News @ M-Media
Category: ဆောင်းပါး
  • ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်၊ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒလိုင်းလားမားနှင့် ဝီရသူ
    မေ-၂၅၊၂၀၁၃
    M-Media
    မောင်သမာဓိ
    vesak2013
    ဆောင်ပုဒ် အရွေးတော်သော ကုလသမဂ္ဂ။
    ရေလှူသည့် အကျိုး ၁၀ ပါးရှိသည်ဟု ဟောကြားထားသော ဗုဒ္ဓဘာသာ ထွန်းကားသည့် မြန်မာနိုင်ငံ၌ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ မေတ္တာသုတ်ရွတ်ဆိုပွဲတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော သံဃာတော်များနှင့် ထိုသံဃာတော် များထံ ရေသန့်ဘူး ကပ်လှူခဲ့သော အစ္စလာမ် ဘာသာဝင်များကို သာသနာ ညစ်နွမ်းစေမှု ပုဒ်မ တတ်၍ ထောင်ဒဏ် ၂ နှစ် လျှော့ရက်မရှိ ချ၏။ ထိုသံဃာတော်တို့သည် သံဃာအတုအယောင်များဖြစ်သည်ဟု န.အ.ဖ အစိုးရက သမုတ်၏။
    ရခိုင်၊ မိတ္ထီလာ၊ ပဲခူး အနောက်ခြမ်း ဘာသာရေး ပဋိပက္ခများတွင် တုတ် ဓါး လက်နက် ကိုင်ဆွဲ၍ ပါနာတိပါတာကျူးလွန်ခြင်းဖြင့် ပါရာဇိတကံ ကျရောက်နေသော သံဃာတော်များကို ပြုပြင်ပြောင်းလဲရေး အမည်ခံ အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကာ အကွယ်  ပေး၏။
    ကမ္ဘာတွင် နာဇီလက်သစ်ဟု နာမည်ဆိုးနှင့် ကြော်ကြားနေသော ၉၆၉ ဂိုဏ်း စတစ်ကာကို ခွာသူများ အား သာသနာ ညစ်နွမ်းစေမှု ပုဒ်မဖြင့် ထောင်ဒဏ် ၂နှစ် အပြစ်ပေးသောကြောင့် ထိုပုဒ်မဖြင့် အပြစ်ပေးခံရသူ များကို နိုင်ငံရေး သမားအဖြစ် သတ်မှတ်သင့်၏။
    `        ထိုသို့သော အခြေ အနေတွင် ဗုဒ္ဓသာသနာကို ညစ်နွမ်းစေသည့် တရားခံ အစစ်အမှန်ကို သိသော ကုလသမဂ္ဂသည် အလွန် အဓိပ္ပါယ် ပြည့်ဝသော ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို ချမှတ် ပြဌာန်းလိုက်ပါသည်။
    TGR_6932
    သာဓု သုံးကြိမ်ခေါ်ပါသည်။   
    ၂၀၁၃ ခုနှစ်၊ ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနား၏ ဆောင်ပုဒ်မှာ (Education and Global Citizenship: A Buddhist Perspective) ဟူ၍ဖြစ်သည်။ လူသားတွေကို မှား မှန်၊ ဆိုးကောင်း၊ ချင့်ချိန်နိုင်ဖို့ ပညာဥာဏ် ဖွံ့ဖြိုး ခြင်း (Education) နှင့် ဇာတိဒေသပထဝီဝင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ လိင်၊ ရာထူး၊ ဆင်းရဲ ချမ်းသာ စသည် ဖြင့် မခွဲခြားဘဲလူသားအားလုံး ကမ္ဘာ့ မိသားစု တစ်ခုတည်းအဖြစ် ချစ်ချစ်ခင်ခင် အတူတကွ နေထိုင် ခြင်း (Global Citizenship) တို့သည် ခွဲခြားမရဘဲ တစ်သားတည်း ဒွန်တွဲနေပါသည်ဆိုသော အယူအဆသည် ဂေါတမဗုဒ္ဓ၏ အမြင်၊ ဗုဒ္ဓ၏ ဒဿန၊ ဗုဒ္ဓ၏ တရား​ဓမ္မ တစ်ခုသာ ဖြစ်သည် ဟုဆောင်ပုဒ်က ဆိုလေသည်။
    ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။
    ထိုဆောင်ပုဒ်ကိုဖတ်ရှုပြီးသောအခါ ဥာဏ်ပညာအားဖြင့်သာ မတူကွဲပြားသူများအကြား ယှဉ်တွဲနေထိုင် နိုင်မည်ဟုနားလည်ပါသည်။ ပညာဥာဏ် မရင့်သန်သော၊ တနည်းအားဖြင့် ဥာဏ်ပညာအမြှော်အမြင်(Wisdom) မလွှမ်းမိုးသော ပတ်ဝန်းကျင်တွင် ကမ္ဘာ့လူသား တို့သည် မိသားစုတစ်ခုတည်းအသွင် ဖွဲ့ရန် မဖြစ်နိုင်ဟုအဓိပွါယ် ရသော ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို လောဂျစ်နည်းဖြင့် အနုလုံ ပဋိလုံ အပြန်အလှန် စဉ်းစားတွေးခေါ်ကြည့်သော် လူမျိုးရေး၊ ဘာသာ ရေး ပဋိပက္ခများမကြာခဏ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသည် မည်သို့သော နိုင်ငံမျိုးအဖြစ် ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားနေမည်နည်း။
    ဒေါက်တာစိုင်းမောက်ခမ်း ပြောသောဗုဒ္ဓ၏ မေတ္တာပမာဏ အတိုင်းအတာ။
    TGR_6676
    ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် မေ ၂၂ နံနက်ပိုင်းတွင် ကုလသမဂ္ဂ အဖွဲ့ရုံး၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနား ဒုတိယနေ့သို့ တက်ရောက် မိန့်ခွန်းပြော ကြားရာတွင် လူသားအားလုံးသည် တစ်ခုတည်းသော ကမ္ဘာသူ ကမ္ဘာသား မိသားစု အမြင်များ ရှိလာကြရန် အမှန် တကယ်လိုအပ်ပါကြောင်း၊ ဗုဒ္ဓ၏ အဆုံးအမများမှာ အတ္တကိုပယ်ဖျောက်ရန် သွန်သင်ဆုံးမထားပါကြောင်း မိမိတို့ နှင့်အတူအမြဲရှိနေသော ဒုက္ခကိုလည်း ရှုမြင်ရမည်ဖြစ်ပါကြောင်း၊ အသေအချာ ဆန်းစစ်ကြည့်လျှင် ဗုဒ္ဓ၏ အဆုံး အမများသည် အသားအရောင်၊ ကျား မ၊ ယုံကြည်မှုနှင့် လူမှု အဆင့်အတန်းမရွေး ကမ္ဘာ့လူသားအားလုံးအပေါ် တူညီစွာ လွှမ်းခြုံထားသည့် မေတ္တာတရားများပင် ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
    မည်သည့်ဘာသာဝင်မျှ ငြင်းဆိုရန် မရှိသောဒဿန (Universal Truth) နှစ်ခု။
    သင်ယူပါ၊ သင်ပေးပါ၊ ကိုယ်တိုင်ကျင့်ကြံအားထုတ်ပါဟု အဓိပ္ပါယ်ရသော ပရိယတ္တိ၊ ပရိပ္ပတ်၊ ပရိဝေဒ သာသနာ့တာဝန်ကြီး သုံးရပ် ပြဌာန်းထားသည့်အတွက်လည်းကောင်း၊ ပညာ၊ သဒ္ဒါ၊ သမ္မာ၊ ဝိရိ ဟူသော သုတ္တံ တရားများအရလည်းကောင်း၊ ဗုဒ္ဓသည် ပညာရေး (Education) ကိုလိုလားသူ၊ အားပေးသူဖြစ်ကြောင်း လေ့လာ ဘူးသူတိုင်း သိရှိပြီးဖြစ်၍ တစ်စုံတစ်ရာ ငြင်းဆိုရန် မရှိပါ။
    ဤနေရာတွင် ပညာဆိုသည်မှာ အမှား အမှန်၊ အကောင်းအဆိုးကို ပိုင်းခြားဝေဖန်နိုင်သည့် ဥာဏ်ပညာ (Wisdom) ကိုဆိုလိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် ဘာသာရေးပညာ တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ဥပဒေပညာ၊ လူ့အခွင့်အရေး ပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ စီးပွားရေးပညာ၊ ပထဝီ သမိုင်းစသည် ပညာရပ် အသီးသီးကိုဆိုလိုသည်ဟု နားလည်ပါသည်။
    လူ့ဘုံ ၁ ခုတည်းကိုသာမက ငရဲ ၄ ဘုံ၊ နတ်ပြည် ၆ ဘုံ၊ ဗြဟ္မ ဘုံ၂၀ ရှိ နတ်ဗြဟ္မာ သတ္တဝါအပေါင်းကို ထည့်သွင်းစဉ်းစားသော ဗုဒ္ဓသည် လူသားအားလုံးအပေါ် မခွဲမခြား မေတ္တာထား သည် ဆိုသည့် အချက်ကိုလည်း မည်သူမျှ ငြင်းရန်၊ သံသယဝင်ရန် အကြောင်း မရှိပါ။
    သံသယဝင်သည်မှာ ဗုဒ္ဓဘာသာ အမည်ခံ ၉၆၉ ဂိုဏ်းသား နာဇီ သံဃာတို့၏ လူသားတို့ အပေါ်တွင် ထားရှိပါသည် ဆိုသည့် မေတ္တာ တရားကိုသာ ဖြစ်၏။
    မည်သူမပြု မိမိမှု။
    ဗုဒ္ဓ၏ ကမ္ဘာ့မိသားစုတစ်ခုဝါဒ (Global Citizenship) ကိုဆန့်ကျင်၍ အိမ်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် အငှားယာဉ်များတွင် စီးပွားရေးပိတ်ဆို့လိုသော၊ ကမ္ဘာ့မိသားစုအကြား ခွဲခြားဆက်ဆံလိုသော ရည်ရွယ်ချက် ဖြင့် စတစ်ကာများ လိုက်လံကပ်နေကြသော ဝီရသူနှင့် အပေါင်းအပါများ တည်ထောင်ထားသည့် ၉၆၉ ဂိုဏ်းသား များသည် ဗုဒ္ဓဘာသာဝင်များ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ သင်ပြလမ်းညွှန်ခဲ့သော ဥာဏ်ပညာမျိုး မရှိသူများ ဖြစ်နေသောကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ လက်တွေ့တွင် ထိုအုပ်စုသည် ကမ္ဘာပေါ်၌ ပေါ် ထွန်းသမျှ ဘာသာတရားများအကြား ဗုဒ္ဓဘာသာ၏ ပုံရိပ် (Image) ကိုကျဆင်းစေသည် အထိ ဗုဒ္ဓဝါဒကို ဆန့် ကျင် နေသူများ ဖြစ်ပေသည်။
    ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်တွင် ဥာဏ်ပညာအခြေခံဖြင့်သာ လူသားအားလုံးသည် ကမ္ဘာ့မိသားစု တစ်ခု တည်း အသွင် ဖေါ်ဆောင်နိုင် မည် ဟုဆို၏။
    ပညာဥာဏ် မရှိသောဝီရသူ၏ ဘာသာရေးလူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ပေါ်ပေါ်ထင်ထင် လှုံ့ ဆော်နေမှုကို မသိချင်ယောင် ဆောင်နေကြသော အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ ပညာဥာဏ် အဆင့်အတန်းသည် မည်သို့ရှိမည်ကို စာရှုသူ အနေဖြင့် ခန့်မှန်းကြည့်နိုင်ပါသည်။ ထိုမှတဖန် ထိုသူတို့ အုပ်ချုပ်သော မြန်မာနိုင်ငံ၏ အနာဂတ်ကို မှန်းဆ ကြည့်ပါက တိုးတက်မှုဗလာနှင့် ဆုတ်ယုတ်မှု အန​န္တ ကိုသာ တွေ့ရပါလိမ့်မည်။
    ခရိုနီတို့၏ စီးပွားရေးလက်ဝါးကြီးအုပ်မှုကို လက်မခံဘဲလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိသည့် ဈေးကွက် စီးပွား စနစ် ကျင့်သုံးနေပါသည် ဆိုသော မြန်မာနိုင်ငံတွင် ၉၆၉ ဂိုဏ်းသားများသည် စီးပွားရေး ပိတ်ဆို့မှုများကို တရား ဝင် လုပ်ဆောင်ခွင့် ရကြ၏။
    အသေဝနာစ ဘာလနံ၊ ပူစာစ ပူဇနေယနံ၊ ပါရာဇိတကံ၊
    အကြမ်းဖက်မှုများတွင် တုတ် ဓါး လက်နက်ကိုင်ဆွဲ၍ လုယက်သတ်ဖြတ် ခဲ့ကြသည့် မြန်မာ သံဃာ တော်များကို တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ဝေဖန် ရှုံ့ချသော အင်တာနက် သတင်းများ အောက် တွင် ဗုဒ္ဓဘာသာ အစွန်းရောက်တို့၏ မဖွယ်မရာ ကော်မန့်များသည် ဗုဒ္ဓဟောကြားခဲ့သော (ပူစာစ ပူဇနေယနံ) ကိုးကွယ် ဆည်းကပ် ပူဇော်ထိုက်သူကို ပူဇော်ရ၏ ဟူသည့် မေတ္တာ သုတ်နှင့် အကြီးအကျယ် လွဲချော်နေ၏။
    နာဇီလက်သစ် ဂိုဏ်းဖွဲ့ကာ ခိုးဆိုး လုယက် သတ်ဖြတ်မှုများကို ဦးဆောင်နေသော ဝီရသူနှင့် ဘာသာ ရေး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားရန် လှုံ့ဆော်ခြင်းဖြင့် ဗုဒ္ဓနေ့ဆောင်ပုဒ် (Global Citizenship) ကို ဆန့်ကျင် နေသော မွန်ပြည်နယ်ပေါင်မြို့နယ် မုတ္တမမြို့ မြစေတီနန်းဦးစာသင်တိုက် ဆရာတော်တို့အား ဗုဒ္ဓဘာသာကို စောင့်ရှောက် ကာကွယ်သူ မျိုးချစ် များအဖြစ် ကိုးကွယ် ဆည်းကပ် ထောက်ပံ့ ကာကွယ်ပေးနေသူများသည် ဗုဒ္ဓ ဟောကြားခဲ့သော (အသေဝနာစ ဘာလနံ) လူမိုက်တို့နှင့် မပေါင်းအပ်ဟူသော ဗုဒ္ဓ၏ မေတ္တာသုတ်ကို ဖေါက်ဖျက် ကျူးလွန်သူများသာ ဖြစ်ကုန်၏။ ပါရာဇိတကံ ကျရောက်ပြီးသူတို့သည် ရဟန်း မဟုတ်တော့ပါ။
    ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို လေးလေးနက်နက် အကောင်အထည် ဖေါ်ကြပါစို့။
    ဒေါက်တာစိုင်းမောက်ခမ်း၏ မိန့်ခွန်းနိဂုံးတွင် ယခုနှစ် ကုလသမဂ္ဂဗုဒ္ဓနေ့၏ ဆောင်ပုဒ်အပေါ် ဆွေးနွေး ချက်များသည် ဗုဒ္ဓဘာသာဝင် မိသားစုများကိုသာမက တစ်ကမ္ဘာလုံးကို အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါ ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
    ကြုံကြိုက်သည့် အခိုက် အာဏာပိုင်များကို မေးလိုသည်မှာ ကုလသမဂ္ဂဗုဒ္ဓနေ့ ဆောင်ပုဒ် (Education and Global Citizenship) ကို ဆန့်ကျင်နေသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် မွတ်ဆလင် တစ်ဦး တစ်လေ တွေ့မိပါသလား ခင်ဗျား။
    ဗုဒ္ဓနေ့ ဆောင်ပုဒ်အတိုင်းလိုက်နာသော နိုင်ငံများတွင် အကျိုးဖြစ်ထွန်းမည်မှာ မြေကြီး လက်ခတ် မလွဲ သေချာသော် လည်း မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော ဗုဒ္ဓဘာသာဝင်များ၏ အကျိုးကို အမှန်တကယ် လိုလား ပါက ပညာဥာဏ် နုံနည်း လှသော ဘာလနံ ဝီရသူနှင့် အပေါင်းအပါတစ်သိုက်ကို ဦးစွာပထမ ဖမ်းဆီး ဟန့်တား မှသာလျှင် ကုလသမဂ္ဂ ဗုဒ္ဓနေ့ဆောင်ပုဒ်ကို လိုက်နာရာနှင့် အကောင်အထည်ဖေါ်ရာ ကျမည် ဖြစ် ကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည် ခင်ဗျား။
    မောင်သမာဓိ
    ၁၃၇၅ ခု ကဆုန်လပြည့် (ဗုဒ္ဓနေ့)
  • လူမျိုး၊ ဘာသာ သာသနာ နဲ့ နိုင်ငံသား ပြဿနာ
    လူမျိုး၊ ဘာသာ သာသနာ နဲ့ နိုင်ငံသား ပြဿနာ
    မေ-၂၀၊၂၀၁၃
    M-Media
    ဆောင်းပါးရှင်- Dr နေလင်းအောင်
    မြန်မာနိုင်ငံသား အများစု (ပညာတတ်ဆိုသူများ အပါအဝင်)ရဲ့ လူမျိုး၊ ဘာသာ၊ နိုင်ငံသား ဆိုတာကို ခွဲခွဲခြားခြား မသိခြင်းသည် ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံသားများ အကြား စည်းလုံးညီညွတ်မူ ပြိုကွဲနေရတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ တို့မြန်မာ/ဗမာ က အိမ်ထောင်ဦးစီး၊ ကျန်တိုင်းရင်းသားတွေက အိမ်ထောင်စုဝင် အိမ်ရှင်၊ တရုတ် ကုလား တွေက ငါတို့သနားလို့ လက်ခံထားတဲ့ ဧည့်သည်တွေဆိုတဲ့ လူမျိုးကြီးဝါဒ၊ ဘာသာရေးအခြေခံ ဧည့်သည်အိမ်ရှင် ခွဲခြားတဲ့ဘာသာကြီးဝါဒ ကြီးဆိုးနေသမျှ ကျနော်တို့နိုင်ငံ တိုးတက်ဖို့လမ်းမမြင်ပါ။ နိုင်ငံသားအချင်းချင်း ရန်လိုတိုက်ခိုက်မှု တွေနဲ့ပဲ လုံးပါးပါးဖို့သာရှိပါတယ်။ နိုင်ငံသားတိုင်း ခွင့်တူညီမျှတဲ့ အချိန်ကာလရောက်မှ သာလျှင် နိုင်ငံသားအားလုံး စစ်မှန်တဲ့ နိုင်ငံသား စိတ်ဓာတ်နဲ့ တိုင်းပြည် တိုးတက်အောင် တက်ညီလက်ညီ ဆောင်ရွက်နိုင်မှာပါ။
    လူမျိုး
    ခေတ်သစ်သိပ္ပံပညာရှင်များကတော့ လူဆိုတာ Homo sapiens တစ်မျိုးဘဲရှိတယ်လို့ ဆိုကြပါတယ်။ ဘယ်ဒေသကဖြစ်ဖြစ်၊ ဘယ်မျိုးနွယ်ကဖြစ်ဖြစ်၊ လူမှန်ရင် မျိုးရိုးဗီဇ genetic material ၉၉.၉၉% တူညီနေလို့ဘဲဖြစ်ပါတယ်။ မနုဿဗေဒပညာရှင်များကတော့ အသားအရောင်၊ သွင်ပြင်လက္ခဏာ ပေါ်မူတည်ပြီး Caucasian, Mongoloid, Negroid ဆိုပြီး ပင်မလူမျိုး (၃) မျိုးရှိတယ် လို့ဆိုပါတယ်။ အချို့က Australoid ၁မျိုးကိုပါ ထည့်တွက်ပါတယ်။ ဒီပင်မလူမျိုးတွေကနေ ရေကြည်ရာ မြက်နုရာ နေထိုင်ကြရင်း သွေးနှော ကြရင်း ယခုလက်ရှိ ကမ္ဘာပေါ်မှာ လူမျိုး ၅၀၀၀ ကျော်ရှိနေတယ် လို့ သုတေသန စာစောင် တခုကဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကတော့ ” လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ် ပြီးလျှင် နှစ်ပရိစ္ဆေရဒ ရှည်လျားစွာ တစ်မျိုး တစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ ကိုတစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ် သည့်ဘာသာတရား၊ ပြောဆိုသည့် စကားတို့ကိုအရေးထားရမည်ဖြစ်သော် လည်းစင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဘက် ပူးပေါင်းနေလိုသော ဆန္ဒအပေါ်တွင် ၀ံသာနုရက္ခိတတရားသည် တည်နေပေ၏။” လို့ လူမျိုး၏ အဓိပ္ပာယ်ကို ဖွင့်ဆို ခဲ့ပါတယ်။ (၁၉၄၆ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ကျင်းပသော အလယ်ပစ္စယံညီလာခံ) လူမျိုးကို သွေးနဲ့ သတ်မှတ်သည် ဆိုတာ မမှန်သော်လဲ မိဘ မျိုးရိုးအတိုင်းသာ ဆက်ခံရပါတယ်။ တနည်းအားဖြင့် မိမိကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် မရှိသော Identity ကိုယ်ပိုင် အမှတ်သညာ ဖြစ်ပါတယ်။ Unmodifiable factor ပြုပြင်ပြောင်းလဲလို့မရသော အရာလဲ ဖြစ်ပါတယ်။ ဥပမာ တရုတ်လူမျိုး မိဘ ၂ပါး က မွေးဖွားလာသူ တစ်ဦးဟာ မြန်မာ/ဗမာလူမျိုး တစ်ယောက် မဖြစ်နိုင်သလို မြန်မာ/ဗမာလူမျိုး မိဘ ၂ပါး က မွေးဖွားလာသူ တစ်ဦးဟာ ကိုးရီးယားလူမျိုး တစ်ယောက်ဘယ်တော့မှ မဖြစ်လာနိုင်ပါ။
    ဘာသာ သာသနာ
    ဘာသာတရားဟာ နှလုံးသား နဲ့ ဦးနှောက်က လက်ခံယုံကြည်ရတဲ့ ယုံကြည်မူပါ။ မိဘ လက်ခံယုံကြည်တဲ့ ဘာသာတရားကို လက်ခံယုံကြည်နိုင်သလို မိမိကြိုက်နှစ်သက်ရာ မည်သည့်ဘာသာကိုမဆို လက်ခံယုံကြည်နိုင်ပါတယ်။ တနည်းအားဖြင့် မိမိကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိတဲ့ Identity ကိုယ်ပိုင် အမှတ်သညာ ဖြစ်ပါတယ်။ လူမျိုးတစ်မျိုး နိုင်ငံတစ်ခုမှာ လူများစုကိုးကွယ်ရာ ဘာသာရှိနိုင်ပေမယ့် ဘာသာတရား ဟာ လူမျိုးနဲ့ မသက်ဆိုင်သလို နိုင်ငံ နဲ့လဲ မသက်ဆိုင်တဲ့ သီးခြားကိုယ်ပိုင် အမှတ်သညာပါ။ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်မူသာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ/ဗမာလူမျိုး အစ္စလာမ်ဘာသာဝင် (မွတ်ဆလင်) ရှိသလို ဘင်္ဂါလီလူမျိုး ဗုဒ္ဓဘာသာဝင် လဲရှိပါတယ်။ ပိုလန်နိုင်ငံသား ဟိန္ဒူဘာသာဝင်ရှိသလို အီရန်နိုင်ငံသား ခရစ်ယာန်ဘာသာဝင်လဲရှိပါတယ်။
    နိုင်ငံသား
    ဥပဒေဆိုင်ရာ သတ်မှတ်ချက်ဖြစ်ပါတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခု ဥပဒေ မတူညီပေမယ့် ဘာသာတရား အပေါ်မှာ မူတည်ပြီး နိုင်ငံသားသတ်မှတ်တဲ့ နိုင်ငံဆိုလို့ ယနေ့ကမ္ဘာပေါ်မှာ တစ်နိုင်ငံမှ မရှိပါ။ လက်ရှိ မြန်မာနိုင်ငံသား ဥပဒေသည်လဲ ဘာသာတရားအပေါ်မှာ လုံးဝ (လုံးဝ) အခြေမခံပါ။ လူမျိုးအပေါ်မှာအခြေခံသည်မှာတော့မှန်ပါတယ်။ သို့သော် တိုင်းရင်းသား မဟုတ်သူအချို့လဲ နိုင်ငံသားဖြစ်နိုင်ကြောင်း ခေတ်အဆက်ဆက်နိုင်ငံသားဥပဒေ တွေကိုလေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒါကလဲ သဘာဝကျပါတယ်။ ကိုလိုနီခေတ်မှာ မြန်မာနဲ့ အိန္ဒိယ ဟာနိုင်ငံတခုထဲ အဖြစ်ရပ်တည်ခဲ့ပါတယ်။
    ဒါကြောင့် အိန္ဒိယလူမျိုးအချို့ လာရောက်အခြေချတာရှိသလို တရုတ်လူမျိုးအချို့လဲ နည်းအမျိုးမျိုးနဲ့ လာရောက်အခြေချတာရှိပါတယ်။ လွတ်လပ်ရေးရတဲ့အခါ မျိုးရိုးအစဉ် အဆက်နေခဲ့ကြတဲ့ ဒီလူမျိုးတွေကို အသိအမှတ်မပြုဘဲနေလို့ မရတဲ့အတွက် စည်းကမ်းအချို့နဲ့ နိုင်ငံသား သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ လုပ်ကိုလုပ်ပေးရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ယခင် အစိုးရပြောပြောနေသလို (မပြောကောင်း မဆိုကောင်း) ပြည်ထောင်စုပြိုကွဲခဲ့မယ်ဆိုရင် ပေါ်ထွန်းလာမယ့် ရခိုင်နိုင်ငံတော် ရှမ်းနိုင်ငံတော်တွေမှာ မြန်မာနိုင်ငံတော်ရဲ့ အစိတ်အပိုင်း ရခိုင်ပြည်နယ် ရှမ်းပြည်နယ် ကာလတုန်းက ဘိုးစဉ်ဘောင်ဆက်နေခဲ့ကြတဲ့ မြန်မာ/ဗမာ အပါအဝင် အခြား လူမျိုးတွေကို မောင်းထုတ်မယ်၊ ဧည့်သည်အဖြစ် သတ်မှတ်မယ်လို့ မရစကောင်းသလိုဘဲဖြစ်ပါတယ်။
    ဒါကြောင့် မြန်မာနိုင်ငံသားတွေထဲမှာ တိုင်းရင်းသားတွေပါသလို၊ ဘိုးစဉ်ဘောင်ဆက်နေခဲ့ကြတဲ့ အခြားလူမျိုးတွေ၊ ကပြားတွေလဲပါဝင်ပါတယ်။ လူမျိုးအပေါ် အသားပေးရေးဆွဲထားတဲ့ မြန်မာနိုင်ငံသား ဥပဒေ ဟာလဲ တိုင်းပြည် တိုးတက်လာတာနဲ့ အမျှ လက်တွေ့ ကျင့်သုံးရာမှာ အခက်အခဲရှိလာနိုင်တာမလို့ မကြာတော့သော ကာလမှာ နိုင်ငံတကာ အဆင့်မီနိုင်ငံသား ဥပဒေအဖြစ် ပြောင်းလဲရတော့မှာဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုထားတဲ့ လူမျိုးတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ သန်းနဲ့ချီရှိနေတာဟာ လက်ရှိ မြန်မာနိုင်ငံသား ဥပဒေရဲ့ ပြဿနာ တွေထဲက ထင်ရှားတဲ့ ပြဿနာတရပ်ဖြစ်ပါတယ်။
    ခြုံပြောရယင် လူမျိုး၊ ဘာသာ၊ နိုင်ငံသားဟာ သီးခြားလွတ်လပ်တဲ့ Identity ကိုယ်ပိုင် အမှတ်သညာတွေဖြစ်ပါတယ်။ လူမျိုးတူပေမယ့် နေထိုင်ရာနိုင်ငံမတူ ကိုးကွယ်ရာ ဘာသာမတူသူ တွေ၊ ဘာသာတူပေမယ့် နိုင်ငံမတူ လူမျိုးမတူသူ တွေ နဲ့ နိုင်ငံတူပေမယ့် ဘာသာလူမျိုးကွဲပြားသူတွေ ရှိပါတယ်။ လူမျိုးတူသူတွေဟာ ကိုယ့်လူမျိုးအကျိုး၊ ဘာသာတူသူတွေဟာ ကိုယ့်ဘာသာအကျိုး စုပေါင်း ဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံတူသူတွေဟာလဲ လူမျိုး ဘာသာ မခွဲခြားဘဲ ကိုယ့်နိုင်ငံအကျိုး ဆောင်ရွက်ကြမှသာလျှင် တိုင်းပြည် အမြန်ဖွံဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ပြည့်အင်အား ပြည်တွင်းမှာသာရှိသည် ဆိုတဲ့ ဆိုရိုးတခုရှိပါတယ်။ ဒီနိုင်ငံ မင်းတို့နိုင်ငံမဟုတ်ဘူးဆိုတဲ့ ငြင်းဆန်မူ နဲ့ ဒီနိုင်ငံ ငါတို့နိုင်ငံမဟုတ်ဘူးဆိုတဲ့ တုံ့ပြန်မူ ထပ်တူကြသွားရင်တော့ အောက်တန်း နောက်တန်းကျနေတယ့် ဘဝကရုန်းထွက်ဖို့အား မရှိနိုင်တဲ့ အပြင် ပိုဆိုးတဲ့ အခြေအနေထဲ ဆုံးဆုံးမြုပ်ဖို့သာ ရှိကြောင်း ထင်မြင်မိပါတယ်။
  • လူနည်းစုအရေး အလေးမပေးက အလှမ်းဝေးမည် ဒီမိုကရေစီ (ဘာသာပြန် ဆောင်းပါး)
    လူနည်းစုအရေး အလေးမပေးက အလှမ်းဝေးမည် ဒီမိုကရေစီ (ဘာသာပြန် ဆောင်းပါး)
    မေ-၁၈၊ ၂၀၁၃
    M-Media
    မြန်မာနိုင်ငံသည် စီးပွားရေးနှင့်နိုင်ငံရေးဆိုင်ရာ အကူးအပြောင်းကာလကို တစ်နှစ်ခွဲကျော်အထိ သိသိသာသာ ဖြတ်သန်းလာခဲ့ပြီးဖြစ်၏။ သို့တစေ နိုင်ငံတွင်းရှိ မွတ်စ်လင်မ် လူနည်းစုများအား ဆန့်ကျင်တိုက်ခိုက်နေမှု ကျယ်ပြန့်လာနေခြင်းအပေါ် ထိရောက်သောတုန့်ပြန်ဆောင်ရွက်မှု မရှိသေး။ မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ အနက် အကြဉ်ခံရသော ရိုဟင်ဂျာ လူမျိုးများ အပါအ၀င် မွတ်စ်လင်မ်တို့မှာ ပမာဏအားဖြင့် ၅ % သာ ရှိနေ၏။ အန္တရာယ်ကြီးလှသည့် ထိုပြဿနာနှင့် စပ်လျဉ်း၍ လက်ရှိအစိုးရမှ ကြပ်မတ် အရေးယူနိုင်စွမ်း မရှိသည်ကို တွေ့နေရ၏။
    မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်တို့သည် ဘင်္ဂလားဒေ့ရှ်ရော မြန်မာနိုင်ငံပါ လက်မခံနိုင်ဘဲ နိုင်ငံမဲ့လူနည်းစုဖြစ်နေရသည့် ရိုဟင်ဂျာများနှင့် ရောထွေးဖော်ပြခံနေရသည်။ ရိုဟင်ဂျာတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသူများဟု မြန်မာအစိုးရက စွပ်စွဲထားသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လူဦးရေ သန်း ၁၀၀ ခန့်ရှိနေသော မိမိတို့နိုင်ငံအတွင်း၌ ထိုသူများကို မိမိတို့၏လူနည်းစုဝင်အုပ်စုတစ်ခုအဖြစ် အခြေချစေရန် လက်ခံပေးဖွယ် (တစ်နည်း) နေရာပေးနိုင်ဖွယ် မရှိဟု ဆို၍ပယ်ချထားသည်။ ယင်းအခြေအနေက ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ဖယ်ကြဉ်မှုကိုခံကြရပြီး ဗုဒ္ဓဘာသာဝင်တို့ ဖန်တီးသော ပဋိပက္ခအတွင်းသို့ ဆွဲသွင်းခံခဲ့ရ၏။
    မကြာသေးမီက BBC ၏ သတင်းမှတ်တမ်း၌ ၉၆၉ လှုပ်ရှားမှုနှင့်ပတ်သက်ဆက်နွယ်နေသည့်သူများ၊ သံဃာများမှ ရခိုင်နှင့်မိတ္ထီလာရှိ လူမျိုးစုံ မွတ်စ်လင်မ်တို့အား တိုက်ခိုက်နေသည်ကို ဥပဒေဘက်တော်သားများက ဘာဆိုဘာမှမလုပ်ဘဲ ရပ်ကြည့်လျက်သာရှိခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် အကြမ်းဖက်မှုများမှာ ရှေ့ဆက်လျော့ပါးဦးမည် မဟုတ်ချေ။
    EU နှင့် နိုင်ငံအများအပြားမှ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရာတွင် မြန်မာနိုင်ငံသည် ဤအနေအထားကို မည်မျှအထိ တိတိကျကျကိုင်တွယ်မည်ကို သတိပြုရန် အရေးကြီး၏။ မြန်မာနိုင်ငံ၏ အထင်ရှားဆုံးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဤအရေးကိုရည်ညွှန်းလျက် လူများစုဗုဒ္ဓဘာသာဝင်အကြား ရိုဟင်ဂျာများအပေါ် သဟဇာတ ဖြစ်အောင် ဆက်ဆံသင့်သည်၊ စည်းလုံးညီညွတ်သည့် လူ့ဘောင်တစ်ခုကို တည်ဆောက်ရန် လိုအပ်သည်ဟု  ပြေလည်ရေးလမ်းကြောင်းဖြင့် ချဉ်းကပ်သော်ငြား – မွတ်စ်လင်မ်တို့သည် အကြမ်းဖက်မှုများ၏ အရင်းအမြစ်ဟု ဆင်ခြေပြု၍ ၄င်းတို့အား ဖယ်ရှားရန် လှုံ့ဆော်နေသော အစွန်းရောက် ဗုဒ္ဓဘုန်းတော်ကြီး ဦးဝီရသူကြောင့် လူ့ဘောင် ညီညွတ်ရေးအတွက် ပိုမိုခက်ခဲနေရပေသည်။
    မည်သည့်အစိုးရထံ၌မဆို အဓိကတာဝန်မှာ မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန်  ဖြစ်သည်။ မြန်မာအစိုးရအနေနှင့် မိမိနိုင်ငံသားတို့အား ကာကွယ်စောင့်ရှောက်ခြင်းမှ ပျက်ကွက်သော် လူ့ဘောင် အစိပ်စိပ် အမြွာမြွာပြိုကွဲမှု၊ အကြမ်းဖက်သောင်းကျန်းမှု၊ နားလည်မှုပျက်ပြားခြင်းများ တိုးပွားစေရန်အတွက် လမ်းဖွင့်ပေးနေခြင်းသာဖြစ်သည်။ တစ်စုံတစ်ရာ တင်းမာမှုဖြစ်လေတိုင်း အသံများ ကျယ်ကျယ်လောင်လောင် ထွက်လာလေ့ရှိသည်သာမက တစ်ဖက်စောင်းနင်း သတင်းကိုသာ ကြားနေရပေ၏။ ၅ % မျှသာရှိသော မြန်မာနိုင်ငံ၏ မွတ်စ်လင်မ်များ အပါအ၀င် အခြားဒေသရှိလူနည်းစု မွတ်စ်လင်မ်များမှာ ယင်းသို့ပင် ကြုံတွေ့နေကြရ၏။
    မြန်မာနိုင်ငံသည် ရှေ့လျှောက်ရင်ဆိုင်ရမည့် စိန်ခေါ်ချက် အများအပြား ရှိနေသေး၏။ ဤအကြမ်းဖက်မှုကိစ္စကို အဆုံးသတ်စေပြီး လူနည်းစုနှင့်လူမျိုးစုအသီးသီးအား စုစည်း ညီညွတ်စေမှသာ ယနေ့တိုင်အောင် သြဇာလွှမ်းမိုးနေသော စစ်အုပ်ချုပ်ရေးမှ ဖောက်ထွက်နိုင်မည်၊ ဒီမိုကရေစီပြောင်းလဲဖော်ဆောင်ရေး လမ်းကြောင်း ချောမွေ့လာနိုင်ပါလိမ့်မည်။ လူနည်းစုများ အပေါ် ပြဿနာရှာခြင်းဖြင့် အဖြေမထွက်နိုင်ပါ။ ကာလအကန့်အသတ် တစ်ခုအတွင်း ၄င်းတို့၏အကျိုးစီးပွားနှင့်တစ်ကွ သင့်မြတ်စွာအတူယှဉ်တွဲနေထိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိနေပေပြီ။
    Shehab Chowdhury ၏ If Myanmar Wants a Democracy, It Must Integrate Its Muslim Minority  ဆောင်းပါးကို သာကီထက်ကောင်း မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။
  • အကြမ်းဘက် ပဋိပက္ခများအား ဥပဒေ စိုးမိုးရေး အခြေခံမှ သုံးသပ်ခြင်း အပိုင်း-၁ ( ဦးအောင်ထူး- ရှေ့နေ)
    မေလ-၂၀၁၃
    ရေးသူ- ဦးအောင်ထူး (ရှေ့နေ)
    မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဘက် ပဋိပက္ခများအား ဥပဒေ စိုးမိုးရေးအခြေခံမှ သုံးသပ်ခြင်း အပိုင်း (၁)
    Riot policemen form up near a fire during riots in Meikhtila
    နိဒါန်း
    ဒီမိုကရေစီကို အသွင်ကူးပြောင်းနေသည်ဟု ကြွေးကြော်ဖေါ်ဆောင်နေသောဦးသိန်းစိန်အစိုးရလက်ထက်တွင်တိုင်းရင်း သားပြည်နယ်များ၌ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရန် အလားအလာမတွေ့ရသေး။ လက်နက်ကိုင်တိုက်ပွဲ မဖြစ် ပွားသည့် မြေပြန့်ဒေသများမှာပင် အကြမ်းဘက်ပဋိပက္ခများတိုးများလာ၊ နိုင်ငံပြင်ပမှလည်း ဟိုကသည်က ခြိမ်းခြောက် မှု များပေါ်လာလျှက်ရှိနေကြောင်းတွေ့ရသည်။ တိုင်းပြည်လုံခြုံရေးတပ်ဖွဲ့များကိုထိတ်လန့်ရ၊ ဘာသာရေး အစွန်း ရောက်များကို ကြောက်ရ၊ အကြမ်းဘက်သမားများ၏ အန္တရာယ်ကို သတိထားနေရနှင့် တိုင်းပြည်၏ ဒေသ အမြောက်အများ၌ သာမန် လူထုပေါင်းမြောက်များစွာမှာ ယုန်သူငယ်များ ဘ၀ သို့ကျဆင်းနေရသည်။ ဥပဒေစိုးမိုးရေးသည် ပြိုကျ တော့ မည်လားဟု စိုးရိမ်ရ သည် အထိပင် ယိုင်လဲ ချိနဲ့လာခဲ့သည်။ တိုင်းပြည် ငြိမ်းချမ်း၊ တည်ငြိမ်ကာ အခြေခံလူထု စီးပွား ရေး တိုးတက်မှုရနိုင်ရေးအတွက် “စစ်မှန် သည့် ဥပဒေ စိုးမိုးရေး အခြေခံများ” ကို တည်ဆောက်ရန်မှာ အရေး တကြီး လိုအပ်ချက် ဖြစ်လာသည်။
    “စစ်မှန်သည့် ဥပဒေ စိုးမိုးရေး အခြေခံများ”[1] ဟူသော စကားလုံးကို သုံးစွဲရခြင်းမှာ ဥပဒေစိုးမိုးရေး အတု လွှမ်းမိုး သောကြောင့် ဖြစ်သည်။ စစ်အစိုးရ အဆက်ဆက်သည် ဥပဒေစိုးမိုးရေး ကို စကားလုံးအရ သုံးစွဲခဲ့သော်လည်း ယင်းမှာ မည်သို့ အဓိပ္ပါယ်ရှိ ကြောင်းကို မည်သည့်အခါကမျှ လူထုကိုရှင်းပြခဲ့ခြင်းမရှိ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော် အခြေခံမူများ ဟူသော ကဏ္ဍတွင်မူ ဥပဒေစိုးမိုးရေး ကို စကားလုံးအရ ပင် ထည့်သွင်းမထားတော့။ အကြောင်း မှာ ယင်း၏ အနှစ် သာရများကို တိုင်းပြည်၏ အချုပ်အခြာဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီကျင့်သုံး လိုခြင်း မရှိသောကြောင့်သာ ဖြစ်ကြောင်း မှတ်ယူ ရပါတော့မည်။
    ချုပ်ပြောရလျှင် မြန်မာနိုင်ငံ၌ “စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံများ” အား လူထုတရပ်လုံး စနစ်တကျ လေ့လာ ခွင့် မရသေးပါ။ စစ်အစိုးရအဆက်ဆက်က ယနေ့အချိန်အထိ ကျင့်သုံးနေသော ဥပဒေစိုးမိုးရေးဟူသည်မှာ နိုင်ငံတကာ စံထားချက်များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး Rule of Law မဟုတ်။ အာဏာပိုင်များက ပြဌာန်းထားသည့် ပြည်တွင်း ဥပဒေ များအတိုင်း စိုးမိုးအုပ်ချုပ်ခြင်း Rule by Law အဆင့်တွင်သာ ရှိနေသေးကြောင်းတွေ့ရသည်။
    ၁၉၈၂ ခုနှစ်တွင် ပြဌာန်း၍ ၂၀၀၄ ခုနှစ်တွင် ပြင်ဆင်ကာ ယနေ့တိုင်အတည်ပြုကျင့်သုံးလျှက်ရှိသော တရုတ်ပြည်သူ့  သမ္မတ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅) တွင်အောက်ပါအတိုင်းတွေ့ရှိရသည်။
    “တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် အခွင့်အာဏာများအား ဥပဒေနှင့် အညီကျင့်သုံးသည်။ ဥပဒေစိုးမိုးရေးအောက်တွင် ဆိုရှယ်လစ်နိုင်ငံကို တည်ဆောက်သည်။”  [2] ယင်းပြဌာန်းချက်ကို လေ့လာလျှင် တရုတ်နိုင်ငံသည် ဥပဒေစိုးမိုးရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံး နေပြီ ဖြစ်ကြောင်း ထင်ရှားသည်။ သို့ရာတွင် ယင်းမှာ မည်ကဲ့သို့သော ဥပဒေစိုးမိုးရေး ဖြစ်ပါသနည်း။
    “တရုတ်နိုင်ငံသည် Rule by Law နှင့် Rule of Law ကို ပေါင်းစပ်ကျင့်သုံးနေခြင်းဖြစ်ကြောင်း၊” ဆွီဒင်နိုင်ငံ စတော့ ဟုမ်းမြို့၊ စတော့ ဟုမ်းတက္ကသိုလ် ဥပဒေပညာဌာနတွင် ၂၀၁၃ ခုနှစ်မေလ (၈) ရက်နေ့က ကျင်းပ ခဲ့သည့်  နီးနှော ဖလှယ်ပွဲ၌ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ် ဥပဒေ ပညာဌာနမှ   ပါမောက္ခ Dr. Gong Renren က  ပြောကြားသွား ခဲ့ သည်။ ၄င်း၏ အဆိုအရ တရုတ်နိုင်ငံသည် နိုင်ငံတကာ စံထားချက်များနှင့်  ကိုက်ညီသည့် ဥပဒေစိုးမိုးရေး  အဆင့်ကို မသွားနိုင်သေးကြောင်း သုံးသပ်နိုင်သည်။ သို့ရာတွင် ဤမျှပေါင်းစပ် ကျင့်သုံးခြင်းသည်ပင် တရုတ်နိုင်ငံအတွက် များစွာ အကျိုးရှိကြောင်း ထင်ရှား သည်။ ဥပဒေစိုးမိုးရေး အခြေခံတွင် ယနေ့ တရုတ်နိုင်ငံ သည် စည်းလုံးညီညွတ်မှုတည်ဆောက်နိုင်ရုံသာမက နိုးနေ သောနဂါးကြီးအဖြစ် စီးပွားရေးအရ တိုးတက်ဖွံ့ဖြိုးလာ လျှက် ရှိသည်။
    Rule of Law နှင့် Rule by Law  စကားလုံးနှစ်လုံး၏ ဆက်စပ်မှုနှင့် ကွာခြားမှုကို လေ့လာမိပါက “ဥပဒေစိုးမိုးရေး” ဟူသောစကားလုံးကို လွယ်လင့်တကူ သုံးစွဲ၍ မရနိုင်ကြောင်း ထင်ရှားပါသည်။ ဖြစ်နိုင်လျှင် နိုင်ငံတကာ စံထားချက် များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး ဟူသည်ကို လူထုကြီးတရပ်လုံး လေ့လာကာ တတ်နိုင်သမျှ လက်တွေ့ ဖေါ် ဆောင်သင့် သော အချိန်ရောက်ပါပြီ။ စစ်အာဏာရှင်များတည်ဆောက်ထားသည့် ဥပဒေဘောင် [3]  နှင့် ၄င်းတို့ စိတ် ကြိုက်ပြဌာန်းထားသည့် ဥပဒေများအတိုင်း စိုးမိုးအုပ်ချုပ်ခြင်း Rule by Law တို့အား တိုက်ဖျက်သင့်သော အချိန်သို့ ရောက်ပါပြီ။
    ဤစာတမ်းငယ်တွင် ဥပဒေစိုးမိုးရေးကို အကျယ်တ၀င့်ရှင်းလင်းပြ မည်တော့ မဟုတ်ပါ။ သို့ရာတွင် မျက်မှောက်ဖြစ်ပွား နေသော အကြမ်းဘက် ပဋိပက္ခများအား ဥပဒေစိုးမိုးရေး ရှုဒေါင့်မှ ထောက်ပြ သုံးသပ်ပါမည်။ ထို့နောက် ယင်းတို့အား စနစ်တကျဖြေရှင်းကာ တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံး ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့် တိုးတက်ဖွံ့ ဖြိုးမှုတို့ ရနိုင် ရေး အတွက် နိုင်ငံတကာ စံထားချက် လမ်းကြောင်းတွင် မြန်မာနိုင်ငံအနေဖြင့် ကျင့်သုံးနိုင်ရေးအတွက် ဥပဒေ စိုးမိုးရေး ဆိုင်ရာ အခြေခံ အကျဆုံးအဆိုပြုချက် အချို့  ကို တင်သွင်းဆွေးနွေးသွားပါမည်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေစိုးမိုးရေး အခြေခံကို မတည်ဆောက်နိုင်ခြင်း။
    မည်သည့်နိုင်ငံတွင် မဆို ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံး၏ အချုပ်အခြာ[4]  ဖြစ်သည်။ ယင်း၏ သဘောမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော တည်ဆဲဥပဒေမှန်သမျှကို ဖျက်သိမ်းပစ်ရသည်။ နောင်ပြဌာန်းမည့် ဥပဒေများ သည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ကိုက်ညီရသည်။ သို့ဖြစ်၍ ဥပဒေစိုးမိုးရေး အခြေခံကို တည်ဆောက်လိုပါက ဥပဒေအားလုံး၏ အချုပ်အခြာဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယင်း၏အုတ်မြစ်ကို ချမှတ်ရပါမည်။
    ဥပဒေစိုးမိုးရေး၏ အခြေခံအကျဆုံးမူမှာ ပြစ်မှုကျူး လွန်သူကိုအပြစ်ပေးရမည်ဖြစ်ပြီး လူတိုင်းဥပဒေရှေ့မှောက် တွင် တန်းတူခံစားခွင့်ရှိရမည် ဖြစ်သည်။ ဤမူကို အခြေခံအားဖြင့် ဥပဒေနှင့် နီးစပ်သူတိုင်း သိကြပါသည်။ အသစ်အဆန်း မဟုတ်ပါ။ ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဖမ်းဆီးအရေးယူခဲ့စဉ်က ဗိုလ်ချုပ်ကြီးသူရရွှေမန်း (ယခုဦးရွှေမန်း) ကိုယ်တိုင်ပင်တိုင်းသိ ပြည်သိ ကြွေးကြော်ခဲ့သည်။
    သို့ရာတွင် ဥပဒေစိုးမိုးရေး၏ အသစ်အဆန်းမဟုတ်သည့် ဤမူ နှင့် စပ်လျှဉ်း၍ မည်သို့လက်တွေ့ကျင့်သုံးအကောင် အထည်ဖေါ်သင့်သည်၊ မည်သည်တို့မှာ အဟန့်အတားဖြစ်နေသည်၊ ဤမူကို ဖေါ်ဆောင်နိုင်ရေးအတွက် မည်သည့် ဥပဒေများကို ဖျက်သိမ်း၊ ပြင်ဆင်၊ အသစ်ပြဌာန်းသင့်သည်၊ ဟူသည် တို့နှင့် စပ်လျှဉ်း၍အလေးထားကာ ယခု လွှတ် တော် ဥက္ကဌနေရာတွင် ယူထားသော ဦးရွှေမန်းသည် လွှတ်တော်အတွင်း၌ မည်သည့်အခါကမျှ ဦးဆောင်ဆွေးနွေးခဲ့ သည်ကို မကြားသိရပါ။ ဦးသိန်းစိန် အစိုးရက ဦးဆောင်ရန် ဆိုသည်မှာ ဝေလာဝေးပင်။
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၄၅ အပေါ် သုံးသပ်ချက်
    ပြစ်မှုကျူး လွန်သူကိုအပြစ်ပေးရမည်ဖြစ်ပြီး လူတိုင်းဥပဒေရှေ့မှောက်တွင် တန်းတူခံစားခွင့်ရှိရမည်ဟူသည့် မူကို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံရပါ မည်။ မဆန့်ကျင်စေရပါ။ သို့ရာတွင် ၁၉၈၈ ခုနှစ် မှစ၍ အာဏာသိမ်း အုပ်ချုပ် ခဲ့သည့် သက်တမ်းကာလအတွင်း ဖြစ်ပွားကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့် စပ်လျှဉ်း၍ စစ်အာဏာရှင်တို့၏ တာဝန်ရှိမှုကို ဖုံးကွယ်ကာ “မည်သည့် တရားရုံး တွင်မျှ တရားစွဲဆိုခွင့် မရှိစေရ” ဟူသည်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် ပြဌာန်းထား သည်။ ယင်းမှာ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားခြင်းဖြစ်သည်။ အဆို ပါပြဌာန်းချက်မျိုးကို ကမ္ဘာပေါ် တွင် တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေများ၌ မည် သည့် နိုင်ငံတွင်မျှ မတွေ့ ရပါ။ ယင်း အပေါ် ဥပဒေအထောက်အကူပြု ကွန်ယက်မှဆွေးနွေးမှုအား ၂၀၁၃ မေလ (၇) ရက်နေ့တွင် ဘီဘီစီမှအသံ လွှင့်သွား သည်ကို ဤလင့်ခ် တွင် နားဆင်ပါ။ https://docs.google.com/file/d/0BzC8VZhwp11AbTdrNlVyQ1FUb0k/edit?usp=sharing
    ပုဒ်မ ၄၄၅ ပြဌာန်းချက်သည် လူတိုင်း ဥပဒေရှေ့မှောက်တွင် တန်းတူရေး ဟူသည့် အခြေခံမူကို အဆင့်နှစ်ဆင့်အရ ဆန့်ကျင်လျှက်ရှိသည်။ ပထမ အဆင့်မှာ စစ်အစိုးရ အာဏာပိုင်ဟောင်းများသည်သာ အကြွင်းမဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ရနေကြသည်။ အခြား သာမန် ပြည်သူများ မခံ စားရပါ။ ဒုတိယအဆင့် မှာ ပြစ်မှုကျူးလွန်သူခြင်းတူပါက န၀တ၊ နအဖ စစ်အစိုးရအဖွဲ့ဝင်များသာ လွတ်ငြိမ်းခွင့်ကို ခံစားကြရသည်။ ၄င်းတို့၏ အမိန့်ပေးမှုအရ သက်ဆိုင်ရာမှုခင်းများ ၌ မြေပြင်တွင် ကြီးကြပ်ကွပ်ကဲ ဖေါ် ဆောင်ခဲ့ ကြသည့် အခြားစစ် ခေါင်းဆောင်များ၊ အုပ်ချုပ်ရေး အာဏာပိုင်များ မှာ အဆိုပါ အခွင့်အရေးကို ခံစားခွင့် မရကြပါ။ အချိန်မရွေး တရားစွဲခံရ နိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ သည် ခွဲခြားမှု [5] ကို အခြေခံဥပဒေနှင့် အညီကျင့်သုံးထား ခြင်းဖြစ်သည်။
    ပြစ်မှုကျူးလွန်သူအား လွတ်ငြိမ်းခွင့် ပေးခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ အုတ်မြစ်တချပ် ဖြစ်နေ သည်။ သို့ဖြစ်၍ ပြစ်မှုကျူး လွန်သူ မည်သူ့ကို မဆို တိတိကျကျ စုံစမ်းရှာဖွေ ဖေါ်ထုတ်ကာ အရေးယူ အပြစ်ပေးခြင်း ဖြင့် ဥပဒေ စိုးမိုးရေးတည် ဆောက်ရမည်ဟူသောအသံကို လူ့အဖွဲ့အစည်း၌ ကျယ်လောင်စွာ မကြားရတော့ပါ။ အကျိုး ဆက် အနေဖြင့် ဥပဒေ စိုးမိုးရေးပျက်သည့် အခြေအနေကို တပြည်လုံး၌ ကြုံတွေ့နေကြရသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် တိုင်းပြည်တွင် ဥပဒေ စိုးမိုးရေးအတွက် ပန်းခင်းသော လမ်းကို မတည်ဆောက်နိုင်ပါ။ ပြောင်းပြန်ပင် ၄င်းသည် ဥပဒေစိုးမိုးရေး ဆက် လက် ပျက်သုဉ်းစေ၇န် ငရဲမီးခင်းသောလမ်းကို ဖေါက်ပေးထားကြောင်းတွေ့ရှိရသည်။
    ရခိုင်ပြည်နယ်တွင် ဥပဒေစိုးမိုးရေးပျက်စီးစေခဲ့ရာ၌ မည်သူ့တွင် အမြင့်ဆုံးတာဝန်ရှိသလဲ။
    ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏အစီရင်ခံစာ စာမျက်နှာ ၈၇ တွင် “နစက သည် ကက (ကြည်း) ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေ ကြောင်းနှင့် လုံခြုံရေး အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ အမိန့်ကိုသာနာခံရပြီး ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး ဆောင်ရွက်သူများ၏ အမိန့်ကို နာခံနိုင်ခြင်း မရှိသည်ကို တွေ့ရှိရ ကြောင်း” အတိအလင်း ဖေါ်ပြထား သည်။ ကက (ကြည်း) သည် (ကာ/လုံ) ၏ အဖွဲ့ ၀င်များဖြစ်သော ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့ ၏ တိုက်ရိုက်အမိန့် ပေးညွှန်ကြားမှုအောက်တွင် ရှိသည်။
    ရခိုင်ပဋိပက္ခများအတွင်း (ကာ/လုံ) က ဥပဒေစိုးမိုးရေးအခြေခံကိုရိုက်ချိုး ခဲ့သည့် အဓိက ဖြစ်ရပ်ကြီးနှစ်ခုရှိခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာအရ ပေါ်လွင်သည်။ ၄င်းတို့မှာ ၂၀၁၂ ဇွန်လ (၃) ရက်နေ့တွင် တောင်ကုတ်၌ အစ္စလာမ် ဘာသာဝင် ဆယ်ဦး အသတ်ခံရခြင်းနှင့် ဇွန်လ (၈) ရက်နေ့ တွင် မောင်းတော၌ အစ္စလာမ်ဘာသာဝင်များက ရခိုင် လူထုများအပေါ် ပြန်လည်၍ အကြမ်းဘက်မှုများ ပြုကြခြင်း ဖြစ်သည်။
    အစ္စလာမ်ဘာသာဝင် ဆယ်ဦး အသတ်ခံရခြင်း နှင့် စပ်လျှဉ်း၍ ပြစ်မှုကျူးလွန်သူများကို ယခုအချိန်အထိ ဖေါ် ထုတ် အရေးယူခြင်းမပြုပါ။ ထိုနည်းတူ မောင်းတောတွင် အစ္စလာမ်ဘာသာဝင်များ၏ ပြန်လည် အကြမ်းဘက်မှုကို တားဆီး နိုင်ပါ လျှက် အာဏာပိုင်များက ကာကွယ်တားဆီးမှု မပြုခဲ့ပါ။ ယင်းနှင့် စပ်လျှဉ်း၍ ကော်မရှင်၏ အစီရင်ခံစာ စာမျက်နှာ ၈၂ တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်။
    “မောင်းတောဖြစ်စဉ်တွင် ထိုစဉ်က နစက အကြီးအကဲလုပ်သူက ပြတ်သားစွာ ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့မည် ဆိုပါက ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများစွာ ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း ရခိုင်ရပ်မိ၊ ရပ်ဖ များမှ ဝေဘန် သုံးသပ်ခဲ့ကြပါသည်။”
    ပထမ ဖြစ်ရပ်တွင် ပြစ်မှုကျူးလွန်သူကို အရေးမယူသဖြင့် ရိုဟင်ဂျာများနှင့် အစ္စလာမ်ဘာသာ ၀င် အမြောက်အများယခုအချိန် အထိ အကြိတ်အခဲဖြစ်နေဆဲဖြစ်သည်။ ဒုတိယ ဖြစ်ရပ်တွင် ကာကွယ်တားဆီးနိုင်ပါလျှက် မကာကွယ်ခဲ့ သဖြင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရသည့်အပြင် ရခိုင်ပြည်နယ် အခြားဒေသများသို့ ပျံ့သွားခဲ့ သောကြောင့် ရခိုင် လူထုများက မကြေမနပ် ဖြစ်နေဆဲဖြစ်သည်။ ၄င်းအကြိတ်အခဲများ၊ မကြေနပ်မှုများသည် ဥပဒေ စိုးမိုးရေးပျက်သုဉ်း ခြင်းကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယင်း၏ အကျိုးဆက် အနေဖြင့် ပဋိပက္ခများ ဆက်လက် ကြီးထွားသွားခဲ့ ခြင်းဖြစ်သည်။
    ကော်မရှင်၏ အစီရင်ခံစာအရ ပေါ်လွင်သော ဖြစ်ရပ်နှစ် ခုလုံး တွင်သာမက ပထမဆုံး စတင်ဖြစ်ပွားခဲ့ သည့် ကျောက်နီမော် လူသတ်မုဒိန်းမှုတွင် အမှန်တရားကို ဖုံးကွယ်ခဲ့သည့် အတွက် ဥပဒေစိုးမိုးရေး ပျက်သုဉ်းရာတွင် အဓိက တာဝန်ရှိသူမှာ (ကာ/လုံ) နှင့် ဦးသိန်းစိန်ဦးဆောင်သည့် ဗဟိုအစိုးရဖြစ်သည်။ အဘယ်ကြောင့်ဆို သော် လုံခြုံရေးတပ်ဖွဲ့များသည် ၄င်းတို့၏တိုက်ရိုက်အမိန့်ပေး ညွှန်ကြားမှုအောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရ သောကြောင့် ဖြစ်သည်။ (ကာ/လုံ) နှင့် ဦးသိန်းစိန်အစိုးရက ဥပဒေစိုးမိုးရေးကို မတည်ဆောက်ခဲ့သဖြင့် အကြမ်းဘက်ပဋိပက္ခများ သည် မြန်မာနိုင်ငံ အခြားနေရာ အတော်များများသို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။
    နိုင်ငံတကာက လူ့အခွင့်အရေးရှုဒေါင့်မှ စွပ်စွဲလာမှုကို ကော်မရှင်က ပယ်ချသည် ဟူသည့်အပေါ် သုံးသပ်ချက်
    နိုင်ငံတကာက လူ့အခွင့်အရေးရှုဒေါင့်မှ စွပ်စွဲလာမှုကို ပယ်ချကြောင်း ကော်မရှင်အဖွဲ့ ဝင် ဒေါက်တာ ဒေါ် ရင်ရင်နွယ် က ပြောခဲ့သည်။ ပယ်ချရသည့် အဓိကအကြောင်းမှာ နိုင်ငံတကာ သည် ဘင်္ဂါလီ တဘက်တည်းကိုသာမေးခဲ့ပြီး ရခိုင် လူမျိုးများဘက်ကို မမေးခဲ့သောကြောင့် ဟူ၍ ဖြစ်သည်။ ကော်မရှင် အဖွဲ့ဝင် အခြားသူတချို့ကလည်း အလားတူ တုန့်ပြန်ခဲ့ဘူးသည်။ စင်စစ်အားဖြင့်မူ နိုင်ငံတကာသည် ရခိုင်တိုင်းရင်းသားများဘက်ကိုလည်း မေးသင့်သလောက် မေးမြန်းခဲ့သည်။ အရင်းခံအားဖြင့်မူ ဘက်နှစ်ဘက် ရှုဒေါင့်မှ အဓိက ချဉ်းကပ်ရန် မဟုတ်ပါ။ နိုင်ငံတနိုင်ငံ အတွင်း၌ မည်သို့သော အခြေအနေများဖြစ်ပွားသောအခါ နိုင်ငံတကာက လူ့အခွင့်အရေးချိုးဖေါက်မှု ရှုဒေါင့်မှ ချဉ်းကပ် ကိုင် တွယ်သည်ကို ကော်မရှင်အနေဖြင့် လေ့လာသင့်သည်။ ရိုးရိုးပြစ်မှု နှင့် လူ့အခွင့် အရေး ချိုးဖေါက်မှု တို့၏ ဆက်စပ်မှု နှင့် ကွာခြားမှုအပေါ်လည်း ရှင်းလင်းစွာ နားလည်ရန်လိုပါသည်။
    သာဓက ဆိုပါမည်။ နိုင်ငံတနိုင်ငံ အတွင်း၌ ဘာသာရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ အခြားအကြောင်းတခုခု အရဖြစ်စေ လူတဦးက အခြားတဦးကို၊ လူအုပ်စုတခုက အခြားအုပ်စုတခုကို၊ သတ်ဖြတ်မှုကျူးလွန်သည် ဆိုကြပါစို့။
    လူ့အခွင့်အရေးရှုဒေါင့်မှကြည့်လျှင် သတ်ဖြတ်ခံရသူ၏ အသက်ရှင်ရပ်တည်ပိုင် ခွင့် ရုပ်သိမ်းခံလိုက်ရခြင်းဖြစ်သည်။ သို့ရာတွင် သာမန်အားဖြင့် နိုင်ငံတကာက ၀င်ရောက်စွက်ဘက် ပြောဆိုမည် မဟုတ်ပါ။ သက်ဆိုင်ရာ နိုင်ငံ၏ အချုပ် အခြာအာဏာ အတွင်း ကျရောက်နေသောကြောင့် ဖြစ်သည်။ ၄င်းနိုင်ငံ၏ အစိုးရကသာလျှင် အဆိုပါနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ပြစ်မှုကျူးလွန်သူ သို့မဟုတ် ကျူးလွန်သူများကို အရေးယူ အပြစ်ပေးရမည်ဖြစ်သည်။
    ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ် အနောက်ခြမ်းတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီး အတော် များများ သေဆုံးကာ လူဦးရေ နှစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ သို့ရာတွင် ကုလသမဂ္ဂသည်လည်းကောင်း၊ နိုင်ငံ တကာ လူ့အခွင့်အရေး အဖွဲ့ အစည်းကြီးများသည်လည်းကောင်း ၀င်ရောက်စွက်ဘက်ပြောဆိုကြခြင်းမရှိပါ။ အိန္ဒိယ နိုင်ငံ၏ အချုပ်အခြာအာဏာ [6] အတွင်းတွင် သက်ဆိုင်ရာအစိုးရများက ဖြေရှင်းဆောင်ရွက်ခဲ့ကြသည်။
    သို့ရာတွင် အစိုးရကိုယ်တိုင်က လူထုအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုကို ကျူးလွန်ခြင်း၊ သို့မဟုတ် အင်အားစု တရပ်ရပ်က ကျူး လွန်မှုကို အစိုးရက အားပေးကူညီခြင်း၊ တနည်းနည်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သို့မဟုတ် လူ့အခွင့်အရေးချိုး ဖေါက်ကျူးလွန်မှုကြီးများ ဖြစ်ပွားနေပါလျှက် ကျူးလွန်သူများကို အစိုးရက ထိထိရောက်ရောက် အရေးယူမှုမပြုခြင်း တို့ဖြစ်လျှင်မူ ကုလသမဂ္ဂ အနေဖြင့် ဖြစ်စေ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းကြီးများ အနေဖြင့် ဖြစ်စေ ၀င်ရောက်အရေးယူဆောင်ရွက်ရန် ကြိုးပမ်းကြရသည်။ ဤသည်မှာ နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေအခြေခံများပေါ်၌ နိုင်ငံတကာက ကျင့်သုံးသည့်အစဉ်အလာ လည်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည် နယ်၌အလားတူ  အခြေအနေများ ဖြစ်ပွားနေသည့်  အထောက်အထားများအား နိုင်ငံတကာတွေ့ရှိသဖြင့်သာ ကုလ သမဂ္ဂ နှင့် နိုင်ငံတကာက ၀င်ရောက်ပြောဆိုလာကြခြင်းဖြစ်သည်။ အရေးယူဆောင်ရွက်မှုများလည်း ရှိလာနိုင်သည်။
    ယင်းသို့ကျူးလွန်မှု သက်သေအထောက်အထားများ ရှိပါက ကော်မရှင်အနေဖြင့် ဖြစ်စေ၊ ဒေါက်တာ ဒေါ်ရင်ရင်နွယ် အနေဖြင့်ဖြစ်စေ နိုင်ငံတကာသို့တိုင်တန်းမည်ဆိုပါက ရခိုင်တိုင်းရင်းသားများအား အဓိကထား၍ လာေ၇ာက် စစ်ဆေး မေးမြန်းရန်မှာ ရာခိုင်နုန်းပြည့်သေချာသည်။
    အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားရခြင်း၏ လတ်တလောအကြောင်းရင်း နှင့် နောက်ဆက်တွဲအကြောင်းရင်းများ
    ရခိုင်ပြည်နယ် မှ စတင်ခဲ့ပြီး တနိုင်ငံလုံးသို့ တဖြေးဖြေး ပျံ့နှံ့နေပြီဖြစ်သော အကြမ်းဘက် ပဋိပက္ခကြီး၏ လတ်တလော အကြောင်းရင်းမှာ လူမျိုးရေးကွဲပြားမှုနှင့် ဘာသာရေးယုံကြည်ချက်ခြားနားမှုတို့အပေါ်အခြေခံပြီး တဘက်နှင့် တဘက် အပြန်အလှန်ပုတ်ခတ် စွပ်စွဲကြရာမှ စတင်ပေါ်ပေါက်လာခဲ့သည့် ပြသနာ မဟုတ်ပါ။ ဥပဒေစိုးမိုးရေးအခြေခံအရ ပြစ်မှု ကျူး လွန်သူမှန်သမျှကို ကျောသား ရင်သားမခွဲခြားဘဲ တန်းတူထား၍ ပြတ်ပြတ်သားသား ထိထိေ၇ာက်ရောက် အရေး မယူခဲ့ ခြင်းမှာ ပထမ လတ်တလော အကြောင်းရင်းဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်နှင့် အခြားလုံခြုံရေးတပ်ဖွဲ့ များကိုယ်တိုင်က ဘက်တဘက်တွင် ရပ်၍ ပြစ်မှု ကြီးများအား ပါဝင်ကျူးလွန်ခဲ့ကြသည် ဟု နိုင်ငံတကာက ထောက်ပြ စွပ်စွဲလာသည်က ပို၍ အရေးကြီးသော ဒုတိယ လတ်တလော အကြောင်းရင်း ဖြစ်သည်။
    ဤလတ်တလော အကြောင်းရင်းနှစ်ရပ်ဖြစ်တည်လာခဲ့ပြီးနောက် နောက်ဆက်တွဲအကြောင်းရင်း တို့လည်း ပေါ်ပေါက် လာပြန်သည်။ ယင်းတို့မှာ ဘာသာရေးအုပ်စုကြီး နှစ်ခုမှ အချို့သော အစွန်း ရောက်ဘာသာရေးခေါင်းဆောင်များ၊ ဘာသာဝင်များ နှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများက နည်းလမ်းပေါင်းစုံသုံး၍ လှုံ့ဆော်လာခဲ့ကြခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် အကြမ်းဘက် ပဋိပက္ခကြီးများသည် တိုင်းပြည်၏ နေရာဒေသ အတော်များများသို့ပျံ့နှံ့သွားခဲ့ရ ခြင်းဖြစ်သည်။
    လတ်တလော အကြောင်းရင်း နှင့် နောက်ဆက်တွဲ အကြောင်းရင်းတို့ကို နိုင်းယှဉ်လေ့လာရန်လိုပါမည်။ လတ်တလော အကြောင်းရင်းသည် ဥပဒေစိုးမိုးရေးနှင့် တိုက်ရိုက်သက်ဆိုင်သည်။ နောက်ဆက်တွဲအကြောင်းရင်းသည် သာသာရေး အရ မတူကွဲပြားသည့် ဘာသာများ အတူငြိမ်းချမ်းစွာရပ်တည်နိုင်ရေး၊ အပြန်အလှန်လေးစားမှု တည်ဆောက်ရေးတို့ နှင့် လည်းကောင်း၊ နိုင်ငံရေးအရ အစွန်းရောက် အမျိုးသားရေးဝါဒကို စွန့်လွှတ်ပြီး လူမျိုးပေါင်းစုံ အတူယှဉ်တွဲ နေ ထိုင် ရေး အခြေခံတွင် မိမိအမျိုးသား အကျိုးစီးပွားကို သမာသမတ်ကျစွာ ဖေါ်ဆောင်နိုင်ရေး အတွေးအခေါ် စိုက်ထူမှု နှင့် လည်းကောင်း သက်ဆိုင်သည်။
    နောက်ဆက်တွဲအကြောင်းရင်းများသည် အရေးမကြီးမဟုတ်ကြီးပါသည်။ သို့ရာတွင် ယနေ့တပြည်လုံးသို့ ပျံ့နှံ့နေ ပြီ ဖြစ်သော အကြမ်းဘက်ပဋိပက္ခကြီးများနှင့်စပ်လျှဉ်း၍ လူ့အဖွဲ့အစည်းတခုလုံးနီးပါးသည် နောက်ဆက်တွဲ အကြောင်း ရင်းများအပေါ်တွင်သာ ကုစားအဖြေရှာကြရန်ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။ ထိရောက်မှု အားနည်း နိုင်သည်။
    လတ်တလောအကြောင်းရင်းများနှင့်စပ်လျှဉ်း၍ အမှန်တရားပေါ်အောင် အဓိကထားဖေါ်ထုတ်ပြီး အရေးယူဆောင်ရွက် နိုင်မှ သာလျှင် ဥပဒေစိုးမိုးရေးကို အခြေခံအားဖြင့် တည်ဆောက်နိုင်ပါမည်။ ထို့နောက် နောက်ဆက်တွဲအကြောင်းရင်း များကို တဖြေးဖြေး အချိန်ယူကုစားသွားရန် ဖြစ်ပါသည်။
    ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဥပဒေစိုးမိုးရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် လတ်တလော အကြောင်းရင်းကို မီးမောင်းထိုးကာ အမှန်တရားပေါ်အောင်ဖေါ်ထုတ်ခဲ့ခြင်း မရှိ။ လတ်တလောအကြောင်းရင်းနှစ်ရပ် အနက် ပထမ တရပ်ကို ကော်မရှင်ကိုယ်တိုင်ဝန်ခံရသည်။ ထို့ အပြင် လုံခြုံရေးတပ်ဖွဲ့များကိုယ်တိုင်က ဘက်တဘက် နှင့်ပူးပေါင်းကာ ပြစ်မှုကြီးများအား ပါဝင်ကျူးလွန်ခဲ့ကြသည်ဟု နိုင်ငံတကာက ထောက်ပြစွပ်စွဲသည့် ဒုတိယအကြောင်း ရင်းကိုလည်း ကော်မရှင်ကမျက်စိမှိတ်
    ပယ်ချခြင်းမှလွဲ၍ အချက်အလက်နှင့် မငြင်းနိုင်။ သို့ရာတွင် အစီရင်ခံစာ၌ လတ် တလောအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ မဖေါ်ထုတ်ဘဲ နောက်ခံအကြောင်းရင်း နှင့်နောက်ဆက်တွဲ အကြောင်းရင်းများကိုသာ ဋီကာချဲ့ပြီးဖေါ်ပြခဲ့သည်။ ထို့ကြောင့် ဥပဒေစိုးမိုး ရေး အခြေခံကို ဖျက်ဆီးခဲ့သည့် ကာလုံ နှင့် သမ္မတ ဦးသိန်းစိန်၏ တာဝန်ရှိမှုကို ဖုံးကွယ် သွားစေခဲ့ သည်။ ယင်းအတွက် ကော်မရှင်အား ဦးသိန်းစိန်က များစွာ သဘောကျ သွားပုံရ သည်။ ၂၀၁၃ ခုနှစ် မေလ (၆) ရက်နေ့တွင် တိုင်းပြည်သို့ မိန့် ခွန်းပြော၍ပင် ချီးမွမ်းခဲ့သည်။
    (ကာ/လုံ) နှင့် ဦးသိန်းစိန်အစိုးရသည် ဥပဒေစိုးမိုးရေးပျက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်သလား။
    ရခိုင်မှ တရုတ်ပြည်သို့ အမေရိကန် ဒေါ်လာ ဘီလျံပေါင်းများစွာ ချီကာ တန်ဘိုးရှိသည့် သဘာဝ ဓါတ်ငွေ့  ပိုက်လိုင်း သွယ်တန်း တည်ဆောက်နေပါသည်။ ယင်းအပေါ် ရခိုင်ပြည်နယ် အတွင်းရှိလူထုများက အားကောင်း ကောင်း နှင့် ကန့်ကွက်နိုင်ခြင်း မရှိစေရန်အာရုံလွှဲလိုက်ခြင်းဖြစ်နိုင်သည်ဟု လူထုအတော်များများက ယူဆလာကြသည်။ ထို့ပြင် တည်ဆောက်ပြီးသည့်အချိန်တွင် လက်ရှိနှင့်နောင်တက်လာဦးမည့် စစ်အစိုးရ အဆက်ဆက်က နှစ်ပေါင်းမြောက်များစွာ ဆက်လက် အမြတ်ထုတ်အကျိုးခံစားနေဦးမည့်အပေါ် မကန့်ကွက်နိုင်တော့စေရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ လူထု များနှင့် ၄င်းတို့ ၏ နိုင်ငံရေးပါတီများအားနည်းချိနဲ့ သွားစေရန်၊ လုံခြုံရေးအရ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်နှင့် အခြား လုံခြုံရေး အဖွဲ့များကိုသာ ထာဝရအားကိုးသွားစေရန် မဟာဗြူဟာချမှတ်လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။
    အထက်ပါသုံးသပ်ချက် မမှန်ဟူ၍ (ကာ/လုံ) နှင့် ဦးသိန်းစိန် အစိုးရက သက်သေပြလိုပါက ပိုက်လိုင်းနှင့် ဆက်စပ် သော သတင်း အချက်အလက်မှန်သမျှကို ရှင်းလင်းစွာ တပြည်လုံးသို့ထုတ်ပြန်ကြေငြာရန်လိုသည်။  ပို၍အရေးကြီး သည်မှာ အကြမ်းဘက် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် လူထု၏ စီးပွားရေးမှာ ချွတ်ခြုံကျ ပျက်စီးသွားခဲ့ပြီဖြစ် သဖြင့် ပြန်လည်ကုစားနိုင်ရန် ပိုက်လိုင်း မှရသော ၀င်ငွေအားလုံးကို ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက်သာ သုံးစွဲသွားနိုင်စေ ရန် ဥပဒေတရပ် ပြဌာန်းကာ လွှဲအပ် ဖေါ်ဆောင်သွားရန်လိုအပ်သည်။
    မည်သို့ ပင်နောက်ဆက်တွဲကုစားမှုများပြုစေဦး၊ ရခိုင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးရေးပျက်စီးစေခဲ့သည့်အတွက်ယင်းမှ စတင်ကာ တပြည်လုံးသို့ပျံ့ နှံ့ စေခဲ့ရာ၌တာဝန်ရှိမှုမှနေ၍  (ကာ/လုံ)  နှင့် ဦးသိန်းစိန်အစိုးရသည် ရှောင်လွှဲ၍ မရနိုင်။
    အဖွဲ့အစည်း သဘော အရ တာဝန်ရှိမှု[7] နှင့် အမိန့်ပေးခြင်းအရ တာဝန်ရှိမှု[8]
    ၁၉၈၂ ခုနှစ်တွင် ဂွါတီမာလာနိုင်ငံ၌ အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး အက်ဖရိန် ရိုင်ယို မွန့် [9] သည် အစ်ဇီးလ်မာယာ အမည်ရှိ တိုင်းရင်းသား လူမျိုးစုဝင်ဦးရေ ၁၇၇၁ ဦးအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည် ဟု စွဲချက်တင်ကာ တရားရုံး၌ သက်သေပေါင်း တရာကျော်ကို စစ်ဆေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့  တွင် ၄င်းအပေါ် ထောင် နှစ်ရှစ်ဆယ်ချခဲ့သည်။ လူမျိုးတုံး သတ်ဖြတ်မှုအတွက် နှစ်ငါးဆယ်၊ လူသားဖြစ်မှုကို ဆန့်ကျင် သည့် ပြစ်မှုအတွက် နှစ်သုံးဆယ် နှစ်ခုပေါင်း ထောင်နှစ် ရှစ်ဆယ်ဖြစ်သည်။ “သမ္မတ တာဝန်ယူထားစဉ် အတွင်း သတ် ဖြတ်မှုကြီးများ ကျူးလွန်နေတာကိုသိရက်နဲ့ ရပ်ဆိုင်းသွားအောင် ကာကွယ်တားဆီးခြင်း မလုပ်ခဲ့တာကြောင့် ပြစ်မှု ကျူး လွန်ရာရောက်တယ်” ဟု တရားသူကြီး ဂျက်စ်မင် ဘာရီရော့[10] က စီရင်ချက်တွင်ထည့်သွင်းဖတ်ကြားသွားခဲ့သည်။
    အာဂျင်တီးနား၊ ချီလီ၊ ဂွါတီမာလာ အစရှိသော နိုင်ငံများတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်ကို အကြောင်း ပြ၍ ပြစ်မှု ကျူးလွန်မှုကြီးများအားမေ့ မထားဘဲ ပြန်လည်ဖေါ်ထုတ်ပြီး အရေးယူနေကြခြင်းမှာ စစ်မှန်သည့် ဥပဒေစိုးမိုး ရေး အခြေခံများ တည်ဆောက်ပြီး တိုင်းပြည် တည်ငြိမ်၊ ငြိမ်းချမ်းကာ၊ လူထုတရားမျှတမှု ရစေရန်ဖြစ်သည်။
    ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ၄င်း၏ တပ်မတော်သည် မည်သည့်အခါကမျှ လူမျိုးတုံးသတ်ဖြတ်မှု နှင့် စစ်ရာဇ၀တ်မှုများ မကျူးလွန်ခဲ့ကြောင်းထည့်သွင်း ပြောကြားသွားခဲ့သည်။ လူမျိုးတုံးသတ်ဖြတ်မှု၊[11]  စစ်ရာဇ၀တ်မှု[12]  နှင့် လူသားဖြစ်မှုကို ဆန့်ကျင်သည့် ပြစ်မှု [13] များအား မြန်မာနိုင်ငံ အတွင်းတွင် ဥပဒေ အဖြစ်ပြဌာန်း ထားမှု မရှိသေးပါ။ နိုင်ငံတကာ ဥပဒေ၏ အစိပ်အပိုင်းများဖြစ်ကြပါသည်။ ယင်းတို့ကို ချိုးဖေါက် ကျူးလွန်ခြင်းမှာ ပြစ်မှုမြောက်သည်ဟူ၍ ကာချုပ်မင်းအောင်လှိုင် ကိုယ်တိုင်က ၀န်ခံလိုက် သည့် သဘောဖြစ်သည်။ ယင်းမိန့်ခွန်းကိုးကားကာ အာဏာပိုင်များက ပြဌာန်းထားသည့် ပြည်တွင်းဥပဒေများအတိုင်း သာ စိုးမိုးအုပ်ချုပ်ခြင်း Rule by Law မှနေ၍ နိုင်ငံတကာ စံထားချက်များနှင့် ကိုက်ညီသည့် ဥပဒေစိုးမိုးရေး Rule of Law သို့ ပြောင်းလဲဖေါ်ဆောင်နိုင်ရေးအတွက် စတင်လှုပ်ရှား လုပ်ဆောင်သင့်ပြီဖြစ်ပါသည်။
    အထက်ပါ နိုင်ငံတကာ ပြစ်မှုကြီးများအား တပ်မတော်က မကျူးလွန်ပါဟူ၍ ကာချုပ်မင်းအောင်လှိုင်၏ ငြင်းဆိုချက်ကို မူ လက်ခံနိုင် ဘွယ်မရှိပါ။ ၄င်းပြစ်မှုကြီးများမှာ မည်သည့်အရာများဖြစ်သည်ကို ဥပဒေသမားများပင်နားလည်အောင် မနည်းကြိုးပမ်းကြရသည်။ ယင်းတို့နှင့် စပ်လျှဉ်း၍ တပ်မတော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရေးလုပ်ခဲ့ ကြောင်း လည်း တကြိမ်တခါမျှ မကြားသိခဲ့ရပါ။ သို့ဖြစ်၍ တပ်ဗိုလ်၊ တပ်သားတကယ့်အများစုကြီးမှာ မည်သည်တို့ကို ကျူးလွန်လျှင် မည်သည့်ပြစ်မှုမြောက်သည်ဟူ၍ နားလည်နိုင် ကြခြင်းမရှိသေးသည်မှာ ရာနုန်းပြည့်နီးပါး သေချာသည်။ လတ်တလောဖြစ်ရပ်များကို သုံးသပ်လျှင်ပင် ရခိုင်ပြည်နယ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ ကချင်ပြည်နယ်အတွင်း စစ်ရာဇ၀တ်မှု နှင့် လက်ပံတောင်းတောင်ဒေသတွင် ဆန္ဒပြသံဃာများအပေါ် လူသားဖြစ်မှုကို ဆန့်ကျင့်သည့်ပြစ်မှု များ ကျူးလွန်ခဲ့ပြီးပြီဟု နိုင်ငံတကာ ဥပဒေ အခြေခံမှ သုံးသပ်နိုင်သည်။ အသေးစိပ်ကို ဤစာတမ်း၏ ဒုတိယပိုင်းတွင် ဆက်လက်ဆွေးနွေးပါမည်။
    အထက်ပါ ပြစ်မှုကြီးများနှင့် စပ်လျှဉ်း၍ တာဝန်ရှိမှုကို ရှာဖွေရာတွင် အဖွဲ့အစည်းသဘောအရ တာဝန်ရှိမှု နှင့် အမိန့် ပေးခြင်းအရ တာဝန်ရှိမှု နှစ်ခုတို့၏ ဆက်စပ်မှုနှင့်ကွာခြားမှု တို့ကို လေ့လာဘို့လိုပါမည်။ သမတ ဦးသိန်းစိန်သည် လည်းကောင်း၊ ကာချုပ်မင်းအောင်လှိုင်သည်လည်းကောင်း တိုင်းပြည်တွင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် (ကာ/လုံ) ၏ အဖွဲ့ဝင်များဖြစ်ကြသဖြင့် ယနေ့တိုင်းပြည်တွင် ဖြစ်ပွားနေသော အကြမ်းဘက် ပဋိပက္ခကြီးများနှင့် စပ် လျှဉ်း၍ ၄င်းတို့တွင် ယေဘုယျအားဖြင့် တာဝန်ရှိကြသည်။
    ရခိုင်ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့များအား(ကက/ကြည်း) က တိုက်ရိုက်အမိန့်ပေးခဲ့ကြောင်း  ကော်မရှင်၏အစီရင်ခံစာအရ ပေါ်လွင်သဖြင့် ကာချုပ်မင်းအောင်လှိုင်တွင် တာဝန် ရှိသည်။ (ကာ/လုံ) အစည်းအဝေးခေါ်ပြီး ကာချုပ်မင်းအောင်လှိုင်ကို တာဝန်ပေးခဲ့ခြင်းဖြစ်ပါက (ကာ/လုံ) အဖွဲ့ဝင် အားလုံးတွင်တာဝန်ရှိသည်။ သို့မဟုတ်ဘဲ သမတ ဦးသိန်းစိန်က ကာချုပ်မင်းအောင်လှိုင်အား ရခိုင်ပဋိပက္ခများ ကိစ္စ ဆောင်ရွက်၇န်တာဝန်ပေးခဲ့ပါက ဦးသိန်းစိန်သည် အကြီးအကဲ[14] အနေဖြင့်လည်းကောင်း၊ ကာချုပ်မင်းအောင်လှိုင် သည် လက်အောက်ငယ်သား[15] အနေဖြင့်လည်းကောင်း တာဝန်ရှိသည်။
    ကချင်ပြည်နယ်အတွင်း ကေအိုင်အိုကို ထိုးစစ်ကြီးများဆင်နွှဲခဲ့စဉ် စစ်ရေး သဘောအရ ကာချုပ်မင်းအောင်လှို်င် မှာ အဓိကတာဝန် ရှိသည်။ စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ခြင်းနှင့် စပ်လျှဉ်း၍မူ အကြီးအကဲ ကာချုပ်မင်းအောင်လှိုင်တွင် တာဝန်ရှိသလား၊
    စစ်မြေပြင်တခုလုံးကို အနီးကပ်ကွပ်ကဲရသည့် လက်အောက်ငယ်သား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုးတွင် တာဝန်ရှိသလား ဟူသည်ကို သုံးသပ်ရပါမည်။ ဤတွင် နိုင်ငံတကာဓလေ့ ထုံးတမ်းဥပဒေ[16] အရသာ မက (ရ၀မ်ဒါ နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး[17] က ချမှတ်ခဲ့ပြီး ဆီအာရာလီယွန်းအထူး တရား ရုံး[18] ကပါ လိုက်နာကျင့်သုံး ခဲ့ သည့် လက်တွေ့အရ) သမားရိုးကျနိုင်ငံတကာဥပဒေ[19] အဖြစ်ပင်လိုက်နာကျင့် သုံးလာကြပြီဖြစ်သော သတ်မှတ် ပြဌာန်းချက်အရ အကြီးအကဲ နှင့် လက်အောက်ငယ်သား ဆက်ဆန်ရေး[20] အရတာဝန်ရှိမှု ကို လေ့လာရန်လိုပါသည်။ ဂွါတီမာလာနိုင်ငံက ဗိုလ်ချုပ်ကြီး အက်ဖရိန် ရိုင်ယိုမွန်၏ မှုခင်းနှင့် နိုင်းယှဉ်လေ့လာလျှင်အကျိုးရှိပါမည်။
    အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်
    ဦးအောင်ထူး (ရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ
    ၂၀၁၃ ခုနှစ် မေလ
    1 Genuine Principles of the Rule of Law
    2 The People’s Republic of China exercises power in accordance with the law and establishes a socialist country under the rule of law.
    3 Legal framework
    4 Supreme law of the land
    5 Discrimination
    6 Sovereignty
    7 Organizational responsibility
    8 Command responsibility 9 General Efraín Ríos Mont 10 Judge Jazmin Barrios
    11 Genocide
    12 War crimes
    13 Crime against humanity
    14 Superior
    15 Subordinate
    16 Customary international law
    17 International Criminal Tribunal for Rawanda
    18 Special Court for Sierra Leone
    19 Conventional international law
    20 Relationship of superior-subordinate
  • ရွှေစွန်းချောင်း ဆရာတော် ရေးသားသည့် မြတ်ဗုဒ္ဓ နှင့် အလ္လာဟ်ရှင်မြတ်ကို ပုန်ကန်ကြသူများ ဆောင်းပါးမှ ကောက်နှုတ်ချက်
    မေလ ၁၄၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ဆရာတော် အရှင်ဝိစိတ္တာလင်္ကာရ (ရွှေစွန်းချောင်း ဆရာတော်) ရေးသားသော ssential Volume (1) No (41) ဂျာနယ်ပါ ဆောင်းပါး ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
    “မြတ်စွာဘုရားရှင်တို့က ထိုသို့ ဟောတော်မူကြသော်လည်း အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ထိုဟောကြားချက်ကို ဂရုမစိုက်။ မကောင်းတာတွေ အကုန်လုပ်ကြ၏။ ကောင်းတာတွေ ဘာတစ်ခုမှမလုပ်။ စိတ်ဓာတ်ကလည်း ညစ်ပတ်စုတ်ပဲ့ အောက်တန်းကျနေလိုက်သေး၏။ မြတ်စွာဘုရား၏ စကားကို နားမထောင်ဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်ခြင်းသည် မြတ်စွာ ဘုရားကို တော်လှန် ပုန်ကန်မူပင်ဖြစ်သည်။ ထိုအမှုသည်မြတ်စွာ ဘုရား၌ တာဝန်မရှိ။ တော်လှန် ပုန်ကန်သူတို့၌သာ တာဝန်ရှိ၏။
    ၁။ ခြေလှမ်း ၇-လှမ်းအတူတူသွားဖူးလျှင် (မိတ္တ) မိတ်ဆွေ။
    ၂။ ၁၂ -ရက်အတူသွား အတူနေဖူးလျှင် (သဟာယ) သူငယ်ချင်း။
    ၃။ ၁-လ၊ ၁-လခွဲ အတူနေဖူးလျှင် (ဥာတိ) ဆွေမျိုး
    ၄။ ထို့ထက်ကြာမူ (အတ္တသမ) ကိုယ်နှင့် ထပ်တူနှစ်ကိုယ့် တစ်စိတ်ပုဂ္ဂိုလ်
    ( ဇာတက ပါဠိ၊ ဧကက နိပါတ်၊ ကာဠကဏ္ဍိဇာတ်)
    ကျွန်ုပ်တို့သည် ထိုစကားကိုလည်း နားမထောင်ကြ။ ကျွန်ုပ်တို့သည် ထိုစကားကိုလည်း နားမထောင်ကြ။ ကျွန်ုပ်တို့သည် မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး၊ ကိုယ်နှင့် ထပ်တူဆိုတာတွေကို စိတ်မ၀င်စား။ ကောလာဟလတွေကိုသာ စိတ်ဝင်စားပြီး တစ်ဖက်နှင့် တစ်ဖက်ဆော်ကြ၏။
    စဉ်းစားမလားသေမလားဟုမေးလျှင် မစဉ်းစားဘူးသေမယ်ဆိုသော လူစားတွေကများသည် ဟုထည့်သွင်းရေးသားထားသည်။
    အစ္စလာမ်တို့အတွက် အမြတ်ထားလိုက်နာကျင့်သုံးကြရသော ကျမ်းတော်မြတ်ကုရ်အာန်၌ အောက်ပါအတိုင်းမိန့်ဆိုထားချက်များရှိ၏။
    ကျမ်းတော်မြတ်ကုရ်အာန်သည် အစ-မှ-အဆုံးတိုင် ကရုဏာ ချည်းသာတည်း။ (ကျမ်းအဖွင့်)
    အကြင်သူသည် လူအများအပေါ်ဝယ် သနားကြင်နာမှုကင်းမဲ့၏။ ထိုသူအား အလ္လာဟ်ရှင်မြတ်လည်း သနားကြင်နာတော်မူမည်မဟုတ်။
    (ပထမတွဲ- စာမျက်နှာ ၂၂)
    အကြင်သူတစ်ယောက်သည် အလ္ဘာဟ်ရှင်မြတ်အား ယုံကြည်၏။ ဆွလာတ်ပြု၏။ သို့ရာတွင် သတ္တ၀ါများအားမကူညီမရိုင်းပင်း မပေးလှူ မကျွေးမွေးပါလျှင် ထိုသူသည် သူတော်စင် အစစ်အမှန် ဖြစ်နိုင်မည်မဟုတ်ချေ။ ကုရ်အာန်ကျမ်းတော်မြတ်၏ မြောက်များစွာသော
    ပါဒများတွင် အလှူဒါန၏ အကျိုးကို ဖော်ပြထားသည်။
    (ပထမတွဲ- စာမျက်နှာ- ၉)
    ထိုကုရ်အာန်ကျမ်းမြတ်၏ သွန်သင်ဆုံးမချက်များသည် မကောင်းပါသလော။ ကောင်းသည်သာ ဖြစ်၏။ အစ္စလာမ်အစစ်သည် ကုရ်အာန်ကျမ်းမြတ်နှင့် အညီ နေထိုင်ကျင့်သုံးရန် တာဝန်ရှိ၏။ ကုရ်အာန်ကျမ်းမြတ်က အစအဆုံး ကရုဏာကင်းသော အလုပ်များကို လုပ်သည်ဟု ဆိုလျှင်
    သဘာဝမကျ။ ထိုသူများသည်လည်း အလ္လာရှင်မြတ်ကို တော်လှန်ပုန်ကန်သူများ ဖြစ်၏။ ထိုသူများကို အလ္လာရှင်မြတ်က သနားမည် မဟုတ် ဟုထည့်သွင်းရေးသားထားသည်။
    အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းရေးကို အထူးလိုလားသော ဘာသာဖြစ်သည်။ သို့သော်လည်း အချို့သော အစွန်းရောက်ပြီးသဘောထား တင်းမာသူများက မိမိတို့ဘာသာတရား သိက္ခာကျစေမည့် အလုပ်နေကြလေ၏။ ထပ်ပြောမည်။ ထိုသူများသည် အလ္လာဟ်ရှင်မြတ်နှင့်
    ကျမ်းတော်မြတ် ကုရ်အာန်ကို တော်လှန်ပုန်ကန်သော အစ္စလာမ် အယောင်ဆောင် လူယုတ်မာများ ဖြစ်ကြ၏။
    ဤသို့ဖြင့် မြတ်ဗုဒ္ဓကို တော်လှန်ပုန်ကန်သူများနှင့် အလ္လာရှင်မြတ်ကိုတော်လှန်ပုန်ကန်သူများ ပဋိပက္ခဖြစ်ကြသည်။ လူချင်းဖြစ်သော  ပဋိပက္ခ၌ ဘယ်ဘုရားကမှ ၀င်၍မြှောက်ပေးတော်မူခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဘာသာရေး ပဋိပက္ခဟု မခေါ်သင့် မခေါ်ထိုက်။ နိုင်ငံတော်
    သမ္မတဦးသိန်းစိန် ကိုယ်တိုင်ကလည်း ဒါဟာသာမန် ပုဂ္ဂလိက အငြင်းပွားမူ သာမန်မှုခင်း တစ်ခုဟု ဆိုထားပေ၏။ ဘယ့်နှယ့်ကြောင့် အမှုကြီးအောင် ဘာသာတရားကို ဆွဲထည့်ပြီး ဘာသာရေးပဋိပက္ခဆိုချင်ကြပါသနည်း။ ဘာသာတရားတွေကို သိက္ခာမချကြပါနှင့် ဟုပြောချင်သည်။
    ဆက်လက်၍ ပဋိပက္ခများ ဖြစ်ပွားပါလျှင် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးမဲ့ရန် အကြောင်းသာ ရှိ၏။ ခွေးဟောင်တိုင်းထ ကြည့်သူကဲ့သို့ ကောလဟလတွေကို ယုံပြီး လူလူချင်းဆော်ကြပါလျှင် လောက၌ လူဟူ၍ ကြည့်စရာ ကျန်တော့မည် မဟုတ်ချေ။ ကျွန်ုပ်တို့
    သောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီ။ ဤဆောင်းပါးကို မြတ်ဗုဒ္ဓ၏ စကားတစ်ခွန်းနှင့် အဆုံးသတ်လိုက်သည်။
    ကလဟော ၀ိနာသမူလမေ၀ ဟောတိ။
    ခိုက်ရန် ဒေါသဖြစ်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏ ၀ိဝါဒကေသော တ္တိဘာဝေါနာမ နတ္တိ။
    အချင်းချင်း အညီညွှတ်သော နေရာ၌ စိတ်ချမ်းသာစရရာမရှိ။
    ( ဆင်းရဲ ကင်းကွာ ချမ်းသာကြပါစေ) ဟု ထည့်သွင်းရေးသားသည်များကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
    OLYMPUS DIGITAL CAMERA