပြန်လည်ဖြေရှင်းရေးသားသွားပါမယ်။

     

     

    အမုန်းမဲ့ကမ္ဘာ ၁ အတွက်ရှင်းလင်းချက်

    ၁။ မြန်မာ့ဒီမိုကရေစီသည် နုနယ်လှသေးသလို ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီနှင့်အကျွမ်းဝင်မှုမှာ  ထူးမခြားနား သာဖြစ်ပါသည်။အမှန်တကယ်တွင် ခွဲခြားခံရမှုများကြောင့် မွတ်စလင်များသည် ဗုဒ္ဓဘာသာဝင်များလောက် အများစုမှာ ပညာရေးတွင်ပေါက်ရောက်ကြ မည်မဟုတ်၍ သူတို့က(မွတ်စလင်များကို) ဒီမိုကရေစီအပါးဝသူများဟု ဆိုလိုရင်းမှာ တစ်ဖက်သက် စွပ်စွဲချက်သာဖြစ်သည်။

    ၂။”ဤမြေပေါ်မှ “မျက်ကန်းမျိုးချစ် ငတုံးများ” ကြောင့် သူရို့ရည်မှန်းချက် အတော်လေး ခရီးရောက်ပါသည်။” ဟုဆိုကာ ဗုဒ္ဓဘာသာဝင်များအတွင်း မျက်ကန်းမျိုးချစ်များအမြောက်အများရှိကြောင်း သက္ကမိုးညိုကိုယ်တိုင်ပင်ဝန်ခံထားခြင်းကြောင့် ထိုမျက်ကန်းမျိုးချစ်များမှာ တိုင်းပြည်မတည်ငြိမ်ရခြင်း နှင့် ပြဿနာများ၏ အဓိကလက်သည်ဖြစ်ကြောင်း သတိမူသင့်ပေသည်။

    ၃။ ဗုဒ္ဓဘာသာမျက်ကန်းမျိုးချစ်များနှင့် ပတ်သတ်၍ သက္ကမိုးညို၏ အမြင်မှာ …..

    မျက်ကန်းမျိုးချစ်များသည် နောက်ကွယ်တွင် လှုံ့ဆော်သူများ ရှိနေမှန်း သိသိနှင့်ပင် ဆင်ထားသော လမ်းအတိုင်း ဒေါသနောက် ကောက်ကောက် ပါအောင် လိုက်နေသည်။ ဤသည်များကို ကြည့်ရသည်မှာ စိတ်ပျက်ဖွယ်လည်း ကောင်းပါသည်။ စိတ်ပူဖွယ်လည်း ကောင်းပါသည်။ ကိုယ့်တိုင်းပြည်ကို ကာကွယ်ရေး သဘောတူပါသည်။ သို့သော် တစ်ဖက်စောင်းနင်း မျိုးချစ်စိတ်ဖြင့် ကာကွယ်လျှင် “အကျိုးထက် အပြစ်” များပါမည်။ များလည်း များခဲ့ပါပြီ။ ဤသို့ဖြင့် သက္ကမိုးညိုသည် သူကိုယ်တိုင် အစ္စလာမ်ကို တွယ်နှက်ရန် အကြံအစီထုတ်ခဲ့ကြောင်း ဆက်လက်ရေးသားသည်များက သက်သေခံပါလိမ့်မည်။

    ၄။ သက္ကမိုးညိုက အစ္စလာမ်မုန်းတီးရေးမဟုတ်ပါဟု မရိုးမသား ခေါင်းစဉ်လှလှတပ်ကာ အစ္စလာမ်လူထုတစ်ခုလုံးအား မာယာများကြောင်း စွပ်စွဲပြောဆို ထားပါသည်။ ဤအချက်အလက်များမှာ အမုန်းမဲ့ကမ္ဘာခေါင်းစဉ်ဖြင့် ပြောဆိုရမည့်အချက်များမဟုတ်ကြောင်းကို ဆင်ခြင်ဉာဏ်ဖြင့် သုံးသပ်သင့်ပါ သည်။ အမုန်းမဲ့ ကမ္ဘာတွင် အချင်းချင်း တူညီချက်များဖြင့် အပြန်အလှန် ချစ်ခင်စေမည့် အကြောင်းအရာများနှင့် လူထုချစ်ကြည်ရေးကို ဦးတည်ရ မည်ဖြစ်ပါသည်။ ဤအချက်များမှာ အမုန်းနဲ့ ကွဲပြားမည့် ကမ္ဘာကိုသာဖြစ်စေပါမည်။

     

     

    ၅။ မြန်မာနိုင်ငံအတွင်း အစ္စလာမ်သာသနာဝင်များအနေဖြင့် မြန်မာတို့အား ” ဘာသာရေးအစွန်းရောက်သူများ ” ဟူ၍ မည်သည့်အခါကမှ မစွပ်စွဲခဲ့ပါ။ ဤသို့ စွပ်စွဲစရာ အကြောင်အရင်းလည်းမရှိပါ။ အကြောင်းမူ အကြမ်းဖက်မှုများ ကျူးလွန်ခြင်းမှာ ဗုဒ္ဓဘာသာအမည်ခံ အကြမ်းဖက်အဖွဲ့အချို့၏ လုပ်ရပ်များသာဖြစ်ပြီး။ ဖြစ်ရပ်များဖြစ်ပွားစဉ်အတွင်း အစ္စလာမ်သာသနာဝင်များကိုပင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများနှင့် ဗုဒ္ဓဘာသာ အလှူ ရှင်များက ထိန်းသိမ်းစောင့်ရှောက်ကူညီပံ့ပိုးပေးခဲ့ကြခြင်းဖြစ်ပါသည်။

    ထိုသို့ကျေးဇူးရှင်များကို စော်ကားရန်မှာ တွေးပင်မတွေးသင့်သောအရာပင်ဖြစ်ပါသည်။ မြန်မာမွတ်စလင်များက ထိုသို့စွပ်စွဲသည်ဆိုသောအချက်မှာ အခြေအမြစ်မရှိပါ။ သို့သော်ငြားလည်း မြန်မာမွတ်စလင်များအား ဗုဒ္ဓဘာသာဝင်များမှ အနောက်နိုင်ငံများအတွင်း အချို့မွတ်စလင်များ၏ အကြမ်းဖက်အပြုအမူများကြောင့် စွပ်စွဲပြောဆိုမှုများကား အမှန်ပင်ရှိပါသည်။

    သို့သော် မြန်မာမွတ်စလင်အများစုကား မြန်မာတို့နှင့် နှစ်ပေါင်းအတူအနေကြာ၍ ငြိမ်းချမ်းသော သဘောရှိပြီး မည်သည့်အကြမ်းဖက်မှုမျိုးကိုမှ မလို လားပါ။ ယခုလပိုင်းတွင် ဗလီများ၊ ဘုန်းတော်ကြီးကျောင်းများတွင် အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအတူ တကွပြု လုပ်သောငြိမ်းချမ်းရေး ဆွေးနွေးပွဲများက သက်သေခံပါသည်။ Stop Islamization in America ဆိုသောအဖွဲ့နှင့် အလားတူအဖွဲ့များမှာ အမေရိ ကန် အစိုးရ၏ အရှေ့အလယ်ပိုင်းနှင့် မွတ်စလင်များကို ထိန်းချုပ်ရန် နိုင်ငံရေးအရအားပေးထားသော အဖွဲ့အစည်းများဖြစ်ရန် ကြားနေနိုင်ငံ အများစု က သံသယရှိကြပါသည်။

    ၆။ အစစ်အမှန် အစ္စလာမ်သာသနာသည် ဘာသာရေးနှင့် နိုင်ငံရေးကို ရောထွေးလေ့မရှိပါ။ ယခု ၉၆၉ ခေါင်းဆောင် ရှင်ဝီရသူနှင့် ရှင်ပညာဝရတို့မှာ ဘာသာရေးနှင့် နိုင်ငံရေးကို ရောထွေး၍ နိုင်ငံအုပ်ချုပ်ရေးထဲတွင် ဘာသာရေးခေါင်းဆောင် (သံဃာ)များ ပါဝင်လာရန်ကြိုးစားလျှက်ရှိပါသည်။ အချို့ မွတ်စလင်နိုင်ငံများတွင် ဘာသာရေးခေါင်းဆောင်များ နေရာရလာသည့်အတွက် ဘာသာအတွင်းပင်မိမိနှင့်အမြင်မတူသော ဂိုဏ်းကွဲများ ကို နှိပ် ကွပ်ခြင်းမျိုးရှိပါသည်။ မြန်မာပြည်တွင်လည်း ဘုန်းတော်ကြီးများ အုပ်ချုပ်ရေးတွင် ဝင်စွက်ဖက်လာပါက ဤနည်းနှင်နှင်ဖြစ်လာပါမည်။ ဤသည်များ မှာ ဘာသာရေးနှင့် အုပ်ချုပ်ရေးရောစွက်မှု၏ အကျိုးရလာဒ်များဖြစ်ပေသည်။ အစ္စလာမ်သာသနာသည် လူမျိုးနွယ်များ၏ ယဉ်ကျေးမှုကို ဝင်ရောက် စွက်ဖွက်ခြင်းလုံးဝမရှိပါ။ တရုတ်ပြည်ကြီးတွင် သန်းနှင့်ချီသော တရုတ်လူမျိုးစစ်များရှိပါသည်။ သူတို့သည် မိမိတို့ တရုတ်ရိုးရားအတိုင်းဝတ်ဆင် ထားကြပါသည်။ မလေးရှား၊ အင်ဒိုနီးရှားစသော တိုင်းပြည်များသည် ယခင်က ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ကြပြီး အစ္စလာမ်ဘာသာဝင်များဖြစ် လာကြသောအခါ ယခင်ရိုးရာဓလေ့နှင့် အဝတ်အစား စသည်တို့ရှိလျှက်ပင်ဖြစ်ပါသည်။ အချို့မကောင်းသောသူများရှိကြောင်းလက်ခံပါသည်။

    သို့သော် ထိုသူများဖြင့် အစ္စလာမ်သာသနာကို ဆုံးဖြတ်ချက်ချခြင်းမှာ ဉာဏ်နုံ့နဲလှပါသည်။ ဆရာကြီးဦးရာဇတ်သည် အိန္ဒိယနွယ်ဖွားဖြစ်သော်လည်း မန္တလေးအမျိုးသားကျောင်းအုပ်ဆရာကြီးဖြစ်ပါသည်။ ဆက်စပ်သဖြင့် ကျွန်တော်၏ အဖေကိုယ်တိုင်ပင်လျှင် ၂၅ နှစ်နီးပါး အစိုးရကျောင်းဆရာ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီ၊ လက်ရှိတွင် ကျွန်တော်၏ အစ်မသည် အစိုးရကျောင်းဆရာမအဖြစ်တာဝန်ထမ်းဆောင်နေပါသည်။ ဆရာခြယ် စ သဖြင့် မြန်မာများနှင့် တသားတည်းဖြစ်နေသော အစ္စလာမ်သာသနာဝင်အမြောက်အများရှိပါလျှက်နှင့် ဤသည်များကိုမမြင်ဘဲ မကောင်းသောသူများ သက်သက်ဖြင့် ကောက်ချက်ချခြင်းမှာ အမုန်းကမ္ဘာတည်ဆောက်နေခြင်းဟု သံသယဝင်မိပါတော့သည်။

     

    (ဆက်ပါဦးမည်)

    အောင်သန်းလွင်  B.C.Sc (Hons)

     

    ရှင်းလင်းတဲ့သူအနေနဲ့ အစ္စလာမ်သာသနာအပေါ်အမြင်ရှင်းသွားဖို့နဲ့ မြန်မာနိုင်ငံသားအားလုံး လူမျိုးဘာသာမရွေး အတူယှဉ်တွဲနေထိုင်နိုင်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်အရင်းခံကြောင်း ရိုးသားစွာပြောပါရစေ။

     

    အမုန်းမဲ့ကမ္ဘာ ၁ -သို့   http://tinyurl.com/mwu6e5j

    မန်ဆူရှမ်းကျောင်းဆရာတော်  http://tinyurl.com/kfuskno

    http://tinyurl.com/kgw49a5

     

    မှတ်ချက်  – ဆောင်းပါးရှင်၏  ကိုယ်ပိုင်အမြင်နှင့် အာဘော်သာ ဖြစ်ပါသည်။