News @ M-Media

Category: ဆောင်းပါး

  • အမည်မခံလိုသူ စာရေးဆရာကြီး သို့မဟုတ် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်

    တင်နိုင်တိုး(weekly Eleven)

    အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်

    ဆရာကြီးဦးရာဇတ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေစဉ် ၁၉ ဇူလိုင် ၁၉၄၇ တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူကျဆုံးခဲ့ရသော အာဇာ နည်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်ပါသည်။ဆရာကြီးသည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သော်လည်း မြန်မာမှု ဓလေ့ထုံးစံ၊ မြန် မာစာပေတို့အပေါ်၌ လေးစားမြတ်နိုးသူဖြစ် ပါသည်။ မန္တလေးဗဟိုအမျိုးသားအထက် တန်းကျောင်းတွင် နှစ်ပေါင်းများစွာ ကျောင်း အုပ်ဆရာကြီးအဖြစ်အမှုထမ်းခဲ့သည့်နည်း တူအထက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ဥက္ကဋ္ဌတာဝန်ကိုလည်း ယူခဲ့ဖူးပါသည်။ဗိုလ်ချုပ်နှင့်အတူလုပ်ကြံခံခဲ့ရစဉ်က ပညာ ရေးနှင့်အမျိုးသားစီမံကိန်းဌာန၀န်ကြီးအဖြစ် တာဝန်ယူနေဆဲ ဖြစ်ပါသည်။

    ဆရာကြီးကို အာဇာနည်ခေါင်းဆောင် ကြီးတစ်ဦးအဖြစ်သိရှိကြသော်လည်း အမည်မဖေါ်လိုသူ စာရေးဆရာကြီးတစ်ဦးအဖြစ်မူ လူသိနည်းပါးလှပါသည်။

    စာပေ၀ါသနာ
    ဆရာကြီးဦးရာဇတ်ကို ၂၀ ဇန် န၀ါရီ ၁၈၉၈ တွင် မိတ္ထီလာမြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ အငြိမ်းစားအင်စပက်တော် မစ္စတာအေရာမန်နှင့်ဒေါ်ငြိမ်းလှတို့ဖြစ်ကြ ပါသည်။မန္တလေးဝက်စလီယောက်ျား ကလေးကျောင်းမှ ဆယ်တန်းကိုပါဠိ၊ အင်္ဂ လိပ် ဘာသာဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့ပြီး နောက်ရန်ကုန်ကောလိပ်သို့ရောက် ခဲ့သည်။ ရန်ကုန်ကောလိပ်၌အင်္ဂလိပ် စာစီစာကုံးပြိုင် ပွဲတွင်ပထမရ၍ဘိုင်မြား ရွှေတံဆိပ်ဆုရရှိခဲ့ ပါသည်။ဆရာကြီးမှာ အင်္ဂလိပ်စာအရေး အသားကောင်းလွန်းလှသဖြင့် အင်္ဂလိပ် စာတိုစာများရေးသားရန် လိုအပ်တိုင်းသူ့ ထံသို့်အပူကပ်လေ့ရှိခဲ့ကြသည်။

    ဆရာကြီးသည် ကောလိပ်ကျောင်း သားဘ၀၌ပင် အိန္ဒိယနယူးတိုင်းမဂ္ဂဇင်းသို့ ရှမ်းပြည်နယ် ၃၆ ကောင်ထီအကြောင်း အင်္ဂလိပ်ဘာသာဆောင်းပါးရှည်ကြီးကို ရေး သားပေးပို့ခဲ့သည်။ ဆောင်းပါးတွင် ကြေး စန္ဒီနတ်ရုပ်နှင့်တကွအတိတ်ပေးပုံ၊ ပေါက် ကောင်၊ ကိုယ်စားလှယ်ကောင် စသည်တို့အကြောင်းကိုစိတ်ဝင်စားဖွယ် အသေးစိတ်ဖော် ပြရေးသားထားရာ မဂ္ဂဇင်းတိုက်၏ ဆုချီးမြှင့် ခြင်းကိုပင်ခံခဲ့ရပါသည်။

    အမျိုးသားကျောင်းအုပ်ကြီးဘဝ
    ဆရာကြီးဦးရာဇတ်သည် ၁၉၂၀ ပြည့် နှစ်တက္ကသိုလ်ကျောင်းသားသပိတ်တွင်ပါဝင် ခဲ့ပြီး ၁၉၂၁ ခုနှစ်၌ မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးကို ဦးစီးဖွင့်လှစ်ခဲ့ သည်။ ကိုယ်တိုင်လည်းထိုကျောင်း၌အထက် တန်းပြဆရာဝင်လုပ်ခဲ့၏။ ၁၉၂၂ ခုနှစ်တွင် ဘီအေဘွဲ့ရရှိသောအခါ ကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့ပြီးအမျိုးသားကျောင်း၌ ကျောင်း အုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၉၄၁ ခုနှစ်အထိဖြစ်ပါသည်။

    ဆရာကြီးသည်အမျိုးသားကျောင်းအုပ်အ ဖြစ်အမှုထမ်းစဉ်အတွင်းကျောင်းပိတ်ရက်များ ၌မန္တလေးနန်းရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန်တိုက်၊ အတုမရှိတိုက်စသည့် ဘုန်း တော်ကြီးကျောင်းတိုက်များသို့ သွားရောက် ကာတိုက်အုပ်၊ တိုက်ကြပ်ဆရာတော်တို့ထံ ပါဠိစာပေများဆည်းပူးလေ့လာလေ့ရှိခဲ့၏။ မောရစ်ကောလစ်၏ စာအုပ်
    မောရစ်ကောလစ် (Maurice Collis) ရေး သားသည့် Trails in Burma(Myanmar) စာအုပ်ကို ဦးစွာဘာသာပြန်ဆိုခဲ့သူမှာ ဆရာ ကြီးဦးရာဇတ်ဖြစ်သည်။ဆရာကြီးက အခန်း တစ်ခန်းဘာသာပြန်ဆိုပြီးသောအခါမှသာ တပည့်ရင်းဖြစ်သူမအမာ(နောင်စာရေးဆရာမ ကြီးလူထုဒေါ်အမာ) အားတစ်အုပ်လုံးဆက် လက်ဘာသာပြန်ဆိုစေခဲ့ခြင်း ဖြစ်ပါသည်။

    ဆရာကြီးသည် တစ်နေ့ညနေတွင် စာအုပ်တစ်အုပ်ကိုဘယ်လက် ညှိုးခံပိတ်၍ ကိုင်ထားပြီး ညာလက်ကြား၌ ဆေးပေါ့လိပ် ကြားညှပ်ကာတပည့်မအမာ၏ အိမ်သို့ ရောက်လာ ခဲ့သည်။ ဆရာကြီးကစာအုပ်ကို ပေးလျက် မန္တလေးသူရိယသတင်းစာတွင် အမည်မခံ ဘဲ အခန်းတစ်ခန်းဘာသာပြန်ပြီး ဖြစ်ကြောင်း၊ အကယ်၍ မအမာနှစ်သက် လျှင်နာမည်ခံပြီး ဆက်လက် ဘာသာပြန် ရေးစေလိုကြောင်း ပြောကြားခဲ့သည်။ သို့ ဖြင့် မအမာ (နောင်စာရေးဆရာမကြီးလူထု ဒေါ်အမာ)က ဆက်လက် ဘာသာ ပြန်ကာ စာအုပ်အဖြစ်ရေးသားထုတ်ဝေခဲ့ပါသည်။

    ရွှေနန်းတွင်းအရေးတော်ပုံ
    ရွှေနန်းတွင်းအရေးတော်ပုံအမည်ရှိ စာအုပ်ကို မန္တလေးသူရိယသတင်းစာတိုက် က   ” ရွှေနန်းတွင်းအတ္ထုပ္ပတ္တိခေါ်လက်ထက် တော်တွင်းအဖြစ် အပျက်စာတမ်း” အမည် ဖြင့် ပထမဆုံးအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစဉ်ကစာရေးသူ၏ အမည်ကို လုံးဝဖော်ပြ ခဲ့ခြင်းမရှိပေ။ ယင်းစာအုပ်ကိုပင် ၁၉၅၉ ခု နှစ် မန္တလေးနှစ်တစ်ရာပြည့်အထိမ်းအမှတ် အဖြစ်ထပ်မံထုတ်ဝေပါသည်။ ယခုအခါ တတိယအကြိမ် ပုံနှိပ်ထုတ်ဝေပြီးဖြစ် သည်။

    မင်္ဂလာရတုပိုဒ်စုံ
    ဆရာကြီးဦးရာဇတ်သည် မင်္ဂလာရ တုပိုဒ်စုံတစ်ပုဒ်ကိုလည်းရေးဖွဲ့ခဲ့ဖူးပါသည်။ ယင်းရတုလင်္ကာမှာအောက်ပါအတိုင်းဖြစ်သည်။

    ငယ်ပေါင်းချစ်ဆွေ၊ မန်းရိပ်မြေက၊ စေ့ရေတွေးဆ၊ ချီအချဖြင့်၊ ညီမျှစေမှု၊ စုံရတုဖြင့်၊ ယခုရေးစီ၊ စာပလီကို၊ နာရီ ဖင့်လျား၊ ခွင့်မအားလည်း၊ ရင်ခြားတွေ့မူ၊ စာပေးသူ အား၊ ရေးယူကြောင်းတိတ်၊ ချစ် ကြည်စိတ်ဖြင့်၊ တဆိတ်လောက်ပင်၊ ရှုစေ ချင်သည်၊ ထိုစဉ်ငယ်သော်၊ သက်ဆယ် ကျော်က၊ နှစ်ဖော်တူကွ၊ မေတ္တာမျှ၍၊ ဒေ သကွာဝေး၊ ရှိလေသေးလည်း၊ အေးလျှင်အ တူ၊ ပူလျှင်မကွဲ၊ ရှိစမြဲဟု၊ ၀မ်းထဲပိုက်ခါ၊ ထင်မိပါ၏၊ ခုမှာတစ်ကြောင်း၊ တစ်ဇာတ် ပြောင်း၍၊ ငယ်ပေါင်းမျိုးမြတ်၊ ခင်မောင် လတ်၏၊ စုတ်သပ်ချင်ဖွယ်၊ ချစ်ကြိုးနွယ် သည်၊ ပျက်ပြယ်ထင်ရပြန်တော့သည်။

    သွယ်ပြောင်းလှစ်ချွေ၊ မှာလိုက်ပေ၏၊ ဂုဏ်ရေမကွာ၊ ထိုစဉ်ခါက၊ စာလာစာပြန်၊ စေတမန်သည်၊ ဖန်ဖန်သွယ်ဆက်၊ ရှိပါ လျက်နှင့်၊ ဖြစ်ပျက်ရပုံ၊ ကြောင်း ဥဿုံကို၊ စေ့ငုံသေချာ၊ မသိပါငဲ့၊ ထင်ရာထင်ရှား၊ ကြံ စဉ်းစားသော်၊ ရပ်ခြားနယ်ဝေး၊ မြို့မကွေး က၊ စာပေးလေတိုင်း၊ ရေလှိုင်းမြစ်ကြော၊ ၀ဲသြဃစုတ်၊ နစ်ခါမြုပ်၍၊ ငုတ်လေသလော၊ ကြံစိတ်စောလျက်၊ တွေးတောစဉ်တွင်၊ယခင် မိတ်ဦး၊ သူတထူး၏၊ အိမ်မှူးထံမှောက်၊ ဖို့ရောက်အလာ၊ လတ်၏ စာကို၊ သေချာ သိမှ၊ သတိရ၍၊ ဖြစ်ရလေကွယ်၊ ငြိုးစိတ် ငယ်သည်၊ ရှက်ဖွယ်မြင်ရပြန်တော့သည်။

    ဘယ်ကြောင်းဖြစ်ထွေ၊ မြင်ရ ချေ၏၊ ရွှေငွေစုပေါင်း၊ ရေနံချောင်းဟု၊ မြစ်ကြောင်း မို့မို့၊ မှိုင်းရည်မို့တဲ့၊ မြို့နဂရာတွင်၊ သပြာ စန်းငွေ၊ သန်းကုဋေဖြိုး၊ မှန်းခြေတိုး၍၊ အကျိုးခွင့်ပေး၊ တွင်းသူဌေး၏၊ ရင်သွေး ပိုက်ဖျား၊ပျိုနုထွားနှင့်၊စုလျားပတ်ရစ်၊ လွန် ပေါင်းကျစ်၍၊ အချစ်ဓာတ်ငွေ့၊ သူ့ရင်ငွေ့ ကြောင့်၊မေ့လေသလား၊စဉ်းစားတတ်ပေါင်၊ သို့ မောင်မောင်သည်၊ ယခေါင်ပြဇတေ့၊ စိတ်မှရွေ့လျက်၊ လိပ်မေ့ဖွတ်မေ့၊ ပတတ်မေ့ နှင့်၊မေ့အမျိုးမျိုး၊မေ့ပင်ပျိုးလည်း၊ မညှိုး မေတ္တာ၊ ရှိလျက်ပါဟု၊ ထက်ညာမန်းပျော်၊ အဆွေတော်က၊ထုတ်ဖော်ရှုဖွယ်၊ စီကုံးချယ် သည်၊ ဆက်သွယ်ခင်ရပြန်တော့သည်။

    အင်္ဂလိပ်ဆောင်းပါး
    ဆရာကြီးဦးရာဇတ်သည် မြန်မာဘာ သာ ပျို့၊ ကဗျာ၊ လင်္ကာစာပေများသာမက အင်္ဂလိပ်ဘာသာတွင်လည်း ကျွမ်းကျင်လှ သဖြင့် မျက်နှာဖြူမင်းကြီး မစ္စတာရှားမင်းက ပုလိပ်အဖွဲ့(ယခုခေတ်အခေါ်ရဲတပ်ဖွဲ့) တွင် ၀င်ရောက်အမှုထမ်းရန် ဖိတ် ခေါ်ခဲ့သည်။ အင်စပက်တော်ရာထူးတိုက်ရိုက်ခန့်အပ်မည် ဆိုခြင်းကိုပင် ငြင်းပယ်ခဲ့ပါသည်။ ဆရာကြီး ဦးရာဇတ်သည် ၁၉၄၆ခုနှစ်တွင် (နေပြည် တော်)ပျဉ်းမနားမြို့၌ ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စလင်အမျိုး သားများကွန်ဂရက်အပြီးတွင်The Cry ဂျာ နယ်၌ The Burman (Myanmar)Muslim Organization ( on account of the Formation of all Burma(Myanmar) , Burmese (Myanmar ) Muslim Congress at Pyinmana) By A. Gßazak,B.A) ဟူ၍ အင်္ဂလိပ်ဘာသာဆောင်းပါးရှည်ကြီးကို ရေး သားခဲ့သည်။

    ကျမ်းကိုး
    ၁။ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန် (မြဟန်)
    ၂။ စာရေးဆရာအမည်မခံသောစာဆိုရှင် ဦးရာဇတ် (ကျော်ဝင်းမောင်)ရတနာသစ်၊ အမှတ် (၂၂) ၁၉၉၆
    ၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၁

  • စရီဘရီနီကာမြို့မှ ကျနော်၏ အသွေးအသား ရှာဖွေမှု

    စရီဘရီနီကာမြို့မှ ကျနော်၏ အသွေးအသား ရှာဖွေမှု

    ဘာသာပြန်သူ – ဆောင်းသစ္စာ (စင်ကာပူရ်)
    မူရင်လင့်  : http://www.onislam.net/english/family/your-society/torn-apart-/438953-srebrenica-in-search-of-my-flesh.html

    လူသား သမိုင်းရာဇ၀င်မှာ မေ့ပျောက်လို့မရတဲ့  ၂၀ ရာစုရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကြီးဟာ ဥရောပရဲ့ အသဲနှလုံး တစ်နေရာမှာ ဖြစ်ပွားခဲ့တာပါတယ်။
    စရီဘရီနီကာ မြို့ဟာ နှိပ်စက်ညှင်းပန်းခံ ဘောစနီးယန်း မွတ်စလင် လူမျိုးစုရဲ့ ထာဝရ အမှတ်ရစရာ ပြယုဂ်တစ်ခုအဖြစ်ရှိနေမှာ ဖြစ်ပါတယ်။ ဆာဘ် – ချက်(တ)နင့် (ချက်(တ)နင့်် အမျိုးသား အစွန်းရောက် လှုပ်ရှားမှု) လက်နက်ကိုင် တပ်ဖွဲ့များဟာ  ဘောစနီးယန်း မွတ်စလင်များအပေါ် ဒီရက်ရက်စက်စက် သတ်ဖြတ်မှုကိုလုပ်ဆောင်ခဲ့ပါတယ်။ ပိုပြီးတိတိကျကျပြောရမယ်ဆိုရင်ဖြင့် ကုလသမဂ္ဂရဲ့ ကာကွယ်ရေး ဇုံအတွင်းမှာ ကုလသမဂ္ဂ ကာကွယ်ရေး တပ်ဖွဲ့၊ Dutch တပ်စု  (UNPROFOR)   များရဲ့ မျက်စိအောက်မှာ ဖြစ်ပွားခဲ့ပါတယ်။
    ဆာဘ် – ချက်(တ)နင့် (ချက်(တ)နင့် အမျိုးသား အစွန်းရောက် လှုပ်ရှားမှု) လက်နက်ကိုင် တပ်ဖွဲ့များဟာ  ၁၉၉၅ ခု ဇူလိုင် ၁၁ ရက်နေ့မှာ မွတ်စလင်မြို့ဖြစ်တဲ့  စရီဘရီနီကာ မြို့ကိုသိမ်းပိုက် ၀န်းရံပိတ်စို့ပြီး  အပြစ်မဲ့ လက်နက်မဲ့ အရပ်သား ဘောစနီးယန်း မွတ်စလင်ဦးရေ ၈၀၀၀ ထက်မနည်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။

    ဒီ ရက်ရက်စက်စက် လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့ပြီး နှစ်အနည်းငယ်အကြာမှာ အသတ်ခံခဲ့ရသော လူများစွာရဲ့ အလောင်းများ မြှုပ်နှံထားတဲ့နေရာများကို ရှာဖွေတွေရှိနေဆဲဖြစ်ပါတယ်။ ပို၍ ၀မ်းနည်းစရာ ကောင်းသည်မှာ ဒီကြောက်မက်ဖွယ် ပြစ်မှုကြီးအတွက် မည်သူတစ်ဦးတစ်ယောက်မှ ပြစ်ဒဏ်မခံခဲ့၇ပါ။

    ဒီထက်မကသေးပါ၊ ဘောစနီးယန်း မွတ်စလင်များနှင်ပက်သက်ပြီး ကမ္ဘာ့သတင်း မီဒီယာများ၌ှ သတင်းအမှားများစွာကို အမှန်ထင်ပြီး မွတ်စလင်များမှ ဆာဘ်များကို သတ်သည်ဟု သတင်းမှားများဖြစ်ပေါ်အောင် လုပ်ကြံဖန်တီးခဲ့ကြပါတယ်။ သို့သော် အမှန်တရား သည် ထာဝရ ရှင်သန်မြဲဖြစ်သောကြောင့် ထိုစွပ်စွဲမှုများအတွက် သက်သေပြစရာ ဘာမှမရှိခဲ့ပါ။ အခြားတဘက်၌မူကား ဆာဘ်များ ရက်ရက်စက်စက် လူမျိုးတုန်း သတ်ဖြတ်ခဲ့သော  အပြစ်မဲ့ လက်နက်မဲ့ အရပ်သား ဘောစနီးယန်း မွတ်စလင်များ၏ သက်သေ ရုပ်ကြွင်းအပိုင်းအစ များကို ရှာဖွေတွေ့ရှိလျက်ရှိပါတယ်။ သိသာထင်ရှားတဲ့ သက်သေများ အဖြစ် အသတ်ခံခဲ့ရသော လူများစွာရဲ့ အလောင်းများ မြှုပ်နှံထားတဲ့နေရာများမှာ လူအရိုးစုများစွာကို နေ့စဉ် ရှာဖွေတွေရှိနေဆဲဖြစ်ပါတယ်။

    ယခုပြောပြမယ် အကြောင်းအရာ ကတော့ သတ်ဖြတ်ခံခဲ့ရတဲ့ ဘောစနီးယန်း မွတ်စလင်များ၏ အလောင်းများ မြှုပ်နှံထားတဲ့နေရာများမှာ လူအရိုးစုများစွာ (စုစုပေါင်း ၁၂၀၀၀ လူရိုး အစိတ်အပိုင်းများ) ကို ရှာဖွေတူးဖေါ်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်တိုင်ပြန်ပြောပြသော အချက်များဘဲဖြစ်ပါတယ်။ သူကတော့ “ မူ၇တ် ဟာတစ်” ဖြစ်ပါတယ်။ သူဟာဆိုရင် ဘောစနီးယား ဟာဇီဂိုဘီးနား နိုင်ငံ တက္ကသိုလ် ပျောက်ဆုံးသူများရှာဖွေရေး အသင်း မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။
     လူအရိုးစုတင်မက သေးပါဘူး
     
    “ မူ၇တ် ဟာတစ်” ဟာ ဒိုဘော့ဂ်ျမြို့ရဲ့ အချုပ်စခန်းတစ်ခုအတွင်းမှာ သူညီအကိုများ အပါအ၀င် ဘောစနီးယန်းစုစုပေါင်း ၃၀၀ လောက်နဲ့အတူ ချုပ်နှောင်ခံခဲ့ရပါတယ်။ သူဟာ အချုပ်စခန်းမှ လွတ်မြောက်လာပြီးနောက် သူညီအကိုများနှင့် ကျန်ရှိသောလူများ အားလုံး လွတ်မြောက်ရန်အတွက် ကူညီခဲ့ပါတယ်။

    ဤအဖြစ်အပျက်ဖြစ်ပြီး ၁၂ နှစ်အကြာ ၁၉၉၆ ခုနှစ်မှာ မစ်စတာ အမား မာစိုဘစ် ရဲ့အကြံပြု ချက်အရ “ မူ၇တ် ဟာတစ်” ဟာ တက္ကသိုလ် ပျောက်ဆုံးသူများရှာဖွေရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

     

     

    မူ၇တ် ဟာတစ်က ပြောကြားရာမှာ

    “ ကျနော်ဒီ ခက်ခဲပင်ပန်းတဲ့ အလုပ်ကို လက်ခံမိတဲ့အတွက် ဘယ်တော့မှ နောင်တမရပါဘူး၊  ကျနော် အသျှင်မြတ်ဆီမှာ  အပြစ်မဲ့ ရှဟီးဒ် ဖြစ်သွားခဲ့သူတွေအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ကို အစဉ်အမြဲ တောင်းခံခဲ့ပါတယ်။ တကယ်တော့ သေဆုံးသူများရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစ များကို ရှာဖွေတဲ့ လုပ်ငန်းဟာ ဖေါ်ပြဖို့ခက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ သေဆုံးသူတစ်ဦးရဲ့ ပြည့်စုံတဲ့ အရိုးစု အကုန်လုံးရရန် ရှာဖွေသည့် လုပ်ငန်းဟာ ခက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ပထမနှစ်မှာ ကျနော်တို့ လူဦးခေါင်းကို ရှာဖွေတွေ့ရှိခဲ့ပြီ ၊ နောက်နှစ်တွေမှာ ကိုယ်ခန္ဒာရဲ့ ကျန်ရှိတဲ့ အရိုးစုအစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

    နောက်ဆုံးအဆင့်မှာတော့  DNA စမ်းသပ်ခြင်းကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ပြီး အသတ်ခံခဲ့၇သူများ၏ အားလုံးသော အရိုးအစိတ်အပိုင်းများ တစ်ခုနှင့် တစ်ခု ကိုက်ညီစွာတွဲဆက်နိုင်အောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူမရဲ့ သားတစ်ဦး၏ လက်အရိုးဟာ ရှာဖွေမတွေ့ရှိဘူးဆိုတဲ့ အကြောင်းကို  မိခင် တစ်ဦးကို ကျနော်ဟာ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ မသိအောင်ဖြစ်ခဲ့ပါတယ်၊ ဒီမိခင်ရဲ့ သား ၅ ဦးစလုံးဟာ လူမျိုးတုန်း အသတ်ခံခဲ့ရတဲ့ အဖြစ်ဆိုးမှာ အသတ်ခံခဲ့၇ပါတယ်။  သေဆုံးသူများရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစ များကို ရှာဖွေတဲ့ လုပ်ငန်းဟာ ဖေါ်ပြဖို့ခက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အသတ်ခံခဲ့ရတဲ့ သူများ၏ ရာနဲ့ချီတဲ့ ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဒီကြောက်မက်ဖွယ် ပြစ်မှုကြီးကို ကျူးလွန်သူများမှာ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ “

    အမှန်တကယ်တော့ သေဆုံးသူများရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစများကို ရှာဖွေသည့်လုပ်ငန်းမှာ ၀မ်းနည်းကြေကွဲ ဖွယ်ကောင်းသလို၊ အခက်အခဲများနှင့်ပြည့်နှက်လျက်ရှိပါတယ်၊ အမြဲဆိုသလို ဒေသခံ ဆာဘ်အချို့ရဲ့ နှောက်ယှက်မှုကို ခံခဲ့ရပါတယ်။ စိတ်ဆန္ဒပြင်းပြတဲ့အဖွဲ့ဝင်များဟာ စိတ်ရော ကိုယ်ပါ ခက်ခဲပင်ပန်းစွာဖြင့် ဒီလုပ်ငန်းကို ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ကြပါတယ်။ ကင်းလှည့် ဆာဘ်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေး နှောက်ယှက်ခြင်းကို လည်း နေ့စဉ်ဆိုသလို ခံခဲ့ရပါတယ်။

    မူ၇တ် ဟာတစ်က ဆက်လက်ပြောကြားရာမှာ “ ဒီအလုပ်မှာ အခြားအခက်အခဲများစွာ ရှိပါသေးတယ်၊ သေဆုံးသူများရဲ့ ရုပ်ကြွင်းများကို ရှာဖွေတဲ့နေရာမှာ များစွာသော မိုင်းဗုံးများ ၊ မြွေများ ကိုကျော်လွှားပြီး ရှာဖွေခဲ့ရပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်ပြောနိုင်တာကတော့ အလ္လာအသျှင်ဟာ ကျနော်တို့နဲ့အတူ ရှိနေပါတယ်။ ကျနော်တို့ အလ္လာအသျှင် ရဲ့စောင့်ရှောက်မှုကိုရရှိခဲ့ပါတယ်။ “

    မူရတ်ဟာ ဘောစနီးယန်း မွတ်စလင်များ၏ အလောင်းများ အစုအလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ကြီးမားတဲ့မြေကျင်း သင်ချိုင်းဂူ နေရာများရဲ့ အသေးစိတ် အခြေအနေကို များစွာသိရှိခဲ့သူဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ စုစုပေါင်း ပြည့်စုံတဲ့အရိုးစု စုစုပေါင်း ၂၇၄ စုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီအရိုးစုအားလုံးကို အိတ်များအတွင်းထည့်ထားခဲ့ပြီး အချို့အနည်းငယ်သာ အိတ်မပါဘဲ ပြန့်ကျဲနေခဲ့တာပါ။ ဒီရှာဖွေတွေ့ရှိမှုကို အခြေခံပြီး သူတို့ကောက်ချက်ချနိုင်ခဲ့တာက ဘောစနီးယန်း မွတ်စလင်အချို့ဟာ သူတို့ရဲ့ မိသားစုဝင်များ ၊ အိမ်နီးနားချင်းများရဲ့ အလောင်းတွေကို အိတ်ထဲထည့်ဖို့ အတွက် ဆာဘ် – ချက်(တ)နင့် တို့၏  အတင်းအဓမ္မ စေခိုင်းမှုကို ခံခဲ့ရပါတယ်၊ ပြီးနောက် သူတို့ကိုယ်တိုင်လည်း ရက်စက်စွာ အသတ်ခံခဲ့ရပါတယ်၊ ဤနည်းအားဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု အဖြစ်အပျက်ကို ပြန်ပြောပြမည့်သူ တစ်ယောက်မျှမကျန်တော့အောင်လုပ် သွားခဲ့ပါတယ်။

    သိပ်ပြီး ရှားရှားပါးပါး ရှာဖွေရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ၊ သက်ကြီးရွယ်အိုတစ်ဦးရဲ့ အရိုးစုကို ကြည့်ရင်တွေ့နိုင်တာက ခြေထောက်၂ဘက် ၊ လက် ၂ဘက် စလုံးကို ၀ါယာစနဲ့ချည်နှောင်ထား တာပါ၊ ဒါကို ကြည့်ခြင်းအားဖြင့် မည်သို့မည်ပုံ နှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့တယ်ဆိုတာ သိသာစွာပုံဖော်မြင်နိုင်ပါတယ်။ အချို့ အသတ်ခံခဲ့ရတဲ့ ဘောစနီးယန်း အချို့ဟာဆိုရင် အရှင်လတ်လတ် မြေမြှုပ်ပြီး အသတ်ခံခဲ့ရတာပါ၊ အရိုးဂေါင်းခွံ များရဲ့ ထိပ်ပိုင်းနေရာအချို့ဟာ ခွက်ဝင်ပဲ့ထွက်နေတာကို ကြည့်ခြင်းဖြင့် သူတို့ဟာ အရှင်လတ်လတ် မြေကြီးအောက်မှ လွတ်မြောက်ရန် ရုန်းကန်လှုပ်ရှားခဲ့ပုံရပါတယ်၊ နောက်ဆုံးမှာတော့ အသတ်ရှူရန်ခက်ခဲလာပြီး သေဆုံးသွားခဲ့ကြရပါတယ်။

    ( ဘာသာပြန်သူ၏ ၀န်ခံချက် – ကျနော်အထက်ပါ စာပုဒ်ကို ဘာသာပြန်ရင်း ရှေ့ဆက်ပြီးလက်တွေ စာရိုက်လုပ်မရတော့အောင်ကို ၀မ်းနည်းကြေကွဲမိပါတယ်၊ အို အလ္လာဟ်အသျှင် အပြစ်မဲ့ ရက်စက်စွာ ရှဟီးဒ် ဖြစ်ခဲ့ရတဲ့ ကမ္ဘာတ၀န်းရှိ ညီနောင်အားလုံးကို အသျှင်ရဲ့ ဂျနသ် သုခဘုံ၌ စံမြန်းခွင့်ပေးသနားတော်မူပါ ၊ အာမီးန် ။)

    သေဆုံးသူများရဲ့ ရုပ်ကြွင်းများကို ရှာဖွေတဲ့လုပ်ငန်းမှာ မိသားစုဝင်များရဲ့ ကူညီမှုဟာ များစွာ ထိရောက်ခဲ့ပါတယ်။ ဘောစနီးယန်း မွတ်စလင် အမျိုးသမီးကြီး တစ်ဦးဖြစ်တဲ့ မစ်စ ဆလ်ဂျစ် ဟာဆိုရင် အလွန်များပြားတဲ့ အုတ်ဂူများ တူးဖော်ရှာဖွေတဲ့ နေ၇ာကို  နေ့စဉ်ဆိုသလို လာရောက်ပြီး သူမရဲ့သား နှင့် ခင်ပွန်း ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကြွင်းကို မျှော်လင့်တကြီးရှာဖွေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမခင်ပွန်းရဲ့ ဆွယ်တာင်္အကျီကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ မကြာမီ သူမသားရဲ့ ကြွင်းကျန်တဲ့ ရုပ်ကြွင်းကို DNA စစ်ခွင့်ရရှိခဲ့ပါတယ်။ ဒီရုပ်ကြွင်းကို ကောင်းမွန်စွာ မြှုပ်နှံတဲ့နေမှာ ဆိုရင်ဖြင့် မစ်စ ဆလ်ဂျစ်ဟာ နှလုံး ရောဂါဝေဒနာကြောင့် heart attack ရခဲ့ပါတယ်၊ မည်သို့ပင်ဆိုပါစေ ယခုအချိန်မှာတော့ ဒီအမျိုးသမီးကြီး စိတ်နှလုံးအေးချမ်းမှု အများကြီးရရှိသွားခဲ့ပါပြီး ဘာကြောင့်လဲဆိုရင်ဖြင့် သူရဲ့ ချစ်လှစွာသော သားလေးရဲ့ ရုပ်ကြွင်းမြှုပ်နှံထားရာ အုတ်ဂူနေရာကို လာရောက်ပြီး အသျှင်မြတ်ထံပါးမှာ သားလေးအတွက် ဒိုအာ ဆုမွန်တောင်းပေးနိုင်တော့မှာပါ။

    Crni Vrh ကြီးမားတဲ့ သင်ချိုင်းမြေမှာဆိုရင် ဘောစနီးယန်း မွတ်စလင်များ၏ အလောင်းစုစုပေါင်း ၇၂၈ ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆာဘ် – ချက်(တ)နင့် တို့ သတ်ပြီး မြှုပ်နှံခဲ့တာပါ များမကြာမီ တစ်ခါ ပြန်လာပြီး အလောင်းများကို နေရာရွှေ့ကာ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ဖုံးကွယ်ရန် ကြိုးစားပါတယ်။ ဒီကြီးမားတဲ့ သင်ချိုင်းမြေနေရာဟာဆိုရင် ၄.၅ မီတာ နက်ပါတယ် ၊ အဲဒီ မြေကြီးကျင်းအတွင်းမှ အရိုးအကြွင်းအကျန် ၆၂၉ ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
    Zaklopaca  ကြီးမားတဲ့ သင်ချိုင်းမြေ မှာကျင်းပတဲ့ ကလေးငယ် ၂ယောက်ရဲ့ အသုဘ အခမ်းအနားကို မူ၇တ် ဟာတစ် တက်ရောက်ခဲ့ပါတယ်။ ပျောက်ဆုံးသူများရှာဖွေရေး အသင်းဟာ  ဒီ Zaklopaca  ကြီးမားတဲ့ သင်ချိုင်းမြေအတွင်းမှ ကလေးငယ် ၂ ယောက်ရဲ့ ခြေထောက်များကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ဒါကို ကြည့်ခြင်းအားဖြင့် ဆာဘ် – ချက်(တ)နင့်  တို့ဟာ တဖန်ပြန်လည် တူးဖော်ပြီး အရိုးအပိုင်းအစ များကို နေရာ ရွှေ့ပြောင်းခဲ့ပုံရပါတယ်။ အချို့ နေရာမှာဆိုရင် အသတ်ခံခဲ့ရတဲ့ ဘောစနီးယန်း ကလေး အလောင်း ၁၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
    မူ၇တ် ဟာတစ်က ဆက်လက်ပြောကြားရာမှာ

    “ ကျနော်တို့ အဖွဲ့ဟာ ၈ နှစ် (သို့) ၁၀ နှစ် အရွယ် ရွှေရောင်ဆံပင် ပိုင်ရှင်  မိန်းကလေးငယ် တစ်ဦးရဲ့ ရုပ်ကြွင်းကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်၊ အလောင်းဟာ ခြောက်သလောင်းနေပြီး ခက်ခက်ခဲခဲ ရှာဖွေထုတ်ယူခဲ့ရပါတယ်။ ၉ လကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးရဲ့ ရုပ်ကြွင်းကို၎င်း၊ ၅လသား အရွယ်ကလေးငယ် တစ်ဦးရဲ့ ရုပ်ကြွင်းကို၎င်း၊ သက်ကြီးရွယ်အိုများရဲ့ရုပ်ကြွင်းကို၎င်း  ကျနော်တို့ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ များစွာသော ကြီးမားတဲ့ သင်ချိုင်းမြေများမှာ မီးရှို့ ခံထားခဲ့ရပြီး အရိုးအပိုင်းအစ များကို ရှာဖွေရန်လုံးဝမဖြစ်နိုင်တော့ပါ။ “

    မူရတ်နှင့် အဆက်အသွယ်ရှိသော ဆာဘ်တစ်ဦးရဲ့ ပြန်ပြောပြချက်အရ

    “ ငါတို့ မြို့တစ်မြို့ မှာ ဘောစနီးယန်း မွတ်စလင် ၃၀ ကို ဖမ်းမိခဲ့တယ်၊ ငါတို့ ၂၀ ဦးကို တစ်ခါတည်းပစ်သတ်လိုက်တယ် ပြီးနောက် ဒီအလောင်းတွေကို ဓါတ်ဆီလောင်းပြီး မီးရှို့လိုက်တယ် ကျန်ရှိနေတဲ့ လူ ၁၀ ယောက်ကို လက်ပြန်ကြိုးတုတ်ပြီး မီးရှို့ ထားတဲ့ အလောင်းပေါ်က ဖြတ်လျှောက်ခိုင်းတယ် ၊ အဲ့ဒီမှာ တစ်ယောက်က ထွက်ပြေးဖို့ကြိုးစားတယ် ဒါပေမဲ့ ငါတို့ ပုဆိန် နဲ့အောင်မြင်စွာ ခုတ်သတ်နိုင်ခဲ့တယ်။

    အထက်ပါ ပြန်ပြောပြချက်ကတော့ ဆာဘ်တွေ နေ့စဉ် မနက် ၅နာရီ မှ စတင်ပြီး ညနေ မှောင်သည်အထိ ၇က်စက်စွာ သတ်ဖြတ်ခဲ့တဲ့ လုပ်ငန်းစဉ်များထဲမှ တစ်ခုသာ ဖြစ်ပါတယ်။

    သေဆုံးသွားသူများအား ဂုဏ်ပြုခြင်း

    ဇူလိုင် ၁၁ ၊ ၂၀၀၈ ခုနှစ် နံနက်ခင်း၌ ၃၀၇ ဦးသော ဘောစနီးယန်း မွတ်စလင်တို့၏ ကျွင်းကျန်သော ရုပ်ကလပ်ကို မြေမြှုပ်နှံ နိုင်ခဲ့ပါတယ်။ တကယ်တော့ ဒီ ၃၀၇ ဦးဟာ ရှာဖွေတွေ့ရှိ ခဲ့သော အရိုးစု အစိတ်အပိုင်း ၃၂၁၄ ခုအတွင်းမှ DNA စစ်ပြီး သတ်မှတ် ရွေးချယ်နိုင်ခဲ့သော အပြစ်မဲ့ အရပ်သား မွတ်စလင် ၃၀၇ ဦးရဲ့ အလောင်းများဖြစ်ပါတယ်။ သူတို့အားလုံးကို အစ္စလာမ် ဓလေ့ထုံးစံ နှင့်အညီ ၀တ်ပြုဆုတောင်းပြီး “ ပိုတိုကာယီ ဂုဏ်ပြုဗိမာန်” ၌ အတူတကွမြှုပ်နှံ လိုက်ပါတယ်။

    အခမ်းအနားမတိုင်မီ ၁ ရက်အရင်၌ ကျောင်းသားငယ် စုစုပေါင်း ၂၅၀၀ ၏ ငြိမ်းချမ်းရေး အထိမ်းအမှတ် ချီတက်ပွဲအဖြစ် တူဇလာမြို့မှ စရီဘရီနီကာ မြို့အထိ ကီလိုမီတာ ၁၀၀ လမ်းလျှောက်ခဲ့ကြပါတယ်။ ဒီ ငြိမ်းချမ်းရေး အထိမ်းအမှတ် ချီတက်ပွဲဟာဆိုရင် အပြစ်မဲ့ အရပ်သား ဘောစနီးယန်း မွတ်စလင် မိခင်များ၊ ကလေးငယ်များ ဆာဘ်တို့၏ရန်မှ လွတ်မြောက်ရန် ၁၉၉၅ခု ဇူလိုင်လ၌ တောအုပ်များကိုဖြတ်၊ အစာေ၇စာမရှိ ၊ ခက်ခဲကြမ်းတမ်းသောလမ်းများကိုဖြတ်ကျော်ပြီး တူဇလာမြို့ (ထိုအချိန်၌ တူဇလာမြို့မှာ လွတ်မြောက်ရာနယ်မြေဖြစ်ပါသည်) အထိ လွတ်မြောက်ရေးခရီးနှင်ခဲ့ပုံများကို ပြန်လည်၍ ကိုယ်ချင်းစာ သတိရစေရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်ပါတော့သည်။

    ———————————————————————————————————————-
    ဘာသာပြန်သူ၏ ၀န်ခံချက် ။ ဤ ဘောစနီးယန်း မွတ်စလင်တို့၏ စရီဘရီနီကာ မြို့အဖြစ်ဆိုးအကြောင်းကို ဘာသာပြန်ဆိုရသည်မှာ ကျနော် အလွန်အင်မတန် စိတ်ထိခိုက်ကြေကွဲခံစားရပါတယ်၊ စာရိုက်နေရင်းလဲ ငိုင်ပြီးစဉ်းစားနေမိပါတယ်။ စာဖတ်သူများအနေဖြင့် ကျေးဇူးပြုပြီး ပြီးဆုံးအောင် ဖတ်ကာ ဗဟုသုတ သင်ခန်းစာ တစ်ခုရမယ်ဆိုရင်ဖြင့် ကျနော် ပြန်ဆိုရကျိုးနပ်မှာပါ။ ကျနော်ကိုယ်တွေ့ အနေနဲ့ ဘောစနီးယန်း မွတ်စလင် အမျိုးသမီး တစ်ဦးရဲ့ ဒီအဖြစ်ပျက်ဆိုးကြီး အကြောင်းကို ကိုယ်တိုင်ပြန်ပြောပြမှုကိုလည်း စင်ကာပူမှာ နားထောင်ခဲ့ဘူးပါတယ်၊ သူဟာပြောနေရင်းက မျက်ရည်မဆည်နိုင်ပါဘူး ၊ နားထောင်နေရသူ အဖို့မှာလည်း အလွန်အင်မတန်မှ ထိခိုက်ကြေကွဲရပါတယ်။ ထို့ကြောင့် ဤကဲ့သို့သော် ကြောက်မက်ဖွယ် အဖြစ်ဆိုးမျိုးမှ ကျနော်တို့ အွတ်မက်သားအားလုံးကို အလ္လာဟ်သျှင် ကာကွယ်တော်မူပါစေလို့ ကျနော်တို့အားလုံး ဒိုအာပြုကြရအောင်လားဗျာ ……….အာမီန်း။
     

  • တာဝန်မဲ့ မြန်မာ့ မီဒီယာသစ်  (ဘာသာပြန်)

    တာဝန်မဲ့ မြန်မာ့ မီဒီယာသစ် (ဘာသာပြန်)

    (မီဒီယာ၊ စစ်တပ်နှင့် ရခိုင်အရေး) 

    Source :http://www.asiasentinel.com

    မောင်စီမံ (မဟာသိပ္ပံ)

    နှစ်ပေါင်း၆၀နီးပါး အဖိအနှိပ်ခံ အပိတ်အပင်ခံမှုမှ မကြာသေးမီက လွတ်မြောက်ခွင့် လွတ်လပ်ခွင့် ရရှိလာသော မြန်မာ့မီဒီယာက ပြည်သူအများ တောင့်တ မျှော်လင့်သလို ဖြစ်လာသလား၊ အဆိပ်အတောက် အန္တရယ် ဆိုးလားဆိုတာ စဉ်းစားစရာပါ။

    တည်ဆဲမီဒီယာများ အပါအဝင် အသစ် အသစ်သော ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်နှင့် အွန်လိုင်းမီဒီယာများကို လေ့လာကြည့်ပါက ပါတီစွဲဖြင့် ဘက်လိုက်ရေး၊ အစွန်းရောက် အမျိုးသားရေးဝါဒဖြန့်နေခြင်းများသာမက မကြာသေးမီက မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်၌ ဖြစ်ပွါးခဲ့သော အဓိကရုန်း တလျောက် အစွန်းရောက် ရခိုင်လူမျိုးများ၊ လူများစု ဗမာဗုဒ္ဓဘာသာများနှင့် စစ်တပ်နောက်ခံ အစိုးရသစ် အလိုကျ လူနည်းစု မွတ်စလင်များအပေါ် ရှုံ့ချ နှိပ်ကွပ် ငယ်သောအမှုကြီးစေ မီးလောင်ရာလေပင့် သွေးထိုးလှုံ့ဆော် ဝါဒဖြန့်တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်ကို ထင်ထင်ရှားရှား တွေ့ရပေလိမ့်မည်။

    ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံ ချင်းမယ်တက္ကသိုလ် (Chiang Mai University) ၌ တိုးတက်ပေါ်ထွန်း ပြောင်းလဲလာသော မြန်မာ့မီဒီယာနှင့် ပတ်သတ်၍ ဆွေးနွေးပွဲဖိုရမ်တစ်ခု ကျင်းပမည်ဖြစ်ပြီး ဧရာဝတီ (Irrawaddy) အယ်ဒီတာချုပ် အောင်ဇော်နှင့် ရန်ကုန်ပရပ်စ် အင်တာနေရှင်နယ် (Yangon Press International) ပူးပေါင်းတည်ထောင်ခဲ့သူ မွန်မွန်မြတ်တို့ကလည်း ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။ တာဝန်မဲ့ မြန်မာ့မီဒီယာသစ်၏ စိတ်ပျက်ဖွယ် လမ်းစဉ်အား မေးခွန်းထုတ်ရန် အံဝင်ခွင်ချ အချိန်ဆိုက လွန်ရာကျမည်မထင်။
    မြန်မာ့မီဒီယာသစ်က ရခိုင်အဓိကရုန်းကို အသုံးချ၍ ” နိုင်ငံအား တိုင်းတပါးသားတို့ရန်မှ ကာကွယ်ရန်” ဆို၍တစ်မျိုး၊ “အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ရန်” တစ်ဖုံ ခေါင်းစီးအမျိုးမျိုးတပ်ပြီး နှစ်ပေါင်း ၆၀ ကျော် တစ်စိုးတစ်စက် မျက်နှာမရခဲ့တဲ့ ပြည်သူကို ရန်သူလို သဘောထား ဖိနှိပ်ခဲ့တဲ့ ဘီးလူးစစ်တပ်ကို မင်းသားခေါင်းဆောင်းပေးဖို့ စွမ်းစွမ်းတမံ ကြိုးပမ်းပေးနေပုံပါပဲ။

    အဓိကရုန်း စဖြစ်ကတည်းက မနားတမ်း သတင်းမှားတွေ၊ အထောက်အထားမဲ့ သတင်းတွေ၊ ဘက်လိုက်သတင်းတွေ အဆက်မပြက် ဝါဒဖြန့်ခဲ့ကြသူများထဲ နိုင်ငံတွင်း အတော်အတန် ထင်ရှားမှုရှိတဲ့ The Weekly Eleven, The Voice Weekly, The Yangon Media Group, 7Days News နဲ့ Popular Myanmar News တို့ဖြစ်ပြီး The Weekly Eleven ထုတ်ဝေတဲ့ Eleven Media Group (EMG) ကတော့ အဆိုးရွားဆုံးပါပဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အခြေစိုက် Narinjara သတင်းဌာနကတော့ အထူးရှင်းပြစရာလိုမယ် မထင်ပါ။
    ဤသို့ တဖက်သက်ဘက်လိုက် သလင်းတင်ပြမှုဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် ” နိုင်ငံတကာ ဂျာနယ်လစ်ဇင် ဖယ်ဒရေးရှင်း” (The International Federation of Journalism)ရဲ့ မည်သည့်လူမျိုးစု၊ မည်သည့်ဘာသာတရားကိုမျှ ခွဲခြားနှိမ့်ချ ဆန့်ကျင်ရေးသားခြင်း မပြုရဆိုတဲ့ မူဝါဒကိုလည်း ချိုးဖောက်ရာကျ၏။ မီဒီယာအား အဓိကရုန်းများ၊ အရေးအခင်းများဖြစ်စေရန် သို့မဟုတ် ကြီးထွားစေရန်အလို့ငှါ ဝါဒဖြန့် မှိုင်းတိုက်အသုံးချခြင်းကိုလည်း အသင်းကြီးက ရှုံ့ချထားပါ၏။ သို့သော် မြန်မာ့မီဒီယာသစ်၏လုပ်ရပ်ကား ကျင့်ဝတ်အပေါင်းဖောက်ဖျက် ဆန့်ကျင်ဘက်ပင်ဖြစ်၏။

    အင်တာနက်၊ ဖေ့ဘွတ်စာမျက်နှာများပေါ်၌ ခိုင်မာမှုမရှိသော၊ စစ်ဆေး အတည်ပြုထားခြင်း အလျင်းမရှိသော သတင်းအချက် အလက်များကို ဖြန့်ဝေကြသည်။ ဥပမာအားဖြင့် ပညာရှင်များဖြင့်ဖွဲ့စည်းထားသော ထင်ရှားသည့် Myanmar E-gress မှ ထုတ်ဝေသော The Voice Weekly ဂျာနယ်က “ရခိုင်ပြည်နယ်ရှိ မွတ်စလင်များက ရေကန်တစ်ခုအား အဆိပ်ခပ်လိုက်သည်”ဟု မရေမရာသတင်း ပိုစ့်ရေးခဲ့ရာ စာဖတ်သူတစ်ဦးက “ဒီကုလားတွေ အကုန်သတ်ပစ်”ဟု ကွန်မန့်ပြန်ရေးခြင်းမျိုးဖြစ်သည်။

    The Voice Weekly ဂျာနယ်အပါအဝင် The Weekly Eleven အစရှိသည်များကလည်း ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား “ဘင်္ဂါလီ အကြမ်းဖက်သမားများ”ဟု တောက်လျောက် သမုတ်ခဲ့ကြသည်။ “ရခိုင်ရွာများ မည်မျှမီးလောင်ပျက်စီးသွားသည်၊ ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂါလီ အကြမ်းဖက်သမားများက လူဘယ်လောက်ကို ရိုက်နှက်သည်၊ သတ်ဖြတ်လိုက်ပြီ” စသည့် ယုတ္တိမဲ့၊ ဘက်လိုက်သတင်းများကိုလည်း ၅ မိနစ်မခြား၊ ၁၀ မိနစ်မခြား ဖြန့်ဖြူးခဲ့ကြသည်။

    သတင်းတိုင်းလိုလိုက ရခိုင်ဗုဒ္ဓဘာသာတို့ အထိနာသလိုပုံဖော်ပေးပြီး မွတ်စလင်များ၏ ထိခိုက်နစ်နာမှုများ၊ ပျက်စီးဆုံးရှုံးမှုများ၊ မွတ်စလင်အမျိုးသားအမျိုးသမီး၊ ကလေးသူငယ်အမြောက်အများ သေဆုံးခြင်း၊ ရိုက်နှက်နှိပ်စက်ခံရခြင်း၊ အိုးအိမ်များ ဗလီဝတ်ကျောင်းတော်များ မီးရှို့ဖျက်စီးခံရခြင်းတို့အကြောင်း တစိုးတစိ အလျင်းဖော်ပြခဲ့ခြင်း မရှိချေ။

    အစွန်းအရောက်ဆုံးဖြစ်သော The Weekly Eleven က သူ့တို့၏ အမျိုးသားရေးအစွန်းရောက်ဝါဒဖြန့် သတင်းများအား အင်္ဂလိပ်ဘာသာပြန်၍လည်း နိုင်ငံတကာ သတင်းဌာနများသို့ ပေးပို့ခဲ့သည်။ Asian News Network မှ သူတို့ပေးပို့သော သတင်းအချို့တင်ပြပေးသောအခါ မဟာအောင်ပွဲသဖွယ် ဆင်နွှဲခဲ့ကြသေးသည်။

    The Weekly Eleven က နိုင်ငံတကာသတင်း ဌာနများအားလည်း “ဘက်လိုက် မဟုတ်မမှန် သတင်းများ လုပ်ကြံတင်ပြပြီး မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ ပုံရိပ်အား အမြင်ဆိုးအောင်လုပ်သည်” ဟု စွပ်စွဲ၏။ ရခိုင်အဓိကရုန်းက British Broadcasting Corporation (BBC), Voice of America (VOA), Radio Free Asia (RFA) စသည့် နိုင်ငံတကာသတင်းဌာနများ၏ မြန်မာပိုင်းတင်ဆက်မှုအား အခက်ကြုံစေသည်သာမက ဧရာဝတီ (Irrawaddy)နှင့် ဒီမိုကရက်တစ် ဗမာ့အသံ (Democratic Voice of Burma)တို့အားလည်း အကျပ်ရိုက်စေခဲ့သည်။

    ဤဌာနများ၏ ဝန်ထမ်းများ၊ သတင်းထောက်များမှာ နိုင်ငံတကာစံနှုံးများနှင့်အညီ စည်းစောင့်ကြသောအခါ ပြည်တွင်းမီဒီယာမှိုင်းမိနေသူတို့က ဤသတင်းဌာနများအား “အကျင့်ပျက် ချစားသည်၊ နိုင်ငံအား တိုင်းတပါးသို့ရောင်းစားသည်” အစသဖြင့် ပုတ်ခတ် ဆဲဆိုကြတော့သည်။

    ရခိုင်အဓိကရုန်းမှ မည်သူအမြတ်ထွက်သွားသနည်း?

    သမ္မတရုံးမှ ထိပ်တန်းအရာရှိ ယခင် စစ်ဗိုလ်ဟောင်း မှူးဇော်နှင့်တကွ အခြားမီဒီယာများ၏ မှိုင်းမိသွားသော လူပေါင်းမြောက်များစွာကြောင့် အစိုးရသစ်နှင့် သူ့နောက်ခံ စစ်တပ် အမြတ်ထွက်သွားသည်။ အဓိကရုန်း စဖြစ်သည်က ဂျာနယ်လစ်အတော်များများ မရောက်မပေါက်နိုင်သည့် နေရာဖြစ်ပြီး အဓိကတရားခံ သတင်းမှားများ ဖြန့်ဝေခဲ့သူက “မှုးဇော်”။ ပြည်တွင်းမီဒီယာများက မှုးဇော်၏  ဖေ့ဘွတ်စာမျက်နှာပေါ်မှ သတင်းတု၊ သတင်းလိမ်များကို ကူးယူဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။

    ထိုအချိန် မှုးဇော်၏ ဖေ့ဘွတ်စာမျက်နှာ၌ မိတ်ဆွေ ၅၀၀၄ ယောက်၊ သတင်းမှီးသူ ၉၉၀၉ ယောက်ရှိပြီး အစိုးရသစ်၏ သတင်းများ၊ စီမံကိန်းများ၊ လုပ်ဆောင်ချက်များကို ရေးသားဖြန့်ဝေနေခြင်းဖြင့် အရှိန်တက် နာမည်ရနေပြီး ဤအခွင့်အရေးကို တလွဲအသုံးချ ” နိုင်ငံတော်လုံခြုံရေး”ဟု အမည်တပ်ကာ အဆိပ်ပင်ရေလောင်းခဲ့၏။

    ၂၀၁၂ ခု ဇူလိုင် ၄ ရက် တွင် သူက ဖေ့ဘွတ်စာမျက်နှာ၌ “ယနေ့ ကမ္ဘာ့လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် တွေ့ဆုံရာတွင် အမေရိကန်ကဲ့သို့သော နိုင်ငံများက ဤနိုင်ငံမဲ့ ဒုက္ခသည်များအား လက်ခံမည်ဆိုက အရောက်ပို့ဆောင်ပေးမှာဖြစ်ကြောင်း၊ လူ့အခွင့်အရေးကို နားလည်လေးစားသော်လည်း နိုင်ငံတော်လုံခြုံရေးကို အလေးထားအရေးပေးကြောင်း” အစသဖြင့် ပို့စ်ရေးသားခဲ့ပါသည်။

    သူ့ဤရေးသားချက်အား ဇူလိုင် ၁၀ ရက်အထိ “Like” လုပ်သူပေါင်း ၉၂၁ ယောက်ရှိပြီး ကွန်မန့်ရေးသား၊ ထောက်ခံအားပေးသူပေါင်း မြောက်များစွာရှိခဲ့ပါသည်။

    “ကုမုဒြာ”ဂျာနယ်မှ ထူးချွန်ဆုရဖူးသူ သတင်းထောက် “နှင်းရတနာဇော်” ကလည်း “မှုးဇော်ကို လုံးဝ ထောက်ခံကြောင်း၊ နှစ်သက်ကြောင်း၊ အားပေးကြောင်း” သူမ ဖေ့ဘွတ်စာမျက်နှာ ပို့စ်ရေးသားခဲ့ပါသည်။

    အတိုချုံးရလျင်တော့ ယခုဖြစ်သွားခဲ့သည့် ရခိုင်အဓိကရုန်းကား မြန်မာ့ဆိုရိုးစကားကဲ့သို့ “တစ်ချက်ခုတ် နှစ်ချက်ပြတ်”မက “ဘင်္ဂါလီ အကြမ်းဖက်သမားများဟု သမုတ်ခံရသော မွတ်စလင်လူမျိုးစုလည်း မျိုးပြုတ်လုနီး”၊ “စစ်တပ်လည်း နာမည်ကောင်းရ”၊ ” နိုင်ငံတကာသတင်း ဌာနများပေါ်လည်း အယုံအကြည်ကင်းမဲ့” အစသဖြင့် “တစ်ချက်ခုတ် သုံးချက်ပြတ်” အမြတ်ထွက်အောင် လုပ်ကြံနိုင်ခဲ့ပါတော့သည်။

  • ၁၉၇၃ ရွှေတိဂုံစေတီတော်ကြီး မွမ်းမံပြင်ဆင်ခဲ့စဉ်က

    ၁၉၇၃ ရွှေတိဂုံစေတီတော်ကြီး မွမ်းမံပြင်ဆင်ခဲ့စဉ်က

    လှကြည်

    ဗုဒ္ဓံ ပူဇေမိ
    ဓမ္မံ ပူဇေမိ
    သံဃံ ပူဇေမိ

    ၁၉၇၃ မှာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရွှေတိဂုံဘုရားကြီးရဲ့အစိတ်အပိုင်းတစ်ခုကို လှကြည်တို့တက်ပြီး ပြုပြင်မွမ်းမံတဲ့အချိန်မှာ ရွှေတိဂုံဘုရားကြီးကို အရိုအသေပြုတဲ့အနေနဲ့ ရွတ်ဆိုခဲ့တာဖြစ်ပါတယ်။
    လှကြည်ဆိုတဲ့ကောင်မလွယ်ဘူး။ သူနဲ့မဆိုင်တာတွေ လျှောက်လျှောက်ရွတ်နေတယ်လို့ အကြောင်းသိတွေက ပြောကြဦးမယ်။ တကယ်တော့ ရာသီဥတုဒဏ်ကြောင့် ရွှေတိဂုံစေတီတော်ကြီး ကိုယ်လုံးတော်မှာ ပျက်စီးချို့ယွင်းနေတာတွေကို စေတီတော်ပေါ်တက်ပြီး ဘူမိဗေဒအင်ဂျင်နီယာပညာနဲ့ (Grouting)တွေလုပ်၊ ပြုပြင်မွမ်းခံခွင့်ရခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် လှကြည် တော်တော်ပဲ ကုသိုလ်ရခဲ့ပါတယ်။ရွှေတိဂုံဘုရားကြီး တန်ခိုးကြီးလှပါပေတယ်။၁၉၇၃-နှစ်ဦးပိုင်းလောက်မှာ လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်ကြီးကို ထုံးစံအတိုင်း နှစ်နှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်နိုင်ဖို့ သန့်ရှင်းရေးလုပ်ခြင်း၊ ရေညှိများခွာခြင်းကိစ္စတွေကို ပန်းရန်ဆရာကြီးများအဖွဲ့က လုပ်ကိုင်ခဲ့ကြတယ်။ ပန်းရန်သမားတစ်ယောက်က စေတီတော်ကြီးရဲ့ ရှစ်မြှောင့်တစ်နေရာမှာ အဲဒီလိုရေညှိခွာရင်း သန်လျက်နဲ့ခေါက်ကြည့်လိုက်တော့ အတွင်းက လှိုဏ်သံကြားလိုက်ရတယ်။ အဲဒါနဲ့ ပိုပြီးသေချာအောင် ထပ်ပြီးပြင်းပြင်းလေးခေါက်လိုက်တော့ အဲဒီနေရာကအုတ်တွေက ဆွေးမြည့်နေလို့ သံလျက်က အတွင်းကို ကျွံဝင်နေပြီး အပေါက်ကြီးဖြစ်သွားတယ်။ အဲဒီအုတ်တွေကို ကိုင်ကြည့်လိုက်တဲ့အခါမှာ ပေါင်ဒါလိုအမှုန့်ဖြစ်သွားတယ်။ဒါနဲ့ ပန်းရန်သမားလေးလည်း သူ့ဆရာကိုခေါ်ပြီး စေတီတော်ကြီးရဲ့ ဂေါပကအဖွဲ့ဝင်များကို အကျိုးအကြောင်းသွားပြီး ပြောပြကြတယ်။ အဲဒီအပေါက်ကြီးက လူကြီးတစ်ယောက် ကောင်းကောင်းဝင်လို့ရအောင်ကျယ်နေတယ်။ အဲဒီအပေါက်ကြီးကနေ အားကောင်းတဲ့ လက်နှိပ်ဓါတ်မီးနဲ့ထိုးကြည့်တဲ့အခါ အောက်အနက် ဘယ်လောက်ရှိတယ်ဆိုတာ မမြင်နိုင်ဘူးဖြစ်နေတယ်။ ဒါနဲ့ ငြမ်းလုပ်ဖို့ထားတဲ့ ၁၂-ပေခန့်ရှည်တဲ့ ၀ါးလုံးနှစ်လုံးကိုဆက်ပြီး ထောက်ကြည့်ကြတယ်။ ဒါလည်းပဲ အောက်ကို လုံးဝ မထိမိဘူး။ စေတီတော်ကြီးအတွင်းက လှိုဏ်ခေါင်းက တော်တော်နက်ပြီးကျယ်နေတာကို သွားတွေ့ရတယ်။စေတီတော်ကြီးကို မိုးမကျမီမှာ ရွှေသင်္ကန်းအပြီးကပ်ရမှာမို့ ဂေါပကအဖွဲ့နဲ့ ပန်းရန်ဆရာများအဖွဲ့က ကြိုးစားပြီးမြန်မြန်ဆန်ဆန် လုပ်ကြရမှာဖြစ်တယ်။ ပန်းရန်ဆရာများအဖွဲ့က ဒီလှိုဏ်ခေါင်းကြီးကတော့ သူတို့အနေနဲ့ ဘယ်လိုမှ မလုပ်တတ်ကြောင်းကို ဂေါပကအဖွဲ့ကိုပြောတယ်။ ဂေါပကအဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးလှမြင့်(BelAir)၊ ဦးသော်ဇင်(Handicap9)၊ ဦးထွန်းလွင်၊ ဦးအောင်သိန်းတို့က အဲဒီတုန်းက ဆောက်လုပ်ရေးဝန်ကြီးကိုတင်ပြတော့ အင်ဂျင်နီယာအကျော်အမော်တွေခေါ်ပြီး တိုင်ပင်ဆွေးနွေးကြတယ်။ ဘယ်သူမှ မလုပ်တတ်ကြဘူး။ မလုပ်ရဲကြဘူး။ အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးနေ၀င်းသိသွားတော့ “ဒီတန်ခိုးကြီးဘုရားကြီးကို ဂရုစိုက်ပြီးပြုပြင်ကြပါ။ ရှေးဟောင်းဘုရားကြီးလည်းဖြစ်တယ်။ ဒီလိုဘုရားကြီမျိုး တို့လည်းမတည်နိုင်ဘူး။ ငွေကုန်ချင်သလောက်ကုန်ပါစေ၊ ကောင်းအောင်လုပ်ကြပါ”ဆိုပြီး အမှာပါးလိုက်ပါတယ်။

    ဂေါပကအဖွဲ့က ဒီအင်ဂျင်နီယာအကျော်အမော်တွေ မလုပ်တတ်ဘူးဆိုရင် အင်ဂျင်နီယာတွေ မွေးထုတ်ပေးနေတဲ့ စက်မှုတက္ကသိုလ်က ဆရာကြီး ပါမောက္ခချုပ် ဒေါက်တာအောင်ကြီးကို မေးမှပဲဆိုပြီး သူ့ကိုခေါ်ပြီးပြပါတယ်။

    ဒေါက်တာအောင်ကြီးဟာ ကမ္ဘာကျော် မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က ဒေါက်တာဘွဲ့(Ph.D) ရထားသူဖြစ်ပါတယ်။ ဒေါက်တာကြီးလည်း ဒီဧရာမလှိုဏ်ခေါင်းကြီးကိုကြည့်ပြီး ဘာမှမပြောနိုင်ပါ။

    ဒေါက်တာအောင်ကြီးက “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အင်ဂျင်နီယာများကတော့ မတတ်ကျွမ်းပါဘူး။ တစ်ခုတော့ရှိပါတယ်။ Engineering Geologist များကတော့ တတ်ကျွမ်းပါတယ်။ ဒီနည်းကတော့ ဘိလပ်မြေမှုတ်သွင်းခြင်းပညာဖြစ်ပါတယ်။ သတ္ထုတွင်းဝန်ကြီးဌာန ဘူမိဗေဒနှင့် ဓါတ်သတ္ထုရှာဖွေရေးဦးစီးဌာနက Engineering Geologist များဟာ ဆည်မြောင်းဌာနမှ ဆည်များ(Dams)များ အက်ကွဲတဲ့အခါ၊ ရေများယိုစိမ့်ထွက်တဲ့အခါများမှာ သွားရောက်ပြီး Grouting လုပ်ပေးကြပါတယ်။ ဒီနည်းနဲ့သာလျှင် လုပ်လို့ရပါမယ်”လို့ အကြံပြုခဲ့ပါတယ်။

    စေတီတော်ကြီးရဲ့ ဂေါပကအဖွဲ့ဝင်တွေဟာ အတော်ကြီးပေါက်ရောက်ပါတယ်။ ဒီကိစ္စကို သတ္ထုတွင်းဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး သူရအောင်ဖေကို ပြောပြလိုက်တယ်။ ချက်ချင်းပါပဲ။ ဘူမိဗေဒနှင့် ဓါတ်သတ္ထုရှာဖွေရေးဦးစီးဌာနက ညွှန်ချုပ်ဒေါက်တာတင်အေးကို တာဝန်ပေးလိုက်ပါတယ်။  ဒေါက်တာတင်အေးကလည်း Engeering Geology Section Head ဦးသိန်းလွင်ကို ချက်ချင်းအလုပ်စဖို့ အမိန့်ချလိုက်ပါတယ်။ အဲဒီအချိန် အဲဒီဌာနမှာက ဦးသိန်းလွင်နဲ့ ဦးလှကြည် နှစ်ဦးပဲရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ဌာနက တစ်ခြားဝန်ထမ်းတွေဖြစ်တဲ့ ကိုမျိုးမြတ်၊ ကိုဥာဏ်စိုး၊ ကိုအောင်မြင့်စိုး၊ ကိုယောရှုတို့က အသက၊ အသက၊ နယ်အသီးသီးတာဝန်ကျရာဒေသတွေကိုသွားပြီး တာဝန်ထမ်းဆောင်နေကြရတယ်။ ဒီကိစ္စကို ၀န်ကြီးရုံးက အရေးကြီးလုပ်ငန်းအမှတ်စဉ်(၁)၊ ဦးစားပေးအဆင့်(၁) ချက်ချင်းဆောင်ရွက်ရန်လို့ သတ်မှတ်လိုက်တယ်။

    စနေထောင့်တွင်ဖြစ်ပေါ်နေသော အက်ကွဲကြောင်းကြီး၏ အတွင်းလှိုဏ်ခေါင်းပေါက်ထဲသို့ သေချာစွာမြင်နိုင်ရန် လွန်တူးအင်ဂျင်နီယာချုပ် ဦးစောထွန်းက လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်နေပုံ

    ညွှန်ချုပ်က ဦးသိန်းလွင်ကိုခေါ်ပြီး ‘ဘာလိုလဲ၊ လိုတာပြောပါ’လို့ပြောတယ်။ ဦးသိန်းလွင်က မုံရွာ ကြေးနီစီမံကိန်းမှာရှိတဲ့ Grouting Machine ကို ရန်ကုန်သို့ အမြန်သယ်ဆောင်ပေးဖို့၊ အရည်အချင်းရှိတဲ့ လွန်တူးသမား(Driller) နှစ်ယောက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ (Driller မပါပဲ ဒီကိစ္စ လုံးဝလုပ်လို့ မရပါ။ ယခင့် ယခင်တုန်းကများ ဒီလိုတောင်းဆိုလိုက်ရင် ၃-၄ လနဲ့ ရောက်မလာဘူး။ ခုတော့လည်း မြန်လိုက်တာ။ ဒါတောင် နှစ်လတော့ ကြာသေးတယ်။

    Driller တွေ ရောက်လာရုံတင်မကဘူး Drilling Section Head ဦးစောထွန်း(Drilling CE)တောင် ပါလိုက်သေးတယ်။ ဦးစောထွန်းက အလွန်ဝပြီး ပေါင် ၂၂၀ ကျော်ပါတယ်။ အလွန် အသားမည်းပေမယ့် သူ့လုပ်ငန်းကို သူအလွန်ကျွမ်းကျင်ပြီး လူနဲ့မလိုက်အောင် လွန်စွာသွက်လက်ပေါ့ပါးတယ်။ Grouting Machine ကို Servicing လုပ်၊ သန့်စင်ဆေးကြောပြီး လုပ်ငန်းစလို့အချိန်ရောက်တော့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးလုပ်ပါတယ်။

    ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှာပြုလုပ်တဲ့ အဲဒီအစည်းအဝေးမှာ ၁။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၊ ၂။ ဆိပ်ကမ်းကော်ပိုရေးရှင်းမှ ဦးဥာဏ ခေါင်းဆောင်သောအဖွဲ့၊ ၃။ ဘဓရမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်အေးခေါင်းဆောင်တဲ့ Engineering Geologist အဖွဲ့တစ်ဖွဲ့၊ Drilling အဖွဲ့တစ်ဖွဲ့တို့ ပါဝင်ပါတယ်။

    အဓိကဦးဆောင်ပြီးလုပ်ငန်းလုပ်ကိုင်မှာက ဘဓရ Engineering Geologist အဖွဲ့နဲ့ Drilling အဖွဲ့ပါပဲ။ ဆိပ်ကမ်းကော်ပိုရေးရှင်းကတော့ လိုအပ်တာတွေကို ကူညီပံ့ပိုးဖို့ပါပဲ။ ဂေါပကအဖွဲ့က “ကိုသိန်းလွင်တို့ ကိုလှကြည်တို့ ကောင်းအောင်ကြိုးစားပြီးလုပ်ကြပါ။ ငွေကိုတော့ အကန့်အသတ်မရှိ ကြိုက်သလောက်သုံးပါ”လို့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။

    ဂေါပကအဖွဲ့ကို ဦးသိန်းလွင်က တိုးတိုးတိတ်တိတ်တင်ပြတာ တစ်ခုရှိပါတယ်။

    “ကိုလှကြည်ကို ကျွန်တော်တို့အားလုံး သိပြီးသားပါ။ သူက ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး။ အဓိက ဒီလုပ်ငန်းကို သူပဲ အချိန်ပြည့်တာဝန်ယူပြီးလုပ်ရမှာ။ သူက မွတ်ဆလင်မို့ ကန့်ကွက်ချင်ရင် ခုကတည်းကပြောပါ။”

    ဂေါပကအဖွဲ့က “မကန့်ကွက်ပါဘူး၊ လုပ်စရာရှိတာ လုပ်သာလုပ်ပါ”တဲ့။

    ဒါကြောင့် မောင်လှကြည် မွတ်ဆလင်၊ ဘုရားပေါ် ရောက်လာတာပါ။

    ခုနတုန်းက ပန်းရံဆရာတွေ တွေ့ရှိခဲ့တဲ့ ဧရာမလှိုဏ်ခေါင်းကြီးဆိုတာကို ရှစ်မြှောင့်ပစ္စယာ စနေထောင့်မှာ တွေ့ရတာပါ။ စနေထောင့်ဆိုတာ အကြမ်းနားလည်အောင်ပြောရရင် ဦးဝိစာရကျောက်တိုင်ဘက် နည်းနည်းကျပါတယ်။ ဒီလို အက်ကြောင်းကြီးက စနေထောင့်မှာပဲ ဖြစ်ပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် စတဲ့ဘက်တွေမှာလည်းမဖြစ်ဘူး။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ထောင့်တွေမှာလည်းမဖြစ်ဘူး။ ဘာလို့ စနေထောင့်တစ်ခုတည်းမှာပဲဖြစ်ရသလဲဆိုတော့ စနေထောင့်ဟာ မုတ်သုံရာသီ (Moonsoon Weather)ကို တိုက်ရိုက်တည့်တည့်ခံရတဲ့ နေရာဖြစ်တယ်။ နှစ်ပေါင်းတစ်ထောင်ကျော်ကျော်လောက် ရာသီဥတုဒဏ်၊ ရေဒဏ်၊ မိုးဒဏ်နဲ့ ရေတိုက်စားမှုဒဏ်ခံခဲ့ရတယ်။ အဲဒီရေတွေထဲမှာလည်း ငှက်မျိုးစုံရဲ့ အညစ်အကြေးတွေ ပါလာပြီး အက်ဆစ်ပျော်ရည်အပျော့စားဖြစ်ပြီး စားသွားတာလည်းပါမှာပေါ့။ ဒီရာသီဥတုရဲ့ဒဏ်ကို နှစ်ပေါင်းများစွာခံခဲ့ရတဲ့အတွက် လှိုဏ်ခေါင်းဟာ ဖြည်းဖြည်းချင်းဖြစ်လာတာပါ။

    ဒီ ရွှေတိဂုံဘုရားကြီးကို ရွှေချတယ်၊ ရွှေသင်္ကန်းကပ်တယ်ဆိုတာ တကယ့်ရွှေအစစ်ကို ကပ်ရတာ။ အကြိမ်ပေါင်းများစွာ ရွှေချခံရလို့ အချို့နေရာတွေမှာ ရွှေအထူကြီးဖြစ်နေတယ်။ တချို့ အတုံးလိုက်၊ အခဲလေးတွေ၊ အဖတ်ဖတ်ကလေးတွေကို ဒီအတိုင်း ရှစ်မြှောင့်ပစ္စယာနဲ့ အခြားပစ္စယာပေါ်မှာ ကျနေတာတွေ တွေ့ခဲ့ရတယ်။ ဒီပစ္စယာအတွင်းပိုင်းကို လူတိုင်းမ၀င်ရဘူးလေ။ လူတကာဝင်ရင် ဒီရွှေအတုံးလေးတွေ ဘယ်တွေ့ရတော့မတုံး။ အထူးယုံကြည်ရတဲ့လူ တာဝန်ရှိသူနဲ့ ဂေါပကအဖွဲ့တွေသာ ၀င်ရတာကိုး။ မိုးရေတိုက်စားပြီးပါလာတဲ့ ဒီရွှေတွေကို နှစ်စဉ်နှစ်တိုင်း စနစ်တကျစစ်ပြီး ရွှေချောင်းပြန်လုပ်ထားတာ ဂေါပကအဖွဲ့မှာ တွေ့ရတယ်။

    လွန်တူးအတတ်ပညာရှင်များဖြစ်ကြသော ဦးရွှေနှင့် ဦးဇော်ဝင်းတို့ ခက်ခဲသောနေရာများတွင် ဂရောက်တွင်းတူးရန် လွန်တူးစက်အငယ်စားကို ကြိုတင်ပြင်ဆင်နေကြပုံ

    Groating လုပ်တယ်ဆိုတာ Grout ကို စက်နဲ့ ကိုယ်လိုချင်တဲ့နေရာကို မှုတ်သွင်းတာပဲ ဖြစ်ပါတယ်။ Grout ဆိုတာ ရွှံ့၊ သဲ၊ ဘိလပ်မြေနှင့် တခြားအမှုန့် စတာတွေကို လိုသလို အချိုးအစားအမျိုးမျိုး ရေနဲ့ရောစပ်ပြီး စက်ရဲ့မှုတ်အား၊ ဖိအား Pressure နဲ့ ကိုယ်ရောက်စေချင်တဲ့နေရာကို ပိုက်တပ်မှုတ်သွင်းတာပဲဖြစ်ပါတယ်။ Pressure အတက်အကျကို Pressure Gauge နဲ့ ထိန်းထားရပါတယ်။ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေမှာ Pressure ဘယ်လောက်ပဲ ရှိနေရမယ်ဆိုတာကို Geologist အမြဲပြောပြရမယ်။ ဒါ သူ့တာဝန်ပဲဖြစ်ပါတယ်။ Pressure များသွားရင် DAM ကွဲထွက်သွားနိုင်တယ်။ ကြောက်စရာကောင်းတယ်။

    ၁၁-၁-၁၉၇၃ မှာ ရှစ်မြှောင့်ပစ္စယာ စနေထောင့်ကစပြီး Grouting လုပ်ပါတယ်။ လှကြည်ဆိုတဲ့ကောင်ကတော့ နံနက်အစောကြီး ၅-နာရီလောက်ကတည်းက ဘုရားပေါ်တက်၊ လူရှင်းတဲ့ ဇရပ်တစ်ခုကနေပြီး ဦးသုံးကြိမ်ချကာ ဘုရားရှိခိုးတော့တာပဲ။ ဒီကောင်က မြို့မကျောင်းသားဆိုတော့ ဗုဒ္ဓဘာသာ ဘုရားရှိခိုးနည်း ကောင်းကောင်းနားလည်တယ်။ သူပြောတာက “ဘာသာရေးဘေးဖယ်ထားပြီး သူ့အရပ်၊ သူ့ဒေသ၊ သူ့အရိပ် အာဝါသကို မှီခိုရတော့မယ်ဆိုရင် သူ့ကို အရိုအသေပေးရမယ်။ သူ့စည်းကမ်းအတိုင်း သူ့ကို ရိုသေလေးစားစွာ ရှိခိုးဦးချရမယ်”တဲ့။ သူ နေ့တိုင်းနေ့တိုင်း ဒီလိုလုပ်ပြီးမှ စိတ်အေးလက်အေးနဲ့ ဘုရားပေါ်တက် အလုပ်လုပ်တယ်။

    ဒီမှာတော့ Grout ကို ဘိလပ်မြေပဲသုံးပြီး ရေ ၂၂-ဂါလန်ကို ဘိလပ်မြေ ၄-အိပ် အချိုးနဲ့ ရောစပ်ပါတယ်။ Pressure ကို Zero P.S.I သုည၊ တစ်ခါတစ်ရံ One P.S.I လောက်ပဲ သုံးတယ်။ တစ်နေ့တာ အလုပ်ကို မနက်က စလိုက်တာ ည ၉-နာရီ ၁၀-နာရီလောက်မှာမှ လက်စသတ်ပါတယ်။ Grouting စလုပ်တဲ့ ပထမနေ့တွေမှာတော့ ဒေါက်တာအောင်ကြီးတို့ ဒေါက်တာတင်အေးတို့ လာကြတာပေါ့။ နောက် ရက်တွေကြာလာတော့လည်း ထပ်ပြီးမလာကြတော့ပါဘူး။ ဆရာဦးသိန်းလွင်ကတော့ သူ့တာဝန်မပြတ်သေးတဲ့ တခြားအရပ်ဒေသတွေ သွားလိုက်၊ ပြီးတော့ ပြန်လာလိုက်ပါပဲ။ လှကြည်ဆိုတဲ့ကောင်ကတော့ နေ့တိုင်းရှိပါတယ်။

    လုပ်ရကိုင်ရတာ အစပိုင်းမှာတော့ ရင်တုန်ရတယ်။ ကြောက်စရာကောင်းတယ်။ လုပ်ရတဲ့လုပ်ငန်းက စွန့်စားရတဲ့လုပ်ငန်းတစ်ခုပါပဲ။ စောစောကပြောသလို လိုအပ်တဲ့ Pressure ကို မထိန်းနိုင်ရင်၊ ထိန်းနေတဲ့ကြားထဲက တစ်ခုခုချွတ်ချော်သွားခဲ့ရင်၊ လုပ်ရင်းကိုင်ရင်း Pressure အလိုလို တက်သွားရင် ကိစ္စချောပြီ။ ပြီးပြီ။ ရွှေတိဂုံစေတီတော်ကြီး ပြိုကျသွားမှာပေါ့။ စေတီတော်ကြီးပြိုကျသွားရင် ‘ငလှကြည် နင်လည်းသေလိုက်တော့’။ ဒီဘုရားကြီးဟာ မြန်မာပြည်သာမဟုတ်၊ ဗုဒ္ဓဘာသာတစ်ခုတည်းသာမဟုတ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ မေတ္တာစုဝေးရာဖြစ်တယ်။ တစ်စုံတစ်ခုသာ လွဲမှားသွားလို့ကတော့ အဲဒီ မေတ္တာစူးတာနဲ့ သေသွားနိုင်တယ်။ ဘုရားကြီးရဲ့သက်တမ်းကလည်းကြည့်ဦး နှစ်ပေါင်း ၂၅၀၀ ကျော်ပြီ။

    အဲဒီလို စွန့်စားလုပ်ကိုင်ရတာကလွဲရင် ကျန်တာ လုပ်ရကိုင်ရတာ စိတ်ချမ်းသာစရာကောင်းပါတယ်။ Driller တွေကလည်း ဦးရွှေ၊ ဦးဇော်ဝင်းအပြင် Drilling CE ဦးစောထွန်းကြီးကိုယ်တိုင် ပါဝင်လေတော့ အစစအရာရာ အဆင်ပြေပါတယ်။ ဂေါပကအဖွဲ့က နံနက်စာ၊ နေ့လည်စာ၊ ညစာ ကောင်းကောင်းမွန်မွန်ကျွေးတဲ့အပြင် ပြန်ရင်လည်း ဒံပေါက်တစ်ထုတ်စီ ပေးလိုက်သေးတယ်။ ကောင်းလေစွ၊ ကောင်းလေစွ။

    လှကြည်ဆိုတဲ့ကောင်က ဦးသိန်းလွင်ရဲ့နောက်လိုက်သာဖြစ်ပေမယ့် ဒီကိစ္စကို သိပ်ကျေနပ်ပြီး ဂုဏ်ယူလို့မဆုံးဖြစ်နေတယ်။ Grouting စလုပ်တဲ့နေ့ နောက်တစ်ရက်နံနက် ကြေးမုံသတင်းစာထဲမှာ ရွှေတိဂုံဘုရားပေါ်မှာ လှကြည် အလုပ်လုပ်နေတဲ့ပုံကြီး မျက်နှာစာမှာ ပါလာပါလေရော။ တယ်လီဖုန်းလာပြီ အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဌကြီး မိုဟာမက် ဂါဇီဟာရှင်ထံမှ “မောင်လှကြည် အလွန်ကောင်းတဲ့ကိစ္စကို ဆောင်ရွက်တဲ့အတွက် တို့က ဂုဏ်ယူပါတယ်။ အေး တို့ဗလီတွေပျက်တဲ့အခါလည်း လာလုပ်ပေးပါဦး”တဲ့။

    ဟောက်ကဲ့ – ဟောက်ကဲ့ – ဟောက်ကဲ့ (ဆလမ္မာလေကွန်း)

    (၁၉၇၃၊ ရွှေတိဂုံစေတီတော်ကြီး Grouting ပြုလုပ် ပြင်ဆင် မွမ်းမံခြင်း အစီရင်ခံစာ၊ ရနံ့သစ်မဂ္ဂဇင်းပါ ရွှေတိဂုံစေတီတော်ပြုပြင်ခြင်း ဆောင်းပါးကို တည်းဖြတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)

     

    FB ဒီနေရာမှာ စနေငပေ Scan ဖတ်ပေးပြီး မျှဝေထားသည်ကို Type ၇ိုက်ပြီးပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

    မူရင်းထဲကအတိုင်း စာလုံးပေါင်း မပြင်ထားပါ။

  • ကိုရီးယားနိုင်ငံသို့ အစ္စလာမ်သာသနာ ဘယ်လိုရောက်ရှိခဲ့ပါသလဲ?

    ကိုရီးယားနိုင်ငံသို့ အစ္စလာမ်သာသနာ ဘယ်လိုရောက်ရှိခဲ့ပါသလဲ?

    တောင်ကိုရီးယားနိုင်ငံတော်အလံ Photo-google

    ၁၉၅၀-ခုနှစ် ဇွန်လ ကိုရီးယားစစ်ပွဲအပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပါဝင်ရောက်ရှိလာတဲ့ တူရကီတပ်မတော်မှ ညီနောင်များမှ စတင်သာသနာပြုခဲ့တာပါ။ ၁၉၅၅-ခုနှစ် စက်တင်ဘာလမှာ  တပ်သားနှစ်ဦးဖြစ်တဲ့ ‘ဇူဘာကောခ်ျ’ (Zubercoch) နဲ့ ‘အဗ္ဗဒူ ရာမန်’ (Abdul Rahman) တို့က ယာယီတဲတစ်ခု စတင်ဆောက်လုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်အဖြစ်အသုံးပြုကာ အစ္စလာမ်သာသနာကိုသင်ကြားပြသခဲ့ပါတယ်။ တူရကီတပ်မတော်က ဒုက္ခသည်စခန်းရွာတွေမှာ ယာယီတဲ ဗလီဝတ်ကျောင်းတော်များဖြင့် သာသနာပြုခဲ့ပါတယ်။ ပထမအဆင့်အနေဖြင့် ၁၉၅-ခုနှစ် အောက်တိုဘာလမှာ အစ္စလာမ်ဘာသာဝင်ညီနောင်များက အစောပိုင်းမှာ Korea Muslim Committee ကို စတင်အကောင်အထည်ဖော်ပါတယ်။

    ၁၉၆၁-ခုနှစ် စက်တင်ဘာလမှာ မလေးရှားနိုင်ငံမှ လွှတ်တော်အမတ် ‘အိုဗိုင်ဒူလာ’ ဦးဆောင်တဲ့ ၁၄-ဦးအဖွဲ့ ၁၃-ရက် သာသနာပြုခရီးရောက်ရှိခဲ့ပါတယ်။ အချို့ ကိုရီးယားမွတ်စလင်များကို မလေးရှားနိုင်ငံ မွတ်စလင်ကောလိပ်သို့ စေလွှတ်ပြီး ပညာသင်ကြားပေးတယ်။ ၁၉၆၂-ခုနှစ် ဩဂုပ်လမှာ ဒုဝန်ကြီး Tunku Abdul Rahman ဦးဆောင်တဲ့ သံတမန်အဖွဲ့ဟာလည်း သွားရောက်လေ့လာခဲ့ပြီး မလေးရှားအစိုးရမှ ‘ဆိုးလ်မြို့’၌ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် Korea Muslim Community သို့ ဒေါ်လာ ၃၃၀၀၀ လှူဒန်းခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနဲ့ အခြားအခက်အခဲများကြောင့် အပြီးမသတ်နိုင်ခဲ့ပါ။ ၁၉၆၃-ခုနှစ် အောက်တိုဘာလမှာ မလေးရှားအစိုးရအရာရှိတစ်ဦးဖြစ်တဲ့ Haji Muhammad Nur ကလည်း သာသနာပြုလုပ်ငန်းများ သေချာစွာလုပ်ကိုင်နိုင်ဖို့ မလေးရှားအစိုးရကို တိုက်တွန်းကြိုးပမ်းခဲ့ပါတယ်။
    ၁၉၆၇-ခုနှစ် မတ်လ ၃-ရက်နေ့မှာ အစိုးရခွင့်ပြုချက်နဲ့ Korean Islamic Foundation ကို စတင် မှတ်ပုံတင်တည်ထောင်နိုင်ခဲ့ပြီး သာသနာပြုလုပ်ငန်းအား အရှိန်အဟုန်ဖြင့် လွတ်လပ်ပွင့်လင်းစွာလုပ်ကိုင်နိုင်ခဲ့ကြပါတယ်။

    ၁၉၆၀-ခုနှစ်မှာ ‘Subri Seo Jung Gil ‘ ဦးဆောင်ပြီး  ပထမဆုံးအကြိမ် ‘ဟဂ်ျ’ပြုနိုင်ခဲ့တယ်။ ၁၉၇၈-ခုနှစ် အောက်တိုဘာလမှာ မွတ်စလင်ဦးရေ ၁၃၂-ဦး ‘ဟဂ်ျ’ပြုနိုင်ခဲ့ပြီး ၁၉၇၉-ခုနှစ်မှာ ၁၀၄-ဦး ‘ဟဂ်ျ’ပြုနိုင်ခဲ့တာဟာလည်း  ကိုရီးယားမွတ်စလင် သာသနာပြု လုပ်ငန်းအား ပိုမိုအားတက်အရှိန်ရစေခဲ့ပါတယ်။ ၁၉၇၄-၁၉၈၀ ခုနှစ်ကာလ အရှေ့အလယ်ပိုင်းဒေသ တိုးတက်ကြီးပွါးထင်ရှားလာမှု (Boom of Middle East) ဟာလည်း  ကိုရီးယားမွတ်စလင် သာသနာပြုလုပ်ငန်းအား အာရုံစိုက်မှုရရှိစေခဲ့ပါတယ်။

    ၁၉၇၄-ခုနှစ် ဒီဇင်ဘာလမှာ သမ္မတကြီး Park Jung Hee  ကဦးစီး၍ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် စကွဲမီတာ ၁၅၀၀ ရှိ မြေကွက်အား လှုဒါန်းခဲ့ပါတယ်။

    ဆိုးလ်မြို့ရှိ ဗဟိုဗလီ Photo- http://en.wikipedia.org

    ၁၉၇၆-ခုနှစ် မေလမှာ ‘ဆိုးလ်မြို့’၌ ‘ဗဟို ဗလီဝတ်ကျောင်းတော်’ (Central Masjid) ကိုတည်ဆောက်ပြီးစီးနိုင်ခဲ့ပြီး Islamic Center ကိုလည်း ဖွင့်လှစ်နိုင်ခဲ့တာဟာ ကိုရီးယားမွတ်စလင်တို့အတွက် ကြီးမားသောအောင်မြင်ပြောင်းလဲမှုကြီးဖြစ်ခဲ့ပါတယ်။ သာသနာဝင်အရေအတွက်လည်း တိုးတက်များပြားလာခဲ့ပါတယ်။

    ပထမဆုံး ဗလီဝတ်ကျောင်းတော်ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံရပ်ခြားဂုဏ်သရေရှိပုဂ္ဂိုလ်များအပြင် ဝန်ကြီးချုပ် ‘Choi Gyu Hwa’ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အတွက်  အစ္စလာမ်သာသနာအပေါ်စိတ်ဝင်စားမှုဟာလည်း တိုးတက်များပြားလာပါတယ်။
    ၁၉၇၆-ခုနှစ် ဒီဇင်ဘာလမှာ ဘူဆန်မြို့မှာ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာလည်း ကိုရီးယားအစ္စလာမစ်ယဉ်ကျေးမှုဌာန ဖွင့်လှစ်ထားရှိနိုင်ခဲ့ပါတယ်။ ၁၉၇၈-ခုနှစ် ဧပြီလမှာ အခြားမြို့တစ်ခုမှာလည်း ဗလီဝတ်ကျောင်းတော်တည်ဆောက်ခဲ့ပါတယ်။

    ၁၉၈၀-ခုနှစ် မေလ နှစ်နိုင်ငံထိပ်သီးအစည်းအဝေး၌ ဝန်ကြီးချုပ် ‘Choi Gyu Hwa’ က ဆော်ဒီဘုရင် ‘ခါလစ်ဒ်’ အား ‘ကိုရီးယား အစ္စလာမစ် ကောလိပ်’ ဖွင့်လှစ်နိုင်ရန် မြေကွက်လှုဒါန်းဖို့ ကတိပြုခဲ့ပါတယ်။ ၁၉၈၀-ခုနှစ် စက်တင်ဘာလမှာ ‘ဘူဆန် အလ်ဖာတာ ဗလီဝတ်ကျောင်းတော်’ နဲ့ ၁၉၈၁-ခုနှစ် ဇွန်လမှာ ‘ဂွမ်ဂျု ဗလီဝတ်ကျောင်းတော်’များ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၆-ခုနှစ် ဧပြီလမှာ ‘အန်ယန် ရာဘီတာ အလ်အလမ် ဗလီဝတ်ကျောင်းတော်’ နဲ့ စက်တင်ဘာလမှာ ‘ကျွံဂျု အဘူဗကရ်ဆီဒက် ဗလီဝတ်ကျောင်းတော်’ များ ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။

    ၁၉၉၀-ခုနှစ်မှာ ‘စူလ်တန်ဘင် အဗ္ဗဒူအဇစ်’ အခြေခံစာသင်ကျောင်း (Madrasah) ကိုတည်ထောင်ခဲ့ပြီး ၂၀၀၉-ခုနှစ် မေလမှာ ပထမဆုံး အစ္စလာမစ်မူလတန်းကျောင်း (Elementary School)ကို ဖွင့်လှစ်ခဲ့ပါတယ်။ နောင်အခါ အထက်တန်းကျောင်း၊ တက္ကသိုလ်တို့အပြင် ယဉ်ကျေးမှုဌာနများလည်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။ ဆော်ဒီအာရေဗျ သံအမတ်ကြီး ‘အဗ္ဗဒူလာ အလ်အိုင်ဖန်’ ဆော်ဒီအာရေဗျအစိုးရကိုယ်စား Korea Islamic Foundation သို့ ဒေါ်လာ ၅-သိန်း ပေးအပ်လှုဒါန်းခဲ့ပါတယ်။

    အီရတ်စစ်မြေပြင်သို့ တာဝန်ထမ်းဆောင်ရင်း အစ္စလာမ်သာသာကို ကူးပြောင်းသက်ဝင်ယုံကြည်လာသူ ကိုးရီယားစစ်သား ၃၇ ယောက် More News-

     

    ၂၀၀၇-ခုနှစ် စာရင်းဇယားများနဲ့ Korea Islam Institute ဥက္ကဌ Lee Hee Soo ရဲ့ပြောကြားချက်အရ တောင်ကိုရီးယားနိုင်ငံမှာ မွတ်စလင်ဦးရေ ၄၀၀၀၀-ကျော်ရှိနေ ပါပြီ။

    (စကားချပ်။     ။ တောင်ကိုရီးယားမိတ်ဆွေတစ်ဦးရဲ့ မကြာသေးမီက ပြောပြချက်အရ အစ္စလာမ်သာသနာဟာ အလျင်အမြန်ပြန့်နှံ့နေကြောင်း ဝမ်းသာအားရ သိရှိရပါတယ်။)

    လင်းယုန်နက် (ခြင်္သေ့မြို့တော်) ရှာဖွေစုဆောင်းတင်ပြသည်။

    References:
    http://www.islamkorea.com
    http://en.wikipedia.org/wiki/Islam_in_Korea