News @ M-Media

Category: ဆောင်းပါး

  • MPC ကြောင့် မြန်မာ-ဂျပန်ဆက်ဆံရေး ထိခိုက်သွားနိုင်မလား ?

    MPC ကြောင့် မြန်မာ-ဂျပန်ဆက်ဆံရေး ထိခိုက်သွားနိုင်မလား ?

    ဧပြီ ၂၊ ၂၀၁၆

    M-Media
    NLD

    – ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ အစိုးရသစ် နေရာယူ ၀င်ရောက်လာခြင်းနဲ့ တကွ ဂျပန်နဲ့မြန်မာ ဆက်ဆံရေးဟာ အရေးကြီးတဲ့အဆင့်တစ်ရပ်ဆီ ရောက်ရှိသွားပါတယ်။

    နှစ် ၅၀ စစ်အုပ်ချုပ်ရေးကာလလွန်ပြီးနောက် အဲ့ဒီနေ့မှာပဲ ဒေါ်စုကြည်ရဲ့ အဓိကလူယုံတစ်ဦးဖြစ်တဲ့ ဦးထင်ကျော်က နိုင်ငံတော် သမ္မတအဖြစ် တာဝန်ရယူခဲ့တယ်။

    ဒေါ်စုကြည်က နိုင်ငံခြားရေးဝန်ကြီးချုပ်အပါအ၀င် ၀န်ကြီးနေရာလေးခုကို ရယူလိုက်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူမကို သမ္မတဖြစ်စေမှုမှ တားဆီးထားပေမယ့်လည်း အာဏာရ NLD ပါတီရဲ့ဦးစီးအနေနဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် ပူးတွဲတာဝန် ယူလိုက်ကြောင်း ထင်ရှားသွားစေပါတယ်။

    မြန်မာ-ဂျပန်ဆက်ဆံရေးကို သူမအနေနဲ့ ဘယ်လိုဆက်လက်ကိုင်တွယ်သွားမလဲဆိုတာတော့ ရှင်းလင်းစွာ မသိရှိရသေးပါဘူး။

    သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ အမည်ခံအရပ်သားအစိုးရနဲ့ ဆက်ဆံရေးတိုးမြှင့်နိုင်ဖို့အတွက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ တိုကျိုအစိုးရက ပြည်ပအကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ၀ိုင်းရံပေးခဲ့တယ်။

    ၂၀၁၁ ခုနှစ် စစ်အုပ်ချုပ်ရေးကနေ အကူးအပြောင်းလုပ်လာကတည်းက မြန်မာနိုင်ငံမှာ ၀င်ရောက်လုပ်ကိုင်တဲ့ ဂျပန်ကုမ္ပဏီပေါင်း ၃၀၀ နီးပါးရှိလာပြီး ၆ ဆထိတိုးလာခဲ့တယ်လို့ Japan External Trade Organization (JETRO) စာရင်းဇယားမှာ ဖော်ပြထားပါတယ်။

    ယမန်နှစ်က ဂျပန်ရော အခြားနိုင်ငံများပါ ၀င်ရောက်ရင်းနှီးလုပ်ကိုင်နိုင်ဖို့အတွက် ရန်ကုန်အနီး သီလ၀ါအထူးစီးပွားရေးဇုံကို ဂျပန်အကူအညီနဲ့ ဖွင့်လှစ်နိုင်ခဲ့တယ်။

    အလားတူ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ မြို့ပြစီမံကိန်းများမှာ ချေးငွေနဲ့အကူအညီ ယန်း ၁၀၀ ဘီလီယံ ပေးနိုင်ဖို့ ဒေါ်စုကြည်ရဲ့မေတ္တာရပ်ခံချက်အရ ဂျပန်ဖက်က စဉ်းစားနေပြီလည်း ဖြစ်ပါတယ်။

    ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှရေးရာဋ္ဌာနမှာ ဧည့်သည်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်စုကြည်ဟာ ပိုမိုပွင့်လင်းမြင်သာသောနည်းလမ်းနဲ့ စီးပွားရေးကဏ္ဍကို ဖော်ဆောင်လိမ့်မယ်လို့ ဂျပန်ကုမ္ပဏီများက အပြင်းစား မျှော်လင့်လျက် ရှိနေပါတယ်။

    ဒါပေမယ့် မြန်မာလူထုအကျိုးကို ပထမဦးစားပေးစဉ်းစားသွားမယ်လို့ အဖန်တလဲလဲ ပြောဆိုထားတဲ့ NLD အစိုးရရဲ့ မူဘောင်အတွင်းက ကုမ္ပဏီများအနေနဲ့ ရေလိုက်ငါးလိုက် လုပ်ကိုင်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ တိုကျိုက အာဆီယံ-ဂျပန်စင်တာရဲ့ ထိပ်တန်းစီမံကိန်း အရာရှိ Sayaka Hirose က ဆိုပါတယ်။

    NLD မှာ ပြီးပြည့်စုံတဲ့ မူဝါဒတစ်ရပ် မရှိသေးတာကြောင့် ဒီမျှော်မှန်းချက်က မှေးမှိန်နေဦးမှာဖြစ်ပြီး အစိုးရအသိုင်းအ၀ိုင်းကို အပြောင်းအလဲလုပ်ဖို့ အတိုင်းအတာတစ်ရပ်အထိ အချိန်ယူရဦးမှာဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြပါတယ်။

    “မြန်မာနိုင်ငံကို ဂျပန်ကုမ္ပဏီတွေ ထပ်ဝင်ကြဦးမယ်၊ တစ်ချို့ကတော့ စောင့်ကြည့်ဗျူဟာကို လက်ကိုင်ပြုပြီး အစိုးရသစ် အသက်ဝင်လာတဲ့အထိ အချိန်ယူသွားနိုင်မယ်လို့ ကျွန်တော် ထင်မြင်ပါတယ်” လို့ JETRO က Toshihiro Mizutani က ဆိုပါတယ်။

    အဓိကကျတဲ့ စိန်ခေါ်ချက်တစ်ရပ်ကတော့ NLD အစိုးရကို စစ်တပ်က ဘယ်အတိုင်းအတာအထိ လုပ်ပိုင်ခွင့်ပေးမလဲ ဆိုတာပါပဲ။

    စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ပိတ်ဆို့မှုကို အမေရိကန်က ထိန်းသိမ်းထားဆဲဖြစ်တယ်။ ဒါက အမေရိကန်နဲ့ လုပ်ငန်းများလုပ်ဆောင်နေတဲ့ ကုမ္ပဏီအားလုံးနီးပါးအတွက် ကြောက်စရာ အဟန့်အတားကြီးတစ်ရပ်ပါ။

    တိုကျိုက ဆိုဖီယာတက္ကသိုလ်ရဲ့ ပါမောက္ခ Kei Nemoto ကလည်း ဒီပိတ်ဆို့မှုတွေကို စစ်တပ်အပေါ် အနီးကပ်စောင့်ကြည့်ခြင်းနဲ့ အတူ ဖြည်းဖြည်းချင်း ဖြေလျော့ပေးသွားသင့်တယ်ဆိုပြီး ပြောကြားနေဆဲဖြစ်ပါတယ်။

    ရင်းနှီးမြှုပ်နှံမှုရဲ့ ပြင်ပနယ်ပယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစိုးရဟောင်းကျောထောက်နောက်ခံပြုပြီး အကောင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပြန်လည်ထူထောင်ရေးဗဟိုဋ္ဌာန MPC နဲ့ပတ်သက်လို့ တိုကျိုအပေါ် အာဏာရ NLD ပါတီတွင်းက ဝေဖန်မှုအချို့ ရှိနေပါတယ်။

    အဲ့ဒီဋ္ဌာနရဲ့ ပင်တိုင်အလှူရှင်ထဲမှာ ဂျပန်အစိုးရလည်း အပါအ၀င်ဖြစ်တယ်။ NGO တစ်ခုဖြစ်တဲ့ Nippon Foundation က အဆိုပါလုပ်ငန်းဆောင်တာများအတွက် ငွေကြေးထောက်ပံ့ရေးမှာ အဓိကအခန်းကဏ္ဍတစ်ခုအနေနဲ့ ဆောင်ရွက်ပေးထားပါတယ်။

    အစိုးရဟောင်းလက်အောက်မှာ ထိန်းချုပ်ကိုင်တွယ်ခံထားရတဲ့ အဆိုပါငြိမ်းချမ်းရေး လုပ်ငန်းစဉ် နည်းလမ်း အပေါ် ဒေါ်စုကြည် က ဝေဖန်ထားကြောင်း ဆစ်ဒနီ lowy Institute ရဲ့ အရှေ့တောင်အာရှရေးရာသုတေသီ Aaron L. Connelly က ဆိုပါတယ်။ MPC ဟာ အကျင့်ပျက်ခြစားနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဲ့ဒီထဲက စီးဝင်လာတဲ့ နိုင်ငံခြားငွေကြေးစာရင်းအင်းတွေကို စစ်ဆေးစိစစ်ဖို့ လိုအပ်နေတယ်လို့ ဒေါ်စုကြည်ရဲ့ထိပ်တန်းလူယုံတစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ရဲ့ ပြောကြားချက်ကို သူက ထောက်ပြထားပါတယ်။

    “ဂျပန်ဟာ MPC ကနေတဆင့် သြဇာလွှမ်းမိုးအောင် ကြိုးစားနေတယ်ဆိုပြီး NLD ပါတီအတွင်းမှာ ထင်မြင်ချက်တစ်ရပ် ရှိနေပါတယ်။ ဒါကြောင့် ဒီမေးခွန်းတွေအပေါ် NLD အနေနဲ့ ကိုင်တွယ်ဖြေရှင်းသွားမယ့်ပုံဟန်က ဂျပန်-မြန်မာဆက်ဆံရေးကို ပုံဖော်သွားနိုင်ပါတယ်” လို့ Connelly က သုံးသပ်လိုက်ပါတယ်။

    (Jesse Johnson နှင့် Ayako Mie ရေးသားသော Japan Times ၏ သုံးသပ်ချက်ဆောင်းပါး New Myanmar government brings challenges for Tokyo ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုသည်။)

    ဖြည့်စွက်ချက် – လက်ရှိ MPC အဖွဲ့မှ ဦးအောင်မင်းနှင့် ဦးတင်မောင်သန်းမှ Centre for Peace and Development အမည်ဖြစ် အဖွဲ့အသစ်ခွဲထွက်ပြီး လက်ရှိ MPC အဖွဲ့တွင် ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာမင်းဇော်ဦးတို့ ကျန်ခဲ့ပြီး MPC နှစ်ခြမ်းကွဲတော့မည့် အနေအထားကို မတ်လ ၂၁ ရက်နေ့က BBC ရဲ့ သတင်းတပုဒ်မှာ ဖော်ပြခဲ့ပါတယ်။

    နောက်ဆုံးကြားသိရတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းများအရ မတ်လ ၃၁ ရက်နေ့တွင် Myanmar Peace Center ကို ဖျက်သိမ်းလိုက်ပြီဟု သတင်းများထွက်ပေါ်နေပါတယ်။

  • ဘရပ်ဆဲလ်မှ သားသတ်ပွဲ (သို့)စစ်သွေးကြွဝါဒ၏ သားကောင်များ

    ဘရပ်ဆဲလ်မှ သားသတ်ပွဲ (သို့)စစ်သွေးကြွဝါဒ၏ သားကောင်များ

     

    မတ် ၂၄၊ ၂၀၁၆
    M-Media
    brus 2
    “အကြမ်းဖက်ခြင်း နှင့် အကြမ်းဖက်မှုအပေါ်စစ်ဆင်ခြင်း” တို့သည် မှန်တစ်ချပ်၏ အတွင်းအပြင်ပုံရိပ်များပင်။ (ဓာတ်ပုံ – EPA)

    – ဤတိုက်ခိုက်မှုများမှာ မြို့အသီးသိးရှိ အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားအကြမ်းဖက်သတ်ဖြတ်သောလုပ်ရပ်တို့နှင့် ထပ်တူထပ်မျှဖြစ်နေသည်။

    အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားအကြမ်းဖက်မှု၏ထုံးစံအတိုင်း လတ်တစ်လော ဘရပ်ဆဲလ်တိုက်ခိုက်မှုများ၌ သေကြေဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။

    “ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်လေဆိပ်နဲ့ မြေအောက်ဓာတ်ရထားလမ်းကြောင်းထဲ တစ်ချိန်တည်း ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အနောက်တိုင်းဥရောပတစ်ခွင်မှာ အပြင်းအထန် လုံခြုံရေးသတိပေးခဲ့ကြတယ်။ လူသုံးဆယ်အထက် သေဆုံးပြီး ဒဏ်ရာရသူရာဂဏန်းရှိတယ်။ အရေးပေါ်ကုသနေရသူတွေလည်း အများအပြားပါပဲ” ဟု အလ်ဂျဇီးရားမှ သတင်းထုတ်ပြန်ခဲ့သည်။

    နာရီအနည်းငယ်အကြာတွင် ISIL အုပ်စု၏လက်ချက်ဖြစ်ကြောင်း အီရတ်ရှိ ISIL ထောက်ခံသူများဟု ယူဆရသူများ၏ တွစ်တာအကောင့်တစ်ခုမှ “သားသတ်ကွင်းလုပ်ဖို့ ငါတို့ လာပြီ” ဟူသော အသားယူရေးသားချက်အရ သိရသည်။

    “ဘယ်လ်ဂျီယံက IS ကို ဗုံးကြဲချင်ခဲ့တယ် မဟုတ်လား။ ခုတော့ မင်းတို့ရဲ့လက်တွေက ဒဏ်ရာကို မြည်းကြည့်ဦး” ဟူ၍လည်း ယုတ်ညံ့စွာရေးသားထားကြကြောင်း တွေ့နိုင်ပေမည်။

    အလားတူစွာပင် အစ္စလာမ်ကိုရှုတ်ချရေး၊ မွတ်စ်လင်မ်များအား အပုပ်ချရေး၊ နိုင်ငံခြားသားမုန်းတီးရေး စသော ငွေကြေးတောင့်တင်းသည့် လက်ျာစွန်းရောက် မှိုင်းတိုက်အုပ်စုများကလည်း အပြန်အလှန် ရေးသားနေကြ၏။ လက်ရှိတွင် ထိုအရေးတို့ကို စံပြလုပ်ဆောင်နေသူများမှာ ရီပတ်ပလီကန်အမတ်လောင်းများဖြစ်သော ဒေါ်နယ်ထရမ့်နှင့် တက်ဒ် ခရုဇ် ကဲ့သို့လူစားများ ဖြစ်သည်။

    စနစ်တကျကြံစည်ထားသော အကြမ်းဖက်မှု

    သို့ဖြစ်ရာ ယင်းသံသရာဆိုးက ရှေ့ဆက် သက်ဆိုးရှည်ဦးပေမည်။ လူသတ်ရာဇ၀တ်ကောင်များသည် အပြစ်မဲ့ပြည်သူများကိုပစ်မှတ်ထား၍ စံနစ်တကျကြံစည်ထားသောအကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လေ့ရှိကြသည်။ အစ္စလာမ်အပေါ်တစ်ဖက်သတ်ရွံကြောက်နေကြသည့် နာဇီလက်သစ်များအနက် စိတ်တူကိုယ်တူများသည်လည်း ၎င်းတို့၏ဘက်တော်သားများ အကြမ်းဖက်မှုသံသရာမှ ရှောင်ကွင်းလိုက်သည့်နေရာတွင် အစားထိုးဝင်ရောက်လာကြပြန်သည်။

    ဘရပ်ဆဲလ်မှ ဘေရွတ်၊ ပဲရစ်မှ အစ္စတန်ဘူလ်၊ ဘဂ္ဂဒက်မှ ဆန်ဘာနာဒီနိုအထိ ကမ္ဘာတစ်ဝှန်း အပြစ်မဲ့လူထုများမှာ ဤသံသရာဆိုးထဲ ဆွဲသွင်းခံနေကြရ၏။

    ဤသံသရာဆိုးအား အမျိုးအစားအလိုက် ချိုးဖျက်ရန်၊ အယူအဆရေးရာ ထွက်ပေါက်ပေးရန် လိုအပ်နေပေသည်။ ဘရပ်ဆဲလ်၌ အပြစ်မဲ့ပြည်သူတို့အပေါ်သက်ရောက်သည့် သတ်ဖြတ်ပွဲမှာ အစ္စလာမ်လောက၌ အပြစ်မဲ့ပြည်သူတို့အပေါ် သက်ရောက်သည့် သတ်ဖြတ်ပွဲ၏ ထိုးထွက်လာမှုဖြစ်သည်၊ တုန့်ပြန်မှု (တစ်နည်း) ကလဲ့စား မဟုတ်ချေ။

    ISIL အလံ၏၀န်းကျင်၌ ရာဇ၀တ်ကောင်များ စုရုံးရောက်ရှိလာရာဝယ် ကမ္ဘာအနှံ့ ယုတ်မာရက်စက်မှုများ ကျူးလွန်ပြုလုပ်လာကြသည်။ အနောက်တိုင်း၏ စော်ကားချက်များအပေါ် လက်စားချေလုပ်ရပ်များအဖြစ် ၎င်းတို့က ဖော်ပြကြသည်။ ထိုအရာတို့သည် လက်စားချေသော၊ တုန့်ပြန်သောလုပ်ဆောင်ချက်များ မဟုတ်ကြ။ စင်စစ်၌ နေရာဒေသအသီးသီးရှိ အပြစ်မဲ့လူထုများအပေါ် ပစ်မှတ်ထား၍ အကြမ်းဖက်သတ်ဖြတ်သည့်လုပ်ရပ်များနှင့် အတူတူပင်ဖြစ်၏။

    မိမိကိုယ်ကို ISIL ဟု ခေါ်ဆိုနေကြသည့် လူသတ်အုပ်စုသည် ကလိန်ဥာဏ်သမားများ၊ မိစ္ဆာ၏အဆက်အနွယ်များဖြစ်ပြီး “တိုက်ပွဲဝင်နေကြသူများ” ဟုဆိုကာ အရေခြုံထားကြ၏။

    ISIL နှင့် အစ္စလာမ်မုန်းတီးသူများ

    မိမိတို့မှာ အပြစ်ကင်းသူများဖြစ်သည်၊ အဆိုပါအကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်မှုမရှိပါ ဟူသည့် စကားထောင်ချောက်အတွင်းသို့ မွတ်စ်လင်မ်များ မသက်ဆင်းအပ်။ စင်စစ် အပြစ်မကင်းကြပေ။ ကမ္ဘာကြီးပူနွေးလာသည့်ပြဿနာမှာ မိမိတို့နှင့်မသက်ဆိုင်ဟု ပြောဆိုခြင်းကဲ့သို့ဖြစ်နေ၏။

    ရာဇ၀တ်မှု နှင့် အပြစ်မရှိကြောင်းကြေငြာခြင်းတို့အကြားတွင် ယုတ္တိတန်သောအဆက်အစပ် မရှိပါ။ ဤသည်မှာ အစ္စလာမ် မဟုတ် – အစ္စလာမ်သည် ငြိမ်းချမ်းသောသာသနာဖြစ်၏ – မွတ်စ်လင်မ်အများစုမှာ ငြိမ်းချမ်းစွာနေထိုင်သူများဖြစ်၏ ဟူ၍ ကြေငြာနေခြင်းသည်ပင်လျှင် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား အပြစ်တင်ရန် လမ်းဖွင့်ပေးရာရောက်နေပါသည်။

    ဥရောပနှင့် အမေရိကရှိ ဝေဖန်ရေးသမားများသည်လည်း မွတ်စ်လင်မ်တို့အား ယင်းသို့သော စွပ်စွဲချက်အပေါ် ချေပနေခြင်းကို ရပ်တန့်ရပေမည်။ အမှန်တကယ်မရှိသောအရာအား ဟန်ပြတာဝန်ယူပြနေသကဲ့သို့ဖြစ်နေ၏။

    မွတ်စ်လင်မ်တို့သည် မိမိကိုယ်ကို ကာကွယ်ချေပလေ၊ အမေရိကနှင့်ဥရောပနိုင်ငံများရှိ စေတနာလွန်သူတို့မှ မွတ်စ်လင်မ်တို့အား အပြစ်တင်မှုသက်သာအောင် ပြုလုပ်လေလေ၊ ဤသံသရာဆိုးကြီး အဓွန့်ရှည်လေလေ ဖြစ်နေပေသည်။

    ဤသည်မှာ ပုံစံတူစစ်မက်ပွဲစားနှစ်ဖွဲ့ဖြစ်ကြသော ISIL နှင့် အစ္စလာမ်မုန်းတီးသူများကို ပေါင်းစည်းပေးလိုက်သည့် ထောင်ချောက်တစ်ခု၊ အယူအဆရေးရာ ပရိယာယ်တစ်ရပ်၊ ကောလဟလတစ်မျိုး၊ ယုတ္တိဗေဒကျကျ အထင်လွဲမှားစေခြင်းတစ်မျိုး ဖြစ်သည်။ ထိုနှစ်အုပ်စုစလုံးမှာ တကယ်မရှိသည့်အရာကို အသွင်ယူထားခြင်းတည်း။

    ISIL သည် အမေရိကန်နှင့်ဥရောပသမဂ္ဂ၏ စစ်သွေးကြွဝါဒကို ပုံပြောင်း၍ အသွင်ဆောင်ထားခြင်းဖြစ်၏။ ယင်းစစ်သွေးကြွဝါဒ၏ တုန့်ပြန်ထွက်လာချက်မဟုတ်ပေ။ သတ်ဖြတ်ဖျက်ဆီးရေးယန္တရား၏ အကြမ်းကိုယ်ထည်ပစ္စည်းအတွင်းမှ ထိန်းချုပ်လည်ပတ်စေသည့်အပျော့ထည်ပရိုဂရမ် software တစ်ခုသာ ဖြစ်ပေသည်။

    ISIL ကို စီအိုင်အေ သို့မဟုတ် အလားတူ အဖွဲ့မျိုးမှ တီထွင်ထားခြင်း ဟုတ်မဟုတ်ဆိုသည်မှာ မရေရာသော်လည်း – အမေရိကန်၏ ပူးပေါင်းပါဝင်တီထွင်ထားချက် မဟုတ်သော်လည်း ယုတ္တိဗေဒအရ ဆန်းစစ်သော် အမေရိကန်စစ်သွေးကြွဝါဒမှ ဆင့်ပွားထွက်ရှိလာခြင်း ဖြစ်သည်။

    အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ၀င်ရောက်ကျူးကျော်ခြင်း၊ သိမိးပိုက်ခြင်း၊ ဗုံးကြဲခြင်း၊ မောင်းသူမဲ့လေယာဉ် drone ဖြင့် တိုက်ခိုက်ခြင်း၊ ပြင်းထန်သောပိတ်ဆို့ခြင်းကို ခံစားကြရသည့် သားကောင်များကိုကြည့်လျှင် အီရတ်၊ ဆီးရီးယား၊ တူရကီမှသည် ပြင်သစ်၊ အမေရိကန်၊ မာလီအထိရှိကြသော ISIL ၏တိုက်ခိုက်ခံရမှုသားကောင်များနှင့် ထပ်တူထပ်မျှ ဖြစ်နေသည်ကို တွေ့ကြရပေမည်။

    ကမ္ဘာ့ ရှေ့နောက်တောင်မြောက် အရပ်တစ်ခွင်ရှိ အပြစ်မဲ့ပြည်သူကျွန်ုပ်တို့မှာ သဘောတရားဆန့်ကျင်ဖက် အုပ်စုနှစ်ရပ်အပေါ် ဆန့်ကျင်ရင်ဆိုင်နေရသည်မဟုတ်ပါလေ။

    ပြင်သစ် သို့မဟုတ် အာရဗ်ဖြစ်စေ၊ ခရစ်ယာန် သို့မဟုတ် မွတ်စ်လင်မ်ဖြစ်စေ၊ ဘယ်လ်ဂျီယံ သို့မဟုတ် တူရကီဖြစ်စေ ကျွန်ုပ်တို့အားလုံးသည် တစ်ခုတည်းသော စစ်သွေးကြွဝါဒ၏ သားကောင်ဘ၀သို့ ထပ်တူထပ်မျှ ကျရောက်နေပေသည်။

    ဘရပ်ဆဲလ် သို့မဟုတ် ဘေရွတ်မှဖြစ်စေ၊ ပဲရစ် သို့မဟုတ် အဲလစ်ပိုမှဖြစ်စေ၊ ဆန်ဘာနာဒီနို သို့မဟုတ် အစ္စတန်ဘူလ်မှဖြစ်စေ၊ အကြမ်းဖက်လုပ်ကြံမှု၏ သားကောင်တိုင်းအား ကျွန်ုပ်တို့မှ ပူဆွေးဝမ်းနည်းမှု ဖော်ပြကြသည့်အတိုင်း – “အကြမ်းဖက်ခြင်း နှင့် အကြမ်းဖက်မှုအပေါ်စစ်ဆင်ခြင်း”တို့အကြား အကြမ်းဖက်သံသရာဆိုး ဆက်လက်လည်ပတ်သွားအောင် ဥာဏ်ဆင်ထားသည့် ထောင်ချောက်ထဲသို့ သားကောင်အဖြစ် မကျရောက်စေရန် ကျွန်ုပ်တို့မှ ကြံ့ကြံ့ခံသွားကြရပါမည်။

    “အကြမ်းဖက်ခြင်း နှင့် အကြမ်းဖက်မှုအပေါ်စစ်ဆင်ခြင်း” တို့သည် မှန်တစ်ချပ်၏ အတွင်းအပြင်ပုံရိပ်များပင်။

    ကျွန်ုပ်တို့သည် ၎င်းသဘောတရားဆိုးနှစ်ရပ်စလုံးနှင့် ပတ်သက်သည်မဟုတ်ကြ။ မွတ်စ်လင်မ်၊ ခရစ်ယာန်၊ ဂျူး၊ အခြားဘာသာဝင်များ၊ ဥရောပသား၊ အာရဗ်များ၊ အမေရိကန်နိုင်ငံသား၊ အာရှသား – မည်သူပင်ဖြစ်စေကာမူ ကျွန်ုပ်တို့အားလုံးသည် ၎င်း၏သားကောင်များသာ ဖြစ်နေကြရပေသည်။

    Ref : Al Jazeera

    (နျူးယော့ခ်၊ ကိုလံဘီယာတက္ကသိုလ်၊ အီရန်နိုင်ငံရေးရာနှင့် စာပေအနုပညာနှိုင်းယှဉ်လေ့လာရေးဋ္ဌာန၊ ပါမောက္ခ Hamid Dabashi ၏ The slaughter of the innocent in Brussels ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • ဘရပ်ဆဲလ်မတိုင်ခင် အခြားနေရာက အကြမ်းဖက် တိုက်ခိုက်မှုတွေကို မီဒီယာတွေမှာ ဘာ့ကြောင့် မမြင်ရတာလဲ

    ဘရပ်ဆဲလ်မတိုင်ခင် အခြားနေရာက အကြမ်းဖက် တိုက်ခိုက်မှုတွေကို မီဒီယာတွေမှာ ဘာ့ကြောင့် မမြင်ရတာလဲ

    မတ် ၂၃၊ ၂၀၁၆
    M-Media

    turkey 1
    တူရကီအကြမ်းဖက်မှုနောက်ဆက်တွဲ မြင်ကွင်းတစ်ခု

    – အနည်းဆုံး လူ ၃၀ သေဆုံးကာ ၂၃၀ ခန့်ဒဏ်ရာရခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ဖြစ်ရပ်ဆိုးကြီးကို ကမ္ဘာကြီးက ၀မ်းနည်းပက်လက်ဖြစ်နေမည်ဆိုပါက မကြာသေးမီက တူရကီ၌ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် သေဆုံးသွားသူများအတွက် ၀မ်းနည်းသည်ဟု ပြောကြားရန်လည်း အရေးကြီးပေသည်။

    တူရကီမှ ထိုတိုက်ခိုက်မှုနှစ်ခုစလုံးက ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း အဓိကမီဒီယာများက ထိထိရောက်ရောက် ဖော်ပြခြင်းမပြုခဲ့။

    မတ်လ ၁၃ ရက်နေ့ တနင်္ဂနွေနေ့တွင် တူရကီမြို့တော် အန်ကာရာ၌ ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်မှုတွင် လူ ၃၆ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်။ ရက်အနည်းငယ်အကြာတွင်ပင် IS နှင့်ပတ်သက်သူ အသေခံဗုံးခွဲသမားတစ်ဦးက အစ္စတန်ဘူလ်ရှိ ကမ္ဘာလှည့်ခရီးသွားများဖြင့်စည်ကားရာ နေရာတွင် ဗုံးခွဲခဲ့ပြီး ၄ ဦး သေဆုံးခဲ့သည်။

    ဆိုရှယ်မီဒီယာသုံးစွဲသူများက ပြီးခဲ့သည့်နှစ် ပဲရစ်မြို့ရှိ ချာလီဟဘ်ဒို မဂ္ဂဇင်းတိုက်နှင့် ဘာတက်လန် ကုန်တိုက်တို့ တိုက်ခိုက်မှု၊ ယခု ဘရပ်ဆဲလ်မြို့ တိုက်ခိုက်မှု စသည်တို့တွင် ကမ္ဘာကြီး၏ တုံ့ပြန်မှုမျိုး တူရကီတိုက်ခိုက်မှုများတွင် ပြသကြရန် တောင်းဆိုခဲ့သည်။

    အန်ကာရာတိုက်ခိုက်မှုကို မီဒီယာများက ဖော်ပြရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် ချာလီဟဘ်ဒိုတိုက်ခိုက်မှုအား ဖော်ပြခဲ့သည့် ပုံစံမျိုးနှင့် လားလားမျှမဆိုင်။ ထိုစဉ်က တိုက်ခိုက်မှုကို အဆက်မပြတ် ဖော်ပြခဲ့သော်လည်း ယခု အန်ကာရာတိုက်ခိုက်မှုကို ၀တ်ကျေတန်းကျေမျှသာ ဖော်ပြကြသည်။ လွတ်လပ်သော မီဒီယာဝေဖန်ရေးသမားများက အဆိုပါ ချာလီဟဘ်ဒိုတိုက်ခိုက်မှုနှင့် တစ်ချိန်တည်းလိုလို ဖြစ်ပွားခဲ့ပြီး ၄၃ ဦးသေဆုံးခဲ့သည့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဗုံးပေါက်ကွဲမှုအား အဓိကမီဒီယာများက ထိထိရောက်ရောက် မဖော်ပြခြင်းအတွက်လည်း ဝေဖန်ထောက်ပြခဲ့ကြသည်။ ဘေရွတ်တိုက်ခိုက်မှုအတွင်း ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး မီဒီယာများကတော့ သူပြောငါပြောလောက်သာ ရေးကြသည်။

    တကယ်တော့ ဘေရွတ်ဗုံးခွဲမှုကို မီဒီယာများက လုံးဝ ထိန်ချန်ထားခဲ့သည်တော့မဟုတ်။ အမေရိကန်ရှိ အဓိက သတင်းစာများဖြစ်သော New York Times နှင့် Washington Post၊ ထင်ရှားသည့် သတင်းမဂ္ဂဇင်း The Economist နှင့် အတင်းအဖျင်း သတင်းများကို ဖော်ပြသည့် Daily Mail တို့က ထိုသတင်းကို အနည်းဆုံး ၁ ပုဒ်တော့ ဖော်ပြခဲ့သည်။ သို့သော်လည်း ထိုဖော်ပြမှုများက ချာလီဟဘ်ဒို တိုက်ခိုက်မှုမျိုးကဲ့သို့ ၂၄ နာရီပတ်လုံး၊ သီတင်းပတ်တစ်ပတ်လုံး အဆက်မပြတ်ဖော်ပြမှုမျိုး မဟုတ်သည်ကိုတော့ လူတိုင်းသိကြသည်။

    ပဋိပက္ခများဖြစ်ပွားနေသော ဒေသများထက် အနောက်နိုင်ငံများတွင်ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မီဒီယာများက သိသိသာသာပင် ဘက်လိုက်ဖော်ပြနေကြသည်။ ဥပမအားဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြားတွင် ကင်ညာနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၇၀ သေဆုံးခဲ့ကာ ၁၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။ ကမ္ဘာ့အကြမ်းဖက်မှုဆိုင်ရာမှတ်တမ်းဌာန (Global Terrorism Database) ရှိ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်တွင် လက်ဘနွန်၌ အနည်းဆုံး အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၂၀၀ ဖြစ်ပွားခဲ့ပြီး လူ ၁၁၄ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

    အခြားတစ်ဖက်တွင် ပြင်သစ်နိုင်ငံ၌ အကြမ်းဖက်မှုမှာ ၂၀၁၄ ခုနှစ်တွင် ၁ ခုသာ ဖြစ်ပွားခဲ့လေသည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင်ဖြစ်ပွားသည့် ချာလီဟဘ်ဒို တိုက်ခိုက်မှုအတွင်း ပဲရစ်ပြည်သူ တစ်ဒါဇင်ခန့် သေဆုံးခဲ့ပြီး ထိုဖြစ်ရပ်က ကမ္ဘာတစ်ဝှမ်းတွင် ပြောမဆုံးနိုင်သည့်ဇာတ်လမ်း ဖြစ်ခဲ့လေသည်။

    အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုဒဏ် ခံရသူများကို ပဲရစ်တိုက်ခိုက်မှုကဲ့သို့ မီဒီယာများက စာနာထောက်ထားစွာ ဖော်ပြမှုမရှိခြင်းမှာ ဆင်ခြေပေးရန်မလိုသည့် ကိစ္စဖြစ်သည်။ ပဲရစ်တိုက်ခိုက်မှုကို New York Times သတင်းစာက ဖော်ပြရာတွင် ဇာတ်နာစေရန်အတွက် တိုက်ခိုက်မှုမဖြစ်ခင် မြို့တွင်းရှိ အားကစားပြိုင်ပွဲများ ပြုလုပ်နေခြင်း၊ ညစာထွက်စားသော ပြည်သူများ၊ ပဲရစ်၏ ညဘက်ဘ၀ကို ပျော်ရွှင်ခံစားနေသူများအကြောင်းကို သာသာထိုးထိုး ဖော်ပြကြသည်။

    အမှန်တော့ ကင်ညာပြည်သူများနှင့် လက်ဘနွန်ပြည်သူများကလည်း ညစာထွက်စားကြသည်။ အားကစားပွဲများကို စောင့်ကြည့်တတ်ကြသည်။ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ၎င်းတို့သည်လည်း ဆောက်တည်ရာမရ ဖြစ်သွားခဲ့ကြသည်။ သို့သော် Times ကဲ့သို့သော သတင်းစာများကတော့ ကမ္ဘာလှည့်ခရီးသွားများကြား လူကြိုက်များသည့် ဒေသများရှိ ထိခိုက်ခံစားရသူများအတွက် ဖွဲ့နွဲ့ရေးသားကြသလိုမျိုး ဝေးလံခေါင်ဖျားသော ဒေသများမှ ထိခိုက်သူများအတွက် ရေးသားဖော်ပြခြင်း မရှိကြ။

    Slate.com ဆောင်းပါးရှင် ဂျက်စတင်ပီတာက အယ်ဒီတာများ၏ သတင်းအပေါ် အဆင့်သတ်မှတ်မှုကို “ခွေးက လူကိုကိုက်တာ သတင်းမဟုတ်။ လူက ခွေးကိုကိုက်တာ သတင်းလုပ်ကြတယ်” ဟု မှတ်ချက်ပေးခဲ့သည်။ ဥရောပနှင့် မြောက်အမေရိကန်တို့မှ၍ အခြားသောတိုက်ကြီးများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပါက အနောက်တိုင်းသားတို့ တုတ်တုတ်တောင်မလှုပ်ကြ။ ထို့ကြောင့် ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့ကဲ့သို့ အနောက်နိုင်ငံများတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများက ကင်ညာနှင့် လက်ဘနွန်တို့ကဲ့သို့ နိုင်ငံများတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများထက် မီဒီယာတွင် ပိုမိုသာသာဖော်ပြမှုများ ဆက်လက်ရှိနေမည်မှာ မေးစရာမလိုသည့် ကိစ္စဖြစ်သည်။

    ထိုတိုက်ခိုက်မှုတစ်ခုချင်းစီကို မည်သို့ပင်ဖောပြနေပါစေ ကမ္ဘာသူကမ္ဘာသားစိတ်ဓာတ် ထားရှိခြင်းနှင့် ပဲရစ်တိုက်ခိုက်မှု၊ ဘရပ်ဆဲလ်တိုက်ခိုက်မှုများတွင် ထိုခိုက်ခံစားသူများကို စာနာသကဲ့သို့ အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်မှုများ၏ သားကောင်ဖြစ်နေသူများကိုလည်း တူညီသော စာနာစိတ်ထားခြင်းမှာ မိမိတို့ စာဖတ်သူများ၏ တာဝန်သာ ဖြစ်ပေတော့သည်။

    Ref: Usuncut

  • ပင်လယ်ကွေ့ဒေသတွင် သမိုင်းသစ်ရေးထိုးနေသည့် အိုမန်တင်းနစ်မယ်

    ပင်လယ်ကွေ့ဒေသတွင် သမိုင်းသစ်ရေးထိုးနေသည့် အိုမန်တင်းနစ်မယ်

    မတ် ၂၁၊ ၂၀၁၆
    M-Media

    oman 1

    – အိုမန်နိုင်ငံမှ အမျိုးသမီးတင်းနစ်မယ်ဖြစ်သော ဖာတမာ အလ်-နဘ်ဟာနီ (Fatma Al Nabhani) တစ်ယောက် သူမ၏ အားကစားသမားဘ၀ တစ်လျှောက်လုံးတွင် နယ်ပယ်အသစ်သို့ ရွက်လွှင့်နေသူဖြစ်သည်။

    အသက် ၂၄ နှစ်အရွယ်သာရှိသေးပြီး မြို့တော် မူစကတ် (Muscat) တွင် မွေးဖွားကြီးပြင်းသည့် အလ်-နဘ်ဟာနီက လက်ရှိအချိန်တွင် ပင်လယ်ကွေ့နိုင်ငံများမှ အိုလံပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်သော ပထမဆုံးအမျိုးသမီးဖြစ်မည့် လမ်းကြောင်းပေါ်တွင် ရှိနေလေ၏။

    ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးတွင်ပြုလုပ်မည့် အဆိုပါ အိုလံပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့်ရပါက သူမအတွက် မည်မျှလောက် အဓိပ္ပါယ်ရှိမည်နည်းဟု မေးမြန်းသည့်အခါတွင် သူမ၏ မျက်လုံးအစုံက ၀င်းလက်တောက်ပကာ “အရမ်း အဓိပ္ပါယ်ရှိတာပေါ့ရှင်” ဟု မေးခွန်းမဆုံးခင် အပြုံးတစ်ပိုင်းဖြင့် ဖြေကြားခဲ့သည်။

    အိုလံပစ်ပြိုင်ပွဲ ကျင်းပရန် ၃ လခန့်လိုနေသေးပြီး အလ်-နဘ်ဟာနီ ၀င်ရောက်ယှဉ်ပြိုခွင့်ရရန်အတွက် အဆင့်မှာ ၆၀ ခန့် ခုန်တက်ရန် လိုအပ်နေသေးသည်။ သို့သော်လည်း ပင်လယ်ကွေ့ဒေသတွင်တော့ သူမက သမိုင်းသစ်ရေးနေသူဖြစ်သည်။

    ပင်လယ်ကွေ့နိုင်ငံများတွင် အမျိုးသမီးများအတွက် တင်းနစ်ကွင်းများက လိုအပ်မှ အသုံးပြုသည့်နေရာများ ဖြစ်နေသည်မှာ ၁၀ စုနှစ်နှစ်ခုခန့် ကြာမြင့်နေပြီဖြစ်သည်။ ဒူဘိုင်းနှင့် ဒိုဟာနိုင်ငံများက ထိပ်တန်း တင်းနစ်ပြိုင်ပွဲ ၅ ခုကို နှစ်စဉ် ကျင်းပနေပြီး အလ်-နဘ်ဟာနီက အခွင့်ထူးခံအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရကာ ကမ္ဘာ့အကောင်းဆုံး တင်းနစ်မယ်များနှင့် လက်ရည်စမ်းခွင့် ရရှိလေသည်။

    အလ်-နဘ်ဟာနီ၏ တင်းနစ်မယ်ဘ၀ကို မိသားစုကလည်း အားပေးသည်။ အစ်ကို ၂ ဦးစလုံးမှာ ဖရော်ဖက်ရှင်နယ် တင်းနစ်သမားများဖြစ်ပြီး မိခင်ဖြစ်သူက သူမ၏ နည်းပြအဖြစ် ဆောင်ရွက်သည်။ နဘ်ဟာနီတစ်ယောက် အသက် ၄ နှစ်အရွယ်ကပင် တင်းနစ်ရိုက်တံကို စကိုင်ခဲ့ပြီး တစ်ဖြည်းဖြည်းဖြင့် အငယ်တန်း တင်းနစ်မယ်ဘ၀ကို ရောက်လာခဲ့ကာ အငယ်တန်းကမ္ဘာ့အဆင့် ၃၃ အထိ ရရှိခဲ့သည်။

    “ကျွန်မ ကံကောင်းတာက အစ်ကိုကြီးတွေကလည်း တင်းနစ်သမားတွေဆိုတော့ သူတို့နဲ့ ကစားဖြစ်တာပေါ့။ ကျွန်မ အစ်ကိုတွေသာ တင်းနစ်မကစားဘူးဆိုရင် ကျွန်မ ဘယ်သူနဲ့မှ ကစားဖြစ်မှာ မဟုတ်ပါဘူး” ဟု သူမက ဖွင့်ဟ ပြောကြားခဲ့သည်။

    အရပ် ၅ ပေ ၇ လက်မသာရှိသောကြောင့် နဘ်ဟာနီတစ်ယောက် ပြိုင်ဘက်များထက် အရပ်တွင် တစ်ပန်းရှုံးနေသည်။ သို့သော်လည်း သူမ၏ အားပါသည့်လက်ပြန်ရိုက်ချက်များက အားသာချက်တစ်ခု ဖြစ်နေပြီး၊ ကွင်းအတွင်းတွင်လည်း သူမက အားနှင့်မာန်နှင့် ကစားသည်။

    လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် ၃၆၇ ရှိနေသည့် နဘ်ဟာနီမှာ ပရော်ဖက်ရှင်နယ် တင်းနစ်ခရီးလမ်းကို တစ်ကိုယ်တည်းသာ လျှောက်လှမ်းခဲ့ရခြင်း ဖြစ်သည်။

    “ဘယ်သူမှ ကစားမယ့်သူမရှိဘဲ တစ်ယောက်တည်း လေ့ကျင်ရတာ တော်တော်ခက်ပါတယ်။ ကမ့်ဝင်ဖို့၊ လေ့ကျင့်ဖို့ အမြဲတမ်း နိုင်ငံခြားကို သွားနေရတယ်”

    သူမ ထူးချွန်ပေါက်မြောက်ရန်အတွက် မသေချာမှုများလည်း ရှိနေသည်။ ဒေသအတွင်း အားကစားဘက်တွင် အတုယူစရာ အမျိုးသမီးများ မရှိခြင်းက တင်းနစ်မယ်တစ်ဦးအဖြစ် သူမ၏ ရပ်တည်မှုကို ခက်ခဲစေသည်ဟု နဘ်ဟာနီက ၀န်ခံခဲ့သည်။

    “ငယ်ငယ်တုန်းကဆို အတုယူစရာ အမျိုးသမီးတစ်ယောက်လောက် ရှိချင်ခဲ့တယ်။ အရှေ့အလယ်ပိုင်း ဒါမှမဟုတ် ပင်လယ်ကွေ့နိုင်ငံတွေထဲက အမျိုးသမီး တစ်ဦးဦးဟာ ဒီလို အတုယူစရာ ရှိခဲ့မယ်ဆိုရင်တော့ ကျွန်မဟာ သူ့ထက်ပိုကောင်းအောင် လုပ်နိုင်မယ်လို့ နှလုံးသွင်းလို့ရမှာပေါ့။ ဒါပေမယ့် တစ်ယောက်တည်းဖြစ်နေတာကြောင့် လုပ်နိုင်မှာလား၊ မလုပ်နိုင်ဘူးလားဆိုတာကို မသိနိုင်ဘူးလေ။ ခက်ခဲတာပေါ့”

    oman 2
    မိခင်ဖြစ်သူ ဟာဒီယာနှင့်အတူ

    နဘ်ဟာနီအား ကွင်းတွင်း၊ ကွင်းပြင်တွင် အကြီးမားဆုံး ထောက်ပံ့ပေးသူကတော့ မိခင်ကြီး ဟာဒီယာ မိုဟာမက် (Hadia Mohammed) ဖြစ်သည်။ ဟာဒီယာမှာ သူမ၏ စိတ်ဓာတ်ခွန်းအားတိုးရာ အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်လေသည်။

    ယခုနှစ် ကာတာအိုပင်းတင်းနစ်ပြိုင်ပွဲ သမီးဖြစ်သူ၏ ပထမအဆင့်ပွဲတွင် ဟီဂျဘ်နှင့် ခြုံထည်အနက်ကို ၀တ်ဆင်ထားသည့် ဟာဒီယာတစ်ယောက် ကွင်းဘေးမှထိုင်ကာ အသံသြဇာကောင်းကောင်းဖြင့် ညွှန်ကြားခဲ့သည်။

    နဘ်ဟာနီက စပေးဘောရိုက်မည့်အခါတိုင်း ဟာဒီယာက မျက်လုံးမှိတ်ကာ သမီးအတွက် တိုးတိုးလေး ဆုတောင်းပေးလေ့ရှိသည်။ အမှားဖြစ်သည့်အခါတွင်လည်း အသံကျယ်ကျယ်ဖြင့် သတိပေးရန် သူမက ၀န်မလေး။ အမှတ်တစ်မှတ်ရရှိတိုင်း ၎င်းတို့သားအမိနှစ်ဦးက မျက်လုံးဖြင့် ဆက်သွယ်စကားပြောကြသည်။

    ဟာဒီယာမှာ အငြိမ်းစား အားကစားဆရာမတစ်ဦးဖြစ်ပြီး သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ်ကတည်းက နည်းပြခဲ့သူဖြစ်ကာ ဝေဖန်မှုများ၊ ဆန့်ကျင်မှုများကို အန်တုခဲ့သူလည်း ဖြစ်သည်။

    “ကျွန်မ အားလုံးကို ရင်ဆိုင်ခဲ့တယ်။ ‘မိန်းကလေးက အားကစားလုပ်လို့မှမရဘဲ’ ဆိုတဲ့ စကားတွေကို ကျွန်မက ဆန့်ကျင်တယ်။ အစပိုင်းမှာတော့ ကျွန်မကို တောပြောတောင်ပြော ပြောကြတာပေါ့လေ။ ဒါပေမယ့် ကျွန်မလုပ်တာက မှားနေတယ်လို့ မခံစားရဘူး။ ဘာသာရေးနဲ့ဆန့်ကျင်တာ၊ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တာကို ကျွန်မတို့ လုပ်နေတာမှ မဟုတ်တာ။ ကျွန်မတို့ အားကစားလုပ်နေတာရှင့်” ဟု ဟာဒီယာက ပွင့်ပွင့်လင်းလင်းပင် ပြောကြားခဲ့သည်။

    ဘာသာတရားကိုင်းရှိုင်းသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည့်အတွက်ကြောင့် နဘ်ဟာနီတစ်ယောက် တင်းနစ်ကွင်းအတွင်း အိနြေ္ဒသိက္ခာရှိသည့် ၀တ်စုံမျိုးကိုပင် ၀တ်ဆင်သည်။ Nike က သူမအတွက် လက်ဇကအင်္ကျီနှင့် စကတ်အောက်တွင် ဒူးခေါင်းအထိဖုံးသော ဘောင်းဘီကို ဖန်တီးပေးသည်။ ထိုဝတ်စုံကို သူမ အသက် ၁၈ နှစ်အရွယ်မှစတင်ကာ ၀တ်ဆင်ခဲ့ခြင်း ဖြစ်သည်။

    “ကစားတဲ့အခါမှာ သက်တောင့်သက်သာရှိအောင် ကျွန်မ ကြိုးစားပါတယ်။ ကျွန်မ ကိုယ်ပိုင်လမ်းကြောင်း ဖောက်နေပေမယ့် ကျွန်မ ကြီးပြင်းလာတဲ့ဒေသကိုလည်း ကျွန်မ အလေးထားပါတယ်” ဟု နဘ်ဟာနီက ပြောကြားခဲ့သည်။

    နဘ်ဟာနီ၏ ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများက တစ်နစ်ကစားသမားအပေါ် စိတ်ဝင်စားသည့် အိုမန်အမျိုးသမီးများထံ စိမ့်ဝင်ပြန့်နှံ့ခြင်းမရှိဟု သူမ၏ မိခင်က ရှုမြင်နေသည်။ တကယ်တော့ အိုမန်တင်းနစ်အဖွဲ့ချုပ်မှာ အမျိုးသမီးအသင်းအတွက် ၂ နှစ်တာ ကြိုးပမ်းခဲ့ပြီးနောက် ကစားသမား အလုံအလောက်မရသောကြောင့် ၎င်းတို့၏ စီမံကိန်းကို ရပ်ဆိုင်းခဲ့ရသည်။

    oman 3

    ထိုအတွက် မိဘများနှင့် ၎င်းတို့၏ ယဉ်ကျေးမှု စိတ်အခံကို ဟာဒီယာက အပြစ်တင်သည်။ ကံကောင်းထောက်မစွာဖြင့် မိဘများ၏ အားပေးထောက်ခံမှု အပြည့်အ၀ရခဲ့သော နဘ်ဟာနီက အခြားသူများ အတုယူရန် ဥပမာတစ်ခု ဖြစ်မည်ဟု မျှော်လင့်ရသည်။

    တင်းနစ်အပြင် သူမ၏ အစ်ကိုများနှင့် ငါးမျှားရသည်ကိုလည်း နဘ်ဟာနီက နှစ်သက်သည်။ ၄ ကီလိုဂရမ်ရှိ တူနာငါကြီးက သူမ ဖမ်းမိသမျှငါးထဲတွင် အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။ သို့သော်လည်း အိုလံပစ်ပြိုင်ပွဲတွင် သမိုင်းဝင်ယှဉ်ပြိုင်ခွင့်အတွက် မျှော်မှန်းချက်နှင့်အတူ နဘ်ဟာနီတစ်ယောက် သြဂုတ်လ၌ ဘရာဇီးလ်ရေပြင်တွင် ငါးမျှားခွင့် ရရှိကောင်း ရရှိနိုင်ပေလိမ့်မည်။

    Ref: Aljazeera

    (Fatma Al Nabhani: Oman’s top female tennis player ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ကျူးကျော်ခံ ပါလက်စတိုင်းဒေသမှ ကြယ်တစ်ပွင့် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုရှင် ဟာနန် အလ်-ဟာရွဘ်

    ကျူးကျော်ခံ ပါလက်စတိုင်းဒေသမှ ကြယ်တစ်ပွင့် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုရှင် ဟာနန် အလ်-ဟာရွဘ်

    မတ် ၂၀၊ ၂၀၁၆
    M-Media

    hanan

    – ဗာကီဖောင်းဒေးရှင်းမှ ပေးအပ်သည့် ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုကို ရရှိခဲ့သော ပါလက်စတိုင်းဆရာမ ဟာနန် အလ်-ဟာရွဘ် (Hana Al-Hroub) က သူမအနေဖြင့် ပါလက်စတိုင်းကလေးများအား ကမ္ဘာတစ်ဝှမ်းရှိ အခြားသော ကလေးများနည်းတူ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းမှုတို့ဖြင့်သာ အသက်ရှင်နေထိုင်စေချင်သည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းမှ အလ်-ဘီရာဟ် (Al-Biereh) မြို့ရှိ ဆာမီဟာ ခါလီလ် (Samiha Khalil) အထက်တန်းကျောင်းတွင် ပညာသင်ကြားပေးနေသူ သူမက ကျောင်းဆရာများမှာ ပညာရေးဆိုင်ရာ ကဏ္ဍကိုသာမက ကမ္ဘာကြီးကိုပါ ပြောင်းလဲနိုင်သည်ဟု ဆိုသည်။ အာစရိယဟူသည့် ဆရာမရှိပါက သင်ရိုးညွှန်းတမ်းများ၊ နည်းပညာများမှာ ဘာမှ အရာရောက်မည်မဟုတ်။

    သူမရရှိခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကြေငြာပေးခဲ့ခြင်းဖြစ်ပြီး အလ်-ဟာရွဘ်ကမူ ဆုကြေးငွေ ကန်ဒေါ်လာ ၁ သန်းကို ကျောင်းဆရာဖြစ်ချင်သူများ၏ တက္ကသိုလ် ကျူရှင်ကြေးအတွက် အသုံးပြုသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

    သူမနေထိုင်ရသည့် ပါလက်စတိုင်းဒေသက ငြိမ်းချမ်းသော ဒေသမဟုတ်။ အစ္စရေး၏ ကျူးကျော်သိမ်းပိုက် ပိတ်ဆို့မှုကို ခံထားရကာ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဗလီဝတ်ကျောင်းများ လုံလုံလောက်လောက်မရှိသည့် သောကပင်လယ်ဝေရာ ဒေသဖြစ်သည်။ ထိုမျှမက တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သည့် ဂျူးများ၏ တိုက်ခိုက်မှု၊ အစ္စရေးစစ်သားများ၏ မျက်ရည်ယိုဗုံးများ၊ ကျည်ဆံများ၏ အန္တရာယ်လည်း ရှိနေသးသည်။ အလ်-ဟာရွဘ်ကတော့ ထိုအခြေအနေမျိုးတွင် အသက်ဆက်ရန် စိတ်ပိုင်းဖြတ်ထားလေသည်။

    “ကျောင်းအပြင်ဘက်မှာ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်ကို မထိန်းချုပ်ပေးနိုင်သလို၊ သူတို့လေးတွေကိုလည်း မကာကွယ်ပေးနိုင်ပါဘူး။ ဒါ့ကြောင့် အနည်းဆုံးတော့ ကျွန်မက ကျောင်းအတွင်းမှာ သူတို့လေးတွေကို ပျော်ရွှင်ပြီး လုံခြုံတဲ့ ပတ်ဝန်းကျင်လေးဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေပါတယ်” ဟု သူမက ဖွင့်ဟခဲ့သည်။

    တရားမ၀င်အခြေချနေထိုင်သူ ဂျူးများက ပါးရိုက်ခြင်း၊ ရက်စက်မှု၌ သရဖူဆောင်းသူ အစ္စရေးစစ်သားများ၏ ထိုးကြိတ်ခြင်းတို့ကြောင့် မျက်နှာညိုပုပ်ကာ ကျောင်းသို့ရောက်လာရရှာသည့် ပါလက်စတိုင်းကလေးငယ်များကို အလ်-ဟာရွဘ်က တွေ့မြင်နေရသည်။

    သူမကတော့ စိတ်တည်ငြိမ်အောင်ထားပြီ ထိုကလေးငယ်များကို ချစ်ခြင်းမေတ္တာနှင့် ကိုယ်ချင်းစာတရားတို့ ကိန်းအောင်လာအောင်သာ သွန်သင်ပေးနေ၏။ သူမကိုယ်တိုင် ထိုအကြမ်းဖက်မှုများ၏သားကောင် ဖြစ်ခဲ့ရသော်လည်း ကြံ့ကြံ့ခံကာ သူမ လုပ်စရာရှိသည်များကိုပင် ဆက်လက်လုပ်ဆောင်နေလေသည်။

    ဖိနှိပ်မှု၊ ရက်စက်မှုများကို ရင်ဆိုင်နေရချိန် သူမ၏ အောင်မြင်မှုက ပါလက်စတိုင်းသမိုင်းတွင် ဆိုးရွားမှောင်မိုက်သော အခြေအနေကို ကျော်ဖြန်ရန် ကြိုးစားနေသည့် ပါလက်စတိုင်းတို့၏ ပြင်းထန်သော စိတ်ဓာတ်ကြံ့ခိုင်မှုကို ရောင်ပြန်ဟပ်နေသည်။ ပါလက်စတိုင်းဒုက္ခသည်စခန်းတွင် ကြီးပြင်းခဲ့ပြီး သူမကိုယ်တိုင် ရက်စက်ကြမ်းကြုတ်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း အလ်-ဟာရွဘ်တစ်ယောက် ကျဆုံးခဲ့ခြင်းမရှိခဲ့ဘဲ စိန်ခေါ်မှုများကို ပြတ်ပြတ်သားသား ရင်ဆိုင်ကျော်လွှားခဲ့သည်။

    စိုးရိမ်မှု

    hanan 2

    ကမ္ဘာလုံးဆိုင် ကျောင်းဆရာဆုရှင် အလ်-ဟာရွဘ်၏ စိုးရိမ်မှုက ကျောင်းသို့လာရာလမ်းတွင် ကျောင်းသွားဖော်များ သတ်ဖြတ်ခံရမှုကြောင့် စိတ်ဒဏ်ရာရနေသော ကလေးငယ်များအတွက် ဖြစ်သည်။ ပြီးခဲ့သည့် ၃ လတာ ကာလအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များနှင့် တရားမ၀င်အခြေချနေထိုင်သော ဂျူးများ၏ လက်ချက်ကြောင့် ပါလက်စတိုင်းပြည်သူ ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။

    နေ့စဉ်လိုလိုဖြစ်နေသည့် ထိုသတ်ဖြတ်မှုများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နေရသောကြောင့် ပါလက်စတိုင်းကလေး အများစုတွင် စိတ်ဒဏ်ရာများ၊ နာကျည်းချက်များ ရှိလာခဲ့သည်။ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နက်များတွင် ကျင့်သုံးသော အစ္စရေး၏ ပြင်းထန်သည် မတရားဥပဒေများကြောင့် အသက် ၈ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်များပင် ထောင်ထဲရောက်နေကြသည်။

    သို့သော်လည်း အလ်-ဟာရွဘ်ကတော့ မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိနေပြီး အကြမ်းဖက်မှုကို အန်တု၍ ကြီးပြင်းလာကြသည့် ပါလက်စတိုင်းကလေးငယ်များကို ကူညီရန်အတွက် ခရီးဆုံးအထိ သွားရောက်မည်ဟု ဆိုသည်။

    ပါလက်စတိုင်းပြည်သူများမှာ အာရပ်ကမ္ဘာ၏ အားနည်းမှု၊ လစ်လျူရှုမှု၊ အမေရိကန်ကွန်ဂရက်အား ဇီယွန်ဝါဒီများက ကြီးစိုးထားမှု၊ ဥရောပနိုင်ငံများ၏ သရဲဘောကြောင်မှုနှင့် ကုလသမဂ္ဂ၏ သမာသမတ် မကျမှုတို့ကြောင့် ထိခိုက်ခံစားနေကြရခြင်းဖြစ်သည်။

    ယခုတွင်တော့ ပါလက်စတိုင်းပြည်သူများမှာ အစ္စရေး၏ လူမဆန်မှု၊ ပါလက်စတိုင်း လူ့အဖွဲ့အစည်းအား အခြေပျက်စေရန် စနစ်တကျ ဖန်တီးထားသည့် ဖိနှိပ်ငြှင်းပမ်းသော ပေါ်လစီများအောက်တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထိုးထွက်လာကြသည်။

    ဟာနန် အလ်-ဟာရွဘ်က ထိုအထဲမှ တစ်ယောက်ဖြစ်လေသည်။ သူမအနေဖြင့် ပါလက်စတိုင်းကလေးငယ်များအား ပညာမျိုးစေ့ ဆက်လက်ချပေးကာ ပညာရေးအဆင့်အတန်းကိုလည်း မြှင့်တင်ပေးသွားမည့်သူ ဖြစ်သည်။ ထို့ပြင် ပါလက်စတိုင်းတွင်သာမက တစ်ကမ္ဘာလုံးရှိ ဆရာများအကြားအတွင်း အတုယူဆရာ ဆရာတစ်ဦးအဖြစ် ဆက်လက်ရှိနေမည့်သူလည်း ဖြစ်ပေတော့သည်။

    Ref: Alarabiya

    (Hanan Al-Hroub: Symbol of light in occupied Palestine ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသြာ
    ပန်ဆိုသည်)