News @ M-Media
Category: ဆောင်းပါး
  • Online, Burmese Attack a Minority (ဘာသာပြန်)
    Online, Burmese Attack a Minority (ဘာသာပြန်)
    ၂၃ ဇွန်လ ၂၀၁၂ စနေနေ့ ‘စင်္ကာပူနိုင်ငံ’ နေ့စဉ်ထုတ် ‘တူဒေး’ သတင်းစာမှ ဆောင်းပါးဖြစ်ပါတယ်။
    ‘အမေရိကနိုင်ငံထုတ် နိုင်ငံတကာသိ ထင်ရှားကြော်ကြားတဲ့ ‘နယူးရော့တိုင်း’ သတင်းစာမှတဆင့် ပူးတွဲဖော်ပြထားခြင်းဖြစ်ပါတယ်။
    Saturday, June 23 2012
    ရေးသားသူ – Thomas Fuller
    ဆောင်းပါးအမည် – Online, Burmese Attack a Minority
    ရည်ညွှန်: – http://www.todayonline.com/PDFViewer/PDF/20120623/2306NYP061.pdf
    ရခိုင်ပဋိပက္ခကြောင့် စစ်တွေမြို့တွင် မီးလောင်နေသည့် မြင်ကွင်း
    Photo-AFP
    မြန်မာအစိုးရသစ်ဟာ ပြီ:ခဲ့တဲ့နှစ်အတွင်း တင်းကျပ်တဲ့ စာပေစိစစ်ရေး ဆင်ဆာမူဝါဒများ လျှော့ပေါ့ဖျက်သိမ်:ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားများဟာ ယခင်စစ်အစိုးရအောက် ပိတ်ပင်တားမြစ်ထားခဲ့တဲ့ အမြောက်အမြားသော ဝက်ဘ်ဆိုက်များနှင့် အခြားအွန်လိုင်း အရင်းအမြစ်များကို လွတ်လပ်စွာအသုံးပြုခွင့် ရရှိလာကြပါတယ်။
    ဆင်းရဲမွဲတေမှုနက်ရှိုင်းပြီး လူဦးရေ ၅၅- သန်းခန့် ရှိတဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းစဉ်သို့ တဖြည်းဖြည်းပြောင်းလဲလာသော်လည်: လူနည်းစုဖြစ်တဲ့ မွတ်စလင်တို့(အထူးသဖြင့် ‘ရိုဟင်ဂျာ’လို့ခေါ်တဲ့ အနောက်ဘက်ဒေသနေ တိုင်းရင်းသားမွတ်စလင်လူမျိုးစု) အပေါ် ခက်ထန်စွာ အမုန်းပွါး တိုက်ခိုက် ရေးသားမှုများရှိလာပြီး မကြာသေးမီက အနောက်ဘက်ဒေသမှာ ဖြစ်ပွါးခဲ့တဲ့ လူဦးရေ ၂-ဒါဇင်မက ထိခိုက်သေဆုံးခဲ့ရတဲ့ လူမျိုးရေး အဓိကရုန်းကို ပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။အောင်မြင်ထင်ရှားတဲ့ မီဒီယာလုပ်ငန်းတစ်ခုဖြစ်တဲ့ Eleven Media Group ရဲ့ FaceBook စာမျက်နှာပေါ် မကြာသေးမီက ရိုဟင်ဂျာလူမျိုး အလောင်းတစ်ခုတွေ့ရှိကြောင်း သတင်းပါလာတဲ့အခါ ‘ပြည့်ဖြိုးအောင်’ အမည်ရတဲ့ စာရှုသူတစ်ဦးက ‘ဒီလိုသတင်းမျိုး စောင့်နေတာ အတော်ကြာပြီ’ လို့ ကွန်မန့်ရေးပါတယ်။ အခြားတစ်ဦး ‘ကိုညီ’ဆိုသူက ‘သူသေရုံနဲ့ မလုံလောက်သေးဘူး’ လို့ရေးခဲ့တဲ့အပြင် ရိုင်းစိုင်းစွာလဲ ဆဲဆိုသွားပါတယ်။
    အင်တာနက်ပေါ်မှာ ရိုဟင်ဂျာမွတ်စလင်လူမျိုးများကို ခွေး၊ သူခိုး၊ အကြမ်းဖက်သမား စတာတွေအပြင် အခြားသေး နုပ်ရင့်သီးတဲ့ အသုံးအနှုန်းများနဲ့လည်: တိုင်းထွာကြပါတယ်။ ကွန်မန့်ရေးသူများက ‘ဒီလူမျိုးတွေကို အမြစ်ပြတ်ရှင်းပြစ်ဖို့ အစိုးရသစ်ကို တိုက်တွန်:တဲ့ရေးသားမှုများအပြင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံများကိုတောင် မကျေနပ်မှုများကို ထုတ်ဖော်ပြခဲ့ကြပါတယ်။ အစိုးရသတင်းဖော်ပြချက်အရ ရခိုင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းကြောင့် လူ ၂၉-ဦး သေဆုံးခဲ့ပြီး အိုးအိမ်ပေါင်း ၂၅၀၀-ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ကုလသမဂ္ဂအစီရင်ခံချက်အရ လူဦးရေ ၃၀၀၀၀-ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်: သိရပါတယ်။ ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းဟာ ရခိုင်ပြည်နယ်မှာသာ ဖြစ်ခဲ့တာဆိုသည့်တိုင် အင်တာနက်ပေါ်ရှိ ရေးသားမှုများ၊ ကွန်မန့်များနဲ့ ဘလော့ဂ်များမှာ ရိုဟင်ဂျာလူနည်:စုကိုသာမက နိုင်ငံအနှံ့အပြားရှိနေတဲ့ မွတ်စလင်အားလုံးအပေါ် မုန်းတီးတိုက်ခိုက်စော်ကားကြတာကို အထင်အရှားတွေ့ရပါတယ်။ ဦးသိန်:စိန်အစိုးရသစ်ဟာ အခြေအနေ ပိုမိုဆိုးရွားပြန့်နှံ့ မသွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ အသင့်လျော်တဲ့ ဓာတ်ပုံဖော်ပြခဲ့တဲ့အတွက် လျှပ်တပြတ်ဂျာနယ်ကိုလည်: အရေးယူပိတ်ပင်ခဲ့ပါတယ်။ သို့သော်လည်: အင်တာနက်ပေါ်မှာတော့ဖြင့် အဓိကရုန်းဟာ ရိုဟင်ဂျာလူမျိုးများကိုသာမက အစ္စလာမ် ဘာသာဝင်များအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးသားကြပါတယ်။ အခြားဘာသာဝင်များ၊ အခြားဘာသာစကားစာပေများ၊ အသားအရောင်ကွဲပြားမှုကအစ ရှုံ့ချရေးသားကြပါတယ်။
    ရိုဟင်ဂျာများကို ‘ဘင်္ဂါလီ’လို့လည်: သူတို့ကခေါ်ဆိုကြပါတယ်။ ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့အပြင် နေထိုင်ခွင့်၊ ခရီးသွားခွင့်၊ မြေယာပိုင်ဆိုင်ခွင့်များသာမက လက်ထပ်ထိမ်းမြားခွင့်ကိုလည်: မတရားသဖြင့် ထိန်:ချုပ်ထားခြင်းခံရပါတယ်။ ဒီ့အပြင် ဥပဒေမဲ့ မတရား စေခိုင်းခြင်းနဲ့ အပြစ်မဲ့ ဖမ်းဆီးနှိပ်စက်ခံရခြင်းများလည်: ရှိပါတယ်။
    သူတို့ကို မြန်မာနိုင်ငံကဲ့သို့ပဲ ဘင်္ဂလားနိုင်ငံကလည်: အသိအမှတ်မပြုပါ။ ဇွန်က ၁၅-ရက် ဂျီနီဗာမြို့မှာ ကုလသမဂ္ဂအရာရှိများကပြောဆိုရာမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားနယ်စောင့်တပ်တွေက ပြန်မောင်းထုတ်ခဲ့တယ်လို့သိရပါတယ်။
    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးအဖွဲ့က အမျိုးသမီးများ၊ ကလေးငယ်များနဲ့ ဒဏ်ရာရရှိထားသူများပါရှိတဲ့ စားနပ်ရိက္ခာမဲ့ ဒီလှေသင်္ဘောတွေဟာ နိုင်ငံနှစ်ခုကြား ‘နဖ်’ မြစ်တလျောက် မျောလွင့်နေတယ်လို့ ပြောပါတယ်။ အင်တာနက်ပေါ်မှာတော့ မြန်မာလူမျိုးတွေဟာ ‘ဒီရိုဟင်ဂျာတွေကို အပြီးရှင်းပစ်၊ မောင်းထုတ်ပစ်’ လို့ ကြွေးကြော်နေကြပါတယ်။ ဒီထက်တောင်ပိုပြီး ဆိုးရွားစွာရေးကြပါတယ်။ ဇွန်လ ၁၄-ရက်နေ့မှာ EMG က မြစ်တလျောက်မျောပါလာတဲ့ အမျိုးသမီး လူသေအလောင်းကို ရေးသားဖော်ပြတဲ့အခါ စာရှုသူ အမျိုးသမီးတစ်ဦးက ”လူမျိုးဘာသာ’ မဖော်ပြတဲ့အတွက် ဘယ်လိုခံစားရမှန်း မသိ’ ကြောင်း၊ အခြားသူတစ်ဦးကလည်: ‘ဘာလူမျိုးမှန်းမသိတော့ ဝမ်းနည်းရမလား၊ ပျော်ရမလား မသိဘူး’ လို့ ပြောသွားကြပါတယ်။
    ဘန်ကောက်မြို့အခြေစိုက် ‘Poypiti Amatatham’ နှင့် ဂျီနီဗာအခြေစိုက် ‘Nick Cumming-Bruce’ တို့ရဲ့ သတင်းတင်ပြချက်ပါ။
    ဘာသာပြန် – လင်းယုန်နက် (ခြင်္သေ့မြို့တော်)
  • ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး
    ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး
    ဝင်းငြိမ်း
    ရန်ကုန်ဆေးရုံကြီး အမှတ် ၁၉/၂ဝ ဆေးကုသဆောင်ရှေ့၌ ပထမဦးဆုံး စင်မြင့် တရားပွဲအဖြစ် ဒေါ်အောင်ဆန်း စုကြည် ဟောပြောခဲ့စဉ်က ဦးဆန်နီညိမ်း ရိုက်ကူးခဲ့သော မှတ်တမ်း ဗီဒီယိုမှ ဤဓာတ်ပုံကို ရယူဖော်ပြပါသည်။ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ ဆရာမောင်သော်က၊ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း
    အချိန် ကာလအားဖြင့် နှစ်ပေါင်း ၂ဝ ကျော် ကြာခဲ့ပါပြီ။ တိတိကျကျ ပြောရရင် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ကပါ။ မြန်မာ နိုင်ငံမှာ ဇွန်လ ၁၁ ရက်နေ့ဆိုပေမယ့် ကျွန်တော် ရောက်နေတဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မှာတော့ ဇွန်လ ၁ဝ ရက်နေ့ညပဲ ရှိပါသေးတယ်။ ကျွန်တော်က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က သင်ကြားပို့ချနေတဲ့ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေသင်တန်း တက်ရောက်ဖို့ အတွက် ရောက်ရှိနေခြင်းပါ။
    သင်တန်းသားများကို ထားရှိတဲ့ ကွန်ကောဒီယား အဆောင်ရဲ့ ၇ ထပ်မှာရှိတဲ့ ကျွန်တော့်အခန်းမှာ ရုပ်မြင်သံကြားက ထုတ်လွှင့်နေတဲ့ ပဟေဠိ အစီအစဉ်တစ်ခုကို စိတ်ဝင်တစား ကြည့်နေတာကြောင့် ညစာ တောင် မစားရသေးပါဘူး။
    စားပွဲ ပေါ်မှာရှိတဲ့ တယ်လီဖုန်း မြည်လာတာကြောင့် ကောက်ကိုင် လိုက်တော့ ဗွီအိုအေအသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်က ဦးထွန်းအောင် ဖြစ်နေပါတယ်။ ဦးထွန်းအောင်က ကျွန်တော် လေဖြတ်ပြီးစမှာ သင်တန်းတက်ဖို့ ရောက်နေတာဖြစ်ကြောင်း သိထားတဲ့အတွက် နေကောင်းရဲ့လား ဘာလား အာလ္လာပသလ္လာပ စကားကို ပြောနေပါတယ်။ ရုပ်မြင်သံကြားအစီအစဉ်က ထုတ်လွှင့်နေတဲ့ ပဟေဠိ အစီအစဉ်ကလည်း အရှိန်မြင့်နေပြီဖြစ်လို့ စကားသာ ပြောနေရတယ် ကျွန်တော့်မျက်လုံးများကတော့ တီဗွီဖန်သားပြင်ပေါ်ကနေ မခွာနိုင်သေးပါဘူး။ ဦးထွန်းအောင်က “ကိုဝင်းငြိမ်း စိတ်အေးအေးထားနော်”လို့ စကားပလ္လင်ခံ လိုက်ချိန်မှာတော့ ကျွန်တော့်ခေါင်းထဲမှာ ဒိန်းကနဲ အမေ့ကို သတိရလိုက်ပါတယ်။  “ဟုတ်ကဲ့ ပြောပါ”လို့ ဆိုတော့မှ ဦးထွန်းအောင်က “ကိုဝင်းငြိမ်း ဦးလေး ဆရာမောင်သော်က ဆုံးသွားပြီလို့ ကျွန် တော်တို့ အခုပဲ သတင်းရပါတယ်” လို့ ပြောပြပါတယ်။ ကျေးဇူးတင်စကားပြောပြီး ကျွန်တော် တီဗွီကို ပိတ်လိုက်ပါတယ်။
    လေဖြတ် ခံထားရသူများဟာ စိတ်လှုပ်ရှားလွယ်ပါတယ်။ ရယ်စရာရှိရင် အတောမသတ်နိုင်အောင် ရယ်တတ်ပါတယ်။ ဘေးက တစ်ယောက်ယောက်က ပုတ်လိုက်ပြီး သတိပေးမှသာ ရပ်နိုင်သလို ဝမ်း နည်းစရာရှိရင်လည်း အငိုတိတ်လို့ မရအောင် ရှိတတ်ပါတယ်။ ကျွန်တော် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင်၁-၂ မှာ ကုသမှု ခံယူနေစဉ်တုန်းက ဘေးကုတင်မှာ ကလေးငယ် တစ်ယောက်ကို ကျောရိုးက အဆီထုတ်ယူတာကို မျက်ဝါး ထင်ထင် မြင်နေရပါတယ်။ ကလေးငယ်က ရှိုက်ကြီးတငင် ငိုတော့ ကျွန်တော်လည်း သူနဲ့အတူ ငိုနေလိုက်တာ သူအငိုတိတ်ပြီးတဲ့အထိ ကျွန်တော် တိတ်လို့ မရသေးပါဘူး။ အဲဒီအရှိန်ကြောင့် ဆရာမောင်သော်က ဆုံးပြီဆိုတဲ့သတင်းအတွက် တစ်ယောက်တည်း အားပါးတရငို နေမိပါတယ်။ ခဏကြာတော့ မြန်မာ မိတ်ဆွေများ တစ်ယောက်ပြီး တစ်ယောက်ဖုန်းဆက်ကြတဲ့အပြင် တချို့ မိတ်ဆွေများက ကိုယ်တိုင် လာရောက်ပြီး နှစ်သိမ့်ပေးကြပါတယ်။
    ဆရာမောင်သော်ကက ကျွန်တော့်ဖခင် ကျားဘညိမ်းနဲ့ ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်ပါတယ်။ ကျွန်တော့်အဘိုး ဦးဖိုးမင်းနဲ့ သူ့အဖေ ဦးမှန်ကြီးတို့က ညီအစ်ကို အရင်းပါ။ အဖေနဲ့ ဆရာမောင်သော်ကတို့က တစ်ဝမ်းကွဲညီအစ်ကို ဆိုပေမယ့် အနေနီးတာကြောင့် ညီအစ်ကိုအရင်းများလို တွယ်တာ ကြပါတယ်။ ကျွန်တော်ငယ်စဉ် ကျွန်တော့်အဖေကလည်း နိုင်ငံ ကျော်လက်ဝှေ့သမားတစ်ဦးအဖြစ် အောင်မြင် ကျော်ကြားပေမယ့် ဝမ်းရေးအတွက် ကတော့ ကြော်ငြာဆိုင်းဘုတ်များ ရေးရပါတယ်။ ဟိုတုန်းကတော့ အခုလို ဗီနိုင်းလ်ခေတ် မဟုတ်တဲ့အတွက် သံပြားဆိုင်းဘုတ်များပေါ်မှာ ဆီဆေးနဲ့ ရေးဆွဲရတာပါ။  အဲဒီကာလမှာ နောင်မှာ စာရေးဆရာ မောင်သော်က သို့မဟုတ် ဗိုလ်ဘသော် ဖြစ်လာမယ့် (ဦး)ဘသော် က မိဘများရှိရာ ရွှေဘိုမြို့ကနေ ထွက်ခွာလာပြီး ကျွန်တော့်မိဘများနဲ့ လာနေပါတယ်။ အဖေ ဆိုင်းဘုတ်ရေးဖို့အတွက် သံပြားပေါ်မှာ  အောက်ခံဆေးသုတ်တဲ့ အလုပ်ကို အမေနဲ့သူက လုပ်ရပါတယ်။ အဖေ၊ အမေနဲ့ (ဦး)ဘသော်တို့ဟာ မောင်နှမအရင်းများလို ဝမ်းရေးအတွက် တက်ညီလက်ညီ လုပ်ခဲ့ကြတာပါ။ (ဦး)ဘသော်နဲ့ အမေတို့အောက်ခံဆေး ညီညီညာညာ သုတ်ထားပြီး အခြောက်ခံထားစဉ်မှာ သင်္ဘောဆေးမှာပါတဲ့ သင်နာအနံ့ကြောင့် ဖြုတ်ကလေးများက သံပြားပေါ်လာနားလိုက်ရင် ပျံလို့မရတော့ပါဘူး။ သံပြားပေါ်မှာ ကပ်နေပါ လေရော။ ဆိုင်းဘုတ်ဆွဲမယ်လို့ အဖေက ဟန်ပြင်လိုက်ရင် အဲဒီ ဖြုတ်ကလေးများကြောင့် ဆွဲမရလို့ ဒေါသဖြစ်ပြီး သူ့စုတ်တံတွေကို ချိုးပစ်ခဲ့တာ အခါခါဖြစ်သလို အမေတို့နှစ်ယောက်လည်း သုတ်ပြီးသား ဆေးတွေကို ကော့စတစ်နဲ့ ပြန်ချွတ်၊ နောက်တစ်ခါ အောက်ခံဆေးပြန်သုတ် လုပ်ခဲ့ရပါသတဲ့။
    အတူနေရာကနေ (ဦး)ဘသော် က ရန်ကုန်တက်သွားပြီး တပ်မတော်(ရေ)ထဲကို ဝင်သွားခဲ့ပါတယ်။ ကျွန်တော့်အဖေကလည်း အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီမှာ လက်ဝှေ့အားကစား နည်းစနစ်မှူး အဖြစ် ခန့်အပ်ခြင်းခံရတာကြောင့် မိသားစုလိုက် ရန်ကုန်ကို ပြောင်းလာခဲ့ကြပါတယ်။ ရန်ကုန်မှာ မိသားစုနှစ်စု ပြန်ဆုံကြပါတယ်။ ၁ဝ၁ လမ်းထိပ်မှာ သူတို့မိသားစု နေစဉ်ကာလ ကျွန်တော်တို့မိသားစုနဲ့ အတူပေါင်းနေခဲ့ကြပါ တယ်။ ကျွန်တော့်နှမငယ် စန္ဒာညိမ်းကို အဲဒီအိမ်မှာပဲ မွေးဖွားခဲ့ပါတယ်။
    မိသားစုနှစ်စုပေမယ့် မိသားစုတစ်ခုတည်းလို ချစ်ခင်ရင်းနှီးခဲ့တဲ့ ကျွန်တော့်ဦးလေး (ဦး)ဘသော်က တိုက်ရေယာဉ် ၁ဝ၃ မှာ ဦးစီး တာဝန်ကျစဉ် မြန်မာ့ပင်လယ်ပြင်မှာ သင်္ဘောနစ်မြုပ်ခဲ့ပါတယ်။ ပင်လယ်ပြင်မှာ အသက်ကယ် လှေကလေးတစ်စီးနဲ့ သူ့လက်အောက်ခံ တပ်မတော်သားများကို အတတ်နိုင်ဆုံး ဦးစီးကွပ်ကဲပြီး အသက်ရှင်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ တိုက်ရေယာဉ် ၁ဝ၃ ပင်လယ်ပြင်မှာ အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားစဉ် အဲဒီကာလတုန်းက ကာကွယ်ရေးဦးစီးချုပ်က တောခိုသွားတယ်လို့ ယူဆတာကြောင့် လေ ယာဉ်များနဲ့ ပင်လယ်ပြင်မှာ လိုက်ရှာပြီး ပစ်ခတ်နှစ်မြှုပ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ကံအား လျော်စွာ ပင်လယ်ကူး သင်္ဘောတစ်စင်းက တွေ့ရှိပြီး ကယ်တင် ခဲ့တာကြောင့် တချို့တလေ အသက်ရှင် ခဲ့ကြပါတယ်။
    ပင်လယ်ပြင်မှာ သူ မျောနေစဉ် အဒေါ်ဖြစ်သူ ဒေါ်လှရင်က ကိုယ်ဝန်ကြီးနဲ့ပါ။ အဒေါ်ကို အားပေးဖို့ အတွက် မိုးလင်းမိုးချုပ် အမေက အတူသွား နေပေးခဲ့ပါတယ်။ ဦးလေးတို့ကို ကယ်တင်လိုက်နိုင်ပြီလို့ သတင်းရပြီးတဲ့ နောက်မှာပဲ အဒေါ်က သမီးမိန်းကလေးတစ်ဦးကို မွေးဖွားပါတယ်။ ကျွန်တော့် အမေက ပင်လယ်ပြင်မှာ မျောနေခဲ့တဲ့ ဦးလေးကို ကယ်တင်နိုင်ခဲ့တဲ့ သမီးအဖြစ် တင်စားပြီး “မေခလာ”လို့ အမည်ပေးခဲ့ပါတယ်။ (အခုတော့ အဲဒီကလေးမ နာမည်က ဒန္တီ လို့ အမည်တွင်နေပါပြီ။)
    ဦးလေးက နောင်မှာတာဝန်ရှိသူများက “ရှေ့သို့”နဲ့ “Forward” ဂျာနယ် တို့မှာ အယ်ဒီတာချုပ်အဖြစ် တာဝန် ပေးအပ်ခဲ့ပါတယ်။ ဒီဂျာနယ်တွေက ဆိုရှယ်လစ်ခေတ်ဦးမှာ လှုံ့ဆော်စည်းရုံးရေး ဂျာနယ်များပါပဲ။
    တိုက်ရေယာဉ် ၁ဝ၃ နဲ့ ပတ်သက်ပြီး သူဘာမှမရေးဘဲ ရေငုံနှုတ်ပိတ်နေခဲ့ရာက နှစ်ပေါင်း ၃ဝ ကြာ မှ ဆရာ ဦးမြလှိုင်ရဲ့ပေဖူးလွှာမဂ္ဂဇင်း မှာ အသေးစိတ် ပြန်လည်ရေးဖွဲ့ခဲ့ပါတယ်။ အဲဒီကာလတုန်းက နာမည်ကြီး ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအဖြစ် စာဖတ်ပရိသတ်များ နှစ်ခြိုက်ခဲ့ကြပြီး လုံးချင်းအဖြစ်လည်း ထုတ်ဝေခဲ့ပါတယ်။
    ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ပေါ်ပေါက်တဲ့အခါမှာ ဦးလေး မနေသာဘဲ ပါဝင်လာခဲ့ရပါတယ်။ မိခင်ဖြစ်သူ နာမကျန်းဖြစ်တာကို လာရောက် စောင့်ရှောက်နေတဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို တရားဟောဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့မှာ စီစဉ်ပြီး သူကိုယ်တိုင် ကျွန်တော့်ညီ မျိုးမြင့်ညိမ်းရဲ့ ဂျစ်ကားနဲ့ သွားခေါ် ခဲ့ပါတယ်။ ဒီလူထုတရားပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးသော လူထုနဲ့ ထိတွေ့ပွဲ ဖြစ်ခဲ့ပါတယ်။
    တပ်မတော်(ရေ)က တာဝန်ရှိပုဂ္ဂိုလ်ကြီးများ ကိုလည်း အိတ်ဖွင့်ပေးစာရေးပြီး လူထုနဲ့ ပူးပေါင်းဖို့ နားချ ခဲ့ပါတယ်။ ဒီကိစ္စများကြောင့် နအဖ အစိုးရအဖွဲ့က တပ်မတော်ကို ဖြိုခွဲရန် ကြံစည်မှုလို့ စွပ်စွဲပြီး ထောင်ချ ခဲ့ပါတယ်။ အကျဉ်းထောင်အတွင်းမှာ ကျန်းမာရေးချို့ယွင်း လာပေမယ့် ထိရောက်တဲ့ ဆေးဝါး ကုသမှု မရခဲ့ပါဘူး။
    လူတစ်ယောက်ရဲ့နောက်ဆုံးအချိန်မှာ သူချစ်တဲ့၊ သူခင်တဲ့ အထူးသဖြင့် မိသားစုကိုတော့ တွေ့ချင်မှာ မလွဲပါဘူး။ ကျွန်တော့် ဦးလေးကတော့ အခြေအနေ မကောင်းတော့တဲ့အချိန်မှာ ထောင်ကနေ ရန်ကုန်ဆေးရုံကြီး ပို့ခဲ့ပေမယ့် မိသားစုကိုတော့ အကြောင်းကြား မပေးခဲ့တာ အခုအချိန်ထိ အသည်းနာစရာ ကောင်းလှပါတယ်။ (နောက်ဆုံးအချိန်မှာ ဆရာမ မသီတာ(စမ်းချောင်း) ကတော့ လူနာခန်းထဲဝင်ပြီး စမ်းသပ် သလိုလိုနဲ့ တွေ့ခွင့်ရလိုက်ပါတယ်။)
    ကွယ်လွန်ပြီးတဲ့နောက်မှာလည်း မိသားစုမှာ ခင်ပွန်း၊ အဖေ၊ ဦးလေးကို နောက်ဆုံးအဖြစ် ဝအောင် ကြည့်ခွင့်မရပါဘူး။ အလောင်းကို အစောင့်အကြပ်များနဲ့ သယ်လာပြီး အစ္စလာမ်ဘာသာဝင်တို့ရဲ့ထုံးစံအတိုင်း ရုပ်အလောင်းကို ရေချိုးပေးချိန်မှာတောင် ဝန်းရံစောင့်ကြပ်ခဲ့ကြပါတယ်။
    အခု ကျွန်တော့် ဦးလေးရဲ့ ရုပ်အလောင်းက မြှုပ်နှံခွင့် ပိတ်ပင်ထားပြီဖြစ်တဲ့ ကန်တော်လေး စွန္နီသုသာန်မှာ မြှုပ်နှံခဲ့ကြပါတယ်။
    တပ်မတော်သားကောင်း တစ်ဦးပီသစွာ လက်အောက်ခံ တပ်မတော်သားများ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ ကျွန်တော့်ဦးလေးဟာ ဆုလာဘ်အဖြစ် နောက်ဆုံးအချိန်မှာ ဆေးကုသခွင့်မရဘဲ ကွယ်လွန်ခဲ့ရရှာပါတယ်။ အခု ဇွန်လ ၁၁ ရက်နေ့ ဆိုရင် နှစ်ပေါင်း ၂၁ နှစ်ပြည့်တော့ မှာပါ။ ဒီအချိန်မှာသာ သူရှိမယ် ဆိုရင်…
    http://www.myanmarij.com မှ ကူးယူဖော်ပြပါသည်။
  • ပဉ္စသိင်္ခ့ စောင်းကြိုးပြတ် (အပိုင်း ၂ )
    ပဉ္စသိင်္ခ့ စောင်းကြိုးပြတ် (အပိုင်း ၂ )
    ဒန်ငြာရှိန်း
    Photo-Google
    ပဉ္စသိင်္ခ့ စောင်းကြိုးပြတ် (အပိုင်း ၁) ဖတ်ရန်။
    ပဉ္စသိင်္ခ့ စောင်းကြိုးပြတ် (အပိုင်း ၂ )
    အပိုင်း ၂ မှာ ကျွန်တော်တို့ သတင်းတွေဆီမသွားမီ တွေ့ရကြုံတာလေး ဖောက်သည်ချပါရစေ။ အပိုင်း ၁ ကို ရေးတော့ ပုဂ္ဂလခံစားချက်လေးများရှိနေပေမယ့် မီဒီယာတို့ လိုက်နာအပ်တဲ့ စည်းကို မကျော်လွန်ခဲ့ဘူး၊ တနည်း yellow journalism မဖြစ်ခဲ့ဘူးလို့ပဲ ထင်ပါတယ်။
    ဒီအပိုင်း ၂ မှာတော့ ပြည်တွင်းမီဒီယာတွေနဲ့ပတ်သတ်ပြီး နိုင်ငံတကာဝေဖန်ထားမှုတွေပါ ထည့်ရေးထားတာမို့ ပြည်တွင်း မီဒီယာက ဖော်ပြခဲ့တဲ့ အချို့အချက်တွေကို ကိုးကားပါ့မယ်။
    တဆက်တည်းသိစေချင်တာက ဒီဆောင်းပါးက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး တဘက်တည်းက ရပ်ပြီး advocate လုပ်သွားမှာတော့မဟုတ်ပါ။ အမှန်တရားကိုတော့ ပွင့်လင်းမြင်သာစွာ ချပြသွားမှာပါ။
    Nicholas Farrelly ဆိုသူကိုတော့ အပိုင်း၁ မှာ သိထားကြပြီးဖြစ်မှာပါ။ သူက သြစလျေးအမျိုးသား တက္ကသိုလ် က အရှေ့တောင်အာရှ အရေး ကျွမ်းကျင်သူတစ်ဦးပါ။ asiapacific.anu.edu.au မှာ တင်ထားတဲ့ Intolerance, Islam and the Internet in Burma today ခေါင်းစဉ်ပါ ဆောင်းပါးမှာ Nicholas ကိုယ်တိုင် မှတ်ချက်ပေးခဲ့တဲ့အကြောင်း အပိုင်း ၁ မှာ ဖော်ပြပေးထားပါတယ်။ သူ့မှတ်ချက်မှာ Nicholas ရည်ညွှန်းပေးထားတဲ့ ဆောင်းပါးကိုလည်း အေအက်ဖ်ပီကတဆင့် ဖော်ပြပေးခဲ့ပါတယ်။ အဲဒီဆောင်းပါးကိုတော့ http://goo.gl/x1p0Q မှာသွားရောက် ဖတ်ရှုနိုင်ပါတယ်။
    Nicholas က သူ့ပရိသတ် တစ်ယောက်ဖြစ်တဲ့ ကျွန်တော်(စာရေးသူ) ဆီ ပေးပို့ခဲ့တဲ့ ၁၄ ရက် ဇွန်လ နေ့စွဲပါမေးလ်မှာ ဒီလိုရေးသားပေး ထားပါ တယ်။
    Sad days, I’m afraid.  There will be a need for Burma’s online community to play some role in healing the wounds.  There has been too much nastiness, to my mind.
    မြန်မာပြန် – “ကျွန်တော်စိုးရိမ်မိပါတယ်။ ၀မ်းနည်းဖွယ်နေ့စွဲများပါ။ မြန်မာအွန်လိုင်းအစုဝေးအနေနဲ့ ဒီဒဏ်ရာများကို ကုစားဖို့ အခန်းကဏ္ဍတစ်ခုဖွင့်ရန် လိုအပ်နေပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ စက်ဆုပ်ရွံ့ရှာမှုတွေ ပြည့်နှက်နေ ပါတယ်။”
    ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေအတွက်ရော၊ စက်ဆုပ်ရွံ့ရှာမှုတွေ ပြည့်နှက်နေပါသလား။ အွန်လိုင်းအစုအဝေးအတွက် နစ်ကိုလပ်စ်ပေးသွားတဲ့ အကြံကို အကောင် အထည်ဖော်နိုင်ပါ့မလား။ စိုးရိမ်စရာအနေအထားအဖြစ် ရှိနေဆဲပါ ဒေါက်တာနစ်ကိုလပ်စ်ခင်ဗျား။
    အခုကျွန်တော်တို့ “မှန်မှန်ကန်ကန်သွားရင်းနဲ့ ရောက်သွားခဲ့တဲ့ လမ်းမှားကြီး” ကို ပြန်သုံးသပ်ကြတာပေါ့။
    အမုန်းတရားတွေ ကင်းဝေးပါစေ။
    မှန်မှန်ကန်ကန်သွားရင်း ဒို့ လမ်းမှားထဲ ရောက်ခဲ့တော့
    ကျွန်တော်တို့ အခု အလ်ဂျဇီးရားရဲ့အခြားသတင်းဆောင်းပါး တစ်ခုကို ဆက်လက်သုံးသပ်ပါမယ်။ ခေါင်းစဉ်ကတော့ “Top UN envoy in unrest-hit western Myanmar”  ၊ “ကုလထိပ်သီးခေါင်း ဆောင်များ မအေးမချမ်းဖြစ်နေသည့် မြန်မာနိုင်ငံတွင်းရောက်ရှိ” ဆိုပြီး ဖြစ်ပါတယ်။
    ကုလအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်ဗီဂျေးနမ်ဘီယာ တစ်ယောက် မြန်မာပြည်ရောက်လာတဲ့ အကြောင်း ရေးထားတာပါ။ Vijay (ဗီဂျေး) တစ်ယောက် မြန်မာပြည်ထဲရောက်ရင် ဘယ်လိုများ ဖြစ်လိမ့် မလဲဆိုတာ စိုးရိမ်ခဲ့မိပါတယ်။ ဗီဂျေးကို ဗီဂျေးလို့မြင်ပြီး အွန်လိုင်းပေါ်ကလို အုပ်စုလိုက် ဆဲဆို ကြရင် ခက်ရချည့်ရဲ့ပေါ့။
    သောမတ်စ်ဖူလာ ၊ ကမ္ဘာ့သတင်းစာဆရာ
    အခုတဖန် ကျွန်တော်တို့ချစ်လှစွာသော နိုင်ငံတော်ကြီးရဲ့ နံပါတ်တစ်လို့ပြောနေကြတဲ့ မီဒီယာကြီးကိုယ်တိုင်  ကန့်ကွက်ခဲ့ရတဲ့ နယူးယောက်တိုင်းမ်စ် သတင်းစာဆရာ သောမတ်စ်ဖူလာဆီ ဦးတည်ကြပါမယ်။
    သောမတ်ဖူလာက ဇွန်လ ၁၀ ရက်နေ့၊ နယူးတိုင်းမ်စ်သတင်းစာမှာ “Crisis in Myanmar Over Buddhist-Muslim Clash” (http://goo.gl/xvhzn) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့တာပါ။ ဒါကို ကျွန်တော်တို့ အမ်မီဒီယာက “Crisis in Myanmar Over Buddhist-Muslim Clash (ဘာသာပြန်) ” (http://www.m-mediagroup.com/news/3440) ဖော်ပြခဲ့ပါတယ်။ အလဲဗင်းမီဒီယာကန့်ကွက်ခဲ့တဲ့အချက်က –
    In one sign that passions are running high, the Web site of the Eleven Media Group, a publisher of one of the country’s leading weekly newspapers, displayed a string of hateful comments about Muslims from readers.
    “Terrorist is terrorist,” wrote one reader who signed in as Maungpho. “Just kill them.”
    မြန်မာပြန် – “တစ်ဘက်မှာတော့ ပုဂ္ဂလခံစားချက်တွေက အတော်ကလေးမြင့်တက်နေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အပတ်စဉ်သတင်းစာထုတ်ဝေတဲ့ ဦးဆောင်မီဒီယာဖြစ်တဲ့ အလဲဗင်းမီဒီယာ အုပ်စုကတော့ သူတို့ရဲ့ဝက်ဘ်ဆိုဒ်မှာ မွတ်စလင်မ်များနဲ့ပတ်သက်တဲ့ မုန်းတီးခက်ထန်လှတဲ့ စာဖတ်သူများထံက မှတ်ချက်တွေကို တသီတသန်းကြီး ဖော်ပြခဲ့ပါတယ်။ စာဖတ်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ မောင်ဖိုးဆိုသူက – “အကြမ်းဖက်သမားဟာ အကြမ်းဖက်သမားပဲ၊ သူတို့ကို သတ်ပြစ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။” (သောမတ်စ်ဖူလာ နယူးယောက်တိုင်းမ်စ်)
    အဲဒီရေးသားချက်ကို ကိုးကားပြီး မြန်မာ့နံပါတ် ၁ မီဒီယာကြီးက အောက်ပါအတိုင်း(အယ်ဒီဒါအာဘော်ကို ဖော်ပြပြီး) ပြင်းပြင်းထန်ထန် (Strong Objection) ကန့်ကွက်ခဲ့ပါတယ်။
    “His articles on democratic transition in Myanmar are negative. The editors of The New York Times should examine his articles carefully. We do not write about religion or race. We are reporting the news covered by our reporters on the scene to prevent undesirable outcomes due to inaccurate coverage of the riots by foreign media. At a time like this, we cannot accept such kind of criticism. It may cause misconceptions about the EMG among our international readers. We object to Thomas Fuller and the board of editors of The New York Times,” said Chief Editor Wai Phyo of the Weekly Eleven News Journal.”
    မြန်မာပြန် – “သောမတ်စ်ဖူလာရဲ့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအပေါ် ရေးသားချက်တွေမှာ negative တွေ များနေတယ်။ သည်နယူးယောက် တိုင်း(မ်)စ် သတင်းစာအနေနဲ့ သူ့ရဲ့ ရေးသားမှုတွေကို သေသေချာချာ စိစစ်ဖော်ပြသင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ လူမျိုးရေး၊ ဘာသာရေးတွေကို ဦးတည်ထားတာ မရှိပါဘူး။ ရိုဟင်ဂျာကိစ္စမှာ ပြည်ပမီဒီယာတချို့ရဲ့ လွဲမှားတဲ့ ဖော်ပြချက်တွေကြောင့် မလိုလားအပ်တာတွေ မဖြစ်အောင် အချိန်နဲ့အမျှ သတင်းမှန်တွေကို အခင်းဖြစ်ပွားရာဒေသတွေမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ သတင်းထောက် တွေနဲ့ ချိတ်ဆက်ဖော်ပြနေပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ Eleven Media Group ကို ဝေဖန်ရေးသားတာက လက်ခံနိုင်စရာမရှိဘူး။ နိုင်ငံတကာ စာဖတ်ပရိသတ်တွေက အထင်အမြင် လွဲနိုင်ပါတယ်။ ဒီကိစ္စအ တွက် သောမတ်စ်ဖူလာနဲ့  သည်နယူးယောက်တိုင်း(မ်)စ် သတင်းစာ အယ်ဒီတာအဖွဲ့ကို ကန့်ကွက်ပါတယ်”ဟု Weekly Eleven News Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။ (EMG မြန်မာပြန်မှ)
    တကယ်တန်းဆန်းစစ်ကြည့်လိုက်တဲ့အခါမှာတော့ သောမတ်စ်ဖူလာက အလဲဗင်းကို ဘာသာရေးနဲ့ပတ်သတ်ပြီး ဖော်ပြနေပါတယ်လို့ ဘယ်နေရာမှာမှ စွပ်စွဲထားတာမျိုး မရှိဘဲ အလဲဗင်းအနေနဲ့ သတင်းတင်ပြချက်တိုင်းမှာ မှတ်ချက် ပေးနေကြတဲ့ လူရမ်းကားများကို ထိန်းချုပ်ခြင်းမရှိဆိုတာကိုသာ မီးမောင်းထိုးပြခဲ့တာပါ။ အလဲဗင်းက ဘာကို sensitively (ထိလွယ်ခိုက်လွယ်) ခံစားပြီး အရှိုက်ထိသွားလည်းဆိုတာတော့ ကျွန်တော်မသိပါ။ သို့သော် တုန့်ပြန်ရေးသားလိုက်ပုံက –
    “The EMG has allowed its readers to comment on the riots with complete freedom to reflect the public opinion over the latest developments in Rakhine State on its website.”
    မြန်မာပြန် – “Eleven Media Group အနေဖြင့် ရခိုင်ပြည်နယ် အခြေအနေများ နှင့် စပ်လျဉ်း၍ အများပြည်သူ၏ ထင်မြင်ယူဆချက်ကို သိရှိနိုင်ရန်အတွက် မိမိတို့၏၀က်ဘ်ဆိုက်တွင် သတင်းများနှင့် စပ်လျဉ်း၍ comments များကို လွတ်လပ်စွာရေးသား ခွင့်ပြုထားပါသည်။” (EMG မြန်မာပြန်မှ)
    အင်္ဂလိပ်ဘာသာနဲ့ ကန့်ကွက်ချက်မှာ EMG က လူထုကို complete freedom ပေးထားတာပါလို့ ပြောကြားခဲ့ပါတယ်။
    ဒါကြောင့် အလဲဗင်းမီဒီယာဂရုပေးထားတဲ့ လုံးဝလွတ်လပ်တဲ့ ရေးသားမှတ်ချက်ပေးခွင့်ဆိုတာ ဘာများပါလဲ။ အကျိုးတူပြိုင်ဘက် The Voice Weekly ကတော့ ဒီလိုတင်ပြခဲ့ပါတယ်။
    From The Voice Weekly Facebook Page
    သောမတ်ဖူလာက သူ့ဆောင်းပါးမှာ အလဲဗင်းပေ့ခ်ျ စာဖတ်သူတစ်ဦး ပေးထားတဲ့ မှတ်ချက်ကိုခုလိုကိုးကား ရေးသားခဲ့ပါတယ်။
    “Terrorist is terrorist,” wrote one reader who signed in as Maungpho. “Just kill them.”
    ဒါတွင်မကသေးဘဲ ဇွန်လ ၁၅ ရက်နေ့မှာတော့ သောမတ်စ်ဖူလာက နယူးယောက်တိုင်းမ်စ်မှာပဲ “Internet Unshackled, Burmese Aim Venom at Ethnic Minority” (http://goo.gl/4qDK8) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးပါတယ်။
    တတ်ထားတဲ့ခေါင်းစဉ်ကတော့ ဟိရီသြတ္တပ္ပတရား လက်ကိုင်ထားသူများအဖို့ တကယ့်ကို ရှက်ဖွယ်လိလိပါပဲ။ “အင်တာနက်ပေါ်က လက်ထိပ်မခတ်မှု : (တနည်း အင်တာနက်ပေါ်မှာ သောင်းကျန်းချင်တိုင်း သောင်းကျန်းပြီး ဘယ်သူကမှ အရေးမယူတဲ့ လွတ်လပ်စွာ ရေးသားဖော်ပြပိုင်ခွင့်) မြန်မာတွေက လူနည်းစုတိုင်းရင်းသားတွေကို အဆိပ်တွေနဲ့ (ပစ်ပေါက်ဖို့) ချိန်ဆထားခြင်း” ဆိုပြီး ပြန်ဆိုနားလည်နိုင်ပါတယ်။ သောမတ်စ်တင်ပြထားတာက
    ……..hateful comments are also flourishing online about a Muslim ethnic group, the Rohingya, …….
    မြန်မာပြန် – …. မွတ်စလင်မ်ဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သတ်ပြီး အမုန်းတရားကြီးမားတဲ့ မှတ်ချက်တွေက အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ တဖန်တင်ပြတာက –
    “When the discovery of a “Rohingya body” was announced Thursday on the Facebook page of the Eleven Media Group, one of the largest private media organizations in Myanmar, one reader, Pyaephyo Aung, wrote that he had been “waiting for this kind of news for a long time.” Another reader, Ko Nyi, used a racial slur and said, “It’s not even enough that he is dead.””
    မြန်မာပြန် – ကြာသပတေးနေ့က ရိုဟင်ဂျာ(အလောင်း)တစ်ခုတွေ့တော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးပုဂ္ဂလိ ကမီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ အလဲဗင်းရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ကြေညာထားပါတယ်။ အဲဒိအပေါ်မှာ စာဖတ်သူတစ်ဦးဖြစ်တဲ့ ပြည့်ဖြိုးအောင်ဆိုသူက “ဒါမျိုးသတင်းတွေကို စောင့်နေတာကြာပေါ့။” လို့ရေးသား ခဲ့ပြီး တစ်ခြားတစ်ဦးဖြစ်တဲ့ ကိုညီဆိုသူက လူမျိုးရေးခွဲခြားနှိမ့်ချတဲ့ စကားလုံးကိုသုံးပြီး “သူသေသွားတာ လောက်နဲ့ မလုံလောက်သေးဘူး” လို့ မှတ်ချက်ပေးထားခဲ့ကြပါတယ်။
    နိဂုံးချုပ်မှာ သောမတ်စ်တင်ပြထားပြန်တာက –
    When the Eleven Media Group reported Thursday that a woman’s corpse was spotted floating in a river, but did not disclose the ethnicity of the victim, one reader said he was confused. “I don’t know if I should be happy or sad,” he said, “because I don’t know what nationality she is.”
    မြန်မာပြန် – ကြာသပတေးနေ့က ဘယ်လူမျိုးဖြစ်တယ်ဆိုတာ တိတိကျကျ ခွဲခြားမဖော်ပြထားတဲ့ အမျိုးသမီးအလောင်းတစ်ခု ရေထဲမြောပါလာတာကို အလဲဗင်းက သတင်းဖော်ပြတော့ စာဖတ်သူတစ်ဦးက သူ့နေနဲ့ “ဒီမိန်းမက ဘယ်လူမျိုးဖြစ်တယ်ဆိုတာ မသိတော့ ပျော်ရမလား ၀မ်းနည်းရမလားဝေခွဲမရ” ဖြစ်နေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
    အလဲဗင်းရဲ့ ကန့်ကွက်ချက်အပြီးမှာတောင် သောမတ်စ်က အလဲဗင်းကိုချည့်ကိုးကားကာ ဆောင်းပါးတွေ ဆက်ရေးနေတော့ သာသနာရေးခုတုံးလုပ်တယ်လို့ စွပ်စွဲထားခြင်းမရှိပဲ အလွန်တရာ စပ်ဆုပ်ဖွယ်ကောင်းလှတဲ့ (အတိုင်းအတာတစ်ခု အထိ မြန်မာမွတ်စလင်မ်များနဲ့ အစ္စလာမ် သာသနာတော် ကိုပါ ၀ါးလုံးရှည်နဲ့ ပတ်ရမ်းနေခဲ့တဲ့) မှတ်ချက်များကို တာဝန်ယူနိုင်ကောင်းပါရဲ့လို့ ထောက်ပြဝေဖန်ထား တာကို ခုတ်ရာတစ်ခြား ထိရာတစ်ခြားဖြစ်နေတဲ့ အလဲဗင်းရဲ့ ကန့်ကွက်ချက်က နိုင်ငံတကာမှာအရာ မထင်ဘူး ဆိုတာ တွေ့ရှိရတယ်လို့ သုံးသပ်မိကြောင်း ရိုးသားစွာတင်ပြအပ်ပါတယ်။
    အခုတဖန် သောမတ်စ်ရဲ့ ရေးသားချက်တစ်ခုကို ကောက်နုတ်တင်ပြပါ့မယ်။ အပိုင်း ၁ ၊ နိဒါန်းပိုင်းမှာ ကျွန်တော်ရေးခဲ့သလိုပါပဲ။ စိတ်ခံစားမှုကို ရှေ့တန်းတင်ပြီး တသက်လုံးအောင်းထားခဲ့ရတဲ့ ၊ မြိုသိပ်ထားရတဲ့ ကိစ္စတွေကို အကာအကွယ်တစ်ခုယူပြီး အန်ထုတ်နေကြတဲ့ အပုတ်အံဖတ်တွေ၊ နိုင်ငံတော်ရဲ့ တရားဝင်ထုတ်ပြန် တဲ့ အသေအပျောက်၊ အပျက်အဆီးစာရင်းထွက် အပြီးမှာတောင် ပုတ်ခတ်နေသေးသူများအတွက် မိမိတို့ဦးနှောက်ကို ခေတ္တခဏလေး အသုံးပြုကြဖို့ သောမတ်စ်ရေးသားခဲ့တာက –
    ……..according to the United Nations, the government has allowed many of them to vote, including in the country’s first elections after military rule, in 2010.
    မြန်မာပြန် – ကုလသမ္မဂ (အစီရင်ခံစာများ) အရ အစိုးရက သူတို့ကို နိုင်ငံတော်ရဲ့ စစ်အုပ်ချူပ်ရေးအပြီး ပထမဆုံးရွေး ကောက်ပွဲ (၂၀၁၀) မှာ ဆန္ဒမဲပေးခွင့် ပြုခဲ့ပါတယ်။ (သောမတ်စ်ဖူလာ၊ နယူးယောက်တိုင်းမ်စ်)
    (ရည်ညွှန်းချက် – http://goo.gl/X4ajB )
    အခုတစ်ခါ နာမည်ကြီး ရိုက်တာသတင်းဌာနရဲ့ တင်ပြမှုများဆီ သွားပါမယ်။
    ရိုက်တာရဲ့ “Violence tests Myanmar’s media, and its censors” (http://goo.gl/6nWsH ) မှာ မွတ်စလင်မ် ၁၀ ဦး ရိုက်သတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးရေးသားထားတာက –
    “Everyone was quite disgruntled at the warning,” said a Yangon-based editor, who declined to be identified, adding that most domestic media had written very little about the violence.
    မြန်မာပြန် – …………..အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် အယ်ဒီတာတစ်ဦးက ပြောပါတယ်။ ဒီဆူပူသောင်းကျန်း မှုနဲ့ပတ်သတ်ပြီး ဒေသတွင်းမီဒီယာပမာဏ အလွန်နည်းနည်း ကလေးကသာ သတင်းရေးသားဖော်ပြခဲ့ကြပါတယ်။
    မွတ်စလင်မ်အပြစ်မဲ့ ၁၀ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စကို ရိုက်တာက “Buddhist vigilantes kill 9 Muslims in Myanmar violence” ၊ ဘာသာရေး မုန်းတီးမှုအခြေခံ ဗုဒ္ဓဘာသာဝင်များက မွတ်စလင်မ် ၉ ဦးကို မြန်မာပြည်တွင်း တိုက်ခိုက်မှု၌ သတ် ဖြတ်” လို့ ခေါင်းစဉ်တပ်ခဲ့ပါသေးတယ်။
    အခုတစ်ခါ International crisis group ၊ အဆိုပြုခဲ့တဲ့ အချက်များထဲက နောက်ဆုံးတစ်ချက်ကို လေ့လာပါ့မယ်။ (http://goo.gl/thPEY)
    ရေးသားထားတာက –
    ….. and provide an alternative to the irresponsible, racist, and inflammatory language circulating in recent days via various social media platforms over the Internet.
    မြန်မာပြန် – ဒီလို တာဝန်ယူမှုကင်းမဲ့နေတဲ့ လူမျိုးရေးခွဲခြားမှု၊ မီးလောင်ရာလေပင့် ဒေါသအမျက်ကို ပိုဆွပေးတဲ့ စကားလုံးတွေ မကြာသေးမီရက်များက အင်တာနက်ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေတာတဲ့ ပတ်သတ်ပြီး (အစိုးရအနေနဲ့ ဖြေရှင်းဖို့) အခြားနည်းလမ်းတစ်ခု ထုတ်ပေးရပါမယ်။ လို့ အကြံပြုထားပါတယ်။
    တဖန် http://asiancorrespondent.com  မှာ ဂျာနယ်လစ် ဖရန်စစ်ဝိတ်ဒ်ရေးသားခဲ့တာက – “မြန်မာပြည်မှာ အရင်ကတည်းကရှိနေတဲ့ အန္တီမွတ်စလင်မ်အဖျားဝေဒနာအရ ဆန်းစစ်မယ်ဆိုရင်တော့ အင်တာနက်ကြီးဟာ ဆဲရေးတိုင်းထွာမှုတွေ ခါးသီးမှုတွေနဲ့ လျှော်ဖွတ်ခံနေရပါတော့တယ်။ ကျွန်တော်မနေ့က ရေးသားခဲ့တဲ့ အလ်ဂျဇီးယားက ဆောင်းပါးမှာတင် မှတ်ချက်ကွန်မန့်ပေါင်း ၁၅၀ ရှိနေပါပြီ။ ဒါက အငြင်းအခုန်က ဘယ်လိုတာသွားနေသလဲဆိုတာနဲ့ပတ် သတ်ပြီး ကောင်းမွန်လှတဲ့ ပြတင်းလေးပါပဲ။ ဒါပေမယ့် အခြေခံနည်းနာများ၊ အချက်အလက်များကို အခြေခံတဲ့ အငြင်းအခုန်မျိုး မရှိဘူးဆိုတာကတော့ လုံးဝထင်ရှားနေပါတယ်။ မှတ်ချက်ပေးသူများထဲမှာ မြန်မာပြည်က အခက်အခဲတွေနဲ့ ကြင်လည်ဖူးသူတွေ ပါနေတာတောင် မှတ်ချက်အများစုကတော့ ကွယ်ဝှက်နေတဲ့ပြဿနာရပ်ကို ထက်ထက်မြက်မြက်ဖြည်မထုတ်ဘဲ သူတို့ရဲ့ အတွင်းအဇ္ဈတကို ဖော်ပြနေသလိုပါပဲ။” (http://news.mmsy.info/news/3481)
    Inter Press Service News Agency ကတော့ ဒီလို ရေးသားထားပါတယ်။ (http://goo.gl/rIfHs)
    This online outburst by Buddhists inside the country and in the diaspora, “openly asserting that action tantamount to genocide is acceptable”, has surprised even long-time human rights champions in Myanmar.
    မြန်မာပြန် – နိုင်ငံအပြင်ဘက်ကရော အတွင်းထဲမှာပါရှိနေတဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ အွန်လိုင်းပေါ်မှာ အဆင်ခြင်မဲ့ ပေါက်ကွဲမှု မှတဆင့် ပွင့်ပွင့်လင်းလင်း ယုံကြည်ချက်ရှိရှိ ထွက်ပေါ်လာတာက “လူမျိုးတုန်းသတ်ပြစ်မှုနဲ့ ဆင်တူတဲ့ ပြစ်ဒဏ်ခတ်မှုဟာလည်း လက်ခံဖွယ်ရာပဲ”၊ အဲဒီအချက်ကတော့ မြန်မာပြည်မှာ အချိန်အတော်ကြာ လူအခွင့်အရေးလှုပ်ရှားနေတဲ့ ခေါင်းဆောင်များကိုတောင် အံ့အားသင့်စေခဲ့ပါတယ်။
    ဆက်လက်ဖော်ပြပါမည်။
  • ပဉ္စသိင်္ခ့ စောင်းကြိုးပြတ် (အပိုင်း ၁ )
    ဒန်ငြာရှိန်း
    ပဉ္စသိင်္ခ့ စောင်းကြိုးပြတ်ဆိုလို့ ဂန္ထ၀င်ဝတ္ထုလို့တော့ မထင်လိုက်ကြပါနဲ့။ ကျွန်တော်တို့နိုင်ငံ တော်ကြီးမှာ ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်ဆဲ ပဋိပက္ခများကို နိုင်ငံတကာသတင်းများအပေါ်အခြေ ခံ သုံးသပ်တင်ပြချက်သာဖြစ်ပါတယ်။ 
    အားလုံးသိကြပြီးဖြစ်တဲ့ အတိုင်း ရခိုင်ပြည်နယ်က အဖြစ်အပျက်များကြောင့် ဇီဝိန်တော် တော်များများ ကြွေပျက်ခဲ့ရပါပြီ။ နှစ်ဖက်စလုံး နစ်နာဆုံးရှုံး တယ်ဆိုပေမယ့်လည်း မခံမရပ်နိုင်ဖြစ်နေကြတဲ့ လူအများကတော့ သူတို့ရဲ့ အသိဥာဏ်က ထုတ်ပေးနေတဲ့ ခွဲခြမ်းစိတ်ဖြာစွမ်းကိုတောင် အသုံးမချနိုင်ကြတော့ပါ။
    ကျွန်တော့်အနေနဲ့ ပြည်တွင်းမီဒီယာတွေကို လုံးဝအခြေခံတင်ပြသွားမှာမဟုတ်ပါ။ ဘာကြောင့်လဲဆိုရင် ပြည်တွင်း မီဒီယာများရဲ့ တင်ပြမှုများကို မြန်မာပရိသတ်ကြီး နေ့စဉ်နဲ့အမျှဖတ်ရှုနေရတာကြောင့် အဲဒီမီဒီယာတွေကို အခြေခံသုံးသပ်ဖို့ လိုတယ်လို့ မယူဆလို့ပါ။
    Recall with humility, then, that conflicts between Buddhist and Muslims killed several innocents and destroyed more than thousand of worshiping places. Hence, enough of misinformation and discrimination. Muslims and Buddhists must actively work together to achieve what both peoples want — peace.
    ဒီစာသားတွေကိုတော့ ဘလော့တစ်ခုမှာ မကွေးနဲ့ ဖားကန့်တို့က ဗလီတွေကို ဖျက်ဆီးကြတော့ ရေးသားထားတဲ့ သတိပေးချက်ပါ။ မြန်မာပြည်က မွတ်စလင်မ်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ငြိမ်းချမ်းရေးအတွက် အတူလက်တွဲဆောင် ရွက် ရမယ်လို့ နှိုးဆော်ထားတာပါ။ ဒါကို ကျွန်တော်တို့အနေနဲ့ အောက်ဖော်ပြ သုံးသပ်ချက်များကို ဖတ်ရှုပြီး ပြင်ဆင်သင့် တာကို ပြင်ကြကာ အကောင်အထည်ဖော်ပြကြပါစို့။ မဇ္စျိမဒေသ သို့ …။
    မှန်မှန်ကန်ကန်သွားရင်းဒို့ လမ်းမှားထဲ ရောက်ခဲ့တော့
    အခု ကျွန်တော်တို့ သတင်းတွေဆီ လှမ်းကြည့်ကြရအောင်။
    အခုပထမဆုံး Australian National University ရဲ့  အေရှပစိဖိတ်လေ့လာရေးဌာန ၀က်ဘ်ဆိုဒ်တစ်ခုက ပီအိပ်ခ်ျဒီကျောင်းသားတစ်ယောက်ရဲ့ ခွဲခြမ်းစိတ်ဖြာထားမှုပါ။  ဆောင်းပါးကိုလ့လာရင်တော့ ဆွဲထုတ်ပြဖို့သင့်တဲ့အချက်တစ်ချက်က –
    မြန်မာပြန် – ကုလားအားလုံးကိုသတ်ပြစ်ဆိုတဲ့ လူသတ်ဘာသာစကားကိုသုံးပြီး ပုဂ္ဂလိက တင်ပြတဲ့ ဆောင်းပါးတွေမှာရော မှတ်ချက်ပေးမှုတွေမှာပါ ပြောဆိုနေကြပါတယ်။ မကောင်းတဲ့ စကားတွေ၊ လိင်မှုဆိုင်ရာ ထိခိုက်တဲ့စကားတွေကိုသုံးပြီး တဖက်သားထိခိုက်အောင် ဖြန့်ချိနေမှုများကို ကျယ် ကျယ်ပြန့်ပြန့်ပဲ တွေ့နေရပါတယ်။ တင်ပြဖို့ မသင့်တော်ဆုံးဖြစ် ပေမယ့်လည်း ဥပမာနှစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။
    -ီးကုလား၊ -ါ -ိုး မ -ားကုလား၊ ခွေးကုလား၊ ၀က်ကုလား
    မေ- -ိုးကုလား၊ ကိုယ့်သားသမီးကိုယ်ပြန်ပြီး -ိုး တဲ့ကုလား
    ကျွန်တော့်အနေနဲ့ ဖော်ပြပါဆောင်းပါးနဲ့ပတ်သတ်ပြီး ကိုယ်ပိုင်သုံးသပ်ချက်ကို မတင်ပြချင်ပါ။
    ဒါကြောင့် အေရှပစိဖိတ်လေ့လာရေးဌာန ရဲ့   တာဝန်ယူတင်ဆက်သူဖြစ်ပြီး ဒီရိုဟင်ဂျာအရေးမှာ neutral နေရာကနေ ပါဝင်နိုင်တဲ့ Nicholas Farrelly ရဲ့ “Intolerance, Islam and the Internet in Burma today” မှာ ပေးထားတဲ့ မှတ်ချက်ကို သုံးသပ်ပါမယ်။
    Nicholas ရဲ့မှတ်ချက်မှာ ဒီလိုဖော်ပြထားပါတယ်။
    It appears likely that this episode of political conflict will have all sorts of implications — both practical and rhetorical, but also for analysts and academics.
    With that in mind this AFP report is likely to prove relevant. It provides some sense of how outside observers conceive of the online rhetoric associated with western Burma’s political conflict.
    မြန်မာပြန် – ဒီလိုနိုင်ငံရေးပြဿနာများမှာတော့ လက်တွေ့ဆောင်ရွက်မှုတွေ၊ စကားသံတွေ၊ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ ပညာရပ်ဆိုင်ရာ ဆွေးနွေးချက်တွေ ပါဝင်နေပါလိမ့်မယ်။ အဲဒိအချက်ကို စိတ်ထဲမှာ ထည့်ထားပြီး ဒီအေဖက်ပီက တင်ပြမှုကို ဆီလျော်အပ်စပ်တဲ့အကြောင်းအရာတစ်ခုအနေနဲ့ သက်သေ ပြနိုင်ပါတယ်။ မြန်မာပြည် အနောက်ဘက်က နိုင်ငံရေးပြဿနာအတွက် အွန်လိုင်းပေါ်က စကားသံတွေကို အပြင်ဘက်က စောင့်ကြည့်နေသူတွေ အနေနဲ့ ဘယ်လိုသိမြင်နေကြသလိုဆိုတာ အဲဒီဆောင်းပါးက ထင်ဟပ်နေပါတယ်။
    ကဲ – ဒီလိုဆို သြစီနေရှင်နယ်တက္ကသိုလ်ရဲ့ သုတေသီတစ်ဦးဖြစ်သူ Nicholas ရည်ညွှန်းတဲ့ ဆောင်းပါးဆီ သွားကြရအောင်။ ဖော်ပြထားတာက –
    …….. incendiary posts on social media sites reflecting deep-rooted hostilities in the region, experts said.
    မြန်မာပြန် – ဆိုရှယ်မီဒီယာတွေပေါ်က မီးစထိုးပေးတဲ့ ပို့စ်တွေကနေ ဒေသတွင်း ရန်လိုမှုတွေဆီ အကျိုးသက်ရောက် မှုရှိနေ တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
    ဒီဆောင်းပါးမှာလည်း Nicholas က ဒီလိုဆိုထားပြန်ပါတယ်။
    “Recent events in western Burma have created a hurricane of hate in the online sphere,” Nicholas Farrelly, a research fellow at the Australian National University, told AFP. “Tragically, contested accounts of the clashes provide fuel for hardliners on both sides.”
    မြန်မာပြန် – မြန်မာပြည်အနောက်ပိုင်းမှာ မကြာသေးမီကဖြစ်ပွားနေတဲ့အဖြစ်အပျက်တွေကတော့ အွန်လိုင်းမှာ အမုန်းတရားဟာရီကိန်းကြီးကို ဖန်တီးနေခဲ့ပါတယ်။ စိတ်ပျက်ဖွယ်ကောင်းလွန်းပါတယ်။ ပြဿနာနဲ့  ပတ်သက်ပြီး ပြောဆိုနေကြတာတွေကတော့  နှစ်ဖက်စလုံးက ခက်ထန်သူတွေအ တွက် လောင်စာတွေကို ထုတ်ပေးနေပါတယ်။
    ဆောင်းပါးကို ဆက်လက်လေ့လာရင်တွေ့ရတာက –
    One Facebook page called the “Kalar beheading gang”, which has over 500 ‘likes’, has an illustration of a grim reaper with an Islamic symbol on its robe on a blood-spattered background and explicit images purporting to be of victims of the unrest.
    The Norway-based Democratic Voice of Burma reported on Tuesday that its English and Burmese websites had been hacker group called Blink, thought to have originated from Singapore and Russia.
    “In order to cleanse our religious land, sometimes we have to bloody our hands,” read a message on Blink’s website, according to the DVB, which said it “can be translated as a threat aimed at the area’s Muslim minority”.
    မြန်မာပြန် – ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုဖြစ်တဲ့ “ကုလားခေါင်းဖြတ်ဂိုဏ်း” ကတော့ ကြိုက်နှစ်သက်သူအရေအတွက် ၅၀၀ ကျော်ရှိနေပါတယ်။ အဲဒီစာမျက်နှာရဲ့ နောက်ခံပုံကတော့ အစ္စလာမ်မစ်အမှတ်အသားပါ ၀တ်ရုံဆင်မြန်းထားတဲ့ မရဏမင်းပုံ ဖြစ်ပြီး အဲဒီပုံကလည်း သွေးစွန်းနေပါတယ်။ ဒီပြဿနာထဲက ဓားစာခံနေရသူများပမာ လိမ်လည်တင်ပြထား တဲ့ ထင်ရှားသောပုံများလည်းရှိနေပါတယ်။
    နော်ဝေမှာအခြေစိုက်တဲ့ ဒီဗွီဘီကတော့ အင်္ဂါနေ့က သူတို့ဝက်ဘ်ဆိုဒ် (အင်္ဂလိပ်၊ မြန်မာဝက်ဘ်ဆိုဒ်များ) တိုက်ခိုက်ခံရ ကြောင်း သတင်းတင်ပြလာပါ တယ်။ တိုက်ခိုက်သူများကတော့ ရုရှနဲ့စင်ကာပူတို့ကဖြစ်တယ်လို့ ထင်ကြောင်း ဖော်ပြထားပါတယ်။
    ဒီဗွီဘီအရသိရတာက “မြင့်မြတ်တဲ့ သာသနာမြေကို သန့်ရှင်းဖို့ , ငါတို့ လက်တွေ တခါတလေ သွေးစွန်းသင့်တယ်။” ဆိုပြီး Blink ဟက်ကာများရဲ့ဆိုဒ်မှာ ရေးသားထားပါတယ်။ ဒါဟာ မွတ်စလင်မ်လူနည်းစုများသာရှိတဲ့ဧရိယာတွေကို ရည်ရွယ်ပြီး ခြိမ်းခြောက်ထားတာ ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။
    ထပ်ပြီးတွေ့ရှိရပြန်တာက –
    “The Burmese public are believing one side of the story, which is that Rohingya are not Burmese, are not citizens and are just Bengali settlers trying to take their land,” said Phil Robertson, of New York-based Human Rights Watch.
    Social media provided “frankly chilling racist diatribe inciting violence,” he added. “It is a recipe for disaster.
    မြန်မာပြန် – နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဖီးလ်ရောဘတ်ဆင်ကတော့ ဒီလိုပြောပါတယ်။ “မြန်မာပြည်သူတွေ ကတော့ တဘက်သတ်တင်ပြ မှုတွေကိုပဲ ယုံကြည်နေကြပါတယ်။ အဲဒါတွေကတော့ ရိုဟင်ဂျာတွေဟာ မြန်မာမဟုတ်ဘူး၊ နိုင်ငံသားမဟုတ်ဘူး၊ ဘင်္ဂါလီတွေဖြစ်ပြီး ငါတို့ရဲ့မြေတွေ ကို မောင်ပိုင်စီးဖို့ ကြိုးစားနေသူတွေဖြစ်တယ်။ ဆိုရှယ်မီဒီယာတွေကနေ ဖော်ပြနေကြတဲ့ (မှတ်ချက်များက) ဆူပူမှုပြဿနာထဲကိုသွတ်သွင်းနေတဲ့ ပွင့်လင်းထင်ရှားပြီး နွေးထွေးမှုမရှိသော ခါးခါးသီးသီးရန်လိုနေတဲ့ လူမျိုးရေးခွဲခြားမှုများပါပဲ၊ ဒါကတော့ ဒုက္ခသုက္ခများအတွက် နည်းလမ်းတစ်ခုပါ။”
    ယခုတဖန် အလ်-ဂျဇီးရားတင်ပြချက်ကို လေ့လာကြပါတယ်။ အလ်ဂျဇီးယားက ထိုင်းနိုင်ငံအခြေစိုက် အလွတ်သတင်းထောက် Francis Wade ရဲ့ဆောင်းပါးကို ဖော်ပြပေးထားတာပါ။ ခေါင်းစဉ်ကတော့ “Islamophobia and the fear of ‘the other’ in Myanmar” ၊ “မြန်မာနိုင်ငံထဲက အစ္စလာမ်မိုဖိုးဘီးယား၊ အစ္စလာမ်ကြောက်ရောဂါနှင့် တပါးသူကို ကြောက်ရွံ့ခြင်းများ” ဆိုပြီးတော့ဖြစ်ပါတယ်။”
    အဲဒီဆောင်းပါးထဲမှာပဲ ထုတ်နုတ်ပြထားတဲ့ အရေးကြီးအချက်တစ်ချက်ကတော့ –
    Myanmar’s Muslims enjoy none of the educational or international prestige that is widely associated with the country’s Christian minorities…..While Kachin and Karen Christians have suffered atrocious treatment I think there is at least some mainstream Myanmar Buddhist respect for their cultures and religion. Such respect is rarely accorded to Muslims.
    မြန်မာပြန် – မြန်မာမွတ်စလင်မ်တွေအနေနဲ့ နိုင်ငံတွင်းက ခရစ်ယာန်လူနည်းစုများနည်းတူ ပညာရေးဒါမှမဟုတ် နိုင်ငံတကာဂုဏ်သိမ်တွေ တစ်ခုကိုမှ ကျယ်ကျယ်ပြန့်ပြန့် ခံစားခွင့်မရှိပါဘူး။ …… ကချင်နဲ့ ကရင်ခရစ်ယာန်များဟာ ကြမ်းတမ်းခက်ထန်တဲ့ဆက်ဆံမှုတွေ ရရှိနေပေမယ့်လည်း တချို့သော ဗုဒ္ဓဘာသာမြန်မာလူထုက သူတို့ရဲ့ယဉ်ကျေးမှုနဲ့ ကိုးကွယ်ရာဘာသာတွေကြောင့် အနည်းဆုံးတော့ သူတို့ကို လေးစားကြပါသေးတယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုလေးစားမှုမျိုးကတော့ မွတ်စလင်မ်တွေအတွက် ရှားမှရှားပါပဲ။ (သြစီနေရှင်နယ်တက္ကသိုလ်မှ အရှေ့တောင် အာရှအရေးကျွမ်းကျင်သူ Nicholas Farrelly ရဲ့ မှတ်ချက်ကိုပဲ ပြန်လည်ဖော်ပြထားတာပါ။)
    အလ်ဂျဇီးရားရဲ့ဆောင်းပါးပါ “The Other” ၊ တပါးသူဆိုတဲ့ ခေါင်းစဉ်ခွဲအောက်မှာတော့ ဒီလိုဖော်ပြထားပါတယ်။
    Treatment of Muslims as the ‘other’ persists despite the country’s push to embrace the outside world and everything it offers. There is something of a contradiction then in the population’s desire to become global players, which will see it interacting far more with non-Myanmar, non-Buddhist ethnicities. In Arakan state, where tension between Buddhists and Muslims often spills over into violence, hypocrisy is also evident in attempts by Arakanese to goad public opinion against the Rohingya in the name of “nationalism”. ….
    မြန်မာပြန် – နိုင်ငံကတော့ အပြင်ကမ္ဘာကို ထိစပ်နမ်းရှုပ်ဖို့နဲ့ အဲဒီအပြင်ကမ္ဘာက ကမ်းလှမ်းသမျှ လက်ခံဖို့ တွန်းအားပေး (လုပ်ဆောင်နေပေမယ့်) မွတ်စလင်မ်များကို “တပါးသူ” များအဖြစ် ဆက်ဆံနေကြတုန်းပါ။ ပြည်သူလူထုက ကမ္ဘာနဲ့ချီပြီး ရင်ပေါင်တန်းလိုနေကြပေမယ့်လည်း တစ်ခုခုကတော့ သူတို့ရဲ့ဆန္ဒနဲ့ လိုက်လျောညီထွေဖြစ်မနေပါဘူး။ အဲဒါ(လိုက်လျော ညီထွေရှိမနေတဲ့အချက်) ကိုတော့ ဗမာမဟုတ်သူများ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သူများကို (သူတို့ရဲ့) တုန့်ပြန်နေမှုများမှာ မြင်တွေ့နေရပါတယ်။ ရခိုင်ပြည်နယ်က မွတ်စလင်မ်နဲ့ ဗုဒ္ဓဘာသာပြဿနာများကနေ ဆူပူသောင်းကျန်းမှုဖြစ်ပွားနေ တဲ့နေရာမှာ ရခိုင်တွေက ရိုဟင်ဂျာတွေဆိုတာ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ လူထုအမြင်ကို မရအရ တဇွတ်ထိုးယူနိုင်ဖို့ ဆောင်ရွက်နေတာ တွေရှိနေပါတယ်။ ဒါကတော့ လံကြုတ်ဇတ်လမ်းတွေဆင်နေတာဆိုတာ သက်သေတစ်ခုပါပဲ။
    ကျွန်တော်တို့ အခု အလ်ဂျဇီးရားရဲ့အခြားသတင်းဆောင်းပါးတစ်ခုကို ဆက်လက်သုံးသပ်ပါမယ်။ ခေါင်းစဉ်ကတော့ “Top UN envoy in unrest-hit western Myanmar”  ၊ “ကုလထိပ်သီးခေါင်းဆောင်များ မအေးမချမ်းဖြစ်နေသည့် မြန်မာနိုင်ငံတွင်းရောက်ရှိဆိုပြီး” ဖြစ်ပါတယ်။
    ဆက်လက်ဖော်ပြပါမည်။
  • ဓားစာခံဖြစ်သွားတဲ့ ရခိုင်ပြည်
    L. နေတောင်
    Photo: VOA
    အခုရခိုင်ပြည်မှာဖြစ်နေတဲ့ အရေးအခင်းကို အစအဆုံးစောင့်ကြည့်လေ့လာနေတဲ့ မြန်မာပြည်သူတယောက်အနေနဲ့ ကောက်ချက်ဒီလိုချပါတယ်။ အရင် ကတော့ ရခိုင်တွေဟာ ရိုဟင်ဂျာမုန်းတိုင်း မြန်မာတပြည်ကို ပြသနာတွေခေါ် သွင်းလာတယ်လို့  မြင်မိပေမဲ့  ပြီးခဲ့တဲ့ အပါတ်က စတဲ့ အဖြစ်အပျက် တွေ ကြည့်ပြီး ဗြောင်းပြန်မြင်တယ်။ ပြည်မက လူတွေမက်တဲ့ အမိနိုင်ငံတော်ကြီးဆိုတဲ့ အိမ်မက်အတွက် ရခိုင်ပြည်က သွေးနဲ့  သိက္ခာနဲ့ ရင်းပြီး ပေးဆပ်လိုက် ရတာလို့ ။
    အခုဆိုရင် ပြည်တွင်းမြန်မာသတင်းဌာနတွေက ဘယ်လောက်ပဲ တဖက်သတ် ရခိုင်ဖက်လိုက်ပြီး သတင်းရေးရေး နိုင်ငံတကာမှာ ရခိုင်တွေက သိက္ခာ ကျသထက်ကျသွားပြီ။ အရင်တုန်းက အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်တယ်လို့ပဲ သိကြတယ်၊ အခုတတော့ လူမျိုးဘာသာအစွန်းရောက် (racist) တွေလို့ အခေါ်ခံကြရပြီ။ ရခိုင်ပြည်သူတွေလဲ သေတဲ့လူသေ၊ အိုးအိမ်မဲ့ဖြစ်လို့ ဖြစ်၊ မိသားစုတွေဆုံးရှုံးက၊ ပိုင်ဆိုင်ပစ္စည်းတွေဆုံးရှုံးကြ။
    ဒီလိုပါပဲ ဘင်္ဂလီပဲခေါ်ခေါ်၊ ရိုဟင်ဂျာပဲခေါ်ခေါ် ရခိုင်ပြည်မှာ ကာလကြာရှည်စွာနေလာခဲ့တဲ့လူတွေလည်း ခံစားဆုံးရှုံးကြရပြီ။ အရင်ကတည်းက အဆင်မ ပြေတဲ့ အိမ်နီးချင်းတွေ ခုတော့ ရန်သူတွေဖြစ်ကုန်ပြီ။ အခုပြသနာတွေပြီးရင် ရခိုင်နဲ့  ရိုဟင်ဂျာတွေ ဘေးချည်းယှဉ်ပြန်နေကြရအုံးမယ်။ ကဲ ဒီ လူမျိုးနှစ် မျိုးရဲ့  ဆက်ဆံရေး အဆင်ပြေပါ့မလား။ သူ့ ငါသတ် ငါ့သူသတ်ဖြစ်ပြီးမှ အမုန်းတရား ဘေးထားပြီး ဖွံ့ ဖြိုးရေးအတွက် ငြိမ်းချမ်းရေးအတွက် လက်တွဲကြ ပါလို့ ဆိုလာ ရင် လက်တွေ့ ကျပါအုံးမလား။
    အဓိက ထောက်ပြချင်တာ ထောက်ပြရရင်
    အခုကိစ္စကို မဖြစ်ဖြစ်အောင် ဆွပေးတာ ဘယ်သူတွေလဲ။
    မြန်မာပြည်က မြို့ ကြီးမှာနေတဲ့လူတွေ၊ နိုင်ငံခြားမှာ မိုးလင်းမိုးချုပ် မကြောင့်မကျ မတောင့်မတျနရတဲ့လူတွေ၊ သတင်းထောက် သတင်းစာ ဂျာနယ် ဆိုပြီး ငွေရှာနေတဲ့လူတွေ။ မျိုးချစ်စိတ်တွေ၊ တိုင်းပြည်အတွက်တွေ၊ အချုပ်အခြာအာဏာတွေ တွင်တွင်ပြောနေကြတယ်။ မြန်မာပြည်ကြီးကို ကုလား လက်အောက်မရောက်အောင် ကာကွယ်ရမယ်ဆိုတဲ့ မျိုးချစ်အာဂတွေ။ တကယ်တမ်း သတ်လားဘာလားဖြစ်တော့ ဘယ်သူခံရလဲ။ ရခိုင်ပြည်သူတွေ ပါပဲ။ နေ့ သတ်ခံရမလား ညသတ်ခံရမလားမသိတဲ့ ဘ၀၊ အစားအသောက်ပျက်ပြီး ဘယ်ခါငတ်မလဲ မသိတဲ့ဘ၀၊ ပျက်ဆီးသွားတဲ့ အိုးအိမ်တွေအတွက် ဘယ်ခါမှ အစားပြန်ရမလဲမသိတဲ့ဘ၀။ မိသားစုထဲက သေသွားပြီဆိုရင်တော့ ထာဝရ ဆုံးရှုံးမှုပါပဲ။ သွေးရဲသံရဲ၊ သေသံ ကြောက်သံ ငြီးတွားသံတွေကို ခြောက်ခြားဖွယ် ရင်ဆိုင်နေရတာတွေက ရခိုင်ကပြည်သူတွေပါပဲ။
    ကဲ တိုင်းပြည်ကို ကာကွယ်ပါဆိုပြီး ပြသနာဖြစ်အောင် တတွင်တွင်အော်နေတဲ့ ပြည်မနဲ့  နိုင်ငံခြားကလူတွေက အချိန်တန်ရင် ရေခဲရေသောက်၊ ထမင်း ၀အောင်စားပြီး၊ အိပ်မောကျနေလောက်ပြီ။ နိုင်ငံခြားမှာနေတဲ့လူတွေအတွက် အနစ်နာဆုံးကတော့ အိပ်ရေးပျက်ရုံလောက်ပေါ့။ အမှန်တကယ် ပေး ဆပ်လိုက်ရတာကတော့ ရခိုင်ပြည်နယ်က ပြည်သူတွေပါပဲ။
    ဆွပေးတဲ့ သတင်းမီဒီယာတွေကို ကြည့်ပါ။ ပြည်မကလူတွေပါပဲ။ ရခိုင်ပြည်နယ်ရဲ့နေ့တဓူဝ ကိစ္စတွေနဲ့ ကောင်း ကျိုးဆိုးကျိုးကို ထိရောက် ခံစားမှုမ လိုတဲ့ မြို့ နေအလယ်အလတ် လူတန်းစား ဗမာ (သို့ ) မြန်မာတွေပါပဲ။ ရခိုင်ပြည်သွေးစွန်းတဲ့ သတင်းတွေအတွက် ဂျာနယ်စောင်ရေတိုးသလို ပေါ်ပျူလာ တွေလည်းဖြစ်ကုန်လေရဲ့ ။
    အွန်လိုင်းမှာ တက်တက်ကြွကြွဖြစ်နေတဲ့ သာမန်ပြည်သူအများစုကတော့ ကွန်ပျူတာရှေ့ ထိုင်ပြီး ချကြလေကွာ ဆိုပြီး အားမာန်တွေသွင်းပြီး တိုင်းပြည်ကို ကာကွယ်နေကြလေရဲ့။ သူတို့ အတွက် ဆုံးရှုံးမှုကတော့ အင်တာနက် ဖိုးလောက်ပါပဲ။
    သူတို့ ကြားချင်တာ ဖြစ်ချင်တာကို ရခိုင်ပြည်သူတွေက သွေးနဲ့ ရင်းပြီး ပေးနေကြရပြီ။ သူတို့ ပြောတဲ့ တိုင်းပြည်ကို ကာကွယ်ကြပါဆိုတာကို ရခိုင်ပြည် သူတွေရဲ့  အသက်နဲ့ သိက္ခာနဲ့ ကာကွယ်ပေးနေရပြီ။
    အမျိုးဘာသာ သာသနာကို ကာကွယ်ပါဆိုပြီး တိုင်းပြည်ကို နှစ်ပေါင်း ၆၀ ဒုက္ခပေးလာတဲ့အစိုးရ လှုပ်ဆော်မှုတွေ ကိုတော့ ပြောစရာတောင်မလိုပါ။
    မြန်မာပြည်ရဲ့  အချုပ်အခြာအာဏာ၊ အမျိုးဘာသာသာသနာကို ကာကွယ်ဖို့  ရခိုင်ပြည်မှာ လူသတ်ပွဲ၊ သွေးရေချိုး ပွဲနဲ့ မှဖြစ်မှာလား။ တရုတ်အစိုးရကို မြစ်ဆုံထိုးပေးလိုက်တာ၊ ထားဝယ်ဆိပ်ကမ်းအတွက် နှစ်ပေါင်း ၃၀-၄၀ နိုင်ငံ ခြားကိုအပြီးပေးလိုက်တာ၊ ရွှေဂတ်စ်ပရောဂျက်အတွက် နိုင်ငံခြား ကုမ္ဗဏီတွေကို နယ်မြေတွေ လွဲပေးလိုက်တာ၊ ဒါတွေက နယ်မြေနဲ့  အချုပ်အခြာအာဏာကိုထိပါးတာပဲမဟုတ်ဘူးလား။
    ဘုန်းကြီးတွေကို ၂၀၀၇ တုန်းက အကြမ်းဖက်တုန်းကကျတော့ ဘာသာသာသနာကို စော်ကားဖျက်ဆီးတာပဲ မဟုတ်ဘူးလား။ နယ်စပ်တွေမှာ တင်မက မြို့ ကြီးတွေမှာပါ နိုက်ကလက်တွေဖွင့်ပြီး မိန်းကလေးတွေကစ သောက်စားမူးယစ် ပျက်ဆီးနေတာတွေကြတော့ အမျိုးသားရေးကို ထိပါးတာမဟုတ် ဘူးလား။
    ဒါတင်မကဘူး မြန်မာအ၀ှမ်းမှာဖြစ်နေတဲ့ အလုပ်သမားဆန္ဒပြမှု၊ တောင်သူလယ်သမားတွေဆန္ဒပြမှု၊ လျှပ်စစ်မီးရရှိရေးဆန္ဒပြမှုတွေ အားလုံးအခု ငြိမ် သွားပြီ။ ဒါပေမဲ့ ရခိုင်ပြည်သူတွေ အသက်လုပြေးနေကြရပြီ။
    ရခိုင်ပြည်နယ်က ချင်းပြည်နယ်ပြီးရင် အဆင်းရဲဆုံးပြည်နယ်လို့ ဖတ်ဖူးပါတယ်။ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ ဖြိုးရေး လည်းမရှိဘူးလို့ ပြောကြတယ်။ မမြင်မ ရှင်းတဲ့ အိမ်နီးချင်းတွေ ဒီလောက်ဖြစ်ပြီးမှ ငြိမ်းချမ်းကြပါအုံးမလား။ ဒါ ကြောင့် အချက် ၂ ချက်တောင်းဆိုချင်ပါတယ်။
    –       အဓိကရုဏ်းဖြစ်အောင် အမျိုးသားရေးလှုံ့ ဆော်နေတဲ့ ပြည်တွင်းပြည်ပ ပြည်သူများ ရခိုင်ပြည်သူများ မျက်နှာထောက်ပြီး ငြိမ်းချမ်းရေးအတွက် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လက်တွဲကြဖို့ ကြိုးစားကြပါ။
    –       အဓိကရုဏ်းဖြစ်အောင် မောင်းခတ်ပေးနေတဲ့ လူတွေ၊ သတင်းဌာနတွေ၊ အစိုးရဌာန (သို့ )အရာရှိတွေ ကို စုံစမ်းဖော်ထုတ်ကြပါ။
    –       ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေး စိတ်ဓာတ်ပျင်းထန်နေတဲ့ အသိများ မိတ်ဆွေများကို နှီးစပ်ရာ ထိန်းပေးကြပါ။
    ရခိုင်ပြည် အမြန် အေးချမ်းပါစေ။