News @ M-Media

Category: ဆောင်းပါး

  • ဘာသာရေး/လူမျိုးရေး ညွှတ်ကွင်း၊ လောင်းရိပ် နှင့် ကျွန်ုပ်တို့၏မြန်မာပြည်

    စစ်အစိုးရကြောင့် လူတွေ ပညာမတတ်ဥာဏ်နည်းသွားတာလား ၊ ဥာဏ်နည်းသည့်လူတွေကြောင့် စစ် အစိုးရဖြစ်လာခဲ့တာလား မသိ – စဉ်းစားမိ၏၊

    maketila

    ယခု ရခိုင်နှင့် တစ်ထပ်တည်းတူသည့် အရေးအခင်းတစ်ခုကို ပြည်မကြီးထဲသို့ ဆွဲသွင်းလာခဲ့ပြီ။ မကြာခင် တစ်နိုင်ငံလုံး ပြန့်ပေဦးတော့မည်။ ယခု ခေါင်းစဉ်မှာ ရခိုင်တုန်းကလို ခိုးဝင်ဘင်္ဂါလီ တိုက်ထုတ်ရေး မဟုတ်။ မွစ်လင်မ်မှန်လျှင် ကုလား၊ ကုလားအားလုံးနှိမ်နှင်းရမည် ဟူ၏။ ဖြစ်ပေါ်လာမည့် ဆိုးကျိုးရလဒ်ကို တွက်ချက်ထားပုံ မပေါ်ကြ။ အရေးအခင်းနှစ်ခုလုံး plan နှင့် လှုပ်ရှားပုံတွေက အတူတူပင်။ သို့သော် အေးချမ်းစွာဆန္ဒပြသူများ၊ ရဟန်းသံဃာများကိုပင် စိတ်ရှိတိုင်း ပစ်သတ်လေ့ရှိသော စစ်တပ်ကြီးပင်လျှင် ယခုလို ခပ်ညံ့ညံ့စီမံခန့်ခွဲ၊ အကြမ်းဖက်စော်ကားမှုများကို နှိမ်နှင်းခြင်း၊ ကာကွယ်ခြင်း မလုပ်ပေးနိုင်ကြ။ ကျွန်တော်တို့တိုင်းပြည်တွင် အစိုးရ မရှိတော့(သို့) အရပ်သားအစိုးရအသုံးမကျ ဟု အသေအချာ အကွက်ချ Brain wash လုပ်နေပုံရသည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံသားများ(လောလောဆယ်တော့ ၉၆၉ လို့အမည်ခံထားတဲ့ အကြမ်းဖက်အဖွဲ့အသစ်က ကုလားဆန့်ကျင်ရေး၊ လူမျိုးတုန်း သတ်ဖြတ်ရေး ခေါင်းစဉ်နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား အစ္စလာမ်ဘာသာ သက်ဝင်သူများကို လိုက်လံသတ်ဖြတ်နေကြသည်။) သေကြေနေကြရသည်မှာ သနားစရာ။ သူတို့ အများစုသည် သူဆင်းရဲများဖြစ်သည်။ ၀ဋ်လည်ခြင်း၊ ကျိန်စာသင့်ခြင်းများက နောက်မှ … လတ်တစ်လောမှာတော့ တိုင်းပြည် စီးပွားရေးနှင့် နိုင်ငံရေး အတွက် ရင်းနှီးမြုပ်နှံမှု အကူအညီများ ရပ်တန့်သွားပေတော့မည်။ နိုင်ငံရေးပြဿနာ (သို့) ဘာသာရေးပြဿနာများနှင့် အမြဲပြဿနာတက် လုံးထွေးရစ်ပတ်နေတတ်သောနိုင်ငံ၌ မည်သူရင်းနှီးမြုပ်နှံချင်မည်နည်း။

    အမြဲလိုလိုပင် ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များထက် စစ်တပ်မှနိုင်ငံရေး ကစားသူများမှာ အမြဲ နှာတစ်ဖျားသာနေတတ်သည်ကို ယခုကိစ္စများက သက်သေခံနေသည်။

    ယခုတော့ ပညာတတ်များ၊ ပညာရှင်များ အလယ်အလတ် အတွေးအခေါ်ရှိသူများသည်ပင် သူတို့ ၏ထောင်ချောက်ထဲရောက်သွားပေပြီ။ ကျွန်တော့် သူငယ်ချင်းများပင်လျှင် ဟုတ်သော်ရှိမဟုတ်သော်ရှိ ကုလား မုန်းတီးရေး post များ၊ လုပ်ကြံ ဖန်တီးထားသော post များကို အရည်မရအဖတ်မရ Share ကြသည်။ အချင်းချင်း သတင်းပေးကြသည်။ သူငယ်ချင်းအရင်း ခေါက်ခေါက် မွတ်စ်လင်များကိုမြင်လျှင်ပင် မဆက်ဆံချင်သယောင် မျက်နှာပေးများနှင့်ကြည့်ကြသည်။ Facebook လို social network တွေကိုပင် သူတို့သိမ်းပိုက်ထားလိုက်ပြီ။ မြန်မာပြည်သူများကို သူတို့ လိုသလို ပုံသွင်းနိုင်နေပြီ။ ပညာတတ်လူငယ်များကို နောင်မျိုးဆက်ပေါင်းများစွာ ပြဿနာတွေ လက်ဆင့်ကမ်းနိုင်ဖို့ Brain Wash လုပ်ပေးနေကြပြီ။

    ဒီကြားထဲ အရင်ထဲက ပြဿနာပေါင်းများစွာဖန်တီးပြီး တိုင်းပြည်အား ချောက်ထဲထိုးချပေးခဲ့သူတို့၏ မျိုးဆက်တွေကလည်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနှင့် တိုင်းပြည်ကို ချောက်ထဲ ပြန်လည်တွန်းချဖို့ နိုင်ငံရပ်ခြားမှပြန်ရောက်နေကြပြီး၊ အမျိုးသားရေးအတွက် ဘာသာရေး လှုံ့ဆော်မှုများအားဖြင့် အဓိကရုဏ်းတွေ ဖန်တီးပေးနေကြသည်။ ဘာသာတိုင်းတွင် ဆိုးသွမ်းသောလူများနှင့် အတွေးအမြင်များ ရှိတတ်ကြစမြဲ။ သို့သော် မကောင်းသည့်သူများကိုသာကွက်ကြည့်၍ ဘာသာတစ်ခုလုံးကို လက်ညှိုးထိုးပြီး စော်ကားပုတ်ခတ်ခြင်း၊ ထိုဘာသာဝင်များအား ကောင်းသူ၊ ဆိုးသူမခွဲခြားဘဲ အနိုင်ကျင့်စော်ကားရုံမက အသက်ကိုပါ လူမဆန်စွာ သတ်ဖြတ်ခြင်းများကို မည်သည့်ဘာသာတရားကမျှ ခွင့်ပြုမည်မဟုတ်ပါ။

    သူတို့၏ ရည်ရွယ်ချက်က ဗုဒ္ဓဘာသာအကြမ်းဖက်လှုပ်ရှားသူများအဖွဲ့တစ်ခု မြန်မာနိုင်ငံမှ ထွက်ပေါ်လာရေးအတွက် ဦးတည်နေပုံရသည်။ ယခင် စစ်တပ်ခေါင်းဆောင်ဟောင်းများ၊ ယခု အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားအသစ်များ နှင့် အချို့နိုင်ငံရေး အဖွဲ့အစည်းများမှ ဦးစီးဦးရွက်ပြုနေကြသည်မှာ ပေါ်လွင်နေသည်။ ဦးနေ၀င်းသမီး စန္ဒာဝင်း (ကြံ့ဖွတ်ဆရာ တစည၏မိခင်ကြီး) မှ ၉၆၉ ဘစ်ကားလိုင်း အသစ်ထောင်ကြောင်း ယနေ့မှာပင် post တစ်ခုဖတ်ရသည်။

    နိုင်ငံရေးတိုက်ဆိုင်မှုများ၊ အခြေအနေတိုက်ဆိုင်မှုများကို ရိုးရိုးလေးစဉ်းစားလျှင်ပင် အဖြေပေါ်နိုင်သည်။ NLD ကြားဖြတ်ရွေးကောက်ပွဲ နိုင်သည်။ ကချင်စစ် ပြန်စသည်။ ဆိုင်းတောင်၊ ကံမ တွင် ဘာသာရေး အဓိကရုဏ်းဖြစ်ရန် ရန်စသည်။ ရခိုင်အရေးဖြစ်ပေါ်သည်။ ၄င်းနောက် လက်ပန်းတောင်းတောင်ကိစ္စ၊ ပြီးလျှင် ကချင်ကိစ္စ ထပ်ရှုပ်ပြန်သည်။ ကချင် အဆင်ပြေရန် ၀ိုင်းဝန်းကြိုးစားနေစဉ် (နှင့်) လက်ပန်းတောင်းတောင်ကိစ္စ လုံးပန်းနေချိန်အတွင်း ၉၆၉ ကို စံနစ်တကျလှုပ်ရှားသည်။ သာကေတတွင် ရန်သွားစသည်။ မရသည့်အဆုံး ယခုတော့ ပြည်တွင်း NLD အမတ်၏နယ်မြေ မိထ္ထီလာမှ ဘာသာရေးအဓိကရုဏ်း စဖန်တီးလာပြီ။ ဘာရယ်မသိ ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ၈၈ နောင်တော်များ၏ အသက်အန္တရာယ်အတွက် စိတ်ပူပန်နေမိသည်။ သမ္မတကြီးနှင့် နိုင်ငံ့အပြောင်းအလဲ
    ဦးဆောင် ကြိုးစားနေသူများအတွက်လည်း ဘယ်အချိန် ထိုးကြွေးခံရလိမ့်မည်နည်း ဟု စိုးရိမ်ပူပန်မိနေသည်။ ရှားရှားပါးပါး ရရှိခဲ့သော ခေါင်းဆောင်ကောင်းများ မဆုံးရှုံးပါရစေနှင့်ဟုလည်း ဆုတောင်းနေမိသည်။

    ယခု ကိစ္စ ဖြစ်သည့်အချိန်မတိုင်ခင်လေးပင် နေရွှေသွေးအောင်မှ ယဉ်ထိန်းရဲ တစ်ဦးကို ပါးရိုက်စော်ကားသည်ဟု သတင်းများ တက်လာသည်။

    ၉၆၉ ဦးဆောင်နေသူ နာမည်ကျော်တစ်ဦး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ၌ တက်ရောက် မိန့်ခွန်းပြောသည်။ ပြီးတော့ နောက်နေ့မှာပင် အရပ်သားနှစ်ဦး အရောင်းအ၀ယ်မတည့်သည်ကို အကြောင်းပြုပြီး အဓိကရုဏ်း စဖြစ်သည်။ ကဲ့ ၊ စဉ်းစားကြည့်တော့… နောက်ပြီး ရိုက်သူများ လူစုဖွဲ့ ရမ်းကားသူများမှာလည်း မြို့ခံများ မဟုတ်။ မြို့ခံဘုန်းကြီးကျောင်းများ၊ မြို့ခံ လူငယ်များမှ သူတို့၏အိမ်၌ဘာသာခြားဆိုသူများကို အကာအကွယ်ပေးထားကြသည်။ သို့သော် အစိုးရ၏လုံခြုံရေးအဖွဲ့ကတော့ ရခိုင်တုန်းကလိုပင် ဒုက္ခသည်များကို Isolate လုပ်ပေးသည်။ ဘေးကင်းရာခေါင်းစဉ်နှင့် နယ်နှင်ဒဏ်ပေးနေသည်။ ဒုက္ခသည်များ၏ ပိုင်ဆိုင်မှုများကို ထိုမြို့ခံမဟုတ်သော အကြမ်းဖက်သူများကို ခွဲဝေယူစေသည်။ နိုင်ငံပိုင်သတင်းနှင့်လည်း လှုံ့ဆော်ပေး၍ ကူညီပံ့ပိုးပေးသည်။ နှစ်ရက်အတွင်း မိထ္ထီလာသည် ရခိုင်ကဲ့သို့ မီးလောင်ပြီးကျန်ခဲ့သော ရပ်ကွက်များနှင့် လူသေအလောင်းများကို မြင်မကောင်း၊ရှုမကောင်း တွေ့နေရပြီဖြစ်သည်။

    တိုင်းပြည်ကောင်းရန် ကြိုးစားနေသော နိုင်ငံရေးသမားတိုင်းက ဒီတစ်ခေါက်ဖြစ်သည်ကို အလွန်အန္တရာယ်ရှိကြောင်း ရှုမြင်ကြသည်။ ကျနော်တို့ ၈၈ နောင်တော်ကြီးများကလည်း အားလုံးဝိုင်းထိန်းကြဖို့ ပန်ကြားနေကြသည်။ ဆရာတော်ကြီးများ၊သံဃာတော် အရှင်သူမြတ်ကြီးများကလည်း ၀င်ထိန်းပေးနေသည်ကိုတွေ့ရသည်။

    ကျွန်တော့်သူငယ်ချင်းများကတော့ မဆီမဆိုင် ဘာကြောင့်ရယ်မသိ မွတ်စ်လင်မ် မှန်လျှင် မွေးကတည်းက ပေါင်းသင်းလာသောသူငယ်ချင်းများ၊ ကျောင်းနေဘက်သူငယ်ချင်းများ၊ အလွန်ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများကိုပင်လျှင် သံသယနှင့် စကားပြောလာကြသည်။ အနည်းဆုံးတော့ မိတ်ဆွေများ တစ်ဦးနှင့် တစ်ဦးတွေ့လျှင်ပင် နှုတ်ဆက်ဖို့ရှိန်နေကြသည်။ အနာဂတ်တွင် ဘယ်လို လူ့အဖွဲ့အစည်းကြီး မြန်မာပြည်တွင် ပေါ်လာမည်ကို စဉ်းစားတိုင်း ရင်လေးမိသည်။

    မည်သို့ဆိုစေ ဆိုးရွားသောစစ်အစိုးရကြောင့် ကျွန်တော်တို့ ပညာမတတ် ဥာဏ်နည်းခဲ့ရသည် ဆိုလျှင်လည်း နောက်မျိုးဆက်ပေါင်း များစွာမှာ ကျွန်တော်တို့ ဥာဏ်နည်းသည့်အတွက်ကြောင့် ဆိုးရွားသော စစ်အစိုးရနှင့်ပင် စခန်းသွားနေရမည်ဖြစ်ပြီး ၊ ဤကဲ့သို့ပြဿနာများ မြန်မာပြည်တွင် စဉ်ဆက်မပြတ် ဆက်လက် ပေါ်ပေါက်နေမည်မှာ သေချာသလောက် ဖြစ်နေလေပြီ။

    ပြဿနာများ အမြန်ဆုံး ပြေငြိမ်း၍ မြန်မာတစ်နိုင်ငံလုံး အေးချမ်းသာယာပြီး၊ ကမ္ဘာ့အလယ “ မြန်မာနိုင်ငံသား ” ဟုဆိုလိုက်သည်နှင့် မည်သည့် ဘာသာဝင်ကိုမဆို ခန္တီစတရား၊ မေတ္တာတရားကြီးမားသူများအနေနှင့် ပြန်မြင်နိုင်သည်အထိ ၀ိုင်းဝန်းကြိုးစားနိုင်ကြပါစေ ဟုလည်း လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုမိပါသည်။

    ရေးသားသူ Myo Min ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • ဗုဒ္ဓဘာသာ၏ ငြိမ်းချမ်းမှုတရားမှ စစ်သွေးကြွအသွင်သို့

    မတ် ၉ ၊ ၂၀၁၃
    ဆောင်းပါးရှင် – O’Laie Manzu

     pahan

    ဘာသာတိုင်းတွင်ဂိုဏ်းကွဲ များစွာရှိသည်။ ခရစ်ယာန်တွင် ကက်သလစ်နှင့် ဘပ္ပတစ္စ၊ အစ္စလာမ်တွင် ဆွန်နီနှင့် ရှီအာ၊ ဗုဒ္ဓဘာသာတွင် မဟာယန၊ ထေရ၀ါဒ အစရှိသဖြင့် ကွဲပြားကြသည်။ ထိုမှတဆင့် ခေတ်ကာလအလိုက်၊ နေရာဒေသအလိုက် အယူဝါဒများ၊ ဂိုဏ်းကွဲများထပ် မံကွဲပြားကြသည်။ ဂိုဏ်းဂဏတစ်ခု၏ လုပ်ဆောင်ချက်များသည် ဘာသာတစ်ခုလုံးနှင့် သက်ဆိုင်မှု မရှိသော်လည်း အနည်းနှင့်အများဆိုသလိုပင် ဘာသာတစ်ခုလုံးအပေါ်တွင် ထင်ဟပ်လေ့ရှိသည်။ အရှေ့အလယ်ပိုင်းမှ အစ္စလာမ် ဘာသာရေး အစွန်းရောက်များနှင့် စစ်သွေးကြွများကြောင့် ငြိမ်းချမ်းရေးအား ဦးထိပ်ထားသည့် အစ္စလာမ်သာသနာအပေါ်တွင် အမည်းစက်များစွန်းထင်ရသည်။ ထိုနည်းတူစွာပင် လက်ရှိမြန်မာနိုင်ငံ၌ စစ်သွေးကြွအသွင် ကူးပြောင်းလာနေသော အစ္စလာမ်ဆန့်ကျင်ရေး ဗုဒ္ဓဘာသာ ၀င်အစွန်းရောက်များ၏ လုပ်ရပ်များသည်လည်း ဗုဒ္ဓဘာသာတခုလုံး၏ ပုံရိပ်အား ထိပါးလာမည်ဖြစ်သည်။ အစွန်းအထင်းများ အဖြစ်သာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။

    မုန်းသန္ဓေ ပျိုးရေလောင်း

    မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင် ကူးပြောင်းလာသည်နှင့်အတူ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု ဆိုသည့် ဒီမိုကရေစီ၏ အနှစ်သာရလည်း လူပြောများသည့် စကားလုံးဖြစ်လာခဲ့သည်။ သို့သော် အချို့သော လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်များသည် မြန်မာပြည်အတွင်း ရာစုနှစ်ပေါင်း များစွာ နေထိုင်ကြသော မြန်မာမွတ်စလင်များအား လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု ရှိရေးတို့တွင် အသိအမှတ် မပြုလိုကြပေ။ အရှေ့အလယ်ပိုင်းမှ အစ္စလာမ်ဘာသာရေးအစွန်းရောက်များ၏ လုပ်ရပ်များအား လက်ညိုးထိုးကာ ငြိမ်းချမ်းစွာ နေထိုင် ကြသည့် မြန်မာမွတ်စလင်များအား ရာသက်ပန် ခွဲခြားဆက်ဆံရန်၊ ဖိနှိပ်ချုပ်ချယ်ရန်နှင့် အခွင့်အရေးများပိတ်ပင်တားဆီးရန် လုပ်ဆောင်နေကြသည်။ မြန်မာမွတ်စလင်များအား နိုင်ငံခြားသားများ၊ ကျူးကျော်ဝင်ရောက်လာသူများ၊ ကုလားများ ဟု တံဆိပ်အမျိုးမျိုးကပ်ကြသည်။ နိုင်ငံတော် အတွက် ကောင်းကျိုးပြုခဲ့သည့် သမိုင်းအစဉ်အလာအား ဖုံးကွယ်ကြသည်။ ခေတ်အဆက်ဆက်တွင် သန္ဓေချထားခဲ့သည့် အစ္စလာမ်မုန်းတီးရေး စိတ်ဓါတ် အား နှိုးကြွလာရန် လှုပ်ဆော်ကြသည်။

    အစ္စလာမ်ဆန့်ကျင်ရေးသည် ရိုဟင်ဂျာလူမျိုးတို့အား နှိပ်ကွပ်ရာမှ တစစ အရှိန်မြင့်လာခဲ့ခြင်းဖြစ်သည်။ ရခိုင်အမျိုးသားရေးအစွန်းရောက်များမှ မေယုဒေသတွင် မျိုးရိုးစဉ်ဆက်အလိုက် နေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်များအား သုတ်သင်ရှင်းလင်းရန် အဓိကရုဏ်းများဖန်တီးခဲ့သည်။ ညှဉ်းပမ်းသတ်ဖြစ်ခဲ့သည်။ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် ဗုဒ္ဓဘာသာဝင်များအကြားတွင် အစ္စလာမ်ဘာသာဝင်များကပင် ကျူးကျော်စော်ကားနေသည့်သဖွယ် သတင်းမှားဖြင့် ဝါဒဖြန့်ကြသည်။ မြန်မာနိုင်ငံ အနှံ့သို့ ကူးဆက်လာစေခဲ့သည်။

    P6020001

    ကာကွယ်ခြင်းအမည်ခံ ဘာသာရေးစော်ကားမှု

    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များသည် စော်ကားမှုလည်းမပြု။ ကျူးကျော်မှုလည်းမရှိ။ မိမိတို့၏ မွေးရပ်ဇာတိမြေတွင် ငြိမ်းချမ်းစွာနေထိုင် ကြသူ များဖြစ်သည်။ အင်္ဂလိပ်ခေတ်အတွင်း ပြောင်းရွေ့ရောက်ရှိလာကြသော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်မှ မျိုးနွယ်ဝင်များရှိသကဲ့သို့ ပရူး၊ ပသီ၊ ပန်းသေး၊ ကမန်းနှင့် ရိုဟင်ဂျာကဲ့သို့ ရာစုနှစ်ပေါင်း များစွာ မျိုးရိုးစဉ်ဆက် အလိုက် နေထိုင်လာကြသည့် မြန်မာလူမျိုးစုများလည်းရှိသည်။ အများစု က နိုင်ငံတော်အား သစ္စာရှိကြသည်။ ကောင်းကျိုးပြုကြသည်။ သို့သော် ကျူးကျော် ဝင်ရောက်လာသူ အစ္စလာမ်သာဘာဝင်များ၏ ရန်မှ ကာကွယ်ရန် လိုအပ်သည်ဟု ကြွေးကြော်နှိုးဆော်ခြင်းကို ခံကြရသည်။ အမျိုးဘာသာ သာသာသနာ ကာကွယ်ကြရန်ဟု ခေါင်းစဉ်ကို အလွဲသုံးက မလိုတမာမုန်း တီးရေး အရင်းခံတရားများကို တိုက်တွန်းကြသည်။ ကာကွယ်ဖို့ရာ ရန် မရှိ ရန်ရှာကြသည်။ သွေးဆူမီးတိုက်ကြသည်။ လက်တွေ့တွင် ကာကွယ်ခြင်း မဟုတ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား အလွဲသုံးစားပြုကာ ဘာသာရေး စော်ကားမှုကိုသာ ဦးတည်နေသည်။ သည်းခံနိုင်မှု၏ အတိုင်းအတာ လွန်အောင် တစ်ဆင့်ထက် တစ်ဆင့်တိုးမြှင့် စော်ကားလာကြသည်။

    အစ္စလာမ်သာသနာဝင်များ သက်ဝင်ယုံကြည်သည့် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်အား လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် ညစ်ညမ်းစွာ ဆဲရေးတိုင်း ထွာကြသည်။ အစ္စလာမ်သာသနာအား သယ်ဆောင်လာပေးသည့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွလ္လာဟို အလိုင်းဟေ ဝဆလာမ်) သခင်အား ရုပ်ပြောင် ကာတွန်းများ ရေးဆွဲကြသည်။ မြိန်ရည်ရှက်ရည် ဟားတိုက်ရယ်မောကြသည်။ ကိုရ်အာန် ကျမ်းစာ၏ သွန်သင်မှုများအား လိုရာဆွဲကာ အမှားမှား အယွင်း ယွင်းဖော်ပြ ရှုံ့ချကြသည်။ ဤကဲ့သို့ ဘာသာရေး စော်ကားမှုများ ပြုလုပ်နေခြင်းသည် မြန်မာမွတ်စလင်တို့၏ တုန့်ပြန်မှုကို လှုံ့ဆော်နေကြခြင်း သာဖြစ် သည်။ ပြဿနာအား ဖန်တီးနေကြသည်။ သို့သော် မြန်မာနိုင်ငံတွင် ဗလီဝတ်ကျောင်းတော်ပေါင်းများစွာ ဖျက်ဆီးခြင်းခံရသော် လည်း မြန်မာမွတ်စလင် တို့အဖို့ ကျူးကျော်စော်ကားမှုမပြု။ ယနေ့ ထက်ထိတိုင် ငြိမ်ချမ်းစွာနေထိုင်ကြသည်။ ငြိမ်းချမ်းစွာဖြေရှင်းကြသည်။

    စည်းရုံးရေးဗျူဟာ

    မြန်မာမွတ်စလင်များမှ အန္တရာယ်ပြု ကျူးကျော်စော်ကားခြင်း မရှိသောကြောင့် အရှေ့အလယ်ပိုင်းရှိ ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမား များ၏ သွေးသံတရဲရဲဖြင့် သတ်ဖြတ်နေပုံများအား အစားထိုးဖော်ပြကြသည်။ ခေါင်းမှီးခြုံ အစ္စလာမ်အယောင်ဆောင် အမျိုးသမီးများ၏ ရုပ်သံဖိုင်တွဲ များလွင့်တင်ကာ အစ္စလာမ့်ကိုးကွယ်ရာအရှင်အား ရင့်သီးအောက်တန်းကျသည့် အသုံးအနှုံးများဖြင့် ရိုင်းစိုင်းစွာ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ကြသည်။ ဗမာအမျိုးသမီးများနှင့် အိမ်ထောင်ပြုကာ ၄င်းတို့အားကျွန်ပြုနေကြကြောင်း၊ အကြမ်းဖက်မှုအတွက် လူအင်အားစုနေကြကြောင်း၊ ဘာသာရေး ခေါင်းဆောင်များ ရှရီယာဥပဒေသုံး၍ သေဒဏ်ပေးနေကြကြောင်း၊ ဗလီကျောင်းများတွင် မြေအောက် လှိုဏ်ဂူများ တည်ဆောက်နေကြေ ကြာင်းစသဖြင့် အစ္စလာမ်ဘာသာအား ရွံ့ရှာမုန်းတီးစေရန် လုပ်ကြံဝါဒဖြန့်ကြသည်။

    အချို့သော အင်တာနက်စာမျက်နှာများ၊ သတင်းမီဒီယာများ၊ ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ၊ သတင်းဖြန့်ဝေသူများမှ ဘာသာရေးအမုန်းပွားစေ ရန်အတွက် နေ့စဉ်နှင့်အမျှ အစဉ်တစိုက်လှုပ်ဆော်လျှက်ရှိ သည်။ ဘုန်းကြီးကျောင်းများတွင် အစည်းအဝေးများပြုလုပ်ကာ အစ္စလာမ်ဆန့်ကျင်ရေး စိတ်ဓါတ်မြင့်မားစေမည့် လုပ်ဆောင်ချက် ရုပ်သံဖိုင်တွဲများအားလည်း ဝေငှကြသည်။ အစ္စလာမ်ဆန့်ကျင်ရေး စာအုပ်များ၊ လက်ကမ်းစာစောင် များ၊ ကြေညာချက်များအား လူအများလက်ထဲရောက်ရှိစေရန်အတွက် လူအသွားအလာများသည့်နေရာများတွင် ပေါ်ပေါ်ထင်ထင် လိုက်လံဝေငှနေသည်။ တားဆီးမည့်သူ မရှိ၊ ပိတ်ပင်မည့်သူမရှိ၊ ပြင်ဆင်ဖြေရှင်းပေးမည် သူမရှိ။ နိုင်ငံရေးသမား၊ တော်လှန်ရေး သမားများမှလည်း သတိမပြုမိသလို ဖာသိဖာသာနေ နေကြသည်။ သို့မဟုတ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမှာ မြန်မာမွတ်စလင်များ အတွက်မပါဟု မှတ်ယူထားလေသလား မသိ။

    အစွန်းရောက် မှတဆင့် စစ်သွေးကြွဆီသို့

    အစ္စလာမ်ဆန့်ကျင်ရေး အရှိုန်အဝါကြီးထွားလာပြီး ၇၈၆ အားတိုက်ဖြတ်ရန် ဟုဆိုကာ ၉၆၉ ပေါ်ထွက်လာသည်။ ၇၈၆ ဆိုသည်မှာ “အနန္တ ကရုဏာတော်ရှင်ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏” ဟူသော အဖွင့်နိဒါန်း အား အာရဗီဘာသာစကား အက္ခရာတစ်ခုချင်းစီနှင့်သက်ဆိုင်သည့် ကိန်းကဏ္ဍန်းများပေါင်းစပ်ထားသော နံပါတ်တစ်ခုဖြစ်သည်။ အတိုကောက်ရေးသည့် သဘောဖြင့်ပြီး အမြတ်တနိုးထားကြသည်။ ရန်လိုသောအသွင်မပါ။ သို့သော် အချို့သော ဗုဒ္ဓဘာသာ အစွန်းရောက်များမှ မည်သို့အဓိပ္ပါယ်ကောက်ယူသည်မသိ။ ၇၈၆  ဂဏန်းကို နှိမ်နင်းချေမှုန်းလိုသည်။ ထို့ကြောင့် ဘုရားဂုဏ်တော်ကိုးပါ၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာဂုဏ်တော် ကိုးပါ အား အစွဲပြု၍ ၉၆၉ ဟု တီထွင်ကာ အစ္စလာမ်ဆန့်ကျင်ရေး အမှတ်တံဆိပ်အဖြစ်သုံးဆွဲလာသည်။ သဘောတရားချင်းလည်းမတူ။ အနှစ်သာရချင်းလည်းမတူ။ ၉၆၉ အား အသုံးပြု၍ လူပေါင်းများစွာသေကြေပျက်စီးမည့် ဘာသာရေးအဓိကရုဏ်းအားဖန်တီးရန်ကြံရွယ် လှုံဆော်နေခြင်းသည် ဘုရားတရားသံဃာ အမည်ခံ၍ အကုသိုလ်ပြုနေကြခြင်း ထက်မပိုပေ။

    ဤသည်ကို အမြော်အမြင်ကျဉ်းမြောင်းလှသည့် အချို့သော ဗုဒ္ဓဘာသာ အစွန်းရောက်သမားများသည် ဗုဒ္ဓဘာသာ၏ သွန်သင်ဆုံးမမှုများ မှ သွေဖီခွဲထွက်လာသော ယင်းဘာသာရေး အစွန်းရောက်ဂိုဏ်းခွဲ များအား လက်ခံအားပေးကြသည်။ သံဃာတော်များ ကိုယ်၌ပင်လျင် ဦးဆောင်နေသည်ကိုလည်း အံ့သြစွာတွေမြင့်ရသည်။ အမျိုးဘာသာ သာသနာအား ကာကွယ်ရန်အမည်ခံကာ အစ္စလာမ်ဘာသာအား စော်ကားလာရာမှ အစွန်းရောက်များ၏ အမုန်းလှိုင်းနှင့် အတူ ကိုယ်ထိလက်ရောက်စော်ကားမှုများ၊ အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် ဖန်တီးနေသည့် အသွင်သို့ ကူးပြောင်းလာမည်။ ၎င်းတို့၏လှုပ်ရှားမှုမှာလည်း ဆက်လက်ကြီးထွားလာနေမည်ဖြစ်သည်။ ငြိမ်းချမ်းမှုအား ပြိုပျက်စေမည့် လမ်းကြောင်းပေါ်သို့ ဗုဒ္ဓဘာသာ အမည်ခံသည့် စစ်သွေးကြွများပေါ်ထွက်လာနေကြောင်းနှင့် ဗုဒ္ဓမြတ်စွာ၏ အမည်နာမအား တွင်တွင်သုံးကာ မြန်မာမွတ်စလင်တို့၏ အသက်အိုးအိမ်စည်းစိမ်အား ဖျက်ဆီးကြမည့် အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မျှော်မှန်းသုံးသပ်မိပါသည်။ ထို့ကြောင့် အချိန်မနှောင်းမီ သက်ဆိုင်ရာအာဏာပိုင်များ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် အမြော်အမြင်ရှိသည့် နိုင်ငံရေးအဖွဲ့အစည်းခေါင်းဆောင်များဦးဆောင်ကာ ဘာသာရေး စော်ကားမှုများ၊ လူမျိုးရေးခွဲခြား မှုများအား ဥပဒေဘောင်အတွင်းမှ တားမြစ်သင့်ပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

    (ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာ ဖြစ်ပါသည်။)

  • သမားတို့၏ ဥသျှောင်

    M-Media

    မတ် ၉ ၊ ၂၀၁၃

    onislam.net တွင်ဖော်ပြထားသော My Muslim Hero Project: The Doctor of Doctors (ရေးသားသူ ခရစ်ယာန်ဘာသာဝင် Dr. Jay Hayes-Light ) ဆောင်းပါးကို မြန်မာပြန်ပါသည်။

     

    Avicenna Aug 23, 2011
    အစ္စလာမ့် သမားကျော် အစ်ဗနေ့ဆီနာ

    ကျနော့်ရဲ့ ရှုထောင့်အရဆိုရင်ပေါ့ဗျာ။ မွတ်စလင်သူရဲကောင်းတွေကို ရွေးချယ်ရခြင်းဟာ အလွန်ကိုခက်ခဲလှပါ တယ်။ ရွေးချယ်စရာ အလွန်နည်း လို့ တော့ မဟုတ်ဘူး။ သူရဲကောင်းအမျိုးသားတွေ၊ အမျိုးသမီးတွေ မြောက်များစွာထဲက ရွေးချယ်ရမှာ ဖြစ်လို့ပါ။

    တွေးခေါ်ပညာရှင် ဘာထရန် ရော့ဆဲလ်(Bertrand Russell) ရေးတဲ့ အနောက်ကမ္ဘာ ဒဿနိကဗေဒသမိုင်း (History of Western Philosophy) စာအုပ်ထဲမှာ၊  သိပ္ပံ၊ ဒဿနိကဗေဒ၊ ဘောဂဗေဒ၊ အနုပညာ၊ ကဗျာစာပေနဲ့ ဆေးပညာ စတဲ့ နယ်ပယ်တွေကို   တစ်ခေတ်ဆန်းသစ်စေခဲ့တဲ့ အစ္စလာမ်နဲ့ မွတ်စလင် လူ့အဖွဲ့အစည်းရဲ့ ကူညီထောက်ပံ့မှုတွေအကြောင်းကို ၀န်ခံ ဖော်ပြထားပါတယ်။

    သူရဲကောင်းတစ်ယောက်အဖြစ် ခွဲခြားသတ်မှတ်တဲ့အခါ အကြင်နာမေတ္တာကို အဲဒီလူရဲ့ ၀ိသေသလက္ခာတွေထဲက တစ်ခုအဖြစ် တန်ဖိုးဖြတ်ဖို့ ကျနော့် အယူဝါဒ(ခရစ်ယာန်)ရဲ့ သွန်သင်မှုက ကျနော့်ကို တိုက်တွန်းနှိုးဆော်ပေးတယ်။ ဒါပေမယ့် ကျနော့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကလည်း ကျနော့်ရွေးချယ်မှုကို လွှမ်းမိုးခဲ့ပါတယ်။  ကျနော်ဟာ ကလေးစိတ်ကျန်းမာရေး ပါရဂူတစ်ယောက်ပါ။ ပြီးတော့ အစ္စလာမ့်ဆေးပညာက လူသားတွေ ကို ပေးအပ်ခဲ့တဲ့ ကူညီထောက်ပံ့မှုကိုလည်း ကျနော် သတိပြုမိပါတယ်။

    အစ္စလာမ်သာသနာ စတင်ပြီး ရာစုနှစ်အနည်းငယ်အတွင်းမှာ အစ္စလာမ်ကမ္ဘာဟာ အနောက်ဘက် အတ္တလန်တိတ် သမုဒ္ဒရာအထိ၊ အရှေ့ဘက် အိန္ဒိယ သမုဒ္ဒရာအထိ ကျယ်ပြန့်သွားခဲ့ပါတယ်။ မွတ်စလင်တွေ သွားခဲ့တဲ့နေရာတိုင်းမှာ ယူနာနီ (Unani) သမားတော်တွေ ပါဝင်ခဲ့ပါတယ်။ ရောက်ရှိတဲ့ အရပ်ဒေသရဲ့အခြေအနေ၊ ရင်းမြစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် သူတို့ကိုယ်သူတို့ ပြင်ဆင်ပါတယ်။ အဲဒီ သမားတော်တွေဟာ သူတို့ရောက်ရှိ ခဲ့တဲ့ ဓလေ့အမျိုးမျိုး၊ ဆေးကုသမှု ပုံစံအမျိုးအမျိုးကနေ ဆေးဝါးအသစ်တွေ၊ နည်းပညာတွေ၊ ကုသမှုနည်းလမ်းအသစ်တွေကို လေ့လာရင်း ယူနာနီ ဆေးပညာရပ်ကို (Unani Tibb) ပိုမို ကြွယ်ဝစေခဲ့ပါတယ်။ အဲဒီအထဲမှာ အိန္ဒိယက အယုဝိဒဆေးပညာနဲ့ မြေထဲပင်လယ် ဘက်က ဆေးပညာ ရပ်တွေလည်း ပါဝင်ပါတယ်။

    ၁၃ ရာစု အဆုံးပိုင်းလောက်မှာ အာရဗ်ပညာရှင်များဟာ ဆေးပညာထဲကို သင်္ချာ ပညာရပ် ပေါင်းထည့်ခဲ့ပါတယ်။ ဒါဟာ ဆေးကုသ မှုဆောင်ရွက်တဲ့ အခါနဲ့ ဆေးညွှန်းတွေရေးတဲ့အခါမှာ တိကျဖို့အတွက် လမ်းဖွင့်ပေးခဲ့တာဖြစ်ပြီး၊ သာမန်ဆရာဝန်များ၊ ခွဲစိတ်ကုဆရာဝန်များ ရောဂါရဲ့ဇစ်မြစ်ကို မှန်းဆဖို့ နည်းလမ်းပေးခြင်းလည်းဖြစ်ပါတယ်။ လေ့လာစူးစမ်းခြင်း၊ လက်ရှိ အဖြစ်အပျက်၊ တွက်ချက်မှုတွေကို အသုံးချပြီး ရောဂါရဲ့အဆိုးဝါး ဆုံးအချိန် ကို တွက်ချက်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ လူနာတွေအတွက် ပိုမို ထိရောက်တဲ့ ဆေးညွှန်းကို ပေးနိုင်မှာပါ။

     

    အစ်ဗနေ့ဆီနာ

    သူရဲကောင်းတစ်ယောက်ကို ရွေးချယ်ဖို့အတွက် ဆေးပညာရပ်နယ်ပယ်ကို ဆွဲခေါ်သွားပါမယ်။ ကျနော်၏ ရွေးချယ်မှုကတော့ အဗီဆီနာ (Avicenna)(အဘူ အလီ ဆီနာ သို့မဟုတ် အစ်ဗနေ့ ဆီနာ (Abu Ali Sina, or Ibn Sina (980-1037)) ဖြစ်ပါတယ်။ အဗီဆီနာဟာ ပါရှန်(အီရန်) လူမျိုး သမားတော်နဲ့ ဒဿနိကဗေဒပညာရှင် ဖြစ်ပြီး ဆမနစ် မင်းဆက်(Samanid dynasty)၊ မြို့တော် ဘူခါရာ(Bukhara) မြို့အနီးအနား မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ်ရောက်ချိန်မှာ သူဟာ ကုရ်အာန်ကျမ်းစာ၊ အာရဗီဘာသာစာပေနှင့် အာရဗီသဒ္ဒါ ကို လေ့လာသင် ယူခဲ့ပါတယ်။

    အသက် ၁၆နှစ်အရွယ်မှာ သဘာဝသိပ္ပံဘာသာရပ်၊ အခြေခံ ရုပ်လွန်ပညာနဲ့ ဆေးပညာရပ် တို့ကို လည်း ကျွမ်းကျင်တတ်မြောက်ခဲ့ပါယ်။ အဲဒီနောက်ပိုင်း မှာ သူဟာ လူနာတွေကို စတင်ကုသပါတယ်။

    အဗီဆီနာ(အနောက်ကမ္ဘာက ခေါ်ဝေါ်သည့် အမည်)ဟာ ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ ဥပဒေ၊ နက္ခတ္တဗေဒ စတဲ့ ပညာရပ်နယ်ပယ်တော်တော်များများမှာ ကူညီပေးခဲ့သူပါ။ ဒါပေမယ့် သူရဲ့ အကြီးမားဆုံး အမွေအနှစ်ကတော့ ဆေးပညာနယ်ပယ်မှာ ကျန်ရစ်ခဲ့ပါတယ်။ သူဟာ အရစ္စတိုတယ်ရဲ့ အယူအဆကို အဓိက ဘာသာပြန်ခဲ့သူဖြစ်ပြီး၊ သိပ္ပံနယ်ပယ်၊ ဘာသာရေးနယ်ပယ်နဲ့ ဒဿနိက နယ်ပယ်တို့အတွက် စာအုပ်ပေါင်း ၂၀၀ နီးပါး ရေးသားခဲ့ သူလည်းဖြစ် ပါတယ်။

    အဗီဆီနာရဲ့ အရေးအကြီးဆုံး လုပ်ဆောင်ချက် နှစ်ခုကတော့ ရှီဖာ (‘Shifa’) နဲ့ အလ် ကန်နန် ဖိတစ်ဘ်( ‘Al Qanun fi Tibb’) ခေါ်တဲ့ ကျမ်းနှစ်စောင် ပြုစုခဲ့တာပါ။ ပထမတစ်အုပ်ကတော့ (အရစ်တိုတယ်ရဲ့ အယူအဆကို အခြေခံထားတဲ့) ဒဿနိကဗေဒဆိုင်ရာ စွယ်စုံကျမ်းကြီးဖြစ်ခဲ့ပြီး၊ ဒုတိယတစ်အုပ်ကတော့ ဆေးပညာသမိုင်းမှာ တခုတည်းသော အကျော်ကြားဆုံး စာအုပ်ပါ။ သူရဲ့ ဆေးကုသမှုစနစ်တွေဟာ ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာ အချိန်အတော်ကြာ စံနမူနာဖြစ်ခဲ့ပါတယ်။

    ကန်နန်စာအုပ်ဟာ ဂရိ-အာရဗ် ဆေးပညာရပ်တွေကို ပေါင်းစည်းရေးသားထားတဲ့ ကျယ်ပြန့် ပြည့်စုံတဲ့ စာအုပ်ဖြစ်ပြီး ဥရောပနဲ့ အာရှမှာရှိတဲ့ ဆေးပညာ သင်ကျောင်းတွေနဲ့ လက်တွေ့ကုသမှုတွေမှာ ရာစုနှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့ပါတယ်။ ဆေးပညာမှာ အရေးပါတဲ့ စမ်းသပ်တွေ့ရှိမှုပေါင်းများစွာလည်း အဲဒီစာအုပ်ထဲမှာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် အဗီဆီနာဟာ တီဘီရောဂါ၊ ၀မ်းကိုက်ရောဂါ စတဲ့ ရောဂါတွေရဲ့ ကူးစက်ပျံနှံ့နိုင်စွမ်းကို ပထမဦးဆုံး စမ်းသပ်တွေ့ရှိခဲ့တဲ့သမားတော်ပါ။ ရေမှ တစ်ဆင့် ရောဂါပျံနှံခြင်း၊ အလ်ကိုဟောနဲ့ ဆာလဖျူရစ်အက်စစ်များရဲ့ ဂုဏ်သတ္တိ၊ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေ၊ ဆီချိုရောဂါ စတာတွေကိုလည်း စမ်းသပ် တွေ့ရှိခဲ့ပါတယ်။

    အဗီဆီနာကို ခေတ်သစ်ဆေးပညာဘာသာရပ်ရဲ့ ဖခင်လို့ လူတော်တော်များများက သတ်မှတ်ပါတယ်။ ဘယ်လ်ဂျီယံမှ ဓာတုဗေဒနဲ့ သမိုင်းပညာရှင် တစ်ဦးဖြစ်တဲ့ ဂျော့ဂ်ျ စာတန်(George Sarton) က “အစ္စလာမ်သာသနာရဲ့ အကျော်ကြားဆုံး သိပ္ပံပညာရှင်၊ မျိုးနွယ်အားလုံး၊ ဒေသအား လုံး၊ ခေတ် အားလုံးရဲ့ အအောင်မြင်ဆုံးထဲက တစ်ယောက်” လို့ သူကို တင်စားခဲ့ပါတယ်။

    “ဆရာဝန်များရဲ့ ဆရာဝန်” လို့ သမုတ်ကျတဲ့ အဗီဆီနာရဲ့ ဘ၀၊ သူရဲ့ လုပ်ဆောင်ချက်တွေအတွက် အထိမ်းအမှတ်တွေလည်း ရှိပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဆေးတက္ကသိုလ် ခန်းမမှာ သူရဲ့ ပုံတူပန်းချီကို ချိတ်ဆွဲထားပြီး လမျက်နှာပြင်ပေါ်က ချိုမ်းဝှမ်းတစ်ခုရဲ့ အမည်နာမကိုလည်း (သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့) အဗီဆီနာလို့ အမည်ပေးထားပါတယ်။

    ဆေးကျောင်းသားတွေ၊ ဆေးပညာနဲ့ ဆက်စပ်တဲ့နယ်ပယ်ကသူတွေဟာ ဒီ ပုဂ္ဂိုလ်ကျော်ကြီးရဲ့ အ၀အကြောင်းနဲ့ သူရဲ့ လုပ်ဆောင်ချက်တွေ ကို လေ့လာ သင့်ပါတယ်။ ဒွိတ္တ၀ါဒ (အဆိုးအကောင်း ဆန့်ကျင်ဘက်တို့ ဒွန်တွဲ နေသည်ဟူသော သဘောတရား) နဲ့ ပက်သက်ပြီး သူပြောခဲ့တာတွေကို လည်း နားထောင်သင့်ပါတယ်။

  • (၇ဂ၆), (၉၆၉) နှင့် ၂၀၁၅

    မတ်လ ၅၊ ၂၀၁၃
    အောင်တင်

    အစ္စလာမ်သာသနာမှာ ကောင်းမြတ်တဲ့ အလုပ်၊ အပြောတွေကို မလုပ်ခင် (ဘုရားသခင်၏ ဂုဏ်တော်ကို တသပြီး အစပြုပါသည်)လို့ ရွတ်ဆိုရတဲ့ အစဉ်အလာတစ်ခုရှိတယ်။ အာရဗျီစာမှာ အက္ခရာတိုင်းက တန်ဖိုးတစ်ခုရှိတယ်။ မြန်မာစာမှာ က ခ ဂ ဃ င မှာ တစ်ဆိုတဲ့ တန်ဖိုးရှိသလိုပေါ့။ အဲဒီ (ဘုရားသခင်၏ ဂုဏ်တော်ကို တသပြီး အစပြုပါသည်)ဆိုတဲ့ စာပိုဒ်ကို ရေးသားတဲ့ အာရဗျီစာလုံး တစ်လုံးချင်းတွေရဲ့ တန်ဖိုးတွေကို ပေါင်းလိုက်တော့ စုစုပေါင်း (၇၈၆)ဆိုတဲ့ ဂဏန်းတစ်ခုကို ရခဲ့ခြင်းတယ်။ သို့သော် ဒီ (၇၈၆)ဆိုတဲ့ ဂဏန်းအသုံးပြုခြင်းကို အာရဗ်စကားပြောတဲ့ မူရင်းမွတ်စလင်နိုင်ငံတွေက လုံးဝ လက်မခံကြဘူး။ အသိအမှတ်လည်း မပြုဘူး။ မလုပ်ကောင်းဘူးလို့ တားမြစ်ကြတယ်။ အာရှက မွတ်စလင်အချို့ကသာ အာရဗျီစကား အားနည်းမှုပေါ်မှာ အခြေခံပြီး လွယ်ကူမှုအနေနှင့် အသုံးပြုနေကြတာဖြစ်တယ်။ ဒါကိုလည်း တစ်ချို့သော အာရှပညာရှင်တွေကပင် လက်မခံကြတာလည်း ရှိနေတယ်။

    12

     

    bismillah

    2

    မည်သို့ပင်ဖြစ်စေ ၇+၈+၆= ၂၁ ဆိုပြီး ၂၁ရာစုမှာ မွတ်စလင်တွေ လွှမ်းမိုးရမယ်ဆိုတာကတော့ မဟုတ်မမှန် တမင်လုပ်ကြံ ထိုးနှက်ချက်ဖြစ်ပါတယ်။ တစ်ကယ်လို့ အဲဒီလို အကြံအစည်သာရှိရိုးမှန်ရင် (၇၈၆)ကို အခြားမွတ်စလင်နိုင်ငံတွေ၊ အထူးသဖြင့် အစ္စလာမ်စတင် ပေါ်ထွန်းရာ အာရဗ်နိုင်ငံတွေက အသိအမှတ်ပြု သုံးစွဲရမှာပေါ့။ အခု မြန်မာတွေ ကမ္ဘာပါတ်နေကြပါပြီ။ ဘယ်အာရဗ် မွတ်စလင်နိုင်ငံတွေက (၇၈၆)ကို အသုံးပြုတာ တွေ့ဖူးပါသလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။

    နောက်တစ်ချက်က မြန်မာမွတ်စလင်တွေက သူတို့နဲ့ ဘာသာတူဆိုင်တွေမှာသာ ရွေးချယ်အားပေးတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ မွတ်စလင်တွေမှာ အစားအစာ (Diet) ကန့်သတ်ချက်က ဘာသာရေးဆိုင်ရာ အဓိကလိုက်နာရမဲ့ အချက်ကြီးဖြစ်နေတာကို အားလုံးသိကြပါတယ်။ ဒါကြောင့် အစားအစာနှင့် ပတ်သက်ရင် ဘာသာတရားရဲ့ လိုအပ်ချက်အရ ဘာသာတူဆိုင်တွေမှာ ယုံကြည်စိတ်ချစွာ စားသုံးချင်ကြပါတယ်။ ကျန်တဲ့ပစ္စည်းတွေ ရောင်းဝယ်ဖေါက်ကားရာမှာတော့ လူ့သဘာဝအရ ဈေးသက်သာရာ၊ ဆက်ဆံရေး ကောင်းရာ၊ အဆင်သင့်ရာ၊ ပစ္စည်းမှန် ဈေးမှန်ရရာ ဘာသာမရွေး လူမျိုးမရွေးဆိုင်တွေမှာဘဲ ရောင်းဝယ်ကြပါတယ်။ ဒါကြောင့် ပစ္စည်းမှန်၊ ဈေးမှန်ရောင်းဝယ်နေကြတဲ့ မြန်မာ၊ တရုပ်၊ မွတ်စလင်ဆိုင်တွေမှာ လူမျိုးစုံ ရောင်းဝယ်ဖေါက်ကားနေကြလို့ အရောင်းအဝယ်ကောင်းနေကြတာကို အားလုံးသိနေ၊ မြင်နေကြတာပါဘဲ။ အတုယူလိုလျှင် အတုယူနိုင်ကြပါတယ်။ မွတ်စလင်တွေနှင့်သာ ရောင်းဝယ်ဖောက်ကားရမယ်လို့ အစ္စလာမ်ဘာသာတရားက သင်ကြားထားတာ မရှိပါဘူး။ ဘယ်ဘာသာမှ ဘာသာတူသာ ရောင်းဝယ် ဆက်ဆံရမယ်လို့ မပြဌာန်းကြပါဘူး။ ဗုဒ္ဓဘာသာကလည်း မပြဌာန်းထားဘူး။

    နောက်တစ်ချက်က လူနည်းစု လူများစု သဘာဝတစ်ခုကိုလည်း ထောက်ပြချင်ပါတယ်။ လူနည်းစုဟာ လူနည်းစုသဘာဝအရ စုစည်းတတ်ပါတယ်။ လူများစုဟာ လူများစု သဘာဝအရ ပြန့်ကြဲတတ်ပါတယ်။ အခုတိုင်းရင်းသားပေါင်းစုံ မြန်မာတွေ ထိုင်း၊ မလေးရှားတင်မက အနောက်နိုင်ငံတွေမှာ ရောက်နေကြပါပြီ။ ဘယ်လိုနေထိုင်ကြသလဲ။ ဖြစ်သလို ကြုံရာ နေကြသလား။ တူရာ တူရာ စုနေတတ်သလား။ အခြေအနေအရ ရောက်ချင်ရာ ရောက်နေရင်တောင် ကိုယ့်ဘာသာတူ၊ လူမျိုးတူတွေ ရှိတဲ့နေရာကိုဘဲ ကြိုးစားပြီး ပြောင်းလာကြတာဘဲ။ လူများစုကတော့ ဒီလိုလုပ်စရာ မလိုဘူးလေ။ လူများစုဖြစ်နေတာကိုး။ ဒီအတိုင်းဘဲ မြန်မာပြည်မက ကြိုက်တဲ့မြို့၊ ရွာတွေကိုကြည့်ပါ။ မြန်မာမွတ်စလင်မှ မဟုတ်ပါဘူး။ ရှမ်း၊ ကရင်၊ ချင်း၊ ရခိုင်တွေလည်း တတ်နိုင်သလောက် သူတို့တူရာ တူရာတွေ စုနေကြတာပါဘဲ။ လူနည်းစုဖြစ်ခြင်း သဘောသဘာဝကြောင့် တတ်နိုင်သလောက် အချင်းချင်း ယိုင်းပင်းနေကြတာဘဲ။ ဒါကို အပြစ်တစ်ခုသဘောနှင့် မဟုတ်ဘဲ၊ သဘာဝနှင့် ချိန်ထိုးပြီး အမြင်ရှင်းကြစေချင်ပါတယ်။ သို့သော် အပြစ်ရှာလိုသူတွေ အတွက်ကတော့ ဘယ်လို သဘာဝ ယုတ္တိကျကျ ဆွေးနွေးသော်လည်း လက်ခံကြမှာ မဟုတ်ဘူးဆိုတာကိုလည်း သိထားပါတယ်။

    အခုမြန်မာပြည်မှာ (၉၆၉)ဆိုပြီး ဗုဒ္ဓဘာသာရဲ့ မြင့်မြတ်သော ဂုဏ်တော်သုံးပါးကို အသုံးပြုကာ အဲဒီမြင့်မြတ်တဲ့ ဂုဏ်တော်တွေနှင့် လုံးလုံးလျားလျား ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို မြန်မာမွတ်စလင် လူ့အဖွဲ့အစည်း ထိုးနှက်တိုက်ခိုက်ရေး တစ်လွဲလုပ်နေတာ စိတ်မသက်မသာ ကြားသိနေရပါတယ်။

    ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာဂုဏ်တော်(၉)ပါးသည် လူသားတိုင်း လေးစားကြည်ညိုထိုက်တဲ့ ဂုဏ် အင်္ဂါတွေဖြစ်ပါတယ်။ အဲဒီဂုဏ်တော်တွေက လူသားအားလုံးအတွက် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ် တရားလေးပါးနဲ့ ပြည့်လျှမ်းနေတဲ့ ဂုဏ်တော်တွေဖြစ်တယ်လို့ သိထားပါတယ်။ မွတ်စလင် မပါဘူးလုပ်လို့ မရပါဘူး။ လူသားအားလုံးနှင့် သက်ဆိုင်တဲ့ ဒီမြင့်မြတ်တဲ့ ဂုဏ်တော်တွေကို ဦးတင်ပြီး လူတစ်ဖက်သားတွေရဲ့ အကျိုးစီးပွါး ပျက်ရာ ပျက်ကြောင်းတွေကို ဘယ်လိုအကြောင်းပြချက်နှင့်မှ မလုပ်သင့်ကြဘူး၊ လုပ်ခွင့်မရှိဘူးလို့ ယုံကြည်ပါတယ်။

    ဗုဒ္ဓဘာသာအပါအဝင် ဘာသာတိုင်းဟာ လူသားအားလုံးအတွက်ဖြစ်ပါတယ်။ ဘယ်လူမျိုးအတွက်ဘဲဆိုပြီး ပွင့်ပေါ်လာတဲ့ ဘာသာတရား လောကမှာ မရှိပါဘူး။ ဗုဒ္ဓမြတ်စွာကသာ အမျိုး၊ ဘာသာစွဲခဲ့ပြီး သူ့လူမျိုးတွေ၊ သူ့ဘာသာစကား ပြောတတ်တဲ့သူတွေကိုဘဲ တရားဟောခဲ့မယ် ဆိုရင် ဘယ်လိုလုပ်ပြီး ကမ္ဘာ့သာသနာတစ်ရပ် ဖြစ်လာနိုင်မလဲ။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားကို ဗုဒ္ဓသာသနာက ဘယ်လို ပြန့်ပွါးလာမလဲ။ ဗုဒ္ဒမြတ်စွာက တရားဦးဟောကြားခဲ့သူတွေ အားလုံးဟာ မူလက ဘာသာခြားတွေ မဟုတ်ဘူးလား၊၊ လူမျိုးခြားတွေ မပါဘူးလား။  ဗုဒ္ဒမြတ်စွာရဲ့ အဂ္ဂသာဝက၊ မဟာသာဝကတွေ၊ အာသောကမင်းကြီးလက်ထက် ကိုးတိုင်း ကိုးဌာနကို ဗုဒ္ဓသာသနာရောင်ဝါ ဖြန့်ကျက်ခဲ့ သူတွေဟာ အခုဗုဒ္ဓဘာသာဝင် မြန်မာအချို့ မိန်ရေ၊ ရှက်ရေ စော်ကားနေကြတဲ့ ကုလားတွေဘဲ မဟုတ်ဘူးလား။ ဘာဖြစ်လို့ လူမျိုးစွဲနေကြတာလဲ။ သတ္တဝါအားလုံးအတွက် ပွင့်ပေါ်ခဲ့တဲ့ ဂုဏ်ယူဖွယ် မြင့်မြတ်သော သာသနာတစ်ရပ်ရဲ့ ထူးမြတ်တဲ့ ဂုဏ်အင်္ဂါတွေကို ဘာဖြစ်လို့ မစဉ်းမစား မတော်မသင့် လုပ်ပစ်နေကြတာလဲ။

    စကားကုန်အောင်ပြောရရင် မြန်မာမွတ်စလင်ဆိုင်တွေကို ဒါကြောင့် ဒါကြောင့် မဝယ်ကြနဲ့ ပြောချင် ပြောပါ။ သို့သော် လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ ဘုရား၊ တရား၊ သံဃာဂုဏ်တော်တွေကို တလွဲကိုးကား၊ လွဲမှားစွာ အသုံးချပြီး ကိုယ့်သာသနာကို ကိုယ်ကပဲပြန်ပြီး သေးသိမ်အောင် မလုပ်သင့်ဘူး ဆိုတာလောက်တော့ သိထားသင့်ကြပါတယ်။ ကျနော်တို့ မြန်မာပြည်မှာ ခက်နေတာက လူမှန်ရင် ဗြဟ္မစိုရ်တရား လက်ကိုင်ထားရမယ်ဆိုပြီး အကြီးအကျယ် ကြွေးကျော်နေတဲ့ နာမည်ကြီး နာရေးကူညီမှု ခေါင်းဆောင်ကြီးတောင်မှ ရခိုင်က ဒုက္ခသည်တွေကို သွားရောက်ကူညီတဲ့အခါကျတော့ သူခါးဝတ်ပုဆိုးလို တတွတ်တွတ် ရွတ်နေခဲ့တဲ့ဗြဟ္မစိုရ် တရားတွေကို ခါးချိတ်ပစ်လိုက်ခဲ့ ဖူးတာကိုး။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားစိုက်စိုက် ဖြောင့်ဖြောင့်လိုက်၏လို့ ဆိုပါတယ်။

    မြန်မာပြည်မှာ မြန်မာမွတ်စလင်တွေဟာ မြန်မာလူမျိုးစုပြီးရင် ဒုတိယအများဆုံး လူများစုဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ဒုတိယအင်အားအကြီးဆုံး လူအုပ်စုကြီးကို ဖိနှိပ်လို့ဖြစ်ဖြစ်၊ ဘေးဖယ်လို့ဖြစ်ဖြစ်၊ အဲဒီအုပ်စုကြီးရဲ့ အင်အားကို အသုံးမပြု လစ်လျူရှုလို့ဘဲဖြစ်ဖြစ် တိုင်းပြည်ကို တည်ထောင်နိုင်မယ်လို့ ထင်မြင်ခြင်းသည် ညံ့ဖျင်းနုံနဲ့မှုဖြစ်သည်လို့ အတိအလင်း ဆိုပါရစေ။ အားတော့နာပါတယ်။ ငြင်းနိုင်သူ၊ ငြင်းရဲသူများ ငြင်းလိုက်ပါ။

    ဒီမြန်မာမွတ်စလင်(ပသီ)တွေဟာ မြန်မာပြည်လွတ်လပ်ရေးမရခင်ကတည်းက ၁၉၄၆ ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပတဲ့ ဖဆပလညီလာခံကြီးက တိုင်းရင်းသားလူနည်းစုအဖြစ် အသိအမှတ်ပြုခံထားပြီးသူများဖြစ်သလို၊ တိုင်းပြု ပြည်ပြု၊ လွတ်လပ်ရေးတိုက်ပွဲဝင် လူမျိုးတွေဖြစ်သလို၊ ၁၉၇၄ခုနှစ်အထိ တရားဝင် အတည်ပြုသတ်မှတ်ထားတဲ့ တိုင်းရင်းသား(၁၄၄)မျိုး စာရင်းဝင်လဲဖြစ်ပါတယ်။ ပုဂံခေတ်ကတည်းက ကျောက်စာဝင် တိုင်းရင်းသားလူမျိုးတွေပါ။ ဒါကြောင့်လဲ (၉-၉-၂၀၁၂)နေ့ ရန်ကုန်အိဒ်ပွဲတော် အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးက (၁)မြန်မာမွတ်စလင်များသည် တိုင်းရင်းသားများဖြစ်သည်။ (၂) မြန်မာမွတ်စလင်များကို လက်တွဲခေါ်ဖို့ မလို၊ မြန်မာမွတ်စလင်များသည် တိုင်းပြည်ထူထောင်ရေး၊ လွတ်လပ်ရေးအတွက် ဒိုးတူဘောင်ဖက် အစဉ်အဆက် လုပ်ကိုင်ခဲ့ကြသူများဖြစ်သည်လို့ တိုတိုရှင်းရှင်း ပြောခဲ့ပါတယ်။

    ၁၉၄၇ခုနှစ် ပင်လုံညီလာခံ ပင်လုံစာချုပ်မချုပ်ဆိုမီ ဖေဖေါ်ဝါရီ (၁၁)ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းက အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ ဆောင်ပုဒ်သည် လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်က အလုပ်ဖြစ်ခဲ့ပေမဲ့ ဒီဆောင်ပုဒ်ကို ပြည်ထောင်စုနိုင်ငံတော် တည်ထောင်ရေးမှာ ဆက်သုံးလို့ မရတော့ဘူး၊၊ ဗမာ(မြန်မာ)လူမျိုး ဗုဒ္ဓဘာသာဆိုပြီး လူမျိုးရေးတရားလုပ်လို့ မရတော့ဘူးလို့ အတိအလင်း ပယ်ချခဲ့တဲ့ ဆောင်ပုဒ်ကို အခု(၆၆)နှစ်ကျော်ကာမှ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် ဘာဖြစ်လို့ ပြန်အသက်သွင်းချင်ရတာလဲ။ အဲဒီမိန့်ခွန်းမှာ ဗိုလ်ချုပ်က အစ္စလာမ်ဘာသာကိုလည်း တိုင်းရင်းသားတွေ ကိုးကွယ်တဲ့ဘာသာ တစ်ခုအဖြစ် အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။  ပြန်လေ့လာကြပါ။

    တစ်ကယ်တော့မြန်မာမွတ်စလင်တွေဟာ တိုင်းရင်းသားပေါင်းစုံမြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကိုမြတ်နိုးသူများဖြစ်ကြတယ်။ အကြမ်းဖက်မှုကို ဘယ်တုန်းကမှ အားမပေး၊ မကျင့်သုံးသူများလည်းဖြစ်တယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြသူ များလည်းဖြစ်တယ်။မြန်မာ့လူ့ဘောင်ရဲ့ ကဏ္ဍအသီးသီးမှာ အားထားထိုက်သော တာဝန်သိနိုင်ငံ သားကောင်းများလည်း ဖြစ်တယ်။ နှစ်ငါးဆယ် စစ်အာဏာရှင် သမိုင်းကို နှစ်တစ်ထောင်ကျော် မြန်မာ့သမိုင်းလို့ လွဲမှားယူဆနေသူတွေက ပသီအပါအဝင် တိုင်းရင်းသား မွတ်စလင်တွေကို နိုင်ငံခြားသား သဖွယ်၊ သူတို့ ကိုးကွယ်တဲ့ အစ္စလာမ် ဘာသာကို နိုင်ငံခြား ဘာသာသဖွယ်၊ မှားယွင်းစွာ ထင်မြင်နေကြတာ ဝမ်းနည်းစရာကောင်းလှပါတယ်။

    ၂၀၁၂ခု ကြားဖြတ်ရွေးကောက်ပွဲမှာ ထမင်းလုံးအိပ်မက် မက်ကောင်းတုန်း နားရင်းရိုက် အနှိုးခံလိုက်ရတဲ့ပြုပြင်ပြောင်းလဲရေး မလိုလားသူများက ဒီအတိုင်းသွားရင် လာမည့်၂၀၁၅ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား အင်အားစုတွေလက်ထဲ အနဲဆုံး လွှတ်တော်နှစ်ရပ်ကို ရွှေလင်ပန်းနှင့်တင်ပြီး ဆက်သရတော့မယ်ဆိုတာကို သိလာကြတယ်။ စိုးရိမ်လာကြတယ်။ ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲ ပုံစံမျိုး ၂၀၁၅မှာ မဖြစ်လာရေးအတွက် တိုင်းပြည်မတည်ငြိမ်အောင် နည်းမျိုးစုံနဲ့ အချိန်ယူ အစပျိုး လုပ်ဆောင်နေတာကို ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ မမြင်ကြတာကို အံ့သြမိတယ်။

    လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် လှုံ့ဆော်မှုတွေကို ဒီမိုကရေစီအင်အားစုတွေက ကုလားတစ်စုလောက်ကိုဘဲ ဒုက္ခပေးနေတာဆိုတဲ့ သဘောနဲ့ဖြစ်ဖြစ် အခုနုနယ်စဉ်ကတည်းက မသိကြိုးကျင်နေကြမယ်ဆိုရင် ဒီအရှိန်တွေဟာ အချိန်နှင့်အမျှ တစ်ရိပ်ရိပ် မြင့်တက်လာမှာ အသေအချာဖြစ်တယ်။ အခြေအနေတွေ ထိမ်းမနိုင် သိမ်းမရဖြစ်လာပြီး တစ်ကယ်လို့ ၂၀၁၅ရွေးကောက်ပွဲမှာ အင်အားစုတစ်ခုက အမျိုး ဘာသာ သာသနာအတွက် မဲပုံးထောင်လိုက်ရင် – – –

    နောင်တရရင် နောက်ကျသွားပါပြီ။ တပ်မတော်က ကတိတစ်ခုပေးပြီးရင် နောက်ကတိတစ်ခု ထပ်ပေးဖို့ အနည်းဆုံး နှစ်နှစ်ဆယ် အချိန်ယူတတ်တယ်ဆိုတာကို မမေ့ကြပါနဲ့။ ဦးနုက ၁၉၆၀ရွေးကောက်ပွဲမှာ ဘာသာရေးမဲပုံးထောင်ပြီး တည်မြဲဖဆပလကို အပြတ်ဖြုတ်ခဲ့တဲ့ သမိုင်းရှိပါတယ်။ သမိုင်းတပတ် လည်မယ်ဆိုရင် ကောင်းသောလည်ခြင်း ဖြစ်စေချင်ပါတယ်။ ဒီနေ့  မွတ်စလင်တွေကို နှိပ်ကွက်ပြီး၊ မနက်ဖန် ခရစ်ယာန်၊ သဘက်ခါ ဗုဒ္ဓဘာသာဖြစ်လာမယ်ဆိုရင် အမြဲနိုင်နေသူက နာမည်ကျော် ပွကြီးပါ။

    (ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။ )

  • လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွါးစေရန် လုပ်ကြံမှုများ ဖန်တီးခွင့် မပြုသင့်

    ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၃
    M-Media

    Amb. Ufuk Gokcen နှင့် ဘန်ကီမွန်း
    Amb. Ufuk Gokcen နှင့် ဘန်ကီမွန်း

    အစ္စလာမ့်ရေးရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ Organization of Islamic Cooperation – OIC ရဲ့ ကမ္ဘာ့ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်နဲ့သံအမတ်ဖြစ်သူ Amb. Ufuk Gokcen က ဒီလိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    “  ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခ လုပ်ရပ်တွေဟာ လူများစု ဗုဒ္ဓဘာသာဝင်နဲ့လူနည်းစု မွတ်စ်လင်မ်တွေအကြား ဘာသာရေးထိပ်တိုက်တွေ့မှု မဟုတ်ဘ၊ဲ ရိုဟင်ဂျာ လူနည်းစုဆီကိုသာရှေ့ရှုနေတဲ့ မကျေနပ်ချက်၊ အငြိုးအာဃာတ အကျိုးဆက်လို့ဆိုပြီး ကျွန်တော့် အမြင်ဖြစ်သွားခဲ့ရတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကမန် မွတ်စ်လင်မ် အိမ်ခြေများကို ဦးတည်ဖျက်ဆီးမှု၊ ကရင်ပြည်နယ် အတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုံ့ဆော်ချက်တွေကို ကြားလိုက်ရချိန်မှာ အရေးပေါ်အခြေအနေရောက် လာတော့မလားဆိုပြီး ကျွန်တော် စိုးရိမ် ပူပန်သွားခဲ့တယ်။ အဲ့ဒီနောက် ရန်ကုန်မြို့ရဲ့ မွတ်စ်လင်မ် ဘာသာရေး ကျောင်းငယ်တစ်ခုကို ဗုဒ္ဓဘာသာဝင် အယောက် ၃၀၀ က တိုက်ခိုက်ဖျက်ဆီးတဲ့သတင်း၊ အပတ်စဉ်ထုတ်ဂျာနယ် တစ်စောင်ကနေ ဘုန်းကြီးတစ်ပါးရဲ့ မီးလောင်ရာလေပင့် ကြုံးဝါးချက် သတင်းတွေ ထပ်မံ ရရှိလိုက်တဲ့အခါမှာတော့ ကျွန်တော့်ရဲ့ ကနဦးကောက်ချက် အပေါ် ပြန်လည် သုံးသပ်ဖို့ ဖြစ်လာရပါပြီ  ”

    ဒီလိုဖြစ်ရပ်မျိုးက မြန်မာတစ်နိုင်ငံတည်း ဖြစ်နေတာ မဟုတ်ပါဘူး။ လတ်တစ်လောကာလ သီရိလင်္ကာမှာလည်း အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့ရဲ့ Bodu Bala Sena ပါတီက မွတ်စ်လင်မ်ဆန့်ကျင်ရေးဖြစ်လာအောင် စည်းရုံး လှုံ့ဆော်ဆန္ဒပြနေကြတယ်။ အဲ့ဒီဆန္ဒပြသူတွေ ကိုင်စွဲထားတဲ့ ဆောင်ပုဒ်နဲ့ကြွေးကြော်သံတွေက အစွန်းရောက် ရခိုင်ဗုဒ္ဓဘာသာဝင်တွေအသုံးပြုခဲ့ကြတဲ့ အသုံးအနှုန်းနဲ့ တစ်ထပ်တည်းဖြစ်နေပါတယ်။ “ မွတ်စ်လင်မ် အကြမ်းဖက်သမားတွေက ဗုဒ္ဓဘာသာဝင် လူမျိုးတွေအပေါ် ခြိမ်းချောက်မှုတွေ လုပ်နေကြလို့ ဘုန်းကြီးတွေအနေနဲ့လည်း တိုက်ခိုက်ဖို့ အသင့် ရှိနေကြပြီ  ” ဆိုတဲ့ အဓိပ္ပါယ်လမ်းကြောင်းပါဘဲ။

    ”  Buddhist Fury: Religion and Violence in Southern Thailand.  – ဆိုတဲ့အမည်နဲ့ Michael K. Jerryson ရေးခဲ့တဲ့ စာအုပ်က ကျွန်တော့်ကို တော်တော် စိတ်ဝင်တစားဖြစ်စေခဲ့တယ်။ အဲ့ဒါက ထိုင်းနိုင်ငံတောင်ပိုင်း ဘာသာရေး-နိုင်ငံရေး ရောထွေး ပဋိပက္ခထဲ ပါဝင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများရဲ့ အခန်းကဏ္ဍအကြောင်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်က ကမ္ဘာ့တစ်ဝှန်းမှာရှိတဲ့ ဗုဒ္ဓဘာသာ ထိပ်တန်းခေါင်းဆောင်တစ်ချို့ဆီကို အိတ်ဖွင့်ပေးစာတစ်စောင်ရေးပို့ပြီး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စ်လင်မ်တွေအပေါ် ဆန့်ကျင် အကြမ်းဖက်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ မေတ္တာတရားရှေ့ထားစေလိုကြောင်း နဲ့သူတို့သဘောထား အမြင်တွေ ဖော်ပြပေးဖို့ တိုက်တွန်းခဲ့ပါတယ်။  အခြေအနေ ရှုပ်ထွေးလာတာနဲ့အမျှ အဲ့ဒီ ဗုဒ္ဓဘာသာ ခေါင်းဆောင်များက ငြိမ်းချမ်းရေးနဲ့စာနာရေး ဖိတ်ခေါ်သံတွေကို အဲ့ဒီနိုင်ငံတွေထဲက ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းတွေဆီ ဆက်လက် ပို့ဆောင်သွားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ ” လို့ သူက ပြောပြပါတယ်။

    မွတ်စ်လင်မ်တွေဟာ လူနည်းစုသာဖြစ်နေလင့်ကစား မြန်မာ၊ ထိုင်း နဲ့ သီရိလင်္ကာမှာရှိတဲ့ ဗုဒ္ဓအစွန်းရောက်အားလုံးက မွတ်စ်လင်မ်တွေကို မိမိတို့နိုင်ငံသား အစိတ်အပိုင်း တစ်ရပ်အဖြစ် မပါဝင်အောင် ဆန့်ကျင်ပယ်ချသွားဖို့ အတွေးအခေါ် ၀င်နေကြပါတယ်။ လူနည်းစု မွတ်စ်လင်မ်တွေကို ၀ိုင်းကြဉ်ဖို့ကြိုးစားနေကြတဲ့  လူငယ်ပိုင်းတွေလည်း ပါဝင်နေတဲ့ အဲ့ဒီ ဖယ်ထုတ်ရေး ၀ါဒီတွေကြောင့် အစွန်းရောက် အင်အားစုကို တန်ပြန်ဆန့်ကျင်ဖို့လို မလိုဆိုတာ စဉ်းစားကြဖို့ အချိန်တန်ပါပြီ။ အနောက်အာဖရိက ကနေ အရှေ့တောင်အာရှအထိ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းများအပေါ် ခြိမ်းချောက်မှုတွေ ကြီးထွားနေရတဲ့အဓိကအချက်ကို သုံးသပ်ကြဖို့ အရေးကြီးနေပါပြီ။

    မြန်မာနိုင်ငံကပြဿနာကိုကြည့်ယင် ရခိုင်ပြည်နယ်အတွင်း အစုလိုက်အပြုံလိုက် ဖျက်ဆီးသောင်းကျန်းမှုကြောင့် မွတ်စ်လင် ဒုက္ခသည်ပေါင်း တစ်သိန်းနှစ်သောင်းအထိ ကြောက်ခမန်းလိလိ ထွက်ပေါ်ခဲ့ရတယ်။ သို့တိုင်အောင် မြန်မာအစိုးရကတော့ မဆိုစလောက် လုံခြုံရေးကိုသာ ပေးခဲ့ပြီး၊ ယခုအချိန်အထိ ပြဿနာရဲ့မူလဇစ်မြစ်ကို မထုတ်ဖော်သေးပါဘူး။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းအနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ အချင်းချင်းပြန်လည် သင့်မြတ်ရေးဖော်ဆောင်ပေးမှုတွေကို ပြည့်ပြည့်၀၀ လုပ်ခွင့် မပေးခဲ့ကြပါဘူး။

    ကမ္ဘာ့ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana က မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၆ ရက်မှာ ရောက်ရှိခဲ့တယ်။  ရခိုင်ပြည်နယ် ပဋိပက္ခပြဿနာ မီးတောက်ဟာ မြန်မာနိုင်ငံရဲ့အခြားသော ဒေသတွေဆီကိုလည်း ကူးစက်တောက်လောင်နေပြီ။  မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်ကို အမြစ်လှန်ပြီးပြုပြင်ပြောင်းလဲဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ နောက်ဆုံး အနေအထားကို သူက လေ့လာသုံးသပ်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းဝင်တွေထဲမှာ ဒေါသ၊ အာဃာတ၊ အယုံအကြည် ကင်းမဲ့မှု၊ စိုးရိမ်ပူပန်မှု အစရှိတဲ့ ခံစားချက်တွေကို  တွေ့မြင်ရကြောင်း သတိပေးခဲ့ပါတယ်။ ဒီအခြေအနေပေါ်မူတည်ပြီး လူ့အဖွဲ့အစည်းခေါင်းဆောင်များ အကြား အပြန်အလှန်လေးလေးစားစား ဆွေးနွေးအဖြေရှာရေး၊ ပညာရေး နဲ့ ပြည်တွင်း မီဒီယာတွေရဲ့ကျင့်ဝတ်သိက္ခာ ကဏ္ဍများအပေါ် အထူးအလေးထားဖို့လိုတယ်လို့လည်း ပြောဆို လိုက်ပါတယ်။ မွတ်စ်လင်မ် ဒုက္ခသည်စခန်းတွေဆီ လူသားချင်းစာနာမှု အထောက်အပံ့ ပြည့်ပြည့်၀၀ရောက်ရှိရေး ပြဿနာ ရှိနေကြောင်း၊   မွတ်စ်လင်မ် ဒုက္ခသည် စခန်းတစ်ချို့မှာ ဆေးဝါးကုသထောက်ပံ့ရေး မဆောင်ရွက်နိုင်အောင် ဗုဒ္ဓဘာသာဝင် ရခိုင်အသိုင်းအ၀ိုင်းများက  ခြိမ်းချောက်တာ အနှောင့်အယှက်ပေးတာကိုလည်း နိုင်ငံတကာနဲ့ပြည်တွင်း ကျန်းမာရေး ၀န်ဆောင်ပေးသူများက ရင်ဆိုင်နေရကြောင်း  ထောက်ပြပြောဆိုလိုက်ပါတယ်။

    မြန်မာအစိုးရက ပြည်တွင်းအစွန်းရောက်သမားတွေရဲ့အသံကိုနားယောင်ပြီးတော့ OIC ရဲ့ကြားဝင်ကူညီမှုကို လက်မခံလိုက်တာဟာ – ရိုဟင်ဂျာမွတ်စလင်မ်နဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး နှစ်ဖက်စလုံး ရရှိခံစားကြရမယ့်   –  OIC အဖွဲ့ဝင်နိုင်ငံတွေ၊ NGO အဖွဲ့တွေရဲ့ လူသားချင်းစာနာ ထောက်ပံ့မှုများကို ပစ်ပယ်ရာရောက်သွားခဲ့ပါတယ်။

    မစ္စတာ ကင်တာနား၊  HRW လို လူ့အခွင့်အရေးအဖွဲ့တို့ရဲ့အရေးပေါ်အစီရင်ခံစာများ ထွက်နေခဲ့တဲ့တိုင် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက E.U., U.S. နဲ့ ASEAN အဖွဲ့ဝင်တွေအတိုင်း မြန်မာပြည်အပေါ်ပိတ်ဆို့ရေးလျှော့ချဖို့ကိုသာ ဆန္ဒရှိနေကြတယ်။ ဒါဟာ ရိုဟင်ဂျာနဲ့အခြား လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေက မြန်မာနိုင်ငံတွင်း ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မိမိတို့ရဲ့တိုက်တွန်းကြိုးပမ်းနေမှု ၊ ပြီးတော့ မိမိတို့ရဲ့စီးပွားရေးဈေးကွက်ချဲ့ထွင်ခြေကုပ်ယူမှု ကို ပျက်ပြားသွားစေနိုင်တယ် လို့ အချို့က တွက်ဆထားကြလို့ဖြစ်ပါတယ်။

    ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရမယ့် ထိပ်ဆုံးနိုင်ငံအဖြစ် စုံညီစွာ ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် ညီလာခံထုတ်ပြန်ချက် ၂၂ ပိုဒ်မှာ ၃ ပိုဒ်က ကုလသမဂ္ဂရဲ့စိုးရိမ်မကင်းမှုကို ဖော်ပြထားခဲ့ပါတယ်။

    မြန်မာနိုင်ငံထဲမှာ မကြုံစဖူးအပြောင်းအလဲတွေကတော့ အချိန်တိုအတွင်း မြေကြီးလက်ခတ်မလွဲ ဖြစ်ပေါ်လာမှာပါ။ ဒါပေမယ့် ရိုဟင်ဂျာလူမျိုးစုရဲ့ ကိစ္စအပါအ၀င် လူအခွင့်အရေးစိန်ခေါ်ချက်အများအပြားအတွက် အဖြေမထွက်သေးတာ အမှန်ပါဘဲ။ မြန်မာနိုင်ငံပေါ်ထားရှိတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကြိုးရှည်ရှည်လှန်ဝါဒ ဘယ်လိုလဲဆိုတာ အချိန်က အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

    Ref:http://www.huffingtonpost.com/amb-ufuk-gokcen/formation-of-buddhist-muslim-fault-line-should-not-be-allowed_b_2774240.html