News @ M-Media
Category: ဆောင်းပါး
  • လွတ်လပ်ရေး  (၁၉၅၇ ခုနှစ် ၉ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ကမ္ဘာအလင်းရဲ့ အာဘော် )
    လွတ်လပ်ရေး (၁၉၅၇ ခုနှစ် ၉ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ကမ္ဘာအလင်းရဲ့ အာဘော် )
    ဇန်နဝါရီလ -၁၉၅၇
    မြန်မာမွတ်စလင်မ် တို့ စာစောင် ကမ္ဘာအလင်း  (၉ ကြိမ်မြောက်လွတ်လပ်ရေး အထူးထုတ်)
    6
    Photo from Ko Zaw Tun FB
    လွတ်လပ်ရေးဟူသည် လူတိုင်း၏ သဘာဝ အခွင့်အရေးတစ်ရပ်ဖြစ်ပေသည်။ လူတိုင်းသည် သဘာဝအားဖြင့် လွတ်လပ်စွာနေထိုင်လိုကြသည်။ သူတစ်ပါး၏ လွှမ်းမိုးမှု ချုပ်ချယ်မှုကို ခံလိုသူဟူ၍ကား လောကတွင် ရှာမှရှားပေလိမ့်မည်။
    ကမ္ဘာပေါ်တွင် မည်သည့်တိုင်းပြည် မည်သည့်လူမျိုးမဆို အခြားသူများ၏ စိုးမိုးအုပ်ချုပ်မှု၊ ချုပ်ချယ်မှု၊ ချယ်လှယ်မှု၊ အာဏာပြမှုတို့ကို မခံလိုကြပေ။ ထို့ကြောင့်လည်း ကမ္ဘာအရပ်ရပ်ရှိ ချုပ်ချယ်ခြင်းခံခဲ့ရသော တိုင်းပြည်အသီးသီးတို့သည် မိမိတို့ လွတ်လပ်ရေးအတွက် အသက်ပေး၍ ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း၊ ရာဇ၀င်အထောက်အထားများ ရှိပေသည်။ ယနေ့လည်း မလွတ်လပ်သေးသော တိုင်းပြည်နိုင်ငံများသည် အသက်သွေးခဲကိုအရင်းပြု၍ မိမိတို့ လွတ်လပ်ရေးအတွက် တိုက်ပွဲများဆင်နေ ကြသည်ကို ကျွန်ုပ်တို့ တွေ့ရှိနေရပေသည်။ ကျွန်ုပ်တို့၏ နိုင်ငံသည်လည်း နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ နယ်ချဲ့တို့၏ စိုးမိုးအုပ်ချုပ်မှုကို နှစ်ပေါင်းများစွာတိုင်တိုင်ခံခဲ့ရသည်။ ယင်းကဲ့သို့ နယ်ချဲ့များ၏ လက်အောက်တွင် ခံနေရစဉ် အချိန်အခါများ၌ ကျွန်ုပ်တို့၏ အခွင့်အရေးများမှာ အဘက်ဘက်တွင် ဆုံးရှုံးနစ်နာခြင်း ဖြစ်ခဲ့ရလေသည်။
    ဖိနှိပ်ချုပ်ချယ်မှုများ၏ တန်ပြန်မှုကား သဘာဝအလျောက်ပေါ်ပေါက်ရချေမည်။ ယင်းချုပ်ချယ်မှုများကြောင့် လှုပ်ရှားသူများနှင့် လွတ်လပ်ရေးကြိုးပမ်းမှုများ ပေါ်ပေါက်လာခဲ့ရသည်။
    လွတ်လပ်ရေကြိုးပမ်းမှုများမှ အမျိုးသားခေါင်းဆောင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းပါတို့အား မွေးထုတ်ပေးခဲ့ပြီး ထိုခေါင်းဆောင်တို့က ပြည်ထောင်စုကြီးအား နယ်ချဲ့တို့၏လက်တွင်းမှ ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ နောက်ဆုံးတွင် တိုင်းရင်းသားပေါင်းစုံတို့၏ ညီညွတ်ရေးလက်နက်ကို အသုံးပြုကာ ပြည်ထောင်စုကြီးအား ယင်းနယ်ချဲ့တို့၏ လက်တွင်းမှ ကယ်ထုတ်၍ လုံးဝလွတ်လပ်သော ပြည်ထောင်စုအဖြစ် ဖန်တီးနိုင်ခဲ့ကြသည်။ ဤအာဇာနည် ခေါင်းဆောင်များအား ကျွန်ုပ်တို့ ဂုဏ်ပြုချီးကျူးရပေမည်။
    ပြည်ထောင်စုကြီး လွတ်လပ်ခဲ့သည်မှာ ယခုဆိုသော် ၉-နှစ်တင်းတင်းပြည့်ခဲ့၍ ၁၉၅၇-ခု ဇန်န၀ါရီလ ၄-ရက်ကော့း ၉ ကြိမ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်နေ့ပင်ဖြစ်လေသည်။
    ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် သက်တမ်းအရကြည့်လျင် လွတ်လပ်ခါစ အနေတွင် ရှိနေသေးရာ လွတ်လပ်သော တိုင်းပြည်တို့တွင် ရရှိခံစားရသည့် လွတ်လပ်ရေးအရသာကို ကျပ်ပြည့်တင်းပြည့် မခံစားရသေးဘဲ လွတ်လပ်စတိုင်းပြည်တို့တွင် ရင်ဆိုင်ရမြဲ ဘေးရန်များ ဆူးငြောင့်ခလုတ်များ စီးပွားရေး အခက်အခဲများ ပြည်တွင်းသောင်းကျန်းမှုများနှင့်တကွ အခက်အခဲပေါင်းများစွာတို့ကို ရင်ဆိုင်နေရပေသေးသည်။ သို့တစေ ယနေ့ ပြည်ထောင်စုသည် လွတ်လပ်သော ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းရပ်နိုင်နေပြီဖြစ်ရုံသာမက ကမ္ဘာ့ဇာတ်ခုံပေါ်တွင် လေးစားခြင်းခံရသည့် နိုင်ငံတနိုင်ငံအဖြစ်သို့ ရောက်ရှိနေသဖြင့် ကျွန်ုပ်တို့ အထူးဂုဏ်ယူရပေမည်။
    ကျွန်ုပ်တို့သည် လွတ်လပ်သော ပြည်ထောင်စုသားများဖြစ်ကြသည့် လွတ်လပ်သူများပီပီ ကျွန်ုပ်တို့သည် မည်သည့်ကိစ္စကိုမဆို စည်းမရှိ ကမ်းမရှိ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ရှိသည်ဟု လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို တွေးဆ ကောက်ယူကြမည်ဆိုပါက ဤယူဆချက်မှာ လုံးဝမှားပေလိမ့်မည်။ ဤကဲ့သို့ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ပြုမူချက်မျိုးကို အစ္စလာမ်ကလည်း လုံးဝခွင့်မပြုချေ။ လွတ်လပ်ရေးဟူသည် အလွန်ကျယ်ပြန့်၍ လွတ်လပ်သော တိုင်းသူပြည်သားတို့တွင် ရှိအပ်သော အရည်အချင်းများကား ထူးကဲမြင့်မြတ်ရပေမည်။ လွတ်လပ်ရေးတွင် အခွင့်အရေးများရှိသကဲ့သို့ တာဝန်ဝတ္တရားများလည်း ရှိနေသည်ကို ကျွန်ုပ်တို့ သတိပြုရပေမည်။
    လွတ်လပ်သောတိုင်းသူပြည်သားတို့မည်သည် စည်းကမ်းသေ၀ပ်ရချေမည်။ မိမိတို့ တိုင်းပြည်၏ အခြေခံဥပဒေ၊ တရားဥပဒေ၊ စည်းကမ်းဥပဒေမှစ၍ မိမိတို့သက်ဝင်ယုံကြည်သော ဘာသာ သာသနာ၏ ညွှန်ကြားချက် စည်းမျဉ်းဥပဒေ ယဉ်ကျေးမှု စည်းကမ်းများကိုပါ အခြားသူများထက် ပိုမိုကျင့်သုံးလိုက်နာပြီး လုပ်ကိုင်ဆောင်ရွက်ရမည့် ကိစ္စအ၀၀နှင့် ပြဿနာအဖြာဖြာတို့လည်း ယင်းစည်းမျဉ်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရပေမည်။
    ယင်းကဲ့သို့ စည်းကမ်းသေ၀ပ်၍ မြင့်မြတ်သောအရည်အချင်းနှင့် ပြည့်စုံသူများသည်သာလျှင် လွတ်လပ်သော ပြည်ကြီးသားများ ပီသနိုင်ကြပေမည်။
    လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားများကို ကြည့်မည်ဆိုလျှင် လူမျိုးအားဖြင့် မြန်မာ၊ ရှမ်း၊ ကရင်၊ ကချင်၊ မွန်၊ တောင်သူ အစရှိသည့် လူမျိုးများရှိ၍ ကိုးကွယ်သည့် ဘာသာအားဖြင့်ကြည့်မူ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်သည့်ဘာသာ စသဖြင့် အသီးသီးရှိနေကြသည်ကို ကျွန်ုပ်တို့ တွေ့ရှိရပေသည်။
    ပြည်ထောင်စုသားများအနေနှင့် ပြည်ထောင်စု၏ ဥပဒများကို တိကျစွာလိုက်နာကျင့်သုံးကြ၇မည့်အပြင် ဘာသာအချင်းချင်း လူမျိုးအချင်းချင်းတွင် ရှိနေသော ဘာသာရေး စည်းမျဉ်းများ၊ လူမျိုးရေးထုံးတမ်းစဉ်လာများနှင့် ယဉ်ကျေးမှုအဖြာဖြာတို့ကိုလည်း ထောက်ထားလေးစားရပေဦးမည်။
    ပြည်ထောင်စုကြီး၏ လွတ်လပ်ရေးအဓွန့်ရှည်စွာတည်မြဲရေး၊ တိုင်းသူပြည်သားများ အဘက်ဘက်တွင် တိုးတက်ရေး၊ လွတ်လပ်ရေး၏ အရသာကို ပြည်ထောင်စုသားတိုင်း ကျပ်ပြည့် တင်းပြည့် ခံစားနိုင်ရေးအတွက် ကြိုးပမ်းရန်လည်း လူမျိုးတိုင်း ဘာသာဝင်တိုင်း၏ တာဝန်ပင်ဖြစ်ပေသည်။
    လွတ်လပ်ရေးကို ရယူစဉ်က တိုင်းရင်းသားတို့၏ ညီညွတ်ရေးလက်နက်ကို အသုံးပြုခဲ့သည့်အလား ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တန့်ခိုင်မြဲရေးနှင့် တိုင်းပြည်စည်ပင် သာယာဝပြောရေးတို့တွင်လည်း ယင်းပြည်ထောင်စုသားတို့၏ ညီညွတ်ရေးကိုပင် ကျွန်ုပ်တို့အသုံးပြုရပေမည်။
    သို့ရှိရာ ပြည်ထောင်စုအတွင်းရှိ လူမျိုးအချင်းချင်း ဘာသာဝင်အချင်းချင်းတို့သည် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင်ကြလျက် မိမိတို့ တက်နိုင်သည့်ဘက်က ပြည်ထောင်စုကြီး၏ အကျိုးကို ညီညာဖြဖြ ထမ်းဆောင်ကြရန် နှိုးဆော်ရေးသားရပေသတည်း။
    လွတ်လပ်သော ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တန့်ခိုင်မြဲပါစေ။
  • အမေ့ခံလို့ မရတဲ့ မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်များ
    ဇန်နဝါရီ ၄၊၂၀၁၃
    M-Media
    မောင်သမာဓိ
    myanmar muslim
    ခေတ်အဆက်ဆက် မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်သည် နိုင်ငံအတွက် အကောင်းများသာဖြစ်ခဲ့၏။ မြန်မာ့သမိုင်း စာမျက်နှာများမှ မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်များကို မလိုတမာ လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆွဲစုတ် ပြစ်ခဲ့ကြ၏။ သို့သော် စာရွက်များသာ ပြဲခဲ့ပြီး မြန်မာမွတ်ဆလင် သမိုင်းကတော့ ပျောက်မသွားခဲ့ပါ။
    ၁။ အနှစ် ၅၀ ကြာ သမိုင်းအမှောင်ချခဲ့သည့် ဆိုးကျိုး။
    ယနေ့တိုင်ဖြစ်ပွားနေသော ရခိုင် ရိုဟင်ဂျာ ပြဿနာ၏ အခြေခံအကျဆုံး အကြောင်းအရင်းမှာ နှစ်ဖက်လူမျိုးစုများနှင့် အာဏာပိုင် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များသည် မြန်မာ့သမိုင်း၊ ရခိုင်သမိုင်းနှင့် ရိုဟင်ဂျာ သမိုင်း ကို ပြည့်ပြည့်၀၀ မှန်မှန်ကန်ကန် မသိရှိ၍ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခြင်း ပင်ဖြစ် ပါသည်။
    တနည်းအားဖြင့် စစ်အစိုးရ အဆက်ဆက် နှစ်ရှည်လများ သမိုင်းအမှောင်ချခဲ့သည့်၊ (ဝါ) သမိုင်းကို ဆင်ဆာ လုပ်ခဲ့သည့် အကျိုးဆက်အဖြစ် လူမျိုးရေး အကြမ်းဖက်မှုဟူသော ဆိုးကျိုးများ ပေါ်ပေါက် လာရပါသည်။
    အဘယ်ကြောင့်ဆိုသော် ယနေ့ အသက် ၆၀ ပတ်ဝန်းကျင်ရှိသူများနှင့် ထိုအသက်ထက် ငယ်သူတိုင်းသည် ၄င်းတို့၏ ငယ်ဘ၀ ကျောင်းသင်ခန်းစာများတွင် မပြည့်မစုံ ထိမ်ချန် ဖြတ်တောက် ပြုပြင်ထားသော မြန်မာ့သမိုင်းများကိုသာ လေ့လာခွင့်ရခဲ့သောကြောင့် ပြင်ပစာပေများ ဖြည့်စွက် မလေ့လာ ခဲ့လျှင် ဆရာကြီး ဦးသန်းထွန်းစကားဖြင့်ပြောပါက လူအ များဖြစ်မှန်းမသိ ဖြစ်နေပါသည်။
    ထိုကြောင့် ပြည်သူအများ “မအ” ရလေအောင် ပြည့်စုံမှန်ကန်သော မူရင်းသမိုင်းဆိုင်ရာ အချက်အလက်များနှင့် လက်ပွန်းတတီးရှိစေရန်နှင့် လက်ငင်းကမ္ဘာ့ အခြေအနေများကို အချိန်နှင့် တပြေးညီ သိရှိနိုင်စေရန် အတွက် (ဆဌမ သင်္ဂါံရတနာတင်ခြင်းနှင့် ဗန်ဒေါင်းစာချုပ်အ ကြောင်းပြောလျှင် ဦးနု၏အမည် ကို တမင်တကာ ချန်ထားလေ့ရှိသော၊ မြန်မာ့တပ်မတော် သမိုင်းပြောလျှင် ဗိုလ်ချုပ်ကြီး စောမောင် အကြောင်းကို ချန်ထားလေ့ရှိသော၊ အာရဗ်နွေဦးကို မထုတ်လွှင့်သော်လည်း နိုင်ငံအ၀ှမ်း ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အထိကရုံး ဖြစ်ရန်အတွက်ကိုတော့ လှုံ့ဆော်သော၊ ယနေ့ ဆီးရီးယားနိုင်ငံ အကြောင်း အပြည့်အဝမရေးသား မပြောဆိုသော၊ ဘင်္ဂံလားဒေ့ရှ် နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနား၏ လတ်တလော အကြမ်းဖက်ခံရသော ဘင်္ဂံလားဒေရှ် နိုင်ငံသား ဗုဒ္ဓဘာသာဝင်များကိုပြောသော မိန့်ခွန်းနှင့် နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းပုံများကို လုံးဝ မဖေါ်ပြသော) မြန်မာ့အသံ ရေဒီယိုနှင့် ရုပ်မြင်သံကြား ဆင်ဆာ အဖွဲ့အပြင် နေ့စဉ်ထုတ် သတင်းစာများ၏ ဆင်ဆာအဖွဲ့များကိုလည်း အမြန်ဆုံးဖျက်သိမ်း ပေးသင့်ပါသည်။
    ၂။ အရေးကြုံတိုင်း တနိုင်ငံလုံးကို ခြုံငုံဖိတ်ခေါ်။
    သမ္မတကြီး ဦးသိန်းစိန်၏ ရေဒီယိုမှပြောကြားသော ၂၀၁၃ နှစ်သစ်ကူးမိန့်ခွန်းတွင် မြန်မာ့ လူ့အဖွဲ့အစည်း အနေဖြင့် လွတ်လပ်ရေးရယူနိုင်ခဲ့စဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှုအင်အားများအတိုင်း နိုင်ငံသား တစ်ဦးချင်း၊ တယောက်ချင်းစီက လက်တွဲ လုပ်ဆောင်နိုင်မည်ဆိုပါလျှင် ယခုကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေနဲ့ စိန်ခေါ်မှုတွေကို မလွဲမသွေ ကျော်လွှားနိုင်မယ် လို့ဆိုတယ်ခင်ဗျာ့။
    အထွေအထူးဖိတ်ခေါ်စရာမလိုဘဲ မြန်မာမူဆလင် တွေဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာ တာဝန်သိသိ ပါဝင်ခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီးဒုတ်ဦးဘချိုက မြန်မာမူဆလင် များကို တိုင်းရင်းသားအဖြစ်သတ်မှတ်ရုံမက ပြည်နယ်ပေးဖို့အဆင့်အထိ ကမ်းလှမ်းခဲ့ပေမဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာမွတ်ဆလင်များဟာ အမေ့ခံပုံရိပ်များဖြစ်ခဲ့ကြရလို့ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုမှာ မြန်မာမွတ်ဆလင် ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေ ပါခဲ့တယ်ဆိုတဲ့ သမိုင်းကို တိတိကျကျ ပြည့်ပြည့်စုံစုံ ဖေါ်ထုတ်ဖို့ အထူးလိုပြီပေါ့။
    ကြုံသည့်အခိုက် ကြော်ငြာဝင်ချင်ပါသည်။ မြန်မာမွတ်ဆလင် သမိုင်းနှင့်ပတ်သက်၍ စာပေ သမားများ အတွက် ကိုးကားလို့ရလောက်အောင် အထောက်အထားများနှင့် တကွ ပြည့်ပြည့်စုံစုံ မှတ်တမ်း တင်ထားတဲ့ နေရာတစ်ခုကတော့ M-Media Web Site (http://www.m-mediagroup.com) ဘဲဖြစ်တယ်ခင်ဗျာ့။ သက်ဆိုင်သူအားလုံးကို သမိုင်းတာဝန်ကျေသူများဟု ဂုဏ်ပြုခေါ်ဝေါချင်ပါသည်။
           မြန်မာမွတ်ဆလင်များဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်တိုင်းမှာ ဘယ်သူမှ ဖိတ်ခေါ်နေစရာ မလိုဘဲ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် တာဝန်သိခဲ့ကြတာကိုက ဂုဏ်ယူစရာဖြစ်ပါတယ်။
    ၃။ ပြည့်စုံမှန်ကန်သော သမိုင်းကို ပြည်သူများထံ ဖေါ်ထုတ်တင်ပြဖို့ တာဝန်ရှိပြီ။
    ယခုအခါ စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်လို့ မြန်မာနိုင်ငံအနေဖြင့် ကဏ္ဏအသီးသီးတွင် တိုးတက်ရန် လမ်းစများ ပွင့်သွားပြီဟုဆိုနိုင်သည့် အပြင် တရုတ်ထက် ခြေတစ်လှမ်း သာသွားပြီ ဟုလည်း ဆိုနိုင်ပါသည်။ စာပေကင်ပေတိုင် ဖျက်သိမ်းသည်ကို အခွင့်ကောင်းယူပြီး ကိုအောင်ထွန်း၏ ကျောင်းသား သမိုင်း စာအုပ်ကဲ့သို့ မြန်မာမွတ်ဆလင် သမိုင်းစာအုပ်ကိုလည်း အကိုးအကား ခိုင်ခိုင်မာမာနှင့် ပြုစုထုတ်ဝေဖို့ အချိန်တန်ပြီဖြစ်၏။
    ထို့အပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသုံးမြန်မာ့သမိုင်းဖတ် စာအုပ်များပါ အထူးသဖြင့် ရခိုင်အင်ပါယာသမိုင်း၊ ရိုဟင်ဂျာသမိုင်း နှင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း ကို ပြည့်ပြည့်စုံစုံ ပြန်လည်ရေးသားပြီး သမ္မတကြီး အသစ်ဖွင့်လှစ်ပေးမည့် ရခိုင်နှင့် ရိုဟင်ဂျာဒေသရှိ ကျောင်းများတွင် သင်ကြားပေးသင့်ပါသည်။
    သမိုင်းဘွဲ့လွန်ကျောင်းသားများအတွက် (Thesis/Dissertation) ကျမ်းပြုရာတွင် မြန်မာမွတ်ဆလင် တို့၏ လွတ်လပ်ကြိုးပမ်းမှုသမိုင်း၊ ပုဂံခေတ်နှင့် မြန်မာမွတ်ဆလင်၊ ကုန်းဘောင်ခေတ်နှင့် မြန်မာမွတ်ဆလင် စသည်ဖြင့် ခေါင်းစဉ်များ  ချပေးခြင်းဖြင့် နိုင်ငံသားအချင်းချင်း ချစ်ကြည်ရင်းနှီးစေမည်ဟု ထင်ပါသည်။
    မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနု၏ အကြောင်းသာမက သခင်စိုး၊ သခင်သန်းထွန်း၊ သိန်းဖေမြင့်၊ သမ္မတ မန်းဝင်းမောင်၊ ဦးဥတ္တမ၊ ကျောင်းသား ခေါင်းဆောင် များဖြစ်ကြသော ဦးထွန်းစိန်(သံတွဲ)နှင့် ဦးရာရှစ်၊ ပင်လုံစာချုပ် အတွင်းရေးမှူး ဦးဖေခင်တို့အပြင် အမျိုးသား ကျောင်းဆရာကြီး ဦးရာဇတ် စသည့်လူပုဂ္ဂိုလ်တို့၏ အကြောင်းများနှင့် ဖ.ဆ.ပ.လ အဖွဲ့ကြီးနှင့် လက်တွဲလုပ်ဆောင်ခဲ့တဲ့ မြန်မာမွတ်ဆလင် ကွန်ဂရက် (ဗ.မ.က) ၊ YMBA၊ GCBA အသင်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြည့်စွက် ရေးသားသင့်ပါသည်။
           ထိုအချိန်က လွတ်လပ်ရေး မယူလိုဘဲ ဗြိတိသျှတို့နှင့် ဓနသဟာရနိုင်ငံအဖြစ် ဆက်၍ တွဲနေလိုသော အုပ်စု၏ အမြှော်အမြင်ကြီးမှုကိုလည်း အသိအမှတ်ပြုကာ သမိုင်းတွင် မှန်မှန်ကန်ကန် သုံးသပ်ပြ ရပါလိမ့်မည်။
    နောက်ဆုံးအနေဖြင့် အကြံပြုလိုသည်မှာ သမိုင်းအမှောင်ချခေတ်မှ အလင်းခေတ်သို့ ပြောင်းစေရန် မြန်မာ့သမိုင်း ကျောင်းသင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့၏ လုပ်ထုံး လုပ်နည်းများကို ပြန်လည်ပြင်ဆင် သတ်မှတ်ပေးပြီး၊ သမိုင်းနှင့် သတင်းအမှောင်ချ ပြန်ကြားရေး ၀န်ကြီးဌာန ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာ ဆင်ဆာအ ဖွဲ့ကိုလည်း အမြန်ဆုံးဖျက်သိမ်းခြင်းဖြင့် မြန်မာနိုင်ငံမှာ နောက်ထပ် လူမျိုးရေး အဓိကရုန်းများ မဖြစ်အောင် ကာကွယ်နိုင်ပါသည် ခင်ဗျား။
    ၄။ ဂုဏ်ယူစရာ မြန်မာမွတ်ဆလင်များသည် အမေ့ခံ ပုံရိပ် မဖြစ်သင့်။
                      ဆိုလိုချင်တာက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလ (Transitional Period) အတွင်း လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ ကဲ့သို့ ဒုက္ခခံဖို့ ပြည်သူအားလုံး (Whole Community) ကို သမ္မတကြီးက ဖိတ်ခေါ်ခဲ့သော်လည်း အခွင့်အရေး (Privilege) ပေးဖို့၊ (ဝါ) အကာအကွယ် (Safeguard) ပေးဖို့ အချိန် ရောက်ရင် မြန်မာမွတ်ဆလင်များဟာ အမေ့ခံပုံရိပ်ဖြစ်မှာ စိုးရိမ်ပါတယ်။ မြန်မာမွတ်ဆလင်တို့ရဲ့ သမိုင်းပုံရိပ် ဘယ်လိုဘဲ ကောင်းကောင်း နိုင်ငံအရေး ဆုံးဖြတ်ပိုင်ခွင့် ရှိသူတွေရဲ့ အသိအမှတ်ပြုခံရဖို့ကလည်း အရေးကြီး ပါတယ်။
    လွှတ်တော်သို့ တင်သွင်းသော သမ္မတကြီး၏ ရခိုင်ပဋိပက္ခဆိုင်ရာ ပထမ သဝဏ်လွှာနှင့်အတူ ပူးတွဲ ပေးပို့လာသော သတင်းဖြစ်စဉ် မှတ်တမ်းကို တာဝန်မယူသော သမ္မတနှင့် သူ့ရုံးအဖွဲ့ဝင်များ၏ နိုင်ငံကို ဦးဆောင်နိုင်မှု၊ တာဝန်ယူနိုင်မှု နှင့် နိုင်ငံအရေး ဆုံးဖြတ်နိုင်မှုပေါ် သံသယဝင်မိပါသည်။ တစ်ခါတစ်ရံ ခေါင်းဆောင်ဆိုသူများသည် ကွန်မြူနစ်ဝေါဟာရကို ငှားသုံးလျှင် ဖေါက်ပြန်တတ်သော သဘောရှိ၏။
    စစ်အစိုးရလက်ထက်တွင် အစ္စလာမ်ဘာသာဝင် ဝန်ထမ်းများကို ရာထူးတိုးပေးရန်အတွက် ခွဲခြား ဆက်ဆံခြင်း ခံကြရ၏။ လွတ်လပ်ရေးကြိုးပမ်းမှုမှာ တာဝန်သိ သိပါခဲ့တဲ့ မြန်မာမွတ်ဆလင်တွေကို ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင် လို့ သုံးနှုံးပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဦးသိန်းစိန်အစိုးရက ကျေးဇူးဆပ်ဖူးတယ်။
    နိုင်ငံတော်အာဏာ မရမီက ရိုဟင်ဂျာတွေကို မဲဆွယ်စည်းရုံးခဲ့တဲ့ ဦးသိန်းစိန်နှင့် RNDP ဒေါက်တာ အေးမောင်တို့သည် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ရိုဟင်ဂျာတွေကို ခြံခတ်ပြီး တတိယ နိုင်ငံကို တင်ပို့မယ်လို့ ပြောခဲ့ကြတယ်။
    (၈) လေးလုံးဒီမိုကရေစီ တိုက်ပွဲတွင် တက်ကြွစွာပါဝင်ခဲ့သော မြန်မာမွတ်ဆလင်များကို မင်းတို့ ကုလားတွေနဲ့ ဒီမိုကရေစီ ဘာဆိုင်လို့လဲဟု စစ်ထောက်လှမ်းရေးက မေးမေးပြီးရိုက်၏။ မွတ်ဆလင် အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်ကို ရည်ညွှန်းကိုးကား ဂုဏ်ယူပြောကြားသူများကို ပိုမိုနှိပ်စက်ခဲ့ကြ၏။ ယ္ခုအခါ ပြည်သူများဆန္ဒအရ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည်ဟု ကမ္ဘာကိုကြေငြာ၏။
    ၈ လေးလုံးအရေးတော်ပုံကာလ ရွှေတိဂုံစေတီတော် အနောက်ဖက်မုဒ်တွင် ဗိုလ်မှူးဘသော် (မောင်သော်က)  ခြံရံလျှက် ပြည်သူအားလုံးပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုကြောင့် ထိုအချိန်က စစ်တွေမြို့ ဆန္ဒပြမှုများတွင် တက်ကြွစွာပါဝင်ခဲ့ဘူးသော ရိုဟင်ဂျာများကို ၂၄ နှစ်ကြာသောအခါ မေ့သွား၏။ အင်္ဂံလန် မြေပေါ်တွင် I don’t know rohingya ဟုပြောခဲ့ဘူး၏။
    ဒီမိုကရေစီ ဘယ်တော့လောက်ရမလဲလို့ မေးတိုင်း အမေစုဖြေတာက တစ်မျိုးသားလုံးပါဝင်မှု (National Commitment) ကအရေးကြီတယ်၊ လူတိုင်းလူတိုင်း ဒီမိုကရေစီရဖို့ ဘယ်လောက်လုပ်ပြီးပြီလဲ လို့ပြန်မေးလေ့ရှိတယ်။ NLD ကိုထောက်ခံပြီး အမေစုကို ဝိုင်းရံထားသူတွေ၊ ဒီမိုကရေစီအရေး ကြိုးပမ်းသူတွေ   အထဲမှာ မွတ်ဆလင်တွေ အများကြီးပါလို့ အမေစုအတွက် မြန်မာမွတ်ဆလင်တွေဟာ အမေ့ခံပုံရိပ် မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။
    လူထုခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင် ဆိုသူများသည် အသုံးချလိုသောအခါ ချွင်းချက်မရှိ ဖိတ်ခေါ်လေ့ ရှိကြပြီးလျှင် အခွင့်အရေးပေးရန်၊ ရပိုင်ခွင့်များကို ခံစားစေရန်အတွက်မူ ဘက်လိုက်တတ်သည့် သဘောကို ကျွန်ုပ်တို့ကိုယ်တိုင် တွေ့ကြုံခဲ့ကြဘူးပါသည်။  (Political leader’s Invitation to whole community unconditionally in case of shortage but right and privilege to specific small group and bias afterward.) ဤသဘာဝကို Min Ba Din blog post တစ်ခုတွင်လည်း ဖတ်ခဲ့ ဘူးပါသည်။ ထို့ကြောင့် ထိုအဖြစ်မျိုး နောက်ထပ်မဖြစ်ရလေအောင် ကျွန်ုပ်တို့ ပခုံးပေါ်တွင် တာဝန်ရှိလာပါသည်။
    ၅။ လိုလျှင်တစ်မျိုး၊ မလိုလျှင်တစ်မျိုးပြော၏။                                              
            လဝက ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်လူမျိုးများနှင့် ဘင်္ဂါံလီ ရိုဟင်ဂျာ များသည် ပြည်တွင်းမှာ အစဉ်အဆက် တစ်အိမ်တည်းနေ ညီအစ်ကိုတွေဖြစ်လို့ ကုလသမဂ္ဂမှ ဝင်ရောက် စစ်ဆေးရန် မလိုပါဟု သုံးနှုံးပြောဆိုဘူးပါသည်။
    ထို့ကြောင့် လ.ဝ.က ဝန်ကြီး ဦးခင်ရီပြောသည့် သွေးနှင့်ဆုံးဖြတ်ပါသည်ဆိုသော မြန်မာနိုင်ငံ၏ နိုင်ငံသားပြုမှု ဥပဒေအရ ရခိုင်နှင့် ညီအစ်ကိုတော်သော ရိုဟင်ဂျာများသည် အလိုအလျှောက် မွေးရာပါ နိုင်ငံသားများဖြစ်ကြ၏။ လ.ဝ.က ဝန်ကြီး တစ်ဦး၏ နုတ်ထွက်စကားသည် လူဝင်မှုဥပဒေနှင့် လိုက်လျှော် ညီထွေရှိသင့်သည်။
    ၆။ မြန်မာမွတ်ဆလင် သတင်းစာတိုက်နှင့် Islamic Bank တည်ထောင်သင့်သည်။
    နိုင်ငံရေးခေါင်းဆောင်များက ပြည်သူတစ်ရပ်လုံးကို ပါဝင်ရန်ဖိတ်ခေါ်တိုင်း ထိုအထဲတွင် အစ္စလာမ် ဘာသာဝင် မွတ်ဆလင်များ ပါ၊ မပါ မေးရန် စတုတ္ထမဏ္ဍိုင် မြန်မာမွတ်ဆလင် သတင်းစာခေါင်းကြီးလို၏။ တနည်းအားဖြင့် ဖေါက်ပြန်တတ်သော ခေါင်းဆောင်များနှင့် အိပ်ချင်ယောင်ဆောင်နေသူများကို သတိပေးရန် သတင်းစာ အာဘော်သည် ကလောင် ထက်၏။ အိပ်ချင်ယောင်ဆောင်နေသူများကို ရေလောင်းပြီး ပြောရန်လိုတယ်လို့ ၈ လေးလုံး မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဆို၏။
    ဘာသာရေး။ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် အားကစား ကဏ္ဍအသီးသီး ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ပုဂ္ဂလိက သတင်းစာတိုက်များ တည်ထောင်ခွင့်ပြုနေချိန်တွင် မြန်မာမွတ်ဆလင် သတင်းစာ တိုက်ကို တည်ထောင်ရန် ကျွန်ုပ်တို့တွင် တာဝန်ရှိ၏။ ရိုဟင်ဂျာများကလည်း သတင်းစာထုတ်ဝေဘူးပါသည်။ ရည်ရွယ်သည်မှာ မြန်မာမွတ်ဆလင်များ အမေ့ခံပုံရိပ် မဖြစ်စေရန်ဖြစ်၏။
    သတင်းစာအထိ မလှမ်းနိုင်မီ မြန်မာမွတ်ဆလင် မဂ္ဂဇင်းနှင့် ဂျာနယ်တို့ ထုတ်ဝေနိုင်ရန် မျှော်မှန်း လုပ်ဆောင်သင့်သည်ဟု မြင်ပါသည်။
    ရန်ကုန်နှင့် မန္တလေးတွင် အခွင့်အရေးပေးလျှင် အစ္စလာမ်တရားတော်နှင့် ညီသော ဘဏ်တစ်ခုစီ ဖွင့်သင့်သည်။ ထိုဘဏ်များမှရမည့် တရားတော်နှင့်အညီပေးသော အမြတ်ငွေများကို သုံးနိုင်၊ လှူနိုင်၊ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ထိရောက်စွာ သုံးစွဲနိုင်မည်ဖြစ်၍ မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်ကို ကောင်းစေမည့် ကိစ္စတစ်ခု ဟုမြင်ပါသည်။ ယ္ခုအခါ မလွဲသာမရှောင်သာ ဘဏ်နှင့်ဆက်ဆံ၍ ရလာသော အတိုးငွေများသည် စားမရ၊ လှူမရနှင့် မြန်မာမွတ်ဆလင်တို့အတွက် အဟောသိကံ ဖြစ်ရ၏။
    ၇။ မြန်မာမွတ်ဆလင်များ၏ ပုံရိပ်ကို အမေ့မခံရလေအောင် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပါ။
            သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် ဘင်္ဂါံလီ ရိုဟင်ဂျာများသည် ဒေသခံ တိုင်းရင်းသား (သို့မဟုတ်) မြန်မာနိုင်ငံသားများ ဟုတ်၊ မဟုတ်၊ ယတိဖြတ် မဆုံးဖြတ်နိုင်လျှင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းကာ လွှတ်တော် ကိုယ်စားလှယ်ကြီးများကလည်း မြန်မာ့သမိုင်း၊ ရခိုင်အင်ပါယာ သမိုင်းနှင့် ရိုဟင်ဂျာသမိုင်းကို ယှဉ်တွဲလေ့လာရန်နှင့် ကမ္ဘာ့ သမိုင်း ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးရန်    လုံလောက်သော အချိန်ကာလတစ်ခုကို တောင်းဆို ပြီးနောက် မဲခွဲဆုံးဖြတ် လိုက်လျှင် အမှန်အကန်ဆုံးနှင့် အထိရောက်ဆုံး အဖြေကို ကျိန်းသေတွေ့မည်ဟု ယုံကြည်မိပါသည် ခင်ဗျား။
     လေးစားစွာဖြင့်
    မောင်သမာဓိ
  • နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂ နိုင်ငံသား ဥပဒေ
    နေမင်း (Eastern Star)
    နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ
    justice3
    ၂၀၁၂-ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ဆက်စပ်၍ လွန်ခဲ့သော နှစ် ၃၀ က ပြဌာန်းခဲ့သော ၁၉၈၂ နိုင်ငံသားဥပဒေကို ဝေဖန်သံများကြားနေရပါသည်။ ဘင်္ဂါလီဟုခေါ်ခံရသူများ၊ ရိုဟင်ဂျာဟု မိမိကိုယ်မိမိ သတ်မှတ်သူများဘက်မှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်လိုကြသကဲ့သို့ အမျိုးသားရေးစိတ်ဓါတ်အခံဖြင့် တိုင်းရင်းသားလူမျိုးသစ်တစ်မျိုး ဖန်တီးမှုကို လက်မခံနိုင်သောအုပ်စုများကလည်း ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေကို ပြောင်းလဲ ပြင်ဆင်စရာမလို။ အစစပြီးပြည့်စုံသော ဥပဒေဖြစ်သည်ဟု ပြောဆိုဝေဖန်သံများ၊ ထောက်ခံ ဆန္ဒပြုမှုများကိုလည်း မြင်တွေ့ရပါသည်။ ပြည်တွင်းပြဿနာကို နိုင်ငံတကာပြဿနာဖြစ်အောင် လုပ်နေကြသည်ဟု စွပ်စွဲသံများကိုလည်း ကြားရပါ၏။ ၂၁-ရာစု ကမ္ဘာ့ရွာကြီးတွင် ယခင်က ပြည်တွင်းပြဿနာဟု သတ်မှတ်ထားသော အရာများသည် ယနေ့  နိုင်ငံတကာဆိုင်ရာ ပြဿနာဖြစ်လာနိုင်သည်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသားများ သတိရှိရှိ ဝေဖန်သိမြင်ဖို့ လိုအပ်လာကြောင်း အသိပေးလိုသဖြင့် ဤစာတမ်းကို ရေးသားရခြင်းဖြစ်ပါသည်။
    1982 Lawလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအား ပယ်ဖျက်သင့်ကြောင်း အဆိုတင်သွင်းဆွေးနွေးသူ အမျိုးသားလွှတ်တော်အမတ်များအား ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ မည်သည့်အခန်း မည်သည့်ပုဒ်မသည် အားနည်းနေကြောင်း၊ ပြင်ဆင်ရန်လိုကြောင်း၊ တိကျစွာ အတည်ပြုထောက်ပြပေးသင့်ပါသည်ဟု ၆.၁၁.၂၀၁၂ လွှတ်တော်အစည်းဝေးတွင် အကြံပြုသွားသည်ဟု သိရပါသည်။ အလားတူ နိုင်ငံရေးခေါင်းဆောင်တစ်ဦး အနောက်ဥရောပခရီးစဉ်တစ်ခုတွင် ရခိုင်ပြည်နယ်မှ လူမှုပဋိပက္ခများအကြောင်း သတင်းထောက်တစ်ဦးက စူးစမ်းမေးမြန်းသောမေးခွန်းတစ်ခုကို နိုင်ငံသားဥပဒေ၏ အားနည်းချက်ကြောင့်ဖြစ်ရသည်ဟု တစ်နေရာတွင် ထင်မြင်ချက်ပေးခဲ့၏။ အခြားတစ်နေရာတွင် နိုင်ငံသားဥပဒေ၏ အားနည်းချက်ဆိုသည်မှာ ဘယ်အချက်ကို ဆိုလိုပါသလဲဟု အမေးခံရသောအခါ မိမိအဆိုပါနိုင်ငံသား ဥပဒေကို ကောင်းစွာ မလေ့လာရသေးဟု ၀န်ခံစကားပြောလိုက်ရသည်ဟု သတင်း ဂျာနယ်ဖတ်သူများက ကျွန်တော့်အား လာရောက်ပြောကြားရင်း နိုင်ငံခေါင်းဆောင်လုပ်မည့်သူများ အကဲဆတ်လှသည့် ကိစ္စများကို လွယ်လွယ်မပြောသင့်ကြောင်း၊ ယခုလည်း ဥပဒေသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ပြည်တွင်းမှာ အပြောများ၍ ပြည်ပက မေးလာပါလျှင် ဘယ်လိုဖြေကြ၊ ပြောကြမည်မသိပါ။ ခင်ဗျားလည်း ရှေ့နေ တစ်ယောက်ဖြစ်ခဲ့သဖြင့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ဘယ်လိုမြင်ပါသလဲဟု မေးမြန်းတာ မကြာခဏ ကြုံနေရပါသည်။
    အဆိုပါပုဂ္ဂိုလ်များအတွက် ဤစာတမ်းသည် ကျွန်တော်၏ ကိုယ်တွေ့အမြင်နှင့် သုံးသပ်ချက် အဖြေဖြစ်ပါသည်။
    ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းတွင် နေထိုင်ခဲ့သော ရန်ကုန်မွေးဇာတိ တိုင်းရင်းသား ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင် ဦးအောင်မြင့် (ခ) Mr. L.Ambrosejustice4 အသက် ၆၂-နှစ်ရှိသူအပေါ် ၁၉၄၇-ခုနှစ်၊ လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁)အရ အရေးယူ ခံရမှုနှင့်ပတ်သက်၍ ကျွန်တော်၏ တပည့် ရှေ့နေ ဦးကျော်ညွန့်က ဗဟိုတရားရုံးတွင် လိုက်ပါဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံသဖြင့် ၁၉၈၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်တော် လက်ခံဆောင်ရွက်ခဲ့ပါသည်။
    အမှုဖြစ်စဉ်အကျဉ်းချုပ်မှာ ဦးအောင်မြင့်၏သမီး Mrs. P. Ambrose, 121, Mills Street, Queens Park, W.A.6107 နေသူက တစ်ကွဲတစ်ပြားစီနေထိုင်ရသည့်အဖြစ်ကို လွမ်းဆွတ်လှသဖြင့် မိဘများကို တွေ့လိုကြောင်း ၁၉၈၂-ခုနှစ်ခန့်ကစ၍ အကြိမ်ကြိမ် မှာကြားဖိတ်ခေါ်သည်ကို သွားရောက်ရန်အတွက် မိဘများကလည်း သမီးထံ သွားရောက်နိုင်ရေး အကြိမ်ကြိမ် မဆလအစိုးရလက်အောက်ခံ ပြည်ထဲရေးဌာနတွင် Passport နှင့် Visa များရရှိအောင် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။ ပွဲစားများ၏ အကြံပေးချက်အရ Passport မယူပဲ Certificate of Identity (C of I) ကို ယူ၍ နိုင်ငံခြားထွက်လို့ရကြောင်း (C of I) မှာ အလွယ်တကူ ရယူနိုင်ကြောင်းပြောသည်ကို ယုံကြည်ပြီး ဦးအောင်မြင့်သည် ပြည်ထဲရေးဌာနမှ (C of I) ကို လျှောက်ထားရယူခဲ့ပါသည်။
    ပြည်ထဲရေးဌာနမှ ၃.၆.၁၉၈၅ ရက်နေ့တွင် (C of I) လက်မှတ်အမှတ် ၁၁၇၄ ကို ဦးအောင်မြင့်အား ထုတ်ပေးခဲ့ပြီး အဆိုပါလက်မှတ်သည် မြန်မာနိုင်ငံအတွင်း ၂.၆.၈၆ နေ့အထိ အတည်ဖြစ်သည်ဟု လည်းကောင်း၊ ဦးအောင်မြင့်သည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာသွားပြီး ၃-လအကြာတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲပြီးဖြစ်ပါသည်ဟုလည်းကောင်း အဆိုပါလက်မှတ်တွင် ဖော်ပြထားပါသည်။ (အဆိုပါ C of I ကို ပူးတွဲ-၁ အဖြစ် ဖော်ပြထားပါသည်။)
    justice 1ဦးအောင်မြင့်သည် ၂၉.၆.၈၅ နေ့တွင် BAC လေကြောင်းခရီးစဉ် UB 221 နှင့် ဘန်ကောက်မှတဆင့် သြစတြေးလျသို့ သွားရောက်ခဲ့ပြီး ၁-လခန့်အကြာတွင် မြန်မာနိုင်ငံတွင်ကျန်ရှိသော ဇနီးဖြစ်သူက နှလုံးရောဂါ အသည်းအသန်ဖြစ်၍ မသေမီ တွေ့လိုပါသည်ဟု အကြောင်းကြားခြင်းခံရပါသည်။ ဦးအောင်မြင့်အနေဖြင့် ဇနီးနှင့်သမီးကြား  ဗျာများခဲ့ရပြီး နောက်ဆုံးအခြေအနေ ကြုံနေရသော ဇနီးထံပြန်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် မိမိလက်ဝယ်ရှိ (C of I)သည် မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် ပြန်လို့ ရမရ ဒွိဟဖြစ်စရာရှိသဖြင့် Camberra ရှိ မြန်မာသံရုံးသို့ ၇.၈.၈၅ နေ့စွဲဖြင့် တရားဝင် စာရေသားမေးမြန်းမှု ပြုခဲ့ပါသည်။ ၉.၈.၈၅ နေ့ နေ့လည် ၂-နာရီခန့်တွင် သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ် မစ္စက်လင့် ဆိုသူထံမှ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ် ရှိနေသေးသဖြင့် (C of I) သက်တမ်း ၃-လအတွင်း မြန်မာနိုင်ငံသို့ အချိန်မီပြန်နိုင်ကြောင်း ပထမဦးစွာ ဖုန်းဖြင့်ပြန်ကြားခဲ့သည်။ ထို့နောက် သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော် သံရုံးမှ စာဖြင့် အောက်ပါအတိုင်း သဘောထားမှတ်ချက် ထပ်မံပေးပို့ခဲ့ပါသည်။ အဆိုပါစာကို ဦးအောင်မြင့်မှ တရားရုံးတွင် သက်သေခံ ၃ အဖြစ် တင်ပြထားပါသည်။ အဆိုပါစာကို ပူးတွဲ-၂ အဖြစ် ဖော်ပြထားပါသည်။
    ဦးအောင်မြင့်သည် သံရုံးမှ တယ်လီဖုန်းဖြင့် အကြောင်းပြန်ကြားချက် ရလျှင်ရချင်း မြန်မာနိုင်ငံရှိ နှလုံးရောဂါသည် ဇနီးသည်ထံ အမြန်ပြန်နိုင်ရေး ကြိုးစား ဆောင်ရွက်ခဲ့ရာ ၂၄.၄.၈၅ ရက်နေ့တွင် မင်္ဂလာဒုံလေဆိပ်သို့ ထိုင်းလေကြောင်းဖြင့် ခရီးစဉ်အမှတ် TG-305  နှင့် ညနေ ၄-နာရီအချိန် ဘန်ကောက်မြို့မှတဆင့် ပြန်လည်ဝင်ရောက်ခဲ့ပါသည်။ လေဆိပ်တွင် လ၀ကဌာနမှ လူဝင်မှုကြီးကြပ်ရေး လတ်တလောဥပဒေပုဒ်မ ၃(၁) ၁၃(၁)အရ ဦးအောင်မြင့်အား ဖမ်းဆီးတရားစွဲဆိုမှု ပြုခဲ့ပါသည်။ လ၀ကဌာနမှ ဦးအောင်မြင့်သည် နိုင်ငံသားဥပဒေပုဒ်မ-၁၆ နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇တို့အရ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲခဲ့ပြီဖြစ်၍ မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာအာဏာပိုင်၏ ခွင့်ပြုချက်မပါရှိပဲ ၀င်ရောက်ခွင့်မရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း လ၀က ဦးစီးမှူးက တရားရုံးတွင် ထွက်ဆိုသွားပါသည်။
    အဆိုပါအမှုတွင် ဦးအောင်မြင့်၏ မူလ မင်္ဂလာဒုံမြို့နယ် ပြစ်မှုကြီးအမှုအမှတ် (၁၇၃၂/၈၅) တရားရုံးရှေ့နေ ဦးကျော်ညွန့်က လိုက်ပါ ဆောင်ရွက်ခဲ့ပြီး ဦးအောင်မြင့်လက်ဝယ်ရှိ (C of I) justice2သက်တမ်းမှာ ကုန်ဆုံးခြင်းမရှိသေး၍ မြန်မာနိုင်ငံသားအဖြစ် တရားဝင် တည်ရှိဆဲဖြစ်ကြောင်း သြစတြေးလျရှိ မြန်မာနိုင်ငံ သံရုံးမှ ဦးအောင်မြင့်ထံ တရားဝင် ပြန်ကြားကြရန်လည်း ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားဖြစ် ပြန်ခွင့်ရှိကြောင်း ဖော်ပြပါရှိသဖြင့် ဦးအောင်မြင့် မြန်မာနိုင်ငံသို့ပြန်လာခြင်းသည် ဥပဒေနှင့်အညီဖြစ်၍ အပြစ်မရှိကြောင်း၊ ခုခံချေပ ဖြေရှင်းခဲ့ပါသည်။
    မင်္ဂလာဒုံတရားရုံးမှ ဦးအောင်မြင့်အပေါ် လ၀က (အရေးပေါ်ပြဌာန်းချက်) အက်ဥပဒေပုဒ်မ-၁၃(၁)အရ ငွေဒဏ် ၂၀၀ ထမ်းဆောင်စေ၊ မဆောင်က ထောင်ဒဏ် ၆-လ ကျစေဟု အမိန့်ချခဲ့ပါသည်။ တိုင်းတရားရုံးကလည်း အောက်ရုံးအမိန့်ကိုပင် ထပ်ဆင့်အတည်ပြုပါသည်။ ယင်းအမှု ဗဟိုတရားရုံးတက်ရောက်ရန် အောက်ရုံးရှေ့နေ ဦးကျော်ညွန့် လွှဲအပ်သဖြင့် ကျွန်တော်သည် ဦးအောင်မြင့်အမှုကို ဗဟိုတရားရုံးအတွက် လိုက်ပါဆောင်ရွက်ခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်က အမှုသည် ဦးအောင်မြင့် ယခုဘယ်မှာလဲဟုမေးမြန်းရာ ဦးအောင်မြင့်၏ မိတ်ဆွေများက မြို့နယ်တရားရုံးက စွဲဆိုသောအမှု၏ ဒဏ်ငွေ ၂၀၀ ကို ဦးအောင်မြင့်က ချက်ချင်းပေးဆောင်ခဲ့သော်လည်း လ၀ကမှ ဦးအောင်မြင့်သည် ယခု မြန်မာနိုင်ငံသားမဟုတ်တော့ကြောင်း မည်သည့်နိုင်ငံသားဟုလည်း သတ်မှတ်ရန်မဖြစ်နိုင်ပဲ နိုင်ငံမဲ့ဖြစ်သွားပြီဖြစ်၍ အင်းစိန်ထောင်အတွင်း ထည့်ထားရမည်ဖြစ်ကြောင်း ပြောဆိုပြီး အင်းစိန်ထောင်သို့ခေါ်သွားပြီဖြစ်ကြောင်း ပြောပါသည်။
    ၁-လနှင့် ၂၅-ရက်အတွင်း မွေးရာပါ မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသား၊ ရန်ကုန်ဇာတိဖွား ပုဂ္ဂိုလ်တစ်ယောက် နိုင်ငံမဲ့ဖြစ်သွားစေသည့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေ၏ အစွမ်းကို အထူးပင် တုန်လှုပ်သွားပါသည်။ ထို့ကြောင့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုလည်း အပြန်ပြန်အလှန်လှန် လေ့လာဖြစ်ခဲ့ပါသည်။ နိုင်ငံသားလုပ်ထုံးလုပ်နည်းဥပဒေကို လေ့လာလိုသဖြင့် ရှာဖွေရာ ၁၉၈၆-ခုနှစ်ဝန်းကျင်က ရန်ကုန်တိုင်းအတွင်း လ၀ကမြို့နယ် ဦးစီးမှုအဆင့်ပင်တွင် စုံစမ်းမရခဲ့ပါ။ ရန်ကုန်မြို့ ကမ်းနားလမ်း ၆-ထပ်လုံးရှိ လ၀က တိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးထံတွင် ရှားရှားပါးပါး လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇ ကို ကူးယူမှတ်သားခွင့်ရခဲ့ပါသည်။ စာအုပ်တစ်အုပ်လုံး ဖတ်ရှုခွင့်မရပါ။ ထို့ကြောင့် အဆိုပါရှားပါးလှသော လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရှုလိုသဖြင့် ကြိုးစားလုပ်ဆောင်ရင်း ကံအားလျော်စွာ ထိုစဉ်က ၀န်ကြီးချုပ်ရုံးနှင့်သက်ဆိုင်သော ဌာနတစ်ခုမှ ညွှန်မှူးတစ်ယောက် ကူညီသောကြောင့် ထိုစာအုပ်တစ်အုပ်ကို ရရှိခဲ့ပါသည်။ နိုင်ငံသား လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရသဖြင့် ထိုစဉ်က ကျွန်တော်တို့ မြန်မာနိုင်ငံသားများကိုင်ဆောင်ထားသော အမျိုးသား မှတ်ပုံတင်များသည် အနာဂတ်တွင် နိုင်ငံသားစိစစ်ရေးကတ်များကို ပြောင်းလဲ ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကာလ လွန်မြောက်ပြီးမှ နိုင်ငံသားစာအုပ်ကို ပြောင်းလဲကိုင်ဆောင်ရမည်ဖြစ်ကြောင်း နမူနာကတ်နှင့် စာအုပ်ကိုပါ လုပ်ထုံးလုပ်နည်းစာအုပ်တွင် ပူးတွဲပါရှိသည်ကို တွေ့မြင်ဖတ်ရှု သိရှိခဲ့ရပါသည်။
    justice5ထို့ကြောင့် ယနေ့ ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခွင့် ရသည့်သူများ ငါတို့တော့ မြန်မာနိုင်ငံသား ဖြစ်ပြီဟု ၀မ်းမြောက်မှု မစောကြစေချင်ပါ။ ယခု မြန်မာနိုင်ငံ ပြည်သူအားလုံး နိုင်ငံသားဖြစ်ထိုက်မဖြစ်ထိုက် စိစစ်ခံနေရသည်မှာ မြန်မာနိုင်ငံသားဥပဒေ စတင်ပြဋ္ဌာန်းသည့် ၁၉၈၂-ခုနှစ်မှရေတွက်လျှင် နှစ်ပေါင်း ၃၀-ကျော်တော့မည်ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကြီးမှစ၍ လွှတ်တော်အမတ်များအပါအ၀င် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်စရာမလို အစစပြည့်စုံသော ဥပဒေဖြစ်သည်ဟု ထောက်ခံပြောဆိုသူများထဲတွင် မြန်မာနိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေတွေပါရှိသော နိုင်ငံသားစာအုပ်ကိုင်ဆောင်ခွင့်ရသူ မည်သူပါရှိပါသနည်းဟု အလျဉ်းသင့်၍ ကျွန်တော် မေးလိုပါသည်။
    ကျွန်တော်သည် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့် အထက်ပါဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ ၂၀.၉.၈၃ နေ့စွဲပါ ၀န်ကြီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများကို လေ့လာခဲ့ပြီးနောက် ဗဟို တရားရုံးသို့ ဦးအောင်မြင့်ကိုယ်စား ပြစ်မှုပြင်ဆင်မှုအတွက် (၁၀၄(ခ)/၁၉၈၆)ကို ၂၄.၂.၈၆ နေ့တွင် တင်သွင်းမှုပြုခဲ့ပါသည်။ အမှုတင်သွင်းသည့်အခါ အမှုတွဲစိစစ်လက်ခံသူ တရားရေးအရာရှိနှင့် ပြဿနာပေါ်ပါသည်။ ကျွန်တော်က လျှောက်ထားသူအမှုသည် ဦးအောင်မြင့်၏အမည်အောက်တွင် (နိုင်ငံမဲ့အကျဉ်းသား အင်းစိန်ထောင်)ဟု ဖော်ပြထားချက်ကို တရားရေးအရာရှိက အထူးအဆန်းဖြစ်နေသဖြင့် အမှုတွဲတွင် ခပ်ကြောင်ကြောင် အရေးအသားများရေးသည်ကို တရားသူကြီးများက မကြိုက်ကြောင်း (နိုင်ငံမဲ့အကျဉ်းသား)ဟူသောအသုံးအနှုန်းကို ပြင်ဆင်ရေးသားရန် တောင်းဆိုပါသည်။ ကျွန်တော်က မိမိအမှုသည် ဦးအောင်မြင့် အကျဉ်းထောင်ထဲ ရောက်နေခြင်းမှာ ယခုပြင်ဆင်မှုတင်သွင်းသော အမှုကြောင့် ရောက်နေခြင်းမဟုတ်ကြောင်း ယခုပြင်ဆင်မှုနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်သော ဒဏ်ငွေ ၂၀၀ ကို ပေးဆောင်ပြီးဖြစ်ကြောင်း၊ အဆိုပါ ဒဏ်ငွေပေးဆောင်ရသော အမှု၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် နိုင်ငံမဲ့သူဖြစ်၍ အင်းစိန်ထောင်အတွင်း ရောက်ရှိနေထိုင် ရသူဖြစ်သဖြင့် နိုင်ငံမဲ့အကျဉ်းသား အသုံးအနှုန်းကို မပြင်နိုင်ကြောင်း ဤအသုံးအနှုန်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို မိမိလက်ခံမည်ဖြစ်ကြောင်း ကျွန်တော်က ပြန်လည်ရှင်းလင်းခဲ့ရပါသည်။
    အထက်ပါအတိုင်း ပြဿနာရှိသော အမှုဖြစ်သဖြင့် ဤအမှုနှင့်ပတ်သက်၍ ကျွန်တော့်ဘက်က လစ်ဟင်းမှုမရှိအောင် အထူးဂရုစိုက်ပြီး လက်ခံသင့် မခံသင့် လျှောက်လဲချက်ကိုလည်း ပြင်ဆင်ထားခဲ့ပါသည်။ ပြင်ဆင်မှုလျှောက်လွှာတွင် “(၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့်ပတ်သက်သော အဓိကအားနည်းချက်အဖြစ် ဤဥပဒေကို ၁၉၈၂-ခုနှစ်တွင် ပြည်သူ့ လွှတ်တော်မှ ပြဌာန်းခဲ့စဉ်ကပင် အာဏာတည်ရမယ့်နေ့ရက် ဖော်ပြပါရှိခြင်းမရှိသောကြောင့် ယင်းဥပဒေသည် ယနေ့တိုင် တရားဝင် အကျိုးသက်ရောက်အာဏာတည်ခြင်း ရှိ/မရှိ ဒွိဟဖြစ်စရာအခြေအနေ ပေါ်ပေါက်နေပါကြောင်း) မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာလည်း ၀န်ကြီးအဖွဲ့က လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ (၂၀.၉.၈၃-နေ့တွင်) အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် နောက်ကျထုတ်ပြန်ခဲ့ခြင်း ဖြစ်သဖြင့် ဥပဒေကိုလိုက်နာမည့် ပြည်သူများသာမက ယင်းဥပဒေကို အကောင်အထည်ဖော်ရသည့် ဌာနများတွင်ပင် အခက်အခဲများစွာ ရှိနေပါကြောင်း” နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေအရ တာဝန်လွှဲခြင်းခံရသော သြစတြေးလျနိုင်ငံရှိ မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာသံရုံးတာဝန်ရှိ သံအရာရှိများက ဦးအောင်မြင့်၏ရည်မှန်းချက်အရ မြန်မာနိုင်ငံသားအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း မြန်မာနိုင်ငံသို့ တရားဝင် ပြန်နိုင်ကြောင်း အဆုံးအဖြတ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံ မင်္ဂလာဒုံမြို့နယ်မှ လ၀က အရာရှိများကမူ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားမဟုတ်တော့သဖြင့် မြန်မာနိုင်ငံသို့ ခွင့်ပြုချက်မရှိပဲ ပြန်လာခွင့်မရှိကြောင်း ယခုအခါ ကမ္ဘာပေါ်တွင် နိုင်ငံမရှိသော လူသားတစ်ဦးသာဖြစ်ကြောင်း ထို့ကြောင့် အင်းစိန်ထောင်ထဲတွင်သာ ထည့်ထားရမည့် လူသားတစ်ဦးဖြစ်ကြောင်း ဆန့်ကျင်ကွဲလွဲစွာ အဆုံးအဖြတ်ပေးခဲ့ကြခြင်းက ထင်ရှားသော သာဓကတစ်ရပ်ဖြစ်နေပါကြောင်း၊ ထို့အပြင် ဦးအောင်မြင့်အား ထုတ်ပေးခဲ့သော (C of I) သက်သေခံမှုလက်မှတ်တွင် ပြဋ္ဌာန်းပါရှိသော စည်းကမ်းချက်များသည် လ၀က လတ်တလော အက်ဥပဒေပုဒ်မ-၄(၂)အရ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ၀င်ခွင့်ပြုထားသော သို့မဟုတ် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များအဖြစ် မှတ်ယူရမည်ဟူသော ပြဌာန်းချက်ကြောင့် သတ်မှတ်ကာလ ၃-လအတွင်း မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ဦးအဖြစ် တရားဝင် ပြန်လာခြင်းဖြစ်ပါကြောင်း တင်ပြလျှောက်ထားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့် အထက်ဖော်ပြပါ ပြင်ဆင်မှုလျှောက်လွှာပါ ဥပဒေအချက်အလက်များနှင့် ဆက်စပ်၍ လျှောက်လဲချက်ပေးရန် ထပ်ဆင့်ပြင်ဆင်ခဲ့ရာတွင်
    (၁) မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်-၄)တွင် ဥပဒေအာဏာတည်သည့်နေ့ သတ်မှတ်ပြဌာန်းထားခြင်းမရှိသော်လည်း ယင်းဥပဒေ ပုဒ်မ-၆၊ ၃၈၊ ၃၄၊ ၄၅၊ ၅၂၊ ၆၁၊ ၇၂ တို့တွင် ဤဥပဒေအာဏာတည်သည့်နေ့အပေါ် တည်မှီ၍ လုပ်ဆောင်ခွင့်ရှိသည့် အချက်များကို ကန့်သတ်မှုတွေ့ရသဖြင့် ဤဥပဒေ အာဏာတည်သည့်နေ့သည် အလွန်အရေးကြီး အဓိကကျနေပါကြောင်း၊
    (၂) မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၇၅)တွင် ၀န်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု လွှတ်တော်က လုပ်ကိုင်အပ်နှင်းထားသော်လည်း မူလ “မြန်မာနိုင်ငံသားဥပဒေ အာဏာမတည်သရွေ့ ကာလပတ်လုံး ၁၉၇၃-ခုနှစ် စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေး (တော်လှန်ရေးကောင်စီဥပဒေ အမှတ် -၂၂) အခန်း-၅ “အာဏာမတည်သေးသော ဥပဒေနှင့်စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များ”ကဏ္ဍ ပုဒ်မ-၁၇(ဂ)တွင် “ယင်းသို့ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ သို့မဟုတ် အမိန့်သည် ယင်းဥပဒေ စတင် အာဏာမတည်သေးသမျှ ကာလပတ်လုံး အကျိုးသက်ရောက်မှု မရှိစေရ”ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်အရ မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၁၆၊ လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇အရ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့ပြီဟု မင်္ဂလာဒုံမြို့နယ် လ.၀.က မှဆုံးဖြတ်၍ အင်းစိန် အကျဉ်းထောင်အတွင်း ထည့်သွင်းထားခြင်းသည် မြန်မာနိုင်ငံအတွင်း အာဏာမတည်သေးသော ဥပဒေလုပ်ထုံးလုပ်နည်း လုပ်ပိုင်ခွင့်ကို အလွဲသုံးရာရောက်ပါကြောင်း၊
    (၃) ယခုအမှုတွင် အရေးကြီးသော ပြဿနာအဖြစ် တင်ပြလိုသောအချက်မှာ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေတွင် ဥပဒေအာဏာတည်သည့်နေ့ကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးခြင်းမရှိဘဲ ချန်လှပ်ထားမှုပင်ဖြစ်ပါသည်။ မ.ဆ.လအစိုးရလွှတ်တော်က ပြဋ္ဌာန်းထားသော မူလဥပဒေများစွာတွင် အာဏာတည်သည့်နေ့ရက်များပါရှိပါလျက် ယခုကဲ့သို့အရေးကြီးလှသော နိုင်ငံသားဥပဒေတွင် ပြဋ္ဌာန်းဖော်ပြရန် ပျက်ကွက် နေပါကြောင်း၊ ယင်းဥပဒေပုဒ်မ-၇၅ တွင် နိုင်ငံသားဥပဒေပြဌာန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ၀န်ကြီးအဖွဲ့အား လုပ်ထုံး လုပ်နည်းများရေးဆွဲ၍ နိုင်ငံတော်ကောင်စီ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု ဖော်ပြထားပါကြောင်း၊ “၀န်ကြီးအဖွဲ့က ရေးဆွဲသော လုပ်ထုံးလုပ်နည်းဥပဒေ၏ ပုဒ်မ-၇ နှင့် ၈ တွင် မြန်မာနိုင်ငံသားဥပဒေတည်သည့်နေ့သည် ၁၉၈၂-ခုနှစ် အောက်တိုဘာလ(၁၅)ရက်ဟု ဖော်ပြပါရှိသည်ကို တွေ့ရပါကြောင်း၊ ၀န်ကြီးအဖွဲ့သည် လွှတ်တော်က ဥပဒေပြဌာန်းသည့်ရက်ကိုပင် ဥပဒေအာဏာတည်သည့်ရက်ဟု မိမိသဘောဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနေသည်ဟု ယူဆပါကြောင်း၊ အမှန်မှာ ဥပဒေပြဋ္ဌာန်းလိုက်ယုံဖြင့် ယင်းဥပဒေသည် အာဏာသက်ဝင်ခြင်း မရှိကြောင်း၊ အာဏာတည်သည့်နေ့ရက် (၀ါ) ဥပဒေ၏ အကျိုးသက်ရောက်စေ၇မည့် နေ့ရက်ကို ဥပဒေရေးဆွဲသူ လွှတ်တော်ကသာ ပြဋ္ဌာန်းပေးမှ တရားဝင်ပါကြောင်း၊
    စကားရပ်များ အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေ အခန်း (၅) ပုဒ်မ-၁၇ပါ ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းထုတ်ပြန်ပြီး ဖြစ်သော်လည်း ယင်းဥပဒေသည် ချက်ချင်းအာဏာတည်သော ဥပဒေ၊ ချက်ချင်း အာဏာမတည်သော ဥပဒေများဟု ရှိပါကြောင်း။ ယခု နိုင်ငံသား ဥပဒေတွင် “ချက်ချင်း အာဏာတည်စေရမည်” ဟူသော စကားရပ်မပါရှိသလို မည်သည့်အချိန်တွင် အာဏာတည်ရမည်ဟု သတ်မှတ်ဖော်ပြချက်လည်း မပါရှိပါကြောင်း၊ ယင်းအခြေအနေတွင် ၀န်ကြီးအဖွဲ့က (၁၅.၁၀.၈၂)နေ့မှစ၍ နိုင်ငံသား ဥပဒေသည် အာဏာသက်ဝင်သည်ဟု (၂၀.၉.၈၃) ရက်စွဲပါ စာအမှတ် ၃/၆၂(အထူး)၀ဖ ၈၃(၂)ဖြင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စာအုပ်တွင် ၀န်ကြီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်တင့်က လက်မှတ်ရေးထိုး ဖော်ပြထားခြင်းမှာ ဥပဒေပြု လွှတ်တော်၏ လုပ်ပိုင်ခွင့် အာဏာကို ၀န်ကြီးအဖွဲ့ကျူးကျော် လုပ်ဆောင်ရာ ရောက်နေပါကြောင်း။
    ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄)အရ ဥပဒေပြုမှု အာဏာသည် ပြည်သူ့လွှတ်တော်မှာသာရှိပြီး ၀န်ကြီးအဖွဲ့မှာ အခြေခံ ဥပဒေပုဒ်မ-၈၃၊ ၈၄အရ လွှတ်တော်ကိုjustice6 တာဝန်ခံရသည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အဖွဲ့သာ ဖြစ်ပါကြောင်း၊ (၁၉၇၃-ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေသည် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိဘဲ တော်လှန်ရေး ကောင်စီ ဥက္ကဌတစ်ဦးတည်းက အချုပ်အချာအာဏာ (၃)ရပ်ကို ကိုင်စွဲအုပ်ချုပ်သော ကာလအတွက် အဓိက ရည်စူးရေးဆွဲထားခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာချိန်တွင် ဥပဒေပြုမှုအာဏာ၊ ဥပဒေအာဏာ သက်ဝင်ရမည့် ကာလကို ပြည်သူ့လွှတ်တော်ကသာ သတ်မှတ်ခွင့် ရှိပါသဖြင့် အခြားပုဂ္ဂိုလ် အဖွဲ့အစည်းများတွင် မရှိနိုင်သည်ကို သတိပြုသင့်ပါကြောင်း။)
    စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေပုဒ်မ-၁၇(ဂ)အရ မူလရေးဆွဲ ပြန်ဌာန်းထားသော ဥပဒေအာဏာ မတည်သေးသမျှ ကာလပတ်လုံး ကြိုတင် ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ (သို့မဟုတ်) အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ပြဌာန်းထားမှုအရ ၀န်ကြီးအဖွဲ့၏ နိုင်ငံသား လုပ်ထုံး လုပ်နည်းအမိန့် ကြော်ငြာစာအမှတ် (၁၃/၈၃)သည် မျက်မှောက်ကာလ၌ အကျိုးသက်ရောက်သော၊ ယနေ့တရားဝင် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရှိသော အမိန့်ဟုတ်မဟုတ် ဗဟိုတရားရုံးတော်မှ အလေးထား ဆုံးဖြတ်ပေးပါရန် အရေးကြီးလှပါကြောင်း။
    အလားတူပင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ရုတ်သိမ်းသော ဥပဒေမှာ ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၂)ရပ်သာ ဖြစ်ပါသည်။ ဦးအောင်မြင့်အား (C of I) တရားဝင် ထုတ်ပေးခဲ့သော ၁၉၄၇-လ၀က (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ အပါအ၀င် အခြားဥပဒေ ပြဌာန်းချက်များမှာ တရားဝင် တည်ဆဲ ဥပဒေများအဖြစ် တည်ရှိဆဲ ဖြစ်ပါသည်။
    မိမိအသစ် ပြဌာန်းထားသော ဥပဒေနှင့် ဆန့်ကျင်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များကို ဥပဒေပြုစဉ်ကပင် ပြင်ရန်လိုပါသည်။ ယခု အသစ်ပြဌာန်းထားသာ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၁၆သည် လ၀က လတ်တလော ဥပဒေပုဒ်မ(၂)ဆနှင့် ပုဒ်မ(၃)နှင့်လည်းကောင်း ဆက်စပ် ထုတ်ပေးသော (C of I) ပေါ်ရှိ စည်းကမ်းများ အပါအ၀င် အခြား လူဝင်မှု စည်းကမ်းများကို မပြင်ဆင်ဘဲ အုပ်ချုပ်ရေး အာဏာပိုင် ကိုယ်လိုရာဆွဲ အရေးယူမှု ပြုနေလျှင် မြန်မာနိုင်ငံအတွင်း မလိုလားအပ်သော နိုင်ငံသား ပြဿနာများ ပေါ်ပေါက်လာနိုင်ပါကြောင်း။ ဦးအောင်မြင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသားမဟုတ်ဟု သတ်မှတ်လိုသော ဆန္ဒပြင်းပြနေကြသည်ဆိုလျှင်လည်း လ၀က (လတ်တလော) ပုဒ်မ-၄(၂) အရ မြန်မာနိုင်ငံတော် သမ္မတ (နိုင်ငံတော်ကောင်စီဥက္ကဌ)က မြန်မာနိုင်ငံမှ နှင်ထုတ်နိုင်ပါကြောင်း၊ ယခုမူ ဦးအောင်မြင့်အား နိုင်ငံမဲ့ဖြစ်၍ အင်းစိန်အကျဉ်းထောင်ထဲမှာ နေရမည်ဟု အုပ်ချုပ်ရေးအာဏာကိုင်စွဲသူတို့၏လုပ်ရပ်မှာ မည်သည့်ဥပဒေ စံနှုန်းနှင့်မျှ ထိန်းညှိ၍ မရနိင်သောအခြေအနေဖြစ်၍ ဗဟိုတရားရုံးတော်မှ တည့်မတ်ပေးရန် အထူးလိုအပ်နေပါကြောင်း၊
    (၄) U Aung Myint (a) Mr. LAmbrose. “Cases to be citizen of the Socialist Republic of the Union of Burma after three months from the date of depature” and since you departed from buma on 29th June 1985, and as such as you are still a citizen of Burma, we are of the opinion that you can still return to Burma within the period of three months.” ဟု သဘောထား မှတ်ချက်ပေး၍ မြန်မာနိုင်ငံသို့ပြန်နိုင်ကြောင်း လမ်းညွှန်ခဲ့သူပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမအတွင်းဝန်အဆင့် သံတမန်တစ်ဦးဖြစ်ပါသည်။ ၁၉၆၁-ခုနှစ် ဗီယာနာ သံတမန်စာချုပ် (1961 Vienna Convention on Diplomatic relations) ယင်းစာချုပ်အပိုဒ်(၃)အရ ၎င်းသံတမန်သည် မြန်မာနိုင်ငံကိုယ်စားပြု ပြောဆိုဆောင်ရွက်ရသူဖြစ်ပါသည်။ မိမိနိုင်ငံနှင့် နိုင်ငံသားတို့အကျိုးအတွက် အကာအကွယ်ပေးရန် မိမိတာဝန်ထမ်းဆောင်ရာ သြစတြေးလျနိုင်ငံတွင် တာဝန်ရှိသူပုဂ္ဂိုလ်ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်၏လမ်းညွှန်ချက်ကိုပင် ယုံကြည်စိတ်ချနိုင်သော အခြေအနေမရှိလျှင် နိုင်ငံခြားရောက် မြန်မာလူမျိုးများအတွက် မိမိသံရုံးကိုပင် အားကိုးရာမရှိဖြစ်သွားနိုင်ပါကြောင်း။
    (၅) ကုလသမဂ္ဂလူ့အခွင့်အရေး ကြော်ငြာစာတမ်း အပိုဒ်-၁၅ တွင် လူသားတိုင်းသည် မိမိနှင့်သက်ဆိုင်ရာနိုင်ငံ၌ နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုထားပါသည်။ အကယ်၍ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက မွေးရာပါနိုင်ငံသား တိုင်းရင်းသား ကရင်လူမျိုး ဦးအောင်မြင့်ကို မြန်မာနိုင်ငံသားအဖြစ် လက်မခံလိုပါက (C of I) ပါ သက်တမ်းတရားဝင်ကျန်ရှိနေသောကြောင့် မြန်မာနိုင်ငံမှ ပြန်ထွက်သွားရန်၊ ယင်းသို့မထွက်ပဲ ငြင်းဆန်လျှင် နိုင်ငံမဲ့ဖြစ်သွားသော ဦးအောင်မြင့်အား ထောင်ထဲသို့ ထည့်ထားမည်ဖြစ်ကြောင်း ရှင်းပြခဲ့လျှင် ဦးအောင်မြင့်သည် မြန်မာနိုင်ငံမှ (C of I) ကိုင်ဆောင်၍ ထွက်သွားချိန်ရပါလျက် ထွက်သွားခွင့်မပေးဘဲ ချက်ချင်း ထောင်ထဲသို့ ဆွဲသွင်းခဲ့သည့်လုပ်ရပ် သည် လူသား၏ နိုင်ငံသားဖြစ်ခွင့်ကို တန်ဖိုးမထားပဲ လူသားချင်းမစာနာ အလွန်ရက်စက်ရာရောက်နေပါကြောင်း၊
    (၆) မကြင်မွှေးနှင့်နိုင်ငံတော် (ပြစ်မှုပြင်ဆင်မှု ၂၅၀(ခ)၁၉၆၈) စီရင်ထုံးကိုထောက်ထား၍ ပြည်သူတို့၏ အန္တရာယ်ကို တရားရုံးမှ စောင့်ရှောက်ကာကွယ်ရန် တာဝန်ဝတ္တရားရှိပုံကို ထောက်ထား၍ ဦးအောင်မြင့်၏ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများကို နစ်နာမှုမရှိအောင် ကုစားပေးပါရန်အလို့ငှာ ယခုအမှုကို လက်ခံစဉ်းစားပေးတော်မူပါဟု လျှောက်လဲချက်ကို ပြင်ဆင်ထားခဲ့ပါသည်။ ဗဟိုတရားရုံး၌ ဦးအောင်မြင့်အမှု လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော် တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော်တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ဗဟိုတရားရုံးမှ လက်ခံကြားနာ ဆုံးဖြတ်နိုင်သော အခြေအနေမရှိဟု ယူဆပါသောကြောင့် ယင်းအမှုကို အဆုံးအဖြတ်ပေးရန် နိုင်ငံတော်ကောင်စီသို့ လွှဲအပ်လိုက်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်ကောင်စီ၏ အဆုံးအဖြတ်ကိုသာ စောင့်ဆိုင်းနာယူပါဟု ကျွန်တော်နှင့် အမှုသည် မိသားစုအား ရှင်းပြပါသည်။
    ဦးအောင်မြင့်၏ မိသားစုဝင်များဘက်မှ နိုင်ငံတော်ကောင်စီတွင် ဒေါက်တာမောင်မောင်နှင့် အဆက်အသွယ် ရှိသောကြောင့် နိုင်ငံတော်ကောင်စီနှင့် သက်ဆိုင်သော အမှုကို ၄င်းတို့ကိုယ်တိုင် ဆောင်ရွက်မည်ပြောသဖြင့် ကျွန်တော်နှင့် အမှုသည် ဦးအောင်မြင့် ဆွေမျိုးများအကြား ထိုအချိန်မှစ၍ အမှုကိစ္စလုပ်ငန်း တာဝန်ရပ်စဲသွားခဲ့ပါသည်။
    (၂)နှစ်ခန့် ကြာသည့်တိုင်အောင် နိုင်ငံတော်ကောင်စီသည် ဦးအောင်မြင့်အမှုကို အဆုံးအဖြတ် မပေးခဲ့သဖြင် ၁၉၈၈-ခုနှစ်တွင် မဆလ နိုင်ငံတော် ပြိုကွဲသွားသည့်တိုင် ဗဟိုတရားရုံးမှ စစ်ဆေးစီရင်နိုင်ခြင်း မရှိ၍ နိုင်ငံတော်ကောင်စီသို့ လွှဲပြောင်းတင်ပြထားသော အမှုလက်ကျန် (၂၀)ကျော်တွင် ဦးအောင်မြင့်အမှုလည်း တစ်မှုအဖြစ် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံသား၊ ကရင်တိုင်းရင်းသား ဦးအောင်မြင့်တစ်ယောက် နိုင်ငံမဲ့ဘ၀ဖြင့် အင်းစိန်ထောင်အတွင်း (၁၃)နှစ်ကျော် ရောက်ရှိပြီးနောက် ၁၉၉၇-ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ၄င်းအမှုကို လက်ခံသင့် မခံသင့် လျှောက်လဲချက်ပေးရန် အမှုခေါ်စာရင်း စစ်အစိုးရခေတ် တရားရုံးချုပ်၌ ပေါ်ပေါက်ခဲ့သည်။
    ကျွန်တော်အနေဖြင့် နိုင်ငံရေးအရ ၁၉၈၈-ခုနှစ်တွင် ပထမတစ်နှစ် ထိန်းသိမ်းခံရစဉ်ကပင် ရှေ့နေလိုင်စင် ရုတ်သိမ်းခံထားရပြီးဖြစ်ကြောင်း၊ ဗဟိုတရားရုံးမှ နိုင်ငံတော်ကောင်စီသို့ အမှုလွှဲအပ်စဉ်ကပင် အမှုလိုက်ပါခွင့်တာဝန် ပြီးဆုံသွားပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေငြာချက် (၄/၈၉)အရ ဦးအောင်မြင့်တစ်ယောက် လွတ်မြောက်ခဲ့ပြီဟု ယူဆခဲ့ပါကြောင်း ယခုအခါတွင် ၄င်းအတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေမရှိသောကြောင့် ၄င်း၏ အခွင့်အရေးများ မဆုံးရှုံးသင့်ပါကြောင်း ဖြေရှင်းလွှာတစ်စောင်ကို တရားရုံးချုပ်သို့ ကျွန်တော်တင်ပြခဲ့ပါသည်။
    ဤစာရေးချိန်အထိ ဦးအောင်မြင့် မိသားစုနှင့် အဆက်အသွယ်မရှိသဖြင့် ဦးအောင်မြင့် အခြေအနေ မည်သို့ရှိသည်ကို ကျွန်တော်မသိပါ။ တရားရုံးချုပ်က မည်သို့ ဆုံးဖြတ်သည်ကိုလည်း ယနေ့တိုင် မသိသေးပါ။ ကျွန်တော်ကိုယ်တိုင် အလွန်သိချင်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေသည် လွှတ်တော်မှ မူလ ရေးဆွဲစဉ်ကပင် ဥပဒေအာဏာသက်ဝင်စေသည့် ကာလသတ်မှတ်ချက် မပါရှိဘဲ ၀န်ကြီးအဖွဲ့မှ မိမိသဘောဖြင့် ကာလသတ်မှတ်၍ အကောင်အထည် အဖော်မှုသည် ဥပဒေနှင့် ညီမညီ ကျွန်တော်တင်ပြခဲ့သည်ကို မဆလခေတ် ဗဟိုတရားရုံး တရားသူကြီးများကလည်း အလေးထား ဆုံးဖြတ်ရမည့် ပြဿနာဟု ယူဆသောကြောင့်သာ ဦးအောင်မြင့်အမှုကို နိုင်ငံတော်ကောင်စီသို့ လွှဲအပ်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။
    ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ကျွန်တော်၏တင်ပြချက်များသည် မဆလခေတ် ဗဟိုတရားရုံးအဆင့်အထိ လက်ခံ စဉ်းစားပေးခဲ့သော်လည်း ၀န်ကြီးအဖွဲ့နှင့် နိုင်ငံတော်ကောင်စီသည် မိမိတို့အမှားကို တာဝန်မယူပဲ လူညီလျှင် ဤကိုကျွဲဖတ်လိုက်ကြစို့ဟူသည့် သဘောဖြင့် နိုင်ငံသားတစ်ဦး နိုင်ငံမဲ့ ဘ၀ရောက်သွားရသည့် နိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းပါ မှားယွင်း အကောင် အထည်ဖော်မှုကို အနည်းငယ်မျှ ပြင်ဆင်ပေးခြင်း မရှိဘဲ မျက်စိမှိတ်၍ ဇွတ်တိုးခဲ့သည်မှာ နှစ်(၃၀) ရှိတော့မည်ဖြစ်ပါသည်။
    နိုင်ငံသားလုပ်ထုံးလုပ်နည်း ကျွဲခတ်၍ နိုင်ငံသားမည်မျှ နိုင်ငံသားဘ၀ ဆုံးရှုံးခဲ့ပြီကို ကျွန်တော် မမှန်းဆနိုင်တော့ပါ။
    ကျွန်တော် လက်လှမ်းမီသမျှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုင်ရာ အက်ဥပဒေ၊ နည်းဥပဒေများနှင့် ၎င်းဥပဒေပါ အာဏာတည်မှုဆိုင်ရာ ပြဋ္ဌာန်းချက်အချို့ကို ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ယှဉ်တွဲလေ့လာနိုင်ရန် ရှာဖွေတင်ပြ ပေးလိုက်ပါသည်။
    (၁)    The Registration of Forigners Act (နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ) ပုဒ်မ-၁(၂)
    This act shall come into force on the 28th March 1940.
    ဤအက်ဥပဒေသည် ၁၉၄၀-ခုနှစ် မတ်လ(၂၈)မှစ၍ အာဏာတည်စေရမည်။
    (၂)    The Registration of Forigeners Rules, 1949 (၁၉၄၈-ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေ)
    They shall come into force on 4th January 1949.
    ဤနည်းဥပဒေသည် ၁၉၄၉-ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှစ၍ အာဏာတည်ရမည်။ ပုဒ်မ-၁(၂)
    (၃)    The Burma Immigation (Emergency Provisions) Act, 1947
    (၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များမှာ) It shall come into force at once.
    ဤအက်ဥပဒေသည် ချက်ချင်းအာဏာတည်စေရမည်။
    (၄)    ၁၉၄၉-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ၊ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ-၁(၂) ဤအက်ဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြေငြာစာထုတ်ပြန်ကြော်ငြာ၍ သတ်မှတ်သည့်နေ့ရက်၌ အာဏာတည်ရမည့်အပြင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းပါဝင်သော အရပ်ဒေသများကို ပိုင်းခြားပြီး နေ့ရက်များကို ခွဲခြား၍ သတ်မှတ်နိုင်သည်။
    (၅)    ၁၉၇၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေပုဒ်မ-၁(၂)
    ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။
    (၆)    UNION CITIZENSHIP (ELECTION) ACT, 1948
    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေ
    (၁၉၄၈-ခုနှစ် အက်ဥပဒေအမှတ်-၂၆) (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး)
    Wheres it is necessary to make provision ——- under section 11 (iv) of the constitutions.
    အထက်ပါ ဥပဒေနိဒါန်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံပုဒ်မ-၁၁(ဃ) အရ ———— အောက်ပါအတိုင်း အက်ဥပဒေ ပြဋ္ဌာန်းလိုက်သည်ဟု ဖော်ပြထားပါသည်။
    (၇)    The Union Citizenship Act, 1948
    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး) ပုဒ်မ-၁(၂)
    It shall extend to the whole of the Burma and shall be deemed to have come info force on the 4th day of January, 1948.
    ဤအက်ဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးနှင့်သက်ဆိုင်သည်။ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ(၄)၇က်နေ့ ၁၃၀၉-ခု ပြာသိုလပြည့်ကျော် (၉)ရက်နေ့မှစ၍ အာဏာတည်သည်ဟု မှတ်ယူရမည်။
    (၈)    မြန်မာနိုင်ငံသားဥပဒေ ၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)
    ဤဥပဒေတွင် မြန်မာ နိုင်ငံ၏ မည်သည့်ဒေသတွင် မည်သည့်အချိန်ကစ၍ အာဏာတည်ရမည်ဟု ဖော်ပြပါရှိခြင်း အလျင်းမရှိပါ။ သို့သော်လည်း –
    ဤဥပဒေ၏
    ပုဒ်မ-၆ တွင် ဤဥပဒေ အာဏာတည်သည့်နေ့တွင် —–
    ပုဒ်မ-၃၈ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၄၃ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၄၅ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၅၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ —–
    ပုဒ်မ-၆၁ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ – ၇၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —– ဟု ဥပဒေအာဏာတည်မှုပြဿနာကို ပုဒ်မ-၇ တွင် (၇)ကြိမ် ဖော်ပြထားပါသည်။ ဥပဒေအာဏာတည်မှုပြဿနာသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတွင် မည်ရွေ့မည်မျှ အရေးပါခြင်း ရှိ-မရှိ စဉ်းစားကြပါ။
    မူရင်းဥပဒေအာဏာ မတည်သေးသမျှ ယင်းဥပဒေအပေါ် တည်မှီထုတ်ပြန်ရသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ သို့မဟုတ် အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၇ ပါ ပြဋ္ဌာန်းချက်များကို အလေးထားသုံးသပ်ကြပါ။
    နိုင်ငံသားလုပ်ထုံးလုပ်နည်းများကို လမ်းညွှန်မည့် နိုင်ငံသား ဥပဒေပုဒ်မ-၇၅ ရှိ နိုင်ငံတော်ကောင်စီစကားရပ်၏နေရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သူက တာဝန်ယူရမည်ကိုလည်း စဉ်းစားဆုံးဖြတ်ကြပါ။ အထက်ပါ ဥပဒေအကြောင်းအချက်များကို ထည့်သွင်းစဉ်းစားလျှင် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုသင့်၊ မသင့် တစ်စုံတစ်ရာ အဖြေထုတ်နိုင်မည်ဟု ကျွန်တော်ယူဆပါသည်။
    ကျွန်တော်သည် ဥပဒေပညာရှင် မဟုတ်ပါ။ မြေလတ်ကျေးလက်မှ တောသားရှေ့နေ ဘ၀ ခေတ္တမျှ ကျင်လည်ခဲ့ဖူးသူသာ ဖြစ်ပါသည်။ နှစ် ၃၀-ခန့်ကြာသည့်တိုင် ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံသားများ စိစစ်ခံနေရဆဲ ဘ၀မှ မလွတ်မြောက်သေးသည့် အတွက် နိုင်ငံသားဥပဒေ အကောင်အထည်ဖော်သည့် လုပ်ထုံးလုပ်နည်းတစ်နေရာတွင် မှားနေသည်က သေချာပါသည်။ မမှားသင့်သည်များ မမှားရအောင် ကျွန်တော်သိသမျှ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
    ပညာ+သတိ ကြီးသူများ ဖြစ်ကြပါစေ။
    ဖြစ်ရပါလို၏။
    (နေမင်း)
    မဏ္ဍိုင်ဥပဒေ မဂဇင်းတွင် ဖော်ပြခဲ့သည့် စာတမ်းဖြစ်ပါသည်။
  • စောင့်ကြည့်ဂျာနယ် ဖတ်ပြီး စဉ်းစားမိတာတွေ
    ဒီဇင်ဘာ ၂၆ ၊ ၂၀၁၂
    ကောင်းကင်ကို
    စောင့်ကြည့် ဂျာနယ် (၁၈.၉.၂၀၁၂) (အတွဲ ၇ အမှတ် ၆၃) ထဲက တွေးစရာ တခုကို ထုတ်နုတ်ပြီး ကူးပြပါမယ်။ ဘင်္ဂါလီဆိုရင် မုန်းပါတယ် ဆိုတဲ့ သဘောထားတွေကိုလည်း စဉ်းစားကြည့်ရအောင်။ ရခိုင်လွတ်မြောက်ရေးပါတီ  အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းနဲ့ အင်တာဗျူးထဲကနေ ကောက်နုတ်ပြီး မေးခွန်းတွေ ထုတ်ကြည့်ပါမယ်။ ဦးချစ်မောင် (အဝကျွန်း)က အင်တာဗျူးလုပ်ထားတာပါ။
     ရခိုင်လွတ်မြောက်ရေးပါတီ  အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း
    ရခိုင်လွတ်မြောက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း (ဓါတ်ပုံ MIJ)
    ဂျာနယ်ထဲမှာ…. စာမျက်နှာ (၇) မှာ ပါတာက
    ချစ်မောင်…ဆရာမရဲ့ အိမ်ထောင်ဘက်က ရခိုင်ပဲလား
    စောမြရာဇာလင်း…ကျွန်မ ၁၉၉၂ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘွား ရခိုင်အမျိုးသား ဦးချစ်မောင်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ သားသမီး နှစ်ယောက် ရှိပါတယ်။
    ချစ်မောင် —– ဆရာမ နေတာကကော ဘယ်မှာ နေပါသလဲ။
    စောမြရာဇာလင်း —–ကျွန်မ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့မှာ နေပါတယ်။
    အင်တာဗျူး အလယ်မှာက ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေ ရက်စက်ကြောင်း ပြောထားတာတွေ ပါပါတယ်။
    ကျနော် မေးချင်တာက [ဘင်္ဂါလီတွေဆိုတာ တယောက်မှ မကောင်းဘူးလို့ ပြောရင် ဘာလို့ ကိုယ့်နိုင်ငံကိုယ် မနေဘဲ ဘင်္ဂါလီတွေ လက်အောက် သွားနေသလဲ? ဘင်္ဂါလီတွေကို မုန်းတယ် ဆိုတာမှာ ဗိုက်ပူနံကား နင်းပြား  ဘင်္ဂါလီ တွေကိုမှ ရွေးပြီး မုန်းတာလား? အဲဒီ့ဗိုက်ပူနံကားတွေက လဝက ကို လာဘ်ထိုးရလောက်အောင် တကယ်ပဲ ချမ်းသာနေသလား? မလေးရှားကို သွားတာလောက်က နားလည်လို့ရတယ်။ မွတ်စလင်ပေမဲ့ ဘင်္ဂါလီ မဟုတ်ဘူးလေ။ သူတို့လို မုန်းတီးနေသူတွေ ဘင်္ဂါလီ လက်အောက် သွားနေတာက နည်းနည်းတော့ ဟာသဆန် မနေဘူးလား?]
      ဂျာနယ်ထဲမှာ စာမျက်နှာ (၇) ကော်လံ ၅ မှာပါတာက
    ချစ်မောင် —–ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်ကြတဲ့ ရခိုင်ဗုဒ္ဓဘာသာတွေရဲ့ လုံခြုံရေးကိုရော အစိုးရက ကြည့်ရှုပါသလား။
    စောမြရာဇာလင်း —– ကျွန်မအမျိုးသားရဲ့ ညီမလေးကတော့ အစိုးရပိုင်းမှာ အမတ်ဖြစ်ပါတယ်။ ကျွန်မ အမျိုးသားကတော့ အစိုးရ ဝန်ထမ်း မဟုတ်ပေမယ့်လို့ လူ့အခွင့်အရေး ဘောင်ထဲကနေပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရခိုင်တွေ အပါအဝင် တခြား ဗုဒ္ဓဘာသာတွေရဲ့ ကျန်းမာချမ်းသာရေး၊ ဘေးအန္တရာယ်က လွတ်မြောက်ရေး အတွက် အချိန်ပြည့် ကြိုးစားနေကြတာ ရှိပါတယ်။ ကျွန်မနဲပ သူဟာ ဒီကိုမလာခင်လည်းပဲ ဝန်ကြီးတစ်ယောက်နဲ့တွေ့ပြီးတော့မှ အခု နိုင်ငံတကာ သတင်းတွေမှာ ထင်နေကြတဲ့ ကိစ္စတွေဟာ လုံးဝ မမှန်ကန်တဲ့ ကိစ္စတွေ  ဖြစ်တယ်ဆိုပြီးတော့ ကျွန်မတို့ ရှင်းပြသလို တချို့က ရခိုင်တွေက မတရားလုပ်တယ် ဆိုပြီးတော့ အထင်လွဲမှုတွေ ရှိတယ် ဆိုတာလဲ တင်ပြတာတွေ ရှိပါတယ်။
            ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရကလည်း အစွန်းရောက်တွေကို အင်မတန်မှ ကြောက်ပါတယ်။ ကျွန်မတို့ကတော့ ဘယ်ဘာသာပဲဖြစ်ဖြစ် မတရားသဖြင့် နစ်နာ ဆုံးရှုံးမှုတွေကို မဖြစ်စေချင်ဘူး။မတရားပြောလာတာတွေ ရှိလာတော့ ကျွန်မတို့ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ကောင်းကောင်းမွန်မွန် ရှင်းပြရတာ ရှိပါတယ်။ သူတို့လည်း နားလည်ပါတယ်။
    အဲဒီ့ အပိုဒ်ရဲ့ အောက်ပိုင်းမှာတော့ ဘင်္ဂါလီတွေ ဆိုးကြောင်း ရေးထားတာတွေပါပါတယ်။
    [ဒါဆိုရင် ကျနော်ထုတ်ချင်တဲ့ မေးခွန်း နံပါတ်က…. လူတွေ ပြောပြောနေတာက ဘင်္ဂါလီတွေက ဘာသာရေး ဘက်လိုက်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရခိုင်ဗုဒ္ဓဘာသာဝင်တွေကိုတောင် သူတို့ဆီမှာ မွေးလာခဲ့၊ နေလာခဲ့လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် လက်ခံသေးတာ….ဘာကြောင့် ဒီရိုဟင်ဂျာတွေကို ကျမှ ဘာသာတူရဲ့သားနဲ့တောင် ဘင်္ဂလားဒေ့ရှ်က လက်မခံရတာလဲ။ သူတို့ဆီမှာ မွေးလာတာ မဟုတ်လို့လို့ ယူဆပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အပြန်အလှန် သတ်ခဲ့ကြတယ်ဆိုတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက အဲဒီ့ဒေသမှာ နေလာတဲ့ မွတ်စလင်တွေ ရှိတယ်ဆိုတာက ထင်ရှားပါတယ်။ ဒီတော့ နယ်မြေကိုပဲ ယူပြီး လူတွေကို နိုင်ငံသားအဖြစ် လက်မခံဘဲ ထားတာက တရားမျှတတယ်လို့ ထင်ပါသလား။ အဲလို မြန်မာနိုင်ငံက လက်မခံဘဲ ထားရင် ဟိုဘက်ကလည်း လက်မခံတဲ့ အတွက် ကလေးငယ်တယောက်ဟာ မွေးလာကတည်းက illegal ဖြစ်တော့မယ်။ တရားမဝင် ဖြစ်တော့မယ်။ မွေးလာခြင်းကိုက ဥပဒေချိုးဖောက်ခြင်း ဖြစ်တော့မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုပ်သလိုမျိုး၊ ဘာသာကို မကြည့်ဘဲ အစဉ်အဆက် နေလာခဲ့ခြင်း နေမလာခဲ့ခြင်းကို ကြည့်သလိုမျိုး ဘင်္ဂလားဒေ့ရှ် နိုင်ငံနည်းတူ မလုပ်သင့်ဘူးလား။ အဲလို ဘာသာကို မကြည့်ပဲ (တကယ် အစဉ်အဆက် နေလာခဲ့သူတွေကို) နိုင်ငံသားပေးတာကမှ ဘာသာရေးဘက်လိုက်မှု ကင်းတာပါ။
    နောက်တခုက ဘင်္ဂလားဒေ့ရှ်ဟာ ဘာသာရေးအရ အစွန်းရောက်လွန်းတယ်၊ ဘက်လိုက်တယ်လို့ တချို့က ပြောကြပေမယ့် (((ညီမလေးကတော့ အစိုးရပိုင်းမှာ အမတ်ဖြစ်ပါတယ်။ ကျွန်မ အမျိုးသားကတော့ အစိုးရ ဝန်ထမ်း မဟုတ်ပေမယ့်လို့ လူ့အခွင့်အရေး ဘောင်ထဲကနေပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရခိုင်တွေ အပါအဝင် တခြား ဗုဒ္ဓဘာသာတွေရဲ့ ကျန်းမာချမ်းသာရေး၊ ဘေးအန္တရာယ်က လွတ်မြောက်ရေး အတွက် အချိန်ပြည့် ကြိုးစားနေကြတာ ရှိပါတယ်။))) ဆိုတော့ကာ သူတို့ကို ဟိုမှာ အမတ်ဖြစ်ခွင့် ဘာလို့ ပေးရသလဲ။ (ဒီနေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကောင်းလှပြီလို့ ပြောချင်တာ မဟုတ်ပါ။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတည်း ယှဉ်ကြည့်ရုံ သက်သက်ပါ။) ဘာလို့ သူတို့ကျတော့ ဟိုမှာ လူ့အခွင့်အရေးစကား ပြောခွင့်ရှိပြီး ဟိုလူတွေကျတော့ ဒီမှာ လူ့အခွင့်အရေးစကား ပြောခွင့် မရှိရတာလဲ။]
    စာမျက်နှာ ၂၇မှာ ဂျာနယ်ထဲမှာ
    ချစ်မောင်…..ကာ့က်စ်ဗဇား (ဖလောင်းချိတ်)၊ ပန်းဝါ၊ အဝကျွန်းတို့က ရခိုင်တွေရဲ့ အခြေအနေကော။
    စောမြရာဇာလင်း —- အဲဒီကလူတွေက ကျွန်မတို့ဆိုရင်လဲ ဘင်္ဂလားဒေ့ရှ်က လူတွေနဲ့ ခင်ခင်မင်မင်ပဲ။ ကျွန်မတို့လည်း လေးစားတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရက လုံခြုံရေးအတွက် အရမ်းဂရုစိုက်တယ်။ ပုလိပ်တွေ ဆိုရင်လည်း အရမ်းဂရုစိုက်တယ်။ လူထုကို အရမ်းအကာအကွယ် လုပ်ပေးတယ်။ ဒီလောက်လူဦးရေများတဲ့ တိုင်းပြည်မှာ လူထုကို အရမ်းဂရုစိုက်တယ်။ အခုကတော့ ကျွန်မတို့ကို နိုင်ငံတော် အေးချမ်းသာယာရေး အဖွဲ့ကနေပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ကြမယ်၊ ဆွေးနွေးကြမယ်၊ တိုင်ပင်ကြမယ် ဆိုပြီးတော့မှ ခေါ်လာတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မတို့ဘက်ကလည်း အပြုသဘောဆောင်ပြီးတော့မှ ငြိမ်းချမ်းရေးအဆင့် လက်မှတ်ထိုးထားတယ်။ ငြိမ်းချမ်းရေးရဖို့ ကျွန်မတို့ ကြိုးစားနေတယ်။ နိုင်ငံတော် အစိုးရနဲ့ ကျွန်မတို့နဲ့ ငြိမ်းချမ်းရေး ရလာတဲ့ အချိန်မှာ ကျွန်မတို့ရဲ့ အနေအထားတွေကို အကုန်လုံး အစိုးရနဲ့ စားပွဲပေါ်မှာ ဆွေးနွေးရမယ့် အနေအထားတွေ ရှိနေပါသေးတယ်။
    ဖြစ်ချင်တာကတော့ရခိုင်ပြည်နယ်ထွက်တဲ့ သဘာဝ သယံဇာတ ဓါတ်ငွေ့တွေ ကိုလည်း ရခိုင်ပြည်နယ်အတွက် လိုချင်ကြမှာပါပဲ။
    ကျနော် ဆက်ပြီး ပြောချင်တာတွေက ….ဒီမေးခွန်းတွေ ဖြေထားတုန်းက အဲဒီ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂါလီ မွတ်စလင်တွေက ဘင်္ဂါလီ ဗုဒ္ဓဘာသာတွေကို အကြမ်းဖက်မှု မကျူးလွန်သေးတဲ့ အချိန်ပါ။ ဒါကြောင့်မို့ ဒေါ်စောမြရာဇာလင်းက အေးအေးဆေးဆေးပဲလို့ ပြောသွားတာ ဖြစ်လိမ့်မယ်။ ဒီနေရာမှာ နှိုင်းယှဉ်ကြည့်ချင်တာက အစိုးရတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပြုမူပုံပါ၊ ဘင်္ဂလားဒေ့ရှ်မှာ အကြမ်းဖက်မှုတွေ မဖြစ်ခင် အချိန်မှာ ဒေါ်စောမြရာဇာလင်း ကိုယ်တိုင် ဖြေထားတာက “ဘင်္ဂလားဒေ့ရှ် အစိုးရက လုံခြုံရေးအတွက် အရမ်းဂရုစိုက်တယ်။ ပုလိပ်တွေ ဆိုရင်လည်း အရမ်းဂရုစိုက်တယ်။ လူထုကို အရမ်းအကာအကွယ် လုပ်ပေးတယ်။ ဒီလောက်လူဦးရေများတဲ့ တိုင်းပြည်မှာ လူထုကို အရမ်းဂရုစိုက်တယ်။” ဆိုတာပါပဲ။ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂါလီ မွတ်စလင်တွေက ဘင်္ဂါလီ ဗုဒ္ဓဘာသာဝင်တွေအပေါ် အကြမ်းဖက်မှု၊ သတ်ဖြတ်မှု ဖြစ်ပြီးသွားတဲ့ အခါမှာဆိုရင်… ဘင်္ဂလားဒေ့ရှ်က နိုဗယ်ဆုရှင် Muhammad Yunus က မွတ်စလင်။ (ဒီနေရာမှာ သူကိုးကွယ်တဲ့ ဘာသာကို ထည့်ရေးတာက ကိုးကွယ်ရာ ဘာသာတူခြင်း မတူခြင်းက လူ့အခွင့်အရေး ကိစ္စကို ထုတ်ပြောတဲ့အခါမှာ အဓိက မကျဘူး။ ကိုယ့်ဘာသာဝင်ဖြစ်မှ လူ့အခွင့်အရေး ရထိုက်တာ မဟုတ်ဘူး ဆိုတာကို ထောက်ပြချင်တာပါ။) Muhammad Yunus က မွတ်စလင်တွေရဲ့ အကြမ်းဖက်ခြင်း ခံလိုက်ရတဲ့ ဗုဒ္ဓဘာသာတွေ ဘက်က ရပ်တည်ပြောဆိုခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် အမျိုးသမီးလည်း ထိုနည်းတူစွာပဲ။ အဲဒီ့ အကြမ်းဖက်သမားတွေကို ဝေဖန်ပြစ်တင်ခဲ့တယ်။ ပျက်သွားတဲ့ ဘုရားတွေအတွက်လည်း ပြန်ပြင်ပေးမယ်လို့ ကတိပေးတယ်။ ဒုက္ခသည်တွေကို ဂရုစိုက်တယ်။ အကူအညီတွေကိုပေးတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ တာဝန်အရှိဆုံး သူတွေကို အရေးယူ ဖြေရှင်းမယ်လို့ ဆိုတယ်။ လူအချင်းချင်း လူမျိုးရေး ပဋိပက္ခဆိုတာ ရှုတ်ချထိုက်ပေမဲ့ လုံးဝမလိုလားအပ်ပေမဲ့ လူတွေကြားမှာ ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာက မြန်မာနိုင်ငံကိုပဲ ပိုပြီး ဝေဖန်တယ် ဆိုတာက မြန်မာနိုင်ငံက အစိုးရကပါ နှိပ်ကွပ်သူထဲမှာ ပါတာရယ်၊ ကိုင်တွယ်ပုံ ညံ့တာတွေ၊ ဖြစ်ခါစမှာ နိုင်ငံတကာ သတင်းထောက်တွေ၊ နိုင်ငံတကာ ကော်မရှင်တွေကို ပေးမဝင်ရဲ တာတွေရယ်ကြောင့်ပါ။ OIC ကို ပေးဝင်ဖို့ ပြောတာ မဟုတ်ပါ။ ကြားနေအဖွဲ့အစည်းဖြစ်တဲ့ ကုလသမ္မဂ္ဂအဖွဲ့တွေကိုပါ ပေးမဝင်ရဲတာတွေ ကြောင့်ပါ။ ထိုနည်းတူ ဘင်္ဂလားဒေ့ရှ်မှာကျတော့ အစိုးရနဲ့ နိုင်ငံရေး သမားတွေက လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို တတ်နိုင်သမျှ ကာကွယ်ပေးဖို့ ကြိုးစားနေချိန်မှာ မြန်မာပြည်မှာကျတော့ မုန်းတီးရေး သွေးထိုးနေတာတွေ၊ ပြည်တွင်းမီဒီယာတွေက တဘက်ရဲ့ ပုံတွေသတင်းတွေကို လုံးဝ မဖော်ပြပဲ အလွန်အမင်း ဘက်လိုက်တာတွေကြောင့်ပါ။
    ဒီနေရာမှာ တခုရှိတာက ရခိုင်တွေကို ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းမယ့် သူတွေကိုလည်း လုံးဝမနှစ်မြို့ပါ။ အပြင်းအထန် ဆန့်ကျင်ပါတယ်။ Anti-Rakhine တွေကိုရော Anti-Rohingya တွေကိုပါ ကျနော် မလိုလားပါ။ နှစ်ဘက်စလုံးမှာ လူဆိုးတွေ အစွန်းရောက်တွေ ရှိသလို အပြစ်ကင်းသူ လူကောင်းတွေလည်း ရှိပါတယ်။ အကုန်သိမ်းကြုံးပြောခြင်းက အမြင်ကျယ်သူ၊ မျှတသူ၊ ဘက်မလိုက်သူတွေကိုပါ စော်ကားသလို ဖြစ်စေပါတယ်။ မြန်မာ တချို့ မကောင်းရုံနဲ့ လူမျိုးအလိုက် စော်ကား တံဆိပ်ကပ်တာဟာလဲ အမြင်ကျဉ်းမြောင်းခြင်းပါပဲ။
    နောက်တခုက ကျနော် ဖတ်မိတဲ့ post တခု ရှိတယ်။ ရိုဟင်ဂျာတွေသာ ဗုဒ္ဓဘာသာတွေချည်း ဆိုရင် ရခိုင်နဲ့ ရိုဟင်ဂျာတွေ တည့်နေမှာပဲ ဆိုတဲ့ပို့စ်ပါ။ အဲဒါကို ကျနော် လက်မခံပါဘူး။ လူတွေပြောနေကြသလို ဘာသာရေး ကိစ္စ သက်သက် ဆိုတာကလည်း မဟုတ်ပါဘူး။ ဘာသာရေး ခွဲခြားမှု ပါတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီ့ထက် ပိုပြင်းပါတယ်။ အသားအရောင် ခွဲတာတွေ၊ ဆင်းရဲချမ်းသာ ခွဲတာတွေပါ ပါပါတယ်။ ပထမဆုံး စဉ်းစားကြည့်ရင် ဒီအင်တာဗျူးအရဆိုရင် မွတ်စလင်တွေကို အပြင်းအထန် မုန်းလွန်းတယ် ဆိုရင် ဘင်္ဂါလီတွေကို အပြင်းအထန် မုန်းတယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ သွားနေကြမှာ မဟုတ်ပါ။ အခုတော့ ကိုယ့်ထက်သာတဲ့ ကိုယ့်ထက် power ကြီးသလို ဖြစ်နေတဲ့ ဟိုဘက်က အာဏာပိုင်တွေ၊ သူဌေးတွေနဲ့ကျတော့ တည့်ပြီး၊ အတူတူ သွားနေနေပြီး ဆင်းရဲတဲ့သူတွေကိုကျမှ ရွေးမုန်းသလို ဖြစ်နေတယ်။ နောက်တခုက လူမျိုးခွဲတာ၊ အသားအရောင် ခွဲတယ်ဆိုတာကလည်း တခြားနိုင်ငံတွေမှာပါ (ဘာသာတူပေမဲ့)ခုချိန်ထိ ရှိနေဆဲ ကိစ္စပါ။ ဒီတော့ ဘာသာရေးသက်သက်တင် မဟုတ်ပါ။ ဆဲတာကိုပဲ ကြည့်ပါ။ စောက်မွတ်စလင် လို့ ဆဲတဲ့သူထက် စောက်ကုလားလို့ ဆဲမယ့်သူက ပိုများပါတယ်။ (တကယ်ကတော့လူမျိုးအရရော ဘာသာအရပါ သိမ်းကြုံးပြီး မဆဲသင့်ပါ) ကုလားတွေ အကုန်လုံး ဗုဒ္ဓဘာသာဖြစ်သွားဦးတော့ အမြင်ကျဉ်းကြရင် လူမျိုးရေး ခွဲခြားမှု၊ အသားအရောင် ခွဲခြားမှု အနေနဲ့ ပြဿနာတွေက ဆက်ရှိနေမှာပါ။ ဘာသာတူလာလို့ မုန်းသူအရေအတွက် နည်းနည်းလျော့သွားရင်တောင် ခွဲခြားမှုကတော့ ဆက်ရှိမှာပါ။ အဲဒါကို သိသာစေဖို့ ပန်းသေးတရုတ်(မွတ်စလင်) အသားဖြူဖြူ တယောက်နဲ့ ဟိန္ဒူကုလားအသားမည်းမည်း တယောက်ကိုပဲ ယှဉ်စဉ်းစားကြည့်ပါ။ မခင်သေးတဲ့ တရုတ်ပန်းသေး မွတ်စလင်နဲ့ မခင်သေးတဲ့ ဟိန္ဒူကုလားတယောက်။ ကျနော်တို့ဆီမှာ အများစုက (အကုန်လုံးတော့ မဟုတ်ပါ) ပန်းသေးတရုတ်ကို မွတ်စလင်ဖြစ်ပေမယ့် ဟိန္ဒူအသားမည်း ကုလားထက် ပိုပြီး လက်ခံကြပါလိမ့်မယ်။ အသားမည်းမည်း မွတ်စလင်ဆိုရင်တော့ ပိုပြီး လက်မခံကြတဲ့သူ များပါလိမ့်မယ်။ဒါကြောင့် အခုဖြစ်နေတဲ့ ပြဿနာတွေက ဘာသာရေး သက်သက်ထက် ပိုပြင်းပါတယ်။
    ရုပ်ရည်ကို မူတည်ပြီး ခွဲခြားပုံကို ပြောရရင်  ဘောလုံးသမားချင်း အတူတူတောင်  ဇီဒိန်းလို မွတ်စလင် ဘောလုံးသမားထက်  အသားမည်းတဲ့ African ဘောလုံးသမားမျိုးကို တချို့က စောက်ကုလားဆိုပြီး ဆဲတတ်ကြတာမျိုးပါ။
    ဆက်စပ်ပြီး စဉ်းစားလို့ရအောင် ကျနော် အရင်က ရေးထားခဲ့ဟာတွေကိုလည်း အောက်မှာ copy လုပ်ပြထားပါတယ်။
    “နောက် ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုတဲ့ ကိစ္စကလည်း ပြောရတာ အက်ကြောင်းထပ်နေပြီ။ ဦးမျိုးကျော် ဆိုတဲ့သူပြောလို့ သူပြောတဲ့အတိုင်း ရေးတာပါဆိုရင် သူပြောသလောက်ပဲ ရေးတော့မှာလား။ နောက်ဆုံးပိတ် တခြား observation မလုပ်နိုင်ဘူးဆိုရင်တောင် ဦးမျိုးကျော်ကိုတော့ မေးခွန်းပြန်ထုတ်သင့်တာပေါ့။ ဥပမာ… ရေးထားတာက“မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း” လို့ ရေးထားတော့ သူက ပြောလာရင် ပြန်မေးလို့ ရတာတွေက …ရခိုင်တွေအိမ်ကိုပါ မီးလောင်အောင်လို့ သူတို့က ရှို့တာလား (ဒါဆိုရင်တော့ လူမျိုးနှစ်မျိုးလုံး ရောနေကြတဲ့ ရပ်ကွက်မျိုးမှာမှ အဓိပ္ပါယ်ရှိမယ်။ ရခိုင်သက်သက် မွတ်စလင်တွေသက်သက် နေတဲ့ ရပ်ကွက်မျိုးဆိုရင် ရှို့ရင် ရှို့တဲ့သူရဲ့ရပ်ကွက်ပဲ မီးလောင်မှာပေါ့။ သူတို့အိမ် သူတို့ ရှို့တယ်ဆိုတာကို ဦးမျှိုးကျော်က သူကိုယ်တိုင်မြင်လိုက်၇တာလား။ ဘယ်သူက ပြောတာလဲ။ တယောက်ယောက်က တကယ် မျက်မြင် တွေ့လိုက်တာလား။ တမင်လုပ်ကြံဖန်တီးထားတဲ့ ပါးစပ်သတင်းလား။…အိမ်မီးလောင်သွားတဲ့ မွတ်စလင်တွေကရော ဘာပြန်ပြောလဲ? အဲဒါမျိုးတွေကို သေချာမေးဖို့နဲ့observation လုပ်ဖို့ လိုပါတယ်)”
    “တကမ္ဘာလုံးက သတင်းဌာနတွေ အကုန်မှားပြီး ပြည်တွင်းသတင်းဌာနတွေလောက်ပဲ မှန်တယ်ဆိုတာ သဘာဝကျရဲ့လား ။ တကမ္ဘာလုံး မှားနေတယ်ဆိုရင်  မြန်မာနိုင်ငံကိုပဲ (မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေကပါ) ဘာအညှိုးနဲ့ ဆန့်ကျင်နေ၇တာလဲ။ ကြားနေအဖွဲ့အစည်းဖြစ်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမ္မဂ္ဂက ကိုယ်စားလှယ်တွေ သာမက အယ်လ်ခိုင်းဒါကို ချေမှုန်းလေ့၇ှိတဲ့ အမေရိကန်ကပါ ဒီကိစ္စကျမှ ဟိုဘက်ကို တခြားဘက်ကို ဘက်လိုက်နေကြတယ်ဆိုတာ ဖြစ်နိုင်သလား? OIC ကို ဆန့်ကျင်တာက ထားပါတော့။ ကင်တားနားက အစ ဆန့်ကျင်ရလောက်အောင် အမှန်တကယ် ဘက်လိုက်နေကြပြီလား။ OIC ကို လက်မခံတာက ထားတော့။ ဘာလို့ ကုလသမ္မဂ္ဂ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အဝင် မခံရဲရတာလဲ။ ဟိုလူတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသာ ဆိုရင် ဘာလို့ ဘင်္ဂလားဒေ့ရ်ျက သူတို့ကို ပြန်မောင်းထုတ်ရတာလဲ။ သူတို့မှာ ဟိုဘက်နိုင်ငံသား ဖြစ်ကြောင်း အထောက်အထားသာ ရှိရင် ဘင်္ဂလားဒေ့ရှင်္ အစိုးရက ပြန်လက်မခံရင် ကမ္ဘာကလည်း ဘင်္ဂလားဒေ့ရှ်ကို ဝိုင်းပြောမယ့် အပြင် ဘင်္ဂလားဒေ့ရှ်အတိုက်အခံတွေကပါ သူတို့ အစိုးရကို အပြစ်တင်မယ်ထင်တယ်။ အခု ဘာကြောင့် အပြစ်မတင်ကြတာလဲ။ မြန်မာနိုင်ငံကိုပဲ ဝိုင်းအညှိုးထားနေတာလား။ လဝက က လာဘ်စားတာကသာ အဓိက အကြောင်းရင်းဆိုရင် လဝက ကို ထိုးရတဲ့ လာဘ်ဆိုတာက မြန်မာအစစ်ဆိုရင်တောင် မနည်းထိုးရတာ။ ဒီတော့ အဲလောက်မှ ပိုက်ဆံရှိနေရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် ဟိုမှာ မနေဘဲ ဘာလို့ မြန်မာပြည်မှာ နိုင်ငံမဲ့အဖြစ် ဒုက္ခလာခံနေကြတာလဲ?”
    တရားမဝင် ခိုးဝင်လာသူ စီးပွါးရေးသမား အနည်းငယ်တော့ ၇ှိလိမ့်မယ်။ တကယ်လို့သာ့ ဒီမှာမွေးလာပြီး ဘိုးဘွားတွေ လက်ထက်က နိုင်ငံသားရပြီးမှ ခုမှ ပြန်နှင်ထုတ်ခံရတာဆို ဘယ်လိုလုပ်မလဲ? ဥပမာ ပေးရရင် …ကိုယ့်မျိုးဆက်မှာ စင်ကာပူဖြစ်ဖြစ် အနောက်နိုင်ငံဖြစ်ဖြစ် သွားအခြေချပြီးခါမှ နောက်မျိုးဆက် ကိုယ့် မြေးမြစ်တွေကျမှ အဲဒီ့နိုင်ငံအစိုးရတွေက ကိုယ့် next generation တွေကို နိုင်ငံသား အဖြစ်ကနေ ပြန်ရုပ်သိမ်းရင် သူတို့ ဘယ်နိုင်ငံမှာ သွားနေရမလဲ? ဘယ်နိုင်ငံက လက်ခံမှာလဲ?ကိုယ် အဲ့လိုလူ ဖြစ်ရင်ရော ကိုယ့် မြေးမြစ်တွေ အတွက် ဘယ်လို ခံစားရမလဲ?အဲလိုလူတွေကို ကျူးကျော်သူလို့ ခေါ်ရင် သူတို့ဟာ မွေးရာပါ ကျူးကျော်သူတွေပဲ ဖြစ်လိမ့်မယ်။ မွေးလာခြင်းကိုက ကျူးကျော်မှု၊ ရာဇဝတ်မှု ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ တဘက်မှာ သူတို့ထဲကပဲ ဖြစ်ဖြစ်၊ တခြားလူမျိုးကပဲဖြစ်ဖြစ် အကြမ်းဖက်လာရင်တော့ အရေးယူအပြစ်ပေးရမှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ (အကြမ်းဖက်သူကိုပဲ) နှိမ်နင်းရမှာက တပိုင်းပါ။
    ကောင်းကင်ကို
    စာရေးသူထံမှ ခွင့်ပြုချက်တောင်းခံပြီးဖော်ပြပါသည်။
  • နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး (International Criminal Court) အကြောင်း တစေ့တစောင်း
    ဒီဇင်ဘာ ၁၈၊၂၀၁၂
    M-Media
    တင်မင်းထွဋ်
    “နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး ပေါ်ပေါက်လာပုံ”
    ICC Logoနိုင်ငံတော်အတွင်းရှိ လူအခွင့်အရေးချိုးဖောက်မှုများကို သက်ဆိုင်ရာ အစိုးရကိုယ်တိုင်က ချိုးဖောက်သည့်အခါ (သို့မဟုတ်) ထိုချိုးဖောက်မှုများကို နိုင်ငံတော်အဆင့်တွင် အရေးယူဆောင်ရွက်နိုင်မှု မရှိသည့်အခါ နိုင်ငံတကာလူ့အခွင့်အရေးများဖြင့် အရေးယူနိုင်ရန် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများလိုအပ်ကြောင်း စဉ်း စားတွေးခေါ်လာကြသည်။
    အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရာဇ၀တ်မှုများက နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်များဖြင့် လူ့အခွင့်အရေးချိုးဖောက်သူများကို စောင့်ကြပ်ရန် အပြစ်ပေးရန် လိုအပ်ကြောင်း စဉ်းစားလာခဲ့ကြသည်။
    ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးကို တည်ထောင်ခဲ့သော်လည်း မအောင်မြင်ပဲ ဒုတိယကမ္ဘာစစ်ကြီး ထပ်မံဖြစ်ပွားခဲ့ရသည်၊၊
    • ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာခေါင်းဆောင်သော နာဇီပါတီသည် ဂျူးလူမျိုး(၆)သန်းကျော်အပါ အဝင် အခြားလူများအား လူသားချင်း မတရားရက်စက်၊ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခဲ့သည်။
    • နာဇီပါတီသည် အစွန်းရောက်အမျိုးသားရေးဝါဒကို ကျင့်သုံး၍ ဂျူးများ၊ ဂျစ်ပစီများ၊ကိုယ်အင်္ဂါချို့ တဲ့သူများ ၊လိင်တူချစ်သူများကို မျိုးဖြုတ်သတ်ရန် အစီအစဉ်ချမှတ်ခဲ့သည်။ အဆိပ်ငွေ့များလွှတ်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
    • ထို့ကြောင့် စစ်အပြီးတွင် နာဇီ စစ်ခေါင်းဆောင်များသာမက အရပ်သားတာဝန်ရှိသူများ အပါအဝင် စုစုပေါင်း လူအယောက် (၂ဝဝ) ကျော်ကို နုရင်ဘတ်မြို့တွင် စစ်ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့သည်။ (ဆက်လက်ရှာဖွေ အပြစ်ပေးစီရင်နေသည်မှာလည်း ယနေ့ထက်တိုင် ဖြစ်သည်ကို အများသိပြီးဖြစ်ပါသည်။)
    • ထို့အတူအရှေ့ အာရှတွင်လည်း ဂျပန်များ၏ဖက်ဆစ်စနစ်ကြောင့် တာဝန်ရှိသူများကို ဂျပန်နိုင်ငံတိုကျိုမြို့ တွင် ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့သည်။
    • စစ်အတွင်းကျူးလွန်သူများကို ခုံရုံးတင်စစ်ဆေး အရေးယူမှုများသာမက အလားတူ လူသားချင်း မတရားရက်စက်မှု၊ နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုများ ထပ်မံမပေါ်ပေါက်စေရန်၊  ငြိမ်းချမ်းမှုထွန်းကားရေးနှင့် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် နိုင်ငံအစိုးရများက  ကြိုးပမ်းလုပ်ဆောင်လာခဲ့ကြသည်။
    800px-Netherlands,_The_Hague,_International_Criminal_Court
    နယ်သာလန်နိုင်ငံ သည်ဟိတ်မြို မှ ICC ရုံးချူပ်
    နျုရင်ဘတ်ခုံရုံးတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပတွင် စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သော ထိပ်တန်း ခေါင်းဆောင်များ၊ သံတမန်များနှင့် စစ် ဗိုလ်ချုပ်များကို အပြစ်ပေးနိုင်ခဲ့သည်။၁၉၄၅ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ စီရင်ချက်များချခဲ့သည်။ တိုကျိုခုံရုံးတွင် အရှေ့ဖျားအာရှတွင် စစ်ရာဇ၀တ် မှု ကျူးလွန်ခဲ့သော ဂျပန် ထိပ်တန်း ခေါင်းဆောင် များ၊ သံတမန်များနှင့် စစ်ဗိုလ်ချုပ်များကို အပြစ် ပေးနိုင်ခဲ့သည်၊၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ် အတွင်းစီရင်ချက်များ ချမှတ်နိုင်ခဲ့သည်။
    စစ်ရှုံးသူများသက်သက်ကိုသာ စီရင်ခဲ့ပြီး စစ်နိုင်သည့်နိုင်ငံများမှ ကျူးလွန်သူတဦးကိုမှ အရေးယူခဲ့ခြင်းမရှိဟု ထောက်ပြကြသည်။
    ICC1
    ၁၉၄၆ ခုနှစ် နျူးရင်ဘတ် နောက်ပိုင်း “နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး International Criminal Court – ICC နှင့် လူသားဖြစ်မှုဆန့်ကျင်သောပြစ်မှုကို ကာကွယ်ရန် နိုင်ငံတကာပြစ်မှု ဆိုင်ရာ ဥပဒေတစ်ခု လက်ခံအောင် International Criminal Code prohibiting crimes against humanity” ကို ပဲရစ်မြို့ တွင် နိုင်ငံတကာ ညီလာခံတရပ် ကျင်းပပြီး ဆွေးနွေးခဲ့ကြသည်။
    ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့တွင် “လူမျိုးတုံးသတ်ဖြတ်မှုကို ပြစ်မှုတခုခုအပေါ် ပြစ်ဒဏ်ပေးခြင်း နှင့် ကာကွယ်ခြင်းသဘောတူစာချုပ် Convention on the Prevention and Punishment of the Crime of Genocide” ကို ICC ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလက်ခံခဲ့ပြီး၊ ယင်းစာချုပ်ကို အခြေခံ၍ တရားရုံးတည်ထောင်ရန် သင့်လျော်သောပြဌာန်းချက်များကို လေ့လာရန်အတွက် နိုင်ငံတကာဥပဒေ ကော်မရှင်International Law Commission – ILC ကို ကုလသမဂ္ဂအထွေထွေညီလာခံက တာဝန်အပ်နှင်းခဲ့သည်။
    ၁၉၄၉ – ၁၉၅၄ ခုနှစ် “နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး၏ Draft Statute for an ICC” တရပ်ကို ရေးဆွဲခဲ့ရာ အင်အားကြီးနိုင်ငံများက ဆန့်ကျင်ခဲ့ကြသည်။
    ၁၉၅၄ ခုနှစ်တွင် နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာတရားရုံးဖွဲ့ရန် အစီအစဉ်များနှောင့်နှေးကြန့်ကြာ နေခဲ့ကြပြီး တချိန်ထဲမှာပင် အစိုးရများက မိမိတို့ပြည်သူများအပေါ် လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်မှု၊ လက်နက် ကိုင်စစ်ပွဲများအတွင်း အပြစ်မဲ့ပြည်သူများအပေါ် ရက်ရက်စက်စက်သတ်ဖြတ်မှုများကို ကျူးလွန်လာခဲ့ကြသည်။
    (ကမ္ဘောဒီယား၊ ကိုဆိုဗို၊ယူဂိုဆလားဗီးယား၊ ရ၀မ်ဒါ၊ ဆီယားလီယွန်၊ ကင်ညာ၊အရှေ့တီမောနိုင်ငံများ စသည်တို့ဖြစ်သည်။)
    ICC2
    နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးအပြင် တရားဥပဒေရရှိခံစားရေးအတွက် လုပ်ဆောင်ခဲ့သော လုပ်ဆောင်မှုများမှာ
    အမှန်တရားကော်မရှင် (Truth Commission) တောင်အာဖရိက
    အထူး တရားခုံရုံး (ad Hoc Tribunal) အရင် ယူဂိုစလားဗီးယား၊ ရ၀မ်ဒါ
    နိုင်ငံတကာတရားစီရင်မှုများဖြင့်လုပ်ဆောင်သောအထူးတရားရုံး (Hybrid Court applyingInternational Criminal Law) ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ကိုဆိုဗို၊ဆီယားလီယွန်
    ၁၉၉၁ – ၁၉၉၂ ခုနှစ် ဘောစနီးယား၊ ဟာစီဂိုဗီးနားနှင့် ခရိုအေရှား စစ်ပွဲမှာ
    “လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဂျီနီဗာ သဘောတူစာချုပ်”
    ထင်ရှားသောချိုးဖောက်မှုများ၊ကျူးလွန်မှုများကို တရားစွဲဆိုနိုင်ရန် ယူဂိုစလားဗီးယား အတွက် နိုင်ငံတကာရာဇဝတ်တရားရုံး Ad-hoc Tribunal – ICTY” ကို ၁၉၉၃ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်ချပြီး တည်ထောင်ခဲ့သည်။ ထိုတရားရုံးသည် “သီးသန့်တရားရုံး Ad-hoc”တခုဖြစ်သည်။
    တချိန်တည်းမှာပင် ရဝမ်ဒါနိုင်ငံ၏ ပဋိပက္ခထဲမှာ ကျူးလွန်ခဲ့သောပြစ်မှုများကိုအရေးယူရန် ၁၉၉၄ ခုနှစ် လုံခြုံရေးကောင်စီမှ “ရာဝမ်ဒါနိုင်ငံ အတွက် နိုင်ငံတကာရာဇဝတ်တရားရုံး ICTR” ကို တည်ထောင်ခဲ့သည်။၁၉၉၈ ခုနှစ်က (အီတလီ) ရောမမြို့ တွင် ကုလသမဂ္ဂမှ ကြီးမှူး၍ကျင်းပသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးကို ဖွဲ့စည်း တည်ထောင်ရန်အတွက် သဘောတူစာချုပ်မူကြမ်းကို ရေးဆွဲသည့်ညီလာခံကို ကျင်းပခဲ့ကြသည်။
    – နိုင်ငံပေါင်း (၁၆ဝ) မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး (၅)ပတ်ကြာ အပြင်းအထန်  ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက် တက်ရောက်လာသည့် နိုင်ငံများထဲမှ နိုင်ငံပေါင်း (၁၂ဝ)က  ထိုစာချူပ်ကို အတည်ပြုရန် ထောက်ခံမဲပေးခဲ့သည်။
    – တရုတ်၊ လစ်ဗျား၊ အီရတ်နှင့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံ(၇) နိုင်ငံက ထိုစာချုပ်ကို ကန့်ကွက်မဲ ပေးခဲ့ကြပြီး နိုင်ငံပေါင်း(၂၁) နိုင်ငံက ကြားနေ ခဲ့သည်။
    – ထိုစာချူပ်ကို ၁၉၉၈ခုနှစ် ဇူလိုင်လ(၁၇) ရက်နေ့တွင် အတည်ပြုပြဌာန်းနိုင်ခဲ့သည်။
    လက်မှတ်ရေးထိုးခဲ့သည့် နေရာဖြစ်သော ရောမမြို့ကို အစွဲပြု၍ရောမစာချုပ် (Rome) ဟုလည်း ခေါ်ဝေါ်သည်။ စာချုပ်အရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးကို ဖွဲ့စည်းထူထောင်နိုင်ရန်အတွက် နိုင်ငံပေါင်း(၆ဝ)ကအတည်ပြု လက်မှတ်ရေးထိုးရန် လိုအပ်သည်။
    ၂ဝဝ၂ ခုနှစ် ဧပြီလ (၁၁)ရက်နေ့တွင် နိုင်ငံပေါင်း (၆၆)နိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂ဝဝ၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် တရားရုံးကိုစတင်ဖွဲ့စည်းနိုင်ခဲ့ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့  တွင်ရုံးစိုက်ထားပါသည်။
    ICTR/ICTY  နှင့် ICC တို့ကွာခြားချက်
    ICTR/ ICTY ICC
    ဖွဲ့စည်းပေါ်ပေါက်လာပုံ  လုံခြုံရေးကောင်စီက ဖွဲ့စည်းနိုင်ရန် ညွန်ကြားနိုင်။ Rome စာချုပ်အရပေါ်ပေါက်လာသော တရားရုံး ဖြစ်သည်။လုံခြုံရေးကောင်စီက အမှုကို တရားရုံးသို့ လွှဲပြောင်း ပေးအပ်နိုင်။
    ရုံးဖွင့်ထားမှု အခင်းဖြစ်ပွားပြီး အချိန်မှ ထူထောင်။ အမြဲတမ်းဖွင့်လှစ်ထားသော တရားရုံး ။
    ကျူးလွန်သည့်နေရာ သတ်မှတ်ထားသည့် နိုင်ငံများတွင် ဖြစ်ပွားခဲ့သော ရာဇ၀တ်များကို စီရင်နိုင်။ Rome စာချုပ် အဖွဲ့ဝင် နိုင်ငံများက ပြည်တွင်းတွင် ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ကျူးလွန်သော အမှုများ။
    အရေးယူနိုင်သည့် အချိန် သတ်မှတ်ထားသော အချိန်ကာလအတွင်းဖြစ်ပွားသောအမှုများ ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်း ကျူးလွန်သော အမှုများ။
    အရေးယူနိုင်သည့်အမှုအမျိုးအစား သတ်မှတ်ထားသောကျူးလွန်မှုများ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားဖြစ်မှုအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊လူသားဖြစ်မှု အပေါ် ထိခိုက်စေသောအမှု၊စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု၊
    နိုင်ငံတကာ ရာဇဝတ်မှုများကို အဆိုးဝါးဆုံး ကျူးလွန်သည့်တာဝန်ရှိသူ ခေါင်းဆောင်ကိုအရေးယူနိုင်။
    ICC က လက်ခံကိုင်တွယ်နိုင်သည့် ရာဇဝတ်ပြစ်မှုအမျိုးအစားများ၊
    ယခုပေါ်ပေါက်လာသောတရားရုံးသည် လူမျိုးတုံး သတ်ဖြတ်မှုများ (Genocide)၊လူသားမျိုးနွယ် တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ (Crime Against Humanity)၊ စစ်ပွဲဆိုင်ရာရာဇဝတ်မှုများ(War Crime) တို့ကို ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် လူပုဂ္ဂိုလ်တဦးတယောက်တိုင်းကို ခုံရုံးတင် အရေးယူနိုင်ပါသည်။ ထိုအမှု(၃)မျိုးနှင့် အကျုံးမဝင်သည့် ကျန်သည့်အမှုများကို မတိုင်ကြားနိုင်ပေ။
    တိုင်ကြားနိုင်သောအမှုများ
    လူမျိုးတုံးသတ်ဖြတ်မှုဆိုသည်မှာ “နိုင်ငံသား၊ မျိုးနွယ်စု၊ လူမျိုးစု (သို့မဟုတ်) ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ အားလုံးကို ဖျက်ဆီးရန် ရည်ရွယ်ချက်နှင့် ကျူးလွန်မှုများ (သို့မဟုတ်) အချို့အစိတ်အပိုင်းကို ဖျက်ဆီးရန် ရည်ရွယ်ချက်နှင့် ကျူးလွန်မှုများ” ကို ဆိုလိုသည်။
    အပိုဒ် (၇)အရ “လူမျိုးတုံး သတ်ဖြတ်မှု” နှင့် သက်ဆိုင်သော ပြစ်မှုအမျိုးအစား ငါးမျိုးမှာ-
    (၁) လူတစ်စု၏ အဖွဲ့ဝင်များကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း။
    (၂) လူတစ်စု၏ အဖွဲ့ဝင်များကို ခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ အန္တရာယ်ပြုခြင်း။
    (၃) အသင်းအဖွဲ့တစ်ခုလုံး သို့မဟုတ် အချို့ကို စိတ်ပိုင်းဆိုင်ရာ ကျဆင်းပျက်စီးမှု ဖြစ်ပေါ်စေရန် တမင်တကာ ရည်ရွယ်၍ ထိုအုပ်စု၏ အသက်အန္တရာယ်ကို ထိပါးခြင်း။
    (၄) လူတစ်စုအတွင်း၌ ကလေးမွေးဖွားမှုကို တားဆီးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ချမှတ်သည့် သတ်မှတ်ချက်ကို လိုက်နာစေခြင်း။
    (၅) ကလေးသူငယ်များကို လူအုပ်စုတစ်စုမှ အခြားလူအုပ်စုတစ်စုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း။
    လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇ၀တ်မှုများ
    လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ ဆိုသည်မှာ မည်သည့်အရပ်သား လူထုကိုမဆို ဦးတည်၍ စနစ်ကျကျ တိုက်ခိုက်သော (သို့မဟုတ်) ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်သော ကျူးလွန်မှုများ        ဟုဆိုထားသည်။
    အပိုဒ် (၇)အရ လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများနှင့် သက်ဆိုင်သော ပြစ်မှု အမျိုးအစား (၁၁)ခုမှာ –
    (၁) လူသတ်မှု၊
    (၂) မျိုးဖြုတ်ခြင်း၊
    (၃) ကျွန်ပြုခြင်း၊
    (၄) ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် အတင်းအကျပ် ရွှေ့ပြောင်းခြင်း၊
    (၅) ထောင်သွင်း အကျဉ်းချခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အခြေခံစည်းမျဉ်းများကို ချိုးဖောက်၍ လူတယောက်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ဆုံးရှုံးစေခြင်း၊
    (၆) ညှင်းပမ်းနှိပ်စက်ခြင်း၊
    (၇) မုဒိမ်းကျင့်ခြင်း၊ လိင်ကျွေးကျွန်ပြုခြင်း၊ အတင်းအကြပ် ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်း၊ကိုယ်ဝန်ရှိစေခြင်း၊ ကိုယ်ဝန်မရရှိစေခြင်း၊ အခြားဆိုးရွားသောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊
    (၈) သက်သေအထောက်အထားပြနိုင်သော မည်သည့်လူစုကိုမဆို ညှင်းပမ်းနှိပ်စက် (သို့မဟုတ်) နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ မျိုးနွယ်စုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊လိင်စသည့်အုပ်စုများအား ညှင်းပန်းနှိပ်စက်ခြင်း၊
    (၉) လူများအား အတင်းအကျပ် ပျောက်ဆုံးစေခြင်း၊
    (၁၀) လူမျိုးအသားအရောင် ခွဲခြားရေးဆိုင်ရာဝါဒနှင့်ဆိုင်သော ရာဇဝတ်မှုများပြုလုပ်ခြင်း၊
    (၁၁) တမင်တကာ ရည်ရွယ်၍ ကြီးစွာသော ခံစားမှုကို ဖြစ်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာအရ ပြင်းထန်စွာ ထိခိုက်အနာတရဖြစ်စေခြင်း စသည့် အခြားလူမဆန်သည့် လုပ်ရပ်များကို ဆိုလိုသည်။
    စစ်ရာဇဝတ်မှုဆိုသည်မှာ ပြည်တွင်းစစ်ဖြစ်စေ၊ နိုင်ငံတကာစစ်ပွဲဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခကာလ အတွင်း စီမံကိန်းတခု/မူဝါဒတခု၏ အစိတ်အပိုင်းအနေဖြင့် ကျူးလွန်ခြင်း(သို့မဟုတ်) ထိုပြစ်မှုမျိုးကို ကျယ်ပြန့်သော ပမာဏတခု ကျူးလွန်ခြင်းဟုအဓိပ္ပါယ်ဖွင့်ဆိုထားသည်။
    ICC3
     အပိုဒ် (၈) အရ စစ်ရာဇဝတ်မှုနှင့် ပတ်သက်၍ အဓိကကျသောအောက်ပါအချက်လေးချက်ကို ကျူးလွန်ပါက စစ်ရာဇဝတ်မှုမြောက်သည်ဟု ဆိုနိုင်သည်။
    (၁) ၁၉၄၉ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်၊ ဂျီနီဗာသဘောတူညီချက်များ၏ပြဌာန်းချက်များကို လူအများ (သို့မဟုတ်) အရာဝတ္ထုများအပေါ် ပြင်းထန်စွာ ချိုးဖောက်မှုများ၊
    ၂) စစ်ပွဲအတွင်းနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကျင့်သုံးရမည့် စစ်ဥပဒေကိုပြင်းထန်စွာချိုးဖောက်မှုများ၊
    (၃) အပြည်ပြည်ဆိုင်ရာ လက္ခဏာဆောင်သည့် လက်နက်ကိုင်ပဋိပက္ခဖြစ်ရာတွင် ၁၉၄၉ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့ပါ ဂျီနီဗာသဘောတူညီချက် (၄)ရပ်နှင့် သက်ဆိုင်သည့်       ပုဒ်မ(၃)ကို ပြင်းထန်စွာ ချိုး ဖောက်မှုများဖြစ်သော ဖျားနာနေသော၊ ထိခိုက်ဒဏ်ရာရနေသော   ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော သို့မဟုတ် အခြားအကြောင်းကြောင့် စစ်မတိုက်နိုင်သော လက်နက်ချပြီးဖြစ်သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များတွင် တက်ကြွစွာပါဝင်တိုက်ခိုက်ခြင်း မရှိတော့သည့်သူများကို ဆန့်ကျင်တိုက်ခိုက်ကျူးလွန်မှုများ၊
    (၄) အပြည်ပြည်ဆိုင်ရာ လက္ခဏာမဆောင်သည့် လက်နက်ကိုင်ပဋိပက္ခ (ပြည်တွင်းစစ်)များအတွက်      ကျင့်သုံးသော စစ်ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုတို့ ဖြစ်သည်။
    စစ်ရာဇ၀တ်မှုမြောက်နိုင်သော အမှုများမှာ-
    • -လူများကို သတ်ဖြတ်ခြင်း၊ မျိုးတုံးစေခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်းနှင့် ရက်ရက်စက်စက်ဆက်ဆံခြင်း၊
    • -လူတယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ဆက်ဆံခြင်း၊ ဓားစာခံအဖြစ်ခေါ်ဆောင်ခြင်း၊
    • -ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
    • -ဂျီနီဗာသဘောတူစာချုပ်က သတ်မှတ်ထားသည့် သင်္ကေတများပါရှိသည့် အဆောက်အဦများ၊ ပစ္စည်းများ၊
    • ဆေးဝါးဌာနများနှင့် ယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခြင်း၊
    • -လူသားချင်းဆိုင်ရာ စာနာမှုဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
    • -ဘာသာရေး၊ ယဉ်ကျေးမှု၊ အထိမ်းအမှတ်များ၊ ဆေးရုံများနှင့်လူနာများထားရှိသည့်နေရာများကို   ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
    • -လိင်စော်ကားခြင်း၊ အတင်းအကြပ် ပြည့်တန်ဆာအဖြစ် စေခိုင်ခြင်း၊ ကိုယ်ဝန်ရစေခြင်း၊  သားကြော ဖြတ်ခြင်းနှင့် အခြားပုံစံများဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊
    • -အသက် (၁၅)နှစ်အောက် ကလေးများကို စစ်ပွဲများတွင် ပါဝင်စေခိုင်းခြင်း၊
    • -ရပ်ရွာလူထုများကို လုံခြုံရေးအကြောင်းကြောင့် မဟုတ်ပဲ ရွေ့ပြောင်းခြင်း၊
    • -ဒဏ်ရာရသည့် တဖက်တပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊
    • -စစ်သုံ့ပမ်းများကို တယောက်မကျန် သတ်ဖြတ်ခြင်း၊ သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်တောက်ခြင်း၊  ဆေး (သို့မဟုတ်)သိပံ္ပပညာစမ်းသပ်မှုများကို လုပ်ဆောင်ခြင်း၊
    • -လိုအပ်ချက်အရ မဟုတ်ဘဲ လူထု၏ ကိုယ်ပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်းလည်း စစ်ရာဇဝတ်မှုမြောက်ပေသည်။
    အိုင်စီစီသို့ တိုင်ကြားနိုင်မှု အဆင့်ဆင့်
    • – အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးသည် ကုလသမ္ဂ၏အပြည်ပြည်ဆိုင်ရာတရားရုံးကဲ့သို့  နိုင်ငံအချင်းချင်း အကြားဖြစ်ပွားသည့် ပြဿနာများကိုဖြေရှင်းရန်၊ နိုင်ငံတနိုင်ငံကို တရားစွဲဆိုရန် မဟုတ်ပါ။
    • – ရောမသဘောတူစာချုပ်ကို အတည်ပြုလက်မှတ်ထိုး ထားသော နိုင်ငံ၏ နိုင်ငံသားတဦးဦးက  မည်သည့်နေရာတွင်မဆို ထိုသတ်မှတ်ထားသော ရာဇဝတ်မှုကျူးလွန်ပါက သို့မဟုတ် ထိုအတည်ပြု  လက်မှတ် ထိုးထားသောနိုင်ငံ၏ အချုပ်အခြာပိုင်နယ်မြေဒေသအတွင်း ကျူးလွန်သော ရာဇဝတ်မှုများဖြစ်ပါက တရားစွဲ ဆိုနိုင်ပါသည်။
    • – ကျူးလွန်သူသည် အမျိုးသား အမျိုးသမီးဖြစ်စေ၊ သာမန် အရပ်သားဖြစ်စေ၊ စစ်တပ်တွင် တာဝန်ရှိသူဖြစ်စေ၊ အစိုးရတွင်တရားဝင် ရာထူးရှိသူဖြစ်စေ၊ ထိုရာဇဝတ်မှုတွင် တာဝန်ရှိသည့် မည်သူ့ကိုမဆို တရားစွဲဆိုနိုင်ပါသည်။
    • – တိုင်ကြားခံရသောသူသည် လူပုဂ္ဂိုလ်တဦးချင်းဖြစ်ရပါသည်။
    • – ထိုသူသည် တဦးချင်းဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ အမှုကို ကျူးလွန်သူ၊
    • – ထိုအမှုကို ကျူးလွန်ရန်အတွက် အမိန့်ပေးစေခိုင်းခဲ့သူ၊
    • – အမှုကျူးလွန်နိုင်အောင် အားပေးကူညီပံ့ပိုးပေးခဲ့သူ၊
    • – ကျူးလွန်သူများကျူးလွန်နိုင်အောင် ရည်ရွယ်ချက်တူဖြင့် အားပေးပါဝင်ခဲ့သူ၊
    • – ထိုအမှုကျူးလွန်ရန် ကြံစည်ကြိုးပမ်းခဲ့သူ၊
    • – လူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်သူ ဖြစ်ရပါမည်။
    • – တရားရုံးအနေဖြင့် တိုင်ကြားမှုများကို လက်ခံလာပါက ထိုကျူးလွန်သောရာဇဝတ်မှုများကို မည့်သူက အဓိက၊ အမြင့်ဆုံးတာဝန်ရှိသည်ကို စုံစမ်းစစ်ဆေးဖော်ထုတ်မည်။
    • – ထိုနောက် ထိုအမှုများတွင် အမိန့်ပေးစေခိုင်းသောသူ၊ ထောက်ပံ့ကူညီအားပေးသူနှင့် စီမံဆောင်ရွက်သူများအပါအဝင် ထိုကျူးလွန်မှုတွင် တာဝန်အရှိဆုံးသူများကို အပြစ်စီရင်မည် ဖြစ်သည်။
     တာဝန်အရှိဆုံးသူကို အပြစ်ရှိကြောင်းစုံစမ်းရာတွင်-
    • – စွပ်စွဲခံရသော စစ်ခေါင်းဆောင်နှင့် ကျူးလွန်သူများအကြားရှိ အထက်၊အောက်ဆက်ဆံမှု၊
    • – စစ်ခေါင်းဆောင်အနေဖြင့် ထိုအမှုကို ကျူးလွန်တော့မည်ဖြစ်ကြောင်း (သို့မဟုတ်)ကျူးလွန်ပြီးဖြစ်ကြောင်း  သိနိုင်သောအခြေအနေ၊
    • – ထိုအမှုကို မကျူးလွန်ရန် တားဆီးနိုင်သော သို့မဟုတ် အရေးယူနိုင်သော (သို့မဟုတ်)  သက်ဆိုင်ရာတာဝန်ရှိသူထံ စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် ပေးပို့နိုင်သော မိမိ၏ အခွင့်အာဏာကို လိုအပ်သလို လုပ်ဆောင်ရန် ပျက်ကွက်သော အခြေအနေမျိုးဖြစ်ရမည်။
    တရားရုံးသို့အမှုများကို တင်ပြတိုင်ကြားနိုင်ရန် နည်း(၂)နည်း
    (၁) ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားသောနိုင်ငံများမှ လူပုဂ္ဂိုလ်တဦးဦးသည် သူ့နိုင်ငံ၏ နယ်နိမိတ်တွင်ဖြစ်စေ အခြားနိုင်ငံတခုခုတွင်ဖြစ်စေ တရားရုံးကသတ်မှတ်ထားသော ရာဇဝတ်မှုသုံးမျိုးအနက် တခုခုကို ကျူးလွန်ခြင်း၊
    (၂) အကယ်၍ ရောမစာချုပ်ကို လက်မှတ်မထိုးထားသောနိုင်ငံများမှ လူပုဂ္ဂိုလ်များကို တိုင်ကြား မည်ဆိုပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိုအမှုကို တရားရုံးသို့ လွှဲပြောင်းပေးမှသာ ထိုအမှုကို စုံစမ်း စစ်ဆေးနိုင်မည်ဖြစ်၏။ ထိုသို့လွှဲပြောင်းပေးရန်အတွက် ကုလသမဂ္ဂလုံခြုံကောင်စီ အဖွဲ့ဝင်နိုင်ငံများသည် မဲခွဲဆုံးဖြတ်ရန် လိုအပ်သည်။ နိုင်ငံများသည် ထောက်ခံ၊ ကန့်ကွက်မဲများပေးနိုင်သလို ကြားနေမဲလည်း ပေးနိုင်သည်။ သို့သော် ထိုသို့တရားရုံးကို လွှဲပြောင်းပေးနိုင်ရန်အတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ(၁၅) နိုင်ငံအနက် (၉) နိုင်ငံမှ ထောက်ခံမဲရရှိရန် လိုအပ်သည်။
    သို့သော် အမြဲတမ်း (၅) နိုင်ငံမှ တနိုင်ငံက ဗီတိုအာဏာသုံးပါက ထိုအမှုကိုတင်နိုင်မည်မဟုတ်ချေ။
    စာချုပ်ကိုလက်မှတ်ရေးထိုးထားသော နိုင်ငံကဖြစ်စေ၊ ကုလသမဂ္ဂ၏လုံခြုံရေးကောင်စီကဖြစ်စေ တရားရုံးတော်သို့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သောအမှုကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာတရားရုံးသို့ တိုင်ကြားနိုင်သည်။ ထိုသို့တိုင်ကြားလာပါက နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး၏ တရားစွဲဆို အရာရှိသည် အကျူးလွန်ခံရသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အခြားခိုင်လုံသော ရင်းမြစ်များမှ သတင်းအချက်အလက်များစုဆောင်း၍ စုံစမ်းစစ်ဆေးခြင်း စတင်ရပါသည်။
    ထိုသို့စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံးသည် အစိုးရ၏ပူးပေါင်းပါဝင်မှုကို ရယူဆောင်ရွက်ရပါသည်။ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံးတွင် စုံစမ်းစစ်ဆေးရန်အတွက် ကိုယ်ပိုင်ရဲတပ်ဖွဲ့မရှိသောကြောင့် သက်ဆိုင်ရာအစိုးရနှင့် လက်တွဲဆောင်ရွက်ရပါသည်။
    စုံစမ်းစစ်ဆေးသည့် တရားစွဲဆိုအရာရှိသည် အထောက်အထား များကို ရှာဖွေရသည်။
    ကိုယ်တိုင်ခံစားရသူများ မျက်မြင်သက်သေများကို မေးမြန်းသည်။ ထိုသို့ရရှိသော သတင်း များကို မပေါက်ကြားအောင် အထူးထိန်းသိမ်းသည်။ ထိုသို့သတင်းပေးသော သူများအတွက်အန္တရာယ်မဖြစ်စေရန် ကာကွယ်စောင့်ရှောက်ပေးထားရပါသည်။
    စုံစမ်းစစ်ဆေးမှုကိုစတင်နေသည့်အချိန်အတွင်း တရားစွဲဆိုအရာရှိသည် အမှုစစ်ဆေးမည့် တရားရုံးတော်ထံမှ ထိုစွပ်စွဲခံရသည့်သူကို ဖမ်းဝရမ်းတောင်းခံနိုင်သည်။ အကယ်၍ထိုစွပ်စွဲခံရသည့်သူသည် အမှန်တကယ်ရာဇဝတ်မှုများကို ကျူးလွန်လောက်သည်ဟုယုံကြည်ရသော အခြေအမြစ်ရှိပါက တရားရုံးသည် ထိုဖမ်းဝရမ်းတောင်းခံချက်ကို ခွင့်ပြုမည်ဖြစ်သည်။ ထိုစွပ်စွဲခံရသူကို ဖမ်းဆီးအပြီး (သို့မဟုတ်) ထိုသူကိုယ်တိုင်က အဖမ်းဆီးခံပြီးနောက် ထိုစွပ်စွဲချက်များကို တရားရုံးတွင် ကြားနာနိုင်သည်။ ထိုတရားရုံး ကြားနာစီရင်မှုအတွင်း စွပ်စွဲ ခံရသူအနေဖြင့် စွပ်စွဲချက်များကို ငြင်းဆိုခွင့်ရှိသလို သက်သေအထောက်အထားများ တင်ပြခွင့်ရှိပေသည်။
    တရားစစ်ဆေးနေသည့် ကာလအတွင်း စွပ်စွဲခံရသည့်သူသည် တရားခွင်တွင် ရှိနေရမည်။
    တရားခွင် စစ်ဆေးသောအဖွဲ့သည် တရားခွင်၏ တရားမျှတမှုကို အထူးအလေးထားရမည်။
    စွပ်စွဲခံရသူအနေဖြင့် တရားရေးဆိုင်ရာအခွင့်အရေးများရှိသလို ခံစားရသူများနှင့် မျက်မြင်သက်သေများကိုလဲ လုံခြုံအောင်ကာကွယ်ပေးရမည်။ ခိုင်လုံသောသက်သေ အထောက်အထားများ ပြည့်စုံပါက တရားရုံးသည် စီရက်ချက်ချနိုင်ပြီ ဖြစ်သည်။ တရားရုံးက ချမှတ်သည့်အမိန့်ကို အယူခံဝင်ပိုင်ခွင့်လည်း ရှိသည်။
    Commission of Inquiry ၏ လုပ်ထုံးလုပ်နည်းများ
    စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်မည်ဆိုပါက အောက်ပါအချက်များကို သတိပြုရမည်။
    ၎င်းတို့မှာ-
    • စတင်စုံစမ်းပြီဆိုပါက ထိုစုံစမ်းစစ်ဆေးမှုကို စုံစမ်းစစ်ဆေးသူနှင့် တရားရုံးကလွဲ၍ တခြားမည်သူကမျှ အဆုံးသတ်ခိုင်းခြင်းမပြုနိုင်။ သို့သော် လုံခြုံရေးကောင်စီအနေဖြင့် စုံစမ်းစစ်ဆေးမှု သို့မဟုတ် စီရင်ချက်ကို နောက်ထပ် ထပ်တိုးနိုင်သည့် (၁၂)လကာလ ရွှေ့ဆိုင်းနိုင်သည်။
    • စုံစမ်းစစ်ဆေးမှုတခုလုံးသည် အထူးလျို့ဝှက်လုံခြုံမှုရှိရမည်။
    • စုံစမ်းစစ်ဆေးသူသည် စုံစမ်းသည့်အချက်ကို ကျူးလွန်ခံရသောသူနှင့်ကျူးလွန်သည့်သူဘက် အပါ အဝင် ဘက်နှစ်ဘက်စလုံးကို မျှမျှတတစုံစမ်းဖော်ထုတ်ရမည်။
    • စုံစမ်းစစ်ဆေးသောသူသည် ကျူးလွန်သူများအနေဖြင့် အစိုးရဖက်ကဖြစ်စေ၊ အတိုက်အခံအဖွဲ့များကဖြစ်စေ၊ အခြားအဖွဲ့များကဖြစ်စေ အဖွဲ့ကိုထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ဖြစ်နိုင်ချေဖြစ်သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရမည်။
    • စုံစမ်းစစ်ဆေးမည်ဆိုပါက စုံစမ်းစစ်ဆေးမည့်သူသည် ထိုအခင်းဖြစ်ပွားသည့်နိုင်ငံ၏အစိုးရကိုခွင့်တောင်း၍ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နိုင်သည်။
    စုံစမ်းစစ်ဆေးမည့်သူ၏ လုပ်ပိုင်ခွင့်များ
    • အချက်အလက်များကို စုဆောင်းကောက်ယူနိုင်သည်။
    • ခံစားရသူများနှင့် မျက်မြင်သက်သေများကို မေးခွန်းများ မေးနိုင်သည်။
    • အစိုးရများနှင့် အခြားအဖွဲ့အစည်းများထံမှ ပူးပေါင်းဆောင်ရွက်မှုများကိုတောင်းခံနိုင်သည်။
    • မိမိ စုဆောင်းရရှိထားသော သတင်းများကို လုံခြုံစိတ်ချစွာ ထိမ်းသိမ်းထားပိုင်ခွင့် ရှိသည်။
    • မိမိရရှိထားသောသတင်းများအပြင် ထိုအချက်များကို ပေးသောသူများတွင်လုံခြုံမှုရှိစေရန်အတွက် လိုအပ်သော လုပ်ဆောင်ပေးမှုများ လုပ်ဆောင်ပေးရန်နှင့် ထိုသို့လုပ်ဆောင်ပေးရန် တောင်းဆိုနိုင်သည်။
    သံသယရှိသည်ဟုယူဆရသောသူ၏ ရပိုင်ခွင့် အခွင့်အရေးများ
    စုံစမ်းစစ်ဆေးသူသည် ကျူးလွန်သည်ဟု သံသယရှိသောသူကို မေးမြန်းတော့မည်ဆိုပါကထိုသူ့ထံတွင် အောက်ပါအခွင့်အရေးများရှိကြောင်း အသိပေးရမည်။ ၎င်းတို့မှာ-
    • -အပြစ်ရှိသည်ဟု ထုတ်ဖော်မပြောဆိုနိုင်ခွင့်၊
    • -တရားလက်လွတ်ဖမ်းဆီးခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှိပ်စက်ခြင်းမှကင်းလွတ်ခွင့်၊
    • -စကားပြန်ဖြင့် မေးမြန်းခြင်းကို ရပိုင်ခွင့်၊
    • -ထိုသူ့အပေါ် သံသယရှိနေကြောင်းကို ထိုသူအား ပြောပြခြင်း၊
    • -မပြောဘဲ နေပိုင်ခွင့်၊
    • -ရှေ့ နေရရှိခွင့်၊
    • -ရှေ့ နေမငှားနိုင်ပါက အကူအညီရရှိခွင့်၊
    • -သူကိုယ်တိုင်ကငြင်းဆိုခြင်းမဟုတ်ပါက သူ၏ရှေ့နေရှေ့မှောက်တွင်မေးခွန်း မေးမှုများကို ရရှိပိုင်ခွင့်။
    စုံစမ်းစစ်ဆေးမှုအဆင့်ဆင့်
    • စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ရန် ဆုံးဖြတ်ခြင်း၊
    • စုံစမ်းစစ်ဆေးသူအား ခန့်အပ်ခြင်း၊
    • သက်ဆိုင်ရာအစိုးရနှင့် ညှိနှိုင်း၍ စုံစမ်းစစ်ဆေးခြင်း၊
    • စုံစမ်းစစ်ဆေးပြီးသည့်နောက် ကျူးလွန်သူသည် အမှန်တကယ် ကျူးလွန်ကြောင်း
    • ခိုင်လုံသော အထောက်အထားများ တွေ့ရပါက အကြိုခုံရုံးတွင် ဖမ်းဝါးရမ်း တောင်းခံခြင်း၊
    • အကြိုခုံရုံးက ဖမ်းဝရမ်းထုတ်ပေးခြင်း၊ဖမ်းဆီးခြင်း၊ ကိုယ်တိုင်လာအဖမ်းခံခြင်း၊
    • အကြိုခုံရုံးတွင် စွဲဆိုချက်များကို ကြားနာစေခြင်း၊
    • စွပ်စွဲခံရသူက စွဲဆိုချက်များအပေါ် ငြင်းဆိုခြင်း၊ မိမိ၏ သက်သေအထောက်အထားများကို တင်ပြခြင်း၊
    • ခိုင်လုံသည့်အထောက်အထားများရှိပါက စွဲချက်များကို အတည်ပြုခြင်း၊
    • စွပ်စွဲခံရသူကို တရားရုံးတင်ခြင်း၊
    • အကြိုတရားရုံးက ထိုအမှုသည် အိုင်စီစီတွင် တင်နိုင်သောအမှု ဖြစ်ကြောင်း တင်သွင်းခြင်း၊
    • တရားစစ်ဆေးခြင်း (တရားမျှတသော တရားခွင်ဖြစ်ရန် တာဝန်ခံစေခြင်း)၊
    • တရားရုံးက စီရင်ချက်ချခြင်း၊
    • တရားခံအနေဖြင့် အယူခံဝင်လိုပါက အယူခံဝင်ခွင့်ကို ခွင့်ပြုခြင်း။
    သက်ဆိုင်ရာ အချက်အလက်များကို ကောက်ယူခြင်းနှင့် အရေးပါမှုအပိုင်း
     သတင်းအချက်များရရှိရန်မှာ အိုင်စီစီအတွက် အထူးအရေးကြီးလှသည်။ ထိုမှသာ မှန်ကန်စွာဖြင့် အရေးယူဆောင်ရွက်နိုင်မည်ဖြစ်သည်။ အိုင်စီစီသည် ၄င်းထံတင်သွင်းလာသည့် သက်သေအထောက်အထား များကို သေသေချာချာ စစ်ဆေးဆောင်ရွက်လေ့ရှိသည်။
    ICC 4
    Rwandan_Genocide_Murambi_skulls
    သက်သေအထောက်အထားများကို တင်သွင်းခြင်း အပိုဒ်(၆၉-၄)
    သက်သေအထောက်အထားတင်သွင်းနိုင်မှုရှိမရှိကို တရားရုံးတော်က ဆုံးဖြတ်သည်။ ထိုတင်သွင်းသည့် သက်သေအထောက်အထားသည် တရားမျှတစွာ သုံးသပ်နိုင်မှုအပေါ် ထိခိုက်နိုင်ခြင်း ရှိမရှိကို အမြဲလေ့လာသည်။
    ထိုသက်သေအထောက်အထားများသည် အိုင်စီစီ၏ လုပ်ထုံးလုပ်နည်းများအတိုင်းကောက်ယူမည်။
    အကယ်၍ အောက်ပါအချက်အလက်များရှိနေပါက သက်သေအထောက်အထားများကို မတင်သွင်းနိုင်ပါ။ ၎င်းတို့မှာ-
    -ထိုသက်သေအထောက်အထားသည် ခိုင်လုံမှုမရှိဟု ယူဆရသည့်အခါ၊
    -ထိုသက်သေအထောက်အထား တင်သွင်းခြင်းကြောင့် တရားရေးလုပ်ငန်းစဉ်ကို အထူးထိခိုက် သက်ရောက်စေမည်ဟု ယူဆရသည့်အခါ။
    အမှုကို စီရင်ရာတွင် ကျူးလွန်မှုမြောက်၊ မမြောက်ဆိုသည်ကို အောက်ပါအချက်နှစ်ချက်ဖြင့် စီရင်လေ့ရှိသည်။ ၎င်းတို့မှာ-
    (၁)ရာဇဝတ်မှုအခြေခံသော သက်သေအထောက်အထား (Crime based evidence)
    • – ထိုအမှုသည် လူသားမျိုးနွယ်တခုလုံးကို ထိခိုက်သောအမှု၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုနှင့် လူမျိုးတုံး သတ်ဖြတ်မှုဟုတ်မဟုတ်ကို လေ့လာဆန်းစစ်သော သက်သေအထောက်အထားများ၊
    (၂)ပတ်သက်မှုကို လေ့လာသော သက်သေအထောက်အထား (Linkage Evidence) တို့ဖြစ်ကြသည်။
    (၁)ရာဇဝတ်မှုအခြေခံသော သက်သေအထောက်အထား (Crime based evidence)
    ကျူးလွန်သောအမှု၏ နောက်ကွယ်တွင်ရှိသော အကြောင်းရင်းများကိုသက်သေပြရန်အတွက် ဖြစ်သည်။ ထိုသို့သက်သေပြနိုင်ရန်အတွက်-
    • လူအမြောက်အများအပေါ် ထိခိုက်စေမှု၊
    • အကြိမ်ကြိမ်အခါခါ ကျူးလွန်နေမှု၊
    • ငြင်းဆိုနိုင်မှု အားနည်းမှု၊
    • တင်ပြမှုများသည် အကြောင်းအရာ အချက်အလက်များ ညီညွတ်ခြင်းမရှိမှု၊သက်သေတဦးတည်းထံမှ ထွက်ဆိုချက်အမျိုးမျိုး ထွက်ဆိုနေမှု။
    ရာဇ၀တ်မှုအခြေခံသော သက်သေအထောက်အထားများကို ကောက်ယူရာတွင် လိုအပ်သည့် အခြေခံအချက်များ
    -၂ဝဝ၂ ခုနှစ် ဇူလိုင်လနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သောနေ့များမှစ၍
    • -အခင်းဖြစ်ပွားရာနေရာ၊
    • -ရာဇဝတ်မှုအမျိုးအစား၊
    • -ခံရသည့်သူ အရေအတွက်၊
    • -ခံရသောသူများ၏ နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုး၊ လိင်၊နိုင်ငံရေး သို့မဟုတ်ဘာသာရေးအုပ်စု၊
    • -ကျူးလွန်သောသူ သို့မဟုတ် အုပ်စု အကြောင်း (တပ်ဖွဲ့၊ ယူနီဖောင်း)၊
    • -ကျူးလွန်ချိန်တွင် ကျူးလွန်သူများက ထုတ်ဖော်ပြောဆိုချက် (ခံရသောသူများကိုမုန်းတီးမှုရှိရှိဖြင့် ပစ်မှတ်ထားလုပ်ဆောင်မှုကို ပေါ်လွင်စေသော ပြောဆိုချက်များ)
    ရာဇ၀တ်မှုအခြေခံသော သက်သေအထောက်အထားကောက်ယူရာတွင် အသုံးပြုနိုင်သောအခြားအထောက်အထားများ
    • -ဂြိုလ်တုသတင်းဓာတ်ပုံများ
    • -ရာဇဝတ်မှုကျူးလွန်နေသည့် ဓာတ်ပုံများ၊ ဗွီဒီယိုများ၊အသံဖမ်းထားသောအခွေများ၊
    • -အခြားအဖွဲ့အစည်းများ၏ တင်ပြမှုများ၊
    • -ဆေးမှတ်တမ်းများ၊
    • -သံတမန်များ၊ သတင်းဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့များနှင့်
    • -ကုလသမဂ္ဂဆိုင်ရာဝန်ထမ်းများ၏ အစီရင်ခံစာများ၊
    • -လူသေမှတ်တမ်း၊ သချိုင်းများ၊
    (မှတ်ချက်။    ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုများတွင် ဤအချက်အလက်များကို ပြည့်စုံစွာစုဆောင်းရရှိနေပြီဖြစ်ပါကြောင်း။)
    မျက်မြင်သက်သေတဦးချင်းထံမှ စုံစမ်းရရှိလာသောအချက်များကို စုဆောင်း၍ သုံးသပ်မှုများ ပြုလုပ် လေ့ရှိသည်။ ထိုအမှုများကို ဇယားများဆွဲ၍ လေ့လာခြင်းအားဖြင့် အခင်းဖြစ်ပွားရာ နေရာ၊ အချိန်၊ ထိခိုက်ခံစား ရသောသူများ၊ ကျူးလွန်သည့်အမှုများကို သေသေချာချာ ကွဲကွဲပြားပြား မြင်နိုင်မည်။ ထို့အပြင် ကျူးလွန်သူ များသည် တဦးထဲကကျူးလွန်ခြင်းလား၊ အုပ်စုလိုက် ကျူးလွန်ခြင်းလား ဆိုသည်ကို သိသာ ထင်ရှားစေနိုင်မည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ကျူးလွန်မှုသည် ပမာဏအရေအတွက် ဘယ်လောက်များကြောင်း သက်သေပြလာနိုင်သည်။ ကျူးလွန်သည့်အမှု၏ နောက်ခံလှုံ့ဆော်ချက်များမှာပိုမိုပေါ်လွင်လာသည်။ ကျူးလွန် သည့်သူ သို့မဟုတ် အုပ်စုများကို ပိုမို သက်သေပြနိုင်သည်။ထိုကျူးလွန်မှုသည် တနေရာထဲတွင် ကျူးလွန် ခြင်းမဟုတ်ဘဲ နေရာအနှံ့အပြားတွင်ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခြင်းဆိုသည့်အချက်ကို ပိုမိုထင်ရှားစေ သည်။ အကယ်၍လိုအပ်သည့်အချက်များ ရှိနေခဲ့ပါက ထိုအချက်များကို ရှာဖွေတွေ့ရှိလာစေနိုင်သည်။
    (၂)ပတ်သက်မှုကို လေ့လာသော သက်သေအထောက်အထား (Linkage Evidence)
    ယခုသက်သေအထောက်အထားများသည် ကျူးလွန်သူကို ဖော်ထုတ်ခြင်း မဟုတ်တော့ဘဲ ယခု ကျူးလွန်သောသူ သို့မဟုတ် အုပ်စုသည် အခြားအထက်အရာရှိများနှင့် မည်ကဲ့သို့ ဆက်နွယ်ပတ်သက်နေသည် ဆိုသည့် သက်သေအထောက်အထားများကိုရှာဖွေစုံစမ်းခြင်းဖြစ်သည်။
    ပတ်သက်မှုကို လေ့လာသော သက်သေအထောက်အထားအမျိုးအစားများ
    • -ကျူးလွန်သောသူနှင့် အထက်အရာရှိတို့၏ တိုက်ရိုက်ဆက်သွယ်ပတ်သက်မှု (ဥပမာ-ထိုသူများအကြား တိုက်ရိုက် ဆက်သွယ်ပြောဆိုမှု)၊
    • -ကျူးလွန်သောသူနှင့် အထက်အရာရှိများ၏ တပ်ဖွဲ့အုပ်ချုပ်မှုပုံစံဆက်စပ်မှု (ဥပမာ-တပ်ဖွဲ့ဖွဲ့စည်း အုပ်ချုပ်ပုံ အမိန့်စီးဆင်းမှု၊ နာခံမှုအထောက်အထားများ၊ အထက်အောက်အမိန့်ပေးမှု၊ လိုက်နာမှု အစီရင်ခံမှုပုံစံများ)၊
    • -ပြစ်မှုကျူးလွန်မှုနှင့် ခေါင်းဆောင်များက ချမှတ်ထုတ်ပြန်ထားသော ပေါ်လစီများအကြားသက်ဆိုင် နေမှု၊
    • -ထိုပြစ်မှုများကျူးလွန်ကြောင်းကို သက်ဆိုင်ရာအရာရှိက သိရှိသည်ကို ဖော်ပြနိုင်မှု၊
    ပတ်သက်မှုကို လေ့လာသော သက်သေအထောက်အထား ဥပမာများမှာ-
    • -တရားဥပဒေ ပြဌာန်းချက်များ (စစ်တပ်၏ ဖွဲ့စည်းပုံ စစ်အဂါင်္စဉ်များ၊ စစ်တပ်၊ရဲတပ်ဖွဲ့များနှင့် အစိုးရတို့  အကြားဆက်သွယ်မှု)၊
    • -စစ်ဘက်ပိုင်းဆိုင်ရာ အထောက်အထားများ ( ကျူးလွန်သောသူနှင့် ၄င်းအပေါ်အမိန့်စီးဆင်းမှု ယန္တယားပုံစံများ၊ တာဝန်ခံအုပ်ချုပ်ပုံ လုပ်ငန်းအဆင့်ဆင့်)၊
    • – အစိုးရပိုင်းဆိုင်ရာ သက်သေအထောက်အထားများ (ကျူးလွန်မှု၊ ကျူးလွန်သူနှင့်၎င်းအပေါ် အမိန့်ပေးသောသူနှင့် ထိုသူ၏ အဆင့်များ)၊
    • -အစိုးရအရာရှိများ၏ထုတ်ဖော်ပြောဆိုချက် ( သတင်းဌာနများတွင်အစိုးရပေါ်လစီနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုများ)၊
    • -အခြားသူများက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုချက်များ ( သတင်းသမားများ၊သံတမန်များ၊ အစိုးရ နှင့် အစိုးရမဟုတ်သည့်အဖွဲ့များမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များက ထိုအမှုနှင့် ပတ်သက်၍ ခေါင်းဆောင်တာဝန်ရှိသူများအားထုတ်ဖော်ပြောကြားချက်များ)၊
    • -ကြားဖြတ် ဖမ်းယူရရှိသည့်သတင်းများ၊
    • -ကျွမ်းကျင်သူများ၏ အစီရင်ခံတင်ပြချက်များ။ စသည်တို့ဖြစ်ပါသည်။
    အချုပ်အားဖြင့်ဆိုသော  ရွာတစ်ရွာတွင် ကြက်ပျောက်သွားသူ ကြက်ပိုင်ရှင်သည် ကြက်သူခိုးကို သိ၍ ဆယ်အိမ်ခေါင်းကို တိုင်ကြားသည်။ ဆယ်အိမ်ခေါင်းသည် ကြက်သူခိုး၏ ယောက်ဖဖြစ်နေ၍ ရူးချင်ယောင်ဆောင်နေသည်။ ထိုအခါ ရွာသူကြီးကို တိုင်ကြားရန် သွားသောအခါ ကြက်သားဟင်းစားနေသော ရွာသူကြီးက ဆီပြန်နေသောပါးစပ်ကို သုတ်ကာ မမြင်ဘဲ ရမ်းသန်းမစွပ်စွဲရန် အော်ငေါက်သည်။ ထိုအခါ မျက်နှာငယ်လေးဖြင့် မြို့ နယ်မှုးထံ တိုင်ကြားသော နှာစေးနေ၍ ထွက်မတွေ့နိုင်ပေ။ တိုင်မှူးထံ သွားသော် ကြက်အသည်းနဲ့ဆက်ရက်မင်းစည်းစိမ်ခံနေခြင်းကို တွေ့ခြင်းကြောင့် စိတ်ပျက်ပျက်ဖြင့် ICC သို့ တိုင်ကြားလိုက်လေသတည်း။
    တင်မင်းထွဋ်
    ၁၈-ဒီဇင်ဘာ-၂၀၁၂
    International Criminal Court  စာအုပ်မှ ကူးယူဖေါ်ပြ၍ ဆောင်းပါးသဖွယ် ပြန်လည်ရေးသားပါသည်။