News @ M-Media
Category: ဆောင်းပါး
  • ” မြန်မာအစိုးရ မသိချင်ယောင်ဆောင်နေသည့် တည်ဆဲဥပဒေထဲက ပုဒ်မတစ်ခု ”
    ဧပြီ ၂၇ ၂၀၁၃
    M-Media
    ရေးသူ- အလိမ္မာရဲ့ချိန်ဘာ
    no jutice no peace
    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များအပေါ် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များကကျူးလွန်ခဲ့တဲ့ ပြစ်မှူ့တွေအထဲမှာ လူသတ်မီးရှို့မှူ့တွေအပါဝင် ဗလီဝတ်ကျောင်းတော်တွေ တော်တော်များများ ကို ဖျက်ဆီး ခဲ့မှူ့တွေလဲပါ ခဲ့ပါတယ်။
    ဗလီဝတ်ကျောင်းတော်တွေ အရေအတွက် ဘယ်လောက်များများ ပျက်ဆီး ခဲ့တယ်ဆိုတာကိုလဲ နိုင်ငံတော်အစိုးရက တော်တော် များများ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက အစ္စလာမ် ဘာသာဝင်များ၏ ဗလီဝတ် ကျောင်းတော်တွေကို ဖျက်ဆီးနေတဲ့ အချိန်မှာလဲ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်များလဲ အနီးအနားမှာ ရှိနေကြတယ် ဆိုတာ ထွက်ရှိလာတဲ့ ဗီဒီယိုမှတ်တမ်းများအရ ထင်ထင်ရှား ရှား သိရှိနိုင်ကြပါတယ် ။ အဲဒီတော့ ဘယ်သူ တွေပါဝင် ကျူးလွန်ခဲ့တယ် ဆိုတာကို ပြည်သူ့ရဲလို အမည်ခံထားတဲ့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်များ က တာဝန်အရ မှတ်တမ်းလုပ်ထားရမှာ ပါ။ အဲဒီလိုမှ မှတ်တမ်းလုပ်ထားမှု့ မရှိရင် ပြည်သူ့ရဲလို့ အမည်ခံထားတဲ့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်များ အပေါ် မေးခွန်းပေါင်းများစွာ မေးခွန်းထုတ်ရပါလိမ့်မယ် ။
    သူတို့ကိုယ်တိုင် ပါဝင်ပတ်သတ်ပြီး အားပေးအားမြှောက် ပြုခဲ့ကြတာလား? ဒါမှမဟုတ် တဖွဲ့ တည်း ပေလား? အကြမ်းဖက်တွေ စိတ်တိုင်းကြပြုမူ ဖို့ရန် အကြမ်းဖက်တွေ အတွက် လုံခြုံ ရေးယူပေးကြတာလား? စသည်ဖြင့်ပေါ့ဗျာ ။ မှတ်တမ်းလုပ်ထားထား မလုပ်ထားထား အစ္စလာမ်ဘာသာဝင်များ အပေါ် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက ကျူးလွန်ခဲ့တဲ့ပြစ်မှူ့တွေ အတွက် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်တွေအပေါ် တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရမှာ မြန်မာအစိုးရရဲ့ တာဝန်ဆိုတာ ငြင်းလို့မရပါဘူး ။ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ် ကျောင်းတော်တွေကို ဖျက်ဆီးခဲ့တာနဲ့ပတ်သတ်ပြီး ၉၆၉ အမည်ခံ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်တွေအပေါ် တရားဥပဒေအရ အရေးယူဆောင်ရွက် ဖို့ ဥပဒေမရှိပါဘူးဆိုပြီးလဲ မြန်မာအစိုးရ အနေနဲ့ ငြင်း လို့မရပါဘူး ။ လုံးလုံးကို မသိချင်ယောင်ဆောင်နေ တာဘဲ ဖြစ်ပါ တယ်။
    ပြစ်မှူ့ဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ မှာ လူတစား ကိုးကွယ်သည့် ဘာသာ သာသနာ စော်ကားရန် အကြံဖြင့် ဖြစ်စေ ၊ကိုးကွယ် ဝတ်ပြုသော နေရာကို သော်လည်းကောင်း၊အထွဋ် အမြတ်ထားသော အရာဝတ္ထုကို သော်လည်းကောင်း ဖျက်ဆီးခြင်းသည် ၊သို့တည်းမဟုတ် ပျက်စီး နစ်နာစေခြင်းသည် ၊ သို့တည်း မဟုတ်ယုတ်ညံ့စေခြင်းသည် ထိုဘာသာသာသနာကို စော်ကားသည်ဟု လူတစားကယူဆ တန်ရာသည်ကို သိလျှက်နှင့်ဖြစ်စေ ၊မည်သူမဆို ထိုလူတစား၏ ဘာသာ သာသနာရေးဆိုင်ရာ ကိုးကွယ် ဝတ်ပြုသော နေရာကို သော်လည်းကောင်း၊အထွဋ်အမြတ်ထားသော အရာဝတ္ထုကို သော်လည်းကောင်း ဖျက်ဆီးလျှင် ၊သို့တည်းမဟုတ် ပျက်စီး နစ်နာစေလျှင် ၊ သို့တည်းမဟုတ် ယုတ်ညံ့စေလျှင် ထိုသူကို နှစ် နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုပြဌာန်းထားပါတယ် ။ ဒါပေမဲ့ မြန်မာအစိုးရကတော့ ဒီပုဒ်မကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင်မမှတ်ပါဘူး ဗျာ။
    ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက အစ္စလာမ် ဘာသာဝင်များ ၏ ဘာသာ သာသနာရေးဆိုင်ရာ ဗလီဝတ်ကျောင်း တော် တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှု့တွေကို မြန်မာအစိုးရ အနေနဲ့ အထက်ပါပုဒ်မနဲ့ အရေးယူဖို့ မသိချင်ယောင်ဆောင်နေတာ ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေတွေ အကုန်လုံး တဖြေးဖြေးနဲ့ အဟောသိကံ ဖြစ် ဖို့ရည်ရွယ်နေတယ် လို့ ကျနော်ယူဆမိပါတယ်ဗျာ ။
  • အစ္စလာမ် ဘာသာဝင်များကို အငြိုးထား မုန်းတီးနေသော ဘုန်းကြီးများ (BY FRANCIS WADE)
    ဧပြီ-၂၂-၂၀၁၃
    မူရင်းဆောင်းပါးရှင်- FRANCIS WADE
    375993_480213775383255_183662739_n
    မြန်မာပြည်တွင် လတ်တစ်လောဖြစ်ပျက်နေသော မွတ်စ်လင်မ်များကို အကြမ်းဖက်မှုများ၏ အဓိက လှုံဆော်ပေးသူများမှာ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများပင် ဖြစ်သည်။
    မဟာမြိုင်ကျောင်းအတွင်းမှ သေးငယ်သော ရုံးခန်းအတွင်းသို့ အပြေးဝင်လာသော ကိုကျော်လွင် ဆိုသူ၏ လက်ထဲတွင် ၉၆၉ စတစ်ကာများ ထည့်ထားသည့် အိပ်တစ်လုံးကို ကိုင်ဆောင်ထားသည်။ ၉၆၉ ဆိုသည်မှာ မွတ်စ်လင်မ်မုန်းတီးရေး အမှတ်တံဆိပ်များပင်ဖြစ်သည်။ လွန်ခဲ့သော ၆လ ခန့်က၊ မဟာမြိုင်ကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးဝိမလ မှ ကျောင်းအနီးတွင်ရှိသော ပုံနှိပ်တိုက်တွင် ၉၆၉ တံဆိပ်ဖြင့် စတစ်ကာများကို ပထမဆုံးပုံနှိပ်မှာယူခဲ့သည်။ အခုအခါတွင် ရန်ကုန်မြို့ရှိ Taxi ကားများ၊ Bus ကားများ နှင့် ဆိုင်များ၏ မျက်နှာစာတို့တွင်ချိတ်ဆွဲထားပြီး အခြားအချက်အချာကျသည့်မြို့များတွင်လည်း ပျံနှံ့လျက်ရှိသည်။ ၉၆၉ သည် မြန်မာမွတ်စလင်မ်များက တိုင်းပြည်ကို ခြိမ်းခြောက်ခြင်းနှင့် စိုးမိုးခြင်းမှ ကာကွယ်နိုင်ရန် အစွန်းရောက်သမားများ၏ အသုံးပြုသင်္ကေတပင်ဖြစ်သည်။
    ထိုအစွန်းရောက်ဝါဒမှ စတင်ကာ အကြမ်းဖက်မှုများကို ဂယက်ထစေခဲ့သည်။ ၂၀၁၃ ခုနှစ် လွန်ခဲ့သော လအနည်းငယ်က ထိုဝါဒကြောင့် လူဦးရေ ၄၀ ကျော်ခန့်သေဆုံးခဲ့ကာ၊ ၁၃,၀၀၀ ကျော်ခန့် ဒုက္ခသည် အဖြစ် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ ၉၆၉ လှုပ်ရှားမှု ကို မြန်မာပြည်၏တောင်ဘက် မော်လမြိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခု၌် စတင်ခဲ့ပြီး၊ ၉၆၉ စတစ်ကာများမှ စတင်ကာ မြန်မာပြည်အနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာမွတ်စ်လင်မ်များကို အဓိကရုဏ်းဖြစ်ပွားစေခဲ့သည်။ ၉၆၉ တံဆိပ်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓ၏ သင်ကြားမှုများနှင့် နည်းလမ်းများကို ပေါင်းစုကာဖွဲ့ထားသော အထွဋ္ဋ်မြတ်ထားသော အရာဟု ဆိုသည်။
    ဦးဝိမလ မိန့်ကြားသည်မှာ..“ ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာဝင်များကို ကယ်တင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ” ။ ထို့အတူ လွန်ခဲ့သောနှစ်က ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့်အကြမ်းဖက်မှုက မြန်မာပြည်တွင် ရှိနေသော ဗုဒ္ဓဘာသာဝင်များအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟုပါ ထည့်သွင်းဟောကြားခဲ့သည်။ “ အင်ဒိုနီးရှား၊ ဘင်္ဂါလားဒေ့ရှ်၊ ပါကစ္စတန် နှင့် မလေးရှားတွင် ယခင်က ဗုဒ္ဓဘာသာဝင်များ အများအပြားရှိခဲ့ရာ အစ္စလာမ် ဘာသာဝင်များ ရောက်ရှိမောင်းထုတ်ခဲ့သည့်အတွက် အခုလက်ရှိတွင် မွတ်စလင်မ် နိုင်ငံများအဖြစ်တည်ရှိနေခြင်းဖြစ်သည်၊ သမိုင်းပေါ်မူတည်၍ မြန်မာနိုင်ငံတွင်ထိုကဲ့သို့သောအဖြစ်ဆိုး မကျရောက်စေရန် ကာကွယ်ခြင်းဖြစ်သည် ”။
    မြန်မာပြည်ရှိ လူဦးရေ၏ လေးရာခိုင်နှုန်းသည် အစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်သည်။ ဤကဲ့သို့ အတူယှဉ်တွဲနေထိုင်ခြင်းမှ ပြသနာများ စတင်ခဲ့ရခြင်းဖြစ်သည် ဟု ဦးဝိမလ က ဟောကြားခဲ့သည်။ မော်လမြိုင်မြို့၏ ရှုပ်ထွေးပြည့်ကျပ်နေသော ဈေးရုံထဲတွင် မွတ်စ်လင်မ် ဈေးသည်များသည် ၄င်းတို့အနီးရှိ ဗုဒ္ဓဘာသာဝင်များ၏ ဈေးဆိုင်များတွင်ကပ်ထားသော ၉၆၉ တံဆိပ်များကို လျစ်လျူရှုကာ အေးချမ်းစွာ ရောင်းဝယ်ခြင်းကို လုပ်ဆောင်နေကြသည်။ ဗုဒ္ဓဘာသာဝင် taxi မောင်းသမားများ နှင့် အရောင်းဆိုင်များမှာ အစ္စလာမ်ဘာသာဝင်များအား ၀န်ဆောင်မှုပေးရန် သူတို့တွင် ပြဿနာ မရှိဟု ပြောကြားခဲ့သည်။
    လူတိုင်းတွင် တူညီသောအတွေး မရှိသည်က အစ္စလာမ်ဘာသာဝင်များအတွက် ကံဆိုးစေသည့်အချက်ပင်ဖြစ်သည်။ လွန်ခဲ့သောတစ်လခန့်က မုန်းတီးမှုများ ပေါက်ကွဲထွက်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စ်လင်မ်များသည် မိတ္ထီလာမြို့ပေါ်ရှိ ရွှေဆိုင်တွင် ခိုက်ရန်ဖြစ်ပွားရာမှ နှစ်ရက်တိုင် အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီး၊ အထူးသဖြင့် မွတ်စ်လင်မ်များ၏ အိမ်ရာ ၈၀၀ ကျော်နီးပါး ပျက်စီးခဲ့ရသည်။ မျက်မြင်များ၏ပြောပြချက်အရ အကြမ်းဖက်သမားများသည် အသေအချာအစီစဉ်တကျ လုပ်ဆောင်ခဲ့ပြီး၊ ရဲများသည် မျက်စိအောက်တွင်ဖြစ်ပျက်နေသော သတ်ဖြတ်မှုများအား လျစ်လျူရှုကာကြည့်နေ ခဲ့ကြသည်။ ပြောဆိုချက်များအရ အစိုးရ တာဝန်ရှိသူများ အကြမ်းဖက်မှုတွင်ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲမှုများဖြစ်ပေါ်လာခဲ့သည်။ သံသယများမှတစ်ဆင့် ပြည်တွင်းမငြိမ်မသက်မှုများမှာ ပြောင်းလဲမှုများကြောင့် ငြိမ်သက်ခဲ့ရသော စစ်အစိုးရအား  ပြန်လည်အသက်သွင်းရန် လုပ်ဆောင်ခဲ့ခြင်းဟု ယူဆရပါသည်။ ယနေ့ထုတ်ပြန်ခဲ့သော လူ့အခွင့်ရေးစောင့်ရှောက်မှု အဖွဲ့အစည်း၏ အစီရင်ခံစာ “ political and religious leaders in Arakan state ” တွင် ပြီးခဲ့သော အောက်တိုဘာလတွင်ဖြစ်ခဲ့သည့် ရိုဟင်ဂျာများနှင့်အခြား မွတ်စလင်မ်များအား တိုက်ခိုက်မှုတွင်ပါဝင်သော စီစဉ်မှုများ၊ အဖွဲ့အစည်းများ နှင့် လှုံဆော်မှုများ အဓိကထား၍ ပြောကြားထားသည်။ (ပြောကြားချက်တွင် ပြီးခဲ့သောနှစ်က ရခိုင်ဒေသ၌ သွေးထွက်သံယိုဖြစ်ခဲ့ခြင်း နှင့် အကြမ်းဖက်မှုများကြောင့် တိမ်းရှောင်ခဲ့ရသော ၁၂,၅၀၀၀ နီးပါး ရိုဟင်ဂျာ မွတ်စလင်မ်များ ရှိခဲ့သည်။)
    ရခိုင်ဒေသ နှင့် မိတ္ထီလာတွင်ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှုများ၏ အဓိကမီးမွှေးသူမှာ စစ်အစိုးရ ဆိုသော်ငြားလည်း ဗုဒ္ဓဘာသာဝင်များ၏ရင်တွင်း၌ ထည့်သွင်းခံထားရသည့် မွတ်စ်လင်မ် မုန်းတီးရေး ၀ါဒများက လောင်စာသဖွယ်ဖြစ်ခဲ့သည်။ ၁၉၆၀ ခုနှစ်မှစတင်ခဲ့သော ဘင်္ဂါလီ မွတ်စလင်မ်များအား သတ်ဖြတ်မှု၊ ရခိုင်ဒေသတွင် ရိုဟင်ဂျာများအားသတ်ဖြတ်မှု စသည်တို့သည် ဗုဒ္ဓဘာသာနှင့် မျိုးချစ်စိတ်ကိုပေါင်းစည်းသည့်ဝါဒမှ စတင်ခဲ့ခြင်းဖြစ်သည်။
    P6020001
    အကြမ်းဖက်မှုနှင့်ပတ်သက်သောပြောပြချက်များအရ  ၉၆၉ ၏လုပ်ဆောင်မှုများသည် မွတ်စ်လင်မ်မုန်းတီးရေးမှ မြန်မာနိုင်ငံတွင်ရှိသော မွတ်စလင်မ်များအားရှင်းလင်းရန်၊ မြန်မာနိုင်ငံအား အစ္စလာမ်ဘာသာဝင်များ မရှိသော နိုင်ငံအဖြစ် ဖန်တီးရန် ပါဝင်ခဲ့သည်။ အကြမ်းဖက်မှုကို ဆန့်ကျင်သူများသည် ၉၆၉ သင်္ကေတအား ဆန့်ကျင်ခဲ့ကြသည်။ သို့သော် မတူညီစွာ ယူဆသူများ၊ ၉၆၉ သင်္ကေတအား ဖြန့်ဖြူးနေသူများနှင့် ကိုင်ဆောင်သူများကြောင့် အမြစ်မပြတ် သေးကြောင်းတွေ့ရှိရသည်။ အချို့သူများက ခရစ်ယာန်ဘာသာဝင်များ၏ လက်ဝါးကပ်တိုင်ကဲ့သို့ ဗုဒ္ဓဘာသာဝင်များ၏ စည်းရုံးမှုကို ပြသသော သင်္ကေတ အလားသဏ္ဍာန်ဖြစ်သည်ဟု ယူဆကြသလို၊ အခြားသူများကလည်း မွတ်စ်လင်မ်များ၏ ဈေးဆိုင်များတွင်ရှိသော ၇၈၆ သင်္ကေတနှင့် အလားတူစေရန် ဖော်ဆောင်ထားသည် ဟု ဆိုလိုသည်။ “ ဗုဒ္ဓဘာသာဝင်များသည် ၉၆၉ ကို အသက်သွင်းရန် လုပ်ဆောင်ခြင်းကြောင့် များစွာဝမ်းနည်းမိကြောင်း ” ၂၀၀၇ တွင် အကျဉ်းကျခဲ့သော ရွှေဝါရောင်တော်လှန်ရေးတွင်ပါခဲ့သည့် ဘုန်းတော်ကြီး ဦးဂမ္ဘီရက ဆိုသည် “ သူတို့ မုန်းတီးသောအရာကို သူတို့က ပုံတူ ကူးချနေခြင်းသာ ဖြစ်ကြောင်း ” ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    အစွန်းရောက်သမားများသည် ၉၆၉ အားလက်ခံယုံကြည်စေရန် ၄င်းတွင်ပါဝင်သော နာမ်ဝိဥာဉ် သန့်စင်မှုအယူဆကို ရှင်းလင်းပြသခဲ့သည်မှာ – ဘုရားဂုဏ်တော် ၉ ပါး ၊ တရားဂုဏ်တော် ၆ ပါး ၊ သံဃာ့ဂုဏ်တော် ၉ ပါး ကိုပေါင်းစည်းကာ မြန်မာပြည်တွင်ရှိသော ဗုဒ္ဓဘာသာဝင်အဖွဲ့အစည်းမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ဟူ၍ ရှင်းလင်းပြောဆိုမှုများကြောင့် ဗုဒ္ဓဘာသာဝင်များ၏ ထောက်ခံမှုကို ချက်ခြင်း ရရှိခဲ့ရာ၊ ဦးဆောင်သူများမှ မွတ်စ်လင်မ် မုန်းတီးရေးဝါဒကို ဖြန့်ချီရန် နှင့် မုန်းတီးသူရော မမုန်းတီးသူပါ ပါဝင်ပတ်သက်မှုကို ရရှိခဲ့သည်။
    အဓိက ဦးဆောင်သူမှာ ဦးဝီရသူ ဖြစ်ပြီး မန္တလေး မစိုးရိမ် ကျောင်းတိုက်၏ ဦးဆောင်ဆရာတော် ဖြစ်သည်။ ယခင်က မစိုးရိမ်ကျောင်းမှာ အာဏာရှင် ဆန့်ကျင်ရေးလုပ်ဆောင်မှုများတွင်ပါဝင်ခဲ့ပြီး၊ ယခုအခါ ဦးဝီရသူ၏ မွတ်စ်လင်မ် မုန်းတီးရေးဝါဒ ဖြန့်ချိမှုများကြောင့် ဂုဏ်သတင်း ညှိုးနွမ်းခဲ့သည်။ ယခင်က စစ်အစိုးရကို ဆန့်ကျင်ခဲ့သော်လည်း၊ ယခု အကြမ်းဖက်မှုတွင် စစ်တပ်၏ပါဝင်ပတ်သက်မှုမှာ ရှုပ်ထွေးမှုများ ရှိသည်ဟု ဦးဝီရသူက ပြောခဲ့သည်၊ အစ္စလာမ် ဘာသာဝင်များသည် အန္တရာယ် အဖွဲ့ဝင်များ ဟု သူက ယုံကြည်ခဲ့သည်။ ၀ီရသူ၏ အင်တာဗျူးကို ကိုယ်ပိုင်ဓာတ်ပုံများနှင့် တန်ဆာဆင်ထားသော သူ၏အခန်းထဲတွင် လုပ်ဆောင်ခဲ့ပြီး ၄င်းရှိနောက်ခံမြင်ကွင်းသည် သူ့အား နှိမ့်ချနေထိုင်သော ဘုန်းတော်ကြီးအစား ဘာသာရေးအစွန်းရောက်သူ အဖြစ် ပို၍မြင်စေသည်။ “ ကျွန်ုပ်၏ လေ့လာတွေ့ရှိချက်အရ မြန်မာပြည်တွင်ရှိသော ၁၀၀ ရာခိုင်နှုန်းရှိ မုဒိန်းအမှုများကို လုပ်ဆောင်သူများမှာ မွတ်စ်လင်မ်များဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါဘူး ” ဟုဆို၍ “ ဗုဒ္ဓဘာသာ မိန်းကလေးငယ်များအား အတင်းအဓမ္မ လက်ထပ်ယူကြပြီး၊ မိန်းမများသည် ဗုဒ္ဓဘာသာအား ဆက်လက်ကိုးကွယ်ပါက နေ့တိုင်းညှင်းပန်း နှိပ်စက်ကြတယ် ” ဟု ၄င်းမှ ဆက်ပြောကြားသည်။
    555195_442207505850449_244281815_n
    Photo- U U Mhaw Sayar FB
    ဦးဝီရသူ ကို ၂၀၀၃ ခုနှစ်က မွတ်စ်လင်မ်မုန်းတီးရေးဖြင့် မငြိမ်သက်မှုလုပ်ဆောင်ခြင်းကြောင့် အကျဉ်းချခံခဲ့ရသည်။ (ယခုလက်ရှိ ဖြစ်ပျက်နေသော ပဋ္ဋိပက္ခများနှင့်ပတ်သက်၍ သူက ငြင်းဆိုခဲ့သည်။) သို့သော် ယခုတစ်ခေါက်တွင် တိကျသောအရေးယူဆောင်ရွက်မှုများကို အစိုးရက မလုပ်ဆောင်ခဲ့သဖြင့် မြန်မာပြည်၏မတည်ငြိမ်မှုများတွင် အစိုးရ၏အကျိုးရရှိရန် လုပ်ဆောင်မှုများရှိနေသလောဟု သံသယဖြစ်ဖွယ်ရှိသည်။
    အကြမ်းဖက်မှုအစီစဉ်များသည် မွတ်စ်လင်မ်များ အနေထိုင်များသော နေရာဒေသများတွင် ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သောလ၌ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် မွတ်စ်လင်မ် မုန်းတီးရေး poster များကို ဓာတ်မီးတိုင်များပေါ်ကပ်ထားကြောင်းနှင့် ထိုဒေသတွင်နေထိုင်သော လူဦးရေ ၁၀၀,၀၀ တွင် မွတ်စ်လင်မ်အရေအတွက်မှာ ရာဂဏန်းမျှသာရှိသည် ဟုသိရသည်။ ဒေသခံများပြောပြချက်အရ တရုတ်ပြည်ဖက်သို့ တိတ်တဆိတ် ပို့ဆောင်နေသော ဆီ နှင့် ဓာတ်ငွေ့ပိုက်လိုင်းများသည် အနီးနားတွင်ရှိပြီး၊ အတူတကွအေးဆေးစွာ နေထိုင်လာခဲ့သော နေရာများတွင် ဘာသာရေးလှုံ့ဆော်မှုများ  ရုတ်တရက် ဖြစ်ပေါ်လာခြင်းမှာ ဓာတ်ငွေ့ပိုက်လိုင်းများကိစ္စဆန့်ကျင်ဆန္ဒပြမှုများမှ ဦးလှည့်စေရန်ဟု ယူဆရသည်ဟု ဆိုသည်။
    လေ့လာချက်အရ ဘာသာရေး ပဋ္ဋိပက္ခများသည် မြန်မာပြည်ရှိ အဓိက အင်အားကြီးသော – အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သောလူစုများ၊ အစိုးရနှင့် စစ်တပ်တွင် အဓိကကျသူများကို အကျိုးဖြစ်ထွန်းစေပြီး၊၄င်းတို့ ပြန်လည် အားကောင်းလာပါက မြန်မာပြည်တွင်  ဒီမိုကရေစီ စံနစ်ရရှိရန် ဝေးကွာသွားမည် ဖြစ်ပေသည်။
    ဆောင်းပါးရှင် FRANCIS WADE မှ http://www.foreignpolicy.com တွင် The Monks Who Hate Muslims အမည်ဖြင့် ရေးသားသည့် ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
  • မြန်မာ မွတ်စလင်မ် နှင့် နိုင်ငံသား အခွင့်အရေး
    မြန်မာ မွတ်စလင်မ် နှင့် နိုင်ငံသား အခွင့်အရေး
    ဧပြီ-၁၉-၂၀၁၃
    ဆောင်းပါးရှင်- ဇော်မင်းထွေး
    ဒီမိုကရေစီအကူးအပြောင်းကာလ မြန်မာပြည်၏ အပြောင်းအလဲများသည် မူလက လွန်စွါမှပင် ငြင်သာသည်ဟုထင်ရငြား လတ်တလော နိုင်ငံရေး ထွက်ပေါက်ရှာမှုများ နှင့် လူမျိုးရေး အဓိကရုဏ်းတို့က မြန်မာပြည်သည် စစ်မှန်သည့် အပြောင်းအလဲကို ဖော်ဆောင်နိုင်ပါ့မလား ဆိုသည်မှာ သံသယဖြစ်ဖွယ်ရှိလာသည်။ အပြောင်းအလဲဆိုသည်မှာ အတိတ်နှင့်လက်ရှိ အချိန်တို့တွင် ဖြစ်ပေါ်နေသောအနေအထားနှင့် စနစ်တို့ကို လက်မခံနိုင်သောကြောင့် ပိုကောင်းသည့် အနေအထား တစ်ရပ်ကို ဖန်တီးခြင်းဖြစ်သည်ဟု ကျွန်တော် ယုံကြည်သည်။ သို့လင့်ကစား လက်ရှိကျွန်တော်တို့ လူ့အသိုင်းအဝိုင်း၏ ပရမ်းပတာမျှော်လင့်ချက်နှင့် တလွဲအသုံးချလိုသည့် ကိုယ်ကျိုးရှာစိတ်ဓာတ်များအကြား ပေါက်ဖွားလာခါစ အပြောင်းအလဲမှာ မည်သို့ ဆိုးရွားစွာ ပုံသွင်းခံရမည်ကို မတွေးဝံစရာပင် ဖြစ်သည်။ မှန်ပါသည်။ စနစ်ဟောင်းအကြား အကျဉ်းချ ခံထားရသည့် ဦးနှောက်များနှင့် ကြီးပြင်းလာကြသော ကျွန်တော်တို့ သဘောထား မကြီးနိုင်ကြသေးသည်မှာ အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်စရာသည်။ သို့ပေငြား ယခုလက်ရှိ ဖြစ်ပေါ်နေသော အနေအထားတို့ကို သုံးသပ်ချက်များအရ မြန်မာပြည်သူများသည် စစ်မှန်သည့်အပြောင်းအလဲကို အကယ်စင်စစ်လိုလားရဲ့လား ဟူသည့် အချက်မှာမေးခွန်းထုတ်စရာပင်ဖြစ်သည်။
    တိုင်းပြည်တည်ဆောက်ရေးတွင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော “Social Capital” ဟူသည့် လူမှုအရင်းကို အသုံးချရေးအတွက် လူတိုင်းပူးပေါင်း ဆောင်ရွက်ရေးတို့မှာ နိုင်ငံ စည်ပင်ဖွံ့ဖြိုးရေးအတွက် အသက်သွေးကြောများ သဖွယ်ဖြစ်သည်။ သို့ပေငြား အမျိုးသား စည်းလုံးညီညွတ်ရေးကို မျက်ကွယ်ပြုလိုသော မျိုးချစ်အမည်ခံ အဖျက်သမားများနှင့် အမျိုးသားရေး ခေါင်းစဉ်အောက်တွင် လူမျိုးရေးမုန်းတီးမှုကို အသက်သွင်းနေကြသော နောက်ပြန်ဆွဲ ဝါဒီတို့အကြား မြန်မာပြည်ဖွံ့ဖြိုး တိုးတက်ရေးမှာ ဝိုးတဝါးနှင့် အချိန်မရွေးပျောက်ပျက်သွားနိုင်သော အနေအထားတွင်ရှိနေသည်။
    ယခုလတ်တလော အွန်လိုင်းမီဒီယာများနှင့် လူမှုရေးဝက်ဘ်ဆိုဒ်များတွင် တွေ့နေရသော ပို့စ်အများစု၊ ကွန်းမန့်များနှင့် လုပ်ကြံဓာတ်ပုံအချို့တို့သည် လူမျိုးရေးမုန်းတီးမှုကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဖန်တီးနေကြလျက်ရှိပြီး ကနဦးတွင် ရိုဟင်ဂျာဆန့်ကျင်ရေးအသွင်ဖြင့် ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်းတွင် အစ္စလာမ် ဆန့်ကျင်ရေးကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာကြကာ မြန်မာပြည်တွင်းရှိ လူနည်းစုမွတ်စလင်မ်များအား တိုက်ဖျက်ရေး ဟူသည့် ခေါင်းစဉ်သို့ အသွင်ပြောင်းသွားကြသည်။
    ထိုအချက်ကထူးပြီး မဆန်းလှ။ အသိဥာဏ်အမှောင်တိုက်ထဲ ပိတ်မိနေသော လူတစ်စု၏ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်ပြီး၊ ယခင်ကလည်းရှိခဲ့သည်၊ ယခုလည်းလုပ်နေသည်၊နောင်လည်းဆက်လက် ရှိသွားမည်ဖြစ်သည်။ သို့သော် ကျွန်တော့်အတွက် ထူးဆန်းနေသည်ကား နိုင်ငံကိုချစ်လှပါသည် ဆိုသော နိုင်ငံရေးသမား ကြီးများက ရေငုံနှုတ်ပိတ် နေကြသည်။ နောက်ကိုပြန်မလှည့်ပါဆိုသော ပုဂ္ဂိုလ်များက မျက်ကွယ် ပြုထားကြသည်။ ပွင့်လင်းလာပါသည်ဆိုသော မီဒီယာက သတင်းထိန်ချန်ထားကြသည်။ ထို့ထက်ပိုပြီး ဆိုးသည်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ယက်မသဖွယ် ပဲ့ကိုင်ထိန်းသိမ်းပေးရန်တာဝန်ရှိသော လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်း(NGO) များနှင့် အဆိုပါ NGO တို့၏ တာဝန်ရှိသည့်သူများကပါ ဝိုင်းဝန်းမြောက်ထိုးပင့်ကော် လုပ်ကြလေပြန်သည်။ အဆိုးရွားဆုံးအနေဖြင့်မူကား အတိုက်အခံ နိုင်ငံရေးပါတီတို့၏ ခေါင်းဆောင်ပိုင်းတစ်ချို့နှင့် ပါတီဝင် အများစုကပါ မွတ်စလင်မ် ဆန့်ကျင်ရေးကို ပေါ်ပေါ်တင်တင် ထောက်ခံအားပေးပြီး ကိုယ်ထိလက်ရောက် ပါဝင်ပတ်သတ် ကြလေသောအခါ … တိုင်းပြည်၏ အနာဂတ်အတွက် ကျွန်တော်လွန်စွာမှပင် တုန်လှုပ် ခြောက်ခြားမိပါသည်။
    ထိုမျှသာမကသေးအတန်ငယ် သဘောထားပျော့ပြောင်းသူများက အကြမ်းဖက်မှု ကို လက်မခံပေငြား ၎င်းတို့၏ နှုတ်ထွက် စကားတို့တွင် မြန်မာ မွတ်စလင်မ်များသည် ဧည့်သည်များ ဖြစ်သောကြောင့် အိမ်ရှင်ဖြစ်သူ ဗုဒ္ဓဘာသာဝင်များနှင့် သင့်မြတ်အောင် နေထိုင်ရမည်ဟူသော သြ၀ါဒများခြွေလာကြသော အခါ လွန်စွာမှပင် ခံပြင်းမိသည်။ ထိုစကားလုံးသည် အပေါ်ယံအားဖြင့် လူတစ်ချို့အတွက် နားထောင်ကောင်းပေငြား လူ့အခွင့်အရေးနှင့်နိုင်ငံသား အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှု ချိုးဖေါက်ခြင်း(တနည်း) အနုနည်းဖြင့် အကြမ်းဖက်ခြင်းသာ ဖြစ်သည်။ ယခု ဆယ်စုနှစ်တွင်း ခိုးဝင်လာပါသည်ဟု စွပ်စွဲခံထားရသော သူများအား ထားရှိသော မြန်မာပြည်သူတို့၏ သဘောထားအပေါ်ကျွန်တော်မှတ်ချက်မပေးလိုပါ။ သို့ပေငြား ယခင့်ယခင်က ဖွဲ့စည်းပုံ အခြေခံဥပဒေများ အရရော ယခုလက်ရှိ 2008 ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရပါ၊ နိုင်ငံသား ဖြစ်ပြီးသူ မြန်မာမွတ်စလင်မ်များအပေါ် ဧည့်သည်ဟူ၍ သတ်မှတ်ဆက်ဆံ နေခြင်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါသည်။ ယခုဆောင်းပါးတွင် ကျွန်တော်သည် နိုင်ငံသားဖြစ်မှုအား သတ်မှတ်ခြင်း၊ နိုင်ငံသားဟူသည့် အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များနှင့် နိုင်ငံသား အခွင့်အရေးနှင့် ဆက်ဆိုင်သော မြန်မာပြည်၏ ဥပဒေပြဌာန်းချက်များအား ဆွေးနွေးမည် ဖြစ်ပါသည်။
    ရှေးဦးစွာဆွေးနွေးလိုသည်မှာ ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးတို့က သဘောတူညီသတ်မှတ်မှုပြုပြီးသော နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များကို တင်ပြဆွေးနွေးလိုပါသည်။ နိုင်ငံသား ဖြစ်ပြီးသော ပြည်သူတို့အပေါ် မည်သည့်အုပ်ချုပ်သူအစိုးရကမျှ ဧည့်သည်ဟူ၍ သတ်မှတ်လို့မရပါ။ ရှေးဦးစွာ အခြေချမှုနှင့် ကာလရှည်ကြာအတည်တကျ နေထိုင်မှုတို့အပေါ် မူတည်၍ သတ်မှတ်ချက်များ ကွဲပြားနိုင်သော်လည်း ဥပဒေ၏ရှေ့မှောက်တွင် မည်သည့် နိုင်ငံသားမဆို ရပိုင်ခွင့်မှာ ထပ်တူကျသည်သာဖြစ်၏။
    သို့ဖြစ်ပေရာ အောက်တွင်ဖေါ်ပြမည်ဖြစ်သော နိုင်ငံသားဖြစ်မှုအပေါ်တွင် ကွဲပြားသောသတ်မှတ်ချက်များကို ဆွေးနွေးသွားမည်ဖြစ်သည်။
    Ethnicity (လူမျိုးစု ဖြစ်ခြင်း)
    လူမျိုးစုဖြစ်ခြင်းသည် အစုအဖွဲ့အပေါ်အခြေခံသည်။ ယေဘုယျအားဖြင့် တူညီသော မျိုးဗီဇနှင့် ၀ိသေသလက္ခဏာများ (ဥပမာ – ဘာသာစကားတူခြင်း၊ သမိုင်းအမွေအနှစ် တူညီခြင်း၊ ယဉ်ကျေးမှုတူညီခြင်း) စသည်တို့ဖြစ်ကြသည်။ အများအားဖြင့်လူမျိုးစု ဖြစ်ခြင်းသည် ပထ၀ီအနေအထားအရ နေရာဒေသ တစ်ခုတည်းတွင် အတူတကွ ယှဉ်တွဲနေထိုင်ခြင်း၊တူညီသော စားသောက်နေထိုင်မှု ပုံစံရှိခြင်း၊ ကိုးကွယ်ရာ အယူအဆတူညီခြင်းတို့သည် လူမျိုးစုဟုခေါ်တွင် သတ်မှတ်ရာ၌ အရေးပါလှသည်။
    Race (လူမျိုးနွယ်ဆက်)
    လူမျိုးနွယ်ဆက်ဟူသည် Ethnicity (လူမျိုးစု) နှင့် ဆင်တူပေငြား လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အသွင်သဏ္ဍာန်၊ အသားအရောင်၊စသည်တို့နှင့် ပိုမိုပတ်သက် ဆက်စပ်သည်။ လူမျိုးနွယ်ဆက်ဟူသည် ဇီဝသဘောတရားအရ သတ်မှတ်ထားမှုဖြစ်ပြီး ဆင်းသက်ရာ မျိုးဗီဇတူညီခြင်း (ဥပမာ – ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အရိုးအဆစ် တည်ဆောက်မှု၊မေးရိုး အသွင်သဏ္ဍာန်) အစရှိသည့် တူညီမှုများအပေါ်တွင် အခြေခံ၍ သတ်မှတ်ခြင်းဖြစ်သည်။
    Nationality (အမျိုးသား/နိုင်ငံသားဖြစ်မှု)
    (အမျိုးသား/နိုင်ငံသားဖြစ်မှု) သတ်မှတ်ရာတွင် အဓိကအားဖြင့် လူပုဂ္ဂိုလ်၏ မွေးဖွားရာ နိုင်ငံပေါ် အခြေခံခြင်း (သို့) Citizen နိုင်ငံသား သတ်မှတ်ချက် နှင့် ဘောင်ဝင်မှုတို့အပေါ် မူတည်သည်။ သို့သော် ရံဖန်ရံခါတွင် နိုင်ငံသား ဖြစ်မှုကို ထိုပုဂ္ဂိုလ်၏ လက်ရှိ အခြေတကျ နေထိုင်ရာဒေသ (သို့) အမျိုးသားရေး လက္ခဏာများ ထပ်တူကျခြင်း စသည်အားဖြင့်လည်း သတ်မှတ်လေ့ရှိသည်။ ဥပမာ လူတစ်ဦးသည် နိုင်ငံ A တွင်မွေးဖွားခဲ့ငြား နိုင်ငံ B သို့ ထာဝရ ရွှေ့ပြောင်း နေထိုင်မည်ဆိုပါက ယင်းပုဂ္ဂိုလ်အားနိုင်ငံ B အနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက နိုင်ငံသားဖြစ်မှုကို ခွင့်ပြုပေးရမည်ဖြစ်သည်။ နိုင်ငံသားဖြစ်မှု သတ်မှတ်ရာတွင် အရေးပါသော အခြားအချက်တစ်ချက်မှာ အချို့မျိုးနွယ်စုများသည်ပြည်နယ် အတည်တကျ သတ်မှတ် ထားပေးမှု မရှိငြား (သို့) နိုင်ငံတကာက အသိအမှတ်ပြုမှု နည်းပါးငြား ယင်းမျိုးနွယ်စုများ အနေဖြင့် နိုင်ငံသားဖြစ်မှုတွင် ရပိုင်ခွင့် အပြည့်အ၀ရှိသည် ဟူ၍ သတ်မှတ်ထားသည်။ (ဥပမာ – ပါလက်စတိုင်းများ၊ ကာ့ဒ်လူမျိုးများနှင့် တမီလ်လူမျိုးများ)
    Citizen(နိုင်ငံသားဖြစ်ခြင်း)
    နိုင်ငံသား ဖြစ်ခြင်းသည် သတ်မှတ် နိုင်ငံတစ်ခုတွင် မွေးဖွားခြင်း (သို့) အခြားနိုင်ငံတစ်ခုသို့ ရောက်ရှိစဉ်မွေးဖွါးမှုပြုခြင်း (သို့) အခြားနိုင်ငံသား/သူ တစ်ဦးနှင့် လက်ထက်မှု ပြုခြင်း (သို့)စရိုက်လက္ခဏာနှင့် ၀ိသေသ တူညီခြင်းတို့ အပေါ်မှုတည်၍ အသိအမှတ်ပြုခြင်း စသည်အားဖြင့် ပုံစံအမျိုးမျိုးနှင့်သတ်မှတ် လက်ခံထားကြသည်။ နိုင်ငံသား ဖြစ်ခြင်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက အဆိုပါပုဂိုလ်သည် တင်းပြည့် နိုင်ငံသား ဖြစ်၍ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ရရှိရမည်ဖြစ်သည်။ (ဥပမာ မဲပေးခွင့်၊ ရွေးကောက်ပွဲဝင်ခွင့်)
    သို့ဖြစ်ပေရာမည်သည့် လူမျိုးစု၊ မျိုးနွယ်ဆက်၊ တိုင်းရင်းသားတို့မှ ဆင်းသက်လာသည်ဖြစ်စေ၊ သို့တည်းမဟုတ် ကာလရှည်ကြာရွှေ့ပြောင်းနေထိုင်မှု မှနိုင်ငံသားဖြစ်ခွင့်နှင့် ကိုက်ညီမှုရှိသောကြောင့် နိုင်ငံသားဖြစ်လာသည်ဖြစ်စေ မည်သည့်နိုင်ငံသားမဆို အဆိုပါတိုင်းပြည်အပေါ် သစ္စာစောင့်သိမှု ပြုရမည် ဖြစ်ပြီး အပြန်အလှန်အားဖြင့်လည်း နိုင်ငံတော်မှ နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ပေးရန်လိုအပ်သည်။
    ဆက်လက်၍ မြန်မာပြည်၏ ယခင့်ယခင် ဖွဲ့စည်းပုံ အခြေခံဥပဒေများအရသော်လည်းကောင်း၊ တည်ဆဲဥပဒေများအရသော် လည်းကောင်း၊ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားတို့၏ အခွင့်အရေးသတ်မှတ်ချက်များကို ဆက်လက်ဆွေးနွေးသွားပါမည်။ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ဟူသည်ကို –
    – Personborn of parents both of whom are nationals of the Republic of the Union of Myanmar
    (က)  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှမွေးဖွားသူ
    – Personwho is already a citizen according to law on the day this Constitution comesinto operation.(ခ) ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဌာန်းသည့် နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ
    –  Sect: 345, 2008 constitution
    အဆိုပါအတိုင်းဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ သို့ဖြစ်သောကြောင့်၊ လူတစ်ဦးအနေဖြင့် ၄င်းကိုယ်တိုင်ကော၊ ၄င်း၏မိဘနှစ်ပါးကပါ မြန်မာပြည်တွင် မွေးဖွါးသည်ဆိုပါက၊ မြန်မာနိုင်ငံသားဖြစ်ခွင့်ကို အလိုအလျောက်ရရှိပြီး ဖြစ်သည်။ ၄င်းအပြင် အခြေခံဥပဒေကြီးက နိုင်ငံသားတို့၏ အခွင့်အရေးနှင့်ပတ်သက်၍ပြဆိုရာတွင်
    – Equalrights before the law  and  legal protection
    နိုင်ငံတော်သည်မည်သူ့ကိုမဆို ဥပဒေအရာတွင်တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့်ပေးရမည်။
    –  Non-discrimination based on race,birth, religion, official position, status, culture, sex andwealth
    နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကိုအကြောင်းပြု၍ ခွဲခြားမှု မရှိစေရ။ ယင်းအပြင် တန်းတူအခွင့်အရေး အနေဖြင့် –
    –  Equalopportunity
    (a) Publicemployment
    (b) Occupation
    (c) Trade
    (d) Business
    (e) Technical know-how and vocation
    (f) Exploration of art, science and technology.
    sect:347, sect:348, Sect:349
    ဖေါ်ပြပါမူရင်းအတိုင်း တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအခွင့်အရေး တန်းတူရှိရမည်ဟူ၍ လည်းကောင်း၊ မျိုးနွယ်၊ ကိုးကွယ်ယုံကြည်မှု၊ရာထူးရာခံ၊ ယဉ်ကျေးမှု၊ ဥစ္စာဓန၊ လိင်သဘာဝ စသည်အားတို့ဖြင့် ခွဲခြားဆက်ဆံမှုမပြုရ ဟူ၍လည်းကောင်း ဖေါ်ပြပါရှိပြီးဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ မည်သည့်နေရာတွင်မျှ မည်သည့်နိုင်ငံသားတို့ကအိမ်ရှင်ဖြစ်၍ မည်သို့သော နိုင်ငံသားတို့က ဧည့်သည် ဖြစ်သည်ဟူ၍ ဖွင့်ဆိုထားခြင်းအလျဉ်းမရှိငြား၊ လူပုဂိုလ် အချို့တို့၏ အိမ်ရှင်၊ဧည့်သည်ဟူသည့် အယူအဆကိုတွင်တွင်ပြောဆိုနေခြင်းမှာ လွန်စွာမှပင် ရယ်ဖွယ်ကောင်းလှသည်။
    အထက်ဖေါ်ပြပါအချက်များကို ထောက်ရှုခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် တိုင်းပြည်တည်ဆောက်ရေးကိုအမှန်တကယ် လိုလားသည် ဆိုပါက လူတစ်ဦးခြင်းစီ၏ ဖြစ်တည်မှု၊ နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့် ၄င်းတို့၏ တန်ဖိုးတို့ကို လက်ခံလေးစားပေးမှု ပြုရမည်ဖြစ်ပြီး ၄င်းတို့၏ အသက်ရှင်သန် ရပ်တည်မှုနှင့် ဂုဏ်သိက္ခာရှိမှု တို့ကိုအသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ပေးမှု ပြုရမည်ဖြစ်သည်။
    ထို့အပြင် နိုင်ငံသားတို့၏ နောက်ဆက်တွဲအခွင့်အရေးများ အဖြစ်အခြေခံဥပဒေမှ ပြဌာန်းထားသေးသည်တို့မှာ –
    –  TheRight to life, dignity and personal freedom  (sect:44,353, 354, 355)
    –  Freedomof opinion and expression
    –  Peacefulassembly
    –  Freedomof association and organization
    –  Theright to language, culture ,  literature, education and health ( sect:22,28,366)
    –  Forcelabor, enslaving and anti-trafficking in person are prohibited. (sect:358, 359)
    –  Religiousfreedom ( sect:34)
    စသည်ဖြင့်အသက်ရှင်ခွင့်၊ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့်၊ လွပ်လပ်စွာနေထိုင်ခွင့်၊ လွပ်လပ်စွာဖေါ်ပြ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ အကျိုးပြု အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ပညာရေး ကျန်းမာရေးတို့တွင် တန်းတူညီမျှရပိုင်ခွင့်နှင့် စောင့်ထိန်းခွင့်၊ အတင်းအကျပ် အလုပ်စေခိုင်းခြင်း နှိပ်စက်ကလူပြုခြင်းတို့မှ အကာအကွယ်ရရှိခွင့်၊ လွပ်လပ်စွာ ကိုးကွယ်ခွင့် တို့ကိုသတ်မှတ် ပြဌာန်းပေးထားပြီး ဖြစ်ပေရာ၊ မြန်မာပြည်တွင် ပေါက်ဖွါးသော မိဘကမွေးဖွါးသည့်၊မြန်မာပြည်သား ကျွန်တော်တို့ မြန်မာမွတ်စလင်မ် အားလုံး၏ ရပိုင်ခွင့်တို့နှင့် အကျုံးဝင်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။
    ယင်းအပြင်အရေးအကြီးဆုံး အချက်အနေဖြင့် အပိုဒ် ၃၆၄ တွင် ပြဌာန်းထားသည်မှာ “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် “ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက်ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေ ပြဌာန်းနိုင်သည်။” ဟူ၍ အတိအလင်း ဖေါ်ပြထားသည်။
    ထို့အတွက်ကြောင့် လူမျိုးရေးမုန်းတီးမှုကို အသက်သွင်းသူများ၊ ဘာသာရေး အမြင်ကျဉ်းမြောင်းသူများ၊ ဘာသာရေးအကြောင်းပြ အမုန်းတရား သွတ်သွင်းသူများသည်မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်၊ မည်သို့သော ပုဂ္ဂိုလ်ဖြစ်နေသည် ဖြစ်စေ၊ ဥပဒေကို ချိုးဖေါက်သူများဖြစ်ကြသည်။ လူ့အခွင့်အရေးကို မျက်ကွယ်ပြု ချိုးဖောက်သူများ ဖြစ်ကြသည်။ ယင်းအပြင် ထိုကဲ့သို့ အပြုအမူမျိုးကို မြင်တွေ့ကြားသိရပါလျက် မျက်ကွယ်ပြုနေသူများ၊ နှုတ်ဆိတ်နေကြသူများ၊ အားပေးအားမြောက်ပြုနေကြသူများသည်လည်း တိုင်းပြည်အား အဖျက်အမှောင့်လမ်းကြောင်းသို့ ပို့ဆောင်ပေးနေသောတရားခံများ ဖြစ်မှန်းမသိ ဖြစ်နေကြသည်ကို သတိပြုသင့်သည်။
    အချုပ်အားဖြင့် ဆိုရသော် ယနေ့လက်ရှိ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံနေရသူများမှာ မြန်မာမွတ်စလင်မ် တစ်မျိုးတည်းသာမဟုတ်။ ကျန်တိုင်းရင်းသား လူမျိုးစုများ အပါအ၀င် ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးများသည်လည်း ဆိုးဆိုးရွားရွားလူ့အခွင့်အရေး ချိုးဖေါက်ခံနေရသည်သာ ဖြစ်သည်။ သို့ပေငြား လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရာတွင် မိမိလူမျိုးတစ်မျိုးတည်း အခွင့်အရေးရပြီးရော၊ တစ်ခြားလူမျိုးများက ဆက်လက်ပြီး အခွင့်အရေးများ မရပါစေနှင့် ဟူသည့် စိတ်ဓာတ်မျိုးက လူပီသသော စိတ်ထားမျိုးမဟုတ်ချေ။ ထို့ပြင် မြန်မာမွတ်ဆလင်မ် များအနေနှင့်လည်း မိမိတို့အရေးကိုသာလျှင် ကွက်ကွက်လေး မတွေးပဲနိုင်ငံသားပီသသော စိတ်ဓာတ်ဖြင့် တိုင်းပြည်၏ အရေးကိစ္စ အားလုံးတို့တွင် အနစ်နာခံ အပင်ပန်းခံဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သားအားလုံး၏ ကောင်းကျိုးကို ဖေါ်ဆောင်ရာတွင် တာဝန်ယူစိတ်များပြသရန်လိုအပ်သည်။ ကျန်တိုင်းရင်းသား ပြည်သူများအားလုံးအနေဖြင့် လည်း မိမိတို့အရေးကိုသာရှေ့တန်းတင် ဆောင်ရွက်ခြင်းမပြုပဲ တစ်တိုင်းပြည်လုံးအရေးကို ပြည်ထောင်စုသား စစ်စစ်စိတ်ဓာတ်မျိုးဖြင့် ဖန်တီးပုံဖေါ်သွားရမည်ဖြစ်သည်။ ပြိုင်တူတွန်းမှ ရွေ့နိုင်မည့် အပြုသဘောဆောင်သည့်အပြောင်းအလဲ များကိုမြင်တွေ့လိုပါက ကျွန်တော်တို့ သဘောထားကြီးရန်၊ စည်းလုံးညီညွတ်ရန်လိုအပ်သည်။သို့မဟုတ်ပါက မည်သည့် ပြုပြင်ပြောင်းလဲမှုမျိုးကို ဖေါ်ဆောင်သည်ဖြစ်ပါစေ သမင်မွေးရင်းကျားစားရင်း အဖြစ်မျိုးဖြင့် အဟောသိကံ ဖြစ်နေဦးမည်မှာ မုချမလွဲပင်ဖြစ်သည်။
    ========================
  • နာဇီလက်သစ် ခေါင်းဆောင်များ လွတ်လပ်ခွင့်ရနေ (Analysis By မောင်ဇာနည် )
    ဧပြီ-၉-၂၀၁၃
    ဘာသာပြန်ဆောင်းပါး
    ဆောင်းပါးရှင်-မောင်ဇာနည်
    Wirathu-7
    မကြာသေးခင်က ဖြစ်ပွားခဲ့သည့် လူနည်းစုမွတ်စလင်များအား လူမဆန်စွာ ပစ်မှတ်ထားတိုက်ခိုက်မှုတွင် မြန်မာနိုင်ငံမှ အစွန်းရောက် ၉၆၉ လှုပ်ရှားမှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုအကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ရပြီး ၁၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ သမ္မတဦးသိန်းစိန်အစိုးရနှင့် နိုင်ငံတစ်ဝှန်းရှိ ကြီးမားသည့်လူမျိုးရေးခွဲခြားသူများအကြားက ဘုန်းတော်ကြီးများဦးဆောင်သည့် အဆိုပါအဖွဲ့ကို အပြင်ပန်းမှ အပေါ်ယံအားဖြင့်နားလည်နိုင်ရန် ခက်ခဲလှသည်။ ၄င်းနှင့်စပ်လျဉ်း၍ အောက်ပါအချက်အလက်များကို စူးစမ်းလေ့လာမှု မပြုဘဲနှင့် နားလည်အောင်ရှင်းပြ၍ မရနိုင်ပေ။
    (၁) ဗုဒ္ဓဘာသာနာဇီလက်သစ် အုပ်စုကို အရေးမယူဘဲ နိုင်ငံတော်မှ မျက်နှာသာ ပေးထားခြင်း။
    (၂) လူနည်းစုမွတ်စလင်များအား မျိုးဖြုတ်သုတ်သင်ရန် လက္ခဏာများ မြင်တွေ့နေရသော်လည်း သမ္မတ ဦးသိန်းစိန်မှာ အရေးယူဆောင်ရွက်မှု မရှိခြင်း။
    (၃) ပြဿနာများဖြစ်ပေါ်နေစဉ်တစ်လျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အတိုက်အခံများ(အများစု)က လစ်လျူရှုထားခြင်း တိြု့ဖစ်သည်။
    ထိုကဲ့သို့ အကြမ်းဖက်မှုများက နိုင်ငံပြုပြင်ပြောင်းလဲရေး၏ အနာဂတ်အလားအလာ၊ မျှော်လင့်ချက်များနှင့်ပက်သက်ပြီး အရေးပါသော မေးခွန်းမြောက်များစွာကို ပေါ်ထွက်လာစေသည်။
    **  ၉၆၉ လှုပ်ရှားမှုသည် မည်မျှအတိုင်းအတာအထိ လူကြိုက်များ၍ ပျံ့နှံ့နေပြီနည်း ?  နိုင်ငံတစ်ဝှန်းလုံး ပြန့်နှံ့သွားဖို့ အလားအလာ မည်မျှ ရှိနေပါသနည်း ?
    အမျိုး၊ ဘာသာ သန့်ရှင်းရေး ဟူသည့် ကြွေးကြော်သံနှင့် သစ်လွင်သော အမျိုးသားရေးလှုပ်ရှားမှု၊ အတွေးမှားအမြင်မှားများ စိမ့်ဝင်နေသည့ှ်ဗုဒ္ဓဘာသာဝင်လူစု၊ ယဉ်ကျေးမှုနှင့်စီးပွားရေးကို အခြေပြုထားသည့် အမျိုးသားရေးဝါဒ စသည်တို့မှာ ၁၉၃၀ ခုနှစ်က ဂျာမဏီ၌ ခေါင်းထောင်လာခဲ့သည့် နာဇီဝါဒနှင့် ကွဲပြားမှုမရှိ ထပ်တူထပ်မျှဖြစ်နေသည်ကို တွေ့ရသည်။  ၉၆၉ လှုပ်ရှားမှုမှာ အောက်ပါအချက်သုံးချက်ကြောင့် လူကြိုက်များလာခြင်းဖြစ်ကြောင်း သုံးသပ်ရပေသည်။
    ပထမအချက် – နိုင်ငံတစ်ဝှန်း အချိတ်အဆက်ကောင်းသည့် ဗုဒ္ဓဘာသာကောလိပ်များမှ (၉၆၉ ခေါင်းဆောင် ဦးဝီရသူကဲ့သို့ ) အစွန်းရောက်ဘုန်းကြီးများက နိုင်ငံအတွင်းရှိ စီးပွားရေးအကြပ်အတည်း၊ ယဉ်ကျေးမှုယိုယွင်းပျက်စီးခြင်းနှင့်ပက်သက်၍  “ မြန်မာလူမျိုးများမှာ မွတ်စလင်တို့၏ စီးပွားရေးအရ ဂုတ်သွေးစုတ် အမြတ်ထုတ်ခြင်းကိုခံနေရသော သားကောင်များ ” အဖြစ်ပုံဖော်ကာ နိုင်ငံတွင်းရှိ မွတ်စလင်များအား တရားခံအဖြစ် စွပ်စွဲပြောဆိုနေခြင်း။
    ဒုတိယအချက် – ဗုဒ္ဓဘာသာဝင်လူများစုအတွင်း ခေတ်ကာလကြာရှည်စွာရှိနေသော (လူပြိန်းကြိုက် မွတ်စလင်ဆန့်ကျင်ရေး) လူမျိုးရေးခွဲခြားမှုဝါဒကို ဆွဲယူအသုံးချခြင်း။
    တတိယအချက် –  ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေး၊ စစ်တပ်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ အပါအ၀င် နိုင်ငံအတွင်း နယ်ပယ်စုံမှ ဦးသိန်းစိန်အစိုးရအဖွဲ့လက်အောက်ရှိ အသင်းအဖွဲ့အားလုံးနီးပါးက အဆိုပါ  နာဇီလက်သစ်ဗုဒ္ဓဘာသာဝင်တို့၏ အကြမ်းဖက်လှုပ်ရှားမှုကို အရေးမယူသည်သာမက သွယ်ဝိုက်စွာ ပူးပေါင်းဆောင်ရွက်နေခြင်း တို့ဖြစ်သည်။
    **  အစွန်းရောက်လှုပ်ရှားမှုကို ပြည့်ပြည့်၀၀ ထိန်းချုပ်ရန် နေပြည်တော်အစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်နေသနည်း ?
    ပြီးခဲ့သည့်နှစ်က မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများအပေါ် ပတ်မှတ်ထားသော မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ဦးသိန်းစိန်မှ လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် လူမျိုးရေးမုန်းတီးမှုများ ပြန့်ပွားနေမှုအတွက် ဘုန်းကြီးများနှင့်နိုင်ငံရေးပါတီများကို ပြစ်တင်ပြောဆိုထားသည်။ သို့သော် သူ၏အုပ်ချုပ်ရေးအဖွဲ့မှ ရိုဟင်ဂျာတို့အားဦးတည်သည့် လူမျိုးရေးမုန်းတီးမှုများ သို့မဟုတ် မွတ်စလင်ဆန့်ကျင်ရေးများကို ပေါ်ပေါ်ထင်ထင် လူသိရှင်ကြား လှုံ့ဆော်ခဲ့သော မည်သူတစ်ဦးတစ်ယောက်ကိုမှ အရေးယူခဲ့ခြင်းဟူ၍ မရှိချေ။ ထိုမျှမက နိုင်ငံအတွင်း မွတ်စလင်ဆန့်ကျင်ရေးလုပ်ရပ်များကို လုပ်ဆောင်လျက်၊ မွတ်စလင်များနှင့်  နိုင်ငံရေးရာအတွင်း ၎င်းတို့၏ပါဝင်ပက်သက်နေမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ထုတ်ရှင်းလင်းရန် ဆော်သြောလှုံ့ဆော်နေကြသည့်  ဘုန်းကြီး တစ်ဦးတစ်လေသော်မှ ထိန်းသိမ်း ဟန့်တားနိုင်ခြင်း မရှိခဲ့ချေ။
    “ နိုင်ငံရေးပါတီများ၊ ဘုန်းတော်ကြီးအချို့နှင့် အခြား တသီးပုဂ္ဂလ ပုဂ္ဂိုလ်များက လူမျိုးရေးမုန်းတီးမှုများကို မြင့်မားအောင် လုပ်ဆောင်နေသည်။ နိုင်ငံ အတွင်း နှင့် နိုင်ငံပြင်ပရှိ (ရခိုင်) လူ့အဖွဲ့အစည်းများအား ချဉ်းကပ် ၍လည်း လှုံ့ဆော်နေကြသည် ” ဟု ယမန်နှစ် သြဂုတ်လက လွှတ်တော်သို့ တင်သွင်းသည့် သမ္မတ ဦးသိန်းစိန်၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ လူအုပ်စုကြီး၏အကြမ်းဖက်တိုက်ခိုက်နေမှုကို ရဲဝန်ထမ်းများက မည်သို့မျှ အရေးမယူဘဲ ရပ်ကြည့်နေမှုအား သိမြင်ရပြီးနောက်  အနောက်နိုင်ငံရှိ မီဒီယာများက ကျယ်ကျယ်ပြန့်ပြန်ဖော်ပြခဲ့ကြသော ဦးသိန်းစိန်၏ သည်းခံခြင်းတရားထားရှိ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် အားပေးသောစကား (နှင့်) အနောက်မီဒီယာများကပင် တင်ပြရန်ပျက်ကွက်ခဲ့သော အစိုးရ၏ မထိန်းသိမ်းခဲ့မှု တို့ကြားတွင် ဆက်စပ်၍မရသည့် ကွာဟမှုတစ်ခုရှိနေသည်။
    မွတ်စလင်ဆန့်ကျင်ရေး ဒီဗီဒီများ၊ စီဒီခွေများနှင့် အခြား ၀ါဒဖြန့်ချိသည့်အရာများအားလုံးကို မြန်မာတစ်နိုင်ငံလုံးတွင် အလွယ်တကူ တွေ့မြင်နိုင်သည်။ ပို၍ပွင့်လင်းလာသည့်တိုင်းပြည်ရှိ လူမှုအသိုင်းအ၀ိုင်းတွင် မွတ်စလင်ဆန့်ကျင်ရေး အချက်အလက်များ၊ အမုန်းတရားများကို ဖြစ်ပွားစေနိုင်သည့် ရှုထောင့်များမှပြောဆိုမှုတို့မှာ တရားဝင် ပုံစံမျိုး ဖြစ်နေသည်။  သတ္ထုတွင်းဝန်ကြီးဌာန၏ အကျင့်ပျက်ခြစားမှုနှင့်ပက်သက်၍ သတင်းဆောင်းပါး တစ်ပုဒ်ကို ဖော်ပြခဲ့သော the Voice Weekly ဂျာနယ်ကို အစိုးရမှ တရားစွဲခဲ့သော်လည်း တိုင်းပြည်အတွင်းရှိ မွတ်စလင်များအား အသရေဖျက်မှုများ၊ မွတ်စလင်များနှင့် ပက်သက်သည့် ကောလဟလများ၊ တလွဲတချော်အချက်အလက်များအား ပုံစံအမျိုးမျိုးဖြင့် ရိုက်နှိပ်ဖြန့်ဝေနေမှုများကိုမူ မည်သို့မျှ ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိသေးပေ။ သို့ဖြစ်၍ တိုင်းပြည်ကို “ မွတ်စလင်များ၏သင်္ချိုင်း ” အသွင်သို့ ပြောင်းလဲရန် မီဒီယာအမျိုးမျိုးမှလှုံ့ဆော်မှုများကို ရပ်တန့်စေခြင်းအစား – ၀န်ကြီးဌာနများ၏ စာရိတ္တပျက်ပြားမှုအား မှန်မှန်ကန်ကန်ဖော်ထုတ်မှုနှင့် ပက်သက်သောကိစ္စ၌ ဦးသိန်းစိန်အစိုးရမှ ပိုမို စိုးရိမ်နေသည်ကိုသာ ထင်ထင်ရှားရှားတွေ့နိုင်သည်။
    ဦးသိန်းစိန်အစိုးရသည် အစ္စလာမ်ဘာသာဝင်များကိုဦးတည်သော အကြမ်းဖက်မှုများဖြစ်ပွားအောင် စီစဉ်နေသူများ၊ အမုန်းတရား ဖြန့်ဝေနေသူများအား စံနစ်တကျ ဟန့်တားမှု မရှိလျှင်၊ မွတ်စလင်များနှင့်အတူ အခြား တိုင်းရင်းသားလူနည်းစုများအပေါ်  ကာလကြာရှည်စွာ ရာဇ၀တ်မှု ကျူးလွန်နေသူများအား  လစ်လျူရှုထားမှုကို အဆုံးမသတ်နိုင်ပါလျှင် –  ၉၆၉ ပြန့်ပွားမှု အန္တရာယ်မှသည် လူမျိုးတုံးသတ်ဖြတ်မှုများထံသို့ ရောက်ရှိသွားပေလိမ့်မည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆီသို့ ဟန်ရေးပြ လျှောက်လှမ်းနေသော်လည်း အာဏာရှင်ဟောင်း အများစုပါဝင်သည့် စစ်တပ်က ကျားကန်ပေးထားသော ဦးသိန်းစိန်အစိုးရမှာ အတိုက်အခံအဖွဲ့များကို နှိမ်နှင်းရာတွင် စနစ်တကျ ဖွဲ့စည်းထားသည့်  နှစ်ပေါင်းငါးဆယ်ကျော် အတွေ့ကြုံကောင်းရှိခဲ့ကြသည်။ လူထုကြားထဲတွင် ၎င်းတို့မှ မပျံ့နှံ့စေချင်သော သတင်းများ၊ လှုံ့ဆော်မှုများကို စစ်တပ်မှ ဆယ်စုနှစ်ပေါင်းများစွာ ထိထိရောက်ရောက် ထောက်လှမ်း ဟန့်တားနိုင်ခဲ့ကြပေသည်။
    ဟောင်ကောင်တက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်ပြီး၊ ယခုတွင်မူ ဦးသိန်းစိန်၏ ထိပ်တန်းအကြံပေးတစ်ယောက်ဖြစ်ကာ အစိုးရက ဖွဲ့စည်းပေးထားသော မြန်မာငြိမ်းချမ်းရေး စင်တာ Myanmar Peace Center (MPC) တွင် ပါဝင်ညွှန်ကြားနေသူ တစ်ဦးလည်း ဖြစ်သော ကျော်ရင်လှိုင်သည် ၂၀၀၈ ခုနှစ် Fletcher Forum of World Affairs ထုတ်  “ Challenging the Authoritarian State: Buddhist Monks and Peaceful Protests in Burma Issues and Policy ” ဆောင်းပါးတွင် မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းများ၌ စစ်တပ်၏  အဓိကအခန်း ကဏ္ဍကို အောက်ပါကဲ့သို့ ရေးသားဖော်ပြထားခဲ့သည်။
    “ ၁၉၉၇ ခုနှစ်က မန္တလေးရှိ ထင်ရှားသော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအား ဒေသတွင်းရှိ ဗိုလ်ချုပ်များ၏ သံသယဖြစ်ဖွယ်ပြင်ဆင်မှုကို  သံဃာတော်များမှ ဆန့်ကျင်ဆန္ဒပြမည့် အစီအစဉ်အား စစ်အစိုးရမှ သတိပြုမိခဲ့သည်။ သံဃာတော်များ ဆန္ဒမပြနိုင်မီ မွတ်စလင်စီးပွားရေးသမားတစ်ဦးက ဗုဒ္ဓဘာသာအမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်သည် ဟု ကောလဟလတစ်ခု ထွက်ပေါ်လာသည်။  သံဃာတော်များမှ ဗိုလ်ချုပ်များအပေါ်ရည်ရွယ်ထားမှုအား အစိုးရက မွတ်စလင်ဘက်သို့ ပြောင်းပေးလိုက်ခြင်းဖြစ်ပြီး နောက်ဆုံးတွင် မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းတစ်ခု ဖြစ်လာစေခဲ့သည်။ သံဃာတော်များ၏ အစိုးဆန့်ကျင်ရေး လှုပ်ရှားမှုများအား တားဆီးရန်အလို့ငှာ မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်များကို ထောက်လှမ်းရေးများက ရံဖန်ရံခါ သွေးထိုးလှုံ့ဆော်ပေးလေ့ရှိသည် ဟု လေ့လာသူအချို့က ယူဆကြသည်။”  (စာမျက်နှာ ၁၃၇-၁၃၈)
    ပြီးခဲ့သည့် မတ်လ ၃၀ရက်နေ့တွင် “ The Disorder in Order: the Army-State in Burma since 1962 ”, စာအုပ်ကို ရေးသားသူ ပရော်ဖက်ဆာ Donald Seekin က မတ်လ ၂၉ ရက်နေ့ထုတ် နယူးယောက်တိုင်မ်းသတင်းစာတွင် ပါလာသည့် ‘ Kristallnacht in Myanmar ’ ဆောင်းပါးကို ထောက်ခံ၍ ဤကဲ့သို့ မှတ်ချက်ပေးခဲ့သည်။
    “ မွတ်စလင်မုန်းတီးမှုဟာ မြန်မာလူထုထဲမှာ နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေပါပြီ။ ပြီးတော့ ဒီမုန်းတီးမှုကို ၁၉၆၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ဦးနေ၀င်းနဲ့ စစ်အစိုးရလက်ထက် တစ်လျှောက်လုံး အားပေးအားမြှောက်လုပ်ခဲ့ပါတယ်။ သူတို့အကြိုက်ဆုံး လှုံ့ဆော်မှုနည်းလမ်းကတော့ မွတ်စလင်က ဗုဒ္ဓဘာသာ ဗမာအမျိုးသမီးကို မုဒိမ်းကျင့်တယ် ဆိုပြီး ကောလဟလသတင်း ဖြန့်မယ်၊ ပြီးတော့ ဗုဒ္ဓဘာသာဝင်အားလုံးကို မွတ်စလင်တွေ ဘက် မြှားဦးလှည့်သွားအောင် အကွက်ဆင်တာပါပဲ။ အရင်အစိုးရက သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်ရေးစနစ်ဟာ တစ်ခါတုန်းက ဗြိတိသျှအစိုးရရဲ့ပေါ်လစီဖြစ်ပြီး လူအဖွဲ့အစည်းအများအပြားထဲမှာ စည်းလုံးမှုအနည်းဆုံး ဖြစ်သွားစေတဲ့ပုံစံပါ ”။
    မြန်မာစစ်အာဏာရှင်များသည် ၎င်းတို့၏ နိုင်ငံရေးအကျိုးအမြတ် နှင့် မဟာဗျူဟာအတွက် လူမျိုးပေါင်းစုံရှိသော မြန်မာ့လူ့အဖွဲ့အစည်းတွင် ဘာသာရေး၊ လူမျိုးရေးကို အသုံးချ၍ အမြတ်ထုတ်ခဲ့သည့် သမိုင်းကြောင်းများ ထင်ထင်ရှားရှားရှိခဲ့သည်။ နိုင်ငံရေးတွင် စစ်တပ် နှင့် ထိပ်တန်းဗိုလ်ချုပ်ကြီးများ၏ အာဏာရှင်စံနစ် အုပ်ချုပ်မှုမျိုး မရှိတော့ပါက ပြည်သူလူထုထံ၌ လုံခြုံမှု မရှိနိုင် ဟူသည့် အယူအဆအပါအ၀င်၊ ထိုကဲ့သို့ မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားများ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ပျံနှံ့စေမှုကို  ဦးသိန်းစိန်အစိုးရအနေဖြင့် ၎င်းတို့၏ နိုင်ငံရေးအကျိုးအမြတ်အတွက် လိုချင်ကောင်းလိုချင်လိမ့်မည်ဟု ရှင်းပြရန်ပင် မလိုအပ်ပေ။
    တိုင်းပြည်အတွင်း ဘာသာရေးအရ သဟဇာတဖြစ်ရေး နှင့် အတူယှဉ်တွဲနေထိုင်ရေး စကားတစ်ချို့ကို ပျော့ပြောင်းစွာထုတ်ဖော်ပြောကြားသော်လည်း သမ္မတဦးသိန်းစိန်မှာ နာဇီလက်သစ် ၉၆၉ လှုပ်ရှားမှုကို ထိန်းသိမ်းရန် ယခုအချိန်အထိ မည်သည်ကိုမျှ ပြုလုပ်ဆောင်ရွက်ခြင်း မရှိသေးပေ။ တိတိကျကျ ဆိုရလျှင် နေပြည်တော်အစိုးရ၏ မဟာဗျူဟာမြောက် တွက်ချက်လုပ်ဆောင်မှုအတွင်း၌ တိုင်းပြည်အုပ်ချုပ်ရေးနှင့် စီးပွားရေးတွင် ပြိုင်ဘက်မရှိ ထိန်းချုပ်မှုနှင့်လွှမ်းမိုးမှုများ ရရှိလာရန်အတွက် အစဉ်အမြဲအသုံးပြုလေ့ရှိခဲ့သော သွေးခွဲအုပ်ချုပ်ရေးနည်းလမ်းအပါအ၀င် -ကြောက်ရွံမှု၊ မသေချာမှုများ ကိန်းအောင်းနေသောအခြေအနေကို ဖန်တီးရန်  ထိုအကြမ်းဖက်လှုပ်ရှားမှုတို့အား အရေးမယူဘဲ ပိုမိုလစ်လျူရှုထားမည့် ပုံသဏ္ဍာန် ရှိနေလေသည်။
    **  ငြိမ်းချမ်းရေး၏ ပြယုဂ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူမကိုထောက်ခံသူ ဗုဒ္ဓဘာသာဝင်များအကြားရှိ အကြမ်းဖက်လူမျိုးရေးခွဲခြားမှုအရှိန်ကို ရပ်တန့်စေရန် မည်ကဲ့သို့ဆောင်ရွက်နေသနည်း ?
    မွတ်စလင်များကို အဆက်မပြတ် အကြမ်းဖက်မှုများ၊ မွတ်စလင်နှင့်ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းနှစ်ရပ်အကြား သေကြေပျက်စီးမှုများအတွက် သူမ၏ နှုတ်ဆိတ်နေမှုက အစ္စလာမ်ကြောက်ရောဂါနှင့် အမုန်းတရားများ ပျံ့နှံ့နေမှုတွင် သူမကိုပါ ကြံရာပါဖြစ်စေသလားဟု နားမလည်နိုင်အောင်ဖြစ်ရသည်။ မည်သို့ပင်ဖြစ်စေကာမူ
    ၁။ အကြမ်းဖက်မှုများနှင့် အမုန်းတရားဖြန့်ဝေမှုများက မွတ်စလင်များကိုသာလျှင် တိုက်ရိုက် ပစ်မှတ်ထားနေခြင်းဖြစ်ပြီး၊ ထိုလုပ်ရပ်များကို အခင်းဖြစ်ပွားရာမြို့တွင်းရှိ လူများ နှင့် မြို့ပြင်ရှိလူများက အစီအစဉ်ရှိရှိပူပေါင်းဆောင်ရွက်ကြခြင်း။
    ၂။ မွတ်စလင်များ(အပါအ၀င် ကချင် ကဲ့သို့ အခြားလူနည်းစုများ) က အကြမ်းဖက်မှုများ၊ သေကြေမှုများ၊ ပျက်စီးဆုံးရှုံးမှုများကို ခါးစည်းခံနေရခြင်း။
    ၃။ စစ်တပ်နှင့်လုံခြုံရေးတပ်ဖွဲ့တို့အနေနှင့် လူအုပ်စုများကို ထိန်းသိမ်းရာ၌ နှစ်ပေါင်း ၅၀ အတွေ့အကြုံရှိခြင်း
    စသည်တို့ အပါအ၀င် ရှင်းလင်း ထင်ရှားသည့် အချက်အလက်များကို သူမက လျစ်လျူရှုခဲ့သည်။
    စင်စစ်၌မူ ဒေါ်အောင်ဆန်းစုကြည်မှာ မွတ်စလင်များအား အကြမ်းဖက်မှုအပေါ် လုံးဝ နှုတ်ဆိတ်နေခဲ့သည်တော့ မဟုတ်။ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော သုံးရက်တာ ကြာမြင့်သည့် မွတ်စလင်များအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီးနောက်၊ အကြမ်းဖက်လူအုပ်စုကြီးမှ ထင်တိုင်းကြဲ သတ်ဖြတ်မှုများ၊ မီးရှို့မှုများ ပြုလုပ်နေစဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ထိန်းသိမ်း အရေးမယူဘဲ ရပ်ကြည့်နေသည့် ခိုင်လုံသော အထောက်အထား အများအပြား ရှိသော်လည်း၊   လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှု အခြေအနေကိုင်တွယ် ထိန်းသိမ်းပုံများအပေါ် သူမက ကာကွယ်ပြောဆိုသွားခဲ့သည်။ သုံးရက်အတွင်း လက်နက်များ ကိုင်ဆောင်ထားသည့် ဗုဒ္ဓဘာသာဝင် အုပ်စုက ဗလီများ၊ မွတ်စလင်များ၏အိမ်များ၊ စီးပွားရေးလုပ်ငန်းများ အပါအ၀င် အဆောက်အဦးပေါင်း ၁၀၀၀ နီးပါး ဖျက်ဆီးခဲ့ခြင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လွှတ်ပေးထားခဲ့သည်။ အင်တာဗျူးတစ်ခုတွင် ဒေါ်စုကြည်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တမင်သက်သက် အရေးမယူခြင်းကို “ လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ တိုင်းပြည်၏ ဒီမိုကရေစီ အပြောင်းအလဲတွင် အဓိကရုဏ်များကို ထိန်းသိမ်းသော အတွေ့အကြုံ မရှိသေး ” ဟု ဆင်ခြေပေး၍ ကာကွယ်ပြောဆိုသွားခဲ့ပါသည်။
    တရုတ်နိုင်ငံနှင့် မြန်မာစစ်တပ်တို့ ပူပေါင်း၍ ရင်းနှီးမြှုပ်နှံထားသော မြန်မာနိုင်ငံ အလယ်ပိုင်းရှိ သတ္ထုတွင်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများ၊ ဆန္ဒပြသူတို့ကို အကြမ်းဖက်ဖြိုခွင်းမှုများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံးစမ်းစစ်ဆေးရေး ကော်မရှင်၏ ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သော သူမ၏ အဆိုပါ မှတ်ချက်က လယ်ယာမြေ ဆုံးရှုံးသူများ နှင့် ၄င်းတို့ကို အားပေးထောက်ခံကြသော သံဃာတော်များအား လူစုခွဲရန် ဖော့စ်ဖော့ရပ်စ် ထည့်ထားသော မီးလောင်ဗုံးများကို အသုံးပြုခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လုပ်ရပ်အား လျစ်လျူရှုထားသကဲ့သို့ ဖြစ်နေလေသည်။ ၄င်းအပြင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် မိတ္ထီလာအကြမ်းဖက်မှု၌ ဒုက္ခရောက်ခဲ့ကြသော မွတ်စလင်များ(နှင့်အခြားဒုက္ခသည်များ)ထံ သွားရောက်အားပေးရမည့် အစား ဒေါ်စုကြည်မှာ မတ်လ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီးများနှင့် တရင်းတနှီး တွေ့ဆုံခဲ့သည်။
    ** မကြာသေးမီက ဖြစ်ပေါ်သွားခဲ့သည့် အကြမ်းဖက်မှုများ နှင့် ကောလဟလများက  မွတ်စလင်ဆန့်ကျင်ရေး၌ ပါဝင်စေဖို့ လူအများကို ဆွဲဆောင်တော့မည်လော ?  ၄င်းပြင် မြန်မာနိုင်ငံတွင် တွေ့ရသည့် အစ္စလာမ်သာသနာနှင့် ပက်သက်၍ ချဲ့ကားပြောဆိုထားသော ကောလဟလများက မည်သည့်နေရာမှ အစပြုခဲ့ပါသနည်း ?
    လွတ်လပ်သော၊ ပရိုဆန်သော သတင်းထုတ်ပြန်မှုများ နှင့် ရွေးကောက်ပွဲများ မရှိဘဲနှင့် ဗိုလ်ချုပ်ကြီးများမှ အုပ်ချုပ်မှုအာဏာကို ရယူခဲ့စဉ်ကတည်းက မြန်မာ့ယဉ်ကျေးမှုနှင့် နိုင်ငံရေးလောကတို့တွင်  ကောလဟလများက ရာစုနှစ်ဝက်ကြာအောင် အသက်သွေးကြော ဖြစ်ခဲ့သည်။ စစ်တပ်မှ ၀ါဒဖြန့်သော လူမျိုးရေးခွဲခြားမှုဇာတ်လမ်းများ၊ အသရေဖျက်မှုများနှင့် ကောလဟလများကြားတွင် မြန်မာလူထုမှာ နစ်မြုပ်နေခဲ့သည်။ ပြုပြင်ပြောင်းလဲရေးခေတ်တွင်ပင် လွတ်လပ်သော မီဒီယာများက အစွန်းရောက်မျိုးချစ်စိတ်များဖြင့် အမျိုးသားရေးဆိုင်ရာကြောက်ရွံ့မှုများ၊ မွတ်စလင်ဆန့်ကျင်ရေးများအတွက် လှုံ့ဆော်ရာတွင် အဓိကအခန်းကဏ္ဍမှ  ရံဖန်ရံခါ ပါဝင်နေပေသည်။
    မြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ ၏ လေးရာခိုင်နှုန်းမျှသာရှိသော မွတ်စလင်များမှာ ကြောက်ရွံ့ ထိတ်လန့်လျက်ရှိနေကြပေသည်။ သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့် ရှိသူထဲမှ တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဟောင်း ဇော်ဌေး(မှူးဇော်)ကိုယ်တိုင်ကပင် ပြီးခဲ့သည့်နှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာများအား အကြမ်းဖက်တိုက်ခိုက်မှု ပထမလှိုင်း စတင်ကတည်းက မွတ်စလင်ဆန့်ကျင်ရေး ကောလဟလများ၊ မဟုတ်မမှန် လုပ်ကြံမှုများ၏ အရင်းအမြစ်ဖြစ်နေခဲ့သည်။ သူ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ မွတ်စလင် ဆန့်ကျင်ရေးနှင့် အမုန်တရားများကို မီးထိုးပေးသည့် တဖက်သတ်အမြင်များစွာကို လွှင့်တင်ခဲ့သည်။ ဥပမာအားဖြင့် “ လက်နက်ကိုင်မွတ်စလင် အကြမ်းဖက်အုပ်စုတစ်စု မြန်မာ – ဘင်္ဂလားနယ်စပ်ကို ဖြတ်ကျော်လာနေတယ်လို့ ကျွန်တော်တို့သတင်းရပါတယ်။ ဆက်လက် စောင့်မျှော်နေပါရန် ” ဟူသည့် သတင်းကို လွှင့်တင်ခဲ့လေသည်။
    ထိုစဉ်က နိုင်ငံပိုင်မီဒီယာများကလည်း ‘ ကုလား ’ ဟူသည့် အသုံးအနှုန်းကို အသုံးပြု၍ မွတ်စလင် ဆန့်ကျင်ရေး ရှုထောင့်မှ ဆောင်းပါးမြောက် များစွာကို ရေးထား ထုတ်ဝေခဲ့သည်။ ထို ‘ ကုလား ’ ဟူသည့် အသုံးအနှုန်းမှာ မွတ်စလင်များနှင့် အိန္ဒိယတိုက်သားများကို ရည်ညွှန်းသည့် အသုံးအနှုန်းဖြစ်ပြီး၊ အင်္ဂလိပ်စကားလုံး  niger (ငမဲကောင်) နှင့် အဓိပ္ပါယ်အားဖြင့် အတူတူပင်ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့များ နှင့် ၀ါဒဖြန့်အေဂျင်စီများ၊ ရိုးရာဓလေ့ ထုံးတမ်းအရ သြဇာရှိသူများ၊ နိုင်ငံရေးအရ သြဇာရှိသူများက မွတ်စလင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ချိန်သားကိုက်မီးထိုးပေးခဲ့ကြပြီး၊ လူထု၏ ထင်မြင်ချက်မှာလည်း ၎င်းတို့နောက်သို့ လိုက်သွားကြသည်။ ရိုးရာယဉ်ကျေးမှုအရ သံဃာတော်များမှာ စစ်ဗိုလ်ချုပ်ကြီးများ၊ အတိုက်အခံများထက် ဗမာ့လူ့အဖွဲ့အစည်းတွင်း ပို၍သြဇာညောင်းသည်။ နိုင်ငံရေးသဘောတရားအရကြည့်လျှင် လူမျိုးရေးခွဲခြားတတ်လေ့ရှိသော လူထုမှာ အစိုးရဘက်မှလာသော အခြား အကြောင်းအရာများနှင့် ပက်သက်သော သတင်းများကို သံသယဖြစ်ကြသည့်တိုင် အစိုးရ၏ မွတ်စလင်ဆန့်ကျင်ရေး ကောလဟလသတင်းများ၊ လုပ်ကြံဇာတ်လမ်းများကိုမူ ယုံကြည်ဟန်ရှိသည်။
    အစိုးရ၏ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ၀ါဒဖြန့်ချီမှုများ နှင့် ထိုလုပ်ငန်းများကို ပင်တိုင်ဆောင်ရွက်နေကြသော သြဇာညောင်းသည့် သံဃာများအကြားမှ ပတ်သက်ဆက်ဆံရေးကို ဆန်းစစ်ရန် အလွန်ပင် ခက်ခဲလှသည်။ မိတ္ထီလာတွင်ဖြစ်ပွားခဲ့သည့် သေကြေပျက်စီးမှုများအပါအ၀င် ဖေ့စ်ဘုတ် စာမျက်နှာပေါ်၌ လွှင့်တင်ထားသော မွတ်စလင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လူထောင်ပေါင်းများစွာက ‘ like ’ လုပ်ထားပြီး၊ မြန်မာလူမျိုးများ၏ အားပေးအားမြှောက်ပြုသံများ၊ နာဇီလက်သစ်အမြင်များကို တွေ့မြင်နေရသည်။
    with Khin Nyunt
    ၉၆၉ လှုပ်ရှားမှုခေါင်းဆောင်ဖြစ်သည့် ဆရာတော်ဝီရသူနှင့် မကြားသေးခင်က ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် သူက မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားသူများ၏ အကြမ်းဖက်မှုများကို တားမြစ်ခဲ့သည် ဟု အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသယောင် ထုတ်ဖော်ပြောကြားခဲ့သည်။
    **  ဦးဝီရသူ၏ အပြောတစ်မျိုးအလုပ်တစ်မျိုး နှုတ်ပိုင်းဆိုင်ရာ စည်းမစောင့်ထိန်းမှုများက  မြန်မာနိုင်ငံတွင်းရှိ မွတ်စလင်တို့အား ရှင်းလင်းရန်အတွက် ၉၆၉ လှုပ်ရှားမှုဆက်လက်ဖြစ်ပွားစေရန် လှုံ့ဆော်နေဦးမည်လော ?
    မြန်မာဘာသာဖြင့်လွှင့်တင်ထားသော သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အခဲမကြေနိုင်သော ဇာတ်လမ်းများစွာကိုရေးသားထားသည်။ တစ်ခါတစ်ရံ နံနက်ပိုင်းတွင် မေတ္တာတရား၊ ဘာသာရေးအရ သည်းခံနိုင်မှုနှင့်ပက်သက်သည့် ဆောင်းပါးများကိုရေးသားထားပြီး၊ ထိုနေ့ ညနေပိုင်းတွင်မူ မွတ်စလင်မိသားစုမှ ဗမာအမျိုးသမီးကို လက်ထပ်၍ အတင်းအကြပ်ဘာသာပြောင်းခိုင်းခြင်း၊ ဗမာအမည်မှ မွတ်စလင် အမည် သို့မဟုတ် အိန္ဒိယအမည်သို့ ပြောင်းခိုင်းခြင်းကို သတိပေးခြင်း အပါအ၀င် အန္တရာယ်ရှိသည့် မွတ်စလင်ဆန့်ကျင်ရေး ဆောင်းပါးများကို ရေးသားဖော်ပြထားပြန်သည်။
    ၂၀၀၃ ခုနှစ် ကျောက်ဆည်မြို့တွင် မွတ်စလင်မိသားစုအား နေအိမ်ထဲ မီးလောက်တိုက်သွင်း သတ်ဖြတ်ခဲ့သောအကြမ်းဖက်မှုကို လှုံ့ဆော်ခဲ့မှုကြောင့် အကျဉ်းကျခဲ့ရသူ  ဦးဝီရသူကဲ့သို့ ဘုန်းကြီးအနေနှင့်  ဤကဲ့သို့သောလုပ်ရပ်များကိုထောက်၍ သူ၏အကြမ်းဖက်မှု လှုံ့ဆော်တရားများအတွက် နောင်တရခဲ့သည့် အသွင်သဏ္ဍာန်မျိုး မရှိပေ။ မကြာသေးခင်ကဖြစ်ပွားခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သော သူ၏အခန်းကဏ္ဍနှင့်ပက်သက်၍ ယနေ့အချိန်အထိ နောင်တရသည့်လက္ခဏာကိုလည်း မပြသသေးချေ။
    wiratu and aung toung
    လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ၀ီရသူမှာ မွတ်စလင်ဆန့်ကျင်ရေးအမြင်များကို ဟိုတစ်စ ဒီတစ်စ ဖြန့်ဝေသူဖြစ်ပြီး လူသိနည်းသည်။ ယခုတွင်မူ နိုင်ငံတော်မှ ပစားပေးထားသော နာဇီလက်သစ်လှုပ်ရှားမှု ထွက်ပေါ်လာခြင်းနှင့်အတူ ဘာသာရေးအခြေပြု အမုန်းတရားများကို ဖြန့်ဖြူးသူဖြစ်လာခဲ့ပြီး၊ နိုင်ငံတကာ မီဒီယာများမှ တွေ့ဆုံရမည့် လူတစ်ယောက်ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ နာဇီလက်သစ် ဘုန်းတော်ကြီးတစ်ပါးအား လူကြိုက်များလာမှုမှာ တိုင်းပြည်၏ အနာဂတ် ဒီမိုကရေစီ အပြောင်းအလဲအတွက် အတိတ်နိမိတ် မကောင်းတော့သလို  မွတ်စလင်များနှင့်ရိုဟင်ဂျာများကဲ့သို့ အခြားလူနည်းစုများ အတွက် လည်း ကောင်းမွန်သော အနာဂတ် မဖြစ်နိုင်ချေ။
    ဦးဝီရသူသည် စစ်ထောက်လှမ်းအရေး အကြီးကဲဟောင်း ဦးခင်ညွန့်၊ စစ်တပ်နှင့်ချိတ်ဆက်ထားသည့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတိုင်ပင်ခံ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သောင်း အပါအ၀င် ယခင်အာဏာရှင် လက်ထက်က အစိုးရအရာရှိများ အချို့နှင့် အနီးကပ် ဆက်ဆံရေး ရှိနေသည်ဟု ပြည်တွင်းရှိ ဝေဖန်ဆန်းစစ်သူများမှ အချိန်အတော်ကြာကပင် သံသယ၀င်နေခဲ့ကြသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ရေးအရ ပါဝင်ပတ်သက်နေမှု အနေအထားများကြောင့် – “  ဗုဒ္ဓဘာသာဝင်များက နိုင်ငံအတွင်းရှိ လူနည်းစုမွတ်စလင်များအား တိုက်ခိုက်နေသည်ကို ဦးသိန်းစိန်အစိုးရမှ အဘယ့်ကြောင့် အရေးမယူဘဲ ရှိနေသနည်း ” ဆိုသည့်မေးခွန်းအတွက် အလွန်ပင်ရှည်လျားစွာ ဖြေကြားရှင်းပြရပေဦးတော့မည်။
    မောင်ဇာနည်ရေးသားသော Myanmar’s neo-Nazi Buddhists get free rein ဆောင်းပါးကို ဇင်ဝေ မှ  ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
  • ရဟန်းတို့ လမ်းပျောက်လေသော် …
    နှစ်ဟောင်းမှအညစ်အကြေးများ၊ အပြစ်များသာမက ကံဆိုးခြင်းများ ပပျောက်ကင်းစင်စေ ရန် ဆေးကြောသည့် အနေဖြင့် မြန်မာပြည် သူပြည်သားများ သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကအထိ သင်္ကြန်နှစ်ကူးပွဲတော် ဆင်နွှဲခဲ့ကြလေသည်။ ဗုဒ္ဓဘာသာဝင်အများစုရှိသည့် နိုင်ငံတွင် မွတ်စလင်မ်တို့အပေါ် အကြမ်းဖက်မှုများ ရှိခဲ့သဖြင့် လွန်လေပြီးသော နှစ်ဟောင်းသည်ကား မြန်မာပြည်အတွက် အမှောင်လွှမ်းခဲ့သည့်ကာလပင်။  သမ္မတကြီး ဦးသိန်းစိန် ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများစတင်ပြီး နှစ်နှစ်အကြာတွင် ဖြစ်ပွားနေသည့် လူမျိုးရေး အမုန်းတရားများ ပဋိပက္ခမျာနှင့်စပ်လျဉ်း၍ ပြည်တွင်း အခြေဆိုက် စာရေး သူ နှစ်ဦးတို့က သတိပေး ရေးသားထားပါသည်။
    မူရင်းဆောင်းပါးရှင်  -ဆွေဝင်း
    www.straitstimes.com
    fnmonks19e
    မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးလက်အောက်တွင် ရှိနေစဉ် လွန်ခဲ့သည့် ငါးနှစ်က အနောက်တိုင်းသားနှင့် တရုတ်လူမျိုး မိတ်ဆွေအချို့က ကျွန်တော့်အား အကြမ်းမဖက် သိမ်မွေ့မှုကို သွန်သင်သည့် ဗုဒ္ဓသာသနာ ထွန်းကားရာ မြန်မာနိုင်ငံတွင် အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုများ ရှိနေရပါ သနည်းဟု မေး ခဲ့ကြပါသည်။
    ထိုစဉ်တုန်းက ကျွန်တော်က တိုင်းပြည်တွင်းမှ ကိုယ့်သဘောနှင့်ကိုယ် စွန့်ခွာခဲ့ကာ ဟောင်ကောင် တက္ကသိုလ်တွင် စာနယ်ဇင်းပညာ သင်ယူနေ စဉ်ဖြစ်ပြီး ပြန်ဖြေလေ့ရှိသည်က တိုင်းပြည်အုပ်ချုပ်နေသူ  စစ်ခေါင်းဆောင်များက အကျင့်စာရိတ္တ ပျက်ပြားနေကြပြီး ဗုဒ္ဓသာသနာကလည်း အမည်ခံမျှ သာ ဖြစ်နေသောကြောင့် ဟူ၍ပင်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်မတိုင်မီ ပဒေသရာဇ်ခေတ် အုပ်ချုပ်သူ ဘုရင်များကလည်း အမည်ခံဗုဒ္ဓ ဘာသာဝင်များသာဖြစ်ကြပြီး သူတို့ ကိုယ်တိုင်ကလည်း ရာဇဝတ်မှုကြီးများ ကျူးလွန်ခဲ့ကြဖူးသည် ဆိုသည်ကို လည်း ထောက်ပြဝေဖန်လေ့ ရှိခဲ့ပါသည်။
    ဆိုလိုသည်က ဘာသာတရားသည် တစ်စုံတစ်ရာ လွဲမှားနေခြင်းမဟုတ်ဘဲ ဘာသာတရား၏ သွန်သင်ချက်များကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ခဲ့ကြ သည့် အုပ်ချုပ်သူ နိုင်ငံရေးသမားများ၏ ပြဿနာသာ ဖြစ်ကြောင်းပင်။
    ယခုအခါတွင်တော့ ထိုအဖြေမျိုးပေးရန် မဖြစ်နိုင်တော့။ ယခင်က ဘာသာရေးအရ အကြမ်းဖက်မှု ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ဖူးခြင်း သမိုင်းတွင် မရှိခဲ့သည့် မြန်မာပြည်အလယ်ပိုင်းရှိ မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာဝင်များက မွတ်စလင်မ်တို့အား သေသည်အထိ တိုက်ခိုက်မှုများ မကြာသေးမီ က ဖြစ်ပွားခဲ့သောကြောင့်ပင်။ ဘုန်းတော်ကြီးများကိုယ်တိုင် မီးရှို့ဖျက်စီးမှု စတင်ခဲ့ကြခြင်း၊ ရိုက်ပုတ်သတ်ဖြတ်ခဲ့ကြခြင်း သတင်းသက်သေများ အရ ဤသည်တို့၏နောက်ကွယ်တွင် ကျင့်ဝတ်မစောင့်သည့် အစိုးရအမှုထမ်းများ သက်သက်ထက် များစွာပိုမိုနက်ရှိုင်းသည့် ပြဿနာတစ်ရပ်ကတော့ ရှိနေချေပြီ။
    (လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသော)ဗုဒ္ဓဘာသာကိုးကွယ်သူများ၊ (၆၅ရာခိုင်နှုန်းကျော်ရှိသော) တိုင်းရင်းသား ဗမာလူမျိုးများ အများ စုဖြစ်ကြ သည့် မြန်မာလူထုကတော့ ဤသို့ ရက်ရက်စက်စက် မတရားပြုမူရာတွင် ပါဝင်ကြသူ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများသည် ဘုန်းတော်ကြီး စစ်စစ်မဟုတ်ကြဟု ယုံကြည်လိုကြသည်။ ဤနည်းအားဖြင့် ဗုဒ္ဓသာသနာ၏ အလေးအမြတ်ထားရာ ရတနာတစ်ပါးဖြစ်သည့် သံဃာတို့ကိုယ်တိုင် ပျက်စီးခြစားနေကြကြောင်း ခါးသီးသောအရှိတရားကို လက်ခံခြင်းထက် သက်သာရာ ရနိုင်သည်ကိုး။
    လူငယ်လူရွယ် အမျိုးသားပျို အမျိုးသမီးပျိုများကိုယ်တိုင် သဒ္ဓါတရားထက်သန်စွာဖြင့် တရားရယူနိုင်ရန်အလို့ငှာ သာသနာ့ဘောင်ဝင်ခဲ့ကြသည့်ခေတ် ရှိခဲ့ဖူးပါ၏။ သို့ရာတွင် စစ်အာဏာအောက်တွင် နှစ်ပေါင်းငါးဆယ်ခန့်ကြုံတွေ့နေခဲ့ရစဉ်တွင်မူကား နယ်စပ်တစ်လျှောက် စစ်ဖြစ်နေခြင်းနှင့် ဆင်းရဲ မွဲတေမှုတို့ကြောင့် ဘုန်းကြီးကျောင်းများတွင် ကိုရင်များ တိုးလာခဲ့သည်။
    အများစုမှာ အခြားရွေးချယ်စရာလမ်း မရှိသည့် မိဘမဲ့များ နှင့် မိဘများကိုယ်တိုင် ခိုကိုးရာမဲ့နေသောကြောင့် သားသမီး နေရေး စားရေး ပညာရေးစိတ် ချရစေရန်အတွက် ဘုန်းတော်ကြီးများထံ အပ်နှံခဲ့ကြရသူများ ဖြစ်လာသည်။
    လူသစ်တိုးပွားလာရခြင်း နည်းလမ်းအားဖြင့်မူ သံဃာများသည်လည်း မြန်မာ့တပ်မတော် စစ်သည်သစ် စုဆောင်းကြပုံနှင့်မခြားတော့။ အချို့နေရာများ တွင် ကျောင်းထိုင်ဆရာတော်များသည်ပင် စစ်အရာရှိတို့ကဲ့သို့နည်းတူ ရက်စက်ကြမ်းကြုတ်ကြသူများ ဖြစ်ခဲ့ကြသည်။
    ကျွန်တော်က ၁၉၉၀ပြည်လွန်နှစ်များတွင် မိရိုးဖလာ ဗုဒ္ဓဘာသာမိသားစုတစ်စုမှ ကြီးပြင်းခဲ့သူဖြစ်သည်။ ငါးတန်းနှစ်မှစတင်ကာ နှစ်စဉ် နွေရာသီတိုင်း ဘုန်းကြီးကျောင်းများတွင် လေ့လာသင်ယူခဲ့သည်။ ဘုန်းကြီးများသည် တရားဓမ္မ ကျင့်ကြံအားထုတ်ကြရမည့်အစား အလှူငွေများများရှာနိုင်စေ ရန် ဗေဒင်ပညာ သင်ယူခြင်း၊ ဝတ္ထုပစ္စည်းများ လှူဒါန်းလာသည်ကို စုဆောင်းလက်ခံခြင်းတို့ဖြင့် အချိန်ကုန်ကြလေ့ရှိသည်။
    ယနေ့ခေတ်တွင် မြန်မာဘုန်းကြီးအများစုတွင် ဒစ်ဂျစ်တယ် တယ်လီဖုန်းများ၊ ဇိမ်ခံ အကောင်းစားကားများ၊ LCD တီဗီများ ပိုင်ဆိုင်နေကြသည်။ အချို့က လောင်းကစားတောင် လုပ်ကြသေး၏။ “ အသက်ကြီးလာတော့မှသာ တရားကျင့်ကြံ အားထုတ်ကြတာ။ မဟုတ်လို့ကတော့ ဘုန်းကြီး အများစုက သာမာန်လူတွေလို နေနေကြတာပါပဲ” ဟု ပြီးခဲ့သည့် သီတင်းပတ်က ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးက ကျွန်တော့်ကို ပြောခဲ့ပါသည်။
    ပိုဆိုးသည်ကတော့ ထိုနွေရာသီကာလများအတွင်း ကျွန်တော် ကြုံတွေ့ခဲ့သည့် ဘုန်းကြီးများက ဗုဒ္ဓ၏ တရားစစ်မှန်တို့အား လျစ်လျူရှုကာ အခြား ယုံကြည်ရာ သာသနာတို့အား မထီလေးစားပြုမူလျက်  သံဃာတို့အား သီးသန့် ဂိုဏ်းဂဏတစ်ရပ်အသွင် ယူဆခဲ့ကြခြင်းပင်။ မြန်မာနိုင်ငံသည် နိုင်ငံရေး စီးပွားရေးအရ မတည်ငြိမ်သမျှကာလပတ်လုံး သံဃာဟူသည် ဒုက္ခသည်ပြည်သူတို့၏ အားကိုးအားထားရာသာမက အချို့အခြေအနေများတွင် ဂိုဏ်ဂဏအသွင်ဆောင်စရာ အကြောင်းခံ ဖြစ်နေပေသည်။
    ၂၀၀၁မှစကာ တောင်ငူ၊ ပျဉ်းမနား၊ ကျောက်ဆည်နှင့် အခြား မြန်မာပြည်အလည်ပိုင်း မြို့ရွာအချို့တွင် မွတ်စလင်မ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပွား ခဲ့ပြီး ဦးဆောင်ပါဝင်သူ ဘုန်းကြီးအချို့ ထောင်ကျခဲ့ကြ သည်။ နိုင်ငံရေးလှုပ်ရှားသူ ကျောင်းသားတစ်ဦးဖြစ်သော ကျွန်တော်သည် ထို ထောင်ကျ ဘုန်းကြီးအချို့နှင့် မန္တလေးမြို့အနီးရှိ မြင်းခြံထောင်တွင် ဆုံခဲ့သည်။
    သူတို့ထဲမှ တစ်ပါးက မွတ်စလင်မ်တို့၏ ပစ္စည်းဥစ္စာများအား ကိုယ်တိုင်မီးရှို့ဖျက်ဆီးကာ ဗုဒ္ဓသာသနာကို ကာကွယ်ခဲ့ကြောင်း ကျွန်တော့်အား ဂုဏ်ယူစွာ ပြောပြသည်။ ဝီရသူအမည်ဖြင့် ကျော်ကြားသူ နောက်တစ်ပါးကတော့ ထိုစဉ်ကအခြားထောင်တွင် အဆိုပါပြစ်မှုမျိုးအတွက် ပင် ထောင်ဒဏ် ကျခံခဲ့ရသူ ဖြစ်ပြီး ယခုအခါ ၉၆၉ လှုပ်ရှားမှုကို  ဦးဆောင်ကာ မွတ်စလင်မ်မုန်းတီးရေးတရားများ ဟောပြောနေလေသည်။
    ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်ရှိ နိုင်ငံမဲ့မွတ်စလင်မ်လူနည်းစု ရိုဟင်ဂျာများနှင့် ပဋိမက္ခ ဖြစ်အပြီးတွင်တော့ ကျွန်တော့်မိတ်ဆွေ ဘုန်းကြီးအချို့က လူ့အခွင့်အရေးနှင့် အနောက်တိုင်း၏ စံချိန်စံညွှန်းများအား ထိုသူတို့အတွက် ကျင့်သုံးရန် မဖြစ်နိုင်ကြောင်း ဆိုခဲ့ကြပါသည်။ ကျွန်တော်က ဘာကြောင့် မကျင့်သုံးပေးရနိုင်ပါမည်လဲမေးကာ ထို ရိုဟင်ဂျာတို့သည်လည်း လူသားများဖြစ်သည့်အလျောက် ဗုဒ္ဓ၏ သွန်သင်ချက်များအတိုင်း သာ ပြုမူဆက်ဆံသင့်ကြောင်း ပြောမိတော့ သူတို့က ခေါင်းတစ်ခါခါဖြင့် ကျွန်တော် ဗမာမဟုတ်တော့ဟု ဆိုခဲ့ကြလေ၏။
    သူတို့က ကျွန်တော် ဗုဒ္ဓဘာသာဝင်မဟုတ်တော့ဟု မပြောခဲ့ကြခြင်းအတွက် ကျွန်တော် ဂုဏ်ယူရပါဦးမည်။
    စာရေးသူသည် ရန်ကုန်အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်ပါသည်။