News @ M-Media

Category: ဆောင်းပါး

  • ယနေ့ မြန်မာနိုင်ငံ တရားစီရင်ရေး မဏ္ဍိုင် စစ်စစ်ကြီး အခြေနေ

    ဧပြီ-၁၉-၂၀၁၃
    M-Media
    ရေးသူ-အလိမ္မာရဲ့ ချိန်ဘာ

    no justice
    မိတ္ထီလာမြို့နယ် ရွှေဆိုင် အမှူ့မှာ ရွှေဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ဦးထွန်းထွန်းဦး ကို ပုဒ်မ ၃၈၂ အရထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်းအလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် ၊ အလုပ်သမား ညီညီ ကိုလဲ ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် ၊ ရွှေဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်အေး ကို ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ /၁၁၄ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ /၁၁၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် အရအမိန့်ချခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာဖော်ပြခဲ့ကြပါတယ် ။

    အဲဒီမှာကျနော် ဘဝင် မကျတာက မည်သည့် ဥပဒေအရ ဆိုပြီး တိတိပပ ဖော်ပြထားခြင်း မရှိတာပါ ။ ပုဒ်မ ၃၂၅ ၊ ပုဒ်မ ၃၂၄ ၊ပုဒ်မ ၃၂၅ /၁၁၄ ၊ ပုဒ်မ ၃၂၄ /၁၁၄ ဆိုတာကတော့ အဖြစ်ပျက် နဲ့ ( ဖြည့်တွေးကြည့်တဲ့အခါ) ဖြည့်တွေးကြည့်တဲ့အခါ ပြစ်မှူ့ဆိုင်ရာဥပဒေ ဆိုပြီး ဆက်စပ် တွေးလို့ရနိုင်ပေမယ့် ပုဒ်မ ၃၈၂ ကတော့ လုံးဝ လုံးဝကိုတွေးလို့မရတာပါ။ ဆိုင်မှမဆိုင်တာကိုးဗျ။ ဥပဒေ ဆိုတာ အမျိုးအမည် ပေါင်း တစ်သောင်းခြောက်ထောင် မက ထွေပြားများပြလှတဲ့ အချိန်ခါမှာ ဘယ် ဥပဒေရဲ့ ပုဒ်မ ပါဆိုပြီး မဖော်ပြတာဟာ အများပြည်သူကို နားမလည် စေချင် လို့များပေလားဗျာ။

    ပြစ်မှူ့ဆိုင်ရာဥပဒေ ပုဒ်မ ပုဒ်မ ၃၂၄ က ဘေးဖြစ်စေတက်သော လက်နက်ဖြင့် တပါးသူကိုနာကျင်စေမှူ့ဖြစ်ပါတယ်။ အမြင့်ဆုံး ပြစ်ဒဏ်က ၃ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ကိုဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ၊ဒဏ် နှစ် ရပ်လုံး ဖြစ်စေ ချမှတ်ရပါ မည်  ။ဒီပုဒ်မက ထောင်ဒဏ်ပဲချချ၊ ငွေဒဏ်ပဲချချ ၊၂ ခုစလုံးဘဲချချ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ်ကို လျှော့ချလဲရပါတယ်။ ပုဒ်မ ၃၂၅ ကတော့ အပြင်းထန်နာကျင် စေမှူ့ ဖြစ်ပါတယ်။ အမြင့်ဆုံး ပြစ်ဒဏ်က ၇ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ကို ချမှတ်ရမည့်အပြင် ငွေဒဏ်လဲ ချမှတ်နိုင်ပါသည်။ ထောင်ဒဏ်တော့ချကိုချရမည် ။ ပြစ်ဒဏ်ချမယ့်နှစ် ကတော့ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ်ကို လျှော့ ချလဲရပါတယ် ။ ငွေဒဏ်ကိုပါတွဲ၍ ချမှတ်နိုင်ပါတယ်။ ပုဒ်မ ၁၁၄ ကတော့သူတပါး ပြစ်မှူ့ကျူးလွန်ရာတွင် ပြစ်မူ့ကျူးလွန်သူအား အစအဆုံး အားပေးကူညီခြင်းဖြစ်ပါတယ် ။ ပုဒ်မ ၁၁၄ ကတော့ ရှေ့ကပုဒ်မ ဖြစ်လာအောင် အစအဆုံး အားပေးကူညီခြင်း ဖြစ်ပါတယ် ။ ရှေ့ကပုဒ်မ အတိုင်းပြစ်ဒဏ်ချခံရပါမယ်။

    ဒါပေမဲ့ ပုဒ်မ ၃၈၂ က ပြစ်မှူ့ဆိုင်ရာဥပဒေ အရဆိုရင် နာကျင်စေရန်ပြင်ဆင်ပြီး ခိုးမှု့ ဖြစ်ပါတယ် ။ အမြင့်ဆုံး ပြစ်ဒဏ်က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် ထိ ချမှတ်ရ မည့် အပြင် ငွေဒဏ်လဲ ချမှတ်နိုင်ပါတယ်။ ။ ထောင်ဒဏ်တော့ချကိုချရမည် ။ချမဲ့ နှစ် ကတော့ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ် နှစ် ကို လျှော့ ချလဲရပါတယ် ။ ငွေဒဏ်ကိုပါတွဲ၍ ချမှတ်နိုင်ပါတယ်။

    ပုဒ်မ ၃ မျိုး စလုံးကို တဆက်ထဲရေးသားထားတာဆိုတော့ ယေဘူယျ အားဖြင့် အမျိုးတူ ဥပဒေ ထဲကလို့ယူဆရမှာပါ ။ ဒါကြောင့် ပြစ်မှူ့ဆိုင်ရာဥပဒေ ရဲ့ ပုဒ်မ ၃၈၂ လို့ သတ်မှတ်ရမှာပါ ။ ဒါဆိုရင် ရွှေဆိုင်ပိုင်ရှင်တွေဟာ ခိုးတဲ့ အဆင့်ကိုရောက် လို့သွားပါပြီ ။ ရွှေဆိုင်ပိုင်ရှင်တောင် သူခိုးဆိုပြီးလုပ်လိုက်ကြပါပြီ ။ မြန်မာနိုင်ငံတရားစီရင်ရေး စစ်စစ်ကြီးပါ။

    ဒီလိုပုဒ်မတွေ တပ်ဖို့ အကြံပေးတဲ့ မိတ္ထီလာမြို့နယ် ဥပဒေရုံး တာဝန်ခံဥပဒေအရာရှိ (အစိုးရှေ့နေ ) ကို ချီးကျူးရမှာဖြစ်သလို ၊ မိတ္ထီလာမြို့နယ် ဥပဒေရုံး တာဝန်ခံဥပဒေအရာရှိ အကြံပေးတဲ့ အတိုင်း ပုဒ်မတွေ တပ် ပြီး တခါမှမချဖူးတဲ့ ပြစ်ဒဏ်တွေနဲ့ ချခဲ့တဲ့ မိတ္ထီလာ မြို့နယ်တရားသူကြီးကို လဲ ဩချရလောက်အောင်ချီးကျူးရမှာပါ ။ တရားစီရင်ရေးကို ဂိုဒ်လိုင်းပေးခဲ့တဲ့ တာဝန်ရှိလူကြီးမင်းများကို ဆို သာလို့ပင်ချီးကျူးရပေ အုံးမယ်ဗျာ ။

    ဆောင်းပါးရှင်၏ သုံးသပ်ချက်သာဖြစ်ပါသည်။

  • မမေးလည်းဖြေ (၁၆)- မွတ်စလင်မ်မဟုတ်ရင် သတ်ရမှာလား?

    မမေးလည်းဖြေ (၁၆)- မွတ်စလင်မ်မဟုတ်ရင် သတ်ရမှာလား?

    ဧပြီ-၁၆-၂၀၁၃
    ရေးသူ-သဲတပွင့်

    အစ္စလာမ်သာသနာတော်ကို မလိုမုန်းတီးသူတို့က အစ္စလာမ်သာသနာတော်၏ အဆုံးအမဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ပါ သွန်သင်ချက်အချို့ကို မိမိတို့ အလိုရှိရာ အစိတ်အပိုင်းမျှကိုသာ မိမိတို့လိုရာ ဖြတ်တောက်ကောက်နုတ်တင်ပြကြလျက် ကျမ်းမြတ်ကုရ်အာန်တွင် မွတ်စလင်မ်မဟုတ်သူတို့အား သတ်ရန် လမ်းညွှန်ထားကြောင်း ပြောကြပါသည်။ သူတို့ ညွှန်းဆိုသည့် ကျမ်းမြတ်ကုရ်အာန်လာ သွန်သင်ချက်များကို ဦးစွာပထမ တင်ပြပါမည်။

    “ထို့ပြင်တဝ အသင်တို့သည် ထိုသူ( ကာဖိရ် – မိစ္ဆာ ဒိဋ္ဌိ) တို့အား တွေ့ဆုံ ဖမ်းဆီးမိရာအရပ်၌ တိုက်ခိုက် သုတ်သင် ရှင်းလင်းကြကုန်လော့။”
    (ကျမ်းမြတ်ကုရ်အာန် ၂း၁၉၁)

    “သို့ဖြစ်ပေရာ အသင်တို့သည် ထိုမွတ်ရှ်ရစ်က်(တုဖက်ယှဉ်တွဲကိုးကွယ်သူ)တို့အား တွေ့ရာနေရာများတွင် တိုက်ခိုက်သတ်ဖြတ် ကြလေကုန်။ ထို့ပြင် သူတို့အား ဖမ်းဆီးချုပ်နှောင် အကျဉ်းချ ထားကြလေကုန်။ သူတို့ ပုန်းကွယ်လျက်ရှိသောနေရာများသို့လည်း ချောင်းမြောင်း တိုက်ခိုက်ကြလေကုန်။”

    (ကျမ်းမြတ်ကုရ်အာန် ၉း၅)

    “အသင်တို့သည် သူတို့အား အဘယ်ကြောင့် မတိုက်ခိုက် မသုတ်သင်ကြလေသနည်း။”

    “အသင်တို့သည် သူတို့အား တိုက်ခိုက် သုတ်သင် ရှင်းလင်းကြကုန်လော့။”
    (ကျမ်းမြတ်ကုရ်အာန် ၉း၁၃၊၁၄)

    အထက်ပါ ဖော်ပြချက်များသည် ကျမ်းမြတ်ကုရ်အာန်တွင် အမှန်မုချ ပါရှိသော သွန်သင်ချက်များ ဖြစ်ပါသည်။ ထိုသို့ဆိုလျင် အစ္စလာမ်က ဘာသာမတူသူ မွတ်စလင်မ်တို့အား တွေ့ရာ သင်္ချိင်း ဓားမဆိုင်းဘဲ သတ်ဖြတ်ခိုင်းထားသည့် သာသနာပေလော … စဉ်းစားဖွယ်၊ စိုးကြောက်ဖွယ်ရာပင်။

    ဤသွန်သင်ချက်အတိုင်းသာ အမှန်ဆိုပါက အယုတ်အလတ် အမြတ်မရွေး ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံမျှသော သန်းနှစ်ထောင်ခန့်လူသားထုက အစ္စလာမ်သာသနာအား  လိုက်နာကျင့်သုံး နေကြခြင်းသည် ယုတ္တိရှိပါဦးမည်လော။ ကမ္ဘာတစ်ဝန်းရှိ ပညာတတ်မွတ်စလင်မ် အသိုင်းအဝိုင်းကလည်း ဤကဲ့သို့သော သွန်သင်ချက်များရှိနေသည့် သာသနာတစ်ခုကို မျက်စိမှိတ် ကျင့်သုံးနေကြသည်လော။ ဤလမ်းညွှန်အတိုင်းသာဆိုပါက မွတ်စလင်မ်တို့သည် ကျမ်းတော်မြတ်ကုရ်အာန်၏ လမ်းညွှန်ချက်များကို အသက်ထက်ဆုံး လိုက်နာကျင့်သုံး ဆောက်တည်ရန် ကြိုးစားနေကြပါသည်ဆိုပါလျက်နှင့် ဤကမ္ဘာမြေဝယ် မွတ်စလင်မ်မဟုတ်သူ ကျန်ရှိနေသေးသည်မှာလည်း အံ့အားသင့်ဖွယ်ရာပင်။

    ထိုသို့ဆိုလျင် ရှင်းပါသည်။ ဤသွန်သင်ချက်များသည် ထိုဝါဒဖြန့်ချိသူ၊ ပြဿနာ မီးမွှေးနေသူ၊ အမုန်းမှိုင်းတိုက်နေသူတို့ဆိုသကဲ့သို့ မဟုတ်နေသောကြောင့်သာပါပင်။

    ရှင်းပါဦးမည်။

    ကျမ်းမြတ်ကုရ်အာန်လာ အထက်ပါသွန်သင်ချက်များအကြောင်းမရှင်းမီ အစ္စလာမ် စတင်ထွန်းကားလာချိန်က အခြေအနေနှင့် ထိုကျမ်းမြတ် ကျရောက်လာပုံကို ရှင်းပြလိုပါသည်။

    ကျမ်းမြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ လူသားတို့ထံသို့ တမန်တော်မြတ် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)မှတဆင့် ၂၃နှစ်တာ ကာလအတွင်း လိုအပ်ချက်ပေါ်မူတည်လျက် ဝါကျအလိုက်၊ စာပိုဒ်အလိုက် သွန်သင်ဆုံးမချက်အဖြစ် ကျရောက်လာခြင်း ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ကျမ်းမြတ်ကုရ်အာန်၏ ဆုံးမသြဝါဒတော်များကို အပြည့်အဝ နားလည်နိုင်ရန်အတွက် အဆိုပါ သွန်သင်ချက်များကို မည်သို့သော အခြေအနေ အချိန်အခါတွင် မည်သည့်အတွက် ညွှန်ကြားခြင်းဖြစ်ကြောင်း နားလည်ရန် အရေးကြီးပါသည်။ ထို့ပြင် ကျမ်းမြတ်ကုရ်အာန်၏ သွန်သင်ချက်အား မိမိလိုရာ အစိတ်အပိုင်းတစ်ခုမျှသာ လိုရာစွဲ ဖြတ်တောက်ထုတ်နုတ်ခြင်းမပြုဘဲ ရှေ့နောက်အကြောင်းချင်းရာကိုပါ ထောက်ရှုကာ သွန်သင်ချက်သဘောကို အပြည့်အဝနားလည်ရန် ကြိုးစားရန်လည်း လိုအပ်ပါသည်။

    အာရေဗျကျွန်းဆွယ် မက္ကာဟ်ရွှေမြို့တော်တွင် အစ္စလာမ်သာသနာ စတင်စဉ်ကာလတွင် မွတ်စလင်မ်များသည် မယုံကြည်သူ မိစ္ဆာဒိဋ္ဌိများ၏ နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အစ္စလာမ်ကို ယုံကြည်မိသည့်အတွက် စီးပွားရေး၊ ပညာရေး၊ လူမှုရေးအရ ဝိုင်းကျဉ် ရှောင်ဖယ်သည့်ဒဏ်လည်း ခံခဲ့ကြရသည်။ ထူးခြားသည်က ထိုသို့သော မတရားနှိပ်စက်မှု အမျိုးမျိုးနှင့် ကြုံဆုံနေရစဉ်ကာလတွင်ပင် မွတ်စလင်မ်တို့က မိမိတို့နှင့် အယူမတူသူတို့အပေါ် တရားမျှတစွာ မေတ္တာထားနိုင်ခဲ့ခြင်းဖြစ်သည်။  အစ္စလာမ်၏ လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား ခွင့်လွှတ်ခဲ့သည်။ မိမိဝတ်ပြုဆုတောင်းနေစဉ် မိမိ ခန္ဓာကိုယ်ပေါ်သို့ အမှိုက်သရိုက် အညစ်ကြေးများ သွန်ချသူ အဘွားအိုကို အပြစ်မယူခဲ့သည်သာမက တစ်ရက် ထိုသို့လာရောက်ပြုမူခြင်း မရှိသောကြောင့် နေထိုင်မကောင်းခြင်းကြောင့်များလား စိတ်ပူကာ လူမမာ သွားမေးခဲ့သူ ဖြစ်သည်။ ထူးခြားလှသည့် နောက်အချက်က အစ္စလာမ်ကို နည်းအမျိုးမျိုးဖြင့် နှောက်ယှက်ဖျက်ဆီးရန် ကြိုးပမ်းနေသူများသည်ပင်လျင် ထိုခေတ်ထိုအခါ၏ လုံခြုံရေးနည်းစနစ် တစ်ခုဖြစ်သည့် မိမိတို့ ဥစ္စာပစ္စည်း လုံခြုံရေးအတွက် ယုံကြည်စိတ်ချရသူထံ မိမိတို့ ပစ္စည်းဥစ္စာများ အပ်နှံရာတွင်မူ ထို တမန်တော်မြတ်ထံ လာရောက် အပ်နှံခဲ့ကြသည်ကို ထောက်ရှုလျင် မွတ်စလင်မ်တို့၏ သစ္စာရှိမှုကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။

    မိမိ တစ်ကိုယ်ရည်အတွက် စော်ကားဒုက္ခပေးသမျှ ခါးစည်းသည်းခံခဲ့သော်လည်း မွတ်စလင်မ်အများ ၁၃နှစ်တာမျှ ဘေးဒုက္ခမျိုးစုံ ကြုံလာသည့်အခါတွင် အခြားမြို့ရွာသို့ (ယဆ်ရစ်ဘ်-နောင်တွင် မဒီနဟ်မြို့ဟု အမည်တွင်သည်) မွတ်စလင်မ်များအား ပြောင်းရွှေ့ အခြေချစေခဲ့ရသည်။ ထိုသို့ ပြောင်းရွှေ့ပြီးသည့်တိုင်အောင်ပင် ကျန်ရစ်သည့် အိုးအိမ်များ၊ ဆွေမျိုးသားချင်း မိသားစုဝင်များအား ဆက်လက် ဖျက်ဆီးကာ လူမှုရေး စီးပွားရေးအရ နားလန်မထူနိုင်အောင် ဆက်လက် ဒုက္ခပေးနေသေးသည့်အတွက် မတတ်သာသည့်နောက်ဆုံးတွင် ခုခံစစ်အဖြစ် ပြန်လည် တိုက်ခိုက်ခဲ့ရကြသည်။

    မတရားသဖြင့် ညှင်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ဆိုးရွားလှသည် မဟုတ်ပါလော။ (ကျမ်းမြတ်ကုရ်အာန် ၂း ၁၉၁)

    မွတ်စလင်မ်များသည် မိမိတစ်ဦးချင်းအတွက် မေတ္တာထား ငုံ့ခံခဲ့ကြသလို အများအကျိုးနှင့်ယှဉ်လာပါကမူ သစ္စာတရားအတွက် တုန့်ပြန်ခဲ့ကြရခြင်းသာ ဖြစ်ပါသည်။

    အထက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်၏ သွန်သင်ချက်များသည် ထိုစဉ်အချိန်က သစ္စာတရားအတွက် တုန့်ပြန်ရန်လိုအပ်လာစဉ်က လမ်းညွှန်အဖြစ် ကျရောက်ခဲ့ခြင်း ဖြစ်ပါသည်။

    ဆက်လက်၍ အဆိုပါ သွန်သင်ချက်တို့အား လိုသလို ဖြတ်တောက်ခြင်းမပြုဘဲ ဖြစ်စဉ်ဖြစ်ရပ်တစ်ခုလုံးအား မီးမောင်းထိုးပြနေသည့် ရှေ့နောက် ဝါကျစာကြောင်းများနှင့်ပါ ယှဉ်တွဲ လေ့လာကြည့်ကြပါဦးစို့။

    “ထို့ပြင်တဝ အသင်တို့သည် အလ္ခာဟ်အရှင်မြတ်၏ လမ်းတော်၌ အသင်တို့ကို စတင် စစ်မက် ပြိုင်ဆိုင်တိုက်သူတို့နှင့် စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်လေလော့။ သို့ရာတွင် အသင်တို့သည် မကျူးလွန်ကျကုန်လင့်။ ဧကံမုချ အရှင်မြတ်သည် ကျူးလွန်သူတို့အား နှစ်သက်တော်မမူချေ။

    ထို့ပြင်တဝ အသင်တို့သည် ထိုသူ( ကာဖိရ် – မိစ္ဆာ ဒိဋ္ဌိ) တို့အား တွေ့ဆုံ ဖမ်းဆီးမိရာအရပ်၌ တိုက်ခိုက် သုတ်သင် ရှင်းလင်းကြကုန်လော့။ ထိုသူတို့က အသင်တို့အား (အသင်တို့နေအိမ်များမှ၊ အသင်တို့ မြို့ရွာမှ) နှင်ထုတ်သကဲ့သို့ အသင်တို့ကလည်း သူတို့အား နှင်ထုတ်ကြလေကုန်။ အမှန်သော်ကား မတရားသဖြင့် ညှင်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ဆိုးရွားလှသည် မဟုတ်ပါလော။ သို့ဖြစ်ငြားသော်လည်း မတ်စ်ဂျီဒိလ်ဟရာမ် – ရိုသေလေးစားအပ်သော ဝတ်ကျောင်းတော်အပါးတွင် ထိုသူတို့သည် သင်တို့အား မတိုက်ခိုက်သမျှကာလပတ်လုံး သင်တို့ကလည်း မတိုက်ခိုက်ကြနှင့်။ သူတို့က စတင်တိုက်ခိုက်လာလျင်မူ သင်တို့ကလည်း ပြန်လည် တိုက်ခိုက်ကြကုန်။ ဤသည်ပင် ကာဖစ်ရ်- မိစ္ဆာဒိဋ္ဌိတို့အား အပြစ်ဒဏ်ပေးခြင်းဖြစ်သည်။

    အသင်တို့သည် သာသနာရေး၌ နှိပ်စက်ညှင်းပမ်းမှု လုံးဝ ပပျောက်ကာ သာသနာသည် အလ္လာဟ်အရှင်မြတ်အတွက် ဖြစ်လာသည့်တိုင်အောင် ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကို ရပ်တံ့ပါမူ ကျူးလွန်နှိပ်စက်ညှင်းပန်းသူတို့မှတစ်ပါး အခြားသူတို့အပေါ်ဝယ် မည်သို့မျှ ကျူး ကျော်စော်ကားသတ်ဖြတ်ရန် အကြောင်းမရှိပေ။ ”
    (ကျမ်းမြတ်ကုရ်အာန် ၂း၁၉၀ – ၁၉၂)

    ထိုနည်းတူစွာပင်  ကျမ်းမြတ်ကုရ်အာန် အခန်းကဏ္ဍ၉တွင် ပါရှိသော “သို့ဖြစ်ပေရာ အသင်တို့သည် ထိုမွတ်ရှ်ရစ်က် (တုဖက်ယှဉ်တွဲကိုးကွယ်သူ) တို့အား တွေ့ရာနေရာများတွင် တိုက်ခိုက်သတ်ဖြတ် ကြလေကုန်။” ဆိုသည်ကလည်း ကိုကဏ္ဍ အစမှစကာ ဝါကျစာကြောင်းရေအမှတ် ၂၀ ဝန်းကျင်အထိ ဖတ်ရှုလေ့လာပါက ပဋိဥာဉ် သဘောတူညီချက် ချုပ်ဆိုထားပြီးနောက်တွင်မှ ထိုပဋိဥာဉ်ကိုဖောက်ဖျက်သူ၊ သစ္စာဖောက်သူတို့ကိုသာ ရည်ညွှန်းကြောင်း အခိုင်အမာ တွေ့ရပါမည်။ ထိုသူတို့ကိုပင် သူတို့ဘက်မှ ပြောင်းလဲလိုက ပြောင်းလဲလာနိုင်ရန် လေးလတာကာလမျှ စောင့်ကြည့်ရန် ညွှန်ကြားထားပါသေးသည်။ အကယ်၍ ထို့နောက်တွင်မှ သူတို့ပြောင်းလဲကာ ခိုလှူံလာပါကလည်း ထိုသူတို့အား ဘေးရန်ကင်းရာသို့ ပို့ဆောင်ကာကွယ်ကြရန် သွန်သင်ထားပါသည်။  အသေးစိတ်ကို စာရှုသူတို့ ကိုယ်တိုင်ဖတ်ရှုနိုင်ရန် အညွှန်းပေးပါမည်။

    အာရဗီဝေါဟာရတွင် (ကသလ) ဟူသောပုဒ်သည် သတ်ဖြတ်ခြင်းဟူသော အဓိပ္ပါယ်သာမက စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းဟူသော အဓိပ္ပါယ်ပါရသည်ဖြစ်ရာ ကျမ်းမြတ်ကုရ်အာန်ပါ အထက်ပါ ညွှန်ကြားချက်များသည် ဒုတိယအဓိပ္ပါယ် စစ်မက်တိုက်ခိုက်ခြင်းကို ဆိုလိုပါသည်။ ဤမျှဆိုလျင် ကျမ်းမြတ်ကုရ်အာန်က တိုက်ခိုက်ခုခံပိုင်ခွင့်ပေးထားသူ ဘာသာခြားတို့သည် မည်သူတို့ကို ဆိုလိုကြောင်း ရှင်းလောက်ပြီဟု ယုံကြည်ပါသည်။ အစ္စလာမ်က သစ္စတရား၊ တရားမျှတမှုတို့အတွက် ချွင်းချက်လိုအပ်၍မဟုတ်ဘဲ လူသားတစ်ဦးအား သတ်ဖြတ်ခြင်းသည် လူသားထုတစ်ရပ်လုံးအား သတ်ဖြတ်ခြင်းနှင့်ညီကြောင်း၊ ထိုနည်းတူပင် လူတစ်ဦးအသက်အားကယ်တင်ခြင်းသည် လူခပင်းအား ကယ်ဆယ်ခြင်းနှင့် တူညီကြောင်း သွန်သင်ထားပါသည်။
    (ကျမ်းမြတ်ကုရ်အာန် ၅း၃၂)

    လူသားတစ်ဦးမဆိုထားဘိ၊ တိရစ္ဆာန်တစ်ကောင်ကိုပင် ညှင်းပန်းခြင်းမပြုရန်၊ သစ်ရွက်တစ်ရွက်ကိုပင် အကြောင်းမဲ့ ဖျက်လိုဖျက်ဆီး မလုပ်ရန်၊ သက်မဲ့ ရေတွင်းရေကန်ကိုပင် မိမိကြောင့် မတိမ်ကောစေရန် တမန်တော်မြတ်ကလည်း တားမြစ်ညွှန်ကြားထားပါသည်။

    မလွှဲသာမရှောင်သာရင်ဆိုင်ရသောဤသို့သော ခုခံစစ်ပွဲအခြေအနေမျိုးတွင်ပင် ယခင်က မရှိခဲ့ဖူးသည့် တရားမျှတသည့် စစ်စည်းမျဉ်းများ ချမှတ်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားဖြစ်ပါသည်။ စစ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသောသူများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအား မထိပါးရန်၊ စစ်မြေပြင်ဝန်းကျင်ရှိ ရေတွင်းရေကန်နှင့် သစ်ပင်များအား မဖျက်ဆီးရန်၊ စစ်သုံ့ပန်းများအား နှိပ်စက်သတ်ဖြတ်ခြင်း မပြုရန်၊  စစ်သုံ့ပန်းများအနေဖြင့် လျော်ကြေးပေးခြင်းဖြင့် ဖြစ်စေ စာမတတ်သူမွတ်စလင်မ်၁၀ဦးအား စာသင်ကြားပေးခြင့်ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် စသည့် လူ့အခွင့်အရေးကို အခြေခံသော တရားမျှတမှုကို ကမ္ဘာ့သမိုင်းတွင် ပထမဆုံးစတင်ခဲ့သူမှာ သစ္စာဝါဒီ မွတ်စလင်မ်များ ဖြစ်ကြသည်။

    ခုခံစစ်ပွဲတစ်ခုအတွင်းကြုံခဲ့သည့် ဖြစ်ရပ်မှန်တစ်ရပ်ကို ပြန်လည် တင်ပြပါမည်။ မွတ်စလင်မ် စစ်သည်တစ်ဦင်္းက ရန်သူ စစ်ခေါင်းဆောင်အား အနိုင်ရကာ ဓားဖြင့်ခုတ်ပိုင်းရန် ရွယ်လိုက်စဉ်တွင် ထိုရန်သူက မွတ်စလင်မ်စစ်သည်အား တံတွေးနှင့် ထွေးလိုက်ပါသည်။ ထိုအခါ မွတ်စလင်မ်စစ်သည်က ဒေါသတစ်ကြီးဖြစ်သွားသော်လည်း ထိုရန်သူအား ဆက်လက်တိုက်ခိုက် ခုတ်ပိုင်းခြင်းမပြုတော့ဘဲ လွှတ်ပေးလိုက်ရာ မိမိကိုကိုယ် သေသူအဖြစ်သတ်မှတ်ပြီးသားရန်သူခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့် အကြောင်းရင်းကို မေးကြည့်ပါသည်။ မွတ်စလင်မ်စစ်သည်အနေဖြင့် မိမိသည် မိမိအတ္တအတွက်မဟုတ်ဘဲ သစ္စာတရားအတွက်သာ တိုက်ပွဲဝင်နေခဲ့သည်ဖြစ်ပြီး မိမိမျက်နှာ တံတွေးအထွေးခံရသဖြင့် စိတ်ဆိုးနေချိန်တွင် ဆက်လက်ခုတ်ပိုင်းပါက မိမိအတ္တအတွက် လူသတ်ရာရောက်မည်ဖြစ်သောကြောင့် ဤသည်ကို မလိုလား၍ ဆက်မတိုက်၊ မသတ်လိုက်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ဤဖြစ်စဉ်က အဆိုပါရန်သူ၏ စိတ်နှလုံးကို ပြောင်းလဲစေလျက် သူကိုယ်တိုင် မွတ်စလင်မ်ဖြစ်လာခဲ့ပါသည်။ ဤသည်မှာ စစ်မြေပြင်တွင်တောင်မှ အမှန်တရားအတွက် သက်သက်သာ တိုက်ပွဲဝင်သူ သစ္စာဝါဒီ မွတ်စလင်မ်တို့၏ ဥပမာ တစ်ခုပင်။

    နောက်ဆုံး ရန်သူတို့ အရေးနိမ့်သွားချိန် စစ်ပွဲများအားလုံး အဆုံးသတ်သွားရသည့် မက္ကာဟ်ရွှေမြို့တော် အောင်နိုင်သည့်ကာလတွင်မူ မွတ်စလင်မ်များအနေဖြင့် ရန်သူအားလုံးတို့အား သွေးမြေမကျစေရဘဲ အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်။ တမန်တော်မြတ်သည် မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ်သူကိုပင် အပြစ်မယူဘဲ ခွင့်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။ အကယ်၍သာ ဘာသာခြားမှန်သမျှအား အကြောင်းမဲ့ သတ်ဖြတ်ရန် ညွှန်ကြားထားရိုးမှန်ပါက ထိုသူတို့အသက်ဆက်ရှင်ခဲ့ရာ မှတ်တမ်းမှတ်ရာ ရှိရန် အကြောင်းမရှိပါ။

    အစ္စလာမ်၏ စစ်မှန်သော သွန်သင်ချက်များတွင် မွတ်စလင်မ်မဟုတ်သူ ဘာသာခြားများနှင့် ပတ်သက်၍ မည်သို့ ဆိုထားကြောင်း ဆက်လက် တင်ပြပါမည်။

    အစ္စလာမ့်သွန်သင်ချက်အရ လူသားအားလုံးသည် တစ်မိတစ်ဖတည်းမှ ဆင်းသက်လာပြီး အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အမြင့်မြတ်ဆုံးလူသားမှာ မျိုးနွယ်၊ အသားအရာင်၊ ဇာတိတို့ကို အခြေမခံဘဲ သက္ကဝါခေါ် ကိုယ်ကျင့်စာရိတ္တ အမြတ်ဆုံးလူသာဖြစ်ပါသည်။
    (ကျမ်းမြတ်ကုရ်အာန် ၄၉း၁၃)

    ဘာသာတရားများ တစ်ခုနှင့်တစ်ခု ယုံကြည်ချက်၊ ကျင့်သုံးဆောက်တည်မှုများ မတူညီ ကွဲပြားကြပါသည်။ မတူညီမှုကို တန်းညှိနေရန် မလိုပါ။ မိမိတို့လုပ်ရပ်အတိုင်း ကိုယ့်ပြုသည့်ကံ ကိုယ်နှင့်ဆိုင်ပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ ကိုယ့်သာသနာနှင့်ကိုယ်ပါ။ ကိုယ့်လမ်းကိုယ် လျှောက်ကြရမည်သာ။
    “ အသင် ပြောကြားပါလေ။
    အို (အစ္စလာမ်ကို) မယုံကြည်သူအပေါင်းတို့…
    ကျွန်ုပ်သည် သင်တို့ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည်မဟုတ်ပေ။
    ထို့ပြင် သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြသူများ မဟုတ်ပေ။
    ထို့ပြင် ကျွန်ုပ်သည် သင်တို့ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်မည့်သူ မဟုတ်ပေ။
    ထိုနည်းတုစွာ သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။
    စင်စစ်သော်ကား သင်တို့အဖို့ သင်တို့၏ အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ကျွန်ုပ်အဖို့ ကျွန်ုပ်၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင် ဖြစ်ပေသည်။”
    (ကျမ်းမြတ်ကုရ်အာန် ၁၀၉း၁-၆)

    ထိုသို့ ကိုယ့်ခရီးကိုယ်သွားနေကြသူ အချင်းချင်း မည်သို့မည်ပုံ ဆက်ဆံရမည်ကိုလည်း ရှင်းလင်းပြတ်သားစွာ သွန်သင်ထားပြီး ဖြစ်ပါသည်။

    “အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း တားမြစ်တော်မူသည်မဟုတ်ပေ။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်းမဟုတ်ပေ၊ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသူတို့အား နှစ်သက်ချစ်ခင်တော်မူ၏။

    အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို အဆွေခင်ပွန်း ပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည့်အပြင် အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့် စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ရိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၄င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျင် မတရားသောသူများ  ဖြစ်ကြကုန်သတည်း။”
    (ကျမ်းမြတ်ကုရ်အာန် ၆၀း၈-၉)

    အစ္စလာမ့် အနှစ်ချုပ်တရားသည် တရားမျှတရန်၊ ကောင်းမွန်စွာ ပြုမူဆက်ဆံရန်၊ ပေးကမ်းလှူဒါန်းရန်၊ မကောင်းမှုမတရားမှုတို့မှ ရှောင်ကျဉ်ရန်ဖြစ်သည်။
    (ကျမ်းမြတ်ကုရ်အာန် ၁၆း၆၀)

    အစ္စလာမ်သာသနာတွင် အဓမ္မစနစ်ကို လုံးဝ ခွင့်မပြုပါ။

    “ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်သည် မမှန်ကန်သောလမ်းစဉ်နှင့် ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနားလျက် ရှိနေပြီဖြစ်ရာ သာသနာရေးတွင် အနိုင့်အထက် အလျဉ်းမပြုရ”
    (ကျမ်းမြတ်ကုရ်အာန် ၂း၂၅၆)

    ဘာသာ မတူသူများနှင့် လူသားချင်းအတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ရမည်တို့ တစ်ပုံတစ်ပင် ရှိပါသည်။ လက်တွေ့လည်း လက်တွဲ ဆောင်ရွက်ခဲ့ကြပါသည်။ တမန်တော်မြတ်သည် မဒီနဟ် မြို့တွင် ဂျူးများနှင့်အတူ မြို့တော် တိုးတက်အေးချမ်းရေးအတွက် ဦးစီးဦးဆောင်ပြုခဲ့သည်။ ဘာသာမတူသူတို့အား အကြောင်းမဲ့ သတ်ဖြတ်ရန် မဆိုထားဘိ၊ ဘာသာခြား နာရေးချရန် သယ်သွားသည်ကိုပင် ကမန်တော်မြတ်က မတ်တပ်ရပ်၍ ဆုတောင်းမှုပြုသဖြင့် နောက်လိုက်သာဝကများက ဘာသာခြား ဂျူးတစ်ဦး၏ နာရေးဖြစ်ကြောင်း ပြောလာသည်ကို ဂျူးဘာသာဝင်ကရော လူမဟုတ်ဘူးလားဟု ပြန်မေးကာ လူသားဝါဒကို လက်တွေ့ ကျင့်ဆောင်ပြသွားခဲ့သည်။

    အစ္စလာမ်အယူဝါဒအရ ကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုလုံးသည် မိသားစုကြီးဖြစ်ရာ မွတ်စ်လင်မ်တစ်ဦးအဖို့ ကမ္ဘာ့အိမ်ထောင်စုအတွင်း၌ သူစိမ်းဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိပေ။ အားလုံးတို့သည် မိသားစုများဖြစ်ကြပေရာ အချင်းချင်း အကျိုးပြုရမည်သာဖြစ်၍ ဒုက္ခမပေးရာ။ တမန်တော်မြတ်၏ သြဝါဒတော်အချို့အား ဆက်လက်တင်ပြပါမည်။

    “မွတ်စ်လင်မ်တို့သည် မိမိ၏နှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း မည်သူ့ကိုမျှ ဒုက္ခမပေးရ။”

    “ကြီးသူကို မလေးစား၊ ငယ်သူကို မသနားသူသည် ငါ၏နောက်လိုက်မဟုတ်။”

    “မိမိအဖို့ နှစ်ခြိုက်သောအရာကို သူတစ်ပါးအဖို့ မနှစ်ခြိုက်သောသူသည် မွတ်စ်လင်မ်မဟုတ်”

    “အိမ်နီးချင်းကို ဒုက္ခပေးသူသည် မွတ်စ်လင်မ်မဟုတ်”

    “အသင်တို့သည် ကမ္ဘာမြေ၌ ရှိသူတို့အား သနားကြင်နာကြကုန်။ ကောင်းကင်ထက်ရှိတော်မူသော အရှင်သည် အသင်တို့အား သနားတော်မူအံ့။”

    “အဖန်ဆင်းခံ ဝေနေယျသတ္တဝါအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်သူ အိမ်တော်သားများ ဖြစ်ကြပေသည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌ အိမ်တော်သူအိမ်တော်သားများအနက် အများဆုံး ချစ်ကြည် မြတ်နိုးအပ်သူမှာ အိမ်တော်သူအိမ်တော်သားများအား အများဆုံး အကျိုးပြုသူသာဖြစ်ပေသည်”
    (တမန်တော်မြတ်၏သြဝါဒတော်များ)

    အထက်တွင် ရှင်းလင်းဖော်ပြခဲ့ပြီးသော ကျမ်းမြတ်ကုရ်အာန်ပါ သွန်သင်ချက်များနှင့် တမန်တော်မြတ်၏ သြဝါဒတော်များအရ အစ္စလာမ်က ဘာသာခြားတို့အား မည်သို့မည်ပုံ သဘောထားကာ ဆက်ဆံခိုင်းထားသည်ဆိုသည်ကို စာရှုသူကိုယ်တိုင် ဆုံးဖြတ်နိုင်မည်ဟု ယုံကြည်ပါသည်။

    နိဂုံးချုပ်ပါမည်။

    ကျမ်းမြတ်ကုရ်အာန်သည် နှလုံးသား သော့မခတ်ထားကြသူ လူခပင်းအတွက် အကောင်းဆုံး ဆုံးမသြဝါဒကျမ်းတော် ဖြစ်ပါသည်။ မိမိတို့ အစွဲများကိုချွတ်ကာ လေ့လာမှသာ အမှန်တရားကို တွေ့နိုင်ပါမည်။ အဂတိတရားကင်းစွာဖြင့် အမှန်တရားကို ရှာဖွေစေလိုပါသည်။ ယခုအခါ ဘာသာစကား အသီးသီးဖြင့် ကျမ်းတော်မြတကုရ်အာန်အား ဘာသာပြန်ပြီး ဖြစ်ရာ အင်တာနက်ပေါ်တွင် စာရှုသူ တတ်ကျွမ်းရာ ဘာသာစကားဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။ လိုအပ်ပါကလည်း မိမိတို့နှင့် နီးစပ်ရာ မွတ်စလင်မ်တို့ထံမှတစ်ဆင့်ဖြစ်စေ၊ ဤ website မှဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

    တစ်ဆင့်စကား တစ်ဆင့်ကြားသမျှ ထင်ရောင်ထင်မှားဖြင့် သံသယပွားစရာခေတ် မဟုတ်တော့ပါ။

    ဤဆောင်းပါးအဆုံး ဤနေရာ တွင် ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန် download link အား ပူးတွဲ ထည့်သွင်းပေးထားပါသည်။ အစွဲကင်းကင်းဖြင့် မိမိ အသိဥာဏ်နှင့် နှလုံးသားကို ဖွင့်ထားကာ ဖတ်ရှုစေလိုပါသည်။

    ကျမ်းမြတ်ကုရ်အာန်ကတော့ ကျွန်တော်တို့အား သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲနှင့်  လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် သင်တို့ဆန်းစစ်ကြဖို့၊ သို့မဟုတ်လျင် သင်တို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍ ဆုံမသွန်သင်ထားသည်။
    (ကျမ်းမြတ်ကုရ်အာန် ၄၉း၆)

    သူများ မှိုင်းတိုက်သမျှ မယုံကြည်ရန် စာရှုသူ၏ ဦးနှောက်ကို၊ စာရှုသူ သင်ထားခဲ့သမျှ ပညာကို၊ စာရှုသူ၏ အသိတရားကို အစွမ်းကုန် အသုံးချရန်မှာ စာရှုသူ မိတ်ဆွေ၏ တာဝန်သာဖြစ်ပါသည်။

    အနာဂတ်မြန်မာနိုင်ငံ တိုးတက်အေးချမ်းစေရေး တစ်စိတ်တစ်ဒေသ ပါဝင်ရန်မှာ ကျွန်တော်တို့အားလုံး၏ တာဝန်ဖြစ်ပါသည်။ တိုင်းပြည်တွင်း မှီတင်းနေထိုင်ကြကုန်သော လူမျိုးဘာသာမရွေး ချစ်ကြည်ရေး၊ အပြနအလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးအတွက် အားလုံး အုတ်တစ်ချပ် ၊သဲတစ်ပွင့် နိုင်ရာတာဝန် ထမ်းကြရပါဦးမည်။

    မဟုတ်မမှတ်လုပ်ကြံ ဝါဒမှိုင်းတိုက် အမုန်းမီးမွှေးနေသူများ ကျဆုံးပါစေသား။ လူ့အသိုင်းအဝိုင်းမှ အပယ်ခံ အမြန်ဆုံးဖြစ်ပါစေသား။ ဘာသာရေး ပဋိပက္ခ ဖြစ်စေရန် ခလောက်ဆန်ရန် အကောက်ကြံနေကြသူများ၏ အကြံအစည်မှန်သမျှ ပျက်စီးပါစေသား။

    ဝါဒမှိုင်းမိနေသူများ အမြင်မှန် အမြန်ဆုံးရပါစေသား။

    ညီနောင်စိတ်ထားဖြင့်

    (ကိုးကား – (၁) အစ္စလာမ်အယူဝါဒ၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ၁၅၊ ရေးသူ သီရိပျံချီ အလ္လမဟ် ဃာဇီ မုဟမ္နဒ် ဟာရှင်မ်၊
    (၂) Dr. Zakir Naik ဟောပြောချက်များ)

    ကုရ်အာန်ကျမ်းတော် မြန်မာဘာသာပြန် ဖတ်လိုလျှင် http://www.quraninburmese.com/Books/Holy%20Quran.pdf

  • မြန်မာ့ပြည်တွင်းရေး မငြိမ်သက်မှု စိုးရိမ်ရေမှတ် (ဘာသာပြန် ဆောင်းပါး)

    မြန်မာ့ပြည်တွင်းရေး မငြိမ်သက်မှု စိုးရိမ်ရေမှတ် (ဘာသာပြန် ဆောင်းပါး)

    ဧပြီ ၁၅၊ ၂၀၁၃
    M-Media
    ဘာသာပြန်- သာကီ ထပ်ကောင်း
    ယမန်နှစ် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းထဲ၌သာ ပိတ်လှောင်လျက်ရှိခဲ့သည့် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုကြီးသည် နိုင်ငံ တစ်ဝှမ်းသို့ ပေါက်ကွဲပွင့်အံလာခဲ့ပေပြီ။  ၉၆၉ စစ်သွေးကြွ လှုပ်ရှားမှုနှင့် ချိတ်ဆက်နေသော ဗုဒ္ဓဘာသာဝင် လူရမ်းကားတို့သည် မိတ္ထီလာ၊ နေပြည်တော်၊ ပဲခူး နှင့် (များမကြာမီက) ရန်ကုန်မြို့တော်ရှိ မွတ်စ်လင်မ်များအပေါ် ရန်စတိုက်ခိုက်ခဲ့ကြသည်။ ရန်ကုန်၊ ပဲခူး နှင့် အခြားမြို့ကြီးများမှ မွတ်စ်လင်မ်တို့မှာ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ဝတ်တက်ခြင်း၊ ဈေးဆိုင်ဖွင့်ခြင်း၊ မွတ်စ်လင်မ်အချင်းချင်း ပေးကမ်းထောက်ပံ့ခြင်း၊ မိမိတို့နေအိမ်ပြင်ပနှင့်ရောင်းဝယ်ဖောက်ကား မှုနေရာများတွင် မိမိ ယုံကြည်ရာအယူဝါဒကိုပွင့်လင်းစွာထုတ်ဖော်ခြင်း ကဏ္ဍများ၌ စိုးတထိတ်ထိတ် ဖြစ်လာကြသည်။ နှစ်နှစ်တာကာလအတွင်း မွတ်စ်လင်မ်လူဦးရေ အနည်းဆုံး တစ်သိန်းမှာ အိုးမဲ့အိမ်မဲ့အလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး၊ ရာနှင့်ချီ၍ သတ်ဖြတ်ခံခဲ့ရသည်။

    ယင်းသို့တိုက်ခိုက်မှုမျိုးဖြစ်ပေါ်လာနိုင်ကြောင်း လများစွာကပင် မွတ်စ်လင်မ်ခေါင်းဆောင်တို့မှ သိရှိထားကြပြီးဖြစ်သည်။ အစိုးရပိုင်းမှ ၂၀၁၂ ရခိုင်အရေး သည် ဒေသတွင်းပြဿနာ တစ်ရပ်သာဖြစ်ကြောင်း အလှူရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ဂျာနယ်လစ်များ၊ နိုင်ငံခြားသံတမန်များကို အယုံသွင်းခဲ့ကြသော်လည်း ၊ လက်တွေ့အဖြစ်မှန်ကမူ ယမန်နှစ်ကပင် နိုင်ငံ့အခြားဒေသများရှိ မွတ်စ်လင်မ်တို့၏ ၀တ်ကျောင်းများ၊ ဈေးဆိုင်များကို ရန်စတိုက်ခိုက်ခြင်း စတင်နေခဲ့သည်။ အကြီးမားဆုံး ဈေးကွက်တံခါးတစ်ခု မြန်မာနိုင်ငံတွင် ပွင့်လှပ်လာနိုင်သော အခွင့်အလမ်းကြောင့် အလှူရှင်များနှင့်ရင်းနှီးမြှုပ်နှံသူ အမြောက်အများက ထိုစကားကို ယုံစားမိကြသည်။

    မြန်မာနိုင်ငံ၌ တရုတ်၊ အိန္ဒိယ လူမျိုးများ နှင့် ဗမာ မဟုတ်သောလူမျိုးစုများအား မုန်းတီးဆန့်ကျင်သည့်ဓလေ့ရှိသော်လည်း၊  လွန်ခဲ့သော ၂ နှစ်တာမှစပြီး မွတ်စ်လင်မ်ဆန့်ကျင်ရေးအစွဲ ကြီးမားပြင်းထန်လာစေသည့်အတွက် မြန်မာနိုင်ငံသည် အာရှတိုက်တွင် လူမျိုးရေးဘာသာရေးခွဲခြားနှိပ်ကွပ်မှု အကြမ်းတမ်းဆုံးနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့သည် နိုင်ငံတွင်း အင်အားအကြီးမားဆုံးလူများစု ဖြစ်နေကြသည်။ ၉၆၉ မည်သောအုပ်စုသည် မွတ်စ်လင်မ်ဆန့်ကျင်ရေးတရားများ ဟောပြောခြင်း၊ မွတ်စ်လင်မ်တို့အပေါ် ပြက်ရယ်ပြုစော်ကားခြင်း၊ တစ်ဖက်သတ် အာဃာတ သွတ်သွင်းထားသော ဗီစီဒီများ ဖြန့်ဝေခြင်း စသည်တို့ကို တစ်နှစ်ကျော်တိုင်တိုင် ဆောင်ရွက်လှုပ်ရှားနေခဲ့ကြသည်။ တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံ့လူဦးရေ ၅ % မျှပင် အသုံးမပြုသော မြန်မာအင်တာနက်ပေါ်၌  မွတ်စ်လင်မ်များကို မုန်းတီးနာကြည်းအောင် အလွန်အကျွံချဲ့ကားရေးသားမှုများ ဖုံးလွှမ်းပျံ့နှံ့စေခဲ့သဖြင့် – အခြားလူမျိုး လူနည်းစုမုန်းတီးရေးတရားများထက် ဆိုးဝါးသွားခဲ့သည်။ ဒေါ်စုကြည်၏ အတိုက်အခံ NLD ပါတီအတွင်း၌ပင် နိုင်ငံ့လူဦးရေ ၅ % မျှသာရှိနေသည့် မွတ်စ်လင်မ်လူနည်းစုတို့အပေါ် မုန်းတီးမှုအစွဲများ ၀င်ရောက်လာသည်မှာ စိုးရိမ်စဖွယ် ဖြစ်လာပေသည်။

    မြန်မာနိုင်ငံသည် ကမ္ဘာ့အဖိနှိပ်အချုပ်ခြယ်ဆုံးတိုင်းပြည်များအနက် အပါအ၀င်ဖြစ်နေရာမှ ဒီမိုကရေစီတိုင်းပြည်အဖြစ်သို့ အသွင်ကူးပြောင်းနေဆဲဖြစ်သည်။  သို့သော် ဤသို့ လူနည်းစုအပေါ် အမုန်းပွားတိုက်ခိုက်ခြင်းက ၂၁ ရာစု စစ်အေးကာလ နောက်ပိုင်း ယူဂိုစလားဗီးယားမြင်ကွင်းနှင့် တူညီနေပါသည်။ လွန်ခဲ့သော ၃ နှစ်ခန့်က ဘာသာရေးလူမျိုးရေးအကြမ်းဖက်မှုအလျဉ်းမဖြစ်ပွားစေခဲ့သဖြင့် ပြန်လည်ပြုပြင်ရေးကဏ္ဍ၌ အတော်အတန် ခရီးပေါက်သွားခဲ့သည့်တိုင် ယခုအခါ ပရမ်းပတာအဖြစ်သို့ သက်ဆင်းရပေတော့မည်။

    အတိတ်မှ အရိပ်ဆိုးများ မပယ်နိုင်သေး

    ခွဲခြားဆက်ဆံအုပ်ချုပ်မှုကို အသုံးပြု၍ ဗြိတိသျှကိုလိုနီတို့မှ  သွတ်သွင်းထိုးဆွပေးခဲ့သည့် အပြင်၊ စစ်တပ်မှ နှစ်ပေါင်း ၅၀ မျှ ဖိနှိပ်အုပ်ချုပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် လူမျိုးခြားများအပေါ် ကြောက်ရွံ့သောရောဂါ နှင့် လူမျိုးစုများအကြား အပြန်အလှန် တင်းမာမှု တို့သည် သမိုင်းတွင်လောက်အောင် ဖြစ်ပေါ်လာလေသည်။

    ၂၀၁၀ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ ကူးပြောင်းခဲ့သည်။ စစ်တပ်မှ အာဏာချုပ်ကိုင်မှု စွန့်လွှတ်သည်ဟုဆိုကာ ရွေးကောက်ပွဲများကျင်းပပြီး ပြည်သူများပါဝင်သည့် လွှတ်တော်စံနစ် ကျင့်သုံးပြဌာန်းသည်။ သို့စေကာမူ နိုင်ငံတော်၏ အဓိကဇာတ်ကောင်အဖြစ် စစ်တပ်က ပါဝင်သရုပ်ဆောင်နေဆဲပင်။ လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲရေးပြုလုပ်နေသူ အရပ်သားသမ္မတ ဦးသိန်းစိန်သည်လည်း သမ္မတ မဖြစ်မီက ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်နေခဲ့သည်။

    မြန်မာနိုင်ငံ၏တံခါးဖွင့်ဝါဒက အတိုက်အခံပါတီများ၊ မီဒီယာများကို လွတ်လပ်ခွင့်ပေးခဲ့သည်။ တစ်ချိန်က  နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြား နှင့် ၀က်ဘ်ဆိုဒ်အချို့သာ မြန်မာမီဒီယာအနေနှင့် တည်ရှိခဲ့သည်။ လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ အစိုးရမှ ထိန်းချုပ်မှု လျှော့ချလိုက်သဖြင့် မြန်မာဝက်ဘ်ဆိုဒ်များ ရာနှင့်ချီ၍ ပေါ်ထွက်လာသည်။ တစ်ခါ ယခုလ အတွင်း မီဒီယာဥပဒေအား ဖြေလျော့ပေးခဲ့ရာ မြန်မာဘာသာနေ့စဉ်ထုတ်သတင်းဂျာနယ် ၄ စောင်ထွက်ရှိလာပြန်သည်။ ယခင်နှစ်ရွေးကောက်ပွဲများတွင် အပြတ်အသတ်အနိုင်ရရှိပြီး၊ မကြာသေးမီကမှ နိုင်ငံလုံးဆိုင်ရာညီလာခံပထမအကြိမ်ပြုလုပ်ခဲ့ရသော NLD သည် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီး၏နောက် အာဏာပိုင်အစိုးရနေရာရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

    သို့သော် ရုတ်တရက် တံခါးဖွင့်လှစ်လိုက်ခြင်း၌ အစွဲမကျွတ်သောအင်အားစုများ၏ အန္တရာယ် ကလည်း ကပ်ပါလာတော့သည်။ စစ်တပ်သည် ပြည်သူ့လက်အောက်သို့ လုံးလုံးလျားလျား မရောက်ရှိသေးသည်သာမက အကြမ်းဖက်မှုနောက်ကွယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်နေသည်ဟု မွတ်စ်လင်မ်ခေါင်းဆောင်အချို့မှ ယူဆထား၏။ သက်ဆိုင်ရာဒေသရှိ စစ်ဦးစီးများသည် မိမိအမိန့်အား နာခံမည် မနာခံမည်ကို ဦးသိန်းစိန်မှ တပ်အပ်မဆိုနိုင်သေး။ အကယ်၍ မတည်ငြိမ်မှုများကို ကိုင်တွယ်ထိန်းချုပ်ရန် တပ်မတော်အား အာဏာအပြည့်အ၀အပ်နှင်းလိုက်လျှင် ၄င်းတို့မှ ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သော် အခြေအနေပို၍ဆိုးဝါးသွားမည်ကိုလည်း သူက စိုးရိမ်မကင်း ဖြစ်နေသည်။ ရဲတပ်ဖွဲ့သည်လည်း အင်အားမလုံလောက် သို့မဟုတ် အကြမ်းဖက်ကာကွယ်တုန့်ပြန်ရေး အတွက်  နည်းစံနစ်ကျွမ်းကျင်မှု အားနည်းလွန်းနေသည်။

    အစိုးရအပေါ် အယုံအကြည်နည်းပါးသော လူနည်းစုအုပ်စုဝင် များပြားစွာရှိနေသည့် တိုင်းပြည်တစ်ခု၌ ဖြစ်မြောက်ထိရောက်သော စီမံကိန်းသည် မရှိမဖြစ် လိုအပ်လှ၏။ သို့တိုင် နိုင်ငံရေးအနေအထားပွင့်လင်းလာပါသော်လည်း အာဏာပိုင် အစိုးရသော်လည်းကောင်း ဒေါ်စုကြည်သော်လည်းကောင်း ၄င်းကို စီမံထားခြင်း မရှိကြချေ။ ဗဟိုအစိုးရအပေါ် လူနည်းစုအုပ်စုဝင်များမှ အယုံအကြည်ကင်းမဲ့နေသည့်အဖြစ်ကို မဆိုထားနှင့်၊ ဒေါ်စုကြည်၏ NLD ပါတီတွင်းမှ ထိပ်တန်းအဆင့်ဝါရင့်ပုဂ္ဂိုလ်အများစုအကြား၌ပင် လွတ်လပ်ပွင့်လင်းမြင်သာမှုကို မတွေ့ရချေ။

    လူနည်းစုများ မျက်ကွယ်ပြုခံရခြင်း

    ဒေါ်စုကြည်သည် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် လူသိရှင်ကြား တိုက်တွန်းနှိုးဆော်ခဲ့သူ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှ သူမဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အမြင်ကိုလည်း လက်ကိုင်ထားသည်။  တိုင်းနှင့်ပြည်နယ်အလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ယင်းသို့ ကွပ်ကဲစီမံနိုင်မည့် တစ်ဦးတည်းသော ဗမာလူမျိုးဟုလည်း လူနည်းစုခေါင်းဆောင်များက သူမအပေါ် အပြည့်အ၀ ယုံကြည်ကိုးစားခဲ့ကြသည်။ သို့သော် ယမန်နှစ် လွှတ်တော်အတွင်း ၀င်ရောက်သွားပြီးကတည်းက ဒေါ်စုကြည်သည် မိမိ၏နိုင်ငံရေးအူတိုင်ကို အကောင်အထည် မဖော်သေးချေ။

    ရှေ့ဆက်ရပါသော် လူနည်းစုစာရင်းဝင် လူမျိုးစု နှင့် ဘာသာကွဲသူတို့၏ နေရပ်ဒေသများဝယ် ရုပ်ပိုင်းဆိုင်ရာအခြေခံလိုအပ်ချက်များအပေါ် အကူအညီများ၊ မြှုပ်နှံဆောင်ရွက်မှုများ အထူး လိုအပ်နေချိန်တွင် – နေပြည်တော်မှအရာရှိများသည် လမ်း၊ လျှပ်စစ် နှင့် အခြားအခြေခံအရာများ ထွေထွေထူးထူး မချို့တဲ့လှသော ဗမာလူမျိုးအများစု နေထိုင်ကြသည့် နေရာဒေသများအတွက် နိုင်ငံခြားအထောက်အပံ့နှင့်ရင်းနှီးမြှုပ်နှံမှု ဖြစ်လာစေရန် အပြိုင်အဆိုင် လမ်းကြောင်းနေကြပေသည်။ လွန်ခဲ့သော ၂ နှစ်ကျော် ဒီမိုကရေစီအခွင့်အလမ်းပေါ်ထွန်းလာကတည်းက အလုအယက်တွန်းတွန်းတိုက်တိုက် ၀င်ရောက်လာကြသည့် လှူဒါန်းထောက်ပံ့သူများအနက် လူမျိုးစုဆိုင်ရာတင်းမာမှုများအပေါ် အလေးထားသူများမှာ မဆိုစလောက်သာရှိကြသည်။ အများစုမှာကား ယင်းကိစ္စ၌ ပူးပေါင်း ပါဝင်ထောက်ပံ့မှု မရှိတတ်ကြချေ။

    ခေါင်းဆောင်များသည် သီးခြားရပ်တည်မှုကိစ္စအား ရှောင်ဖယ်နေကြခြင်း၊ ဗမာလူမျိုး မဟုတ်သူများကို သေးသိမ်စေခြင်းတို့က အစွန်းရောက်အသံများအား ကျယ်လောင်သွားစေ ခဲ့သည်။ မြန်မာနိုင်ငံရှိ အင်တာနက် နှင့် နေ့စဉ်ထုတ်သတင်းဂျာနယ်များတွင်လည်း ခေတ်သစ်နည်းဖြင့် အမုန်းတရားသွတ်သွင်းမှု၊ ကြမ်းတမ်းစော်ကားမှုတို့က နေရာအနှံ့ မင်းမူထားကြသည်။ ၉၆၉ လှုပ်ရှားမှုခေါင်းဆောင်များအတိုင်း မျက်ကန်းမျိုးချစ် ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးများကသာ မီဒီယာကဏ္ဍတွင် နေရာပေးခြင်း ခံရသည်။

    လတ်တစ်လော မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုသည် သိသာထင်ရှားစွာ အကွက်ကျကျ လျှပ်တစ်ပြက်ကျယ်ပြန့်ခဲ့သည်ကို ထောက်ရှု၍ ယင်းမျက်ကန်းမျိုးချစ်များမှာ စံနစ်တကျစီမံမှုအားဖြင့် ပေါ်ထွက်လာကြကြောင်း သိနိုင်သည်။ ဧရာဝတီ နှင့် အခြား ထင်ရှားသော မီဒီယာများအရ ဒေသခံမွတ်စ်လင်မ်များ၊ လူနည်းစုဝင်များက မိမိတို့သည် စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ထံမှ မည်သည့်အကာအကွယ် မရရှိကြောင်း ဆိုထားလေသည်။

    အပျက်ပျက်နှင့် နှာခေါင်းသွေး မယိုစေလိုလျှင်

    နိုင်ငံတော်အစိုးရ၊ ဒေါ်စုကြည် ၊ ယခင် ၂ နှစ်လောက်က မြန်မာနိုင်ငံတွင်း တဖွဲဖွဲ ရောက်ရှိလာခဲ့သော ပြည်ပအလှူရှင်တို့အနေနှင့် ဤအဖြစ်ဆိုးအား ရပ်တန့်အောင် ဆောင်ရွက်မှ ရပေတော့မည်။ အစိုးရသည်လည်းကောင်း၊ အတိုက်အခံများသည်လည်းကောင်း၊ ထင်ရှားသော လူမျိုးရေးဘာသာရေးခေါင်းဆောင်များ သည်လည်းကောင်း သက်ဆိုင်ရာသီးခြားအုပ်ချုပ်ခွင့်ရအစိုးရ ဖြစ်ပေါ်ရေး အစီအမံကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်နေသည်။ အင်ဒိုနီးရှား၌ ဒေသဆိုင်ရာအာဏာပိုင်များထံ စီးပွားရေးနှင့်နိုင်ငံရေးလုပ်ပိုင်ခွင့်အပ်နှင်းလိုက်ရာ လူမျိုးရေးတင်းမာမှုများ လျော့နည်းသွားသည်သာမက အရည်အသွေးမှီနိုင်ငံရေးသမား များစွာပေါ်ထွန်းလာသဖြင့် ယခင်ပုံဟန်နှင့် ကွဲပြားသောနိုင်ငံဖြစ်သွားသည် အထိ အောင်မြင်မှု ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အဖို့ မြန်မာပြည်သူလူထု အခွင့်အရေးအပေါ် ရေငုံနှုတ်ပိတ်နေခြင်း၊ လူမျိုးရေးဘာသာရေးအကြောင်းရှာတိုက်ခိုက်မှုများအပေါ် ဆွံ့အနေခြင်းမျိုးမှ ရှောင်ရှားသင့်နေပြီဖြစ်သည်။

    တဖန် ငြိမ်းချမ်းမှုပြန်လည်ထူထောင်ရေးကို အပူတပြင်းလိုအပ်လျက်ရှိသော ဒေသများအတွက်  မြန်မာအစိုးရသည် အလှူရှင်များ၏အထောက်အပံ့ရယူပြီး လိုအပ်ချက်များကို ထိထိရောက်ရောက် ဆောင်ရွက်ပေးအပ်သည်။ လူထု၏လက်၌ရှိသော ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်အောင် ဖန်တီးခြင်း၊ ပဋိပက္ခဖြစ်ရာဒေသများတွင် စစ်တပ်၏ပါဝင်စွက်ဖက်မှု လျှော့ချခြင်း၊ သတင်းရင်းမြစ်အား မှန်ကန်စွာရယူနိုင်ဖို့ အရေးပါကြောင်း သိနားလည်ရန်အတွက် လူငယ်ဂျာနယ်လစ်များအား သင်တန်းပို့ချပေးခြင်း၊ ဘာသာရေး လူမျိုးရေးဆိုင်ရာနားလည်မှုရရှိရန် လွတ်လပ်စွာ အချင်းချင်း အပြန်အလှန် တွေ့ဆုံဆွေးနွေးခွင့်ပြုခြင်း  စသည်တို့ဖြစ်သည်။ တို့မီးရှို့မီး သတင်းဖော်ပြချက်များက တင်းကြပ်သော ပုံနှိပ် ဥပဒေကို ပြန်လည်ပြဋ္ဌာန်းမှု ဖြစ်သွားစေနိုင်ကြောင်း၊ တလွဲအသုံးချလွတ်လပ်မှုကြောင့် အွန်လိုင်းဂျာနယ်လစ်များသည်လည်း ယင်းအကျိုးဆက်ကို ခံစားရလိမ့်မည်ဖြစ်ကြောင်း မြန်မာအာဏာပိုင်အချို့မှ ယုံကြည်နေကြသည်။

    တစ်ချိန်တည်းမှာပင် ဒေသဆိုင်ရာအာဏာပိုင်များနှင့်ပြည်ပ အလှူရှင်များအနေနှင့် လွန်ခဲ့သည့် ၂ နှစ်ကျော်ကတည်းက ဒုက္ခသည်များ ဖောင်းပွလာနေမှု အတွက် ထိရောက်သော အစီအမံများ ချမှတ်ရန် ပိုမိုအရေးကြီးနေသည်။ ရခိုင်ပြည်နယ်မှ မွတ်စ်လင်မ်အများအပြားသည် ခနော်ခနဲ့လှေငယ်လေးများဖြင့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ အလွတ်ရုန်းပြေးခဲ့ကြရပြီးသည့် တိုင်အောင် ယင်းဒေသ၌ ညှိနှိုင်းစီစဉ်ခြင်းပေါ်လစီ မရှိသေး။  UNHCR နှင့် ယူအေအီး သို့မဟုတ် ဆော်ဒီအာရေဗျ ကဲ့သို့ ကြွယ်ဝချမ်းသာသည့် မွတ်စ်လင်မ်နိုင်ငံများသော်လည်းကောင်း၊ ဂျပန် ၊ အီးယူ နှင့် အမေရိကန်နိုင်ငံများ သော် လည်းကောင်း ထိုင်းနိုင်ငံရှိ ယင်းဒုက္ခသည်တို့အား ယာယီတဲစခန်းများ ဆောက်လုပ်ပေးရန် ရံပုံငွေတစ်လုံးတစ်ခဲ ထောက်ပံ့ပေးနိုင်လင့်ကစား – မလေးရှားကဲ့သို့ တတိယနိုင်ငံများ၌ ၄င်းတို့အနက်အချို့အား အခြေချနေထိုင်နိုင်အောင် အကူအညီပေးကြရမည့်အစား – ထိုမွတ်စ်လင်မ်တို့သည် ထိုင်းစစ်တပ်မှ တိုက်ခိုက်ခြင်း၊ ထိန်းသိမ်းခြင်း နှင့် မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ခြင်းလည်း ဖြစ်ခဲ့ရပြီ။

    ထိုကာလအတောအတွင်း လှေငယ်များဖြင့်ဖြတ်သန်းမှုကို တားဆီးရန် အာဆီယံနိုင်ငံများမှ အတူတကွ စုပေါင်း၍ နည်းလမ်းတစ်ခု ရှာသင့်ကြပေသည်။ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ ကဲ့သို့ နိုင်ငံများကလည်း မြန်မာပြည်မှထွက်ပြေးလာသူများအား လက်ခံရန် သဘောတူသင့်ပေသည်။ သေချာသည်ကား စီးပွားရေးပျက်ကပ်ကြီးသည် ထိုသူများထံသို့သာ ကျရောက်မည်မဟုတ်ခြင်းကြောင့်တည်း။

    ** အရှေ့တောင်အာရှသုတေသီ  Joshua Kurlantzick ၏ Myanmar’s Alarming Civil Unrest ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုရေးသားသည်  **
    ဧပြီ ၁၁ ရက်၊ ၂၀၁၃

    http://www.cfr.org/burmamyanmar/myanmars-alarming-civil-unrest/p30414

  • အစွန်းရောက်သူများ (သို့) ကလေးဆိုးကြီးများ အုပ်ချုပ်သော နိုင်ငံတော်

    ဧပြီ ၁၃ ၊ ၂၀၁၃
    ဆောင်းပါးရှင်- မောင်သမာဓိ

    163373_574346642594645_1258211420_n

    မြန်မာနိုင်ငံတွင် ၁၉၇၄ နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပါတီမူဝါဒ သဘော တရားများဖြစ်သော လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည (အင်ညမင်ည) နှင့် မဇ္ဇိမ ပဋ္ဋိပတာ နည်း လမ်းတို့ကို တက္ကသိုလ်နှင့် ကောလိပ်တို့တွင် မသင်မနေရ ပြဌာန်းကာ ၁၅ နှစ်ခန့် သင်ကြားစေခဲ့ သော် လည်း လက်တွေ့တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည် ကဏ္ဍအသီးသီးတို့၌ အလယ်အလတ် လမ်းစဉ်ကို မကျင့်သုံးနှိုင်ဘဲ အစွန်းတဖက်ဖက်သို့ အလွန်အမင်း ရောက်နေသည် များကိုသာ ယနေ့တိုင် အံ့သြဘွယ် တွေ့ရှိနေရပါသည်။

    မဆလ ပါတီ သဘောတရားများသည် ဗုဒ္ဓဝါဒနှင့် ဆိုရှယ်လစ်ဝါဒ တို့ကို ရောသမထားခြင်းသာ ဖြစ်၍ မြန်မာပြည်သူများ အတွက် အထူးအဆန်း မဟုတ်သော်လည်း လက်တွေ့တွင် မအောင်မြင်ခြင်း မှာ အုပ်ချုပ်သူ လူတန်းစားများ၏ အာဏာသုံးရပ် စလုံးကို အပိုင်ကိုင်ထားသော အာဏာရှင်ကို အလွန် အမင်း ကြောက်ရွံ့ရမှုနှင့် မှားသည်မှန်သည် မချင့် ချိန်နှိုင်ဘဲ အမိန့်အရ နိုင်ငံနှင့် ပြည်သူအပေါ် အမှား ကျူးလွန်မှုများကြောင့်၎င်း၊ ပြည်သူပြည်သားတို့၏ ယုံကြည်မှုကို မရနိုင် လောက်အောင် အစိုးရ၏ သိက္ခာမဲ့သော အစွန်းရောက် လုပ်ဆောင်ချက်၊ ရပ်တည်ချက် များကြောင့် ၎င်း၊ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်နိုင်ငံတော်ကြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။ တနည်းအားဖြင့် တိုင်းပြည်တစ်ခု တိုးတက်ဖွံ့ဖြိုးရန် စနစ်ထက် လူသားသိက္ခာက ပိုမိုအရေး ကြီးကြောင်း   မြန်မာသမိုင်းက လက်တွေ့ပြသနေပါသည်။

    ယနေ့အချိန်အခါတွင် အလားတူ အစွန်းရောက်ရပ်တည်ချက်များကြောင့် တိုး တက်ဖွံ့ဖြိုး၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး မကျရှုံးစေရန် အတွက် ဥာဏ်မှီသမျှ ထောက်ပြ ဝေဖန် အကြံပေးလိုပါသည်။

    ဘက်လိုက် အစွန်းရောက် ပြည်တွင်းမူဝါဒ။

    မြန်မာနိုင်ငံသည် အာဏာရှင် ဦးနေဝင်းခေတ်မှသည် ယနေ့တိုင် နိုင်ငံတကာ ခေါင်းဆောင်များ နှင့် တွေ့ဆုံသည့် အခါတိုင်း မြန်မာ့ခေါင်းဆောင်များ ဂုဏ်ယူ၍ ပြောသော လက်သုံးစကားမှာ လွတ် လပ်၍ တက်ကြွသော ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်ဟူ၏။

    ပြည်တွင်းမူဝါဒတွင် တဖက်စွန်းရောက်အောင် ဘက်လိုက်သည်ကို အထင်အရှား တွေ့နိုင် ပါ သည်။ တောင်ကုတ် ခရီးသွား ၁၀ ဦးကို အုပ်စုဖွဲ့သတ်ဖြတ်သော တရားခံများကို၎င်း၊ ရခိုင်၊ မိတ္ထီလာ နှင့် ပဲခူးတိုင်း အနောက်ခြမ်း ဘာသာရေး၊ လူမျိုးရေး အထိကရုံးများကို လှုံဆော်သူများနှင့် ကျူးလွန် သူ ဘာသာရေး အစွန်းရောက်များကို၎င်း၊ ယ္ခုတိုင် မဖေါ်ထုတ်ဘဲ ခုခံသူ မွတ်ဆလင်များကို တဖက်သတ် ဘက်လိုက်၍ ထောင် သွင်း အကျဉ်းချနေခြင်းတို့သည် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိဘဲ အစွန်းရောက်နေသည်ကို မီးမောင်းထိုးပြသနေပါသည်။

    ဥပဒေ မစိုးမိုး၍ နိုင်ငံရေး မတည်ငြိမ်သော တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ပါ။

    အစွန်း နှစ်ဖက်ကို တလှည့်စီ ရောက်နေသော ပြန်ကြားရေးဝန်ကြီးဌာန။

    အောက်စ်ဖို့ တက္ကသိုလ် အမည်ကို တည်းဖြတ် ပိတ်ပင်ခဲ့သော ပြန်ကြားရေး ဝန်ကြီးဌာနသည် ၂၀၀၈ ဖွဲ့ စည်းပုံနှင့် ဆန့်ကျင်သော လူမျိုးရေး ဘာသာရေး အထိကရုံးဖြစ်စေရန် လှုံ့ဆော် သော စာ ရွက်စာတမ်း၊ CD နှင့် VCD များကိုသာမက လူမျိုးရေး လှုံ့ဆော်သော ဂျာနယ်များကိုပင် လွတ်လပ်စွာ ဖြန့်ဝေ ခွင့် ပြုထားသောကြောင့် အစွန်း ၂ ဖက်ကို ရောက်လွန်းသည်။ ထို့ကြောင့် မြန်မာပြည်နိုင်ငံရေး သည် တည်ငြိမ်နိုင်စရာ အကြောင်းမရှိသည့်အပြင် လူမျိုးရေး၊ ဘာသာရေး ပဋ္ဋိပက္ခများ ဆက်လက် ဖြစ်ပေါ် နေဦးမည်သာ ဖြစ် သည်။

    အဆုံးစွန် ငြင်းဆိုပြီး လိုအပ်လျှင် ပွဲထုတ်သော အစိုးရ အဖွဲ့။

    မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား လုံးဝမရှိပါဟု နိုင်ငံတကာလှည့်ကာ ဇွတ်တရွတ် ဘူးကွယ်သော မြန်မာ အစိုးရ သည် နောက်ဆုံး နိုင်ငံရေး အကျဉ်းသားကို အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ရန် ကော်မတီ ဖွဲ့ပေးလိုက်ရုံမက ၈၈ မျိုး ဆက် ကျောင်းသား အဖွဲ့ကို စုံစမ်းစစ်ဆေးရေး ကော်မရှင် အသီးသီးတွင် အရာသွင်း ပွဲထုတ်လာသည် အထိ အရေးပေးလာကြ၏။

    အိုင်ဒီယာချင်းတူသော ဇာဘုရင်၏ မိဖုရားနှင့် မြန်မာ သမ္မတ အကြံပေး။

    ဇာဘုရင်၏ မိဖုရားက ပေါင်မုံ့စားရန်မရှိသော ပြည်သူများကို ကိတ်မုံ့စားရန် တိုက်တွန်း၏။

    ၂၄ နာရီ မီးလင်းရေး ဖယောင်းတိုင် ထွန်းကာ စီတန်းလှည့်လည်သည့် ဆန္ဒပြပွဲတွင် ပါဝင် သူများ သည် ဖယောင်းတိုင်များကို ဆန္ဒပြရာတွင်ထွန်းမည့်အစား မိမိတို့အိမ်တွင် လျှပ်စစ်မီးပြတ်ချိန် တွင် ထိုဖယောင်းတိုင်များကို အသုံးပြုထွန်းညှိခြင်းဖြင့် မီးမလာသည့် ပြသနာကို ဖြေရှင်းနိုင်ကြောင်း သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ကမ္ဘာကျော် အကြံကိုပေး၏။ ထိုဖယောင်း တိုင်ဖြင့် ရေတင်လို့မရ၊ ထမင်း ချက်လို့မရသည်ကိုတော့ သမ္မတအကြံပေး တွက်ချက်မိပုံမပေါ်ပါ။

    မြန်မာနိုင်ငံအနာဂတ် အတွက် အလွန်အရေးပါသော မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ရပ်တန့်ရေး အတွက် သမ္မတကို အကြံပေး ရန်အတွက်ကိုမူ သမ္မတ အကြံပေးအဖွဲ့သည် လုံးဝ နှုပ်ဆိပ်နေကြ၏။

    ဆင်းရဲမွဲတေမှု ပပျောက်ရေး ဝိုင်းဝန်းအငတ်ခံပေး။

    ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် မူဝါဒများချမှတ်နေသော အစိုးရတရပ်၏ လယ်/ဆည် ဝန်ကြီး က တောင်သူလယ်သမားများကို အချိန်ကာလနှင့် ရက်အရေအတွက် သတ်မှတ်ချက် မပါသော ထမင်း တနပ် အငတ်ခံရန် တိုက်တွန်းအကြံပြု၏။ ပြည်သူလူထု ကြွယ်ဝစေရမည်ဟု  အာမခံသည်နှင့် တပြိုင် နက် အငတ်ခံခိုင်း၏။

    အစွန်းရောက်၊ အငြင်းသန် ရခိုင်မျိုးချစ်ခေါင်းဆောင်များ။

    (က) ရခိုင်ဒေသကို မတည်ငြိမ်သော အရှေ့အလယ်ပိုင်း ပါလက်စတိုင်း ဒေသကဲ့သို့ မဖြစ် စေလိုသည့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါ်စောခင်တင့်၏ ဟီလာရီ ကလင်ထံ ပေးစာ ကြောင့် နိုင်ငံတကာ အလယ်တွင် ရခိုင်လူမျိုးများကို နာဇီလက်သစ် အသွင် မြင်စေမည့် လူမျိုးပြုန်း သတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုများ ကို ရခိုင်ဒေသတွင် ဖြစ်ပေါ်စေခဲ့ပါသည်။

    ရခိုင်ခေါင်းဆောင်များပြောသော ရခိုင်အမျိုးသားရေး လှုပ်ရှားမှုများသည် လက်တွေ့တွင် ရခိုင်ပြည်၏ စီးပွားရေးဘဝများကို ပျက်စီးစေရုံမက ရခိုင် အမျိုးသားများကို ဆင်းရဲတွင်း နက်စေ ခဲ့သည်။

    (ခ) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိပါဟု ဇွတ်ငြင်းသော အစွန်းရောက် RNDP ဒေါက်တာ အေးမောင်နှင့် သမိုင်းဆရာ ဒေါက်တာအေးချမ်းတို့သည် ဘူချနမ် သမိုင်းစာအုပ်တွင် ရေးသားထား သည့် ကိုယ်ပိုင်စာပေရှိသော မဟာမေဒင် ဘာသာဝင် ရိုဟင်ဂျာလူမျိုး အမည်သည် ဗုဒ္ဓ ဘာသာဝင် ရခိုင်များကို ခေါ်ခြင်းဖြစ်သည်ဟု အတင်းအဓမ္မ အရှက်မရှိ ပြောနေကြပါပြီ။ တနည်းအားဖြင့် ညောင် မြစ်တူးလို့ ပုတ်သင်ဥပေါ်ဆိုသလို သမိုင်းအထောက်အထား အခိုင်အမာဖြစ်လာသော ရိုဟင်ဂျာတို့၏  (Identity) ကို ရခိုင်တို့ လုယူနေကြပြီ။

    သို့ဆိုလျှင် ၎င်းတို့နှစ်ဦး သည် များမကြာမှီ မိုဟာမက် အေးမောင်နှင့် မိုဟာမက် အေးချမ်းဟု နာမည်ပြောင်းရန် အလားအလာရှိ၍ ဘက်မလိုက်မီဒီယာများ စောင့်ကြည့်ရန် အထူးလိုအပ်ပါသည်။

    လက်ဝဲရော လင်္ကျာပါ ယိမ်းသည့် လဝက ဝန်ကြီး ဦးခင်ရီ၊

    ရိုဟင်ဂျာများသည် တရားမဝင် ခိုးဝင်သူများဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သော လ.ဝ.က ဝန်ကြီး ဦးခင်ရီသည် ကုလသမဂ္ဂမှ ဝင်ရောက် စစ်ဆေးမည့် အစီအစဉ်ကို ဟန့်တားလိုသောအခါ ရခိုင်နှင့် ရိုဟင်ဂျာ ပဋ္ဋိက္ခသည် နှစ်ပေါင်းကြာရှည်စွာ တအိမ်တည်း အတူနေသော ညီအစ်ကိုများ၏ ရန်ပွဲသာဖြစ်သည်ဟု ပြောပြန်ပါသည်။

    သွေးနှင့်ဆုံးဖြတ်သည်ဆိုသော ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေ အရ ရခိုင်တို့နှင့် ညီအစ်ကို တော်သော ရိုဟင်ဂျာတို့သည် အလိုအလျှောက် နိုင်ငံသား ဖြစ်ရန်သာရှိ၏။

    အစွန်း ၂ ဖက်သို့ရောက်လွန်းသော နိုင်ငံတော်သမ္မတ၏ စီမံခန့်ခွဲမှု။

    (က) မုံရွာ လက်ပံတောင်းတောင်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော လက်နက်မဲ့ ရဟန်း သံဃာများကို မီးလောင်ဒဏ်ရာများ ရစေသည်အထိ မြို့ပြအုပ်ချုပ်ရေးကို အသုံးပြု ဖြိုခွင်းစေခဲ့သော သမ္မတသည် မိတ္ထီလာမြို့ တွင် ၃ ရက်တိုင်တိုင် အကြမ်းဖက်၊ လူသတ်၊ လုယက်၊ မီးရှို့နေသူများကို ဖြစ်ထွန်းစ ဒီမိုကရစီ ပျက်သုန်းသွားမှာ စိုးသောကြောင့် အင်အားသုံး၍ မဖြိုခွဲခြင်းဖြစ်သည်ဟု နိုင်ငံ အခြေပြ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားဝန့်၏။

    (ခ) ရိုဟင်ဂျာများကို ခြံခတ်ထားပြီး တတိယနိုင်ငံသို့ပိုရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့သော သမ္မတသည် ဧပြီလ ၉ ရက်နေ့က ကျင်းပသော ရခိုင်ပြည်နယ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင် အထည် ဖေါ်ဆောင်ရေး ကော်မတီ အစည်းအဝေး တွင် နှစ်ပေါင်း ရှည်ကြာစွာအတူ နေထိုင်လာခဲ့ကြသူများ ဖြစ် သည့်အတွက် ဆက်လက်၍ သူ့အကျိုး၊ ကိုယ့်အကျိုးကြည့်ရှုပြီးအေးချမ်း တည်ငြိမ် စွာ နေထိုင်သွား ကြရန်လိုကြောင်း၊ ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်နိုင်ရေး၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်များ ပြန်လည်ထူထောင်ပေးနိုင်ရေးတို့အတွက်  လက်တွေ့ အကောင် အထည်ဖေါ် ဆောင်ရွက် ကြရန်ဖြစ်ကြောင်း   ပြောပြန်ပါသည်။

    နိုင်ငံနှင့် ပြည်သူအတွက် အမှားလုပ်မိသူများ တာဝန်သိသိနှုတ်ထွက်ပါ။

    မြန်မာနိုင်ငံတွင် အားကိုးစရာဆိုလို့ သီလ၊ သမာဓိ၊ ပညာတို့နှင့် ပြည့်စုံသော ပြည်သူများနှင့် ၎င်းတို့ ပိုင်ဆိုင်သော လုပ်ပိုင်ခွင့် အာဏာ (Mandate) ပေးနိုင်သည့် ထောက်ခံမဲ များသာကျန်ပါသည်။

    ကိုယ့်လုပ်ရပ်နှင့် ကိုယ့်နှုပ်ထွက်စကားများကို တာဝန်ယူရဲသော တင်းပြည့်ကျပ်ပြည့်၊ ဂုဏ် သရည်ရှိ၊ သိက္ခာရှိ လူကြီး လူကောင်းများကို ခေါင်းဆောင်အဖြစ် ရွေးချယ်မဲပေးခြင်းဖြင့်သာ အစွန်း တရားများမှ ရှောင်ရှား နိုင်ပြီး တိုင်းပြည်ကို အမှန်တကယ် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် ပြည်သူ များအနေဖြင့် ဆောင်ကျဉ်း နိုင်မည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ပါသည်။

    မှတ်ချက်။     ။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကလေးဆိုးကြီးများကို မဲမပေးမိစေရန် ဆန္ဒပြုလျှက်

    ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

  • ဘာသာတရားများအပေါ် အမည်းစက်များ မစွန်းထင်းစေလို

    ဘာသာတရားများအပေါ် အမည်းစက်များ မစွန်းထင်းစေလို

    ဧပြီ ၁၁ ၊ ၂၀၁၃
    ရေးသူ-O’Laie Manzu

    ဘာသာရေးအကြမ်းဖက်မှုများပေါ်ပေါက်လာစေရန်အတွက် တိုက်တွန်းနှိုးဆော်နေသော ဦးဝီရသူအား အတုအယောင် ဘာသာရေးခေါင်းဆောင်ဖြစ်ကြောင်းသုံးသပ်မှုများ ယခုရက်ပိုင်းများအတွင်း ထင်ထင်ပေါ်ပေါ်ထွက်ပေါ်လာခဲ့ပါသည်။ ဦးဝီရသူလျှောက်လမ်းနေသည့် လမ်းကြောင်းမှာ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်နေသည့်အပြင် ဗုဒ္ဓဘာသာ၏ သာသနာရေးအရှိုင်အဝါအားလည်း ငြိုးမှိန်စေပါသည်။ ဦးဝီရသူ၏ ဟောပြောချက်များသည် ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများနှင့် သွေဖီနေသောကြောင့် ဗုဒ္ဓဘာသာ အမှတ်တံဆိပ်ကပ်ရန်ပင် မထိုက်တန်။ ထိုကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများအား အခြေခံသည့် ထေရဝါဒ နှင့် ဦးဝီရသူ၏ လူမျိုးရေးနှင့် ဘာသာရေး မုန်းတီမှုများအပေါ် အခြေခံသည့် ဝီရသူဝါဒ တို့သည် မတူညီကြောင်း ကွဲကွဲပြားပြား ခွဲခြားရှု့မြင်ရပါလိမ့်မည်။ နှိုင်းယှဉ်၍ပင်မရနိုင်။

    ဦးဝီရသူသည် လူမျိုးရေးအစွန်းရောက် လမ်းမှားပေါ်သို့ရောက်ရှိနေသည့်အတွက် ၎င်း၏ လုပ်ရပ်အားအခြေခံ၍ ဗုဒ္ဓဘာသာတစ်ရပ်လုံးအား အပြစ်တင် လက်ညိုးထိုး၍မရနိုင်ပေ။ ၎င်းသည်ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားပြု ဦးဆောင်နေသည့် ခေါင်းဆောင်မဟုတ်ကြောင်းလည်း သတိပြုသင့်သည်။ မမှန်မကန်ဟောပြောချက်များ၊ လုပ်ကြံဝါဒဖြန့်မှုများ၊ ပုံကြီးချဲ့မှုများမှာ မုသာဝါဒဖြစ်ပြီး သံဃာကျင့်ဝတ်နှင့်မကိုက်ညီကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါသည်။ ထို့ကြောင့် ဦးဝီရသူအား ဗုဒ္ဓဘာသာဝင်အများစုမှ လက်မခံကြပေ။

    ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ယုံကြည်ကိုးကွယ်ကြသည့် ဘာသာတရားအား ပိုမိုထွန်းကားစေချင်ကြသည်။ ပြန့်ပွားလာစေချင်ကြသည်။ နှောင်ဘဝတွင် (သက်ရှိ သတ္တဝါ) အားလုံး နိဗ္ဗာန်ဘုံသို့ရောက်စေလိုသည့် စိတ်ရင်းစေတနာအပြည့်ရှိကြသည်။ ထို့ကြောင့် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ရန် တိုက်တွန်းနှိုးဆော်ကြသည်။ ကြိုးပမ်းဆောင်ရွက်ကြသည်။ သို့သော် အချို့သော ခေါင်းဆောင်များမှာ စေတနာလွန်ကဲ၍ အကုသိုလ်ပွားလာတက်ကြသည်။ မိမိနှင့် ယုံကြည်ချက်ချင်းမတူသူများအား ဆန့်ကျင်သည့် လုပ်ရပ်များ လုပ်ဆောင်လာကြသည်။ ဘာသာရေးခေါင်းဆောင်များအနက် အချို့သောအမြင်ကျဉ်းမြောင်းသူများသည် ဘာသာတရား၏ဆုံးမမှုများနှင့် မိမိကိုယ်ပိုင်ထင်မြင်ယူဆချက်များ ပေါင်းစပ်ကြသည်။ လူအများ၏ ကြည်ညိုမှုများရရှိလာပြီးနောက်ပိုင်း ဟောချင်တိုင်းဟော၊ ပြောချင်တိုင်းပြောနှင့် ဘာသာတရား၏ အနှစ်သာရအား ဦးဆောင်ဖျက်ဆီးသူများဖြစ်လာကြသည်။ ယင်းကဲ့သို့သော ခေါင်းဆောင်များ ဘာသာတိုင်းတွင် ရှိတက်ကြသည်။

    ဦးဝီရသူသည် ဗုဒ္ဓဘာသာ၏ သာသနာနှစ် နှစ်ထောင်ငါးရာကျော်အတွင်း အစွန်းရောက်ဆုံးသော ဘာသာရေးခေါင်းဆောင်အဖြစ် စံချိန်တင်လောက်ပေသည်။ သင်္ဃန်းခြုံထား၍သာ ဘာသာရေးခေါင်းဆောင်ဟု ရည်ညွန်းရခြင်းဖြစ်သည်။ ဘာသာရေးလုပ်နေခြင်းမဟုတ်သောကြောင့် တချို့မှာ ဘာသာရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြမည်မဟုတ်ပေ။ ၎င်းဟောပြောချက်များမှာ ငြိမ်းချမ်းရေးတရားမဟုတ်… အမုန်းပွား ရန်ငြိုးထားရန် လှုပ်ဆော်နေခြင်းသာဖြစ်သည်။ ဦးဝီရသူ၏ ဟောပြောချက်များကြောင့် နားယောင်ကာ အမုန်းပွားမှုများ၊ အကြမ်းဖက်မှုဖြစ်ပေါ်လာခဲ့သည်ကို သာဓကနေဖြင့်မှတ်ယူကာ ဦးဝီရသူကဲ့သို့ အစွန်းရောက်သည့် ခေါင်းဆောင်များ မည်သည့်ဘာသာအတွင်းမှ မပေါ်ပေါက်လာစေရန် ထိန်းသိမ်းကြရမည်။

    အခြားနိုင်ငံ သို့မဟုတ် အခြားအရပ်ဒေသများတွင် ဖြစ်ပွားနေသော ဘာသာရေး-လူမျိုးရေး ပဋိပက္ခများအား လက်ညိုးထိုးကာ မိမိပတ်ဝန်းကျင်တွင်လည်း အလားသဏ္ဍာန်တူသည့် ပဋိပက္ခများဖန်တီးနေကြမယ်ဆိုလျင် ငြိမ်းချမ်းမှုဟူ၍ရှိလိမ့်မည်မဟုတ်။ လူတစ်စု၏ လုပ်ရပ်အား တုန့်ပြန်သည့်အနေဖြင့် ဘာသာတရားတစ်ရပ်လုံးအား ဆန့်ကျင်သည့် လုပ်ရပ်များ မလုပ်မိစေရန် သတိပြုကြရမည်။ လူသားတိုင်းသည် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိစေရမည်ဖြစ်သော်လည်း အခြားဘာသာအား စော်ကားခြင်းမှာ အခွင့်အရေးတစ်ရပ်မဟုတ်။ လုပ်ပိုင်ခွင့်လည်းမရှိ။

    လူသားတို့သည် မိမိ၏ ခံယူချက်၊ ယုံကြည်ချက်များအား ထိပါးစော်ကားမှုကို မခံချင်ကြ။ မိမိကိုယ်၌လည်း အခြားသူများ၏ ခံယူချက်၊ ယုံကြည်ချက်များအား ထိပါးစော်ကားမှုများမပြုလုပ်သင့်။ ဘာသာတရားသည် လူသားတို့အဖို့ အပြင်းထန်ဆုံးသော ယုံကြည်ချက်ဖြစ်သည်။ အခြားဘာသာများအား ဆန့်ကျင်စော်ကားမှသာလျှင် မိမိကိုးကွယ်ယုံကြည်သည့် ဘာသာတရား ပိုမိုထွန်းကားပြန့်ပွားမည် မဟုတ်ကြောင်း အမြဲသတိပြုသင့်သည်။

    ဘာသာတရားများအား ဆန့်ကျင်စော်ကားကြလျှင်လည်း မည်သည့်ဘာသာမျှ ဤကမ္ဘာမြေပေါ်မှ ပပျောက်သွားမည်မဟုတ်။ ကမ္ဘာတစ်သက် ဘာသာတရားတစ်ခုတည်းအား လူသားတိုင်းအကြွင်းမဲ့လက်ခံသည့် ဘာသာတရား ဟူ၍လည်း ဖြစ်ပေါ်လာမည်မဟုတ်။ အပြန်အလှန်တိုက်ခိုက်နေကြလျှင် ဘာသာတရားများအပေါ် အမည်းစက်များ  စွန်းထင်းကာ သွေးစွန်းနေသည့်ဘာသာများအား နှောင်မျိုးဆက်သစ်များ စွန့်ပယ်လာကြလိမ့်မည်။ တစ်ခဏတာအသက်ရှင်နေထိုင်ကြရသည့် ဤလူ့လောကကြီးအား နိဗ္ဗာန်အကျိုးမျှော်ကိုး၍ ငရဲပြည်အသွင် ဖန်တီးနေကြသော ဘာသာရေးခေါင်းဆောင်များ၏ လုပ်ရပ်များကြောင့် ဘာသာတရားများအား ရွံ့ရှာမုန်းတီးလာကြလိမ့်မည်ကို သတိပြုသင့်ပေသည်။