News @ M-Media
Category: ဆောင်းပါး
  • သဘောထားကြီးကြီး တရားမျှမျှ
    သဘောထားကြီးကြီး တရားမျှမျှ
    နိုဝင်ဘာ ၂၄ ၊၂၀၁၂
    M-Media
    အမ်.အေ.ဂနီ(ကမ္ဘာ့အလင်း)
    အထူးသတိပြုရန် ။     ။   ဤဆောင်းပါးကိုဖတ်ရှုသော မွတ်စလင်မ်တိုင်သည် ‘နဗီကိုယ်တော်မြတ်’ဟူသော ရေးသားချက်ကိုတွေ့ရတိုင်း ‘ဆွလ္လလ္လာဟု အလိုင်းဟေးဝစလ္လာမ်’ ဟု တွဲဖက် ဖတ်ရွတ်ပါရန် သတိမူစေလိုပါသည်။( တမန်တော်အပေါ်သို့ မေတ္တာပို့သခြင်း)
    “အို မုအ်မင်န်၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်(၏ နှစ်သက်တော်မူရန်)အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကို မပြုပနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့်ကိစ္စမျိုးတွင်မဆို) တရားမျှတကြကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှ ကျဉ်ရှောင်ခြင်းနှင့် အနီးကပ်ဆုံးပင်တည်း။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ရိုကျိုးကြောက်ရွံ့ကြကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုသမျှကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူချေသတည်း။” (ကျမ်းတော်မြတ်ကုရ်အာန် ၅း၈)
    အဆိုပါအာယသ်တော်သည် လူမျိုးတိုင်းနှင့်လည်းကောင်း၊ ဘာသာဝင်အသီးသီးနှင့်လည်းကောင်း ဆက်ဆံရာတွင် မွတ်စလင်မ်တို့အား လမ်းညွှန်အပ်သော ပညတ်၊ ပြဌာန်းချက်ပင်ဖြစ်သည်။ သို့အလျောက်လည်း နဗီကိုယ်တော်မြတ်လက်ထက်တော်မှစ၍ အစ္စလာမ်သမိုင်းစဉ်တလျှောက်လုံးတွင် ဘာသာတိုင်း၊ လူမျိုးတိုင်းနှင့်ဆက်ဆံရာတွင် မွတ်စလင်မ်တို့သည် သဘောထားကြီးစွာထား၍ တရားမျှတပုံကို ပြောင်မြောက်စွာ သမိုင်းက သက်သေထူလျက်ရှိပေသည်။
    အနောက်နိုင်ငံ ပါမောက္ခကြီး ဒန်ကန်ဂရင်းလစ်က ဖွင့်ဟ ၀န်ခံထားသည်မှာ – “The nobility and broad tolerance of Islam, which accepts as God inspired all the real religions of the world, will always be a glorious heritage for mankind. On it could in deed be built a perfect world religoan. The Gospel of Islam.” [Duncan Greenless M.A. (oxon)]
    အစ္စလာမ်တရားတော်က ပြဋ္ဌာန်းပညတ်ထားသည့်အလျောက် နဗီကိုယ်တော်မြတ်သည် မက္ကာမြို့တော်တွင်လည်းကောင်း၊ မဒီနဟ်မြို့တော်တွင်လည်းကောင်း၊ ခိုင်ဘရ်တွင် လည်းကောင်း၊ လူမျိုးစုံ၊ ဘာသာပေါင်းစုံတို့နှင့် ဆက်ဆံရာတွင် လက်တွေ့ကျင့်သုံးပြသတော်မူသော ဆောင်ရွက်ချက်များမှာ ကမ္ဘာ့သမိုင်းတွင် တုနှိုင်းစရာမရှိသော အချက်ပင်ဖြစ်သည်။
    ယင်းနမူနာတော်များကို စံတင်ကာ အစဉ်တစိုက် မွတ်စလင်မ်များ ကျင့်သုံးလာပုံကို ကမ္ဘာကျော်ပညာရှိ၊ က၀ိသုတေသနပညာရှိကြီး၊ သမိုင်းကျမ်းပြုအကျော်အမော်ကြီးများက ၀န်ခံထားကြပုံမှာ – “ဒုတိယမမြောက်သာဝကကြီး အုမရ်သည် ဂျေရုစလင်ကို အောင်နိုင်သိမ်းပိုက်ပြီး စာချုပ်တစ်ရပ်ချုပ်ဆိုရာတွင် ဂျေရုစလင်ရှိ မွတ်စလင်မ်မဟုတ်သော တိုင်းသူပြည်သားတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာပစ္စည်းနှင့် ဘုရားဝတ်ပြုရာဌာအားလုံးနှင့် ၎င်းဝတ်ပြုဆောင်အားလုံးနှင့် ပက်သက်သောပိုင်ဆိုင်ခွင့်ဟူသမျှကို ကာကွယ် စောင့်ရှောက်ရန်အာမခံသည်။ ၎င်းတို့၏ မြေယာများနှင့် ဘာသာ သာသနာရေးတွင် မည်သို့မျှ စွက်ဖက်ခြင်းမပြု၊ ၎င်းတို့၏ ဘုရားရှိခိုးကျောင်းများကို ဖျက်သိမ်းခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုသော်လည်းကောင်း လုံးဝမပြု။ ၎င်းတို့ဘာသာရေးလှူဒါန်းထားသော ၀တ္တကများကို၊ ဂုဏ်သိမ်မညှိုးစေရန် ထိန်းသိမ်းစောင့်ရှောက်မည်။ ဂျေရုစလင်ပြည်သူပြည်သားများသည် ဘာသာရေးကျင့်သုံးမှုတွင် လုံးဝလွတ်လပ်ခွင့်ရှိပြီး ၎င်းတို့အပေါ် မည်သည့်ကျုးကျော်မှုမျိုးကိုမှ ခါင့်ပြုမည်မဟုတ်”ဟုပါရှိလေသည်။ [The Eclips of Christianity in Asia – By Lawrence]
    ဤကဲ့သို့ စာချုပ်ချုပ်ဆိုရုံသာမဟုတ်သေး၊ သာဝကကြီးသည် လက်တွေ့ကျင့်သုံးခဲ့ပုံကို အစ္စလာမ်အား အမြဲတစေအပြစ်ရှာ အကောင်းမမြင်သော ‘ဆာဝီလျံမြူး’ပင်လျှင် ‘The Caliphate its Rise and fall’တွင် ဂျေရုစလင်ကိုသိမ်းပိုက်ပြီးသော်လည်း သာဝကကြီးအုမရ်သည် နမာ့ဇ်ဝတ်ပြုချိန်ရောက်နေသဖြင့် ဘုန်းတော်ကြီးက ထိုနေရာတွင်ပင် နမာဇ်ဝတ်ပြုရန်ပြောလတ်သော် အုမရ်က အကယ်၍ ကျွန်ုပ် ဤနေရာတွင် ၀တ်ပြုလျှင် ကျွန်ုပ်၏လမ်းစဉ်ဟု နောင်မွတ်စလင်မ်တို့ ထင်မှတ်မှားပြီး ခရာဇ်ယာန်ဘုရားရှိခိုးကောင်းကို မာစ်ဂျီဒ်ဝတ်ကျောင်းတော်အဖြစ် ပြောင်းပစ်မည်ကို စိုးရိမ်သဖြင့် ဤနေရာတွင် နမာဇ်ဝတ်မပြုလိုပါဟု သဘောထားကြီးကြီး အမြင်ကျယ်ကျယ် အဖြေပေးလိုက်လေသည်။
    ယင်းသို့ သာဝကကြီးအုမရ်က ဘာသာရေးသဘောထားကြီးမှုကို ပြောင်မြောက်စွာ ကျင့်သုံးပြသသော ထိုသမယ၀ယ် ကမ္ဘာတစ်ခွင်လုံးတွင် ဘာသာရေးအယူသည်းမှု၊ ဆိုးသွမ်းသံသရာမှာ လွှမ်းမိုးလျက်ရှိပေသည်။ မွတ်စလင်မ်တို့ ဂျေရုစလင်ကို မသိမ်းပိုက်မီ ဟရ်ကလ်ဘုရင်သည် ညှဉ်းပန်းနှိပ်စက်မှု မီးတောက်မီးလျှံကြီးကို ဟုန်းဟုန်းတောက်လောင်စေလျက် ရှိခဲ့ပေ၏။ ပါလက်စတိုင်း၊ ဆီးရီးယား၊ အာရှမိုင်းနားနှင့် အီဂျစ်ပြည်တို့မှ အစ္စရေးဂျူးတို့အား မောင်းနှင်ပစ်ရန်အမိန့်ထုတ်ထားခဲ့သေည်။ ဤှမျှတွင်မက ခရာဇ်ယာန်အချင်းချင်းပင်လျှင် ဟရ်ကလ်ဘုရင်ယုံကြည်သော ဂိုဏ်း – ကလ်စီဒိုနီယန် (Chalcedonian) နှင့် ဆန့်ကျင်လျှင် မညှာမတာ နှိပ်စက်ကလူပြုခြင်းခံရတော့သည်။
    ဂျကိုဘီယန်ဂိုဏ်းဝင်ဘုန်းတော်ကြီးတစ်ပါးက ယင်းရက်စက်မှုများနှင့်ပတ်သက်ပြီး ရေးသားခဲ့သည်မှာ – “ဟရ်ကလ်ဘုရင်သည် မိမိဂိုဏ်းနှင့်လမ်းစဉ်မှတစ်ပါး အခြားဂိုဏ်းဂဏသို့လိုက်သော မည်သည့်ခရာဇ်ယာန်ကိုမဆိုး နား နှာခေါင်းများကို ဖြတ်ပစ်ရမည်။ ၎င်းတို့၏အိမ်များကို အဓမ္မ၀င်ရောက် ဖျက်ဆီးပစ်ရမည်ဟု မိမိနိုင်ငံတစ်ဝန်းလုံးတွင် အမိန့်ထုတ်ပြန်ထားခဲ့လေသည်။ ဂျကိုဘီယန်ဂိုဏ်းဝင် ခရာဇ်ယာန်တို့အား မိမိရှေ့မှောက်သို့ ၀င်ရောက်ခွင့်လည်းမပြုသဖြင့် ၎င်းတို့သည် မိမိတို့၏ နစ်နာချက်များကိုလည်း တင်ပြခွင့်မရှိပေ။ သို့ကြောင့်ပင်လျှင် ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့အား ဤကြမ်းကြုတ်ရက်စက်မှုများမှ ကယ်တင်ရန်၊ အစ္စမာအီလ်၏ အနွယ်ထဲမှ ပုဂ္ဂိုလ်မြတ် (မုဟမ္မဒ်ကိုယ်တော်မြတ်)အား ပွင့်ရောက်စေတော်မူခဲ့၏။ မွတ်စလင်မ်တို့သည် ထိုသို့သော ဒေသများကို အောင်နိုင်သိမ်းပိုက်ပြီးသောအခါ ခရာဇ်ယာန်တို့၏ ဘာသာရေးတွင် မည်သို့မှ စွက်ဖက်ခြင်းမပြုသဖြင့် ကျွန်ုပ်တို့သည် ရောမခရစ်ဇ်ယန်တို့၏ ညဉ်းပန်းနှိပ်စက်မှု၊ သံကွန်ချာအောက်မှ လွတ်မြောက်ကာ အာရဗ်မွတ်စလင်မ်(များ)နှင့် ငြိမ်းချမ်းသာယာဝပြော လွတ်လပ်စွာနေထိုင်ခွင့် ရရှိပေတော့၏။” [Chronique De Michel Le Syrian II. 412-413]
    အီဂျစ်ပြည်တွင်
    အီဂျစ်ပြည်တွင်လည်း ဘာသာရေးညှဉ်းပန်းမှု အထွဋ်အထိပ်သို့ရောက်ချိန်မှာ အစ္စလာမ်က ကယ်တင်ခဲ့ပုံကို အာမေနီယံ ခရာဇ်ယာန်တစ်ဦးဖြစ်သူ အဗူဆွာလေက  “ကိုင်ဇာဘုရင်သည် မူရင်း ခရာဇ်ယာန်ဘာသာဂိုဏ်းဝင်တို့အား လွန်မင်းစွာ ညှဉ်းပန်းနှိပ်စက်၍ မိမိယုံကြည်သောဂိုဏ်းသို့ သွတ်သွင်းရန် ကြိုးပမ်းခဲ့လေသည်။ မူရင်း ခရာဇ်သာသနာတော်ကို လက်ခံထားကြသော ခရာဇ်ယာန်တို့သည် ဟရ်ကလ်နှင့် မကူကာ့စ်တို့လက်ဝယ် အပြင်းထန်ဆုံး နှိပ်စက်မှု ခံကြရကုန်၏။ ညှဉ်းပန်းမှု၊ နှိပ်စက်မှု၊ ကျူးကျော်မှုတို့ အထွဋ်အထိပ်သို့ ရောက်ရှိလာသော အခါ မွတ်စလင်မ်လူမျိုးစုပေါ်ထွန်းလာပြီး ရောမလူမျိုးတို့၏ မာန်မာနကို ချေမှုန်း၍ အီဂျစ်ကို အောင်နိုင်သိမ်းပိုက်ကာ ဂျကိုဘီယံဂိုဏ်းဝင် ခရာဇ်ယာန်တို့အား ရောမလူမျိုးတို့၏ ကျူးကျော်စော်ကားခြင်းတို့မှ ကယ်တင်ခဲ့ပေသည်။” [The Churches And Monastrics of Egypt: P 30-31]
    အီဂျစ်ကို သိမ်းပိုက်ပြီး ၎င်းတိုင်းပြည်ရှိ ဘာသာဝင်များနှင့် သဘောထားကြီးစွာထား၍ ဆက်ဆံပုံကို ဆာအာနိုလ်က ဖော်ကျူးသည်မျာ – “အီဂျစ်ကို အောင်နိုင်သိမ်းပိုက်ပြီးသောအခါ ဂါဗာနာမင်းကြီး အုမရ်ဗင်န်အာဆွိသည် တိုင်းသူပြည်သားအပေါင်းအား အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်လေသည်။ ယင်းကြေညာချက်အရ တိုင်းပြည်ပြည်သားအပေါင်းတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာပစ္စည်းတို့သည် လုံခြုံမှုအပြည့်အ၀ရှိစေရန် ကာကွယ်စောင့်ရှောက်မည်။ ၎င်းတို့ဘာသာ သာသနာရေးသည် အဟန့်အတား မည်သို့မျှမရှိစေပဲ လွတ်လပ်စေရမည်။ ၎င်းတို့၏ ဘုရားဝတ်ပြုကျောင်းများအား မည်သု့မှ နှောက်ယှက်မပြုရ။ ၎င်းတို့အား ရန်သူများက ကျူးကျော် စော်ကားသမှုပြုလာပါက ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ရန် မွတ်စလင်မ်တို့၏ တာဝန်ဖြစ်သည်”ဟူသတည်း [The Preaching of Islam — Sir Arnold]
    စပိန်ပြည်တွင်
    စပိန်ပြည်တွင် ခရာဇ်ယာန်တို့ စိုးမိုးအုပ်ချုပ်နေစဉ်အခါက ရဟူဒီဘာသာဝင် ဂျူးလူမျိုးတို့အား လွန်မင်းစွာ နှိပ်စက်ညှဉ်းပန်းကြလေသည်။ မွတ်စလင်မ်တို့ စပိန်ပြည်ကို သိမ်းပိုက်ပြီးသောအခါ ဂျူးတို့ကို ကယ်တင်ပြီး ဘာသာရေးလွတ်လပ်ခွင့်ပေးခဲ့သည်။ ခရာဇ်ယာန်တို့အားလည်း မိမိတို့ဘာသာကို လွတ်လပ်စွာ ကျင့်သုံးခွင့်နှင့် ဘုရားရှိခိုးကျောင်းများကိုလည်း လွတ်လပ်စွာ တည်ဆောက်ခွင့်ပြုခဲ့ပေသည်။ [The Preaching of Islam — Sir Arnold]
    အိန္ဒိယပြည်တွင်
    ဂါဇီမူဟမ္မဒ်ဗင်န်ကာစင်၊ အိန္ဒိယပြည် သိန္ဓုနယ်ကို သိမ်းပိုက်သည့်အခါနှင့်ပတ်သက်ပြီး ‘ဆာဝီလျှံမြူး’က “မွတ်စလင်မ်တို့သည် ဟိန္ဒူဘုရားရှိခိုးကောင်းများကို လုံးဝထိပါးခြင်း မပြုကြပေ။ ၎င်းတို့အား ရုပ်တုဆင်းတုကိုးကွယ်မှုမှလည်း အဓမ္မမတားမြစ်ခဲ့ပေ။ ယဟူဒီ၊ ခရာဇ်ယန်၊ မီးကိုးကွယ်သော ပါရ်စီတို့အားလည်း မိမိတို့ဘာသာအလျောက် လွတ်လပ်စွာကျင့်သုံးခွင့်ပြုထားခဲ့ပေသည်။” [Sir Willam Muir —- The Caliphate, P. 365]
    အက္ကဘာဘုရင်မင်းကြီးလက်ထက်က  ဟိန္ဒူဘာသာဝင်များအား မြှောက်စားချီးမြှင့်ပြီး ရာဇာမာန်ဆင်းနှင့် ရာဇာတူဒါမီလ်အး အထွတ်အထိပ်ဆုံးသော ရာထူးဌာနန္တများကိုပင် အပ်ထားခဲ့ပေသည်။
    အောင်ရန်ဇိဗ်ဘုရင် အုပ်စိုးသောအခါက ဗာရာဏသီတွင်း ဗြဟ္မဏအချို့ကို နှိပ်စက်သည်ဟု ကြားတော်မူသည်နှင့် တပြိုင်နက် ဗာရာဏသီဘုရင်ခံ အဗူဟဆန်ထံ ချက်ချင်းပင် “အစ္စလာမ်တရားတော်အရ သူများဘာသာ ဘုရားရှိခိုးကျောင်းကို မဖျက်ဆီးရ။ ၀တ်ပြုသူများကို အနှောက်အယှက်မပြုရဟု ပြင်းထန်စွာပညတ်ထားသည်။ ထို့ကြောင့် ဘာသာဝင်တိုင်းအား သဘောထားကြီးစွာ တရားမျှတစွာ ဆက်ဆံရမည်”ဟု အမိန့်ထုတ်လိုက်လေသည်။
    ဤကား အခြားဘာသာဝင်များနှင့် မွတ်စလင်မ်တို့ သဘောထားကြီးစွာထား၍ တရားမျှတစွာ ဆက်ဆံခဲ့ပုံ မြောက်မြားစွာအနက်မှ အနည်းငယ်မျှကိုသာ တင်ပြရခြင်းဖြစ်ပေသည်။ ယဉ်ကျေးသိမ်မွေ့သောဘာသာတိုင်းသည် အခြားဘာသာ သာသနာဝင်များနှင့် ဆက်ဆံရာတွင် သဘောထား၊ တရားမျှတမှုတို့ကို အထူးရှေ့ရှုကြပေသည်။ ယင်းသို့ သဘောထားကြီးမှု၊ တရားမျှတမှုတို့ကို ဖော်ကျူးထားသော အာသောကဘုရင်ကြီး၏ ကျောက်စာ(၁၂)ကို မြတ်ဗုဒ္ဓဒေသနာကျမ်းတွင် ဖတ်ရှုရပေရာ အတိုင်းမသိ နှစ်ထောင်း ၀မ်းမြောက်ဖြစ်ရပေသည်။ ၎င်းကျမ်း၌ အောက်ပါအတိုင်းရေးသားထားချက်ကို တွေ့ရပေသည်။
    ဗုဒ္ဓ၏မွန်မြတ်လှသော စိတ်ထားကြီးမှု၊ စာနာမှုများကို စံနမူနာပြုပြီး ဘီစီ(၃)ရာစုနှစ်အတွင်းတွင် ဗုဒ္ဓဘာသာဝင်ဖြစ်သော အာသောက ဧကရာဇ်မင်းမြတ်ကြီးသည် ၎င်း၏ကျယ်ပြန့်သော အင်ပိုင်ယာနိုင်ငံတော်ကြီးအတွင်းရှိ အခြားဘာသာဝင်အားလုံးတို့အား နိုင်ငံတော်ကြီးအတွင်းရှိ အခြားဘာသာဝင်အားလုံးတို့အား လေးစားချီးမြှင့်ထောက်ပံ့ခြင်းပြုခဲ့ပေသည်။ ယနေ့တိုင် ဖတ်ရှုနိုင်သော ကျောက်စာအဖြစ်ထုထွင်းထားခဲ့သည်။ ၎င်း၏အမိန့်တော် ရာဇသံတစ်ခုတွင် ဧကရာဇ်ဘုရင်ကြီးက ကြေညာခဲ့သည်မှာ –
    ”မိမိတို့ကိုးကွယ်သည့်ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ချုပ်ချယ်ခြင်းကို မပြုလုပ်ရုံသာမဟုတ်သေး။ ဤအကြောင်း ထိုအကြောင်းများကြောင့် အခြားဘာသာဝါဒများကို လေးစားချီးမြှင့်ရပေမည်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် မိမိဘာသာကို ကြီးပွားတိုးတက်စေပြီးလျှင် အခြားဘာသာတို့အားလည်း ကူညီထောက်ပံ့လေသည်။ ဤကဲ့သို့မလုပ်မူ မိမိဘာသာ၏ သင်္ချိုင်းကို မိမိတူးရာရောက်၍ အခြားဘာသာများကိုလည်း အန္တရာယယ်ပြုရာရောက်ပေသည်။ မိမိကိုးကွယ်သ်ည့ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ရှုံ့ချသူများသည် မိမိဘာသကိုကြည်ညိုသည့်စိတ်ဖြင့် ငါ့ဘာသာ ဂုဏ်သိမ်ထွန်းတောက်စေမည်”ဟု တွေးတောယူဆပြီးပြုလုပ်ခြင်းအမှန်ဖြစ်ပေသည်။ သို့ရာတွင် ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းကြောင့် ၎င်း၏ ဘာသာကို ပိုမိုလေးနက်စွာအကျိုးယုတ်ပျက်ပြားစေပါသည်။
    ထို့ကြောင့် သာယာညီညွတ်ခြင်းသည် မွန်မြတ်ပေသည်။ လူအပေါင်းတို့မှ မှတ်သားလိုက်နာကြလော့၊ အခြားသူများ၏ ဘာသာဝါဒများကို လေးစား ကြားနာကြကုန်လော့။ (အာသာကကျောက်စာ – ၁၂)
    ဒေါက်တာ ၀ါလိုလာရာဟုလာရေး What the Buddha Though ကို ဦးကိုလေး(ဇေယျာမောင်) အငြိမ်းစား ဒုတိယ အဓိပတိ မန္တလေး တက္ကသိုလ်၊ မြန်မာဘာသာပြန်ဆိုသည့် မြတ်ဗုဒ္ဓဒေသနာကျမ်း စာမျက်နှာ ၁၀-၁၁။
    ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်တွင်လည်း တစ်ဘာသာနှင့်တစ်ဘာသာ လေးစားမှုရှိကြောင်းကို စာရေးဆရာမန်းတင်၊ ပါကစ္စတန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်၌ ဂုဏ်ပြုဧည့်ခံပွဲတွင် မိန့်ခွန်းပြောသည်မှာ –
    “ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများခင်ဗျား၊ ဒီအထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ခေတ္တခဏရောက်ဖူးတဲ့ သူတွေပါသလို လနဲ့နှစ်နဲ့ချီပြီး နေထိုင်ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း အတော်များများ ပါပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ မြို့လယ်လမ်းမကြီးတွေအနက်က တစ်လမ်းဖြစ်တဲ့ ဆူးလေဘုရားလမ်းမကြီးပေါ်လည်း ရောက်ဖူးကြမှာပဲ။ အဲဒီလမ်းမကြီးအပေါ်ကနေပြီး လမ်းရဲ့ဗဟိုမှာ တည်ရှိနေတဲ့ ရွှေရောင်တ၀င်းဝင်းနဲ့ ဆူးလေစေတီတော်ကြီးကို လှည့်မောင်းသွားတဲ့ မော်တော်ယာဉ်ပေါ်ကဖြစ်စေ ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့်လိုက်မယ်ဆိုရင် တစ်ဘက်တွင် ခရာဇ်ယာန်ဘာသာဝင်တို့ရဲ့ ဘုရားရှိခိုးကောင်းကိုတွေ့မြင်ရမှာဖြစ်ပြီး အခြားတစ်ဘက်မှာတော့ မွတ်စလင်မ်ဘာသာဝင်ရဲ့ ဗလီကြီးကိုမြင်ရမှာဖြစ်တယ်။ စေတီတော်၊ ဗလီကြီးနဲ့ ဘုရားရှိခိုးကျောင်းတို့ရဲ့အရိပ်တွေဟာ တစ်ခုနဲ့တစ်ခု ရောယှက်နေတာ တွေ့ရပါလိမ့်မယ်။ ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ကိုးကွယ်တဲ့ စေတီတော်ကလည်း ဆည်းလည်းသံ၊ ခရာဇ်ယာန်ဘာသာဝင်တို့ရဲ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းထိုးသံ၊ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘုရားဝတ်ပြုရာဗလီစင်ပေါ်က ကြွေးကြော်သံများဟာလဲ တစ်သံနဲ့တစ်သံ မကြာခဏဆိုသလိုပဲ ရောထွေးထွက်ပေါ်လာတာကို သာယာနာပျော်ဖွယ်ကြားကြရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ရှေးရှေးမြန်မာမင်းတွေလက်ထက်ကစပြီး ကိုးကွယ်မှုဘာသာနဲ့ပတ်သက်လို ဘာပြဿနာမှ မရှိဘူး။ ယခုလည်းမရှိဘူး။ နောင်လည်းရှိမှာ မဟုတ်ပါဘူး။” (စစ်ပြန်မဂ္ဂဇင်း)
    အမှန်ပင် ကျွန်ုပ်တို့နိုင်ငံတွင် ဘာသာရေး သဘောထားကြီးမှုသည် စံတင်လောက်အောင် ရှိခဲ့ပေသည်။
    ကျွန်ုပ်တို့ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအင်အားဖြင့် ဆိုရှယ်လစ်ပန်တိုင်းသို့ မမှိတ်မသုန်ချီတက်လျက်ရှိရာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဟန့်တားပျက်စီးစေမည့် ဘာသာရေးအမြင်ကျဉ်း၍ သွေးခွဲမှုဟူသမျှကို အမြော်အမြင်ရှိသူတိုင်း လက်ခံမည်မဟုတ်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်မိပေသည်။
    ပြည်ထောင်စုကြီး ခိုင်မာတောင့်တင်းစွာတည်ဆောက်ရေးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှာ အဓိကကဏ္ဍတွင် ရှိနေသည်။
    သို့ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့ တိုင်းရင်းသားတိုင်းသည် အဆိုပါ လမ်းပြညွှန်ကြားချက်များကို အလေးအနက်ခံယူကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် ဘာသာရေး အမြင်ကျဉ်းဖိနှိပ်မှု၊ တစ်ဖက်စောင်းနင်းဖြစ်မှုတို့ကို ရှင်းလင်းဖယ်ရှားပစ်ရမည်မှာ ကျွန်ုပ်တို့တိုင်းရင်းသားတိုင်း၏ တာဝန်တစ်ရပ်ဖြစ်သည်။ တစ်ဘာသာနှင့်တစ်ဘာသာ၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်လေးစားကြ၍ သဘောထားကြီးပြီး တရားမျှမျှ ဆက်ဆံကြကာ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်းအားဖြင့် ဆိုရှယ်လစ်ပန်းတိုင်သို့ အဟုန်ပြင်းစွာချီတက်ကြပါစို့ဟု ဆန္ဒပြုအပ်ပါသည်။
    အမ်-အေ-ဂနီ
    •  ရေးသားခဲ့သည့်ခုနှစ် ရှာဖွေမသိရှိပါ။ လပြည့်ဝန်းမဂ္ဂဇင်း(ခုနှစ်မမှတ်မိ)ပါ မူရင်းဆောင်းပါးအတိုင်း စာလုံးပေါင်းသတ်ပုံအတိုင်းကူးယူဖော်ပြပါသည်။
    • ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ထုတ်ဝေခဲ့သည့် စာအုပ်ဟု ခန့်မှန်းရပါသည်။
  • ကျိုက်မရောနယ်ရဲ့ အလှကို အကျည်းတန် စေခဲ့တဲ့ သမိုင်းဖြစ်ရပ် (101 ကျော်ဝင်းမောင်)
    ကျိုက်မရောနယ်ရဲ့  အလှကို အကျည်းတန် စေခဲ့တဲ့ သမိုင်းဖြစ်ရပ် (101 ကျော်ဝင်းမောင်)
    နိုဝင်ဘာ ၂၃၊ ၂၀၁၂
    M-Media
    တင်မင်းထွဋ်
    ဒုတိယကမ္ဘာစစ်အပြီး ဂျပန်အဆုတ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် တိမ်မြုတ်နေတဲ့ စစ်ရာဇ၀တ်မှုတစ်ခု ဖြစ်သည်။ ဗမာ့မျိုးချစ် တပ်မတော်သားများနဲ့  မဟာမိတ်လေထီးသမားများကို ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ မွတ်စ်လင်မ် ရွာသူရွာသား ကလေးသူငယ်များအပါအ၀င် ၇၆၉ယောက်ကို ဖက်ဆစ်ဂျပန်များက လူမဆန်စွာ ရွာလုံးကျွတ် သတ်ဖြတ်ခဲ့သည့် သမိုင်းဆိုးဖြစ်ရပ် တစ်ခုဖြစ်ပါသည်။
    စစ်ပွဲဖြစ်ပွားတဲ့ အချိန်ဒေသတွေမှာ စစ်ရာဇ၀တ်မှုတွေ ဖြစ်တာတွေကတော့ သမိုင်းမှာ မဆန်းတော့ပါ။ သို့ သော် ယနေ့  အချိန်တွင် မြန်မာနိုင်ငံ၌ ကိုးကွယ်သည့် ဘာသာနဲ့  ပတ်သက်၍ လူမျိုးခွဲခြားနေကြသည်။ မြန်မာ့သမိုင်းတွင် တိုင်းပြည်လွတ် မြောက်ရေးအတွက် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သူသာတယ် ငါပိုတယ် စိတ်မထားဘဲ အသက်သွေးချွေး ဘ၀တွေ များစွာ စတေးခဲ့ရ ပေးဆပ်ခဲ့ရသည်ကို တန်ဖိုးထား သိသင့်ပါသည်။ ထိုအတွက်ကြောင့် ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် ရေးသားပြုစုတဲ့ ကျိုက်မရောနယ်ရဲ့  အလှကို အကျည်းတန်စေခဲ့တဲ့ သမိုင်းဖြစ်ရပ် ကိုအကျဉ်းချုံး ဖော်ပြလိုက်ပါသည်။ အကျည်းချုံးဖော်ပြ သည့်အတွက် တစ်စုံတစ်ရာ အမှားများ လိုအပ်ချက်များရှိပါက မူရင်း ရေးသားသူ၏ အမှားများမဟုတ်ဘဲ ကျွန်တော်၏ အမှားများသာ ဖြစ်ပါကြောင်း နားလည်စေလိုပါသည်
    ကျိုက်မရောနယ်ရဲ့ အလှကိုအကျည်းတန်စေခဲ့တဲ့ သမိုင်းဖြစ်ရပ် (၀မ်းအိုဝမ်းကျော်ဝင်းမောင်)
    နိဒါန်း
    ဖက်ဆစ်ဂျပန်တို့ ရဲ့  လူသတ်ပွဲသတင်း
    မွန်ပြည်နယ်၊ ကျိုက်မရောမြို့ နယ် ၊ ကုလားကုန်းကျေးရွာရှိ ရွာသူရွာသားကလေးလူကြီး ၇၆၉ယောက်ကို ဖက်ဆစ်ဂျပန်များက ဓါးနဲ့ ခုတ်၊ လှံစွပ်နဲ့ ထိုး၊ အရှင်လတ်လတ် ရွာရှိရေတွင်း၂၂တွင်းထဲ ပစ်ချသတ်ဖြတ်ခဲ့တဲ့ သတင်းကို အစ္စလာမ့်အလင်းမဂ္ဂဇင်း အမှတ်စဉ်(၁၉)၊ ၁၉၈၀ပြည့်နှစ်၊မတ်လထုတ် စာစောင်မှာ ပါခဲ့ပါတယ်။
    ယင်းမဂ္ဂဇင်းထွက်ပြီး တစ်ပတ်အတွင်းမှာ ၎င်းလူသတ်မှုကြီးသတင်းကို စာရေးသူ ဖတ်ရပါတယ်။ အချင်းဖြစ်ပွားခဲ့ရာ နေရာသို့  ကိုယ်တိုင် သွားရောက်စုံစမ်းလိုစိတ်တဖွားဖွား ပေါ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် စာရေးသူဟာ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ရပ်များကို အပတ်တကုတ် တစိုက်မက်မက် စုဆောင်းရေးသားနေသူမို့ ပါ။
    စာရေးသူရေးတဲ့ ၀မ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက်တော်လှန်ရေး၊ ဆရာကြီး ဦးရာဇတ် ၊ ဂျပန်သုံ့ ပန်းမဂိုကပြားမလေး ၊ မန္တလေး ၁၃၀၀ပြည့်အရေးတော်ပုံမှသည် နယ်ချဲ့ တော်လှန်ရေးသို့  ၊ နယ်ချဲ့ ကိုဒူးမထောက်တဲ့ သခင်နက်ဖေ နှင့် ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ၊ ယင်းစာအုပ်များဟာ ဒုတိယကမ္ဘာစစ်အတွင်းက တကယ့်ဖြစ်ရပ် ပုံရိပ်များကို အဓိကထား ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
    ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တာ အခုနှစ်ပေါင်း (၅၀) ပင်ပြည့်ခဲ့ ပါပြီ။ (ထိုစာရေးချိန် တုန်းက ဖြစ်ပါသည်။) အခုဆိုရင် ဒီဖြစ်ရပ်ဟာ သမိုင်းဖြစ်နေပါပြီ။ အင်္ဂလိပ်နယ်ချဲ့  ကျူးလွန်ခဲ့တဲ့ မလှိုင်လူသတ်ပွဲဟာ ကုလားကုန်းရွာ(ကျိုက်မရော) မှာ ဂျပန်တွေသတ်ခဲ့တဲ့ သတ်ပွဲနဲ့ နှိုင်းယှဉ်ရှင် ဆင်နဲ့ ကြွက် ၊ အလွန်ဆုံး ဆင်နဲ့ ဆိတ်လို ကွာခြားမှုရှိမယ်လို့  စာရေးသူ ထင်မြင်မိပါတယ်။
    (၁) ၄-၄-၁၉၅၈ ခုနှစ်ထုတ် “ဒေါ်ရေဂျဒီဒ်” (အူရဒူနေ့ စဉ်) မှာတော့ ကုလားကုန်း လူသတ်ပွဲအကြောင်းကို ယင်းလူသတ်ပွဲမှ အသက်မသေ သီသီကလေး လွတ်မြောက်လာခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပြောပြချက်ကို ရေးသား ဖေါ်ပြထားတာ ရှိပါသတဲ့။
    (၂) အစ္စလာမ့်အလင်းမဂ္ဂဇင်း အမှတ်(၁၉)၊ ၁၉၈၀ပြည့်နှစ်၊ မတ်လထုတ်တွင် ကုလားကုန်းလူသတ်မှုသတင်းကို အကျဉ်းချုံးပြီး သတင်းဆောင်းပါး ရေးသားထားတယ်။
    (၃) စစ်ကြီးပြီးတော့ လူ့ အသက်တစ်ချောင်းကို ပုရွက်ဆိတ်လောက်မှ သဘောမထားဘဲ လူလူချင်းစာနာထောက်ထားမှု၊ လုံးဝမရှိ ၊ ရက်ရက်စက်စက်သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ တော်တွင် ရုံးထိုင်ကာ မဟာမိတ်စစ်ခုံရုံးက ဂျပန်စစ်ဗိုလ်ကြီး အီရှီကာဝါနဲ့  အပေါင်းအပါ ဂျပန်စစ်ဗိုလ်တို့ ကို သေဒဏ်ပေးခဲ့ပါတယ်။ အဲဒီအချိန်က သတင်းစာများတွင် ယင်းအမှုစစ်ဆေးတာကို အသာပေးရေးသားထားပါတယ်။
    (၄) ဒါပင်မဲ့ သမိုင်းမှာ အကျည်းတန်အရုပ်ဆိုးတဲ့ ဒီသတင်းဟာ မလှိုင်လူသတ်ပွဲလောက် လူသိများမယ်မထင်။
    (၅) မွန်ပြည်နယ်၊ ကျိုက်မရောမြို့ နယ်၊ ကုလားကုန်းကျေးရွာသူရွာသား အားလုံးနီးပါး ရွာလုံးကျွတ် အမယ်အိုကစပြီး ရင်နှစ်သည်းချာ ကလေးတွေအထိ အရှင်လတ်လတ် ရက်စက်မှု သရဖူဆောင်းခဲ့တဲ့ လူသတ်ပွဲကြီးကိုတော့ မသိလို့  ပေပဲလား၊ ပလူပျံအောင် ထုတ်ဝေဖြန့် ချီကြခြင်းကို မတွေ့ ရပါ။
    (၆) ၁၉၉၄ခုနှစ်၊ ဇူလိုင်လထုတ် သုတပဒေသာစာစောင် အတွဲ(၂၁) ၊ အမှတ်(၃)မှာတော့ စာရေးဆရာ ခင်ကြီးအောင်က “ဘုရှိဒိုသူရဲကောင်းတို့ ၏ စစ်ရာဇ၀တ်မှု” ဆိုတဲ့ ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးခဲ့တာကို တွေ့ ရပါတယ်။ ယင်းဆောင်းပါးထဲမှာတော့ ကျိုက်မရောမြို့ နယ်၊ ကုလားကုန်းကျေးရွာ လူသတ်မှုသတင်းကို အကျယ်တ၀င့် ဖေါ်ပြမထားပါ။ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့ နိုင်ငံများတွင် ဂျပန်များ ဘယ်လိုညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းတွေနဲ့  အတူ ပူးတွဲဖေါ်ပြထားပါတယ်။
    စာရေးသူအနေနဲ့  ဒီသတင်းကို တိုင်းပြည်မှာ စာတစ်အုပ် ပေတဖွဲ့ အနေနဲ့  ရှိနေရန်လိုတယ်ဟု ခံယူလိုက်ပါတယ် ထို့ ကြောင့် မိမိအနေနဲ့  မသွားဖူး မရောက်ဖူးသေးတဲ့ ကျိုက်မရောနယ်က ကုလားကုန်းရွာကို သွားဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အသက်ကို ဖက်နဲ့ ထုပ်ပြီး သွားရတယ်လို့  ရေးသားချက်အပေါ်ကြီးကျယ်လွန်း လိုက်တာလို့  ဝေဖန်ကြပါလိမ့်မယ်။ (ထိုအချိန်တုန်းက အခြေအနေများကို သိသူများ ဆရာကြီးရဲ့  စေတနာကို နားလည်နိုင်ပါလိမ့်မယ်)
    ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၂ရက် စနေနေ့ မော်လမြိုင်မြို့။ စစ်ကာလ အတွင်း မော်လမြိုင်မြို့အနီး ကုလားကုန်းရွာသား များအား ဂျပန် ကင်ပေတိုင် တပ်မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှူတွင် လွတ်မြောက်လာသူ ရွာသား ငါးယောက်အနက်မှ တယောက်အား ကျူးလွန်ခဲ့သူ ကင်ပေတိုင်တို့အား ရွေးထုတ်ခိုင်းနေစဉ်။ အဆိုပါ လွတ်မြောက်လာသူငါးဦးတွင် ၁၅နှစ်အရွယ် မိန်းကလေးတဦးအပါအဝင် အားလုံးမှာ သေလုမျောပါး ဒဏ်ရာ ဗရပွနှင့်ပင်ဖြစ်ကြောင်းသိရသည်။ (ဓါတ်ပုံနှင့် စာညွှန်း ဝါလုံးရှည် အတီး FB)
    အစ္စလာမ့်အလင်းမဂ္ဂဇင်းရဲ့  သတင်းဆောင်းပါး
    အစ္စလာမ့်အလင်းမဂ္ဂဇင်းထဲမှာပါတဲ့ သမိုင်းဖြစ်ရပ်ဟာ စာရေးသူအား ဆွဲဆောင်စေပါတယ်။ သမိုင်းဖြစ်ရပ်နေရာသို့  မရောက်ရောက်အောင် သွားပြီး မှတ်တမ်းများ ရေးမှတ်ရန် စာရေးသူရဲ့  စိတ်ကို စေ့ဆော် တိုက်တွန်းခဲ့ပါတယ်။ ဒီတော့ အစ္စလာမ့်အလင်း မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာဦးမောင်ကိုဂဖာရီ ထံ ချဉ်းကပ်ပါတယ်။ ဒီခရီးကို ဘယ်သူ့ အကူအညီနဲ့  ဘယ်လိုသွားရမလဲဆိုတာ မေးခဲ့ပါတယ်။
    မော်လမြိုင်သို့ 
    ၁၉၈၀ပြည့်နှစ်၊ ဧပြီလ ၂၁ရက်နေ့  မနက်၎နာရီတွင် စာရေးသူဟာ ရန်ကုန်မှ မနက်အစောဆုံးထွက်တဲ့ ရထားနဲ့ မော်လမြိုင်သို့  လိုက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မော်လမြိုင်သွား မီးရထားကြီးမှာ ခရီးသွားများနဲ့ ပြည့်ညှပ် နေပါတယ်။ အများစုကတော့ မှောင်ခိုကုန်များကို ကယ်ရီ(ခေါ်) ပစ္စည်းသယ်သူများ ဖြစ်ပါတယ်။
    မနက်၁၁နာရီလောက်မှာ ရထားဟာ မုတ္တမဘူတာထဲ အရှိန်လျှော့ဝင်ကတည်းက ရထားပေါ်ပါ လူအများစုက မုတ္တမ ဆိပ်ကမ်းရှိ ဇက်ပေါ် သူ့ ထက်ငါဦးအောင် ပြေးလွှားနေသလိုပဲ။ ဇက်ပေါ်မှာ လူတွေ လျှံဖိတ်နေတယ်။ မိနစ်၃၀-၅၀ခန့်  အကြာမှာ မော်လမြိုင်ဆိပ်ကမ်းကို ရောက်ပါတယ်။
    မှောင်ခိုမြို့ ကြီး
    မော်လမြိုင်ရောက်ပြီပဲ စာရေးသူအတွက် လောစရာ ပျာစရာမရှိပါ။ ဒီည မော်လမြိုင် ဘယ်ပြေးမလဲ။ ဆရာဦးမောင်ကို ဂဖာရီ ဆက်သွယ်ပေးလိုက်တဲ့ ကမ်းနားလမ်းရှိ ရုပ်ရှင်ရုံအနီး လမ်းမကြေီးပေါ်က ဦးတင်ရွှေထံ သွားတွေ့  ပါတယ်။ စာရေးသူက လာရင်းကိစ္စကို ပြောပြလိုက်တယ်။ သူ့ အနေနဲ့  မအားလို့  လိုက်မပို့ နိုင်၍ ၀မ်းနည်းကြောင်း ပြောဆိုတောင်းပန်ပါတယ်။ ဒါပင်မဲ့ အစီအစဉ်လုပ်ပေးမယ် လို့ ပြောပါတယ်။
    မော်လမြိုင်ဈေးကြီးနားက ကားဂိတ်
    နောက်တစ်နေ့  မနက်စာစားပြီးအချိန်ထိ ကုလားကုန်း၊ ရေတွင်းကုန်းဘက်ကလာတဲ့ မိတ်ဆွေတစ်ဦးတစ်လေကို မှ မတွေ့ ။ “ ဘယ်လိုလုပ်မလဲ” လို့ ကိုတင်ရွှေက မေးပါတယ်။ “ကိစ္စမရှိကြောင်း ခရီးစဉ်လမ်းကြောင်းကိုသာ ညွှန်ပေးပါ။လမ်းမှာ ဆက်သွယ်နိုင်မယ့် မိတ်ဆွေများရဲ့  လိပ်စာကိုသာ ပေးပါ” လို့ တောင်းပြီး ကျိုက်မရော ဆက်သွားမယ့် လိုင်းကားထိ ကိုတင်ရွှေ လိုက်ပို့ ပေးပါတယ်။
    မနက်၁၀နာရီလောက်ကျတော့မော်လမြိုင်ဈေးကြီးထဲက အရောင်းအ၀ယ်သမားတွေ တစ်စတစ်စ ဘတ်စကားပေါ် ရောက်လာတယ်။ နောက်ကားဆရာတွေလည်း သူတို့ မျှော်မှန်းထားတဲ့ လူရပြီး တွက်ခြေကိုက်တော့မှ စတင်ထွက်ပါတော့တယ်။
    ကျိုက်မရောဆိပ်ကနေ ဇီးပင်ဆိပ်ကို ပဲ့ချိတ်နဲ့  သွားပါတယ်။ ပဲ့ချိတ်စက်တစ်ဖက်ကမ်းမှာ မွန်ရွာရှိပါတယ်။ နွေဆိုရင် ဇီးပင်ဆိပ်အထိ ပဲ့ချိတ်နဲ့  သွားရတယ်တဲ့။ ဇီးပင်ဆိပ် မျက်နှာချင်းဆိုင်မှာ ကျောက်တောင်ကြီး ရှိတယ်။ တောင်ထိပ်မှာ စေတီတစ်ဆူရှိတယ်။ မိုးတွင်း ညောင်ပင်ဆိပ်မှာ လှည်းဂိတ်ရှိတယ်။ ညောင်ပင်ဆိပ်ရောက်လို့  လှေပေါ်က ဆင်းတဲ့အခါ ညာဘက်ခြမ်း မနီးမဝေးမှာ ကျောက်တောင်ကြီးရှိတယ်။ အဲဒီမှာလည်း စေတီတည်ထားပါတယ်။ ပဲချိတ်ခ နှစ်ကျပ်ပေးရ ပါတယ်။
    ကုလားကုန်း၊ ဖားဖျောက်စတဲ့ ရွာတွေဘက်သွားမယ့် လှည်းတွေကို တွေ့ ရတယ်။ နွားမောင်းသူတွေဟာ ဘင်္ဂါလီနွယ်ဖွား မွတ်စလင်တွေက အများစုပါ။ စာရေးသူက ဖားဖျောက်ကို သွားမယ့်လှည်းနဲ့  လိုက်ပါလာတယ်။ ဖားဖျောက်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့ နယ်ထဲက ရွာကလေးတစ်ရွာပါ။ ပဲ့ချိတ်ဆိပ်နဲ့  ဖားဖျောက်ရွာဟာ ငါးမိုင်ခန့်  ဝေးပါတယ်။ ဖားဖျောက်ကို သွားမယ့်လူဆိုလို့  စာရေးသူပဲ ရှိတယ်ပေါ့။ စာရေးသူ ဖားဖျောက်မှာ တွေ့ ရမယ်ဆိုတဲ့  ဦးဇာလီရဲ့  နာမည်ကို ပြောပြလိုက်တယ်ဆိုပဲ စာရေးသူကိုပါ အလိုလို ရင်းရင်းနှီးနှီးရှိသွားပါတယ်။ လှည်းမောင်းသူနဲ့ ။
    လှည်းနဲ့ ထွက်လာတော့ နေကပူဆဲပဲ။ လယ်ကွင်းများကို ဖြတ်မောင်း ခဲ့ကြတယ်။ မွန်ရွာဖြစ်တဲ့ ကော့ဒူးရွာကို ရောက်ပါတယ်။ ဒီရွာရှိ အိမ်တွေက အင်ဖက်မိုး အင်ဖက်ကာနဲ့  အလုပ်ကတော့ တောင်သူ၊ သစ်တိုက်၊ မီးသွေးဖုတ်စတဲ့ လုပ်ငန်းသမားတွေ ဖြစ်ပါတယ်။
    ကော့ဒူးက ဆက်ထွက်တော့ လယ်ကွင်းကြီးကို ဖြတ်ပြီး ကော့ပနှော ရောက်တယ်။ အင်တိုင်းတောကြီးကို ဖြတ်ရပါတယ်။ အင်တိုင်းတောက ၄-၅မိုင်ရှည်ပါတယ်။အင်တိုင်းတော ဆုံးတော့ ဗမာနှင့်မွန် တို့ နေထိုင်တဲ့ အန်ဂလဲရွာ ကို ရောက်တယ်။ ရွာထဲကဖြတ်ပြီးပြန်တော့ အင်တိုင်းတောထဲ ၀င်ပြန်တယ်။အင်တိုင်းတောထဲကို ၄-၅ မိုင် ဆက်မောင်းရတယ်။ အင်တိုင်းတောက ထွက်တော့ ဖားဖျောက်ရွာကို ရောက်ပါတယ်။ နွားရိုင်းသွင်းချိန်ပေါ့။
    ဦးဇာလီအိမ်အထိ လိုက်ပို့ ပေးတယ်။ ပြည်သူ့ စစ်ခေါင်းဆောင်ဖြစ်တဲ့ ဦးဇာလီနဲ့ အသင့်တွေ့ ရတယ်။ ဦးဇာလီကလည်း လှိုက်လှိုက်လှဲလှဲ ဆီးကြိုပါတယ်။သူက ကုလားကုန်းဟာ သိပ်မဝေးကြောင်း၊ပြောပါတယ်။သူ့ ဆီက နယ်မြေအခြေအနေ မေးမြန်းလို့  သိရတာက ကျိုက်မရောနယ်မြေဟာ လုံခြုံမှု လုံးဝမရှိကြောင်း၊ ဓါးပြကလည်း မကြာမကြာတိုက်ကြောင်း၊ ပြီးတော့ လူမျိုးစု လက်နက်ကိုင်များလည်း မကြာခဏရောက်လာတတ်ကြောင်း၊ သူတို့  ကတော့ ရွာသူရွာသားများအား အန္တရာယ်တစ်စုံတစ်ရာ မပေးကြောင်း ၊ လိုအပ်တဲ့ အကူအညီများ တောင်းရမ်းသွားကြောင်း ၊ ဒါပင်မဲ့ ရွာသူရွာသားများကတော့ ကြောက်ရွံ့ နေရကြောင်း။ ဒီနယ်တစ်ခုလုံး လိုလိုရှိ ရွာသူရွာသားများဟာ လူစိမ်းတစ်ယောက် ၀င်လာရင် အမျိုးသမီးများနဲ့  ကလေးများ ပုန်းကြလျှိုးကြနဲ့ ၊ ဒီရွာတွေက ဘင်္ဂါလီနွယ်ဖွား မွတ်စလင်များ နေထိုင်တဲ့ ရွာဖြစ်ကြောင်း၊ ဘင်္ဂါလီစကားဟာ တခြားနယ်က ပြောလေ့ပြောထရှိတဲ့ ဘင်္ဂါလီ စကားနဲ့ ထပ်တူထပ်မျှ မဟုတ်ကြောင်း စိတ်ရှည်လက်ရှည် ရှင်းလင်းပြပါတယ်။
    ဖက်ဆစ်ဂျပန်သို့  စစ်ကြေညာချက်
    ၁၉၄၅ခုနှစ်၊ မတ်လ ၂၇ရက်နေ့ ညတွင် ဗိုလ်ချုပ်အောင်ဆန်းဦးစီးတဲ့ ဗမာ့ကာကွယ်ရေးတပ်မတော်ဟာ မျိုးချစ်ပြည်သူ့ တပ်မတော်ဆိုတဲ့ အမည်ကိုခံယူပြီး ဖက်ဆစ်ဂျပန်တို့ ကို စစ်ကြေညာခဲ့ပါတယ်။ ယင်းစစ်ကြေညာချက် မူရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
    ဤသို့ တပ်ထွက်ပြီးနောက် မြန်မာပြည်အနှံ့ အပြား မိမိတို့ တာဝန်ကျရာသို့ ချီတက်ခဲ့ကြတယ်။ မိမိတို့  သတ်မှတ်ထားသော နယ်အသီးသီးကို ရောက်ရှိတဲ့အခါ တပ်တွေဖျောက်လိုက်ကြ။ လူထုနဲ့ ကွင်းဆက်အများဆုံး ရယူပြီး ဂျပန်ကို တော်လှန်ရန်အတွက် အမြန်ဆုံး စီစဉ်ကြပါ။
    ကြိုတင်သတ်မှတ်ထားတဲ့အတိုင်း ၁၉၄၅ခုနှစ်၊ မတ်လ၂၇ရက်နေ့ တွင် ဂျပန်ဖက်ဆစ်တို့ ကို စစ်ကြေညာခဲ့ပါတယ်။ အဲဒီလို တိုင်းပြည်ကိုကြေညာခဲ့တဲ့ ညွှန်ကြားချက်အတိုင်း ပြည်သူများဟာ တပ်မတော်နှင့်ပူပေါင်းကာ ဖက်ဆစ်ဂျပန်များကို ရရာနည်းမျိုးစုံဖြင့် တော်လှန်ခဲ့ကြတယ်။ အခြအနေပေးလို့  မဟာမိတ်တွေနဲ့  ဆက်သွယ်မှုရတဲ့ နယ်မြေဒေသတွေမှာလည်း မဟာမိတ်တပ်တွေကို ကူညီခြင်း၊ လေထီးတပ်သားတွေကို ဂျပန်လက်ထဲ မရောက်အောင် ၀ှက်တန်ဝှက်ထား၊ လိုအပ်တဲ့အကူအညီများပေး၊ ဂျပန်စစ်သတင်းများကို ထောက်လှမ်းပြီး ပိုတန်ပို စတဲ့ လုပ်ဆောင်ချက်များနဲ့  ဖက်ဆစ်ဂျပန် တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ကြပါတယ်။
    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့ နယ်ရှိ ကုလားကုန်း ၊ ဖားဖျောက်၊ ကော့ဒူး စတဲ့ ရွာတွေကလည်း မဟာမိတ်တပ် အထူးသဖြင့် ဗြိတိသျှဖို့ ဒ် (၁၃၆) တပ်ဖွဲ့ မှ လေထီးတပ်သားများကို အကူအညီပေးကြပါတယ်။
    ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စာရေးဆရာ ခင်ကြီးအောင်က သူရဲ့  “ဘူရှိဒို သူရဲကောင်းတို့ ၏ စစ်ရာဇ၀တ်မှုများ” ဆိုတဲ့ ဆောင်းပါး ၁၉၉၄ခုနှစ်၊ ဇူလိုင်လထုတ် သုတပဒေသာ စာစောင်၊ အတွဲ(၂၁) အမှတ်(၃)မှာ ရေးသားဖော်ပြထားပါတယ်။ မွန်ပြည်နယ် လူထုက ဂျပန်ကို ဆန့် ကျင်တဲ့ အပိုင်နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားထားသည်။
    “၁၉၄၅ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံအတွင်းရှိ ဂျပန်တပ်များ၏ အခြေအနေမှာ အကျပ်အတည်းနှင့် ကြီးစွာကြုံရတော့သည်။ ဂျပန်တပ်များ နောက်ဆွယ်ရှိ တနင်္သာရီတိုင်း၊ မော်လမြိုင်နှင့် ဗလီသစ်တောအတွင်း ကျေးလက်ဒေသ၌ မြန်မာ့မျိုးချစ်တော်လှန်ရေး ပြောက်ကျားတပ်များနှင့် ဗြိတိသျှ လေထီးတပ်သားများ ပူးတွဲလှုပ်ရှားလျက် ရှိသည်။”
    “ဂျပန် ခေတ်တစ်လျှောက်လုံး မြန်မာတိုင်းရင်းသားတွေဟာ မသေရုံ စားခဲ့ နေခဲ့ကြရတယ်။ အရှက်ဖုံးရုံ အ၀တ်များ ၀တ်နေရပါတယ်။ တချို့  ဂုန်နီစများကိုပင် ပတ်ခဲ့ကြရတယ်။ အင်္ဂလိပ်လေထီး အဖွဲ့ တွေဆင်းတော့ ရွာသားတွေကို လေထီးတွေပေးတယ်။ အဲဒီလေထီးစတွေနဲ့  အင်္ကျီချုပ်ဝတ်ကြတယ်။ လေထီးကြိုးကိုလည်း ဂျပန်မသိအောင် လိုသလို သုံးစွဲခဲ့ကြတယ်။ဒါပင်မဲ့ အချို့ သုံးစွဲရာမှာ လျှို့ ဝှက်သိပ်သည်းမှု၊ ကျစ်လစ်မှုမရှိကြတော့ လေထီးကြိုးတွေကနေ ဂျပန်တွေ သဲလွန်စ ရသွားပါတယ်။’’
    ကုလားကုန်းလူသတ်မှုအတွက် ဂျပန်တွေ ဘယ်လိုဆောင်ရွက်ခဲ့ကြသလဲဆိုတာကိုလည်း စာရေးဆရာခင်ကြီးအောင်က သူ့ ဆောင်းပါးတွင် အောက်ပါအတိုင်း ရေးထားသည်။
    “ဂျပန်တပ်မဟာ(၃၃)မှ တပ်မှူးက ထိုဒေသကို သုတ်သင်ရှင်းလင်းရန် အတွက် တိုက်ခိုက်ချေမှုန်ရေး တပ်စိတ်တစ်စိတ်ကို စေလွှတ်ခဲ့သည်။ ထိုဒေသသို့  ရောက်လျှင် ရောက်ခြင်း ဂျပန်တပ်ရင်း (၂၁၅)မှ တတိယ ဘတ်တလျံတပ်က ပဏာမ ရှင်းလင်းရေး လုပ်ငန်းများ စတင်ခဲ့သည်။
    မြန်မာ့ မျိုးချစ်တော်လှန်ရေးတပ်များ၏ လှုပ်ရှားသွားလာမှုကို နယ်မြေခံ ရွာသူရွာသားများအား စစ်ဆေး မေးမြန်းပါသော်လည်း သတင်းပြည့်ပြည့်စုံစုံမရဘဲ ဖြစ်နေပါသည်။ မြန်မာ့မျိုးချစ်တပ်သားများ ခိုအောင်းလျက်ရှိသည်ဟု သင်္ကာမကင်း ဖြစ်သော ကုလားကုန်းရွာကို ဂျပန်တပ်မှူးက မြေလှန်ဖျက်ဆီး ပစ်ရန် ဆုံးဖြတ် ခဲ့သည်။
    စစ်ဆင်ရေး မစမီ တပ်တွင်းစည်းဝေးပွဲတွင် ဂျပန်တပ်မှူးက တတိယဘတ်တလျံတပ်မှ ဦးစီးမှူးဗိုလ်အား လိုအပ်လျှင် ကုလားကုန်း ရွာသူရွာသားများအား သတ်ဖြတ်နိုင်ကြောင်း ခွင့်ပြုမိန့် ပေးခဲ့သည်။ တတိယဘတ်တလျံတပ်နှင့်အတူ မော်လမြိုင်ရှိ ကင်ပေတိုင် စစ်ပုလိပ်ဋ္ဌာနချုပ် တပ်မှူးအဖြစ် ကင်ပေတိုင် အရာခံဗိုလ်သုံးယောက်လည်း စစ်ကြောင်းနှင့် လိုက်ပါသွားခဲ့၏။
    ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ တွင် ဂျပန်တပ်များ ကုလားကုန်းရွာ သို့ ရောက်သွားကြသည်။ ညနေ၄နာရီတွင် ရွာသူရွာသားများ အားလုံးကို သိမ်းကျုံးဖမ်းမိထားပြီး ဖြစ်သည်။
    ယောင်္ကျားများကို ကျေးရွာရှိ ဗလီထဲတွင် ပိတ်လှောင်ထားပြီး မိန်းမများနှင့် ကလေးများကို ဗလီနှင့်ဆက်လျက် အဆောက်အအုံများတွင် ထည့်ထားသည်။ ရွာသားများကို ကင်ပေတိုင်တို့ က သူတို့ ၏ လက်သုံးညှဉ်းပန်းနှိပ်စက်မှု နည်းပေါင်းစုံဖြင့် တော်လှန်ရေးပြောက်ကျားများ ရှိမည့်နေရာနှင့် လှုပ်ရှားမှုကို စစ်ဆေးမေးမြန်းကြသည်။
    နောက်တစ်နေ့  နံနက်တွင် စစ်ကြောင်းမှူးဘတ်တလျံတပ်မှူးက ဂျပန်အရာရှိများအား ဆင့်ခေါ်စည်းဝေးပြီး ကုလားကုန်းကျေးရွာကို မြေလှန်မီးရို့ ဖျက်ဆီးပစ်ရမည်။ ရွာသူရွာသားအားလုံးကို မိန်းမနှင့် ကလေးများပါမကျန် အစုလိုက် အပြုံလိုက် သတ်ဖြတ်ကွပ်မျက်ပစ်ရမည်ဟု အမိန့် ပေးခဲ့သည်။
    ထိုနေ့  မွန်းလွှဲချိန်တွင် ခြောက်စုခန့် ရှိသော ရွာသူရွာသားများကို ငါးယောက်တစ်တွဲ၊ ဆယ်ယောက်တစ်တွဲ စသည်ဖြင့် ကြိုးတုပ်၍ ရေတွင်းများရှိရာသို့  ခေါ်သွားသည်။ ရေတွင်းဘေးအရောက်တွင် ကြိုးများကို ဖြေပေးပြီး တစ်ယောက်ချင်း ကြိုးတုပ်သည်၊ မျက်နှာကို အ၀တ်စည်းသည်၊ပြီးတော့မှ လှံစွပ်နဲ့  ထိုးသည်။ သေသည်ရှင်သည်ကို မကြည့်တော့ဘဲ လှံစွပ်နှင့်ထိုးပြီးသမျှ လူတွေကို ရေတွင်းထဲသို့  ပစ်ချသည်။
    ရေတွင်းများထဲတွင် အလောင်းများ ပြည့်ကျပ်နေအောင် ဂျပန်စစ်သားများက ၀ါးလုံးရှည်များဖြင့် ထိုးသိပ်သည်။ အသတ်ခံရပြီး ရေတွင်းထဲသို့ ပစ်ချခံရသူများထဲမှ လူနှစ်ယောက်မှာ အသက်မသေ လွတ်မြောက်ခဲ့ပြီး မြန်မာပြည်တွင် ကျင်းပသော ဗြိတိသျှစစ်ခုံရုံးတွင ယင်းအဖြစ်အပျက်ကို သက်သေအဖြစ်ထွက်ဆိုခဲ့သည်။
    ဇူလိုင်၉ရက်နေ့ တွင် ဂျပန်တပ်များသည် ကုလားကုန်းရွာမှ ထွက်ခွာပြီး ဒလိသစ်တောအတွင်း မြန်မာ့တော်လှန်ရေး တပ်သားများကို ရှာဖွေကြသေး၏။ နှစ်ရက်အကြာတွင် ဂျပန်တပ်များ ပြန်လာကြပြီး ရွာထဲမှအဖိုးတန်ပစ္စည်းမှန်သမျှကို ရှာဖွေယူကြပြီး ရွာကြီးတစ်ရွာလုံးကို မီးရှို့ ဖျက်စီးပစ်ကြ၏။
    ဇူလိုင်၁၂ရက်တွင် သူတို့ ဖယ်ထားသော ကျေးရွာသူဆယ်ယောက် ကိုခေါ်ကာ ထွက်သွားကြသည်။ ၎င်းအမျိုးသမီးများကို နောက်တစ်ကြိမ် ဘယ်သောအခါမျှ ပြန်၍ မတွေ့ ရတော့ပါ’’
    ဒါတွေဟာ ကုလားကုန်းရွာက ဂျပန်တွေရဲ့  ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့တဲ့ အနိဋ္ဌာရုံကို စာရေးဆရာ ခင်ကြီးအောင် က အထက်ပါခေါင်းစဉ်နဲ့  သုတပဒေသာစာစောင်မှာ ရေးသားချက်များကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။
    ဒါက- မဟာမိတ်တပ်တွေ ကျိုက်မရောနယ်ကို သိမ်းသွားပြီးတဲ့နောက် ကုလားကုန်းက ဂျပန်ဓားသွား လှံစွပ်ကြားတို့ ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကုလားကုန်းရွာသူရွာသားများကို စစ်ရိက္ခာတွေ၊ ငွေတွေကို အင်္ဂလိပ်တပ်က ထောက်ပံ့ခဲ့တယ်။ လွတ်လပ်ရေး ပြီးစထိပါတဲ့။ ဒါ့အပြင် ကရုဏာကြေးပေးမယ်လို့  လုပ်ခဲ့သေးတယ်။ သေသူများနဲ့  ပတ်သက်တဲ့ ပုံစံတွင် ထည့်သွင်းဖော်ပြဖို့  စာရွက်စာတမ်းများ ပေးခဲ့ပါတယ်။ ဒါပင်မဲ့ လွတ်လပ်ရေးရပြီး အင်္ဂလိပ်တွေက ကရုဏာကြေးပေးမယ်လို့  စီစဉ်ခဲ့တာတွေဟာလည်း အကောင်အထည်ပေါ်မလာတော့ဘူးတဲ့။
    သေကံမရောက် အသက်မပျောက်တဲ့သူ
    ဦးဇာလီဟာ အသက်(၄၃)နှစ်ပဲ ရှိပါသေးတယ်။ ညီအစ်ကိုမောင်နှမ ခြောက်ယောက်ရှိပါတယ်။ ဦးမူန၊ ဒေါ်ဇလီမာ၊ ဦးဇာကီ၊ ဦးအာမင်နုရီ နဲ့ မေဆင် (ခေါ်) စိုးသိမ်း တို့ ဖြစ်ကြပါတယ်။ ၁၉၈၀ ပြည့်နှစ်ထဲ စာရေးသူ ဦးဇာလီနဲ့  တွေ့  ဆုံစဉ်မှာတော့ ဦးအာမင်တစ်ယောက်ကဖြင့် ဆုံးသွားပြီဖြစ်ပါတယ်။
    တောင်သူလယ်လုပ် မိသားစုပါ။ မူလကဦးဇာလီတို့  ညီကိုမောင်နှမနဲ့  မိဘများဟာ ဂျပန်ဝင်လာပြန်တော့ ဖားဖျောက်ရွာမှာပဲ နေကြပါတယ်။ ဖားဖျောက်ရွာကို ဂျပန်အရင်ဝင်သိမ်းပြီးတော့မှ မော်လမြိုင်ကို ၀င်သိမ်းပါတယ်။ နောက် ကရင်လက်နက်ကိုင်တွေကလည်း ရွာတွေမီးရှို့ လို့  တစ်ရွာလုံးပြာပုံဘ၀ ရောက်သွားတယ်။ ဗလီတစ်လုံးပဲကျန်ခဲ့တယ်။ ဒီမယ် ဦးဇာလီတို့ လည်း ကုလားကုန်းကို ပြောင်းသွားတယ်။ ဖားဖျောက်ဟာ ကုလားကုန်းရဲ့ မြောက်ဘက်မှာပါ။ ၃မိုင်လောက်ဝေးပြီး လမ်းလျှောက်ရင် ၄၅မိနစ်လောက် လျှောက်ရတယ်။
    တကယ်က တစ်ရွာတည်းပါ။ သူကြီးကတော့ မုဆိုးကျွန်းမှာနေတယ်။ မုဆိုးကျွန်းကတော့ အိမ်ခြေရာခြေ ပစ်ပြေးရာကနေ တဖြည်းဖြည်းရွာ ပျက်သွားပြီး ကုလားကုန်းပဲ ကျန်တယ်။ မုဆိုးကျွန်းမှာ ဗမာလူမျိုးတွေ အနေများပြီး ကုလားကုန်းမှာတော့ ဘဂီါလီလူမျိုး အနွယ်တွေ နေတယ်။ မွန်၊ ကရင်၊ ဗမာလူမျိုးတွေနဲ့  သွေးနှောမှုရှိတယ်။ ကုလားကုန်းရွာက ရွာသူရွာသားတွေဟာ ဗမာစကားနှင့် ဘင်္ဂါလီစကားကို ပြောတယ်။
    မြန်မာပြည်အရပ်ရပ်မှာ အများအားဖြင့် နွေခေါင်ခေါင်မှာ ရေတွင်းရေကန်တွေ ရေခမ်းကြတာ ဓမ္မတာလို ဖြစ်ပါတယ်။ ဒါပင်မဲ့ ကုလားကုန်းမှာတော့ ရေမခမ်းပါ ရေတွင်းတူးရတာလည်း လွယ်ပါတယ်။ တွင်းအနက်ကြီး တူးစရာမလို ၊ ၁၀ပေ ၁၅ပေ လောက် တူးရုံနဲ့  ရေရပါတယ်။
    ကိုအီစမန်အင်တို့  မိသားစုရဲ့ ရိုး၊ အ ပုံအဖြစ်ကိုပဲကြည့်ပါ။ ဂျပန်တွေက ရေပူကန်ဘက်က ဆင်းလာတယ်။ လူကြီးလူငယ်တွေ လူငယ်တွေ ပြေးကြတယ်။ သုံးချိုးတစ်ချိုးလောက် ရှိပါမယ်။ ကိုအီစမန်အင်တို့ ရဲ့ အမေတို့ လည်း ပြေးကြတယ်။  ကိုအီစမန်အင်က ကလေးပဲရှိသေးတယ်။ သူ့ ကိုခေါ်တယ်။ အပါက အိမ်စောင့်နေတယ်၊ မပြေးဘူး ဆိုပြီး သူလည်း ဖခင်နဲ့ အိမ်မှာပဲ နေလိုက်တယ်။ နောက်တော့ ဖခင်က အခြေအနေတွေ တစေ့တစောင်း သွားကြည့်အုံးမယ်၊ နောက်မှ မင်းလိုက်ခဲ့ပါဆိုပြီး ထွက်သွားတယ်။ သူ့ ဖခင်ပြန်မလာတော့ သူ့ အဖေနောက် ကိုအီစမန်အင် လိုက်သွားတယ်။ အဲဒီမယ် သူပါအဖမ်းခံလိုက်ရတယ်။
    ဂျပန်တပ်တွေက အိမ်ပေါက်စေ့ဝင်ပြီး အိမ်ရှိလူအကုန် ဗလီဝတ်ကျောင်းထဲမှာစုဖို့  လှံစွပ်ပြပြီး အော်ငေါက်ဆဲဆိုပါသတဲ့။ လူကြီးလူငယ်၊ အဘွားအို၊ အဘိုးအိုတွေကိုပါမကျန် ပြောစရာရှိတယ်ဆိုပြီး နွားအုပ်၊ ဆိတ်အုပ်တွေ သားသတ်ရုံထဲ ရိုက်နှက်ဆဲဆို သွင်းသလို ဗလီဝတ်ကျောင်းထဲမှာ စုရုံးစေခဲ့တယ်။
    ရွာသူရွာသားတွေကလည်း ရင်ထဲထိတ်ထိတ်၊ ကြောက်ကြောက်လန့် လန့် နဲ့ ပဲ အစည်းအဝေးလုပ်မယ်ဆိုတဲ့ ဗလီဝတ်ကျောင်းတော်ထဲ ၀င်ရောက်စုရုံးကြတယ်။ တကယ်ပဲ အစည်းအဝေးလုပ်မယ်လို့  ထင်ကြတယ်ဆိုပဲ။ အိမ်စောင့်ရယ်လို့  အိမ်တွေမှာ တစ်ယောက်မှ မကျန်တော့ဘူး။
    အဲဒီမှာ ဂျပန်တွေတွေအတွက် အကောင်းဆုံးနဲ့ အလွတ်လပ်ဆုံး အခွင့်အရေးရသွားပါတော့တယ်။ ဂျပန်စစ်သားတွေဟာ တစ်အိမ်တက်ဆင်း အိမ်ပေါ်မှာရှိတဲ့ အဖိုးတန်ရွှေ ၊ငွေ ပစ္စည်းတွေကို သိမ်းကျုံးယူပါတော့တယ်။ တစ်နည်းဆိုရရင် အေးဓါးပြတိုက်ပါတော့တယ်။ ဂျပန်စစ်ဘက်ထောက်လှမ်းရေး စစ်ရဲတွေက ရွာလူကြီးတွေကို အင်္ဂလိပ်စပိုင် ဘယ်မှာ ၀ှက်ထားသလဲဆိုတာကိုသာ ထပ်တလဲလဲ ပြန်မေးလိုက်၊ ရိုက်လိုက်နဲ့ ။ ဒါပင်မဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ မဖော်ကြဘူး။ အနှိပ်စက်သာ ခံကြတယ်။
    ဗလီဝတ်ကျောင်းထဲမှာတော့ ရွာသားအားလုံးကို မေးလည်းမေး၊ စစ်လည်းစစ်၊ ရိုက်လည်းရိုက် ရက်ရက်စက်စက် နှိပ်စက်ကြတော့တယ်။ ဂျပန်က မေးမြန်းနှိပ်စက်ရုံ နှိပ်စက်သလားဆိုရင် မဟုတ်သေးဘူး။ အစာရေစာပါ ဖြတ်ထားတယ်။ အဲဒီတုန်းက လူတွေကလည်း တကယ်ရိုးတယ်။ ဂျပန်က သူတို့ ကို မေးရုံမေးမြန်းပြီး လွှတ်လိမ့်မယ်လို့  ထင်ကြတယ်။ ဂျပန်တွေဟာ သူတို့ ကို အစုလိုက်အပြုံလိုက် အရှင်လတ်လတ် မရဏသင်္ချိုင်းထဲ သွင်းလိမ့်မယ်လို့  မထင်ကြဘူး။
    ခြင်းခြင်းနီတဲ့သွေးတွေ မြေခကုန်ပြီ
    တချို့  ဒီလိုဖမ်းထားတဲ့အပေါ် မယုံသင်္ကာဖြစ်ပြီး နောက်ဖေးသွားမယ်ဆိုပြီး မပေါ်လာတော့ဘူး။ ထွက်ပြေးလို့  လွတ်မြောက်သွားကြပါသတဲ့။ မိခင်တစ်ယောက်ဟာ သူ့ ကလေးငယ်ကို ထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးတယ်။ ကလေးချီပြေးရင် ဘယ်လွတ်ပါ့မလဲ။ ကမ္ဘာမီးလောင် သားကောင် ချနင်းရတဲ့ အဖြစ်ပါပဲ။
    လူတွေ လျော့လျော့သွားတော့ ဂျပန်တွေ မသင်္ကာလာကြတော့ဘူး။ ဒီတော့ နောက်ဘယ်သူ့ ကိုမဆို အိမ်သာတက်မယ် ဆိုတာနဲ့  ဂျပန်တွေက လှံစွပ်တပ်ထားတဲ့ သေနတ်ကိုင်ပြီး လိုက်ပို့ ပါသတဲ့။ ၂ရက်လောက် ဖမ်းချုပ်ထားပြီး   ၁၉၄၅ခုနှစ်၊ဇူလိုင်လ ၁၁ရက်နေ့ မှာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ သမိုင်းဝင်လူသတ်ပွဲကြီးကို ဂျပန်တွေက မြိန်ရေယှက်ရေ ဆင်နွှဲပါတော့တယ်။
    ၁၉၄၅ခုနှစ်၊ ဇူလိုင်လ ၁၁ရက်ဟာ သမိုင်းရက်များကို ခြင်းခြင်းနီတဲ့ သွေးစွန်းတဲ့နေ့ ပါ။ သမိုင်းရက်များကို ခြင်းခြင်းနီတဲ့ သွေးစွန်းတဲ့နေ့ ပါ။သမိုင်းရက်များကို မည်းမှောင်ညစ်ညမ်းသွားအောင် အပြစ်ကင်းမဲ့တဲ့ အဘိုးအို၊ အဘွားအို၊ လူကြီးလူငယ်နှင့် ရင်သွေးများပါမကျန် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လို့  ကျတဲ့သွေးတွေနဲ့  ခြယ်မှုန်းလိုက်တဲ့ ရက်စက်မှုပါပဲ။
    ရေတွင်းတွေဆီ လူကြီးတွေကို မျက်နှာအ၀တ်နဲ့ စည်း၊ လက်နောက်ပြန်ကြိုးချည်ပြီး လူစုခွဲသွားပါတယ်။ ကလေးတွေ၊ အဘိုးကြီးတွေကို လှံစွပ်ထောက် ဟိန်းဟောက် ဆဲဆိုပြီး ခေါ်သွားတယ်။  ရွာသားယောကျာ်း၊ မိန်းမကလေးတွေရဲ့ “ကယ်တော်မူကြပါ” ဆိုတာတောင် ဟစ်အော်ကြွေးကြော်သံ မအော်ဟစ်ဝံ့လောက်အောင် လူသတ်ကောင် ဘီလူးသဘက်တွေရဲ့  အော်ဟစ်ကြိမ်းမောင်းသံတွေဟာ လွှမ်းခြုံလျက်ရှိနေတယ်။
    ထွက်ပြေးလွတ်မြောက်သူ အချို့
    ရေတွင်းထဲကနေ ထွက်ပြေးလွတ်မြောက်လာသူက ခြောက်ယောက်ပါ။ တောင်ပိုင်းရေတွင်းထဲကနေ ကိုဇာလီရယ်၊ သူ့  အဘွား ဆိုင်မွန်ဘီ၊ တခြားအဘွား တစ်ယောက်။ ဒေါ်ဆိုင်မွန်ကတော့ တစ်ခဏတာခံပြီး ဒဏ်ရာများကြောင့် သေဆုံးခဲ့ပါတယ်။ အခြားအဘွားတစ်ယောက်လဲ ၁၀ရက်လောက်ပဲ ခံကာ ကွယ်လွန်ခဲ့တယ်။
    နောက်အခြားရေတွင်းက ထွက်ပြေးလွတ်မြောက်သူ သုံးဦးမှာ ဆော်ဖာခါတွန် ဆုံးသွားပြီး ဦးရှာကာမောက်နဲ့  ဒေါ်ယာရာဘီတို့  နှစ်ယောက်ပဲ ကျန်ရစ်တယ်။
    ဗမာ့မျိုးချစ်တပ်မတော်သားများနဲ့  မဟာမိတ်လေထီးသမားများကို ကူညီလိုတဲ့
    အဖြစ်ကိုပြောရမယ်ဆိုရင် အပြစ်ကင်းစင်တဲ့ နှလုံးသားပိုင်ရှင်တွေအနေနဲ့  တစ်ဖက်တစ်လမ်းက ဂျပန်ကို တိုက်ခိုက်နေတဲ့ လေထီးသမားတွေနဲ့  ဗမာ့မျိုးချစ်တပ်မတော်သားတွေရဲ့ အသက်တွေကို မိမိတို့ အသက်နဲ့  ရက်ရောစွာလဲခဲ့တဲ့ ကိုယ်ကျိုးစွန့် တော်လှန်ရေးသမားတွေရဲ့ ထုံးစံအတိုင်း အစတေးခံသွားကြရပါပြီတကား။ 
    အုတ်ဘောင်ခတ်ထားတဲ့ ကာဘရ် သင်္ချိုင်းများ
    ကိုဇာလီနဲ့ အတူ ယခင် ဂျပန်ဖက်ဆစ်တွေ မညှာမတာ မိုက်မဲဆိုးရွားစွာ ရက်ရက်စက်စက်သတ်ပြီး ရေတွင်းထဲ ပစ်ချ ကန်ချ ခံရလို့  ဆန့် ငင်ဆန့် ငင် ယက်ကန်ကန်နဲ့  အသက်ပျောက်ခဲ့ရသောသူတွေရဲ့ ကာဘရ်သင်္ချိုင်းရေတွင်းဟောင်း များကို ရောက်ခဲ့ပါတယ်။ ရေတွင်းဟောင်းများကို အုတ်ဖြင့် ၀ိုင်းထားပါတယ်။
    ရေတွင်းသင်္ချိုင်း ကဘရ်များနေရာတွင် တစ်ပေတစ်မိုက်မြင့်တဲ့ အုတ်များကို စီရီ၍ပင် ဘောင်ခတ်ထားခြင်း မရှိပါ။ တစ်ဦးတစ်ယောက်က ပြောမပြရင် ကာဘရ်သင်္ချိုင်းဆိုတာ အမှတ်တမဲ့မို့  သိရန်ခက်ခဲပါလိမ့်မယ်။
    (မှတ်ချက်။   ။ ရှေးနယ်များရှိ ရေတွင်းများသည် မြေကြီးနဲ့  တစ်ပြေညီနီးပါး ရှိပြီး ၊ ရေတွင်း အ၀ တွင်းနှုတ်ခမ်းများကို ယခုကျေးရွာများတွင် ရှိသကဲ့သို့  အကာအရံ နှစ်ပေသုံးပေခန့်  ဘိလပ်မြေဖြင့် ချောကိုင်ကာ ကာရံထားခြင်း မရှိသးပါ။ ကုလားကုန်း ရွာရှိ ရေတွင်းများသည် ထိုကဲ့သို့  တစ်ပြေးညီရေတွင်းများ ဖြစ်သဖြင့်အချိန်ကြာညောင်းလာသောကြောင့် အုတ်များနဲ့  ၀ိုင်းထား၍သာ သိလိုက်သည်ဟု ဆရာကြီးဆိုလိုခြင်း ဖြစ်ဟန်တူပါတယ်။)
    အစ္စလာမ့်အလင်းမဂ္ဂဇင်း အမှတ်စဉ်(၁၉) ၊ ၁၉၈၀ ပြည့်နှစ်၊ မတ်လ စာစောင်တွင်-
    အာဇာနည် ရှဟီဒီတို့ ၏ သင်္ချိုင်းကဘာရ်များ ဖြစ်နေသော အထက်ဖော်ပြပါ ရေတွင်းဟောင်းများသို့  ဇေယာရတ် မေတ္တာဆုမွန်ပို့ ရန် လာရောက်သူ များပြားလှပေသည်။
    ဟူ၍ရေးသားထားသည်ကို တွေ့ ရပါသော်လည်း ဤကဘရ်သင်္ချိုင်းမျာကို ကဘရ်သင်္ချိုင်းများ (သို့ မဟုတ်) အာဇာနည်ဗိမာန်များနဲ့  တူအောင် ထည်ထည်ဝါ၀ါကြီးမဟုတ်သည့်တိုင်အောင် အသင့်တင့်တော့ရှိဖို့  ရန်ပုံငွေများ လှူဒါန်းသင့်တယ်လို့  စိတ်ထဲတွင်အောက်မေ့နေမိပြန်တယ်။
    လူကြီးလူငယ်၊ အဘိုးအို၊ အမယ်အိုကစပြီး အိမ်စေ့ လူကုန်လာရမယ်၊ အစည်အဝေးလုပ်မယ်၊ ဗလီထဲမှာ စုရမယ်ဆိုတာနဲ့  ကျွန်မတို့ လည်း ဖလာတူ-ဗလီဝင်းထဲမှာ သွားစုကြရပါတယ်။ ယောင်္ကျားတွေကိုတော့ ဗလီထဲမှာ လှောင်ထားတယ်၊ ရွာကိုတော့ ဂျပန်စစ်တပ်တွေ ၀ိုင်းထားပါတယ်။ နောက်တော့ အစည်းအ၀းလုပ်ဖို့  ခေါ်တာမဟုတ်ဘူး ဆိုတာ တဖြည်းဖြည်းနဲ့  ရိပ်စားမိလာတယ်၊ ဗလီဝင်းထဲကနေ ဘယ်သူမှ အပြင်မထွက်ရဘူး။ တို့ ကိုများ ဗလီထဲမှာ အစုလိုက်အပြုံလိုက် ပစ်သတ်မှာလား၊ မီးလောင်တိုက်သွင်းမှာလားဆိုပြီး အမျိုးမျိုးတွေးတောမိကြပါတော့တယ်။ လှောင်ပိတ်နေတော့ ကလေးတွေလည်း ပူလို့ မနေနိုင်လို့  ငိုကြတယ်၊
    အဲဒီတော့ ဂျပန်က လှံစွပ်နဲ့  ထိုးမယ် တကဲကဲလုပ်လာတယ်၊ ကလေးတွေ မငိုစေနဲ့ ဆိုပြီး လှံစွပ်နဲ့  ခြိမ်းခြောက်တယ်။ ထမင်းမကျွေး၊ ရေကလည်းပြတ်၊ အစာရေစာဖြတ်ထားတယ်၊ အငတ်ထားတယ်၊ သုံးရက်လုံးပဲ။ ကလေးတွေလည်း ငိုလိုက်၊ ငိုလွန်းတော့မော၊ မောတော့ အိပ်ပျောသွား၊ ငတ်လိုက်နဲ့ ။
    တစ်ချို့ ကတော့ အိမ်သာသွားတက်မယ်ဆိုပြီး ဂျပန်တွေအလစ်ထွက်ပြေးတယ်။ ဒီလို ထွက်ပြေးလို့  လွတ်သွားတဲ့သူတွေလည်း ရှိပါတယ်။ နောက် အဲဒီလိုထွက်ပြေးမှန်းသိတော့ အိမ်သာတက်မယ်ဆိုရင် ဂျပန်က သေနတ်လှံစွပ်တပ်ပြီး လိုက်ပို့ တယ်။ မပြေးသာတော့ဘူးပေါ့။
    ကုလားကုန်းကျေးရွာမှာက တစ်အိမ်ရေတွင်းနှစ်တွင်းလောက် ရှိတယ်၊ ဗလီဘက်က သွားရင် ရေတွင်းတွေပဲ တွေ့ ရမယ်၊   ရေတွင်းကို ခေါ်မသွားခင် အိမ်တစ်အိမ်မှာ ပိတ်လှောင်ထားတယ်၊   နောက်လက်ပြန်ကြိုးတုပ်ပြီး နှစ်ယောက်တစ်တွဲ ရေတွင်းဘက်ဆီ ခေါ်သွားတယ်။ မျက်နှာကို အ၀တ်စည်းပြီး ရေတွင်းကို ကျောခိုင်းထားလိုက်တယ်၊ နောက်လှံစွပ်နဲ့ ထိုးပြီး ရေတွင်းထဲ ကန်ချလိုက်တယ်၊ပြန်မထနိုင်အောင် အပေါ်က သစ်တုံးတွေနဲ့  ဖိလိုက်ကြသေးတယ်။ ယောင်္ကျားတွေ ကုန်တော့ မိန်းမတွေကို ဒီတိုင်းပဲ နှစ်ယောက်တစ်တွဲ ကြိုးချည်ခေါ်သွားပြီး လှံစွပ်နဲ့  ထိုးသတ်တယ်။
    မိန်းမတွေ၊ ကလေး၊ လူကြီးတွေ ကုန်သလောက်ရှိသွားတော့မှ ကျွန်မတို့  မိန်းမငယ်(၁၁)ယောက်ကိုခေါ်၊ အိမ်တစ်အိမ်မှာ လှောင်ထားတယ်။ မုန့် အမျိုးမျိုးလုပ်ခိုင်းတယ်။ ရွာသူရွာသားတွေ သတ်ပြီးလို့  ၃ရက်လောက်အကြာမှာတော့ ကျွန်မတို့  ညီအစ်မသုံးယောက်က အကြံတစ်ခုရတယ်။ အိမ်မှာ ပစ္စည်းသွာယူမယ် ဆိုပြီးပြောမယ်၊ ဂျပန်က ခွင့်ပေးရင်သွားယူမယ်။ လစ်ရင် လစ်သလို ထွက်ပြေးမယ်ပေါ့။
    အကြံအစည်အတိုင်း ဂျပန်ကိုပြောတော့ အစောင့်သုံးယောက်က လှံစွပ်သေနတ်ကိုင်ပြီး လိုက်ပို့ တယ်။ အိမ်မှာ ပစ္စည်းတွေ ရှာတော့ ဘာပစ္စည်းမှ မရှိတော့ဘူး၊ ဂျပန်တွေ လူမရှိတုန်း ဓါးပြတိုက်ယူလိုက်ပြီပဲကိုး ၊ ဒီတော့ဘာပစ္စည်းမှ မရဘဲ ကျွန်မတို့ ကို ဖမ်းထားတဲ့ အိမ်ကို ပြန်ကြရတယ်။
    နောက် မုန့် ညက်တွေထောင်းခိုင်းပြီး၊ မုန့် လုပ်ခိုင်းတယ်၊ ကျွန်မတို့ က ဂျပန်အလစ်မှာ ထွက်ပြေးဖို့ ပဲ ကြိုးစားတယ်၊ ဒါပင်မဲ့ ထွက်ပေါက်မရှိဘူး၊ ဂျပန်တွေက မပြတ်စောင့်နေတယ်၊ အစ်မက မုန့် ညက်တွေ ထောင်းရင်း ကျွန်မတို့ ကို ထွက်ပြေးဖို့  တိုင်ပင်တယ်၊ ကျွန်မက ငါထွက်ပြေးလို့  ပြန်မရောက်ရင် နင်တို့ ဆက်ပြီး ထွက်ပြေးလို့  မှာခဲ့တယ်။ အဲဒီလိုပြောဆိုပြီး မနက်(၇)နာရီမှာ ထွက်ပြေးဖို့ ကြိုးစားတယ်။
    ကျွန်မမှာ ကလေးကိုလည်း ရင်မှာပိုက်ထားရတယ်၊ ကလေးကလည်း အခါလည်ပဲရှိသေးတဲ့ သမီးလေး၊ ကလေးကို ထားမပစ်ရက်ဘဲ ပိုက်ပြီး ထွက်ပြေးခဲ့တယ်။ ဂျပန်တွေက ကင်းစောင့်နေတယ်၊ ထွက်ပြေးခွင့် အခွင့်မသာလို့  ပြန်ဝင်လာရတယ်။
    ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၂ရက် စနေနေ့ မော်လမြိုင်မြို့။ စစ်ကာလ အတွင်း မော်လမြိုင်မြို့အနီး ကုလားကုန်းရွာသား များအား ဂျပန် ကင်ပေတိုင် တပ်မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှူတွင် လွတ်မြောက်လာသူ ရွာသား ငါးယောက်အနက်မှ တယောက်အား ကျူးလွန်ခဲ့သူ ကင်ပေတိုင်တို့အား ရွေးထုတ်ခိုင်းနေစဉ်။ အဆိုပါ လွတ်မြောက်လာသူငါးဦးတွင် ၁၅နှစ်အရွယ် မိန်းကလေးတဦးအပါအဝင် အားလုံးမှာ သေလုမျောပါး ဒဏ်ရာ ဗရပွနှင့်ပင်ဖြစ်ကြောင်းသိရသည်။ (ဓါတ်ပုံနှင့် စာညွှန်း ဝါလုံးရှည် အတီး FB)
    အနွန်းနဲ့ မိကျားတို့ ကလည်း အိမ်ထောင်သည်တွေပဲ ဖြစ်တယ်။ ကလေးကိုယ်စီနဲ့ ၊ ကလေးတွေလည်း အခါလည်ပဲ၊  သူတို့ ကိုကို ပြောလိုက်တယ်၊ ငါတော့ ပြေးတော့မယ်လို့ ။
    တစ်ချိန်လုံး ကိုယ့်ကို ရင်ကိုစည်း အံကြိတ်ပြီးလာခဲ့တဲ့ မာနတွေဟာ သူ့ ကိုတွေ့ လိုက်တော့မှ အားရှိရမယ့်အစား တစ်ခါတည်း ကျဆင်း ပျော့ ခွေသွားတယ်။ ကျွန်မတို့ အင်အားချည့်နဲ့ နေလို့  ငိုအားပင်မရှိတော့သလားဘဲ၊ ကလေးကို သူက ကောက်ချီလိုက်တယ်။ ဓားကို ကိုင်ရင်း ဖားဖျောက်ရွာကို လိုက်ပို့ မယ်လို့  ပြောတယ်၊ ဒီတောဆုံးတော့  ကျွန်မမတ်နဲ့  မောင်ပါခွေးတို့ ကို တွေ့ တယ်။
    ဖားဖျောက်ရွာ မြောက်ဘက် လယ်တောထဲခေါ်သွားကြတယ်၊ ကျွန်မဦးလေး ဦးရွှေလီနဲ့  ဆုံတယ်။ ဖတ်တလဲကင်း နှုတ်ဆက်တယ်၊ ကျွန်မက အကျိုးအကြောင်း ပြောပြတော့ နှစ်ယောက်သား ငိုကြပါတော့တယ်၊ ဂျပန်တွေက အားလုံးကို သတ်လိုက်ကုန်ပြီ၊ ညီအစ်မနှစ်ယောက်နဲ့  ကလေးမလေးတွေ ကျန်တယ်၊ သူတို့ ကို သတ်လိုက်ပြီးလား မသိဘူးလို့  ပြောပြလိုက်တယ်၊  အဲဒီလို ပြောနေတဲ့အချိန်မှာ ကုလားကုန်းရွာဘက်က သေနတ်သံတွေကြားရတယ်။ ဘယ်သူတွေ ထပ်သတ်ခံရပြီလဲ။ ကျွန်မ ညီမတွေလား မိကျားတို့ ကို နင့်အစ်မ ဘယ်သွားသလဲဆိုတာ မေးမေးပြီး ရိုက်လေမလား၊ မေးမရလို့  သေနတ်နဲ့  ပစ်သတ်လေရော့သလားဆိုပြီး စိုးရိမ်စိတ်တွေ တဖွားဖွား တိုးလာပြန်တယ်။
    အဲဒီတောထဲမှာ ယာယီတဲထိုးပြီး ဦးလေးကထားပေးတယ်၊ ရွာထဲဝင်မယ်လုပ်တော့ နင်ဒီမှာ နေဦးဆိုပြီး ထားခဲ့တယ်။ ရွာထဲကို ၀င်သွားပြီး ကျွန်မတို့ သားအမိစားဖို့  ထမင်းဟင်းချက်ပြီး ယူလာတယ်။ ကျွန်မတို့  အစာရေစာငတ်တော့ အားရပါးရ ပလုတ်ပလောင်း စားတယ်။ ဒါပင်မဲ့ ထမင်းဟင်းမစားရတာ သုံးလေးရက်ရှိပြီမို့  လည်ချောင်းကများ ကျဉ်းနေလို့ လား ။ ရုတ်တရက် မျိုမကျဘူး၊ နည်းနည်းချင်း စားရတော့တယ်။ ထမင်းစားပြီး ခရီးဆက်တယ်။
    မနက်မိုးမလင်းတလင်းမှာ ဗမာရွာဖြစ်တဲ့ အန်ဂလဲရွာကို ရောက်တယ်။ ရွာသားတွေက ကျွန်မတို့ ကို လက်မခံဘူး။ အဲဒါကြောင့် မွန်ရွာဖြစ်တဲ့ ကောမနှောရွာကို ဆက်သွားတယ်။ အဲဒီမှာလည်း လက်မခံပြန်ဘူး။
    နောက် ကော့မနှောကျေးရွာကနေ ကောဗွီရွာကို ပြန်လှည့်ခေါ်သွားတယ်။အဲဒီရွာကတော့ ဘင်္ဂါလီမွတ်စလင်ရွာ ဖြစ်ပါတယ်။ ရွာမှာ ကျွန်မအမျိုးတွေ ရှိပါတယ်။ အမျိုးတွေအိမ်မှာပဲ တစ်ညအိပ်ပါတယ်။ နောက်နေ့ မှာ ပိန္ဒဲကုန်းကျေးရွာ ဘက် ဆက်သွားတယ်။ဘင်္ဂါလီမွတ်စလင် လူကြီးတွေကို ကျွန်မ ကုလားကုန်းက အမျိုးသမီးပါလို့  ပြောပြတယ်။ သူတို့ က ကုလားကုန်းရွာသားတွေကို လက်မခံရဘူးလို့  ဂျပန်က အမိန့် ထုတ်ထားတယ်ဆိုတာနဲ့  ရွာထဲမှာ မနေရဘူး။ ပိန္ဒဲကုန်းကွင်းထဲမှာ သွားနေရတယ်။ ဘကြီးတို့ က ထမင်းလာပို့ ပေးတယ်။
    ကျွန်မရွာရောက်လို့  သတင်းရလိုက်တာက  ကျွန်မတို့ (၁၁)ယောက် အုပ်စုထဲက ကျွန်မညီမ အနွန်နဲ့  မိကျားတို့  နှစ်ယောက်ပါ ထွက်ပြေးလွတ်မြောက်သွားတယ်၊ နောက်ကျန် အမျိုးသမီး ရှစ်ယောက်ကို အလယ်တံခွန်တိုင် (သံဖြူဇရပ်လမ်း) ထိ ခေါ်သွားတယ်။ ဂျပန်တွေက အဲဒီအမျိုးသမီးတွေကို အဓမ္မကျင့်ခဲ့တယ်။ အဲဒီမှာ မိန်းကလေးနှစ်ယောက် ထပ်မံထွက်ပြေးလွတ်မြောက်သွားတယ်၊ ကျန်တဲ့ အမျိုးသမီးတွေကို ဂျပန်တွေ ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်၊ လူကိုလည်း အဓမ္မကျင့်၊ အသက်ကိုလည်းသတ်၊ ဘက်စုံ ရိုင်းစိုင်းတဲ့ ဖက်ဆစ်ရဲ့ သရုပ်သကန်ပါပဲ။
    (ဒေါ်စကီမာဘီ(ခေါ်) ဒေါ်အုန်းကြည် ၏ ပြောပြချက်များဖြစ်ပါတယ်။)
    ထိုနည်းတူ စာရေးဆရာခင်ကြီးအောင်ရေးတဲ့ ဘူရှိဒိုသူရဲကောင်းတို့ ၏ စစ်ရာဇ၀တ်မှုများ (သုတပဒေသာ စာစောင် ၂၁၊ အမှတ်(၃) ၊ ဇူလိုင်လ ၁၉၉၄) ဆောင်းပါး စာမျက်နှာ ၁၅၀၊ တတိယကော်လံ၊ တတိယပိုဒ် နောက်ဆုံးကြောင်းမှာ အခုလို ရေးသားထားပါတယ်။
              “ဇူလိုင်လ ၁၂ရက်တွင် သူတို့ ဖယ်ထားသော ကျေးရွာသူ ၁၀ယောက်ကို ခေါ်ကာ ထွက်ပြေးသွားကြသည်။ ၎င်းအမျိုးသမီးများကို နောက်တစ်ကြိမ် ဘယ်သောအခါမျှ ပြန်၍ မတွေ့ ရတော့ပါ။’’
    ကွဲလွဲချက်အနည်းငယ်
    ဆရာကြီး ၀မ်းအိုဝမ်းကျော်ဝင်းမောင် ၁၉၈၀ပြည့်နှစ် ဧပြီလ ၂၂ရက်နေ့ မှာ တွေ့ ဆုံမေးမြန်းခဲ့သော ကုလားကုန်း ကျေးရွာက အသက်(၆၅)ရှိပြီဖြစ်တဲ့ ဒေါ်စကီမာဘီ (ခေါ်) ဒေါ်အုန်းကြိုင် ပြောပြရာတွင် အမျိုးသမီး(၁၁)ယောက် ရွေးဖယ်ထားပြီး ဂျပန်တွေအတွက် သရေစာတွေ လုပ်ပေးရတယ်။ ဖမ်းထားရာကနေ ဒေါ်အုန်းကြိုင် အရင်ဆုံး ထွက်ပြေး လွတ်မြောက်ခဲ့တယ်။
    ထို့ အတွက်ကြောင့် အလယ်တံခွန်တိုင်(သံဖြူဇရပ်) တွင် ထွက်ပြေးလွတ်မြောက်မှု မရှိခဲ့ဘူးဆိုရင်လည်း ဒေါ်အုန်းကြိုင်၏ ညီမ နှစ်ယောက်ကတော့ ကုလားကုန်းကျေးရွာမှာ ကတည်းက လွတ်မြောက်ခဲ့တယ်ဆိုတော့ အလယ်တံခွန်တိုင် (သံဖြူဇရပ်)တွင် အမျိုးသမီး ၈ဦးတော့ သတ်ဖြတ်ခံခဲ့ရကြောင်း ယူဆရပါသည်။
    စာရေးဆရာခင်ကြီးအောင် ရေးသားချက်ထဲမှာ (၁၀) ယောက်ဆိုတာ ကလေးနဲ့ ဆို (၁၁)ယောက် ၊ (၁၅နှစ် မိန်းကလေးနဲ့  သူ့ အဒေါ်ကလေး)အဲဒီလိုကွာခြားချက်ရယ်၊ ဂျပန်တွေ ခေါ်သွားတဲ့ အဲဒီ(၁၀)ယောက်ကို နောက်တစ်ကြိမ် ဘယ်သောအခါမျှ ပြန်၍ မတွေ့  ရတော့ပါလို့  ဖော်ပြထားပါတယ်။ အမှန်က အဲဒီလို ခေါ်သွားတဲ့ အမျိုးသမီးတွေ ရဲ့ သတင်းဟာ ပျောက်ကွယ် မသွားခဲ့ပါ။ သူတို့ တစ်တွေကို ဂျပန်တွေက ရက်စက်စွာ သတ်ထားခဲ့ကြောင်း၊ သူတို့ ကို မြှပ်နှံရာသင်္ချိုင်းကို ကုလားမသင်္ချိုင်းဆိုပြီး သမိုင်း မှတ်တိုင်တွင် ကျန်ရစ်ခဲ့တယ်။
    အထောက်အထားတစ်ချို့
    အင်္ဂလိပ်တွေက ၀င်လာတော့ အဲဒီကရွာသားတွေကို စစ်ရိက္ခာတွေ ဖြန့် ဖြူးပေးတယ်။ လွတ်လပ်ရေးရပြီးစထိ ထောက်ပံ့ငွေတွေ ရိက္ခာတွ ပို့ ပေးတယ်လို့  ပြောပြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ အင်္ဂလိပ်အစိုးရက ဒီလို ကုလားကုန်းက ကလေးလူကြီး မိန်းမယောက်ျား ၇၆၉ယောက်တို့ အား ဂျပန်ဖက်ဆစ်တွေက ရက်ရက်စက်စက် သတ်ဖြတ်ပြီး ရွာရှိရေတွင်း ၂၂တွင်းထဲ အရှင်လတ်လတ် သွေးစိမ်းရှင်ရှင်နဲ့  မရူမလှ သေဆုံးရတဲ့အတွက် ‘ကရုဏာကြေးပေးမယ်’ ဆိုပြီးလုပ်ခဲ့တယ်။
    သေသူများနဲ့  ပတ်သတ်တဲ့ ပုံစံတွင် ထည့်သွင်းဖေါ်ပြရန် စာရွက်စာတမ်းများတောင် ပေးခဲ့ပါတယ်။ ဒါပင်မဲ့ မြန်မာပြည်လွတ်လပ်ရေး ရပြီးတဲ့အခါမှာ စစ်လျောကြေးပေးမယ်ဆိုတဲ့ အစီအစဉ်တွေ အကောင်အထည် မပေါ်တော့ပါ။
    စစ်ခုံရုံး
    ဒီအမှုစစ်ဆေးစဉ် တရားလိုဘက်မှ သက်သေအဖြစ်
    အီရှစ်အာမတ် (ဒီဆိပ်ဖူးဟန် အသက်၈၀)
    ဦးမာမက်ဒူလာ – ကုလားကုန်း
    ဦးရာရှစ်         –  ဖားဖျောက်
    ဦးရှစ်အာမက်  –  ကုလားကုန်း
    ဒေါ်ဆာရာဘီ   –
    အခြားအမျိုးသမီးကြီး  –           တို့ ဖြစ်ပါတယ်။
    ဂျပန်တွေကို မဟာမိတ်စစ်အရာရှိတွေက စစ်ခုံရုံးတင်တဲ့အခါ ဂျပန်တွေက ဘာတွေ ဆင်ခြင်ပေး လျှောက်လဲကြသလဲဆိုတာ စာရေးဆရာ ခင်ကြီးအောင်၏ ဘူရှိဒိုသူရဲကောင်းတို့ ၏ စစ်ရာဇ၀တ်မှုများဆောင်းပါး (ဇူလိုင်လ ၁၉၉၄ထုတ်၊ သုတပဒေသာစာစောင်) အတွဲ ၂၁၊ အမှတ်(၂၃)မှာ ယခုလို ရေးသားထားပါသည်။
    စစ်ခုံရုံးတွင် ရာဇ၀တ်မှု ကျူးလွန်ခဲ့သူ ဂျပန်စစ်ဗိုလ်များက ခုခံကာကွယ် လျှောက်လဲကြပုံ
    “ကုလားကုန်းရွာများသည် ထိုဒေသတွင် လှုပ်ရှားသော မြန်မာ့တော်လှန်ရေးတပ်သားများနှင့် ဗြိတိသျှ လေထီးတပ်သားများကို အကူအညီပေးခဲ့ကြသူများဖြစ်၍ ၎င်းတို့ သတ်ဖြတ်နှိပ်ကွပ်ခြင်းမှာ တရားသောဆောင်ရွက်မှု ဖြစ်သည်။ ထိုဒေသရှိ ရန်ပြုသူများအား ရှင်းလင်းရာတွင် ဤကိစ္စမှာ စစ်ဆေးလိုအပ်ချက်အရ လုပ်ဆောင်ရခြင်းဖြစ်၍ အပြစ်မရှိကြောင်း။
    မည်သို့ ပင်ဖြစ်စေ စစ်ရာဇ၀တ်ကောင်များ ဆင်ခြင်ပေး လျှောက်လဲကြသည်ဖြစ်စေ လက်နက်မဲ့ ရွာသူရွာသား ၇၆၉ယောက်ကို အစုလိုက်အပြုံလိုက် သွေးအေးအေးနှင့် စိမ်ပြေနပြေသတ်ဖြတ်ခဲ့ခြင်းမှာ စစ်ရာဇ၀တ်မှုကြီး မဟုတ်ဟူ၍ မည်သူမျှ ငြင်း၍မရနိုင်ပါ။
    လက်တွေ့ ကျူးလွန်သည့် ဂျပန်စစ်ရာဇ၀တ်ကောင်တို့ က အထက်အမိန့် အရ ဆောင်ရွက်ရပါသည်ဟု ဆင်ခြေပေး လျှောက်လဲကြခြင်းမှာလည်း ပေးသောအမိန့် သည်ပင်လျှင် အပြည်ပြည်ဆိုင်ရာ စစ်ခင်းမှုဥပဒေနှင့် မညီမညွတ်သဖြင့် မည်သည့်နည်းနဲ့ မျှ ကုလားကုန်းရွာ လူသတ်ပွဲကြီးကို စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်း မဟုတ်ပါဟုယူဆရန် ခက်ခဲလှပေသည်။
    မဟာမိတ်စစ်ခုံးရုံးက ကုလားကုန်း ရွာသူရွာသားများကို သတ်ရန် အမိန့် ပေးပြီး ကိုယ်တိုင်လည်း ပါဝင်ခဲ့တဲ့ ဖက်ဆစ်ဂျပန် ဗိုလ်ကြီး အဆင့်ရှိတဲ့ ဗိုလ်ကြီးအီရှီကာဝါနဲ့  တခြားစစ်ဗိုလ်များကို သက်သေများရဲ့ ထွက်ဆိုချက်အရ အမှုကျူးလွန်ခဲ့ကြောင်း ထင်ရှားတဲ့အတွင် သေဒဏ်ပေးလိုက်ပါတယ်။
    ကျေးဇူးတင်ရှိခြင်း
    စာရေးသူအား အခုလို စိတ်ရှည်လက်ရှည် ဂျပန်လှံစွပ်ဓါးသွားအောက်က အသက်ကို လုပြီး ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ ဒေါ်စကီမာဘီ(ခေါ်) ဒေါ်အုန်းကြိုင်အား အထူးကျေးဇူးတင် ဂုဏ်ပြုချီးကျူး ပါတယ်။ အစအစအရာရာ အကူအညီပေးခြင်း ၊ ကိုယ်တွေ့ သမိုင်းများ ပြောပြပေးတဲ့ ဦးဇာလီနဲ့ မိသားစု၊ ဦးဒေ၀ါနာလီ ၊ ဒေါ်မိကျား၊ ဒေါ်အီကျွတ်ဘီ၊ မော်လ၀ီ ယာကွတ်( ရန်ကုန် ဆူဖီယာကျောင်းဆရာ) နှင့်တကွ ဖားဖျောက်၊ ကုလားကုန်းရွာတို့ မှ အစစအရာရာ ကူညီပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
    ရန်ကုန်သို့ အပြန်
    ဦးဇာလီက စာရေးသူအား ကုလားကုန်းရွာမှ လှည်းကြုံရှိတဲ့အတွက် ၁၄-၄-၁၉၈၀ ရက်နေ့  မနက်လှည်းကြုံနှင့် ကျိုက်မရောလှည်းဆိပ်ကို လိုက်ပို့ စေခဲ့ပါတယ်။ ကျိုက်မရောက ဆက်လာပြီး မော်လမြိုင် ဈေးကြီး ဗလီဝင်းမှာပဲ တည်းခိုအိပ်စက် ပါတယ်။ နောက်တစ်နေ့  ၂၅-၄-၁၉၈၀ ရက် မနက် ရန်ကုန်သွားမယ့် ရထားနဲ့ လိုက်ခဲ့ပါတယ်။ 
    ဂျပန်စစ်လျော်ကြေးကိစ္စ
    ဒုတိယကမ္ဘာစစ်အတွင်းက တရုတ်ပြည်၊ ကိုရီးယား၊ ဖော်မိုဆာ၊ စင်င်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် အစရှိတဲ့ နိုင်ငံများကို ကျူးကျော်မှုတွေ လုပ်ခဲ့တဲ့အတွက် ယနေ့ သက်ဆိုင်ရာ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ထံ ၀န်းချတောင်းပန်တာ တွေကြားရပါတယ်။
    စစ်တွင်းက ကိုရီးယား အမျိုးသမီးတွေကို ဂျပန်တပ်မတော်သားများအတွက် ပြည့်တန်ဆာများအဖြစ်၊ ဆောင်ကြာမြိုင်မယ်များ အဖြစ် အတင်းအဓမ္မစေခိုင်းခဲ့တဲ့အတွက် အဲဒီတုန်းက ပါဝင်အသုံးတော်ခံခဲ့ရတဲ့ အသက်ထင်ရှား ရှိတဲ့ ကိုရီးယား အမျိုးသမီးကြီးများက လက်ရှိ ဂျပန်အစိုးရထံ လျောကြေးတောင်းခံခဲ့ပါတယ်။
    အလယ်တံခွန်တိုင် (သံဖြူဇရပ်လမ်း)မှာ အမျိုးသမီးတွေကို မုဒိမ်းဝအောင် ကျင့်ပြီး သတ်ခဲ့တယ်။ ယခုတိုင် ကုလားမသင်္ချိုင်းလို့  သမိုင်းမှာ အထင်ကရ ရှိခဲ့တယ်။
    ဒုတိယကမ္ဘာစစ်ပြီးစကတော့ ဂျပန်က မြန်မာပြည်ကို စစ်လျော်ကြေးပေးတယ်ဆိုတာ ကြားရပါတယ်။ ဒါပင်မဲ့ ဒီလို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ရွာသူရွာသားတွေကို ၀မ်းနည်းစကား တစ်ခွန်းတစ်လေမှ ဒီနေ့ ထိလည်း လာမပြော၊ လျော်ကြေးလည်း တစ်ပြားတစ်ချပ်မှ မပေး။ ဒီလို ဥပေက္ခာပြုထားခြင်း ခံရတာဟာ အရုပ်ဆိုး အကျည်းတန်လှပါတယ်။ ဒီလို လျစ်လျူရူထားတဲ့အတွက်လည်း ၀မ်းနည်းစရာပါ။
    မူရင်းစာအုပ် အစအဆုံးဖတ်လိုလျှင်
      ပြန်လည်ဝေမျှသူ
     တင်မင်းထွဋ်
  • သေဖေါ် သေဖက်ပါ။ ရှင်ဖေါ် ရှင်ဖက် မဟုတ်ဘူးလား
    သေဖေါ် သေဖက်ပါ။ ရှင်ဖေါ် ရှင်ဖက် မဟုတ်ဘူးလား
    နိုဝင်ဘာ ၂၂၊၂၀၁၂
    M-Media
    အောင်တင်
    ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ မျိုးချစ်ပါတီ၊ ကရင်ဗဟိုအဖွဲ့၊ ရခိုင်အမျိုးသား ကွန်ဂရက်၊ ဗမာမွတ်စလင် ကွန်ဂရက်၊ ကရင်လူငယ်အဖွဲ့၊ မွန်အစည်းအရုံး၊ တို့ဗမာအစည်းအရုံး၊ ဆင်းရဲသား ဝံသာနုအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအဖွဲ့စတဲ့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင် ဦးဆောင်အဖွဲ့ပေါင်း (၁၅)ဖွဲ့ တက်ရာက်ခဲ့တဲ့ ၁၉၄၆ ဇန္နဝါရီလ (၁၇)မှ (၂၃)အထိ ရွှေတိဂုံအလယ်ပစ္စယံတွင် ကျင်းပသော ဖဆပလ နိုင်ငံလုံးကျွတ် ညီလာခံကြီးသည် အနာဂတ် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အသက်ဝိညာဉ်၊ ပင်လုံကို မွေးဖွားခဲ့တဲ့ မိခင်ဆိုတာကို အလေးအနက်ထား သိရှိသူ နည်းမယ်ထင်ပါတယ်။
    ခုနှစ်ရက်တိုင် ကျင်းပခဲ့တဲ့ အဲဒီညီလာခံကြီးမှာ ဆုံးဖြတ်ချက်ပေါင်း (၈)ခု ချမှတ်ခဲ့တယ်။ ရှမ်းပြည်၊ ချင်းတောင်၊ ကချင်တောင်တန်းဒေသများမှ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗမာခေါင်းဆောင်များကသာ (ဗြိတိသျှ စွက်ဖက်မှု မပါဘဲ) လွတ်လပ်ပြီး မြန်မာနိုင်ငံတော်နှင့် ခွဲရေး၊ တွဲရေးကို ဆုံးဖြတ်ရမည်ဆိုတဲ့ ဆုံးဖြတ်ချက် အမှတ်(၇)ကိုသာ မချမှတ်နိုင်ခဲ့ရင် ယနေ့မြင်တွေ့နေရတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတာ ပေါ်ပေါက်လာဖို့မရှိဘဲ ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်၊ ကယားပြည်တွေမပါတဲ့ တစ်ခြမ်းပဲ့ မြန်မာနိုင်ငံငယ်ကလေးသာ ဖြစ်သွားနိုင်တာက ငြင်းမရတဲ့ သမိုင်းဖြစ်ပါတယ်။ ဒါကြောင့် ရွှေတိဂုံအလယ်ပစ္စယံ ညီလာခံသည် အနာဂတ် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့တဲ့ တိုင်းပြု ပြည်ပြု ညီလာခံကြီးဖြစ်ပါတယ်။ (အဆို(၇)ကို ပင်လုံပိသုကာ တစ်ဦးလည်းဖြစ်တဲ့ ဗမာမွတ်စလင် ကွန်ဂရက် ကိုယ်စားလှယ် ဦးဖေခင်က တင်သွင်းခဲ့တယ်။)
    ဒီတိုင်းပြုပြည်ပြု ညီလာခံကြီးမှာဘဲ ဆရာကြီး ဒီးဒုတ်ဦးဘချို တင်သွင်းခဲ့တဲ့ အဆိုအမှတ်(၆)မှာ ဗမာမွတ်(စ)လင်များကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုကြောင်းကိုလည်း ဆုံးဖြတ်ခဲ့ပါတယ်။
    ဘာကြောင့် ဗမာမွတ်စလင်တွေကို တိုင်းရင်းသားအဖြစ် အခုလို ဆုံးဖြတ်သတ်မှတ်ရပါသလဲ။
    သခင်မျိုးဟေ့ ဒို့ဗမာကစခဲ့တဲ့ သခင်အမည်ခံ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူတွေဟာ မြန်မာ့သမိုင်းမှာ အင်မတန် ဂုဏ်ယူစရာကောင်းသူတွေ ဖြစ်ပါတယ်ဆိုရင် မှန်ပါတယ်။ သို့သော် သခင်လှုပ်ရှားမှုအစမှာ ဗမာတွေက ရဲရဲတောက် အလုံးအရင်းနှင့် သခင် သခင်မ အမည်တွေခံပြီး အင်္ဂလိပ်ကို အံတုဆန့်ကျင်ခဲ့ကြတယ်ဆိုရင်တော့ တက်တက်စင်အောင် လွဲပါတယ်။ သခင်ပေါက်စ ထောင်ခြောက်လလို့ အလှောင်အပြောင်ခံခဲ့ရတဲ့ သခင်ဘွဲ့ခံသူတွေဟာ အထင်သေးခံ၊ နှာခေါင်းရှုံ့ခံရတဲ့၊ အချိန်မရွေး ပုလိပ်အဖမ်းခံရနိုင်တဲ့၊ သမီးရှင်တွေ နှာခေါင်းရှုံ့တတ်တဲ့ ပျက်ရယ်ပြုခံ လူတန်းစားတစ်ရပ် အမှန်ဖြစ်ခဲ့ပါတယ်။ ဒီကာလမျိုးမှာလည်း မြန်မာမွတ်စလင် သခင်တွေ အများအပြား ပေါ်ထွက်ခဲ့ရုံမက ဒို့ဗမာမွတ်စလင် အစည်းအရုံးကိုပင်တည်ထောင်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် အခြားသခင်များနှင့် ရင်ဘောင်တန်း တိုက်ပွဲဝင်ခဲ့ကြပါတယ်။
    ကျောင်းအုပ်ကြီးတွေ့ရင် ဆလံပေး၊ အလေးပြူရတဲ့ ခေတ်ကြီး(ဦးနုရဲ့ တာတေစနေသား)မှာ၊ တက္ကသိုလ်က အခမ်းအနားတွေ၊ အစည်းအဝေးတွေမှာ God Save the King သီဆိုပြီးမှ ဖွင့်လှစ်ရပြီး အင်္ဂလိပ်ကို ဘုရားထူးနေရတဲ့ ခေတ်ကြီးမှာ ဗမာမွတ်စလင် ကိုထွန်းစိန် (တကသ ဥက္ကဌ)က ဒီကျွန်သီချင်းကို မဆိုနိုင်ပါဘူး။ ငါတို့ဟာ သခင်တွေဖြစ်လို့ ဒို့ဗမာအစည်းအရုံးရဲ့ သခင်သီချင်းကိုဘဲ ဆိုရမယ်လို့ ကျောင်းသားအစည်းအဝးမှာ ပထမဆုံး အဆိုတင်တောင်းဆိုခဲ့တယ်။ အဲဒီကစပြီး တက္ကသိုလ်အခမ်းအနားတွေမှာ ဒို့ဗမာအစည်းအရုံး သီချင်းကိုသာ အစဉ်အဆက် သီဆိုကြပါတော့တယ်။
    ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်က ဂျပန်နှင့်အတူ မြန်မာပြည်ကို ဝင်ရောက်လာပြီးနောက် မရှေးမနှောင်းမှဘဲ ဂျပန်ရဲ့ ဂတိမတည်၊ ရက်စက်ယုတ်မာမှုတွေကြောင့် ဂျပန်ကိုပြန်ချဖို့ ဖဆပလ(ဆတပလ)ကို လျှို့ဝှက်ဖွဲ့စည်းခဲ့ပါတယ်။ အထက်ဗမာပြည်ကို ဦးဆောင်ဖို့ မန္တလေးခရိုင် ဖဆပလအတွက် ခေါင်းဆောင် ရှာခဲ့ကြတယ်။ အထက်ဗမာပြည်မှာရှိတဲ့ ထင်ရှားသော နိုင်ငံရေးခေါင်းဆေင်များကို ဥက္ကဌတာဝန်ယူဖို့ လက်လှမ်းမီရာ ချဉ်းကပ်စည်းရုံးခဲ့တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်ဂျပန်ကို အံတုမဲ့ မြေအောက် သူပုန် ဖဆပလ ဥက္ကဌနေရာကို ယူဝံ့သူ မရှိခဲ့ကြဘူး။
    မင်းတို့ အစိုးရကျောင်းက အိုင်စီအက်စ် (Indian/Imperial Civil Service အင်္ဂလိပ်သစ္စာတော်ခံ အရာရှိ) တစ်ယောက်ထွက်ရင် ငါ့အမျိုးသားကျောင်းက လွတ်လပ်ရေးတိုက်ပွဲဝင် သူပုန်ဆယ်ယောက် ထွက်စေရမယ်ဟေ့လို့ ကြုံးဝါးခဲ့တဲ့ ဆရာကြီး ဦးရာဇတ်က လူတကာ မလုပ်ရဲတဲ့ ဖဆပလ ဥက္ကဌတာဝန်ကို ကြေကြေနပ်နပ်ကြီး ယူခဲ့ပြီး ဓါးသွား(ဖက်ဆစ်)ပေါ်က ပျားရည်စက်(လွတ်လပ်ရေး)ကို ရဲရဲကြီး လျှက်ခဲ့တယ်။ (အခုတော့ ကုလားလူလိမ် ရာဇတ်ဆိုပြီး ဖေ့စ်ဘွတ်တွေမှာ စော်ကားလာကြပါပြီ။)
    ဂျပန်ပြေး၊ အင်္ဂလိပ်ပြန်ဝင်ပြီး သခင်တွေ၊ ဘီအိုင်အေတွေ ခေတ်ကောင်းတော့ လူတိုင်း သခင်ဖြစ်ချင်ကြတယ်။ တစ်မတ်ပေးရင် ဒို့ဗမာအစည်းအရုံးဝင် သခင်လက်မှတ်ရတာမို့ တစ်မတ်သခင်လို့တောင် ခေါ်လာကြပြီ။ ဖဆပလကလည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာတယ်။ ဖဆပလ တန်ခိုးထွားလာတယ်။ အဲဒီအခါကျမှ မဟာတစ်ချို့က ဆရာကြီးဦးရာဇတ် ကုလားဖြစ်ကြောင်း သိလာကြဟန်တူပါတယ်။ ကုလားကြီး ဦးရာဇတ်ကို မြန်မာ့ဦးစွန်း နေပြည်တော် အထက်မြန်မာပြည်ရဲ့ ဖဆပလ ဥက္ကဌနေရာ မခန့်သင့်ဘူးလို့ ကန့်ကွက်ကြပါတော့တယ်။  သံဃာတော်များအပါအဝင် ရဟန်းရှင်လူတွေက ဘယ်သူမှ မလုပ်ချင်တုန်းက အသေခံပြီးလုပ်ခဲ့တဲ့ ဆရာကြီးဦးရာဇတ်ကလွဲပြီး ဘယ်သူကိုတင်တင် လုံးဝ လက်မခံနိုင်ဘူးလို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပယ်ချခဲ့ကြတယ်။ ဒါက သမိုင်းပါ။
    ကုလား၊ ပသီ၊ ဇေတဘာဒီ၊ မြန်မာမွတ်စလင်ဆိုတဲ့ အမည်တွေဟာ ကျောက်စာတင် သမိုင်းဝင် စကားလုံးတွေဖြစ်ပါတယ်။ ပထမမြန်မာနိုင်ငံတော် စတည်ထောင်တဲ့ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ကပင် တည်ရှိခဲ့တဲ့ တိုင်းကျိုးပြည်ဆောင်၊ တိုင်းပြု ပြည်ပြု အစ္စလာမ်ဘာသာဝင် မြန်မာပြည်သားတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ မြန်မာမွတ်စလင်တွေဟာ ပတ်စ်ပို့နှင့် ခုန်ချလာသူ၊ မလွယ်ပေါက်က ခိုးဝင်လာသူ၊ မနေ့တနေ့ကမှ နိုင်ငံသားအဖြစ် ကျမ်းကြိမ်ခဲ့သူတွေ တစ်ယောက်မှ မဟုတ်ဘူးဆိုတာကို သိသိကြီးနှင့် မိမိကိုယ်ကို အိမ်ရှင်အတင်းလုပ်ပြီး ဘာဖြစ်လို့ အခုမှ ဧည့်သည်သဖွယ်၊ နိုင်ငံခြားသားသဖွယ် ခွဲခြားဆက်ဆံနေကြတာလဲ။ အစ္စလာမ်ဘာသာကို နိုင်ငံခြားဘာသာလို့ ဆိုလာရတာလဲ။ မြန်မာပြည်မှာ နိုင်ငံခြားက မလာတဲ့ ဘာသာရှိလို့လား။ မသိလို့ မရှက်တာလား။ မရှက်တတ်လို့ဘဲ မသိချင်ယောင် ဆောင်နေကြတာလား။
     ဒုတိယကမ္ဘာစစ်မတိုင်မီ ဦးစောနန်းရင်းဝန်အဖြစ် တာဝန်ယူစဉ်က အစ္စလာမ်ဘာသာဝင် မြန်မာပြည်သားတွေကို မြန်မာမွတ်စလင် အဖြစ်သာ တစ်ပြေးညီ သတ်မှတ်ခေါ်ဝေါ်ဖို့၊ ၁၀နှစ် တစ်ကြိမ်ကောက်သော သန်းခေါင်စာရင်းတွင်လည်း မြန်မာမွတ်စလင် အဖြစ်သာ ကောက်ယူဖို့ အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တယ်။
    ၁၉၆၀လောက်မှာ ဝန်ကြီးချုပ်ဦးနုက မြန်မာမွတ်စလင်ဆိုတာက ဘာသာရေးနှင့် လူမျိုးအမည်ကို တွဲဖက်ထားခြင်းဖြစ်၍ မသင့်လျော်သဖြင့် မြန်မာမွတ်စလင်လို့ မသုံးကြဘဲ အစ္စလာမ်ဘာသာကို ကိုးကွယ်သော မြန်မာတွေ၊ မြန်မာလူမျိုး အဖြစ်သာ ခေါ်ဝေါ်ဖို့၊ လက်ခံဖို့ တိုက်တွန်းခဲ့တယ်။ ဦးနု ထောက်ပြချက်က မှန်ပါတယ်။ ဒါနဲ့ အစ္စလာမ်ဘာသာဝင် မြန်မာ၊ ကရင်၊ ရှမ်း၊ ရခိုင်စသဖြင့် ခေါ်ဝေါ်စေလိုသူနှင့် ပသီဟူ၍ ခေါ်စေလိုသူဆိုပြီး မြန်မာမွတ်စလင် အုပ်စုအတွင်း အကြမ်းအားဖြင့် အယူအဆနှစ်ခု ပေါ်ပေါက်ခဲ့တယ်။
    မရှေးမနှောင်းမှာဘဲ ကျေးဇူးရှင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်တော့ တိုင်းရင်းသားရေး၊ ပြည်ထောင်စုရေး အပါအဝင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတွေ အားလုံးရပ်သွားပြီး တစ်နိုင်ငံလုံး နောက်ပြန်ဆုတ် အမှောင်တိုက်ကျခဲ့ရတယ်။ မြန်မာလား၊ ပသီလား၊ မြန်မာမွတ်စလင်လားဆိုတဲ့ အသုံးအနှုံးတွေဟာ မတင်မကျနဲ့ ယနေ့ထိအောင် ရှုပ်ထွေးနေဆဲဖြစ်နေတယ်။ ဒါကြောင့်လဲ ကုလားဆိုတဲ့ အသုံးအနှုံးက ခေါင်းပြန်ထောင်လာခဲ့တယ်။
    မြန်မာပြည်မှာ တိုင်းရင်းသား (၁၄၄)မျိုးရှိတယ်လို့ ဗိုလ်နေဝင်းက သတ်မှတ်ပြီး၊ ဗိုလ်စောမောင်က (၁၃၅)မျိုးလို့ သတ်မှတ်တယ်။ အခု ဒီမိုကရေစီ ဗိုလ်ဦးခင်ရီက (၁၀၁)မျိုးလို့ သတ်မှတ်ထားတယ်။ ထူးဆန်းတာက တိုင်းရင်းသားဖြစ်မှုကို တိုင်းရင်းသားပြည်သူလူထုကို တစ်ခါဘူးမျှ ချပြဆွေးနွေးခြင်းမလုပ်ဘဲ အာဏာရှင်များကသာ တိုင်းရင်းသားဖြစ်စေ သတည်းဆိုပြီး တစ်ချက်လွှတ်အမိန့်နှင့် သတ်မှတ်တာချည်းဘဲ ဖြစ်နေတယ်။ ပိုထူးဆန်းတာက တိုင်းပြည်လုံခြုံရေး အတွက် ဒီလောက်အရေးကြီးတဲ့ တိုင်းရင်းသားဖြစ်ခြင်းကို အုပ်ချုပ်သူများက အခုလိုအကြိမ်ကြိမ် တာဝန်မဲ့ ထင်ရာစိုင်း ပြဌာန်းနေတာကို ဝတ်ကြေ တန်းကြေ ကန့်ကွက်ရုံအပြင် ဘယ်တိုင်းရင်းသားကမှ အလေးအနက်ထားဟန် မတွေ့ရတာဘဲ။
    ဗိုလ်ချုပ်နေဝင်း သတ်မှတ်တဲ့ တိုင်းရင်းသား (၁၄၄)မျိုးမှာ မြန်မာမွတ်စလင်ပါသလို၊ ဦးနုခေတ်က တိုင်းရင်းသား သတ်မှတ်ခဲ့တဲ့ ရိုဟင်ဂျာကိုလည်း ရခိုင်စစ်တကောင်းအဖြစ် ထဲ့သွင်းထားတယ်။ ရှစ်လေးလုံးအပြီး အာဏာသိမ်းတက်လာတဲ့ ကျန်စစ်သားမင်း ဗိုလ်စောမောင်က ဗိုလ်နေဝင်းရဲ့ (၁၄၄)ကို မာရှယ်လောနှင့် (၁၃၅) လုပ်လိုက်တယ်။ တိုင်းရင်းသား(၉)မျိုးကို ဘယ်ချောင်မှာ လူမသိ သူမသိ သတ်ပစ်လိုက်သလဲ မသိပါဘူး။ (၁၄၄)တုန်းက တရုပ်ဖြစ်လို့ ချန်ထားခဲ့တဲ့ ကိုးကန့်ကို (၁၃၅)မှာ တိုင်းရင်းသားဖြစ်စေသတည်းဆိုပြီး ထည့်လိုက်ပြန်သေးတယ်။ အခု ဒီမိုကရေစီ ဗိုလ်ခင်ရီက (၁၃၅)ကနေ (၁၀၁) လူမျိုးအဖြစ် ဒီမိုကရေစီလွှတ်တော်ကို ဘေးချိတ်ပြီး သတ်မှတ်လိုက်ပြန်တယ်။
    ဘယ်လောက်ထိ ပေါက်တတ်ကရတွေ လုပ်နေသလဲဆိုရင် အဲဒီဗိုလ်ခင်ရီရဲ့ လူမျိုး(၁၀၁)မျိုးထဲမှာ ဇိုမီးမပါတော့ ဇိုမီးပါတီကို နိုင်ငံရေးပါတီအဖြစ်ထောင်ဖို့ ငြင်းပယ်ခဲ့တယ်။ ဇိုမီးက တင်းခံတော့ ဇိုမီးကို တိုင်းရင်းသားပြန်ဖြစ်စေ လုပ်လိုက်ပြန်တယ်။ ဒါဆို တိုင်းရင်းသား (၁၀၂)မျိုးဖြစ်ရမှာပေါ့။ မဟုတ်ပါဘူး။ ဇိုမီးကို ထပ်တိုးပြီးလဲ တိုင်းရင်းသားက (၁၀၁)မျိုးဘဲလို့ ထပ်ပြောပြန်တယ်။ ဒါဆို (၁၀၁)မျိုးထဲက ကံဆိုးသူမောင်ရှင် ဘယ်လူမျိုးကို မျိုးဖြုတ်လိုက်ပြီး ဇိုမီးကို အစားထဲ့ခဲ့သလဲ။ တိုင်းရင်းသား (၁၃၅)ကနေ (၁၀၁)လုပ်တုန်းက ဒီမိုကရေစီအစိုးရဆိုသူက ဘယ်လူမျိုး (၃၄)မျိုးကို လူမသိ သူမသိ Genocide လုပ်လိုက်သလဲ။ တိုင်းရင်းသားဖြစ်စေ မဖြစ်စေကို အပျင်းပြေ ဂေါက်သီးရိုက်နေတယ်လောက် အောင်းမေ့နေတဲ့ ရှက်ကြောပြတ်နေသော အာဏာရှင်များက နိုင်ငံတော်လုံခြုံရေးကို အလေးထားပါတယ်ဆိုတာကို ယုံတဲ့သူတွေက ယုံနေဆဲပါ။ ဒို့မြန်မာပြည်ဖြစ်ပါတယ်။
    မေးစရာ ဆက်ဖြစ်လာတာက လူမျိုး(၁၀၁)ပါးဆိုတာကကော ဘာသဘောလဲ။ ဇိုမီးမရှိခင်က (၁၀၁)မျိုး၊ ဇိုမီးကို ပြန်ထဲ့ပြီးလဲ ဘာကြောင့် (၁၀၁)ဘဲ ဘာကြောင့် ဖြစ်နေရတာလဲ။ တစ်ရာ့တစ်ပါးသောမင်းတွေ ပဏ္ဍာကြို့ရတဲ့ ဗမာထီးဆောင်းမင်း လုပ်ချင်နေတုန်းဘဲလား။ အရင်ရောဂါဟောင်းက အကင်းမသေသေးဘူးလား။ ဒါလား ဒီမိုကရေစီ။ ဒါလား တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားတာ။
    တိုင်းပြည်လွတ်လပ်ရေးနှင့် တိုင်းပြုပြည်ပြုရေးတွေဖြစ်တဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ စာပေ၊ ပညာရေး၊ အနုပညာ၊ အားကစား၊ စီးပွါး၊ ငြိမ်းချမ်းရေး၊ တိုင်းပြည်ကာကွယ်ရေး၊ ပြည်ထောင်စု စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ရှစ်လေးလုံး၊ ရွှေဝါရောင် သံဃာအရေးအခင်းစတဲ့ ကဏ္ဍစုံမှာ မြန်မာမွတ်စလင် မပါခဲ့တဲ့နေရာ ရှိရင် ထောက်ပြပါ။ တိုင်းပြည်ကို ဆူပူအောင်၊ အကျိုးပျက်အောင်၊ အကြမ်းဖက်အောင်၊ မငြိမ်းချမ်းအောင်၊ မတိုးတက်အောင်၊ မစည်းလုံးအောင် မြန်မာမွတ်စလင်တွေ လုပ်ခဲ့တယ်ဆိုရင်လဲ ထောက်ပြပါ။ တိုင်းပြည်က တောင်းဆိုတဲ့အခါ မိမိရဲ့ အသက် သွေး ချွေးပေးဆပ်ရာမှာ မြန်မာမွတ်စလင်တွေ နောက်တွန့်ခဲ့ဘူးတယ်ဆိုရင်လဲ ထောက်ပြလိုက်ပါ။
    ၁၉၄၇ခု ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့ ပင်လုံစာချုပ် လက်မှတ်မထိုးမီညမှာ ဗိုလ်ချုပ်အောင်ဆန်း ဂတိပြုပြောကြားခဲ့တာက
    – – – ရှေးခေတ်က အော်လာကြတဲ့ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြားအမျိုးများလဲ ရှိသေးတယ်။ – – – သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ သသနာကို ကိုးကွယ်နိုင်ကြတာဘဲ။ ဗမာပြည်မှာ လူများစုက ဗုဒ္ဓဘာသာဖြစ်ပေမဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင်ဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုး ရှိတာဘဲ။ သည်တော့ ဒါတွေကိုစွဲပြီး လူမျိုးရေးတရား လုပ်လို့ မဖြစ်နိုင်ဘူး။ – – -(ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ၊ စာပေဗိမာန်)
    – – – ဒီမှာဆရာ၊ ကျနော်တို့က လူကြိုက်အောင် လုပ်နေကြတာမဟုတ်ဘူး။ ဒီလို မဟုတ်မဟတ်ကို စိတ်ထင်ရာတွေ ရှောက်လုပ်ကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ကြီးဟာ မကြာခင် ပျက်စီးပြိုကွဲပြီး ကျွန်သဘောက် ဖြစ်သွားကြမှာဘဲ။ ကျနော်တို့တိုင်းပြည်ထဲမှာ အလောင်းဘုရားလက်ထက်ကတည်းက ရှိခဲ့ကြတဲ့ မွတ်စလင်တွေရှိတယ်။ ဘရင်ဂျီတွေ ရှိတယ်။ အစကတည်းက ရှိလာခဲ့ကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေ ရှိတယ်။ တချို့ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာတွေ ရှိတယ်။ သူတို့တွေဟာလဲ အားလုံး နိုင်ငံသားတွေဘဲ။ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျနော်တို့ချည်း မဟုတ်ဘူး။ သူတို့တတွေပါ ပါကြပါတယ်။ အခုကျွန်တွင်းက လွတ်မယ်မှ မကြံသေးဘူး၊ သူတို့တတွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမယ်လို့ လုပ်လိုက်ရင် ကျုပ်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့အကောင်တွေ ဖြစ်သွားကြမှာပေါ့။ ဆရာ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ။ ဘာသာတွေ ဘာတွေ ညာတွေ လုပ်မနေပါနဲ့။ ကျနော်တို့ဟာ ကျနော်တို့ တိုင်းပြည်တစ်ခုလုံး စည်းရုံးနေဖို့လိုတယ်။ အမျိုး၊ ဘာသာ သာသနာဆိုတာတွေဟာ ရှေးရှေး ပဒေသရာဇ်မင်းတရားကြီးတွေရဲ့ စိတ်ကူးယဉ် ဘဝင်လေပင့်ပြီး ပြောခဲ့တဲ့စကားတွေပါ။ အခုအချိန်မှာ ကျနော်တို့လိုကြတာက ပြည်ထောင်စုကြီးထဲမှာရှိနေကြတဲ့ လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲသွားဘဲ ခွဲထွက်သွားမဲ့သူတွေ ပေါ်မလာစေဘဲ နိုင်ငံစိတ်ဓါတ် တစ်ခုထဲရှိနေအောင် သွင်းပေးဖို့ စည်းရုံးပေးဖို့ လိုနေတယ်။ နိုင်ငံတော်ဘာသာ ဗုဒ္ဓဘာသာလုပ်ချင်ရင် ဆရာကိုယ်တိုင် ဘဝရှင်မင်းတရားကြီး အမည်ခံပြီး သာသနာ့ဒါယကာတော် တက်လုပ်။ ပြီးတော့ စည်ကုံးခရိုင်နှင့်တကွ စိုးမိုးအုပ်ချုပ်တော်မူသော သီရိပရဝဓမ္မရာဇာ ဘဝရှင်မင်းတရားကြီး သာသနာ့ဒါယကာ ဘချို၏ ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာ့ဟာ ဆရာကြေညာ၊ ကျနော် မပါဘူး။ – – – (နိုင်ငံတော်ဖွဲ့စည်းပုံရေးဆွဲရာတွင် ဗိုလ်ချုပ်အောင်ဆန်းက ဒီးဒုတ်ဦးဘချိုသို့ ပြောကြားချက်- မီးဒုတ်သတင်းစာ၊ စက်တင်္ဘာ ၂၊ ၁၉၆၀)
    ၁၉၄၇ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ ၁၉၄၈ခုနှစ်နှင့် ၁၉၇၄ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေများအရ မြန်မာနိုင်ငံသား တိုင်းရင်းသားဖြစ်ပြီးသူ မြန်မာမွတ်စလင်များသည် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံခြားသားများ၊ သံသယများ၊ နိုင်ငံမဲ့များ၊ ဧည့်သည်များ၊ ဧည့်နိုင်ငံသားများသဖွယ် ဆက်ဆံခံနေရလာတယ်။ မွတ်စလင်ဖြစ်လျှင် မြန်မာမဖြစ်ရဟု လူမျိုးရေးအစွန်းရောက် ဥပဒေများကို သိက္ခာမဲ့စွာ ချမှတ် ကျင့်သုံးလာတယ်။ ရုပ်ရှင်မင်းသား မောင်မောင်တာသည် မွတ်စလင်ဖြစ်သဖြင့် မြန်မာလူမျိုးဖြစ်ခွင့် မရှိ။ ဘင်္ဂလီ-မြန်မာဟု မှတ်ပုံတင်တွင် စာရင်းသွင်းခံလိုက်ရတယ်။ သူ့ညီအရင်းကမူ ဗုဒ္ဓဘာသာကိုးကွယ်သဖြင့် မြန်မာဖြစ်ခွင့် ရရှိသွားသည်။ တစ်မိ တစ်ဖရင်းမှ မွေးဖွားသူများကိုပင် ကိုးကွယ်သည့်ဘာသာ အပေါ်အခြေခံပြီး လူမျိုးအမည်ကို ဗလောင်းဗလဲ ပြောင်းလဲသတ်မှတ်နေသော ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ထူးဆန်းသည့် အူကြောင်ကြောင် နိုင်ငံဖြစ်လာသည်။ လွတ်လပ်ရေးအတွက် အသက်စွန့် တိုက်ပွဲဝင်တုန်းက တို့အားလုံး၏ နိုင်ငံဟု ဆိုခဲ့ကြပြီး လွတ်လပ်ရေးရပြီးနောက် နင်တို့ မပါ၊ ငါတို့သာ ပိုင်တဲ့နိုင်ငံအဖြစ် သူရဲဘောကြောင်သူ ကြောင်သူတော် မဟာများက မရှက်မကြောက် ဆိုရဲလာသည်။
    မြန်မာတိုင်းရင်းသား မိဘ၊ ဘိုးဘွားစဉ်ဆက်က ဆင်းသက်လာခဲ့ကြသော ကျနော်တို့ မြန်မာမွတ်စလင်များတွင် ချစ်ရန်၊ သေရန်၊ အသက်စွန့်ရန် ဇာတိချက်ကြွေ အမိမြန်မာနိုင်ငံမှတစ်ပါး အခြားမရှိပါ။ မြန်မာပြည်သည် ဒို့ပြည်။ မြန်မာစာသည် ဒို့စာ။ မြန်မာစကားသည် ဒို့စကား၊ မြန်မာ့ယဉ်ကျေးမှုသည် ဒို့ယဉ်ကျေးမှုဖြစ်ပါတယ်။
    ကျနော်တို့ရဲ့ မွေးရာပါနိုင်ငံသားဖြစ်မှုကို ဦးသိန်းစိန်က ပေးမှ၊ ဦးသိန်းညွန့်က သဘောတူမှ၊ တစ်ဦးတစ်ယောက်က ခွင့်ပြုမှ၊ ၁၉၈၂နိုင်ငံသားဥပဒေနှင့် ကိုက်ညီမှ၊ ၂၀၁၄ခု သန်းခေါင်စာရင်းတွင် အမည်မှန်ထဲ့ပေးမှ ရရှိမည်ဟု လုံးဝ မယုံကြည်ပါ။
    ကျနော်တို့၏ မွေးရာပါအခွင့်အရေးကို စာနာနားလည်မှုရှိသော ပြည်ထောင်စုသားများနှင့် လက်တွဲ၍ ကာကွယ်သွားမည်။ အစ္စလာမ်ဘာသာကိုးကွယ်ခြင်းကို အကြောင်းပြု၍ မြန်မာမွတ်စလင်များကို ဖိနှိပ် ခွဲခြားဆက်ဆံခြင်း မှန်သမျှကို တည်ဆဲဥပဒေဘောင်အတွင်းမှ ဆန့်ကျင်သွားမည်။ အစ္စလာမ်ဘာသာကို ကိုးကွယ်သော မြန်မာများ၏ တိုင်းရင်းသားအခွင့်အရေးနှင့် တာဝန်များကို အပြည့်အဝ အသိအမှတ်ပြု ပြန်လည်ပေးအပ်ရမည်။ မြန်မာအပါအဝင် တိုင်းရင်းသားပေါင်းစုံက ဆင်းသက်ပေါက်ဖွားလာတဲ့ ကျနော်တို့၏ လွတ်လပ်စွာ ရွေးချယ်မှု၊ ကိုးကွယ်မှု၊ အသက်ရှင် ရပ်တည်မှု၊ တင်းပြည့်ကျပ်ပြည့် နိုင်ငံသားဖြစ်မှုကို ပြီးပြည့်စုံစေရမည်။
  • လက်တို့ပြီးတော့ မေးလိုက်ချင်ပါသည်
    လက်တို့ပြီးတော့ မေးလိုက်ချင်ပါသည်
    နိုဝင်ဘာ ၂၂ ၊ ၂၀၁၂
    M-Media
    မောင်လူငယ်
    မပြောမပြီး၊ မတီးမမြည်ဆိုရိုးရှိသည်အတိုင်း ကျနော်သည် ပြောရတော့မည်၊ ဆိုရတော့မည်၊ တီးရပါတော့မည်။ ကုန်လွန်ခဲ့တဲ့ လတွေအတွင်းက ကျောက်နီမော် ပြဿနာအစ အမှိုက်ကစ ပြသာဒ် မီးလောင်ဆိုတဲ့အတိုင်း တောင်ကုတ် သတ်ဖြတ်မှုအလယ် ရခိုင်အဓိကရုဏ်းအဆုံး တဖက်နှင့် တဖက် အကြမ်းဖက် သတ်ဖြတ်ကြ၊ မီးရှို့ကြ လူပေါင်းများစွာရဲ့ မျက်ရည်ဖြင့် ပေးဆပ်လိုက်ရသည့်  ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် မြန်မာနိုင်ငံသည် နာမည်ပျက်ခဲ့ရသည်။
    အုပ်ချုပ်သူအစိုးရအဆက်ဆက်သည် ရခိုင်ပြည်နယ်ကို ချောင်ထိုးထားခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပြီး အပြင် အမြင်ကျဉ်းမြောင်းသော၊ နိမ့်ကျနေသော အတွေးအခေါ် နက်ရှိုင်းစွာ အမြစ်တွယ်နေသော လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရန် အချိန်ကာလများစွာ ယူရမည်ကို ကျနော်ကောင်းကောင်းကြီး သဘောပေါက်ပါသည်။ အခု ထားပါတော့ ဆက်ပြောလျင်ပြီးဆုံးနိုင်မည်မဟုတ်ပေ။
    သို့သော် ခံစားခဲ့ရပြီး သည်းခံခဲ့သော ကျနော်သည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်တချို့၏ စကားကို ကျနော်သည်းမခံနိုင်တော့ပါ။
    သည်းမခံနိုင်သောအကြောင်းရင်းကို ကျနော် ရှင်းပြလိုသည်အပြင် လက်တို့ပြီးတော့ မေးလိုက်ချင်ပါသည်။ လ၀က၀န်ကြီး ဦးခင်ရီရဲ့ ပြောစကားသည် အမျိုးသားမှတ်ပုံတင်တွင် ကူလီကူမာနှင့် မတရားညစ်ပတ်ခံလိုက်ရသော ကျနော်နှင့် ဘ၀တူများကို စော်ကားလိုက်ချင် ဖြစ်ပေသည်။
    ကျနော်သည် အသက် ၁၂ နှစ် မှတ်ပုံတင်ကို ၁၇ နှစ်သားတွင် လုပ်ခဲ့ရပါသည်။ ၁၈ နှစ်ပြည့် မှတ်ပုံတင်ကို ၁၉ နှစ်သား အရွယ်တွင်လုပ်ခဲ့ရပါသည်။ သည်အကြောင်းကို ကျနော် ရှင်းပြလိုပါသည်။ ကျနော် မိဘနှစ်ပါးသည် စကားမပြောတတ် နားမကြားသူများ ဖြစ်သည်အပြင် ဘာသာဗေဒ ဆက်သွယ်မှုအခက်အခဲကြောင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း လုပ်ဆောင်မှုတွေကို နားမလည်ပါ။ သိလည်းမသိတော့ကြောင့် ၁၇နှစ်သားအရွယ်တွင် အကိုဝမ်းကွဲနှင့် အိမ်နီးချင်းရဲ့ အကူအညီဖြင့် မှတ်ပုံတင် စတင်လုပ်ခဲ့ပါသည်။ ငယ်စဉ်က ဖခင်၏ ဆွေမျိုးသားချင်းရှိရာ လှိုင်မြို့နယ် ဘူတာရုံလမ်းတွင် အတူနေခဲ့သဖြင့် သန်းခေါင်စာရင်းအရ လှိုင် လ၀ကရုံးတွင် စတင်လျှောက်ထားခဲ့သည်။ လှိုင်မြို့နယ် လ၀ကရုံးရဲ့ တည်နေရာနဲ့ ဖွဲ့စည်းပုံကတော့ ဘူတာရုံလမ်းထဲမှာ ရှိပါတယ်။ ဘုရင်နောင့်လမ်းကနေ သွားရင်တော့ နီးနီးလေးပါဘဲ။ ရန်ကုန်အင်းစိန်လမ်းမကြီးကနေသွားရင် ဆိုက်ကားနဲ့ သွားမှာ ခရီးတွင်မယ်။ ရုံးက ၃ ထပ် လောက်ရှိတယ်။ မြေညီထပ်မှာကတော့ လက်ယာဘက်အထပ်တိုင်းမှာ မြို့နယ်အခွန်ရုံးကို ဖွင့်ထားပါတယ်။ ပုံစံ ၁၇ လုပ်မယ်ဆိုရင် ဒီရုံးမှာ လုပ်ရပါတယ်။ လက်ဝဲဘက်မှာက လ၀ကရုံးပါ။ မြေညီထပ်မှာက မှတ်တမ်းထိန်းသိမ်းရေးဌာန၊ ပထမထပ်မှာ လျှောက်လွှာနဲ့ စီစစ်ရေးဌာန၊ လက်ခံဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်း၊ ဒုတိယထပ်မှာတော့ ခရိုင်ဦးစီးမှူးရုံးပေါ့။
    ရုံးထဲကို ၀င်လိုက်တာနဲ့ ဆိုင်းဘုတ်ကြီး ၂ ခုရဲ့ အရှိန်အ၀ါက လူကို သံသရာမှာ ကပ်ငြိနေအောင် လုပ်နေသလိုဘဲ။ “မြေမျိုလို့ လူမျိုးမပျာက်၊ လူမျိုလို လူမျိုး ပျောက်မည်” ၊ “ကမ္ဘာ့တည်သရွေ့ မြန်မာနိုင်ငံ တည်ရှိရမည်။ ကမ္ဘာ့တည်သရွေ့ မြန်မာလူမျိုး တည်ရှိရမည်။” တဲ့။
    အဖြူအမဲ ဓာတ်ပုံ၊ မိဘမှတ်ပုံတင် မူရင်းနဲ့ မိတ္တူ၊ မွေးစာရင်းစာရွက် မူရင်းနဲ့ မိတ္တူ၊ သန်းခေါင်စာရင်း မူရင်းနဲ့ မိတ္တူ အစရှိတဲ့ စာရွက်စာတမ်းအပြည်အစုံနဲ့ မှတ်ပုံတင်လုပ်ဖို့ ပြင်ဆင်ကြပါတယ်။ ထူးဆန်းနေတာက ကျနော်အမေရဲ့ စလင်းဘတ်အိတ်ထဲမှာ လေယာဉ်တံဆိပ် စာအိတ်အဖြူ ၁၀ အိတ်ယူလာတယ်ဗျာ။ အထဲမှာ ဘာပါမှန်း အစက ကျနော်မသိဘူး။ နောက်တော့မှ သိရတယ်ဗျာ။ လူသိရှင်းကြား အရှက်မရှိ ဓားပြတိုက်နေတာမှန်း ရေရေလည်လည် နားလည်သွားတယ်။ လာဘ်ပေးရန်မလို တွေ့ရှိက တိုင်ကြားရန်ဆိုတဲ့ စာသားက အိမ်သာသုံး တသျှူးလောက်ပါဘဲ။
    မှတ်ပုံတင်အတွက် ဖြည့်ရမယ် လျှောက်လွှာအတွက် လ၀က က တပ်ကြပ်ကြီးအဆင့်လောက်ရှိတဲ့ လက်ထောက်အရာရှိမမဆီကို သွားတောင်းပါတဲ့အခါမှာ ကျနော် လန့်သွားမိတာက မမအရာရှိရဲ့ မျက်နှာကြီးက တလောကလုံးက လူတွေ သူလုပ်စားထိုင်စားနေသလိုပုံစံနဲ့ “ဘာ ကိစ္စလဲ” မေးတော့ ကျနော်အကိုဝမ်းကွဲက “ဟုတ်ကဲ့ ကျနော်ညီလေး မှတ်ပုံတင်စလုပ်မလို့ပါ။ လျှောက်လွှာစာရွက်လေး တဆိတ်လောက် ခင်ဗျား”လို့ ပြန်ဖြေတယ်။ အရာရှိမမကတော့ “ဒါဆို စာအိတ်ပါလားတဲ့။ ငါးနော်။ လေးလုံအတိဘဲ သုံးလုံးထက် မလျော့စေနဲ့နော်” လို့ မေးတယ်။ အကိုက “ဟုတ်၊ မလျော့ပါဘူး။ ကျနော်တို့က ပြင်ဆင်ပေးထားပါတယ်။” လို့ ဆိုပြီး စာအိတ်အဖြူလေးကို တရိုတသေနဲ့ အကိုက ပေးလိုက်ပါတယ်။ ဖြည့်ရမယ်စာရွက်ကလေး ရလာတော့ ဖတ်ကြည်တယ်။ ကိုယ်ရေးရာဇ၀င် ဆွေစဉ်မျိုးဆက်ပေါ့။ ဖြည့်သင့်တာတွေ ဖြည့်ဖို့ မိဘတွေရဲ့ မှတ်တမ်းကို ဖွင့်ပြီး အဖေဘက်က ဘိုးဘေးဘီဘင်၊ အမေဘက်က ဘိုးဘေးဘီဘင်တွေ၊ ကျနော်ရဲ့ မောင်နှမ ၃ ယောက် အကြောင်း အပြည်အစုံကို တိတိကျကျ ကျနော်ဖြည့်ထားပါတယ်။ ဖြည့်ပြီးတော့ စီစစ်လက်ခံတဲ့ဌာနဘက်မှာ သွားတင်တော့ အချိန်ကြာစောင့်ပြီးမှ နာမည်ခေါ်တော့ အခန်းထဲဝင်ပြီး မျှော်လင့်ချက်လေး ကိုယ်စီနဲ့ပေါ့ ပုခုံးထက်က ၁ ပွင့် ပါတဲ့ အရာရှိတယောက်ကတော့ မျက်နှာတွေကို စူးစူးစိုက်စိုက်ကြည်ပြီး သံသယမျက်လုံးတွေနဲ့ ပြောလိုက်ပုံက “ခင်ဗျားတို့ ဖောင်ဖြည့်ထားတာ တကယ်အမှန်လား ဒါမှမဟုတ် လိမ်ရေးနေတာလားတဲ့” ကျနော် ဒေါသကို ထွက်သွားတာဘဲ။ ကျနော်အမေတောင် မျက်နှာငယ်လေးမို့လို သည်းခံထားလိုက်တယ်။ ကျနော်အကိုက “ဟုတ်ကဲ့ ကျနော်တို့ အတိအကျ အမှန်အတိုင်းရေးတာပါ။
    သူအဖေနဲ့ အမေ မှတ်ပုံတင် ကြည်ရင် သဘောပေါက်မှာပါ။” လို့ ပြန်ဖြေတယ်။ အရာရှိကတော့ “ဒါဆို ကောင်းပြီး ကျုပ်အခု ခေါင်းနည်းနည်းကိုက်နေလို့ ပြီးမှာ လက်မှတ်ထိုးပေးမယ်။”လို့ လူကြမ်းမင်းသား အိုက်တင်နဲ့ အချိန်ဆွဲနေတာကို အကင်းပါတဲ့ အိမ်နီးချင်းအကိုက ချက်ချင်း အောက်ဘက်ဆင်းပြီး 555 စီးကရက် တဗူး အပြေးအလွှားဝယ်ပြီး စာအိတ်အဖြူနဲ့ တွဲပေးလိုက်တာ စီစစ်ပြီးကြောင်း ချက်ချင်းကို လက်မှတ်ထိုးပေးတာဘဲ။ အံ့သြလောက်ပါပေတယ်။ ပြည်သူဝန်ကို ထမ်းဆောင်ပုံများ သွားလေသူ အမျိုးသား ခေါင်းဆောင်ကြီး ကိုအောင်ဆန်းသာ ထလာလို့ကတော့ “တယ်လေ ငါနားရင်းပိတ်တီးလိုက်ရ” လို့ ပယ်ပယ်နယ်နယ်တွယ်မှာတော့ သေချာတာဘဲ။ သူထက်တောင် ပိုဆိုးတာကတော့ မြို့နယ်ဦးစီးမှူးပါဘဲခင်ဗျား။ ဦးစီးမှူးကို စောင့်ရတာ ရထားလာမယ်အချိန်ကို စောင့်ရတာထက်တောင် ကြာပါဗျာ။ မေးတော့ မြို့နယ်မှူး ထမင်းစားနေလို့တဲ့။ ရုံးတက်တော့ မနက် ၁၀ နာရီ ထမင်းစားတော့ နေလည် ၁၂ နာရီပေါ့ ၂ နာရီလောက်မှ အတွင်းကို ၀င်နိုင်ပါပြီးတဲ့။
    ကျနော်လာတွေ့နေတာ မြို့စားများလား အောက်မေ့ရတယ်။ ရုံးခန်းက အဲကွန်းလေးနဲ့ ဟင်း ၅မျိုး ၆ မျိုး ပြာတာလာသိမ်းတာကြည့်လိုက်တော့ အော် သူက ဒီလောက်စည်းစိမ်ခံနိုင်ရင် သူအထက် အချုပ်က ရာဇ၀င်ထဲက ဟင်းခွက် ၃၀၀ ပွဲတော်တည်တဲ့ နရသီဟပတေ့ လို့ခေါ်တဲ့ တရုတ်ပြေးမင်းထက်တောင် သာမယ်ထင်တယ်။ ရုံးခန်းမှာ မြို့နယ်မှူးက ကျနော်ဖိုင်ကို ဖွင့်ပြီး စေ့စေ့စပ်စပ်ကို ကြည်နေတာ ၁၀ မိနစ်တောင်ကြာပါ။
    ပြီးတော့ ကျနော်ကို မေးတယ်။ “ကျောက်တံတားမြို့နယ်က ဦးဘသော်က တပ်မတော်ရေတပ်က ဗိုလ်မှူးဘသော် (ခ) စာရေးဆရာ မောင်သော်ကလားတဲ့။” ကျနော်အကိုက “ဟုတ်ပါတယ်။ ဆရာမောင်သော်ကပါ။ သူအမေရဲ့ အဖေပါ။ ကွယ်လွန်သွားတာ ကြာပါပြီး။ ကျနော်ဦးလေးလင်မယားက စကားမပြောတတ် နားမကြားတဲ့သူတွေမို့လို ကျနော် ကူညီလုပ်ဆောင်ပေးနေတာပါ။ ဦးစီးမှူးခင်ဗျား”လို့ ပြန်ဖြေတယ်။ မြို့နယ်ဦးစီးမှူးမျက်နှာက တင်းမာခက်ထန်သွားပြီး ပြာတာကို စီစစ်ရေးက ဟိုကောင်ကို အခုချက်ချင်း ရုံးခန်းကို လာခဲ့ပါလို့ ပြောလိုက်စမ်း။ ပြာတာက တဟုန်ထိုးသွားပြီး လှမ်းအကြောင်းကြားလိုက်တော့ စီစစ်ရေးက အရာရှိက ဦးစီးမှူးခင်ဗျား ဘာများညွန်ကြားစရာရှိလဲလို့ မေးတော့ ဦးစီးမှူးက “ဟေ့ကောင် မင်းအလုပ်ကို ကောင်းကောင်းမလုပ်ဘူးလား။ သေသေချာချာ မစီစစ်ဘူးလား။ လုံခြုံရေးအခြေအနေအရ အစိုးရကို ပုန်ကန်သူတွေရဲ့ ဆွေစဉ်မျိုးဆက်ကို သေချာ လုပ်ရမယ်ဆိုတာ မင်းနားလည်တာလား နားမလည်တာလား။ ထွက်သွားစမ်းကွာ။”လို့ ပယ်ပယ်နယ်နယ် ဖရုသ၀ါစာ ဆဲနေတာဘဲ။ ကျနော်တို့တောင် ကြောင်ပြီး ရပ်ကြည်နေရတယ်။ ၁ပွင့် အရာရှိကတော့ မျက်နှာငယ်လေးနဲ့ ထွက်သွားတော့ ဦးစီးမှူးက ကျနော်တို့ဘက်ကို လှည့်လာပြီး “ကဲ လာထိုင်ကြပါဦး။ အခုနက ကျနော်ပြောသမျှတွေကို နားလည်ပေးပါ။ အထက်အမိန့်အတိုင်း ကျနော်တို့က ဆောင်ရွက်ရတာ။ မိဘက စကားမပြောတတ်နားမကြားဘူးဆိုတော့ ကျနော်တို့ စာနာပါတယ်။ နားလည်ပါတယ်။
    ခက်တာက ဗိုလ်မှူးဘသော်နာမည်ပါနေတာက ကျနော်အတွက် အကျပ်တွေ့တယ်။ သူက သာမန်တော့မဟုတ်ဘူး။ ကျနော်လက်မှတ်ထိုးပိုင်ခွင့်မရှိဘူး။ ညွန်ချုပ်လက်မှတ်ထိုးမှာ ဒီကောင်လေး မှတ်ပုံတင်ရမယ်။ ကျနော် ဒီထက်ပိုမပြောတတ်ဘူး။ ပြီးတော့ လူမျိုးမှာ ဗမာ၊ ကိုးကွယ်တဲ့ဘာသာမှာ အစ္စလာမ့် လို့ ထည့်လို့မရပါဘူး။ တခုခုတော့ ပေါင်းထည့်ရမယ်။ အဖေဘက်လိုက်ရမယ်။ ဘယ်လိုလဲခင်ဗျားတို့ စဉ်းစားပါ။”လို့ ပြောတယ်။ ကျနော်အိမ်နီးချင်းအကိုက “ကျနော်တို့ ထမင်းမစားရသေးလို့ သွားစားရင်နဲ့ စဉ်းစားပြီးမှာ အဖြေပေးပါမယ်။ ရမလား ဦးစီးမှူးခင်ဗျား”လို့ ပြန်ဖြေတော့ “အချိန်တွေအများကြီး ရှိပါသေးတယ်။ ဒီမှာ ကျနော် ဖုန်းနံပါတ်မှတ်သွားပါ။ ဆက်သွယ်လိုက်ပေါ့။”တဲ့။ ကျနော်တို့ တပ်ခေါက်ပြီး ပြန်လာခဲ့ပါတယ်။
    လက်ဖက်ရည်ဆိုင်မှာ ထိုင်သောက်ပြီး ဆွေးနွေးကြတော့ ကျနော်အမေက မှတ်ပုံတင်နဲ့ ပတ်သက်သမျှ ဘာမှမသိတော့ သားရဲ့သဘောထားကို မေးကြည်ပါတဲ့။ ကျနော်အိမ်နီးချင်းအကိုက “ညီလေး အခုချိန်က ဘီလူးတွေ ဝေသာလီပြည်မှာ ၀င်စီးနေတာ မထွက်သေးဘူး။ သူတော်စင်ကို ပြောရင် ရနိုင်တယ်။ ဘီလူးကို ဘာမှ သွားပြောလို့ရမှာ မဟုတ်ဘူး။ ညီလေးအဖေက နိုင်ငံဝန်ထမ်းဆိုတော့ မိသားစု ပြိုကွဲပျက်စီးသွားရင်လည်း ဘာနဲ့ လုပ်စားနိုင်မလဲ။ သေချာစဉ်းစားရမယ်။ မိဘမျက်နှာကို ထောက်ပြီး ဗုဒ္ဓဘာသာလို့ ထည့်ရေးလိုက်ပေါ့။ နောက်မှ အခြေအနေကြည်ပြီး လုပ်ကြတာပေါ့။” လို့ အကြံပေးတယ်။ ကျနော်လည်း အခြေအနေကို စဉ်းစားပြီးတော့ စိတ်ကိုလျော့ပြီး သည်းခံရမယ်ဆိုပြီး သဘောတူခဲ့ပါတယ်။
    နောက်ဆုံး အိမ်ကို ပြန်ပြီး ညဘက်မှာ ဦးစီးမှူးဆီ ဖုန်းဆက်ကြည်တော့ ဦးစီးမှူးက “ကျနော်လိပ်စာပေးမယ် ရက်ချိန်းပြီးရင် ကျနော်အိမ်ကို လာခဲ့ပါ အဲဒီကျမှ အေးအေးဆေးဆေး ပြောကြတာပေါ့။ အိမ်မှာ လိုအပ်နေတာ အများကြီးဘဲ ခင်ဗျားတို့ လာခဲ့ရင် အားနာစရာကြီးဘဲ” လို့ ပြန်ဖြေတာပေါ့။ အိမ်နီးချင်းအကိုကြီးက ဒီအဖြေကို ကောင်းကောင်းသဘောပေါက်တယ်။ ကျနော်တောင် သူဆီက သင်ယူလေ့လာနေရတာဘဲ။ လေ့လာတာ အနည်းငယ်ဘဲ ရသေးတယ်။ အကြံပေးတဲ့သူက ကွယ်လွန်သွားပြီးဆိုတော့ စိတ်မကောင်းစရာဘဲ။ နောက် ၁ ပတ် လောက်ကြာတော့ ကျနော်ရယ်၊ အမေရယ်၊ အိမ်နီးချင်းအကိုကြီးရယ် ည ၇ နာရီမှာ ဦးစီးမှူး အိမ်ကို သွားပါတယ်။ လက်ချင်းဗလာသက်သက်တော့မဟုတ်ပါဘူး။ အကောင်းစား ဘလက်လေဘယ်လ် ၀ီစကီနဲ့ 555 စီးကရက် ၁ တောင့်အပါအ၀င် ပစ္စည်းမျိုးစုံပါဝင်တဲ့ ခြင်းတောင်းကလေးနဲ့ပေါ့။ အမေရဲ့ ချွေးနည်းစာပိုက်ဆံလေး ၈၅၀၀၀ လောက် ပျံထွက်သွားပါတယ်။
    ဦးစီးမှူး အိမ်က ၂ ထပ်တိုက်အိမ်ကလေးအပါအ၀င် ကားကလေးနဲ့ တင့်တယ်နေတာဘဲ။ ဦးစီးမှူးက “ကြွပါ ကြွပါ။ ဟ ဒါတွေ အားနာစရာကြီး မလိုပါဘူး။ ဘာလိုယူလာရတာလဲတဲ့”။ သူမိန်းမလက်ကတော့ ခြင်းတောင်းကို ကိုင်ပြီးသား ထမင်းစားခန်းဖက်ကို ၀င်သွားတာ သွက်ကို သွက်လွန်းလို့။ ဦးစီးမှူးက မေးတယ် “သား ဘယ်နှတန်းရောက်နေပြီးလဲ။ အခု အသက်ဘယ်လောက်တုန်း”တဲ့ ကျနော်က”၁၇ နှစ်ပါ ဦး။ ၁၀တန်းဖြေထားတယ်။ အောင်စာရင်းတော့ မထွက်သေးဘူး။”လို့ ပြန်ဖြေလိုက်တယ်။ ဒီထဲမှာ အိမ်နီးချင်းအကိုက “ဒီကောင်လေးအတွက် မှတ်ပုံတင်ကိစ္စ ဘယ်လိုများလုပ်ရမလဲ” လို့ မေးပါတယ်။ ဦးစီးမှူး ဖြေတာက “လုပ်ရမှာက သူအဘိုးရဲ့ မှတ်ပုံတင်နဲ့ ကိုယ်ရေးရာဇ၀င်ဖိုင်ကို မိတ္တူကူးပြီး ပူးတွဲတင်ရမှာပါ။ နောက်ပြီး နိုင်ငံရေးကင်းရှင်းကြောင်းရယ်၊ မှတ်ပုံတင်အတွက် လုပ်ထားတဲ့ ကိုယ်ရေးရာဇ၀င်အထောက်အထား မှန်ကန်ကြောင့် ရီပို့စ်ရေးပြီး ခံဝန်ချက်ထိုးပြီးရင် ညွန်ချုပ်ဆီ တင်ပြီး အတည်ပြုချက်ရရင် မှတ်ပုံတင်ရပါပြီး” ဆိုတဲ့ အဖြေစကားကို သိရပါတယ်။
    နောက် ကျနော်အဘိုးရဲ့မှတ်ပုံတင်လုပ်ရာ ကျောက်တံတားမြို့နယ် လ၀က ရုံးချုပ်မှာ သွားရှာပါတယ်။ မှတ်တမ်းထိန်းသိမ်းရေးဌာနက အရာရှိမမကတော့ ကူညီပေးမယ်လို့ ပြောပြီး ရှာလိုက်ရတာ ဘယ်အချိန်ကတည်းက ခြစားနေမှန်းမသိ နှစ် ၃၀ ပင်ကူမျှင်တွေ၊ ဖုန်းအလိမ်းလိမ်းနဲ့ ကျန်းမာရေးဌာနက ရောဂါပိုးမွှား ကင်းရှင်းဇုန် သက်မှတ်ပေးထားသလား အောက်မေ့ရတယ်။ တွေ့တော့လည်း စာရွက်တွေက ၀ါကျင်ကျင်နဲ့ပေါ့ မိတ္တူကူးပြီးနောက် သူကို လက်ဘက်ရည်ဖိုး ၅၀၀၀ လောက်ပေးလိုက်ရတယ်။ လက်ဘက်ရည် ၁ခွက် ၅၀ ကျပ်လောက်ရှိတာ သူက ၅၀၀၀ တောင်းတာ အတော်ကို အဆင့်မြင့်တယ်။
    မှတ်ပုံတင်အတွက် လိုအပ်တာကို ရပြီးဆိုမှတော့ လှိုင် လ၀ကရုံးကို သွားပြီး ဦးစီးမှူးဆီကို တင်ပြရာမှာ ပြောတာကတော့ “အဖေက ဗုဒ္ဓဘာသာဆိုတော့ အဖေဘက်လိုက်ပြီးလုပ်ရမယ်။ သဘောတူတယ်ဆိုရင် ဒုလ၀ကမှူးက ရီပို့စ်ရေးမယ်။ လက်မှတ်ထိုးလိုက်ရင် အိုကေပြီး ခဏတော့စောင့်”လို့ ပြောတယ်။ ကျနော်လည်း စောင့်နေတာ ၃ နာရီလောက်တောင် ကြာတယ်။ ပြီးတော့ ဒါတွေကို ဖတ်တောင် မဖတ်ရဘဲ လက်မှတ်ထိုးခိုင်းတယ်။ ကျနော်လည်း ထောက်ထားစရာမျက်နှာတွေရှိလို့ လက်မှတ်ထိုးပေးခဲ့တယ်။ ဒါမျိုး ဖတ်တောင် ဖတ်ခွင့်သိခွင့်မရဘဲ လက်မှတ်ထိုးခိုင်းတာ ကမ္ဘာမှာ မြန်မာနိုင်ငံဘဲ ရှိတယ်လို့ ကျနော်ထင်မိတယ်။ နောက် ၁ လလောက်အကြာမှာ ဦးစီးမှူး ဖုန်းဆက်လာတယ်။ မှတ်ပုံတင်ရပြီးတဲ့ မနက်ဖြန် ရုံးကိုလာခဲ့ပါတဲ့။ ကျနော် အဖေနဲ့ အမေက မှတ်ပုံတင်ရလို့ ဒီလောက်ပျော်နေကြတယ်။ သူတို့ ပျော်နေတာကို ကျနော်လည်း နားမလည်နိုင်တော့ဘူး။ လ၀ကရုံးကို သွားတော့ ကျောင်းနေဘက် သူငယ်ချင်းနဲ့ တွေ့တယ်။ ကျနော်က “ဟေး သူငယ်ချင်း မှတ်ပုံတင်လာလုပ်နေတာလား။ ရနေပြီးလား။ မင်းကော ဘယ်လောက်ကုန်သွားတာလဲ၊ ငါတောင် လုပ်လိုက်ရတာ ၁ သိန်းခွဲတောင် ကုန်သွားတယ်။ မတွေ့တာကြာပါ။” မေးလိုက်တယ်။ သူပြန်ဖြေပုံက ကျနော်ကိုယ် ကျနော် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားမိတယ်။ ဖြေတာက “၁ပတ်အတွင်း ရလိုက်တာဘဲ။ ပိုက်ဆံတော့ မပေးရပါဘူး။ အလှူငွေလေး ၁ ထောင်လောက် ထည့်လိုက်ရုံဘဲ။”ဖြေတယ်။ ကျနော်က “လုပ်တာချင်း အတူတူဘဲလေ။ ငါက ၁ လကြာမှ ရတယ်။”လို့ ပြောတော့ သူက ရယ်မောပြီး “ငါအဖေက ကာနယ်လေ။ လ၀က၀န်ကြီးက အဖေရဲ့ ဆရာပေါ့။ လ၀က၀န်ထမ်းအားလုံးရဲ့ အသက်က ငါအဖေ ပါးစပ်ထဲမှာဘဲ။ သူငယ်ချင်းသိအောင်ပြောပြမယ်။ တောမှာ ဘုရင်က ခြင်္သေ့ပေါ့။ သူအောက်မှာ အဆင့်ဆင့်ရှိတာပေါ့။ အထက်ကိုတက်လေ အောက်က မော်ကြည်ဝံ့တာမဟုတ်ဘူး။ မင်းအဖေက ဘာမှမဟုတ်တော့ သူတို့က ဘယ်ဂရုစိုက်ပါမလဲ။ အခု မှတ်ပုံတင်ရပြီးဆိုတော့ အဖေ တာဝန်ကျနေတဲ့ လားရှိုးကိုသွားရမယ်။ သူငယ်ချင်း နောက်မှတွေ့မယ်။ အဆင်ပြေပါစေ။” တဲ့ ကျနော်တောင် ဘာမှမပြောနိုင်တော့ဘူး။
    ရုံးခန်းကို ရောက်တဲ့အချိန်မှာ ဖိုင်မှာ လက်ဗွေနှိပ်ဖို့ လက်ဆယ်ချောင်းအတွက် မင်သုတ် နှိပ်ပြီးမှ မှတ်ပုံတင်မှာ လက်ဝဲလက်မလက်ဗွေ နှိပ်ရပါတယ်။ ရပြီးတဲ့အခါ အလှူငွေအတွက် စာအိတ်အဖြူလေးကို ရုံးခန်းမှာ တင်ထားလိုက်ရပါတယ်။ အတော်ကို ခြစားနေတာကလည်း မလွယ်ပါလား။ ကျနော်ရဲ့ အသစ်စက်စက် မှတ်ပုံတင်ကို ကြည်လိုက်တော့ အံ့သြမိသွားတယ်။ လူမျိုးမှာ ဗမာ + ဗမာစွန်နီ၊ ကိုးကွယ်ရာဘာသာမှာ ဗုဒ္ဓဘာသာတဲ့။ ကျနော်က လ၀ကအရာရှိကို မေးမြန်းပါတယ်။ ရေးထားတာ မှားနေတယ်။ မဟုတ်ဘူးလို့ ပြောတော့ အထက်ကအမိန့်အတိုင်းလုပ်ရတာဘဲလို့ အကြောင်းပြပါတယ်။ စွန်နီဆိုတာ လူမျိုးမဟုတ်ဘူးဆိုတာ လ၀ကက ဖင်မှန်း ခေါင်းမှန်း မသိတာလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား မေးလိုက်ချင်ပါတယ်။ အစ္စလာမ့်ဘာသာမှာ ရှီးယားနဲ့ စွန်နီဆိုတဲ့ ဂိုဏ်း ၂ ခုရှိသလို ဗုဒ္ဓဘာသာမှာလည်း မဟာယန၊ ထေရ၀ါဒနဲ့ ဇင်ဗုဒ္ဓဘာသာဆိုတာ ရှိတာဘဲ။ ဒါလေးတောင် မသိတဲ့နိုင်ငံဝန်ထမ်းတွေရှိတာ အံ့သြပါရဲ့။
    ကျနော်အဖေဘက်က ဘိုးဘွားတွေက ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်တွေပါ။ အခုထက်ထိ အဖေရဲ့ ဆွေမျိုးသားချင်းတွေ ရန်ကုန်၊ ထားဝယ်နဲ့ ကမ္ဘာ့အေး ရေကူးရွာ မှာ သက်ရှိထင်ရှားတောင် ရှိနေပါသေးတယ်။ အမေဘက်က ဘိုးဘွားတွေက ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ အလောင်းဘုရား ဦးအောင်ဇေယျရဲ့ ဇာတိချက်ကြွေ ရွှေဘိုမြို့သား ဗမာလူမျိုး အစ္စလာမ့်ဘာသာဝင်တွေပါ။
    လ၀က၀န်ကြီး ဦးခင်ရီကို လက်တို့ပြီးတော့ မေးလိုက်ချင်ပါတယ်။ ဦးခင်ရီက အရင်က ရဲချုပ်ဆိုတော့ အခု လ၀က၀န်ကြီးဖြစ်တော့ ဒါလေးတွေအတွက် ရှင်းလင်းစမ်းပါဦး။ ကြည်ရင် သူရှင်းနိုင်မှ မဟုတ်ပါဘူး။ အာလူးဘဲ ကျွေးနိုင်မှာပါ။ နောက်ပြီး လွှတ်တော်အမတ်တချို့က ၁၉၈၂ နိုင်ငံသားဥပဒေကို မပယ်ဖျက်သင့်ပါ။ လိုအပ်နေတယ်ဆိုတော့ သူတို့ကို လက်တို့ပြီးတော့ မေးလိုက်ချင်ပါသည်။ ဒီဥပဒေကို ရေးဆွဲတုန်းက ဘယ်သူတွေက ရေးဆွဲခဲ့တာလဲ။ တိုင်းရင်းသားများက လေးစားရတဲ့သူတွေ၊ ဘာသာရေးနယ်ပယ်က ဂုဏ်သိကာ သမာဓိရှိတဲ့သူတွေ အပါအ၀င် တိုင်ပင်ပြီးပြီးလား။ ဒီမိုကရေစီခေတ်မှာ တိုင်ပင်ရင်တော့ ရမှာပေါ့။ မဆလ သိုးရေခြုံအာဏာရှင်စနစ်မှာဆိုတော့ ဘာမဆို အတည်ဖြစ်တာပါဘဲလေ။ ဒေါက်တာမောင်မောင် သေသွားပြီးဆိုတော့ မေးလိုလည်းမရတော့ပါဘူး။ အခုတော့ သူတို့ လုပ်ပုံတွေက ကျနော်တို့မိဘလက်ထက်မှာ ပထမနိုင်ငံသား၊ ကျနော်တို့လက်ထက်မှာ ဒုတိယနိုင်ငံသား၊ ကျနော်သား လက်ထက်မှာ တတိယနိုင်ငံသား၊ ကျနော်မြေးလက်ထက်မှာ နိုင်ငံခြားသားဖြစ်သွားသလို့ လုပ်ဆောင်နေတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
    ကျန်းမာရွှင်လန်းကြပါစေ။
    မှတ်ချက်။ ။ စာရေးသူမောင်လူငယ်မှာ DVB သတင်းအစီအစဉ်များတွင် လက်သင်္ကေတ တင်ဆက်ပေးသူအဖြစ် တာဝန်ယူနေကာ ဒေါ် အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်ပေါ်သို့ တင်ပေးခဲ့သော ဗိုလ်မှူးဘသော်ခေါ် စာရေးဆရာမောင်သော်က၏ မြေးတစ်ဦးဖြစ်ပါသည်။
    မှတ်ပုံတင်ကိစ္စနှင့်သက်ဆိုင်သော M-Media မှ ထုတ်ပြီးသော ဆောင်းပါးများ
    ဒီလိုနဲ့ ပဲ အိန္ဒိယတောင်ပိုင်းသားလို့ နာမည်တပ်ဦးမှာလား (ပသီဝိုင်းဝတ်ရည်မြင့်)
    လ၀ကသွား တောလား (ကျော်မိုးအောင်)
    ဘယ်မှာလဲ ဗမာမွတ်စလင်မ် (ဌေးလွင်ဦး)
    ကျနော်တို့ က ဘာတွေလဲ (ကျော်မိုးအောင်)
    ဘုရားမစင်ရှာပုံတော်ဖွင့် ဥပဒေကြီးပြင်လိုက်စမ်းပါ ကိုခင်ရီ (ခါလစ် ၀ဟစ်)
    မှတ်ပုံတင်၊ လ၀က တို့ နှင့် သက်ဆိုင်သတင်းများ 
  • ဝါဒမှိုင်းတိုက်မှုတွေ… လာရာ… လားရာ
    ဝါဒမှိုင်းတိုက်မှုတွေ… လာရာ… လားရာ
    နိုဝင်ဘာ ၁၂၊ ၂၀၁၂
    M-Media
    ကျော်မိုးအောင်
    ငယ်ငယ်က သမိုင်းမှာ သင်ခဲ့ဖူုးသလောက်ဆို ဖက်ဒရယ်မူဆိုတာကြီးက တိုင်းရင်းသားတွေက ပြည်ထောင်စုကို ဖြိုဖျက်ဖို့အကြံအစည်ဆိုပဲ။
    ခုတစ်လောဂျာနယ်တွေမှာတွေ့ရတော့ကျ အဲလိုမဟုတ်ပါလား။ ဘယ်လိုဖြစ်သွားတာပါလိမ့်။
    လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ဆယ်တန်းကျောင်းသားတစ်ယောက်နဲ့ စကားစမည်ပြောဖြစ်တော့ ထိုင်းတွေကို အလွန် အမြင်ကပ်တယ်တဲ့။ သူလည်း ထိုင်းမရောက်ဖူးဘဲနဲ့ … ဘယ်က ထိုင်းလူမျိုးနဲ့မှလည်း ပတ်သက်ရာပတ်သက်ကြောင်းရော ရန်ငြိုးရန်စပါ မရှိဘဲနဲ့ ဘယ်လိုဖြစ်ပါလိမ့်ပေါ့ … မေးကြည့်တော့မှ (ကျွန်တော်တို့လက်ထက်က မပါခဲ့တဲ့၊ သူတို့တွေလက်ထက် ခဏတာပြဌာန်းခဲ့တဲ့) ထိုင်းမြန်မာဆက်ဆံရေး ကျောင်းသင်ရိုး ညွှန်းတမ်း ဝါဒဖြန့်စာအုပ်ရဲ့ နောက်ဆက်တွဲအောင်ပွဲပေါ့။ ခုတော့တစ်ခါ ဒီရောဂါ ပြီးသွားပြန်ပါပြီ။ နှစ်ပြည်ထောင်လမ်းတွေဖောက်လို့။
    ဒါပေမယ့် မကြာသေးခင်က ထိုင်းပညာရေးတက္ကသိုလ်တစ်ခုက ဆရာရဲ့ ပြောစကားအရတော့ ထိုင်းနိုင်ငံရဲ့ သင်ရိုးတစ်ချို့မှာတော့ ဗမာမကောင်းကြောင်းတွေ ကျန်သေးဆိုပဲ။ ပညာရေးလောကက ဆရာတစ်ယောက်ဖြစ်တဲ့ သူကတော့ အဲဒါတွေက တကယ်တမ်းတော့ အဆိပ်အတောက်တွေမို့ သင်ရိုးထဲမှာမထည့်တော့ဖို့ သူတို့တွေ နိုင်သလောက် ကြိုးစားပြင်ဆင်နေပြီ။ မျိုးချစ်စိတ်ရှိဖို့အရေး နောင်လာနောင်သားတွေရင်ထဲကို အမုန်းတရားလက်ဆင့်မကမ်းချင်တော့၊ မှားခဲ့ကြတဲ့သမိုင်းအသီးသီး ရှိခဲ့ကြတာကို (ကျုးကျော်နယ်ချဲ့မှုစသည့်) မကောင်းသောဖြစ်ရပ်ဝါဒ၏ မကောင်းကြောင်းကိုသာ သင်ခန်းစာယူစေချင်သည်၊ ထိုစဉ်ကဖြစ်ရပ်များနှင့် မည်သို့မျှ သက်ဆိုင်ခြင်း အလျဉ်းမရှိသည့် လက်ရှိလူသားကမ္ဘာက မည်သူမျှ ဒီဖြစ်စဉ်၏အကျိုးဆက် ဆိုးမွေ အမုန်းတရား မဆက်ခံရစေသင့်တော့ပါတဲ့။
    ကိုယ့်အမျိုးကိုယ်ချစ်ဖို့ ကိုယ့်နိုင်ငံကိုယ်ချစ်ဖို့ သူများကိုမုန်းပြစရာ၊ ရန်လုပ်စရာမလိုပါတဲ့။
    ထိုအချက်မှန်ကန်ကြောင်း ဘန်ကောက်မြို့တွင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ဥပမာရှိသည်။ ညနေစောင်းပိုင်း Chatuchak Weekend Market ကို အလည်ရောက်စဉ် ညနေ ၆နာရီတိတိတွင် လမ်းပေါ်ကလူတွေကားတွေအားလုံး ရုတ်တရက် ရပ်သွားသည်၊ အစကတော့ ချက်ချင်း သတိမပြုမိ၊ ကိုယ်က ကိုယ့်အရှိန်နှင့်ကိုယ် မုန့်က လက်တစ်ဖက်ကစားရင်း၊ မျက်လုံးက ဈေးဆိုင်များအား ငေးရင်း တောသား မြို့ရောက်ကိုး။ နောက်မှ နိုင်ငံတော်သီချင်းသံကြား၍ အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြမှန်းသိရသည်။ မြန်မာပြည်မှာ ရုပ်ရှင်ရုံအတွင်း အလံတော်အလေးပြုသည်ကို မတ်တပ်မရပ်ကြသူတွေ၊နိုင်ငံတော်သီချင်းသံ ပြိင်္းသွားသည်အထိတောင် မစောင့်နိုင် မအောင့်နိုင်ကြသူများကို ချက်ချင်း မြင်ယောင်မိလိုက်သည်။
    ငယ်ငယ်ကကြည့်ခဲ့ဖူး၊ စွဲလမ်းခဲ့ဖူးသည့် James Bond ဇာတ်လမ်းများ၊ အက်ရှင်ကားများ ပြန်ကြည့်ဖြစ်သည်။ ဗီလိန်လူဆိုးက အများအားဖြင့် ဆိုဗီယက်ရုရှဖြစ်သည်ကို သတိပြုမိသည်။ စတားလုံး၏ First Blood ခေါ် John Rambo 3 လောက်ထိဖြစ်သည်။ ထိုထဲတွင်ဆို အမေရိကန်က မြှောက်ပေး၊ လက်နက်ပေး၊ အကုအညီပေးခဲ့သည်က သနားစဖွယ်ပုံဖော်ခံရသည့် (ထိုစဉ်ကလည်း တကယ်အမှန် သနားစရာကောင်းခဲ့ရသည့်) အာဖဂန် နစ္စတန်မှ တာလီဘန် မူဂျာဟစ်သူပုန်တို့ကို….။ Rambo ကိုယ်တိုင် ထိုတာလီဘန်တွေကို သွားကယ်ရသူ။
    လွန်ခဲ့သည့် ဆယ်နှစ်ခန့်က သူငယ်ချင်းတစ်ယောက်အိမ်သို့ မကြာမကြာ ရောက်တတ်တော့ အသက်ရှစ်ဆယ်ကျော် သူတို့အဖွား (ယခုတော့ ကွယ်လွန်သွားပါပြီ။) သတင်းစာဖတ်နေသည်ကို သတိရမိသည်။ အဖွားက အသက်ရှစ်ဆယ်ကျော်ပေမယ့် မျက်လုံးက မျက်မှန်မပါဘဲ စာဖတ်နိုင်သူ၊ နားကတော့ လုံးဝ မကြားရသလောက်။ သတင်းစာဖတ်ပြီး ဘိုကတော်စုကြည်က ဘာဖြစ်တယ်ညာဖြစ်တယ် အော်ပြောနေတတ်သည်။ အမေ ဒေါ်အောင်ဆန်းစုကြည်ကို အတော်မျက်မုန်းကြိုးနေရှာသူ။ အစိုးရ ပြောသမျှ လုပ်သမျှ ချွင်းချက်မရှိ အကောင်းမြင်တတ်သူ။ (ထိုအချိန်က ဂျာနယ်တွေလည်း ခုလို ခေတ်မကောင်း သေးကိုး။) သူငယ်ချင်းကို တအံ့တသြ လှမ်းကြည့်တော့ သူက ပြုံးစိစိနဲ့။ နားမကောင်းတဲ့သူ့အဖွား ရေဒီယိုလည်း နားမထောင် အပြင်ကလည်း ပြောတာမကြားရတော့ သတင်းစာထဲ ပါသမျှ အကုန်ယုံသတဲ့လေ။
    ခပ်ငယ်ငယ်က နေ့စဉ်ကြားခဲ့ရသလောက်ဆိုလည်း ပြည်ပအားကိုး ပုဆိန်ရိုးအကြောင်းရယ်၊ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါရယ် … စသည်စသည်တွေပေါ့လေ။
    နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ ဝါဒမှိုင်းတိုက်မှုတွေရဲ့ လာရာနဲ့ လားရာကို စဉ်းစားမိလေလေ … ကြောက်လေလေပဲ။
    လူတစ်ယောက်အတွက် အခက်ဆုံးက unlearn လို့ခေါ်တဲ့ ကိုယ့်စိတ်က လက်ခံထားပြီးသားတစ်ခုကို အဲဒီလို မဟုတ်ကြောင်း ပြန်ပြောင်းမှတ်ယူဖို့ပဲတဲ့။
    တကယ်တမ်းတော့ ဖြစ်စဉ်ဖြစ်ရပ်တော်တော်များများမှာ အများစုက ရုပ်သေးရုပ်များသာ။ ကြိုးစွဲရာ ကကြရသူများသာ။
    လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
    နှလုံးသားတိုင် အမှန်ရောက်လို့ အမှားပျောက်ကြပါစေ။
    အာဃာတတရား အမုန်းမီးပွား အေးငြိမ်းပါရစေ။
    ကိုကျော်မိုးအောင် FB မှ ဖော်ပြတဲ့ ဆောင်းပါးကိုခွင့်ပြုချက်တောင်း ကူးယူဖော်ပြပါသည်။