News @ M-Media

Category: ဆောင်းပါး

  • ကျနော့ဆန္ဒ ၂ပဲ ၁ပြား

    ကျနော့ဆန္ဒ ၂ပဲ ၁ပြား

    Thant Sin Phyoe

    Myanmar ON the World Map

    ကချင်ပြည်နယ်က စစ်ပွဲ ၁နှစ်ကျော်ကြာနေတာကို ကြည့်ရင်း ကျနော့စိတ်ထဲ အတွေးတစ်ခုဝင်လာတယ်။ ရခိုင်မြောက်ပိုင်းက ပဋိပက္ခပြီးသွားပြီဆိုပေမဲ့ ဒုက္ခသည်တွေပြန်လည်နေရာချထားရေးအပါအဝင် လူမျိုးရေး/နိုင်ငံသားအရေးတွေလည်း ဖြေရှင်းရတော့မယ်။ ဒီအချိန်မှာ အစိုးရထိပ်တန်းပိုင်းက စကားကို ခုတမျိုးတော်ကြာတစ်မျိုးတွေပြောနေတော့ မြန်မာမုစ်လင်မ်တစ်ယောက်အနေနဲ့ စိုးရိမ်စရာအရိပ်အယောင်တွေတွေ့လာရတယ်။

    ကချင်ပြည်နယ်မှာဆင်နွှဲနေတဲ့ ပြည်တွင်းစစ်ဆိုရင်လည်း တော်ကြာနေသမ္မတက ရပ်တန့်ခိုင်းလိုက်ပြီလို့သတင်းထွက်လိုက်၊ ပြီးတော့သိပ်မကြာဘူးစစ်တပ်ကထိုးစစ်ဆင်လိုက်၊ အဲ့ဒီနောက်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီးလုပ်လိုက်၊ သိပ်မကြာဘူး KIA နဲ့စစ်တပ်နဲ့တိုက်ပွဲပြန်ဖြစ်လိုက်၊ လူတွေလည်းထွက်ပြေးလိုက်၊ ငြိမ်းချမ်းရေးလည်း ဆွေးနွေးလိုက်၊ သဘောတူညီမှုရသလိုလိုဖြစ်လာလိုက်၊ အရပ်သားတွေဖမ်းတဲ့အဆင့်တွေရောက်သွားလိုက်၊ ဒုက္ခသည်တွေကိုပါ ဖမ်းပြီးစစ်ဆေးမှုတွေဖြစ်လာလိုက်၊ အစိုးရဘက်က စေ့စပ်ဆွေးနွေးရေးလုပ်မယ်ဆိုပြီးအသံထွက်လာလိုက်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဖွဲ့လိုက်၊ စစ်တပ်က သွားတိုက်လိုက်၊ အဲ့ဒီလိုနဲ့ စစ်ပွဲလည်း၁နှစ်ကျော်သွားပြီ။ ကချင်လူထုလည်း ဒုက္ခရောက်လိုက်တာမှသောက်သောက်လဲ။

    အတိုက်အခံဘက်က ဒေါ်အောင်ဆန်းစုကြည်လည်း ကချင်ပြည်နယ်တစ်ခါသွားပြီးပြီ၊ လွှတ်တော်ပြင်ပ Free activist တွေဖြစ်တဲ့ ၈၈မျိုးဆက်တွေလည်း ကချင်ပြည်နယ်ကိုသွားပြီးပြီ၊ UN ကလည်းဝင်ပြီးပြီ၊ အထောက်အပံ့တွေလည်း ပေးပို့ခွင့်ရနေတုန်း၊ လှူတဲ့လူတွေကလည်း သောင်းသောင်းဖျဖျလှူနေတုန်း၊ တိုက်ပွဲတွေကလည်းဖြစ်နေတုန်း၊ ရပ်တန့်မဲ့အရိပ်အယောင်လည်း ပျောက်ကွယ်နေတုန်း၊ သဘောတူညီမှုတစ်စုံတစ်ရာရဖို့လည်း လမ်းမမြင်ကမ်းမမြင်ဖြစ်နေတုန်း၊ အစိုးရဘက်က ဒီစစ်ပွဲနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ချပြနိုင်တာတစ်ခုမှ မရှိတဲ့အနေအထားနဲ့ဇာတ်မြောနေတုန်းပါပဲ။ နိုင်ငံတကာကလည်း အော်လှပြီ၊ အစိုးရကလည်း လိုက်လျှောမလိုလိုလုပ်ပေါင်းများပြီ။ တကယ့်လက်တွေ့ကတော့ ဘာမှထူးမခြားနားပေါ့။ နောက်ဆုံးမှာတော့ ၁နှစ်ကျော်ကာလအတွင်းမှာ သတင်းဌာနတွေကို သတင်းမပြတ်ပေးနိုင်တဲ့ ပင်ရင်းကြီးတစ်ခုဖြစ်နေတုန်းပဲ။

    ရခိုင်မြောက်ပိုင်းက လူမျိုးရေးပဋိပက္ခဆိုရင်လည်း အစိုးရက အခုအထိ ဗလောင်းဗလဲအသံတွေထွက်နေတုန်းပဲ။ တချို့က UNHCR ကိုသမ္မတပြောလိုက်တဲ့ စကားကိုအပိုင်ကိုင်မယ်လို့ယူဆနေတုန်း။ ဒါပေမဲ့ ဘယ်မှာလဲ အစိုးရရဲ့အကောင်အထည်ဖော်မှု? ဒီ stateless ဖြစ်နေတဲ့ လူတွေကို မြန်မာနိုင်ငံအနေနဲ့ ဖြေကိုဖြေရှင်းရတော့မယ်။ ခေတ်အဆက်ဆက်က အစိုးရတိုင်းရဲ့ ဘာလုပ်လို့ဘာကိုင်သွားမှန်းမသိတဲ့ အနေအထားကို ကျနော်တို့ မဖြေရှင်းရင်ဘာဖြစ်မှာလဲ။ ဘင်္ဂလားဒေ့ရှ်ကလည်း သူ့နိုင်ငံမဟုတ်ဘူးအော်တယ် မြန်မာကလည်း ငါ့နိုင်ငံသားမဟုတ်ပါအော်ဆဲ။ တချို့ကလည်း Shoot on sight ဆိုတဲ့ အိန္ဒိယရဲ့ လုပ်နည်းလုပ်ဟန်ကိုအတုယူဖို့ပြောနေတုန်း။ မြန်မာအစိုးရရဲ့ အသံတွေကိုနားထောင်လိုက်ပြန်တော့လည်း ဘင်္ဂလားဒေ့ရှ်မှာ လက်ခံမယ်လို့ပြောတယ်ဆိုပြီး အသံကြားရတယ်။ တချို့က မြန်မာအစိုးရအနေနဲ့ လက်ခံမဲ့အပိုင်းကို သေသေချာချာ မထုတ်ပြန်သေးတဲ့အချက်အပေါ်မှာ အသေကိုင်ဆွဲထားတုန်းပေါ့။ နောက်ပြီး UNHCR နဲ့တွေ့တော့ ခဏထိန်းသိမ်းပေးပြီး Third Country ကိုပို့ပေးမယ်လို့ ကမ်းလှမ်းတယ်လို့ အစိုးရကြေငြာတယ်။

    ဒီနေရာမှာ ပြည်ပခိုးဝင်လာသူဆိုတာနဲ့ အစိုးရဘက်က ဂယ်ပေါက်လေးဖောက်ထားတယ်။ ရိုဟင်ဂျာမြန်မာတိုင်းရင်းသားမဟုတ်ဘူး မရှိဘူးအော်နေတဲ့ လဝကဝန်ကြီးကတော့ ကွင်တာနားရှေ့မှာ မြန်မာနိုင်ငံသား ဘင်္ဂါလီနဲ့ရခိုင်ညီအစ်ကိုတွေရန်ဖြစ်တာလို့ ပြောပြန်ရော။ ရိုဟင်ဂျာမရှိဘူးတွင်တွင်အော်ပြီး ဘင်္ဂါလီဆိုတဲ့အမည်နဲ့လက်ခံမဲ့ပုံစံဖြစ်နေတယ်။ ကွင်တာနားကိုရှင်းလင်းပြသတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဓိကရုဏ်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလာတဲ့ ကိန်းဂဏန်းတွေက ကျနော်တို့ရဲ့အသိနဲ့လွဲသွားတယ်။ ပြည်တွင်းမီဒီယာတွေအနေနဲ့ တစ်လျှောက်လုံး ရခိုင်တိုင်းရင်းသားများသာ အကြမ်းဖက်ခံရတယ်လို့ ပြောကြားပြီး အစိုးရအနေနဲ့တိတိပပမရှင်းလင်းခဲ့ချိန်မှာ အနောက်ပြည်ပမီဒီယာတွေက ဒေသခံမုစ်လင်မ်တွေသာခံရတယ်ဆိုပြီးထုတ်ပြန်နေတယ်။

    ကွင်တာနားရှေ့မှာထုတ်ပြလာတဲ့ စာရင်းဇယားတွေအရ ၂ဖက်စလုံးဟာ တစ်ဖက်ဆီမှန်နေကြတယ်။ အရေအတွက်အရ လူများစုဖြစ်တဲ့ မုစ်လင်မ်တွေအများစု ဒုက္ခသည်တွေဖြစ်နေကြတယ်။ အထူးသဖြင့် စစ်တွေမှာ ပြည်တွင်းမီဒီယာတွေအနေနဲ့ ရခိုင်တိုင်းရင်းသားများသာ အကြမ်းဖက်တိုက်ခိုက်ခံနေရကြောင်း သတင်းဓာတ်ပုံတွေဝေဝေဆာဆာပေါ်ထွက်ဖော်ပြခဲ့ပေမဲ့ စစ်တွေမှာ ဒုက္ခသည်အရေအတွက်ရော ဖျက်ဆီးခံရတဲ့ ပိုင်ဆိုင်မှု အရေအတွက်ရော မုစ်လင်မ်တွေဘက်က သိသိသာသာများနေပြန်တယ်။ မောင်းတော ဘူးသီးတောင်ဘက်မှာတော့ ဒုက္ခသည်အရေအတွက်နဲ့ ဖျက်ဆီးခံရတဲ့ပိုင်ဆိုင်မှုအရေတွက်မှာ မုစ်လင်မ်နဲ့ ရခိုင်တွေ အတူတူနီးပါးဖြစ်နေတယ်။ နောက်ဆုံးစာရင်းချုပ်လိုက်တော့ မုစ်လင်မ်ဘက်က တိုက်ခိုက်ခံရမှုပိုများတယ်လို့ ကွင်တာနားကို အစိုးရက ထုတ်ဖော်ပြောဆိုလိုက်တာပဲ။ ဒီတော့ အစိုးရမှန်သလား ပြည်တွင်းမီဒီယာတွေမှန်သလား။ ရခိုင်အရေးအခင်းဖြစ်ကတည်းက တောက်လျှောက်မှာ ပြည်တွင်းမီဒီယာတွေအနေနဲ့ ဓာတ်ပုံသတင်းထောက်တွေလွှတ်ပြီး သတင်းယူခဲ့ကြပေမဲ့ ဒီလောက်အနေအထားလို့ ခန့်မှန်းခြေမဖော်ပြခဲ့ကြပြန်ဘူး။

    မြန်မာအစိုးရအနေနဲ့ သမ္မတပြောတဲ့အတိုင်းလုပ်လို့မရဘူးလား ဘာပြဿနာရှိလဲဆိုတာကို ကျနော်စဉ်းစားကြည့်မိပါတယ်။ ခိုးဝင်လာတဲ့လူတွေပါလို့ မြန်မာပြည်ဘက်က ဘယ်လိုအချက်အလက်တွေနဲ့သတ်မှတ်မှာလဲ။ ဒီနေရာမှာစဉ်းစားရမှာက ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာဘက်ကပြေးလာသူတွေပါဆိုပြီး တင်ပြထားတဲ့လူစာရင်းရှိနေပြန်တယ်။ စစ်အစိုးရခေတ်ကလိုမျိုး အာဏာရှင်ခေတ်ကလိုမျိုး လှေထဲထည့်ပြီး ရေထဲမျှောလိုက်ဖို့ဆိုတာ ဒီမိုကရေစီအစိုးရအနေနဲ့ လုပ်ဖို့မဖြစ်နိုင်ဘူး။ နဂါးမင်းလို စစ်ဆင်ရေးတွေဆင်နွှဲပြီး မောင်းထုတ်မယ်ဆိုရင် ကိုယ့်တိုင်းပြည်မျက်နှာကို ကိုယ်ပြန်ပြီး အိုးမဲသုတ်သလိုမျိုးဖြစ်ရပြန်ဦးမယ်။

    လက်ရှိအနေအထားက နောက်ကြောင်းပြန်မလှည့်ဘူးဆိုထားလေတော့ နိုင်ငံတကာမှာ မျက်နှာမပျက်ဖို့က အရေးကိစ္စတစ်ခုဖြစ်နေရပြန်တယ်။ International Relation ဆိုတာ သင်ဖူးတဲ့လူတွေပိုသိပါတယ်။ ဥပမာ ၈၈ခေါင်းဆောင် ဦးကိုကိုကြီးတို့လိုပေါ့။ ကိုယ့် Emotional နဲ့ ကိုယ့်စိတ်တိုင်းကျလုပ်လို့မရဘူးလေ။ တိုင်းပြည်ကိုတိုးတက်ချင်တာကိုး။ အရင်ကလိုမျိုး ကျန်တဲ့နိုင်ငံတွေဘယ်လိုပိတ်ပိတ် တရုတ်နဲ့အဆင်ပြေပြေ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးလုပ်ပြီး အစစအရာရာတရုတ်ပြည်ကြီးမှီခိုပြီးနေလာတာ တိုင်းပြည်လည်း ချွတ်ခြုံကျနေပြီဆိုတော့ IR ကအရေးပါလာပြီကိုး။ တကယ်တော့ အရင်အစိုးရအဆက်ဆက်က ပြဿနာကို ကျေကျေလည်လည်မဖြေရှင်းတဲ့အကျိုးဆက်ရယ် ဝန်ထမ်းတွေခြစားခဲ့တဲ့အကျိုးဆက်ရယ်ပေါ့။ ဖြစ်သမျှအကြောင်း ခေါင်ကိုရှာတော့ အစိုးရပဲ။ တိုင်းပြည်အုပ်ချုပ်သူအစိုးရအနေနဲ့ စစ်မှန်တဲ့ နည်းလမ်းကိုရွေးနိုင်မှတော်ရာကျတော့မယ်လေ။ ခုစာကလေးကြော် ခုဆီထမင်းပြောပြောပြီး တကယ်တမ်းလက်တွေ့မဖြေရှင်းပဲနေလို့မရတော့ဘူး။

    လူတွေမမြင်ရတဲ့အကျိုးဆက်အနေနဲ့ တိုင်းပြည်ပဲ နာမည်ပျက်ပြီး ထိခိုက်နစ်နာနေမှာ။ ဒီတော့ အစိုးရအနေနဲ့ ဘာလုပ်မှာလဲ သေသေချာချာ ပွင့်လင်းသင့်ပြီလို့ထင်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသား အသိအမှတ်ပြုစိစစ်ရေးကဒ်ပြားဆိုရင် ကတ်ထူစက္ကူနဲ့ထုတ်ပေးထားတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအနေနဲ့ လဝကစနစ်မှာ ကွန်ပြူတာဘေ့စ် fully မဖြစ်သေးဘူး။ အစိုးရအနေနဲ့ ဘယ်လိုပုံစံနဲ့လူတွေကို နိုင်ငံသားခွင့်ပြုမယ်ဆိုတာမျိုး ထုတ်ပြောပေမဲ့ တကယ်တမ်းလုပ်ဆောင်မှုက သုည။ ဒါ့အပြင် အထောက်အထားဆိုတာ အခုနကပြောသလို နိုင်ကဒ်တောင်ကတ်ထူစက္ကူဆိုတော့ အဲ့ဒီအထောက်အထားတွေကရော မပျက်ဆီးနိုင်တာတွေမှ မဟုတ်တာကိုး။ ပြောရရင် တစ်ဖက်ကထောက်ကွက်တွေအများကြီးရယ်။ အစိုးရအနေနဲ့ UN နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရှေ့မှာ Working Smart ဖြစ်ဖို့တကယ်လိုသလို လုပ်ကိုင်ဆောင်ရွက်ရာမှာလည်း မှန်မှန်ကန်ကန်လုပ်ဖို့လိုတယ်။

    မြန်မာမုစ်လင်မ်တစ်ယောက်အနေနဲ့ ရခိုင်မြောက်ပိုင်း လူမျိုးရေးမှာလုံးဝဝင်မရေးခဲ့ဘူး။ အခုတော့ ဝင်ရေးရတာလည်းအကြောင်းရှိတယ်။ လက်ရှိဖြစ်ပွါးနေတဲ့ အခြေအနေတွေရဲ့ effect ကို မြန်မာမုစ်လင်မ်တွေရှောင်လွှဲလို့မရအောင် ဆွဲထည့်နေကြပြီ။ ဒီအနေအထားမှာ အစိုးရအနေနဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုပဲပြောချင်တယ်။ တကယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရ မြန်မာအစိုးရ UNHCR လိုမျိုး သုံးပွင့်ဆိုင်ဆွေးနွေးပွဲတစ်ခုလိုကိုလိုအပ်တယ်။ ဒီကိစ္စဖြစ်ပြီးမှ ဘင်္ဂလားဒေ့ရှ်နဲ့တစ်ကြိမ် UNHCR နဲ့တစ်ကြိမ်အစိုးရဘက်ကတွေ့ဆုံပြီးပြီ ဆိုပေမဲ့ တိကျတဲ့အဖြေတစ်ခုအတွက် ဒီသုံးဖွဲ့အကြေအလည်ဆွေးနွေးသင့်တယ်။ ဘာ့ကြောင့် ဒီလိုပြောသလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်က သူ့ဘက်မှာ ဒုက္ခသည်စခန်းဖွင့်ပြီးလက်ခံထားတဲ့လူတွေကို မြန်မာပြည်ထဲ ပြန်ပို့ချင်နေတယ်။ မြန်မာကလည်း မိမိဘက်မှာအထောက်အထားမပြည့်စုံသူတွေစိစစ်ပြီး ဘင်္ဂလားဒေ့ရှ်ကိုပြန်မောင်းထုတ်ချင်နေတယ်။ UNHCR က ဒီ stateless people တွေကို လူ့အခွင့်အရေးနဲ့အညီ State တစ်ခုခုဖြစ်စေချင်နေတယ်။ ဒီတော့ နည်းမှန်လမ်းမှန်နဲ့ ၃ဖွဲ့စလုံးမျက်နှာချင်းဆိုင်ဆွေးနွေးဖို့ လိုအပ်တယ်။ ဒါမှသာ မြန်မာအစိုးရအနေနဲ့လည်း နည်းမှန်လမ်းမှန်နဲ့ ချဉ်းကပ်ဆွေးနွေးအဖြေရှာတယ်ဆိုပြီး နိုင်ငံတကာမျက်နှာစာမှာ လက်မထောင်နိုင်မယ်။ ဒီအဖြစ်အပျက်မှာကြည့်ရင် နိုင်ငံတကာက မြန်မာကိုပဲဖိအားပေးပြီး ဘင်္ဂလားဒေ့ရှ်ကို ဖိအားမပေးတာကိုက မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ဆက်ဆံဆွေးနွေး အဖြေရှာဖို့ လိုအပ်နေတယ်ဆိုတာ ဖော်ပြတယ်။

    ကျနော်ပြောချင်တာကတော့ အစိုးရအနေနဲ့ အားလုံးကိုဘူးခံပြီးငြင်းနေလို့လည်းအလုပ်မဖြစ်သလို ဖြစ်သမျှအကြောင်း ခေါင်းခံဖြေရှင်းပေးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ ဒီတော့ အဆိုပါလူတွေအတွက် နိုင်ငံတကာမှာ မျက်နှာကောင်းကောင်းနဲ့ ဖြေရှင်းသူအစိုးရဖြစ်ဖို့လိုအပ်တယ်လို့ယူဆတယ်။ ဒီလိုမလုပ်ပဲ ကချင်အရေးမှာလို လက်ရှိ ရိုဟင်ဂျာအရေးမှာ အစိုးရဘက်က အသံထွက်ပြသလို ခုတမျိုးတော်ကြာတမျိုးအသံမျိုးစုံထွက်ပြတာကလွဲလို့ ဘာမှမယ်မယ်ရရအကောင်အထည်မဖော်ရင် တိုင်းပြည်ပဲနစ်နာလို့ပါ။

    အကယ်လို့ အစိုးရအနေနဲ့အပေါ်မှာပြောထားတဲ့ပုံစံမျိုးသာ မိမိဘက်က လက်ခံရမဲ့လူအနေအထားစတာတွေသေချာအောင် လုပ်ပြီးပြီဆိုရင်တော့ ပထမဆုံးကိုင်တွယ်ရမှာ Rule of Law ပဲ။ အရေးအခင်းပြီးကတည်းက အရေးအခင်းနဲ့ဆက်သွယ်ဖမ်းဆီးထားသူတွေကို ထိုက်တန်တဲ့ပြစ်ဒါဏ်ချမှတ်သင့်တယ်။ လူမျိုးဘာသာ တစ်ခုမှမကြည့်ပဲ Rule of Law ကိုတိတိကျကျမှန်မှန်ကန်ကန်နဲ့ကိုင်တွယ်ဖို့လိုတယ်။ ပြောမဲ့သာပြောတာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက လူထုယုံကြည်မှုသုညနဲ့ နိုင်ငံတကာလက်ခံမှုဇီးရိုးဖြစ်နေတယ်။ အဓိကရုဏ်းဖြစ်ခါစမှာ ဦးမင်းကိုနိုင်ပြောတာလေးကို မှတ်မိကြမယ်ထင်ပါတယ်။ ဒီအဓိကရုဏ်းရဲ့ မူလအခြေခံအရင်းအမြစ်ကိုက တရားစီရင်မှုအပေါ်လူထုအယုံအကြည်ပျက်ယွင်းမှုပဲ။ အခုအထိတောင် တောင်ကုတ်မှာအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုအတွက် အရေးယူမှု တရားဥပဒေအရစီရင်ဆုံးဖြတ်နိုင်မှုမရှိသေးဘူး။

    ဒီတော့ ပြည်တွင်းမှာတည်ငြိမ်ဖို့အတွက်ကတော့ ရခိုင်ဒေသရယ်မှမဟုတ်ပဲ တစ်တိုင်းတစ်ပြည်လုံး တရားစီရင်ရေးမှာ မျှမျှတတနဲ့ ပွင့်ပွင့်လင်းလင်းရှိဖို့ လိုအပ်တယ်။ ဒီအချက်ရဲ့အရေးကြီးမှုက ထိပ်ဆုံးပဲ။ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ်မှာ လူထုယုံကြည်မှုကိုတော့ အစိုးရနဲ့လွှတ်တော်ကသေသေချာချာတည်ဆောက်သင့်တယ်။ တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း အုပ်ချုပ်ရေးမဏ္ဍိုင်အောက်ကနေ အမြန်ဆုံးထုတ်ပစ်ပြီး သူ့ဘာသာသူ သီးသန့် ရပ်တည်တဲ့ နိုင်ငံ့ ဒေါက်တိုင်ကြီးအဖြစ် သေသေချာချာဆောင်ရွက်ရမယ်။ တရားဥပဒေတွေကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် လွှတ်တော်ဘက်ကဆောင်ရွက်ပေးရမယ်။

    ကဲ။ နိုင်ငံတကာစာမျက်နှာကိုကြည့်ပြီးရင် ပြည်တွင်းက ရခိုင်ညီအစ်ကိုတွေကိုလည်းကြည့်ရတော့မယ်။ လောလောဆယ်ကမှ ပြဿနာကြီးကြီးမားမားဖြစ်ထားတဲ့ ရခိုင်တွေအနေနဲ့ ဒီလူတွေကို ဘယ်လိုမျိုးထားကြမှာလဲ။ နေ့လယ်ကပဲ ရခိုင်လူမျိုး မိတ်ဆွေတစ်ဦးပို့တဲ့စာမှာ ရခိုင်လူမျိုးတွေအနေနဲ့ ဘယ်လောက်ပဲ လစ်ဘရယ်ကျတယ်ပြောပြော ပြဿနာဖြစ်နိုင်တဲ့ အနေအထားမှာ မနေလိုဘူးဆိုတာမျိုးဖြစ်နေတာကိုတွေ့မိနေတုန်းပဲ။ ဒါ့အပြင် လူဦးရေတိုးပွါးနှုန်းဆိုတာမျိုးကလည်း သူတို့စိတ်ထဲမှာ ကြီးကြီးမားမားနဲ့ တွေဝေစေတဲ့အချက်ပဲ။ ဒီအချက်က ပိုပြီးကိုင်တွယ်ဖြေရှင်းရခက်တယ်။ တကယ်တော့ ဘာသာရေးဆိုင်ရာမတူညီမှုအပေါ်မှာ အမုန်းပွါးမှုတွေများပြားနေတာရယ် ဘာသာရေးအသုံးချသူတွေရယ်အတွက် နိုင်ငံတော်ဘက်က လိုအပ်တဲ့ဆောင်ရွက်မှုတွေလုပ်နိုင်တယ်။ ကျနော့မိတ်ဆွေတစ်ယောက်ကပြောတယ် မုစ်လင်မ်တွေ မိန်းမ၄ယောက်မယူလို့မရဘူးလားတဲ့။ အဲ့ဒီလိုအနေအထားမျိုးတွေအထိဖြစ်နေတာ မြင်ရတော့ စိတ်မကောင်းဘူး။ ကမ္ဘာပေါ်မှာ မိန်းမတစ်ယောက်ထက်ပိုမယူရဆိုပြီး ပြဌာန်းထားတဲ့နိုင်ငံတွေမှာ မုစ်လင်မ်တွေနေနေကြတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း မယားပြိုင်ယူခြင်းကို တားဆီးခွင့်ဥပဒေလိုမျိုးထုတ်ပြန်ပြဌာန်းလို့ရတယ်လို့ ကျနော်တော့မြင်တယ်။ မုစ်လင်မ်တစ်ယောက်အနေနဲ့ မယားပြိုင်မယူရလို့ ငရဲကြီးတယ်လို့မှမရှိတာ။

    ဒီ case ဟာလုံးဝပြဿနာမဟုတ်ဘူးလို့ မုစ်လင်မ်တစ်ယောက်အနေနဲ့ မြင်တယ်။ ဒါပေမဲ့ မုစ်လင်မ်တွေသာ မယားပြိုင်ယူ ခွင့်မရှိဆိုတဲ့ ဥပဒေမျိုးမဟုတ်ဖို့တော့လိုတယ်။ အလားတူပဲ မွေးဖွားနှုံးထိန်းချုပ်ခြင်းဆိုတဲ့အပေါ်မှာလည်း ဆွေးနွေးဖြစ်တယ်။ လူမျိုးတစ်မျိုး ဘာသာတစ်ခု ဆိုပြီးခွဲခြားပြဌာန်းရင်တော့ ပြဿနာရှိလိမ့်မယ်လို့မြင်မိတယ်။ တစ်နိုင်ငံလုံး မိသားတစ်စု ခလေးဘယ်နှယောက်ဆိုတာမျိုး ပြဌာန်းနိုင်တာပဲ။ အစ္စလာမ်ဘာသာမှာ မွေးဖွားနှုန်းထိန်းချုပ်ခြင်းခွင့်မပြုဆိုတာ ဘယ်သူကစပြောလဲတော့မသိဘူး ဒါပေမဲ့ ခွင့်ပြုတယ်လို့ ကျနော်တော့သိတယ်။ အစ္စလာမ်ဘာသာအရ မွေးဖွားနှုံးထိန်းချုပ်ခြင်းကို ခွင့်ပြုတယ် ဘယ်လိုဘယ်ပုံခွင့်ပြုတယ်ဆိုတာတော့ ဘာသာရေးပညာရှင်တွေက ပိုသေချာမှာမို့လို့ ကျနော်ဒီနေရာမှာ မဆွေးနွေးလိုဘူး။ ယေဘုယျပြောရရင် မွေးဖွားနှုန်းထိန်းချုပ်ရာမှာ မိဘ၂ပါးရဲ့ ကျန်းမာရေးကို မထိခိုက်ဖို့လိုအပ်တယ်လို့ပြောရင် အဆင်ပြေလိမ့်မယ်။

    ကချင်ပြည်နယ်ရဲ့ အေးချမ်းမှုမရနိုင်သေးတာကိုကြည့်ရင်း ကျနော်အပေါ်မှာတောက်လျှောက်ရေးတာတွေကိုပြန်ဖတ်ရင်း ကျနော်အရမ်းပဲ စိတ်ကူးယဉ်ဆန်နေပြီလားလို့တော့ တွေးမိပါတယ်။ ဒါပေမဲ့ဗျာ ကျနော်တို့နိုင်ငံ အေးချမ်းသာယာပြီး ဖွင့်ဖြိုးတိုးတက်လာတာကို မြင်ချင်လှပါပြီ။ ဒီတော့အစိုးရအနေနဲ့ လွှတ်တော်အနေနဲ့ ဆောင်ရွက်ပေးစေချင်ပါတယ်။

    ကိုသန့်စင်ဖြိုး ရေးသည့် ပိုစ်ကို ခွင်ပြုချက်တောင်းခံပြီး ဖော်ပြခြင်းဖြစ်ပါသည်။

  • “ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား” ၏ အခြားတဘက်

    “ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား” ၏ အခြားတဘက်

     ဒေါက်တာနေလင်းအောင်

    ရခိုင်အရေးနှင့်ပတ်သက်၍ အတွေးရှုထောင့်တစ်ခုရရှိစေရန် ရည်ရွယ်ပြီး ပြန်လည်မျှဝေ ဖော်ပြပါသည်ဟုဆိုကာ Weekly Eleven News No. 42, Vol: 7, July 25 2012  တွင် ဖော်ပြခဲ့သော “ရခိုင် မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗိုဖြစ်လာမလား” ဆောင်းပါးကို ဖတ်ရှုပြီးသည့်နောက် ရခိုင်အရေးနှင့် ပတ်သက်၍ အခြားအတွေးရှုထောင့်တစ်ခုကို ထပ်မံရရှိစေရန်လည်းကောင်း၊ ဆောင်းပါးရှင် ကိုအောင်ဇင်လတ်၏ ပြည်တွင်းမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များကို မေးမြန်းထားသော မေးခွန်း တစ်ခုအား မြန်မာမွတ်စလင်မ် တစ်ဦးအနေဖြင့် ပြန်လည်ဖြေကြားလိုသည်ကတစ်ကြောင်းကြောင့် ရေးသား လိုက်ရပါသည်။ စာဖတ်ပရိတ်သတ်များ ဖတ်ရှုနိုင်အောင် ဖော်ပြလိုခြင်း (သို့) ဖော်ပြနိုင်ခြင်း မရှိပါကလည်း ပြည်တွင်းမီဒီယာမိသားစုများ ယခုတင်ပြသည့် ရှုထောင့်တစ်ခုအား ဖတ်ရှုနိုင်ကြပါလျှင် ကျွန်တော်အနေနှင့် တင်ပြရကျိုးနပ်သည်ဟု ယူဆမိပါသည်။

    Weekly Eleven News No. 42, Vol: 7, Page No 25&28 July 25 2012 တွင် ဖော်ပြခဲ့သော “ရခိုင် မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗိုဖြစ်လာမလား” ဆောင်းပါး

    မီဒီယာနှင့် ဘက်လိုက်မှု

    ကျွန်တော်သည် မီဒီယာသမားတစ်ဦး မဟုတ်သော်လည်း မီဒီယာလောကနှင့် စိမ်းသူမဟုတ်ပါ။ လွန်ခဲ့သော သုံးလေးနှစ်ခန့်မှစ၍ ရန်ကုန်၊ အမေရိကန်စင်တာတွင် ဖွင့်လှစ်သော မီဒီယာသင်တန်းတစ်ခုကို တက်ရောက်ခဲ့စဉ်မှစ၍ မီဒီယာလောကနှင့် ထိတွေ့ခွင့်ရရှိခဲ့သလို မီဒီယာအလုပ်ရုံဆွေးနွေးပွဲအချို့ တို့ကိုလည်း တက်ရောက် ခွင့်ရရှိခဲ့ပါသည်။ ပြည်တွင်း မီဒီယာလောကသားများ၏ မီဒီယာဆိုင်ရာအတွေး အမြင်များ၊ ပညာများကို လေ့လာမှတ်သားဘူး၍ ယနေ့ပြည်တွင်းဂျာနယ်အချို့မှ အယ်ဒီတာများနှင့် သတင်း ထောက်တို့မှာ ကျွန်တော်၏ ဆရာများဖြစ်သည်ဟု မှတ်ယူထားပါသည်။

    ကျွန်တော် မီဒီယာလောကနှင့် စတင်ကျွမ်းဝင်ခဲ့ချိန်ကတည်းက ယိုင်နဲ့နေပြီးဖြစ်သော “မီဒီယာသည် ဘက်လိုက်မှုကင်းရမည်” ဟူသော အယူအဆအား ကျွန်တော် သဘောမတွေ့ခဲ့ပါ။ လူသားသည် ခံစားချက် ရှိသည်။ တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်သော အသိဉဏ်ရှိသည်။ ထို့ကြောင့် လူသားတစ်ဦးဖြစ်သော သတင်း သမားသည်လည်း ထိုခံစားချက်၊ အသိဉာဏ်တို့ကို ဘေးဖယ်၍ သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ရေးသား ရန်မှာ လက်တွေ့၌ မဖြစ်နိုင်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ဘယ်ဘက်ကိုမှ မလိုက်ဘဲ ရေးသားထားသော သတင်းဟူ၍ မရှိနိုင်ဟု ရိုးသားစွာ ယုံကြည်မိပါသည်။ သို့သော် အရေးကြီးသော သတင်းကျင့်ဝတ်တစ်ခုဖြစ် သည့် “မျှတမှု” ရှိရန်ကိုမူ သတိထားသင့်သည်ဟု ယူဆမိပါသည်။ အုပ်စုနှစ်ခု (သို့) လူနှစ်ဦးအကြား ဖြစ်ပွား သော ကိစ်္စများ၌ နှစ်ဘက်အမြင်ကိုဖော်ပြပြီးကာမှ သတင်းသမား၏ အမြင်၊ အယူအဆ၊ ဝေဖန်မှုတို့ကို ပြုလုပ်သင့်ပါသည်။ သို့မှသာ သတင်းဖတ်သူတို့မှလည်း နှစ်ဘက်အမြင်ကို သိမြင်နိုင်ပြီး ဝေဖန်သုံးသပ်နိုင် ပေမည်။ ရခိုင်အရေးနှင့် ပတ်သက်၍ ပဋိပက္ခအရှိန်မြင့်နေစဉ်တွင် နှစ်ဘက်အမြင်ကို ဖော်ပြရန် ခက်ခဲနိုင် သော်လည်း ယခုအေးချမ်းစပြုသော အချိန်၌ပင်လျှင် အချို့မီဒီယာတို့မှာ နှစ်ဘက်အမြင်ကို တင်ပြရန် ပျက်ကွက်ခဲ့သည်ကို ၀မ်းနည်းစွာ တွေ့မြင်နေရပါသည်။

    ရခိုင်အရေးနှင့် ပတ်သက်၍ တွေ့မြင်ရသော နောက်မီဒီယာပြဿနာတစ်ခုမှာ အမြင်နှစ်ခုနှင့် နေရာ ပြဿနာဟု ဆိုရပေမည်။ ပြင်ပမီဒီယာအချို့က ဘက်လိုက်ရေးသားသည်ဟုဆိုကာ ပြည်တွင်းမီဒီယာအချို့က အခြားတဘက်သို့ ဘက်လိုက်ရေးသားခြင်းဖြင့် ချိန်ခွင်လျှာညှိရန် ကြိုးစားခဲ့ကြသည်။ သို့သော် ထိုမီဒီယာ တို့မှ ဖော်ပြသောနေရာမှာ မတူပေ။ ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်ကို ပြင်ပစာဖတ်သူတို့က လက်လှမ်း မမီသလို ပြည်တွင်း စာဖတ် ပရိသတ်တို့ကလည်း ပြင်ပမီဒီယာများမှ ဖော်ပြချက်တို့ကို မသိကြပါ။ ထို့ကြောင့် အစွန်းထွက်မူ နှစ်ခုကြားမှ ကွာခြားချက်က ပိုမိုကြီးမားလာခဲ့သည်။ အထူးသဖြင့် မရင့်ကျက်သေးသော ပြည်တွင်းမီဒီယာနှင့် ပြည်တွင်းစာဖတ်သူတို့၏ အစွန်းရောက်မှုကြောင့် ပြဿနာအချို့စတင်ခံစားနေရပြီ ဖြစ်သည်။ ထိုပြဿနာကို နောက်မှ ဆွေးနွေးပါမည်။

    ရခိုင်ပဋိပက္ခ

    ရခိုင်ပဋိပက်္ခနှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သမ္မတကြီး၏ မိန့်ခွန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဌ ဆရာတော်၏ သြ၀ါဒကထာ၊ အစ္စလာမ်အဖွဲ့အစည်းကြီးများမှ တာဝန်ရှိ ပုဂိ္ဂုလ်တို့၏ ဖော်ပြချက်တို့၌ ထိုဖြစ်ရပ်တို့သည် လူတစ်စု၏ တရားလက်လွတ်ပြုလုပ်မှု၊ တရားဥပဒေချိုးဖောက်မှု၊ အကြမ်းဖက်မှုတို့ကြောင့် ဖြစ်ပေါ်လာရသည် ဟုသုံးသပ်ခဲ့ကြသည်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့ကလည်း ဤပဋိပက္ခကို အကြမ်းဖက်သူနှင့် အကြမ်းဖက်ခံရသူတို့အကြားမှ ပြဿနာအဖြစ် ရှုမြင်ကြသည်။ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို မုဒိမ်းကျင့်၊ လူသတ်၊ လူအုပ်စုဖွဲ့လူသတ်၊ အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီး၊ ဘုန်းကြီးကျောင်း၊ ဗလီစသည့် သာသနိကအဆောက်အအုံများကို ဖျက်လိုဖျက်ဆီးပြုကြသည့် အကြမ်းဖက် သမားများသည် ယဉ်ကျေးသည့် လူအစုအဝေး၏ ဘုံရန်သူဖြစ်ပြီး၊ တရားဥပဒေနှင့်အညီ အရေးယူရပေမည်။ ထို့အတူ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်စေ အကြမ်းဖက်ခံရပါမူ မေတ္တာ၊ ဂရုဏာရှေ့ထား၍ ကူညီစောင့်ရှောက်ကာကွယ်ကြရမည်သာဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်အများစုသည် ကျောက်နီမော်အမူမှစ၍ နောက်ဆုံး အကြမ်းဖက်မှုများ အထိ ဖြစ်ရပ်တို့သည် လူမျိုးရေးပြဿနာလည်း မဟုတ်၊ ဘာသာရေးပြဿနာလည်းမဟုတ်၊ အကြမ်းဖက်သူနှင့် အကြမ်းဖက်ခံရသူတို့၏ ပြဿနာဖြစ်ကြောင်း ခံယူလိုကြသည်။ မြန်မာနိုင်ငံ အစ္စလာမ်အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိ ပုဂ်္ဂိုလ်များကလည်း ဤကဲ့သို့ပင် ကြေငြာချက်များ ထုတ်ပြန်ခြင်း၊ သတင်းမီဒီယာများသို့ ပြောကြားခြင်းများ ပြုခဲ့ပြီး ဖြစ်သည်။

    လူမျိုးရေးပဋိပက္ခ

    သို့သော် ရခိုင်အရေးကို လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများအဖြစ် ပုံဖော်ရန် ကြိုးပမ်းမှု များရှိသည်မှာ ငြင်းမရသော အချက်ပင်ဖြစ်သည်။ ထိုကြိုးပမ်းမှုများ၌ လူမျိုးရေး ပဋိပက္ခအဖြစ် ပုံဖော်မှုမှာ အောင်မြင်ခဲ့သည်ဟုဆိုရမည်။ ထိုကဲ့သို့ လူမျိုးရေးပဋိပက္ခအဖြစ် ပုံဖော်မှုနှင့် ပြည်တွင်းမီဒီယာအချို့တို့၏ “တန်ပြန်” ဘက်လိုက်ရေးသားမှုတို့၏ အကျိုးဆက်ကြောင့် အကြမ်းဖက်လူမျိုးစုနှင့် အကြမ်းဖက်ခံလူမျိုးစု ဟူ၍ ပေါ်ပေါက်လာတော့သည်။ အကြမ်းဖက်ခံလူမျိုးစု အဖြစ် ဖော်ပြခြင်းခံရသူတို့အနက်မှ အကြမ်းဖက် မှုကျူးလွန်းခဲ့သူများကို အမျိုးဘာသာ၊ သာသနာကို ကာကွယ်ကြသူများအဖြစ် ချီးမွမ်းဂုဏ်ပြုကာ တရားဝင် လက်နက်တပ်ဆင်ပေးရန် ကြိုးပမ်းလာကြသည်။ အကြမ်းဖက်လူမျိုးစု အဖြစ် ဖော်ပြသတ်မှတ်ခံရ သူတို့အနက် မှ အကြမ်းဖက်ခံရသူတို့မှာမူ ပြည်တွင်းစေတနာရှင်များ၏ ရွံရှာမုန်းတီးခြင်းခံရ၍ မည်သည့်အကူအညီမှ မရရှိကြဘဲ ကြီးမားသော ဘေးဒုက္ခဖြင့် ကြုံတွေ့နေကြရတော့သည်။ ဤအခြေအနေမှတဆင့် အလွန် အန္တရာယ်ကြီးသော အခြေအနေများ ပေါ်ပေါက်လာနိုင်သော အရိပ်အခြေတို့ကို တွေ့မြင်နေရပြီ ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာခဲ့ပါမူ မည်သူကို အပြစ်တင်ရမည်ကို မဝေခွဲတတ်တော့ပေ။

    ဘာသာရေးပဋိပက္ခ

    အာဏာပိုင်အဖွဲ့အစည်းများ၊ ဘာသာရေးပုဂိ္ဂုလ်များ၊ သတင်းမီဒီယာများ၊ လူမှုအဖွဲ့အစည်းများမှ ရခိုင်အရေးကို ဘာသာရေး ပဋိပက္ခအသွင်မဆောင်ရန် ကြိုးပမ်းဆောင်ရွက်မှုများခဲ့ပါသော်လည်း ဘာသာရေး ပဋိပက္ခ အသွင်ဆောင်စေသော အချက်များရှိနေသည်ကို တွေ့ရသည်။ ကျောက်နီမော်အမှု၌ ကျူးလွန်ခဲ့သူ တရားခံများနှင့် တောင်ကုတ်တွင် အကြမ်းဖက်အသတ်ခံရသူ ဆယ်ဦးတို့၏ ဆက်စပ်မှုကို လေ့လာကြည့်ပါက ထိုသူတို့သည် ဆွေမျိုးသားချင်းများလည်း မဟုတ်၊ လူမျိုးချင်းတူသူများလည်းမဟုတ်၊ နေထိုင်ရာ အရပ်ဒေသ တူသူများလည်းမဟုတ်ဘဲ ဘာသာရေးအရသာ ဆက်စပ်မှုရှိသည်ကို တွေ့မြင်ရသည်။ တဖန် အကြမ်းဖက် လူမျိုးများဟု ဖယ်ကြဉ်ခံရ၍ အတိဒုက္ခကြီးစွာရောက်နေကြသူများ အထဲတွင် အခြားနိုင်ငံမှ တရားမ၀င် ခိုးဝင်လာသူဆိုသူများအပြင် မြန်မာနိုင်ငံအတွင်းပိုင်းမှ ရခိုင်ဒေသသို့ သွားရောက်အခြေချကြသူများ၊ မိဘ ဘိုးဘွားဘီဘင်လက်ထက်ကတည်းက မြန်မာမြေပေါ်တွင် နေထိုင်ခဲ့ကြသော နိုင်ငံသားစစ်စစ်များ၊ နှစ်ပေါင်းထောင်ချီကတည်းက ရခိုင်မြေပေါ်တွင် အခြေချခဲ့၍ နိုင်ငံတော်အစိုးရအဆက်ဆက်က ရခိုင် မျိုးနွယ်ဝင်အဖြစ် အသိအမှတ်ပြုခဲ့သော၊ ယခုတိုင် အသိအမှတ်ပြုထားသော ကမန်အမျိုးသားများ ပါဝင်နေသည်ကို ကြည့်ခြင်းအားဖြင့်လည်း ဘာသာရေး ခွဲခြားမှုအသွင်ဆောင်နေသည်ကို တွေ့မြင်နိုင်ပေ မည်။

    ကိုအောင်ဇင်လတ်၏ ဆောင်းပါး၌ပင် ဘာသာရေး ပဋိပက္ခမဟုတ်ပါဟု ဆိုသော်လည်း အစ္စလာမ်ဘာသာဝင်၊ မွတ်ဆလင်မ်ဟု အကြိမ်ကြိမ် သုံးစွဲဖော်ပြထား ချက်တို့က ဘာသာရေး အသွင်ယူလိုသည်မှာ ထင်ရှားလှပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များက ဘာသာရေးပြဿနာ မဟုတ်ဟု တထစ်ချ မယုံရဲကြခြင်းဖြစ်ပါသည်။

    အဆင့်သုံးဆင့်

    မည်သို့ပင်ဖြစ်စေ၊ ယခုဖြစ်ပေါ်လာခဲ့သော ရခိုင်အရေးကို ဖြေရှင်းပြီး နောက်ထပ် ဤကဲ့သို့ ဖြစ်ရပ် မျိုးထပ်မံမပေါ်ပေါက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျွန်တော်အနေဖြင့် အဆင့်သုံးဆင့်နှင့် ပြုလုပ်သင့်သည်ဟု ယူဆပါသည်။

    ၁။ အပြစ်ရှိသူ အပြစ်ပေးရေးနှင့် အပြစ်မဲ့သူ ကာကွယ်ရေး

    အထက်က ဖော်ပြခဲ့သလို တရားဥပဒေချိုးဖောက်ပြီး မုဒိမ်းကျင့်လူသတ်၊ အုပ်စုဖွဲ့လူသတ်၊ အပြစ်မဲ့ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ဖျက်ဆီးသူ၊ အကြမ်းဖက်သမားများကို မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်၊ မည်သည့်နိုင်ငံသားပင်ဖြစ်ပါစေ ထိရောက်သော အရေးယူမှုများ ပြုလုပ်သင့်ပါသည်။ သို့မှသာ နောက်နောင် ဤကဲ့သို့ အကြမ်းဖက်မှုမျိုး မကျူးလွန်ရဲကြမည်ဖြစ်သည်။ ထို့အတူ အပြစ်မဲ့ အကြမ်းဖက်ခံ လူသားအားလုံးကိုလည်း မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်၊ မည်သည့်နိုင်ငံသား ပင်ဖြစ်ပါစေ ကာကွယ် စောင့်ရှောက်ပေးရန် လူ့ဂုဏ်သိက္ခာနှင့် အညီ ဆက်ဆံရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသားမဟုတ်သူများကို ပင် ဤအခြေအနေမျိုး၌ လူသားချင်းစာနာစွာ ကာကွယ်စောင့်ရှောက်ပေးပြီး လုံခြုံစိတ်ချဘေးကင်းသော အချိန်ကျမှ နိုင်ငံတကာ မိသားစုများနှင့် တိုင်ပင်၍ အကောင်းဆုံးနည်းလမ်း ရှာဖွေဖြေရှင်းသင့်ပါသည်။

    ၂။ မျှတသော ဥပဒေနှင့် ဥပဒေစိုးမိုးရေး

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်အရေးနှင့် ပတ်သက်၍ အကြိမ်ကြိမ်ပြောကြား ခဲ့သော အချက်ပင်ဖြစ်ပါသည်။ မျှတမှုရှိသော နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ပြည့်စုံသော ဥပဒေတစ်ရပ်ရှိရန် လိုအပ်ပါသည်။ မျှတမှုမရှိလျှင် အေးချမ်းမှုလည်းရှိမည် မဟုတ်ပါ။ မျှတမှုမရှိသော ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ရန်လည်း ခက်ခဲမည်ဖြစ်၍ ဥပဒေစိုးမိုးရေးလည်း ရှိနိုင်မည်မဟုတ်ပါ။ ထိုသို့ မျှတသော ဥပဒေတစ်ရပ်ပေါ်ပေါက်လာပါက ထိုဥပဒေအသက်ဝင်စိုးမိုးပြီး အကျင့်ပျက်ခြစားမှုများ ပပျောက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

    ၃။ လူမျိုး၊ ဘာသာ၊ နိုင်ငံသား

    လူမျိုး၊ ဘာသာ၊ နိုင်ငံသားဆိုသည့် ပင်ကိုယ်အမှတ်သညာ  (Identity) သုံးခုကို မြန်မာတိုင်းရှင်းရှင်း လင်းလင်းသိမြင့်လက်ခံနိုင်ဖို့ ရေရှည်လုပ်ငန်းစဉ်အဖြစ် ကြိုးပမ်းသင့်ပါသည်။

    လူမျိုးဆိုသည်မှာ လူအစုအဝေးတစ်ရပ်သည် နှစ်ပရိစေ်္ဆဒကြာမြင့်စွာ အတူတကွနေထိုင်ကြပြီးနောက် တူညီသော ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လက်ခံထားကြသူများကို ဆိုလိုသည်။ လူမျိုးစု တစ်စုဝင် မိဘနှစ်ပါးမှ မွေးဖွားလာသူတစ်ဦးသည် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ထိုလူမျိုးကို ဆက်ခံရမည်သာဖြစ်သည်။ ဥပမာအားဖြင့် ဗမာလူမျိုး မိဘနှစ်ပါးမှ မွေးဖွားလာသူသည် ဗမာလူမျိုးသာဖြစ် ပေမည်။ ကချင်လူမျိုးဖြစ်ချင်၍လည်းမရ၊ ကိုးရီးယားလူမျိုးဖြစ်ချင်၍လည်းမရပေ။

    ဘာသာတရားဟူသည်မှာ နှလုံးသား၏ ယုံကြည်မှု၊ ဦးနှောက်၏ လက်ခံမှုတို့ဖြင့် ယုံကြည်လက်ခံ ရခြင်းဖြစ်သည်။ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသား၊ မည်သည့် ဘာသာဝင်မိဘနှစ်ပါးမှ မွေးဖွားလာသည် ဖြစ်စေ ထိုလူသားတစ်ဦးသည် မိမိ၏ ဦးနှောက်နှင့် နှလုံးသားမှ ယုံကြည်လက်ခံသော ဘာသာတရားကို လက်ခံနိုင် သည်။ မိဘနှစ်ပါးယုံကြည်သော မိရိုးဖလာယုံကြည်မှုကို ဆက်လက်လက်ခံယုံကြည်နိုင်သလို နှစ်သက်ရာ ဘာသာတရားတစ်ခုကိုလည်း ပြောင်းလဲယုံကြည်နိုင်ပေသည်။

    နိုင်ငံသားဆိုသည်မှာ – သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ပြဋ္ဌာန်းထားသော နိုင်ငံသားဥပဒေနှင့် အညီ သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံ၍ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပါက ထိုသက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံသားဖြစ်ပေမည်။ နိုင်ငံတစ်ခု၏ နိုင်ငံသားသည် အခြားနိုင်ငံ၏ နိုင်ငံသား အဖြစ်ပြောင်းလဲ ခံယူနိုင်သည်။ ထို့အတူ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ်ပြဋ္ဌာန်း ထားသော အရည်အချင်းများနှင့် ပြည့်စုံပါက ထိုနိုင်ငံ၏ နိုင်ငံသားဖြစ်ပေမည်။ မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်ခွင့်၌ ဘာသာရေးသတ်မှတ်ချက်မရှိသဖြင့် မည်သည့် ဘာသာကို သက်ဝင် ယုံကြည်သူမဆို သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံပါက မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် ပြုရမည်ဖြစ်သည်။

    လူမျိုး၊ ဘာသာနှင့် နိုင်ငံသားဟူသော ပင်ကိုယ်အမှတ်သညာ (Identity) သုံးခုကို လူအများစုသည် ရောယှက်၍ ခွဲခြားနိုင်ခြင်းမရှိသည်ကို တွေ့မြင်ရသည်။ “ဗမာမွတ်ဆလင်မ်၊ ဘင်္ဂါလီဗုဒ္ဓဘာသာဝင်၊ ဂျူးခရစ်ယာန်၊ တိဘက်ဘာသာမဲ့” စသည့် အသုံးအနှုန်းများသည် မြန်မာအများစုနား၌ ယုတိ္တမရှိ၊ ရယ်စရာ စကားများ သဖွယ်ထင်မြင်မှတ်ယူနေကြသည်။ ဧကန်စင်စစ် မည်သည့်လူမျိုးပင်ဖြစ်စေ မိမိနှစ်သက်ရာ ဘာသာတရားကို လက်ခံယုံကြည်ကိုးကွယ်ခွင့်ရှိလေရာ ထိုအခေါ်အဝေါ်ဖြင့် ခေါ်ဆိုနိုင်သော ပုဂိ္ဂုလ်များ သည် ယခင်ကလဲရှိခဲ့သည်။ ယခုလည်းရှိသည်၊ နောင်တွင်လည်းရှိနေဦးမည်ဖြစ်သည်။ ထို့အတူ ယခုလတ် တလောကြားနေရသော “ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များ”ဟူသော အသုံးအနှုန်းသည်လည်း ဘာသာရေးနှင့် နိုင်ငံသားဖြစ်ရေးအပေါ်တွင် ရောထွေးကာ ပြဿနာ ပေါ်ပေါက်လာမည်ကို စိုးရိမ်ဖွယ်ရာ ဖြစ်ပေသည်။ လူမျိုးဘာသာနှင့် နိုင်ငံသားကို ခွဲခြားသိမြင်လက်ခံနိုင်မှသာလျှင် မြန်မာနိုင်ငံသားတိုင်း တက်ညီ လက်ညီနိုင်ငံထူထောင်နိုင်မည် ဖြစ်ပေသည်။

    မြန်မာ့မြေမှာနေ၊ မြန်မာ့ရေကိုသောက်၊ မြန်မာနိုင်ငံတော်အပေါ် သစ်္စာစောင့်သိရိုသေကြသည့် လူမျိုးကွဲပြား ဘာသာခြား မြန်မာနိုင်ငံသားအားလုံး “ဒါဒို့ပြည်၊ ဒါဒို့မြေ၊ ဒို့ပိုင်တဲ့မြေ”ဟုသံပြိုင်ဟစ်ကြွေးရင်း ငြိမ်းချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်မည့်အချိန်ကာလကို မျှော်မှန်းရင်းနိဂုံးချုပ်လိုက်ပါသည်။

    ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းပါစေ။

    ဒေါက်တာနေလင်းအောင်၏  FB စာမျက်နာမှ ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြပါသည်။

  • ရန်ကုန်တက္ကသိုလ်သမဂ္ဂ၏ ပထမဆုံးဥက္ကဋ္ဌ ကိုထွန်းစိန်

    ရန်ကုန်တက္ကသိုလ်သမဂ္ဂ၏ ပထမဆုံးဥက္ကဋ္ဌ ကိုထွန်းစိန်

    ရေးသူ – ဒေါက်တာမြင့်ဆွေ

    အိုးဝေဂျာနယ် စာမျက်နှာ၁၃၊ ၁၅၊ ၂၊ ၁၉၇၁၊ မူရင်းဆောင်းပါး ပါ ခေါင်းစီးပုံ

    ကျောင်းအုပ်ကြီး မစ္စတာစလော့၏ ခွင့်ပြုချက်အရ ကိုထွန်းစိန် ယူနီဗာစီတီဘက်သို့ပြောင်းရွှေ့လာပြီး ပြည်ကျောင်းဆောင်တွင် နေထိုင်၍ကျောင်းတက်ပါသည်။ ထိုကဲ့သို့ကောလိပ်ပညာကိုသင်ကြားလာရင်း နယ်ချဲ့၏ လက်ပါးစေဗျူရိုကရက်များက ဖိနှိပ်မှုတွေနှင့်ကျောင်းအများစုကို ချုပ်ချယ်ကြသည်ကို တွေ့ရှိနေရသည်။ အလိုတော်ရိကျောင်းသားတစ်စုကို လက်သပ်မွေးနေကြောင်း ကျောင်းသားကြီးများထံမှ မကြာခဏလိုလိုလည်း ကြားသိနေရသည်။ သတင်းစာများထဲ၌လည်း ဖတ်ရှုနေရသည်။ ငါတို့နိုင်ငံရေးစိတ်ထက်သန်တဲ့ ကျောင်းသားတွေ၊ ဖာသည့်ဖာသာနေတဲ့ကျောင်းသားတွေဟာ အနှိမ်ခံနေရတယ်။ ဗျူရိုကရက်တွေလည်း သူတို့တစ်တွေကို အရိုအသေပေး၊ စလုပေးမှသဘောကျပါတယ်။ မပေးရင်မကြိုက်ဘူး။ ဒီနယ်ချဲ့တွေဟာလည်း ဒို့နိုင်ငံကိုလာပြီး နိုင်ငံသူနိုင်ငံသားတွေကို အမျိုးမျိုးဖိနှိပ်ရင်း အမြတ်ထုတ်နေကြတယ်။ ကြာရင်ဒို့တစ်တွေအားလုံးတော့ ကျွန်သပေါက်တွေဖြစ်ကုန်တော့မှာပဲဟု တွေးမိလာသည်။

    မစ္စတာစလော့ကြိုက်သော ကျောင်းသားတချို့ မှာ အများအားဖြင့် အလိုတော်ရိတွေသာ ဖြစ်ကြသည်။ မျက်နှာဖြူဆရာကြီး၏  အလိုကိုလိုက်လျှင်  အခွင့်အရေးရနိုင်သည့်  အလိုတော်ရိများမှာ ကျောင်းမှထွက်ပြီး တစ်နေ့  ဂုဏ်ဒြပ်ရှိသည့်အလုပ်ကို လျှောက်ထားသောအခါ ထောက်ခံချက်ကောင်း ရရှိနိုင်လိမ့်မည်ဟု မျှော် လင့် နေကြသူများသာဖြစ်သည်။ ထိုသူများမှာ  မစ္စတာစလော့ကို  လွန်ဆန်ပြီး ဘာတစ်ခုမှ လုပ်ဝံ့ကြသူများ  မဟုတ်သည်ကို ကိုထွန်းစိန် တဖြည်းဖြည်း သိရှိလာလေသည်။

    ကိုထွန်းစိန်သည် ပညာဥာဏ် ထက်မြက်သူတစ်ယောက် ဖြစ်သည်ကို မစ္စတာစလော့က အလိုတော်ရိ တပည့်တစ်ယောက်အနေနှင့်  မွေးမြူချင်သည်ကို  ကိုထွန်းစိန် သိရှိသည်။ သို့သော် အမွေးမခံဘဲ သူ၏ စာ   ထက် နိုင်ငံရေး စာအုပ်များကိုသာ ကြိုးစား ဖတ်ရှုလာခဲ့လေသည်။

    ကိုထွန်းစိန်သည် ၁၉၂၆ ခုနှစ်တွင်  အမ်အက်စီစာမေးပွဲကို  အောင်မြင်ခဲ့လေသည်။ ၁၉၂၈-၂၇ ခုနှစ်  စာသင်နှစ်တွင် ပြည်ကျောင်းဆောင်မှ  ပုဂံကျောင်းဆောင်သို့  ပြောင်းရွှေ့ သွားခဲ့သည်။ နိုင်ငံရေးစိတ်ထက်  သန်သူတစ်ယောက် ဖြစ်သော်လည်း သူနှင့် နီးနီးကပ်ကပ်ဆက်ဆံရသော ဆရာသများများကိုမှ ရိုသေသည်။ ကလန်ကဆန် မလုပ်တတ်သော်လည်း ဗျူရိုကရက်ဆရာကြီးများကိုမူ မကြိုက်ပေ။

    ထိုစဉ်က ပုဂံကျောင်းဆောင်၏ အဆောင်ကြီးမှာ အင်္ဂလိပ်စာ ပါမောက္ခ ဖရေဇာ၊ လက်ထောက်ကထိ ကဆရာ ဦးကာဖြစ်သည်။

    ကိုထွန်းစိန်သည် ပုဂံကျောင်းဆောင်၌ ကျောင်းပိတ်သည့်နေ့များ၌ ရန်ကုန်တစ်ဖက်ကမ်း သန်လျင်၌ နေထိုင်သော အစ်ကိုဖြစ်သူ ကိုထွန်းငြိမ်းထံသို့ အလည်အပတ် သွားလေ့ရှိသည်။ သန်လျင်တွင် ဘီအိုစီဓါတ် ခွဲခန်း လက်ထောက်အဖြစ် တာဝန်ထမ်းနေသော သခင်စိုးမှာ ထိုအချိန်က အင်္ဂလိပ်စာနှင့် ရေးသားထားသော နိုင်ငံရေးစာအုပ်များကို နှံ့ နှံ့စပ်စပ် မဖတ်ဘူးသေးပါ။ ကိုထွန်းစိန်က သခင်စိုးအား အင်္ဂလိပ်စာအုပ်များကို ဖတ် စေချင်၍ ရန်ကုန်မှ သန်လျင်သို့  လာရောက်လည်ပတ်သည့်အခါတိုင်း အင်္ဂလိပ်စာနှင့် ထုတ်ဝေခဲ့သော စာအုပ်

    ပေါင်းများစွာကို ယူဆောင်လာပေးလေ့ရှိသည်။ သခင်စိုးကလည်း ကြိုးစားပြီးဖတ်သည်။  မကြာမီမင် နိုင်ငံရေး အသိ ကြွယ်ဝလာပြီး ကိုထွန်းစိန်နှင့် သခင်စိုးမှာ အလွန်တရာ  ရင်းနှီးသွားခဲ့လေသည်။ သူတို့  နှစ်ဦးစလုံး ခြင် ထောင် တစ်ခုတည်း၌ အိပ်လာခဲ့သောသူများ ဖြစ်သည်။ သို့ရာတွင် ယနေ့ အချိန်တွင် သူတို့ နှစ်ဦး၏ လမ်းစဉ် မှာ တခြားစီ ဖြစ်သွားခဲ့လေပြီ။

    ကိုထွန်းစိန်သည် သင်္ချာလက်ထောက်ကထိကဆရာ ဦးကာ၏ စေတနာအရ စာသင်နှစ် ၁၉၂၈-၂၉ ခုတွင် တက္ကသိုလ် သင်္ချာဌာနတွင် နည်းပြဆရာလေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ပုဂံကျောင်းဆောင်၌ လည်း  အဆောင်မှူးလေး၏  တာဝန်ကို  ထမ်းဆောင်နေစဉ်အတွင်း  ကျောင်းဆောင်တွင်  နေထိုင်ကြသော ကျောင်းသားများနှင့်  ရင်းရင်းနှီးနှီးပင်  နေထိုင်လေ့ရှိသည်။  ကျောင်းသားများကျင်းပသော အစည်းအဝေးကို လည်း တက်ရောက်လေ့ရှိသည်။ ထိုနှစ်အတွင်းက တစ်နေ့ ညနေတွင် အလယ်ကျောင်းဆောင်များ၏ ထမင်း စားအဆောင်၌ ကျောင်းသားများ၏ အစည်းအဝေးကို  တက်ရောက်ရန်  သူ၏  သူငယ်ချင်းဖြစ်သူ ကိုလူထွန်း လာခေါ်၍ လိုက်ပါသွားခဲ့လေသည်။

    အစည်းအဝေးသို့  ကျောင်းသားအများအပြားလည်း ရောက်ရှိလာကြသည်။ ၁၉၂၀ ပြည့် တက္ကသိုလ် သပိတ်ကြီး ပြီးဆုံးသွားခဲ့သော်လည်း  တက္ကသိုလ်နယ်မြေအတွင်း  အစည်းအဝေး မကျင်းပမီနှင့် ကျင်းပပြီးစီး သည့်အခါတိုင်း ကျောင်းသားများ သီဆိုသော အမျိုးသားသီချင်းမှာ(ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်း မြတ်ကို ကယ်တင်ပါစေသတည်း) ဟူသော နယ်ချဲ့၏ သီချင်းပင် ဆိုလေ့ဆိုထ ရှိနေကြသေးသည်။

    အစည်းအဝေးသို့  ရောက်ရှိနေကြသော ကျောင်းသားများ  အစည်းအဝေး  မကျင်းပမီ  ကျောင်းသား အားလုံး  မတ်တတ်ရပ်ကာ  အင်္ဂလိပ်အမျိုးသားသီချင်း သီဆိုနေကြသည်ကို နောက်မှ ရောက်ရှိလာသော ကို ထွန်းစိန်သည် မတ်တတ်မရပ်ဘဲ ကုလားထိုင်ပေါ်၌ ထိုင်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တစ်ကိုယ်လုံး ဆတ် ဆတ်တုန်လျက်နေသည်။ ‘ သြော် ဒို့အမျိုးသားသီချင်း မဟုတ်တဲ့ ဒီနယ်ချဲ့အမျိုးသား သီချင်းကို ယခုထက်တိုင် ဆိုနေရသေးပါလား ‘ ဟု ရေရွတ်လျက်ရှိနေသည်။

    နယ်ချဲ့ အမျိုးသားသီချင်း သီဆိုပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ထိုင်နေရာမှ ဗြုန်းခနဲထလိုက်ပြီး အင်္ဂ လိပ်ဘာသာစကားဖြင့် (ထိုခေတ်က မြန်မာလို ပြောလေ့မရှိပါ။)

    ‘ကျောင်းသားရဲဘော်အပေါင်းတို့ ကျွန်တော် ဒီနေရာ ကနေပြီး စကားအနည်းငယ် ပြောပါရစေ၊ ဒီမှာ ရောက်နေကြတဲ့ ကျွန်တော်တို့တစ်တွေဟာ မြန်မာတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ အင်္ဂလန်ကလာပြီး စာ သင်နေကြတဲ့ အင်္ဂလိပ် မျက်နှာဖြူလူမျိုးကျောင်းသားရယ်လို့  တစ်ဦးတစ်ယောက်မျှ မရှိပါဘူး။ ယခု မြန်မာ တိုင်းရင်းသား ကျောင်းသားတွေရဲ့ အစည်းအဝေးမဖွင့်ခင် ခင်ဗျားတို့  သီဆိုခဲ့ကြတဲ့ အမျိုးသားသီချင်းဆိုတာ က (ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်းမြတ်ကိုကယ်တင်နိုင်ပါစေသတည်း) တဲ့။ သေသေချာချာ စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်တို့ဆိုတဲ့ စကားတစ်လုံးဟာ အင်မတန်အရေးကြီးပါတယ်။ အင်္ဂလန်မှာရှိနေတဲ့ အင်္ဂလိပ်ဘုရင်ဟာ မျက်နှာဖြူလူမျိုးတွေရဲ့ ဘုရင်ဖြစ်တယ်။ ဗမာတိုင်းရင်းသားတွေရဲ့ ဘုရင်မဟုတ်ပါဘူး ဆိုတာစဉ်းစားပြီးအမှန်တရားကို မြင်တဲ့အတိုင်း အလွယ်တစ်ကူနှင့်ပင် သိနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ဗမာတိုင်းပြည်ကြီးကို အနိုင်ကျင့်ပြီးသိမ်းပိုက်ထားတဲ့ နယ်ချဲ့တွေရဲ့ ဘုရင်မင်းမြတ်ကို ကယ်တင်ပါစေလို့ ဆုတောင်းနေကြတာဟာ အလွတ်တရာမှ ရှက်စရာကောင်းလှပါတယ်ဆိုတာ ကျွန်တော်ရဲဘော်တို့အားလုံးကို ပြောပြချင်ပါတယ်။

    သည်အကြောင်းနဲ့ပတ်သက်ပြီး ယခုရောက်ရှိလာကြတဲ့ ရဲဘော်ကျောင်းသားအားလုံး ဤနေ့ ဤရက် ဤအချိန်မှစပြီး ကျောင်းသားသမဂ္ဂအဆောက်အဦး အစည်းအဝေးပွဲမှာဖြစ်စေ၊ အခြားသော ကျောင်းသားပွဲလမ်းသဘင်မှာဖြစ်စေ ဒီသီချင်းကိုလုံးဝမဆိုဘဲနေကြရန် အဆိုတင်သွင်းပါတယ်။

    ဘာကြောင့်လဲဆိုတော့ ၁၉၂၀ ခုနှစ်က ကျွန်တော်တို့နောင်တော် ကျောင်းသားဟောင်းကြီးများဟာ သူတို့တစ်တွေကို ဖိနှိပ်ထားတဲ့ ထမ်းပိုးအောက်က ရုန်းကန်ပြီး အနစ်နာခံကာ သပိတ်မှောက်ခဲ့ကြတယ် မဟုတ်လား။ သပိတ်ကြောင့်တချို့တွေဟာ ပညာအညွှန့်တုံးခဲ့ကြရတယ်။ ဘာအမြတ်ထွက်ခဲ့သလဲဆိုရင် မဟုတ်ရင် မခံဘူးဆိုတဲ့ မျိုးရိုးဇာတိမာန ရှိကြတယ်ဆိုတာလောက်သာ အချိန်ကာလ အားလျော်စွာပြနိုင်ခဲ့ကြတယ်။ ထို့ထက်ပိုပြီး ရွက်ဆောင်နိုင်ရန် အခွင့်အရေးမရရှိခဲ့ကြဘူး။ သူတို့တတွေကောလိပ်မှ ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ ဒီတက္ကသိုလ်ကိုဝင်ရောက်လာတဲ့ ကောလိပ်ကျောင်းသားတွေအားလုံးဟာ ဗျူရိုကရက် ဆရာကြီးတွေ ပြုမူသမျှကို ငြိမ်ခံလာခဲ့ကြတယ်။ နောင်တော်ကြီးတွေရဲ့ လမ်းစဉ်ကို မလိုက်နိုင်ကြပါဘူး။ ဒီလိုဆိုရင် ကျွန်တော်တို့တစ်တွေရဲ့ ကြမ္မာဟာ ဆိုးရွားသည်ထက် သွားရန်သာရှိတော့တယ်။ ကျွန်တော်တို့အားလုံး အေးစက်စက်နေလို့ မဖြစ်တော့ပါဘူး။ အဲဒီတော့ ကျွန်တော် ခုနက တင်သွင်းတဲ့အဆိုကို လေးနက်စွာစဉ်းစားကြရန် ပန်ကြားအပ်ပါတယ် “ ဟုပြောပြီး စကားကိုရပ်ကာ ထိုင်ချလိုက်လေသည်။

    အစည်းအဝေးအခန်းထဲ၌ရှိနေကြသော ကျောင်းသားများအားလုံး တွေဝေသွားကြသည်။ ထမင်းစား အဆောင်ကြီးတစ်ခုလုံး တုပ်တုပ်မျှမလှုပ်ဘဲ ငြိမ်လျက်သား နားထောင်နေကြသော ကျောင်းသားကြီးများ အားလုံးကစပြီး လက်ခုတ်အားရိုက်ပြီး တီးလိုက်ရာမှ တစ်ခန်းလုံး ပဲ့တင်ထပ်သွားခဲ့လေသည်။ လက်ခုပ်သံများငြိမ်သွားသော အခါတက္ကသိုလ်မြန်မာစာပေဋ္ဌာနတွင် အင်္ဂလိပ်- မြန်မာ ဘာသာပြန်ဆရာအဖြစ် ထိုစဉ်ကတာဝန် ထမ်းဆောင်လျှက်ရှိနေသော သခင်ဘသောင်းက ကိုထွန်းစိန်အနားသို့လာပြီး လက်ကိုတအား ဆုပ်ဆွဲ၍ နှုတ်ဆက်သည်။ မစ္စတာအမ်အေရာရှစ်ကလည်း ထိုနည်းတူပင်နှုတ်ဆက်သည်။ သခင်ဗစိန်မှာမူ သူများထက်ပိုသည်။ လက်ဆွဲနှုတ်ဆက်ရုံတွင်သာမကဘဲ ကိုထွန်းစိန်၏ ကိုယ်ကြီးတစ်ကိုယ်လုံးကို တအားသိမ်းကြုံးဖက်တော့သည်။

    စိတ်တက်ကြွ

    ကိုထွန်းစိန်က ကိုယ်ထည်ကြီးကြီးလန်ဘား သခင်ဗစိန်က ပုတလက်လေးဖြစ်နေ၍ သခင်ဗစိန်က ကိုထွန်းစိန်၏လည်ပင်းကို အားရပါးရဖက်ပြီး နှုတ်ဆက်နိုင်ရန် ကိုထွန်းစိန်က သူ၏ခါးကြီးကို ကုန်းပြီးပေးရပါသည်။ အစည်းအဝေးတက်ကြသော ကျောင်းသားအားလုံး စိတ်အားတက်ကြွလာကြသည်။ ပျော်လာကြသည်။ အော်ကြသည်။ ထိုနေ့မှစပြီး ကျောင်းသားအားလုံးနယ်ချဲ့၏ အမျိုးသားသီချင်းကို ကျောင်းသားသမဂ္ဂ အဆောက်အဦးအတွင်းနှင့် တက္ကသိုလ်နယ်မြေ သို့မဟုတ် အခြားနေရာများ၌ ဖြစ်စေ မဆိုကြတော့ဟု တညီတညွှတ်တည်း ဆုံးဖြတ်ချက်ချလိုက်ကြလေသည်။ ထိုညအဖို့ ကိုထွန်းစိန်မှာ အထူးမျက်နှာ ပွင့်လန်းလျှက် ရှိနေသည်။

    တစ်ယောက်နှင့် တစ်ယောက်မသိကြသေးသည့် နိုင်ငံရေးစိတ်ထက်သန်သော ကျောင်းသားကြီးများ ပထမဆုံးအကြိမ် ရဲဘော်ရဲဘက်များဖြစ်လာကြသည်။ ကျွန်တော်ကသခင်ဗစိန်၊ ကျွန်တော်က ထွန်းစိန် တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ဘယ်သူဘဲ၊ ဘယ်ဝါဘဲနှင့် မိတ်ဖွဲ့နေကြသံတွေမှာ တစ်ခန်းလုံးဆူညံလျက် ရှိနေသည်။

    ဆုံးဖြတ်ချက်

    ထိုညတွင်ကျင်းပသောအစည်းအဝေးပွဲသည် နယ်ချဲ့၏အမျိုးသားသီချင်းကို ထိုအချိန်မှစပြီး ကျောင်းသားသမဂ္ဂ၌ သီဆိုခြင်းမပြုတော့ဘဲ အပြီးအပိုင်ဆုံးဖြတ်လိုက်သော အစည်းအဝေးပင်ဖြစ်ခဲ့သည်။

    ကိုထွန်းစိန်၏အဆိုကိုကျောင်းသားများအားလုံး ထောက်ခံအတည်ပြုပြီးသည့် အချိန်မှစပြီး “ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရင်မင်းမြတ်အား ကယ်တင်နိုင်ပါစေသတည်း “ ဟူသော နယ်ချဲ့၏ အမျိုးသား သီချင်းသည် ရန်ကုန်တက္ကသိုလ် သမဂ္ဂအစည်းအဝေးများတွင် သီဆိုချင်းမပြုကြတော့ပေ။

    အန္တရာယ်

    ကိုထွန်းစိန်သည် နယ်ချဲ့အမျိုးသားသီချင်းကို တက္ကသိုလ်သမဂ္ဂအဆောက်အဦးအတွင်း မသီဆိုကြရန် စိတ်လိုက်မာန်ပါ အဆိုတင်သွင်းခဲ့သည်။ နယ်ချဲ့ကိုဆန့်ကျင်ခဲ့လျှင် သူ့အပေါ်တွင် မည်သို့အကျိုးသက်ရောက်လာမည်၊ အပြစ်ရှိလာမည်ကို ဂရုမထားသူဖြစ်သည်။ သူ၏ပြင်းပြနေသောစိတ်သည် သူရင်ဆိုင်ရမည့်အန္တရာယ်ကို မမြင်နိုင်အောင် ဖုံးလွှမ်းထားလျက်ရှိသည်။

    ကျောင်းသားများအစည်းအဝေးပြီးသွားပြီးနောက် တစ်နေ့ကောလိပ်စာသင်ချိန်တွင် သူ၏တာဝန်ကို ထမ်းဆောင်ရန် သင်္ချာဋ္ဌာနသို့သွားရောက်သောအခါ မစ္စတာစလော့မွေးထားသော အလိုတော်ရိကျောင်းသား စပိုင်များသည် ကိုထွန်းစိန်အကြောင်းကို တိုင်ထားနှင့်ကြပြီဖြစ်သည်။

    သင်္ချာဋ္ဌာနသို့ရောက်၍မကြာမီပင် သင်္ချာနည်းပြဆရာကိုထွန်းစိန်က မစ္စတာစလော့ကို အဆောတလျင်တွေ့ရန် ဆင့်ခေါ်လိုက်သောစာတစ်စောင်ကို ကျောင်းအုပ်ကြီးရုံးမှ ကုလားမင်းစေတစ်ယောက်က ကိုထွန်းစိန်ထံ လာရောက်ပေး၏။ ကိုထွန်းစိန်သည် ကျောင်းအုပ်ကြီးထံမှစာကိုဖတ်ရှုပြီး ရုံးခန်းသို့သွားရောက်ပြီး မစ္စတာစလော့နှင့်တွေ့ဆုံသည်။

    “ ဦးထွန်းစိန်သည် တက္ကသိုလ်နယ်မြေမှာ အမျိုးသားသီချင်းကို ကျောင်းသားအားလုံး မသီဆိုကြရန် ညက ကျောင်းသားအစည်းအဝေးမှာ အဆိုတင်သွင်းတယ်ဆိုတာ ဟုတ်သလား “

    “ ဟုတ်ပါတယ် ဆရာကြီး “

    “ ဘာဖြစ်လို့တင်သွင်းရတာလဲ၊ အမျိုးသားသီချင်းကို မသီဆိုဘူးလို့ ပိတ်ပင်တားဆီးတာဟာ အင်မတန်အပြစ်ကြီးတယ်ဆိုတာကို သိရဲ့လား၊ နိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရကို သက်သက်ဆန့်ကျင်လိုက်တာဘဲ “ ဟု မစ္စတာစလော့က ပြောလေသည်။

    ကိုထွန်းစိန်က –

    “ ကျွန်တော်စော်ကားတာမဟုတ်ပါဘူး။ မှန်တာတွေကို အဆိုတင်သွင်းခဲ့တာပါ။ အမျိုးသားသီချင်း ဆိုရအောင်ဟာလည်း ဘုရားသခင်သည် ကျွန်ုပ်တို့ ဘုရင်မင်းမြတ်ကို ကယ်တင်ပါစေသတည်း – တဲ့။ ဘုရင်မင်းမြတ်ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ မရှိပါဘူး ဆရာကြီး။ ဂရိတ်ဗြိတိန်မှာသာ နေတာပဲ။ ကျွန်တော်တို့ဘုရင်ကို အင်္ဂလိပ်တွေဟာ ကုလားစစ်သား အကူအညီနဲ့ ဖမ်းပြီး အိန္ဒိယကို ခေါ်ဆောင်သွားခဲ့တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ ဘုရင်ပါသွားတဲ့အချိန်ကစပြီး အောက်ကျနောက်ကျနေလာခဲ့ရာက တဖြည်းဖြည်းမျက်လုံးတွေ ပွင့်လာကြပြီး အတွေးအခေါ်တွေလည်း တဖြည်းဖြည်းကျယ်ပြန့်လာပြီး နောက်ကိုတက္ကသိုလ်သမဂ္ဂမှာ အင်္ဂလိပ်အမျိုးသားသီချင်းကို ကျောင်းသားတွေ သီဆိုကြတော့မှာ မဟုတ် “ ဟု နည်းပြဆရာ ကိုထွန်းစိန်က ကျောင်းအုပ်ကြီး မစ္စတာစလော့အား ရဲရဲတောက် ပြန်ပြောလိုက်လေသည်။

    အလုပ်ထွက်

    မစ္စတာစလော့ကား ပါးနပ်ပြီး ပရိယာယ်ကြွယ်ဝသော ဆရာကြီးဖြစ်သည်။ ဣနြေ္ဒရစွာနှင့်ပင်နည်းပြဆရာ ကိုထွန်းစိန်အား “ ဒီလိုဆိုလျှင် ဦးထွန်းစိန် မိမိအပြစ်ကို သိတဲ့အနေနဲ့ပဲ အလုပ်ကချက်ချင်းနုတ်ထွက်စာ တင်ပေတော့ ” ဟု မိန့်ဆိုလိုက်သောအခါ။

    “ ကျွန်တော်ဟာမိမိအလုပ်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေအတွက် မကျေနပ်တာတွေကိုသာ ရင်ဖွင့်ခဲ့ခြင်းဖြစ်လို့ ကျွန်တော့်မှာအပြစ်မရှိဘူးလို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တော့ နုတ်ထွက်စာမတင်နိုင်ပါဘူး။ ဆရာကြီးကျွန်တော့်ကိုမကျေနပ်လျှင်၊ ကျွန်တော့်မှာ အပြစ်ရှိတယ်လို့ယူဆလျှင် အချိန်မရွေးအလုပ်မှ ထုတ်ပစ်ပါ” ဟု ပြန်ပြောလေသည်။

    ပျားအုံတုတ်ထိုး

    မစ္စတာစလော့အဖို့ အခက်ကြုံသွားသည်။ ကိုထွန်းစိန်ကိုအလုပ်မှ ထုတ်ပစ်လိုက်လျှင် ပျားအုံကိုတုတ်နှင့်ထိုးလိုက်သလို ဖြစ်သွားမည်ကို ကွက်ကျော်မြင်ထား၍ ဘာမျှပြန်မပြောတော့ဘဲ “ ဒီလိုဆိုလည်း နောက်ကိုဒီလိုမလုပ်နဲ့ လုပ်ခဲ့လျှင်တော့ ပြင်းထန်စွာအရေးယူရမှာပဲ ” ဟု ပြောပြီးလေးနက်စွာ သတိပေး လိုက်ကာ ကိုထွန်းစိန်အားပြန်လွှတ်လိုက်လေသည်။

    သို့နှင့်ပင် ကိုထွန်းစိန်သည် မစ္စတာ ဒီဂျေစလော့ကို အောင်မြင်ခဲ့ဖူးလေသည်။

    ဒေါက်တာဦးညိုသည် မျိုးချစ်စိတ်ထက်သန်သောကျောင်းသားများ စုဝေးရာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးကို လှူဒါန်းခဲ့သူဖြစ်သည်။ ဗြူရိုကရက်ဆရာကြီးတွေကို တော်လှန်ပြီး နယ်ချဲ့အစိုးရလက်အောက်မှ လွတ်မြောက်ရန် ရုန်းကန်ကြမည့် တက္ကသိုလ်ကျောင်းသားခေါင်းဆောင်များ စုဝေးရာ ဌာနကြီးကို လှူဒါန်းရာတွင် တက္ကသိုလ်အာဏာပိုင်များ သဘောတူညီချက်ကိုယူပြီး ငွေတစ်သိန်းကျော်အကုန်ခံ ဆောက်လုပ်ပေးခဲ့သည်။

    ယူနီဗာစီတီ ကျောင်းအုပ်ကြီး မစ္စတာစလော့သည် နေ့တစ်နေ့ ညနေအချိန်တွင် မြို့ပေါ်မှ မြို့မျက်နှာဖုံး လူကြီးတို့ကို ဖိတ်ကြားပြီး ယူနီဗာစီတီ ဂျွမ်းဘားကစားရုံကြီးဘေးနားရှိ မြက်ခင်းပြင်ဘေးပေါ်တွင် လက်ဖက်ရည်ပွဲနှင့် ဧည့်ခံရင်း ဦးညိုကို ဂုဏ်ပြုစကား ပြောကြားပြီးနောက် ဦးညိုအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အယ်(လ်)အယ်(လ်)ဘီ ပေးရန် အထူးစပါယ်ရှယ် တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပရန် လက်ဖက်ရည်ပွဲ၌ ကြေညာလိုက်လေသည်။

    ဦးညိုမှာ ငွေ၏အရှိန်အဝါကြောင့် ဒေါက်တာဘွဲ့ ရရှိသွားခဲ့သည်။

    ပထမအစည်းအဝေး

    နွေရာသီကျောင်းပိတ်ရက်မစမီ ၁၉၃၁ ခုနှစ်၊ ၃-လခန့်အလိုတွင် တက္ကသိုလ်သမဂ္ဂအဆောက်အဦ ဆောက်လုပ်ပြီးစီးသွားခဲ့ပြီးနောက် ယူနီဗာစီတီနှင့် ယုဒသန်ကျောင်းသားများ စုပေါင်းပြီး ထိုအဆောက်အဦ၌ ပထမဆုံးအကြိမ် အစည်းအဝေး ခေါ်ကြသည်။ အစည်းအဝေးတွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့ရန် ဆွေးနွေးရာမှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကိုရေးဆွဲရန် ကော်မတီ အဖွဲ့ငယ်ကလေးကို ဖွဲ့စည်းလိုက်ကြသည်။

    ထိုအဖွဲ့ကလေးတွင် (၁) မစ္စတာ အမ်အေရာရှစ်၊ (၂) ကိုထွန်းတင် ဝန်ကြီးဟောင်း(ကွယ်လွန်)၊ (၃) ဦးကျော်ခင် ချယ်ရာမင်(ကွယ်လွန်)၊ (၄) ကိုဘဖေ(အစိုးရရှေ့နေ)၊ (၅) မစ္စတာယာယဆင် ဝတ်လုံ(ကွယ်လွန်)၊ (၆) ကိုကျော်ဒင်း၊(၇) ကိုသိန်းမောင် (၈) ကိုစံဖောအောင်၊ (၉) သခင်ဗစိန်တို့ ပါဝင်ကြပါသည်။

    ထိုအစည်းအဝေးတွင်-

    (၁) ကျောင်းသားထု၏ မဲဆန္ဒဖြင့် အမှုဆောင်ကော်မတီကို ရွေးကောက်တင်မြှောက်ကြရန်။

    (၂) တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေ ရေးဆွဲရန်။

    (၃) အမှုဆောင်ကော်မတီ ရွေးကောက်ပွဲ တင်မြှောက်ရန်ကိစ္စများကို ဆွေးနွေးကြသည်။

    ထိုအစည်းအဝေးတွင် ကျောင်းသားများသည် သမဂ္ဂ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် ရွေးကောက်ပွဲကို ကြီးကြပ်ကျင်းပပေးရန် ယာယီအမှုဆောင်အဖွဲ့ငယ်ကလေးကို ဖွဲ့စည်းလိုက်ကြသည်။ ထိုအဖွဲ့ငယ်ကလေးကိုပင် သမဂ္ဂ၏ စည်းမျဉ်းဥပဒေကြမ်း ရေးဆွဲပြီး ထုတ်ဝေရန်နှင့် ကျောင်းသားရွေးကောက်ပွဲကို ကြီးကြပ်ကျင်းပပေးရန် တာဝန်လွှဲအပ်လိုက်ကြပါသည်။ ထိုအဖွဲ့ကလေး၏ သက်တမ်းမှာ လေးငါးလမျှသာ ကြာခဲ့ပါသည်။

    ၁၉၃၁ ခုနှစ်၊ မိုးရာသီအချိန်တွင် ၁၉၃၁-၃၂ စာသင်နှစ်အတွက် တက္ကသိုလ်စာသင်တန်းများ ပြန်လည်ဖွင့်လှစ်သောအခါ ယာယီအမှုဆောင်အဖွဲ့သည် ဥပဒေစည်းမျဉ်းကို ရေးဆွဲပြီးစီးနေပြီဖြစ်သည်။ စည်းမျဉ်းဥပဒေ စာအုပ်ကိုလည်း သမဂ္ဂအသင်းဝင်များသို့တင်ကြိုဝေငှပြီးနောက် ယာယီအမှုဆောင်ကော်မတီသည် သမဂ္ဂအဆောက်အဦ အပေါ်ထပ် ခန်းမဆောင် အသင်းဝင်ကျောင်းသားထု အစည်းအဝေးကို ခေါ်ပြီး သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌတင်မြှောက်ရန် ညှိနှိုင်းဆွေးနွေးသည်။

    ထိုအချိန်တွင် ကိုထွန်းစိန်သည် တက္ကသိုလ် သင်္ချာဘာသာဌာနမှ နုတ်ထွက်ပြီး ပထမနှစ် ဥပဒေသင်တန်း၌ သင်တန်းတက်ရောက် သင်ကြားလျက်ရှိနေသည်။ ကိုထွန်းစိန်၏ ပြောပုံ၊ ဆိုပုံ၊ သတ္တိရှိပုံများကို ကျောင်းသားအများကပင် အထင်ကြီးကြသည့်အလျှောက်

    ဥက္ကဋ္ဌအဆင့်အတန်းနှင့် သင့်တော်သူ ဖြစ်သည်ဟု ထင်မြင်ယူဆလျက်နေကြရာမှ သခင်ဗစိန်က ကိုထွန်းစိန်အား ဥက္ကဋ္ဌနေရာအတွက်စာရေးပြီး အဆိုတင်သွင်းလိုက်သည်။

     ပထမရွေးကောက်ပွဲ

    အစည်းအဝေးတွင် ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မတီသည် ဥက္ကဋ္ဌနေရာအတွက် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို တစ်လခန့်ခွာပြီး သတ်မှတ်လိုက်သည်။ ရက်အတော်ကြာမျှ ကိုထွန်းစိန်နှင့် ယှဉ်ပြိုင်အရွေးခံမည့်သူ မပေါ်လာခဲ့သော်လည်း တစ်နေ့တွင် ဆရာကြီး ဒီဂျေစလော့၏ အလိုတော်ရှိများက ကိုထွန်းစိန်နှင့်ယှဉ်ပြိုင်ရန် ကိုအိန်(ဦစောခေတ်ဝန်ကြီး ဦးအိန်)ကို ဥက္ကဋ္ဌနေရာအတွက် အဆိုတင်သွင်းလိုက်ရာမှ တက္ကသိုလ်ရာဇဝင်တွင် ကျောင်းသားများ ပထမဆုံးအကြိမ် မဲဆန္ဒနှင့် ရွေးကောက်ပွဲ တင်မြှောက်ရမည့် ရွေးကောက်ပွဲမှာ ပေါ်ပေါက်လာခဲ့လေသည်။

    ရွေးကောက်ပွဲ မကျင်းပမီ ကိုထွန်းစိန်နှင့် ကိုအိန်ဘက်မှ အားပေးသူများအားလုံး သူတို့လူ မဲရရှိရေးအတွက် မဲဆွယ်ကြသည်။ကိုအိန်ကမူ ဆွယ်တရားဟောခြင်း လုံးဝမပြုခဲ့ပေ။ အေးအေးသာ နေခဲ့သည်။

    သမဂ္ဂဥက္ကဋ္ဌ ရွေးကောက်ပွဲ ပေါ်ပေါက်လာသော်လည်း ရန်ကုန်ယူနီဗာစီတီကောလိပ်နှင့် ယုဒဿန်ကောလိပ် ကျောင်းသားအများစုမှာ ကျောင်းသားနိုင်ငံရေးကို စိတ်မဝင်စားကြပါ။ ၁၉၂၀ ခု၊ ကျောင်းသားသပိတ်ကြီး ပြီးဆုံးသွားသည့်နောက်ပိုင်းတွင် ကျောင်းသားအများမှာ နိုင်ငံရေး၌ စိတ်မဝင်စားဘဲ ဖြစ်နေကြပါသည်။ ကျောင်းဥပဒေကို ကျူးလွန်ခဲ့လျှင် တက္ကသိုလ်အာဏာပိုင်များက ကျောင်းထုတ်ပစ်မည်ကို ကျောင်းသား တော်တော်များများမှာ ကြောက်ရွံ့နေကြသည်။

    ကိုထွန်းစိန်နှင့် သခင်ဗစိန်ခေတ်က နိုင်ငံရေးနှင့် အမျိုးသားစိတ်ထက်သန်သော ရဲရဲတောက်ကျောင်းသားများမှာ လက်တစ်ဆုပ်စာမျှလောက်သာ ရှိနေသေးသည်။ ထိုကျောင်းသားအနည်းစုထဲတွင် တကယ့်မျိုးချစ်စိတ်ရှိသူ သခင်ဗစိန်သည် စိတ်ဓာတ်အပြင်းအထန်ဆုံး ဖြစ်ခဲသည်။ သခင်ဗစိန်ပင်လျှင် ကိုထွန်းစိန်အား ဥက္ကဋ္ဌအဖြစ် အဆိုတင်သွင်းခဲ့သည်။ ကျောင်းသားများကိုလည်း နိုင်ငံရေးနှင့် အမျိုးသားစိတ် နိုးကြားလာအောင် ကိုထွန်းစိန်နှင့်အတူ ကျောင်းသားများထံ သွားပြီး နိုင်ငံရေးနှင့် မဲဆွယ်တရားဟောခဲ့ပေသည်။

    ကိုကျော်သိန်း(ယနေ့ အိုင်စီအက်ဟောင်း ဦးကျော်သိန်း)က ကိုထွန်းစိန်အား သမဂ္ဂဝါဒရေးရာနှင့် ပတ်သက်သောအကြောင်းများကို ပြတ်သားစွာပြောပြီး ကျောင်းသားထုအား မဲဆွယ်ရန် တိုက်တွန်းအားပေးနေခဲ့သည်။

    တရားဟောခက်

    ထိုစဉ်က တက္ကသိုလ်သမဂ္ဂရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသားခေါင်းဆောင်များမှာ ကျောင်းသားများသို့သွားပြီး တရားဟော၏။ ကျောင်းသားအားလုံး ပါဝင်လာပြီး တစ်နေ့မှာ နယ်ချဲ့တွေလက်အောက်မှ လွတ်မြောက်ရလိမ့်မည်လို့ ကျွန်တော့်အနေနှင့်တော့ မမှိတ်မသုန် ယုံကြည်ပါတယ်။ ဒီအတွက်ကြောင့် စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းသွားကြရန်အတွက် သမဂ္ဂကိုလည်း ဝင်ကြပါ။ ကျောင်းသားတွေအားလုံး ရှေ့တန်းကနေပြီး နယ်ချဲ့နှင့် ဗြူရိုကရက် ဖိနှိပ်မှုတွေကို တိုက်ဖျက်ပါ့မယ်။ သို့အတွက် ကျွန်တော့်ကို မဲဆန္ဒပေးကြပါဟု ပြောခဲ့လေသည်။

    တရားဟောရအခက်ဆုံးနေရာမှာ အမျိုးသမီးများ နေထိုင်သော တက္ကသိုလ်အင်းယားဆောင်နှင့် သင်တန်းကျောင်းဆောင်ပေါင်းနှစ်ဆောင်ဖြစ်သည်။

    ကိုထွန်းစိန်တို့ လူသိုက်အားလုံးပင် ယဉ်ကျေးသိမ်မွေ့စွာနှင့် ကျောင်းသူအမျိုးသမီးများကို တရားဟောပြောကြပါသည်။ အင်္ဂလိမ်လူမျိုးနှင့် အင်္ဂလိပ်ဘာသာကြီးစိုးသော အချိန်ဖြစ်၍ ကျောင်းသားခေါင်းဆောင်များသည် အင်္ဂလိပ်ဘာသာဖြင့်ပင် တရားဟောပြောပြီး မဲဆွယ်ကြပါသည်။

    အင်းယားကျောင်းဆောင်တွင် ကိုထွန်းစိန်က ဂုဏ် သရေရှိအမျိုးသမီးများခင်ဗျာ၊ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ တည်ထောင်ရတာဟာ တခြားကြောင့် မဟုတ်ပါဘူး၊ တက္ကသိုလ် ကျောင်းသားအားလုံးရဲ့အကျိုးနှင့် မြန်မာပြည်သူ၊ ပြည်သားအားလုံးရဲ့ အကျိုးအတွက် ဖြစ်ပါတယ်၊ ကျွန်တော်တို့ ကျောင်းသားတစ်တွေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ဒီနယ်ချဲ့အစိုးရအောက်မှာ နှစ်အတော်ကြာကစပြီး အလူးအလဲ ခံစားလာခဲ့ရတာ ယနေ့တိုင်ဖြစ်ပါတယ်။ တက္ကသိုလ် ဗျူရိုကရက်ကြီးတွေကလည်း မကြာခဏလိုလို ကျောင်းသားတွေအပေါ်မှာ ဖိနှိပ်နေတာကို ကျွန်တော်တို့တစ်တွေ ကြားသိနေရပါတယ်။ ကျောင်းသားတွေအားလုံး အနစ်နာခံနေရတဲ့အတွက် ကျွန်တော်တို့ သမဂ္ဂဖွဲ့ပြီး နစ်နာမှု အမှုတွက် ရဲဝံ့စွာနှင့် သူတို့တစ်တွေကို အရေးဆိုရပါလိမ့်မယ် အဖွဲ့ကြီးကို ကျောင်းသားတွေ စည်းစည်းရုံးရုံးနှင့် ထောက်ခံအားပေးခဲ့လျှင် ကျွန်တော်တို့က ရှေ့တန်းကနေပြီး ဒီအာဏာပိုင်တွေက ရဲရဲဝံ့ဝံ့နှင့် အရေးဆိုပြီး တိုက်ပါမယ်။

    ကျွန်တော်ဟာ ကျောင်းသားများအကျိုးနှင့်တကွ တိုင်းပြည်အတွက်ကို တက္ကသိုလ်သမဂ္ဂအဖွဲ့ရဲ့ ဥက္ကဋ္ဌအနေနှင့် ရွ့ပ်ရွပ်ချွံချွံ ရွက်ဆောင်ပါ့မယ်လို့ သန္နိဋ္ဌာန်ချပြီး ဖြစ်ပါတယ်။ ရွက်ဆောင်တဲ့အခါ ကျွန်တော်တို့အမျိုးသားတွေနှင့်ချည်း မဖြစ်ပါဘူး။ အမျိုးသမီးတွေပါ တစ်ဖက်တစ်လမ်းက ပါဝင်ပြီး အကူအညီပေးမှ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အမျိုးသမီးဟာ တချို့နိုင်ငံတွေက အမျိုးသမီးတွေနှင့်မတူပါဘူး။ လွတ်လပ်ခွင့်တွေ အများကြီးရှိနေပါတယ်။ အမျိုးသမီးတွေ သမဂ္ဂအဖွဲ့ထဲ ဝင်ကြပါ။ ကျွန်တော့်ကို မဲပေးကြပါ။ ကျောင်းသားအရေးနှင့် နိုင်ငံအရေးအတွက် ကြိုးပမ်းကြပါလို့ ကျွန်တော် ပန်ကြားပါတယ်။

    ကျွန်တော်သာ တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်း  ခံခဲ့ရလျှင် ကျွန်တော်တို့ချမှတ်ထားတဲ့ ဝါဒအတိုင်း ကျင့်သုံးပါ့မယ်လို့ ဒီနေရာကနေပြီး ကြေညာပါတယ်။

    ကျွန်တော်နှင့် ကျွန်တော့်ရဲဘော်များက ကျင့်သုံးမယ့် အဓိကဝါဒကတော့ ဤတက္ကသိုလ်နယ်မြေမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားစိတ် နိုးကြားထက်သန် လာစေရန် ဖြစ်ပါတယ်။

    ယုံကြည်ချက်

    တက္ကသိုလ်နယ်မြေအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးဟာ ယခုအခါမှာ ပေါ်ပေါက် လာပါပြီ ၊ ဒီသမဂ္ဂအဆောက်အဦးဟာ ကျောင်းသားကျောင်းသူတွေ စုရုံးပြီး နိုင်ငံနှင့် အမျိုးသားရေး ကြိုးပမ်း ရန်အတွက် ဗဟိုအချက်အချာ နေရာကြီး ဖြစ်စေရမယ်။

    ကိုထွန်းစိန်ဘက်နှင့် ကိုအိန်ဘက်မှလူများ မဲဆွယ်ကြ၊ တရားဟောကြ၊ စည်းရုံးကြရင်းနှင့်ပင် ဥက္က္ကဌ ရွေးကောက်ပွဲနေ့ သို့ ရောက်ရှိ လာခဲ့လေသည်။

    ဥက္ကဌ ရွေးကောက်ပွဲကို နံနက် (၆) နာရီအချိန်တွင် စတင်ကျင်းပသည့် အချိန်မှသပြီး သမဂ္ဂအဖွဲ့ဝင် ကျောင်းသား အများအပြားပင် လာရောက်မဲပေးကြသည်။ ကိုထွန်းစိန်နှင့် ကိုအိန်ဘက်မှ လူများအားလုံး အား ကြိုးမာန်တက် မဲဆွယ်ကြသည်။ မဲဆွယ်ကြရာတွင် ကိုအိန်ဘက်မှ ကျောင်းသားများက သာလွန်သွားသည်။ ကိုအိန်ကို အားပေးသူ ကျောင်းသားများသည် နိုင်ငံရေးကို ဘာသာရေးနှင့် ရောနှောပြီး မဲဆွယ်ကြသည်။ ကို ထွန်းစိန်မှာ  မူဆလင်ဘာသာဝင်ဖြစ်သည်။

    (ကိုထွန်းစိန်ခေတ်က ဥက္ကဌရွေးကောက်ပွဲမှာ အမေရိကန် သမ္မတရေးကောက်ပွဲနှင့် ခပ်ဆင်ဆင် တူသည်။ သမဂ္ဂအဖွဲ့ ဝင် ကျောင်းသားများက လျှို့ ဝှက်မဲပေးစနစ်နှင့် ဥက္ကဌကို တိုက်ရိုက် ရွေးကောက်တင် မြှောက်ကြပါသည်။ သမဂ္ဂ အမှုဆောင်အဖွဲ့ဝင် များကိုလည်း ဤစနစ်ဖြင့်ပင်လျှင် ရွေးကောက်ရပါသည်ဟု ကို ထွန်းစိန်က ပြောပြပါသည်။)

    ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာလိုက်သည့် အချိန်မှစပြီး ရက်အတော်ကြာ ကိုထွန်းစိန် နိုင်မည်ဟု တစ်ပြေးနေသော်လည်း ကိုအိန်ကို ထောက်ခံကြသူများက အားကြီးမာန်တက် ကြိုးစားပြီး မဲဆွယ် ကြသဖြင့် မူလက ကိုထွန်းစိန်ကို ထောက်ခံ အားပေးသူများသည်ပင် ကိုအိန်ဘက်သို့  ရောက်ကုန်ကြသည်။ ကိုအိန်ကို အားပေးသည်ကို သဘောမကျ၍ ကိုထွန်းစိန်ဘက်မှ နေပြီး ရှုတ်ချကြသော ကျောင်းသား အများအ ပြားပင်လျှင် ဘာသာရေးစက်ခလုတ်၏ဒဏ်ကို မခံနိုင်ကြ၍ နောက်ပိုင်း၌ ကိုအိန်ဘက်သို့ ရောက်ကုန်ကြသည်။ ကိုအိန်ဘက်မှ လူများစည်းရုံးရေးတွင် တော်ကြပါ၏။ ကျောင်းသားထု၏ အညှာပျော့ကွက်ကို ကိုင်နိုင်ကြသူများ ဖြစ်သည်ဟု ယနေ့ အချိန်တွင် ကိုထွန်းစိန် ပြောပြပါသည်။

    အကြိတ်အနယ်

    ရွေးကောက်ပွဲတွင် ကိုထွန်းစိန်ကို ပုဂ္ဂိုလ်ရေးအရ အာဃာတ ရှိသူများကလည်း ကိုအိန်ဘက်သို့ မဲပေးကြသည်။ ကျောင်းအုပ်ကြီး အလိုတော်ရိများကလည်း ထိုနည်းတူပင်ဖြစ်သည်။

    ရွေးကောက်ပွဲနေ့ နေ့လယ်ပိုင်းအချိန်သို့ ရောက်လာသောအခါ နှစ်ဖက်သို့ မဲပေးကြသူများအားလုံး အကြိတ်အနယ်ဖြစ်လာလေသည်။ နှစ်ဖက်မှ လူများ၏စိတ်များမှာ အကြီးအကျယ် လှုပ်ရှားလျက် ရှိနေကြသည်။  သူ့ဘက်နှင့် ကိုယ့်ဘက် ဘယ်ဘက်က နိုင်မည်ဟု မခန့်မှန်းနိုင်ကြလောက်အောင် ဖြစ်လာသော်လည်း ကိုအိန်ဘက်မှလူများမှာ အိုးစည်၊ ဗုံမောင်းတွေကို တီးကြရင်းနှင့်ပင် မဲဆွယ်လျင်ပင် နေကြသည်။ ရွေးကောက်ပွဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။

    နှစ်ဖက်မှမဲများကို စေ့စေ့စပ်စပ်နှင့် ရေတွက်ခဲ့ရာမှာ ညဥ့်နက် ၁၁ နာရီအချိန်မှ ပြီးဆုံးသွားခဲ့လေသည်။ ရွေးကောက်ပွဲကော်မတီ ဥက္ကဋ္ဌ ကိုကျော်ခင်သည် ဥက္ကဋ္ဌ ထိုင်သည့် ကုလားထိုင်မှ ထကာ မဲအရေအတွက်ကို ကျောင်းသားများကို ကြေညာရန် ဟန်ပြင်လိုက်လေသည်။ အစည်းအဝေးခန်းမတွင် ရှိနေကြသော ကျောင်းသားများအားလုံး ငြိမ်သက်စွာနှင့် နားစွင့်နေကြသည်။ အခန်းကြီးတစ်ခန်းလုံးမှာ တိတ်ဆိတ်နေ၏။

    ကိုကျော်ခင်က-

    “တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်အပေါင်းတို့၊ ရွေးကောက်ပွဲကော်မတီသည် မဲများကို ရေတွက်ကြည့်သောအခါ ယှဉ်ပြိုင်ကြသူ နှစ်ဦးစလုံးရရှိကြသော မဲအရေအတွက်များမှာ တူညီနေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဒီနှစ်ဦးအတွက် မည်သူအနိုင်ရသင့်သည်ကို ဆုံးဖြတ်ပေးရန် ရွေးကောက်ပွဲ ကြီးကြပ်ပေးသည့် ကော်မတီအပေါ်၌ တာဝန်ကျရောက်လာပါသည်။ သမဂ္ဂစည်းမျဉ်းဥပဒေအရ ယှဉ်ပြိုင်ကြသော သူနှစ်ဦးတို့ ရရှိသောမဲအရေအတွက်မှာ တူညီနေခဲ့လျှင် ချယ်ရာမင်သည် အနိုင်မဲကို သူပေးချင်သည့်ဘက်သို့ ပေးနိုင်ခွင့်ရှိပါသည်။ မဲဆန္ဒပေးခြင်းမှာ တရားမမျှတဟု ကန့်ကွက်လာခဲ့ပါလျှင်လည်း ရွေးကောက်ပွဲကိုလည်း ထပ်မံကြီးကြပ် ကျင်းပခွင့်ရှိပါသည်။ ကျွန်တော်သည် ဥက္ကဋ္ဌအနေနှင့် ဤကိစ္စကို အလျင်စလို အဆုံးအဖြတ် မပေးလိုသေးပါ။ ရွေးကောက်ပွဲ ကြီးကြပ်သော ကော်မတီအားလုံးနှင့် လေးနက်စွာ ဆွေးနွေးတိုင်ပင်ရပါဦးမည်။ ဤသို့ ပြောဆိုရသည်မှာ တရားမျှတစေရန်အတွက်သာ ဖြစ်ပါသည်။ အခြား ဘာအကြောင်းမျှမရှိပါ။ သို့အတွက် ယနေ့ည အဆုံးအဖြတ် မပေးသေးဘဲ နက်ဖြန် ၈နာရီ အချိန်ကျမှာသာ ကျွန်တော်၏ မဲဖြင့် အဆုံးအဖြတ်ပေးပါမည်” ဟုပြောပြီး ထုတ်ဖော်ကြေညာလိုက်လေသည်။ တစ်ဦးတစ်ယောက်မျှ စကားမပြောနိုင်ကြပါ။ သမဂ္ဂအဖွဲ့ဝင်အားလုံး လိပ်ခဲတည်းလည်းနှင့်ပင် သမဂ္ဂ အဆောက်အဦးမှ ပြန်သွားကုန်ကြသည်။ မည်သူ့ကို အနိုင်ပေးမည်။ ရွေးကောက်ပွဲကိုပဲ ထပ်မံကျင်းပပေးမည်။ အဖက်ဖက်မှ ကန့်ကွက်သူ ပေါ်ပေါက်လာလျှင် ရွေးကောက်ပွဲ ကြီးကြပ်သည့် ကော်မတီက ပြဿနာကို မည်သူဖြေရှင်းမည်ကို ကျောင်းသားများအားလုံး မျှော်တလင့်လင့်နှင့် ရှိနေကြတုန်းပင် ဖြစ်သည်။ ”

    နောက်တစ်နေ့ ၈ နာရီအချိန်တွင် ကျောင်းသားသမဂ္ဂ အဆောက်အဦး အတွင်းမှာ လာရောက်ကြသော ကျောင်းသားများနှင့် ပြည့်နှက်လျက် ရှိနေ၏။

    ချယ်ရာမင် ကိုကျော်ခင်က ယမန်နေ့က မဲဆန္ဒပေးပွဲမှာ တရားမျှတမှု ရှိမရှိနှင့် ရွေးကောက်ပွဲကော်မတီ၏ ဆောင်ရွက်ချက်များအပေါ်တွင် ကျေနပ်မှု ရှိမရှိ ရွေးကောက်ပွဲကော်မတီ၏ ဆောင်ရွက်ချက်များအပေါ်တွင် ကျေနပ်မှု ရှိမရှိ ရွေးကောက်ပွဲမှာ စည်းမျဉ်းဥပဒေအတိုင်း ကော်မတီက ဆောင်ရွက်ပေးခဲ့သည်။ မပေးခဲ့သည်ကို စတင် မေးမြန်းလေသည်။ အရွေးခံသူ နှစ်ဦးစလုံးကို အားပေးသော ကျောင်းသားများက ကန့်ကွက်စရာမရှိပါ။ ရွေးကောက်ပွဲကော်မတီ တရားမျှတစွာ ဆောင်ရွက်ပေးခဲ့ပါသည်။ အားလုံးကပင် ကျေနပ်ပါသည်။ လစ်ဟင်းမှုများ၊ မသမာမှုများ လုံးဝ မရှိပါ။ ကော်မတီပင် တိကျမှန်ကန်စွာ အဆုံးအဖြတ် ပေးလိမ့်မည်ဟု ယုံကြည်ကြကြောင်းကို ပြန်ဖြေကြလေသည်။

    ချယ်ရာမင် ကိုကျော်ခင်က ဤသို့ဆိုလျှင် ကျွန်တော်နှင့်တကွ ကော်မတီ၏ ဆုံးဖြတ်ချက်ကို ယခုအခါ တင်ပြပါတော့မည်။ ဤရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသော ပုဂ္ဂိုလ်နှစ်ဦး၏ အရည်အချင်းကို ယုံမှားသံသယ မရှိပါ။ နှစ်ဦးစလုံးပင် တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ၏ တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ပြီး  ကျောင်းသားများကို ဦးဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဥက္ကဋ္ဌနေရာအတွက် ရွေးကောက်ပွဲအသစ် ထပ်မံကျင်းပပေးရမည်လား သို့မဟုတ် ကျွန်တော် ဥက္ကဋ္ဌအနေနဲ့ အနိုင်မဲကိုပဲ မည်သူ့ကိုပေးရမည်လား။ ထိုကိစ္စနှစ်ရပ်အတွက် ကြာမြင့်စွာ အချိန်ယူပြီး လေးနက်စွာ စဉ်းစားကြည့်သောအခါ ယခုပြီးစီးသွားသော ရွေးကောက်ပွဲမှာ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု နှစ်ဦး နှစ်ဖက် စလုံးမှ အတိအလင်း ဖွင့်ဟ ပြောဆိုကြပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော် ပေးပိုင်ခွင့် ရှိနေသော အနိုင်မဲကို အသုံးပြုပြီး အဆုံးအဖြတ် ပေးပါတော့မည်။ ကိုထွန်းစိန်နှင့် ကိုအိန် တို့၏ အရည်အချင်းများမှာ တူညီနေသော်လည်း ကိုထွန်းစိန်သည် သူ၏ ကောလိပ်သက်တမ်းတစ်လျှောက်၌  မျိုးချစ်စိတ် အလွန်ထက်သန်လှပြီး ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ပေသည်။ ဗြူရိုကရက်ကြီးများကို ရင်ဆိုင်ရာတွင်လည်း သတ္တိပြောင်မြောက်လှပေသည်။ တက္ကသိုလ်ကျောင်းသားများအတွက်သာမက တိုင်းပြည်တစ်ပြည်လုံးမှ တိုင်းရင်းသားများ အကျိုးအတွက်ကိုပါ မျှော်ကိုးပြီး အမျိုးသားရေးကိစ္စများ၌လည်း ဝင်ရောက် ရွက်ဆောင်လိုသော စိတ်ဆန္ဒ ပြင်းပြစွာ ရှိသည်ကို တွေ့နေရသည်။ သို့ဖြစ်၍-

    “ကော်မတီ၏ ချယ်ရာမင်ဖြစ်သူ ကျွန်ုပ် ချယ်ရာမင် ကော်မတီသည် ရန်ကုန်တက္ကသိုလ်ဥပဒေ ပထမနှစ်သင်တန်း၌ တက်ရောက်သင်ကြားနေသော ကိုထွန်းစိန်ဘက်သို့ အနိုင်မဲ ပေးလိုက်သည်ဖြစ်ကြောင်း ဤနေရာမှ ကျောင်းသားထုအား ကြေညာလိုက်ရပါသည်။”

    ကိုထွန်းစိန်ကို အနိုင်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်သမဂ္ဂအဆောက်အဦးတစ်ခုလုံးမှာ လက်ခုပ်သံများနှင့် ဆူညံသွားလေသည်။ လက်ခုပ်သံများ ဆူညံသွားခဲ့သော်လည်း အိုးစည် ဗုံမောင်းသံများမှာမူ ထွက်ပေါ်မလာနိုင်တော့ပါ။ ဒို့ဘက်ကလူနိုင်လျှင် ကခုန်ပြီး တအားရိုက်တီးလိုက်မည်ဟု အားခဲလာကြသူများမှာ မကြံနိုင်ဘဲ လက်မှိုင်ချကာ ပြန်ကြရလေတော့သည်။ ကျောင်းသားအားလုံးသည်လည်း အစည်းအဝေးခန်းမဆောင်မှ ထွက်ခွာသွားကြသည်။

    ချယ်ရာမင် ကိုကျော်ခင်သည် အနိုင်မဲကို ကိုထွန်းစိန်သို့ ပေးပြီးလေသောအခါ ဆက်လက်၍ “ဤနေရာက ကျွန်တော် ဖယ်ပေးပါတော့မည်။ မဲဆန္ဒနှင့် အရွေးခံရသော ကိုထွန်းစိန်ခင်ဗျား။ ဥက္ကဋ္ဌရဲ့ ကုလားထိုင်ပေါ်မှာ လာရောက်ထိုင်ပါ” ဟုပြောကာ ဖိတ်ခေါ်ပြီးနောက် စင်မြင့်ပေါ်မှ ဆင်းသွားလေသည်။

    ပထမဆုံးအကြိမ် ကျောင်းသားများ မဲဆန္ဒနှင့် ရွေးကောက်တင်မြောက်ခြင်း ခံရလိုက်ရသော ကိုထွန်းစိန် စင်မြင့်ပေါ်သို့လာပြီး ဥက္ကဋ္ဌနေရာ၌ ဝင်ရောက်ထိုင်လိုက်သည်။

    “ရဲဘော်တို့၊ ကျွန်တော့်ကို မဲဆန္ဒပေးကြတဲ့အတွက် အလွန် ကျေးဇူးတင်ပါတယ်။  ဤသမဂ္ဂအမှုဆောင်ကော်မတီ၏ ဥက္ကဋ္ဌရွေးကောက်ပွဲဟာ တက္ကသိုလ်သမိုင်းမှာ ပထမဆုံးအကြိမ် ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ရှေးက တစ်ကြိမ်တစ်ခါမျှ ဒီလိုအဆောက်အဦးမျိုးမှာ ဒီလိုသမဂ္ဂမျိုး မပေါ်ဘူးသေးပါ။ ယခုမှ ကျောင်းသားထုနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးအတွက် ကြိုးပမ်းလှုပ်ရှားရန် ခြေကုပ်ယူရမယ့် ဗဟိုအချက်အခြာ နေရာကြီး ပေါ်လာတာဟာ ဝမ်းသာစရာပါပဲ။ ကျွန်တော်တော့ ဤကျောင်းသားသမဂ္ဂကြီးကနေပြီး တစ်နေ့ကျလျှင် မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရအောင် ဦးဆောင်ပေးနိုင်မယ့် သားကောင်းရတနာတွေ ပေါ်ထွက်လာလိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ ဒီလို ပေါ်ထွက်လာနိုင်ရေးအတွက် ယခုကစပြီး ကျွန်တော်တို့အားလုံး စုပေါင်းပြီး ကြိုးပမ်းသွားကြရပါလိ့မ်မယ်။ လွတ်လပ်ရေး ပန်းတိုင်သို့ ရောက်အောင် သွားရမယ့်ခရီးကတော့ ရှည်ဝေးလှပါသေးတယ်။ လွတ်လပ်ရေးပန်းတိုင်သို့ သွားရမည့်ခရီး၊ လမ်းခရီးတစ်လျှောက်မှာ အန္တရာယ်တွေ အနှောင့်အယှက်တွေ ဆူးငြောင့်ခလုပ်တွေ ရန်သူတွေကို အများကြီး ရင်ဆိုင်ကြရပါလိ့မ်ဦးမယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

    ကျောင်းသားသမဂ္ဂအဖွဲ့ဟာ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအုပ်ကြီးရဲ့ လက်အောက်မှာ မရှိစေရပါဘူး။ အခမ်းအနားတွေ အဆောက်အဦးတွေမှာ လွှင့်လေ့ရှိတဲ့ အင်္ဂလိပ်နယ်ချဲ့တွေရဲ့အလံ၊ ယူနီယံဂျက်အလံကို ဒီတက္ကသိုလ် သမဂ္ဂ အဆောက်အဦးမှာ မလွှင့်ဘဲ မြန်မာတို့အလံဖြစ်တဲ့ ဒေါင်းအလံကိုသာ ယခုအချိန်မှစပြီး လွှင့်ထူပါ့မယ်။ ကျွန်တော်တို့တစ်တွေ အသိအမှတ်ပြုတဲ့ အလံဟာ ဒေါင်းအလံသာ ဖြစ်စေရမယ်။ ဒေါင်းအလံဟာ ရှေးမြန်မာတို့ရဲ့ အလံပါပဲ။ ယခုအချိန်ကစပြီး ကျွန်တော်တို့ တစ်တွေဟာ ဒေါင်းအလံကိုသာ အလေးပြုရပါလိမ့်မယ်။ ယူနီယံဂျက်အလံကို အလေးမပြုတော့ပါဘူး။ ယခင်က ကျွန်တော်တို့အဆို တင်သွင်းထားခဲ့တဲ့အတိုင်း တက္ကသိုလ်ကျောင်းဖွင့်တဲ့အချိန်ကစပြီး အခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေ ကျင်းပတဲ့အခါမှာ သီဆိုလာခဲ့တဲ့ အင်္ဂလိပ်အမျိုးသား နယ်ချဲ့အမျိုးသားသီချင်းအစား မြန်မာအမျိုးသားသီချင်းကိုသာ သီဆိုကြရန် ကြံရွယ်ထားပါတယ်” ဟုပြောကြားပြီး မိန့်ခွန်းကို နိဂုံးချုပ် လိုက်လေသည်။

    တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ မိန့်ခွန်းပြီးဆုံးသွားသောအခါ သမဂ္ဂအဆောက်အဦးကြီး၏ အစည်းအဝေးခန်းမဆောင်ကြီးအတွင်း၌ လက်ခုပ်သံများနှင့် ကြွေးကြော်သံများမှာ သန်းခေါင်အချိန်တိုင် ဟိန်းသွားလေတော့သည်။ ပထမဦးဆုံးအကြိမ် တက္ကသိုလ်ကျောင်းသားထုက ရွေးချယ်တင်မြှောက်ခြင်းခံရသော ဥက္ကဋ္ဌ၏မိန့်ခွန်း ပြီးဆုံးသွားသောအခါ ည ၁၂ နာရီကျော်ပြီဖြစ်၍ ကျောင်းသားအားလုံး ခန်းမဆောင်ကြီး အတွင်းမှ ထွက်ခွာသွားကြလေသည်။

     

    ဒေါက်တာမြင့်ဆွေ

     

     

  • ပဉ္စသိင်္ခ့ စောင်းကြိုးပြတ် (အပိုင်း ၃ )

    ပဉ္စသိင်္ခ့ စောင်းကြိုးပြတ် (အပိုင်း ၃ )

    မြန်မာပြည်က ကျိုးပေါက်နေတဲ့ ကတိက၀တ်

    ကိုရေး ပတ္တိဆင်
    ယေးလ်တက္ကသိုလ် ဘွဲ့လွန်ကျောင်းသား
    ဇူလိုင်လ ၁၉ ရက် ၊ ၂၀၁၂
    Source: http://www.aljazeera.com/

    ဗမာတစ်ကျပ်ဆို ခင်ဗျားတို့လည်း တစ်ကျပ်ပဲ။ (ဗိုလ်ချုပ်အောင်ဆန်း)

    မြန်မာပြည်က လူနည်းစုတိုင်းရင်းသားတွေထံ ကျွန်တော်အလည်အပတ်ရောက်သွားတဲ့အခါ အဲဒီသမိုင်းဝင် အာမဘန္တေခံချက်ကို ကြားသိခဲ့ရတာပါ။ အဲဒီစကားကို ကိုလိုနီဆန့်ကျင်ရေး လွတ်လပ်ရေးကြိုးပမ်းမှုသူရဲကောင်း၊ အောင်ဆန်းစုကြည်ရဲ့ဖခင်က ၁၉၄၇ မှာ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုလက်မှတ်ထိုးကြမယ့် တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပင်လုံစာချုပ်လက်မှတ်ရေးထိုးပွဲမှာ ပြောခဲ့တာပါ။ နိုင်ငံထွက် သယံဇာတအရင်းအမြစ်တွေကို လူများစုဗမာတွေနဲ့ တိုင်းရင်းသားလူမျိုးစုများအကြား သာတူညီမျှ ဖြန့်ဝေခံစားဖို့ မပြုလုပ်နိုင်ခဲ့ခြင်းကတော့ ဒီကတိစကားကို ဖြည့်ဆီးဖို့ရာ ပျက်ကွက်ခြင်းပါပဲ။ အဲဒီ အကြောင်းကပဲ ပင်လုံအပြီး မကြာမြင့်မီမှာ ဖြစ်ပျက်ခဲ့တဲ့ အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့ချိန်ကနေ ယနေ့ထိ သံသရာလည်နေတဲ့ ပဋိပက္ခတွေမှာ အဓိကအခရာဖြစ်နေတာပါ။ ဒီပဋိပက္ခကပဲ မြန်မာ့နိုင်ငံရေးကို အဓိပ္ပါယ်ဖွင့်ဆိုနေတာ တင်မဟုတ်ဘဲ လက်ရှိ ဒီမိုကရေစီကူးပြောင်းရေးမှာလည်း များမြောင်လှတဲ့ ကွာဟချက်တွေကို ထွက်ပေါ်စေပါတယ်။

    လက်ရှိ လူထုအတင်မြှောက်ခံ အချို့ပါရှိတဲ့ အစိုးရအဖွဲ့ကတော့ ဒီမိုကရေစီကူးပြောင်းရေးမှာ ထိတွေ့ကိုယ်တွင်လို့ရတဲ့ အကျိုးဆက်တွေ ရတဲ့အထိ အသိအမှတ်ပြုလောက်ဖွယ် တိုးတက်မှုတွေကို လုပ်ဆောင်ခဲ့ပြီးပါပြီ။  အစိုးရဘက်က သံတော်ဆင့်တွေကို ဆင်ဆာမထိတဲ့ ပုဂ္ဂလိကသတင်းတွေနဲ့ ယေဘုယျ အစားထိုးခဲ့ပါတယ်။ အဲဒီ ပုဂ္ဂလိကသတင်းစာတွေရဲ့ မျက်နှာဖုံးမှာတော့ နေရာတကာမှာ တွေ့နေရတဲ့ အောင်ဆန်းစုကြည်ရဲ့ ပုံတွေနဲ့ ပြည့်နှက်နေပါတယ်။ သူမရဲ့ပါတီ အင်အဲလ်ဒီက လွန်ခဲ့တဲ့ခြောက်လ လောက်ကမှ တရားဝင်ပြီး ၁၂ နှစ်အတွင်းမှာ ပထမဆုံး နိုင်ငံရေးထဲ ပြန်လည်ဝင်လာခဲ့တာပါ။ ဧပြီလတုန်းက ကျင်းပတဲ့ လွတ်လပ်တယ်လို့ သုံးသပ်ရတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အင်အဲလ်ဒီက အမတ် ၄၄ နေရာမှာ ၄၃ နေရာ ရွေးချယ်ခံခဲ့ရပါတယ်။

    သို့ပေမယ့် အပြောင်းအလဲဖြစ်စဉ်များကတော့ အထီးတည်းဖြစ်နေဆဲပါ။ တောဘက်ကျတဲ့နေရာတွေမှာ လူနည်းစု တိုင်းရင်းသားတွေ အခြေချနေထိုင်ကြတာပါ။ အဲဒီဒေသအများစုကတော့ လွန်ခဲ့တဲ့နှစ်တွေမှာ ယို့ယွင်းပျက်ဆီးသွားခဲ့ပြီလို့ အချက်အလက်များအရ သိရပါတယ်။ အဲဒီဒေသတွေက လူမှုရေးပဋိပက္ခများကတော့ စစ်အုပ်ချုပ်ရေးအတွက် အခွင့်ကောင်းတွေပါပဲ။ လူနည်းစုတိုင်းရင်းသားတွေရဲ့ ဖိနှိပ်ညှင်းပမ်းမှုဒဏ်တွေကြောင့် အကောင်းမြင်ဝါဒီများရဲ့ နိုင်ငံရေးနယ်ပယ်မှာ အာရုံပြုဂရုမူဖို့ အသံတွေထွက်ပေါ်လာပြီး ယနေ့မှာတော့ အဲဒီကိစ္စဟာ သတင်းစာအများစုရဲ့ ခေါင်းကြီးပိုင်းမှာ နေရာယူထားပါတယ်။ မြန်မာပြည်က ငြိမ်းချမ်းရေးကို ကမ္ဘာကသြဘာပေးနေ ပေမယ့်လည်း တိုင်းရင်းသားလူနည်းစုတွေရဲ့ ဒေသများမှာတော့ ပြည်တွင်းစစ်တွေဖြစ်နေဆဲပါ။ ဒါကြောင့်ပဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် စိန်ခေါ်မှုတွေ၊ လမ်းချော်မှုတွေ ဖြစ်လာနိုင်ပါတယ်။

    ဖုန်းကွယ်ခံထားရတဲ့ အတိဒုက္ခခံစားရမှု

    ခရစ်ယာန်သာသနာဝင်အများစုရှိနေတဲ့ မြောက်ပိုင်းက ကချင်ပြည်နယ်မှာတော့ မြန်မာစစ်တပ်က ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ကို ထိုးစစ်ဆင်နေပါတယ်။ ဒါကြောင့် လူပေါင်း ၇သောင်း ၅ထောင်လောက် နေရာပြောင်းရွှေ့ခဲ့ရသလို တရုတ်နယ်စပ်မှာလည်း အဲဒီဒုက္ခသည်တွေ ပျံ့နှံ့နေပါတယ်။ ၂၀၁၁ ဖေဖော်ဝါရီမှာ နှစ်ဖက်သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်ဆဲရေးက အရာမထင်ခဲ့ပါဘူး။ စစ်ဖြစ်နေတဲ့ ဧရိယာကို အစိုးရကတဘက် ကေအိုင်အိုကတဘက် ထိန်းချုပ်ထားပါတယ်။ ကေအိုင်အိုကတော့ သူတို့ဒေသကို ကိုယ်ပိုင်အုပ်ချုပ်နေပြီး ကျန်းမာရေး၊ ပညာရေးနဲ့ တရားမျှတရေးဌာနတွေစတဲ့ လူမှုရေးဝန်ဆောင်မှုတွေကို လည်း ဆောင်ရွက်ပေးနေပါတယ်။

    ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ နေထိုင်သူတစ်ဦးကတော့ သူတို့မြို့မှာ တနေ့ကို လေးငါးနာရီလောက်သာ လျှပ်စစ်မီးရကြောင်း၊ ဒါကပဲ ကေအိုင်အေကို ထောက်ခံနေတဲ့ တိုင်းရင်းသား အုပ်စုတွေအတွက် လုံလောက်ပြီး အတတ်နိုင်ဆုံး လိုက်လျောထားတဲ့ ၀န်ဆောင်မှုလို့ မှတ်ယူကြောင်းပြောပြပါတယ်။ ဒေသခံများကတော့ ကေအိုင်အေကို ထောက်ခံမှုမြင့်မားပြီး ပွင့်ပွင့်လင်းလင်းလည်း ရှိကြပါတယ်။ အစိုးရရဲ့ တင်ပြချက်တွေကတော့ လူထုက ထင်မြင်ယူဆထားတဲ့ နိုင်ငံရေးအသိတရား အမှန်ဖြစ်စဉ်တွေကို မီးခိုးမှိုင်းတွေလိုကာပြီး ၀ိုးတိုးဝါးတား ဖြစ်နေစေပါတယ်။ ညဘက်တွေမှာ ထုတ်လွှင့်တဲ့ အစိုးရသတင်းတွေမှာ ကေအိုင်အေတွေ လက်နက်ချတဲ့ အကြောင်း ပြသနေပေမယ့် တကယ်တန်းမှာတော့ လူထု အမှန်တကယ်မြင်တွေ့နေတာက အဲလိုဖြစ်စဉ်မျိုး မဟုတ်ပါ။ ကချင်လူထုကတော့  အစိုးရဘက်က ထုတ်လွှင့်ပြသနေတယ့် လက်နက်ချကေအိုင်ကေ စစ်သားတွေက အတုတွေလို့ ထင်မြင်ယူဆနေပါတယ်။

    တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကချင် စစ်ဘေးဒုက္ခသည် စခန်းတခု

    မြစ်ကြီးနားအပြင်ဘက်မှာတော့ ကေအိုင်အေတွေ အုပ်ချုပ်နေတဲ့ဒေသကို အစိုးရက အင်အားကြီးစစ်တပ်နဲ့ ၀န်းရံပိတ်ဆို့ထားပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာကူညီထောက်ပံ့ရေး အစီအစဉ်တွေကို နေရာထိုင်ခင်း ပျောက်ဆုံးနေကြ ရတဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်များကို အလိုအပ်ဆုံးသော ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးကနေ တားဆီးပိတ်ပင်ထားပါတယ်။ ဒီတော့ ကချင်ခရစ်ယာန် နှစ်ချင်းအသင်းက သာသနာပြုပုဂ္ဂိုလ်တွေက သူတို့ကိုယ်သူတို့ ကယ်ဆယ်ရေးလုပ်သားတွေအသွင် ဖန်တီးပြီး လူပေါင်း ၂ သာင်းလောက်ကို အကူအညီပေးနေကြပါတယ်။ အကူအညီပေးရေးအဖွဲ့မှာ လူပေါင်း ၃ သိန်းလောက်ရှိတဲ့ ကွန်ယက်ရှိနေတာကြောင့် မြန်မာပြည်မှာတော့ လူမှုကူညီရေး အဖွဲ့တွေထဲမှာ အင်အားကြီးအဖွဲ့တစ်ခုပါပဲ။

    အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာတဲ့အခါမှာတော့ ဒီဒုက္ခသည်တွေက သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အတွေ့အကြုံတွေကို ပြန်ပြောပြခဲ့ပါတယ်။ ဖြစ်စဉ်တွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ ရွာတွေကို မီးရှို့တယ်၊ ဖမ်းဆီးနှိပ်စက်တယ်၊ မုဒိန်းကျင့်တယ်။ တချို့ဒုက္ခသည်တွေက အဲဒီဒုက္ခသည် စခန်းရောက်နေတာ တစ်နှစ်ကျော်လောက်တောင် ရှိပါတယ်။ အိမ်ပြန်ဖို့ကတော့  မျှော်တိုင်းဝေးနေရဆဲပါ။ သူတို့အားလုံးက အစိုးရအနေနဲ့ ကချင်အားလုံးကို ကေအိုင်အေလို့ သတ်မှတ်ထားလို့ သူတို့ရဲ့ ဘ၀တည်မြဲရေးကို ကြောက်ရွံ့စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေကြတာပါ။

    စစ်ဖြစ်နေတဲ့ ကချင်ဒေသကတော့ သဘာဝအရ ချမ်းသာတဲ့ဒေသဖြစ်ပြီး အဖိုးတန်ကျောက်စိမ်းထွက်ပါတယ်။ ဒါ့ပြင် သံနဲ့ သစ်လည်းထွက်ပါတယ်။ ဧရာဝတီမြစ်ကြီး မြစ်ဖျားခံတဲ့ဒေသလည်းဖြစ်ပါတယ်။ အဲဒီဒေသမှာ ဧရာဝတီမြစ်ကို ပိတ်ပြီး ဒေါ်လာဘီလီယံတန်တဲ့ ဆည် ၇ ခုထဲမှာ အကြီးဆုံး ဆည်ဆောက်ဖို့အစီအစဉ်ကို သမ္မတသိန်းစိန်က မမျှော်လင့်တဲ့အနေအထားကနေ တားမြစ်ပိတ်ပင်လိုက်ပါတယ်။ ဒီကြေညာချက်ကတော့ တရုတ်အနေနဲ့ မြန်မာအပေါ် သြဇာလွှမ်းမိုးမှုမြင့်တက်လာတဲ့အပေါ်မှာ အစိုးရဘက်က (တခုခုလုပ်ပြတဲ့အနေနဲ့) အခုလိုကြေညာလိုက်ခြင်းဖြစ်တယ် လို့ အများစုက ယူဆကြပါတယ်။ မြစ်ဆုံဆည်ကြီးပြီးသွားရင်လည်း ရလာမဲ့ လျှပ်စစ်ရဲ့ ၉၀ ရာနှုန်းလောက်က တရုတ်၊ ယူနန်ပြည်ထဲ ရောက်သွားမှာပါ။

    ဒေသခံတွေကတော့ ဆည်ကြီးဟာ လုံးဝမဆောက်တော့ဘဲ ရပ်တန့်သွားတာမျိုးမဟုတ်ဘဲ ခေတ္တခဏတန့်သွားတဲ့ သဘောမျိုးပဲလို့ သိထားကြပါတယ်။ သူတို့က ဧရာဝတီမြစ်ရေနီနီတွေကို ညွှန်ပြပြီး တရုတ်လုပ်သားတွေ ဆည်ကြီးကို ဘယ်လိုဘယ်ပုံစတင်အုတ်မြစ်ချခဲ့သလဲဆိုတာ ပြောပြပါတယ်။ ဒီလိုဆည်ကြီး တည်ဆောက်လို့ ဒေသခံရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ဆည်ဆောက်နေစဉ်မှာ တရုတ်အလုပ်သမားတွေက ရွှေတူးဖော်ရေးလုပ်ငန်းအတွက် အများအပြား ၀င်ရောက်လာကြပါတယ်။ ဒေသခံပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုတွေအတွက်တော့ မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်တံ့လိုက်တာက အောင်မြင်မှုကြီး တစ်ခုဖြစ်ပေမယ့်လည်း အစိုးရအတွက် အကျိုးအမြတ်ဖြစ်ထွန်းလှတဲ့ ကချင်ဒေသထွက် သယံဇာတတွေကို တရုတ်ဆီအစုလိုက်အပြုံလိုက် ရောက်ဖို့ အချိန် နည်းနည်းလေး နှောင့်နှေးသွားတာမျိုးပါပဲ။

    ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့  နယ်မြေဒေဆိုင်ရာ နိုင်ငံရေး

    နိုင်ငံခြားကုမ္ပဏီတွေက ကချင်မှာတင် သယံဇာတတွေထုတ်ယူနေကြတာမဟုတ်ပါ။ မြန်မာအရှေ့ဘက် ရှမ်းပြည်မှာတော့ တရုတ်ပက်ထရိုလီယံကုမ္ပဏီက နှစ်နိုင်ငံဆက်သွယ်ဖို့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းကြီးကို ဆောက်လုပ်နေပါတယ်။ ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူမြို့ကနေ ကူမင်းအထိဖော်ပြီး ဆောက်လုပ်နေတာပါ။ ဒီကနေ ပင်လယ် ဆိပ်ကမ်းမြို့နဲ့ ချိတ်ဆက်မိပြီး ရေနံထုတ်ယူနိုင်တဲ့ အခြေအနေကို ဖန်တီးနိုင်မယ်။ အဲဒီကနေ ရလာတဲ့အကျိုးအမြတ်ကတော့ မြန်မာနိုင်ငံတွင်းရောက်ရှိလာမှာတော့မဟုတ်ပါ။ အချက်အလက်များအရ ၂၀ ရာနှုန်းအောက်လောက် သာသာရှိတဲ့ မြန်မာပြည်တွင်းနေအိမ်များသာ ပုံမှန်လျှပ်စစ်မီးရနေတာပါ။

    စိတ်ဝင်စားစရာကောင်းတာက ရှမ်းလယ်သမားများရဲ့ ပြင်းထန်တဲ့ဆန္ဒထုတ်ဖော်မှုက ကချင်မှလိုပဲအရာမထင်ပါ။ ဒါကလည်း တရုတ်တည်ဆောက်သူများရဲ့ ထိရောက်တဲ့နည်းဗျူဟာလို့ တစိတ်တပိုင်း ကင်ပွန်းတပ်နိုင်ပါတယ်။ သူတို့ကလည်း မြစ်ဆုံအရေးကတည်းက မြန်မာမှာ တရုတ်ဆန့်ကျင်ရေးပျံ့နှံ့နေပြီဆိုတာ ရိပ်မိနေပုံပဲ။ တရုတ်အတွက် ဒီရေနံပိုက်လိုင်းတည်ဆောက်ပြီး အရေးကြီးတဲ့ နယ်မြေဒေသဆိုင်ရာ မဟာဗျူဟာမြောက် တိုးတိုးတိတ်တိတ်လှုပ်ရှား မှုဟာ သင်္ချာဂဏန်းများ အရ ငွေရေးကြေးရေးတွေ၊ ရုပ်မြင်သံကြားကဏ္ဌတွေ အပါအ၀င် အားလုံးတွက်ချက်ကြည့်လိုက်တဲ့အခါ အမေရိကန်တို့ ထိန်းချုပ်ထားတဲ့ မလေးနဲ့ အင်ဒိုကြားက မလက်ကာရေလက်ကြားကို ကျော်ဖြတ်သွားနိုင်သလို အရှေ့အလယ်ပိုင်းက ရေနံထိန်းသိမ်းထားတဲ့နေရာတွေထိ တိုက်ရိုက် ထိတွေ့နိုင်လောက်အောင် (ကုန်ကျစရိတ်ရှိနေပါတယ်။ )

    ရှမ်းတွေကတော့ ပြည်နယ်တွင်းမှာ လတ်လတ်ဆတ်ဆတ် ရရှိထားတဲ့ ဒဏ်ရာဒဏ်ချက်တွေပြည့်နေနဲ့ အနီရောင် (တရုတ်ပိုက်လိုင်းကြောင့် ဖယ်ပေးလိုက်ရတဲ့) အနီရောင် လယ်မြေများအတွက် တစုံတရာ မခံစားရဘူးဆိုတာ မဖြစ်နိုင်သလို ဒီဖြစ်စဉ်က နိုင်ငံရေးဆိုင်ရာ အစီအစဉ်တွေကို ကိုယ်စားပြုနေတာကလည်း သူတို့စိတ်ခံစားချက်အပေါ် အကျိုးသက်ရောက်နေပါတယ်။  တရုတ်ပိုက်လိုင်းတလျှောက်မှာတော့ အစိုးရတပ်နဲ့ ရှမ်းတပ်တို့ တိုက်ခိုက်နေခဲ့ပါပြီ။ အစိုးရတပ်က အင်အားကြီးလွန်းတော့လည်း ရှမ်းတပ်မတော်က အပစ်အခတ်ရပ်ဆဲဖို့ လိုအပ်ကြောင်း သိမြင်မှုတွေ တစစ မြင့်မားလာပါတယ်။

    ဒေသခံတွေကတော့ ဒီလိုမျိုးပဋိပက္ခတွေကို တွေ့ကြုံရဖန်များလာတော့ ဗဟိုအစိုးရနဲ့ အရင်စစ်တပ်က ပိုင်ဆိုင်မှုထားမှုအများအပြားကြောင့် သူတို့ရဲ့ အယုံအကြည်မရှိမှု သံသယများဟာ တစစတိုးတက်များပြားလာပါတယ်။ ဒီရှမ်းမြေမှာပဲ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အစိုးရစစ်ဆေးရေး အမြောက်အမြားပြုလုပ်ခဲ့ဖူးပါတယ်။ “အဲဒီအချိန်ကတော့ အိပ်မက်ဆိုးပါပဲ၊ မေ့ပစ်ဖို့ ခက်ပါတယ်” လို့ ကျောက်မဲ ဒေသခံတစ်ဦးက ဆိုပါတယ်။

    ကချင်နဲ့ ရှမ်းတို့ရဲ့ (အစိုးရအပေါ်) ထင်ရှားတဲ့ အယုံအကြည်မရှိမှုက ဗဟိုအစိုးရကို ဦးတည်နေသလို ၊ အင်အဲလ်ဒီနဲ့ မြို့ပြက ဗမာလူမျိုးတွေဆီလည်း ဦးတည်နေပါတယ်။ အောင်ဆန်းစုကြည်ရဲ့ ထောက်ပံ့မှုအများအပြားရှိပေမယ့် စိုးရိမ်ကြောင့်ကြမှုတွေက သူမရဲ့ (လုပ်ပိုင်ခွင့်) အလွန်မှာပါ။ ဒါ့ပြင် သူမပါတီရဲ့ ဒီမိုကရေစီနည်းနာတွေရဲ့ တတ်စွမ်းနိုင်စွမ်းထက် ပိုမိုနေပါတယ်။ အမှန်တကယ်တော့ အင်အဲလ်ဒီက ဒီလူနည်းစုတိုင်းရင်းသားအရေးမှာ ပြောစရာနည်းနည်းလေးပဲ ရှိပါတယ်။

    ဒီကိစ္စတွေ ပပျောက်သွားဖို့အတွက် အင်အဲလ်ဒီရဲ့ ဆောင်ရွက်မှုက အနည်းအကျဉ်းပမာဏပဲရှိပါတယ်။ ရန်ကုန်မှာ အင်အဲလ်ဒီတာဝန်ခံတစ်ယောက်နဲ့တွေ့တော့ သူက ဒီတိုင်းရင်းသား လူနည်းစုကိစ္စကို ကိုယ်ချင်းစာပါကြောင်း သိမ်သိမ်မွေ့မွေ့ကလေးပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ဘယ်လိုဘယ်ပုံ တင်ပြပြောဆိုမလဲဆိုတဲ့နေရာမှာတော့ ၀ိုးတိုးဝါးတားဖြစ်နေဆဲပါ။ အဲဒီဝိုးဝါးနေတဲ့နေရာကတော့ ကျယ်ကျယ်ပြန့်ပြန့်အောင်ပွဲခံနိုင်တဲ့ အင်အဲလ်ဒီပါဝင်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပါပဲ။

    ပဋိပက္ခ၏ ကောက်ကြောင်းတစ်ခု

    တိုင်းရင်းသားလူနည်းစုအရေးမှာ အင်အဲလ်ဒီရဲ့သက်ဆိုင်မှုကတော့ မကြာသေးမီက ရခိုင်မှာဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခမှာ အင်အဲလ်ဒီက အသံတိတ်နေခဲ့တာမျိုးပါ။ ရခိုင်ဆိုတာမြန်မာ အနောက်ပိုင်းမှာ တည်ရှိပြီး လူများစု ဗုဒ္ဓဘာသာဝင်ရခိုင်များနဲ့ မြန်မာပြည်ရဲ့ နှိပ်စက်အညှင်းပမ်းခံရမှုများပြားတဲ့ ရိုဟင်ဂျာလူမျိုးစုတို့အကြား ပဋိပက္ခပါ။ အဲဒီပဋိပက္ခကြောင့် လူ ၆၀ သေရပြီး လူပေါင်း ၉ သောင်းလောက် အိုးအိမ်မဲ့ခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

    ၂၀၁၂ ဇွန်လတွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခတွင် ရိုဟင်ဂျာဘက်မှ ဒုက္ခသည်များ

    ဒီလို ကာလရှည်ဖြစ်ပျက်နေတဲ့ ပဋိပက္ခရဲ့ နောက်ဆုံးအပိုင်းကတော့ အစိုးရရဲ့ ခွဲခြားဆက်ဆံရေး ပေါ်လစီရဲ့ တိုက်ရိုက်အကျိုးရလဒ်ပါပဲ။ ရိုဟင်ဂျာတွေဆိုတာ ဘင်္ဂလားဒေ့ရှ်ဘက်က တရားမ၀င် ၀င်ရောက်လာသူများဆိုတဲ့ မှားယွင်းတဲ့အထင်အမြင်ကို အခြေခံဖြစ်ပေါ်လာတာက ရိုဟင်ဂျာတွေသည် ၁၈၂၃ မတိုင်မီ ကတည်းက မြန်မာပြည်တွင်း နေထိုင်လာကြအပြီး နိုင်ငံသားဖြစ်ခွင့်တောင်း ဆိုနေကြ တယ်ဆိုတာကို ရိုဟင်ဂျာတွေဘက်က အစိုးရကို သက်သေတင်ပြဖို့လိုအပ်နေတာပါပဲ။ ၁၈၂၃ မတိုင်မီ နိုင်ငံတွင်း ရှိနေမှ နိုင်ငံသားပြုခွင့်ရှိမယ် ဆိုတာကို ၁၉၈၂ လူဝင်မှုကြီးကြပ်ရေးဥပဒေက ပြဌာန်းထားလို့ပါပဲ။ ပုံစံမကျတဲ့၊ ညစ်ပတ်ပေဆုတ်နေတဲ့ ဒုက္ခသည် စခန်းတွေမှာ မွေးဖွားကြီးပြင်းလာပြီး ဥပဒေအရ အလုပ်လုပ်ခွင့်၊ ပညာဆည်းပူးခွင့်နဲ့ (အိမ်ခြံလယ်ယာမြေစတဲ့) ပိုင်ဆိုင်ခွင့်တွေကို ကန့်သတ်ထိန်းချုပ်ခံနေရတဲ့ မြန်မာပြည်က ၈ သိန်းလောက် ပမာဏရှိတဲ့ ရိုဟင်ဂျာအများစုကြီးကတော့ ရှုပ်ထွေးခက်ခဲလှတဲ့ လိုအပ်ချက်လေးတွေကိုတောင် အကျိုးခံစားခွင့်မရှိပါ။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ရခိုင်တွေက ဒါမျိုးကန့်သတ်ချက်တွေ မခံစားရပါ။ ဒါကြောင့်လည်း ဒီအုပ်စုနှစ်ခုကြားမှ အမုန်းတရားတွေ အဆမတန် ဖောင်းပွလာတာပေါ့။

    နိုင်ငံခြားသားတွေ ၀င်ရောက်ခွင့်ရှိတဲ့ ဒေသအချို့ကို ဒီအဓိကရုဏ်းကြီး မဖြစ်ပွားမည့်ဆဲဆဲ အချိန်လောက်က ကျနော်ခရီးနှင်ခဲ့တော့ တဘက်နဲ့တဘက် ချိုးနှိမ်ခေါ်ဝေါ်တဲ့ ရွံ့စရာအသုံးအနှုံးတွေ၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုံးတွေကို နှစ်ဘက်လုံးက သုံးစွဲနေကြပါတယ်။ မြန်မာပြည်က တိုးတက်စွာနဲ့ သုံးစွဲလာနိုင်နေတဲ့ အင်တာနက်မှာတော့ ဒီအဓိကရုဏ်းထဖြစ်တဲ့အခါမှာ တင်ဆက်ဖော်ပြကြပုံကလည်း တူညီစွာပါပဲ၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုံးတွေကို တာဝန်မဲ့သုံးစွဲခဲ့ကြပါတယ်။

    ဇွန်လမှာတော့ တင်ဒါဗူးထဲ မီးခြစ်နဲ့ရှို့လိုက်သလိုပါပဲ။ ရခိုင်သုံးရာလောက်က ရိုဟင်ဂျာ ** ၁၀ ဦးကို ကားပေါ်ကဆွဲချပြီး ရိုက်သတ်ပြစ်လိုက်ကြတယ်။ အကြောင်းကတော့ ရခိုင်အမျိုးသမီး တယောက်ကို မုဒိန်းမှုကျူးလွန်ခံရလို့လို့ ထင်မြင်ရတာပဲ။ လူထုအကြား ဆူပူသောင်းကျန်းမှုက ချက်ချင်းဖြစ်ပျက်ခဲ့တာကြောင့် ရခိုင်ဒေသမှာတော့ မီးခိုးပြာတွေ အများအပြား ကျန်ခဲ့ပါတော့တယ်။

    ဇွန် ၁၀ ကျတော့ သမ္မတသိန်းစိန်က အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ ရခိုင်မှာ အကျိုးသက်ရောက်အောင်မြင်တဲ့ ညမထွက်ရအမိန့်ကို ကျင့်သုံးခဲ့ပါတယ်။ စစ်တပ်တွေ ရခိုင်ကို ၀င်ရောက်လာခဲ့တယ်။ လမ်းတွေ၊ ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ အကုန်ပိတ်ထားခဲ့တယ်။ အစိုးရထိန်းချုပ်ထားတဲ့ ကချင်ဒေသနဲ့ ရှမ်းပြည်နယ်က စစ်ဆင်ရေးကို ပြန်ပြီး အသက်သွင်းဖို့ အမိန့်ထုတ်တယ်။

    လူနည်းစုတိုင်းရင်းသားတွေရှိတဲ့နေရာက လူမှုရေးအဓိကရုဏ်းကတော့ မရေရာမသေချာတဲ့ အချိန်ကြာမြင့်ခြင်းကို စိန်ခေါ်နေပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ကိုင်တွယ်မှုတွေရှိတဲ့ ယခင်ပေါ်လစီကို ပြန်လည်ကျင့်သုံးမယ်ဆိုရင်တော့ ဒီဆူပူသောင်းကျန်းမှုတွေဖြစ်ပျက်နေမှာပါပဲ။ ဒီလိုဖြစ်ပျက်နေရင်တော့ စစ်တပ်လက်ထဲ နိုင်ငံတော် ထိုးထည့်ရတဲ့ ပေါ်လစီမျိုးဖြစ်အောင် ခြိမ်းခြောက်နေပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ အသွင်ကူးပြောင်းရေးအစီအမံပါပဲ။

    လူနည်းစုတိုင်းရင်းသားများရဲ့ အခွင့်အရေးနဲ့ နိုင်ငံရေးအရ လွတ်လပ်ခွင့်အပြည့်အ၀ရရှိရေးတို့အတွက်ဆိုရင်တော့ စစ်တပ်ကနေ လူထုကို ထိန်းချုပ်ရေးမြင့်မားစွာ လိုအပ်သလို နိုင်ငံတော် အရင်းအမြစ်တွေကို သာတူညီမျှခွဲခြမ်းပေးရေး ပြောင်းလဲတဲ့ပေါ်လစီအသစ်လည်း လိုအပ်ပါတယ်။ ဒါက ပင်လုံညီလာခံမှာ ကတိပြုထားတာမျိုးပါ။ ဒီစိန်ခေါ်မှုနှစ်မျိုး လုံးက သေးသေးလေးတွေတော့မဟုတ်ပါ။ ကျနော်တို့အနေနဲ့ မြော်လင့်ချက်တွေ၊ အချိန်ဇယားတွေနဲ့ စိတ်ရှည်ရှည်စောင့်ဆိုင်းရတော့မှာပါ။ သို့သော် မဖြစ်နိုင်စရာတော့မရှိပါ။ အောင်မြင်ဖို့အတွက် စောင့်ကြည့်ဖို့ လိုအပ်သလိုနိုင်ငံတကာအကူအညီတွေလည်း လိုအပ်ပါတယ်။ ရလဒ်ရဲ့အရေးကြီးပုံက မြင့်မားပါတယ်။ ဒါကပဲ ကျနော်တို့အားလုံးက အနည်းဆုံးလုပ်ဆောင်ပေးနိုင်တာပါ။

    ဒန်ငြာရှိန်း

    ရှင်းလင်းချက် – ရိုဟင်ဂျာ ** အကြမ်းဖတ်သတ်ဖြတ်ခြင်းခံရသော လူ(၁၀) ဦးမှာ ရိုဟင်ဂျာလူမျိုးများ မဟုတ်ပါ။ ပြည်မမှ မြန်မာမွတ်စလင် များဖြစ်ကြပါတယ်။ မူရင်းဆောင်းပါးအတိုင်း ထည့်သွင်းဘာသာပြန်ခြင်းဖြစ်ကြောင်းပါ။

    ပဉ္စသိင်္ခ့ စောင်းကြိုးပြတ် (အပိုင်း ၁) ဖတ်ရန်။

    ပဉ္စသိင်္ခ့ စောင်းကြိုးပြတ် (အပိုင်း ၂ ) ဖတ်ရန်။

  • Ramadhan month = Training Camp

    Ramadhan month = Training Camp

     Kalay

    သူငယ်ချင်းတို့ရေ…

    ကျွန်မတို့အားလုံးမျှော်လင့်နေကြတဲ့ ရမဿွာန်လ ဟာလည်း မကြာမီအချိန်အတွင်းမှာပဲ ကျရောက်လာပါတော့မယ်။ ကြိုပြီးပြင်ဆင်နေကြပြီလား။ ကြိုပြီးရော ရင်ခုန်နေကြပြီလား။ မထူးပဲဆန်းတဲ့အဖြစ်လို့ ဆိုရမလားဘဲ။ ရမဿွာန်လဟာ နှစ်တိုင်းကျရောက်နေကျဖြစ်ပေမဲ့လို့ ဘယ်တော့မှ ရိုးမသွားပါဘူး။ အမြဲတမ်းရင်ခုန်လျက်ပါပဲ။ ရင်ခုန်စရာကောင်းလောက်တဲ့ အကြောင်းတွေကလည်း ရှိသေးတာကိုး။ ဘာလို့လဲဆိုတော့ ရမဿွာန်လဟာ အဆုံးမရှိတဲ့ အလ္လာဟ့်ရဲ့ ဂရုဏာတော်တွေနဲ့ အတောမသတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ပေါင်းစပ်နေလို့ပါပဲ။

    ရမဿွာန်လဟာ အစ္စလာမ့်ပြက္ခဒိန်ရဲ့ ကိုးလမြောက်ဖြစ်တဲ့ လတစ်လပါ။ “ရမဿွာန်” ဆိုတဲ့ စကားလုံးက မူရင်းအာရဗီစကားလုံး “Ramida” ကနေဆင်းသက်လာတာပါ။အဓိပ္ပါယ်ကတော့ အလွန်အမင်းပြင်းထန်လောင်ကျွမ်းစေတဲ့ ပူပြင်းခြောက်သွေ့မှုပါ။ အထူးသဖြင့်တော့ မြေပြင်တွေခြောက်သွေ့ပူပြင်းတာပါ။ ဒါကြောင့်မို့လည်း မြေပြင်တွေ ပူပြင်းလောင်ကျွမ်းသလိုမျိုး ရမဿွာန်လဟာလည်း အကုသိုလ်အပေါင်းကို ရိုဇာဟ်နဲ့လောင်မြိုက်ခြင်းဖြင့် ကင်းစင်စေတဲ့လလည်း
    ဖြစ်ပါတယ်။ သဲကန္တာရတွေနဲ့ ကျောက်တုံးတွေက နေရဲ့ပူပြင်းမှုကို တိုက်ရိုက်ခံစားသိရှိသလိုမျိုး၊ ရမဿွာန်လမှာလည်း လူတွေရဲ့ နှလုံးသားတွေဟာ အလ္လာ့ဟ်ကို သိတဲ့စိတ်တွေနဲ့ သင်စရာမလိုလောက်အောင်ကို ပြည့်နှက်လို့နေပါတယ်။

    အစ္စလာမ့်မဏ္ဍိုင်ကြီး ၅ရပ်ဖြစ်တဲ့

    (၁) ရှာဟာဒသ် (အလ္လာဟ်တစ်ပါးတည်း တည်ရှိကြောင်းနဲ့ တမန်တော်မြတ်(ဆွ)ဟာ အလ္လာဟ်ရဲ့ နောက်ဆုံးရစူလ်တမန်တော်တစ်ပါးဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆို သက်သေခံခြင်း။)

    (၂) စွလာသ် (နေ့စဉ်နမားဇ်(၅)ကြိမ်ဖတ်ခြင်း။)

    (၃) ဇကားသ် (တရားဝင်ဒါနကြေးပေးဆောင်ခြင်း။)

    (၄) ဆွီယာမ် ( ရမဿွာန်လအတွင်း ဥပုသ်သီလစောင့်တည်ခြင်း။)

    (၅) ဟဂ်ျ ( မက္ကာသို့ ၀တ်ပြုခရီးသွားခြင်း။) တို့ကို မွတ်စ်လင်မ်တစ်ယောက်ဟာ ခါးဝတ်ပုဆိုးလို မြဲမြံနေရပါမယ်။ လိုက်နာပြီးလက်ခံရပါမယ်။ ရမဿွာန်လအတွင်း ဥပုသ်သီလစောင့်တည်ခြင်းကတော့ လေးခုမြောက်မဏ္ဍိုင်ကြီးပါပဲ။

    ရိုဇာဟ်ထားခြင်းရဲ့ အဓိက ပန်းတိုင်ကတော့ “သက္က၀ါ” တရားရရှိဖို့ပါပဲ။ ရိုဇာဟ်မှမဟုတ်ပါဘူး။ ဘယ်လို အေဗာဒသ်မျိုးမဆို အားလုံးရဲ့ ပန်းတိုင်ကတော့ “သက္က၀ါ” ပါပဲ။ “သက္က၀ါ” ဆိုတာကိုတော့ အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြပါတယ်။ “အလ္လာဟ်ကို သိခြင်း၊ မိမိကိုယ်ကို ပြစ်မှုဒုစရိုက်တို့မှ ထိန်းချုပ်နိုင်ခြင်း၊ အလ္လာဟ်အရှင်မြတ်ကို ကိုယ်ပိုင်အသိနဲ့ ကြောက်ရွံ့ခြင်း” စသည်ဖြင့်ပေါ့။ ကျွန်မအမြင်နဲ့ ပြောရမယ်ဆိုရင်တော့ “သက္က၀ါ” ဆိုတာ မကောင်းမှုဒုစရိုက်တို့ကနေ ရှောင်ကြဉ်ကာကွယ်နိုင်ဖို့အတွက် လူတစ်ယောက်မှာရှိသင့်တဲ့ အရည်အသွေးတစ်ခုပါ။ အဲ့လိုမျိုး “သက္က၀ါ” တရားကို ရရှိဖို့အတွက် မွစ်လင်မ်အားလုံး ကြိုးစားရမှာပါ။ အဲ့လို “သက္က၀ါ” တရားတွေကို ကျွန်မတို့ မွေးမြူနိုင်ခဲ့မယ်ဆိုရင် ရနိုင်တဲ့အကျိုးကျေးဇူးတွေက သိပ်ကိုပဲ ကြီးကျယ်လှပါတယ်။

    အလ္လာ့ဟ်ရဲ့ ချစ်ခြင်းကိုလည်း ခံရမယ်။ “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့အား ချစ်ကြည်မြတ်နိုးတော်မူချေသတည်း။” ကုရ်အာန်( ၉း၎)

    အလ္လာဟ်နဲ့ နီးစပ်မှုကိုလည်း ရနိုင်မယ်။ “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတော်စင်အပေါင်းတို့နှင့်အတူ ရှိတော်မူကြောင်း ကောင်းစွာ မှတ်ယူကြလေကုန်။” ကုရ်အာန်(၉း၃၆)

    အလ္လာ့ဟ်ရဲ့ အဆွေခင်ပွန်းလည်း ဖြစ်နိုင်တယ်။ “အလ္လာဟ်အရှင်မြတ်မူကား မွတ္တကီ သူတော်စင်တို့၏ အဆွေခင်ပွန်းဖြစ်တော်မူ၏။” ကုရ်အာန်(၄၅း၁၉)

    နောက်ဆုံးအနေနဲ့ကတော့ ကျွန်မတို့အားလုံးရဲ့ ပန်းတိုင်ဖြစ်တဲ့ ဂျန္နသ်သုခဘုံကို ရောက်ရှိနိုင်ပါတယ်။
    “ထိုဂျန္နသ်အမတသုခဘုံသည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော မွတ္တကီ သူတော်စင်များအဖို့ အသင့်ပြင်ဆင်ထားပြီး ဖြစ်လေသတည်း။ “ ကုရ်အာန်(၃း၁၃၃)

    ရိုဇာဟ်ထားခြင်းဟာ အရွယ်ရောက်ပြီး အသိဥာဏ်ရှိတဲ့ မွတ်စ်လင်မ် အမျိုးသား၊ အမျိုးသမီး အားလုံးအပေါ်ကို မလုပ်မနေရတာဝန်တစ်ခု အဖြစ် အလ္လာဟ်အရှင်မြတ်က ပြဌာန်းထားတာပါ။ “အသင်တို့အနက်မှ မည်သူမဆို ရမဿွာန်လနှင့် ကြုံကြိုက်ခဲ့ပါလျှင် ထိုသူသည် ယင်းလမြတ်၌ တစ်လပတ်လုံး ဥပုသ်သီတင်းဆောက်တည်ရပေမည်။” ကုရ်အာန်(၂း၁၈၅)

    ဘယ်လိုလူတွေအတွက် ဘယ်လိုခြွင်းချက်တွေရှိလဲဆိုတာတော့ ရှာဖွေဖတ်ရှုကြပါလို့ တိုက်တွန်းချင်ပါတယ်။ တာဝန်တစ်ရပ်အနေနဲ့ ပြဌာန်းထားပေမဲ့လို့ တာဝန်တစ်ခုကို ကျေပွန်ရုံပုံစံမျိုးတော့ လုပ်လို့မရပါဘူး။ သက္က၀ါတရားကို လက်ကိုင်ထားပြိး လုပ်ဆောင်ရပါမယ်။ လူအများရဲ့ အထင်ကြီးလေးစားမှုတစ်ခုတည်းအတွက်လုပ်တဲ့ အမလ်မှန်သမျှကို အလ္လာဟ်အရှင်မြတ်က လက်ခံမှာမဟုတ်ပါဘူး။ အရာရာတိုင်းဟာ အရှင့်အတွက်ပါပဲရယ်လို့ ရည်စူးချက်ရှိရပါမယ်။ ရည်စူးချက်မှန်ကန်မှသာ လိုရာပန်းတိုင်ကို ရောက်နိုင်မှာပါ။ ဘယ်အရာကိုပဲလုပ်လုပ် ပြစားမှုကင်းနိုင်သမျှ ကင်းဖို့အတွက် ကြိုးစားကြရပါမယ်။

    ရမဿွာန်လဟာ တနည်းအားဖြင့်တော့ “Training Camp” တခုပါပဲ။ တစ်လကြာတဲ့ camp တစ်ခုပေါ့။ ဒါပေမဲ့ အဲ့ဒီတစ်လဆိုတဲ့ အချိန်ရဲ့ effect ဟာ တစ်သက်တာလုံးအတွက် အမြဲရှိနေရမဲ့ နမူနာတွေပါ။ အဓိကအားဖြင့်တော့ ရုပ် နာမ်နှစ်ပိုင်းလုံးကို ပြင်ဆင်ပေးရတာပါ။ ဒါပေမဲ့ အဲ့ဒီပြင်ဆင်မှုဟာ ရမဿွာန်တစ်လတည်းအတွက်ပဲ မဟုတ်ပါဘူး။ တစ်သက်တာလုံးအတွက်ပါ။ အဲ့ဒါကြောင့်လည်း Training camp လို့ဆိုထားတာပေါ့။

    ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုကတော့ ပုံမှန်အစားစားချိန်တခုကို စနစ်တကျသတ်မှတ်ပြီး စားသောက်မှုတွေကို လျှော့ချတဲ့ ပုံစံပါ။ “ထိုမှတပါး အသင်တို့သည် ချည်မျှင်အနက် (တည်းဟူသော ညဥ့်၏အမှောင်)မှ ချည်မျှင်အဖြူ(တည်းဟူသော) နံနက်မိုးလင်း အာရုဏ်တက်ချိန်၏ အလင်းရောင် ပေါ်လွင်ထင်ရှားလာသည့်တိုင်အောင်(အစာအဟာရများကို) စားသောက်ကြကုန်လော့။ တဖန် အသင်တို့သည် (ယင်းအလင်းရောင် ပေါ်လာသည်မှ နေ၀င်၍) ညဥ့်အချိန်(ကျရာက်လာသည့်) တိုင်အောင် အချိန်ပြည့် ဥပုသ်သီလ စောင့်တည်ကြကုန်လော့။” လို့ ကုရ်အာန် (၂း၁၈၇) မှာဆိုထားပါတယ်။ ဒါကြောင့် စားသောက်မှုပုံစံကို ပြောင်းလဲလေ့ကျင့်လိုက်တာပါ။

    အဲ့လိုမျိုးတပြိုင်နက်ထဲမှာပဲ နာမ်ပိုင်းဆိုင်ရာတွေကိုလည်း ပြောင်းလဲပစ်ရပါမယ်။ နာမ်ပိုင်းဆိုင်ရာက ပြောင်းလဲမှုတွေဖြစ်လာတာနဲ့ ရုပ်ပိုင်းဆိုင်ရာကလည်း အလိုလိုအဆင်ပြေသွားပါလိမ့်မယ်။ နာမ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ဖို့ကတော့ အနည်းငယ်ခက်ခဲပါလိမ့်မယ်။ ဘယ်အရာမှ လွယ်လွယ်မရပေမဲ့ ကြိုးစားမှုအပေါ်မှာ မူတည်ပြီး ပြောင်းလဲပစ်နိုင်ပါတယ်။ ဒီအပိုင်းကတော့ အရေးအကြီးဆုံးပါပဲ။

    ပထမဆုံးအနေနဲ့ မိမိတို့ရဲ့ အကြားအာရုံတွေကို ထိန်းသိမ်းရပါမယ်။

    “အို… နဗီတမန်တော်၊ အသင်ပြောကြားပါလေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ ထို့ပြင် အသင်တို့အဖို့ ထိုအရှင်မြတ်သည် နားကိုလည်းကောင်း၊ မျက်စိကိုလည်းကောင်း၊ စိတ်နှလုံးများကိုလည်းကောင်း၊ ပြုလုပ်၍ ပေးသနားတော်မူခဲ့၏။ (သို့ရာတွင်) အသင်တို့မှာမူကား အနည်းငယ်မျှသာလျှင် ကျေးဇူးသိတတ်ကြကုန်၏။” ကုရ်အာန်(၆၇း၂၃)
    “ထို့ပြင်တ၀ အသင်သည် မိမိမသိသောအကြောင်းအရာ၏နောက်သို့ မလိုက်လေနှင့်။ ဧကန်မလွဲ နား၊ မျက်စိ ၊ စိတ်နှလုံး၊ ဤအသီးသီးတို့သည် ၎င်းတို့နှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းခြင်းကို ခံရမည်သာတည်း။” ကုရ်အာန်(၁၇း၃၆)
    ပထမဆုံးနားက အရင်ကြားတာပါ။ ပြီးမှ မျက်လုံး၊ စိတ်နှလုံးတို့က နောက်ကလိုက်ရတာပါ။အစ္စလာမ်က အကျိုးမဲ့အချည်းအနှီးစကားတွေနဲ့ အတင်းအဖျင်းတွေကို မပြောမိဖို့ လမ်းညွှန်ရုံသာမက အဲ့ဒီစကားတွေကို နားမထောင်မိဖို့လည်း သတိပေးထားပါတယ်။

    ဒုတိယကတော့ မိမိတို့ရဲ့နှုတ်လျှာကို ထိန်းသိမ်းရပါမယ်။

    “အလ္လာဟ်အရှင်မြတ်နဲ့ အာခေရသ်ကို ယုံကြည်နေသူတစ်ယောက်ဟာ ကောင်းမွန်ပြီး နူးညံ့သိမ်မွေ့တဲ့ စကားတွေကိုသာ ရွေးချယ်ပြီး ပြောတတ်ရပါမယ်” တဲ့။(ဘိုခါရီကျမ်း)
    နှုတ်လျှာကို ထိန်းသိမ်းခြင်းဟာလည်း အရေးပါလှပါတယ်။ မိမိရဲ့စကားတခွန်းကြောင့် သူတစ်ပါးရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နစ်နာသွားစေတယ်ဆိုရင် ဘယ်လိုမှ ပြည့်ဝတဲ့ မွတ်စ်လင်မ်တစ်ယောက် မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့် ခုလာမဲ့ ရမဒွန်ကနေ နောက်ရောက်လာမဲ့ အနာဂတ်တွေထိတိုင်အောင် အဲ့လို ထိန်းကျောင်းမှုမျိုးလေးတွေနဲ့ မိမိကိုယ်မိမိ လေ့ကျင့်ကြိုးစားရမှာပါ။

    တတိယအနေနဲ့ကတော့ မိမိရဲ့ အမြင်အာရုံတွေကို ထိန်းချုပ်ရပါမယ်။

    အရေးအကြီးဆုံးကတော့ ဟရာမ်(ဥပမာ၊ မိမိနဲ့ဆန့်ကျင်ဘက် လိင်တွေကို အကြောင်းမဲ့ ကြည့်နေတာမျိုး၊ မကြည့်သင့်တဲ့ ညစ်ညမ်းမှုတွေကို ကြည့်ရှူ့တာမျိုး၊ သာသနာက ခွင့်မပြုထားတဲ့ အရာတွေကို ကြည့်တာမျိုး) တွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရပါမယ်။ ကြည့်မိခဲ့တာနဲ့ တပြိုင်နက် ချက်ချင်းအကြည့်တွေကို လွှဲဖယ်လိုက်ရပါမယ်။ “မတော်တဆသဘောမျိုးနဲ့ ပထမဆုံးကြည့်မိသွားတဲ့ အကြည့်မျိုးကိုတော့ ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို အကြည့်တွေကို လွှဲဖယ်လိုက်ရပါမယ်။ ဒုတိယအကြိမ်ဆိုတဲ့ အခွင့်အရးမျိုး မရှိစေရဘူး” လို့ ဆိုထားပါတယ်။ (မွတ်စ်လင်မ်၊ အဗူဒါဝဒ်၊ သစ်ရ်မေဇီ)။ အဲ့လိုအဖြစ်မျိုးတွေနဲ့ ကြုံလာရင် အလ္လာ့ဟ်ဆီမှာ ခိုလှုံခွင့် တောင်းခံရပါမယ်။

    “အို… နဗီတမန်တော်၊ အသင်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏ မျက်စိများကိုနှိမ့်ချထားရမည်ယူ၍လည်းကောင်း၊ ထို့ပြင် မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်း ပြောကြားပါလေ။” ကုရ်အာန်(၂၄း၃၀)

    “အို… နဗီတမန်တော်၊ အသင်သည် “မုအ်မင်န်” သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား ပြောကြားပါလေ။ ၎င်းတို့သည် မိမိတို့၏ မျက်လွှာများကို အောက်သို့ချထားရမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အရှက်အင်္ဂါများကို (ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်းကြရမည်။” ကုရ်အာန်(၂၄း၃၁)

    ယုံကြည်သူ အမျိုးသားရော၊ အမျိုးသမီးအတွက်ပါ ကုရ်အာန်(အထက်ကအာယသ်တော်နှစ်ပိုဒ်)ကပြောထားတာပါ။ ရမဒွန်တစ်လတည်းအတွက်တော့ မဟုတ်ပါဘူး။ အသက်ရှင်နေသမျှ ကာလပတ်လုံးမှာပါ။ “နားတွေတော့ ရှိပါရဲ့၊ ဒါပေမဲ့ မကြားကြဘူး။ စိတ်နှလုံးတွေတော့ ရှိပါရဲ့၊ ဒါပေမဲ့ တွေးတောမှုမပြုကြဘူး။ မျက်လုံးတွေတော့ ရှိပါရဲ့၊ ဒါပေမဲ့ မမြင်ကြဘူး။ အဲ့လိုလူတွေဟာ တိရိစ္ဆာန်များနဲ့ တူရုံသာမကဘဲ တိရစ္ဆာန်တွေထက်တောင် မိုက်မဲတဲ့သူတွေ” လို့ ကုရ်အာန်(၇း၁၇၉) မှာ အလ္လာဟ်အရှင်မြတ်က အတိအလင်းမိန့်တော်မူထားပါတယ်။ ဒါကြောင့် မိမိရဲ့ အမြင်အာရုံတွေကို အကျိုးမဲ့ အချည်းနှီးမဖြစ်စေဖို့ သတိထားရပါမယ်။

    အဲ့လိုမျိုး နာမ်ပိုင်းဆိုင်ရာတွေကို ပြုပြင်ပြီးတဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာကလည်း တဖြည်းဖြည်းအဆင်ပြေလာပါတယ်။ တကယ်ပဲ ရမဿွာန်လဟာ စိတ်ပိုင်းဆိုင်ရာရော၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုတွေကိုပါ တိုးပွားစေတဲ့ အချိန်ကာလတခုပါ။

    ရမဿွာန်လရဲ့ ထူးခြားချက်တွေကတော့ ပြောမကုန်နိုင်အောင်ပါပဲ။ အစ္စလာမ့်မဏ္ဍိုင်ကြီး(၅)ခုရဲ့ လေးခုမြောက်ဖြစ်တဲ့ ဆွီယမ်(ဥပုသ်သီလဆောက်တည်ခြင်း)ကို မလုပ်မနေရ တာဝန်တစ်ခုအဖြစ် ပြဌာန်းခြင်းခံရတဲ့ လတစ်လလည်းဖြစ်တယ်။ တစ်နည်းအားဖြင့် ရမဒွန်လရဲ့ အစပိုင်းမှာ အလ္လာဟ်ရဲ့ ကရုဏာတော် ၊ လအလယ်ပိုင်းကတော့ ခွင့်လွှတ်ချမ်းသားပေးမှု ၊ လရဲ့အဆုံးသတ်မှာတော့ ဂျဟန္နမ်မီးဘေးမှ ကင်းလွတ်ခွင့်တွေ အသီးသီးရရှိမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့ ရမဿွာန်လရဲ့ အချိန်တွေဟာ စက္ကန့်နဲ့အမျှ တန်ဖိုးရှိလှပါတယ်။

    ကျမ်းတော်မြတ်ကုရ်အာန်ကို အလ္လာဟ်အရှင်မြတ်ဟာ ရမဿွာန်လအတွင်းမှာပဲ ချပေးသနားတော်မူခဲ့တာလည်း ထူးခြားမှူတစ်ခုပါပဲ။ အမှတ်ရစရာတွေနဲ့ ပြည့်နှက်နေတဲ့လဆိုရင်လည်း မမှားပါဘူး။ နောက်တစ်ခုကတော့ တမန်တော်မြတ်(ဆွ)ရဲ့ စွန္နသ်တော်တစ်ခုဖြစ်တဲ့ သာရာဝီနမားဇ်ကို အကောင်အထည်ဖော်ခွင့်ရတဲ့ တစ်ခုတည်းသော လတစ်လပါပဲ။ ပိုပြီးထူးခြားတာကတော့ ရမဿွာန်လ (ရက်၃၀) အတွင်းမှာ လပေါင်းတစ်ထောင်တို့ထက် ပိုပြီးထူးကဲတဲ့ ညတစ်ညဖြစ်တဲ့ “လိုင်လာသွလ်ကဒရ်ည” တစ်ညပါဝင်တာပါပဲ။

    ဒါ့အပြင် အမှားနဲ့အမှန်၊ တရားမှုနဲ့ မတရားမှု၊ အလင်းနဲ့ အမှောင်ကို ခွဲခြားပေးတဲ့ မွတ်စ်လင်မ်တို့ရဲ့ သမိုင်းဝင်စစ်ပွဲတစ်ခုဖြစ်တဲ့ “ဗဒရ်” စစ်ပွဲဆင်နွှဲခဲ့တဲ့ လတစ်လလည်းဖြစ်နေပါသေးတယ်။ မက္ကာမြို့ဆီကို အောင်နိုင်သူတွေအဖြစ်နဲ့ ပြန်လည်ဝင်ရောက်နိုင်ခဲ့တဲ့ လဟာလည်း ရမဿွာန်လပါပဲ။ အဲ့လိုအောင်နိုင်ပြီးနောက်မှာပဲ အစ္စလာမ်သာသနာအောက် ခိုလှုံသူတွေ အရမ်းများပြားလာပြီး မက္ကာမြို့ကြီးဟာ နတ်ဘုရားကိုးကွယ်မှုကနေကင်းရှင်းတဲ့၊ သန့်စင်ခြင်းနဲ့ အတိပြီးတဲ့ မွန်မြတ်ခြင်းနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါတွေဟာ ရမဿွာန်လရဲ့ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေပါပဲ။

    ရမဿွာန်တစ်လကို ဖြတ်သန်းခဲ့ရတဲ့အတွက် ကျွန်မတို့ဟာ အလ္လာဟ်နဲ့ ပိုပြီးနီးစပ်သလို ခံစားရပါတယ်။ နှလုံးသားကလည်း အမိန့်နာခံမှုတွေနဲ့ နူးညံ့နေအောင် လေ့ကျင့်ခဲ့ရတဲ့အတွက် စိတ်နှလုံးသိမ်မွေ့နေတယ်ဆိုရင်လည်း မမှားပါဘူး။ စိတ်ဓါတ်ကြံ့ခိုင်ဖို့နဲ့ သည်းခံခြင်းတရားတွေ ထားတတ်ကြဖို့လည်း ကြိုးစားခဲ့ရတာကြောင့် တစ်ယောက်ချင်းစီရဲ့ ခံစားချက်တွေကိုလည်း ကိုယ်ချင်းစာတတ်ခဲ့ကြပါပြီ။ ဆင်းရဲသူရော ချမ်းသာသူပါ ရိုဇာဟ်ထားနေစဉ်အတွင်း တန်းတူရည်တူ ဖြစ်ခဲ့တာတွေကြောင့် ချမ်းသာသူများကလည်း ဆင်းရဲသူများရဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာနိုင်ကြပြီး၊ ဆင်းရဲသူများကလည်း မိမိတို့ရဲ့ လက်ရှိအနေအထားကို ပိုပြီးကျေနပ်လာတတ်ကြပါတယ်။ လူသားအချင်းချင်း ညီရင်းအစ်ကိုပမာ ရင်းနှီးနားလည်နိုင်မှု( brotherhood) ကတော့ ရမဒွန်လရဲ့ အကောင်းဆုံးပြယုဒ်တစ်ခုပါပဲ။ အဲ့လိုအဲ့လို ကောင်းကျိုးပေါင်းမြောက်များစွာကို အခုလာမဲ့ရမဒွန်လကနေပြီး နောက်ထပ်အသက်ရှင်သန်နိုင်သမျှ ကာလတစ်ပါတ်လုံး ကျွန်မတို့မွတ်စ်လင်မ်တွေ အတူတကွသယ်ဆောင်သွားနိုင်ကြပါစေလို့ ဒိုအာပြုပါတယ်။

    ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ခါအသက်ရှုလိုက်တိုင်းမှာ “ အလ္လာဟ်” လို့ တစ်ခါခေါ်နိုင်တဲ့ စွမ်းအားမျိုးကို ရရှိနိုင်ကြပါစေလို့ ဒိုအာပြုရင်း…