News @ M-Media

Category: ဆောင်းပါး

  • ဘာတံဆိပ်တပ်တပ် ကျမ တောင်ကြီးသူပါ

    နှင်းနှင်း (တောင်ကြီး)

     

    အမြင့်ပေ (၄၇၁၂) ပေ ရှိတဲ့ တောင်ကြီးမြို့မှာ လူဖြစ်ခွင့်ရတဲ့အတွက်ကိုယ့်ကိုယ်ကို ကျေနပ်ဂုဏ်ယူမိပါတယ်။ တောင်ပေါ်သူလို့အခေါ်ခံရတိုင်းလည်း ဝမ်းသာပီတိဖြစ်ရပါရဲ့။

    မြန်မာပြည်အထက်ပိုင်းအောက်ပိုင်းဒေသတွေ အလည်သွားတဲ့အခါတိုင်းလည်း တောင်ကြီးသူဆိုပြီး ချစ်ခင်မူ တွေ ပိုတတ်ကြတာကို တွေ့မြင်ရပြန်တော့လည်း တောင်ကြီးမြို့မှာမွေးပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင် ရပြန်ရော။ ပိုတယ်လို့ ပြောရင်ပြောမလားဘဲ။ ဒါပေမဲ့ တောင်ကြီးသူ တောင်ကြီးသားတွေ ရင်ထဲမှာ ဒီလို ခံစားချက်လေးတွေကိုယ်စီရှိနေကြမယ်ဆိုတာကတော့ ဧကန်မလွဲပါဘဲ။ နိုင်ငံခြားရောက်တော့ ကိုယ့်ရဲ့ မွေးရပ်တောင်ကြီးမြို့ကို ပိုပြီး အလွမ်းပိုခဲ့ရတယ်။

    နှစ်စဉ်ကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ မွေးရပ်မြေမှာနေခဲ့စဉ်တုံးက သွားလာခဲ့တဲ့နေရာတွေ၊ ရိုးရာစား သောက်ဖွယ်တွေကို တမ်းတလွမ်းရတာကလည်း တမျိုးတဖုံ။ တခါတလေ ကိုယ်တိုင်လုပ်စားမှ စားရမဲ့ ဟင်း ထုပ်၊ ငါးထမင်းနယ် အစရှိတဲ့ ရှမ်းပြည်အစားအစာတွေလုပ်စားတိုင်း သူငယ်ချင်းမိတ်ဆွေတွေကို စားပါအုံး ဒါဒို့ ရှမ်းအစားအစာဆိုပြီး ကျွေးမွေးဧည့်ခံရတာလည်း ကျမအတွက် တောင်ကြီးကို အလွမ်းပြေစေပါတယ်လေ။ ဘန်ကောက်မှာနေတုံးကဆိုရင် ကယားပြည်နယ်ကလာတဲ့ မိတ်ဆွေတယောက်နဲ့စကား ပြောဖြစ်ပြန်တော့လည်း “ စိတ်ချမ်းသာလိုက်တာ တောင်ကြီးသံဝဲဝဲလေး အခုမှဘဲကြားရတယ်” တဲ့။

    ဒါနဲ့ဘဲ တောင်ကြီးသူဖြစ်ရတာကို အမြဲဂုဏ်ယူနေတဲ့ ကိုယ့်အတွက် မပိုပါဘူးလို့ မှတ်ချက်ချမိပါတယ်။ ဟုတ် ပါတယ်၊ ကျမရဲ့မွေးရပ်မြေ တောင်ကြီးမြို့ ကို တကယ်ချစ်တာပါ။ ကျမရဲ့မွေးခြင်း မောင်နှမတွေ ဝမ်းကွဲတွေ ဆွေမျိုးတွေအားလုံးနီးပါးက တောင်ကြီးဇာတိတွေဖြစ်ကြတယ်။ ရွာဟောင်း ဘော်ဆိုင်းဇာတိပေါ့။ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ ဓနုလူမျိုးပါ။ အမေနဲ့ သူ့မောင်နှမတွေအချင်းချင်းတွေ့ရင် အခါးရေ (သို့) ရေနွေးဂျမ်း တ အိုးနဲ့ စကားလက်ဆုံကျပြီး ဓနုသံဝဲဝဲနဲ့ ပြောဆိုရီမောနေတာတွေကလည်း သူတို့နဲ့ဝေးနေတဲ့အချိန်မှာ ပိုပြီး ကျမအတွက် အမှတ်ရစေပါတယ်။ အခုဆိုရင်ကျမ နိုင်ငံခြားရောက်တာ ၁ဝ စုနစ်တခုကို ကျော်ခဲ့ပါပြီ။ ဘယ်လောက်ဘဲ ကိုယ့်ဇာတိမြေနဲ့ဝေးကွာနေပေမဲ့ ရင်ထဲကလွမ်း မောမူတွေကတော့လျော့မသွားပါဘူး။

    တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ အချိန်ရောက်ရင်လည်း အင်တာနက်မှာ ကြိုးစားပမ်းစား ရှာဖွေကြည့်ရတာ အလုပ်တခုဖြစ်သလို အိုးစည်သံနားထောင်ရရင်လည်း စိတ်ထဲမှာပျော်ရွင်ကြည်နူးရပါသေး တယ်။ ဒါကတော့ တောင်ကြီးကိုချစ်တဲ့သူတိုင်း မွေးရပ်မြေကိုချစ်တဲ့သူတိုင်းပေါ့လေ။

    နိုင်ငံခြားမှာ တောင်ကြီးသူ တောင်ကြီးသား တယောက်ယောက်ကိုတွေ့မိရင်လည်း သွေးသားရင်းနဲ့ဆုံတွေ့ရ သလိုခံစားမိပါတယ်။ တခါတလေ သူငယ်ချင်းတွေနဲ့ဆုံလို့ ကာရာအိုကေ ဆိုကြရအောင်ဆိုပြီး စိတ်ကူးပေါက် မိကြရင်တောင် ကျမအတွက် အရင်ဆုံး ရွေးချယ်မိတဲ့သီချင်းကတော့ စိုင်းဆိုင်မောဝ်ရဲ့ ရှမ်းပဲပုတ်ပါဘဲ။

    ကျမကရှမ်းပြည်နယ်ရဲ့ မြို့တော်တောင်ကြီးမှာနေတယ်ဆိုပေမဲ့ ရှမ်းတော့မဟုတ်ပါဘူး။ ဓနုလူမျိုးပါ။ တောင်ကြီး မှာ ဓနုနဲ့ ပအိုဝ်းက ပိုများတော့ ရှမ်းစကားလဲမပြောဖြစ်ပါဘူး။ နိုင်ငံခြားရောက်တော့ လူမျိုးပေါင်းစုံ ကရင် ကချင် ချင်း ကယား ဗမာတွေနဲ့လည်း တွေ့ရတယ်။

    သူတို့လည်း သူတို့အသံဝဲဝဲလေးတွေနဲ့ ချစ်စရာကောင်းပါတယ်။ တခါတလေ သူဘာပြောလည်းကိုယ်မသိ ကိုယ်ဘာပြောလည်းသူမသိနဲ့ ကြုံခဲ့ရတာတွေလည်း အကြိမ်ပေါင်းမနည်းပါဘူး။ နောက်ပိုင်းတော့ ကိုယ်ပြောတာ သူတို့နားလည်အောင် ပြင်ပြီးပြောဖြစ်တယ်။

    ဥပမာ – ကျမတို့က ကိုယ့်မြို့မှာ သုံးနှုန်းပြောဆိုနေကြတဲ့အတိုင်း “ဟုတ်ကြောင်းမဟုတ်ကြောင်း” “ဟုတ်ကြောင်း မုတ်ကြောင်း” (ဟုတ်လားမသိ မဟုတ်လားမသိ) တို့ ၊ “ဘာရီးတုံး” (ဘာကြီးလဲ) တို့ဆိုပြီးနောက်ဆုံးစကားမှာ “တုံး”ဆိုပြီး ထည့်ပြောတာတို့ ၊ “စားဝါးအုံး” (စားသွားအုံး) ဆိုပြီး တောင်ပေါ်သံနဲ့ ပြောလေ့ရှိတယ်။ ဒါကိုလည်းပြင်ရတယ်။ သူတို့နားမလည်နိုင်မဲ့ တခြားစကားလုံးတွေကိုလည်း ပြင်ရပြန်သေးတယ်လေ။ “အဲဟာ”လို့ သုံးတဲ့နေရာမှာ “အဲဒါ” လို့ပြင်ရတယ်။ တခါတလေ ကိုယ်ပြောတာ နားမလည်တဲ့ မျက်နှာရိပ်ကို တွေ့ရင် ၂ ခါလောက်ပြန်ပြောရတယ်။ ဒါပေမဲ့ ကျမစိတ်မညစ်ပါဘူး ပျော်ပါ တယ်။ ကျမအသံတောင်ကြီးသံမို့ (မလို့ ) သူတို့နားမလည်တာလေ။

    ကျမတို့ အိမ်ပါတ်ဝန်းကျင်မှာဆိုရင် ဓနုတွေကများတယ်။ အမေတို့နဲ့အတူ ကြီးပြင်းလာတဲ့ ပါတ်ဝန်းကျင်လို့ ပြောရင် မမှားပါဘူး။ သူတို့ တွေကတော့ ဗုဒ္ဒဘာသာဝင်တွေပါ။ သီတင်းကျွတ်ဆိုရင် မုန့်ဆီကြော်လာပို့ ကြ တယ်။ တပို့တွဲဆိုရင် ထမနှဲလာပို့ကြတယ်။ သင်္ကြန်ဆိုရင် ကင်ပေါင်းကျော်တို့ ကောက်ညုင်းနဲ့လုပ်တဲ့ ယာကု တို့လာပို့ကြတယ်။ လာပို့နေကျအိမ်ကလာမပို့သေးရင်တောင် ကျမတို့မျှော်နေမိတယ်။ သူတို့လည်းဒီလိုပါဘဲ ကျမတို့ အိဒ် ပွဲတော်ရောက်မဲ့နေ့ကိုမျှော်တတ်ကြတယ်။

    ကျမတို့ပွဲတော်ရောက်ရင် ဒီလိုဘဲ အိမ်ပေါက်စေ့ မုန့်လိုက်ပို့ရတယ်။ အိမ်မှာလည်း လာစားဖို့ဖိတ်ခေါ်ကြတယ်။ အရမ်းပျော်ဖို့ကောင်းပါတယ်။ ကိုးကွယ်တဲ့ဘာသာမတူပေမဲ့ အိမ်နားနီးချင်း ဆွေမျိုးရင်းတွေလိုပါဘဲ။ အရေး အကြောင်းကြရင် စည်းလုံးကြတယ်၊ ကူညီဖေးမကြတယ်။ တခါတလေကြတော့ အဲဒီလိုတဦးနဲ့တဦး လူမျိုး ဘာသာမခွဲခြားဘဲ နွေးထွေးတဲ့ ချစ်ခင်မူလေးတွေနဲ့နေခဲ့ကြတာကို တမ်းတမိရင် အမိမြေကို အရမ်းလွမ်းမိပါ တယ်။

    တောင်ကြီးမှာ ရှစ်လေးလုံးမတိုင်မှီက တိုင်းပြည်မှာအစိုးရကိုဆန့်ကျင်မူတွေ လမ်းလွဲဖို့အတွက် မူဆလင် ဗုဒ္ဒ ဘာသာအဓိကရုန်းဖြစ်အောင် လုပ်ခဲ့တယ်။ မသိနားမလည်တဲ့ တနေ့လုပ်တနေ့စား အလုပ်သမားတွေ၊ မကြာ သေးခင်ကမှ ဗမာပြည်အလယ်ပိုင်းကနေ တောင်ကြီးကို ပြောင်းလာတဲ့ ဆင်းရဲသား လက်တွန်းလှည်းတွန်း သမား လူစိမ်းတွေကိုအသုံးချပြီး ပြသနာကြီးသထက်ကြီးအောင် လှုံ့ဆော်ဖန်တီးမှု တွေ လမ်းညွန်ပေးသူတွေ ရှိခဲ့လို့ ဘာသာရေး အဓိကရုန်းကြီးကြီးမားမားတခုဖြစ်ခဲ့တယ်။
    အဲဒီအချိန်တုံးက မှတ်မိပါတယ် ဗုဒ္ဒဘာသာကိုးကွယ်တဲ့ ပါတ်ဝန်းကျင်က မိတ်ဆွေတွေ၊ ရပ်ကွက်လူကြီးတွေ က ပြောပါတယ် ဘာမှမပူပါနဲ့ ကျနော်တို့ ကာကွယ်မှာပါ၊ ကျနော်တို့တတွေ ဘိုးစဉ်ဘောင်ဆက်ကတည်းက အတူတကွနေလာကြတာပါဆိုပြီး အားပေးစကားပြောတာ၊ စောင့်ရှောက်ပေးတာ တွေရှိခဲ့သလို နင်တို့ကို ထိ ရင် ငါတို့လည်း နင်တို့ဘက်က ရပ်တည်ပြီးကာကွယ်မယ်လို့ အားရှိပါးရှိပြောတဲ့ အရှေ့ဘက်အိမ်က အဒေါ်ကြီး စကားကိုလည်း အမြဲသတိရလျှက်ပါ။

    ဟော! ကြည့်ပါအုံး ဖြစ်ရပြန်ပြီ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီလမ်းကြောင်းလွဲဖို့အတွက် လာပြန်ပြီ ဘာသာရေးအဓိကရုန်းတွေ။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးရောက်ခါနီးတိုင်း ဘာသာရေးလူမျိုးရေးအဓိကရုန်းတွေ ဖြစ်ကြပြီ။ တကယ်ဘဲ ကျမတို့နိုင်ငံအတွက် ဝမ်းနည်းစရာကောင်းပါတယ်။ ကျမတို့လို ကိုယ့်မွေးရပ်မြေကို တန်ဖိုးထားချစ်မြတ်နိုးနေတဲ့သူတွေအပေါ် စာနာနားလည်မှုမထားဘဲ ဓားစာခံအဖြစ် မြေနိမ့်ရာလှံစိုက်လို့ ခုတုံး လုပ်ကြတယ်။ သိတဲ့သူတွေက သိနားလည်ကြပေမဲ့ အချို့ကတော့ လူတစု အဖွဲ့အစည်းတခုရဲ့ လှည့်ကွက်ထဲ ကို မျက်စိစုံမှိတ်ပြီး တံလျှပ်ကိုရေထင်လို့ ပြဿနာတွေဖန်တီးကြတယ်။

    ဘန်ကောက်က အတွေ့အကြုံလေး တခုပြောရမယ်ဆိုရင်လည်း ရှိပါသေးရဲ့။ တနေ့မှာ ဆေးဆိုင်တဆိုင် သွားပြီးဆေးဝယ်တော့ ဆိုင်ရှင်က အင်္ဂလိပ်စကားတော်တော်ပြောချင်ပုံရတယ်။

    ဆိုင်ရှင်နဲ့ကျမအမျိုးသားက စကားတွေဖေါင်ဖွဲ့နေကြတာလေ၊ မကြာပါဘူး ကျမတို့ ကို မြန်မာနိုင်ငံကမှန်း လည်းသိရော ဖမာ့လားဆိုပြီး ဟိုလိုလိုဒီလိုလိုနဲ့ တခြားဘက်ကိုသွားလိုက်တယ်။ ပြီးတော့ သူ့တပည့်နဲ့ဘဲ ဈေးရောင်းလွတ်ထားပေးခဲ့တယ်။ ကျမတို့တော်တော်အံသြမိပါတယ်။ မြန်မာနိုင်ငံကလာတဲ့ လူဆိုရင် ဘာလူ မျိုးဘာဘာသာဘဲကိုးကွယ်ကိုးကွယ် အားလုံးကို ဖမာ့ဆိုပြီး ဝါးလုံးရှည်နဲ့ ဇွတ်ရန်းတော့တာပါဘဲ။ ကျမတို့ ဆို ရင် ပြည်တွင်းမှာတုန်းကလည်း ဘာသာခြားဆိုပြီး ခွဲခြားခံရတယ်။ ပြည်ပရောက်တော့လည်း ဖမာ့ ဆိုပြီးနိမ်ချ ခံရပြန်တယ်။ ဘာဘဲဖြစ်ဖြစ် ဘယ်သူတွေက ဘယ်လိုတံဆိပ်တွေတပ်ကြပါစေ ကျမတို့လိုပြည်တွင်းမှာ မွေး ဖွားကြီးပြင်းလာတဲ့သူတွေ အားလုံးဟာ ဗုဒ္ဓဘာသာကိုးကွယ်တာမဟုတ်တာကလွဲလို့ ဓနု-ရှမ်း ကချင် ကရင် စသဖြင့်အားလုံးတူတူပါဘဲ။

    ဒါကြောင့်မြန်မာနိုင်ငံနဲ့ပါတ်သက်ရင် ထိုင်းက ဖမာ့ဆိုပြီးနိုင်ရင်လည်း မခံချင်သလို အခြားနိုင်ငံတွေက ထိပါး လာရင်လည်း မခံနိုင်တာကတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးမှ မဟုတ်ပါဘူး။ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ မြန်မာပြည်သားတွေ၊ အစ္စလာမ်ဘာသာကိုးကွယ်တယ့် မြန်မာပြည်သားတွေ၊ ဟိန္ဒူ ဘာသာကိုးကွယ်တဲ့ မြန်မာပြည်သားတွေ အားလုံးဟာ တသွေးထဲတသားထဲပါဘဲ။

    အချို့သောသူတွေက အတူယှဉ်တွဲပြီးတမြေထဲနေ တရေထဲသောက်လာကြတဲ့လူတွ အချင်းချင်းကြားမှာ အမျိုးပျောက်မှာစိုး ကြောက်လှပါတယ် ဆိုတဲ့ဆောင်ပုဒ် တခုသုံးပြီးကိုယ်လိုရာကို ဆွဲနေကြတာကတော့ သွေးစည်း ညီညွတ်မူကို ဖြိုခွဲနေတာနဲ့အတူတူဘဲလို့ ကျမအနေနဲ့သုံးသပ်မိပါတယ်။ ကျမကတော့ အမိမြန်မာ ပြည်ကို တန်ဖိုးထားရသလို တောင်ပေါ်သူဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ကျမလိုဘဲအခြားဒေသ မှာနေထိုင် ကြတဲ့ တောင်ပေါ်သူတွေဘဲဖြစ်စေ မြေပြန့်သူတွေဘဲဖြစ်စေ ဘယ်နေရာဘယ်ဒေသရောက်ရောက် ဘာသာမ တူလို့  ဘာတံဆိပ်တွေဘဲတပ်ကြပါစေ မျိုးချစ်ပါတယ်ဆိုတဲ့ပုဂိုလ် တွေထက်မသာရင်တောင် သူတို့ထက် မနိမ့်တဲ့ချစ်ခင်တန်ဖိုးထားမူ တွေနဲ့ အတူ အမိမြန်မာပြည်ကို ကာကွယ် စောင့်ရှောက်ကြလိမ့်မယ် ဆိုတာကို တော့ ကျမ ယုံကြည်ပါတယ်။

  • မမေးလည်းဖြေ (၆)- ကျိန်ဆဲခြင်းလော?

    မမေးလည်းဖြေ (၆)- ကျိန်ဆဲခြင်းလော?

    ကျော်မိုးအောင်

    Photo Link – http://goo.gl/sxDvq

    အထက်ပါပုံကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာဝင်များအပေါ် အထင်အမြင်လွဲနေရစေသည့် အဓိကလက်သည်တရားခံ မုသာဝါဒဖြန့်ဝေရာ၊ အမုန်းတရားကြီးထွားစရာတို့၏ ဇစ်မြစ် အမျိုးပြောက်မှာ စိုးကြောက်စရာ အပါအဝင် (တရားဝင်ထုတ်ဝေခြင်းမဟုတ်သော်လည်း အလွန်တွင်ကျယ်စွာ ပြန့်နှံ့သည့်) ဝါဒမှိုင်းတိုက် စာစဉ်များတွင် ဖတ်ခဲ့ရဖူးပါသည်။ ယခုအခါ Facebook နှင့် အခြား အင်တာနက်စာမျက်နှာများတွင် တွေ့လာရပြီ။ တစ်ဆင့် ပြန် share လုပ်သူဦးရေလည်း မနည်းမနော။

    အစ္စလာမ်ဘာသာဝင် မဟုတ်သူ သာမန် စာဖတ်သူတစ်ဦး ဖတ်မိပါက ကြက်သီးမွေးညင်းထောင်ထစရာ၊ မွတ်စလင်မ်ဆိုသူတွေက အလွန်ကြောက်စရာ သတ္တဝါများဟုပင် တထစ်ချ ယူမှတ်လိုက်ဖွယ်ရာ အနေအထားဖြစ်သည်။

    ဟစ်တလာက ပြောခဲ့ဖူးပါသည်။ အမှားတစ်ခုကို လူထုကြားမှာ ရဲရဲပြော၊ အကြိမ်ကြိမ်ပြော၊ စကာစက မယုံသူတွေတောင် တစ်ဖြည်းဖြည်း အမှန်ဟု ထင်လာလိမ့်မည်တဲ့။ အဆိုပါ စာအုပ် ထုတ်ဝေဖြန့်ချိသူတို့၏ လုပ်ရပ် အတော်ပင် အောင်မြင်ပါသည်။ မွတ်စလင်မ်ဆိုတာ ရွံစရာ၊ မုန်းစရာ၊ ကြောက်စရာအဖြစ် မြင်နေကြသူတွေ မနည်းလှကြောင်း facebook နှင့် internet သုံးသူများမှတစ်ဆင့် တွေ့နေရပါသည်။ ကမ္ဘာ့နားလည်မှု လွဲမှားမှု အခံရဆုံး နံပါတ်(၁)သာသနာအဖြစ် အစ္စလာမ် ရှိနေရပါပြီ။

    အစ္စလာမ်ကတော့ သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲနှင့်  လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် သင်တို့ဆန်းစစ်ကြဖို့၊ သို့မဟုတ်လျင် သင်တို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍ ဆုံမသွန်သင်ထားသည်။

    (ကျမ်းမြတ်ကုရ်အာန် ၄၉း၆)

    အခြားအကြောင်းအရာတွေ မဆွေးနွေးမီ ပထမဆုံး အစ္စလာမ်ကို မည်သည်က အစစ်အမှန် ကိုယ်စားပြုသည်ဆိုသည်ကို ပြောလိုပါသည်။ အစ္စလာမ်၏ စစ်မှန်သော အဆုံးအမများကို (၁)ကျမ်းတော်မြတ်ကုရ်အာန်နှင့် (၂)ထိုကျမ်းမြတ်ကို လက်တွေ့အကောင်အထည်ဖော် သွန်သင်လမ်းညွှန်ထားသော မဟာတမန်တော်မြတ်၏ ပုံဖော်သွန်သင်ချက်များကသာလျင် ကိုယ်စားပြုပါသည်။ ထိုနှစ်ချက်ကို ဆန့်ကျင်သည့် အကြောင်းခြင်းရာတစ်ရပ်ကို မွတ်စလင်မ်အမည်ခံသူ တစ်သန်းက လက်မှတ်ထိုး ထုတ်ဝေပါစေ ထိုအကြောင်းအရာသည် အစ္စလာမ်ကို ကိုယ်စားမပြုပါ၊ ထိုလူတစ်သန်းနှင့်သာ ဆိုင်ပါမည်။

    ထို့အတွက်ကြောင့် အစ္စလာမ်၏ စစ်မှန်သော သွန်သင်ချက်များတွင် မွတ်စလင်မ်မဟုတ်သူ ဘာသာခြားများနှင့် ပတ်သက်၍ မည်သို့ ဆိုထားကြောင်း ဦးစွာ တင်ပြပါမည်။

    ဘာသာတရားများ တစ်ခုနှင့်တစ်ခု ယုံကြည်ချက်၊ ကျင့်သုံးဆောက်တည်မှုများ မတူညီ ကွဲပြားကြပါသည်။ မတူညီမှုကို တန်းညှိနေရန် မလိုပါ။ မိမိတို့လုပ်ရပ်အတိုင်း ကိုယ့်ပြုသည့်ကံ ကိုယ်နှင့်ဆိုင်ပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ ကိုယ့်သာသနာနှင့်ကိုယ်ပါ။ ကိုယ့်လမ်းကိုယ် လျှောက်ကြရမှာပါ။

    “ အသင် ပြောကြားပါလေ။

    အို (အစ္စလာမ်ကို) မယုံကြည်သူအပေါင်းတို့…

    ကျွန်ုပ်သည် သင်တို့ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည်မဟုတ်ပေ။

    ထို့ပြင် သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြသူများ မဟုတ်ပေ။

    ထို့ပြင် ကျွန်ုပ်သည် သင်တို့ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်မည့်သူ မဟုတ်ပေ။

    ထိုနည်းတုစွာ သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။

    စင်စစ်သော်ကား သင်တို့အဖို့ သင်တို့၏ အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ကျွန်ုပ်အဖို့ ကျွန်ုပ်၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင် ဖြစ်ပေသည်။”

    (ကျမ်းမြတ်ကုရ်အာန် ၁၀၉း၁-၆)

     ထိုသို့ ကိုယ့်ခရီးကိုယ်သွားနေကြသူ အချင်းချင်း မည်သို့မည်ပုံ ဆက်ဆံရမည်ကိုလည်း ရှင်းလင်းပြတ်သားစွာ သွန်သင်ထားပြီး ဖြစ်ပါသည်။

     “အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း တားမြစတော်မူသည်မဟုတ်ပေ။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်းမဟုတ်ပေ၊ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသူတို့အား နှစ်သက်ချစ်ခင်တော်မူ၏။

    အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို အဆွေခင်ပွန်း ပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည့်အပြင် အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့် စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ရိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၄င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျင် မတရားသောသူများ  ဖြစ်ကြကုန်သတည်း။” 

    (ကျမ်းမြတ်ကုရ်အာန် ၆၀း၈-၉)

    အစ္စလာမ့် အနှစ်ချုပ်တရားသည် တရားမျှတရန်၊ ကောင်းမွန်စွာ ပြုမူဆက်ဆံရန်၊ ပေးကမ်းလျူဒါန်းရန်၊ မကောင်းမှုမတရားမှုတို့မှ ရှောင်ကျဉ်ရန်ဖြစ်သည်။

    (ကျမ်းမြတ်ကုရ်အာန် ၁၆း၆၀)

    ဘာသာ မတူသူများနှင့် လူသားချင်းအတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ရမည်တို့ တစ်ပုံတစ်ပင် ရှိပါသည်။

    အစ္စလာမ်က မိမိ တစ်ကိုယ်ရည်အတွက် မေတ္တာထားကာ ငုံ့ခံခိုင်းထားသလို အများအတွက်၊ လူ့အစုဝေးအကျိုးနှင့် ယှဉ်လာပါမူ သစ္စာတရားအတွက် တုန့်ပြန်ခိုင်းထားသည်။

    အစ္စလာမ်၏ လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား ခွင့်လွှတ်ခဲ့သည်။ အများလူထု ၁၃နှစ်ကျော် နှိပ်စက်ညှင်းပမ်းသတ်ဖြတ်မှုများ ခံရပြီးနောက်ဆုံးတွင် ခုခံစစ်အဖြစ် ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံ ရန်သူတို့ အရေးနိမ့်သွားချိန်တွင် အားလုံးတို့အား ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်။ မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ်သူကိုပင် ခွင့်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။

    မတရားပြုမူခံနေရစဉ် မတရားမှုကို တွန်းလှန်ရာနိုင်စေဖို့ အင်အား လိုပါသည်။ ရုပ်ပိုင်းဆိုင်ရာ အင်အားများကို ဖြည့်ဆည်းရသလို စိတ်ပိုင်းဆိုင်ရာ အင်အားကလည်း အင်မတန် အရေးကြီးလှသည်။ ရုပ်ကို စိတ်က ဦးဆောင်သည် မဟုတ်ပါလော။ ထိုသို့သော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အတွက် မိမိတို့ ယုံကြည် ကိုးကွယ်အားထားရာ အလ္လာဟ်အရှင်မြတ်ထံမှ ဆုပန်ကြရပါသည်။ အစ္စလာမ့် ဝတ်ပြုဆုတောင်းမှုတိုင်း၏ အဆုံးသတ်သည် မိမိဝဲယာရှိ အရာခပ်သိမ်း ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းပေးခြင်းဖြစ်သည်။ မိမိတို့ အကြပ်အတည်း ကြုံတွေ့နေရပါက၊ မတရား ပြုမူခံနေရပါကလည်း မိမိတို့ကိုးကွယ်အားထားရာ ဘုရားသခင်ထံ တိုင်တည်ကာ ဆုပန်ကြသည်။ ထိုဆုတောင်း အပြည့်အစုံ အမှန်မှာ အောက်ပါအတိုင်းဖြစ်သည်။

    ဆုတောင်း အပြည့်အစုံ နှင့် အဓိပ္ပါယ်အမှန်

    နောက်တစ်ချက်က ထိုစာအုပ်တွင် ဖော်ပြထားသလို သောကြာနေ့ ဝတ်ပြုရာ၌ တောင်းသည့် ဆုတောင်းလည်း မဟုတ်ပါ။ သာမန်အားဖြင့် တောင်းဆိုလေ့ မရှိဘဲ မွတ်စလင်မ်ညီနောင်များ အတိဒုက္ခရောက်နေခိုက် အန္တရာယ်ပြုမည့် ရန်သူ ပြုသမျှ မနုရစေရန် အခိုက်အတန့် တောင်းသည့် ဆုမွန်သာဖြစ်ပါသည်။ သာမန် အများမွတ်စလင်မ်တို့ အလွတ်တောင်မရကြပါ။

    အေးချမ်းစွာ အတူလက်တွဲနေထိုင်ကာ ကိုယ့်အလုပ်ကိုယ်လုပ်နေကြသူ ဘာသာတူသူများအား ညီနောင်အဖြစ်လည်းကောင်း၊ ဘာသာမတူသူများအား ဝမ်းကွဲဆွေမျိုးရင်းချာအဖြစ်လည်းကောင်း၊ ဘာသာမဲ့တို့အား မိတ်ဆွေအဖြစ်လည်းကောင်း သဘောထားပါသည်။ ထိုသူတို့အားလုံးတို့အပေါ် ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကြရောက်ပါစေ။ ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေသား။

    ဘာသာမတူခြင်းကို ခုတုံးလုပ်လျက် လူ့ဘောင်အသိုင်းအဝိုင်း ပျက်စီးရာပျက်စီးကြောင်း၊ အမှောင့်ပယောဂလုပ် နှောက်ယှက်ဖျက်ဆီးနေသူများ၊ မတရားပြုမူကြသူများ၊ အဖျက်သမားများ၊ အကြောင်းမဲ့ အငြိုးထားနေကြသူများ၊ မကောင်းကြံနေကြသူများ၊ ဝါဒဖြန့်အမုန်းပွား ပဋိပက္ခဖြစ်စေကြသူများ (လူမျိုးဘာသာမရွေး) ပျက်သုဉ်းပါစေသား။

     

    ကိုကျော်မိုးအောင် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • ဗမာတွေ ဘယ်မှာ စည်းကမ်း မဲ့လို့လဲ

    ဗမာတွေ ဘယ်မှာ စည်းကမ်း မဲ့လို့လဲ

    (၁၉၂၀၊ ဒီဇင်ဘာ ၂၀တွင် စတင်ခဲ့သော ပထမကျောင်းသားသပိတ် သပိတ်မှောက်ကျောင်းသား တစ်ဦးဖြစ်သူအမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်၏ ကျောင်းသားသပိတ် ကိုယ်တွေ့မှတ်တမ်း)

     

    လွန်ခဲ့သည့် ၉နှစ်ခန့်က ဖြစ်ပါသည်။ ရန်ကုန်ကောလိပ် ခရစ်ကက် အသင်းသည် မြန်မာပြည် မီးရထားအသင်းနှင့် ချိန်း၍ ကစားခဲ့သည်။ ကစားပွဲပြီးသော် ကျွန်တော်သည် စားသောက်အပြီးနောက် ကောလိပ်ကျောင်းဝင်းထဲသို့ အေးအေးဆေးဆေး ပြန်လာပါသည်။

    ဘာဖြစ်ပါလိမ့်

    ထမင်းစားခန်းအနီးမှ လှမ်းကြည့်လိုက်ရာ တင်းနစ်ကစားကွင်း အမှတ်(၁)မှာ လူသူကင်းမဲ့နေသည်ကို တွေ့ရ၏။ ဤကား အခွင့်အရေးကောင်း တစ်ခုပင်ဖြစ်၍ ကျွန်တော်သည် ရက်ကက်တစ်ချောင်း သွားယူပြီး တင်းနစ် ကစားရန် အကြံဖြစ်သည်။

    သို့သော် ကျွန်တော်နှင့်အတူ ကစားမည့်အဖော် တစ်ဦးမျှ ကျောင်းထဲမှာ မတွေ့ရပေ။ ကျောင်းသားတွေ ဘယ်ရောက်ကုန်ပါလိမ့်။ ဘာဖြစ်တာပါလိမ့်၊ ကျွန်တော် သိချင်လာသည်။

    သပိတ်မှောက်ပြီတဲ့

    ထို့ကြောင့်ပင် ထမင်းစားချိန်တွင် မိတ်ဆွေ ကိုဘလှိုင်ကို မေးရသည်။ သူကား ကောလိပ်ဘောလုံးသမား ဖြစ်သည်။ သူကပင် ကျွန်တော့်ကို ပြန်မေး၏။ “ကျွန်တော်တို့ ကောလိပ်နှစ်ခုပေါင်းပြီး သပတ်မှောက်ကြတာ ခင်ဗျား မသိဘူးလား” တဲ့။

     

     

    သပိတ်စခန်းသို့

    နောက်တစ်နေ့ နံနက်တွင် ကိုညွန့်နှင့်အတူ ကျွန်တော်သည် ဗဟန်းသို့ လာခဲ့၏။ ကိုညွန့်မှာ ဆင်းဒဝစ်လမ်း၌ နေ၏။ သူ့အိမ်မှာ သပိတ်မှောက်ကျောင်းသားများ၏ နားနေရာ စည်းဝေးရာ စားသောက်ရာ ဌာနတစ်ခု ဖြစ်သည်။ ကျွန်တော် ဗဟန်းသို့ ရောက်သောအခါတွင် ကောလိပ်နှစ်ခုမှ ကျောင်းသားထုကြီးကို ရွှေတိဂုံဘုရား အရိပ်အာဝါသ၌ တစ်စုတစ်စည်းတည်း တွေ့ရလေ၏။ အနာဂတ်မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်မည့်သူတို့မှာ တင်းကျပ်သော စည်းကမ်းများ ဝန်းရံထားသောနေရာ၌ စနစ်တကျ ရှိနေကြသည်ကို တွေ့ရ၏။

     

    ၁၉-၁၂-၁၉၂၃က ဖွင့်လှစ်ခဲ့သော ဗဟန်းတောရလမ်း ဦးအရိယတိုက်ကျောင်းမှ အမျိုးသားကောလိပ်၊ ဆရာကြီး ဦးရာဇတ်သည် ထိုကောလိပ်မှ ပထမဆုံးသော BA ဘွဲ့ရသူဖြစ်သည်။

    ဝင်ခွင့် စစ်ဆေး

    သပိတ်စခန်းဝတွင် တာဝန်ကျနေသော ကျောင်းသား အစောင့်တစ်ဦးက စခန်းအဝသို့ ရောက်လာသော ကျွန်တော်တို့ကို တားဆီးစစ်ဆေး မေးမြန်းခြင်းပြုသည်။ ကျွန်တော်တို့မည်သူဖြစ်ကြောင်း ပြောပြရှင်းလင်းမပြနိုင်လျင် သပိတ်စခန်းအတွင်း ဝင်ခွင့်ပြုမည်မဟုတ်ပေ။ သို့သော် ကျွန်တော်တို့ကို သိပြီးသူများဖြစ်သောကြောင့် ဝင်သွားရန် အစောင့်က ခွင့်ပြုလိုက်၏။

     

    သပိတ်မှောက်ကျောင်းသားများ တည်းခိုခဲ့သော ဗဟန်းကြားတောရလမ်း ဦးအရိယကျောင်းတိုက်အတွင်းရှိ ဇရပ်များ
     ကျောင်းသားမြို့တော်

    ကျွန်တော်သည် ဤသို့ဖြင့် သပိတ်စခန်းအတွင်းသို့ ရောက်ခဲ့နေသည်မှာ ကျွန်တော့်ကို မန္တလေးတွင် ကျောင်းဆရာအဖြစ်အမှုထမ်းရန် ကောင်စီက အသိအမှတ်ပြု ခန့်ထားသည်အထိ ဖြစ်၏။ နေ့တွေရက်တွေ ကုန်လာသည်နှင့် သပိတ်စခန်းအတွင်းသို့ ရန်ကုန်မြို့တွင်းရှိ အခြားကျောင်းများမှ ကျောင်းသားများ လာရောက်ပူးပေါင်းကြသည်မှာ ဗဟန်းရပ်ကွက်၌ ကျောင်းသားမြို့တော်ကြီး ဖြစ်သွားပါတော့သည်။

     

    ဆရာကြီးဦးရာဇတ်၏ အမျိုးသားအထက်တန်းကျောင်း (ယခု အထက၂၊ မန္တလေး)

     

    ရိက္ခာ ပြဿနာ

    ဗဟန်းရှိ ရွှေတိဂုံစေတီဝန်းကျင်တွင် ဇရပ်ပေါင်းများစွာ ရှိနေပါသောကြောင့် တည်းခိုနေရန် အိုးအိမ် ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်တော့ချေ။ သို့သော် စားရေးရိက္ခာ ပြဿနာကား ရှိသည်။ ယင်းပြဿနာသည် သပိတ်မှောက်ကောင်စီကို ခေါင်းခဲစေသော ကိစ္စဖြစ်ခဲ့သည်။

     

    စည်းနှင့်ကမ်းနှင့်

    စည်းကမ်းတင်းကြပ်သည့်ဘက်ကမူ စံပြဖြစ်ခဲ့၏။ ဗမာတွေ စည်းကမ်းမရှိဘူးဟု အပြစ်တင်လေ့ ရှိကြသည်။ သို့သော် ဗဟန်းရှိ သပိတ်စခန်းတွင်ကား စည်းကမ်းကို ဂရုတစိုက် သတ်မှတ်လိုက်နာကြသည်။ တစ်ချိန်က အဆောင်မှူးများ၏ သြဇာကို မနာယူခဲ့သော ကောလိပ်ကျောင်းသားတို့သည် ယခု သပိတ်စခန်းမှူးများ၏ စည်းကမ်းကို တစ်သဝေမတိမ်း လိုက်နာကြ၍ ရုပ်ရှင်ကားတစ်ခု မည်မျှ မိုးပျံအောင်ကောင်းနေပါစေ  သပိတ်မှောက်ကောင်စီ လူကြီးတွေထံမှ ခွင့်မရလျင် သပိတ်စခန်းမှ မထွက်ရဲကြပေ။

     

    ဆီပုံးထမ်း

    တစ်ကြိမ်တွင် စေတနာရှင်တစ်ဦးက သပိတ်စခန်းသို့ ဆီပုံးများ လှည်းဖြင့်တင်ပို့၍ လှူဒါန်းလိုက်၏။ လှည်းမှာ သပိတ်စခန်းအတွင်း ဝင်၍မရချေ။ ကူလီထမ်းမည့်သူလည်းမရှိ။ အခက်တွေ့နေပါပြီ။ ကောင်စီလူကြီးတွေက သန်သန်မာမာ ကျောင်းသားတွေကို လိုက်ရှာ၏။ နောက်ဆုံးတွင် ကျောင်းမှ ဘောလုံးသမားတစ်ဦးက ကူလီလုပ်လိုက်၍ ဆီပုံးတွေမှာ သပိတ်စခန်းထဲသို့ ရောက်ရှိသွားလေ၏။

     

    သတင်းစာသယ်

    တစ်ကြိမ်တွင် သပိတ်စခန်း၌ဖတ်ရန် သတင်းစာများ သွားယူရေးပြဿနာ ရှိနေသည်။ ဤပြဿနာကို ကောလိပ်ဘောလုံးအသင်းမှ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၍ ဘီအေအေ ဘောလုံးလက်ရွေးစင်တစ်ဦးလည်းဖြစ်သူ ကျောင်းသားတစ်ဦးက ရှင်းပေး၏။ အဆိုပါကျောင်းသားသည် နံနက်၅နာရီ၌ ဘိုင်စကယ်တစ်စီးဖြင့် သပိတ်စခန်းမှ ထွက်သွားပြီးလျင် ရန်ကုန်မြို့တွင်းရှိ သတင်းစာတိုက်ပေါင်းစုံသို့သွားပြီး သပိတ်စခန်းအတွက် သတင်းစာများသွားယူ၍ နံနက်၇နာရီဆိုလျင် သူ့ထံ၌ ရန်ကုန်ဂေဇက်၊ သူရိယ၊ မြန်မာ့အလင်း၊ နယူးဘားမား အစရှိသောသတင်းစာများ သယ်ဆောင်ပြီး သပိတ်စခန်းသို့ ပြန်ရောက်လာတော့၏။

     

    ဂုဏ်ယူဝင့်ကြွား

    ဤကား အမျိုးသားအောင်ပွဲနေ့၏ ၉ကြိမ်မြောက်နှစ်ပတ်လည်အခမ်းအနားတွင် ကျွန်တော် မှတ်မိသမျှ တင်ပြခြင်းဖြစ်၏။ အဖြစ်အပျက်အားလုံးကိုကား သေချာကျန မမှတ်မိတော့ပေ။ အမှန်ဆိုသော် သပိတ်မှောက်ခဲ့သောနေ့များကို ကျွန်တော်တို့သည် အစဉ်သတိရနေလျက် အောင်မြင်မှုများအတွက် ဂုဏ်ယူဝင့်ကြွားနေရဦးမည်ဖြစ်၏။ ဤ ၉ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ကျွန်တော်တို့ သပိတ်မှောက်ရဲဘော် ကျောင်းသားများအားလုံး ရွှင်ပြုံးချမ်းသာရှိကြစေရန် ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

    တာဝန်

    အမျိုးသားအထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီးတစ်ဦးအနေဖြင့် ကျွန်တော့်ကျောင်းမှ ကျောင်းသားကျောင်းသူများသည် အမိနိုင်ငံနှင့် အမျိုးသားတို့၏ တိုးတက်မြင့်မားရေး တာဝန်များကို ထမ်းဆောင်လိုသောစိတ်ဓာတ်မြင့်မားလာစေရန် အတတ်နိုင်ဆုံး ကြိုးပမ်းတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပါသည်။

    (အိုးဝေရွှေရတုသဘင် လက်ရွေးစင်ဆောင်းပါးများ၊ ဒုတိယအကြိမ်၊ ၂၀၁၂ ဇူလိုင်လထုတ်၊ ဘဦးခေတ်(၁၉၂၀-၁၉၃၀)၊ စာမျက်နှာ ၂၃/၂၄)

    ကိုကျော်မိုးအောင် FB စာမျက်နှာမှ ကူးယူမျှဝေပါသည်။

  • “ဇကားသ်”ခေါ် ဆင်းရဲသားဘ၀ မြှင့်တင်ရေးခွန်

    “ဇကားသ်”ခေါ် ဆင်းရဲသားဘ၀ မြှင့်တင်ရေးခွန်

    မွတ်စလင်မ်ဟူသည် မိမိ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းကို ထာဝရအရှင်ပြစနစ်ဇယားအတိုင်း နေ ထိုင်ရသကဲ့သို့ မိမိတို့ပိုင်ဆိုင်သော ပစ္စည်းများ အနက်နှစ်စဉ်အချိုးအစားအလိုက် ဆင်းရဲသားများနနင့်အရေးပေါ်လိုအပ် သူများအတွက် ဘ၀မြှင့်တင်ရေးရန်ပုံငွေခွန် ပေးဆောင်ရသည်မှာလည်း တာဝန်တစ်ရပ်ဖြစ်သည်။ ဇကားသ်(ခေါ်)ဆင်းရဲသားများနှင့်အရေးပေါ် လိုအပ်သူများအ တွက် ဘ၀မြှင့်တင်ရေးရန် ပုံငွေ ခွန် ပေးဆောင်ရသောအကြောင်းရင်း သည် လူ့အဖွဲ့အစည်းကြီးအတွင်း ဆင်းရဲလွန်းခြင်း၊ ချမ်းသာလွန်းခြင်းဟူ သော ဆင်းရဲချမ်း သာ ကွာဟချက်ကို ညှိပေးသော စနစ်ဖြစ်သည်။

    ဇကားသ်ဟူသော ဆင်းရဲသားများအတွက်ရန်ပုံငွေခွန်သည် စားရမဲ့သောက်ရမဲ့ဆင်းရဲ သားများကို တစ်လုပ်တစ်ဖဲ့ကျွေးမွေး ရန်သက်သက်မဟုတ်ပေ။ ထိုဆင်းရဲသားများကို ဆင်းရဲသည့် ဘ၀မှလွတ်မြောက်ရန်အတွက် အရင်းအနှီးမတည်၍ ချမ်းသာကြယ်ဝနိုင်သည့်စီးပွားရေးလမ်းကြောင်းပေါ်သို့ တွန်းပို့ပေးခြင်းဖြစ်သည်။ ဆင်းရဲသားများနှင့်လို အပ်ချက်ရှိသူများ ကိုပေး ကမ်းလှူဒါန်းရမည့် တာဝန်မှာ (အီမာန်)သက်ဝင်ယုံကြည်မှုနှင့် ထပ်တူထပ်မျှ ဖြစ်သည်။ အချိန်နေရာဒေသ သတ်မှတ်ချက် မရှိပေ။(ကုရ်အာန်၂း၁၇၇)

    ဇကားသ်သည် မိမိဆွေမျိုးသားချင်းများအတွက် ပထမဦးစားပေးဆောင်ရွက်ရမည်ဖြစ် သည်။ လူ့အဖွဲ့အစည်းကြီးအတွင်းရှိ လူသားများသည် မိမိတို့၏ဆွေမျိုးသားချင်းများ၏ လိုအပ်ချက် များကို ဦးစားပေး ဆောင်ရွက်နိုင်ခြင်းဖြင့် ဆင်းရဲသားအများစုအတွက် ဆင်းရဲ မှု ဘ၀မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။

    လူ့အဖွဲ့အစည်းကြီးအတွင်းရှိ လူသားတိုင်းသည်တစ်နည်းအားဖြင့် ဆက်နွယ်လျက်ရှိသောဆွေမျိုးသား ချင်းများဖြစ်သည်။ လူတစ်ဦးချင်းသည်လည်းကောင်း မိသားစုတစ် စုချင်းသည် လည်းကောင်းလူ့အ ဖွဲ့အစည်းကြီးအတွင်းရှိ လူတိုင်းလူတိုင်းမိသားစုတိုင်း မိသားစု တိုင်း စားဝတ်နေရေးနှင့်လိုအပ်ချက်အား လုံး ချောမွေ့ရမည့်တာဝန်မှာ မွတ်စ လင်မ်တိုင်းအပေါ်တွင် တာဝန်တစ်ရပ် ဖြစ်သည်။

    ဇကားသ်ဟူသည် အရဗီဝေါဟာရဖြစ်၍ အဓိပ္ပာယ်မှာ တိုးပွားခြင်းသည်။ မိမိပိုင်ပစ္စည်းဥစ္စာ တိုးပွားခြင်းမှ အခြားဆင်းရဲသားမိသားစုများ ၏ ဥစ္စာပစ္စည်းများကိုပါတိုးပွားစေခြင်း ဖြစ် သည်။

    လူ့အဖွဲ့အစည်းကြီးအတွင်းတွင် များသောအားဖြင့် ခိုးဆိုးလုယက်၊ တိုက်ခိုက်သတ်ဖြတ်ခြင်းများမှာ ဆာ လောင်ငတ်မွတ်၊ လိုလားတောင့်တရာမှတစ်ဆင့်၊ ဆင်းရဲလွန်းခြင်း၏ဒဏ်၊ လူရာမ ဝင်လွန်းဟုခံစားရ ခြင်း၏ဒဏ်၊ အနှိမ်ခံရသည်ဟု ထင်မြင်စွဲမှတ်လာသည့်ဒဏ်စသည့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက် ပေါင်းများစွာမှ အခြေခံဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ဆာလောင် ငတ်မွတ်ခြင်းဒဏ်၊ လိုလားတောင့်တ ခြင်းဒဏ်များကို ကျင့်သားရစေရန်၊ ဆာလောင်ငတ်မွတ်လာလျှင်လည်း စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကို မ ယိမ်းမယိုင်ကြံ့ကြံ့ခိုင်တည်မြဲနိုင်စေရန် ဥပုသ် သီလကို ပြဌာန်းထားသကဲ့သို့ ဥပုသ်သီလစောင့်ထိန်းခြင်း ဖြင့် ဆင်းရဲသားများ၏စားရမဲ့သောက်ရမဲ့ဘဝကို လက်တွေ့ခံစားလာကြသော မွတ်စလင်မ်များသည်(ဇ ကားသ်)ခေါ် ဆင်းရဲသား များ၏ ဘ၀လုံခြုံရေးခွန်ကိုလည်း လိုလိုလားလား ပေးဆောင်နှိုင်ရန်ဖြစ်သည်။

    ထိုကဲ့သို့သော ဇကားသ် ဆင်းရဲသားများအတွက် ရန်ပုံငွေခွန်သည် မပေးမနေရပြဌာန်း ချက် ဥပဒေဖြစ် သည်။ ကုရ်အာန်၉း၆၀ တွင်-

    (ဧကန်ဆွသ်ကဟ် (ဇကားသ်)သည် ဆင်းရဲနွမ်းပါးသူတို့ အဖို့လည်းကောင်း၊ လိုအပ်ချက်ရှိနေသူတို့အ ဖို့လည်းကောင်း၊ ဇကားသ်နှင့်စပ်လျှင်း၍ အမှုထမ်းသူတို့အဖို့လည်းကောင်း၊ အမှန် တရားဘက်သို့ စိတ် ညွှတ်လာစေနှိုင်သူများအတွက်လည်းကောင်း၊ အချုပ်အနှောင်တွင် ရှိနေသူတို့အဖို့လည်ကောင်း၊ ကြွေး မြီပိနေသူများအဖို့လည်းကောင်း၊ အရှင့်လမ်းတွင်ရှိနေသူများ အဖို့လည်းကောင်း ခရီးသည်များအဖို့ လည်းကောင်းဖြစ်သည်။ ဤသည်ကား အရှင်မြတ်ထံမှပြဌာန်းထားသော ပညတ်ချက်ဖြစ်သည်။ အရှင် မြတ်သည် အကြွင်းမဲ့သိသော ဆင်ခြင်တုံတ ရားနှင့်် ပြည့်စုံသော အရှင်ဖြစ်သည်။)

    ဇကားသ်စားထိုက်သူ(၈)မျိုးအနက် (၀လ်အားမေလီးန်)ဇကားသ်နှင့်စပ်လျှင်း၍အမှုထမ်း များကိုလည်း ဇကာသ်ငွေပေးဆောင်ရမည် ဟုပြဌာန်းထားသည်။ ဆိုလိုရင်းအဓိပ္ပါယ် မှာဇ ကာသ်ကောက် ခံခြင်း ဇကာသ်ပြန်လည်ခွဲဝေပေးခြင်းတို့မှာ အစိုးရကဖြစ်စေအဖွဲ့အ စည်း ကဖြစ်စေ ကမကထပြု၍ တိတိကျကျဆောင်ရွက် ရမည့်တာဝန်ရှိသည်။

    တမန်တော်မြတ် (အရှင်၏အေးငြိမ်းမှုအပေါင်းခညောင်းပါစေ) ခေတ်နှင့်ခလီဖါဟ်ကြီးလေး ပါးခေတ်တို့ တွင် ဇကာသ်ကိုကောက်ခံရာတွင် စာရင်းဇယားကျွမ်းကျင်သော သူများဖြင့် ဖွဲ့စည်း ထားသောအဖွဲ့ကဦး ဆောင်ကောက်ခံသည်။ ကောက်ခံရာတွင်လည်း ချမ်းသာသူ များ၏ပိုလျှံငွေကြေးနှင့် ဆင်းရဲသူများ၏လို အပ်ချက်ကိုတွက်ချက်၍ အချိုး အစားအ လိုက်ကောက် ခံပေးဝေ သော စနစ်ကို ကျင့်သုံး သည်။ထိုက်သင့် သော ဇကာသ်အရေ အတွက်ထက် ပိုပေးလိုသူမဟာသာဝကများ က မေတ္တာရပ်ခံခဲ့သည်ကို တမန်တော်မြတ် (အရှင် ၏အေးငြိမ်းမှုအပေါင်းခညောင်းပါစေ)ကလက်ခံ၍ကောင်းခြီးမင်္ဂလာပေးခဲ့ကြောင်း(အဟ်မဒ်၏မွတ်စနသ်ကျမ်းဇကာသ်ကဏ္ဍ) တွင်ဖေါ်ပြ ထားသည်။

    ဇကာသ်စနစ်နည်းလမ်းတိကျမှုအရေးကြီးပုံ

    ယနေ့မွတ်စလင်မ်နိုင်ငံများနှင့် မွတ်စလင်မ်အများစုသည် ဇကာသ်ကောက်ခံပေးဝေရေး စနစ် အားနည်း မှုကြောင့် ဆင်းရဲချမ်းသာကွာဟနှုန်း သည် နှစ်စဉ်နှင့်အ မျှပိုမိုများပြား လာသည် ကို တွေ့ရပေသည်။ ကျွန် တော်တို့ဝန်းကျင်တွင် ခေတ်အဆက်ဆက်မှယနေ့တိုင် မွတ်စလင်မ်များအတွင်း ဇကာသ်တောင်းခံသူ လူတန်းစားတစ်ရပ်ဟူ၍ သီးခြားပေါ်ပေါက် လျှက်ရှိလာသည်။ ဥပမာ ဒီနှစ် လင်နှင့်မယား နှစ်ယောက်မှ နောင်နှစ်ကလေးများပါ ဇကာသ်တောင်းရန်ပါဝင်လာလေသည်။ ကုရ်အာန်ကပြဌာန်းသော ဇကာသ်စ နစ်သည် ဒီနှစ်မိသားစုတစ်စုအား ရင်းနှီးမ တည်ပေးလိုက်ခြင်းဖြင့် ထိုမိသားစုသည် နောင်နှစ်ဇကာသ် ယူရန်မလိုဘဲ ဇကာသ်ပြန်ထုတ်နှိုင်သူဖြစ်ရမည်။ ဇကာသ်ကိုစနစ်တစ်ကျအသုံးပြုနှိုင်ခြင်းဖြင့် နှစ်စဉ် ဇ ကာသ်တောင်းသူလျှော့ နည်းလာပြီး ဇကာသ်ထုတ်နှိုင်သူ ပိုမိုများလ မည်ဖြစ်သည်။

    ကုရ်အာန်ကပြဌာန်းသောဇကာသ်စနစ်ကို မွတ်စလင်မ်များကဆောင်ရွက်နှိုင်စွမ်းမရှိသည့်အတွက် ကမ္ဘာနှင့်အ၀ှမ်း မွတ်စလင်မ်နိုင်ငံ များနှင့် မွတ်စလင်မ်အများစုအတွင်း ဆင်းရဲ ချမ်းသာကွာဟမှု နှစ်စဉ် တိုးပွားလာသည်ကို တွေ့ရပေသည်။

    သို့ရာတွင် ကမ္ဘာချမ်းသာသော နှိုင်ငံကြီးများ၏ အခွန်ကောက်ခံခြင်းနှင့် ထိုအခွန်များကို ၄င်းတို့နှိုင်ငံအတွင်းရှိ လစာနည်းဝန်ထမ်းများနှင့် ပင်စင်စားများ၏ဘ၀လုံခြုံရေးကိုတာဝန် ယူထား ပုံ နည်းစနစ်မှာ ကုရ်အာန်ကပြဌာန်းသောစနစ်နှင့် တူနေသည်ကိုတွေ့ရပေသည်။ ထိုနိုင်ငံများအတွင်းရှိလူအများစုသည် လူလတ်တန်းစားများဖြစ်သည်။ ရုတ်တရက်ကျမ်း မာရေးကြောင့်သော် လည်ကောင်း အလုပ်ရပ်စဲခြင်း ခံရသည် သော်လည်းကောင်း အစိုးရ ကကောက် ခံထားသောအခွန်များမှ အလုံအလောက်ထောက်ပံ့သည်။ ထိုနိုင်ငံများ တွင် တောင်း ရမ်းစားသောက်သော လူတန်းစားဟူ၍ သီးခြားမရှိပေ။

    ကုရ်အာန်ပြဇကာသ်စနစ်သည် ဆင်းရဲသားလူတန်း စားပပျောက်ပြီး လူတိုင်းတူညီစွာဘ၀ ရပ်တည်နှိုင် ရေးဖြစ်သည့်အတွက် ဇကာသ် တာဝန်မကျေ သူများနှင့်စပ်လျှင်၍ ကျမ်းမြတ် ကုရ် အာန်၄၁း၇တွင်-

    (အကြင်သူတို့သည်ဇကာသ်တာဝန်ကိုမကျေပြွန်ပါက တမလွန်တွင်အလ္လာဟ်ရှင်ကို မယုံကြည်သော(ကာ ဖေရူးန်)ဘ၀နှင့် ရှင်ထကြရသူများဖြစ်မည်။)

    ဖေါ်ပြပါဗျာဒိတ်အားဖြင့် အစ္စလာမ်သာသနာတွင် ဇကာသ်တာဝန်သည် အလွန်အရေး ပါကြောင်းသိနှိုင် ပေသည်။

    ဆွသ်ကဟ် (ဇကာသ်)ပေးဆောင်ခြင်း၏သဘောသည် စပါးတစ်စေ့ကိုစိုက်လျှင် စပါးတစ်နှံတစ်နှံတွင် စပါးစေ့တစ်ရာစီပါသော အနှံခုနှစ်နှံပါသည့်စပါးတစ်ပင်ပေါက်သကဲ့သို့ ဇကာသ် ပေး ဆောင်သူဇကာသ် လက်ခံရရှိသူနှစ်ဦးစလုံးအဖို့ ၄င်းတို့၏ စီးးပွားဥစ္စာတွင် အဆပေါင်းများစွာပိုမိုတိုးပွားမည်ဖြစ်သည်။ (၂း ၂၆၁)

    ဇကာသ်၏ မူလရည်ရွယ်ချက်သည် တစ်ဦးကောင်းတစ်ယောက်ကောင်းတိုးပွားမှုမှ မွတ် စလင်မ်အသိုက် အမြုံတစ်ခုလုံး ကြီးပွားတိုး တက်ရေးဖြစ်သည်။ ထိုဇကာသ်သည် မိမိပိုင် ပစ္စည်းဥစ္စာ အနက်အချိုးအစားအ လိုက် ဆင်းရဲသားများနှင့်အရေးပေါ် လိုအပ်သူများ၏ ရ သင့်ရထိုက်သော ငွေဖြစ်သည်။ မိမိပိုင်မဟုတ်ပေ။ ဇကာသ်ထုတ်ရန်တာဝန်ရှိသူတစ်ဦးက ဇကာသ်မထုတ်ခြင်းသည် ဆင်းရဲသား များနှင့် အရေးပေါ်လိုအပ်သူများ၏ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို မတရားစားခြင်းဖြစ်သည်။ သူတစ်ပါး၏ ရသင့်ရထိုက်သောပစ္စည်းကို မတရား သဖြင့်စားသုံးခြင်းသည် မီး ကျည်ခဲကို စားခြင်းဖြစ်သည်။

    ဥစ္စာပစ္စည်းလှူဒါန်းသုံစွဲခြင်းဟူသည် လိုအပ်ချက်ရှိသူများ၏ လိုအပ်ချက်များကို ဖြည့် ဆည်းပေးရသော လူမှုရေးကဏ္ဍတစ်ရပ်ပင်ဖြစ်၏။ အစ္စလာမ်သာသနာဝင် မွတ်စလင်မ်ဖြစ်ပါလျှက် လူမှုရေးကဏ္ဍတွင် တာဝန်မကြေပါက သာသနာကို ငြင်းပယ်သော သူများဟု ကျမ်းမြတ် ကုရ်အာန် ၁၀၇း၁မှ၇တွင်=

    (အစားပေးသောနေ့ကို ငြင်းပယ်သူအား အသင်မမြင်လေသလော)

    (ထိုသူသည် ဖသက်ဆိုး ကလေးများကို အဖက်မတန် ဆက်ဆံသူဖြစ်၏။)

    (ထို့ပြင်ထိုသူသည် စားရမဲ့သောက်ရမဲ့များကို ကြွေးမွေးရန်တိုက်တွန်းခဲ့ခြင်းလည်းမရှိပေ။)

    (ထိုသူတို့၏ ဆွလာသ်တည်ဆောက် မှူသည် ပျက်ဆီးဆုံးရှူံးကြကုန်၏။)

    (ထိုသူတို့သည် ဆွလာသ်တည်ဆောက်ခြင်း ကိုမေ့လျော့ ထားကြကုန်၏။)

    (ထိုသူတို့သည် လူများကို ပြသရန် ဆွလာသ် တည်ဆောက်သူများ ဖြစ်ကြ၏။)

    (ထို့နောက် ထိုသူတို့သည် လိုအပ်သူများ၏ တောင်းခံလာသော အသေးအမွှားပစ္စည်းများကိုပင် ပိတ်ပင် တားဆီးသူများ ဖြစ်ကြ၏။)

    များသောအားဖြင့် မွတ်စလင်မ်အများစုသည် လူမှုရေးကဏ္ဍများတွင် အားနည်းချက် များရှိနေသည်ကို တွေ့ရပေသည်။ ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် အိမ်နီးချင်းမိသားစုများ စားရမဲ့သောက်ရမဲ့ ဖြစ်နေ သည်ကိုလည်းသိသည်။ ဗလီဝတ်ကျောင်းများတွင် ကုရ် အာန်ကျမ်း များလည်း အပြည့်ရှိနေပါလျှက် လှု ဒါန်းသုံစွဲရာ၌ ဗလီဝတ်ကျောင်းများတွင် ကုရ်အာန်ကျမ်းများကို လှူဒါန်းသူဦးရေကများပြီး စားရမဲ့ အိမ်နီး ချင်းများကို လှူဒါန်းသူ ဦးရေကနည်းနေပေသည်။

    ထိုနည်းတူစွာ မွတ်စလင်မ်မိသားစုများအတွင်း များသောအားဖြင့်တစ်အူတုံဆင်း ညီအ ကိုမောင်နှမအရင်းများအတွင်း၌ပင်လျှင် ဆင်းရဲ ချမ်းသာကွာဟမှုများက ရှိနေသည့် အတွက် သွေး ရင်းသားရင်းမဟုတ်သောမွတ်စလင်မ်များအဖို့ ဆင်းရဲတွင်းမှလွတ်နှိုင်ရန် မလွယ်ကူပေ။ ထို့ကြောင့်ကုရ်အာန်က မွတ်စလင်မ်များသည် တစ်အူတုံဆင်းညီအကိုအ ရင်းဟူသော (အစ်ခ၀သွန် မွတ်စလင်မ်)ဟု သုံးထား သည်။ မွတ်စလင်မ်များသည် ညီအကို အရင်းများကဲ့သို့ဖြစ်သည်ဟူသော (အစ်ခ၀ါးနွန် မွတ်စလင်မ်) ဟုသုံးမ ထားပေ။

    ထိုသို့သောအကြောင်းများကြောင့် ကျမ်းမြတ်ကုရ်အာန်တွင် လူမှုရေးကဏ္ဍကို သက်ဝင် ယုံကြည်မှုနှင့် ထပ်တူထပ်မျှ ပြ ဌာန်းထားသ ကဲ့သို့ လူမှုရေးနှင့်ဆက်နွယ်နေသော ဇ ကာသ်ပျက်ကွက်သူသည် ကေယာမသ်နေ့တွင် အလ္လာဟ်ရှင်ကို မယုံကြည်သော (ကာဖေရူးန်) ဘ၀နှင့် ရှင်ထကြရသူများဖြစ်မည် ဟု ကုရ်အာန်၄၁း၇ ပြဌာန်းထား ခြင်းဖြစ် သည်။

     

    ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

    www.quraninburmese.com မှကူးယူဖေါ်ပြသည်။

    http://www.quraninburmese.com/blog/2010/08/value-of-mankind-part-4/

  • ကျွန်မဖေဖေ

    ကျွန်မဖေဖေ

    ထိုစဉ်က ဝါတွင်းအချိန်ဖြစ်သောကြောင့် ကျွန်မတို့ မြို့မကျောင်းသည် ဝါပအချိန် စနေ၊ တနင်္ဂနွေနှင့် ဥပုသ်နေ့တွင် နေ့ပြောင်း၍ ကျောင်းပိတ်ပါသည်။ ထို့ကြောင့် စနေနေ့က ကျွန်မတို့ ကျောင်းတက်ကြရပါသည်။ အခါတိုင်း ကျောင်းအားသော စနေနေ့များ၌ အစ်ကိုသည် ဖေဖေနှင့်အတူ အတွင်းဝန်များရုံးသို့ လိုက်ပါနေကျဖြစ်သော်လည်း ယခုတော့ ကျောင်းတက်နေသည်ဖြစ်သောကြောင့် မလိုက်ပါနိုင်တော့။ အစ်ကို့အတွက် ကံကောင်း၍ပေလောဟု မှတ်ထင်ရ၏။

    ထိုနေ့က မိုးမှာ တစိမ့်စိမ့်သွန်းဖြိုးလျက်ရှိရာတွင် ခါတိုင်းလို ကျောင်းစာများ၌ပင် စိတ်ဝင်စား၍မရနိုင်အောင် ငြီးငွေ့နေမိသည်ဟု ထင်မိပါသည်။ အဘယ့်ကြောင့်ဟု မဆိုနိုင်သော်လည်း ထိုနေ့သည် နေရထိုင်ရသည်မှာ အခါတိုင်းလိုမဟုတ်၊ ပျော်ပျော်ရွှင်ရွှင်မရှိ၊ တစ်မျိုးပင်ဖြစ်လို့နေသည်။

    သို့သော် နေ့လည်တစ်နာရီတွင် ကျောင်းအုပ်ကြီးဦးဘလွင်က ကျွန်မတို့ မောင်နှမနှစ်ယောက်ကို ကျောင်းကားဖြင့်  အိမ်သို့ပြန်ပို့လိုက်၏။ ဘာကြောင့်ရယ်မသိရသော်လည်း စာသင်ရခြင်းကို ငြီးငွေ့နေစဉ် အိမ်ပြန်ပို့ခြင်းအတွက်တော့ ကလေးတို့သဘာဝ ကျေနပ်ခဲ့မိပါသည်။ ထို့ကြောင့်ပင် ကျွန်မတို့မောင်နှမနှစ်ယောက်ကိုသာ ထူးထူးခြားခြား ဘာကြောင့်ပြန်ပို့ပါလိမ့် ဟူသောအချက်ကိုပင် လေးလေးနက်နက် မတွေးမိတော့ပါ။

    အိမ်သို့ရောက်သောအခါမှာတော့ စိတ်တွင်း၌ထူးခြား၍သွားသည်။ မေမေသည် မျက်ရည်စက်လက်နှင့် ရှိနေရာမှ ကျွန်မတို့မောင်နှမနှစ်ယောက်ကို မြင်လိုက်သောအခါ ချုံးပွဲချ၍ ငိုပါသည်။ အနားတွင်ရှိနေသော မြန်မာမွတ်စလင် အမျိုးသမီးကြီးများက ဝိုင်းဝန်း၍ နှစ်သိမ့်အားပေးစကား ပြောနေကြသည်ကို တွေ့ရပါသည်။ ကျွန်မတို့ ကလေးနှစ်ယောက်မှာတော့ ဘာမျှနားမလည်၊ ငေး၍သာနေကြ၏။ ထိုအခါ ဒေါ်ဒေါ်က ကျွန်မတို့နှစ်ယောက်အား အပေါ်ထပ်သို့ ခေါ်၍သွားပါသည်။ နေ့လယ်ချိန်တစ်ချိန်လုံးမှာပင် ကျွန်မတို့ အပေါ်ထပ်၌ အချိန်ကုန်ရ၍ ညနေစောင်းတွင် ကျွန်မသည် နေ့စဉ်ပြုနေကျ ဝတ္တရားတစ်ခုကို ဆောင်ရွက်ရန် မျှော်လင့်နေမိပါသည်။

    ညနေပိုင်း ဖေဖေရုံးမှ ပြန်လာပြီဆိုလျှင် အမြဲပင် ကျွန်မက ဆီး၍ ဖိနပ်ချွတ်ပေးရသည်။ နောက် ဖေဖေက မောင်လေးကို ချီထားလျက် သားသမီးသုံးယောက်ဖြင့် ပျော်ပါးစွာ ညနေချိန်ကို ကုန်လွန်စေသည်သာဖြစ်ပါ၏။

    ကျွန်မမှာ လည်ပင်းရှည်လှပါပြီ၊ အခါတိုင်းရောက်နေကျ အချိန်မှ အများကြီး လွန်လာသည့်တိုင်အောင် ဖေဖေက ပြန်မရောက်သေး။ ကျွန်မက ဖိနပ်ချွတ်ပေးရန် စိတ်စောနေသည်။

    “ဒေါ်ဒေါ် ပါပါခုထက်ထိမရောက်သေးဘူး၊ ဘာဖြစ်လို့လဲဟင်”
    ကျွန်မ၏အမေးကို ဒေါ်ဒေါ်က ရုတ်တရက် ပြန်မဖြေနိုင်ပါ၊ အတော်ကြာငိုင်နေပြီးမှ “ပါပါ ရုံးလှေခါးက ချော်ကျလို့ ဆေးရုံတင်နေရတယ် ကလေးရဲ့” ဟု အဖြေပေးပါသည်။ သို့ဖြင့် ကျွန်မမှာ ဖေဖေအား ဖိနပ်ချွတ်၍ပေးနိုင်ခွင့် မရတော့ပါပြီ။ ညသို့ရောက်ပြီဆိုလျှင်လည်း ဖေဖေကို အမှတ်မရ၍ မဖြစ်နိုင်ပါ။ ရေဒီယိုမှ သီချင်းလာပြီဆိုလျှင် ဖေဖေက ကျွန်မကို အကခိုင်းသည်။ ကျွန်မကလည်း တစ်ခါကရလျှင် ပုံတစ်ပုံပြောခိုင်းသည်။ ပျော်ရွှင်ကြည်နူးစွာ နေခဲ့ရသော အချိန်များမှာ လွမ်းဆွတ်စရာ ကောင်းလှပါတော့သည်။

    ဖေဖေမှာ အသက် ၄ဝ ခန့်ရှိမှ အိမ်ထောင်ကျ သားသမီးရသည်ဖြစ်သောကြောင့် ကျွန်မတို့ မောင်နှမသုံးယောက်ကို အလွန်ချစ်သည်။ အမြဲတမ်း လက်ပွန်းတတီးနေသည်။ အငယ်ဆုံး နို့စို့အရွယ်မောင်ငယ်ကလေးက မသိတတ်လှသေးသော်လည်း ကျွန်မနှင့် အစ်ကိုကတော့ အချိန်ရသမျှ ဖေဖေနှင့် တပူးတွဲတွဲနေကြပါသည်။

    နေ့စဉ် နံနက်မျက်နှာသစ်ချိန်တိုင်း ဖေဖေက ကိုကို့ကို လက်ဝှေ့ထိုးသင်ကြားပေးလေ့ရှိပါသည်။ ထိုသို့ ရင်းရင်းနှီးနှီးနေခဲ့ကြသည်နှင့်အညီ အဖေကိုချစ်သောကလေးများဖြစ်၍ ကျွန်မတို့မောင်နှမက ဖေဖေ့အကြောင်းကို တစ်မေးတည်းမေး၍လာကြရာ သြဂုတ်လအတွင်းရောက်မှပင် ဖေဖေနှင့် ဗိုလ်ချုပ်အောင်ဆန်း အစရှိသော ခေါင်းဆောင်ကြီးများသည် ဇူလိုင်လ ၁၉ ရက်နေ့ မသမာသူ လူတစ်စု၏ လက်ချက်ဖြင့် ကျဆုံးခဲ့ကြပြီဆိုသော အကြောင်းကို သိရပါတော့သည်။

    ထိုအခါ အခြားကျဆုံးခဲ့သော ခေါင်းဆောင်များ၏ ရုပ်ကလာပ်တို့ကို ဂျူဗလီဟော၌ မြင်နိုင်သေးသော်လည်း ဖေဖေမှာမူ ကျွန်မတို့ ဘာသာတရားအရ ကွယ်လွန်ပြီးလျှင်ပြီးချင်းပင် သင်္ဂြိုဟ်ခဲ့ရသည်ဖြစ်၍ မြင်ရနိုင်စွမ်းမရှိတော့ပါပြီ။

    ညတိုင်းဖိနပ်ချွတ်ပေးရန်မျှော်ခဲ့ရသော ဖေဖေ၊ ကျွန်မတို့ချစ်သော ရေဒီယိုသီချင်းဖြင့် အကခိုင်းပြီး ပုံပြောတတ်သော ဖေဖေ၊ ကျွန်မတို့ချစ်သော ဖေဖေနှင့် လူမသမာတို့လက်ချက်ကြောင့် တစ်သက်တာ ကွဲကွာခဲ့ရပါပြီ။

    “တို့ဆရာကြီးရာဇတ် မရှိတာ နာတာပဲ” ဟူသော စကားစုကို ယခုအခါ ဖေဖေ၏ တပည့်များက စကားစပ်မိတိုင်း ပြောကြပါသည်။ သစ်ပင်တစ်ပင်မှာ သဘာဝအလျောက် ရှင်လျက်ရှိစဉ်ထက် သေ၍ပြိုလဲကာရှိနေမှ ထိုသစ်ပင်၏ အရှည်အတိုင်းအတာကို ပို၍တိကျသေချာစွာ သိမြင်သလိုပင် ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း ဖေဖေကွယ်လွန်ပြီးမှပင် ဖေဖေ၏ ဂုဏ်ကျေးဇူးတို့ကို ပို၍သိကြရပါတော့သည်။

    ဖေဖေကွယ်လွန်စဉ်က အသက် (၅၁) နှစ်မျှသာရှိသေး၍ မည်သည့်အနာရောဂါမျှလည်း မရှိသောကြောင့် သက်တမ်းစေ့ နေရမည်ဆိုလျှင် တိုင်းပြည်တာဝန်ကို ဆက်လက်၍ ထမ်းဆောင်နိုင်ဦးမည်ဖြစ်၏။ ဖေဖေသည် ငယ်စဉ်ကပင် ဘောလုံးနဲ့ လက်ဝှေ့တို့ကို လေ့လာကစားခဲ့သည်။ ကောင်းမွန်ကျွမ်းကျင်စွာ တတ်မြောက်သည်။ အထူးသဖြင့် ဂေါ့ဖ်ရိုက်ခြင်းကို အထူးနှစ်သက်ခဲ့ပါ၏။ ကစားခုန်စားဖက်၍ ဝါသနာပါသော်လည်း စာပေဖက်တွင်လည်း မညံ့ဖျင်းပါ။ အသက် ၂ဝ အရွယ်မှာပင် ဘီအေအောင်မြင်၍ ဇာတိ မန္တလေးရှိ အမျိုးသားကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ လူငယ်ပေါင်းများစွာတို့၏ စိတ်ဓာတ်ကို ပြုပြင်ပေးခဲ့ပါသည်။

    ဖေဖေ၏ အရည်အချင်းနှင့် မျိုးချစ်စိတ်ကို သိရှိသော ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ်မှ အစပြုကာပင် ဖေဖေ့အား နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းခေါ်ဆောင်လာသဖြင့် ဖေဖေသည် နိုင်ငံရေးနယ်တွင်းသို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။

    ဒုတိယကမ္ဘာစစ်အပြီးတွင် ဖဆပလအလံတော်အောက်မှ လွတ်လပ်ရေးကို ရယူနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပင် လက်တွဲဆောင်ရွက်ရင်းဖြင့် နောက်ဆုံး ဗိုလ်ချုပ်အစိုးရအဖွဲ့တွင် ပညာရေး၊ အမျိုးသားစီမံကိန်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူကြိုးပမ်းနေခိုက် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျဆုံးခဲ့ရခြင်းဖြစ်ပါတော့သည်။

    ကစားခုန်စားနယ်မှ ဘောလုံးဝိဇ္ဇာ ဘကြူးသည်လည်းကောင်း၊ နယ်မည်ကျော် လက်ဝှေ့ ကျားဘငြိမ်းနှင့် ချစ်အုန်းတို့သည်လည်းကောင်း၊ အနုပညာနယ်ဆိုလျှင်လည်း ယိုးဒယားက အလွန်တော်သော ယခု ကမ္ဘာလှည့်နေသူ အမ်အေဒေါ်အုန်း၊ အမ်အေ ဒေါ်တင်လှ တို့အပြင် အဆိုတော် ကိုအံ့ကြီး၊ ကိုဗစိန်၊ ကိုလှထင်နှင့် ရွှေဂုံမြို့မ အဖွဲ့ဝင်အချို့တို့အပြင် နိုင်ငံရေး နယ်ပယ်နှင့် မြန်မာ့သားကောင်း စစ်မှုထမ်းများ၌လည်း ဝန်ကြီး ဦးခင်မောင်ကလေး၊ သခင်ဗဟိန်း (ကွယ်လွန်သူ) နှင့် မြေပြင်ပစ် အမြောက်တပ်မှ ကာနယ်ဘရွှေ၊ ဗိုလ်ကြီးခင်ညို၊ ဗိုလ်ခင်မောင်ကြည်၊ ဗိုလ်မှူးတင်အောင်၊ ဗိုလ်တင်ရွှေတို့သည်လည်းကောင်း၊ ဖေဖေ၏ တပည့်သားမြေးများ ဖြစ်ကြပါသည်။

    ဖေဖေအသက်ရှိစဉ်က ကိုယ့်တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့ရုံမျှမက ခုထက်တိုင်အောင်လည်း ဖေဖေ့အစွယ်အပွားများက တိုင်းပြည်တာဝန် ထမ်းဆောင်လျက်ရှိကြပါသည်။ ဖေဖေ၏ အကျင့်စာရိတ္တကောင်းသော အပြုအမူတို့ကြောင့်လည်းကောင်း၊ အများပြည်သူတို့၏ မေတ္တာ၊ စေတနာတို့ကြောင့်လည်းကောင်း ဖေဖေသည် ယခုအခါတွင် ကောင်းရာသုဂတိသို့ ရောက်ရှိနေပေတော့မည်ဟု ယုံကြည်ပါသော်လည်း ကျွန်မတို့အတွက်မှာမူ “ရွှေတောင်ကြီး” ပြိုလဲကွယ်ပျောက်သွားသည်နှင့်ပင် တူပါတော့သတည်း။

    ခင်ခင်စိန်
    သွေးသောက်မဂ္ဂဇင်း၊ ၁၉၅၄၊ ဇူလိုင်။
    (ကျွန်မတို့အဖေ ကျွန်မတို့အမေ၊ ၂၀၁၂၊ ပင်လယ်ပြာပြာစာအုပ်တိုက် – မှ ပြန်လည် ဖော်ပြပါသည်။)

    (စာရေးသူ ဒေါ်ခင်ခင်စိန်သည် ဆရာကြီး ဦးရာဇတ်၏ သမီးဖြစ်ပြီး ဆရာကြီး ကွယ်လွန်စဉ်က အသက် ၇နှစ်မျှသာ ရှိသေးကာ  အသက် ၁၃နှစ် အရွယ်တွင် ဤဆောင်းပါး ရေးခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိ သြစလေးလျနိုင်ငံတွင် နေထိုင်လျက်ရှိပြီး အေးတည်ငြိမ် အမည်ဖြင့် စာနယ်ဇင်းများတွင် စာရေးသားလျက် ရှိပါသည်။)

     

    ကိုကျော်မိုးအောင် FB စာမျက်နှာမှ ပြန်လည်မျှဝေပါသည်။