News @ M-Media
Category: ဆောင်းပါး
  • မွတ်စလင်များ သတ်ဖြတ်ခံရမှု နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ အခန်းကဏ္ဍ (Special Report-ဘာသာပြန်)
    ဧပြီလ ၈ ရက်
    ရိုက်တာသတင်းဌာန
    ဘာသာပြန်- သာကီထက်ကောင်း
    မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာမြို့တွင်း၌ မီးကွင်းများ၊ ဓားရှည်များကိုင်ဆောင်ထားသော ဗုဒ္ဓဘာသာဝင် လူရမ်းကားများသည် မွတ်စ်လင်မ် ၁၀၀ ခန့် လိုက်လံသုတ်သင်ပြီးနောက် ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးမှ မွတ်စ်လင်မ် မိန်းကလေးငယ်လေးတစ်ဦးကို ဖမ်းချုပ်၍ သူမ၏ လည်မျိုအား ဓားဖြင့်ထောက်ကာ “ မင်း ငါတို့နောက်လိုက်ယင် ငါ သူ့ကို သတ်ပစ်ရလိမ့်မယ် ” ဟု ရဲတပ်သားကို ကြိမ်းမောင်းပြောဆိုခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောဆိုသည်။
    မြန်မာနိုင်ငံ စစ်အုပ်ချုပ်မှုအောက်၌ လွန်ခဲ့သော ၄၉ နှစ်တာကာလ ကတည်းကပင် လူမျိုးရေး အမုန်းတရားများကို ဇက်လွှတ်ပေးထားခဲ့သည်။ စစ်အုပ်ချုပ်မှုကာလမှ ၂၀၁၁ ခုနှစ် မတ်လတွင် အဆုံးသတ်ခဲ့သော်လည်း ၄င်းလူမျိုးရေး မုန်းတီးမှုသည် ပိုမိုကျယ်ပြန့်လာပြီး၊ နိုင်ငံ၏သမိုင်းဝင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အန္တရာယ် ဖြစ်လာပေသည်။ မျိုးဖြုတ်သုတ်သင်ခြင်း လက္ခဏာမှာ ပေါ်လွင်ထင်ရှားလာကာ ထိုသို့ မျိုးတုန်းသတ်ဖြတ်မှုများကိုလည်း မည်သည့်အရေးယူခြင်း မရှိချေ။
    နေပြည်တော်၏မြောက်ဖက် မိုင် ၈၀ မျှသာကွာဝေးသော မြို့တွင် ၄ ရက်တာအတွင်း လူပေါင်း ၄၃ ဦးသေကြေပျက်စီးခဲ့ရသည်။ မွတ်စ်လင်မ် အများစုပါဝင်သည့် လူပေါင်း တစ်သောင်းသုံးထောင်ခန့်မှာ အိုးမဲ့အိမ်မဲ့ လုပ်ငန်းလက်မဲ့ဘ၀ ရောက်သွားရသည်။ ဤသွေးချောင်းစီးမှုသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တစ်လျှောက်ရှိ ရွာပေါင်း ၁၄ ရွာနှင့်အထက်သို့ ဆက်လက်ရွေ့လျားသွားခဲ့သည်။ ဤဖြစ်စဉ်သည် အာရှတိုက်တွင် မွတ်စ်လင်မ်လူနည်းစုတို့ကို ခွဲခြားနှိမ့်ချ ပ,ထုတ်မှု အကြီးမားဆုံး စာရင်းဝင် ဖြစ်ခဲ့သည်။
    မိတ္ထီလာရှိ မွတ်စ်လင်မ် ၂၅ ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဦးဆောင်သူများမှာ ဗုဒ္ဓဘာသာဝင်သံဃာများဖြစ်ကြောင်း၊ ၄င်းတို့သည် မြန်မာ့ဒီမိုကရေစီအရေး၌ ပါဝင်လေ့ရှိသူများဖြစ်ကြောင်း မျက်မြင်သက်သေ ၃၀ ကျော်နှင့် တွေ့ဆုံမေးမြန်းချက်ရလဒ်မှ သိရသည်။ သတ်ဖြတ်မှုကြီးသည် ရဲဝန်ထမ်းများ၏ ရှေ့မှောက်၌ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်း ဖြစ်ပြီး၊ ဒေသခံအာဏာပိုင်မှလည်းကောင်း ဗဟိုအစိုးရမှလည်းကောင်း ကြားဝင်ဖျန်ဖြေတားဆီးခြင်း အလျဉ်း မရှိခဲ့ချေ။ နံရံတစ်ခုပေါ်တွင် “ မွတ်စ်လင်မ် မျိုးဖြုတ်ရေး ” ဟု လူရမ်းကားတို့မှ မသဲမကွဲ ရေးခြစ်ဖော်ပြထားကြောင်း တွေ့ခဲ့ကြရသည်။
    မတည်ငြိမ်မှုသည် အခြားမြို့များသို့လည်းကောင်း၊ ရန်ကုန်မြို့လယ်ခေါင်မှ နာရီပိုင်းမျှ မောင်းနှင်ရသည့် နေရာဒေသများသို့လည်းကောင်း ဆက်၍ဖြစ်ပေါ်ခဲ့ရာတွင် ရဲတပ်ဖွဲ့က မျက်နှာလွှဲခဲပစ် ပြုခဲ့ကြသည်။ မတ်လ ၂၁ ရက် သတ်ဖြတ်မှုကြီး၏နောက် သာသနာရေး ၀န်ကြီးသည် ၃ ရက်ကျော်ကြာညောင်းသော အကြမ်းဖက်မှုအား ရပ်တန့်အောင် ဆောင်ရွက်ရာတွင် မဆိုစလောက်မျှသာ ပြုလုပ်နိုင်ခဲ့သည်။ အစွန်းရောက်သံဃာများမှ မီးကွင်းပစ်ခြင်း၊ ကယ်ဆယ်ရေးလုပ်သားတို့အား ခြိမ်းခြောက်ခြင်း နှင့် တစ်စမကျန်အောင် သောင်းကျန်းဖျက်ဆီးခြင်းတို့ကိုသာ ထိရောက်စွာ ဟန့်တားနိုင်ခဲ့သည်။
    ဗုဒ္ဓဘာသာဝင်အပေါင်းမှာ အကြမ်းဖက်ကျူးလွန်သူများ မဟုတ်ကြ။ မွတ်စ်လင်မ်တို့ကြောင့် သံဃာတော်တစ်ပါး စတင်သေဆုံးရသည်ဟု စွပ်စွဲသော်လည်း စတင် သောင်းကျန်း ဖျက်ဆီးကြသည်မှာ မွတ်စ်လင်မ်များ မဟုတ်ကြပေ။
    ယမန်နှစ် မြန်မာ အနောက်ခြမ်း ပြဿနာများမှသည် ယခု မိတ္ထီလာဖြစ်ရပ်ဆိုးကြီးအထိ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့၏ ခြေရာလက်ရာဖြစ်ကြောင်း၊ အာဏာပိုင်များမှ အရေးယူ ဆောင်ရွက်မှုမရှိကြောင်း ရိုက်တာသတင်းမှ တင်ပြခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဗျူဟာမြောက်ဒေသ၌ ယခုကဲ့သို့ သွေးချောင်းစီးမှုဖြစ်ပေါ်လာသောအခါ – ၁၉၆၂ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း သမိုင်းဝင်အပြောင်းအလဲအား စတင်ဖော်ဆောင်သူ ဟုဆိုသည့် သမ္မတဦးသိန်းစိန်မှာ တပ်မတော်ကိုကိုင်တွယ် ထိန်းချုပ်ခွင့် အပြည့်အ၀ ရှိမှရှိပါ၏လော ဟူ၍ မေးခွန်းများ ထွက်ရှိလာပါသည်။
    ဗုဒ္ဓဘာသာဝင်အများစုရှိပြီး နာမည်ကြီး စေတီပုထိုးများကြောင့် “ ရွှေနိုင်ငံ ” အဖြစ် ကျော်ကြားသောတိုင်းပြည်၏ မတည်ငြိမ်မှု၌  ထိမ်ချန်ဖုံးကွယ်ထားသော အမှန်တရားတစ်ခု ရှိနေသည်။ လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလကပင် မွတ်စ်လင်မ်ဆန့်ကျင်ရေးဂယက်၌ ဘုန်းတော်ကြီးများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ အကြမ်းဖက်မှုနှင့် ဆက်နွှယ်ပတ်သက်နေသည့်လူ ၄၂ ယောက်ကိုဖမ်းဆီးထားသည်ဟုဆိုပါသော်လည်း၊  ဘုန်းတော်ကြီးများမှာမူ ၉၆၉ ဟု ကျော်ကြားသည့် ဗုဒ္ဓဘာသာဝင်လူမျိုးကြီးဝါဒတရား များကို ပိုမို အရှိန်မြှင့်တင်ဟောပြောနေခြင်းက မီးလောင်ရာလေပင့်နေခြင်းပင်။
    စီးပွားရေးသာမဟုတ် ဘာသာရေးပြဿနာလည်း ပါဝင်သည်ဟု ဆန်းစစ်မှုများက ဆိုသည်။ အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံတစ်ခုတွင် (မိတ္ထီလာအပါအ၀င်အခြားဒေသမှ) မွတ်စ်လင်မ်တို့သည် ၄င်းတို့ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဝင်များထက် ယေဘူယျအားဖြင့် စီးပွားဖြစ်ထွန်းကြသည်။ မွတ်စ်လင်မ်တို့သည် မြန်မာတစ်နိုင်ငံလုံး၌ ၅% မျှသာရှိသော်လည်း မိတ္ထီလာ၏လူဦးရေ၌  သုံးပုံတစ်ပုံထိ ရှိသည်ဟု ဆိုကြသည်။ ၄င်းတို့သည် အခြေခံစီးပွားများ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊ အထည်အလိပ်ထွက်ကုန်၊ စားသောက်ဆိုင်များ၊ ဆိုင်ကယ်အရောင်းပြခန်းများ စသဖြင့် ပိုင်ဆိုင်ကြပြီး – လုပ်သားများ၊ ပျံကျဈေးသည်များအဖြစ် အသက်မွေးကြသည့် မြို့ခံဗုဒ္ဓဘာသာဝင်အများစုထက် ၀င်ငွေကောင်းခဲ့ကြသည်။
    ဘားမားဟု အသိများကြသည့် ရာစုနှစ်ဝက်မျှ စစ်အုပ်ချုပ်ရေးလက်အောက်ရှိ မြန်မာနိုင်ငံသည် အာရှတိုက်နောက်ဆုံးဈေးကွက်၏ ထိပ်တန်းနေရာတွင် ရှိနေရာ စီးပွားရေးအကျိုးအမြတ်မျှော်လင့်ချက် ကြီးမားလှသည်။ နှစ်ပရိစ္ဆေဒများစွာ မှီတင်းနေထိုင်လာကြသော မွတ်စ်လင်မ်လူ့အသိုက်အ၀န်းအား အမြစ်လှန်လိုသည့် လတ်တစ်လောအကြမ်းဖက်ခြင်း နှင့် တည်ငြိမ်မှုပျက်ပြားစေခြင်းတို့မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကာလအတွက် အကြီးစားထိုးနှက်ချက်တစ်မျိုးဖြစ်ကြောင်း သုံးသပ်ရပေသည်။
    ပါလီမန်တွင် အတိုက်အခံခေါင်းဆောင်ဖြစ်သူ နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ ဤတင်းမာမှုအပေါ် ပြေလျော့အောင် မဆောင်ရွက်ခဲ့မှုကြောင့် သူမ၏စိတ်ဓာတ်ပုံရိပ်အား အရိပ်မည်းစွန်းထင်းသွားစေနိုင်သည်။ ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင် ဒေါ်စုကြည်သည် တရားဥပဒေစိုးမိုးရေးအတွက် ပြင်းပြင်းထန်ထန်သတိမပေးဘဲ မဆိုစလောက်မျှသာ တုန့်ပြန်နေပါက အကြမ်းဖက်မှု ဆက်လက်ကျယ်ပြန့်လာတော့မည် ဖြစ်၏။ ဤဖြစ်ရပ်အတွက် ဒေါ်စုကြည်နှင့် တွေ့ဆုံမေးမြန်းရန် လိုပေဦးမည်။
    ရွှေဆံညှပ်၏ သာမန်ပြဿနာမှ စတင်သော မီးပွား
    မိမိနေထိုင်ရာ ပြုံးကောက်ရွာရှိ ဘုန်းတော်ကြီးများကို ကျွေးမွေးလှူဒါန်းလိုသော ဗုဒ္ဓဘာသာဝင်အမျိုးသမီး ဒေါ်အေးအေးနိုင်(၄၅ နှစ်)သည် ဖြစ်စဉ်အကြိုနေ့ မတ်လ ၂၀ ရက်၊ နံနက် ၉ နာရီခန့်တွင် မိမိ၏ရွှေဆံညှပ်/ဆံထိုးအား မြို့တက်ရောင်းချခဲ့သည်။ ၄င်းမှ တစ်သိန်းလေးသောင်းကျပ်(၁၆၀ဒေါ်လာဝန်းကျင်) ဖြင့်ဝယ်ထားသော ယင်းရွှေထည်ကို မွတ်စ်လင်မ်တစ်ဦးပိုင်ဆိုင်သည့် နယူး ၀ိန့်စိန်ရွှေဆိုင်သို့ ၄င်း၏ခင်ပွန်း၊ ညီမနှင့်အတူ သွားရောက်ရောင်းချရာ ဆိုင်ရှင်မှ တစ်သိန်းရှစ်ထောင်ကျပ် ဈေးပေးခဲ့သော်လည်း သူမက အနည်းဆုံး တစ်သိန်း တစ်သောင်းကျပ် လိုချင်ခဲ့သည်ဟု ဆိုသည်။
    assk-kawhmu-closeup-b305
    ပြဿနာစတင်ဖြစ်ပွားရာ ရွှေဆိုင်ကို အကြမ်းဖက်ဖျက်ဆီးနေစဉ်
    သူမ၏အဆိုအရ ဆိုင်လုပ်သားများက ရွှေထည်အားစစ်ဆေးရာ၌ ပျက်စီးမှုဖြစ်ပြီး တန်ဖိုး ကျဆင်းမှုကြောင့်အချင်းများခဲ့ကြသည်။ ဒေါ်အေးအေးနိုင်၏ အမျိုးသားမှ ဟစ်အော်သောင်းကျန်းသည်၌ ဆိုင်လုပ်သားသုံးဦးဖြင့် ၄င်းတို့အား ဆိုင်ပြင်ဆွဲထုတ်ကာ ရိုက်နှက်ခဲ့ကြောင်း ယင်းလင်မယားနှင့် သက်သေနှစ်ဦးက ပြောဆိုသည်။
    လူအများ ၀ိုင်းအုံကြည့်ရှုလာကြပြီး ရဲတပ်ဖွဲ့ရောက်လာသည့်နောက် ဒေါ်အေးအေးနိုင် နှင့် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးအား ထိန်းသိမ်းလိုက်သည်။ မျက်မြင်သက်သေများစွာ၏ အဆိုအရ ဗုဒ္ဓဘာသာဝင် လူရမ်းကားတို့သည် မွတ်စ်လင်မ်ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်၍ ဆိုင်တံခါးများကို ချိုးဖျက်ပြီး စတင်အကြမ်းဖက်ခဲ့သည်။ မည်သူမျှ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း မရှိခဲ့ပါ။ သို့သော် မွတ်စ်လင်မ်ပိုင်ရွှေဆိုင် အဆောက်အဦနှင့် အခြားဆိုင်ခန်းများစွာ ဖျက်ဆီးခံခဲ့ရသည်။
    လမ်းတစ်ဖက်ခြမ်းမှ အကြမ်းဖက်မှုအား စောင့်ကြည့်နေခဲ့သူ မခင်စန်းက “ ဒီဆိုင်က အနီးတ၀ိုက်မှာ နာမည်ဆိုးနဲ့ကျော်ကြားနေပါတယ်။ သူတို့ဆိုင်ရှေ့မှာ ကားရပ်နားတာ ခွင့်မပြုဘူး။ မကြာခဏ အချင်းများလေ့ရှိတဲ့အတွက် လူတွေက အငြိုးထားမုန်းတီးနေကြပါတယ် ” ဟု ပြောပြခဲ့သည်။
    ထိုကိစ္စမတိုင်မီ ရက်သတ္တပတ် အနည်းငယ်ခန့်တွင် ” သောကရှင် ဗုဒ္ဓဘာသာဝင်များ ” ဟု မိမိဖာသာကင်ပွန်းတပ်ထားသော အုပ်စုတစ်စု၏ လက်မှတ်ထိုး ထုတ်ပြန်စာတမ်းတစ်စောင် ဖြန့်ဝေခြင်းက ယင်းအငြိုးအာဃာတအား ပို၍ ကြီးမားသွားစေခဲ့သည်။ ထိုဖြန့်ချိစာ၌ မိတ္ထီလာမှမွတ်စ်လင်မ်တို့သည် ဗုဒ္ဓဘာသာဝင်များအပေါ် မကောင်းကြံစည်လေ့ရှိကြောင်း၊ ဆော်ဒီအာရေဗျထံမှ ငွေကြေးအထောက်အပံ့ ရရှိခံစားနေကြောင်း၊ ဗလီဝတ်ကျောင်းတော်များအတွင်း၌ မရိုးသားသည့်ဆွေးနွေးစီစဉ်မှုများ ရှိနေကြောင်း ရေးသားဖော်ပြထားပြီး နယ်ခံသံဃာတော်များကို လှုံ့ဆော်ထားခြင်း ဖြစ်သည်။
    Soe Thein, a Buddhist mechanic, talks to Reuters reporters in Meikhtila
    ဗုဒ်ဓဘာသာဝင် တဦးဖြစ်သူ ကိုစိုးသိန်း
    ကိုယ်တိုင်တွေ့မြင်ရသူဟုဆိုသော ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ စိုးသိန်းမှ ဖော်ပြပါကဲ့သို့ ပြောပြခဲ့သည်။ တင်းမာမှုပြင်းထန်လာသည်နှင့်အမျှ ညနေ ၅း၃၀ နာရီတွင် မွတ်စ်လင်မ်အမျိုးသား ၄ ဦး သည် လမ်းဆုံလမ်းခွတစ်နေရာ၌ အသင့်စောင့်ဆိုင်းနေကြသည်။ ဘုန်းကြီးတစ်ပါးကို တင်ဆောင်လာသော ဆိုင်ကယ်အား ၄င်းတို့မှ တိုက်ခိုက်ကြရာ မောင်းနှင်သူမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ ဘုန်းတော်ကြီးသည် ဦးခေါင်းနောက်တွင် ဓားဒဏ်ရာ ရရှိခဲ့သည်။ ၄င်းတို့အနက်တစ်ဦးက ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့သည်။ ဘုန်းတော်ကြီးမှာ ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ထိုအခါ စိုးသိန်းမှ ဈေးသို့ ပြေး၍ ဘုန်းတော်ကြီးတစ်ပါးကို သတ်လိုက်ကြပြီ ဟု ဟစ်အော်ခဲ့သည်။ သူပြန်လှည့်ပြေးလာရာတွင် လူတစ်စုမှ လိုက်ပါလာကြပြီးသည့်နောက် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားတော့သည်။ မွတ်စ်လင်မ်တို့၏ အိမ်ခြေနှင့် ဈေးဆိုင်များကို မီးတင်ရှို့ခဲ့ကြသည်။ စိုးသိန်းမှ ယင်းတိုက်ခိုက်သူများကို အမည်နှင့်တစ်ကွ ဖော်ပြခဲ့သည်။ ဘုန်းတော်ကြီးအား သတ်ဖြတ်ပြီးနောက် ရွာထဲ၌ ထိုသူများကို တွေ့ရကြောင်း ပြောဆိုခဲ့၏။ မိတ္ထီလာအကြမ်းဖက်မှုနှင့် ဆက်နွှယ်သောလူ ၁၃ ဦးကို ဖမ်းဆီးစစ်ဆေးရာတွင် ၄င်းတို့အနက် ၄င်းသူတို့ပါမပါကို ရဲတပ်ဖွဲ့မှ ဖြေကြားလိုခြင်း မရှိချေ။
    ထိုညနေတွင် မွတ်စ်လင်မ် အများစုနေထိုင်သော မိတ္ထီလာအရှေ့ပိုင်း မင်္ဂလာဇေယုံရပ်ကွက်ကို မီးတင်ရှို့ခဲ့ကြသည်။ ဗလီတစ်လုံး၊ မိဘမဲ့ကလေးငယ်တစ်ဦးနှင့် အိမ်ခြေများစွာ မီးထဲပါသွားသည်။ ရာပေါင်းများစွာ ထွက်ပြေးကြသည်။ မျက်မြင်သက်သေများက ဗုဒ္ဓဘာသာဝင်တို့၏အိမ်များကိုလည်း မီးရှို့ခဲ့ကြောင်း ဆိုကြ၏။ အိမ်ခြေ ၁၀၀ ခန့် ပြာကျခဲ့သည်။
    ငါတို့လိုချင်တာ မွတ်စ်လင်မ်
    အကြမ်းဖက်အုပ်စုကြီးထွားလာရာတွင် ဒေါ်စုကြည်၏ NLD ပါတီမှ လွှတ်အမတ် ဦးဝင်းထိန်က လူအုပ်ကြီးအား ထိန်းသိမ်းဖို့ကြိုးစားသော်လည်း ဆွဲထုတ်ခြင်း ခံရသည်။      “ တစ်စုံတစ်ယောက်က ကျွန်တော့် လက်ကိုဖမ်းဆွဲလိုက်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်သာ ဂရုစိုက်ပါ။ နို့မဟုတ်ယင် ခင်ဗျားပါ ဒုက္ခရောက်သွားမယ် လို့ ကျွန်တော့်ကိုပြောပါတယ် ” ဟု ပြန်လည်ပြောပြခဲ့သည်။ ၄င်းပြင် လူစုကွဲသော ညဥ့်သန်းခေါင်မတိုင်မီအထိ ရဲအရာရှိများက အကြမ်းဖက်မှုကို မလှမ်းမကမ်းမှ ရပ်ကြည့်နေခဲ့ကြသည်ဟုလည်း ဆိုသည်။
    နံနက် ၄ နာရီခန့်တွင် မောင်မောင်၏အိမ်တွင်းရှိ မွတ်စ်လင်မ် အမျိုးသားတို့သည် ပြင်ပ၌ ၀ိုင်းရံထားသော ဗုဒ္ဓဘာသာဝင်လူဦးရေ တစ်ထောင်နီးပါးခန့်ကို ရင်ဆိုင်ရန် အရဗီဘာသာ စကားဖြင့် ကြွေးကြော်ခဲ့ကြသည်။
    နံနက် ၆ နာရီခန့် အရုဏ်တက်ချိန်တွင် အနီးအနား၌ ရဲအရာရှိ ၁၀ ဦးမျှသာ ကျန်ရှိတော့သည်။ ၄င်းတို့သည် တဖြည်းဖြည်းနောက်ဆုတ်သွားပြီး လူအုပ်ကြီးကို ရှေ့ပို့ တိုက်ခိုက်စေလိုက်သည်ဟု အိမ်နီးချင်းဗုဒ္ဓဘာသာဝင် အမျိုးသား ဦးလှသိန်း(၄၈ နှစ်)မှ ပြောပြသည်။
    မွတ်စ်လင်မ်တို့သည် အိမ်ဘေးမှ ထွက်ပြေးကြရာ လူတို့က ဓားများ၊ ဒုတ်များ၊ သံတုတ်များ၊ မီးကွင်းများဖြင့် လိုက်ကြသည်။ အချို့မှာ အနီးရှိ မြောင်းအတွင်း၌ ခုတ်ထစ်ခံရသည်ဟု ဦးလှသိန်းအပါအ၀င် ဗုဒ္ဓဘာသာဝင်နှင့်မွတ်စ်လင်မ် အခြားမျက်မြင်သက်သေ ၄ ဦးမှ ပြန်ပြောင်းပြောကြားသည်။
    NLD ဦးဝင်းထိန်က “ ယုန်လေးတွေကို အမဲလိုက်နေကြတဲ့အတိုင်း အကြမ်းဖက်ခဲ့ကြတာပါ ” ဟု တောင်ကုန်းပေါ်တက်ပြေးစဉ် ခုတ်ပိုင်းခံရသူများနှင့်ပတ်သက်၍ ဆိုခဲ့သည်။
    578268_132582523590948_661147998_n
    အမျိုးသမီးနှင့်ကလေးငယ် အများစုပါဝင်သော မွတ်စ်လင်မ် ၄၇ ဦးကို ရဲတပ်ဖွဲ့ဝင်များက မိမိတို့၏ဒိုင်းလွှားများဖြင့် ၀န်းရံကာကွယ်ပြီး ကယ်ထုတ်ပေးခဲ့ကြောင်း၊ မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဦးလှသိန်းက ဆိုသည်။ ရဲဝန်ထမ်းတစ်ဦး၏အဆိုအရ သံဃာတစ်ဦးမှ “ ငါတို့က မင်းတို့နဲ့ မတိုက်ခိုက်ချင်ဘူး။ ငါတို့ မွတ်စ်လင်မ်တွေကိုဘဲ (တိုက်ခိုက်ဖို့) အလိုရှိတယ် ” ဟု ရဲတပ်ဖွဲ့ဝင်တို့အား ဟစ်အော်ပြောဆိုကြောင်း သိရ၏။
    မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်က ၄င်းနေ့တွင်ဖြစ်ပွားသောအခြေအနေကို ထိန်းသိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားသည်။ စင်စစ်မှာမူ အခြေအနေက ပို၍ဆိုးဝါးသွားခဲ့ကြောင်း၊ လက်နက်ကိုင်စွဲထားကြသည့် သံဃာများနှင့် ဗုဒ္ဓဘာသာဝင် လူရမ်းကားတို့သည် လမ်းမများပေါ်တွင် နောက်ထပ် ၃ ရက်တိုင်တိုင် အကြမ်းဖက်နေခဲ့ကြကြောင်း မျက်မြင်သက်သေများက ဆိုသည်။
    581688_4783004134582_729859989_n
    မီးလောင်ကျွမ်းနေသော ဗလီတစ်လုံးအား မီးငြိမ်းသတ်ရန်ကြိုးစားနေသည့် မီးသတ်တပ်ဖွဲ့ဝင် ကိုသိန်းဇော်ကို သံဃာတစ်ဦးက “ မင်း မီးငြိမ်းရဲယင် ငြိမ်းကြည့်၊ မင်းကိုပါ သတ်ပစ်မယ် ” ဟု ကြိမ်းမောင်းခဲ့သည်။ သံဃာ ၃၀ ခန့်ပါဝင်သောလူအုပ်သည် မီးသတ်ပေါ်ချိတ်ဆွဲထားသော တံဆိပ်အား ရိုက်ချိုးဖျက်ဆီးကာ မီးသတ်ကားအား ၀ိုင်းရံခဲ့ကြသည်။ သူ့အား ကျောက်တုံးကျောက်ခဲများဖြင့် ပစ်ပေါက် မောင်းထုတ်ခဲ့ကြသဖြင့် မျက်လုံးအောက်ဖက်တွင် ထိခိုက်သွားရကြောင်း သူ၏ဒဏ်ရာကိုပြသလျက် ပြောပြခဲ့သည်။
    အလားတူစွာပင် ကိုသိန်းဇော်ကဲ့သို့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ အငယ်တန်း မီးသတ်သမား ကိုကျော်ရဲအောင်ကလည်း “ သံဃာတစ်ဦးက ကျွန်တော့်ကို ဓားတစ်ချောင်းနဲ့ ရမ်းခဲ့သေးတယ်ဗျ ” ဟု ပြောပြသည်။
    သုံးရက်လွန်သော် မွတ်စ်လင်မ်တို့၏ ရုပ်အလောင်းများကို မီးရှို့ခဲ့သော ကုန်းစောင်းပေါ်၌ လူကြီး၊ ကလေးငယ်တို့၏ ခန္ဓာအပိုင်းအစ အကြွင်းအကျန်များစွာ တွေ့ခဲ့ရသည်ဟု ၄င်းသူက ဆိုသည်။ ၄င်းနောက် စည်ပင်ထရပ်ကားများဖြင့် ရုပ်ကြွင်းများကို  မီးသင်္ဂြိုလ်စက်နံဘေးရှိ ကွင်းပြင်ထဲ ရွှေ့ပြောင်းလိုက်ကြပြီး တာယာဟောင်းများသုံး၍ မီးရှို့လိုက်ကြသည်။
    နိုင်ငံရေး၏ ပယောဂ မကင်းနိုင်
    ဓားတရမ်းရမ်း သောင်းကျန်းခဲ့ကြသော ဘုန်းတော်ကြီးတို့က ပစိဖိတ်ဒေသတွင်း ကောင်းသတင်းဖြင့် ကျော်ကြားလှသည့် ဗုဒ္ဓ၀ါဒ ပုံရိပ်ကို ယိမ်းယိုင်သွားစေသည်။
    အသိတရားပြည့်ဝရေး၊ အကြမ်းမဖက်ရေး၊ မိမိကိုယ်ကိုပြုပြင်ရေး နှင့် အတ္တပယ်ဖျောက်ရေး အပေါ်အခြေခံထားသော ဗုဒ္ဓ၀ါဒမှာ ဘာသာရေးဆိုင်ရာ စစ်ပွဲများကို ရှောင်ကြဉ်ရ၏။ လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ၀န်းကျင်က ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်များကို ငြိမ်းချမ်းခြင်း၊ ကြည်လင်ခြင်း၊ မြော်မြင်ဥာဏ်ကြီးမားခြင်းအားဖြင့် အစဉ်အလာအရ လက်ခံထားကြသည်။
    မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများဆုံးရှိသော တိုင်းပြည်တစ်ခုဖြစ်သည်။ နိုင်ငံ့လူဦးရေ သန်း ၆၀ ၏ ၉၀ % မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင် သံဃာတော် များသည် လွတ်လပ်ရေးအတွက်၊ ဒီမိုကရေစီကြိုးပမ်းမှုအတွက် တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်တစ်ဖုံ ရှေ့တန်းမှ ပါဝင်ခဲ့ကြကုန်၏။
    File picture showing a sticker of the "969 movement" at a shop in Minhla
    သံဃာတုသံဃာယောင်များဖြင့် လူထုအတွင်း အသိအမြင်မှားယွင်းအောင် လွယ်လင့်တကူ သပ်လျှိုသွေးထိုးနိုင်ခဲ့ခြင်းက လက်ရှိနှစ်များအတွင်းဖြစ်ပျက်နေသော မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတို့၏ အဓိကအခန်းကဏ္ဍပင်ဖြစ်ကြောင်း မြန်မာလူမျိုး အများအပြားမှ ယုံကြည်နေကြသည်။
    ဒေသတွင်း နာမည်ကြီးဘုန်းကြီးကျောင်းမှ သံဃာများကို မိတ္ထီလာလမ်းများပေါ်၌ တွေ့ခဲ့ကြရသည်။ နိုင်ငံ၏ဒုတိယမြို့တော် မြန်မာ့ယဉ်ကျေးမှု၏ဗဟိုဌာနီ မန္တလေးမြို့မှ သံဃာများရောက်လာကြခြင်းကိုလည်း ကြုံဆုံခဲ့ကြသည်။ ၄င်းတို့အနက် အမျိုးသားရေးဝါဒီ ဘုန်းကြီးဖြစ်သူ ဦးဝီရသူလည်း အပါအ၀င်ဖြစ်၏။
    စစ်အုပ်ချုပ်ရေးခေတ်လွန် မြန်မာနိုင်ငံ၏ အကောင်းဆုံးပြောင်းလဲမှုအဖြစ် ချီးကျူးခံရသည့် နိုင်ငံရေးအကျဉ်းသားများစွာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဦးဝီရသူသည် ကိုးနှစ်တာ အကျဉ်းစံနေရာမှ လွတ်မြောက်လာခဲ့သည်။ သူသည် ၂၀၀၃ ခုနှစ် မွတ်စ်လင်မ်ဆန့်ကျင်မှု လုပ်ရပ်ဆိုးစွဲချက်ဖြင့် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။
    with Khin Nyunt
    အကျဉ်းထောင်မှ လွတ်မြောက်လာပြီး ဝန်ကြီးချူပ်ဟောင်း ဦးခင်ညွှန့်မှ ဦးဝီရသူနှင့် တွေ့ဆုံခဲ့သည့် မြင်ကွင်း
    ပြုံးစေ့စေ့ဖြင့် ဇ ရှိသော ဦးဝီရသူ (၄၅ နှစ်)မှာ ယခုသော် မန္တလေး မစိုးရိမ်တိုက်သစ်၏ ကျောင်းထိုင်ဘုန်းကြီး ဖြစ်နေလေပြီ။ သူ၏ကျောင်းတိုက်၌ သံဃာအပါး ၆၀ ရှိပြီး ၊ထိုဝန်းကျင်မှ နေထိုင်သူ ၂၅၀၀ ခန့်အပေါ် သြဇာညောင်းလျက်ရှိသည်။ ယင်းအင်အားကို အခြေပြုလျက် –  မွတ်စ်လင်မ်တို့နှင့်စီးပွား လူမှုဆက်ဆံရေး မပြုရန် ဗုဒ္ဓဘာသာဝင်များအား တိုက်တွန်းနေသော ၉၆၉ အမည်ရှိ လှုပ်ရှားမှုကို အချိန်တိုတိုအတွင်း ကြီးမားလာအောင် ဦးဆောင်နေသူ ဖြစ်သည်။
    “ ဘယ်သွားသွား ဘာစားစား ဘာဝယ်ဝယ် ၉၆၉ ဆိုတဲ့ ဆောင်ပုဒ်ကို ဦးဇင်းတို့ အသုံးပြုတယ် ” ဟု ဦးဝီရသူက သူ၏ကျောင်းတိုက်၌ ပြောဆိုခဲ့သည်။ ခရီးသွားခြင်း၊ စားသောက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဗုဒ္ဓဘာသာဝင်နှင့်သာ ပြုလုပ်ဆောင်ရွက်ရန် ဟူသည့် ဆိုလိုချက်ဖြစ်သည်။ သူ၏အစွန်းရောက်မှု ဂုဏ်သတင်းကြောင့် သူ့အား “ မြန်မာ ဘင်လာဒင် ”ဟု ကင်ပွန်းတပ်လာခဲ့ကြသည်။
    ပြီးခဲ့သည့်လေးလတာကာလအတွင်း သူသည် ၉၆၉ တရားပွဲများကို တစ်သီတစ်တန်း ဆက်တိုက်ပြုလုပ်ခဲ့သည်။ “ ဒီလုပ်ငန်းစဉ်ပြန့်ပွားဖို့က ဦးဇင်းရဲ့အလုပ်ဘဲ ” ဟု သူကဆိုခဲ့၏။ သူဆိုလေသည့်အတိုင်း ၉၆၉ စတစ်ကာနှင့်အမှတ်သင်္ကေတများမှာ ပလူပျံလျက်ပြန့်နှံ့သွားသည်။ ရံဖန်ရံခါ အတင်းအဓမ္မ သွတ်သွင်းမှုများ ဖြစ်ခဲ့သည်။
    မိတ္ထီလာဖျက်ဆီးမှုများအပေါ် အကြမ်းဖက်သမားများက ၉၆၉ ဟု မှုတ်ဆေးဖြင့် ရေးသားခဲ့ကြသည်။ ရန်ကုန်နှင့်အလှမ်းမဝေးလှသော ပဲခူးတိုင်းတွင်လည်း ၉၆၉ တရားပွဲများ ပြုလုပ်ပြီးသည့်နောက် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်အုပ်စုများ ပေါ်ပေါက်လာကြသည်။ ၉၆၉ နံပါတ်စ တစ်ကာများသည်လည်း လမ်းဘေးဆိုင်များ၊ ဆိုင်ကယ်များ၊ ပိုစတာများ၊ ကားများပေါ်တွင် ထင်ထင်ရှားရှား ကပ်ခြင်းများ အလွန်အကျွံ ဖြစ်လာခဲ့သည်။
    ရန်ကုန်မှ နာရီအနည်းငယ်ခရီးသာ ကွာဝေးသော လူဦးရေ တစ်သိန်းခန့်နေထိုင်သည့် မင်းလှမြို့တွင် မွန်ပြည်နယ်ကျောင်းထိုင် ဆရာတော် ဦးဝိမလဘိဝံသ မှ ဖေဖော်ဝါရီ ၂၆၊ ၂၇ ရက်က တရားပွဲပြုလုပ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်ဦးရေ ၂၀၀၀ ခန့်တက်ရောက်သော ယင်း တရားပွဲ၌ မိမိ၏ပြည်နယ်အတွင်းရှိ ရဟန်းသံဃာတို့သည်  ၉၆၉ ကို အသုံးပြုကာ မွတ်စ်လင်မ်ပိုင် နာမည်ကြီး ခရီးသည်တင် ဘတ်စ်ကားကုမ္ပဏီအား မည်သို့မည်ပုံ ဆန့်ကျင်နေကြောင်း ရှင်းလင်းဟောပြောသွားခဲ့သည်ဟု ထိုဓမ္မာရုံဂေါပကဥက္ကဌ ဦးဝင်းမြင့်ထံမှ သိရသည်။
    969-1
    ဓါတ်ပုံ- ဧရာဝတီ
    ယင်းတရားပွဲပြီးသည့်နောက် မင်းလှမြို့တွင် ဆိုးဆိုးဝါးဝါး အခြေအနေပြောင်းလဲသွားကြောင်း၊ မွတ်စ်လင်မ်များမှာ စော်ကားပြောဆိုမှုခံလာရကြောင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် မွတ်စ်လင်မ်လူငယ်တစ်ဦးက ပြောပြခဲ့သည်။ တစ်လကြာမြင့်ပြီးသောအခါ သတ္ထုပိုက်များ၊ သံတူများ စွဲကိုင်ထားကြသည့် ဗုဒ္ဓဘာသာဝင် ၈၀၀ ခန့်က ဗလီသုံးလုံး၊ မွတ်စ်လင်မ်တို့၏အိမ်ခြေ ၁၇ လုံးနှင့်လုပ်ငန်းများကို  ဖျက်ဆီးခဲ့ကြကြောင်း၊ လူအသေအပျောက် မရှိခဲ့သော်လည်း မင်းလှမြို့ရှိ မွတ်စ်လင်မ် သုံးပုံနှစ်ပုံခန့်မှာ လွတ်ရာကျွတ်ရာသို့ထွက်ခွာသွားပြီး ပြန်မလာတော့ကြောင်း ရဲတပ်ဖွဲ့ထံမှ ကြားသိရသည်။
    သံဃာတော်များအား တိုက်ခိုက်မှုများမလုပ်ကြရန် မိတ္ထီလာသို့သွားရောက်တိုက်တွန်းခြင်း ဖြစ်ကြောင်း ဦးဝီရသူက ပြောဆိုခဲ့သည်။ တစ်နေရာတွင် သူသည် ကားခေါင်မိုးပေါ်မှ မိန့်ခွန်းလည်းပြောခဲ့သေး၏။ သို့ရာတွင် သူ့ပြောကြားမှုမှာ လက်ခံနိုင်စရာ မရှိခဲ့ပေ။
    သူသည် ၉၆၉ ဖြန့်ချိမှုကို အသိအမှတ်ပြုအားပေးခဲ့သည်သာမက ၊ မွတ်စ်လင်မ်တို့သည် မြန်မာပြည်ဗုဒ္ဓဘာသာဝင်တို့၏ ဂုဏ်သိက္ခာအား ညှိုးနွမ်းမှေးမှိန်အောင်ပြုလုပ်နေသည် ဟု တပ်လှန့်ခဲ့သည်။ သူ၏ဟောပြောမှုများ၊ သူ၏ဆိုရှယ်မီဒီယာ နှင့် လတ်တစ်လော ရက်သတ္တပတ်များအတွင်း သူ၏ဆက်သွယ်မှုတို့၌ ထပ်ပြန်တလဲလဲ အပ်ကြောင်းထပ်နေသည့် ကောက်ချက်ချမှုတစ်ရပ်မှာ အောက်ပါကဲ့သို့ဖြစ်၏။
    “ သူတို့(မွတ်စ်လင်မ်)တွေဟာ ငွေကိုခင်းပြီး ကြွယ်ဝချမ်းသာနေကြတယ်၊ မြန်မာအမျိုးသမီးတွေကို ငွေခင်းရယူပြီး အစ္စလာမ်ဘာသာထဲ သွတ်သွင်းကြတယ်။ သူတို့ စီးပွားရေးက အားကောင်းသထက်ကောင်းလာပြီး အိမ်တွေ၊ မြေတွေကို ၀ယ်ပြီးရင်းဝယ်ကြတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေ နည်းပါးလာစေတဲ့သဘောပဲ။ ပြီးတော့ သူတို့ချမ်းသာလာကြတဲ့အခါ ဦးဇင်းတို့ ဘုရားကျောင်းဂန်တွေလို ပွင့်လင်းမြင်သာစွာမျိုး မဟုတ်ဘဲ ဗလီတွေကို (ပုန်းလျှိုးကွယ်လျှိုး/တရားးမ၀င်) ဆောက်လုပ်ကြတယ်။ အဲ့ဒါတွေဟာ ဦးဇင်းတို့အတွက် ရန်သူ့အခြေစိုက်စစ်စခန်းတွေ ဖြစ်တယ်။ ဗလီတွေများပြားလာလေလေ ရန်သူအခြေစိုက်စခန်းတွေများပြားလာလေလေလို့ ဆိုရမှာဘဲ။ ဒါကြောင့်မို့ ဒီကိစ္စကို ဦးဇင်းတို့ မဖြစ်မနေ ကာကွယ်တားဆီးကြရမယ် ”။
    ၁၃ ရာစုအတွင်း အစ္စလာမ်ရောက်လာပြီးနောက် ဖြစ်ပွားခဲ့သော အင်ဒိုနီးရှားနိုင်ငံ၏ လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံမှ လိုက်ပါသွားမည်ကို ဦးဝီရသူမှ စိုးကြောက်နေခဲ့သည်။ ၁၆ ရာစုအကုန်တွင် အင်ဒိုနီးရှား၏အဓိကရကျွန်းဒေသများ၌ ဟိန္ဒူနှင့်ဗုဒ္ဓ၀ါဒနေရာဝယ် အစ္စလာမ်က အစားထိုးလွှမ်းမိုးလာခဲ့သောကြောင့် ဖြစ်သည်။
    ဦးဝီရသူသည် ၂၀၀၁ ခုနှစ်တွင် ယခု ၉၆၉ တရားနှင့်ဆင်တူသောစကားမျိုးကို စတင် ဟောပြောခဲ့ရာ မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ထင်ထင်ရှားရှား များပြားလာသည်။ ၄င်းနှစ် မတ်လတွင် အာဖဂန်နစ္စတာန်နိုင်ငံ၊ ဘာမီယန်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို တာလီဘန် တို့မှ ဖျက်ဆီးခဲ့ခြင်း၊ စက်တင်ဘာလတွင် အမေရိကန်၌ အလ်ကိုင်ဒါ၏တိုက်ခိုက်မှု – ဖြစ်ရပ်များက မွတ်စ်လင်မ်ဆန့်ကျင်ရေးအတွက် လောင်စာများ ဖြစ်သွားခဲ့သည်။ ယင်းသူသည် ၂၀၀၃ ခုနှစ် ထိန်းသိမ်းဖမ်းဆီးခံရသည်အထိ လှုပ်ရှားနေခဲ့ပြီး၊ မိတ္ထီလာအနီး သူ့ဇာတိ ကျောက်ဆည်မြို့ အဓိကရုဏ်းဖြစ်ပေါ်အောင်လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရသည်။ ကျောက်ဆည်မြို့၌ ဗုဒ္ဓဘာသာဝင်လူရမ်းကားတစ်စုမှ မွတ်စ်လင်မ် ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်ဟု U.S. State Department မှ ဖော်ပြခဲ့သည်။
    မိမိ၏ရွှေဆံထိုးကို ရောင်းချရန်ကြိုးစားသည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးကြောင့် ဖြစ်ပေါ်လာခဲ့သော မိတ္ထီလာ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဦးဝီရသူက “ ဒီအမျိုးသမီးဟာ မွတ်စ်လင်မ်နဲ့အရောင်းအ၀ယ်သွားလုပ်ခဲ့လို့ ဒီလိုဖြစ်ရတာပါ ” ဟု လျှပ်တစ်ပြက် အဖြေပေးခဲ့လေသည်။
    အာဏာပိုင်များ၏ ပါဝင်ပတ်သက်မှု ရှိနေသလော ?
    ဒီမိုကရေစီအရေးအတွက် ၂၀၀၇ ခုနှစ်၊ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရ က “ ဦးဝီရသူကို ဖမ်းဆီးအရေးယူသင့်ပါတယ်။ သူ့ဟောပြောမှုတွေဟာ ဗုဒ္ဓအဆုံးအမများနဲ့ လွဲချော်နေပါတယ်။ သူဟာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဖြစ်နေတဲ့အတွက် သူ့အန္တရာယ် ကြီးမားပါတယ်။ သူဟာ တစ်နေ့တစ်ခြား အကြင်နာကင်းပြီး ပိုမို ကောက်ကျစ်လာပါတယ် ” ဟု ပြောလိုက်သည်။ မွတ်စ်လင်မ် ဆန့်ကျင်ရေးအမြင်ကို တားဆီးနိုင်သည်မှာ နိုင်ငံတော် အစိုးရသာဖြစ်ကြောင်း ဦးဂမ္ဘီရမှ ထပ်လောင်းပြောဆိုခဲ့သည်။
    “ အယင်တုန်းက အစိုးရဟာ ဘုန်းတော်ကြီးတွေကို ဒီမိုကရေစီနဲ့နိုင်ငံရေးအကြောင်း မဟောပြောဖို့ ပိတ်ပင်တားဆီးခဲ့တယ်။ အခုကျတော့ ဒီလို အတို့အထောင် ဟောပြောမှုတွေကို မတားမြစ်တဲ့အခါ အားပေးအားမြှောက်ပြုရာ ရောက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သံဃာ ၂၅၀၀ ၀န်းကျင် အင်အားရှိနေတဲ့ ကျောင်းထိုင်ဆရာတော် ဖြစ်နေလို့ ဘယ်သူမှ သူ့ကို မကောင်းမပြောရဲဘူးဖြစ်နေတယ်လေ။ နိုင်ငံတော်အစိုးရ အနေနဲ့ သူ့ကို အရေးယူဖို့ လိုအပ်နေပါပြီ ”။
    by Sithu Lwin 2
    မိတ္ထီလာဖြစ်ရပ်ဆိုး၏ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဦးလှသိန်းက အကြမ်းဖက်မှုကို အာဏာပိုင်များမှ တော်ရိရော်ရိတားမြစ်ပုံမှာ မယုံနိုင်စရာကောင်းလှကြောင်း ပြောခဲ့သည်။
    “ သူတို့ဟာ ဘယ်တော့မှ မပေးတော့တဲ့ အမိန့်တစ်ခုကို စောင့်စားနေသလိုမျိုး ဖြစ်နေတယ်ဗျ ”။
    မိမိသည် အကြမ်းဖက်အုပ်စုအား အင်အားသုံး ထိန်းသိမ်းရန် အမိန့်ထုတ်ပြန်မည်ဟု မျှော်လင့်ခဲ့သော်လည်း နံပါတ်တုတ်ကိုပင် အသုံးမပြုရဟု မှာကြားခံရကြောင်း ၀ါရင့် ရဲဝန်ထမ်းတစ်ဦးမှ ထုတ်ဖော်ခဲ့သည်။
    စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး နှစ်ပေါင်း ၂၀ နိုင်ငံရေးအကျဉ်းစံဖြစ်ခဲ့သူ NLD မှ ဦးဝင်းထိန် က တိုင်းမှူးဖြစ်သူ အောင်ကျော်မိုးသည် ပြတ်သားသောအမိန့်အနည်းငယ်ပေး လိုက်ယုံဖြင့် ယခု သွေးချောင်းစီးအကြမ်းဖက်မှုများ ချက်ခြင်းရပ်တန့်သွားနိုင်ကြောင်း၊ မိတ္ထီလာနှင့် အနီးဝန်းကျင်၌ ရှိနေကြသည့် ထောင်ပေါင်းများစွာသော တပ်မတော်သားများကို ယာယီအသုံးပြုယုံမျှဖြင့် တားဆီးနိုင်ကြောင်း ပြောကြားသွားသည်။
    သို့ရာတွင် “ အဲ့ဒါက စစ်ပွဲတစ်ခုနဲ့သွားတူနေပါတယ်။ စတင်ဖြစ်ပွားချိန်မှာ လူအင်အား ဘယ်လောက်အသုံးပြုမယ်၊ ဘယ်လောက်ကြီးထွားလာမယ်လို့ ဘယ်လိုမှ မှန်းဆလို့ ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လုံခြုံရေးတော့ ပေးခဲ့ပါတယ် ” ဟူ၍ အာဏာပိုင်များဖက်က တာဝန်ကျေကြောင်း ချေပပြောဆိုခဲ့သည်။
    ဒေါ်စုကြည်နှင့်မတိမ်းမယိမ်း နှစ်များစွာ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့သူ မင်းကိုနိုင်သည် အကြမ်းဖက်မှုစတင်ကာစ၌ မိတ္ထီလာသို့ ရောက်ရှိသွားသည်။ အကြမ်းဖက် လူစုသည် စံနစ်တကျလေ့ကျင့်ပြင်ဆင်ထားပုံရကြောင်း၊ ဆဲလ်ဖုန်းကိုင်ထားကြသော ဘုန်းကြီးများသည် မြို့ပြင်ထွက်သည့် ကားများကို စစ်ဆေးမှုများ ပြုခဲ့ကြကြောင်း၊ အဆောက်အဦအချို့ကို ဖြိုဖျက်ရာတွင် ဘူလ်ဒိုဇာတစ်စင်းကိုလည်း အသုံးပြုခဲ့သည်ကို တွေ့ရကြောင်း၊ သာမန်လူတို့သည် ဘူလ်ဒိုဇာအား မည်သို့မောင်းနှင်အသုံးချရမည်ကို မသိရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံရှိလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် က ဤအကြမ်းဖက်မှု၌ အာဏာပိုင်များ၏ပါဝင်ပတ်သက်နေမှုအချက်အလက်များ ရထားသည်ဟုဆို၏။ စစ်သားနှင့် ရဲတို့သည် မိမိတို့မျက်စေ့ရှေ့မှောက်၌ ကြမ်းကြုတ်ရက်စက်မှုများ တွေ့မြင်နေရပါလျက် ရပ်ကြည်နေလေ့သာရှိခဲ့ကြောင်း၊ ဤသည်မှာ အာဏာပိုင်တစ်ချို့၏ ပါဝင်ပတ်သက်မှု သို့တည်းမဟုတ် ယင်းမတရားသောလုပ်ရပ်များကို တိတ်တဆိတ်အားပေးကူညီမှု ဖြစ်နိုင်ကြောင်း မစ္စတာကင်တားနားမှ သုံးသပ်ပြောဆိုသည်။
    နိုင်ငံတော်သမ္မတရုံး၏ပြန်ကြားရေးအရာရှိနှင့် ပြန်ကြားရေးဌာနဒုဝန်ကြီးဖြစ်သူ ဦးရဲထွဋ် ကမူ ၄င်း၌ စစ်တပ်နှင့်အစိုးရမှ ပါဝင်ခဲ့ခြင်း မရှိဟုဆိုကာ ယင်းပြောဆိုချက်မှာ အခြေအမြစ်မဲ့စွပ်စွဲချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    အကြမ်းဖက်မှုတတိယမြောက်နေ့ မတ်လ ၂၂ ရက်၊ နေ့လည်ချိန်တွင် အာဏာပိုင်များမှ မာရှယ်လော ထုတ်ပြန်ခဲ့သည်။ ထိုအချိန်အထိ လက်နက်ကိုင်ဆောင်မှုဖြင့် လူ ၃ ဦးမျှသာ ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။ အကယ်၍ စလျှင်စချင်း ပိုမိုဖမ်းဆီးအရေးယူခဲ့ပါက နောက်တစ်နေ့၌မှာပင် မတည်ငြိမ်မှု အဆုံးသတ်သွားမည်ဖြစ်၏။ စုစုပေါင်းအဆောက်အဦ ၁၅၉၄ လုံး ဖျက်ဆီးခံရသည်ဟု အစိုးရမှ သတင်းထုတ်ပြန်ခဲ့သည်။
    နောက်တစ်နေ့အလွန်တွင် နေပြည်တော်အစွန်အဖျားရှိ တပ်ကုန်းမြို့တွင် ဖြစ်ပွားပြန်သည်။ ၄င်းနောက် အကြမ်းဖက်မှုများသည် ပဲခူးတောင်ဖက် – ရန်ကုန်မြောက်ဖက် အဝေးပြေးလမ်းကြောတစ်လျှောက် ကူးစက်သွားခဲ့သည်။ ၂၉ ရက်နေ့အထိ မြန်မာပြည် အလယ်ပိုင်းရှိ မြို့နှင့်ရွာ ၁၅ ခု၌ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုများ ကြုံတွေ့လိုက်ရသည်။ ရန်ကုန်တွင်လည်း မွတ်စ်လင်မ်အချို့သည် ဗုဒ္ဓဘာသာဝင်တို့၏ အကြမ်းဖက်မှုများမှ ကင်းဝေးစေရန် ဈေးဆိုင်များကိုပိတ်သိမ်းလျက် ဆွေမျိုးသားချင်းများ ရှိရာ၌ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
    ဧပြီလ ၂ ရက်တွင် ရန်ကုန်မြို့ဘာသာရေးစာသင်ကျောင်းတစ်ခုအတွင်း မွတ်စ်လင်မ် ကလေးငယ် ၁၃ ဦး မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ထိခိုက်ကြေကွဲနေသော ၄င်းတို့၏ မိသားစုများက ၄င်းသည် ရှို့မီးသာဖြစ်ကြောင်း အခိုင်အမာဆိုကြသည်။ ကိုယ်တွေ့ကြုံဆုံရသူများက မီးတောက်လောက်စဉ် ဆီအိုင်နေသောကြမ်းပြင်ကြောင့် ချော်လဲခဲ့ရကြောင်း ဆိုကြသည်။ သို့သော် ရန်ကုန်အာဏာပိုင်များကမူ ၄င်းသည် လျှပ်စစ်ပိုင်းဆိုင်ရာ မတော်တဆမှုသာဖြစ်ကြောင်း ပြောကြားနေသည်။
    အကြမ်းဖက်မှုကြီးမှာ ပြုပြင်တည်ဆောက်ရေးသမားတို့ကို နောက်ကြောင်းပြန်လှည့်စေရန် စံနစ်ဟောင်းအင်အားစုများမှ ဖန်တီးချက်ဖြစ်ဖွယ်ရှိသည်ဟု အချို့က အမြင်ရှိကြသည်။ သို့တည်းမဟုတ် ခေတ်ဟောင်းအာဏာရှင်များနှင့်ချိတ်ဆက်နေသော ခရိုနီများက မွတ်စ်လင်မ်လုပ်ငန်းရှင်တို့ကို ကန်ထုတ်၍ မိမိတို့စိတ်ကြိုက်စီးပွားခွင်ကို ဖန်တီးလိုမှုလည်း ဖြစ်နိုင်သည်။ အောင်မြင်သည့် မွတ်စ်လင်မ်လုပ်ငန်းရှင်တစ်ဦးမှ “ ဒီကိစ္စမှာ ဘာသာရေး အငြိုးအတေး နဲ့ စီးပွားရေး နှစ်မျိုးလုံး ပါဝင်နေတယ် ” ဟု ယူဆသုံးသပ်ခဲ့သည်။ ထိုသူကဲ့သို့ပင် မွတ်စ်လင်မ်များစွာတို့သည် မိမိတို့၏ဘိုးဘေးဘီဘင်မျိုးဆက်များကို ပြောပြနိုင်ကြသည်။ အခြားသူများအတိုင်း သူသည်လည်း အောင်မြင်ဖြစ်ထွန်းသော လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မိတ်ဆွေများစွာရှိရာ ၄င်းတို့အနက် သူ့အား အကြမ်းဖက်မှုမှလွတ်မြောက်အောင် ကူညီခဲ့ကြပေသည်။
    ဒုက္ခသည်စခန်းများ မြင်ကွင်း
    လူ ၂၀၀၀ ခန့်မှာ နှစ်ထပ်ဆောင်အထက်တန်းကျောင်းတစ်ကျောင်း၌လည်းကောင်း၊ မွတ်စ်လင်မ် တစ်သောင်းတစ်ထောင်ခန့်မှာ ဒုက္ခသည်များ ယာယီတဲများ၌လည်းကောင်း နေထိုင်နေကြရသည်။ အနီးအနားရှိ အားကစားကွင်း၌ ၄င်းထက်ပိုသည့်ဦးရေဖြင့် ပြည့်နှက်နေသည်ဟု ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုအဖွဲ့၏အဆိုအရ သိရသည်။
    7
    Photo-Eleven
    လုပ်ငန်းများဖျက်ဆီးခံရသည့်မွတ်စ်လင်မ်တို့အတွက် အရင်းအနှီးများ ပြန်လည်ထူထောင် ဖေးမှုပြုမပြုကိုမူ ရှင်းလင်းစွာ မသိရှိရချေ။ ဦးရဲမြင့်က ၄င်းတို့ကို နယ်မြေသစ်များထံ ပို့ဆောင်မည်၊ တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးပြီးဆိုလျှင် ၄င်းတို့အား ပြန်လည် နေရာချထားပေးမည်ဟု ဆိုသည်။ ၄င်းမှာ အပြန်အလှန်ခွဲခြားမှုကို ထပ်မံဖြစ်ပွားစေခဲ့သည့် ရခိုင်ပြည်နယ်တွင် ကျင့်သုံးခဲ့သော ခွဲခြားမှုပေါ်လစီတစ်ခုသာ ဖြစ်သည်။
    အထက်တန်းကျောင်းမှာ အကျဉ်းထောင်သဖွယ်ဖြစ်နေသည်။ ကျောင်းထဲမှ မွတ်စ်လင်မ်တို့မှာ ပြင်ပသို့ထွက်ချင်တိုင်း ထွက်ခွင့်မရပေ။ ၄င်းတို့၏ မိတ်ဆွေများ၊ သားချင်းများသည် ပြင်ပ၌သာ စောင့်နေရသည်။ ဂျာနယ်လစ်များအား မွတ်စ်လင်မ်တို့နှင့် ဂိတ်တံခါးမှတဆင့် စကားပြောဆိုခွင့်ကိုပင်လျှင် ရဲများက ပိတ်ပင်ထားကြသည်။
    မိမိ၏ဆွေမျိုးဆယ်ဦးကိုစောင့်မျှော်နေသော ကျော်စိုးမြင့်သည် အစောင့်မှ ခြောက်လှန့် မောင်းမသွင်းမှီ “ ညညဆိုယင် ကျွန်တော် အိပ်မပျော်ဘူး။ နောက်ထပ် တိုက်ခိုက်ခံရဦးမလားလို့ စဉ်းစားနေမိတယ်။ ကျွန်တော်တို့မှာ စိုးထိတ်မှုနဲ့ နေနေရတာ ” ဟု ပြောပြသွားခဲ့သည်။
    ဖမ်းဆီးထိန်းသိမ်းထားသူတို့၏အချက်အလက်များကိုလည်း ရှင်းလင်းစွာ မသိကြရ။ ထိန်းသိမ်းခံထားရသူတို့အနက် ရွှေဆိုင်ပိုင်ရှင်လည်း ပါဝင်သည်ဟု ရဲဌာနက ပြောကြားသည်။
    ရွှေဆံထိုးပိုင်ရှင် ဒေါ်အေးအေးနိုင်မှာ အကြမ်းဖက်မှုကြောင့် အကြောက်မပြေသေး။
    “ သတ်ဖြတ်ခံလိုက်ရတဲ့ မွတ်စ်လင်မ်တွေအတွက် ကျွန်မ ထိခိုက်ခံစားရပါတယ်။ လူသား အားလုံးဟာ အတူတူပါဘဲ။ အသားအရောင်ကွာခြားတာလေးဘဲ ရှိပါတယ်။ ကျွန်မတို့မှာလည်း မွတ်စ်လင်မ်မိတ်ဆွေတွေ ရှိပါတယ်။ ကျွန်မရဲ့ဆံထိုးတစ်ခုကြောင့် ဘာတွေဖြစ်ကုန်မှန်း မသိတော့ပါဘူးရှင် ” ဟု သူမက ပြောပါသည်။
    ( Special Report: Buddhist monks incite Muslim killings in Myanmar – ရိုက်တာသတင်းဌာန၏ အထူးသတင်းဆောင်းပါးကို M-Media မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည် )
    http://www.reuters.com/article/2013/04/08/us-myanmar-violence-specialreport-idUSBRE9370AP20130408
  • ဦးဝီရသူပြောတဲ့ ၇+၈+၆=၂၁??
    ဧပြီ- ၈ -၂၀၁၃
    M-Media
    ရေးသူ- သော်ဇင်
    ကျွန်မက သာမန်အစ္စလာမ် ဘာသာဝင်တစ်ဦးပါပဲ။ဒါပေမယ့် ဦးဝီရသူရဲ့ ပြောစကား အချို့အတွက် တော်တော် အံ့သြမိလို့ ပြန်ပြောချင်တာ တချို့ပါ။
    ဦးဝီရသူဟာ အဖွဲ့အစည်းအသိုက်အ၀န်း တစ်ခုလုံးကိုပေါ်တင်သမုတ်ပြီး မီဒီယာတွေကြား မဟုတ်တရားတွေကို ဗြောင်ကျကျပြောနေတာဟာ လူ့အခွင့်အရေးချိုးဖောက်နေမှု တစ်ခုပါပဲ။ကျန်တဲ့ ဘယ်ဘာသာဝင်တရားဟောသူကမှ ဒီလိုပြောခွင့်မရကြပါဘူး။ ဒါပေမယ့် ကျွန်မတို့ ဘားအံမြို့ကအချို့ ဘုန်းကြီးအပါအ၀င် မော်လမြိုင်မြို့က ဘုန်းကြီးတွေကလည်း ဒါမျိုးတွေကို တရားလုပ်ဟောနေကြတာပါ။ ဒါပေမယ့် မီဒီယာတွေကြား ထင်ရှားကျော်ကြားနေတာကတော့ ဦးဝီရသူပါ။ သူဘာလို့ ဒီလို ဗြောင်ကျကျလူ့အခွင့်အရေး ချိုးဖောက်နိုင်ရသလဲ ဆိုတာလည်း အားလုံးသိပြီးသားမို့ မပြောတော့ပါဘူး။ဒါပေမယ့် သူက ၈တန်းလောက် သာသာ ပညာအရည်အချင်းရှိပြီး Freedom of Religion ဆိုတဲ့ ဘသာပေါင်းစုံကို တရားဝင်စော်ကားခွင့် ပါမစ်ရရှိထားသူဖြစ်နေတဲ့အတွက် ဗဟုသုတအရာမှာ အလွန်ခေါင်းပါးနေကြောင်းပြောပြချင်ရုံပါပဲ။
    “ A little knowledge is verydangerous.” တဲ့။ သူ့မှာရှိတဲ့ အင်မတန်ခေါင်းပါးတဲ့ ဗဟုသုတဟာ လူ့အသိုက်အ၀န်း တစ်ရပ်လုံးအတွက်၊သူ့ကို ယုံကြည်မိသူတွေအတွက် တကယ့်အန္တရာယ်တစ်ရပ်ပါပဲ။ ပြောချင်တာကတော့ ဒီလိုပါ….။
    ဦးဝီရသူအနေနဲ့ “၇၈၆” ကို ကိန်းဂဏန်းအားဖြင့်“၉၆၉” ထက်သာတယ်လို့ ဘယ်လို အတွေးအခေါ်မျိုးနဲ့ ပြောလည်း ဆိုတာတော့ ကျွန်မ မသိပါဘူး။ ဒါပေမယ့်ရပ်ကွက်ထဲက နတ်ကတော်ပြောပြောရမယ်ဆိုရင်တော့ ၇+၈+၆ ဟာ ၂၁ ရပါတယ်။ ၉+၆+၉ ဟာ ၂၄ ပါ။ ဒါကြောင့်ကိန်းဂဏန်းတွေကိုပေါင်းပြီး ရလာဒ်တွေကို စိတ်ဝင်စားတတ်တဲ့ နတ်ကတော်တွေလို ပြောရရင်တော့၉+၆+၉= ၂၄ က ပိုသာကြောင်းပါ။
    ဦးဝီရသူတို့မှာ ဘာအိုင်ဒီယာမှမရှိဘဲ မွတ်စ်လင်မ်တွေလုပ်တဲ့အတိုင်းခံစစ်နဲ့လုပ်နေတာလို့ ပြောထားပါတယ်။ တဘက်မှာလည်း သူကိုယ်တိုင်ကပဲ ၇+၈+၆= ၂၁ မို့လို့၂၁ရာစုမှာ မွတ်စ်လင်မ်တွေ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့လုပ်တယ်လို့ ဂဏန်း၃လုံးကိုအခြေခံတဲ့ အထောက်အထားမဲ့ ဗေဒင်ကို ဟောထားပါသေးတယ်။ “၇၈၆” ဟာ မရိုးဖြောင့်ဘူးလို့ ခံယူထားသလိုပေါ့။ ဒီလိုပဲ တဆက်တည်းမှာပဲ သူက “၉၆၉”ကို ခံစစ်အနေနဲ့ ပြန်လုပ်ရတာလို့ ပြောထားတဲ့အတွက် အင်မတန်မှဖြူစင်သန့်ရှင်းတဲ့ ရတနာသုံးပါးရဲ့ သင်္ကေတ “၉၆၉” ဟာ သူတို့ သဘောပိုက်ထားတဲ့ “၇၈၆” နဲ့အဆင့်အတန်းချင်း တူညီသွားတာကိုရော သတိမှထားမိပါလေစလို့ ကျွန်မ တွေးမိပါတယ်။
    နောက်ပြီး မွတ်စ်လင်မ်နဲ့ ညားရင် သူ့ဘာသာထဲဝင်ရတယ်ဆိုတာမျိုးကိုလည်းဦးဝီရသူပြောသွားပါသေးတယ်။ မွတ်စ်လင်မ်နဲ့ယူပြီး အဲ့ဒီမွတ်စ်လင်မ်က ဗုဒ္ဓဘာသာဘက်ကိုကူးပြောင်းသွားတာတွေ ဒုနဲ့ဒေးပါပဲ။ ဦးဝီရသူအနေနဲ့ မြင်ဖူးမယ်လည်း ထင်ပါတယ်။ကျွန်မတို့အစ္စလာမ်ဘာသာဟာ မိရိုးဖလာယုံကြည်မှုတွေကို လက်မခံပါဘူး။ ယုံကြည်မှုဆိုတာ အတင်းအဓမ္မတည်ဆောက်ခိုင်းလို့ရတဲ့အရာမဟုတ်ဘူးဆိုတာ အားလုံးသိပြီးသားပါ။ ဇွတ်အတင်း သွတ်သွင်းတာမျိုးကို ဘာသာဝင်အစစ်တွေ လုံးဝမလုပ်ဘူး ဆိုတာ ကျွန်မတို့က ယုံကြည်ထားပါတယ်။ ကုရ်အာန်ကလည်း သွန်သင်ထားပြီးသားပါ။ နောက်တခုက လူ့အသိုင်းဝန်းတွေမှာBlack Sheep တွေ ရှိတတ်ကြပါတယ်။ သူတို့ကို လက်ညှိုးထိုးပြီး ကျန်သူတွေကို စွပ်စွဲတာမျိုးဟာပညာရှိမဆန်တဲ့ ဖြေရှင်းမှုတွေပဲလို့ ကျွန်မ ထင်ပါတယ်။ ဦးဝီရသူရဲ့ source အမှားတွေက ပုဂ္ဂိုလ်ရေးရာကြောင့်လို့ထင်မိပါတယ်။ ပုဂ္ဂိုလ်ရေးရာမကျေနပ်မှုတွေကို မကျေနပ်သူတွေနဲ့တိုက်ရိုက်ရှင်းတာ ပညာရှိဆန်မယ်ထင်ပါတယ်။
    “၇၈၆” ကို တိတိကျကျထုတ်ပြန်ပြီးတော့“၇၈၆” ဟာ ၂၁ရာစုမှာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့လုပ်တာမဟုတ်ဘူးလို့ တရားဝင်ကြေငြာပေးရင်“၉၆၉” လှုပ်ရှားမှုကို ရပ်တန့်မယ်လို့ ဦးဝီရသူ ပြောထားပါတယ်။
    အဖြေကတော့ ရေရေလည်လည်ကို ရှင်းပါတယ်။ မြန်မာနိုင်ငံက အစ္စလာမ် ဘာသာဝင်တွေက ကြေငြာ မပေးနိုင်ဘူး ဆိုတာပါပဲ။ ဘာလို့လည်းဆိုတော့ “၇၈၆” ဟာ မြန်မာမွတ်စ်လင်မ်တွေတီထွင်သုံးစွဲခဲ့တာ မဟုတ်လို့ပါပဲ။ ဦးဝီရသူအနေနဲ့ စာပေတွေကို ဖတ်ရှု့လေ့လာဖို့ ဆန္ဒရှိခဲ့တယ်ဆိုရင် http://en.wikipedia.org/wiki/786_%28number%29   ဆိုတဲ့ လင်ခ့်မှာ အလွယ်တကူရှာဖွေဖတ်ရှု့နိုင်ပါတယ်။
    “၇၈၆” ရဲ့ သဘောကိုလည်း ရှင်းပြချင်ပါတယ်။“၇” ဆိုတာ ဘာဖြစ်စေ၊ “၈” ဆိုတာက ဘာဂုဏ်၊ “၆” ဆိုတာက ဘာပေါ့ရယ်လို့ ကောက်ကတ်ပေးထားတာတော့ မဟုတ်ပါဘူး။ ပြီးတော့ မြန်မာမွတ်စ်လင်မ်တွေက မနေ့တနေ့ကမှ (ဥပမာ ၂၀ရာစုကမှပေါ့) တီထွင်သုံးစွဲခဲ့တာလည်းမဟုတ်တဲ့အတွက် ဦးဝီရသူတောင်းဆိုထားတာကိုတော့ ကျွန်မတို့ မြန်မာ မွတ်စ်လင်မ်တွေက မလိုက်လျောပေးနိုင်တာ ၀မ်းနည်းပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ သုံးစွဲမှုတွေ ကနေတဆင့် မြန်မာနိုင်ငံကို ၀င်ရောက်လာတာ ဆိုရင်တော့ငြင်းစရာမရှိပါဘူး။ မြန်မာနိုင်ငံဆိုတာကလည်း အိန္ဒိယအငွေ့အသက်မကင်းနိုင်တာကို အားလုံးသဘောပေါက်မယ်ထင်လို့အထွေအထူးရှင်းနေစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ၂၁ရာစုဆိုတာက ဒီဇင်ဘာ၃၁ရက်၊၂၁၀၀ မှ ကုန်ဆုံးမှာဖြစ်လို့ အဲ့ဒီအချိန်ထိ “၇၈၆” ကြီးစိုးမစိုးဆိုတာကို စောင့်ကြည့်နိုင်ဖို့ ဦးဝီရသူရဲ့ မျိုးဆက်သစ်အပေါင်း ကျန်းမာတည်တံ့ပါစေကြောင်းလည်း တဆက်တည်း ဆုတောင်းပေး လိုက်ပါရစေ။
    ရှင်းရမှာက “၇၈၆” ကိစ္စပါ။ “၇၈၆” ဆိုတာဟာ“Bismillah- Al- Rahman- Al- Rahim” ဆိုတဲ့ “ သနားကြင်နာတော်မူသော၊ ဂရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်အားဖြင့်” လို့ အနက်ပေးပါတယ်။ ဒါကို googling လုပ်ကြည့်လည်းအလွယ်တကူသိရပါတယ်။
    အတွေးအခေါ်၊ အနုပညာနဲ့ ဘာသာဗေဒတွေကို ဂဏန်းကိုယ်စားပြုဖော်ပြတာဟာအီဂျစ်၊ ဘေဘီလုံနဲ့ အိန္ဒိယတို့ရဲ့ တိုးတက်ထွန်းကားခဲ့တဲ့ ယဉ်ကျေးမှုတွေပါ။ ရှေးခေတ် ဂဏန်းကိုယ်စားပြုမှုတွေကနေတဆင့်တိုးတက်ပြောင်းလဲလာတာဟာ သင်္ချာပညာရပ်၊ ဂျီသြမေတြီနဲ့ တြီဂိုနော်မေတြီတွေ အထိတိုင်အောင်လို့မှတ်သားဖူးပါတယ်။ အထင်ရှားဆုံးကျော်ကြားခဲ့တဲ့ ပညာရှင်ကတော့ ပိုင်သာဂိုရပ်စ်ပါ။ သူ့ရဲ့အမြင်အရဆိုရင် အရာအားလုံးကို ဂဏန်းသင်္ချာနဲ့ ကိုယ်စားပြုဖော်ပြနိုင်တယ်လို့ဆိုပါတယ်။
    ဒါကြောင့် အာရဗီအက္ခရာ၊ ဟီဘရူး၊ အာရမစ်ခ်နဲ့ ဂရိအက္ခရာတွေမှာ ကိန်းဂဏန်းကိုယ်စားပြုဖော်ပြမှုတွေ ရှိနေပါတယ်။ အက္ခရာတစ်ခုစီမှာ ကိန်းဂဏန်းကိုယ်စားပြုဖော်ပြမှုတွေ တစ်ခုစီရှိနေပါတယ်။ အာရဗီဘာသာစကားဆိုတာဟာ လွန်ခဲ့တဲ့၄၀၀AD လောက်က ဂျူးတွေအသုံးပြုခဲ့တဲ့ ဟီဘရူး၊ အာရမစ် စတဲ့ ဘာသာ စကားတွေကနေ ပြောင်းလဲဖြစ်ပေါ် လာတယ်လို့ မှတ်သားရပါတယ်။ ဥပမာ ဟီဘရူးဘာသာစကားမှာ အက္ခရာ ၂၂ လုံးပဲ ရှိပါတယ်။နောက်ထပ်၆လုံးကို အာရဗ်တွေက ထပ်မံဖြည့်စွက်ပြင်ဆင်ပြီး သုံးတော့ အာရဗီဘာသာစကားမှာ အက္ခရာ၂၈လုံးဖြစ်သွားပါတယ်။ အာရဗ်တွေရဲ့ မင်းဆက်တစ်ခုဖြစ်တဲ့ အဘာဆစ်မင်းဆက်ကို ရောက်တဲ့အခါမှာတော့Abjad method လို့ခေါ်တဲ့ ကိန်းဂဏန်းအရ ရေးသားဖော်ပြမှုကို တီထွင်သုံးစွဲလာပါတယ်။
    “Bismillah- Al- Rahman- Al- Rahim” ဟာAbjad method အားဖြင့် ၁၉လုံးမျှသော အက္ခရာတွေရဲ့ Numerical value(ဂဏန်းတန်ဖိုး) တွေကိုရေတွက်ပြီး Aggregate (စုစုပေါင်း) လုပ်ထားတဲ့ total value တစ်ခုပါ။ အောက်ပါအတိုင်းအလွယ်တကူတွေ့နိုင်ပါတယ်။
    12
    “Bismillah- Al-Rahman- Al- Rahim”…
    (1)Ba =2                     (8)Alif= 1                           (15)Lam = 30
    (2)Sin = 60                  (9)Lam= 30                        (16)Ra  = 200
    (3)Mim = 40                (10)Ra = 200               +     (17)Ha= 8             = 786
    (4)Alif = 1        +         (11)Ha = 8                          (18)Ya = 10
    (5)Lam = 30                (12)Mim = 40                       (19)Mim = 40
    (6)Lam = 30                (13)Nun = 50
    (7)Ha = 6                    (14)Alif = 1
    အာရဗီအက္ခရာတစ်လုံးစီရဲ့ကိန်းဂဏန်းတန်ဖိုး (Numerical value) တွေကို အောက်ပါလင့်ခ်မှာ အလွယ်တကူကြည့်ပြီး သိနိုင်ပါတယ်။
    http://en.m.wikipedia.org/wiki/Abjad_numeral#section_3 မှာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။
    ဒါကြောင့်“၇၈၆” ဆိုတာဟာ ဟိုဟာဖြစ်စေ ဒီဟာဖြစ်စေရယ်လို့ ပါးစပ်ရာဇ၀င်နဲ့ ရေးခဲ့တာ မဟုတ်လောက်ဘူးဆိုတာတော့အားလုံးသဘောပေါက်မှာပါ။ “၇၈၆” ဆိုတာ ပေါင်းထားပြီးသား Numerical value တစ်ခုမို့လို့ထပ်ပြီးပေါင်းနှုတ်မြှောက်စားလို့လည်းမရတော့ပါဘူး။ “၂၁”ရာစုမှာ အစ္စလာမ်တွေကြီးစိုးမယ် ဆိုတာမျိုးကိုတော့ကျွန်မ ရှာမတွေ့သေးတာ အမှန်ပါပဲ။
    ဒါပေမယ့် “၇၈၆” ကို အသုံးပြုမှုတွေကတော့အစ္စလာမ်ဘာသာဝင်တွေကြား အကွဲအလွဲတွေ အများကြီး တွေ့နေရပါတယ်။ ဘာလို့လည်း ဆိုတော့ ဟိန္ဒူတွေကလည်းHindu-Arabic Numeral system အရ သူတို့ရဲ့ ကိုယ်တော်ဘုရားခရစ်ရှနားကို “၇၈၆” ရယ်လို့  ရည်ညွှန်းသုံးတာမျိုးရှိနေလို့ပါပဲ။ HaraeKrishna (Lord Krishna) ဆိုတာ “ကြီးမြတ်သော ကိုယ်တော်ခရစ်ရှနား” လို့ အနက်ကိုပေးပါတယ်။ဒါကို Numeral System နဲ့ရေးရင်….
    Harae Krishna
    (1)Ha=5                       (5) Ra = 200
    (2)Ra=200             +   (6)Sin (Sh) = 300         = 786
    (3)Ya = 10                   (7)Nun = 50
    (4)Kaf = 20                  (8) Alif = 1
    ဒါကြောင့်အစ္စလာမ့်အသိုင်းအ၀ိုင်းထဲမှာတောင်မှပဲ “၇၈၆” အပေါ်ယူဆမှုတွေက ဒုနဲ့ဒေးကွဲလွဲနေတာပါ။ဘာလို့လည်းဆိုတော့ ကောင်းရာမွန်ရာတိုင်းကို အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော်နဲ့ အစပြုပြီးလုပ်ဆောင်တာဟာအစ္စလာမ်ရဲ့ အနှစ်သာရပါ။ ပြီးတော့ ကုရ်အာန်ကျမ်းကို စဖွင့်လျှင်ဖွင့်ချင်း (1:1) မှာကတည်းကိုကလှလှပပအစချီထားပြီးသားပါ။ ခိုးဆိုးလုယက်နဲ့နေရာမှာ၊ မုဒိန်းကျင့်တဲ့နေရာမှာ၊ လူသတ်တဲ့နေရာမှာဘုရားရဲ့နာမတော်ကို သုံးစွဲခွင့်မရှိပါဘူး။
    “၇၈၆” နဲ့ “ဟာလာ” ဆိုတာလည်း မတူပါဘူး။ “ဟာလာ”ရဲ့အနက်က လုပ်ပိုင်ခွင့်ပြုထားတဲ့အရာတွေပါ။ အစ္စလာမ်ကခွင့်ပြုထားသော လုပ်ပိုင်ခွင့်၊စားပိုင်ခွင့်၊နေထိုင်ပိုင်ခွင့် စသည်ဖြင့်ကို ဟာလာနည်းကျတယ်လို့ ပြောကြပါတယ်။ ဥပမာ- အစားအသောက်စားတော့မယ်ဆိုရင်မွတ်စ်လင်မ်တွေက “ဟာလာ”ရေးထားတဲ့ဆိုင်ကို ရှားစားကြပါတယ်။ အခြားအသုံးအဆောင်အတွက်ကျတော့ဝယ်ဖို့ခြမ်းဖို့က မိမိဝယ်ယူမယ့်သူ (ဆိုင်ရှင်) ကို ရွေးနေစရာမလိုပါဘူး။ အစားအသောက်အတွက်ကတော့သွေးတွေကို သန့်စင်ထားပြီး ဟာလာနည်းကျ လည်လှီးထားတဲ့ သားကောင်ကိုသာ အစ္စလာမ်ဘာသာဝင်တွေကစားသုံးလို့ရတာပါ။ ကျန်တဲ့ ငါးဟင်းနဲ့ ဟင်းသီး ဟင်းရွက်သီးသန့်ရောင်းသူများမှာ ဆိုရင်တော့ “ဟာလာ”ကို ရွေးဝယ်စရာမလိုတဲ့အတွက် ဘယ်သူ့ဆီကမဆို ၀ယ်လို့ရသလို ၀ယ်လည်းဝယ်ကြပါတယ်။
    ဒါကိုလည်း လူတိုင်းသိပြီးသားပါ။ လူတစ်ယောက်ဟာသူ့အယူအဆနဲ့သူ ကြိုက်နှစ်သက်လို့ “၇၈၆” ဆိုတာကို လေထိုးကျွတ်ဖာဆိုင်မှာပါ ကပ်ထားလည်း သူ့လွတ်လပ်ခွင့်မို့ ပြောစရာကို မရှိတာပါ။ အစားအသောက်ကလွဲလို့ မွတ်စ်လင်မ်တွေက အဆင်ပြေရာဆိုင်တွေမှာကြုံသလိုဝယ်နေတာကိုလည်း အလွယ်တကူတွေ့မှာပါ။ ကျွန်မဆိုရင် ၀က်သား ဟင်းထည့်လာတဲ့ သူငယ်ချင်းတွေနဲ့တူတူတ၀ိုင်းတည်းထမင်းထိုင်စားလေ့ရှိပါတယ်။ ဘယ်လိုပြဿနာမျိုးမှ မရှိပါဘူး။ ဒါကြောင့် “၇၈၆”ဆိုတာ ဘုရားရဲ့ နာမတော်ရွတ်ဖတ်ခြင်း အပြည့်အစုံကို အာရဗီစာပေအားနည်းသူတွေအတွက် အလွယ်တကူအသုံးပြုနိုင်အောင် တီထွင်ထားတဲ့ Numeral system တခုပါပဲ။
    မြန်မာနိုင်ငံက မွတ်စ်လင်မ်တွေ တီထွင်သုံးစွဲတာမဟုတ်တဲ့“၇၈၆” ကို ရုတ်သိမ်းခိုင်းစေချင်တယ်ဆိုရင်တော့ ၇+၈+၆ = ၂၁ ရတဲ့အတွက် ၂၁ရာစုမှာ မွတ်စ်လင်မ်တွေ သိမ်းပိုက်စိုးမိုးမယ်လို့ ဦးဝီရသူအနေနဲ့ ကမ္ဘာကို အလျင်ဦးဆုံး ကြေငြာပြပေးဖို့ တောင်းဆိုပါတယ်။ဒါဆိုရင်တော့ ဦးဝီရသူကှို စာဖတ်ဖို့နဲ့ မိမိပတ်ဝန်းကျင်ကို လေ့လာမှုပြုဖို့ ကမ္ဘာကပြန်လည်တိုက်တွန်းနှစ်သိမ့်မယ်ဆိုတာ ကျွန်မ အာမခံရဲပါတယ်။
    ကျွန်မတို့ရဲ့ ကိုယ်တော် မုဟမ္မဒ် (ငြိမ်းချမ်းမှုသက်ရောက်ပါစေ)ကိုယ်တိုင်တောင်မှပဲ အခြားခေါင်းဆောင်တွေဆီ စာချွန်လွှာပေးပို့တဲ့အခါ ဘုရားရဲ့နာမတော်ကိုမူရင်း အာရဗီဘာသာနဲ့ပဲ ရေးထိုးပေးပို့လေ့ရှိတယ်လို့ မှတ်သားဖူးပါတယ်။ ဒါကြောင့် ကျွန်မအတွက်ကတော့“၇၈၆” ဆိုတာ ခုနှစ်ရာရှစ်ဆယ်ခြောက် ဆိုတဲ့ အနက်အဓိပ္ပါယ်ကလွဲလို့ ဘာမှသက်ရောက် ခံစားရမှုမရှိပါဘူး။ “၇၈၆” ဆိုတာလည်း ကိုယ်တော့်ရဲ့ နောက်ပိုင်းမှ တီထွင်အသုံးပြုခဲ့တာပါ။ ကုရ်အာန်မှာလည်း“၇၈၆” အကြောင်း စိုးစဉ်းမျှ မပါပါဘူး။
    ဒါကြောင့် ဦးဝီရသူအနေနဲ့ “၉၆၉” ဆိုတာကိုNumerical Value နဲ့မဟုတ်ဘဲ ဘုရားတရားသံဃာကို ဦးထိပ်ထားပြီး သုံးစွဲတာဖြစ်တယ်လို့ပြောတဲ့အတွက် ဘယ်သူ့ကိုမှ တွန်းထိုး တိုက်ခိုက်မှုမရှိတဲ့၊ တရားဓမ္မ အစစ်တွေကို ဟောကြားဖြန့်ဖြူးနိုင်တဲ့၊ငြိမ်းချမ်းမှုအစစ်အမှန်ကို ရှာဖွေနိုင်တဲ့၊ တရားမျှတမှုအတိပြီးတဲ့ လှုပ်ရှားမှုဖြစ်ခဲ့တယ်ဆိုရင် ဦးဝီရသူပြောသလို ဘယ်သူ မှန်မှန် မှားမှား ဘယ်တော့မှ ပြန် ရုတ်သိမ်းစရာမလိုဘူးလို့ မျှော်လင့်ပါတယ်။
    ဗုဒ္ဓရဲ့ တရားတော်အရ အကြောင်းအကျိုး အကောင်းအဆိုးဆိုတာရှိပါတယ်။ ကိုယ်လုပ်တဲ့ကံ ကိုယ့်ဆီပြန်လာတတ်တယ် ဆိုတာကိုတော့ ဦးဝီရသူက ကောင်းကောင်း သဘောပေါက်မှာပါ ။ လက်ကိုင်တုတ်ဆိုတာ ယိုင်နေသူအတွက် လိုအပ်တဲ့အချိန်မှာ သုံးတဲ့ပစ္စည်းပါ။ ယိုင်နေတဲ့သူကပြန်တည့်မတ်လာတဲ့တနေ့ လက်ကိုင်တုတ်ဆိုတာဟာ အလိုလို ထင်းဆိုက်ခံရတဲ့အဖြစ်မျိုးတွေ အများကြီးဆိုတာဘေးက ကြည့်နေသူတွေက သဘောပေါက်နေကြပါပြီ…..။
     Thaw Zin
  • နာဇီလက်သစ် ဗုဒ္ဓဘာသာဝင် အုပ်စုကို မြန်မာ အစိုးရမှ ဦးတည်လာခြင်း (ဘာသာပြန်)
    ဧပြီ ၈ -၂၀၁၃
    မူရင်း-The Straits Times မှဖော်ပြသည့် Myanmar govt targets ‘neo-Nazi’ Buddhist group 969 movement blamed for role in anti-Muslim violence ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
    မွတ်စ်လင်မ်ဆန့်ကျင်ရေးအခန်းကဏ္ဍနှင့်ပါဝင်ပတ်သက်သည်ဟု ပြစ်တင်ရှုံ့ချခံနေရသော နာဇီလက်သစ် ဗုဒ္ဓဘာသာဝင်အုပ်စုကို  မြန်မာအစိုးရမှ ဦးတည်လာခြင်း
    neo-nazi969
    ၉၆၉ ကို ဗုဒ္ဓ၀ါဒ၏အမှတ်သညာကဲ့သို့ ပြုလုပ်၍ မြန်မာနိုင်ငံ၏လက်သစ်နာဇီများ ဟု သတ်မှတ်ခံနေရသောအုပ်စု၏ မွတ်စ်လင်မ်ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်ချက်သည် နိုင်ငံတစ်ဝှန်းမှ စောင့်ကြည့်ခံနေရသည့်အနေအထားသို့ ရောက်လာပြီဖြစ်သည်။
    အကြမ်းဖက်မှုကိုလက်ပြောင်းပေးခြင်း မဟုတ်ကြောင်း သက်သေပြရန်အလို့ငှာ အစိုးရပိုင်းမှ ယင်းအုပ်စုအား စတင်ဆန့်ကျင်ဆောင်ရွက်လာသည်။ ရခိုင်လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဲမင်းဦးသည် လွန်ခဲ့သည့်လအတွင်း လူ ၄၀ ဦးထက်မနည်း အသက်ဆုံးရှုံးစေခဲ့သော မိတ္ထီလာမြို့အကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်သူများအနက် အပါအ၀င်ဖြစ်သည်။ အကြမ်းဖက်မှုစွဲချက်ဖြင့် မတ်လ ၂၅ ရက်တွင် ထိန်းသိမ်းခံရပြီး၊ ကြာသပတေးနေ့က ရန်ကုန်တရားရုံးတစ်ခု၌ စစ်ဆေးခဲ့သည်။
    မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုသည် ပဲခူးဒေသ၌ ထပ်မံဖြစ်ပွားခဲ့ရာ NLD ပါတီဝင် အောင်မြတ်သူ ကိုလည်း မတ်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း RFA မှ ပြောကြားသည်။ ရခိုင်လူငယ်အစည်းအရုံးအဖွဲ့ဝင် ဖိုးသား ကိုလည်း ရဲမင်းဦးနှင့် လည်းကောင်း၊ မွတ်စ်လင်မ်မုန်းတီးရေးတရားများဖြင့် ကျော်ကြားနေသူ မန္တလေးအခြေစိုက် ဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူနှင့်လည်းကောင်း ပတ်သက်ဆက်နွှယ်မှု ရှိမရှိဟူသည် အာဏာပိုင်များက မေးမြန်းခဲ့ကြောင်း RFA မှ ၄င်း၏စကားအား ကိုးကား ဖော်ပြခဲ့သည်။
    ၉၆၉ လှုပ်ရှားမှုသည် ရခိုင်ပြည်နယ်အတွင်းမှ ခါတော်မှီစတင်လာခဲ့ခြင်းဖြစ်သည်။ ရခိုင်မှ လူနည်းစုမွတ်စ်လင်မ်တို့အား ဦးတည်အကြမ်းဖက်လှိုင်းလုံးမှာ လွန်ခဲ့သည့်နှစ်က ပေါ်ထွက်ခဲ့သည်။ လူများစွာ သေကြေပျက်စီးခဲ့ပြီး ရိုဟင်ဂျာလူမျိုး တစ်သိန်းဝန်းကျင်မှာ ဒုက္ခသည်စခန်းများသို့ ရောက်နေကြရသည်။
    ၉၆၉ စတေကာများကို ဈေးဆိုင်များတွင် ရောင်းချနေပြီး၊ ဗုဒ္ဓဘာသာဝင်တို့၏ ခရီးသည်တင်ကားများ၊ လုပ်ငန်းများ နှင့် နေအိမ်များ၌ ကပ်ထားသည်ကို တွေ့နေရသည်။ ယင်းရောင်စုံစတေကာပုံက အိန္ဒိယမှ အာသောကမင်းကြီး၏ ခြင်္သေ့ခေါင်းလေးလုံးပါကျောက်တိုင်ကို ပုံဖော်ထားသည်။ ယင်းပြည့်ရှင်မင်းမှာ ယေရှုခရစ်တော်မပွင့်ပေါ်မှီ နှစ်ပေါင်း ၂၆၀ ခန့်က ဂေါတမဗုဒ္ဓ၏ဒေသနာတော်များကို အိန္ဒိယ နှင့် အရှေ့တောင်အာရှတခွင်သို့ ဖြန့်ချိခဲ့သူဖြစ်သည်။
    မိမိ၏ကားအတွင်း၌ စတေကာကပ်ထားသော ရန်ကုန်မြို့ရှိ တက္ကစီဒရိုင်ဗာတစ်ဦးက  “ ဒါက ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာအောင် ကျွန်တော်တို့ကို ပြုလုပ်ပေးတဲ့ ဘာသာရေးအုပ်စုပါ ” ဟူ၍ The Straits Times အား ပြောပြခဲ့သည်။ သို့ရာတွင် ၄င်းမှာ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့၏ အမှတ်အသားသင်္ကေတတစ်ခု ဖြစ်နေကြောင်း၊ မွတ်စ်လင်မ်မုန်းတီးမှုကိုသာဦးတည်နေပြီး သြဇာကြီးမားသည့်အသိုင်းအ၀ိုင်းများမှ ထောက်ကူပံ့ပိုးနေကြောင်း၊ မတည်ငြိမ်မှုကိုအကြောင်းပြု၍ စစ်တပ်မှ အသာတကြည် အာဏာပြန်သိမ်းလိုမှုဟု ထင်မြင်ရကြောင်း ကိုယ်တွေ့ကြုံသူမှ ဆိုသည်။
    The Straits Times မှ ဖော်ပြသော အင်တာဗျူးများ၌ှ အကြမ်းဖက်မှုခံရသူ မြောက်များစွာတို့သည် ၉၆၉ အား အဓိကဇာတ်ကောင်အဖြစ် ညွှန်းပြထား၏။
    ပဲခူးဒေသမှ အမည်မဖော်လိုသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် NLD ပါတီဝင်တစ်ဦးက ယင်းဖြစ်စဉ်အား မျက်မြင်တွေ့ခဲ့ရပုံကို အောက်ပါအတိုင်း ပြောပြခဲ့သည်။
    မိတ္တီလာအကြမ်းဖက်မှု ၃ ရက်မြောက် မတ်လ ၂၃ ရက်တွင် ပဲခူးဒေသအတွင်း၌ အကြမ်းဖက်မှုဆက်ဝင်ဦးမည့် ကောလဟလများ စတင်ခဲ့သည်ဟု ဆိုသည် ။
    “ ဗုဒ္ဓဘာသာဝင်များ မိမိတို့ဘာသာကို ကာကွယ်ကြလို့ ဆိုပြီး ၉၆၉ စတေကာတွေ၊ စာစောင်တွေနဲ့အတူ အရှင်ဝီရသူဟောကြားတဲ့ DVD တစ်ချပ်ကို အကြီးအကျယ် အလုံးအရင်း ဖြန့်ချိခဲ့ကြပါတယ် ”။
    နောက်တစ်နေ့တွင် ဒေသခံ NLD ၊ မွတ်စလင်မ် နှင့် ဗုဒ္ဓဘာသာခေါင်းဆောင်များသည် အကြမ်းဖက်မှုမဖြစ်ပေါ်စေရေး နှင့် မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအား အကာအကွယ် ပေးရေး တို့ကို တွေ့ဆုံစီစဉ်ခဲ့ကြသည်။ သို့သော် နောက်တစ်နေ့ညဥ့်တွင် သံဃာ ၄၀ ခန့်နှင့်အရပ်သားအချို့ပါဝင်သောအကြမ်းဖက်အုပ်စုသည် မြို့တွင်းသို့ ပြင်ပမှဝင်ရောက်လာပြီး၊ မွတ်စ်လင်မ်တို့၏ နေအိမ်နှင့်ဆိုင်ခန်းများကို ရဲတင်းပုဆိန်များ၊ တုတ်များဖြင့် ပိရိကျနစွာ ဖျက်ဆီးသွားခဲ့သည်။ မြို့ပြင်ပရှိ ကျေးရွာသားများစွာကလည်း ထိုအုပ်စုနှင့် ပူးပေါင်းခဲ့ကြကြောင်း၊ ဗလီ၏မျက်နှာစာအား ဖျက်ဆီးရန်အတွက် ထရက်တာကားကြီးတစ်စီးကို အသုံးပြုခဲ့ကြောင်း၊ ၄င်းကိုမောင်းနှင်သူမှာ ပိတ်စမျက်နှာဖုံးစွပ်ထားကြောင်းကိုလည်း တွေ့ခဲ့ရပေသည်။ အဘယ်ကြောင့် ယင်းသို့ပြုရသည်ကိုမေးမြန်းရာ ၄င်းတို့က ဤမွတ်စ်လင်မ်များသည် မြန်မာနိုင်ငံမှ မဟုတ်ပါ ဟု ပြောဆိုကြောင်း ယင်း NLD ပါတီဝင်မှ ပြောပြခဲ့သည်။
    ဗြိတိန်အခြေစိုက် လူမှုလှုပ်ရှားဆောင်ရွက်သူ ဒေါက်တာ မောင်ဇာနည်မှ ၉၆၉ လှုပ်ရှားမှုအား ပထမဆုံးသတိပေးခဲ့သည်။
    “ ဗုဒ္ဓအယူဝါဒ၊ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာတိုင်းပြည်ကို မြန်မာမွတ်စ်လင်မ်လက်ထဲက ကယ်တင်ဖို့လို့ကြွေးကြော်ချက်နဲ့ အစွန်းရောက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ချို့ ဦးဆောင်ပြီး မြန်မာပြည်တွင်းက နာဇီလက်သစ်တွေနဲ့ ၉၆၉ ကို တည်ထောင်ခဲ့ကြတာပါ။ ၉ ဆိုတာ ဗုဒ္ဓဂုဏ်တော် ကိုးပါး၊ ၆ ဆိုတာ ဓမ္မဂုဏ်တော် ၆ ပါး၊ နောက် ၉ ကိုးဆိုတာ သံဃာ့ဂုဏ် ၉ ပါး (သို့) သံဃာ့အမိန့်ကို ရည်ညွှန်းထားတယ်။ အဲ့ဒီဂိုဏ်းကို အထင်ရှားဆုံးဦးဆောင်နေသူကတော့ သင်္ကန်းခြုံဘုန်းကြီးတု မစ္စတာ ၀ီရသူ ပါဘဲ။ သူဟာ  မွတ်စ်လင်မ်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဗလီ ၀တ်ကျောင်းတော်ဖျက်ဆီးမှုနဲ့ ၂၀၀၃ ခုနှစ်တုန်းက ထောင်နန်းစံခဲ့ရသူ ဖြစ်တယ် ” ဟု မိတ္ထီလာအရေးဖြစ်ပွားသောအခါ သူမှ ရေးသားဖော်ပြခဲ့သည်။
    လွန်ခဲ့သည့်ရက်သတ္တပတ်က Myanmar Peace Centre တွင် အဖွဲ့ပေါင်းစုံမှ  ကျင်းပပြုလုပ်ခဲ့သော ငြိမ်းချမ်းမှုပြန်လည်ဖော်ဆောင်တည်ဆောက်ရေး သဘောတူညီချက်တွင် ဦးဝီရသူမှ လက်မှတ်ရေးထိုးခဲ့သော်လည်း၊ ရက်အနည်းငယ်လွန်ပြီးသည့်နောက် BBC အင်တာဗျူး၌ မွတ်စ်လင်မ်မုန်းတီးရေးစကားများကို ဆိုခဲ့ပြန်သည်။
    အမည်မဖော်လိုသူ ရန်ကုန်အခြေစိုက်သုတေသီတစ်ဦးမှ The Straits Times သို့ “ ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတဲ့ စကားပုံရှိပါတယ်။ ဦးဝီရသူဟာ အကြီးစား ပြဿနာရှာသူဖြစ်လာတော့ အစိုးရဖက်ကလည်း လိုက်လျောလိုစိတ် ရှိတော့မှာ မဟုတ်ပါဘူး။ သူ နဲ့အတူ အကြမ်းဖက်မှု နောက်ကွယ်ကြိုးကိုင်vသူများကိုလည်း စောင့်ာကြည့်နေကြပါတယ် ” ဟု ပြောကြားခဲ့သည်။
    ပြီးခဲ့သော သောကြာနေ့က ဗုဒ္ဓဘာသာနှင့်မွတ်စ်လင်မ်အဖွဲ့များသည် ဘာသာလူမျိုးအဓိကရုဏ်း မဖြစ်ပွားစေရေး စာတန်းနှင့်စတေကာတို့ကို ရန်ကုန်မြို့တွင်း၌ ဖြန့်ချိဝေငှခဲ့ကြသည်။ “ ၉၆၉ ဂိုဏ်းသားတွေဟာ ကျွန်တော့်ဆိုင်ထဲရောက်လာပြီး ဆိုင်မျက်နှာစာမှာ သူတို့ စတေကာတွေကို ကပ်ခိုင်းကြတယ်။ ကျွန်တော်ကတော့ – မလုပ်နိုင်ပါဘူး၊ ကျွန်တော့် ဆိုင်နံရံပေါ်မှာရှိနေတဲ့ ဆွမ်းတင်ဘုရားစင်ကို ကြည့်ပါ ၊ ဒါဟာ ဗုဒ္ဓအယူဝါဒစစ်စစ်ပါဘဲ၊ ဒါနဲ့တင် လုံလောက်ပြည့်စုံနေပါပြီလို့  ဆိုင်လုပ်သားကနေတဆင့် အဲ့ဒီမျက်နှာစိမ်း လူတွေကို ပြောခိုင်းလိုက်ပါတယ် ” ဟု ပဲခူးရှိ လက်ဖက်ရည်ဆိုင်ရှင်တစ်ဦးက Straits Times သို့ ပြောပြခဲ့ပါသည်။
  • မမေးလည်းဖြေ (၃) – အစ္စလာမ်က ဘာသာမတူရင် သတ်ခိုင်းလား
    မေ ၂၅ ၊၂၀၁၂
    ဆောင်းပါးရှင်-နေမျိုး
    ကုရ်အာန်ကျမ်း အပိုဒ် ၂း ၁၉၁ မှာ ဒီလိုမိန့် ထားပါတယ်။
     ‪ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့… (စာရေးသူမှတ်ချက် – [သူ] စကားလုံးသည် ဘာသာမတူသူများဟု ရည်ညွန်းဘာသာပြန်လေ့သည်။ သို့ သော် ရန်သူဟု ယေဘုယျ ရည်ညွန်းသင့်သည်ဟု ယူဆ သည်။)
    ဆက်ပြီး မတင်ပြခင် မေးခွန်းတစ်ခုမေးလိုပါတယ်။ အကြောင်းအရာတခုကို ဖတ်တဲ့အချိန်မှာ စာကြောင်းတစ် ကြောင်းတည်းကိုရွေးဖတ်ရုံ၊ အရှေ့ က စာကြောင်းနဲ့  သူ့ နောက်က စာကြောင်းကို မဖတ်ပဲ လိုချင်တဲ့ တစ် ကြောင်းတည်းကိုပဲ ရွေးဖတ်လို့ ရသလား။ စာကြောင်းတစ်ကြောင်းတည်းဖတ်ရုံနဲ့ အဲ့ဒီ အကြောင်းအရာရဲ့ ဆိုလိုရင်းကို သဘောပေါက်ပါ့မလား။
    အရင်က ကုရ်အာန်ကျမ်းမှာ ဘာရေးထားလည်းဆိုတာ တလုံးတပါဒမှမသိတဲ့ကျနော် အစ္စလာမ်ဘာသာအပေါ် အထင်မှားအောင်  စွပ်စွဲနေတဲ့ အင်တာ နက်စာမျက်နှာတွေက “အစ္စလာမ်ဘာသာက ဘာသာမတူရင် သတ်ခိုင်း တယ်” ဆိုတဲ့ ထိုးနှက်မှုတွေကြောင့် ကုရ်အာန်ကျမ်းစာကို ကိုယ်တိုင် လေ့လာ ဖြစ်တယ်။
    လေ့လာဖြစ်မှ အစ္စလာမ်ဘာသာကို ထိုးနှက်နေသူတွေဟာ အမှန်တရားကို အများပြည်သူနားလည်ဖို့ ရည်ရွယ်တာမဟုတ်ပဲ တမင်သက်သက် လူမုန်း လူကြောက်များအောင် ရည်ရွယ်ချက်ရှိရှိနဲ့  ကိုယ်စွပ်စွဲချင်တဲ့ အချက်မိတဲ့ စာကြောင်းတစ်ကြောင်းတည်းကိုသာ တမင် ရွေးပြီး ကျန်တဲ့ စာကြောင်းတွေ ကို လုံးဝ ဥသုန် ချန်လှပ်ခဲ့တယ်ဆိုတာတွေ့ ရတယ်။ ကျမ်းစာရဲ့  စာပုဒ် ၂း၁၉၁ တပုဒ်ထဲမှာတင် သူတို့  စွပ်စွဲချင်တိုင်း စွပ်စွဲလို့  (လုံးဝ လုံးဝ) မဖြစ် နိုင် လို့  စာကြောင်း ၆ ကြောင်းလုံးကိုတောင် မဖော်ပြနိုင်ပဲ ဆောင်းပါးစစချင်းမှာ ဖော်ပြထားတဲ့ အတိုဆုံးစာ ကြောင်းတစ်ကြောင်း တ၀က်တပျက်တည်းကိုပဲ ကွက်ပြီးယူသွားတာကို တွေ့ လိုက်ရတယ်။
    သူတို့ ချန်ထားတဲ့ စာပုဒ် ၂း ၁၉၁ အပြည့်အစုံကို ဖတ်ကြည့်ပါ။
    ‪ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင် တ၀ [သူ] တို့ က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို့ အသင်တို့သည်လည်း [သူ] တို့ အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာသနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း […] ရိုသေမြတ်နိုးအပ်သော (အလ္လာဟ်အရှင်မြတ် ၏) ကျောင်းတော်ပါး၌ [သူ] တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံးအသင်တို့သည် ၄င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။အကယ်၍ ထို [သူ]တို့သည် အသင်တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် [သူ] တို့အား အပြစ်ဒဏ်ပေးခြင်း ပင်ဖြစ်သည်။
    Highlight လုပ်ထားတဲ့ စာကြောင်းတွေကို တချက်စီ သေချာ စဉ်းစားကြည့်ပါ။ ကိုယ်က စပြီး တိုက်ခိုက်ဖို့  ပြောထားတာ လုံးဝ (လုံးဝ) မဟုတ်ပဲ ကိုယ့် ကို တိုက်ခိုက်ရင် ပြန်ခုခံဖို့ သာပြောထားတာဖြစ်တယ်။ စစ်ပွဲအခြေအနေမှာဆိုရင်တောင် ကျူးကျော်စစ်မဟုတ်ဘဲ ခုခံစစ်ပဲဖြစ်တယ်။ Torture လို့ ခေါ်တဲ့ ဖမ်းဆီးနှိပ်စက်ညှင်းပမ်းခြင်းကိုလည်း အတိအလင်း တားမြစ်ထားတယ်။
    ဒီတပုဒ်ရှေ့ က အပုဒ် ၂း ၁၉၀ မှာ ဘာပြောထားသေးလဲ?
    ‪ထို့ပြင်တ၀ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် […]  အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူး လွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။
    စာပုဒ် ၂း ၁၉၂ ကိုဆက်ဖတ်ပါ။
    ‪သို့သော် အကယ်၍သာ […သူတို့သည် …] ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် […] အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တ၀ါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသတည်း။
    ဒါဆိုရင် အပုဒ် ၁၉၀၊ ၁၉၁၊ ၁၉၂ ကို ခြုံပြီးဖတ်ကြည့်ပါ။ ဒီအချက်တွေကို ကွက် ကွက်ကွင်းကွင်း တွေ့ ရမယ်။
    (၁) ကိုယ်က စတင် တိုက်ခိုက်တာကို အတိအလင်း တားမြစ်ထားတယ်။
    (၂) ကိုယ့်ကို တိုက်ခိုက်ပြီဆိုရင် ပြန်ခုခံရမယ်။
    (၃) ကိုယ်က ကျူးလွန် စော်ကားမှု မလုပ်ရဘူး။ တဖက်က ရပ်စဲပြီဆိုရင် ကိုယ့်ဖက်ကလဲ ရပ်စဲရမယ်။ သူတို့ ကို ကျူးလွန်ခွင့် နှိပ်စက်ညှင်းပမ်းခွင့်၊ ဆက်လက်တိုက်ခိုက်ခွင့်မရှိဘူး။
    ထို့ပြင်တ၀ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် […]  အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူး လွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။ (2:190)
    ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင် တ၀ [သူ] တို့ က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို အသင်တို့သည်လည်း [သူ] တို့ အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာသနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း […] ရိုသေမြတ်နိုးအပ်သော (အလ္လာဟ်အရှင်မြတ် ၏) ကျောင်းတော်ပါး၌ [သူ] တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံးအသင်တို့သည် ၄င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။ အကယ်၍ ထို [သူ]တို့သည် အသင်တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် [သူ] တို့အား အပြစ်ဒဏ်ပေးခြင်း ပင်ဖြစ်သည်။ (2:191)
    ‪သို့သော် အကယ်၍သာ […သူတို့သည် …] ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် […] အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တ၀ါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသ တည်း။ (2:192)
    စစ်ပွဲကာလအတွင်းမှာဆိုရင် တဖက်က ရပ်သွားရင် (သို့ ) လက်နက်ချရင် (သို့ ) ဖမ်းမိရင် သူတို့ ကို ဆက်တိုက် ခွင့်၊ နှိပ်စက်ခွင့် ကျူးလွန်ခွင့် မရှိဖို့  တားဆီး ပိတ်ပင်ထားတယ်။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်က စစ်သုံ့ ပမ်းကို မနှိပ်စက်ဖို့  ဂျီနီဗာကွန်ဗင်းရှင်းပြဌာန်းတာ ၁၉၄၈ မှသာဖြစ်ပြီး ကုရ်အာန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော် ကတည်းက ပြဌာန်းထားပြီးဖြစ် တယ်လို့ မှတ်ချက်ပေးတယ်။
    အရေးကြီးတဲ့ အချက်ကို ထောက်ပြချင်ပါတယ်။ တိုက်ခိုက်ဖို့  ရည်ညွန်းတာ ဘာသာမတူတဲ့ လူတွေကို ရည်ညွန်းသလို ဖြစ်နေပေမဲ့ အမှန်မှာက ကိုယ့်ကို စတင်တိုက်ခိုက်တဲ့ ရန်သူသာဖြစ်တယ်။ ဘာသာမတူတဲ့လူကို တမင်ရည်ညွန်းထားတာမဟုတ်ပါ။ တနည်းပြော ရရင် “ရန်သူ” ကို ခုခံခိုင်းတာ၊ “ဘာသာခြား” ကို ဘာသာမတူလို့ ဆိုပြီး တိုက်ခိုင်းတာမဟုတ်ပါ။
    ဒီအချက်တွေက အစ္စလာမ်ဘာသာကို တမင် အပုတ်ချတဲ့ လူတွေ စွပ်စွဲသလို ဘာသာမတူရင် သတ် ဆိုပြီး ပြော ထားတာ မဟုတ်ပါဘူး။ ကိုယ်က ကောင်းအောင်နေပြီး ကိုယ့်ကိုလာရောက်ကျူးကျော် တိုက်ခိုက်ရင် ပြန်ခုခံဖို့ ၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့  မိန့် ကြားထားတာဖြစ်တယ်။ အစ္စလာမ်ဘာသာ ဟာ ရန်မလိုတဲ့ဘာသာ၊ ကိုယ့်ကို မတိုက်ရင် ကိုယ်က မတိုက်တဲ့ ဘာသာဖြစ်တယ်ဆိုတာ ရှင်းလင်းစွာ တွေ့ ရပါမယ်။
    ဒီလိုဆိုရင် မေးချင်တဲ့လူကမေးမယ်။ သီးခံရမဲ့အစား ပြန်တိုက်ခိုက်ခိုင်းတာ ဘယ်လို ဘာသာရေးမျိုးလဲပေါ့။ အစ္စလာမ်မှာ သီးခံခြင်းတရား၊ ခွင့်လွှတ်ခြင်း တရားကို လက်ကိုင်ထားဖို့  မိန့် ထားတာတွေရှိတယ် (နောက်ပိုင်းတွေမှာ ဆွေးနွေးပါမယ်)။ အဲ့ဒီလိုပဲ အကန့် တွေခွဲပြီး သူ့ အခြေအနေ သူ့ အနေရာဒေသ အလိုက် လက်တွေ့ ဖြစ်စဉ် တွေ အပေါ် ခုခံတန် ခုခံဖို့  မိန့် ထားတယ် (စတင်ကျူးကျော် တိုက်ခိုက်ခွင့် ဘယ်နေရာမှာမှမရှိ)။ လက်တွေ့ ကျကျ စဉ်းစား ကြည့်မယ်။
    (၁) မြန်မာပြည်ကို ထိုင်းနိုင်ငံက စစ်လာတိုက်မယ်ဆိုရင် ပုတီးထိုင်စိတ်ပြီး အရုံးပေးလိုက်မလား။ စစ်ဒဏ်သင့်မဲ့ သင့်မိသားစု၊ ဆွေမျိုး၊ အပေါင်းအ သင်းတွေကို သင်မကာကွယ်သင့်ဘူးလား။ ဗိုလ်ချုပ်အောင်ဆန်းလည်း ပုတီး ထိုင်စိတ်ပြီး အင်္ဂလိပ်တွေ ဂျပန်တွေကို မေတ္ထာမျှမနေခဲ့သလို ခုလက်ရှိ လည်း တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူတွေက မတရားမှုကို တုံ့ ပြန်နေတုန်းပဲ မဟုတ်ပါလား။
    (၂) အစ္စလာမ်ဘာသာက ဘာသာမတူရင် သတ်ခိုင်းတယ်ဆိုရင် သင့်အသိ အစ္စလာမ်ဘာသာဝင်တယောက် ယောက်က သင့်ကို သတ်ဖို့  ကြံစည်တာ ခံရဖူးသလား။
    တချို့ ပြောကြပါတယ်။ ဒါဆိုရင် အာဖဂ္ဂန်တို့  ပါလက်စတိုင်းတို့ မှာ ဘာကြောင့်သတ်တာလဲ။ ကုရ်အာန်တဖက် သေနတ် တဖက်နဲ့  ဘယ်လိုဖြစ်တာလဲဆို တာ မေးချင်တဲ့လူရှိပါမယ်။ နောက်ဆောင်းပါးတွေမှာ တင်ပြပါမယ်။ အကျဉ်းချုန်းအနေနဲ့  လတ်တလော ပြောရရင် ပထ၀ီနိုင်ငံရေး၊ ဘာသာရေးနဲ့  သမိုင်းကို မရောထွေးလိုက် ပါနဲ့ ။ ဘာသာမတူလို့ ဆိုပြီး သတ်တာ မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်အ ချိန်ကတည်းက ဖြစ်လာတဲ့ခဲ့ ကမ္ဘာ့ပထ၀ီနိုင်ငံရေးပြသ နာ ကြားက အစ္စရေးနဲ့  ပါလက်စတိုင်း နယ်မြေလုမှု ကြောင့်၊ သွေးအေး စစ်ပွဲအတွင်း အာဖဂန်မှာ အမေရိကန်နဲ့  ရုရှတို့  အင်အားပြိုင်ပြီး သူ့ လူကိုယ့် လူမွေးရာမှာ ဘာသာရေးတွေ အယူဝါဒတွေ အမျိုးသားရေး စတဲ့ ၀ါဒပေါင်းစုံကို လိုသလို အသုံးချခဲ့လို့  နိုင်ငံရေးအရ အပြန်အလှန် သတ်နေ ကြ ခြင်းဖြစ်တယ်။ သူတို့ က နိုင်ငံရေးနဲ့  လူမျိုးရေး ဘာသာရေး ရောပြွန်းခဲ့လို့  သူတို့ စီမှာ သွေးချောင်းစီးနေတယ်။
    နယ်မြေကြောင့်၊ နိုင်ငံရေးကြောင့် သတ်နေကြတာကို ကျမ်းစာ ကြောင့် သတ် တယ်လို့  ဘာသာပြန်ရင် သူတို့ မှားတဲ့  မဟာအမှားနဲ့  ပြသနာကို ကျနော်တို့  မြန်မာပြည်ကို တင်သွင်းတာသာမက တမြေတည်းနေ တရေတည်းသောက် မြန်မာအချင်း ချင်း အမုန်းပွားပြီး ကမ္ဘာနဲ့ ချီ ရင်ဆိုင် ယှဉ်ပြိုင်ရမဲ့ ဖွံ့ ဖြိုးရေး ကိစ္စတွေကို စုပေါင်းလုပ်ဆောင်ရမဲ့ စည်းလုံးရေးကို ထိပါးစေတာသာ ဖြစ်ပါတယ်။
    အမုန်းတရားကင်းပါစေ။ လိမ်ညာလှည့်ဖျားပြီး အမုန်းတရားပွားစေလိုသူများ ရန်လိုသူများ ဘေးမှ ကင်းပါစေ။
    ရည်ညွန်း – ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန်။ [http://www.quraninburmese.com/Books/Holy%20Quran.pdf]
    မှတ်ချက် –
    (1)    အတိုးချုံးဖို့ အတွက် အချို့ စာကြောင်းများကို […] ခံ၍ ချန်ထားသည်။ စာသားအပြောင်းအလဲ ကို [ ] ခံ၍ မြန်မာ စာဖတ်များအတွက် ပြောင်းလဲ (သို့  )  ထပ်ဖြည့်ထားသည်။ ဘာသာပြန်မူရင်းကို အထက်ပါ ရည်ညွန်းတွင်ဖတ်ရန်။
    (2)    ဤဆောင်းပါးသည် စာရေးသူ၏ အမြင်နှင့် အာဘော်သာဖြစ်သည်။
  • ပရိဒေ၀ မီးလျှံများကြားမှ ကယ်ကူရာမဲ့ ဘ၀များ
    ပရိဒေ၀ မီးလျှံများကြားမှ ကယ်ကူရာမဲ့ ဘ၀များ
    ဧပြီလ ၄ ရက်၊ ၂၀၁၃
    M-Media
    သန့်စင်အေး
    1897008_635993229806710_1013184166_n
    Genocide တဲ့။ Ethnic Cleansing တဲ့။ အခုတလော မီဒီယာ စာမျက်နှာတွေမှာ မြန်မာပြည်က မွတ်စလင်မ်တွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ အကြောင်းရေးရင်ပါနေကြ စကားလုံး။ ခဏခဏ မြင်တွေ့နေရ ပြန်တော့လည်း အလွတ်တောင်ရနေပြီ။ ဟုတ်ပါတယ်။ အခုတလော စာရေးသူတို့မြန်မာပြည်မှာ အစ္စလာမ် ဘာသာဝင်တွေ ရက်ရက်စက်စက် အသတ်ခံရ၊ အစ္စလာမ်သာသနိက အဆောက်အအုံတွေ ဖျက်ဆီးခံရ၊ ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရတာတွေ မကြာခဏဆိုသလို မီဒီယာတွေမှာ မြင်တွေ့ကြားသိနေပါတယ်။ သေဆုံးသွား သူတွေရှိသလို၊ ဒုက္ခသည် စခန်းမှာလည်း ဒုနဲ့ဒေးပါ။ မသေသေးဘဲ ကျန်နေတဲ့သူတွေ၊ ဒုက္ခသည် စခန်းမရောက်သေးဘဲ ကိုယ့်အိမ်မှာကိုယ်နေတဲ့ လူတွေမှာလည်း သေဆုံးသွားသူတွေ အတွက် ပူဆွေးသောက ရောက်ရတာကတစ်မျိုး၊ စီးပွားရေးတွေ ကျဆင်းလို့ စိတ်ညစ်ရတာက တစ်ဖုံ၊ ပြီးတော့ ကြိုးတိုက်ထဲက ကြိုးမိန့်ကျခံနေရတဲ့ အကျဉ်းသားတွေလို “ကိုယ့်အလှည့်ဘယ်နေ့လဲ”ဆိုပြီး တွေးပူ နေရတာတွေနဲ့ “စိတ်ထောင်းတော့ ကိုယ်ကြေ” ဆိုတာလိုမျိုးနဲ့ ကျီးလန့်စာစားဖြစ်နေရပါတယ်။ အို…အလ္လာဟ်၊ ကျွန်တော်မျိုးတို့မှာ ဒုက္ခဆင်းရဲမျိုးစုံ ခံစားနေကြရတဲ့အပြင် ကိုယ်ခံစားနေရတဲ့ ဒုက္ခတွေကိုတောင် ပွင့်ပွင့် လင်းလင်းဖွင့်ပြောခွင့် မရှိတဲ့ဘ၀၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မျက်လုံးတွေမှ တဆင့် ပြောနေကြတဲ့စကား၊ ကျွန်တော်တို့ရဲ့ မျက်နှာတွေက တဆင့် ဖွင့်ဟပြောဆိုနေကြတဲ့ ကျွန်တော်တို့ရဲ့ပူဆွေးဗျာ ပါဒတွေကို အလ္လာဟ် အသိဆုံး၊ အမြင်ဆုံးပါ။ ကျွန်တော်တို့အေးချမ်းချင်လှပါပြီ။ ကျွန်တော်မျိုးတို့အား “အနိဌာရုံတွင်းနက်ကြီးထဲမှ အမြန်ဆုံးကယ်တင်ဆွဲထုတ်တော်မူပါ”။
    “ဆင်ဝှေ့ရန်ရှောင်”နည်းနဲ့ ဘယ်လောက်ကြာကြာတင်းခံနိုင်ကြမလဲ?
    ဟုတ်ပါတယ်။ ကျွန်တော်တို့တွေဟာ အခုအချိန်မှာ ဆင်ဝှေ့ရန်ရှောင် ဆိုတာလို ဖြစ်နေပါတယ်။ လွန်ကဲတဲ့အတ္တစိတ်တွေနဲ့ ဘီလူးစီးနေတဲ့ ဆင်ရိုင်းကြီးတွေက ကျွန်တော်တို့ကို အစွယ်နဲ့ထိုး၊ ခြေထောက်နဲ့နင်း၊ နှာမောင်းနဲ့ရစ်ပတ်ပြီးမြေကြီးကိုဆောင့်ချ လုပ်နေတဲ့အချိန်မှာ အဲဒီဆင်ရိုင်းကြီးတွေကို ပြန်လည်တွန်းလှန်ဖို့နေနေသာသာ ကိုယ့်ကိုယ် မထိအောင် မနည်းရှောင်တိမ်းနေရပါတယ်။ အဲဒီ ဆင်ရိုင်းကြီးတွေရဲ့တိုက်ခိုက်မှုဒဏ်ကြောင့် ကျွန်တော်တို့ရဲ့အချို့သော မိသားစုဝင်များကတော့ အေးငြိမ်းသော “အမတသုခဘုံ”မှာ ခိုလှုံသွားခဲ့ကြပြီ၊ အချို့က ဒုက္ခသည်စခန်းတွေမှာ၊ အချို့က ဆေးရုံမှာ၊ အချို့ကတော့ ဘယ်ဆီရောက်နေမှန်းမသိ၊ အကောင်းအတိုင်းကျန်ရစ်နေတဲ့သူတွေကလည်း ဒုက္ခရောက်နေသူတွေကိုမြင်ရ၊ ကြားရတော့ “ရှားမီးခဲတွင်၊ ရဲရဲငယ်ကင်၊ အကျွန်မမြင်ဝံ့ပါပြီတကား”ဆိုတဲ့ ချိုးမောင်နှံကဗျာလေးထဲကလို မိမိချစ်ခင်ရသောသူတွေ ရှားမီးခဲတွင် ကင်ခံနေရတာကို မကြည့်ဝံ့၊ မမြင်ဝံ့ ဖြစ်နေရတဲ့အပြင် “မိမိလည်းတစ်နေ့ သူတို့လိုပဲ ခံစားရမှာလား“ဆိုတဲ့  အသိနဲ့ “ဆုပ်လည်းစူး၊ စားလည်းရူး”ဖြစ်နေရပါတယ်။
    စိုတဲ့လက်တွေ မခြောက်ဖို့အတွက် အဓိကရုဏ်းကို အမည်တပ်မမှားစေလို
    ဒီနေရာမှာ စာရေးသူတို့အနေနဲ့က မိမိတို့ရဲ့ခံစားချက်တွေကို အများက ကိုယ်ချင်းစာစိတ်ဝင်လာ အောင် ခံစားချက်ဓာတ်ကူးပေးဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေကို အဓိကပစ်မှတ်ထားပြီး ဦးတည်တိုက်ခိုက်နေတယ်ဆိုပေမယ့် ဒါဟာ ဘာသာရေးပဋိပက္ခမဟုတ်ပါဘူး။ နိုင်ငံရေးအလှည့်အပြောင်းမှာ မွတ်စလင်မ်တွေဟာ မြေဇာပင်ဖြစ်နေတယ်ဆိုတာ အများကို တင်ပြတတ်ဖို့အရေးကြီးပါတယ်လို့ အကြံပြုလို ပါတယ်။ ဒါကို သေသေချာချာ ဂဃနဏ မသိဘဲ ခံစားချက်ကိုရှေ့တန်းတင်ရင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခ တွေကို ဘာသာရေးပဋိပက္ခအသွင်ပြောင်းသွားအောင်ဖန်တီးဖို့ မသမာသူတွေကို အခွင့်အရေးပေး သလို ဖြစ်သွားပါလိမ့်မယ်။ အဲဒါကြောင့် ဆူဆူပူပူဖြစ်နေတဲ့အချိန်မှာ အတတ်နိုင်ဆုံး ရွှေဝါရောင်သံဃာတော်များအဖွဲ့၊ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်အဖွဲ့တွေအစရှိတဲ့ သမာသမတ်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ အတတ်နိုင်ဆုံး ဆက်သွယ်ဆောင်ရွက်ပါ။ မီဒီယာတွေနဲ့လည်း ဆက်ဆံရေးယူထားပါ။ အမှန်တရားကို အရှိအတိုင်း လူထုကို ချပြဖို့အခွင့်အရေး မရရင်တောင် အမှန်တရားနဲ့ အနီးစပ်ဆုံးဖြစ်အောင် ရေးဖို့တောင်းဆိုပေးပါ။ မိမိ နေထိုင်ရာ ဒေသအတွင်းမှာရှိတဲ့ ဘာသာခြားတွေနဲ့လည်း ရပ်ရွာလုံခြုံရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင် ရွက်ကြစေလိုပါတယ်။ အဲဒီလို အဆင့်ဆင့်ဆောင်ရွက်ပြီးတာတောင်မှ အခြေအနေကို မထိန်းသိမ်းနိုင် တော့ဘူးဆိုရင်လည်း “ကိုယ့်အိမ်၊ ကိုယ့်ရပ်ရွာနဲ့ ကိုယ့်ကိုယ်ကို စောင့်ရှောက်ခွင့်ဆိုတာရှိပါတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်လည်းရှိပါတယ်။ တရားဥပဒေအရ ခွင့်ပြုထားတာပါ။ အဲဒီတော့ ကျွန်တော်တို့နေရာ ဒေသကိုလာဖျက်လို့၊ ကျွန်တော်တို့ အိမ်ကိုလာဖျက်လို့၊ ကျွန်တော်တို့ကို အန္တရာယ်လာပြုလို့ ခုခံကာကွယ်တာမျိုးပဲဖြစ်ရပါမယ်။ ဘာသာရေးအသွင်ဆောင်တဲ့ လှုပ်ရှားမှုမျိုးတွေလုပ်ရင် စောစောကတင်ပြထားတဲ့အတိုင်း မသမာသူတွေကိုအခွင့်အရေးပေးသလို ဖြစ်သွားမယ်ဆိုတာကို သတိရပါ။ အခုလိုမျိုး အကြံပြုနေရတာကတော့ “တရားလိုကနေ တရားခံဖြစ် မသွားစေချင်လို့”ပါ။ ပြီးတော့ ဘာသာမတူသူ အများစုကလည်း အခုလို မွတ်စလင်မ်တွေအပေါ် ကိုယ်ချင်းစာ စိတ်ဖြစ်ပေါ်နေတုန်းမှာ ကိုယ့်ဖက်ကစပြီး “စိုတဲ့လက် တွေကို ခြောက်သွားအောင်”မလုပ်မိဖို့လိုပါတယ်။
    အဆိုးထဲကအကောင်း
    ဒါပေမယ့် ဒီနေရာမှာအဆိုးထဲကအကောင်းဆိုသလိုပေါ့လေ။ ကျွန်တော်တို့ကို ကိုယ်ချင်းစာနား လည်ပေးနိုင်မယ့်သူတွေ၊ ကျွန်တော်တို့ဘက်က ရပ်တည်ပေးတဲ့သူတွေ၊ ကျွန်တော်တို့ကိုကာကွယ်ပေးတဲ့ သူတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဆရာတော်အရှင် ၀ိသုဒ္ဒ (မိတ္ထီလာမြို့၊ ရတနာကျောင်းတိုက်) ကတော့ ဆရာတော်ရဲ့ ဘုန်းကြီးကျောင်းထဲ ၀င်ပြေးသွားတဲ့ မွတ်စလင်မ်ဒုက္ခသည်တွေကိုထုတ်ပေးဖို့ အကြမ်းဖက် သမားတွေက တောင်းဆိုရာမှာ ထိုဘုန်းတော်ကြီးက ထုတ်မပေးဘဲ ကာကွယ်ပေးခဲ့တာတွေ၊ အလားတူပဲ ရွှေဝါရောင် သံဃာတော်များ အဖွဲ့ကလည်း ဒုက္ခရောက်နေတဲ့မွတ်စလင်မ်တွေကို လိုက်ပြီး ကူညီပေးခဲ့တာ၊ လိုက်ပြီး စောင့်ရှောက်ပေးခဲ့တာတွေ၊ ၎င်းပြင် ကိုမင်းကိုနိုင်တို့လို ၊ ဆရာမ သန်းမြင့်အောင်တို့လို အမှန်တရားဘက်က မားမားရပ်တည်ပေးတဲ့ခေါင်းဆောင်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အလားတူပဲ နောက်ထပ်လည်း လူအများစုကြီးထဲမှ အချို့သူများက ဒီကိစ္စမှာ မွတ်စလင်မ်တွေအပေါ် စာနာမှုတွေပြခဲ့ကြပါတယ်။ အကူအညီတွေလည်းပေးခဲ့ကြပါတယ်။ ထိုသူများကိုတော့ စာရေးသူတို့ နှလုံးသားထဲမှာ ကျေးဇူး တင်လျက်ရှိပြီး ၎င်းတို့အပေါ်သို့လည်း မေတ္တာများ ပို့သပေးလျက်ရှိပါတယ်။ နောက်ပြီးတော့ မေတ္တာကမ်းပိန်းမှ ဆရာတော်များလို မြန်မာနိုင်ငံမှာ “ဘာသာပေါင်းစုံချစ်ကြည်ရေး” ကိုဦးဆောင်ပြီး လုပ်နေကြတဲ့ ဘာသာပေါင်းစုံ မှ သံဃာတော်၊ ဆရာတော်များကိုလည်း အထူးကျေးဇူး တင်လျက်ရှိနေကြပါတယ်။ မေတ္တာကမ်းပိန်း အပြင် နောက်ထပ်လည်း မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ဖော်ဆောင်နေတဲ့ သံဃာတော်များနဲ့ သက်ဆိုင်ရာဘာသာရေး အကြီးအကဲများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ပါတယ်။  အကြမ်းဖက်မှုပေါ် ပေါက်လာတိုင်းမှာ လူထုကို ငြိမ်းချမ်းရေးတရားတွေဟောပြီး ငြိမ်းချမ်းစေဖို့ သံဃာတော်များ၊ ကြေငြာစာတွေ ထုတ်ပြန်ပြီး လူထုကို ငြိမ်းချမ်းဖို့အသိတွေပေးတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း ကျေးဇူး အထူးတင်လျက်ပါ။ နောက်ထပ်သတိထားမိတာကတော့ တစ်သက်လုံးက မွတ်စလင်မ်ကိုဆိုရင် “မင်းတို့ ကုလားတွေပါ”ဆိုပြီး ဝေဖန်ခဲ့သူ အချို့ကတောင် မွတ်စလင်မ်ကလေးတွေ အသတ်ခံရတာကိုကြားရတော့ “ဒီကောင်တွေလုပ်တာ သိပ်လွန်သွားပြီ”လို့ ပြောတာ ကြားခဲ့ရပါတယ်။ အဆိုးထဲက အကောင်းကို ဆွဲထုတ်ယူပြီး အမှန်တကယ်ကျေးဇူးတင် ထိုက်သူတွေကို ကျေးဇူးတင်ခြင်းပါ။
    မွတ်စလင်မ်ကို အနုနည်းနဲ့ ဆန့်ကျင်ကြရာဝယ်…
    မြန်မာပြည်တွင်းမှာ အချို့သောသူများက မွတ်စလင်မ်ကို အကြမ်းနည်းနဲ့ နှိပ်ကွပ်နေသလို အနုနည်းနဲ့ ဆန့်ကျင်လာကြတာကိုလည်း တွေ့ရပါတယ်။ “မွတ်စလင်မ်ဆိုင်မှာမ၀ယ်နဲ့၊ မွတ်စလင်မ်ဆိုရင်မရောင်းနဲ့” တိုင်းပြည်ထဲမှာ မွတ်စလင်မ်အပေါ် ပိတ်ဆို့မှုတွေ လုပ်လာတာကိုတွေ့ရပါတယ်။ သြော်… သမ္မတကြီးကတော့ နိုင်ငံ တကာလှည့်ပြီး နိုင်ငံတကာခေါင်းဆောင်တွေကို မြန်မာပြည်အပေါ်မှာ ပိတ်ဆို့ အရေးယူထားတွေကို လျှော့ချ ပေးဖို့ ၊ Sanction တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုနေတဲ့ အချိန်မှာ သူတို့ကတော့ ပြည်တွင်းမှာပြန်ပြီး Sanction တွေလုပ် သမ္မတမျက်နှာကိုတောင် မထောက်တော့တာလား။ ဒါမှမဟုတ်… နိုင်ငံတကာက ပိတ်ဆို့ အရေးယူမှုတွေကို ခံစားနေရတာ မြန်မာပြည်သူပြည်သားအားလုံးပါ။ ဘာသာ/လူမျိုး မရွေးပါဘူး။ အခုလို နိုင်ငံတကာက ပိတ်ဆို့ခံထားရသူ အချင်းချင်းကြားထဲမှာ ပြန်ပြီးအသေးစား Sanction တွေပြန်လုပ်တယ်ဆိုတာ ကမ္ဘာက မသိဘဲနေမလား၊ ဒီလိုသိသွားရင် မြန်မာပြန်ရဲ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲ။ နိုင်ငံတကာက ပိတ်ဆို့တာတွေကို အထပ်ထပ်ခံနေရတဲ့ LDC (ဖွံဖြိုးတိုးတက်မှုနိမ့် ကျဆုံးသောတိုင်းပြည်)က ပြည်သူ/ပြည်သား အချင်းချင်း စုပေါင်းတိုင်ပင်ကြပြီး ကိုယ့်တိုင်းပြည်ကို ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတာ ဆွေးနွေးရမယ့် အချိန်မှာ ဇာတ်တူသား စားဖို့ ကြံနေရင်တော့ ဟင်္သာတမျိုးလုံး ပျက်သလိုဖြစ်သွားပါလိမ့်မယ်ဆိုတာ စေတနာနဲ့ အကြံပြုပါရစေ။
    ဘုံရန်သူကိုရှာဖို့လို
    ဒီနေရာမှာတော့ စာရေးသူက အိန္ဒိယသမ္မတဟောင်း သမ္မတကြီး အဗ္ဗဒူလ်ကလာမ် ရေးတဲ့ စာအုပ်တစ်အုပ်ထဲက အကြောင်းအရာလေး တစ်ခုကို ပြန်သွားပြီး သတိရမိပါတယ်။ သမ္မတကြီး အဗ္ဗဒူလ်ကလာမ်က အိန္ဒိယမှာ သမ္မတတာဝန် ထမ်းဆောင်နေတဲ့အချိန်မှာ သမ္မတကြီးက အိန္ဒိယနိုင်ငံမှာ ရှိတဲ့ စာသင်ကျောင်းတွေကို သွားရောက် လှည့်လည်ပြီး ကျောင်းသားလေးတွေကို မေးခွန်းတစ်ခုမေးပါတယ်။ “မင်းတို့ရန်သူက ဘယ်သူလဲ”ဆိုတဲ့မေးခွန်းပါ။ ကျောင်းအားလုံးက ကျောင်းသားလေးတွေ အားလုံးနီးပါးက ပြန်ဖြေပါတယ်။ “ကျွန်တော်တို့ရန်သူက ပါကစ္စတန်”ပါတဲ့။ အားလုံးသိကြတဲ့အတိုင်းပဲ… အိန္ဒိယနဲ့ပါကစ္စတန်ဆိုတာ ရန်သူလိုဆက်ဆံနေကြတာ၊ နှစ်နိုင်ငံ စလုံးကလည်း သူတို့နိုင်ငံရဲ့ မျိုးဆက်သစ်လေးတွေကို အမျိုးသားရေးစိတ်ဓာတ်အမည်ခံ စိတ်သွေးကြွစိတ်ဓာတ်တွေ ရိုက်ထည့်ပေးထား ကြတာဆိုတော့ ကျောင်းသားလေးတွေက အဲဒီလိုပဲဖြေတာပေါ့။ ဒါပေမယ့် ကျောင်းသားလေး တစ်ယောက် ဖြေတဲ့အဖြေကတော့ ထူးခြားစွာပဲ အများနဲ့ကွဲလွဲနေပြီး အင်မတန်မှ ချီးကျူးစရာကောင်းပါတယ်။
    သူဖြေလိုက်တဲ့အဖြေကတော့ “ကျွန်တော့်ရဲ့ရန်သူက ဆင်းရဲမွဲတေမှုပါ တဲ့။ ကျွန်တော်က ကျွန်တော့်မိသားစုမှာ အငယ်ဆုံးပါ။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကိုအငယ်ဆုံးမို့လို့ ပညာတတ်ဖြစ်စေ ချင်လို့ ကျောင်းပို့ရာမှာ ပိုက်ဆံ မလုံလောက်တဲ့အတွက် ကျောင်းတက်နေတဲ့ ကျွန်တော့်အစ်ကို ၊ အစ်မတွေကို ကျောင်းထုတ်၊ အပြင်ထွက်အလုပ်လုပ်ခိုင်းပြီးမှ ကျွန်တော့်ကိုကျောင်းပို့ရတာပါတဲ့။ အဲဒါ ကျွန်တော်သိထားတဲ့ ကျွန်တော့်ရဲ့ရန်သူပါပဲတဲ့”။ ဟုတ်ပါတယ်။ စာရေးသူတို့တိုင်းပြည်မှာလည်း စာရေးသူတို့ ပြည်သူပြည်သား အားလုံးရဲ့ ဘုံရန်သူ ဟာဘယ်သူပါလဲ၊ စာရေးသူတို့ ရှာကြသင့်ပါပြီ။ စာရေးသူလည်း ဒီအဖြေပဲထပ်ဖြေပါ့မယ်။ “ဆင်းရဲမွဲတေမှု”ပါ။ စာရေးသူတို့တိုင်းပြည်မှာရှိတဲ့ ပြည်သူ/ပြည်သားတွေ၊ လူမျိုး/ဘာသာမခွဲပါဘူး။ အဲဒီ ပြည်သူပြည်သားတွေရဲ့ တစ်လပျမ်းမျှဝင်ငွေဘယ်လောက်ရှိပါသလဲ၊ ပြီးတော့ Human Development Index “လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု ညွှန်းကိန်း”ရဲ့ စံချိန်စံနှုန်းတွေနဲ့ ပြန်တိုင်းကြည့်ပါ။ စာရေးသူတို့ ပြည်သူပြည် သားတွေဘယ်လောက်နည်းပညာတွေဖွံ့ဖြိုး တိုးတက်ပြီလဲ၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ပြီလား စသည်ဖြင့် မေးခွန်းတွေ အများကြီးပါ။ မြန်မာပြည်မှာလူတိုင်း ဖုန်းကိုင်နိုင်ပြီလား၊ လူတိုင်းအင်တာနက်သုံးနိုင်ပြီလား၊ နိုင်ငံ တကာသုံးဘာသာစကား အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားကို လူတိုင်းနီးပါးရေးတတ်/ပြောတတ်ပြီလား။ မြန်မာပြည်ကလူတိုင်းလိုလို အင်္ဂလိပ်စာ ညံ့တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် နိုင်ငံခြားမှာ အင်္ဂလိပ်စကား မတတ်လို့ အထင်သေးတဲ့အကြည့်နဲ့အကြည့်ခဲ့ရတဲ့သူတွေထဲမှာ အများဆုံးက ဘယ်နိုင်ငံသားတွေပါလဲ။ ဒါကအပိုင်းတစ်ပိုင်းပေါ့လေ။
    စီးပွားရေးနဲ့ပတ်သက်လို့ ပြန်ပြောရရင်တော့ အနီးစပ်ဆုံး သာဓကတစ်ခုပြပါ့မယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က Weekly Eleven ဂျာနယ်မှာဖတ်လိုက်ရပါတယ်။ “ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကြောင့် ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း၊ စီပွားရေးအခွင့်အလမ်း တွေ ရှားပါးပြီးတော့ ရခိုင်ပြည်နယ် ဒေသခံ (၃) ပုံ (၁) ပုံခန့်သည် ၎င်းတို့ရဲ့မွေးရပ်မြေကို စွန့်ခွာပြီး အခြားတိုင်းဒေကြီးများမှာ သွားရောက်အလုပ် လုပ်ကိုင်နေကြရသည်”တဲ့။ အဲဒါ အဖြေပါပဲ။ စာရေးသူတို့ ရန်ကုန်မှာရော ရုတ်ရုတ်သဲသဲဖြစ်လို့ ဆိုင်တွေပိတ်ရင် နစ်နာတာ မွတ်စလင်မ်တွေပဲလား၊ မွတ်စလင်မ်တွေ နဲ့အရောင်းအ၀ယ်မလုပ်ရင် နစ်နာမှာ မွတ်စလင်မ်တွေပဲလား။ နှစ်ဖက်စလုံးနစ်နာပါတယ်။ နည်းနည်း နစ်နာတာနဲ့ များများနစ်နာတာပဲကွာချင်ကွာမယ်။ အဓိကပြောချင်တာကတော့ မွတ်စလင်မ်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်မဆို အကုန်လုံးက အေးအေးချမ်းချမ်း၊ အဆင့်အတန်းမြင့်မြင့်နဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတယ် ဆိုတဲ့အချက်တစ်ခုကတော့ တူညီနေတာ အသေအချာပါပဲ။
    “ဆင်းရဲမွဲတွေမှုကို ပြတိုက်ထဲပို့ချင်လား”၊ ရတယ်။  ဒါမှမဟုတ် အခုလိုပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ဆင်းရဲသံသရာ လည်ချင်လား၊ ရတယ်။ အခြေအနေအရပ်ရပ်ကိုအစွဲကင်းကင်းနဲ့ ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့်ရင် မြန်မာပြည်သူပြည်သားအားလုံးရဲ့ ဘုံရန်သူက ဘာလဲဆိုတာ ပေါ်လာပါလိမ့်။ အဲဒါကို တိုက်ရမယ်။ အဲဒီလိုဆင်းရဲမွဲတေမှုကို သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေကိုရှောင်ရမယ်။ အဲဒီလုပ်ရပ်လုပ်နေတဲ့သူတွေ ကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်များက တားဆီးရမယ်။ အမျိုးသားရေးစိတ်ဓာတ်အရောင်ပြပြီး မွတ်စလင်မ် မုန်းတီးရေးတွေဖန်တီး၊ Face book တွေကနေ၊ အင်တာနက် စာမျက်နှာတွေကနေ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် ၀ါဒတွေဖြန့်၊ ပြဿနာဖြစ်တော့ မဲပြာပုဆိုးဇာတ်လမ်းတွေနဲ့ ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့် ဒီလိုမျိုးပြဇာတ်တွေ လိုက်ကာချပြီး တစ်ခန်းရပ်သင့်ပြီ။ Weekly Eleven ဂျာနယ်ရဲ့ CEO ကလည်း ၎င်းရဲ့မီဒီယာမှာ ဒီအတိုင်းပဲသုံးသပ် ထားတာကိုတွေ့ရမှာပါ။
    ရှေးခေတ်အခါတုံးက ပညာရှင်ကြီးတစ်ပါးက ရှင်ဘုရင်ကို ဆုံးမခဲ့တဲ့အကြောင်းအရာလေးလိုပါပဲ။ သူတော်စင်ကြီးက ဘုရင်ကြီးရဲ့ နန်းတော်ထဲကို မောကြီးပန်းကြီးနဲ့ ၀င်ရောက်သွားတော့ ဘုရင်ကြီးက မေးပါတယ်။ ဘယ်ခရီးက ပြန်လာတာလဲ၊ ပညာရှိကြီးက ဖြေပါတယ်။ “ငရဲပြည်ခဏသွားတာ။ ဘာသွားလုပ် တာလဲဆိုတော့ ငရဲပြည်က ငရဲမီးနည်းနည်း သွားယူတာ။ ရခဲ့လားဆိုတော့ မရခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငရဲပြည်မှာ ငရဲမီးမရှိလို့။ ဟာ…အဲဒါဆိုရင် ငရဲပြည်မှာ ငရဲခံရမယ့် ငရဲသားတွေကို ဘာမီးနဲ့ရှို့မှာလဲလို့မေးတော့ ငရဲပြည်စောင့် နတ်မင်းကြီးက ပြန်ဖြေတယ်။ ငရဲသားတွေကို ရှို့မယ့်မီးက ငရဲပြည်မှာမရှိဘူး။ အဲဒီ ငရဲခံမယ့် ငရဲ သားတွေကို သူတို့ကို ရှို့မယ့်မီးကို သူတို့ဘာသာ ယူလာကြတာ”တဲ့။ မြန်မာစကားလည်း ရှိပါတယ်။ “ကိုယ့် ဆင်းရဲတွင်း ကိုယ့်ဖာသာတူးတာ”တဲ့။ အဲဒီလိုမျိုးမဖြစ်ဖို့တော့ အရေးကြီးပါတယ်။
    အမျိုး၊ ဘာသာ ကာကွယ်စောင့်ရှောက်သည်ဆိုရာဝယ်…
    ပါးနပ်သောပျားရည်သုတ်သူများရဲ့ ကလိမ်စေ့ငြမ်းဆင်အကြံ
    ဒီနေရာမှာ စာရေးသူအဓိကမျှဝေချင်တာကတော့ စနစ်တကျ ကြိုတင်အကွက်ချစီမံပြီး လုပ်ကြံဖန်တီး ထားတဲ့ ထောင်ချောက်ထဲကို မ၀င်မိဖို့ပါပဲ။ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ဖန်တီးထားတဲ့ပုံပြင်လေးတစ်ပုဒ် မျှဝေပါရစေ။ မာရ်နတ်က နံရံပေါ်မှာ ပျားရည်လေးတစ်စက်သုတ်လိုက်ပါတယ်။ အဲဒီပျားရည်ကို ပုရွက်ဆိတ် လေးတွေက လာစုပ်ယူတယ်။ အဲဒီပုရွက်ဆိတ်ကို နှံကောင်လိုသတ္တ၀ါတွေကလာစားတယ်။ အဲဒီနှံကောင်လိုမျိုး သတ္တ၀ါငယ်လေးတွေကို ကြောက်က ခုတ်တယ်။ ကြောင်ကို ခွေးက ကိုက်တယ်။ အဲဒီတော့ ကြောင်ပိုင်ရှင်က ခွေးကိုရိုက်တယ်။ အဲဒီတော့ခွေး ပိုင်ရှင်က ကြောင်ပိုင်ရှင်ကိုပြန်ရိုက်တယ်။ ပြီးတော့ ခွေးပိုင်ရှင်၊ ကြောင်ပိုင်ရှင် နှစ်ဖက်စလုံးက ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမတွေပါ ထသတ်ကုန်ကြတယ်။ အားလုံးပျက်စီးကုန်ကြ တယ်။
    အခုလိုမျိုး လေးစားဖွယ်ကောင်းတဲ့ ရဟန်းသံဃာတော်တွေ၊ နိုင်ငံရေးပါတီအချို့နဲ့ လူမှုရေးအဖွဲ့ အစည်းတွေကပါ ပြဿနာတွေမဖြစ်ပေါ်အောင် လိုက်လံတားဆီးနေပြီး ပြည်သူအများစုကလည်း အေးချမ်းစွာနေထိုင်နေကြတဲ့အခါကျတော့ အကြမ်းဖက်သမားတွေက လူအုပ်စုနဲ့ဝင်လာပြီး ဖျက်ဆီးလို့ လည်းမရ၊ တစ်ဘာသာနဲ့ တစ်ဘာသာကြား ပဋိပက္ခဖြစ်ပွားအောင် သွေးထိုး လှုံ့ဆော်လို့လည်းမရတော့ရင် နောက်ထပ်ဗျူဟာတစ်ခုပြောင်းပြီး မထင်မှတ်တဲ့အချိန်မှာ အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်တာမျိုးတွေ လုပ်လာတတ်ပါတယ်။ ဒါကိုလည်း လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတာတွေရော၊ စာရေးသူတို့ရဲ့အတွေ့အကြုံ အရရော ချိန်ဆကြည့်ပြီး သိနိုင်ပါတယ်။
    I.Q နဲ့ E.Q
    စင်္ကာပူနိုင်ငံကို ပြန်လည်ထူထောင်နေတဲ့အချိန်မှာ စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယု ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ “သူ I.Q သမားတွေပဲ လိုချင်တယ်၊ E.Q သမားတွေမလိုချင်ဘူး”တဲ့။  “ဦးနှောက်နဲ့အလုပ်လုပ်တဲ့ ပညာရည်ပြည့်ဝသူတွေပဲလိုချင်တဲ့၊ စိတ်ခံစားမှုရေးရာတွေကို ဇာချဲ့တာမျိုး မလိုချင်ဘူး”ပေါ့။ စာရေးသူလည်း ဒီစကားကို ကြား ကြားချင်းတော့ စိတ်ထဲတစ်မျိုးဖြစ်သွားပါတယ်။ ဒီလူကြီးမင်းက လူတွေရဲ့ ခံစားချက်ကို ဂရုမစိုက်ဘူးလို့ ပြောချင်တာလားပေါ့။ လူတစ်ဦးတစ်ယောက် ချင်းစီမှာရှိကြတဲ့ ကွဲပြားခြားနားတဲ့အရည်အချင်းတွေကို အသိအမှတ်မပြုတာလားပေါ့။ ဒါပေမယ့် လက်ရှိ စာရေးသူတို့တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ချိန်ဆပြီး သူပြောတာကို အပြည့်အ၀ လက်ခံတာ မဟုတ်သည့်တိုင်အောင် အတိုင်းအတာတစ်ခုအထိ ခံစားလို့ရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ပြန်လည်ထူထောင်နေတဲ့အချိန်၊ တိုင်းပြည်ကို တိုးတက်အောင် လုပ်နေတဲ့အချိန်မှာ စိတ်ခံစားချက်ကို ဦးစားပေးလိုက်ရင် ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ “အမှိုက်ကစ ပြသာဒ်မီးလောင်”သလိုဖြစ်မှာစိုးလို့ ပြောခဲ့ဟန် တူပါတယ်လို့ နားလည်ပေးလိုက်ပါတယ်။ ဟုတ်ပါတယ်။ အခုစာရေးသူတို့တိုင်းပြည်မှာပဲကြည့်လေ။ လူဆိုတာ ကိုယ့်ကို လူတစ်ယောက်က ပုဂ္ဂိုလ်ရေးအရ ဝေဖန်တာမျိုးကို သည်းခံချင်သည်းခံမယ်၊ ကိုယ့်ယုံကြည်ချက် ဘာသာတရားကို ထိလာရင်တော့ သည်းခံဖို့မဖြစ်နိုင်ပါဘူး။ ဘယ်ဘာသာမဆို အားလုံးအတူတူပါပဲ။ အဲဒါ ကြောင့်မို့လို့လည်း ဒီဘာသာရေးဟာ တစ်သက်လုံးက ပါးနပ်ပြီး ကောက်ကျစ်သူတွေရဲ့ အရောင်ဆိုးခြင်းကို ခံနေရတာပါ။
    စာရေးသူတို့လည်း စာရေးသူတို့ပတ်ဝန်းကျင်မှာ ပြောနေ၊ ဟောနေ၊ ရေးနေကြတဲ့ အစ္စလာမ်အပေါ် အပြုသဘောမဆောင်တဲ့ အရာတွေကို နေ့စဉ်နှင့် အမျှ တွေ့မြင်ကြား သိနေရပါတယ်။ ဒါပေမယ့် စောစောက တင်ပြခဲ့သလို ပေါ့လေ။ ဒီလိုကိစ္စမျိုးတွေကို ရှင်းလင်းတဲ့နေရာမှာ အခြေအနေပေးရင် “မီဒီယာရှင်းလင်းပွဲ”လိုမျိုး ပွဲတစ်ခုစီစဉ်ပြီး ဒါတွေကို အေးချမ်းစွာနဲ့ပြန်လည်ရှင်းလင်းတင်ပြဖို့ရှိပါတယ်။ အင်ရှာအလ္လာဟ်… ဒါပေမယ့် အဲဒီလိုပွဲလုပ်ဖို့ အခြေအနေနဲ့အချိန်အခါတစ်ခုကို အရင်ဖန်တီးကြရမှာပါ။ ပြီးခဲ့တဲ့ လတုန်းက မန္တလေးမှာလုပ်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲမှာဟာ အောင်မြင်စွာပြီးဆုံးခဲ့ပေမယ့် အဲဒီပွဲမှာ ဘယ်လိုအခက်အခဲတွေကြုံခဲ့ရသလဲ၊ ဘယ်လိုစိတ် အနှောင့်အယှက်ဖြစ်စရာ တွေကြုံခဲ့ ရသလဲဆိုတာ ပွဲတာဝန်ရှိ သူတွေကို မေးကြည့်ကြပါ။ ဒါပေမယ့် တွေ့ကြုံလာတဲ့အခက်အခဲတွေကို ရင်ဆိုင်ရာမှာ စိတ်ကို တည်တည် ငြိမ်ငြိမ်ထားပြီး သဘောထားကြီးကြီးနဲ့ စဉ်းစားဆင်ခြင် ဥာဏ်အမြော်အမြင်ကိုသုံးပြီး ဖြေရှင်းပြသွားတဲ့ ထိုပွဲစီစဉ် သူတွေ၊ တာဝန်ရှိသူတွေကိုလည်း စာရေးသူ ဤနေရာကပဲ ချီးကျူးလိုက်ပါတယ်။ အဲဒီတော့ စာရေးသူ တင်ပြ ချင်တာက E.Q ဟာ မရှိမဖြစ် လိုအပ်ပေမယ့် နေရာတကာတော့ ရှေ့တန်း တင်လို့မရပါဘူး။ “အမှိုက်ကစ ပြသာဒ် မီးမလောင်”ဖို့ ကိုယ်က သည်းခံသင့်တာ သည်းခံရပါတယ်။ အမြဲတမ်းကြီး သည်းခံပါလို့မဆိုလိုပါဘူး။ သည်းမခံနိုင်လို့ပြန်ရှင်းမယ်ဆိုလည်း လူအများလက်ခံနိုင်အောင် ဥပဒေဘောင်အတွင်းကနေ အကျိုးသင့် အကြောင်းသင့် ရှင်းလင်းတင်ပြဖို့ လိုပါတယ်။ မြန်မာပြည်သူ/ပြည်သား အများစုက အေးဆေးသိမ်မွေ့သူတွေပါ။ ဒါပေမယ့် စာရေးသူစောစောကတင်ပြခဲ့သလို သူတို့အထဲမှာလည်း “ပါးနပ်တဲ့ ပျားရည်သုတ်သူတွေ”ထောင် ထားတဲ့ထောင်ချောက် မိနေသူတွေရှိပါတယ်။ သူတို့ကို သူတို့ရဲ့ မူရင်းဖြူစင်တဲ့ စိတ်ဓာတ်ကောင်းလေးတွေ ပြန် ပေါ်လာဖို့ စာရေးသူတို့က ကိုယ်တွေရဲ့ခံစားချက်၊ နစ်နာချက်တွေကို presentation လုပ်ရာမှာ သိမ်မွေ့ငြင်သာပြီး အမြော်အမြင်ရှိဖို့လိုပါတယ်။
    သမိုင်းမှတ်ကျောက်တင်ခံမယ့်ပွဲ
    စာရေးသူတို့မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကြီးမားတဲ့နိုင်ငံရေးပြောင်းလဲမှုကြီး ဖြစ်ပေါ်လာခဲ့တာ လူတိုင်းအသိပါ။ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က နိုင်ငံတော် အုပ်ချုပ်ရေး အာဏာလွှဲပြောင်းရယူခဲ့ပြီး နိုင်ငံအတွင်းမှာ ကြီးမားလှစွာသော အပြုသဘောဆောင်တဲ့ပြောင်းလဲ မှုတွေကို အစဉ်တစိုက် လုပ်ဆောင်လာခဲ့တာကြောင့်လည်း ရဟန်းရှင်လူများက သာဓုခေါ်ဆိုခဲ့ကြရပါတယ်။ “သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သမ္မတကြီးဟာ ၎င်းတို့ အစိုးရအဖွဲ့ ကိုယ်တိုင်အပြင် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များနဲ့ပါ တွေ့ဆုံညှိနှိုင်းပြီး နိုင်ငံတော်တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် နေ့မအား၊ ညမနား လုပ်ဆောင်နေတာတွေကို တွေ့မြင်နေရပါတယ်။ အကျဉ်း သားတွေကို အသုတ်လိုက်ခွဲပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တုံးကဆိုရင် သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီး ရှေ့မှာ လူထုကြီးက “သမ္မတကြီး ချမ်းသာပါစေ ၊ ကျန်းမာပါစေ”ဆိုပြီး အာခေါင်တွေကွဲမတတ် အော်ဟစ်ပြီး သမ္မတကြီးကို ကောင်းချီးပေးခဲ့ကြတာ၊ မေတ္တာပေးခဲ့ကြတာပါ။ ဒီလိုမျိုး စာရေးသူတို့နိုင်ငံမှာ နိုင်ငံတော် သမ္မတကို၊ နိုင်ငံတော်ရဲ့အကြီးအကဲကို လူအုပ်စု လိုက်ဖွဲ့ပြီး မေတ္တာပို့တဲ့ လုပ်ရပ်ကို စာရေးသူ အသက် ၃၀ ကျော် သက်တမ်းအတွင်းမှာ ပထမဆုံးအကြိမ်မြင်ဖူးတာပါ။ နောက်ပြီး မြစ်ဆုံကိစ္စမှာလည်း အများပြည်သူရဲ့ သဘောဆန္ဒအတိုင်း သက်ဆိုင်ရာ ပညာရှင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြစ်ဆုံရေကာတာ စီမံကိန်းကို သမ္မကြီးရဲ့ သက်တမ်းအတွင်းမှာ ရပ်ဆိုင်းခဲ့တာတွေဟာ အင်မတန်မှကို လေးစားစရာကောင်းပါတယ်။  မြန်မာ့နိုင်ငံရေး လေ့လာ အကဲဖြတ်သုံးသပ်သူတွေကလည်း သမ္မတကြီးကို ၀ိုင်းဝန်းချီးကျူးကြပြီး နောက်ကြောင်းပြန်မလှည့်ဖို့ ကိုလည်း အကြိမ်ကြိမ် စိုးရိမ်တကြီးနဲ့ ပြောဆိုခဲ့တာတွေကိုလည်းကြားမိကြပါတယ်။ သမ္မတကြီးကလည်း အများပြည်သူရဲ့သဘောဆန္ဒကို အဓိကထားပါတယ်။ OIC လာမယ်ဆိုတော့လည်း သမ္မတကြီးကပဲ အများ ပြည်သူရဲ့ဆန္ဒအတိုင်း OIC ကိုအ၀င်မခံခဲ့တာကိုလည်း တွေ့ကြရမှာပါ။ အဲဒီလိုအများပြည်သူရဲ့ ဆန္ဒတွေကို အသိအမှတ်ပြုတဲ့နိုင်ငံတော် သမ္မတကြီးကို ပြည်သူများက ချစ်ခင် လေးစားကြပါတယ်။
    ဒါပေမယ့် ရခိုင်အရေးကိစ္စပေါ်လာတော့ သမ္မတကြီးက လွှတ်တော်သို့တင်ပြတဲ့ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကိုတော့ လွှတ်တော်က တိုင်းရင်းသားရခိုင်ပါတီဝင်များနဲ့ ကန့်ကွက်မှုကိုအကြောင်း ပြုပြီး“ ပလပ်“ ခဲ့ပါတယ်။  ပြီးတော့ လက်ပံတောင်း ကြေးနီတောင်ကိစ္စမှာ ဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ အများပြည်သူကို အင်အားသုံးဖြိုခွဲတဲ့ကိစ္စ ပေါ်လာတဲ့ အခါကျပြန်တော့လည်း စာရေးသူစောစောက တင်ပြခဲ့တဲ့ အတိုင်း နိုင်ငံရေးလေ့လာသူတွေနဲ့ အများပြည်သူက နောက်ကြောင်းပြန်လှည့်တော့မှာလားဆိုတဲ့ စိုးရိမ်စိတ် တွေဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေကိုလည်း သမ္မတကြီးက စုံစမ်းရေး ကော်မရှင်တွေဖွဲ့ပြီး ဥာဏ်အမြော် အမြင်ကြီးစွာကိုင်တွယ်ခဲ့သလို သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များကလည်း သံဃာတော်များကို တောင်းပန်တဲ့ပွဲတွေ ပြုလုပ်ခဲ့တာကိုလည်း တွေ့ကြရမှာပါ။
    အခုလတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုလည်း လေးစားဖွယ်ကောင်းတဲ့ ရဟန်းသံဃာတော်တွေ၊ နိုင်ငံရေးပါတီအချို့နဲ့ လူမှုရေးအဖွဲ့ အစည်းတွေကပါ ပြဿနာတွေ မဖြစ်ပေါ်အောင် လိုက်လံတားဆီးနေပါ လျက်နှင့်၊ သံဃာ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဘာသာရေး၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ ပြည်သူ အများစုကလည်း အေးချမ်းစွာနေထိုင်နေကြပါလျက်နှင့် “ဟိုနေရာမှာတော့ ဖြစ်နေပြီ၊ ဒီနေရာမှာတော့ ခံလိုက်ရပြန်ပြီ”စတဲ့ သတင်းတွေကြားနေရခြင်း၊ လူပေါင်းရာထောင်ချီပါဝင်တဲ့ အဖျက်သမား အုပ်စုကြီးက တစ်မြို့ဝင်တစ်မြို့ထွက် နဲ့ လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်ခြင်း၊ အခင်းဖြစ်ပွားရာနေရာများကို အခြေအနေကို အချိန်မီထိန်းသိမ်းနိုင်မှု မရှိခြင်း… စသည် စသည်တို့ဖြစ်ပေါ် ခဲ့မှုများကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစစ်ဆေးရေး အရာရှိ သော်မတ်စ်အိုဂျီယာ ကင်တားနားက ဒီ ပြဿနာရပ်များမှာ နိုင်ငံတော် အစိုးရပိုင်းမှ ပါဝင်ပတ်သက်မှု များရှိနေတယ်လို့ ပြောဆိုခဲ့တာကိုလည်း ဖတ်လိုက်ရပါတယ်။
    ဒါကိုလည်း နိုင်ငံတော်ပိုင်းမှ ဖြေရှင်းဆောင်ရွက်မှုများပြုလုပ်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့လည်း ရုပ်/သံမှတဆင့် မိန့်ခွန်းပြောကြားခြင်းနဲ့ ကင်တားနားရဲ့ပြောဆိုချက် ထွက်ပေါ်လာအပြီးမှ အဓိကရုဏ်းများ ဖြစ်ပေါ်လာသည်နှင့်တပြိုင်နက် ချက်ခြင်း အရေးယူဆောင်ရွက်မယ့် ကော်မတီ တစ်ရပ်ဖွဲ့စည်းခြင်းနဲ့ နိုင်ငံတော် သမ္မတကြီးရဲ့မိန့်ခွန်းမှာလည်း “မိမိအနေနဲ့ အင်အားသုံးဖြိုခွင်းတာကို မနှစ်မြို့ကြောင်း၊ ဒါပေမယ့် အများပြည်သူရဲ့အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကိုထိပါးလာမယ့် ကိစ္စမျိုးများကိုတော့ မြို့ပြ အင်အားသုံးပြီး နှိမ်နင်းမှာဖြစ်ကြောင်း၊ အဓိကရုဏ်းနှိမ်နင်းရာမှာ တိုင်းပြည်လုံခြုံရေးအတွက် အဓိကတာဝန်ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ မိမိတို့တာဝန်ရှိသည့်အတိုင်း ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြစေလိုကြောင်း…” အစရှိတဲ့ သမ္မတကြီးရဲ့မိန့်ခွန်းပြောကြားမှုတွေ ဆက်တိုက် ထွက်ပေါ်လာအပြီးမှာ တိုင်းပြည်အတွင်းမှာ အတိုင်းအတာ တစ်ခုအထိ ပြန်လည်ငြိမ်သက်တာကိုလည်း တွေ့ရပြန်ပါတယ်။ သို့သော်လည်း စာရေးသူအထက်က တင်ပြခဲ့သလိုပဲ “ပါးနပ်သောပျားရည်သုတ် လိမ်းသူများက မည်သို့သော ဗျူဟာ အခင်းအကျင်းမျိုးနဲ့ ထပ်မံထွက် ပေါ်လာမလဲ”ဆိုတာကိုတော့ အခုအချိန်ထိ အများပြည်သူက စိုးရိမ်နေကြတုန်းပါပဲ။
    “မင်းအကြောင်းပြောတော့ရာဇ၀င်”ဆိုသည့်စကားအတိုင်း သမ္မတကြီးအနေနှင့် ၎င်း၏ လက်ထက်တွင် မြန်မာ့သမိုင်းကို ရာဇ၀င်အရိုင်းခံလိမ့်မည်မဟုတ်ဟု ယုံကြည်မျှော်လင့် မိသလို သမ္မတကြီးသည် ၎င်း၏ ပကတိဖြူစင် ရိုးဖြောင့်ပြီး သမာသမတ်ရှိသော၊ ဥာဏ်အမြော်အမြင်ဖြင့် ပြည့်စုံသော၊ ကျောသား ရင်သားမခွဲခြားသော ညွှန်ကြားချက်များ၊ လုပ်ဆောင်ချက်များဖြင့် “ပရိဒေ၀ မီးလျှံများကြားမှ ကယ်ကူရာ မဲ့ဘ၀ကို ခံစားနေရသူများ”ကိုလည်း သမ္မတကောင်းပီသစွာ၊ ခေါင်းဆောင်ကောင်းပီသစွာဖြင့် ကယ်တင်ပေး ပေလိမ့်မည်၊ ပြန်လည်ထူထောင်ပေးပေလိမ့်မည်ဟု မျှော်လင့်ရင်း၊ ဆုတောင်းဆန္ဒပြုရင်းဖြင့် နိဂုံးချုပ်အပ် ပါသည်။ ။