News @ M-Media

Category: ဆောင်းပါး

  • ရခိုင်အကြမ်းဖက်မှု ဘယ်သူ အမြတ်ထွက်သလဲ (ဘာသာပြန်)

    ရခိုင်အကြမ်းဖက်မှု ဘယ်သူ အမြတ်ထွက်သလဲ (ဘာသာပြန်)

    နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- အလ်ဂျာဇီးရာရဲ့ Asia/Pacific Roving Correspondent  Wayne Hay ၏ http://blogs.aljazeera.com/blog/asia/winners-and-losers-myanmar-violence ကို M-Media မှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။

     

    ပွင့်လင်းရိုးသားမှုမရှိခြင်း ၊ တရားမျှတမှု့ နှင့် ရှင်းလင်းသေချာသော နိုင်ငံရေး သုံးသပ်ချက်များ မရှိခြင်းတို့ သည် ရခိုင်ပြည်နယ် အကြမ်းဖက်မှုနှင့် တင်းမာမှု များကို ပိုမိုကြီးထွားတောက်လောင် စေပြီး ၊ မြန်မာနိုင်ငံ တွင် ရခိုင်ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မွတ်စလင်မ်များ ၏ ပြဿနာဖြစ်ပွားမှု့ အကြောင်းအရင်း စုံစမ်း ရှာဖွေခြင်းတွင် များစွာသော လစ်ဟာမှု များကို ဖြစ်စေသည်။

    ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာ မွတ်စလင်မ်များ

    မေလ ကုန်ပိုင်းလောက်တွင်   ရခိုင်ဗုဒ္ဓဘာသာအမျိုးသမီးအား မုဒိမ်းကျင့်မှု့ကြောင့် ရိုဟင်ဂျာသုံးယောက် အား ဖမ်းဆီးစီရင် ခဲ့ခြင်းအား ကျွန်ုပ်တို့ သိပြီးဖြစ်သလို တဖန် နောက်ထပ် ငါးရက်အကြာတွင်  ရခိုင်ဗုဒ္ဓ ဘာသာများရဲ့ ကလဲ့စားချေမှု့ အနေဖြင့် ရိုဟင်ဂျာလူမျိုး ဆယ်ဦးအားကြမ်းကြုတ်စွာ အမဲဖျက်သကဲ့သို့ သတ်ဖြတ်ခဲ့သည်ကိုလည်း ကျွန်ုပ်တို့ သိပြီးဖြစ်သည်။

    (အသတ်ခံရသူ ၁၀ ဦးမှာ ပြည်မ မှ မြန်မာမွတ်စလင်မ်များဖြစ်ပါသည် M-Media)

    ထိုလူသတ်မှူများ အတွက် မည်သည့်တစ်စုံတစ်ဦး မှ ဖမ်းဆီးခံရခြင်းမရှိသည့်အပြင် ထိုလူသတ်မှု ၏ နောက်တွင် မြောက်များစွာသော လူတို့သေဆုံးခြင်း၊ ထောင်ပေါင်းများစွာသော နေအိမ်များ နှင့် အခြား အဆောက်အဦးများ မီးရှို့ခံရခြင်းနှင့် လူပေါင်း တစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းတို့ဖြင့် အတိပြီးသော အကြမ်းဖက်ဖြစ်ရပ်များ ဆင့်ကဲ ဖြစ်ပွါးခဲ့လေသည်။

    အစိုးရ၏ တုန့်ပြန်မှု သည် အားနည်းလှသောကြောင့် နိုင်ငံရေးစနစ်အတွင်းပါဝင်လျှက်ရှိသူများသည် ပဋိပက္ခတွင်ပါဝင်ပတ်သက်မှုရှိသည်ဟု ယုံကြည်သူများ၏ ယုံကြည်မှုကို အားကောင်းစေသည်။

    လက်တွေ့ကျကျ စဉ်းစားကြည့်ကြပါစို့။

    အကယ်၍သာ နိုင်ငံ့ အာဏာပိုင်များ / အာဏာပိုင်တို့နှင့်ပေါက်ရောက်သူများသည် ပဋိပက္ခအား အမှန်တကယ်ရပ်တန့်စေလိုခဲ့ပါလျှင်၊ အစကနဦးကပင် ရပ်တန့်နိုင်မည်သာ။

    ယခင်စစ်အစိုးရ သည် ထင်သာမြင်သာသော ပဋိပက္ခများအား ရက်စက်စွာ နှိမ်နင်းခဲ့သည်မှာ မကြာသေးပေ။ ယခုအစိုးရ တစ်စိတ်တစ်ပိုင်းသည် အရပ်သားအစိုးရ ဖြစ်သော်လည်း တိုင်းပြည်အား လည်ပတ်နေစေသူများတွင် ယခင်လူများထဲမှ အများအပြားပါဝင်လျှက်ရှိသည်။

    နိုင်ငံရေး ဝေဝါးမှု

    အစိုးရသည် ယခင်က ပြုဖူးသကဲ့သို့၊ ရခိုင်ပြည်နယ် ၏ လမ်းများပေါ်တွင် စစ်သားများဖြင့် ချက်ခြင်း ဖြည့်တင်းနိုင်ပေသည်။ ရခိုင်ဒေသတစ်ဝှမ်းတွင် လုံခြုံရေးတိုးမြှင့်ချထားသည် ဟု ပြောကြားသော်လည်း မျက်မြင်အရဆိုလျှင် စစ်သားဦးရေသည် အလွန့် အလွန်နည်းပါးလှပါသည်။

    ၎င်းပဋိပက္ခသည် ရိုးရှင်းသော လူမျိုးရေး တင်းမာဆူပူမှု မျှ မဟုတ်ဆိုသည် ကို ရည်ညွှန်းသည့် နိုင်ငံရေးဝေဝါးမှု များရှိနေသည်။

    မြန်မာ့အာရုံသစ် စနစ် အတွင်း၌ အာဏာရှင်အမာခံများ ရှိနေသေးသည့် အပြင် ၊ ဒီမိုကရေစီသည် စစ်တပ် ၏ အာဏာ နှင့် လွှမ်းမိုးမှုတို့အား ဖယ်ရှားပစ်သည်ဟု မြင်ကြသော စစ်တပ်သည်လည်း ရှိနေသေးသည် ဆိုသည်ကို လွယ်ကူစွာ မေ့ပျောက်မရနိုင်ပါ။

    လက်နက်ကိုင်တပ်များသည်သာလျှင် မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်သူများ ဖြစ်သည်ဟု ၎င်းတို့က စောဒကတက် အငြင်းဝင် ချင်ကြမည်။ ပဋိပက္ခ ကို စတင်ဖန်တီးမှ မဟုတ်၊ ပဋိပက္ခအား ချုပ်ငြိမ်းရပ်တန့်ရန် မပြုခြင်း နှင့် ဖြစ်သင့်သည်ထက် ပိုမိုကြီးထွားအောင် အားပေးအားမြှောက် ပြုခြင်းသည်လည်း စစ်တပ်၏ လုပ်ရပ် အား ထင်ရှားစွာသက်သေပြနိုင်ခြင်းမည်ပါသည်။

    ယခင်စစ်တပ်ဗိုလ်ချုပ်များ၊ အာဏာရှင်အမာခံများ ဦးဆောင် ပါဝင်သည့် တိုင်းပြည်၏ အကြီးဆုံး နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် စစ်တပ်နှင့် ပတ်သက်ဆက်နွယ်လျှက်ရှိသည်။

    ၎င်း ပြည်ခိုင်ဖြိုး (USDP) ပါတီ၏ အကြီးမားဆုံးပြဿနာမှာ ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပင်ဖြစ်သည်။

    NLD ပါတီသည် အလွန်လူကြိုက်များသော ပါတီဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ၌လည်း NLD ပါတီက အနိုင်ရရှိခဲ့ပြီးနောက် စစ်တပ် က အာဏာသိမ်းခဲ့သည်။ ၂၀၁၂၊ ဧပြီလ ရွေးကောက်ပွဲတွင်လည်း NLD ပါတီသည် လွှတ်တော်အမတ်နေရာ အများဆုံးအနိုင်ရရှိခဲ့သည်။ အကယ်၍ ၂၀၁၅ အထွေထွေရွေး ကောက် ပွဲသည်လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်မည်ဆိုပါက၊USDP ပါတီသည်အခက်ကြုံရမည်ဖြစ် သည်။

    ယေဘုယျ တွက်ကိန်း

    အထက် ရေးသား ဖော်ပြချက်များသည် လက်ရှိဖြစ်ပွါးနေသော ရခိုင်တင်းမာမှုများနှင့် လုံးဝ မပတ် သက်သယောင်ထင်ရသော်လည်း၊အချို့သောသူများသည် ရခိုင်အကြမ်းဖက်မှု အား ကြိုးကိုင် အခွင့်ကောင်းယူ၍ ၎င်းတို့၏ လက်ရှိ ရာထူးအနေအထားများကို မြဲမြံအောင် ပြုလုပ်နေကြရုံမက ယခင်က ရှိခဲ့သော ၎င်းတို့၏ အနေအထားကို ပြန်လည်ရယူလိုကြသည် ဟု  မြန်မာနိုင်ငံ၏ လူမှုမီဒီယာ များတွင် ဇွန်လဆန်း ပိုင်း လောက်ကတည်း က ယေဘုယျ ခန့်မှန်းတွက်ကိန်းများ ရှိနေခဲ့သည်။

    ၎င်းတွက်ကိန်း ၏ သော့ချက်မှာ USDP ပါတီ ၏ အရာရှိဟောင်း ၊ ဗိုလ်ချုပ်ဟောင်း အောင်သောင်း နှင့် မွတ်စလင် ဆန့်ကျင်ရေး နာမည်ကြီးသော ရဟန်းပျို (ဝီရသူ မန္တလေး) တို့၏ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုပင် ဖြစ်သည်။

    ဝီရသူသည် မန္တလေးမြို့တွင် ၂၀၀၁ ၌ဖြစ်ပွါးခဲ့ သော ဗုဒ္ဓဘာသာ နှင့် မွတ်စလင်တို့ ၏ အဓိကရုဏ်းတွင် ပါဝင်ကျူးလွန်မှုကြောင့် ထောင် ဆယ်နှစ်မက ကျခံ ဖူးသူဖြစ်သည်။ ၎င်းသည် အစိုးရသစ်၏ လွတ်ငြိမ်း ချမ်းသာခွင့် ကြောင့်  ယခင်နှစ်ကုန်ပိုင်း က ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

    USDP ပါတီ အထိနာခဲ့သည့် ဧပြီလ ရွေးကောက်ပွဲ အပြီးတွင် အာဏာရှင်ဟောင်းသန်းရွှေနှင့် အလွန်နီးစပ် သည် ဟု လူသိများသော အောင်သောင်း က ဝီရသူ အားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

    နိုင်ငံ၏ အာဏာရပါတီ ခေါင်းဆောင် တစ်ဦး နှင့် မွတ်စလင်ဆန့်ကျင်ရေးကြောင့် လူသိများသော သာမန် ဘုန်းကြီးရဟန်း တစ်ဦးတို့၏ သမားရိုးကျပုံမှန် မဟုတ်သော တွေ့ဆုံဆွေးနွေးပွဲ ဓာတ်ပုံများပေါ်ထွက် ခဲ့သည်။

    ၎င်းတို့အဘယ်ကြောင့် တွေ့ဆုံ ခဲ့ပါသနည်း? မည်သည့်ရှင်းလင်းဖြေရှင်းချက်မျှ မရှိခဲ့ပါ။ သို့ရာတွင် ရခိုင် အကြမ်းဖက်မှုစတင်ပြီးနောက်၊ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံသားများ မဟုတ်၊ ၎င်းတို့ အား ဖမ်းဆီးပြီးနောက် အခြားနိုင်ငံသို့ ပို့ဆောင်ရမည် ဟူသော သမ္မတသိန်းစိန် ၏ အဆိုအား ထောက်ခံ ရန် လမ်းများပေါ်သို့ထွက်၍ ချီတက်ကြသည့် ဘုန်းကြီးများ ၏ ရှေ့တန်းတွင် ဝီရသူသည် ဦးစီးဦးဆောင် အဖြစ်  ပါဝင်ခဲ့လေသည်။

    အနောက်ဖက် (ရခိုင်) ရှိ တိုက်ခိုက်မှုများကြောင့် USDP မည်သည့်အကျိုးအမြတ်ရရှိသနည်း?

    မြန်မာနိုင်ငံသည် ရုတ်ချည်းနိုင်ငံရေး အပြောင်းအလဲအတွက် အဆင်သင့်မဖြစ်သေးကြောင်း မငြိမ်မသက် မှုများက သက်သေဖြစ်သည် ဟု အာဏာရှင်အမာခံ များက ပြောကောင်းပြောနိုင်သည်။

    မြန်မာနိုင်ငံသည် တက်ကြွစွာလှုပ်ရှားရာ၌ အတွေ့အကြုံများစွာရှိပြီး၊ နိုင်ငံရေးသမား အတွေ့အကြုံနည်း သော သူမျိုးကို အလိုမရှိဘဲ၊ တိုင်းပြည်အုပ်ချုပ်ရာ၌ အတွေ့အကြုံရင့်ကျက်သော တည်ငြိမ်လက်ပိုင်ရှင် များကိုသာ အလိုရှိသည်ဟုထိုသူများ ကပြောကောင်းပြောကြပေလိမ့်မည်။

    အကျပ်အတည်းများကြားက စုကြည်

    တိုက်ခိုက်မှု ပဋိပက္ခများသည် အောင်ဆန်းစုကြည် အား အလွန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိ စေသည်။ သူမသည် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး နှင့် တရားမျှတမှု အတွက် ကြာရှည်စွာ တိုက်ပွဲ ဝင်လာသူဖြစ်သည်။ ယခုမူ သူမသည် လွှတ်တော် အမတ် တစ်ဦးအဖြစ် စနစ်အတွင်းအလုပ်လုပ်နေရသူ ဖြစ်နေပြီး၊ သူမ၏ နိုင်ငံမှ ရာထောင်ချီသော ပြည်သူ အပေါင်းတို့သည် သူမ၏ နိုင်ငံ ၌ပင် တစ်နေ့တစ်ခြား ခွဲခြားဆက်ဆံခံနေရချိန်တွင် သူမ အနေဖြင့် ဆောင်ရွက်စဲ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရန်   ကမ္ဘာ က သူမအား မျှော်လင့်လျှက်ရှိပေသည်။

    သူမ၏ တုန့်ပြန်မှုများမှာ မည်သို့မျှ အရာမထင်ပေ။ သူမသည် မည်သည့်ဘက်ကိုမျှ ဘက်လိုက် ထောက်ခံမည်မဟုတ်၊ မည်သူကောင်း၏၊ မည်သူဆိုး၏ ဆိုသည်ကို ဆုံးဖြတ်သည့် “လူ့စရိုက်အား ဦးဆောင်မှု” မျိုးကိုလည်း သူမကျင့်သုံးမည် မဟုတ်ဟူသောအားနည်း ပျော့ညံ့သည့် ပြောကြားချက်အချို့ ကိုသာ ထုတ်ပြနိုင်ခဲ့သည်။

    အပြောင်းအလဲကို မလိုလား ကြ သော USDP ပါတီ နှင့် စစ်တပ် လက်ဟောင်းကြီးများသည် NLD ခေါင်း ဆောင်အနေဖြင့် လက်ရှိအခြေအနေ အားမည်သို့ကိုင်တွယ်မည်နည်း ဆိုသည်ကို ပျော်ရွှင် စွာကြည့်နေကြ ပေလိမ့်မည်။

    ရိုဟင်ဂျာ များ အားထောက်ခံ၍ ပြောကြားရန် နိုင်ငံခြားအစိုးရများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ ၏ ဖိအားပေးမှု များ အောက်တွင် သူမရောက်ရှိမည်ဆိုသည်ကို ၎င်းတို့သိရှိကြပြီး၊ အကယ်၍ သူမသည် ရခိုင် ဗုဒ္ဓဘာသာဝင်များအား ဆန့်ကျင်ပြောကြားပါ က ပြည်တွင်ထောက်ခံမှုများကိုဆုံးရှုံး ရမည့် အန္တရာယ် ရှိ ကြောင်းကို လည်း သူမက သိရှိနေပေသည်။

    ပြည်တွင်းထောက်ခံမှု ဆုံးရှုံးခြင်းသည် ထောက်ခံမဲဆုံးရှုံးခြင်းပင်။ ဒီမိုကရေစီ အရေးလှုပ်ရှားသူ တစ်ဦး ၏ ဘဝထက်စာလျှင်၊ စစ်အာဏာရှင် နိုင်ငံအဖြစ်မှ  ပြောင်းလဲခဲ့သော ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် နိုင်ငံ ရှိ နိုင်ငံရေး သမားတစ်ဦး ၏ ဘဝ သည် မည်သို့မည်နှယ် ရှိသည်ကို သူမ စတင် သိရှိခံစားနေရပေ လိမ့်မည် ဖြစ်နိုင်၏။

    ရခိုင်အရေးအခင်းနောက်ကွယ် အမှန်တရား အား ကျွန်ုပ်တို့ မည်သည့်အခါမျှ မသိရှိနိုင်မည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် တိုင်းပြည် ၏ ထိုအစိတ်အပိုင်း ရှိ မွတ်စလင် နှင့် ဗုဒ္ဓဘာသာဝင်များသည် ဆုံးရှုံး သူများ သာဖြစ်ကြသည်ကို ကျွန်ုပ်တို့သိရှိကြပေသည်။ အဆိုပါ အရေးအခင်းများသည် ဒီမိုကရေစီမြန်မာ နိုင်ငံ ၏ နေ့သစ်ဦးများ၌ ဖြစ်ပေါ်ခဲ့သည် ကို လည်းကောင်း၊ အပြောင်းအလဲကိုမလိုလားသော အင်အားစု များသည် တိုင်းပြည်၏ အနာဂတ် အားဆုံးဖြတ်ရာတွင် ကြီးမားသောအခန်းကဏ္ဍမှ  ယနေ့တိုင်ပါဝင် လျှက်ရှိကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်း က လေ့လာလျှက်ရှိနေမည် ဖြစ်ပေတော့သည်။

  • ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အမှန်တရားအား သိပိုင်ခွင့်

    ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အမှန်တရားအား သိပိုင်ခွင့်

    နိုဝင်ဘာ၊ ၁၀ ၊ ၂၀၁၂

    ရေးသူ- O’Laie Manzu

    အရာရာတိုင်းတွင် အဖြေရှိစမြဲပင်။ အဖြေသည် မှန်၏ မှား၏ လက်ခံနိုင်၏ လက်မခံနိုင်၏ ဆိုသည်မှာ ရရှိလာသော အဖြေအတွက် မှန်ကန်ကြောင်းသက်သေထူသည့် အချက်အလက်များအပေါ်တွင် မူတည်နေသည်။ သို့သော် သက်သေသာဓကများအား လှစ်လှူရှု့ကြပါမည်ဆိုလျင် တွေ့ရှိသော အဖြေမှာ မှန်ကန်သည့်တိုင်အောင် လက်ခံနိုင်ကြမည် မဟုတ်ပေ။ သိပံ္ပနည်းကျသော်လည်းကောင်း၊ သင်္ချာနည်းဖြင့်သော်လည်းကောင်း၊ သက်သေအထောက်အထားများဖြင့်သော်လည်းကောင်း၊ ကာယစွမ်းအား ဉာဏစွမ်းအား ဖြင့်သော် လည်းကောင်း ကမ္ဘာတစ်ဝှမ်းရှိ လူသားများသည် အဖြေမှန်များကို နေ့စဉ်နှင့်အမျှ စူစမ်းရှာဖွေနေကြသည်။ လေ့လာသုံးသပ်နေကြသည်။ ထိုနည်းတူစွာပင် အဖြေမှန်များအား ဖုံးကွယ်နေကြသည်မှာ လူ့ပတ်ဝန်းကျင်တွင် အစဉ်အမြဲတွေ့မြင်နေရသည်။

    ပညာသင်ကြားသည် ဆိုသည်မှာလည်း သတင်းအချက်အလက်များအား လေ့လာဆည်းပူးကြခြင်းပင်ဖြစ်ပေသည်။ ပညာရေးစနစ်၊ နိုင်ငံရေးခံယူချက်၊ ဘာသာရေးယုံကြည်ချက်နှင့် ပတ်ဝန်ကျင်၏ လွှမ်းမိုးမှုများ အပေါ်မူတည်ပြီး လေ့လာဆည်းပူးကြသည့် သတင်း အချက်အလက်များမှာလည်း ကွာခြားကြသည်။ စာသင်ခန်းများအပြင် စာဖတ်ခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ စကားဝိုင်းထိုင်ခြင်း၊ အယူအဆ ဖလှယ်ခြင်း၊ သတင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းအားဖြင့် သတင်း အချက်အလက်များအား နည်းအမျိုးမျိုးဖြင့် လေ့လာကြသည်။ တစ်ချိန်တည်းမှာပင် စာရေးသားသူ၊ ပြောဆိုသူ၊ တင်ပြသူ တို့၏ အာဘော်များလည်း ရောထွေးပါလာတက်ကြစမြဲဖြစ်သည်။

    အရင်းအမြစ်တစ်ခုတည်းမှ ထွက်ပေါ်လာသော သတင်းအချက်အလက်များအား ပုံအော ယုံမှတ်ပါက ယင်းအရင်းအမြစ်အား တင်ပြသူအာဘော်၏ လွှမ်းမိုးမှုအောက်သို့ ကြရောက်သွားမည်သာဖြစ်သည်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ ရရှိလာသော သတင်းအချက်အလက်များ အားလုံးအား တင်ပြသူ၏ အာဘော်လွမ်းမိုးမှု မရှိစေဘဲနှင့်သော်လည်းကောင်း၊ မိမိ၏ ပင်ယင်းခံယူချက်များနှင့် ယုံကြည်ချက်များ လွှမ်းမိုးမှုမရှိစေဘဲနှင့်သော် လည်းကောင်း သက်သေ အထောက်အထားများနှင့် ယှဉ်တွဲကာ လေ့လာသုံးသပ်ကြရမည်ဖြစ်သည်။ မိမိစိတ်တွင် စွဲမြဲနေသော ပင်ယင်းခံယူချက်-ယုံကြည်ချက်များနှင့် လေ့လာသုံးသပ်လျင် လေ့လာတွေ့ရှိချက်များသည်လည်း မိမိရှိရင်းစွဲပင် ကိုယ်စိတ်၏ လမ်းညွန်ရာသို့ သာ ရောက်ရှိသွားမည်ဖြစ်ပြီး မှန်ကန်သည့် သတင်း အချက်အလက်များအား ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။ ရရှိသောသတင်း အချက်အလက်များ၏ တန်ဖိုး မူရင်းအားလည်း သိရှိနားလည်နိုင်မည် မဟုတ်ပေ။

    သတင်းအချက်အလက်များအား ပွင့်လင်းထင်သာစွာဖြင့် ထုတ်ဖော်နိုင်ခွင့်၊ လေ့လာနိုင်ခွင့်နှင့် မျှဝေနိုင်ခွင့် အစရှိသည့် လွတ်လပ်မှုများသည် ဒီမိုကရေစီ စနစ်သည်သာလျင် ပိုမို အာမခံပေးနိုင်သည်။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်တွင် ဒီမိုကရေစီစနစ်အား လက်ခံကျင့်သုံးကြရန်အတွက် အာဇာနည် အမြောက်အများ အသက်ပေးခဲ့ကြသည်။ မြန်မာနိုင်ငံတော်အားလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ မြန်မာ့မျိုးချစ် အာဇာနည် အမြောက်အများသည်လည်း အသက်ပေးခဲ့ကြသည်ကို အများသိကြပေလိမ့်မည်။ ဘဝများ ပေးဆပ်ခဲ့ကြသည်ကိုလည်း မေ့ပျောက်ကြလိမ့်မည်မဟုတ်။

    ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် သတင်းမီဒီယာမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် အချို့မှာ ဒီမိုကရေစီစနစ်၏ ပင်မမဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အစရှိသည်တို့အပြင် သတင်းမီဒီယာအား ဒီမိုကရေစီစနစ်၏ စတုထ္ထ မဏ္ဍိုင်ကြီးအဖြစ်တင်စားကြသည်။ ဒီမိုကရေစီ ယန္တရား လည်ပတ်နိုင်ရန်အတွက် ဤ မဏ္ဍိုင်ကြီးလေးရပ်သည် ကျရာ အခန်းကဏ္ဍမှ လွတ်လပ်စွာ လည်ပတ်နေရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သတင်းမီဒီယာများသည် စီးပွားရေးလုပ်ငန်းများကဲ့သို့ ထင်ပေါ်ကျော်ကြားမှုနှင့် အောင်မြင်မှုရရှိရေးအတွက် ပရိတ်သတ်များအား စွဲဆောင်ကြရသည်။ ဈေးကွက် သဘောတရားအတိုင်း လူအများ စိတ်ဝင်စားမှုရယူနိုင်ရန် ဖန်တီးကြသည်။ ထို့အပြင် ငွေကြေးထောက်ပံ့သူများ၏ အရိပ်အောက်တွင် လည်ပတ်ကြရသည်ဖြစ်ရာ အမှန်တရားများမှ ယိမ်းယိုင်မှုများ ရှိတတ်ကြသည်။ သတင်းမီဒီယာသည် ဒီမိုကရေစီစနစ်၏ ပင်မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဲ့သို့ အပြန်အလှန် ထိမ်းချုပ်ညှိနှိုင်းမှုမရှိသောကြောင့် အရေးကြီးသည့် ကဏ္ဍတွင် တည်ရှိနေသော်လည်း လွဲမှားစွာ အသုံးပြုပါက ဒီမိုကရေစီစနစ်တစ်ခုလုံးအား ပြိုလှဲသွားနိုင်သည်အထိ အဆိပ်အတောက်ဖြစ်စေနိုင်သည့် အင်အားရှိသည်။

    သတင်း အချက်အလက်များအားလည်း လွတ်လပ်စွာ ရယူပိုင်ခွင့်၊ ဖြန့်ဝေပိုင်ခွင့်ရှိကြသော်လည်း မှန်ကန်သည့် သတင်းအချက်အလက်များ မရရှိပါက မိမိတို့ထံတွင် ရှိသည့် လွတ်လပ်စွာ သတင်းရယူခွင့်သည် နွံအိုင်ထဲတွင် ရေကူးခွင့်ပြုထားသည်နှင့် အလားသဏ္ဍန်တူနေပေသည်။ ထို့ကြောင့် ပိုမိုအရေးကြီးသည်မှာ အမှန်တရားအား သိပိုင်ခွင့်ပင်ဖြစ်သည်။ မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရန်လိုအပ်သည်။ မှန်ကန်သည့် သတင်းအချက်အလက်များ မျှဝေတင်ပြရန်မှာ သတင်းမီဒီယာများ၏ တာဝန်တစ်ရပ်ဖြစ်ပေသည်။

    မြန်မာနိုင်ငံတွင် သတင်းအမှောင်ချထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး သတင်းမှန်များရရှိရေးအတွက် ပြည်ပသတင်း မီဒီယာများအား အားကိုးခဲ့ကြရသည်။ ပြည်သူလူထုမှာ စစ်အစိုးရမှ ဖော်ပြသည့် သတင်းမှားများနှင့် ဆင်ဆာ ဖြတ်တောက်ပြီးမှ ထွက်ပေါ်လာခဲ့သော သတင်းများအား လက်ခံယုံကြည်ခဲ့ခြင်းမရှိပေ။ သို့သော် ၂၀၁၀ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလများတွင် သတင်းလွတ်လပ်ခွင့်များအား လှမ်းစဖွင့်ပေးခဲ့ခြင်းကြောင်း ပြည်တွင်း သတင်းမီဒီယာများအား မြန်မာပြည်သူများအနေဖြင့် ယခင်ကထက် ပိုမိုလက်ခံစပြုလာခဲ့သည်။ မှန်ကန်သည့် သတင်းများအဖြစ် လက်ခံလာကြသည်။

    ရခိုင်ပြည် အရေးအခင်းဖြစ်ပွားသည့် အချိန်တွင် ပဋိပက္ခကြီးမား ကျယ်ပြန့်မှု မရှိစေရန်အကြောင်းပြကာ သတင်းမီဒီယာများအား ပြန်လည် ထိမ်းချုပ်လာခဲ့သည်။ အပြောင်းအလဲများအား မြင်တွေ့နေရသည့် မြန်မာပြည်သူများမှာလည်း ထိမ်းချုပ်မှုအောက်တွင် ရှိနေသေးသည့် သတင်းမီဒီယာများမှ ထွက်ပေါ်လာသည့် သတင်းများအား ဆက်လက်ယုံကြည်နေကြသည်။ ပွင့်လင်းမှုအတိုင်းအတာ တစ်ခုအထိ တွေ့မြင့်လာရသောကြောင့် သတင်းမှားများ၊ ထိမ်ချန်မှုများ၊ ဖုံးကွယ်မှုများ၊ သွေးထိုးလှုပ်ဆော်မှုများ၊ ဖျားယောင်းသွေးဆောင်မှုများ၊ အာရုဏ်ပြောင်းမှုများ အား အမှန်ထင်၍ လက်ခံယုံကြည်လာကြသည်။ ထို့အပြင် ဒီမိုကရေစီရရှိရေးအတွက် အားပြုခဲ့သည့် ပြည်ပမီဒီယာများအား ဆန့်ကျင်လာကြသည်။ ပြည်ပမီဒီယားများမှထွက်လာသည့် သတင်းအချက်အလက်များအား ငြင်းပယ်ကြသည်။ ပြစ်တင်ရှုတ်ချကြသည်။

    အထူသဖြင့် ရခိုင်ပြည်နယ်အရေးအခင်းနှင့် ပတ်သက်၍အစိုးရ ထိမ်းချုပ်မှုအောက်တွင် ရေးသားဖော်ပြနေသည့် သတင်းများ၊ ထင်ပေါ်ကျော်ကြားရေးကို အဓိကထားကာ အများအကြိုက် ရေးသားဖော်ပြနေသည့် သတင်းများနှင့် ပြည်ပသတင်းမီဒီယာများမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များမှာ များစွာကွာခြားနေပါသည်။ ယင်းကွာခြားမှုများကို သုံးသပ်ခြင်းအားဖြင့် မြန်မာပြည်တွင် သတင်းမီဒီယာများအပေါ် ချုပ်ကိုင်မှုရှိနေပြီး သတင်းမီဒီယာများ ကိုယ်တိုင်ကပင် ထင်ပေါ်ကျော်ကြားရေးအတွက် အများအကြိုက်ရေးသားကာ ဒီမိုကရေစီစနစ်အား အဆိပ်အတောက်ဖြစ်စေမည့် ဒီမိုကရေစီနည်းလမ်းမကျသည့် ကျင့်ဝတ်များအား ကျင့်သုံးနေကြောင်းတွေ့ရပါသည်။ လွတ်လပ်မျှတသည့် သတင်းမီဒီယာနှင့် မှန်ကန်သည့် သတင်းအချက်အလက်များသိရှိပိုင်ခွင့် ရှိမှသာလျှင် စစ်မှန်သည့် ဒီမိုကရေစီစနစ်အား ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

  • ဟိန္ဒူ မိသားစုဥပဒေ

    ဟိန္ဒူ မိသားစုဥပဒေ

    နိုဝင်ဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    ရေးသူ – သုတေသီ

      မြန်မာနိုင်ငံတရားဥပေးများအက်ဥပဒေ (၁၈၉၈) ပုဒ်မ ၁၃(၁)အရ မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားလက်ထပ်ရေး (သို့) မျိုးနွယ်ရေး (သို့) ဘာသာရေးဆိုင်ရာအစဉ်အလာ (သို့) အဖွဲ့အစည်းတစုံတရာတို့နှင့်ပတ်သက်သည့် မည်သည့်ပြသနာကိုမဆို အဆုံးအဖြတ်ပေးရန် ရှိလျှင်-

             (ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်လျှင် ဟိန္ဒူဥပဒေအရ အဆုံး အဖြတ်ပေးရမည်။

    ဟုပြဌာန်းထားပြီး ယနေ့တိုင်တည်မြဲကာ လိုက်နာကျင့်သုံးလျှက်ရှိသောကြောင့် ဟိန္ဒူ ဘာသာဝင်များအကြား ပေါ်ပေါက်သော မိသားစု ပြသနာများကို ဟိန္ဒူမိသားစုဥပဒေ အရသာ လျှင်ဖြေရှင်းလျှက်ရှိပါသည်။

    သို့သော်လည်း ဟိန္ဒူမိသားစု ဥပဒေဟူ၍ စာအုပ်ပြဌာန်းထားခြင်းကား ယနေ့တိုင်မတွေ့ရှိရသေးပါ။

    ထိုမိသားစုဥပဒေသည် ဘုရား၏ဒေသနာများပေါ်တွင်တည်မှီသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀၀ကျော် ဘီစီ ၄၀၀၀ ခန့်မှ စတင်ပေါ်ပေါက် လိုက်နာကျင့်သုံးလာသော အလေ့အထများမှ ဥပဒေသဖွယ် အာဏာသက်ရောက်လာသည် ဟုဆိုသည်။ ဟိန္ဒူမိသားစုဥပဒေသည် ဒေသအလိုက်၊ ဇာတ်အလိုက်၊ မိသားစုရိုးရာဓလေ့ ထုံးစံ အလိုက် အနည်းငယ်ကွာခြားမှုရှိသည်။ မြန်မာနိုင်ငံတွင်း နေထိုင်ကြသော ဟိန္ဒူဘာသာဝင်များမှာ အိန္ဒိယနိုင်ငံ ဒေသအနှံ့မှ လာရောက်ခဲ့သူများနှင့် ၄င်းတို့၏ သားစဉ်မြေးဆက်များ ဖြစ်ရာ ၄င်းတို့ ဘိုးဘွားများ၏ မူလဒေသဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများသည် ၄င်းတို့အပေါ် ဆက်လက် အာဏာသက်ရောက်လျှက် ရှိသည်။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေး ဖြစ်သည်။ ထုံးတမ်းတကျ အခမ်းအနား မရှိမဖြစ် လိုအပ်သည်။ ဘုရားရှေ့မှောက်ရှိ ပူဇော်ထားသော မီးပုံတွင် ဘုရားစာများရွတ်ဖတ်ခြင်းနှင့် သတို့သားသတို့သမီးတို့ တူစုံတွဲကာ လျှောက်လှမ်းရခြင်း ဖြစ်သည်။ သတ္တမမြောက်ခြေလှမ်း ပြည့်သည်နှင့်တပြိုင်နက် ထိမ်းမြားခြင်း အထမြောက်သည်။ ပေါင်းသင်းစပ်ယှက်မှုရှိရန် မလိုအပ်ပေ။

    ထိမ်းမြားခြင်းပြုနိုင်သည့် အသက်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ကျမ်းများအလိုအရ ယောကျာင်္းလေး ၁၆နှစ်၊ နှင့် မိန်းကလေးကိုမူ အပျိုဖေါ်မ၀င်မီအရင် ၁၀နှစ် ၁၂နှစ် တွင်ပင်လျှင် မိဘ၊ အုပ်ထိးသူတို့က သဘောတူလက်ထပ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။ ၁၉၅၅ ခုနှစ် အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သော ဟိန္ဒူထိမ်းမြားခြင်း ဥပဒေ တွင်မူ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေး အသက် ၁၅နှစ် ဟု အတိအလင်း ပြဌာန်းခဲ့သော်လည်း ထိုဥပဒေမှာ မြန်မာနိုင်ငံ ဟိန္ဒူ မိသားစုများအပေါ် အာဏာသက်ရောက်ခြင်းမရှိပါ။

    သို့သော် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူများမှာ မြန်မာနိုင်ငံ၏ပြဌာန်းဥပဒေများကို လိုက်နာရန်တာဝန်ရှိသည်ဖြစ်ရာ ကလေးသူငယ်များ ထိမ်းမြားမှုကို ကာကွယ်သည့်ဥပဒေ (၁၉၂၉) အရ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆နှစ် မပြည့်မီ အုပ်ထိန်းသူများက လက်ထပ်ရန် သဘောတူညီမှုပြုခဲ့ပါက ထိုဥပဒေအရ အုပ်ထိန်းသူများပင်လျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။

    တရားဝင် လင်မယားဖြစ်ရန် ဘာသာရေးဆိုင်ရာတားမြစ်မှု၊ ဇာတ်ဆိုင်ရာ တားမြစ်မှု၊ သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်မှုများရှိပါသည်။ ၂ဦးစလုံး ဟိန္ဒူဘာသာဝင်များ ဖြစ်ရန်လိုသည်။ သတို့သား သတို့သမီးတို့သည် ၄င်းတို့နှင့် သက်ဆိုင်သော ဓလေ့ထုံးစံ (သို့) အလေ့အထက တားမြစ်ထားသော သွေးသားတော်စပ်မှု မရှိစေရ။ တစ်မိဘထည်းမှ ဆင်းသက်လာပြီး  (၅) နှင့် (၇) ဒီကရီအတွင်း သွေးသားတော်စပ်သူများ မဖြစ်စေရပေ။ ဇာတ်မတူသူများ အကြားလည်း လက်ထပ်ခွင့်ကို ပညတ်ချက်များရှိရာ အခြားဘာသာဝင်များ အနေဖြင့် နားလည်ရန် မလွယ်ကူပေ။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးဖြစ်ရာ ထိမ်းမြားမှုအထမြောက်သည်နှင့် ပျက်ပျယ်ခြင်း မရှိစေရ။ မည်သည့်အကြောင်းနှင့်မျှ ကွာရှင်းခွင့်မရှိပါ။ တဦးဦးက ဘာသာကူးပြောင်းယုံမျှဖြင့်လည်း ထိမ်းမြားမှုမပျက်ပျယ်ပေ။

    ထူးဆန်းသော ဓလေ့ထုံးစံအဖြစ် မိန်းကလေးသည် ယောကျာင်္းလေးနှင့် အိမ်ထောင်ပြုသည်နှင့်တပြိုင်နက် မိဘ များနှင် အဆက်ပြတ်ပြီး ယောကျာင်္း၏ မိသားစုဝင်အဖြစ် သေတပန်သက်တဆုံး နေထိုင်ရခြင်းပင် ဖြစ်ပါသည်။ လင်ယောကျာင်္း သေဆုံးသည့်တိုင် လင်ယောကျာင်္း အိမ်တွင် ဆက်လက်နေထိုင်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

    ယောကျာင်္းတယောက် အနေဖြင့် တချိန်တည်းတွင် မိန်းမအမြောက်အမြားယူနိုင်သည်။ မယားကြီး၊ မယားငယ် အဆင့်အတန်းများ ရှိသည်။ သားမွေးသော မယားနှင့် သားမမွေးသော မယားတို့ အဆင့်အတန်းကွာခြားမှုရှိသည်။ မိန်းမတွင်မူ ထိမ်းမြားချိန်၌ တည်မြဲသော အိမ်ထောင်မရှိစေရပေ။ မူရင်းဓလေ့ထုံးစံ အရ လင်ယောကျာင်္း သေဆုံးလျှင်လည်း မုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့်မရှိခဲ့ပေ။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဟိန္ဒူမုဆိုးမများ နောက်အိမ်ထောင်ပြုခွင့် ဥပဒေ ကို ပြဌာန်းခဲ့ရာ မြန်မာတနိုင်ငံလုံး ကိုလိုနီဘ၀ကျရောက်သည့်အခါ ထိုဥပဒေသည်လည်း မြန်မာနိုင်ငံရှိ ဟိန္ဒူမိသားစုများ အပေါ် အာဏာသက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ ဟိန္ဒူမုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့် ရရှိကြပြီး ဒုတိယအိမ်ထောင် ထူထောင်ခဲ့  ပါက ပထမအိမ်ထောင်၏ မိသားစုများမှ အခွင့်အရေးများစွန့်လွှတ်ရသည်။ ထို့အတူ ပထမအိမ်ထောင်နှင့်ရသော သားသမီးများ၏ အုပ်ထိန်းခွင့်လည်း ဆုံးရှုံးသည်။

    ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ လင်သက်ရှိထင်ရှားရှိစဉ်အတွင်း လင်၏မိသားစုပိုင် ပစ္စည်းအပေါ်တွင်မယားအနေဖြင့် တစုံတရာ အရေးဆိုနိုင်ခွင့် မရှိသကဲ့သို့ မယား၏ တဦးတည်းပိုင် (မိဘပေးလိုကသော) ပစ္စည်းပေါ်တွင်လည်း လင်ယောကျာင်္း အနေဖြင့် အရေးဆို ပိုင်ခွင့်မရှိပါ။ သီးခြားစီ ပိုင်ဆိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သို့သော် မိန်းမခွင့်ပြုပါက ယောကျာင်္းအနေဖြင့် သုံးစွဲနိုင်သည်။

    ဟိန္ဒူမိသားစု ဥပဒေ၏ မူလအရင်းအမြစ်ဖြစ်တည်ရာ အိန္ဒိယနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ဟိန္ဒူထိမ်းမြားမှု ဥပဒေကို ပြဌာန်းခဲ့ပြီး ထိမ်းမြားချိန်တွင် တည်မြဲသော အိမ်ထောင်ဘက် မရှိစေရ ဟူသော ပြဌာန်းချက်ကို ယောကျာင်္း မိန်းမ ၂ဘက်စလုံးနှင့် သက်ဆိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း ပြည်နယ် ဒေသတိုင်းတွင် အာဏာ သက်ရောက်မှုမရှိပါ။ အချို့ဒေသများတွင်မူ ယောကျာင်္း၁ဦးသည် အိမ်ထောင်တခု တည်မြဲနေစဉ်အတွင်း နောက်အိမ်ထောင်ပြုခဲ့ပါက ပထမအိမ်ထောင်၏ သဘောတူညီမှု လိုအပ်သည်။ ထို့အတူ ကွာရှင်းနိုင်ခွင့်၊ ထိမ်းမြားမှု ပျက်ပျယ်ကြောင်း လျှောက်ထားနိုင်ခွင့်တို့လည်း ထိုဥပဒေတွင် တွေ့ရသည်။ သို့သော် ထိုဥပဒေသည် မြန်မာနိုင်ငံ၌ အာဏာ သက်ရောက်မှုမရှိပါ။

     

    အခြားဆက်စပ် ဆောင်းပါး

  • ဘက်လိုက်တတ်တဲ့ မွတ်စလင်မ်

    ဘက်လိုက်တတ်တဲ့ မွတ်စလင်မ်

    နိုဝင်ဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- ကျော်မိုးအောင်

                မကြာခဏဆိုသလိုပင်  ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တို့သည် မေးခွန်းတစ်ခုနှင့် ကြုံကြရလေ့ ရှိကြပါသည်။ “အကယ်၍သာ မွတ်စလင်မ်နိုင်ငံတစ်ခုခုနှင့် မြန်မာပြည် စစ်ဖြစ်ခဲ့ပါက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တို့အနေနှင့် ဘယ်ဘက်ကပါကြမှာလဲ” ဟူသည့်၊ သို့တည်းမဟုတ်လည်း ယင်းသဘော ဆောင်သည့် အူတိအူကြောင် မေးခွန်းဖြစ်သည်။ မေးသူကတော့ ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တွေ တိုင်းပြည်အပေါ် သစ္စာမရှိနိုင်ရာ ဟူသည့် အယူစွဲဖြင့် မွတ်စလင်မ်တို့ ချောင်ပိတ်မိမည့် မေးခွန်းဟု တရားသေယူဆ၊ ကလေးတွေးတွေးကာ မိမိတို့ကိုယ်ကို ဟုတ်လှပြီထင်လျက် မေးပုံရသည်။ ဘယ်ဘက် လိုက်မှာလဲတဲ့။ တကယ်တမ်းတော့ မေးခွန်းက လက်တွေ့ မဟုတ်သည် မဖြစ်နိုင်သည်ကို အဟုတ်လုပ်လျက် မေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မျှ စစ်မက်ဖြစ်ပွားရန် အကြောင်းရင်းမရှိ၊ ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တို့အား အကဲစမ်းသည့် မေးခွန်းသက်သက်သာဖြစ်သည်။

                ရှင်းလင်းပြတ်သားစွာ ဖြေပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ မွတ်စလင်မ်မှန်ပါက အရေးကိစ္စမှန်သမျှတွင် “ကြားနေနှုတ်ဆိတ်ကာ ယုန်ကလေးနှာစေး” နေခွင့်မရှိပါ။ မွတ်စလင်မ်မှန်ပါက ပြတ်ပြတ်သားသား ဘက်လိုက်ကို လိုက်ရမည်မှာ တာဝန်ဖြစ်ပါသည်။

                ဘက်လိုက်ရန် ရှင်းလင်းပြတ်သားစွာသွန်သင်ထားသော မွတ်စလင်မ်တို့၏ ကျမ်းမြတ်ကုရ်အာန်လာ အဆုံးအမကို ဖော်ပြပါမည်။

    “ အို … သာသနာကို သက်ဝင်ယုံကြည်ကြသူတို့ …

    သင်တို့သည် မိမိတို့ ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

    မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

    သွေးတော်နီးစပ်သူ ဆွေမျိုးတို့နှင့် ဆန့်ကျင်သည်ဖြစ်စေ၊

    ချမ်းသာကြွယ်ဝအင်အားရှိသူနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

    ဆင်းရဲသူနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

    တရားမျှတမှုဘက်၌သာလျင် ထာဝစဉ်မြဲမြံစွာ တည်တံ့သူများ၊

    အလ္လာဟ်အရှင်မြတ်ကိုသာထောက်ထား၍ သက်သေခံသူများ ဖြစ်ကြလေကုန်။…

    သင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားစေရန် မိမိတို့စိတ်အလိုဆန္ဒကို မလိုက်ကြကုန်လင့်။…”

    (ကျမ်းမြတ်ကုရ်အာန် ၄း၁၃၅)

                ဤမျှဆိုလျင်ပင် အစ္စလာမ်က မည်သို့ ဘက်လိုက်ခိုင်းထားကြောင်း နားလည်သဘောပေါက်မည် ထင်မိပါသည်။ အမှန်တရား၊ ပရမတ္တ သစ္စာတရားဘက်သို့ ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ လိုက်ခြင်းသည်ပင် မွတ်စလင်မ့်ဂုဏ်ရည် ဖြစ်ပါသည်။ သစ္စာတရားနှင့် ယှဉ်လာလျင် မိမိတို့ ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ ဘက်လိုက်ပါမည်။ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ ဘက်လိုက်ကြပါမည်။ မိမိ၏ နီးစပ်သူ ပတ်သက်ရာပတ်သက်ကြောင်းတို့ မနှစ်သက်နိုင်သည် ဖြစ်ပါစေ၊ အမျိုးတူသူနှင့် ဆန့်ကျင်သည်ဖြစ်နေပါစေ မှန်သည့်ဘက်လိုက်ကြရပါမည်။ ဘာသာ၊သာသနာတူသူနှင့် ဆန့်ကျင်ရာဆန့်ကျင်ကြောင်း ဖြစ်နေပါစေ မှန်ရာဘက်လိုက်ကြရပါမည်။ ဆင်းရဲသားလူ့နင်းပြား ပစ္စည်းမဲ့လူတန်းစား အမြဲသာစေရမည် ဟူသော လက်ဝဲယိမ်း ဝါဒကိုလည်း မကျင့်သုံးဘဲ အမှန်ဘက်လိုက်ကြရပါမည်။ သြဇာအာဏာ ဂုဏ်ဒြပ်ကြီးမားနိုင်သော ရေပေါ်ဆီ ခရိုနီ သူဌေးများနှင့် ထိပ်တိုက်တွေ့ကလည်း အဂတိတရား ကင်းစွာဖြင့်  သစ္စာတရားဘက် လိုက်ကြရပါမည်။

                တမန်တော်မြတ်ကလည်း မတရားမှု တစ်စုံတစ်ရာနှင့်ကြုံလာပါက ပထမဆုံးအနေဖြင့် ကာယကံမြောက် ဆန့်ကျင်ရန်၊ ထိုသို့ မဖြစ်နိုင်သည့် အခြေအနေဆိုပါက ဒုတိယအဆင့် နှုတ်အားဖြင့် ကန့်ကွက်ဆန့်ကျင်ပြောဆိုရန်၊ နှစ်မျိုးလုံးအတွက် အခက်တွေ့ပါက အနိမ့်ဆုံးအဆင့် မိမိစိတ်တွင်းမှ ရှုတ်ချဆန့်ကျင်လျက် အဆိုပါဖြစ်ရပ်ကို အားပေးအားမြောက်ပြုနေသည့် အသိုင်းအဝိုင်းမှ ကင်းဝေးစွာနေကာ အမှန်တရားထွန်းကားရေးအတွက် ဆုမွန်တောင်းရန် သွန်သင်ထားပါသည်။

                သစ္စာတရားဘက်သို့ မှန်မှန်ကန်ကန် ရပ်တည်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် မည်သည်က အမှန်တရားဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာသိစေရန် ကြိုးပမ်းအားထုတ် လေ့လာရပေမည်။ မိမိသေချာမသိပါဟု ဆိုခွင့်မရှိပါ။ ဤသည့်အတွက်လည်း မိမိ၏ လူမျိုးစွဲ၊ ဘာသာစွဲ၊ အတ္တစွဲ၊ ဆရာစွဲ၊ အယူစွဲတို့ကို အခြေမခံဘဲ တရားမျှတစွာ လေ့လာဆုံးဖြတ်ကြရန်လည်း အောက်ပါအတိုင်း လမ်းညွှန်ထားပါသည်။

     

    ထို့ပြင် သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲနှင့်  လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် ဆန်းစစ်ကြဖို့၊ သို့မဟုတ်လျင် မိမိတို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍ ဆုံမသွန်သင်ထားသည်။ (ကျမ်းမြတ်ကုရ်အာန် ၄၉း၆)

    အစ္စလာမ်က မိမိ တစ်ကိုယ်ရည်အတွက် မေတ္တာထားကာ ငုံ့ခံခိုင်းထားသလို အများအတွက်၊ လူ့အစုဝေးအကျိုးနှင့် ယှဉ်လာပါမူ သစ္စာတရားအတွက် တုန့်ပြန်ခိုင်းထားသည်။

    အစ္စလာမ်၏ လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား ခွင့်လွှတ်ခဲ့သည်။

    သစ္စာတရားနှင့် ယှဉ်လာလျင်မူ စည်းစိမ်ဥစ္စာ အာဏာဖြင့် စည်းရုံးလာသူတို့အား သင်တို့အနေဖြင့် ကျွန်ုပ်၏ လက်တစ်ဘက်တွင် နေမင်း၊ ကျန်လက်တစ်ဘက်တွင် လမင်း ပေးနိုင်စေကာမူ အမှန်တရားအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ဆိုခဲ့သည်။

    တမန်တော်မြတ်သည် ပင်ကိုယ်သဘောအရ အစဉ်သည်းခံခွင့်လွှတ်ကာ အေးချမ်းစွာနေတတ်သူ ဖြစ်သော်လည်း အများလူထု ၁၃နှစ်ကျော် နှိပ်စက်ငြှင်းပမ်း သတ်ဖြတ်မှုများ ခံရပြီးနောက်ဆုံးတွင် ခုခံစစ်အဖြစ်သစ္စာတရားအတွက် တုန့်ပြန်လျက် ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ မတရားသဖြင့် ညှဉ်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ဆိုးရွားလှသည် မဟုတ်ပါလော။ (ကျမ်းမြတ်ကုရ်အာန် ၂း ၁၉၁)

    ဤစစ်ပွဲအခြေအနေတွင်ပင် ယခင်က မရှိခဲ့ဖူးသည့် တရားမျှတသည့် စစ်စည်းမျဉ်းများ ချမှတ်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားဖြစ်ပါသည်။ စစ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသောသူများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများအား မထိပါးရန်၊ စစ်မြေပြင်ဝန်းကျင်ရှိ ရေတွင်းရေကန်နှင့် သစ်ပင်များအား မဖျက်ဆီးရန်၊ စစ်သုံ့ပန်းများအား နှိပ်စက်သတ်ဖြတ်ခြင်း မပြုရန်၊  စစ်သုံ့ပန်းများအနေဖြင့် လျော်ကြေးပေးခြင်းဖြင့် ဖြစ်စေ စာမတတ်သူမွတ်စလင်မ်၁၀ဦးအား စာသင်ကြားပေးခြင့်ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် စသည့် လူ့အခွင့်အရေးကို အခြေခံသော တရားမျှတမှုကို ကမ္ဘာ့သမိုင်းတွင် ပထမဆုံးစတင်ခဲ့သူမှာ သစ္စာဝါဒီ မွတ်စလင်မ်များ ဖြစ်ကြသည်။

    ခုခံစစ်ပွဲတစ်ခုအတွင်းကြုံခဲ့သည့် ဖြစ်ရပ်မှန်တစ်ရပ်ကို ပြန်လည် တင်ပြပါမည်။ မွတ်စလင်မ် စစ်သည်တစ်ဦင်္းက ရန်သူ စစ်ခေါင်းဆောင်အား အနိုင်ရကာ ဓားဖြင့်ခုတ်ပိုင်းရန် ရွယ်လိုက်စဉ်တွင် ထိုရန်သူက မွတ်စလင်မ်စစ်သည်အား တံတွေးနှင့် ထွေးလိုက်ပါသည်။ ထိုအခါ မွတ်စလင်မ်စစ်သည်က ဒေါသတစ်ကြီးဖြစ်သွားသော်လည်း ထိုရန်သူအား ဆက်လက်တိုက်ခိုက် ခုတ်ပိုင်းခြင်းမပြုတော့ဘဲ လွှတ်ပေးလိုက်ရာ မိမိကိုကိုယ် သေသူအဖြစ်သတ်မှတ်ပြီးသားရန်သူခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့် အကြောင်းရင်းကို မေးကြည့်ပါသည်။ မွတ်စလင်မ်စစ်သည်အနေဖြင့် မိမိသည် မိမိအတ္တအတွက်မဟုတ်ဘဲ သစ္စာတရားအတွက်သာ တိုက်ပွဲဝင်နေခဲ့သည်ဖြစ်ပြီး မိမိမျက်နှာ တံတွေးအထွေးခံရသဖြင့် စိတ်ဆိုးနေချိန်တွင် ဆက်လက်ခုတ်ပိုင်းပါက မိမိအတ္တအတွက် လူသတ်ရာရောက်မည်ဖြစ်သောကြောင့် ဤသည်ကို မလိုလား၍ ဆက်မတိုက်၊ မသတ်လိုက်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ဤဖြစ်စဉ်က အဆိုပါရန်သူ၏ စိတ်နှလုံးကို ပြောင်းလဲစေလျက် သူကိုယ်တိုင် မွတ်စလင်မ်ဖြစ်လာခဲ့ပါသည်။ ဤသည်မှာ စစ်မြေပြင်တွင်တောင်မှ အမှန်တရားအတွက် သက်သက်သာ တိုက်ပွဲဝင်သူ သစ္စာဝါဒီ မွတ်စလင်မ်တို့၏ ဥပမာ တစ်ခုပင်။

    နောက်ဆုံး ရန်သူတို့ အရေးနိမ့်သွားချိန် စစ်ပွဲများအားလုံး အဆုံးသတ်သွားရသည့် မက္ကာဟ်ရွှေမြို့တော် အောင်နိုင်သည့်ကာလတွင်မူ မွတ်စလင်မ်များအနေဖြင့် ရန်သူအားလုံးတို့အား သွေးမြေမကျစေရဘဲ အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်။ တမန်တော်မြတ်သည် မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ်သူကိုပင် အပြစ်မယူဘဲ ခွင့်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။

    ဤမျှလောက် ရှင်းလင်းပြီးလျင် အထက်ပါမေးခွန်းအတွက် ထပ်ဖြေပါမည်။

    မြန်မာနိုင်ငံအနေဖြင့် မွတ်စလင်မ်နိုင်ငံတစ်ခုခုနှင့် မျှသာမဟုတ် ထိုင်းနိုင်ငံကဲ့သို့သော ဗုဒ္ဓဘာသာ နိုင်ငံနှင့်ဖြစ်စေ၊ အခြား ခရစ်ယာန်နိုင်ငံနှင့်ဖြစ်စေ၊ ဂျူးဘာသာဝင်တို့နှင့်ဖြစ်စေ မည်သို့ပင်ဖြစ်စေ စစ်မက်ဖြစ်ပွားခဲ့ပါက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တို့သည် မှန်သည့်ဘက်လိုက်ပါမည်။ မြန်မာပြည် ခုခံစစ်အတွက်ဆိုလျင် လိုအပ်ပါက ဗလီရှေ့ဆောင်ဆရာများ အပါအဝင်ပင် ရှေ့တန်းမှ ပါဝင်ကြရပါမည်။

               ရှေးယခင် အင်္ဂလိပ်နယ်ချဲ့မှုကို တော်လှန်စဉ်ကလည်း မွတ်စလင်မ်စစ်တပ်များ အမြောက်အမြား ပါခဲ့သည်ကို မသိကြလေသလော … မေ့သယောင် ဟန်ဆောင်နေကြသည်လော။

     

    သို့သော် မတရား ကျူးကျော်စစ်အတွက်ဆိုပါမူ…။

    တစ်ချိန်ကအမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ စစ်ချီခဲ့ဖူးပါသည်။ ထိုစဉ်က တိုင်းသူပြည်သား များလည်း ထိုကျူးကျော်စစ်အတွက် စစ်မှုထမ်းကြရပါသည်။ အမေရိကန်နိုင်ငံသား သစ္စာဝါဒီတစ်ဦးဖြစ်သူ လက်ဝှေ့ချန်ပီယံ ကပ်စီးယပ်စ်ကလေး ခေါ် မုဟမ္မဒ်အလီသည် ကျူးကျော်စစ်ကို ဆန့်ကျင်သူ ဖြစ်ရာ ရဲရဲဝံ့ဝံ့ ဆန့်ကျင်လျက် စစ်မှုမထမ်းခဲ့ပါ။ အကျိုးဆက်အနေဖြင့် လက်ဝှေ့ချန်ပီယံလက်မှတ် ပြန်အပ်ရမည်ဆိုသည်ကို နှောင့်နှေးခြင်းမရှိပြန်အပ်ကာ လက်ဝှေ့ချန်ပီယံဘွဲ့ကို နောက်တစ်ကြိမ် ကြိုးဝိုင်းမှာ ပြန်လည်အရယူခဲ့သည့် သာဓက ရှိပါသည်။

               မွတ်စလင်မ်ညီနောင် ညီအစ်မ မှန်သမျှ အစ္စလာမ့်သွန်သင်ချက်နှင့်အညီ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ဘက်လိုက်တတ်သူ၊ ဘက်လိုက်ရဲသူ၊ ဘက်လိုက်ခွင့်ရကြသူ သစ္စာဝါဒီများ ဖြစ်ကြပါစေသား။

     

    M-Media သို့ ဆောင်းပါးရှင် ကိုကျော်မိုးအောင် ပေးပို့လာသည့် ဆောင်းပါးဖြစ်ပါသည်။

  • ငါတို့သိနေတယ်

    ငါတို့သိနေတယ်

    မပြောချင်လည်း ပြောရဦးမယ်၊- မြန်မာနိုင်ငံအတွက် ရင်လေးလွန်းလို့-၊ မြန်မာပြည်ကို ဦးဆောင်တဲ့ ခေါင်း ဆောင်များ မွတ်ဆလင် သုတ်သင်ရေး၊ မွတ်ဆလင်မျာအား နှိပ်ကွပ်ရေး၊ အစ္စလာမ်သာသနာကို ၀င်မိရင် သိမ် ငယ်နေစေရေးတွေကို ဆက်တိုက်လုပ်ဦးမှာ ကမ္ဘာတစ်ခုလုံးက သိနေတယ်။ သူတို့ရဲ့ အတွင်းစိတ်ကိုယ်တိုင်က သူတို့ ရပ်တည်နေတဲ့ ဘာသာတရားပေါ်မှာ မျက်လုံးစုံမှိတ် အယူသည်းနေတာလား၊ သို့မဟုတ် လူအများစုကြီး ကိုလှည့်စားပြီး- မိမိအာဏာတည်အောင် လုပ်ဆောင်နေတာလား ဆိုတာတော့ သူတို့ကိုယ်တိုင် အသိဖြစ်မှာပါ။

    ရခိုင်နယ်က အစုံလိုက် အပြုံလိုက် အကြမ်းဖက်သတ်ဖြတ် မောင်းထုတ်ခံရမှုမှာ- ဘယ်သူတွေ တာဝန်မကင်း ဘူးဆိုတာ သိနေလျှက်-၊ ပြတ်ပြတ်သားသား အရေးယူပေးပါမယ် ကတိတွေ အကြိမ်ကြိမ်ပေးလျှက်-၊ တစ် ကယ်တမ်း ဖမ်းဆီးနှိပ်ကွပ်နေတာက တရားခံအစစ်များ တစ်ယောက်မှ မပါသေးဘူး။ ဒီကြားထဲ မွတ်ဆလင် တွေကပဲ အကြမ်းဖက်သလို၊ နိုင်ငံတစ်ကာ အကြမ်းဖက်များနဲ့ အဆက်အသွယ်ရှိသလို ၀ါဒတွေက ဆက်တိုက် ဖြန့်ချီဦးမယ်။ လက်သပ်မွေး လူဆိုးလူမိုက်များ သို့မဟုတ် လက်သပ်မွေး တပ်စိတ်တစ်ခုလောက်ကို မွတ်ဆ လင်ယောင်ဆောင်ခိုင်း- မုတ်ဆိတ်မွေးတွေ တပ်ပေး- အင်္ကျီရှည်ကြီးတွေ ၀တ်ပေး၊ ခေါင်းပေါင်းတွေ ပေါင်းပေး ပြီး- အစိုးရစစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့တစ်ခုလောက်ကို ၀င်ပစ်ခိုင်းမယ်၊ တိုက်ပွဲအတုတွေ ဖန်တီးဦးမယ်။- ပြီးရင် နိုင်ငံအတွင်းမှာ ကုလားဆိုး သောင်းကျန်းသူတွေ ထကြွနေပြီ ဆိုပြီး အကြီးအကျယ် ၀ါဒဖြန့်မယ်။ နိုင်ငံ တစ်ကာကိုလည်း လှည့်ပတ် လိမ်ဦးမယ်။ — ဒါတွေကို အားလုံး ငါတို့လည်းသိနေသလို၊ နိုင်ငံတစ်ကာကလည်း သိနေပါတယ်။ လိမ်ကွက်တွေကို လက်ပူးလက်ကျ ဖမ်းဘို့ စောင့်နေသူတွေလည်း ရှိနေပါတယ်။

    ကမ္ဘာ့နိုင်ငံကြီးတွေက မြန်မာနိုင်ငံဟာ တရုတ်လက်ထဲကို မရောက်သွားအောင် ဒီမိုကရေစီ လမ်းစအောက်မှာ အတင်းဝင်ရောက်ကူညီပြီး- ဒီမိုကရေစီဘက်ကို တွန်းပို့ ကူညီနေတာကို ပုံမှားရိုက်ပြီး- ငါတို့ကိုတော့ နိုင်ငံတစ် ကာနဲ့ ကုလသမဂ္ဂကတောင် ကူညီနေပြီ-၊ ငါတို့ ဒီမိုကရေစီကို အရောင်ပြပြီး လူနည်းစုကို အပြီး ကြိတ်လိုက် မယ် တော့ စိတ်ကူး မမှားဘို့ လိုတယ်။

    နိုင်ငံတစ်ကာက ကူညီနေတာက “ဒီမိုကရေစီ လမ်းကြောင်းအတွက် ဖြစ်တယ်။” ဦးသိန်းစိန် ဦးဆောင်တဲ့ သမ္မတ အဖွဲ့ကို အာဏာမြဲစေဘို့၊ လူဆိုးလူမိုက်တွေ ဖွံ့ဖြိုးရှင်သန်စေဘို့ မဟုတ်ဘူး ဆိုတာတော့- မြန်မာခေါင်း ဆောင်တွေ သိစေဘို့ လိုအပ်ပါတယ်။

    ပြီးတော့ မွတ်ဆလင် စီးပွားရေး သမားတွေကို နာမည်ပျက်စာရင်းသွင်းနေတာ၊ စီးပွားရေး လုပ်ပိုင်ခွင့်များ ပိတ် ဆို့ဘို့ ကြိုးစားနေတာ၊ အတွင်းပေါ်လစီချပြီး- မွတ်ဆလင်တွေရဲ့ ဥစ္စာပစ္စည်းများကို အတင်းသိမ်းပိုက်ဘို့ စီမံ ချက်ချထားတာ၊- နိုင်ငံအနှံ့မှာ လက်သပ်မွေး သင်္ကန်းဝတ်တွေကို မွတ်ဆလင်ဆန့်ကျင်ရေး လှုံ့ဆော်ခိုင်းထား တာ- ဒါတွေအားလုံးဟာ ကမ္ဘာ့မျက်လုံးရဲ့ အောက်မှာ ရှိနေပါတယ်။ ဒါတွေကို ချက်ချင်း ရပ်သွားအောင် လုပ် ဆောင်နိုင်ပေမယ့်- လွှတ်ပေးထားတာ ကိုယ်တိုင်က ကမ္ဘာ့ ခုံရုံး တရားခံဟာ ဘယ်သူ ဖြစ်သလဲလို့ ထပ်ပြန် တစ်လဲလဲ သက်သေခံနေခြင်းသာ ဖြစ်ပါတယ်။

    မြန်မာ့ရာဇ၀င်မှာ ကမ္ဘာ့ခုံရုံးကို တက်ရသူ မရှိသေးဘူး ဆိုတဲ့ သမိုင်းက ပြောင်းတော့မှာပါ။- ဒီတင်မက-၊ မွတ် ဆလင်များကို camp သွင်းပြီး လှောင်ပိတ်ထားမယ့် သူတွေကိုယ်တိုင်လည်း မိမိရဲ့ ရပ်ရွာထဲက အပြင်ကို မထွက်နိုင်တဲ့ camp ထဲကို ၀င်ရတော့မှာပါ။ ကိုယ့်ရွာမှာ ကိုယ်သူဌေးလုပ်နေချင်ရင်တော့ အဆင်ပြေနိုင်ပါ တယ်။ သားစဉ်မြေးဆက် နိုင်ငံရပ်ခြားမှာ ပညာသင်ခွင့်၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေပါ ပိတ်သွားစေရပါမယ်။ နိုင်ငံအပြင်ကို ထွက်တာနဲ့ နိုင်ငံတကာရဲ့ ဥပဒေ သက်ရောက်မှု စက်ဝန်းထဲကို ရောက်သွားပြီ ဆိုတာကိုလည်း ခံစားစေရပါမယ်။

    Freedom of Speech (လွတ်လပ်စွာ ပြောဆိုခွင့်)နဲ့ Hate Speech (အမုန်းတရား လှုံ့ဆော်စကား) ကွဲပြား တယ် ဆိုတာများကိုလည်း မကြာမှီ သိလာရပါတော့မယ်။

    လူသားချင်းအကြား မတော်မတရား စီမံသူ၊ ညွှန်ကြားသူ၊ ၀ါဒဖြန့်သူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်သူ၊ ထောက်ခံအားပေးသူ၊ တာဝန်ရှိသူ- အားလုံး- ကမ္ဘာ့ဥပဒေ ဆိုတာဘာလဲ၊ ဥပဒေ သက်ရောက်မှု ဘယ်လောက် ရှိသလဲ- ဆိုတာကို ကြုံရတဲ့နေ့များမှာ ပြေးလွတ်နေရင်တောင် “ငါဟာ ကမ္ဘာရဲ့ ရာဇ၀တ်သားကောင်ပါလား၊”လို့ တစ်သက်လုံး ယူကြုံးမရ ဖြစ်သွားရတော့မှာပါ။– အဲ့ဒီနေ့ရက်များကို လက်ချိုးရေတွက် စောင့်နေလိုက်ပါ-လို့ သတိပေးလိုပါတယ်။

    ဌေးလွင်ဦး

    MMCRM

     

    (ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။)