News @ M-Media
Category: ဆောင်းပါး
  • အိုမရန် ဒက်နီးရှ် သို့မဟုတ် ဆီးရီးယားမှ မျှော်လင့်ချက်ကင်းမဲ့မှု၏ ပြယုဂ်တစ်ခု
    အိုမရန် ဒက်နီးရှ် သို့မဟုတ် ဆီးရီးယားမှ မျှော်လင့်ချက်ကင်းမဲ့မှု၏ ပြယုဂ်တစ်ခု
    သြဂုတ် ၁၉၊ ၂၀၁၆
    M-Media
    omran
    – သူ့နာမည်က အိုမရန် ဒက်နီးရှ်ပါ။ သွေးအလိမ်းလိမ်း ဖုန်အထပ်ထပ်နဲ့ လူနာတင်ယာဉ်ထဲမှာထိုင်ပြီး အကူအညီစောင့်နေတဲ့ သူ့ရဲ့ပုံဟာ ဆီးရီးယားမှာဖြစ်နေတဲ့ စစ်ပွဲရဲ့ အနိဌာရုံတွေကို သတိပေးနေတဲ့ နောက်ထပ် အမှတ်အသား တစ်ခုပါပဲ။
    မျက်မြင်သက်သေတွေကတော့ ဒီကလေးငယ်ရဲ့အသက်ဟာ ၅ နှစ်လောက်သာရှိသေးပြီး ဆီးရီးယားပြည်တွင်းစစ်သက်တမ်းနဲ့ မတိမ်းမယိမ်းပါပဲ။ ဒါပေမယ့် သူ့ရဲ့ ၀ဖြိုးတဲ့ ခြေလက်တွေ၊ ဗုံးကြံခဲရတဲ့ အိမ်ကနေ သူ့ကို ဆွဲထုတ်လာသူရဲ့ ခန္ဓာကိုယ်မှာ တွဲခိုလာတွေကို ကြည့်မယ်ဆိုရင်တော့ သူဟာ ဒီထက်ပိုငယ်နိုင်ပြီး တောက်တောက်သွားတတ်တဲ့ အရွယ်လောက်သာ ရှိမယ့်ပုံပါပဲ။
    အိုမရန်လေးဟာ မိခင် ဖခင်၊ အစ်ကိုတစ်ယောက်၊ အမတစ်ယောက်တို့နဲ့အတူ အဲလစ်ပိုမြို့မှာ နေထိုင်တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့က သူတို့အိမ်ကို လေကြောင်းကတိုက်ခိုက်မှုမှာ တစ်မိသားစုလုံး ဒဏ်ရာရသွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ တစ်ယောက်မှ အသက်ဆုံးရှုံးခြင်း မရှိခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုကို ဆီးရီးယားအစိုးရနဲ့ ရုရှားတို့က ဆောင်ရွက်တာလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
    နိုင်ငံမြောက်ပိုင်းက အဲလစ်ပိုမြို့ဟာ နှစ်တော်တော်ကြာ ပိတ်ဆို့ခံထားရပြီး ကလေးငယ် ၄၅၀၀ အပါအ၀င် လူသောင်းနဲ့ချီ သေဆုံးခဲ့ပြီးပါပြီ။
    ကလေးငယ်ရဲ့ ဘ၀အကြောင်း
    အိုမရန်လေးရဲ့ ကြောက်စရာ၊ ကြေကွဲဖွယ်ရာ ဗီဒီယိုကို ‘အဲလစ်ပိုမီဒီယာစင်တာ’က လွှင့်တင်ခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ပဲ ပြန့်နှံ့သွားခဲ့ပါတယ်။
    တိုက်ခိုက်မှုအပြီး သွေးအလိမ်းလိမ်း၊ ဖုန်အထပ်ထပ်ပေးနေတဲ့ အိုမရန်လေးကို ကယ်ဆယ်ရေးလုပ်သားတစ်ဦးက အပျက်အဆီးတွေထဲက ဆွဲထုတ်ကာ ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။ လူနာတင်ယာဉ်ထဲမှာ ထိုင်နေပေမယ့် သူ ဘာဖြစ်နေတယ်ဆိုတာ အိုမရန်တစ်ယောက် မသိပါဘူး။
    “သူ တုန်လှုပ်ချောက်ခြားသွားတာပါ” ပါလို့ အဲလစ်ပို မီဒီယာစင်တာက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
    အိုမရန်လေးဟာ ကံကောင်းသွားခဲ့တာလည်းပါပြီး သူတို့မိသားစုထဲမှာ သူ့ကို ပထမဆုံး ကယ်ဆယ်နိုင်ခဲ့ကာ နောက်ပိုင်းကျမှ ကျန်တဲ့လူတွေကို ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
    နေ့စဉ်ဖြစ်နေ
    “ခင်ဗျားတို့ မြင်နေရတဲ့ ဒီပုံရိပ်မျိုး အဲလစ်ပိုမှာ နေ့စဉ်ဖြစ်နေတာပါ။ အဲလစ်ပိုမှာ နေ့တိုင်း ဒီလို ကြောက်စရာအဖြစ်အပျက်တွေ၊ စစ်ရာဇ၀တ်မှုတွေကို ကျွန်တော်တို့ ရိုက်ကူးနေရပါတယ်။ ဗုံးကြဲခံရတဲ့နေရာကို ကျွန်တော်တို့ သွားတဲ့အခါ အစိုးရတပ်က လေယာဉ်တွေက အဲဒီနေရာမှာ တစ်ဝဲလည်လည်လုပ်နေပြီး အရပ်သားတွေကို ကယ်ဆယ်တဲ့ သူတွေကိုသေအောင် ဗုံးထပ်ကြဲချတတ်ပါတယ်” လို့ မီဒီယာစင်တာက ကင်မရာဆရာ မွတ်စ်တာဖာ အလ် ဆာရူက်က ပြောကြားခဲ့ပါတယ်။
    အိုမရန်လေးကတော့ အဲဒီတိုက်ခိုက်မှုအတွင်းက အခြားလူတွေထက်စာရင် ဒဏ်ရာအနည်းငယ်သာရခဲ့ပြီး လက်ရှိမှာ ဆေးရုံးကဆင်းသွားပြီလို့ သူ့ကိုကုသပေးတဲ့ ဒေါက်တာ မိုဟာမက်က ပြောကြားခဲ့ပါတယ်။
    အဲဒီနေ့တစ်နေ့တည်းမှာပဲ အဲလစ်ပိုအရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ကွာတာချီရပ်ကွက်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောက်ထပ် လူ ၃ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီထဲက သေဆုံးသူတစ်ဦးဟာ အိုမရန်လေးရဲ့ ဆွေမျိုးထဲကဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
    ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့ကစလို့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့အထိ အဲလစ်ပိုပြည်နယ်မှာ သေဆုံးခဲ့တဲ့ အရပ်သားအရေအတွက်ဟာ ၁၈၀၀၀ ကျော်ရှိတယ်လို့ ယူကေအခြေစိုက် ‘ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့’ က ပြောကြားခဲ့ပါတယ်။
    သေဆုံးသူတွေထဲက ၄၅၀၀ ကျော်ကတော့ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ ဖြစ်ကြပါတယ်။
    “အဲလစ်ပိုမှာ အမျိုးသမီးတွေ၊ ကလေးတွေအပေါ် ဖြစ်နေတဲ့ ဒီရာဇ၀တ်မှုတွေအတွက် တစ်ကမ္ဘာလုံးက နှုတ်ဆိတ်နေကြတယ်။ အိုမရန်လို ဗုံးကြံခံရတဲ့ကလေးမျိုး အဲလစ်ပို့မှာ နေ့စဉ် ထောင်နဲ့ချီရှိပါတယ်။ နေ့စဉ်နေ့တိုင်း မြို့ထဲကို လက်နက်ပေါင်းစုံနဲ့ ပစ်ခတ်ပြီး ရာဇ၀တ်မှု ပုံစံပေါင်းစုံကို ကျူးလွန်ကြပါတယ်။ နေရထိုင်ရတဲ့ဘ၀တွေဟာ တော်တော်လေး ဆိုးရွားပါတယ်။ မြို့အပြင်ထွက်ပေါက်ဟာလည်း စိတ်မချရလို့ ပိတ်ထားတယ်။ ဒီအစိုးရနဲ့ ပြည်သူ့စစ်တွေဟာ ကလေးတွေ၊ အထူးသဖြင့် အဲလစ်ပိုက ကလေးတွေကို သတ်ဖြတ်နေတယ်လို့ ကျွန်တော်တို့ ကမ္ဘာကြီးကို အသိပေးချင်ပါတယ်။ အဲလစ်ပိုက ဒီရာဇ၀တ်မှုတွေကို မဖြစ်မနေ ရပ်တန့်ရမှာပါ” လို့ ဆာရူက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
    ရွေးစရာလမ်းမရှိ
    တစ်ချိန်က ဆီးရီးယားရဲ့ အကြီးဆုံးမြို့ ဖြစ်ခဲ့တဲ့ အဲလစ်ပိုမှာ ပိတ်မိနေသူအရေအတွက်ဟာ တစ်သန်းခွဲကနေ နှစ်သန်းလောက်ရှိနေပြီး၊ မြို့ကလည်း အစိုးရထိန်းချုပ်တဲ့အပိုင်းနဲ့ သူပုန်ထိန်းချုပ်တဲ့အပိုင်းဆိုပြီး ၂ ပိုင်းကွဲနေပါတယ်။
    ပြည်သူတွေကတော့ အတောမသတ်နိုင်တဲ့ဗုံးကြဲမှုတွေကြားမှာနေပြီး သူတို့အသက်၊ အထူးသဖြင့် ကလေးတွေရဲ့အသက်ကိုရင်းရမလား။ ဒါမှမဟုတ် ပြန်လမ်းမရှိနိုင်တဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး ဒုက္ခဆင်းရဲတွင်းကနေ လွတ်အောင် ပြေးရမလား – ဆိုတဲ့ ရွေးချယ်မှု ၂ ခုသာ ရှိပါတယ်။
    ပြီးခဲ့တဲ့နှစ်ကလည်း လွတ်မြောက်ရာထွက်ပြေးရင် ပင်လယ်ပြင်မှာ မိသားစုလိုက် လှေနစ်သေဆုံးလို့ တူရကီမှာ လာတင်တဲ့ အသက် ၂ နှစ်အရွယ် အလန်ကာဒီလေးရဲ့ ဓာတ်ပုံကလည်း ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပါတယ်။
    အကူအညီတွေ ရပ်တန့်
    တိုက်ခိုက်မှုတွေ မြင့်တက်နေလို့ ဆီးရီးယားကို ပို့ပေးနေတဲ့ အကူအညီတွေအားလုံးကို ကုလက ရပ်တန့်လိုက်ပါတယ်။
    “ဆီးရီးယားမှာ ကျွန်တော်တို့ဟာ တိုက်ပွဲတွေ၊ ထိုးစစ်တွေ၊ ခံစစ်တွေ၊ အမြောက်တွေ၊ ဗုံးတွေ၊ မော်တာတွေ၊ အမြောက်ဆံတွေ၊ ကလိုရင်းဓာတ်ငွေ့တွ၊ စနိုက်ပါ၊ လေကြောင်းတိုက်ခိုက်မှု၊ အသေခံဗုံးခွဲသမား- ဒါတွေကိုပဲ မြင်နေ၊ ကြားနေရပါတယ်။ ပိတ်ဆို့ထားတဲ့ အဲဒီမြို့ကို ဒီတစ်လအတွင်းမှာ အကူအညီပေးရေးယာဉ်တန်း တစ်ခုတောင် မရောက်သေးပါဘူး။ တစ်ခုတောင် မရောက်သေးတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ခိုက်မှုတွေကြောင့်ပါပဲ” လို့ ဆီးရီးယားဆိုင်ရာ ကုလသံအမတ် စတာဖင် ဒီ မစ်တူရာက ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    နောက်ပြီး အလဲစ်ပိုမှာ ၄၈ နာရီအပစ်ရပ်ရေး အကောင်အထည်ဖော်ဖို့ကိုလည်း မစ်တူရာက အမေရိကန်ရဲ့ ရုရှားတို့ကို ဖိအားပေးခဲ့ပါတယ်။
    ခံစားရမှု များလွန်း
    နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty က လွတ်မြောက်လာသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး အစီရင်ခံစာကို ထုတ်ပြန်ရာမှာ ဖမ်းဆီးခံထားရသူတွေရဲ့ ဆိုးရွားတဲ့ အခြေအနေတွေ၊ အဓမ္မကျင့်မှု၊ လိင်အကြမ်းဖက်မှု၊ ရိုက်နှက်မှု၊ မီးရှို့မှု၊ မီးမြှိုက်မှု စတဲ့ ရက်စက်တဲ့ နှိပ်စက်ငြှင်းပမ်းမှု နည်းလမ်းတွေကို အသေးစိတ် ဖော်ထုတ်ခဲ့ပါတယ်။
    ယူနီဆက်ဖ်ကတော့ ဆီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေသူ ကလေးငယ် ၈.၄ သန်း ရှိနေတယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။
    ကုလသမဂ္ဂရဲ့ ဒုတိယအတွင်းရေးမှူး ဂျန် အဲလီယက်ဆန်က အိုမရန်လေးရဲ့ ဇာတ်ကြောင်းနဲ့ သူ့ရဲ့ပုံရိပ်ဟာလူသားတွေနဲ့ နှလုံးသားနဲ့ ဦးနှောက်ကို စိုးမိုးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
    “တစ်ကမ္ဘာလုံးက ဆီးရီးယားပြည်သူတွေအတွက် မလုပ်ပေးနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အိုမရန်လေးရဲ့ အဖြစ်အပျက် ဆီးရီးယားပြည်သူတွေ ဖြတ်သန်းနေရတဲ့ ဆိုးရွားတဲ့ ကပ်ဆိုးကို ဖော်ပြနေပါတယ်။ ဒါတွေကို ကျွန်တော်တို့က တစ်ခါတစ်ရံမှာ အိပ်မက်ဆိုးအဖြစ် ဖော်ပြကြတယ်။ ဒါပေမယ့် ဒါဟာ အိပ်မက်ဆိုးတစ်ခုထက်ကိုပိုပါတယ်။ အိပ်မက်ဆိုးက နိုးထနိုင်သေးတယ်လေ။ ဒါပေမယ့် ဆီးရီးယားမှာတော့ အိပ်မက်ဆိုးတွေထဲက နိုးထရဖို့ လမ်းမမြင်ပါဘူး” လို့ အဲလီယက်ဆန်က ပြာကြားခဲ့ပါတယ်။
    Ref: CNN
    (CNN သတင်းဌာနတွင် ဖော်ပြထားသည့် Little boy in Aleppo a vivid reminder of war’s horror ဆောင်းပါးကို
    လေးမောင်မှ ကောက်နှုတ်ပြန်ဆိုသည်။)
  • ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းရေး ကြိုးပမ်းလာကြသည့် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစုများ
    ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းရေး ကြိုးပမ်းလာကြသည့် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစုများ
    သြဂုတ် ၁၇၊ ၂၀၁၆
    M-Media
ျ့ညေ
    – စစ်အာဏာရှင်များ၏ ဆယ်စုနှစ်များစွာ အုပ်စိုးမှုအောက်တွင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု နယ်ပယ်ပေါင်းစုံတွင် ဖိနှိပ်ချုပ်ချယ်မှုမျိုးစုံ ခံခဲ့ရသည့် တိုင်းရင်းသား လူနည်းစုများအနေဖြင့် လက်ရှိ ဒီမိုကရက်တစ် အစိုးရလက်ထက်တွင် ဂီတ၊ ရေဒီယိုတို့ဖြင့် ၎င်းတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ထိန်းသိမ်းရန် ကြိုးစားလာခဲ့ကြသည်။
    ရှမ်းအဆိုတော်တစ်ယောက်ဖြစ်သည့် Hsai Leng အတွက်တော့ သီချင်းသီဆိုမှုမှာ ၀ါသနာတစ်ခုသာ မဟုတ်ဘဲ၊ တိုက်တွန်းဆော်သြမှုတစ်ခု ဖြစ်လေသည်။
    စစ်သားဟောင်းဖြစ်ခဲ့ဖူးသည့် Leng မှာ ၎င်း၏ မြန်မာနိုင်ငံရှိ ၎င်းတို့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ရေး ရှမ်းတိုင်းရင်းသား လူနည်းစုများအား အားပေးရန်အတွက် ၎င်း၏ သေနတ်ကိုင်သောလက်အား မိုခရိုဖုန်း ပြောင်းကိုင်ခဲ့သည်။
    နောက်ဆုံး ယခု ဒီမိုကရက်တစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ၎င်းတို့၏ မျှော်လင့်ချက်အလင်းရောင်ကို မြင်လာကြသည်။
    “ကျွန်တော်တို့က မျိုးဆက်သစ်တွေပါ။ ကျွန်တ်ာတို့တိုင်းပြည်အရေး သတိပြုဖို့အတွက် ဂီတကို အသုံးပြုပြီး ပြည်သူတွေကို တိုက်တွန်းဆော်သြချင်ပါတယ်” ဟု Leng က ပြောကြားခဲ့သည်။
    နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများမှာ ၎င်းတို့၏ ဘာသာစကားဖြင့် အသံလွှင့်နိုင်ရေး ဥပဒေသစ်ကို ပြီးခဲ့သည့်နှစ်က အတည်ပြုခဲ့ပြီး တိုင်းပြည်တွင် ပထမဆုံး ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
    “ကျွန်မတို့ရဲ့ ရေဒီယိုက ကျွန်မတို့ ပရိတ်သတ်တွေအတွက် တော်တော်လေး အရေးကြီးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလိုမျိုး တစ်ချို့လူတွေဆိုရင် သူတို့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာ မသိပါဘူး” ဟု Wn Hai ရေဒီယိုအသံလွှင့်ဌာနမှ Nang Seng Reun က ပြောကြားခဲ့သည်။
    “ဒါ့ကြောင့် ကျွန်မတို့ဟာ ဒီရေဒီယိုကနေတစ်ဆင့် သတင်းအချက်အလက်တွေ ပေးနိုင်တယ်။ သူတို့ရဲ့ ကလေးတွေနဲ့ သူတို့ရဲ့ ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ကျွန်မတို့ ပြောပြပါတယ်”
    အစိုးရမှာ ဆင်ဆာဖြတ်မှုကို မြန်မြန်ဆန်ဆန်ပင် ပယ်ဖျက်ခဲ့သော်လည်း လူနည်းစုခေါင်းဆောင်များက ၎င်းတို့၏ ယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်ရေးနှင့် ၎င်းတို့၏ တိုင်းရင်းသားဘာသာစကားများကို အစိုးရကျောင်းများတွင် သင်ကြားနိုင်ရေး ပိုမိုဆောင်ရွက်ရန် လိုအပ်နေသည်ဟု ခံစားနေရသည်။
    “ရှမ်းဘာသာစကားဆိုတာလည်း ကျွန်မတို့တိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်မတို့ ဒါကို လစ်လျူရှုလို့ မရပါဘူး။ ကျွန်မတိုရဲ့ ရှမ်းဘာသာစကားကို ထိန်းသိမ်းထားဖို့ဆိုတာ ကျွန်မတို့အတွက် အရေးကြီးပါတယ်” ဟု ‘မျိုးဆက်သစ်’ စာသင်ကျောင်းမှ Nang Jam Kham က ပြောကြားခဲ့သည်။
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းရင်းသားများ၏ စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။
    ဆယ်စုနှစ်များစွာ ကြာညောင်းခဲ့သည့် စစ်အာဏာအာဏာရှင်လက်အောက်မှ လွတ်မြောက်လာခဲ့ကြသည့် တိုင်းရင်းသား လူနည်းစုများကတော့ ၎င်းတို့ ကြိုးပမ်းအားထုတ်မှုများ၏ အသီးအပွင့်ကို နောက်ဆုံးတွင် ခံစားရလိမ့်မည်ဟု မျှော်လင့်နေကြပေသည်။
    Ref : Aljazeera
  • ကမ္ဘာ့သက်တမ်းအရင့်ဆုံး နိုင်ငံတော်အလံများ
    ကမ္ဘာ့သက်တမ်းအရင့်ဆုံး နိုင်ငံတော်အလံများ
    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media
    – နိုင်ငံတော်တော်များများအတွက် သူတို့ရဲ့ နိုင်ငံတော်အလံကို သတ်မှတ်တဲ့အချိန်ဟာ အရေးပါပြီး၊ တစ်ချို့တွေအတွက်တော့ အငြင်းပွားဖွယ် ဖြစ်တတ်ပါတယ်။ ဒီဇိုင်းတွေ အမျိုးမျိုးပြောင်းလဲတာကြောင့် နိုင်ငံတစ်ခုချင်းစီရဲ့ နိုင်ငံတော်အလံ စတင်သတ်မှတ်ခဲ့တဲ့ နေ့ရက်အတိ အကျ၊ ခုနှစ်အတိအကျကို မသိရှိနိုင်ပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီဇိုင်းမပြောင်းလဲဘဲ ယနေ့အထိ သက်တမ်းအရှည်ကြာဆုံး ဆက်တိုက် အသုံးပြုခဲ့တဲ့ နိုင်ငံတော်အလံ ၅ ခုကို ဖော်ပြလိုက်ပါတယ်။
    ၁။ စကော့တလန်အလံ (၈၃၂)
    f 1
    စကော့တလန်အလံဟာ အမှောင်ခေတ်ကာလ တိုက်ပွဲတွေဖြစ်နေတဲ့ အေဒီ ၈၃၂ မှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဥရောပရဲ့ သက်တမ်းအရင့်ဆုံးအလံဖြစ်ပြီး တစ်ခါတစ်ရံမှာ ဒီအလံကို The Scotland Saltire၊ Saltire၊ ဒါမှမဟုတ် St Andrew’s Cross လို့လည်း ခေါ်ပါတယ်။ စကော့တလန်အလံရဲ့ နောက်ခံအရောင်ကို မိုးပြာရောင်သုံးထားပြီး သာမန်အပြာရောင်နဲ့ အရောင်ထပ်တင်ကာ အဖြူရောင် ထောင့်ဖြတ် ကြက်ခြေခတ်ကို ထည့်သွင်းထားပါတယ်။
    ဒီအလံဟာ အင်္ဂလိပ်အက္ခရာ X ပုံသဏ္ဍာန် လက်ဝါးကပ်တိုင်မှာ အသတ်ခံခဲ့ရတဲ့ ခရစ်ယာန်သူတော်စဉ် စိန့်အန်ဒရူးကို ကိုယ်စားပြုတာဖြစ်တယ်လို့ သိရပါတယ်။ စကော့တလန်နိုင်ငံမှာ စိန့်အန်ဒရူးနေ့ရောက်ပြီဆိုရင် လူတွေဟာ အဲဒီလက်ဝါးကပ်တိုင် တံဆိပ်တွေကို ဦးထုပ်တွေမှာ တပ်ဆင်လေ့ရှိကြပါတယ်။
    ၂။ သြစတြီးယားအလံ (၁၂၃၀)
    f 2
    သြစတြီးယားအလံရဲ့ ဒီဇိုင်းကတော့ အကွာအဝေးတူညီတဲ့ အနီ-အဖြူ-အနီ ကန့်လတ်ဖြတ် အစင်း ၃ စင်းဖြစ်ပြီး သမိုင်းကြောင်းအရတော့ ဘာဘန်ဘာ့ဂ်မင်းဆက် (Babenberg) က အသုံးပြုခဲ့တဲ့ အမှတ်အသားဖြစ်တယ်လို့ သိရပါတယ်။ အစပိုင်းကတော့ လိမ္မော်-အဖြူ-အပြာစင်းဖြစ်ပြီး နောက်ပိုင်းမှာတော့ လိမ္မော်နဲ့ အပြာရောင်တွေကို အနီရောင် ပြောင်းခဲ့ကြပါတယ်။
    ဒဏ္ဍာရီပြောစကားတွေအရ ဒီအလံကို သြစတြီးယားမြို့စား လီယိုပို ၅ (Leopold V) က တီထွင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ‘အေခရီ စီးနင်းတိုက်ခိုက်မှု’ (၁၁၈၉-၁၁၉၁) နောက်ပိုင်း ပေါ်ထွက်လာတာလို့ ဆိုပါတယ်။ အင်မတန်ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်းမှာ လီယိုပိုလ်ရဲ့ အပေါ်ရုံဝတ်စုံဟာ သွေးတွေနဲ့ နီရဲသွားခဲ့ပါတယ်။ သူ့ရဲ့ခါးပတ်ကို ချွတ်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ အောက်ခံအ၀တ်အစားဟာ အဖြူရောင်ဖြစ်နေပြီး အနီ-အဖြူ-အနီ အစင်းကြားပုံစံမျိုး ဖြစ်နေပါတော့တယ်။ အဲဒီ မြင်ကွင်းကို ကြည့်ပြီးနောက်ပိုင်းမှာ လီယိုပိုလ်ဟာ သြစတြီးယားအလံကို ဒီအရောင်တွေနဲ့ ဒီဇိုင်းထွင်ခဲ့တာပါ။
    ဒီအလံကို ၁၁၀၅ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ပေမယ့် ၁၂၃၀ ခုနှစ်ရောက်မှသာ နိုင်ငံတော်အလံအဖြစ် တရားဝင် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
    ၃။ လတ်ဗီးယားအလံ (၁၂၈၀)
    f 3
    ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး အလံတွေထဲမှာ လတ်ဗီးယားအလံလည်း ပါဝင်ပါတယ်။အလယ်ခေတ် ရာဇ၀င်တစ်ခုဖြစ်တဲ့ Rhymed Chronicle of Livonia မှာတော့ ဒီအလံကို ၁၂၈၀ လောက်မှာ အသုံးပြုတယ်လို့ ဖော်ပြထားပြီး လတ်ဗီယားမျိုးနွယ်တွေဟာ အနီကို မူလအရောင်ထားကာ အဖြူအစင်းကြားတစ်ခုနဲ့ တွဲဖက်သုံးစွဲခဲ့တယ်လို့လည်း ဆိုပါတယ်။
    LatvianHistory.com မှာတော့ ‘လတ်ဗီးယား ဆာမီဂါလီယန်မျိုးနွယ်’ (Latvian Semigallian) ခေါင်းဆောင်ဟာ ကျူတိုးနစ် ခရစ်ယာန်သာသနာပြု စစ်တပ် (ခရူးဆိတ်စစ်တပ်) က ထိန်းချုပ်ထားတဲ့ ရီဂါ၊ လတ်ဂါလီယန်တို့ကို တိုက်ခိုက်တဲ့အခါမှာ စီဇစ် (Cesis) ဒေသက စစ်သားတွေဟာ ခရစ်ယာန် သာသနာပြုစစ်သားတွေဖက်က ကူညီကြပြီး၊ လတ်ဂါလီယန်မြို့သားတွေကတော့ အနီ-အဖြူ-အနီ ကန့်လတ်ဖြတ်အစင်းပါတဲ့ အလံတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ရာဇ၀င်ဆရာတွေကတော့ ဒီအလံကို ‘လတ်လူမျိုးများ၏ အလံ’ လို့ သတ်မှတ်ခဲ့ကြပြီး လတ်ဗီးယားအလံ စတင်ပေါ်ပေါက်လာတယ်လို့ မှတ်ယူခဲ့ကြပါတယ်။
    အခြား ဒဏ္ဍာရီတစ်ခုမှာတော့ လတ်ဗီးယားမျိုးနွယ်က အကြီးအကဲဟာ စစ်ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ပိတ်အဖြူနဲ့ ထုတ်ထားခဲ့ရပြီး သူလဲလျောင်းနေတဲ့နေရာက အဖြူရောင် ကျန်ရစ်ခဲ့ပေမယ့် အစွန်းနှစ်ဖက်ကတော့ သွေးတွေစွန်းကာ အနီရောင် ပြောင်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နောက်ထပ်စစ်ပွဲတစ်ခုမှာတော့ ဒီသွေးပေနေတဲ့ ပိတ်စကို အလံအဖြစ် လတ်ဗီးယားမျိုးနွယ်တွေက အသုံးပြုခဲ့တာပါ။ အဲဒီဒဏ္ဍာရီအရ ဒီအလံကို အသုံးပြုခဲ့တဲ့ စစ်ပွဲမှာ လတ်ဗီးယားတွေက အနိုင်ရပြီး ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
    ၄။ ဒိန်းမတ်အလံ (၁၃၀၇ သို့မဟုတ် ထိုထက်အစောပိုင်း)
    f 4
    ဒိန်းမတ်နိုင်ငံမှာတော့ သူတို့ရဲ့ နိုင်ငံတော်အလံကို ‘Dannebrog’ ဒါမှမဟုတ် ‘Danish cloth’ လို့ ခေါ်တွင်ပါတယ်။ အနီရောင်နောက်ခံမှာ အဖြူရောင် စကင်ဒီနေဗီယံလက်ဝါးကပ်တိုင်နဲ့ လက်ရှိဒီဇိုင်းကိုတော့ ၁၃၀၇ ဒါမှမဟုတ် အဲဒီအချိန်ကာလထက် အရင် တရားဝင် နိုင်ငံတော်အလံအဖြစ် အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်အလံဟာ ‘တစ်ဆက်တည်း မပြောင်းမလဲအသုံးပြုခဲ့တဲ့ သက်တမ်းအရင့်ဆုံး နိုင်ငံတော်အလံ’ အဖြစ် ကမ္ဘာ့အံ့ဖွယ်မှတ်တမ်း (Guinness World Record) မှာ မှတ်တမ်းတင်ခြင်း ခံထားရပါတယ်။
    ဒဏ္ဍာရီအရတော့ ဒီအလံဟာ ၁၂၁၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ‘လင်ဒါနစ်စီတိုက်ပွဲ’ (Battle of Lyndnisse) မှာ ရရှိခဲ့တာလို့ ဆိုပါတယ်။ ဒိန်းမတ်လူမျိုးတွေဟာ အက်စတိုးနီးယား သာသနာပြုစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီး နောက်ပိုင်း ဘုရားသခင်ထံမှာ ဆုတောင်းပြီးတဲ့အခါ ဒီအလံဟာ ကောင်းကင်ပေါ်ကနေ ကျလာတယ်လို့ ဒဏ္ဍာရီက ဆိုပါတယ်။ ဒီအဖြစ်အပျက်အပြီးမှာဒိန်းမတ်ဘုရင် ဗာလ်ဒီမာရ် ၂ (Valdemar II) ဟာ အက်စတိုးနီးယားတွေကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီအလံအသုံးပြုမှုကို ဒီစစ်ပွဲအပြီး နောက်ထပ် နှစ်ပေါင်း ၁၀၀ လောက်ကြာပြီးမှ တွေ့ခဲ့ရတာပါ။ ဒီ ဒဏ္ဍာရီဟာ သမိုင်းမှတ်တမ်း၊ ခိုင်လုံတဲ့မှတ်တမ်းမျိုး မဟုတ်ပေမယ့် အများစုကတော့ ဒီအဖြစ်အပျက်ကို အမှန်လို့ ယုံကြည်လက်ခံထားကြပါတယ်။
    သမိုင်းရင်းမြစ်တစ်ချို့အရတော့ ရောမအင်ပါယာဟာ သူ့လက်အောက်မှာရှိတဲ့ ဒေသတွေကို ကိုယ်စားပြုဖို့အတွက် ဒီအလံဒီဇိုင်းမျိုးကို အသုံးပြုခဲ့တယ်လို့ သိရပေမယ့် ဒိန်းမတ်ကတော့ ရောမလက်အောက် မရောက်ခဲ့ပါဘူး။ အလံက အဖြူရောင် လက်ဝါးကပ်တိုင်ကတော့ ခရစ်ယာန်သာသနာကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ဒီလက်ဝါးကပ်တိုင်ဒီဇိုင်းကို အခြား နော်ဒစ်တိုင်းပြည်တွေဖြစ်တဲ့ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်နဲ့ အိုက်စလန်တို့က မွေးစား အသုံးပြုခဲ့ကြပါတယ်။
    ၅။ အလ်ဘေးနီးယား (၁၄၄၃)
    f 5
    အလ်ဘေးနီးယားအလံဒီဇိုင်းက အနီရောင်နောက်ခံမှာ ခေါင်းနှစ်လုံးပါဝင်တဲ့ သိမ်းငှက်ပုံကို အလယ်တည့်တည့်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ တိုင်းပြည်ကို အုပ်စိုးနေတဲ့ အော်တိုမန်အင်ပါယာကို ဆန့်ကျင်တဲ့အနေနဲ့ အလ်ဘေးနီးယားရဲ့ အမျိုးသားခေါင်းဆောင်ကြီး စကန်ဒါဘာ့ဂ် (ဂျော့ဂ်ျ ကက်စ်ထရီယိုတီ) ဟာ ‘ကရူဂျီခံတပ်’ ကနေ ၁၄၄၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ စတင် လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ ခေါင်းနှစ်လုံးပါတဲ့ သိမ်းငှက်ပုံစံက ဘိုင်ဇန်တိုင်းအင်ပါယာက အမှတ်အသားကို ဆွဲယူအသုံးပြုထားတာပါ။
    အဲဒီ သိမ်းငှက်ပုံကို ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်းမှာ အလ်ဘေးနီးယား အမျိုးသားရေးဝါဒီတွေက အော်တိုမန်လက်အောက်က လွတ်လပ်ရေးရဖို့ လှုပ်ရှားရာမှာ သူတို့ရဲ့ အမှတ်အသားအဖြစ် ပြန်လည် အသုံးပြုခဲ့ကြပါတယ်။ ၁၉၁၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ အလ်ဘေးနီးယားဟာ လွတ်လပ်ရေးရခဲ့ပြီး ဒီအလံကိုပဲ နိုင်ငံတော်အလံအဖြစ် တရားဝင်သတ်မှတ်ခဲ့ပါတယ်။
    Ref : patriotwood.com
  • နေတန်ယာဟု (သို့မဟုတ်) အစ္စရေး၏ ပြိုင်ဘက်ကင်း ကြောင်သူတော်
    နေတန်ယာဟု (သို့မဟုတ်) အစ္စရေး၏ ပြိုင်ဘက်ကင်း ကြောင်သူတော်
    သြဂုတ် ၁၃၊ ၂၀၁၆
    M-Media
    (ယဲလ်ဆင်ရေးသားသည်)
    naytanyahu
    – “အစ္စရေးဝန်ကြီးချုပ်ဖြစ်တဲ့ ကျွန်တော်ဟာ ပါလက်စတိုင်းတွေကို သူ့တို့ရဲ့ ခေါင်းဆောင်တွေ ဂရုစိုက်တာထက် ပိုပြီး ဂရုစိုက်ပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်းတွေကို သူတို့ ခေါင်းဆောင်တွေ ဂရုစိုက်တာထက် ပိုပြီး ဂရုစိုက်ပါတယ်”
    အထက်ပါမှတ်ချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကြာသာပတေးနေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး ဟားမက်စ်ကို ငွေကြေးထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂါဇာက အကူအညီပေးရေးဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ နိုင်ငံတကာက ဝေဖန်မှုကို ပြန်လည် တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
    အစ္စရေးက ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP မှာ ၂၀၀၃ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ၀ါဟစ် ဘော့ရှ်ကို အခုတစ်ပတ်အစောပိုင်းမှာ အစ္စရေးက ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်ကလည်း ဂါဇာက အမေရိကန်အခြေစိုက် ပရဟိတအဖွဲ့ World Vision အဖွဲ့က အကြီးတန်းမန်နေဂျာဖြစ်သူ မိုဟာမက် အလ်ဟာလာဘီကို ဟားမက်စ်အတွက် ဒေါ်လာသန်းပေါင်းများစွာပေးခဲ့တယ်လို့ စွပ်စွဲကာ အစ္စရေးက တရားစွဲဆိုခဲ့ပါသေးတယ်။
    Wolrd Vision ကတော့ သူတို့ဝန်ထမ်း ဒီလိုလုပ်တယ်ဆိုတာ ခိုင်မာတဲ့အထောက်အထားမပြနိုင်သေးဘဲ သူတို့ ဂါဇာမှာ သုံးစွဲခဲ့တဲ့ငွေကြေးနဲ့ အစ္စရေးက ဟားမက်စ်ဆီရောက်တယ်ဆိုတဲ့ ငွေကြေးပမာဏဟာ တော်တော်လေး ကွာခြားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်ေးရးမှူး ရောဘတ် ပီပါကတော့ တကယ်လို့ ဒီစွပ်စွဲမှုတွေကို ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် သက်သေပြနိုင်ရင်တော့ ဒါဟာ မဖြစ်မနေ ရှုတ်ချရမယ့်ကိစ္စ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ကြောင်သူတော်
    ၂၀၀၉ ခုနှစ် ၀န်ကြီးချုပ်အာဏာ စရကည်းက နေတန်ယာဟုဟာ ပါလက်စတိုင်းပိုင်နက်တွေမှာ ကျူးကျော်အိမ်ယာတွေ ဆောက်လုပ်တာ၊ နိုင်ငံတကာက သတ်မှတ်ပေးထားတဲ့ ပါလက်စတိုင်းနယ်နမိတ်ကို ငြင်းပယ်တာ၊ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောကြားတာ စတဲ့လုပ်ရပ်တွေနဲ့ ပါလက်စတိုင်း ပိုင်နက်တွေကို တစ်စတစ်စ သိမ်းယူဖို့ ကြိုးစားလာခဲ့တာဟာ အရင်အစ္စရေးအစိုးရတွေရဲ့ လုပ်ရပ်ထက်ကို ပိုမိုပြင်းထန်လာခဲ့ပါတယ်။
    ပါလက်စတိုင်းပြည်သူတွေကိုလည်း သွားလာခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့် ကန့်သတ်ချုပ်ချယ်တာတင် မကသေးဘဲ ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးချုပ်နှောင်တာ၊ ဂျူးအစွန်းရောက်တွေရဲ့ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုတွေကို လစ်လျူရှုတာတွေလည်း ပြုလုပ်ခဲ့တာကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အကြိမ်ကြိမ်သတိပေးမှုကို ခံခဲ့ရသူပါ။
    ဂါဇာကမ်းမြှောင်ဒေသကတော့ နေတန်ယာဟုဦးဆောင်တဲ့ အစ္စရေးအစိုးရရဲ့ ရမ်းကားမှုကို ခါးစည်းခံခဲ့ရတဲ့ဒေသ ဖြစ်ခဲ့ပါတယ်။
    ၂၀၀၇ ခုနှစ်က ဂါဇာကို အနောက်ဖက်ကမ်းနဲ့ ဆက်သွယ်မှု ပိတ်ဆို့ခဲ့ပြီး ဟားမက်စ်က ဒုံးကျည်လွှတ်တယ်ဆိုတာကို အကြောင်းပြကာ မထင်ရင်မထင်သလို ဂါဇာက အဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။
    ဂါဇာမှာ အစ္စရေးရဲ့ ထင်တိုင်းကြဲမှုကို ထင်ရှားသွားစေခဲ့တာကတော့ ၂၀၁၄ ဇူလိုင် ၈ ရက်နေ့မှာ စတင်ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုပါပဲ။ ဟားမက်စ်က အစ္စရေးဘက်ကို ဒုံးကျည်ပစ်လွှတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ အစ္စရေးရဲ့ အဲဒီတိုက်ခိုက်မှုဟာ ၇ ပတ်တိတိ ကြာမြင့်ခဲ့ပြီး ပါလက်စတိုင်းပြည်သူ ၂၂၅၁ ဦးသေဆုံးခဲ့ကာ အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။
    စာသင်ကျောင်း၊ ဆေးရုံ၊ မသန်စွမ်းကုသရေးစင်တာ အားကစားရုံ စတာတွေအပါအ၀င် ဂါဇာက အခြေခံအဆောက်အအုံ အားလုံးနီးပါးဟာလည်း အစ္စရေးရဲ့လက်ချက်ကြောင့် ပြာပုံဖြစ်ခဲ့ရပါတယ်။
    ဘာအကွက်ရွှေ့လဲ
    ပါလက်စတိုင်းတွေကို သူတို့ရဲ့ခေါင်းဆောင်တွေထက် အစ္စရေးက ပိုပြီး ဂရုစိုက်တယ်ဆိုတဲ့ စကားဟာ တစ်ကယ်တော့ အထင်ကြီးစရာစကားပါ။ ပါလက်စတိုင်းတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ အမျိုးမျိုးပြုလုပ်ခဲ့ပြီး သူတို့ရဲ့ နိုင်ငံတည်ရှိခွင့်ကိုပါ လူသိရှင်ကြား ငြင်းပယ်ခဲ့တဲ့ နေတန်ယာဟုရဲ့ ပါးစပ်က ဒီစကားထွက်လာတာက ယုံရခက်ခက်ပါပဲ။
    အစ္စရေးဟာ ပါလက်စတိုင်းတွေကို အကူအညီပေးနေတဲ့အဖွဲ့တွေရဲ့ ငွေကြေးစီးဆင်းမှုတွေကို တင်ပြဖို့အတွက် ပြီးခဲ့တဲ့လမှာပဲ ဥပဒေ ပြဌာန်းခဲ့ပြီး၊ ဝေဖန်ဆန်းစစ်သူတွေကတော့ အခုလိုပြောကြားမှုဟာ အဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူတွေကို ပိုမို ဒုက္ခရောက်စေဖို့ နေတန်ယာဟုရဲ့ ၀ါဒဖြန့်မှုနည်းလမ်းအသစ်လို့ ပြောခဲ့ကြပါတယ်။
    ၂၀၀၇ ခုနှစ်က စတင်ခဲ့တဲ့ အစ္စရေးရဲ့ ပိတ်ဆို့ထားမှုကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစစအရာရာ ကျပ်တည်းနေတဲ့ ဂါဇာကမ်းမြှောင်ဒေသဟာ ၂၀၁၄ ခုနှစ်က အစ္စရေးရဲ့ ရက် ၅၀ နီးပါးကြာ ကျူးကျော်တိုက်ခိုက်မှုကြောင့် လုံးဝ ခြွတ်ခြုံကျသွားခဲ့ပါတယ်။
    လက်ရှိမှာ ဂါဇာပြည်သူတွေရဲ့ ၄၃ ရာခိုင်နှုန်းဟာ အလုပ်မရှိကြဘဲ အဲဒီ အလုပ်လက်မဲ့တွေထဲက ၆၀ ရာခိုင်နှုန်းကျော်ဟာ လူငယ်တွေဖြစ်ကြပါတယ်။ ဂါဇာဟာ ကမ္ဘာပေါ်မှာ အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဒေသတစ်ခု ဖြစ်ပါတယ်။
    အခြေခံစားသောက်ကုန်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်တဲ့ပစ္စည်းတွေ တင်သွင်းမှုကို အစ္စရေးက တင်းတင်းကျပ်ကျပ် ကန့်သတ်ထာပြီး ဆောက်လုပ်ရေးပစ္စည်းတွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ အခြားသော ကုန်ပစ္စည်းတွေ တင်သွင်းမှုကိုလည်း လုံးဝနီးပါး ပိတ်ပင်ထားပါတယ်။
    လူပေါင်း ၁ သိန်းလောက်ရဲ့ အိမ်တွေဟာ အစ္စရေးရဲ့ ဖျက်ဆီးခြင်း ခံထားရပြီး၊ လူပါင်း ၇၅၀၀၀ လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဂါဇာကမ်းမြှောင်အတွင်း ပေးဝေနေတဲ့ ရေရဲ့ ၉၆ ရာခိုင်နှုန်းဟာ ကျန်းမာရေးအတွက် စိတ်မချရဘဲ၊ လျှပ်စစ်ဟာလည်း တစ်နေ့ကို ၁၂ နာရီလောက်သာ ရရှိပါတယ်။
    တိုက်ခိုက်မှုတွေကြောင့် အလွန်အမင်းစိတ်ဒဏ်ရာရကာ ကုသဖို့လိုအပ်နေတဲ့ ကလေးငယ်တွေဟာ ၃ သိန်းကျော်လောက်ရှိပြီး၊ သူတို့ထဲက အများစုဟာ မိဘတွေ၊ ဆွေမျိုးတွေ ညီအစ်ကို မောင်နှမတွေ ဆုံးရှုံးထားရပါတယ်။
    ဒါ့ကြောင့် ဒီနေ့ ဂါဇာပြည်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ အသက်ရှင် ရပ်တည်နေရတာဖြစ်ပြီး၊ သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်တွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကို လုံးဝ မှိခိုအားထားနေရတာ ဖြစ်ပါတယ်။
    နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေဟာ ဟားမက်စ်ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာအပြီးမှာတော့ Wold Vision က ဂါဇာမှာ သူတို့ရဲ့ အကူအညီပေးမှုကို ယာယီ ရပ်တန့်လိုက်ပြီး ဂျာမနီနဲ့ သြစတေးလျတို့ကလည်း World Vision ကိုပေးနေတဲ့ အလှူငွေတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
    ပါလက်စတိုင်းလူ့အခွင့်အရေးအဖွဲ့ Al-Haq က အထွေထွေဒါရိုက်တာဖြစ်သူ ရှာဝမ် ဂျာဘာရင်က အစ္စရေးဟာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ကြောက်ရွံ့မှုတွေဖြစ်အောင်လုပ်ပြီး ပါလက်စတိုင်းတွေကို ထောက်ပံ့မှု လျှော့နည်းသွားအောင် ၀ါဒဖြန့်နေတာဖြစ်လို့ ပြောကြားခဲ့ပါတယ်။
    “နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို အခြေပျက်အောင် သူတို့ ကြိုးစားနေတာပါ” လို့ ဂျာဘာရင်ကဆိုပြီး နေတန်ယာဟုဟာ ပါလက်စတိုင်းအဖွဲ့အစည်းတွေကို အကူအညီပေးတာတွေ ရပ်တန့်ဖို့အတွက် ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေကို သွေးဆောင်နေတယ်လို့လည်း ထည်သွင်းပြောကြားခဲ့ပါတယ်။
    နိုင်ငံတကာ ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရဲ့ ပါလက်စတိုင်းအဖွဲ့ခွဲက တာဝန်ရှိသူ အယဒ် အဘူ တာအစ်ရှ်ကတော့ နေတန်ယာဟုရဲ့ ဒီဆောင်ရွက်မှုဟာ ကမ္ဘာ့ ထိခိုက်ခံစားရမှုအများဆုံး လူ့အဖွဲ့အစည်းပေါ် ပဋိပက္ခဖြစ်ပွားနေစဉ်မှာရော၊ မဖြစ်တဲ့အချိန်မှာပါ စနစ်တကျ ငြှင်းဆဲလိုတဲ့ ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့လည်း ဆိုပါတယ်။
    “၂၀၀ ခုနှစ်က စတင်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် အုံကြွမှုဖြစ်ပေါ်ပြီးခဲ့ကတည်းက ပါလက်စတိုင်း ပိုင်နက်တွေမှာ အစ္စရေးတပ်တွေ တည်ရှိမှုရလဒ်ကြောင့် ကလေငယ် ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီအရေအတွက်ကို ကြည့်ခြင်းအားဖြင့် အသက်ရှင်ရပ်တည်ခွင့်အပါအ၀င် ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို အစ္စရေးက ဘယ်လောက်ချိုးဖောက်နေလဲဆိုတာ ပြသနေပါတယ်” လို့ တာအစ်ရှ်က ဆိုပါတယ်။
    ပါလက်စတိုင်းတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေကို ပြုလုပ်တာဟာ သူတို့ရဲ့အသက်ရှင်ရပ်တည်မှုမှာ မျှော်လင့်ချက်ကင်းမဲ့မှုတွေဖြစ်ကာ ထင်ရာလုပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ကုလအပါအ၀င် နိုင်ငံတကာအ၀ိုင်းအ၀ိုင်းက အစ္စရေးကို သတိပေးထားပါတယ်။
    ပါလက်စတိုင်းပိုင်နက်တွေမှာ မတည်ငြိမ်မှုတွေဖြစ်လာတိုင်း စစ်တပ်တွေ တိုးချတာ၊ နယ်မြေချဲ့ထွင်မှုတွေပြုလုပ်တာ၊ ကျူးကျော်အိမ်ယာတွေ တိုးချဲ့ဆောက်လုပ်တာတွေကို ပြုလုပ်လေ့ရှိတဲ့ အစ္စရေးအနေနဲ့ ပါလက်စတိုင်းတွေကို ကူညီနေတဲ့ ပရဟိအဖွဲ့တွေ လျော့နည်းအောင် ပြုလုပ်တဲ့ နောက်ကွယ်က ဘာရည်ရွယ်ချက်မရှိလဲဆိုတာကိုတော့ နေတန်ယာဟု ကိုယ်တိုင်မှတစ်ပါး ဘယ်သူမှ မသိနိုင်ကြောင်းပါ။
    Ref: Aljazeera, independent,wiki,oxfam.org
  • ၈- ၈ -၈၈ အရေးတော်ပုံကြီးကပေးခဲ့သော ကောင်းသော သင်ခန်းစာ တစ်ရပ်
    ၈- ၈ -၈၈ အရေးတော်ပုံကြီးကပေးခဲ့သော ကောင်းသော သင်ခန်းစာ တစ်ရပ်
    သြဂုတ် ၇ ၊ ၂၀၁၆
    M-Media
    ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်) ရေးသည်။
    8888
    မြန်မာပြည်အနှံ့ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူလူထုအပေါင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလတစ်ပါတီ) အာဏာရှင်စနစ်ကိုအံတု၊ ဆန့်ကျင်သောအားဖြင့် လမ်းများပေါ်ထွက်ကာ ဆန္ဒ ပြခဲ့သည့် ၈-၈-၈၈ (ရှစ်လေးလုံး) နှစ်ပတ်လည် အခမ်းအနားကြီးသည်လည်း မကြာခင် ၂၈ နှစ်  ပြည့်တော့မည်ဖြစ်သည်။
    စစ်အာဏာရှင်အငွေ့အသက်များကို ရှူရှိုက်လိုသည့် အခွင့်ထူးခံ၊ လက်တစ်ဆုတ်စာ လူတစ်စု အလိုတော်ရှိများ အလိုကျရေးနေ၊ ပြောနေသော၊ လူမှု့ရေးကွန်ယက် မီဒီယာများကလည်း ယနေ့ အချိန်ထိ ရှိနေပါသည်။ ထိုသူများက အာဏာရှင် ဘက်တော်သားများဖြစ်သည့် အလျောက် ၈-၈-၈၈ (ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် လူသတ်၊ ခေါင်းဖြတ်၊ မင်းမဲ့စရိုက်များ ရှိခဲ့ကြောင်း ဖော်ပြကြပြီး ထိုအရေးတော်ပုံကြီးအား သေးသိမ်အောင်၊ အကျဉ်းတန်အောင်၊ မသိမသာ ထိုးနှက်နေပြန်သည်။
    ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့ရခြင်း၏ အဓိကကြောင်းအရင်းများကို ဆန်းစစ် ကြည့်လျှင် ၁၉၆၂ ခု မတ်လ (၂) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် မိမိလူတစ်စု၊ တစ်ဖွဲ့ကိုယ် ကျိုးအတွက် နိုင်ငံတော်အာဏာကို ၂၆ နှစ်ကြာ တစ်ပါတီ၊ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ ခု ဇူလိုင်လ (၇) ရက်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဒိုင်းနမိုက် ဖြင့် ဖြိုခွဲ ဖျက်ဆီးခဲ့သည်။ လှုပ်ရှားတက်ကြွသော ကျောင်းသားလူငယ်များကို ဖမ်းဆီး၊ ထောင်ချ၊ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ၁၉၇၄ ခု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ဈာပနအခမ်းအနားတွင်လည်း စစ်တပ်ကို တက္ကသိုလ်ကျောင်းဝင်းအတွင်း ၀င်ရောက်စီးနင်းစေကာ တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ရက်ရက်စက်စက် ဖြိုခွင်းခဲ့သည်။ ထို့နောက် မှိုင်းရာပြည့်အရေးအ
    ခင်း ဆန်ပြဿနာအကြောင်းခံကာ တရုတ်-ဗမာ အရေးအခင်း၊ ၁၉၈၇ ခုနှစ်တွင် ကုလား-ဗမာ ပြည်၊ တောင်ကြီး အရေးအခင်းများကို ဖန်တီးကာ၊ နိုင်ငံရေးအာရုံလှည့်ခဲ့သည်။
    ထို့ကြောင့်လည်း မြန်မာနိုင်ငံရေးလောကတွင်၊ လက်ညိုးထောင်ခေါင်းညိမ့်၊ အပေါ်ဖား၊ အောက်ဖိ၊ အရည်အချင်းမရှိ၊ အချောင်သမားလူတန်စားများ၊ အုပ်ချုပ်ရေး နယ်ပယ်တွင်၊ ဒုနဲ့ဒေး ဖြစ်လာခဲ့ တော့သည်။ တစ်ချိန်က အရှေ့တောင်အာရှတွင် စင်္ကာပူထက်သာလွန်ခဲ့သော မြန်မာနိုင်ငံကြီးသည်ကမ္ဘာ့အဆင်းရဲဆုံး ဖွံ့ဖြိုးမှု့အနှေးကွေးဆုံး စာရင်းဝင်နိုင်ငံတစ်ခု ဖြစ်သွားခဲ့သည်။
    ထို့အပြင် “မဆလ” တစ်ပါတီအာဏာရှင်စနစ်လက်ထက်တွင်ပင် ပြည်သူလူထု၏ ချွေးနည်းစာငွေ များ ၁၀၀ ကျပ်တန်၊ ၉၀ ကျပ်တန်၊ ၄၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ငွေစက္ကူများသုံးစွဲခြင်းကို တရားမ၀င်ငွေများဖြစ်ကြောင်း အမိန့်အာဏာဖြင့် ထုတ်ပြန်ခဲ့ခြင်း။ ရန်ကုန်စက်မှု့တက္ကသိုလ်ဝင်းအတွင်း၊ဆန္ဒပြကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကို လုံထိန်းအထူးရဲများ၏ ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ရသည်ကို အချွန်ဖြင့်ထိုးမိ၍ သေဆုံးခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင်
    လိမ်ညာထုတ်ပြန်ခဲ့ခြင်း။ လုံထိန်းရဲများကြောင့် ရန်ကုန်စက်မှု့တက္ကသိုလ်ကျောင်းသားနှစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်သည် အခြား ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များသို့ပါ ကူးစက်ပြန့်နှံ့ခဲ့ပြီး ကျောင်းသားထုက ထိုဖြစ်ရပ်ကို အမြန်ဆုံးဖော်ထုတ်စုံစမ်းပြီး ကျူးလွန်သူများကို အမြန်ဆုံးအရေးယူပေးပါရန်ရန်ကုန်မြို့ အင်းယားကန်၊ တံတားဖြူအနီး စုရုံး၊ ဆန္ဒပြ၊ တောင်းဆိုခဲ့သည်။ သို့သော် “မဆလ” အစိုးရက လုံထိန်းရဲများဖြင့် အတင်းအဓမ္မဖြိုခွင်းမှုကြောင့်၊ ထိခိုက်ဒဏ်ရာရသူရ၊ ရေထဲပြုတ်ကျသူပြုတ်ကျ၊ လုံထိန်းကားများတွင် ကျောင်းသား/သူများအား ဇွတ်အတင်း၊ ငါးပိ၊ ငါးချဉ်ဖိသိပ်သည့်အလား၊ လူမဆံစွာထည့်ပြီး ဖိနှိပ်၊ ရက်စက်ခဲ့မှုကြောင့်၊ အသက်ရှုကြပ်ပြီး ကျောင်းသား/သူအချို့သေဆုံးခဲ့ရသည့် ဖြစ်ရပ်ဆိုးများသည် အမှန်တကယ် မဟာရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ပါသည်။
    ထိုဖြစ်ရပ်များနှင့်ပတ်သက်လို့ တာဝန်ရှိ အစိုးရအာဏာပိုင်များက ပြည်သူလူထုနှင့်ကျောင်းသားထုကြီးအား တောင်းပန်ခဲ့ခြင်းမပြုဘဲ၊ “မဆလ” တစ်ပါတီအာဏာရှင်ကြီး ဦးနေ၀င်းက ရန်ကုန်မြို့ကျိုက္ကဆံ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် “ပြည်နယ်၊ တိုင်း မဆလပါတီ အရေးပေါ်၊ပါတီညီလာခံကြီး” တွင် ကျောင်းသားပြည်သူလူထုတစ်ရပ်လုံးအား ရည်ညွှန်း၍ “စစ်တပ်ဆိုတာ၊ပစ်ရင် တည့်တည့် ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဘူး” ဟု လူမိုက်ဆန်ဆန်၊ ခေါင်းဆောင်မပီသစွာတာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့စွာ၊ လက်လွတ်စပယ် ပြောဆိုခဲ့မှုကြောင့်၊ ၈-၈-၈၈ ခုနှစ်တွင်ရန်ကုန်မြို့၌ ကျောင်းသား/သူများ ဦးဆောင်ကာ မဆလတစ်ပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေးဒီမိုကရေစီရရေး တောင်းဆို ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရပါသည်။ နောက်ဆက်တွဲ ရလဒ်အနေဖြင့် ပါတီဥက္ကဌ ဦးနေ၀င်း နှုတ်ထွက်ခဲ့ပြီး၊ သတ်ရဲ၊ ဖြတ်ရဲတဲ့နေရာတွင် လူမိုက်ဆန်ဆန် လုပ်လေ့ရှိသောဦးစိန်လွင်အား သမ္မတ တင်မြှောက်ခဲ့သည်။ ဦးစိန်လွင်သည် တပ်မ ၂၂ စစ်တပ်အင်အားကို ရန်ကုန်မြို့သို့ခေါ်ခဲ့သည်။ ထို့နောက် အပ်တိုတစ်ချောင်းမျှ မရှိသော ဆန္ဒပြကျောင်းသား/သူများကိုဗကပယူဂျီ (ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက်အဖွဲ့အစည်းဝင်များ) ဟု တံဆိပ်မည်းတပ်ခဲ့သည်။ အထက်အမိန့်အဆင့်ဆင့် နာခံလေ့ရှိသော စစ်တပ်အား၊ အဆိပ်မှိုင်းများ သွတ်သွင်းကာ၊မတရားဝါဒဖြန့်ချီခဲ့သည်။
    ထို့ကြောင့်လည်း အထက်တန်း၊ အလယ်တန်း အဖြူ၊ အစိမ်းဝတ် ဆန္ဒပြကျောင်းသား/သူလေးများ၊ ရင်ဘတ်များ၊ ကျောများ ပွင့်ထွက်ကာ၊ မြင်မကောင်း၊ ရှု့မကောင်းအောင် ပိုးဆိုးပက်ဆက်သေပွဲဝင်ခဲ့ရသည်မှာ စာရေးသူမျက်မြင် ကိုယ်တွေ့ဖြစ်သည်။ ထိုသွေးစွန်းသော လုပ်ရပ်ဆိုးများကြောင့် ရဟန်းရှင်လူ၊ ပြည်သူလူထုကြီး မခံမရပ်နိုင်ဖြစ်ကာ မြန်ပြည်အနှံ့ တိုင်းနှင့်ပြည်နယ်ရှိ မြို့ကြီး၊ပြကြီးများသို့ ဆန္ဒပြလူပင်လယ်လှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ရတော့သည်။
    ရှစ်လေးလုံးဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲတွင် တစ်ပါတီအာဏာရှင် မဆလအစိုးရ၏ ရက်ရက်စက်စက် မိုက်မိုက်ကန်းကန်း၊ ပစ်ခတ်ဖြိုခွင်းမှု့ကို အခံရဆုံးမှာ ရန်ကုန်တိုင်းအတွင်းရှိ ဆန္ဒပြကျောင်းသားထုပင် ဖြစ်သည်။
    ကန့်လန့်ကာနောက်ကွယ် ကြိုးကိုင်သူများက သမ္မတ ဦးစိန်လွင်အား (၁၇) ရက်ပွဲထုတ်ခဲ့ပြီး၊ ဥပဒေပညာရှင်ဒေါက်တာ မောင်မောင်အား သမ္မတ တင်မြှောက်ခဲ့ပြန်သည်။ သမ္မတဒေါက်တာမောင်မောင်သည် အပြောအဟောကောင်းသည့် စာရေးဆရာတစ်ဦးလည်းဖြစ်သည်။ ဦးနေ၀င်း၏ အလွန်စိတ်ချ၊ ယုံကြည်ရဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ အာဏာရှင်ကြီး ဦးနေ၀င်း အလိုကျ ဥပဒေများကိုရေးဆွဲပေးနေ ရသူလည်းဖြစ်ပါသည်။
    ဒေါက်တာမောင်မောင် သမ္မတဖြစ်လာသောအခါ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးခဲ့သည်။ ထိုအခါပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ စ-စ-စ (စသုံးလုံး) အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အပါအ၀င် အစိုးရဌာနဆိုင်ရာ အတော်များများ၊ ရှေ့နေများ၊ စာပေဂီတ၊ ရုပ်ရှင်လောက၊ အနုပညာရှင်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ စသည်တို့သည် ပြည်သူလူထုနှင့်အတူ လမ်းများပေါ်ထွက်ကာ မကျေနပ်ချက်အလုံးစုံအား ရင်ဖွင့်ကာ ဆန္ဒပြပွဲများတွင် ပါဝင်လာခဲ့ကြတော့သည်။
    တစ်ချိန်တည်းမှာပင် မဆလအစိုးရသည် မြန်မာပြည်တစ်ဝန်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အကျဉ်း ထောင်များတွင် “အကျဉ်းသားများ ထောင်ကို မီးရှို့ကြသည်။ ထောင်ဖောက်ပြေးကြသည်။  ထို့ကြောင့် ထောင်အာဏာပိုင်များက ပစ်ခတ်၊ နှိမ်နှင်းအရေးယူရပါသည်” ဟူသော ကြေညာချက် သတင်းများကို နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ဝေေ၀ဆာဆာ တင်ပြခဲ့ကြသည်ကို သတိပြုမိသည်။
    အမှန်တကယ် နိုင်ငံအနှံ့ ထောင်ခါနေခြင်းဖြစ်သည်။ ထောင်ခါနေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ (၁) ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေသူများအား ထောင်ထဲထည့်ရန် (၂) လူသတ်၊ ခိုးဆိုး လုယက်၊ ဒုစရိုက်မှု၊ ရာဇ၀တ်မှုပေါင်း၊ မြောက် များစွာဖြင့် ထောင်ကျနေသူများကို ထောင်ကလွှတ် ပေးလိုက်လျှင် ထိုထောင်ချစ်သူများ ရာဇ၀တ်မှုအမျိုးမျိုးကို ထပ်မံကျူးလွန်ကြမည်။ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်ကြမည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာမည်။ ထိုအခါ စစ်တပ်က
    အာဏာသိမ်းမည် စသည်ဖြင့် ကြိုတင်ကြံစည်၊ မဟာဗျူဟာ၊ အကွက်ချထားခဲ့သောကြောင့် ထောင်ကျရာဇ၀င်လူဆိုးများကို တမင်ရည်ရွယ်ချက်ရှိရှိ ထောင်မှလွှတ်ပေးခဲ့ခြင်း ဖြစ်သည်ကို ဆန်းစစ်မိပါသည်။
    အမေကမွေး၊ ထောင်ကကျွေးနေသူ ရာဇ၀င်လူဆိုးများ ပုံစံအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ဖြင့် ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြကြသည့် ပြည်သူလူထုကြား ရောက်ရှိသွားကြသောအခါ မိမိတို့ ၏ပင်ကိုယ်စရိုက်အဖုံဖုံဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို တရားဥပဒေစိုးမိုးမှုကင်းမဲ့နေသော အချိန်များတွင် လုပ်ဆောင်ခဲ့မှု့များကြောင့် မင်းမဲ့စရိုက်ဆန်ဆန်အမှု့အခင်းများ၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ဖြစ်ပွားခဲ့ရပါသည်။ “ဆွမ်းဆန်ထဲ၊ ကြွက်ချေးရော” သွားသည့်အလား ငခုံးမတစ်ကောင်ကြောင့်၊ တစ်လှေလုံးပုပ်သည့်အလား ဖြစ်ပွားခဲ့ရသည်။
    သမ္မတဒေါက်တာမောင်မောင်က စစ်မိန့်များကို ရုတ်သိမ်းပေးခဲ့သည့်အခါ ဒီမိုကရေစီအရေး  တောင်းဆိုဆန္ဒပြကြသည့် လူပင်လယ်လှိုင်းများကလည်း တစ်နေ့ထက်တစ်နေ့ ဒီရေအလားအားကောင်းလာခဲ့သည်။
    စစ်တပ်က အစိုးရပိုင်၊ ကုန်လှောင်ရုံများမှ ပစ္စည်းများကို TE ကားများဖြင့်၊ အကြိမ်ကြိမ် သယ်ခဲ့ကြ သည်။ မသယ်ဘဲထားခဲ့သော၊ အကြွင်းအကျန်များကို ထိုအနီးတစ်ဝိုက်ရှိ ရပ်ကွက်များတွင် နေထိုင် ကြသော သေမထူး၊ နေမထူး ဆင်းရဲသားများ၊ ထောင်နန်းစံခဲ့ကြသူ ဆင်းရဲသားများက သွားယူခဲ့ကြ သည်။ ပစ္စည်းများယူနေစဉ်၊ စစ်တပ်၏ ရှောင်တခင်ပစ်ခတ်ဖြိုခွင်းခံခဲ့ရသူများလည်း ရှိပါသည်။ ထို အချိန် အာဏာရှင်ဒေါက်တိုင် စစ်ထောက်လှမ်းရေးများကလည်း ဒီမိုကရေစီအရေး ဆန္ဒပြပြည်သူ လူထုကြားထဲ ထိုးဖောက်ဝင်ရောက်ကာ ဥာဏ်နီ၊ ဥာဏ်နက်များသုံးကာ ဆန္ဒပြအဖွဲ့များအကြား၊ သပိတ်စခန်းများအကြား၊ ၀င်ရောက်ပူးကပ်သွေးခွဲ သပ်လျှိုကာ၊ စည်းရုံးလှုပ်ရှားမှုများသည် အတိုင်း အတာတစ်ခုအထိ ခရီးပေါက်ခဲ့သည်ကို လေ့လာမိသည်။
    ပမာပြရလျှင် ဒေါ်အောင်ဆန်းစုကြည်၏ရွှေတိဂုံဘုရားဝင်း လူထုအစည်းအဝေးဟောပြောမည့် မနက်ခင်းတွင် ရန်ကုန်မြို့လယ်ခေါင်၌ စစ်ထောက်လှမ်းရေး ဗိုလ်ကြီး ဦးဆောင်ကာ လူထုခေါင်း ဆောင်အား ပုဂ္ဂိုလ်ရေးထိခိုက်စေသည့် ၀ါဒဖြန့်လှုံ့ဆော်စာများကို ဖြန့်ဝေနေစဉ်၊ ပြည်သူလူထုက လက်ပူးလက်ကြပ် လက်ရဖမ်းဆီးခဲ့သည်။ ထို့ကြောင့် ထိုအခါက စစ်တပ်ထိပ်တန်းခေါင်းဆောင် များသည်ဒီမိုကရေစီကို မလိုလားကြောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်ပယ်တွင် နေရာမပေးလိုကြောင်း သမိုင်းဝင်သက်သေ ဖြစ်သွားခဲ့ပါသည်။
    သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် သမိုင်းဝင်ပြယုဂ်တစ်ခုအနေဖြင့် ရှစ်လေးလုံး(၈-၈-၈၈) ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကြီးကို MCC ခန်းမကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ(ယခင်) ဒေါ်အောင်ဆန်းစုကြည်၊ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်သူသတင်းစာဆရာကြီး သံမဏိလူသားကြီး ဦးဝင်းတင် တို့တက်ရောက် အားပေးခဲ့သည်။ အံ့ဩစရာကောင်းသည့်အချက်မှာ န၀တ၊ နအဖ စစ်အစိုးရများလက်ထက်နှင့် ဦးသိန်းစိန်အစိုးရ လက်ထက်တွင်ပါ၊ တာဝန်ထမ်းဆောင်နေသူ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ချို့ပင်၊ ကိုယ်တိုင်တက်ရောက်တစ်ခဲနက် အားပေးခဲ့ကြသည်။ အလှူငွေများ လှူဒါန်းခဲ့ကြသည်။ ပို၍ ထူးဆန်းသည်မှာ ထိုရှစ်လေးလုံး ငွေရတုအခမ်းအနားကြီးတွင် “၁၉၈၈ခု ဒီမိုကရေစီရေး တောင်း
    ဆိုဆန္ဒပြရင်းသွေးမြေကျခဲ့သော၊ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူလူထုအပေါင်းအား မတ်တပ် ရပ်၊ အလေးပြု၊ ဂါဝရပြုသည့်အခမ်းအနားကြီးတွင် ထိုအစိုးရအဖွဲ့ဝင် ၀န်ကြီးများလည်း တက် ရောက်လာသူများနှင့်အတူ လက်ရည်တစ်ပြင်တည်း ပါဝင်ခဲ့ကြခြင်းဖြစ်သည်”
    အချုပ်ဖြင့်ဆိုရလျှင် ကမ္ဘာလောကကြီးသည် အမှန်တရားကိုလိုလားသူ၊ လောကကို အလှဆင်နေ သူများအတွက် မိတ်ဆွေဖြစ်သည်။ မဆလ၊ န၀တ၊ နအဖ စသည့် စစ်အစိုးရများသည် ကျောင်းသား ကျောင်းသူ၊ ပြည်သူလူထုနှင့်ပတ်သက်၍ မြန်မာ့သမိုင်းတွင် အမဲစက်များ စွန်းထင်းခဲ့ကြသည်။  ၈-၈-၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးသည် “အာဏာသည် သေနတ်ပြောင်းဝမှာရှိသည်” ဟူသော ခေတ်အဆက်ဆက် အာဏာရှင်များ၏လက်သုံးစကားဆောင်ပုဒ် မှားယွင်းကြောင်း သမိုင်းသင်ခန်း
    စာကို ပေးခဲ့သည်။ ပြည်သူလူထု၏ထောက်ခံမှု့မရှိသော အစိုးရတစ်ရပ်သည် ရေရှည်မရပ်တည်နိုင် ကြောင်း၊ အမှန်တရားကိုလိုလားသော ပြည်သူလူထုကြီးသည် တစ်နေ့ အောင်ပွဲခံရမည်မှာ ဧကန်မ လွှဲဖြစ်ကြောင်း သင်ခန်းစာ အမွေကောင်းများကို ပေးစွမ်းနိုင်ခဲ့၍ မြန်မာသမိုင်းတွင် မော်ကွန်းတင်ထိုက်ပေတော့သည်။
    ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)