News @ M-Media
Category: ဆောင်းပါး
  • စစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၅) /ပျက်စီးမှု့၊ ဥပဒေစိုးမိုးရေး၊ ကယ်ဆယ်ရေး
    စစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၅) /ပျက်စီးမှု့၊ ဥပဒေစိုးမိုးရေး၊ ကယ်ဆယ်ရေး
    စက်တင်ဘာ၊ ၁၉၊ ၂၀၁၂
    စာတမ်းပြုစုရေးသားသူ
    ဖိုးလှိုင် (B.Sc, H.G.P,R.L)
    ဤ စာတမ်းသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဖွဲ့စည်းပေးထားသော ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်သို့ ဖိုးလှိုင် (B.Sc, H.G.P,R.L) မှ ပေးပို့သော အကြံပြုစာတမ်းဖြစ်ပါသည်။
    စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၅) /ပျက်စီးဆုံးရှုံးမှု၊ ဥပဒေစိုးမိုးရေး၊ ကယ်ဆယ်ရေး
    အခန်း(၂)
    (ခ) ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံး၊ ဒဏ်ရာရမှုများနှင့်  ပျက်စီးဆုံးရှုံးမှုများ
    (၁) တောင်ကုတ်လူသတ်မှုတွင် သေဆုံးသူများ ။
    (၂) ပဋိပက္ခတွင် မပါလိုသူများ အသတ်ခံရ ။
    (၃) မီးလောင်ရာတွင် ပိတ်မိပြီး မီးလောင်သေဆုံးကြသူများ ။
    (၄) မီးဘေးမှထွက်ပြေးလွတ်မြောက်သူများ သေနတ်ဒဏ်ရာ ဓားဒဏ်ရာဖြင့် သေကြရ ။
    (၅) ထောင်အတွင်း အချုပ်ခန်းအတွင်း အများအပြားသေဆုံး ။
    (၆) လှေစီးထွက်ပြေးသူများသေကြရ ။
    (၇) အိုးအိမ် အပျက်အစီး ။
    အခန်း(၃)
    (ဂ) တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ဥပဒေစိုးမိုးရေးဆောင်ရွက်မှု
    (၁) လုံထိန်းများ ဥပဒေစိုးမိုးမှု မရှိ    ။
    အခန်း(၄)
    (ဃ) ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်မှု
    (၁) ရိုဟင်ဂျာဒုက္ခသည်စခန်း ။
    (၂) အမျိုးများ၏ နေအိမ်များတွင် ခိုလှုံနေကြရသည့် ဒုက္ခသည်များ ။
    အခန်း(၂)
     (ခ) ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံး၊ ဒဏ်ရာရမှုများနှင့်  ပျက်စီးဆုံးရှုံးမှုများ
    (၁) တောင်ကုတ်လူသတ်မှုတွင် သေဆုံးသူများ ။
    တောင်ကုတ်လူသတ်မှုတွင် မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်ခရီးသည်(၁၀)ဦးကို အကြမ်းဖက်သူအယောက်(၃၀ဝ)ကျော်က တုတ်များ၊ ဓားများ၊ ခဲလုံးများဖြင့် အကြမ်းဖက် သတ်ဖြတ်ခဲ့သည်ဟု သိရပါသည်။
    (၂) ပဋိပက္ခတွင် မပါလိုသူများ အသတ်ခံရ ။
    ပဋိပက္ခတွင် မပါလို၍ ဘေးလွတ်ရာသို့ ထွက်ပြေးကြသူများကို လိုက်လံရှာဖွေသတ်ဖြတ်မှုများ ရှိပါသည်။ နောက်မှလိုက်လာ၍ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှုလည်း ရှိပါသည်။ အသေအပျောက်စာရင်း အတိအကျ မသိရပါ။
    (၃) မီးလောင်ရာတွင် ပိတ်မိပြီး မီးလောင်သေဆုံးကြသူများ ။
    မီးလောင်ရာတွင် ပိတ်မိနေသူများ၊ ထွက်မပြေးနိုင်သူများရှိပါသည်။ လုံထိန်းအချို့က ထွက်မပြေးနိုင်ရန်လည်း ပစ်ခတ်ကြပါသည်။ အကြမ်းဖက်သမားများကလည်း၊ လုံထိန်းများနှင့် အတူဓားများ၊ ဝါးချွန်များနှင့်အတူ ဝိုင်းပတ်ပိတ်ဆို့ထားပါသည်။ ထို့ကြောင့် မီးလောင် သေဆုံး သူများဆိုးဆိုးရွားရွားများသည်ဟု သိရပါသည်။ စာရင်းအတိအကျ သိရန် ခက်ခဲပါသည်။
    (၄) မီးဘေးမှထွက်ပြေးလွတ်မြောက်သူများ သေနတ်ဒဏ်ရာ ဓားဒဏ်ရာဖြင့် သေကြရ ။
    မီးဘေးမှ အသက်မသေထွက်ပြေးလွတ်မြောက်ကြသူ အချို့၊ သေနက်ပစ်ခံရ၍၊ သေဆုံး ကြရသူများရှိပါသည်။ ဓားဒဏ်ရာများဖြင့်သေဆုံးကြသူများလည်းရှိပါသည်။ သေဆုံးသူ အရေ အတွက်သည် သတင်းထုတ်ပြန်သည့်(၈၀)ကျော်ဆိုသည်ထက် များစွာပိုကြောင်းသိရပါသည်။
    (၅) ထောင်အတွင်း အချုပ်ခန်းအတွင်း အများအပြားသေဆုံး ။
    ရိုဟင်ဂျာအများအပြားကို အစုလိုက်အပြုံလိုက်ပင် ဖမ်းဆီးထားကြောင်းသိရပါသည်။ တစ်နေ့(၂)နာရီခန့်သာ အိပ်ခွင့်ရပြီး တောက်ရှောက် မအိပ်မနား အစစ်ဆေးခံနေရပါသည်။ ထမင်းကို ကြမ်းပြင်ပေါ် ပုံကျွေးပါသည်။ ညအိပ်သည့်အခါ ကိုယ်လုံးတီး၊ ဝတ်လစ်စားလစ်၊ ကြမ်းပြင်ပေါ်တွင် အခင်းမရှိ အိပ်ကြရပါသည်။ နေ့တိုင်း တဖြုတ်ဖြုတ် သေနေကြပါသည်။ အသေအပျောက်စာရင်းကိုလည်း ထုတ်ပြန်ခြင်း မရှိ။ ပွင့်လင်း လူ့အဖွဲ့အစည်းဆိုသူတို့၏ အသံလည်းပျောက်၊ အားလုံး အလိုတူ အလိုပါလိုဖြစ်နေကြသည်။
    (၆) လှေစီးထွက်ပြေးသူများသေကြရ ။
    ကြောက်လန့်၍ လှေဖြင့် ထွက်ပြေးကြသူများရှိပါသည်။ ကုန်းပေါ်တွင် အကြမ်းဖက် သမားများစောင့်နေကြ၍ ကုန်းပေါ်တက်မရပါ။ မြစ်ထဲတွင် လှေမြုပ်၍ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရသည်များလည်းရှိပါသည်။ အသေပျောက်စာရင်း အတိအကျ မသိရ။
    (၇) အိုးအိမ် အပျက်အစီး ။
    မီးလောင်ပျက်စီးသည့်အိုးအိမ်စာရင်းမှာ သတင်းထုတ်ပြန်သည်ထက်များစွာပိုကြောင်း၊ (၁၀ဝ၀ဝ)ကျော်ကြောင်း သတင်းထွက်ပါသည်။ မီးလောင်ပျက်စီးသည့် ဝတ်ကျောင်းတော် အရေအတွက်မှာလည်း (၅၀)ကျော်ကြောင်း သိရပါသည်။
    အခန်း(၃)
    (ဂ) တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ဥပဒေစိုးမိုးရေးဆောင်ရွက်မှု
    (၁) လုံထိန်းများ ဥပဒေစိုးမိုးမှု မရှိ    ။
    လုံထိန်းများသည် အကြမ်းဖက်သမားများနှင့် ပူးပေါင်း၍ အကြမ်းဖက်ခဲ့ကြသည်။ အိမ်များကို မီးရှို့ခဲ့ကြသည်။ လုံထိန်းများသည် ရခိုင်များဖြစ်ကြ၍ အကြီးအကျယ်ဘက်လိုက် ကြသည်။ ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်နှင့် အခြားတိုင်းရင်းသား လုံထိန်းများမရှိ၍ အကြမ်းဖက်မှုများအကြီးအကျယ်ဖြစ်ပွားရခြင်းဖြစ်သည်။ တရားဥပဒေ စိုးမိုးမှု လုံးဝ မရှိပါ။ ပုဒ်မ(၁၄၄)ကိုအကာအကွယ်ယူ၍ လုံထိန်းများသည် အကြမ်းဖက်သမားများနှင့် ပူးပေါင်းကာ အကြမ်းဖက်မှုများကို အကြီးအကျယ် ကျူးလွန်ခဲ့ကြသည်။ အကယ်၍သာ စစ်တပ်ရောက် မလာလျှင် ရိုဟင်ဂျာလူမျိုးများနှင့် ကမန်လူမျိုးများ မျိုးပြုတ်ပျောက်ကွယ်သွားနိုင်ပါသည်။ ရိုဟင်ဂျာလူမျိုးများနှင့် ကမန်လူမျိုးများက စစ်တပ်ရောက်လာသည်ကို ကျေးဇူးတင်ကြသည်။ စစ်တပ်က ၄င်းတို့၏အသက်ကို ကယ်တင်ကြသည်ဟု ပြောကြဆိုကြပါသည်။
    အကြမ်းဖက် သမားများက စစ်တပ်ကိုလည်း အမျိုးမျိုးစွပ်စွဲကြသည်ဟုသိရပါသည်။ စစ်တပ်သည် ရိုဟင်ဂျာ များထံမှ လာဘ်စား၍ အကူအညီပေးသည်ဟု စွပ်စွဲကြသည်။အလားတူစွပ်စွဲမှုမျိုး UNHCR,WFP,အပါအဝင်အခြားINGO များလည်း စွပ်စွဲခံရပါသည်။ အကြမ်းဖက် သမားများသည် ရိုဟင်ဂျာနှင့် ကမန်များကို မောင်းထုတ်လိုကြပါသည်။ တတိယနိုင်ငံ တစ်ခုခုသို့ ထွက်ပြေးစေလိုပါသည်။ သို့မဟုတ်ပါက တစ်ဦးတစ်ယောက်ကိုမျှ အရှင်မထားလိုပါ။ ၄င်းအကြမ်းဖက်သမားများ၏ ဥက္ကဋ္ဌသည် ၄င်း၏ သဘောထားကြေညာချက်ကို အတိအလင်း ကြေညာထားပြီးဖြစ်သည်။
                ရိုဟင်ဂျာများအားလုံးကို ဒုက္ခသည်စခန်း သွင်းမည်။ တတိယနိုင်ငံတစ်ခုခုသို့ ပို့ပစ်မည်။ သို့မဟုတ်ပါက အုတ်တံတိုင်းခတ်ထားမည်။ ယခုအခါ ၄င်းဥက္ကဋ္ဌကို အကြမ်းဖက်သမားများက အမျိုးသားခေါင်းဆောင်၊ အမျိုးသား သူရဲကောင်းအဖြစ်မှတ်ယူကြသည်။ ၄င်းဥက္ကဋ္ဌ၏ သဘောထားကြေညာချက်ကို သောင်းသောင်း ဖျဖျ အားပေးကြသည်။ ထို့ကြောင့် ရိုဟင်ဂျာများသည် စစ်တပ်ကိုသာ အားကိုးနေရကြောင်း သိရပါသည်။ စစ်တပ်ကိုသာ တိုးချဲ့ချပေးထားစေလိုပါသည်။
    ယခုအခါ တရားဥပဒေစိုးမိုးရေးအတွက် ရိုဟင်ဂျာများသည် စစ်တပ်တစ်ခုတည်းကိုသာ အားကိုးနေရပါသည်။ ဤကား အမှန်တရားဖြစ်၏။ စစ်တပ်ကို မြှောက်ပင့်နေခြင်း မဟုတ်ပါ
    အခန်း(၄)
    (ဃ) ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်မှု
    (၁) ရိုဟင်ဂျာဒုက္ခသည်စခန်း ။
    ရိုဟင်ဂျာဒုက္ခသည်စခန်းများသည် ဒုက္ခသည်အရေအတွက်နှင့် မကာမိလောက်အောင် လူဦးရေအလွန်များပြားလှသည်။ တဲများ၏ အခြေအနေသည် အလွန်ဆိုးရွားသည်။ ကောက်ရိုး များခင်း၍ နေကြရသည်။ အစားအသောက်များလည်း မလုံလောက်။ ပြင်ပသို့လည်း သွားရောက် ဝယ်ခွင့် မရှိ။ အချို့ ငှက်ပျောပင်များစားနေရသည်။ အချို့ ကွမ်းသီးပင်အညွန့်များ ခူးစားနေရသည်။ စစ်တပ်မှ စာနာသူအချို့ ရိုဟင်ဂျာများကို ကူညီသော်လည်း အကြမ်းဖက် သမားများက လာဘ်စား၍ ကူညီကြသည်ဟု မတော်မတရား စွပ်စွဲကြသည်။ရိုဟင်ဂျာစခန်း များသို့ အကူညီပေးလိုသူများ မသွားရောက်နိုင်။ လုံခြုံရေးမရှိ၊ ဥပဒေ စိုးမိုးမှုမရှိ၊ ယနေ့တိုင် အခြေနေ မထူးခြားသေးကြောင်း သိရသည်။
    (၂) အမျိုးများ၏ နေအိမ်များတွင် ခိုလှုံနေကြရသည့် ဒုက္ခသည်များ ။
    ဒုက္ခသည်စခန်းတွင် ဒုက္ခသည်များလွန်း၍ အချို့ဒုက္ခသည်များ အမျိုးများ၏နေအိမ်တွင် ခိုလှုံကြရသည်။ သို့သော် အစားအသောက်မရှိ။ ဆန်ပြုတ်သောက်နေကြရသည်။ အကူအညီ ပေးသူများလည်း မရောက်နိုင်။ ဟန့်တားနှောင့်ယှက်မှုများရှိသည်။ စစ်တပ်အကူအညီဖြင့် စားစရာနည်းနည်း ပါးပါးဝယ်၍ရပါသည်။ အပြင်မထွက်ရဲကြ။ ကိုယ်ဝန်ဆောင် မီးဖွားလို သူများပါ ဒုက္ခရောက်ကြရသည်။ မီးဖွားပေးမည့် လက်သည်မရှိ။ ဆေးရုံတက်ခွင့် အခက်အခဲ ရှိသည်။
    ဆက်လက်ဖော်ပြပါမည်။
  • မတူကွဲပြား လူမျိုးများအကြား အတူလက်တွဲ နေထိုင်နိုင်ရေး
    မတူကွဲပြား လူမျိုးများအကြား အတူလက်တွဲ နေထိုင်နိုင်ရေး
    အောက်တိုဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    Dr-ဆောင်းလွင်အောင်
    အရပ်ဒေသ၌ စုစည်းနေထိုင်ကြသော ရုပ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာတူညီသည့် လူ့အုပ်စုတို့ကို Race လူမျိုးဟူ၍ ခေါ်ဝေါ်ကြသည်။ လူမျိုးတစ်မျိုးပေါင်း စပ်ယှက်နွယ်၍သာ ပေါ်ထွန်းလာခဲ့ကြခြင်းဖြစ်သည်။ အမျိုးမရော ၊ သွေးမနှောသောမျိုးကောင်း မျိုးသန့်လူမျိုးဟူ၍ ကမ္ဘာပေါ်၌ မရှိတော့ပေ။ အမျိုးအနွယ်၊ လူမျိုးရေးကွဲပြားမှုသည် လူမျိုးစွဲစိတ်ဖြင့် လူသားစိတ်ပျောက်လျက် အမျိုးဂုဏ်မောက်ရန်မဟုတ်ပဲ၊ အမျိုးသားရေးစိတ်ဖြင့် အမျိုးတာဝန်ကျေပွန်ကာ မိမိအမျိုးသားတို့ အပေါ် ကောင်းကျိုးဆောင်ကြဉ်းနိုင်ရေးသာဖြစ်၏။ တူမှတည့်သည့် သဘောလူမျိုးတို့သည် တူရာတူရာစု၍ မိမိတို့အစုအဝေးအတွက် ဂုဏ်ယူတတ်ကြသည်။
    ဘာသာတရား၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်ပုံ၊ စားသောက်နေထိုင်ပုံ၊ စိတ်နေသဘောထားတူညီမှ မိမိတို့အသိုက်အဝန်း၊ မိမိတို့အစုအဝေးမှ ဖြစ်သည်ဟု ခံယူတတ်ကြသည်။ လူမျိုးတို့သည် ရှေးကျလေလေ အဆိုပါခံယူချက် ကြီးလေလေဖြစ်သည်။ ရှေးကျသော လူမျိုးဖြစ်စေ၊ နှောင်းကျသောလူမျိုးဖြစ်စေ၊ လူမျိုးတိုင်းတွင် တူမှတည့်သည့် သဘောအနည်းနှင့် အများရှိကြစမြဲဖြစ်၏။ Sense of Identity သည် လူသားတိုင်း၌ ရှိကြ၏။ ယင်းသဘာဝ စိတ်အခြေခံသည် လူမျိုးရေး စိတ်ဓာတ်တို့ကို ဖြစ်ပေါ်စေပြီး မိမိတို့ နိမ့်ကျချိန်တွင် အစွန်းရောက်အမျိုးသားရေးစိတ်ဓာတ်များဖြင့် တုံ့ပြန်တတ်ကြ၏။
    ကွဲပြားသောလူမျိုးတို့သည် သဘာဝတူမှ တည့်လိုသည်ကလည်း သဘာဝ၊ မိမိနှင့်မတူသော မိမိအနား၌ရှိသူကို မိမိရန်သူဟူ၍ ခံယူတတ်ကြသည်ကလည်း သဘာဝ၊ ထိုသဘာဝတို့သည်ကောင်းကျိုးဆောင်နိုင်သကဲ့သို့ တခါတရံတွင် အစွန်းထွက်၍ ဆိုးဘက်ပါနိုင်၏။ ယင်းသဘာဝကို အသိပညာ၊ ဉာဏ်အမြော်အမြင်အားဖြင့်သာ လျော်ကန် သင့်မြတ်အောင်ပြုစွမ်းနိုင်၏။ လူမျိုးခွဲခြားမှု လူမျိုးစုတစ်စု၊ အုပ်စုတစ်စုအား မိမိတို့ကိုယ်ကျိုးအတွက် မိမိတို့လက်အောက်၌ အနှိမ်ခံဘဝဖြင့် ထိန်းချုပ်နိုင်ဖို့  ရည်ရွယ်၍ ထိုလူမျိုးတို့၏ တိုးတက်ပွားများမှုအစုစုကို ပိတ်ပင်တားမြစ်ရန် ရည်ရွယ်ချက်ပါသော အရေးအသား၊ အပြောအဆို၊ ခံယူချက်တို့ကို လူမျိုးရေးဝါဒ (Racism) ဟုလည်းကောင်း၊ ထိုဝါဒကို လက်တွေ့အသက်သွင်းသောစနစ်ကို လက်တွေ့အသုံးချလူမျိုးရေးဝါဒ (Racialism) ဟုလည်းကောင်း ခေါ်ဆို၏။
    လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူ့အဖွဲ့အစည်းကိုဖြစ်စေ၊ လူ့အုပ်စုတစ်စုကိုဖြစ်စေ၊ အခြားလူမျိုး၊ အခြားအုပ်စုတို့နှင့် တူညီသောစံတန်ဖိုးများမပေး၊ ညီမျှသောအခွင့်အရေးကို မပေးဘဲ၊ ၄င်းတို့၏ရပိုင်ခွင့်ကို ငြင်းဆန်ခြင်းနှင့် ထိုသို့ အခွင့်အရေးများ ပိတ်ဆို့ဖို့  ပေါ်လစီများ၊ ဥပဒေများချမှတ်လုပ်ဆောင်ခြင်းသည် လက်တွေ့အသုံးချ လူမျိုးရေးဝါဒ (Racialism) ပင်ဖြစ်၏။ လူမျိုးစုတစ်စုအပေါ် အခြားတစ်စုက လွှမ်းမိုးဖို့၊ လူမျိုးစုများအလယ်၌ လူမျိုးတစ်မျိုးကို ပိုမိုအထင်ကြီးစေဖို့ မိမိတို့အရသာရစေဖို့ ပြုလုပ်ဆောင်ချက် အဝဝသည်လည်း လူမျိုးရေးဝါဒ၌ အကျုံးဝင်၏ ။
    မိမိတို့သည် ဘာမျိုးဘာနွယ်ဟူ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုသောစိတ်ကြီးဝင်မှုမျိုးကို လူအများ၏စိတ်အခြေ၌ တွန်းထိုးထည့်သွင်းပေးခြင်း၊ လူမျိုးရေး စိတ်အစွဲတို့ကို ဖြစ်ပေါ်စေတတ်၏။ လူမျိုးတစ်မျိုးသည် အမျိုးအားဖြင့် မြတ်ခြင်းဆိုသည်ထက်၊ လက်တွေ့မျက်တွေ့အားဖြင့် တကယ်မြတ်သော စံနမူနာများ၊ ဂုဏ်သိက္ခာရှိသော အကျင့်အမူများ၊ ဂုဏ်ယူဖွယ်ရာစွမ်းဆောင်ချက်များအားဖြင့် မိမိတို့အမျိုးဂုဏ်ကို ဆောင်တတ်ရေး၊ မိမိတို့အမျိုးကို ဂုဏ်ယူတတ်ရေးအသိ အမြင်မျိုးသာဖြစ်ထွန်းစေသင့်သည်။
     အစ္စလာမ်ဘာသာကိုးကွယ်သူမှန်သမျှ “ကုလား”ဟူသော အခေါ်အဝေါ်သည် မြောက်အမေရိကတိုက်တွင် လူဖြူ လူမည်းခွဲခြားရန် လူမည်းများကို Nigger ဟုခေါ်ခြင်းမျိုးပင်ဖြစ်သည်။ ဘူးသီးတောင်မောင်တော ဒေသရှိ မုစ်လင်မ်တို့အား “ဘင်္ဂါလီများ”ဟု ခေါ်ခြင်းသည် ကိုဆိုဗိုဒေသသားတို့ အယ်လ်ဘေးနီးယန်းများဟု ခေါ်သကဲ့သို့သာဖြစ်သည်။ လူမျိုးတစ်မျိုးအပေါ် သိက္ခာချလိုသော သဘောဖြင့် နှိမ်ချလိုသော သဘောဖြင့် မဖွယ်မရာအမည် တပ်ခြင်းသည် Racist Discourse လူမျိုးရေးအစွဲပါသော ပို့ချချက်များသာဖြစ်သည်။
    မြန်မာနိုင်ငံတွင်း၌ လူမျိုးရေးအစွဲတို့ကို စေ့ဆော်သည့် “မျိုးပျောက်မှာ စိုးကြောက်စရာ”၊ “သိအောင်လုပ်ကြ၊ မညံ့ကြနှင့်”၊ “ကိုယ့်တော့်ကရုဏာ”၊ “ဗုဒ္ဓမြစ်ဖျားနှင့် သမိုင်းရှု့ထောင့်”၊ အစရှိသော စာအုပ်စာတမ်းများသည် Racist Discourse များပင်ဖြစ်သည်။
    စာအုပ်ပါအချက်အလက်တို့သည် အမှန်တရား၊ အရှိတရားနှင့် ဝေးကွာလွန်းလှ၏ “မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်”ဟူသော လ ဝ ကရုံးများရှိ ဆိုင်းဘုတ်များသည် ပြည်တွင်းနေ ဘာသာခြားတို့အပေါ် နာမ်နှိမ်ရန်ဟူသော လွဲမှားသော အမြင်များကို ဖြစ်ပေါ်စေခဲ့သည်။
    အမှန်ဆိုပါမူ ကမ္ဘာ့သမိုင်း၌ မြေမြို၍ လူမျိုးပြုတ်ဖူး၏။ ရေမြို၍လည်း လူမျိုးပြုတ်ဖူး၏။ လေမြို၍လည်း လူမျိုးပြုတ်ဖူး၏။ ရောဂါကပ်ဘေးများ မြို၍လည်း လူမျိုးပြုတ်ဖူး၏။ ပျူ၊ သက်၊ ကမ်းယံလူမျိုးများသည် မည်သည့်လူမျိုးက ဝါးမျိုး၍ အမျိုးပြုတ်ခဲ့သည်ဟု ဆိုရန်အခိုင်အမာအထောက်အထားမရှိပေ။ ကွဲပြားသောဘာသာတရားအခံရှိသော၊ ကွဲပြားသောလူမျိုးများငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်စေဖို့၊ အနှောင့်အယှက်ဖြစ်စေသောအကြောင်းတွင် Racist Discourse များသည် အဓိကအခန်းကဏ္ဍ၌ ပါဝင်၏။ လူမျိုးရေးနှင့် အမျိုးသားရေး ကမ္ဘာ့သမိုင်းကို လေ့လာလျှင် လူမျိုးရေးဝါဒီတို့သည် မိမိတို့ဝါဒကို Justify ပြုလုပ်ရန် အမျိုးမျိုးဆင်ခြင် ဆင်လက်များပေးကြသည်။
    ကိုလိုနီအစိုးရများက မိမိတို့၏ ကိုလိုနီနယ်မြေတို့ရှိ တိုင်းသူပြည်သားတို့သည် ယဉ်ကျေးမှုခေါင်းပါးသည်၊ ပညာမဲ့သည်၊ ထိုလူမျိုးများကို ယဉ်ကျေးစေဖို့ ထိုနယ်မြေကို ကိုလိုနီပြုရခြင်းဖြစ်ကြောင်း အကြောင်းပြ၏။ ကိုလိုနီစနစ်၊ ကံကြွေးချကျွန်စနစ်တို့သည် လူမျိုးရေးခွဲခြားမှု၊ မိမိတို့လူမျိုးသည် နောက်လူမျိုးတစ်မျိုးထက် မြတ်သည်ဟူသော လူမျိုးစွဲစိတ်ဓာတ်ကြောင့် ပေါ်ထွန်းခဲ့ရသည်။ ကိုလိုနီလက်အောက်ခံတို့သည် မခံချင်စိတ်ဖြင့် မိမိတို့ လူမျိုး၏ဂုဏ်ကို တန်ပြန်ထုတ်ဖော်တတ်ကြ၏။ ထို့ကြောင့် ကိုလိုနီနိုင်ငံများတွင် အမျိုးသားနိုင်ငံ၊ အမျိုးသားရေးဝါဒ { Nationlism } များထွန်းကားလာခဲ့သည်။ Nationalism နှင့် Racialism သည် တူသယောင်နှင့် ကွဲပြား၏။
    အမျိုးသားရေးဝါဒမှာ လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုနှင့် တန်ဖိုးစံများမတူကွဲပြားခြားနားမှုကို လစ်လျူရှု ဘုံတူရာကို စုပေါင်းလိုက်ပြီး အမျိုးသားနိုင်ငံအတွက်သာ ဦးတည်ချက်ထားကာ နာအတူခံ၊ သာအတူစံစိတ်ဓာတ်မျိုးဖြစ်သည်။ ထိုသဘောတရားကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီးဒုတ်ဂျာနယ်၊ အတွဲ၊ စာမျက်နှာ(၄၁)၊ ၁၉၃၅၊ ဇူလိုင်လ ၂၇၊ စာမျက်နှာ (၅-၆)တွင် ဤသို့ရေးသားဖော်ပြခဲ့၏ “သွေးတူခြင်းထက် စိတ်ကူးတူခြင်း၊ ရှေးဟောင်းနှောင်းခေတ်တွင် ဒိုးတူဘောင်ဘက်ပြုဖူးသည်များကို မှတ်မိခြင်းတို့က အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုဖန်တီးလေသည်” ထို့ပြင် ၁၉၄၆ ခုနှစ်၊ ဇန္နဝါရီလ (၂၆)ရက်နေ့၊ ရွှေတိဂုံ အလယ်ပစ္စယံ၌ ကျင်းပသော ဖ.ဆ.ပ.လ (ဖက်ဆက်တော်လှန်ရေး ပြည်သူ့လွတ်မြောက်ရေး) ညီလာခံ၌လည်း ဤသို့ မိန့်ချွေခဲ့ပြန်သည်သေးသည်။ “လူမျိုးဆိုသည်မှာ သုခ၊  ဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္စေဒ ရှည်လျားစွာတစ်မျိုးတစားတည်းဟု စိတ်ထားရှိသူတို့ကို တစုတစည်းတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား ပြောဆိုသည့်ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူပူအမျှ၊ ကောင်းတူဆိုးဖက် ပူပေါင်းလျက်နေထိုင်လိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံသာနုရက္ခိတ တရားသည် တည်နေပေသည်။” လူမျိုးရေးစိတ်ဓာတ်ဆိုသည်မှာ မိမိလူမျိုး၏ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်ပြီး၊ လူမျိုးရေးကွဲပြားမှုကို အဓိက အာရုံပြုကာ အဆိုးဘက်ဆောင်၏ အမျိုးသားရေးစိတ်ဓာတ်ကမူ ကွဲပြားမှုကို မျက်ကွယ်ပြု၍ နိုင်ငံတော်အကျိုးကိုသာ ရှေ့တန်းတင်သောကြောင့် အကောင်းဘက်ဆောင်၏။ လူမျိုးရေး ပဋိပက္ခများ၏ အဓိကအကြောင်းရင်း လူ့အဖွဲ့အစည်းတစ်ခုနှင့်  တစ်ခုအကြားက ပဋိပက္ခများသည် ခွဲခြားဆက်ဆံရခြင်း၊ တရားမျှတမှုမရှိခြင်း၊ ဗိုလ်ကျ စိုးမိုးလိုကြခြင်း တို့ကြောင့် ဖြစ်ရ၏။ (တရားမှု၊ မတရားမှုဆိုသည်မှာ မျှတမှု၊ မမျှတမှုကို အဓိကအားဖြင့် ရည်ညွှန်း၏) ပဋိပက္ခများ၊ အကြမ်းဖက်မှုများကို အမျိုးအစားခွဲကြည့်လျှင် Political and
    Non-political, Criminal and Non-criminal, နိုင်ငံရေးနှင့်ပတ်သက်သော အကြမ်းဖက်မှု၊ နိုင်ငံရေးနှင့်မပတ်သက်သော အကြမ်းဖက်မှု၊ ရာဇဝတ်မှုဟု မြင်သောအကြမ်းဖက်မှု၊ ရာဇဝတ်မှုဟု မမြင်သောအကြမ်းဖက်မှုဟူ၍ ရှိ၏။
    မာဖီးယားတို့၏ အကြမ်းဖက်မှုသည် နိုင်ငံရေးနှင့် မပတ်သက်ပေ၊ လူသတ်မှု၊ ဓားပြတိုက်မှု၊ မုဒိမ်းမှု၊ မျိုးဖြုတ်မှု၊ သူတစ်ပါးမြေ၊ သူတစ်ပါးနိုင်ငံအား မတရားသိမ်းပိုက်မှုတို့သည် ရာဇဝတ်မှုမြောက်သော အကြမ်းဖက်များဖြစ်သည်။ ငွေကြေးဖောင်းပွအောင်ပြုလုပ်မှု၊ ဆင်းရဲတွင်းနက်နေအောင်ကြံစည်မှု၊ ပညာရေးအဆင့်အတန်းကို ချိုးနျိမ်ထားမှု၊ ကျေးလက်နေ ပြည်သူများ၏ မြေယာများကို အဓမ္မသိမ်းယူ၍ အတင်းအကြပ်ရွှေ့ပြောင်းခိုင်းမှု၊ လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ဖိအားပေးစွန့်လွှတ်စေမှု၊ လူမျိုးတို့အား ဥပေက္ခာပြု လစ်လျှူရှုထားမှု၊ အကျင့်ပျက်ခြစားခြင်းအား အထိန်းအကွပ်မဲ့မှု စသောအမှုတို့မှာ နိုင်ငံရေးအရ ကျူးလွန်သော ရာဇဝတ်မှုမမြောက်သော အကြမ်းဖက်မှုများဖြစ်သည်။
    နိုင်ငံရေးနှင့် မပတ်သက်သော၊ ရာဇဝတ်မှုဆိုင်ရာ အကြမ်းဖက်မှုတို့သည် ရေတို အကျိုးကို မျှော်၍ ပြုလုပ်ကြခြင်းဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှုတို့မှာမူ ရေရှည် စီမံချက်များ ချမှတ်၍ုပြုလုပ်လေ့ရှိ၏။ လူမျိုးတစ်မျိုး၏  ဘာသာရေး ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုနောက်ခံအကြောင်းကို အခြေခံ၍ ထိုလူမျိုးစုတစ်တရပ်လုံး၏ တိုးတက်ကြီးပွားမှုကို ပိတ်ပင်ရန်စီမံချက်ချ၍ အစဉ်တစိုက်ပြုလုပ်သော အကြမ်းဖက်မှုသည် လူသတ်ခြင်းထက်ပင် ဆိုးရွားလှ၏။ လူသတ်ခြင်းသည် လူတစ်ဦး(သို့မဟုတ်) လူတစ်စုကိုသာ  သေဆုံးစေနိုင်သော်လည်း နိုင်ငံရေးအရ စည်းစနစ်တကျ အကြမ်းဖက်မှုမှာမူ လူမျိုးစုလူ့အစုအဝေး တစ်ရပ်လုံးကို အညွန့်ချိုးသည့်လုပ်ရပ်၊ ရှင်လျက်နှင့်သေအောင် မသေမရှင် ညှင်းပန်းသည့်လုပ်ရပ်ဖြစ်သည်။
    လူတစ်ဦးကို သတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ သိက္ခာကို ထိပါးစော်ကားမှုဖြစ်သဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို သတ်ဖြတ်ရာပင်မည်၏။ လူမျိုးတစ်မျိုးက နောက်လူမျိုးတစ်မျိုးကို တညီတညွတ်တည်းမုန်းတီးမှုနှင့် အကြမ်းဖက်လိုမှုသည် နိုင်ငံရေးပေါ်လစီ၏ အကျိုးဆက်ကြောင့်သာဖြစ်နိုင်၏။ မုန်းတရားကြောင့် လူသတ်မှုအထိဖြစ်ရခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့အကြမ်းမဖက် လှုပ်ရှားမှု၏ ဖခင် မဟတ္တမန္ဒီကြီးက ရေးသည်မှာ-
    “to understand non-violence and its two distinct aspect-physical and passive, passive violence in the form of discrimination, oppression, exploitation, hate, anger, and all the subtle way on which it manifests, itself, gives rise to physical violence in society, to rid society of this physical violence, we msut act now to eliminate passive violence.,”
    “အကြမ်းမဖက်မှုသဘောကို စောကြောနိုင်ရန် အကြမ်းဖက်မှု၏ ထင်ရှားသောရှု့ထောင့်နှစ်သွယ်ကို နားလည်ရန်လိုအပ်၏။ အကြမ်းဖက်မှုတွင် ရုပ်ပိုင်းအကြမ်းဖက်မှုနှင့် မထင်မရှားငြိမ်းသက်စွာ အကြမ်းဖက်မှုဟူ၍ ရှိ၏။ မထင်မရှားငြိမ်သက်စွာအကြမ်းဖက်မှုမှာ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ ဒေါသအမုန်းအာဃာတများ ထားရှိခြင်းတို့ဖြစ်ပြီး ယင်းသည် မီးခဲပြာဖုံးနေခြင်းမျိုးဖြစ်ရကား ယင်းကပင် လူ့အဖွဲ့အစည်းအတွင်း၌ ရုပ်ပိုင်းအကြမ်းဖက်မှုတို့ကို ဖြစ်ပေါ်စေ၏။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု {Physical Violance} များကို ပယ်ရှင်းရန်အတွက် ကျန်ုပ်တို့အနေဖြင့် Passive Violence များကို ဖယ်ရှားပစ်ရန် ယခုပင်အလုပ်လုပ်ရပေတော့မည်။”
    သဘောထားကြီးဖို့လိုသည် {Passive Violence} များကို ဖယ်ရှားဖို့ အကြမ်းဖက်အုပ်စုများအတွင်း၌ သဘောထားကြီးနိုင်ဖို့ သွန်သင်ချက်များလိုအပ်သည်။
    • ကွဲပြာသောလူမျိုးများ အကြား ဘာသာရေးခေါင်းဆောင်များ၊ လူမျိုးရေးခေါင်းဆောင်များအချင်းချင်း ပထမဦးစွာနားလည်မှုတည်ဆောက်ရမည်။
    •  မိမိတို့အုပ်စုများအား သဘောထားကြီးနိုင်ဖို့ ရေးသားဟောပြော သင်ကြားပို့ချပေးရမည်။
    • တစ်ဖက်နှင့် တစ်ဖက်မကြိုက်သော အခေါ်အဝေါ်များဖြင့် တစ်ဦးကို တစ်ဦးခေါ်ခြင်းကို စွန့်လွှတ်ရပေမည်။
    • ရပ်ရွာအကျိုးများအတွက် နှစ်ဦးနှစ်ဖက်ပူပေါင်းဆောင်ရွက်ရမည်။
    • လူမျိုးရေးနှင်မဆိုင်သော ကြားနေအဖွဲ့အစည်းများ၊ ဥပမာ- ကြက်ခြေနီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အစရှိသော လူမှုရေးအသင်းအဖွဲ့များတွင် နှစ်ဦးနှစ်ဖက်လုံးပါဝင်ရမည်။
    • အထူးသဖြင့် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် အလေ့အထဖြစ်ပေါ်ရေးကို စီမံဆောင်ရွက်ပေးရမည်ဖြစ်သည်။
    • လူမျိုးများကွဲပြားမှု၊ ဘာသာတရားများကွဲပြားမှုသည် သဘာဝဖြစ်ကြောင်း၊
    •  ရှုထောင့်ကွာလျှင် အမှန်တရားအပေါ်မြင်သော အမြင်လည်း မတူနိုင်ကြောင်း၊
    • တရားမျှတမှုကို လက်ကိုင်ထား၍ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်လေးစားတတ်ဖို့ တစ်ဦး၏အခွင့်အရေးကို တစ်ဦးက နားလည်လက္ခံပေးဖို့၊
    • လူသားဝါဒကို လက်ကိုင်ထား၍ အပြန်အလှန်ကောင်းကျိုးပြုတတ်ဖို့၊
    • အယူသီးအစွန်းရောက်အမြင်များနှင့် ဝိဝါဒကွဲနိုင်သော အကြောင်းကိစ္စများကို ရှောင်ကြဉ်နိုင်ဖို့၊
    • ဘုံတူညီချက်များကို ဂရုပြုတတ်ဖို့၊
    • ကိုယ့်တစ်ဘက်၌သာ အမှန်တရားရှိသည်ဟူသော တယူသန်အယူစွဲများကို စွန့်လွှတ်ဖို့
    • စာအုပ်စာပေများ တရားပွဲများ၊ သင်တန်းများ၊ အသိပေးဆွေးနွေးပွဲများဖြင့် ပညာပေးရန် လိုအပ်သည်။
    နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေသည် တိုးတက်ပြောင်းလဲလာနေပြီးဖြစ်၊ ခေတ်မှီတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်သို့ ချီတက်နေပြီဖြစ်သဖြင့် နိုင်ငံတကာနှင့် ပွင့်ပွင့်လင်းလင်း မြင်သာစွာထိတွေ့ ဆက်ဆံရတော့မည့်အချိန်တွင် နိုင်ငံရေး သိက္ခာကို ထိပါးစေမည့်ကိစ္စတို့ကို ရှောင်ကြဉ်ရတော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တိုးတက်အတွက် အနှောင့်အယှက် ဖြစ်စေမည်ကိစ္စရပ်တို့ကို ပြည်သူအများကလည်း ရှောင်ကြဉ်မှုဖြင့် ကူညီပေးဖို့လိုကြောင်း၊ အသိပေးဆွေးနွေးရန်လိုသည်။ လူမျိုးတမျိုး၏ အနှစ်သာရကို မှန်ကန်စွာဖွင့်ဆိုနိုင်ဖို့လိုသည်။
    လူမျိုးတစ်မျိုးသည် နောက်လူမျိုးတစ်မျိုးနှင့် ထိတွေ့ဆက်ဆံရာတွင် ထိုလူမျိုး၏ဓလေ့စရိုက်၊ အမူအကျင့်များအားဖြင့် လူမျိုးတစ်မျိုး၏အနှစ်သာရ {Racial Essence} ကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြမည်ဖြစ်ပေသည်။ အကောင်းမြင်စိတ်ဖြင့် ဖွင့်ဆိုချက်တို့သည် အကောင်းဘက်သို့ ဦးတည်ပြီး အကျိုးကို ရယူနိုင်မည်ဖြစ်ပြီး အဆိုးမြင်စိတ်ဖြင့် ဖွင့်ဆိုချက်တို့သည် အဆိုးဘက်သို့သာ ဦးတည်စေပြီး ပဋိပက္ခအသွင်ဆောင်စေမည်ဖြစ်သည်။ ၁၉၄၀-ခုနှစ် ခန့်အခါတွင် နာဇီဂျာမန်တို့က ဂျူးလူမျိုးတို့သည် ဉာဏ်များသည်၊ မိမိတို့တိုင်းပြည်မှ ရသမျှယူနေသည်၊ အမျိုးသိစိတ်ကြီးပြီး ဘာသာရေးအစွန်းရောက်သည်ဟူ၍ မြင်ခဲ့ကြသဖြင့် ဘာသာရေး၊ စီးပွားရေးအကြောင်းပြချက်များဖြင့် လူမဆန်သော လူမျိုးရေး မျိုးသုဉ်းသတ်ဖြတ်မှုများကို ယုတ်မာကြမ်းတမ်းစွာဖြင့် ပြုလုပ်ခဲ့ကြသည်။ အမေရီကန်တို့အမြင်ကမူ ထိုသို့မဟုတ်၊ လူမျိုးရေးအနှစ်သာရသည် ကာလံ၊ ဒေသံအပေါ်မူတည်သည်ဟု မြင်၏။ ပတ်ဝန်းကျင်အသစ်ပြောင်းလဲလျှင် လူမျိုးတို့၏ ဓလေ့စရိုက်သဘာဝတို့ပြောင်းလဲနိုင်သည်ဟု မြင်၏။ ဟစ်တလာကို ကလုန်းနည်းပညာဖြင့် ပွားယူရုံဖြင့် ဟစ်တလာနှစ်ဦးဖြစ်လာရုံဖြင့် ဟစ်တလာ အသစ်သည် ဟစ်တလာအဟောင်းကဲ့သို့ ဆိုးသွမ်းမည်မဟုတ်ပေ။
    ဗီဇထက် Environmental Effect ပတ်ဝန်းကျင်၏ သြဇာအကျိုးသက်ရောက်မှုကို ပိုမိုလက္ခံ၏။ ဂျူးတို့သည် အသိဉာဏ်ကြီးမားသည်။ ဇွဲနပဲရှိသည်။ စိတ်ဓာတ်ကြံ့ခိုင်သည်။ စွန့်ဦးတီထွင်စိတ်ရှိ၏။ သေချာစေ့စပ်သည်ဟူ၍ အမေရီကန်တို့က မြင်၏။
    အကောင်းမြင်စိတ်ဖြင့်ရှုကာ ၄င်းတို့ထံမှ မိမိတို့မည်သို့ အကျိုခံစားနိုင်သည်တို့ကို လေ့လာသည်။ ထို့ကြောင့် ယနေ့အခါတွင် အမေရိကန်တို့၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရှေ့အလယ်ပိုင်း၌ အမေရိကန်တို့ကသြဇာ လွှမ်းမိုးနိုင်ရေးကို ဂျူးတို့က ဆောင်ကြဉ်းပေးခဲ့သည်။
    တနပ်စားဉာဏ်ဖြင့် ဂျူးတို့ပိုင်ဆိုင်မှုများကို ရမ္မက်ပွားခဲ့သောကြောင့် အိုင်းစတိုင်းကဲ့သို့သော ပညာရှင်များကို ဂျာမန်တို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ကမ္ဘာသမိုင်းစာမျက်နှာများပေါ်က သမိုင်းသင်ခန်းစာ ယူစရာများသာဖြစ်ပါသည်။ အစိုးရ၏တာဝန်ပိုင်း နိုင့်တော်အစိုးရအနေဖြင့် လူမျိုးရေးအနှစ်သာရများကို မှန်ကန်စွာအဓိပ္ပာယ်ဖွင့်ဆိုနိုင်ဖို့လိုပါသည်။ လူမျိုးတို့၏ ယုံကြည်လက္ခံရာဘာသာတရားဟူသည် လူမျိုးတို့၏ တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟုလည်း မမြင်အပ်ပေ။
    ဘာသာတရားဟူသည် လူ့ဘဝ၌ လူအများငြိမ်းချမ်းစွာနေထိုင်သွားနိုင်ဖို့ တည်ဆောက်မှုလမ်းညွှန်ချက်များသာ ဖြစ်သည်။ ဘာသာရေးအပေါ် မှန်ကန်တည့်မတ်စွာ နားလည်မှုမရှိလျှင်သာ တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေမည် ဖြစ်သည်။ ဘာသာရေး အဆောက်အဦးများ၊ ဘာသာရေးစာပေများကို ပိတ်ပင်ရုံဖြင့် ဘာသာရေး ယုံကြည်ချက်ကို လျော်ကန်သင့်မြတ်အောင် ပြုနိုင်မည်မဟုတ်ပဲ ဘာသာရေးကို လွဲမှားစွာသဘောပေါက်မှုများကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ ကမ္ဘာ့မုစ်လင်မ်နိုင်ငံများ၌ နိုင်ငံတစ်နိုင်ငံ အတွင်း ဘာသာရေး လွတ်လပ်ခွင်ရှိ၊ မရှိကိစ္စတွင် (၁)ဗလီများဆောက်လုပ်ခွင့်၊ (၂)ဗလီများ၌ အာဇန်ကို ကျယ်လောင်စွာပေးခွင့်၊ (၃)တိုင်းပြည်အုပ်ချုပ်မှုအခန်းကဏ္ဍတွင် မုစ်လင်မ်တို့၏ ပါဝင်ခွင့်တို့ကို ကြည့်ကြသည်ကိုလည်း သတိပြုရန်လိုအပ်သည်။ အထူးသဖြင့်စွန္နီ(ဟနဖီ)တို့၌ ယင်းအချက်အလက်များကို စံထား၏။ ထို့ကြောင့်လည်း ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံများတွင် မုစ်လင်မ်ဘာသာရေးဝန်ကြီးများထား၏။ ဘာသာရေးအဆောက်အဦး များပြားလျှင် အရက်ဆိုင်၊ လောင်ကစားဝိုင်းများ နည်းပါမည်ဖြစ်ပြီး၊ မကောင်းမှုများနည်းပါးကာ ငြိမ်းချမ်းရေးပိုမိုဖြစ်စေမည်ဟု မြင်အပ်သည်။ ဘာသာရေးအမြင်ကို လျှော်ကန်တည့်မတ်စေဖို့သာ ဘာသာရေးအဖွဲ့အစည်းကြီးများ၏ အကူအညီဖြင့် ဆောင်ရွက်သင့်သည်။
    ရခိုင်ဒေသမှ မုစ်လင်မ်များအား ရန်ကုန် မန္တလေးအစရှိသောမြို့ကြီးများသို့ သွာလာခွင့်မပေးပဲ ပိတ်ပင်ထားပြီး တဘက်ပိတ်ဘောင်အတွင်း အကျဉ်းချထားခြင်းမျိုးကို ပယ်ဖျက်ပေးဖို့ အချိန်တန်ပြီဖြစ်သည်။ မျက်စိဖွင့်ပေးဖို့ လိုအပ်ပြီဖြစ်သည်။ မုစ်လင်မ်ဝန်ထမ်းအား ထိုဒေသ၌ တာဝန်ထမ်းဆောင်မှုကို ပိတ်ပင်ထားခြင်းမျိုးလည်း မပြုသင့်တော့ပါ။ ထို့ပြင် နိုင်ငံ့ဝန်ထမ်းများအား ဘာသာရေးနှင့် နိုင်ငံတော်အရေးကို ခွဲခြားသိမြင်တတ်ဖို့ လမ်းညွှန်ပေးရန်လိုအပ်ပါသည်။
    မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ၊ သာသနာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့တာဝန်ဝတ္တရားများနှင့် အဆင့်အတန်းအမှန်ကို သဘောပေါက်ပြီး၊ မိမိတာဝန်ဝတ္တရားကိုသာ ဦးတည်ချက်ထား၍ တာဝန်ထမ်းဆောင်ဖို့၊ လူမျိုးရေး၊ ဘာသာရေးကိစ္စများကို၊ ရှေ့တန်းတင်ခြင်းမျိုးမရှိဖို့၊ လမ်းညွှန်ချက်များ၊ အသိပေး ဆွေးနွေးမှုများပြုလုပ်ရန်နှင့် လူမျိုးရေးပဋိပက္ခများ၊ အဓိကရုန်းများတွင် ကိုင်တွယ်ဖြေရှင်းပုံနည်းလမ်းများကို အခါအားလျော်စွာသင်တန်းပေးရန်လိုအပ်သည်။
    ၁၉၇၃-ခုနှစ်၊ သန်းခေါင်စာရင်းပါ လူမျိုး(၁၄၃)မျိုးနှင့် ၁၉၈၄-ခုနှစ်၊ သန်းခေါင်စာရင်းပါ လူမျိုးတစ်မျိုး၊ စုစုပေါင်း(၁၄၄)မျိုးကို အသိအမှတ်ပြုပေးရန်လည်း လိုအပ်ပါသည်။ ရခိုင်ဒေသရှိ မုစ်လင်မ်များအား ဘာသာရေးအဖွဲ့အစည်းကြီး၏ အကူအညီဖြင့် မှန်ကန်သောဘာသာရေးအသိ အမြင်များ သွန်သင်ပေးနိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှု၏ စံတန်ဖိုးများကို နားလည်လာစေရန် သင်တန်းများပြုလုပ်ပေးသင့်သည်။ အမျိုးသမီးများသည် လူငယ်များအား အဓိကထိတွေ့ သွန်သင်သူများဖြစ်သဖြင့် အမျိုးသမီးများကို အပြည့်အဝပညာသင်ကြားပေးနိုင်ရေးကို ထိန်းကျောင်းပေးရန် လိုအပ်သည်။
    ရခိုင်ဒေသတွင် လူတိုင်းပညာသင်ကြားနိုင်ရေးကို အထောက်အပံ့များ အထူးပေးအပ်သွားရန်လိုအပ်ပါသည်။ နိဂုံးချုပ်အားဖြင့် အိန္ဒိယနိုင်ငံ၏ သမ္မတအဖြစ် အဆိုပြုခံသော ပညာရေးပါရဂူကြီး “ဇာကိရ်ဟူစိန်”၏ မိန့်ကြားချက်သည် အလွန်လျော်ကန်သင့်မြတ်လှပါသည်။ သူက ပြောသည်မှာ-
     Cultures do not clash, savagery does clash…. Civilization of two nations would clash as long as they suppress their savagery, and mix and mingle, and exchange cultural values.
    ယဉ်ကျေးမှုတို့ထိပ်တိုက် တွေ့ကြသည်မဟုတ်၊ အရိုင်းစိတ်တို့သာ ထိပ်တိုက်တွေ့ကြ၏။ လူမျိုးနှစ်မျိုး၏ လူ့အဖွဲ့အစည်းတို့သည် မိမိတို့၏ ရိုင်းစိုင်း ရမ်းကားလိုစိတ်ကို အောင်နိုင်မှုယူထားနိုင်သမျှ တစ်ဦးနှင့်တစ်ဦးထွေးရောယှက်တင် နေထိုင်နေသမျှ ယဉ်ကျေးမှုတန်ဖိုးချင်း အပြန်အလှန် ဖလှယ်နေသမျှကာလပတ်လုံး ပဋိပက္ခဟူ၍ မရှိနိုင်ပါ…။”
    Dr. ဆောင်းလွင်အောင်
  • ကျနော် နေခဲ့ရသော ဇင်းမယ်ပြည်
    ကျနော် နေခဲ့ရသော ဇင်းမယ်ပြည်
    အောက်တိုဘာ၊ ၁၀ ၊ ၂၀၁၂
    M-Media
    မောင်လူငယ်
    လွန်ခဲ့သော 10 လခန့်မှ စကာ ကျနော်သည် ဇင်းမယ်ပြည်တွင် နေထိုင်ရန် အကြောင်းဖန်လာခဲ့သည်။ ပြည်တွင်းတွင် အခက်အခဲပေါင်းစုံကြောင့် ထွက်ခွာလာခဲ့ရပြီး မြန်မာအငွေ့အသက်ရှိရာ ဇင်းမယ်မြို့တွင် မိမိဘ၀အတွက် အလုပ်လုပ်ကိုင်ကာ စားဝတ်နေရေးကို ရှာဖွေနေရပေသည်။ အစည်းအဝေးကိစ္စ၊ သင်တန်းကိစ္စဖြင့် ဘန်ကောက်သို့ အကြိမ်ကြိမ် ရောက်ရှိခဲ့သော်လည်း ဇင်းမယ်သို့ ရောက်ရှိနေမည်ဟု မည်သည်အခါမျှ အိပ်မက်ပင် မမက်မိချေ။
    ဇင်းမယ် ကျုံးနန်းတော်ဟောင်း
    ယိုးဒယားတို့ အခေါ် ချင်းမိုင်သည် တချိန်က မြန်မာတို့ ပိုင်နယ်မြေဖြစ်ခဲ့ပြီး ယခုအခါ ထိုင်း (ယိုးဒယား) တို့၏ ဒုတိယမြို့တော်ဖြစ်လေသည်။ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော တပင်ရွှေထီးနှင့် ဘုရင့်နောင်မင်းတရားကြီး တို့၏ လက်ထက်တွင် ဇင်းမယ်သည် မြန်မာတို့ပိုင်ဖြစ်လာခဲ့ပြီး ဘုရင်နောင်မင်းတရားကြီး၏ သားတော် နော်ရထာစော ထီးနန်းစိုက်ချိန် တွင် ရာစုနှစ် ၂စု ကျော်ခန့် မြန်မာတို့ အစဉ်အဆက် နေထိုင်လာခဲ့ပြီး မြန်မာအငွေ့အသက်၊ မြန်မာဓလေ့ ထုံးစံတို့ကို တွေ့မြင်ရလေသည်။
    မိဘမဲ့ကလေးများနဲ့ မသန်စွမ်းတွေအတွက် အလှူခံနေတဲ့ ထိုင်းရဲ
    ကုန်းဘောင်မင်းဆက် စဉ့်ကူးမင်းလက်ထက်တွင် မြန်မာတို့ ဇင်းမယ်ကို လက်လွှတ်ခဲ့ရသည်။ ဇင်းမယ်မြို့ဟောင်းသည်စတုရန်းမိုင် ၄ မိုင်ခန့် ကျယ်ဝန်းပြီး ရှေးဟောင်းလက်ရာ၊ ကျုံးမြို့ရိုးဟောင်းများကို ယနေ့တိုင်တွေ့မြင်ရပြီး ဘန်ကောက်နန်းတော်ထက် ကျယ်ဝန်းလေသည်။ လူဦးရေတိုးပွားကာ ဖြည်းဖြည်း တိုးချဲ့လာသောကြောင့် မြို့ရိုးအပြင်ဘက်သို့တိုင်အောင် ရောက်ရှိခဲ့ပြီး စီးပွားရေး ရပ်ကွက်လည်း ရှိသည်။ ဇင်းမယ်တွင် ယိုးဒယား၊တရုတ်၊လာအို၊ရှမ်းနှင့်မြန်မာများနေထိုင်ပြီး ယိုးဒယားပေါက် မြန်မာများ၊ရှမ်းများကိုလည်း တွေ့မြင်ရသလို ယိုးဒယားလူမျိုးနှင်လာအိုတို့က ရှမ်းများကို တိုင်းလန် သို့မဟုတ် အကိုကြီးဟု ခေါ်ဆိုကြသည်ကို သိရှိရလေသည်။ အဘယ်ကြောင့်ဆိုသော် ယိုးဒယား၊ရှမ်းနဲ့လာအို တို့မှာ အချင်းချင်း ဆွေမျိုးသားချင်းများဖြစ်လေသည်။
    ဇင်းမယ်သည် ယိုးဒယားနိုင်ငံမြောက်ပိုင်း၏ မြို့တော်ဖြစ်ပြီး မဲနန်မြစ်၏ မြစ်လက်တက်ဖြစ်သော မဲပင်မြစ်ကမ်းဘေးတွင် တည်ရှိပြီး မိုးမျှော်တိုက်တာအဆောက်အအုံ မရှိသလောက် နည်းပါးလှသည်။ သစ်တောထူထပ်သောတောင်ကြီးများ ၀န်းရံလျှက်ရှိပြီး ဒွိုက်စူသက်တောင် သည် ဇင်းမယ်မြို့၏ အလှကို တင့်တယ်အောင် ပြသနေလေသည်။ မြန်မာပြည်ဘက် ကယားနီနယ်နှင့် မိုင် ၈၀ အကွာတွင် ရှိကာ အလွန်နီးလှသည်။ မြန်မာပြည်မှာ ထွက်လာသောသူများနှင့် မြန်မာအလုပ်သမား ၄ သိန်းခန့် နေထိုင်လျက်ရှိကြသည်။ ယိုးဒယားနိုင်ငံနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော ကရင်၊ကယားနီ၊မွန်နှင့် ရှမ်းပြည်နယ်မှာ တိုင်းရင်းသားများသည်လည်း ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှုနှင့် နေရာဒေသမရွေး တိုက်ပွဲတွေကြောင့် စွန့်ခွာလာခဲ့ပြီး မိမိတို့ စားဝတ်နေရေးအတွက် ဇင်းမယ်တွင် ရရာ အလုပ်များကို လုပ်ကိုင်စားသောက်နေထိုင်ကြသည်ကို ကျနော်သည် တွေ့မြင်ခဲ့ရသည်။ ၀မ်းနည်းဖို့ကောင်းလေသည်မှာ မိမိတို့ တိုင်းရင်းသူတချို့သည် မိသားစု စားဝတ်နေရေးအတွက် မိမိဘ၀ကို ရင်းနှီးရသည်ကို စိတ်မကောင်းခြင်းကြီးစွာ ကျနော် မြင်ခဲ့ရလေသည်။ မည်သူကို ကျနော်အပြစ်တင်ရမည်နည်း။
    ရွှေ့လျား ဆိုင်ကယ်ဈေးရောင်း
    ယိုးဒယားနိုင်ငံ၏ စီးပွားရေးသည် မြန်မာပြည်ထက်ပင် အစစ အရာရာ သာလွန်လျက် နိုင်ငံတကာ ခရီးသည်များကို ဆွဲဆောင်နိုင်လေသည်။ အစားအသောက်ဈေးနှုန်းမှာလည်း သင့်တင့်မျှတပြီး ဟိုတယ်၊ အင်းများ၏ တည်းခိုးစရိတ်မှာ မြန်မာပြည်ထက်ပင် ဈေးချိုလေသည်။ ပေးရသော် ဘတ် ၄၀၀ မှ ၅၀၀ ကြားရှိလေသည်။ ကျနော်စရောက်သည်အချိန်က ဇင်းမယ်သည် မန္တလေးနှင့် အတော်တူလေသည်။ သို့သော် ကွဲပြားခြားနားချက်တော့ ရှိလေသည်။ မန္တလေးတွင် အတော်ပူသလောက် ဇင်းမယ်တွင် သိပ်မပူချေ။ မန္တလေးတွင် မိုးနည်းသလောက် မည်သည်အချိန်တွင် မိုးရွာမည်ကို မခန့်မှန်းနိုင်ဘဲ ရွာတော့မည်ဆိုလျှင် အငြိုးကြီးစွာ ရွာတတ်သည်။ ဇင်းမယ်ကား တမျိုးထူးလေသည်။ မိုးမရွာခင် ရှေ့ပြေးအတိတ်နမိတ်လေးများပြတတ်ပြီး တိမ်တိုက်တိမ်လိပ်များ ထူထပ်ကာ လေခပ်ကြမ်းကြမ်းတိုက်ခတ်တတ်သည်။ ဖုန်ထူတာခြင်းတွင် အတော်တူလေသည်။
    ဆောင်းရာသီကာလတွင် အသည်းခိုက်အောင်ချမ်းလှပေသည်။ ဆိုင်ကယ်များလည်း အတော်ပေါပြီး ဥပဒဟို သွားလာလှုပ်ရှားလျက်ရှိသည် အပြင် ထူးခြားချက်မှာ ဆိုင်ကယ်ရှေ့မီးကို မနက်၊ ည ဖွင့်ထားခြင်းမှာ ဇင်းမယ်၏ ထုံးစံလို ပင်ဖြစ်နေသည်။ ကျနော်သည် ဆိုင်ကယ်မစီးပါ။ လမ်းလျှောက်သွားလာတတ်သဖြင့် ကျနော်အား တွေ့မြင်ကြသော ယိုးဒယားသားများက အထူးအဆန်းသဖွယ် ကြည်သွားလေသည်။ ကြည်ဖန် များလာသောအခါ မိမိကိုယ်ကို ပြန်လည် စစ်ဆေးကြည်ရှုလေသည်။ နောက်ပိုင်းတွင် သိရသည်မှာ လမ်းလျှောက်သွားကြသွားသူများမှာ နိုင်ငံခြားသာမှန်း သိရှိစေသောကြောင့်ဖြစ်သည်။ ဘက်စ်ကား၊ အဲယားကွန်းဘက်စ် ကို မတွေ့ရဘဲ။ ၄ ချိတ် ကားအနီ၊ အ၀ါ၊ အညို တို့ကို လမ်းပေါ်တွင် အများအပြား တွေ့ရသလို သုံးဘီးဆိုင်ကယ်လို့ ခေါ်တဲ့ တုတ်တုတ်ကို လည်း တွေ့ရသည်။
    နိုင်ငံတကာ ခရီးသည်များအကြိုက် ဆိုက်ကားလည်းရှိသည်။ သို့သော် မြန်မာပြည်မှာ ဆိုက်ကားနှင့် လုံးဝပင်မတူပါ။ ယိုးဒယားဆိုက်ကားတွင် အလယ်မှာ နင်းသူရှိသဖြင့် များစွာ ကွဲပြားလေးသည်။ စီးနင်းခမှာ ဈေးအတော်ကြီးသည်။ ကျနော်နေသော အဆောင်မှာ မြို့လယ်နှင့် အတော်နီးပြီး မြန်မာအများစုနေထိုင်ကြပြီး မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများနှင့် ယိုးဒယားများကိုတွေ့မြင့်ရသည်အပြင် မြန်မာပြည်သားများနေထိုင်ရာ ရပ်ကွက်တွင်လည်း ကွမ်းယာဆိုင်များကို တွေ့ရသည်အတွက် မြန်မာနှင့်  ကွမ်းယာ မည်သို့မျှ မခွဲနိုင် ဟု ကျနော်တွေးမိလေသည်။ ကျနော်သည် ကွမ်းမစားသော်လည်း မြန်မာပြည်သား တိုင်းရင်းသားလူမျိုးဘာသာမရွေး ကွမ်းယာကို အတော်ကြိုက်မှန်း သဘောပေါက်မိသည်။ မြန်မာပြည်မှာ အသုံးအဆောင်များကို ရနိုင်သလို မြန်မာဆေးများကိုလည်း တွေ့ရလေသည်။
    ဇင်းမယ်ရှိ ဗလီဝတ်ကျောင်းတော်
    ကျနော်သည် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့ဖူးသော်လည်း ဇင်းမယ်သင်္ကြန် ကို ပထမဆုံးအကြိမ်ဆင်နွှဲမိသည်။ မြန်မာပြည်ဘက်နှင့် လုံးဝပင်မတူညီဘဲ ကွဲပြားခြားနားလေသည်။ မြန်မာသင်္ကြန်တွင် ရေကို ဖောဖောသီသီ လှိုင်လှိုင်သုံးသလောက် ဇင်းမယ်တွင် သိပ်မသုံးချေ။ ကျုံးမြို့ရိုးပတ်လည်သည်အစည်းကားဆုံးဖြစ်ပြီး ဆိုင်ကယ်များ၊ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် ပျော်ရွှင်မြူးထူးကြပြီး ကားပေါ်တွင် စည်ပိုင်းပုံးများတင်ကာ တဦးနှင့် တဦး အပြန်အလှန် ပျော်ရွှင်စွာ ရေပက်ကြလေသည်။ ဘေးတဖက်တချက်တွင် လမ်းဘေးအစားအသောက်များ ရေခဲဆိုင်များအပြည့်ပင်ဖြစ်သည်။ ထူးခြားသည်မှာ အရက်သေစာ ရောင်းချခွင့်မရှိချေ။ 7 eleven ဆိုင်များတွင် ရောင်းချသည်။ သို့သော် ဈေးနှုန်းထက် ၂ဆ တင်ရောင်းလေသည်။ အရက်ပုလင်း၊ ဘီယာပုလင်းကို လူရှေ့သူရှေ့နှင့် ကားပေါ်တွင် ပေါ်ပေါ် ထင်ထင် သောက်ခွင့်မရှိချေ။ ထိုင်းရဲများက တွေ့မြင်လျင် ဒဏ်ကြေးကြီးကြီး ပေးဆောင်ရသည်။ ခိုက်ရန်ဖြစ် ပွားပြီ်း ဒဏ်ရာအနာတရ ဖြစ်စဉ်ကို အတွေ့ရနည်းပြီး ဆိုင်ကယ် မတော်တဆသာ တွေ့ရှိရလေသည်။ အမျိုးသမီးများအပေါ်တွင် နှိမ့်ချခြင်း၊ ဆဲဆိုခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကို မတွေ့ရချေ။ ကျုံးအတွင်းရှိ ရေများကို ခပ်ယူပက်ကြလေသည်။ ရေရောပေါင်ဒါဖြင့် အပြန်အလှန် လေးစားမှုဖြင့် မျက်နှာပေါ်တွင် သုတ်လိမ်းကြသည်။ နိုင်ငံခြားသားများဖြစ်လျင် ယိုးဒယားလူမျိုးများမှာ ဖက်လှဲတကင်း ပျူငှာကြိုဆိုကာ အတူ ရေကစားပျော်ရွှင်ကြလေသည်။ ကျနော်မြင်ခဲ့ရသော ဇင်းမယ်သင်္ကြန်ပင်ဖြစ်သည်။
    မြန်မာတို့ အတုယူရန်လိုအပ်လှပေသည်။ မြန်မာပြည်သင်္ကြန်တွင် စိတ်ပျက်စရာ တချို့တလေကို တွေ့မြင်ရသော်လည်း အကျယ်ချဲ့ မပြောလိုတော့ပါ။
    တနင်္လာနေ့နှင့် လပြည့်နေ့တိုင်း ယိုးဒယား တပြည်လုံးတွင် အရက်သေစာရောင်းချခွင့်မရှိသည်ကိုလည်း ထူးခြားစွာတွေ့မြင်ရလေသည်။ အဘယ်ကြောင့်ဆိုသော့် ယိုးဒယားနိုင်ငံ၏ ပြည်သူ့ချစ် ဘုရင်ကြီးမှာ တနင်္လာသားဖြစ်သောကြောင့်သိရှိရလေသည်။ ဇင်းမယ်တွင် ယိုးဒယား လူမျိုး အစလာမ့်ဘာသာဝင်များနှင့် ဂျူးလူမျိုး အနည်းငယ်ကို လည်း တွေ့မြင်ရသည်။ တောင်ပိုင်း မူဆလင်များနှင့် များစွာမတူ ကွဲပြားကာ အေးအေးချမ်းချမ်းရှိကာ နှစ်လိုဖွယ် ပေါင်းသင်းဆက်ဆံရေး ကောင်းလှသည်။ ဂျူးလူမျိုးများကို ချန်ဂလမ်လမ်းမပေါ်တွင် အတွေ့ရများပြီး ရှာဘတ်ဆိုင်ဟု ဆိုလိုလျင် တမြို့လုံးသိကြလေသည်။ ထိုဆိုင်တွင် ဂျူးလူမျိုးများ ဆုံရပ်ဖြစ်ပြီး ယိုးဒယားရဲများက အလှည့်ကျ လုံခြုံရေး တာဝန်ယူပေးသည်ကို တွေ့မြင်ရသည်။
    ဇင်းမယ်တွင် တက္ကသိုလ်ကြီး ၂ခု ရှိပြီး ဇင်းမယ် အရှေ့ဘက်တွင် ချင်းမိုင်တက္ကသိုလ်ရှိကာ အနောက်ဘက်တွင် ဖရတ် တက္ကသိုလ်ရှိလေသည်။ မြန်မာကျောင်းသား အများအပြားရှိပြီး နိုင်ငံတကာ ကျောင်းသားဖလှယ်ရေးအစီအစဉ်အရ လာရောက်ကြသောကျောင်းသားများကိုလည်း တွေ့မြင်ရသလို မြန်မာလူမျိုး ဆရာများလည်း သင်ကြားပို့ချကြောင့် သိရှိရသည်။ ဇင်းမယ်ညဈေးသည် အတော်စည်းကားလှသည်။ ကျနော်နေသောနေရာမှာ ၁၅ မိနစ်ခန့် လမ်းလျှောက်သွားလျင် Anusarn Night Bazeerနှင့် Pantip Plaza ရှိသည်။ ညဈေးသည် ညနေ ၆နာရီတွင်ဖွင့်ကာ ည ၁၂ နာရီတွင် ဆိုင်ပိတ်လေသည်။ နိုင်ငံတကာပေါင်းစုံမှာ ခရီးသည်များဖြင့် စည်ကားလှသည်။ ဂျပန်များနှင့် ကိုးရီယားလူမျိုးများကို အများဆုံးတွေ့မြင်ရသည်။ ထို့ဈေးတွင် ပစ္စည်းမျိုးစုံကို စုံလင်စွာ ရောင်းချပြီး လိုချင်သောဈေးနှုန်းကို ဂဏန်းပေါင်းစက်ဖြင့် ပြကာ ရောင်းသူ ၀ယ်သူ ကျေနပ်လောက်သည်အထိ အရောင်းအ၀ယ်ဖြစ်သည်ကိုလည်း တွေ့မြင်ရသည်။ Pantip Plaza တွင် ကွန်ပြူတာပစ္စည်းနှင့် ဆက်သွယ်ရေးပစ္စည်းများကို အဓိက ရောင်းချသည်။
    ဇင်းမယ်တွင် လက်ချိုးရေတွက်လို့ ရသော Plaza များ အနက် အထင်ရှားဆုံးမှာ Airport Plaza ပင်ဖြစ်သည်။ မယ်ဟောင်စင်သွား လမ်းမကြီးနှင့် လေဆိပ်သွားလမ်းမကြီးဆုံရာလမ်းဆုံတွင်ရှိပြီး ဇင်းမယ်မြို့ဟောင်းနှင့် ခပ်လှမ်းလှမ်းတွင် ရှိသည်။ ထို့ပလာဇာမှာ အကြီးစားဖြစ်ကာ လိုအပ်သမျှ အစုံ ရှိသည်။ အပေါ်ထပ်တွင် ရုပ်ရှင်ရုံရှိကာ သမီးရည်စားစုံတွဲများကို အများစုံတွေ့ရသည်။ အလွန်အံ့သြမိသည်က အမျိုးသားအချင်းချင်း စုံတွဲ၊ အမျိုးသမီးအချင်းချင်းစုံတွဲများကို မြင်မိသည်။ အမှန်အတိုင်း ၀န်ခံရလျင် ကျနော်သည် ရေအိုင်ထဲက ဖားသူငယ်ပင်ဖြစ်ကာ နားကို မလည်နိုင်အောင်ဖြစ်ရလေသည်။ ယိုးဒယားတွင် လူ့အခွင့်အရေး အပြည့်အ၀ ရသောနိုင်ငံဖြစ်သဖြင့် လိင်တူချစ်သူများ ၊ လိင်တူလိင်ကွဲစိတ်ဝင်စားသူများကို ကျနော်ဘ၀တွင် ပထမဆုံးမြင်တွေ့မိရခြင်း ဖြစ်သည်။ သေချာစဉ်းစားမိသော လောကတွင် လူရယ်လိုဖြစ်လာချိန်တွင် စိတ်ကသာ အရေးကြီးဆုံး ပြသာနာဖြစ်ကြောင့် စဉ်းစားမိလေသည်။ မွေးစဉ်က အမျိုးသားဖြစ်သော်လည်း စိတ်က အမျိုးသမီးဖြစ်နေလျင် မည်သို့မျှ ပြုပြင်နိုင်မည်မဟုတ်ပါ။ နားလည်လက်ခံပေးချင်သာ အကောင်းဆုံးပင်ဖြစ်သည်။ လိင်တူချစ်သူများနှင့် မသန်စွမ်းသူများအပေါ် ခွဲခြားနှိမ့်ချသော အခေါ်အဝေါ်ကို မသုံးစွဲသည်ကို ကျနော်သဘောကျမိသည်။ အဘယ်ကြောင့်ဆိုသော် ခေါ်ဝေါ်မိလျင် ဒဏ်ကြေးပေးဆောင်ရလေသည်။ ဥပမာပြောရလျင် – အခြောက်၊ ဂန်ဒူး၊ အပုန်း၊ ယောက်ျားလျာ၊ မိန်းမလျာ၊ တွမ်ဘွိုင်း၊ ဆွံ့အ၊ အပင်း၊အအ၊ကျီးကန်၊ အကျိုးအကန်း၊ ထော့ကျိုး၊ိ မျက်ကန်း၊ ဒုက္ခိတ၊ မသန်မစွမ်း ဟု ခေါ်ဝေါ်သုံးစွဲခြင်းကို တားမြစ်ထားလေသည်။ ထို့အသုံးအနှုန်းများမှာ သူတို့အား နှိမ့်ချခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်လေသည်။
    ကျနော်နေသောအဆောင်တွင် အလုပ်လုပ်နေသော သန့်ရှင်းရေးသမားသည်လည်း လိင်တူချစ်သူတယောက်ပင်ဖြစ်သည်။ ကျနော်သည် အစပထမတွင် မရင်းနှီးသောလည်း ကျနော် နားမကြား တယောက်ဖြစ်ကြောင့် သိရသောအခါ စတင်မိတ်ဆက်ပေးလေသည်။ သူနာမည်၊ မြို့အကြောင်းပြောပြပြီး ကျနော်ကို ဘယ်ကလာလဲလို့မေးတော့ ကျနော်က ဖမားပြည်မှာလာတယ်လို့ပြောတော့ သူက သူကိုယ်သူ မိန်းမစိတ်ပေါက်နေသူပါ၊ လိင်တူချင်းစိတ်ဝင်စားသူပါလို့ ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ ယိုးဒယားမှာ ကျမတို့လို လူတွေကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းကို သတိထားစေချင်တယ်တဲ့။ ဘာလိုလဲဆိုတာကို ကျနော်ကမေးတော့ သူမက ပြောတယ်။ မှားသွားရင် မင်းအတွက် မကောင်းလို့ပါ။ ဖမားပြည်က လာတဲ့သူဆိုတော့ မသိတာအများကြီးရှိနေတယ်တဲ့။ အပြောမှားရင် ဒဏ်ငွေဆောင်ရလိမ့်မယ်တဲ့။ အတော်ကိုကောင်းတဲ့ ဥပဒေ စည်းကမ်းချက်တခုဖြစ်လို့ ကျနော်သဘောကျမိတယ်။
    မြန်မာတို့၏ အခါကြီးရက် ဥပုသ်နေ့တွင် အားထားရာ ဘုန်းကြီးကျောင်းလည်း ဇင်းမယ်တွင်ရှိလေသည်။ ထို့ကျောင်းသည် ၀ပ်ဆိုင်းမွန် ကျောင်း ဟု ခေါ်တွင်ပြီး နှစ်ပေါင်း ၄၅၀ ကျော်သက်တမ်းရှိပြီး ဟံသာဝတီ ဆင်ဖြူများသျှင် ဘုရင့်နောင်မင်းတရားကြီး၏ ကောင်းမှုကုသိုလ်ပင်ဖြစ်သည်။ နန်းကျုံးမြို့ရိုးတောင်ဘက်တွင် တည်ရှိပြီး (၀ပ်ဆိုင်းမွန် ဖမား) ဟု ယိုးဒယားအသံထွက်ဖြင့် ပြောလိုက်လျှင် ဇင်းမယ်တပြည်လုံးသိကြသည်။ ထိုကျောင်းတွင်လည်း စေတနာ နာရေးကူညီမှုအသင်းကို ၂၀၀၈ နိုဝင်ဘာလ ၂၇ တွင် ဖွဲ့စည်းထားပြီး နာရေးကိစနှင့် ပတ်သက်သမျှ လူမျိုးဘာသာ မရွေး တတ်နိုင်သမျှ အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
    ဇင်းမယ်ရောက် မြန်မာပြည်သားများ ပြီးခဲ့သော် ဇူလိုင်လခန့်က ထိုကျောင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနှင့် ယိုးဒယားတို့ အချင်းများခဲ့ကြသေးသည်။ မြန်မာကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီးနောက် ကျောင်းထိုင်ဆက်ခံရေးနှင့်ပတ်သက်ပြီး ယိုးဒယားတို့ဘက်မှာ မြန်မာကျောင်းတွင် ယိုးဒယားကျောင်းထိုင်ဆရာတော်ခန့်အပ်မည်ကို မြန်မာတို့က ကန့်ကွက်ကြခြင်းဖြစ်သည်။နောက်ပိုင်းတွင် မြန်မာဘက်မှ သံတမန်ရေးအရ ပြေလည်စွာဖြေရှင်းပေးမှုကြောင့် ထိုင်း (ယိုးဒယား)အစိုးရမှာ လက်ခံသဖြင့် မြန်မာကျောင်းထိုင်ထားရှိရေးအတွက် ဆက်လက်ဆွေးနွေးကြသည် ကိုလည်း ၀မ်းမြောက်စွာ သိရှိရသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုမှာ ဇင်းမယ်တွင် ယိုးဒယားသားများ မလုပ်သော အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်ကြသည်။ ဘွဲ့ရပညာတတ်များပါဝင်သော်လည်း ပြည်တွင်းတွင် အလုပ်အကိုင် ရှားပါးလွန်းသဖြင့် ပြည်ပတွင် လုပ်ကိုင်ရသော်လည်း မြန်မာပြည်မှာ ဘွဲ့သည် အသုံးပင် မ၀င်လှချေ။ ကျနော်ကိုယ်တိုင် မျက်မြင်တွေ့ကြုံခဲ့ရသော အကြောင်းရင်းပင်ဖြစ်သည်။
    အစ ပထမတွင် ကျနော်သည် ဇင်းမယ်သူတွေ လှသည်ကို မသိခဲ့ချေ။ ရှေးတုန်းက မြန်မာရာဇ၀င်စာဆိုများ၏ ဇင်းမယ်အကြောင်း စာပေများဖွဲဆိုခဲ့သော်လည်း ယခုလက်တွေ့မြင်ရမှာ အဆင်းလှသဖြင့် ရင်ခုန်မိသည်။ သို့သော် ကျနော်သည် အချစ်နှင့်ပတ်သက်လာလျှင် အတော်ညံ့သောကြောင့် မပြောဆိုရဲခဲ့ပေ။ ကျနော်ရဲ့ အားနည်းချက်ပင်ဖြစ်သည်။
    နိဂုံးချုပ် ဆိုရသော် ဇင်းမယ်သည် ရှေးစာဆိုနှင့်အညီ ပြည်စုံလှသလို မိမိမျက်ဝန်းထဲတွင် မမေ့နိုင်လောက်အောင် စွဲလန်းမိသလို ဇင်းမယ်သို့ ရောက်ဖူးကြသူများပင်လျင် ကျနော်ကဲ့သို့ ဖြစ်မည်ကို ထင်မြင်မိပါသည်။
    စာဖတ်သူ မိဘပြည်သူများအား ချစ်ခင်လေးစားလျှက်
    မောင်လူငယ်
  • စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၄) /ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ
    စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၄) /ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ
    စက်တင်ဘာ၊ ၁၉၊ ၂၀၁၂
    စာတမ်းပြုစုရေးသားသူ
    ဖိုးလှိုင် (B.Sc, H.G.P,R.L)
    ဤ စာတမ်းသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဖွဲ့စည်းပေးထားသော ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်သို့ ဖိုးလှိုင် (B.Sc, H.G.P,R.L) မှ ပေးပို့သော အကြံပြုစာတမ်းဖြစ်ပါသည်။
    အခန်း-၁
    (၁) တည်ငြိမ်အေးချမ်းမူ ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ
    (က)ပဋိပက္ခဖြစ်ရသည့် လတ်တလောအကြောင်းရင်းများ
    (၁) မုဒိန်းမှုကျူးလွန်သူတရားခံများ၊
    (၂) ရဲအချုပ်တွင် ဆွဲကြိုးချသေဆုံးမှုနှင့်စပ်လျဉ်း၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ငယ်ဖွဲ့ ၍ဖော်ထုတ်ရန်၊
    (၃) သရက်သီးခူးထွက်သူ တရားခံအတု ၂ဦး၊
    (၄) ရခိုင်ပဋိပက္ခကြီးသည် တိုက်ဆိုင်မှုလား ဖန်တီးမှုလား၊
    (၅) ၁၀လောင်းပြိုင်လူသတ်မှု၊ (အပိုင်း-၁) တွင် ဖော်ပြထားပြီးဖြစ်သည်။
    (ခ)ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ
    (၁) ပြန်ကြားရေးဝန်ကြီးဌာန၏ သဘောထားမမှန်
    (၂) သမိုင်းဖျောက်ဖျက်ခြင်း
    (၃) မမှန်သတင်းဖြန့်ခြင်း၊ ပုံကြီးချဲ့ခြင်း
    (၄) နယ်များတွင် အသုဘချရန် လူငယ်များမရှိ
    (၅) အမိန့်မရလျှင် ရေတောင်မသောက်ရ
    (၆) (၁၉၈၂)ခုနှစ် နိုင်ငံသားဥပဒေကိုဖောက်ဖျက်ကျူးလွန်သူဘယ်သူလဲ အပိုင်း (၂) တွင်ဖော်ပြပြီး
    (၇) ကမ္ဘာကသိသော ကမ္ဘာကျော် နဂါးမင်းစီမံချက်
    (၈) လှေစီးပြီး ပင်လယ်သမုဒ္ဒရာထဲသို့ ထွက်ပြေးကြမလား လိုက်ချင်လျှင် ပိုက်ဆံပေး
    (၉) ပြည်တွင်းနေ ခရီးသွားများအား သတ်ဖြတ်ကြ
    (၁၀) ပင်လယ်သမုဒ္ဒရာထဲသို့ ထွက်ပေါက်ပေးပါ
    (၁၁) ဘယ်ဘက်လက်မောင်းတွင် ကျောက်ရောဂါကာကွယ်ဆေးထိုး ထားပါသလား
    (၁၂) ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေ့(ရှ်)နယ်စပ်ရှိ ချင်းပြည်သူများ နိုင်ငံခြားသို့ ဘယ်အပေါက်မှ ထွက်ပြေးကြသလဲ
    (၁၃) ပိန်းရွက်စားကြမလား
    (၁၄) စကပ်ချွတ် – ထဘီဝတ် – ထဘီချွတ် – စကပ်ဝတ် ပဋိပက္ခ၏မူလအကြောင်းခံတစ်ရပ် အပိုင်း (၃) တွင်ဖော်ပြပြီး
    (၁၅) ရွာဘုရား ရွာသား မလေးစား
    (၁၆) တော်လှန်ရေးကောင်စီ၏ လူမျိုးစု (၁၃၅)မျိုး
    (၁၇) လူမျိုးစု (၁၄၄)မျိုးစာရင်း ဘယ်ပျောက်နေသလဲ (၉)မျိုး ဘယ်လို ပျောက်သွားသလဲ
    (၁၈) အကြမ်းဖက်သမားက ကိုဆိုဗိုနှင့် ပါလက်စတိုင်းကို ထောက်ပြ၍ လှုံ့ဆော်ခြင်း
    (၁၉) ရခိုင်ပြည်နယ်ပဋိပက္ခသည် ဘာသာရေးပဋိပက္ခဟုတ်/မဟုတ်
    (၂၀) ဝတ်ကျောင်းတော်များနှင့် စာသင်ကျောင်းများကို ဖျက်ဆီးခြင်း
    (၂၁) ပုဒ်မ(၁၄၄)ကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း
    (၂၂) လူမျိုး(၂)မျိုးကြား ရန်တိုက်ပေးနေပါသလား
    (၂၃) အင်းစိန်ထောင်မှ နှစ်ရှည်ထောင်ကျ ရိုဟင်ဂျာ-မူဂျာဟစ်များ၊ ဘယ်ပျောက်သွားသလဲ ယခု အပိုင်း(၄) တွင် ဖော်ပြပါမည်။
    (၁၅) ရွာဘုရား၊ ရွာသားမလေးစား ။
    ယခုဖြစ်ပွားခဲ့သည့် ပဋိပက္ခမျိုးမဖြစ်ရန် ဇတ်တူများဖြင့် ကာကွယ်တားဆီး၍ မရနိုင်ပါ။ သက်သေခံအဖြစ် ယခု ပဋိပက္ခကြီးသည် လုံလောက်ထင်ရှားသည့် သက်သေသာဓက တစ်ရပ်ဖြစ်ပါသည်။ အကယ်၍ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်နှင့် အခြားတိုင်းရင်းသား လုံထိန်းများ၊အာဏာပိုင်များ၊ ၀န်ထမ်းများရှိခဲ့လျှင် ပဋိပက္ခကြီးကိုအချိန်မီတားဆီး နိုင်ခဲ့မည် ဖြစ်သည်။အနာဂတ်ပဋိပက္ခများ ထပ်မံမပေါ်ပေါက်စေရန်အတွက် တိုင်းရင်းသားပေါင်းစုံ လူမျိုးဘာသာပေါင်းစုံကို ခွဲခြားမှုမရှိဘဲ ခန့် ထားရန် အကြံပြုလိုပါသည်။ ခရီးသွားလုပ်ငန်းများမြှင့်တင့်ခြင်း၊နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို တိုးမြှင့်ခြင်း၊ စာသင်ကျောင်းများတိုးချဲ့ ခြင်း၊လျှပ်စစ်မီးများ ကျေးရွာများအရောက် ၂၄နာရီပေးခြင်း စသည်ဖြင့် စီးပွားရေးတိုးတက်အောင်   ဆောင်ရွက်ပေးလျှင် အနာဂတ်တွင် အလားတူ ပဋိပက္ခများမပေါ်နိုင်ဟု တွေးကောင်းတွေးပါလိမ့်မည်။ဤသို့ တွေးလျှင် အပြည့်အ၀မမှန်နိုင်ပါ၊ ရွာဘုရား ရွာသားမလေးစား ဆိုသည်ကို သတိပြုသင့်ပါသည်။ အခြားပြည်နယ်တိုင်းများမှ ခရစ်ယာန်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ လူမျိုးမခွဲခြားဘဲ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊တရားမျှတစွာ ခန့် ထား ပါရန် အကြံပြုလိုပါသည်။
    (၁၆) တော်လှန်ရေးကောင်စီ၏လူမျိုးစု ၁၃၅မျိုး။
    လ၀က လူမျိုးစု ၁၃၅မျိုးပါစာရင်းသည် ပါလီမန်(ပြည်သူ့ လွှတ်တော်) ကပြဋ္ဌာန်းခဲ့ခြင်းမဟုတ်၊ အာဏာရှင်ကြီး တစ်ဦးက သူ၏အကြိုက် တစ်ဖက်သတ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ အစွန်းရောက်ပြဋ္ဌာန်းချက်တစ်ရပ်ဖြစ်ပြီး တရားမျှတမှုလုံးဝ မရှိသည့် ပြဋ္ဌာန်းချက်ဖြစ်သည်။ဤစာရင်းတွင် မည်သူပါ၍မည်သူကျန်သည်ကို ပွင့်ပွင့်လင်းလင်းမသိရ၊ ကျန်ခဲ့သူများလည်း ဖြေရှင်းခွင့်မရခဲ့၊ အာဏာရှင်ကြီးတစ်ဦးတည်း၏သဘောဖြင့် ပြဋ္ဌာန်းခဲ့သည့်စာရင်းကို ဘုရားပေးကျမ်အဖြစ် မှတ်ယူ၍မရပါ။ သို့ သော်ပြန်မပြောရ၊ မဆွေးနွေးရ မလိုက်နာလျှင် ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ကဲ့သို့  ကြိုးစင် ရောက်သွားနိုင်ပါသည်။ လူမျိုးဘာသာခြားများအတွက် ကြိုးစင်သည် အဆင်သင့်ရှိသည်။ ဆလိုင်းကိုတင်မောင်ဦး၏ အဖြစ်အပျက်သည် မြန်မာပြည်ရှိ လူမျိုးဘာသာခြားအားလုံးကို သတိပေးလိုက်သကဲ့သို့ နှင့်တူသည်။ ထို့ ကြောင့် လူမျိုးစု၁၃၅မျိုးစာရင်းကို လူနည်းစုများအနေဖြင့်၊ စောဒကမတက်ဝံ့ခဲ့ပါ။ ယခုအခါ စုံစမ်းစစ်ဆေးရေးကော်မရှင် ပေါ်လာပြီ ဖြစ်၍သာ အရဲစွန့် တင်ပြရခြင်းဖြစ်သည်။
    ဤ လ၀က ၁၃၅စာရင်းတွင် မပါရှိသည့်လူမျိုးစုများရှိပါသည်။ ဇိုမီးလူမျိုးနှင့် ကိုးကန့် လူမျိုးစာရင်း မပါပါ။ များမကြာမီက ဇိုမီးအမျိုးသားများ နိုင်ငံခြားတိုင်ပြည်များတွင် ဆန္ဒပြခဲ့ကြသည်ကို နိုင်ငံခြားသတင်းများတွင်ကြား ခဲ့ရပါသည်။ ရိုဟင်ဂျာလူမျိုး တစ်မျိုးတည်းသာ စာရင်းမပါသကဲ့သို့  လ၀က၀န်ကြီးက ထပ်ခါတလဲလဲအသံကောင်းဟစ် သည်ကို ကြားရပါသည်။အလားတူ ကွတ်ကီး လူမျိုးများ၏ စာရင်းကိုလည်း မတွေ့ ရပါ။အချို့ လူမျိုးများ၏ အမည်ကို ထိုစာရင်း၌ သူတို့ မကြိုက်နှစ်သက်သည့် အမည်ဖြင့်ဖော်ပြထား သည်များလည်း တွေ့ ရပါသည်။လူမျိုးတိုင်း လူမျိုးတိုင်း ကိုယ်ကြိုက်နှစ်သက်သည့် အမည်ကိုသုံးစွဲခွင့်ရှိပါသည်။တစ်ဖက်သတ်အမြင် တစ်ဖက်သတ်ပြဋ္ဌာန်းချက်များကို စွန့် လွှတ် သင့်ပါသည်။အထူးသဖြင့် လူနည်းစုများကို အနိုင်မကျင့်သင့်ပါ၊ဗိုလ်မကျသင့်ပါ။လူနည်းစု၏ အသံကိုနားထောင်ပါ။ ခြားနားသည့်အမြင်များကို နားထောင်ပေးပါ။ ပွင့်လင်းသည့်လူ့ အဖွဲ့ အစည်းကို ထူထောင်ပေးပါ။ပဋိပက္ခတစ်ဝက် အလိုလို ပျောက်ကွယ်သွားမည်။ တရားဥပဒေနှင့်အညီတရားသဖြင့် အုပ်ချုပ်ပါ။ကျွန်တော်များအနေဖြင့် နိုင်ငံသားဖြစ်ရေး၊မဖြစ်ရေး တိုင်းရင်းသားဖြစ်ရေး၊ မဖြစ်ရေး၊နိုင်ငံတော်အစိုးရက တရားဥပဒေနှင့်အညီ ဆုံးဖြတ်ခွင့်ရှိကြောင်းနားလည်ပါသည်။ သို့ သော် ရိုဟင်ဂျာအမည်ကို သက်ဆိုင်ရာလူမျိုးကသာလျှင် ဆုံးဖြတ်ခွင့်ရှိပါသည်။အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ၊ စွက်ဖက်ခွင့် ၊ပြဋ္ဌာန်းခွင့်မရှိပါ။၎င်းတို့ မကြိုက်သည့်အမည်ကို မခေါ်သင့်ပါ။ နှိမ့်ချသည့် အမည်များ မသုံးသင့်ပါ။ ခွဲခြားဆက်ဆံသည့် အသုံးနှုန်းများကို မခေါ်ဆိုသင့်ပါ။ရိုဟင်ဂျာလူမျိုးများ၏ အမည်ကို သူတို့ ကိုယ်တိုင်ရွေးချွယ်ခွင့် မရှိသည်က၊ ပဋိပက္ခဖြစ်သည့် မူလအကြောင်းခံအဖြစ် သုံးသပ်ပါရန် အကြံပြုအပ်ပါသည်။
    ရိုဟင်ဂျာများကို ဘင်္ဂါလီဟု ခေါ်ဆိုခြင်းကို ပြည်ထောင်စုသားဘင်္ဂါလီများက မကြိုက်ပါ၊လက်မခံပါ၊သဘောမတူပါ၊ ဘင်္ဂါလီလူမျိုးတို့ တွင် ဘင်္ဂါလီဟိန္ဒူ၊ ဘင်္ဂါလီဗုဒ္ဓဘာသာ၊ဘင်္ဂါလီခရစ်ယာန်နှင့် နတ်ကိုးကွယ်သူများလည်း ရှိကြပါသည်။ ၎င်းတို့ အားလုံးက ရိုဟင်ဂျာလူမျိုးများကို ဘယ်တုန်းကမှ ဘင်္ဂါလီအဖြစ် လက်မခံခဲ့ပါ။ ရိုဟင်ဂျာကို စစ်တကောင်းရခိုင်၊ အာရ်ကန်နီ၊ ရွိုင်းဂယား ဟူ၍သာ ခေါ်ဆိုကြပါသည်။ ရိုဟင်ဂျာများကို ဘင်္ဂါလီဟု ဘင်္ဂါလီလူမျိုးများ၏သဘောတူ ခွင့်ပြုချက် မပါဘဲ၊ မသုံးစွဲသင့်ပါ။ ဤပဋိပက္ခတွင် ပိန္နဲပင် ဆွဲမထည့်သင့်ပါ။ ဘင်္ဂါလီလူမျိုးသည် ကမ္ဘာပေါ်တွင်သန်း၃၀၀ ကျော် ရှိသည့်လူမျိုးဖြစ်သည်။ ဘင်္ဂါလီနိုင်ငံသည်လည်း နှစ်ခုရှိသည်။ ဘင်္ဂလားဒေ့(ရှ်) (အရှေ့ ဘင်္ဂလား)၊နှင့် အနောက် ဘင်္ဂလား ဖြစ်သည်။ ထို့ ကြောင့် ဘင်္ဂါလီလူမျိုး၏ သဘောဆန္ဒမပါဘဲ၊ တစ်ဖက်သတ် မခေါ်ဆိုသင့်ပါ။ ရိုဟင်ဂျာလူမျိုးများသည် နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ရာတွင် ဘင်္ဂါလီဟု ဖော်ပြကြရပါသည်။ဤသို့ ဖော်ပြကြ ရသည်မှာ ၎င်းတို့ ၏လွတ်လပ်သည့် သဘောဆန္ဒမဟုတ်ပါ၊ အလွန်ကြီးမားသည့် ဖိအားရှိနေ၍ဖြစ်သည်။ အကြောက်တရားကြောင့် ဖြစ်သည်။လွတ်လပ်စွာ တင်ပြခွင့်မရှိခြင်းကြောင့်လည်း ဖြစ်သည်။နိုင်ငံသားအခွင့်အရေးကို မတရားသဖြင့် အဆုံးရှုံးမခံနိုင်၍ ဖြစ်သည်။ ကမန်သွေးနှောအချို့ က ကမန်အဖြစ် ခံယူကြသည်။ ကမ္ဘာပေါ်တွင် သွေးနှောများသည်၊ ဤသို့ ကြိုက်ရာ ရွေးချွယ်ခွင့် ရှိသည်၊ ကမန်သွေးတစ်စက်ပါရုံဖြင့်၊ ကမန်အဖြစ်ရွေးချွယ်ခွင့်ရှိသည်။ ဤသည်ကား ယဉ်ကျေးသည့်လူသားများ၏၊ ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ ဘူသီးတောင်ပြည်သူ့ ကိုယ်စားလှယ် ဦးကျော်မင်းနှင့် မိသားစုအား ကြီးလေးသောပြစ်ဒဏ်ပေးခဲ့ခြင်းသည် ကမ္ဘာ့ အလယ်တွင် ကြီးမားသောအမဲစက်ဖြစ်သည်။ ရှက်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်။ အားနည်းသည့်လူနည်းစုများအပေါ်၊ အနိုင်ထက်ပြုကျင့်ခြင်းသာဖြစ်သည်။ နိုင်ငံရေးအရ အမြင်ကွဲလွဲများကို အသေသတ်သည့် မတရားသည့် လုပ်ရက်သာဖြစ်သည်။
    ရိုဟင်ဂျာများသည် အမျိုးကို စောင့်သိကြသူများဖြစ်သည်၊ အခြားလူမျိုးများနှင့်လက်ထပ်သည်ကို သိပ်မတွေ့ ရ။ အနည်းအကျဉ်းသာ ရှိနိုင်သည်။ သူတို့ လူမျိုးကိုသာ သူတို့ လက်ထပ်ကြသည်။ဘင်္ဂါလီများနှင့်လည်း လက်ထပ်မှုမရှိ သလောက်ရှားသည်။ ဘင်္ဂါလီလူမျိုးများသည် ရိုဟင်ဂျာလူမျိုးများနှင့် မတူပါ၊ ဘယ်လူမျိုးကိုမဆို လက်ထပ်သည်။ ဘယ်ဘာသာနှင့်မဆို လက်ထပ်သည်။ တရုတ်လူမျိုးလည်းမချန် အင်္ဂလိပ်လူမျိုးလည်းမချန် လက်ထပ်ကြသည်။ လန်ဒန်မြို့ ၏ ဒုတိယလူအများဆုံးသည် ဘင်္ဂါလီဖြစ်သည်ဟု ကြားဖူးပါသည်။သို့ သော် ဘင်္ဂါလီနှင့်ရိုဟင်ဂျာ လက်ထပ် သည်မှာ တော်တော်ရှားပါသည်။ မယုံလျှင် ရန်ကုန်သန်းခေါင်စာရင်းများတွင် ပွင့်လင်းလူ့ အဖွဲ့ အစည်းနေဖြင့် လေ့လာ ဖော်ထုတ်မည်ဆိုလျှင် ရနိုင်ပါသည်။ ရိုဟင်ဂျာများသည် လ၀ကကို ကြောက်ပါသည်။ လ၀ကများအနေဖြင့်လည်း အမှန်တရားဖော်ထုတ်မည် မဟုတ်၊ လ၀က မေးလျှင် သူတို့ အားလုံးဘင်္ဂါလီဖြစ်သည်၊ ရိုဟင်ဂျာတစ်ယောက်မျှမရှိဟု ဆိုပါလိမ့်မည်။ ၎င်းတို့ ၏ လွတ်လပ်သည့်သဘောဆန္ဒကို ရနိုင်မည်မဟုတ်၊ ရိုဟင်ဂျာနှင့်ဘင်္ဂါလီ ခွဲခြားရန်အလွန်လွယ်ကူ ပါသည်။ ရိုဟင်ဂျာများသည် အမျိုးကိုစောင့်ကြသည်၊ အခြားလုမျိုးနှင့်လက်မထပ်၊ ဘင်္ဂါလီက ဘယ်လူမျိုးနှင့်မဆို လက်ထပ်သည်။ ဤအချက်ကို ထောက်ရှုစစ်ဆေးလျှင် ဘင်္ဂါလီနှင့် ရိုဟင်ဂျာ အလွယ်တကူခွဲခြားနိုင်သလို၊ ရိုဟင်ဂျာများ သည် မွေးဖွားသည်မှ သေဆုံးသည်အထိ အိပ်မက်ဆိုးများဖြင့် ကြီးပြင်းခဲ့ရသူများ ဖြစ်သည်။
    ထို့ ကြောင့် ဘယ်သူကိုမျှမယုံ၊ သူ့ လူမျိုးကိုသာ သူယုံသည်။ ထို့ ကြောင့် စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့်၊ လူမျိုးတစ်မျိုး၏စရိုက်လက္ခဏာကို အကြမ်းအားဖြင့် သိရှိထားရန်လိုပါသည်။ ကျွန်တော်များအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေချင်သည့် ရည်ရွယ်ချက် မရှိပါ။ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့်၊ သိရှိရန် လိုအပ်သည်ဟု ယုံကြည်၍သာတင်ပြရဖြင်းဖြစ်သည်။ သို့ မှသာ ပဋိပက္ခဖြစ်ရသည့် အကြောင်းအရင်းတွင် ရိုဟင်ဂျာအမည်နှင့်စပ်လျဉ်း၍ အတိမ်အနက်ကို အမှန်အတိုင်း တိုင်းတာ နိုင်ပါမည်။ ထို့ ကြောင့် တော်လှန်ရေးကောင်စီ၏ လူမျိုးစု၁၃၅မျိုးကို လေ့လာရာတွင် ရိုဟင်ဂျာအခန်းကဏ္ဍကို တစ်စိတ်တစ်ဒေသ လေ့လာမည်ဖြစ်သည်။
    (၁၇)လူမျိုးစု ၁၄၄မျိုး စာရင်းဘယ်ပျောက်သွားလဲ။ ၉မျိုး ဘယ်လိုပျောက်သွားလဲ ။
    လဝက၏စာရင်းတွင် မူလစာရင်းအမှန်မှာ (၁၄၄)မျိုးဖြစ်သည်။ (၁၃၅)မျိုးစာရင်းသည် နောက်မှ တိုးတိုးတိတ်တိတ် နောက်ဖေးပေါက်က တက်လာသည့်စာရင်းဖြစ်သည်။ မူလ(၁၄၄) မျိုးစာရင်းတွင် ရိုဟင်ဂျာများ၏ စာရင်းကို စစ်တကောင်းရခိုင်ဟု အတိအလင်းဖော်ပြထား ပါသည်။ စာရင်းအသစ်တွင် စစ်တကောင်းရခိုင်အပါအဝင် (၉)မျိုးကို တစ်ဖက်သတ် သုတ်သင် ရှင်းလင်းခဲ့ပါသည်။ အာဏာရှင်များ၏ အကျင့်စရိုက်အတိုင်း တစ်ဖက်သတ် ဖြုတ်ချခဲ့ခြင်း ဖြစ်ပါသည်။ သက်ဆိုင်သည့်လူမျိုးများကို ခုခံခြေပခွင့်၊ ဖြေရှင်းခွင့်မပေးခဲ့ပါ။ ဖြေရှင်းခွင့်၊ ခြေပခွင့်ကိုပေးပြီးမှသာလျှင် ဖြုတ်သင့်၊ မဖြုတ်သင့် ဆုံးဖြတ်သင့်ပါသည်။ ယခုမူ ထိုသို့မဟုတ် အဖြုတ်ခံရသည့် လူမျိုး(၉)မျိုးက သိတောင်မသိလိုက်ပါ။ အဖြုတ်ခံရသည့် လူမျိုးများ အလွန်နစ်နာပါသည်။
    အကယ်၍ လဝက၏မူလ(၁၄၄)စာရင်းသာ ဆက်သုံးခဲ့မည်ဆိုလျှင် ယခုဖြစ်ပွားခဲ့သည့် ပဋိပက္ခကြီး မဖြစ်ပွားနိုင်ပါ။ အချိန်မီ ကာကွယ်ထိန်းသိမ်းနိုင်မှာ သေချာပါသည်။ ယခုမူ တစ်ဖက်ကိုမြှောက်၊ အခြားတစ်ဖက်ကိုဖိ၊ မူမမှန်သည့် စာရင်းဇယားများကြောင့် ပဋိပက္ခများ ဖြစ်ခဲ့ရသည်ဟု ထည့်သွင်း စဉ်းစားရန်လိုပါသည်။
    လဝကဝန်ကြီးသည် (၁၃၅)မျိုးတွင် ရိုဟင်ဂျာမပါဟုသာ အထပ်ထပ်ပြောနေပါသည်။ (၁၄၄)စာရင်းတွင် စစ်တကောင်းရခိုင်အဖြစ် ပါဝင်နေကြောင်းကို မရှင်းပြပါ။ ဝန်ကြီးကိုယ်တိုင် သိရှိနားလည်ပုံမပေါ်ပါ။ ဝန်ကြီးသည် ဤကိစ္စတွင် ကျွမ်းကျင်သူ (Expert)မဟုတ်ပါ။ လဝက ဌာနမှ အဆင့်ဆင့် ရာထူးတက်လာသူမဟုတ်ပါ။ စစ်တပ်က တက်လာသောဝန်ကြီးတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် ရိုဟင်ဂျာ မုန်တီးသူများ၏ စကားနှင့် ယခင် စစ်အစိုးရအရာရှိများ၏ တစ်ဖက်သတ်စကားကိုသာ နားဝင်နေပါသည်။ (၁၃၅)စာရင်းကိုသာ သူသိပုံရသည်။
    လွှတ်တော်အမတ်ကြီးတစ်ဦးကလည်း၊ ရိုဟင်ဂျာများကို အစိုးရအဆက် ဆက် အကျင့်ပျက်ဝန်ထမ်းများက လာဘ်စား၍သွင်းလာခဲ့သည်ဟု အချွန်နှင့်မသည်။ မည်သူ မည်ဝါ တိတိကျကျ ထောက်ပြသည်ကိုလည်း မတွေ့ရ။ မီးလောင်ရာလေပင့် အသံကောင်းဟစ် သွားသည်ကိုကြားမိပါသည်။ ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ထိုအဂတိလိုက်စားမှုကို ဖော်ထုတ်အရေးယူနိုင်ရန် ပို၍ တိတိကျကျပြောသင့်ပါသည်။ မတိကျ၊ မသေချာဘဲ ပြောခြင်း သည် ရိုဟင်ဂျာများကို များစွာ ထိခိုက်နစ်နာစေပါသည်။
    ဤသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး စွပ်စွဲသည့်အချိန်မှစ၍ ရခိုင်ပြည်နယ်တွင် မီးရှို့မှုများ ပိုမိုများပြားလာပါသည်။ ပဋိပက္ခလည်းပို၍ကျယ်ပြန့်ခဲ့ပါသည်။ ၄င်းကိုယ်စားလှယ်ကြီး ပြောကြားခဲ့သည့် ရက်စွဲကိုကြည့်၍ ရခိုင်ပြည်ပဋိပက္ခ ယှဉ်တွဲ၍ လေ့လာပါ။ ရိုဟင်ဂျာများ သောင်းကျော် ဒုက္ခသည်စခန်းရောက်နေပါသည်။ ဤနေရာတွင် အခြားလူမျိုးများသာဆိုပါက ၄င်းပြည်သူ့ကိုယ်စားလှယ်ကြီး အသက်နှင့်ခန္ဓာ အိုးစားကွဲမည်မှာ သေချာသည်။ မြေနိမ့်ရာ လှံမစိုက်သင့်ပါ။ကော်မရှင်အနေဖြင့် ပဋိပက္ခစုံစမ်းရေးသည်မလွယ်ကူကြောင်း၊ အလွန်ခက်ခဲ ကြောင်း၊ နားလည်သည့်အတွက် ထောင့်စုံဘက်စုံမှ သုံးသပ်နိုင်ရန် တင်ပြရခြင်းဖြစ်ပါသည်။
    ဝန်ကြီးချုပ် ဦးနုသည် ပါလီမန်ဒီမိုကရေစီစနစ်အရ တက်လာခဲ့သော ဝန်ကြီးချုပ် တစ်ဦးဖြစ်ပါသည်။ ဝန်ကြီးချုပ် ဦးနုသည် ရိုဟင်ဂျာမဲများရရှိရန် မတော်မတရားလုပ်ခဲ့သည်ဟု စွပ်စွဲကြသည်။ ရိုဟင်ဂျာကိစ္စကို ဝန်ကြီးချုပ်ဦးနုက တစ်ဦးတည်းဆောင်ရွက်ခဲ့ခြင်း မဟုတ်။ ဦးကျော်ငြိမ်း၊ ဦးဘဆွေ၊ ဗိုလ်မှူးအောင်၊ ဦးအောင်ကြီးအပါအဝင် အားလုံးက တညီတညွတ် တည်းဆုံးဖြတ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အစိုးရတစ်ဖွဲ့လုံးတွင် တာဝန်ရှိသည်။ ပါလီမန် တစ်ခုလုံးတွင်လည်း တာဝန်ရှိသည်။အဘယ်ကြောင့် ဝန်ကြီးချုပ်ဦးနု တစ်ဦးတည်းကိုရွေး၍ စွပ်စွဲရပါသနည်း။ ဤစွပ်စွဲချက်သည် တရားမျှတမှုမရှိသော စွပ်စွဲချက်ဖြစ်သည်။ ပုဂ္ဂိုလ်ရေး ဆန်သောစွပ်စွဲချက်ဖြစ်သည်။ဦးနေဝင်း အာဏာသိမ်းမှုကို ထောက်ခံသော စွပ်စွဲချက်ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို ထောက်ခံသော စွပ်စွဲချက်ဖြစ်သည်။ ဝန်ကြီးချုပ်ဦးနု အစိုးရ၏ တရားဝင် ဆောင်ရွက်ချက်တစ်ရပ်ကို တရားဝင်ဆောင်ရွက်သည်ဟုသာ မှတ်ယူရမည်။ မတော်မတရား လီဆယ်ပြောဆိုရေးသား၍ အမြတ်မထုတ်သင့်ပါ။
    ဦးနေဝင်းအာဏာရှိစဉ် တစ်ဦးတည်း လုပ်ချင်ရာလုပ်သည်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါ။ ဤအချက်ကိုလူတိုင်း တညီတညွတ်တည်းလက်ခံကြပါသည်။ ဝန်ကြီးချုပ် ဦးနုက ထိုသို့မဟုတ်။ ပါလီမန်ဒီမိုကရေစီစနစ်ကို ဦးဆောင်ခဲ့သူဖြစ်သည်။ လွတ်လပ်ရေးယူပေးခဲ့သူ ခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် ဒီမိုကရေစီဘောင်အတွင်းမှသာ စဉ်းစားဆောင်ရွက်ရန်လိုသည်။ ဒီမိုကရေစီစနစ်ကိုဖျက်လိုဖျက်ဆီး ပြောဆိုမှုများကို သတိပြု သင့်သည်။ ယခုအချိန်သည် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန်ကြိုးပမ်းနေသည့် အရေးကြီး သောအချိန်ဖြစ်သည်။ လှေပြေးတုန်း တက်ကျိုး အဖြစ်ဆိုးမျိုး မရောက်ရန် သတိပြုရပါမည်။ အကြမ်းဖက်သည့် အမျိုးသားရေးဝါဒီများသည် ဒီမိုကရေစီမျက်နှာဖုံးဖြင့် လွှတ်တော်ထဲသို့ပင် ရောက်ရှိနေပြီးဖြစ်သည်။ ပဋိပက္ခဖြစ်ခဲ့ရသည့် မူလအကြောင်းခံအဖြစ် ဒီမိုကရေစီမျက်နှာဖုံးစွပ် အမျိုးသားရေးအစွန်းရောက်များကိုပါ ထည့်သွင်း သုံးသပ်ရန်လိုပါသည်။
    (၁၈) အကြမ်းဖက်သမားက ကိုဆိုဗိုနှင့် ပါလက်စတိုင်းကို ထောက်ပြ၍ လှုံ့ဆော်ခြင်း ။
    ရခိုင်ပါတီကြီးတစ်ခု၏ ဥက္ကဋ္ဌက အင်တာဗျူးများတွင်လည်းကောင်း၊ စာစောင်များတွင် လည်းကောင်း၊ ပါတီမှထုတ်သည့်ကြေညာစာတမ်းတွင်လည်းကောင်း ကိုဆိုဗိုနှင့်ပါလက်စတိုင်း ကိုထောက်ပြ၍ ဆူပူသောင်းကြမ်းမှု ကြီးမားကျယ်ပြန့်လာအောင် အရှိန်မြှင့်တင်ခဲ့ပါသည်။ ယူဂိုဆလားဗီးယားပြည်ထောင်စုသည် အာဏာရှင်က မတရားဖိနှိပ်၍ ရာဇဝတ်များကျူးလွန်ခဲ့ သည့်အတွက် (၁) မက်ဆီဒိုးနီးယား (၂) ခရိုအေးရှား (၃) ဘောစနီးယားဟာစီဂိုးဗီးနား (၄) ကိုဆိုဗို (၅) မွန်တီနီဂရို စသည်ဖြင့် လွတ်လပ်သည့်နိုင်ငံများအဖြစ် ပေါ်ထွက်ခဲ့ပါသည်။ ရခိုင်ပြည်အကြမ်းဖက်လိုသူများက ကိုဆိုဗို တစ်ခုတည်းကိုထောက်ပြ၍ အကြမ်းဖက်မှုများကို အရှိန်မြှင့်တင်ခဲ့ပါသည်။ ရာဇဝတ်မှုများကျူးလွန်၍ တရားဥပဒေရှေ့မှောက်ရောက်နေသူမျိုးချစ်မျက်ကန်းခေါင်းဆောင်များကိုမေ့လျော့နေပုံရသည်။ အမှန်တကယ် အရှိတိုင်း သုံးသပ် ရမည်ဆိုလျှင် ရခိုင်ပြည်နယ်တွင် ၄င်းပါတီက နိုင်ငံရေးအမြတ်ထုတ်၍ အကြမ်းဖက်မှုကို ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်ခဲ့ခြင်းသာဖြစ်ပါသည်။
    ပါလက်စတိုင်းများကိုလည်း မွတ်စ်လင်မ် နိုင်ငံထူထောင်လိုသူအဖြစ် ဖော်ပြခြင်းမှာ လှုံ့ဆော်ခြင်းသက်သက်ဖြစ်သည်။ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့(PLO)သည် တပ်ပေါင်း စုဖြစ်သည်။ ၄င်းအဖွဲ့တွင် ပါဝင်သည့် ပေါ်ပြူလာတပ်ဦးသည် ခရစ်ယာန်လူမျိုး ဂျော့ရ်ဟာဘရှ် တည်ထောင်သည့်အဖွဲ့ဖြစ်သည်။ မွတ်စ်လင်မ်နိုင်ငံထူထောင်ရန် ကြိုးပမ်းခြင်း မဟုတ်။ ရခိုင် နိုင်ငံရေးပါတီကြီးက ရခိုင်ပဋိပက္ခကို ဘာသာရေးပဋိပက္ခဖြစ်စေလိုသည်။ ရခိုင်ပဋိပက္ခကို ဘာသာရေးပဋိပက္ခအသွင်သို့ အရှိန်မြှင့်ရန် အသုံးချခြင်းကို တားမြစ်သင့်သည်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း မွတ်စ်လင်မ်နိုင်ငံမဟုတ်။ ဘာသာရေးကို အခြေမခံသည့် နိုင်ငံဖြစ်သည်။ နိုင်ငံ၏အာဏာအရှိဆုံး ဝန်ကြီးချုပ်သည် မွတ်စ်လင်မ်ဖြစ်သော်လည်း ဒုတိယ အာဏာအရှိဆုံး နိုင်ငံခြားရေးဝန်ကြီးမှာ ဗုဒ္ဓဘာသာဝင် ဒီပမုနိ ဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဝင် အခြားဝန်ကြီးများလည်းရှိသည့်အပြင် စစ်တပ်တွင် ဗိုလ်ချုပ်များလည်းရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးသည် ဗုဒ္ဓဘာသာဝင် ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။သို့သော်ဘင်္ဂလားဒေ့ရှ်ကို ဘာသာရေးအခြေခံနိုင်ငံတစ်ခုအသွင်ဖြင့် ရခိုင်နိုင်ငံရေးပါတီကြီးက ပဋိပက္ခများတွင် အသုံးချပါသည်။
    ရခိုင်နိုင်ငံရေးပါတီကြီးက ရခိုင်ပြည်နယ်တွင် ပါလက်စတိုင်း နိုင်ငံကဲ့သို့ ထူထောင်ရန် ကြိုးစားနေသည်ဟု စာဖြင့် ထုတ်ပြန်ကြေညာခြင်းသည် မွတ်စ်လင်မ် များနှင့် ဖြစ်ပွားသည့်ပဋိပက္ခအဖြစ် ပုံဖော်ခြင်းသာဖြစ်သည်။ ပဋိပက္ခဖြစ်နေစဉ်ကာလအတွင်း၊ မီးကုန်ယမ်းကုန် အရှိန်မြှင့်ခြင်းပင်ဖြစ်သည်။ ၄င်းနိုင်ငံရေးပါတီကြီးကြောင့် ပဋိပက္ခသည် ဖြစ်သင့်သည်ထက် ပို၍ ကြီးမားကျယ်ပြန့်ခဲ့ပါသည်။ ဤအချက်ကို ကော်မရှင်အနေဖြင့် ဟုတ်/မဟုတ် အထူး အလေးပေး စစ်ဆေးသင့်ပါသည်။ သို့မဟုတ်ပါက ဤပါတီကြီးသည် နာဇီပါတီကြီးကဲ့သို့ အစွန်းရောက်ပါတီကြီးအဖြစ်သို့ ပြောင်းလဲသွားပြီ ပါတီခေါင်းဆောင်များ ကလည်း ဟစ်တလာနှင့် နောက်လိုက်ခေါင်းဆောင်များကဲ့သို့ ပြောင်းလဲသွားပါမည်။
    ကျွန်တော်များအနေဖြင့် လူမျိုးမခွဲ၊ ဘာသာမခွဲ အားလုံးကို ချစ်ပါသည်။ တစ်ဘက် ဘက်က အစွန်းထွက်မည်ကို လုံးဝလက်မခံနိုင်ပါ။ အမျိုးသားရေးကို တရားဥပဒေအထက်တွင် နေရာမပေးလိုပါ။အမျိုးသားရေးအကြောင်းပြချက်ဖြင့် တရားဥပဒေစိုးမိုးရေးကိုမဖျက်ဆီးသင့်ပါ။ လူ့အခွင့်အရေးစံနှုန်းများကိုလည်း မဖျက်ဆီးသင့်ပါ။ ယခုအခါ ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုး၊ အကြောင်းပြချက်အမျိုးမျိုးဖြင့်၊ ရိုဟင်ဂျာများအပေါ် နှိပ်ကွပ်လိုကြပါသည်။ ရိုးသားဖြူစင်သည့် တရားမျှတသည့် ပြောဆိုပြုမူဆက်ဆံခြင်းမျိုးကိုသာ သတိရှိရှိဖြင့် ပြောဆိုသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
    (၁၉) ရခိုင်ပြည်နယ် ပဋိပက္ခသည် ဘာသာရေးပဋိပက္ခ ဟုတ်/မဟုတ်
    ယခုပဋိပက္ခကြီးသည် သာမန်ရာဇဝတ်မှုမှ ပဋိပက္ခသို့ အသွင်ပြောင်းခဲ့ခြင်းဖြစ်သည်။ ၄င်းပဋိပက္ခကို ဦးဆောင် ကျူးလွန်ခဲ့ကြသည့်သူများသည် ဘာသာရေးကို ရှေးရှုခဲ့သည်။ တောင်ကုတ်တွင် ခရီးသွားကားပေါ်ပါလာသူများအနက်မှ အစ္စလာမ်ဘာသာဝင်များကိုသာ တစ်ဦးချင်းရွေးချယ်၍ အေးအေးဆေးဆေး အနှောင့်အယှက်မရှိ၊ အတားအဆီးမရှိ၊ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကြီးဖြစ်ပါသည်။အသတ်ခံရသူများမှာ ရိုဟင်ဂျာလူမျိုးများ မဟုတ်ပါ။  မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များသာဖြစ်သည်။ ကားပေါ်တွင် အခြားဘာသာဝင်များပါရှိသော်လည်း အသတ်ခံ ရသူများတွင် အခြားဘာသာဝင်များ လုံးဝ မပါရှိခဲ့ပါ။ ထို့ကြောင့် ဤလူသတ်မှုကြီးသည် အစ္စလာမ်ဘာသာသက်ဝင်ယုံကြည်သူများကိုသာ ရွေးချယ်၍ ခွဲခြား သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
    ထို့ကြောင့် ဘာသာရေးကို ဦးတည်ခဲ့ကြောင်းကို အတိအလင်းပင် ပြောရပါမည်။ ဤသို့သုံးသပ်ရခြင်းမှာ ပြဿနာကို ပုံကြီးချဲ့လိုသဖြင့် လုံးဝ မဟုတ်ပါ။ အရှိကို အရှိအတိုင်း သုံးသပ်မှသာလျှင် အနာဂတ်အတွက် ကာကွယ်ဆေးဖော်နိုင်မည်ဖြစ်ပါသည်။ အရှိတရားကို ဖုံးကွယ်၍ သို့မဟုတ် သက်ညှာ၍ လျှော့လျှော့ပေါ့ပေါ့သုံးသပ်မည်ဆိုလျှင် အနာတခြား ဆေးတခြားဖြစ်သွားပါမည်။ ထို့ကြောင့် အနာသိရန် ဖော်ပြရခြင်းသာဖြစ်ပါသည်။ မည်သူ့ကိုမှ မရည်ရွယ်ပါ။
    ရခိုင်နိုင်ငံရေးပါတီကြီးကလည်း အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ဘာသာ ရေးကို ဦးတည်၍ လှုံ့ဆော်ခဲ့ပါသည်။ မီးရှို့မှုများ၊ လူသတ်မှုများကိုလေ့လာမည် ဆိုလျှင်လည်း တောင်ကုတ်လူသတ်မှုကဲ့သို့ အစ္စလာမ်ဘာသာဝင်များအပေါ် သာရွေးချယ်၍ကျူးလွန်ခဲ့ပါသည်။ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊  ကလေးသူငယ်များပါ သတ်ဖြတ်ခံခဲ့ကြရပါသည်။ မီးရှို့ရာတွင်လည်း ပိတ်မိနေသောသူများ၊ မီးဘေးလွတ်ရာသို့ ထွက်မပြေးနိုင်ရန်၊ ပစ်ခတ်ခြင်း၊ တုတ်၊ ဓား၊ လှံ၊ ဝါးချွန်များဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းကိုရုပ်မြင်သံကြား သတင်းများအရလည်းကောင်း၊ ကိုယ်တွေ့ ကြုံခဲ့သူများ၏ပြောပြချက်များအရ လည်းကောင်း သိရှိရပါသည်။
    ဘာသာရေးကို ဦးတည်လှုံ့ဆော်ခဲ့သော ရခိုင်ပါတီကြီးနှင့် နောက်လိုက်များအား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရှင်းလင်းပြတ်သားသော နိုဘယ်လ်ဆုနှင့် ထိုက်တန်သော စိတ်ဓာတ်ကို တင်ပြလိုပါသည်။ (၁၉၄၇)ခုနှစ်၊ မေလတွင် ကျင်းပခဲ့သည့် (ဖ-ဆ-ပ-လ) ပဏာမပြင်ဆင်မှုညီလာခံတွင် ဒီးဒုတ်ဦးဘချို၏ အဆိုနှင့် စပ်လျဉ်း၍
    ဗိုလ်ချုပ်အောင်ဆန်းက
    “… ဒီမှာ ဆရာ၊ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေတာမဟုတ်ဘူး၊ ဒီလို မဟုတ်မဟတ် ကိုယ်ထင်ရာတွေ လျှောက်လုပ်နေကြမယ်ဆိုလျှင် ကျွန်တော်တို့ တိုင်းပြည်ဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သပေါက်ဖြစ်သွားမှာဘဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ အလောင်းဘုရားလက်ထက်ကတည်းက မူဆလင်တွေရှိတယ်။ ဘရင်ဂျီ တွေရှိတယ်။ အစတုန်းကတည်းကရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေ ရှိတယ်။ အဲသည်တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက တစ်ချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာရှိတယ်။ သူတို့တစ်တွေဟာ အားလုံးနိုင်ငံသား တွေပဲ။ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ ချည်းမဟုတ်ဘူး။ သူတို့တတွေ ပါကြတယ်။ ယခု ကျွန်တွင်းက လွတ်မည်မကြံ သေးဘူး။ သူတို့တွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ ဘာသာကို နိုင်ငံတော် ဘာသာဖြစ်ရမယ်လို့ လုပ်လိုက်လျှင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့ အကောင်တွေ ဖြစ်သွားကြမှာပေါ့ဆရာ။ တိုင်းပြည်ကို တိုင်းပြည် ရေးလို တွေးစမ်းပါ။ ဘာသာရေးတွေ ဘာတွေ ညာတွေ လုပ်မနေစမ်းပါနှင့်။ ကျွန်တော်တို့ဟာ တိုင်းပြည် တစ်ခုလုံး စည်းလုံးကြဖို့လိုတယ်။ …..ယခုအချိန်မှာ လိုချင်တာက ပြည်ထောင်စုထဲမှာရှိနေကြတဲ့ လူမျိုးအားလုံး၊ ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမည့် လူတွေ ပေါ်မလာစေဘဲ နိုင်ငံရေးစိတ်ဓာတ် တစ်ခုတည်းရှိအောင်သွင်းပြီးစည်းလုံးဖို့လိုတယ်။ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာ လုပ်ချင်ရင် ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာ့ဘာသာ ဆရာကြေညာ၊ကျွန်တော်မပါဘူး
    ကျွန်တော်များအနေဖြင့် ဘာသာရေးခုတုံးလုပ် ၊ နိုင်ငံရေးအမြတ်ထုတ်၊ ပဋိပက္ခများကို အရှိန်မြင့်အောင်   သွေးထိုးလုပ်ဆောင်နေကြသူများကို သိစေလိုပါသည်။ ပြုပြင်စေလိုပါသည်။ ပြည်ထောင်စုကြီးတစ်ခုလုံး၊ တည်ငြိမ်အေးချမ်းစေလိုပါသည်။ တရားဥပဒေနှင့်အညီ အုပ်ချုပ် စေလိုပါသည်။ သို့မှသာ ယခုပဋိပက္ခကြီး ချုပ်ငြိမ်းကာ တည်ငြိမ်အေးချမ်းလာမည်ဟု ယုံကြည်ပါသည်။
    (၂၀) ဝတ်ကျောင်းတော်များနှင့် စာသင်ကျောင်းများကို ဖျက်ဆီးခြင်း
    ကျွန်တော်သည် နှစ်ပေါင်းများစွာ သတင်းနားထောင်သူတစ်ဦးဖြစ်ပါသည်။ အမေရိကန် နိုင်ငံက နှစ်စဉ် ထုတ်ပြန်သည့် ကြေညာစာတမ်းတွင် ဝတ်ကျောင်းတော်များ ဖျက်ဆီးခြင်း၊ စာသင် ကျောင်းများဖျက်ဆီးခြင်း၊ သမိုင်းဝင်သင်္ချိုင်းများဖျက်ဆီးခြင်း၊စသည် စသည်ဖြင့် ဘာသာရေးဖိနှိပ် ချုပ်ချယ်မှုများကြားသိရပါသည်။   တော်လှန်ရေးကောင်စီလက်ထက်မှ ယနေ့အထိကြားနေရ ပါသည်။ထိုအခြေအနေမျိုး မရှိသင့်ပါ။ တည်ငြိမ်အေးချမ်းသော နိုင်ငံတော်ကြီးဖြစ်ရေးအတွက် ပြုပြင်ရန် လိုအပ်သည်များကို ပြုပြင်ရပါမည်။ ဖြေလျှော့ရန် လိုအပ်သည်များကို ဖြေလျှော့ရ ပါမည်။အစိုးရကပါဝင်ဖိနှိပ်သည့်ပဋိပက္ခမျိုးမဖြစ်သင့်ပါ။ဘက်နှစ်ဖက်ရှိသည့်အနက် တစ်ဖက်ကို မြှောက်ပေးရာ ရောက်သည့် သွေးခွဲအုပ်ချူပ်သည့် စနစ်မျိုး မကျင့်သုံးသင့်ပါ။
    ဘာသာရေးပဋိပက္ခအဖြစ်သို့ ဦးတည်လိုသူများကလည်း ဝတ်ကျောင်းတော်များကို၊ အဓိကဦးတည်တိုက်ခိုက်ကြပါသည်။ ပဋိပက္ခများ စတင်ရာတွင် ဝတ်ကျောင်းတော်များကို ခဲများဖြင့် ပစ်ပေါက်ခြင်းဖြင့်လူစုလူဝေးများဖြစ်လာအောင်၊ လုပ်ကြပါသည်။ လူစုလူဝေးများ လာသည့်အခါ အစ္စလာမ်ဘာသာဝင်များ၏ အိမ်များ၊ ဆိုင်များကို ရွေးချယ်၍ တိုက်ခိုက်ကြ ပါသည်။ အစိုးရက နည်းပေး၊ လမ်းပြပြုသကဲ့သို့ ဖြစ်နေပါသည်။ ကျွန်တော့်အမြင်ဖြင့် တစ်ဖက်သတ် စွပ်စွဲနေခြင်း မဟုတ်ပါ။ အမေရိကန်နိုင်ငံနှင့် အခြား INGO များ၏ သဘော ထားအမြင်များကိုလည်း ထည့်သွင်း သုံးသပ်စေလိုပါသည်။
    ဆူးလေဘုရားအနီးရှိ ဝတ်ကျောင်းတော်နှင့် ရန်ကုန်ဝတ်ကျောင်းတော်များကို ထောက်ပြ၍ ဘာသာရေးဖိနှိပ်မှုမရှိဟု အစိုးရက ပြန်လည် ချေပခဲ့သည်များလည်း သိရှိပါသည်။ သို့သော် မြို့သစ်များနှင့် အချို့နယ်များတွင် ဝတ်ကျောင်းများမရှိ၍ လူနေအိမ်များတွင် ဝတ်ပြုရပါသည်။ အာဏာပိုင်များသိရှိသည့်အခါ အဖမ်းခံရခြင်း၊ အပိတ်ခံရခြင်းများကိုလည်း ကြားရပါသည်။ ဝတ်ပြုခွင့် မရှိ။ အရက်ဆိုင်များသာ တိုးချဲ့ဖွင့်ခွင့် ရှိသည်။ အဖြစ်မှန်များကို အမှန်အတိုင်း မတင်ပြဝံ့ပါ။
    ယခုအခါ စုံစမ်းစစ်ဆေးရေးကော်မရှင်ပေါ်ပေါက်ပြီးဖြစ်၍သာ အရဲစွန့်တင်ပြရခြင်း ဖြစ်ပါသည်။ ဤသို့တင်ပြရခြင်းအတွက် တစ်ဦးဦးကို ထိခိုက်ခဲ့ပါလျှင် မရည်ရွယ်ဘဲ ထိခိုက် သည်ဟု မှတ်ယူပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။
    (၂၁) ပုဒ်မ(၁၄၄)ကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း
    ပုဒ်မ(၁၄၄)ထုတ်သည့်အချိန်မှစ၍ အစ္စလာမ်ဘာသာဝင်များ အိမ်ပြင်သို့ မထွက်နိုင် ကြပါ။ တစ်ဖက်မှလည်း ပုဒ်မ(၁၄၄)ကို အကာအကွယ်ယူပြီး ရဲများနှင့်အတူ အစ္စလာမ်ဘာသာ ဝင်များ၏ အိမ်များကို ဝိုင်းဝန်းတိုက်ခိုက်ကြပါသည်။ မီးတင်ရှို့ကြပါသည်။ ပုဒ်မ(၁၄၄)သည် ဘာသာရေးအစွန်းရောက်တိုက်ခိုက်သူများအတွက် အကာအကွယ်ဖြစ်ခဲ့ပါသည်။ ပုဒ်မ(၁၄၄) ထုတ်ပြီးမှ မီးရှို့တိုက်ခိုက်မှုများ ပို၍ ပို၍ပင် များလာခဲ့ပါသည်။၎င်းမီးရှို့တိုက်ခိုက်သူများက  စွပ်စွဲချက်အမျိုးမျိုး နိုင်ငံခြားသတင်းဌာနများသို့ အင်တာဗျူး အမျိုးမျိုးထုတ်ပါသည်။ ကိုယ့်အိမ်ကိုကိုယ် မီးရှို့ကြပါသည်ဟု အထပ်ထပ် စွပ်စွဲကြပါသည်။ ဟုတ်မဟုတ် ယခုအခါ ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်က စစ်ဆေးခွင့်ရနေပြီဖြစ်၍ ဤအချက်ကို အဓိကထား စစ်ဆေးပေးစေလိုပါသည်။ အမှန်တရားပေါ်မည်ဟု ယုံကြည် ပါသည်။ မီးလောင်သေဆုံးသူအရေအတွက်လည်း ပိုများလာမည်ဟုနားလည်ထားပါသည်။ သေဆုံးသူ(၈၀)ကျော်အစား (၈၀ဝ)ကျော် ဖြစ်သွားနိုင်ပါသည်။
    ပုဒ်မ(၁၄၄)ထုတ်ပြီးနောက် အဘယ်ကြောင့် အကြမ်းဖက်မှုများတိုးလာရပါသနည်း။ ပုဒ်မ(၁၄၄)သည် အကြမ်းဖက်သမားများအတွက် လုံခြုံစိတ်ချရသည့် အကာအကွယ်ဖြစ်ခဲ့ပြီး အခြားတစ်ဖက်အတွက် ကြီးမားသော အတားအဆီးကြီးဖြစ်ခဲ့ပါသလား။အကယ်၍သာ ပုဒ်မ(၁၄၄)အစား ကိုယ့်အိမ်ကိုယ်ကာကွယ်ခွင့်ရခဲ့လျှင် ဤမျှ ဆိုးဆိုး ရွားရွားမထိခိုက်နိုင်ဟု သုံးသပ်မှုမျိုးကိုလည်း ကြားရပါသည်။ ထို့ကြောင့် ပုဒ်မ(၁၄၄)သည် တစ်ဖက်သတ်နစ်နာမှုမျိုး ဖြစ်ခဲ့ပါသလားဟု မေးခွန်းထုတ်စရာရှိပါသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့်လည်း ဤအဖြေကို အမှန်အတိုင်းရရှိမည်ဟု မျှော်လင့်ပါသည်။
    (၂၂) လူမျိုး (၂)မျိုးအကြား ရန်တိုက်ပေးနေပါသလား
    မသင့်မတင့်ဖြစ်နေကြသော လူမျိုး(၂)မျိုးအကြား သံသယပွားနေသော လူမျိုး(၂) မျိုးကြားတွင် ရန်တိုက်ပေးသည့် အပြောအဆို အပြုအမူများကို ရှောင်သင့်ပါသည်။ ရိုဟင်ဂျာ အိမ်ထောင်စုတစ်ခုကို ထောက်၍ လဝကဝန်ကြီးက မိသားစု(၇၀)ကျော် ရှိနေကြောင်း၊ ဝေဖန် ပြောဆိုပါသည်။ ရိုဟင်ဂျာအားလုံး၏ အိမ်ထောင်စုတွင် ထိုသို့များနေပါသလား။ ထိုသို့လုံးဝ မဖြစ်နိုင်ပါ။ လူမျိုးတိုင်း၊ ဘာသာတိုင်းတွင် ထိုသို့စုန်းပြူးများရှိနိုင်ပါသည်။ မင်းတုန်းမင်းတွင် သားသမီး(၁၀ဝ)ကျော်ရှိသည်ဟု ကြားဖူးပါသည်။
    ကျွန်တော်များသိရှိထားသည်မှာ ရိုဟင်ဂျာများ၏ အိမ်ထောင်စုတွင် အိမ်ထောင်ခွဲ သား သမီးများ၊အိမ်ထောင်ခွဲ မြေးများအားလုံး ၊ အိမ်ထောင်စုဇယား တစ်ခုတည်းအောက် တွင်သာ နေကြရပါသည်။သန်းခေါင်စာရင်းခွဲခွင့် မရှိပါ။ ထိုအချက်ကို လဝက ဝန်ကြီး သိပုံမရပါ။ ရှက်ဖွယ်ကောင်းပါသည်။ မပြောမပြီး မတီးမမြည်ဖြစ်နေ၍သာ တင်ပြရခြင်းဖြစ်ပါသည်။
    ရိုဟင်ဂျာများ၏ အိမ်ထောင်ရေးစနစ်သည် တစ်လင်တစ်မယားစနစ်ဖြစ်၏။ အိမ်ထောင် ကျပြီးလျှင် အိမ်ထောင်ပြိုကွဲခြင်း မရှိသလောက်ရှားပါသည်။ ကွာရှင်းပြတ်စဲခြင်း မရှိသလောက် ရှားပါသည်။ အိမ်ထောင်ကွာရှင်းပြတ်စဲပြီးလျှင် ပြန်လည်ပေါင်းသင်းခွင့် လုံးဝမရှိ။ ထို့ကြောင့် ကွာရှင်းပြတ်စဲခြင်းရှားပါး ပါသည်။ ဇနီးတစ်ယောက်ထက် ပိုယူသူများသည် မိသားစုဝင်အားလုံး ကို ရုပ်ဝတ္ထုပစ္စည်းများ အညီအမျှပေးရပါသည်။ ထိုသို့ ရုပ်ဝတ္ထုပစ္စည်းများ အညီအမျှပေးရန် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မေတ္တာကိုမူ အညီအမျှခွဲဝေပေးရန် လုံးဝမဖြစ်နိုင်ပါ။ သို့သော် မေတ္တာကိုပါ အညီအမျှ ခွဲဝေပေးရန် တာဝန်ရှိပါသည်။ ထို့ကြောင့် ဇနီးတစ်ဦးထက်ပိုယူရန် မဖြစ်နိုင်ပါကြောင်း ရိုဟင်ဂျာများနားလည်ပါသည်။ ထိုသို့ မေတ္တာတရားကိုပါအညီအမျှ မခွဲဝေခဲ့လျှင် မလိုလားအပ်သည့် လူမှုရေး ပြဿနာများ ပေါ်ပေါက်မည်ဟုတရားတော်အရ သိထားပြီးဖြစ်သည်။ ထို့ကြောင့် ဇနီးမယား တစ်ယောက်ထက်ပိုယူရန် သူတော်စင်၊ သူတော်ကောင်းများ အတွက်သာ ဖြစ်ကောင်းဖြစ်နိုင် ပါသည်။သာမန် လူတစ်ယောက်အတွက် လုံးဝမဖြစ်နိုင်ကြောင်း သူတော်ကောင်း တရားတော် အရ သိထားကြပြီးဖြစ်သည်။ ထို့ကြောင့် ရိုဟင်ဂျာများ၏  သန်းခေါင်စာရင်းကိုတိတိကျကျ လေ့လာ၍ ရာခိုင်နှုန်း အတိအကျဖြင့်သာ ပြောစေလိုပါသည်။ ကျွန်တော်များသိထားသည်မှာ တစ်လင်တစ်မယား စနစ်ကျင့်သုံးသူ ၉၉%ရှိပါသည်။ တစ်လင် တစ်မယားအထက် ပို၍ယူသူ ၁% အောက်သာ ရှိပါသည်။
    လူဦးရေတိုးနှုန်းများသည်ဟုဆိုခြင်းကို အနည်းငယ်ရှင်းပြလိုပါသည်။ ရိုဟင်ဂျာများသည် အခြားလူငယ်များနီးတူ  နိုင်ငံခြားထွက်၍အလုပ်လုပ်ခွင့်မရှိ။ အခြားဒေသများသို့လည်း သွားလာခွင့်မရှိ။ ထို့ကြောင့်အခြားလူများနှင့်စာလျှင်  လူဦးရေးတိုးနှုန်းများနိုင်ပါသည်။ ထို့အပြင် ရိုဟင်ဂျာလူငယ်များသည် အိမ်ထောင်မပြုဘဲ အပျော်အပါးလိုက်စားခြင်းမရှိ။ မိဘများကလည်း အပြင်းအထန်ကြပ်မတ်ကြ၏။ ဤပြစ်မှုကျူးလွန်လျှင် သေဒဏ်ကဲ့သို့ကြီးလေးသော ပြစ်မှု ထိုက်၏။ တမန်တော်မြတ်နောက် ဆက်ခံသူ ဒုတိယမြောက် သမ္မတကြီး အုမရ်ကိုယ်တိုင် ၄င်း၏ သားဖြစ်သူကို သေဒဏ်ချမှတ်ခဲ့သည့်သမိုင်းကို ရိုဟင်ဂျာများ သိရှိနားလည်ကြသည်။ ထို့ကြောင့် အရွယ်ရောက်လျှင် တရားဝင် လက်ထပ်ကြသည်။ ကိုယ်ဝန်ဖျက်ချသည့် စနစ်ကို ဆန့်ကျင်ကြသည်။ သားဆက်ခြားခြင်းကိုမူ နားမလည်သည်က များသည်။
    ထို့ကြောင့် ဝန်ကြီးအနေဖြင့် လူမျိုး(၂)မျိုးအကြားအထင်အမြင်မှားစေမည့် အပြောအဆိုမျိုးကို  ရှောင်ရှားရန်  မေတ္တာရပ်ခံအပ်ပါသည်။ ပြောလိုလျှင်လည်း အသေအချာလေ့လာပြီးမှသာပြောစေလိုပါသည်။ ယခုအချိန်သည် ပဋိပက္ခအကင်းမသေသေးသည့် အချိန်အခါဖြစ်သည်ကို သတိပြုပါ။အိန္ဒိယနိုင်ငံတွင် မျိုးပျောက်မှာ ဆိုးကြောက်ပါသည် ဆိုသည့် ဟိန္ဒူအစွန်းရောက်များ၏ စောဒကကို တိကျမှန်ကန်သောအဖြေ ဒေါက်တာ ဇာကီးနိုက်က အဖြေပေးခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ သန်းခေါင်စာရင်းများကို အတိအကျ လေ့လာသောအခါ မွတ်စ်လင်မ်များက တစ်လင်တစ်မယား စနစ်ပိုများပြီး ဟိန္ဒူများက ဇနီးမယားတစ်ယောက်ထက်ပိုသည်က ပိုများ၏။ မွတ်စ်လင်မ်များက အိမ်ထောင်ကွာရှင်း ပြတ်စဲခြင်း မရှိသလောက် ရှားပါး၏။
    ဟိန္ဒူများကမူ အိမ်ထောင်ပြိုကွဲကြသည်က ပိုများသည်။ အရွယ်ရောက်သူ မွတ်စ်လင်မ်များက တရားဝင် လက်ထပ်ကြသည်။ဟိန္ဒူများက သူတို့၏ လွတ်လပ်သည့် အနေအထားကို ပို၍ ကြိုက်သည်။ လွတ်လွတ်လပ်လပ်နေကြသည်။ အသက်ကြီးမှ လက်ထပ်ကြသည်ကများ၍ အချို့ဆိုလျှင် သားသမီးများပါ မထွန်းကားကြပါ။ မွတ်စ်လင်မ်များ ကာလသားရောဂါဖြစ်ပွားမှု အခြားသူများ ထက်ပို၍နည်း၏။
    ဤသို့ဖြင့် စောဒကတက်လာသည့် အစွန်းရောက်များကို စနစ်တကျ တိတိ ကျကျထောက်ပြနိုင်ခဲ့ပြီးဖြစ်သည်။ အစွန်းရောက်များကလည်း သူတို့၏ လွဲမှားသော မျိုးတုံး နိုင်သော အကျင့်ဆိုးများကို၊ မိမိတို့ကိုယ်တိုင်ပြုပြင်ရန်လိုကြောင်း နားလည်လာကြပါသည်။ သူတစ်ပါးအား မလိုမုန်းထားပြောဆိုနေခြင်းကို ရှောင်ရှားရန်နားလည် လာစ ရှိလာပါသည်။ ရခိုင်ပြည်နယ် ပဋိပက္ခကို အစွန်းရောက်များက ယုတ္တိမတန်သော စောဒကများဖြင့် လှုံ့ဆော်နေကြောင်းသိစေလို၍ ယခုကဲ့သို့တင်ပြခဲ့ရခြင်းဖြစ်ပါသည်။ အခြေနေအမှန်ကို တင်ပြခြင်းဖြစ်ပါသည်။ မည်သူမဆို အစွဲကင်းကင်းဖြင့် ဘာသာ သာသနာအားလုံးကို လေ့လာ သင့်ပါသည်။ ထို့သို့လေ့လာပါရန် ကျွန်တော်များဖိတ်ခေါ်အပ်ပါသည်။ အစွဲကင်းမှသာလျှင် အမှန်တရားကို မြင်နိုင်ပါမည်။
    (၂၃) အင်းစိန်ထောင်မှ နှစ်ရှည်ထောင်ကျ ရိုဟင်ဂျာမူဂျာဟစ်များ ဘယ်ပျောက်သွားသလဲ
    တော်လှန်ရေးကောင်စီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်တွင် အင်းစိန်ထောင် ထဲ၌ ရိုဟင်ဂျာ မူဂျာဟစ်များ များစွာရှိခဲ့ပါသည်။ ထိုသူများကိုထောင်မှ လွှတ်ပေးလျှင်လည်း ဘယ်မှ ထွက်မသွားကြပါ။ အပြင်သို့ အလုပ်ခိုင်းရန် လွှတ်လျှင်လည်း ထွက်မပြေးကြပါ။ ထောင်ဆွေးဆွေး လူဆွေးဆွေးနေ နေကြသူများဖြစ်သည်။ ၄င်းတို့အားလုံးကို လဝက ညွှန်ချုပ် ဗိုလ်မှူးကြီး ထိန်လင်းဟု ထင်ပါသည်။ အားလုံးကို ပါကစ္စတန်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ပါကစ္စတန်သမ္မတကြီး ဗိုလ်ချုပ်ကြီး ဇီယာအုလ်ဟတ်က် ကိုယ်တိုင် ၄င်း ရိုဟင်ဂျာ မူဂျာဟစ် များကို ပါကစ္စတန်နိုင်ငံ၌ လက်ခံရန် အမိန့်ထုတ်ခဲ့ပါသည်။ ပါကစ္စတန် လဝကမှ လွှဲပြောင်း ယူခဲ့ပါသည်။
    ယခု ရခိုင်ပဋိပက္ခကိုလည်း ပါကစ္စတန်ပြည်သူများက ဒေါသတကြီးတုံ့ပြန်ကြသည့် အတွက် ပါကစ္စတန်အစိုးရက ထိန်းသိမ်းနေရပါသည်။ပါကစ္စတန်အစိုးရသည် အစွန်းရောက် အကြမ်းဖက်သမားများ၏ အန္တရာယ်ကို အဆိုးရွားဆုံးခံနေရသည့်  နိုင်ငံဖြစ်သည်။ မြန်မာ နိုင်ငံသားတစ်ဦးတစ်ယောက်ကိုမျှ အစွန်းရောက်သမားများက အသုံးမချနိုင်ရန်လိုအပ်ပါသည်။ ပညာမတတ်သူ၊ စာမတတ်သူ၊ အနာဂတ်မဲ့နေသူများကို အစွန်းရောက်သမားများက အသုံးချ လေ့ရှိပါသည်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပါကစ္စတန်နှင့် နှိုင်းယှဉ်လျှင် အစွန်းရောက်မရှိသလောက် နည်းပါးပါသည်။ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ အစိုးရအဖွဲ့တွင် ရှိကြပါသည်။ အထက်တန်းရာထူးများတွင်လည်း ရှိကြပါသည်။ ရခိုင်ပဋိပက္ခကို အကြမ်းဖက်သမားများ အခွင့်ကောင်းမယူနိုင်ရန် ကာကွယ်ထားပြီးဖြစ်သည်ဟု နားလည်ပါသည်။ ဤနိုင်ငံ(၂)နိုင်ငံကို နှိုင်းယှဉ်သိရှိနိုင်ရန်အတွက် အင်းစိန်ထောင်မှ ရိုဟင်ဂျာ မူဂျာဟစ်များအကြောင်းကို တင်ပြ ရခြင်းဖြစ်ပါသည်။
    အနာဂတ် ပဋိပက္ခများ ရှောင်ရှားနိုင်ရန်အတွက် အသုံးတည့်မည်ဟု ယုံကြည်ပါသည်။
    အခန်း(၂)  ဆက်လက်ဖော်ပြပါမည်။
  • လူပီသဖို့ဆိုတာ
    လူပီသဖို့ဆိုတာ
    အောက်တိုဘာ၊ ၉ ၊ ၂၀၁၂
    M-Media
    ရဲမာန်အောင်
    ထူးအောင်တစ်ယောက် ဦးဘခက်ဆီမှ အပြန်တစ်လမ်းလုံး စဉ်းစားလာမိတယ်.. သူပြောမိတဲ့စကားက တစ်ခွန်းထဲရယ်… ဦးဘခက် ပြန်ပြောလိုက်တဲ့ စကားတွေက သူ့ဘဝမှာ တစ်ခါမှ မစဉ်းစားဘူးတဲ့ စကားလုံးတွေ ကိုယ့်ကိုယ်ကိုတွေးရင်းနဲ့ ရှက်တောင်ရှက်မိတယ်.. ကိုယ်ကလည်းသွားပြောမိတာကိုး။ ခံပေါ့။ ဦးဘခက်နဲ့ ထွေရာလေးပါးပြောရင်းနဲ့  နိုင်ငံရေးနဲ့ လူမျိုးရေးတွေ အကြောင်းပြောရင်းနဲ့ “ဒီတရုတ်တွေ ကုလားတွေက တော်တော်ရှုပ်တယ်ဗျာ။ မြန်မာပြည်ကနေ မောင်းထုတ်လိုက်ရင် ပြီးရော နားအေးတယ်” လို့ပြောလိုက်မိတာ..
    အဲဒါကိုသူက “ ဘာ !!! ရှုပ်တယ်ဟုတ်လား။ မရှုပ်ဘူးကွ.. ရှင်းရှင်းလေးရယ်.. အဲဒါဘာလဲသိလား? အခုမင်းပြောတဲ့စကားမျိုးပြောတဲ့ကောင်ဟာ “လူ” ဆိုတာ ဘာလဲလို့သေချာ မသိလို့ပဲ..  အဲလိုတွေမသိသေးသရွေ့ ဒီလိုကိစ္စတွေ ဘယ်တော့မှ ပြေလည်မှာမဟုတ်ဘူးကွ.. မင်းစဉ်းစားကြည့်စမ်းထူးအောင်-ဘယ်သူပဲ ဖြစ်ဖြစ် လောကကြီးထဲကို ရောက်မလာခင်မှာ ရွေးချယ်ခွင့်ရခဲ့ လို့လား? “အူဝဲ”ဆိုပြီး အမိဝမ်းက ကျွတ်ကတည်းက အကုန်လုံး မွေးရာပါပုံစံ အတိုင်းကြီပြင်းခဲ့ကြတာချည်းပဲ။ မင်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံ ဘယ်ဒေသက မဆို မွေးဖွားရောက်ရှိလာနိုင်တယ်။ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ အဆင်းလှခြင်း၊ အကျည်းတန်ခြင်း၊ ကိုယ်အင်္ဂါစုံခြင်း မစုံခြင်းစတာတွေကို မင်းရွေးချယ်ခွင့်ရခဲ့လို့လား။ ဘယ်လူမျိုးစုမှာ ပေါက်ဖွားကြီးပြင်းရမယ် ဆိုတာရော ရွေးခွင့်ရခဲ့လား? မင်းမပြောနဲ့၊ ငါအပါအဝင် ကျန်တဲ့လူတွေအားလုံးလည်း ထိုနည်းတူစွာပဲလေ။ ရခဲ့လို့လား၊ မရနိုင်ဘူးလေ။ အဲဒီအချက်က လူသားဖြစ်တည်မှုနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။
    ဘာသာတရားတွေနဲ့မဆိုင်ဘူး။ ဟုတ်တယ်မဟုတ်လား၊ ကဲ…ဒါဆို ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးဟာ အဲဒီအခြေခံအချက် လုံးဝတူညီနေတယ်ဆိုတာ လက်မခံလို့ မရတော့ဘူး။ အေး ခက်တာက ရွေးချယ်ခွင့်မရခဲ့တဲ့ ဘဝတွေ ကိုယ်စီပိုင်ဆိုင်ထားပါလျှက်နဲ့ လူသားအချင်းချင်း စာနာထောက်ထားစိတ်ကင်းစွာ ညှဉ်းပမ်းနှိပ်စက် လူမျိုးရေးခွဲခြားတာ ဘာကြောင့်ဖြစ်နေကြတာလဲ??? ခေတ်အဆက်ဆက် သမိုင်းတစ်လျှောက်မှာ  လူတွေဟာ နည်းမျိုးစုံနဲ့ ဒီလို အောက်တန်းကျတဲ့ အလုပ်တွေ လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အချိန်တန်တော့ နှိပ်စက် အနိုင်ကျင့်တဲ့လူရော အနှိပ်စက်ခံရရတဲ့ လူရော ဘယ်ပန်းတိုင်ကိုသွားကြရသလဲ? ရှင်းရှင်းလေး…. သေမှာပဲ။
    ခေတ်စကားနဲ့ပြောရရင် ရှောမှာပဲ၊ ဒါလည်းရွေးချယ်လို့မရတဲ့ အချက်ပဲ။ ကျွန်တော်ကဖြင့် ဟိုလိုလေးသေချင်ပါတယ်။ ဒီလိုလေးသေချင်ပါတယ် သွားလုပ်လို့မရဘူး။ သေချာတာက မင်းသေမယ်ဆိုတာပဲ …ဘယ်လိုသေမလဲဆိုတာ မင်းမသိဘူး။ တခြားလူတွေလည်းမသိဘူး။ ငါလည်းမသိဘူး။ကပ်သီး ကပ်သတ်ပြောလို့ရတယ်နော်.. ကင်ဆာရောဂါကျွမ်းနေတဲ့ လူဆိုဘယ်လိုလုပ်မလဲလို့ .. မရဘူး သူလည်း ဘယ်လိုလုပ်သေမယ်ဆိုတာ နောက်ဆုံး ထွက်သက်ထိ မသိနိုင်ဘူး။ ကဲ.. လိုရင်းကိုပဲပြောရအောင်ကွာ..။ မွေးတဲ့ပုံစံရော သေတဲ့ပုံစံရော (ရွေးချယ်ခွင့်မရှိတဲ့) ဘဝတူလူသားအချင်းချင်း မင်းကတော့ တရုတ်၊ မင်းကတော့ ကုလား၊ မင်းကတော့ ကပ္ပလီ၊ မင်းကတော့ အင်္ဂလိပ် ၊မင်းကတော့ အမေရိကန်ဆိုပြီး သွေးခွဲနှိမ့်ချ ဆဲဆိုနေမယ်ဆိုရင် ပြောလိုက်မယ် မင်း…လူမပီသဘူး၊ ဘဝတူတွေကို မစာနာတတ်ဘူး၊
    လူ့ဝန်းကျင်မှာ မင်းဟာ လူမျိုးရေး ခွဲခြားသူ(Racist) တစ်ယောက်ဖြစ်လာနေ တယ်ဆိုတာ သေချာသွားပြီ။ ကမ္ဘာ့နေရာ အသီးသီးမှာ လူမျိုးစုတွေအများကြီးရှိတယ်။ ကိုးကွယ်တဲ့ ဘာသာတရားကြီးတွေလည်းရှိတယ်၊ နတ်ဘုရားကိုးကွယ်မှုတွေလည်းရှိတယ်။ ဘာသာမဲ့တွေလည်းရှိတယ်။ အဲဒါတွေဟာ လူမျိုးဆိုတာနဲ့ မပတ်သက်ဘူး။ ဘာသာတရားတစ်ခုကို လူမျိုးဆိုတာနဲ့ ဘောင်ခတ်လိုက်ရင် မှတ်ထား၊ မင်းကိုးကွယ်တဲ့ဘာသာကို မင်းလက်နဲ့မင်း ကျဉ်းမြောင်းသွားအောင်လုပ်လိုက်တာပဲကွ။ ဘယ်ဘာသာတရားမှ ဘယ်လူမျိုးများသာ ကိုးကွယ်ရန်လို့ မပြဌာန်းထားဘူး။ ပြဌာန်းထားပါတယ်လို့ ဆိုတဲ့လူအရူးပဲ။ အဲဒီလို အရူးတွေများလေလေ ငါတို့ လူ့အဖွဲ့အစည်းဟာ အကျည်းတန်လာလေလေပေါ့ကွာ။ ဒါပဲ.. ရိုးရိုးလေးမှ တကယ့်ရိုးရိုးလေး။ တစ်ခုတော့ရှိတယ်။ ဒီနေ့ပြောပြောနေကြတဲ့ စကား အမျိုးဂုဏ် ဇာတိဂုဏ် ကာကွယ်စောင့်ရှောက်ရေးဆိုတာ.. အဲဒါလည်း မင်းကိုးကွယ်တဲ့ ဘာသာနဲ့မဆိုင်ဘူး၊ မင်းရဲ့လူမျိုးနဲ့ပဲဆိုင်တယ်။ အဲဒါကို ထိန်းသိမ်းဖို့တာဝန်ရှိတာ အဲဒီလူမျိုးထဲက မည်သည့်ဘာသာဝင် မဆိုတာဝန်ရှိတာပဲ ။ ဘာသာမဲ့လည်း တာဝန်ရှိတာပဲ။ အဲဒါမှ အမျိုးဂုဏ် ဇာတိဂုဏ်ကို တကယ် ကာကွယ်စောင့်ရှောက်တာဖြစ်တော့မှာပေါ့ကွ။ အခုမင်းတို့ဟာက ကိုးကွယ်တဲ့ ဘာသာမတူတာနဲ့ပဲ သတ်ဖို့ပုတ်ဖို့ စဉ်းစားနေတာ. ..  မင်းတို့ဘဝတွေ တကယ်ကို သနားမိတယ်ကွာ… လူ ပီသဖို့ဆိုတာ မင်းတို့ဝေးပါသေးတယ်။  တည့်တည့်ပြောရရင် အဲဒီလိုစိတ်ရှိတဲ့လူ လူမဟုတ်တော့ဘူး။ လူစိတ်ပျောက်သွားတာ။
    မင်းတို့ လူမျိုးရေးခွဲခြားတဲ့ ကောင်တွေပြောတာရှိသေးတယ်။ ဘာတဲ့  “ တရုတ်ဆိုင်ကမဝယ်နဲ့၊ကုလားဆိုင်ကမဝယ်နဲ့.. ဟုတ်လား” ရွံစရာကြီးကွာ.. အဲဒါမျိုးဆိုရင် ငါကမေးလိုက်ချင်တယ် “ ဟိုနေ့က မင်းမားသားကြီး နေမကောင်းတာ ဆေးခန်းသွားပြတယ် မဟုတ်လား ငါလှမ်းတွေ့လိုက်သေးတယ်။ QQ3 ဆိုတဲ့ တရုတ်ကထုတ်တဲ့ကားနဲ့လေ… ဆေးခန်းရောက်တော့ ဆေးကုပေးတဲ့ဆရာဝန်ကြီးက ကုလားကြီး (ဟက်ဟက်)…. ထိုးတဲ့ဆေးတွေ ဆေးခန်းမှာသုံးနေတဲ့ တန်ဆာပလာတွေက တရုတ်ပြည်နဲ့ ကုလားပြည်က။ ဘယ်လိုလုပ်မလဲ။ မင်းဆေးမကုပဲလှည့်ပြန်လာမလား ? ဘယ်လာမလဲ .. ဆေးကုခဲ့တဲ့အပြင် ဆရာဝန်ကုလားကြီးကို ကျေးဇူးတင် စကားတောင်ပြောခဲ့သေးတယ် မဟုတ်လား။ ဟားဟားဟားဟား။ ဘယ်မှာလဲမင်းပြောခဲ့တဲ့ တရုတ်ကုလားကို အားမပေးနဲ့ဆိုတာ..  ဘယ်ရောက်သွားတုန်း။ နောက်မှတ်ထား လူပီသဖို့ပဲစဉ်းစား။ ဘောင်မကျဉ်းနဲ့။ လူလူချင်း ခွဲခြားတဲ့စကားတွေလည်း ငါ့ရှေ့ဘယ်တော့မှလာမပြောနဲ့၊ လူကိုလူလို့ပဲမြင်တတ်စမ်းပါ ငါ့တူရာ။
    အားပါးပါး ထူးအောင်တစ်ယောက် သက်ပြင်းမောပါ ဟူးခနဲချမိသည် ။ ဦးဘခက်ဆီကပြန်လာတဲ့ လမ်းတစ်လျှောက် နားထဲမှာ ပဲ့တင်ထပ်နေတာကတော့ “လူကို လူ လို့ပဲမြင်တတ်စမ်းပါငါ့တူရာ” တဲ့…….. ……………….